← Chapters

အခန်း (၃၀၄-၃၀၅)

Vol. 25 Ch. 304-305

အခန်း (၃၀၄-၃၀၅)

Vol. 25 Ch. 304-305

Ch-304

စွင်းကျင်းက ချင်းရို့ဖန်တီးထားတဲ့ပုလဲလက်မှုခြံအား အလွန်အားကျမနာလိုမိသော်ငြား ၄င်းမှ အကျိုးအမြတ်လည်းရရှိခဲ့သည့်အပြင် သူကိုယ်၌ကလည်း ပုလဲတွေကို ချစ်မြတ်နိုးကာ "ကောင်းတဲ့အရာတွေအလဟဿဖြစ်သွားမှာ"ကို သည်းမခံနိုင်ပါချေ။

အခု သူတို့အားလုံးဟာ တစ်လှေတည်းစီးနေကြရပြီလေ။ တောင်ကျွန်းပုလဲရဲ့ ဂုဏ်သတင်းမကောင်းပါက နောင်တွင် အတူတကွဆုံးရှုံးဒုက္ခရောက်ကြလိမ့်မည်ဖြစ်သည်။

"လူတိုင်း ကျွန်မပြောတာကိုနားထောင်ကြည့်နော်"

ချင်းရို့က ပြင်ဆင်ထားတာကြာလှပြီဖြစ်တဲ့ စာရွက်စာတမ်းအိတ်ကိုယူကာ အိတ်ထဲမှ အချက်အလက်တွေကို ထုတ်ယူလိုက်ပြီး "ကျွန်မအမြင်ကတော့ ကျွန်မတို့ပုလဲမွေးမြူရေးသမားတွေအားလုံး စည်းလုံးရမယ်။ တောင်ကျွန်းပုလဲလုပ်ငန်းအတွက် ပေါင်းစည်းထားတဲ့စံနှုန်းတွေချမှတ်ပြီးတော့ တောင်ကျွန်းပုလဲအမှတ်တံဆိပ်ကို ပထမဆုံးစလုပ်ရမယ်"

"ပေါင်းစည်းထားတဲ့စံနှုန်းတွေနှင့် ပုလဲတွေကို အမျိုးအစားခွဲခြားနိုင်တယ်။ တစ်ချိန်တည်းမှာပဲ ပုလဲတွေရဲ့ ဈေးနှုန်းစံနှုန်းနှင့် ပုလဲအရည်အသွေးကို ဘယ်လိုအကဲဖြတ်ရမလဲဆိုတာ ကာစတန်မာတွေကို အသိပေးထားသင့်တယ်။ ကျွန်မအကြံပြုလိုတာကတော့ ပုလဲလုပ်ငန်းစီးပွားရေးကတ်တွေလုပ်ထားပြီး ပုလဲတွေနဲ့အတူတူ တွဲရောင်းဖို့ပါပဲ။ အပေါ်မှာ ပုလဲတွေကို ဘယ်လိုစစ်ဆေးရမလဲဆိုတဲ့အကြောင်းလည်း အသေးစိတ်ဖော်ပြပေးထားပါတယ်..."

…

"ကျွန်မတို့မှာ ပုလဲမွေးမြူရေးစက်ရုံတွေအများကြီးရှိနေတော့ အချင်းချင်းယှဥ်ပြိုင်နေမယ့်အစား သက်ဆိုင်ရာစံနှုန်းတစ်ခုချမှတ်လိုက်တာက ပိုကောင်းပါတယ်"

၄င်းမှာ ချင်းရို့ရဲ့ ရည်ရွယ်ချက်ထဲမှတစ်ခုလည်းဖြစ်သည်။ ပုလဲမွေးမြူရေးစက်ရုံများစွာရှိနေတာကြောင့် အချင်းချင်းယှဥ်ပြိုင်ဆိုင်နေမယ့်အစား စည်းစည်းလုံးလုံးနဲ့ စျေးကွက်ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်တာက ပိုကောင်းသည်လေ။ အနာဂတ်တွင် ပုလဲဝယ်လိုအား အားကောင်းလာမည်ဖြစ်သလို စျေးကွက်ချဲ့ထွက်ရန် အလားအလာကောင်းများစွာရှိနေပါသေးသည်။

"ကျွန်မရဲ့ပုလဲလက်မှုခြံမှာ ပြခန်းတွေပါထားထားလို့ တခြားပုလဲမွေးမြူရေးစက်ရုံတွေအတွက် ပုလဲထုတ်ကုန်တွေရောင်းဖို့ ပြပွဲခန်းမတွေကို ခင်းကျင်းပြသလို့ရပါတယ်..."

ချင်းရို့ရဲ့ စကားတွေကို နားထောင်ပြီးနောက် တာဝန်ရှိပုဂ္ဂိုလ်အသီးသီးရဲ့မျက်လုံးတွေ တောက်ပလာလေပြီ။ ဒါက အရမ်းကောင်းတာပေါ့။ သို့ပေတည့် ချင်းရို့က ခေါင်းစဥ်ပြောင်းလိုက်ကာ "ဒါပေမယ့် ကျွန်မတို့ရဲ့လက်မှုခြံက ၈ ရာခိုင်နှုန်းယူလိမ့်မယ်..."

