အခန်း (၃၀၂-၃၀၃)
Vol. 25 Ch. 302-303
Ch-302
ရှဲ့ရူအန်းရဲ့ နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် လောင်မြိုက်နေသလို သူ့မျက်လုံးတွေလည်း တောက်ပနေလျက်။ သူ အရမ်းစိတ်အားထက်သန်နေပြီး ချက်ချင်းပဲ အလုပ်ဝင်ချင်နေတာ သိသာထင်ရှားနေလေ၏။
ချင်းရို့: "…"
သူမက လုဝေကျယ်ရဲ့ လက်ရေးလှဆရာကို သူမရဲ့ပုလဲအရောင်းမြှင့်တင်ရေးလုပ်ငန်းတွင် ပါဝင်ရန် အောင်အောင်မြင်မြင်ပြောဆိုနိုင်ခဲ့လေပြီ။ ဒါကို တစ်ပြန်ဦးနှောက်ဆေးတယ်လို့ ယူဆလို့ရလားဟင်?
"ရှဲ့လောင်ရှီး ဒါဆို ရှင် ဒီရက်ပိုင်းမှာ ပြင်ဆင်မှုတွေပိုလုပ်ထားသင့်ပြီနော်။ ခရီးသွားအဖွဲ့တွေရောက်လာရင် ကျွန်မတို့ပုလဲလက်မှုခြံကို ဖွင့်တော့မှာ"
ရှဲ့ရူအန်း ခေါင်းညိတ်ပြလာခဲ့သည်။ တကယ်တော့ သူက မားကတ်တင်းပါရမီရှင်တစ်ယောက်ပဲလေ။ ပုလဲလက်မှုခြံကိုမဖွင့်ခင် ရှဲ့ရူအန်းက ပရိုမိုးရှင်းအတွက် အကြံပြုချက်များစွာပေးခဲ့သည်။
ချင်းရို့က ချူကောကိုဆွဲလာကာ ပုလဲလက်မှုခြံအတွက် ပြင်ဆင်စရာရှိတာတွေ အတူတူလုပ်ဆောင်ကြဖို့ သူတို့နှစ်ယောက်ကို တာဝန်ပေးလိုက်ပါတော့သည်။
ပထမဆုံးခရီးသွားအဖွဲ့ ချုံကျိုးကျွန်းသို့ ရောက်လာတော့မည်ဖြစ်သည်။
ကျိုးကျားချန်သည် မြောက်ပိုင်းရှိ စက်မှုစက်ရုံတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်၏။ ယခုနှစ်ကုန်ပိုင်းတွင် သူတို့အဖွဲ့က တောင်ပိုင်းရှိကျွန်းတစ်ကျွန်းသို့ အလည်အပတ်သွားရန် ခရီးသွားအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်သည်။ ဒါက ဌာနဝန်ထမ်းတွေရဲ့ အခွင့်ထူးခံတစ်မျိုးပင်။
ဒါပေမယ့် ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်က ရှုပ်ထွေးနေရုံသာ။
ဘယ်သူက ဒီလောက်ဝေးတဲ့နေရာကို ခရီးထွက်ချင်မှာလဲ? ပင်ပန်းတယ်လေ၊ ရာသီဥတုအေးတဲ့အချိန်ဆို ဘယ်သူမှအပြင်မထွက်ချင်ကြဘူးလေ။
သို့သော်လည်း ဌာနက ဤသို့ဆိုလာခဲ့သည်။
"အမိမြေရဲ့ တောင်တန်းတွေနဲ့ မြစ်တွေက အရမ်းကိုခမ်းနားပြီး လှပလွန်းတယ်။ ငါတို့လို ခေတ်ရှေ့ပြေးဆောက်လုပ်သူတွေအနေနဲ့ တိုင်းပြည်ရဲ့တောင်းဆိုမှုကို တက်တက်ကြွကြွ တုံ့ပြန်ပြီး အမိမြေရဲ့ လှပတဲ့တောင်တန်းတွေမြစ်တွေကို ဖြတ်ပြီးတော့ ခရီးသွားသင့်တာပေါ့ကွာ"
"တောင်ကျွန်းရဲ့ လှပတဲ့ရှုခင်းတွေကို မင်းမမြင်ဖူးသေးလို့ပါ။ အဲဒါက ငါတို့စက်ရုံမန်နေဂျာက သေသေချာချာ ရွေးထားတဲ့လမ်းကြောင်းပဲကွ"
"စက်ရုံက အမျိုးသားရဲဘော်တွေကို သူတို့မိသားစုဝင်တွေကိုပါ အတူတူခေါ်လာကြဖို့ အကြံပြုထားတယ်နော်"
"စက်ရုံက အမျိုးသမီးရဲဘော်တွေကတော့ ပြောနေစရာမလိုပါဘူး။ အမျိုးသားရဲဘော်တွေမသွားလို့ရတယ်၊ အမျိုးသမီးရဲဘော်တွေက သွားကိုသွားရမယ်!"
…
ဒီစကားတွေထွက်လာတဲ့အခါ လူတိုင်း စိတ်ထဲကနေ တိတ်တဆိတ်ကျိန်ဆဲလိုက်ကြသည်။ ဒီစက်ရုံမန်နေဂျာက ဘာလို့ အဲလိုနေရာကြီးရွေးလိုက်တာတုန်း? ဒီလောက်ဝေးလံတဲ့နေရာကိုသွားရမှာ မပင်ပန်းဘူးလား? အဆင်မပြေမဖြစ်ဘူးလား?
အမျိုးသားရဲဘော်တွေက သူတို့မိသားစုဝင်တွေကိုပါ အဲဒီကိုခေါ်သွားရမယ်ဆိုတော့ သူတို့မိသားစုဝင်တွေကို ဒုက္ခအတူတူခံစားရအောင်လို့လား?
ဌာနခရီးသွားခံစားခွင့်တွင် မိသားစုဝင်များကို ခေါ်ဆောင်လာပါက မိသားစုဝင်က ခရီးစရိတ်ရဲ့ တစ်ဝက်ကိုသာ ပေးဆောင်ရမည်ဖြစ်သည်။ ယခုအခါ အစိုးရက ပြည်တွင်းခရီးသွားလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ဒီလိုအချိန်မျိုးမှာ နေရာအနှံ့ ခရီးသွားလာရတာ အဆင်ပြေသလို စရိတ်စကလည်း သက်သာလှသည်။ ခရီးသွားခြင်းနှင့် အပြင်ထွက်ပြီးကမ္ဘာကြီးကိုကြည့်ရှုခြင်းဟာ လူတွေအတွက် ရှားပါးလွန်းလှသည်လေ။
"တောင်ပိုင်းကိုသွားကြမလို့၊ မင်း ကွမ်ချန်ကိုသွားလို့ရပြီ"
"ငါလည်း သွားချင်တယ်!"
"အဲဒီမှာ ခေတ်မီပစ္စည်းတွေအများကြီးရှိတယ်ဆိုပဲ။ ရှင်တို့စက်ရုံမန်နေဂျာက နေရာကောင်းကို ရွေးလိုက်တာပဲ"
…
အချို့က ဆူဆဲနေကြသော်လည်း တော်တော်များများက ချီးကျူးနေကြ၏။ ယေဘူယျအားဖြင့် ဒီကိစ္စကိုချီးကျူးကြသူတွေဟာ စက်ရုံကလူငယ်တွေပါပဲ။ သူတို့တွေက များသောအားဖြင့် အခက်အခဲတွေကို ခံနိုင်ရည်ရှိကြသလို ခေတ်မီပစ္စည်းတွေကို နှစ်သက်ကြတာကြောင့် တောင်ပိုင်းမှ ခေတ်ရေစီးကြောင်းနှင့်အညီ တိုးတက်နေတဲ့မြို့တွေကို သွားလိုကြသည်ပင်။
"အဲဒီကျွန်းမှာ ပုလဲလက်မှုခြံရှိတယ်ဆို? အရမ်းလှတဲ့ ပုလဲလက်မှုပစ္စည်းတွေလည်း အများကြီးရှိတယ်တဲ့"
"ကမ်းခြေမှာ မင်္ဂလာဆောင်ဓာတ်ပုံတွေ ရိုက်လို့ရတယ်တဲ့!"
"သွားကြည့်ကြရအောင်!"
…
ကျိုးကျားချန်က ချုံကျိုးကျွန်းသို့ အမှန်တကယ် ခရီးမထွက်ချင်သော်လည်း သူ့မိန်းမက တောင်ပိုင်းကျွန်းသို့ သွားလည်လို့ရကြောင်း ကြားသိလိုက်ရသောအခါ သူမက ချက်ချင်းစိတ်လှုပ်ရှားသွားလေ၏။ ကလေးနှစ်ယောက်ကို သူတို့အဖိုးအဖွားဆီမှာအပ်ခဲ့ပြီး သွားကိုသွားရမယ်လို့ပြောနေခဲ့သည်။
သူတို့စုံတွဲက ဝန်ထမ်းခရီးသွားအုပ်စုနှင့်အတူ တောင်ပိုင်းချုံကျိုးကျွန်းဆီ လိုက်ပါခဲ့ကြသည်။
သူတို့ အရင်ဆုံး ကွမ်ချန်မှာ တစ်ရက်တာနေထိုင်ခဲ့ပြီးနောက် ရွှီကောင်တီသို့ရထားစီးခဲ့သည်။ ထို့နောက် ယဲ့ချန်သို့ သင်္ဘောစီးခဲ့ကြကာ လမ်းခရီးတစ်လျှောက် ရှုမျှော်ခင်းတွေကြောင့် ကျိုးကျားချန်နှင့် အခြားသူတွေကို အံ့အားသင့်သွားရသည်။
ကျွန်းပေါ်ရောက်ပြီးနောက် ရှုခင်းတွေက ပိုလို့တောင်ရင်သပ်ရှုမောဖွယ်ဖြစ်နေပါသေးရဲ့။ ပိုအရေးကြီးတာက... ဒီနေရာက ဆောင်းဦးနဲ့ ဆောင်းရာသီ ရာသီဥတုက အရမ်းသာယာနေရောပဲ!!
တောင်ပိုင်းသို့လာရာလမ်းတွင် သူတို့အဝတ်ထူထူတွေကို ချွတ်ပစ်ခဲ့ကြသည်။ ချုံကျိုးကျွန်းသို့ရောက်တဲ့အခါ ပေါ့ပေါ့ပါးပါး နွေရာသီအဝတ်အစားတွေကိုပဲ ဝတ်ဆင်ဖို့လိုသလို လတ်ဆတ်ပြီး သက်တောင့်သက်သာရှိတဲ့လေကို ရှုရှိုက်ရင်း သူတို့ခန္ဓာကိုယ်ပေါ်မှ ပင်ပန်းနွမ်းနယ်မှုအားလုံး ပျောက်ကွယ်သွားလေပြီ။
ဒီနေရာက ရိုးရှင်းသာယာလှတဲ့ ဆောင်းရာသီသုခဘုံလေးပဲ...
သူတို့ သရက်သီး၊ အုန်းသီး၊ တခြားအသီးအနှံတွေနဲ့ ငါး၊ ပုစွန်၊ ကဏန်းစတဲ့ ပင်လယ်စာတွေကိုလည်း စားသုံးနိုင်၏။ ပင်လယ်စာတွေက အရသာရှိပေမယ့် အချက်အပြုတ်ကတော့ လူတွေကို မသက်မသာဖြစ်စေလောက်အောင် အရသာပေါ့ရွှတ်ရွှတ်ဖြစ်လွန်းနေလျက်။
လူတော်တော်များများက သူတို့ယူလာတဲ့အချဉ်တွေကို ထုတ်ယူလိုက်သည်။
"ဒီကျွန်းပေါ်က အသီးတွေက အရသာရှိပေမယ့် အစားအသောက်ကတော့ သာမန်ပါပဲ"
"ရှင့်ကို ရှုမျှော်ခင်းတွေကြည့်ဖို့ ခေါ်လာတာလေ၊ ဝက်လိုစားဖို့မှမဟုတ်ဘဲ။ ဗိုက်ပြည့်ရုံစားရရင် တော်ပြီပေါ့"
…
နောက်တစ်နေ့တွင် ကျိုးကျားချန်နှင့် သူ့အမျိုးသမီးလင်းအိုက်ယွီတို့က ခရီးသွားအဖွဲ့နဲ့အတူတူ ပုလဲလက်မှုခြံသို့ သွားရောက်လည်ပတ်ကြသည်။
သူတို့ရောက်သွားတဲ့အခါ အနီးနားတွင် ကားတွေ၊ လူတွေအများကြီးရှိနေလေရဲ့။ အခြားခရီးသွားအေဂျင်စီက ခရီးသွားအဖွဲ့တစ်ဖွဲ့မှန်း သိသာထင်ရှားနေပေသည်။ ဧည့်လမ်းညွှန်က ရှေ့ကနေ အလံကိုကိုင်ထားကာ လူတိုင်းကို ဦးဆောင်ခေါ်သွားခဲ့သည်။
ပုလဲလက်မှုခြံအတွင်းသို့ လမ်းလျှောက်သွားတဲ့အခါ စက်ဝိုင်းပုံအဆောက်အဦး၏ အလယ်ဗဟိုတွင် လှပသောဟင်းလင်းပြင်နေရာကို တွေ့လိုက်ရပြီး လှပတဲ့ပန်းပင်အမျိုးမျိုး၊ သစ်ပင်အမျိုးမျိုးရှိနေသည်ကြောင့် လူတွေကို နွေဦးရာသီ ပြန်ရောက်သွားပြီသလားလို့ ထင်မှတ်သွားရစေသည်။
ဒါဟာ အနောက်တိုင်းက နတ်သမီးဒဏ္ဍာရီပုံပြင်နှင့်ပိုတူနေတယ်နော်။ ဒီလိုအရောင်အဆင်းတွေက လတ်ဆတ်ပြီး တောက်ပလွန်းနေတာကြောင့် လူတွေကို ပိုမိုနေလို့ထိုင်လို့ကောင်းစေလေရဲ့။
တံစက်မြိတ်အောက်မှာ ကမာထွင်း အဆင်တန်ဆာအမျိုးမျိုးရှိသလို နေရာတိုင်းမှာလည်း ပုလဲနဲ့ပတ်သက်တဲ့ရုပ်တုတွေ ထားရှိပြီး ခရီးသွားတွေအနားယူဖို့အတွက် ထောင့်တွေမှာ ပုလဲခွံပုံစံထိုင်ခုံတွေရှိနေလေ၏။
ဒုတိယထပ်သို့တက်သွားတဲ့အခါ ပြပွဲခန်းမ၌ မိုက်ခရိုဖုန်းကိုင်ထားတဲ့ လူငယ်တစ်ယောက်က ပြုံးပြုံးရယ်ရယ်နဲ့ စကားပြောနေသည်ကို တွေ့လိုက်ရသည်။
"ပုလဲတွေရဲ့ ဇာတ်လမ်းကို ပြောပြပါရစေဗျာ။ ကလေးတို့ရေ ပုလဲတွေကို ဘယ်လိုဖွဲ့စည်းထားလဲ သိချင်ကြလား..."
သူတို့ထွက်လာကြတဲ့အခါ ပုလဲလက်မှုပစ္စည်းအမျိုးမျိုး၊ ပုလဲအင်္ကျီ၊ ပုလဲခေါင်းအုံးတွေနှင့် အခွံထွင်းလက်မှုပစ္စည်းအမျိုးမျိုးတို့ကို ဝယ်ယူခဲ့ကြသည်။
ကျိုးကျားချန်ရဲ့ မိန်းမက ပြသနေတဲ့ ပုလဲမင်္ဂလာဝတ်စုံတွေကို တွေ့လိုက်တဲ့အခါ လမ်းပင်ဆက်မလျှောက်နိုင်တော့။ သူမ ချက်ချင်း အဝတ်အစားလဲကာ မိတ်ကပ်လိမ်းလိုက်၏။ ကျိုးကျားချန်လည်း suitဝတ်စုံလဲ၍ သူ့မိန်းမကို အဆင်သင့်စောင့်နေခဲ့ပြီး နှစ်ယောက်သား အတူတူဓာတ်ပုံရိုက်ခဲ့ကြသည်။
"နည်းနည်းလောက် နီးနီးရပ်ပေးကြပါ၊ ဟုတ်ပြီ ပြုံးလိုက်ပါဦး!"
"ချက်ပ်" (ကင်မရာအသံ)
ကျန်းရိချောင် အချိန်ပိုင်းဓာတ်ပုံဆရာအဖြစ် ပုလဲလက်မှုခြံမှာ အလုပ်လုပ်ဖို့ရောက်လာခဲ့သည်။
ကျိုးကျားချန်နှင့် သူ့မိန်းမတို့က ဓာတ်ပုံရိုက်၍ ပုလဲလည်ဆွဲအနည်းငယ်ဝယ်လိုက်ကြပြီးနောက် လက်မှုခြံရဲ့ ပထမထပ်ရှိ နားနေဧရိယာသို့ ရောက်လာခဲ့သည်။ ဒီနေရာမှာ သရေစာဆိုင်တွေလည်း အများကြီးရှိပြီး သစ်သီးလက်ဖက်ရည်အမျိုးမျိုး၊ ပေါင်မုန့်တွေ၊ အချိုပွဲတွေအပြင် လူတွေကိုသွားရေကျစေမယ့် ကြာဇံနှင့် ပင်လယ်စာဟော့ပေါ့လည်းရှိ၏။
သစ်သီးလက်ဖက်ရည်သောက်ရင်း ပင်လယ်စာဟော့ပေါ့စားရတာ... ဒီအရသာက တကယ့်ကို...
သူတို့စုံတွဲက ဒီခရီးစဥ်ကို အင်မတန်ကျေနပ်နေလေပြီ။
တခြားပုလဲစက်ရုံမှလူတွေက အထုပ်ကြီး အထုပ်ငယ်နှင့် ခရီးသွားတွေ ထွက်လာကြတာကို မြင်တဲ့အခါ ချက်ချင်းမနာလိုဖြစ်လာကြပြီး ခရီးသွားတွေဆီမှာ ပုလဲတွေစတင်ရောင်းချလာကြသည်။
ပုလဲလက်မှုခြံ၏ ကျော်ကြားမှုဟာ ပုလဲရောင်းအားတက်သွားစေရုံသာမက လူ့အဖွဲ့အစည်းရဲ့ အာရုံစိုက်မှုကိုလည်းခံခဲ့ရ၏။ ကွမ်တုံးပြည်နယ်ရှိ သတင်းစာတိုက်အများအပြားမှ သတင်းထောက်တွေကို အင်တာဗျူးရန်နှင့် ဓာတ်ပုံရိုက်ရန် စေလွှတ်ခဲ့ပြီး ကွမ်တုံးပြည်နယ်ရုပ်မြင်သံကြားဌာနက ရုပ်မြင်သံကြားနှင့် မီဒီယာတွေဆီက အစီရင်ခံစာအမျိုးမျိုးမှတစ်ဆင့် တောင်ကျွန်းပုလဲတွေအကြောင်းကို အများပြည်သူထံ ကြော်ငြာပေးခဲ့သည်။
"ကျွန်းပေါ်ကပုလဲတွေက အရမ်းလှတယ်!"
"ကမ်းခြေမင်္ဂလာဆောင်ဓာတ်ပုံတွေ!"
"ဆောင်းရာသီခရီးသွားနေရာတစ်ခုပဲ"
…
ယနေ့ခေတ်အခြေအနေမှာ ယခင်ကနှင့် မတူတော့ပေ။ မြို့ကြီးပြကြီးများနှင့် ကျေးလက်ဒေသများတွင် "ကြွယ်ဝချမ်းသာတာကိုဂုဏ်ယူခြင်း"လို့ ခေါ်တဲ့ ရေပန်းစားတဲ့နည်းလမ်းတစ်ခုပင် ရှိနေပါသေးသည်။ မီဒီယာတွေနှင့် ဒေသန္တရအစိုးရတွေက ခေတ်သစ်မှာ တက်တက်ကြွကြွနှင့် စက်ရုံတွေဖွင့်ပြီး ကိုယ်ပိုင်အလုပ်လုပ်ကိုင်ခြင်းဖြင့် အမှီခိုကင်းကင်း ချမ်းသာလာသူများကို အားပေးကာ ထုတ်ဖော်ပြသသင့်သည်။
ထို့ကြောင့် ပုလဲရောင်းချမှုအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒေါ်လာထောင်ချီသောင်စချီရောင်းချနိုင်ခဲ့တဲ့ ပုလဲလည်ဆွဲတစ်ကုံးအကြောင်း သတင်းဟောင်းတွေကိုပါ တင်ပြခဲ့သည်ကြောင့် လူတွေရဲ့ မျက်လုံးတွေကိုပင် နီရဲသွားစေခဲ့ကြသည်။
ပုလဲတွေရောင်းမလား? ငွေဘယ်လောက်ရှာနိုင်မလဲ?
ပုလဲခြံပိုင်ရှင်တွေက ငွေအများကြီးရှာနိုင်နေပြီ။
xxx
Ch-303
ပုလဲတွေရောင်းမလား? ငွေဘယ်လောက်ရှာနိုင်မလဲ?
ပုလဲခြံပိုင်ရှင်တွေက ငွေအများကြီးရှာနိုင်နေပြီလေ။
တစ်ချို့လူတွေက ဤစကားကိုကြားတဲ့အခါ စိတ်ထဲမှာ တိတ်တိတ်ကလေးမနာလိုဖြစ်နေကြသလို အတွေးတချို့လည်းရှိနေကြသည်။
တောင်ကျွန်းပုလဲတွေက အလွန်ရောင်းကောင်းပြီး "ပုလဲဘုရင်"ဆိုတဲ့နာမည်လည်းရှိပေမယ့် ဒီနိုင်ငံမှာ တောင်ကျွန်းမှာပဲ ပုလဲတွေထုတ်သည်လေ။ နိုင်ငံရဲ့ ပင်လယ်နှင့် မြစ်တွေက ကျယ်ပြောပြီး ပုလဲတွေထုတ်လုပ်နိုင်တာ ဘယ်နှစ်နေရာရှိလို့လဲ?
ကမ္ဘာပေါ်တွင် ရေငန်ပုလဲတွေသာမက ရေချိုပုလဲတွေလည်းရှိသည်။ ရေချိုပုလဲတွေက ရေငန်ပုလဲတွေထက် မွေးမြူရတာပိုလွယ်သလို ရေချိုပုလဲတွေက ထည့်သွင်းနည်းပညာမလိုအပ်ဘဲ ပုလဲမုတ်ကောင်တစ်ကောင်မှ ပုလဲများစွာထုတ်နိုင်၏.......
ရေချိုပုလဲပဲဖြစ်ဖြစ် ရေငန်ပုလဲပဲဖြစ်ဖြစ် အားလုံးက ပုလဲတွေပဲမဟုတ်ပါလော။ သာမာန်လူတွေက ဘယ်လိုလုပ်ပြီးခွဲခြားနိုင်ပါ့မလဲလေ။
လူတချို့က ဒါကိုတွေးမိပြီး အကြံတစ်ခု ချက်ချင်းရလာခဲ့သည်။
လီအာ့ထိုဆိုသူက ပထမဆုံးအကြံရတဲ့အဖွဲ့ထဲမှတစ်ယောက်ဖြစ်သည်။ သူက "ပုလဲ"တစ်သုတ်ကို ကျွန်းသို့ ယူဆောင်လာပြီး ပုလဲလက်မှုခြံနာမည်ကြီးနေစဥ် အနီးနား၌ ပုလဲတွေကို ခရီးသွားတွေဆီ တိတ်တဆိတ်ရောင်းနေခဲ့သည်။
"အဲဒါကိုဝယ်ဖို့ ပုလဲလက်မှုခြံကို မသွားပါနဲ့တော့။ မင်းတို့အရူးလုပ်ခံရမယ်နော်၊ အဲဒီမှာဝယ်ရင် အခွင့်ကောင်းယူခံရလိမ့်မယ်။ ငါ့မှာ ပုလဲတွေရှိတယ်၊ တောင်ကျွန်းပုလဲစစ်စစ်တွေနော်၊ ဈေးချိုပြီး လှလည်းလှတယ်"
"ငါ့ပုလဲတွေအားလုံးက တကယ့်အစစ်တွေပဲ။ အိမ်မှာမွေးထားတဲ့ပုလဲတွေဆိုတော့ သူတို့စက်ရုံကထုတ်တဲ့ပုလဲတွေနှင့်မယှဥ်နိုင်ပေမယ့် ဈေးကတော့ချိုတယ်နော်။ ငါ့အမေက နေမကောင်းဖြစ်နေလို့ကွာ၊ မိသားစုက အရေးပေါ်ပိုက်ဆံလိုနေလို့သာ"
"အဲဒီလက်မှုခြံကိုမသွားနဲ့၊ ငါ့မှာလည်း ပုလဲကောင်းတွေရှိတယ်..."
…
အရည်အသွေးနိမ့်ပုလဲတွေကို အရည်အသွေးကောင်းပုလဲစစ်စစ်တွေအဖြစ် ရောင်းချနေကြပြီး ဒီလိုအခြေအနေမျိုးကိုအခွင့်ကောင်းယူနေကြတဲ့ လီအာ့ထိုလိုမျိုး လူတွေအများကြီးရှိနေ၏။ တချို့ဆို ပုလဲအတုတွေကို ဈေးသက်သက်သာသာနဲ့တောင် ရောင်းနေကြပြီး 'တောင်ကျွန်းပုလဲတွေ'လို့ ပြောနေကြသေးသည်။ ၄င်းပုလဲတွေဟာ ဈေးနှုန်းချိုသာတာကြောင့် ရောင်းအားလည်း တဖြည်းဖြည်းမြင့်တက်လာလေသည်။
သာမန်လူအများစုဟာ အရင်က ပုလဲတွေကိုမမြင်ဖူးခဲ့သဖြင့် ပုလဲအရည်အသွေးတွေကို ဘယ်လိုလုပ်ပြီးခွဲခြားသိနိုင်ပါ့မလဲ? သူတို့က ပုလဲဖြူဖြူလေးကိုမြင်သည်နှင့် ရေချိုပုလဲဖြစ်ဖြစ် ရေငန်ပုလဲဖြစ်ဖြစ်၊ အဝိုင်းပုံစံပဲဖြစ်ဖြစ် အပြားပုံစံပဲဖြစ်ဖြစ် မျက်ရည်စက်ပုံစံပဲဖြစ်ဖြစ်၊ ပုလဲရဲ့ တောက်ပြောင်မှုနှင့် အနာအဆာတွေကို အကဲမဖြတ်နိုင်ကြချေ။
ထိုလူတွေရောင်းတဲ့ပုလဲဆွဲကြိုးတွေဟာ လက်မှုခြံကပုလဲတွေနှင့်ယှဥ်ပါက အမှန်တကယ်ဈေးချိုနေကြောင်း တွေ့လိုက်ရသဖြင့် ဈေးပေါတာကိုပဲ အလိုအလျောက်ရွေးဝယ်ခဲ့ကြသည်။ ဒီဈေးနှုန်းနဲ့ဆို ဆွေမျိုးမိတ်ဆွေတွေကို လက်ဆောင်ပေးဖို့ ဆွဲကြိုးများများပိုဝယ်လို့ရပြီလေ။ ဒီတော့ အဆုံးမှာ လူတွေက အရည်အသွေးညံ့ပုလဲတွေကို ဝယ်ယူခဲ့ကြတာပါပဲ၊ တချို့ဆို ပုလဲအတုတွေကိုတောင် ဝယ်သွားခဲ့ကြတယ်လေ။
သူတို့ ဝယ်၍ပြန်သွားပြီးမှ အနီးကပ်ကြည့်လိုက်တဲ့အခါ အနာအဆာအများကြီးအပြင် အစက်အပြောက်တွေနဲ့လိုင်းတွေပါရှိနေတာကို တွေ့လိုက်ရ၏။ ပုလဲလည်ဆွဲဆီမှ ပုလဲတစ်လုံးစီကို သေချာကြည့်ရှုလိုက်ပါက "အဝိုင်း"ပုံစံမှာ ရှုပ်ထွေးနေပြီး "ပေါက်စီ"နှင့်တူတဲ့ စက်ဝိုင်းခြမ်းပုံစံပုလဲတချို့တောင်ရှိနေပါသေးရဲ့။
... ဒီအရာက ပုလဲဆိုတာလား?
"နာမည်ကြီးတောင်ကျွန်းပုလဲတွေက ဒါမျိုးပေါ့လေ"
"ဒီအရာတွေဝယ်ဖို့ ငွေအများကြီးသုံးခဲ့ရတာလား?"
"အဲဒီပုလဲဘုရင်က ဘာမှကောင်းမနေပါဘူး၊ ဒီပုလဲလည်ဆွဲက လည်ပင်းမှာဝတ်ထားရင်တောင် ကြည့်ကောင်းမနေဘူး"
…
ပုလဲလက်မှုခြံ၌ ပုလဲရောင်းအားကျဆင်းလာသလို တောင်ကျွန်းပုလဲတွေရဲ့ ဂုဏ်သတင်းမှာလည်း အမှတ်မထင်ကျဆင်းသွားခဲ့သည်။ စက်ရုံရှိ ကုန်ပစ္စည်းတွေကို ရောင်းချရန်အတွက် ပုလဲမွေးမြူရေးစက်ရုံများစွာလည်း လျှော့ဈေးဖြင့် ရောင်းချကြရတော့သည်။
ယခုအခါ စျေးနှုန်းမှာ ပိုလို့တောင်ရှုပ်ထွေးသွားချေပြီ!
ခရီးသွားဧည့်သည်တွေက ပုလဲစျေးနှုန်းဘယ်လောက်ရှိသင့်သလဲဆိုတာမသိကြပါချေ။ ဒီမှာ ပုလဲလည်ဆွဲတွေက ယွမ်ဆယ်ဂဏန်း၊ ယွမ်ရာဂဏန်း၊ ယွမ်ထောင်ဂဏန်းရှိပေမယ့် ယွမ်နည်းနည်းနဲ့ ပုလဲလည်ဆွဲကိုလည်းဝယ်လို့ရသည်လေ။
"ကြည့်စမ်း၊ မင်းဦးနှောက်မကောင်းတော့ဘူးလား။ ပုလဲလည်ဆွဲကို ၁၀၀ယွမ်နဲ့ဝယ်မလို့လား၊ ဘာပဲဖြစ်ဖြစ် ငါတို့က ခရီးထွက်လာတာဆိုတော့ ၁၀ယွမ်တန်ပုလဲလည်ဆွဲပဲဝယ်လိုက်လေ။ အမြဲဝတ်မှာမှမဟုတ်ဘဲ"
"ဟုတ်သား ဈေးသက်သာတဲ့ဟာဝယ်လိုက်မယ်"
…
ဘယ်သူကမှ အလှည့်စားမခံချင်ကြချေ။ ဈေးသက်သက်သာသာနှင့် ဝယ်နိုင်ပါက ဈေးကြီးပေးဝယ်ကြမည်မဟုတ်။ ဈေးကြီးကြီးပေးဝယ်ရတဲ့အခါ စိတ်မသက်မသာခံစားရပြီး စိတ်ထဲမှာလည်း အမြဲနောင်တရနေတတ်သည်။ လူတော်တော်များများက returnတောင်ပြန်လာတောင်းကြသေးသည်။
"ဒီမှာ မင်းတို့ရောင်းတဲ့ပုလဲတွေက လိမ်စားနေတာပဲ"
"ဈေးကအရမ်းကြီးပြီးတော့ မတန်ဘူး"
"ဒီကလူတွေက တအားကိုနှလုံးသားမဲနက်နေကြတာပဲ.."
ရွှင်ရို့ပုလဲစက်ရုံတွင် ပုလဲတချို့ပြန်သွင်းလာခဲ့ရာ မုန့်လန်က ချင်းရို့အား စိုးရိမ်တကြီးပြောလိုက်၏။
"အဲဒီပုလဲတွေက ငါတို့ချုံကျိုးကျွန်းကပုလဲတွေ လုံးဝမဟုတ်ဘူး"
"ပြီးတော့ ဒါက... မမချင်းရို့၊ ကြည့်ပါဦး... ဒါ... ဒါ... ဒါက ပုလဲတွေလုံးဝမဟုတ်ဘူးလေ!"
"သူတို့က ပုလဲအတုတွေဝယ်ဖို့ ကျွန်းကိုလာပြီးတော့ ငါတို့ပုလဲတွေက မကောင်းဘူးလို့ပြောလိုက်ကြသေးတယ်"
ချင်းရို့ ဒါတွေကိုကြားပြီးနောက် အလျင်စလိုဖြစ်မနေခဲ့။ ဒီအခြေအနေကို သူမကြိုပြီးမျှော်မှန်းပြီးသားဖြစ်၏။ ၁၉၈၀နှစ်တွေ၌ ဈေးကွက်အခြေအနေမှာ အလွန်အမင်းမူမမှန်သလို စျေးကွက်ကြီးကြပ်ခြင်းလည်းမရှိ၍ အတုလုပ်ရောင်းသည်ကို ဘယ်သူမှဂရုစိုက်ကြမည်မဟုတ်။ အမြတ်အစွန်းကြီးကြီးမားမားရနိုင်သရွေ့ လူတွေကတော့ လုပ်နေဦးမည်ပင်။
"မုန့်လန် စိတ်မပူပါနဲ့၊ နည်းနည်းလောက်စောင့်ကြည့်ရအောင်"
ချင်းရို့သည် တခြားပုလဲမွေးမြူရေးစက်ရုံတွေ ငြိမ်ငြိမ်မထိုင်နိုင်တော့သည်အထိစောင့်ပြီး၊ ထို့နောက်မှ အတူတူ အဖြေရှာဆွေးနွေးကြဖို့ စီစဥ်ထားသည်။
"မုန့်လန်ရေ ငါ့မှာအချက်အလက်တချို့ရှိတယ်၊ နင် ငါနဲ့အတူလာကြည့်လေ"
အနှီဈေးချိုတဲ့ပုလဲတွေပေါ်ပေါက်လာခြင်းမှာ ချုံကျိုးကျွန်းရှိ ပုလဲဈေးကွက်ကို ဖျက်စီးပစ်လိုက်သည်။ ပုလဲအတုတွေက ဈေးကွက်မှာ မှိုလိုပေါက်နေပြီး ပုလဲစက်ရုံတွေမှာ အပင်ပန်းခံမွေးမြူထားရတဲ့ပုလဲတွေကို အမြင့်ဈေးနဲ့မရောင်းနိုင်တော့သဖြင့် မွေးမြူရေးစက်ရုံကြီးတွေမှ လူတွေကို တုန်လှုပ်သွားစေလျက်။
ပုလဲအတုတွေရောင်းတာ အရမ်းအမြတ်ရတယ်နော်။ ဒါဆို ဘာလို့ ပုလဲအတုတွေပဲ အတူတူမရောင်းလိုက်ရမှာလဲ?
တောင်ကျွန်းပုလဲတွေရဲ့ ပုံရိပ်ကို ပျက်စီးစေမှာလား? အခုချိန်မှာ အိတ်ကပ်ထဲပိုက်ဆံရနေသရွေ့ ဘယ်လိုပုလဲမျိုးပဲရောင်းရောင်း ဘယ်သူက ဂရုစိုက်မှာလဲ?
ယခုအခါ ပုလဲမွေးမြူရေးစက်ရုံရှိလူများပင် ပုလဲအတုတွေကို တိုးတိုးတိတ်တိတ်ရောင်းချနေကြပြီဖြစ်သည်။
"မဖြစ်ဘူး! ဒီတိုင်းဆက်သွားနေလို့မရတော့ဘူး!"
"ခရီးသွားဧည့်သည်တွေက ပုလဲအတုတွေဝယ်သွားပြီး တောင်ကျွန်းပုလဲတွေလို့ထင်နေကြတာ။ ဒါက တောင်ကျွန်းပုလဲတွေရဲ့ ဂုဏ်သတင်းကိုပျက်စီးစေတာမဟုတ်ဘူးလား?"
"အခုချိန်ကစပြီး တောင်ကျွန်းပုလဲတွေလို့ပြောလိုက်တာနဲ့ လူတွေက ပုလဲအတုတွေလို့ထင်ကြတော့မှာလေ!"
ဂုဏ်သတင်းတစ်ခါပျက်စီးသွားသည်နှင့် အနာဂတ်မှာ ပြန်လည်အဖတ်ဆယ်ရန် ခဲယှဥ်းပေလိမ့်မည်။ တောင်ကျွန်းပုလဲတွေအတွက် အမှန်တကယ်သံယောဇဥ်ရှိကြတဲ့ ပုလဲမွေးမြူရေးစက်ရုံမန်နေဂျာတော်တော်များများက ဆက်လက်ပြီး ငြိမ်ငြိမ်မထိုင်နိုင်တော့။
အစိုးရပိုင်ပုလဲမွေးမြူရေးစက်ရုံဒါရိုက်တာကျန်းယွီက ဦးဆောင်ပြီး တခြားမွေးမြူရေးစက်ရုံမန်နေဂျာတွေကို လက်ရှိအခြေအနေအား ထိုင်ပြီးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။
"အခု ကျွန်းပေါ်မှာ ပုလဲအတုတွေအများကြီးရှိနေပြီ။ ဘာလုပ်သင့်သလဲလို့ မင်းတို့ပြောကြည့်"
"ပြောလည်းအဓိပ္ပာယ်မရှိပါဘူး။ ငါတို့နိုင်ငံကလူတွေက ပုလဲအတုအစစ်ခွဲနည်းမှမသိကြတာ။ အခုက ပုလဲအတုရောအစစ်ပါရောနေပြီ။ ပုလဲအစစ်နဲ့အတုတွေအပြင် ရေချိုပုလဲတွေလည်း အများကြီးရှိတယ်။ ဒါပေါ့ အဲဒါတွေကလည်း ပုလဲတွေဆိုပေမယ့် ပုလဲတွေကြားမှာကွာခြားချက်ရှိတယ်လေ"
"ရေချိုပုလဲနဲ့ ရေငန်ပုလဲတွေက တော်တော်ကွာခြားတာပဲ။ ဥပမာအနေနဲ့ ရေငန်ပုလဲအကြောင်းပြောကြတာပေါ့၊ ပင်လယ်ရေငန်ပုလဲမုတ်ကောင်တွေအမျိုးမျိုးမှ ထုတ်လုပ်တဲ့ပုလဲတွေက ကွဲပြားပေမယ့် ဘယ်သူက ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ကြလို့လဲ? အပြင်လူတွေက ဘယ်လိုလုပ်ပြီး ရှင်းရှင်းလင်းလင်းသိနိုင်မှာလဲ? စမ်းသပ်စခန်းကလူတွေပဲ ကွဲပြားချက်ကိုသိနိုင်မှာလေ!"
"ဘယ်ဟာက ပိုဈေးချိုလဲ၊ ပိုဈေးကြီးလဲ မင်းပြောကြည့်။ အဲဒီအတွက် အခြေခံမှမရှိကြဘဲ... နားမလည်တဲ့လူတွေကတော့ ဒါတွေအားလုံး ပုလဲလို့ထင်ကြမှာပဲလေ... ပုလဲဆိုရင်ကို အဆင်ပြေနေကြပြီ!!"
"အဲဒီခရီးသွားဧည့်သည်တွေကို ငါတို့လိုက်မရှင်းပြနိုင်ဘူး၊ သူတို့ကလည်း ဈေးပေါပေါပုလဲတွေကိုပဲ ဝယ်ချင်ကြတာ!"
"အနာဂတ်မှာ ငါတို့ပုလဲမွေးမြူရေးစက်ရုံက ပို့ကုန်လုပ်ငန်းကို အထူးပြုတာပဲ ပိုကောင်းလိမ့်မယ်။ ငါ့အထင်တော့ ငါတို့လည်း ပြည်ပစီးပွားရေးသမားတွေနဲ့ ပိုအဆက်အသွယ်လုပ်သင့်တယ်၊ အမေရိကနဲ့ ဥရောပကို ပုလဲတွေရောင်းဖို့ နည်းလမ်းတချို့ရှာသင့်တယ်"
…
မိန်ရို့ပုလဲမွေးမြူရေးစက်ရုံမှ စွင်းကျင်းက စိတ်အလှုပ်ရှားဆုံးပင်။ သူတို့ ပြည်ပဈေးကွက်ကိုပဲ ဆက်လုပ်သင့်ပြီး ပြည်တွင်းပုလဲဈေးကွက်ကို လက်လျှော့သင့်တယ်လို့ တွေးမိကြသည်။
ကျန်းယွဲ့က ချင်းရို့ကို ကြည့်ပြီး "ဒါရိုက်တာချင်း မင်းမှာ ဘာအကြံရှိလဲ၊ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုစဉ်းစားကြည့်ပါဦး"
"အခု ဒီပုလဲလက်မှုခြံကိုလည်း မင်း အများကြီးကြိုးစားအားထုတ်ပြီး ဆောက်ထားခဲ့တာလေ။ အနာဂတ်မှာ ဒီလိုမျိုးဆက်လွှတ်ထားလိုက်လို့မရဘူးနော်"
စွင်းကျင်း: "ရှောင်ချင်းရေ မင်းမှာ ဖြေရှင်းဖို့နည်းလမ်းရှိရင်၊ မင်းရဲ့နည်းလမ်းကို ပြောပြပါဦး!"
"မင်းမှာ ဒီလောက်လှတဲ့လက်မှုခြံရှိနေတာ။ ဒီငါးပုပ်၊ ပုဇွန်ပုပ်တွေကြောင့် နာမည်မပျက်စေပါနဲ့ကွာ"
စွင်းကျင်းက ချင်းရို့ဖန်တီးထားတဲ့ပုလဲလက်မှုခြံအား အလွန်အားကျမနာလိုမိသော်ငြား ၄င်းမှ အကျိုးအမြတ်လည်းရရှိခဲ့သည့်အပြင် သူကိုယ်၌ကလည်း ပုလဲတွေကို ချစ်မြတ်နိုးကာ "ကောင်းတဲ့အရာတွေအလဟဿဖြစ်သွားမှာ"ကို သည်းမခံနိုင်ပါချေ။
အခု သူတို့အားလုံးဟာ တစ်လှေတည်းစီးနေကြရပြီလေ။ တောင်ကျွန်းပုလဲရဲ့ ဂုဏ်သတင်းမကောင်းပါက နောင်တွင် အတူတကွဆုံးရှုံးဒုက္ခရောက်ကြလိမ့်မည်ဖြစ်သည်။
xxx