စွင်းကျင်း မျက်မှောင်ကြုတ်၍ "၈ ရာခိုင်နှုန်းက အရမ်းများလွန်းတယ်လေ"

ချင်းရို့: "ကျွန်မတို့ ဒါကိုအသေးစိတ်ဆွေးနွေးလို့ရတယ်"

ချင်းရို့ရဲ့ အောက်ခြေလိုင်းကတော့ ၅ရာခိုင်နှုန်းပင်။ သူမ ပုလဲလက်မှုခြံဆောက်နေစဥ်ကတည်းက တွေးထားတာဖြစ်သည်။ အခြားပုလဲမွေးမြူရေးခြံတွေနှင့်ယှဉ်ပြိုင်နေမယ့်အစား ပုလဲအရောင်းပလက်ဖောင်းကို ပြုလုပ်ခြင်းဟာ ပိုကောင်းသည်လေ။

ချင်းရို့ရဲ့ ပုလဲလက်မှုခြံက တခြားပုလဲမွေးမြူရေးစက်ရုံများအတွက် အရောင်းပြခန်းတွေနှင့် ထုပ်ပိုးမှုတွေကို ပံ့ပိုးပေးပြီး လက်မှုခြံမှ ကော်မရှင်ခယူကာ တောင်ကျွန်းပုလဲတွေအတွက် ပရိုမိုးရှင်းလှုပ်ရှားမှုများစွာလုပ်ဆောင်ပေးမည်ဖြစ်သည်။

"အားလုံးသဘောတူတယ်ဆိုရင် သတ်မှတ်ချက်တွေကို အသေးစိတ်စီစဥ်တွက်ချက်ကြည့်ကြရအောင်လေ"

တခြားမွေးမြူရေးစက်ရုံအကြီးအကဲတွေ အချင်းချင်းဆွေးနွေးခဲ့ကြပြီးနောက် ကျန်းယွီက ပထမဆုံးသဘောတူလာခဲ့သည်။ "ကျွန်တော်တို့ရဲ့ အစိုးရပိုင်ပုလဲမွေးမြူရေးစက်ရုံက မင်းတို့ပုလဲလက်မှုခြံထဲဝင်ပါလိမ့်မယ်"

"မင်းပြောနေတဲ့ စက်မှုလုပ်ငန်းစံနှုန်းဆိုတာက ဘာတွေလဲ? ငါတို့မြန်မြန်ဆုံးဖြတ်ဖို့လိုနေပြီနော်။ ဒီပုလဲလုပ်ငန်းစီးပွားရေးကတ်က ပုလဲအတုရောင်းတဲ့သူတွေကို တကယ်ပဲဟန့်တားနိုင်ပါ့မလား?"

"ပုလဲဈေးသည်အတုတွေကို သပိတ်မှောက်ဖို့၊ အတုလုပ်သူတွေကို ချုံကျိုးကျွန်းကနေ မောင်းထုတ်ဖို့၊ ကျွန်မတို့ရဲ့ တောင်ကျွန်းပုလဲ ကိုယ်ပိုင်အမှတ်တံဆိပ်ကိုထူထောင်ဖို့ အားလုံးအတူတူ စည်းစည်းလုံးလုံး လက်တွဲဆောင်ရွက်ကြမယ်"

"နာမည်ဂုဏ်သတင်းကောင်းသာ ပျံ့သွားပြီဆိုရင် ပုလဲဝယ်ဖို့ ကျွန်းကို လူတွေတဖွဲဖွဲလာနိုင်တယ်..."

…

မူလက အနည်းငယ်သာရှိခဲ့သော်လည်း ကျန်းယွီ၊ ရှဲ့ရူအန်းနှင့် တခြားသူတွေစည်းရုံးပြီးနောက် ကျွန်းပေါ်ရှိ ပုလဲမွေးမြူရေးစက်ရုံအများစုလည်း တောင်ကျွန်းပုလဲလုပ်ငန်းစံနှုန်းတွေကို လိုက်နာရန် သဘောတူကြပြီး မရိုးသားသော ပုလဲအတုရောင်းချသူတွေကို ပူးပေါင်းသပိတ်မှောက်ခဲ့ကြသည်။

ချင်းရို့လည်း အနီးနားရှိ ရွာသူရွာသားတွေကို တောင်းဆိုခဲ့သည်။ "အိုင်အတွက်ငါးမျှားတယ်ဆိုတဲ့စကားလုံးကို အားလုံးကြားဖူးကြလားတော့မသိဘူး။ ငါတို့က တစ်နှစ်စာလောက်ပဲ ငွေရှာချင်တာမဟုတ်ဘဲ ရေရှည်ငွေရှာချင်တာပါ။ တစ်နှစ်၊ နှစ်နှစ်လောက်နဲ့ ငါတို့ရဲ့ နာမည်ဂုဏ်သတင်းကိုမပျက်စီးသွားစေချင်ဘူး။ ခရီးသွားဧည့်သည်တွေ များလာသရွေ့ ပုလဲရောင်းရုံတင်မကဘဲ တခြားပစ္စည်းတွေကို ရောင်းချပြီးတော့လည်း ငွေရှာနိုင်ပါတယ်…"

…

ပုလဲမွေးမြူရေးသမားအားလုံးရဲ့ ပူးပေါင်းတော်လှန်မှုအောက်တွင် လဝက်မပြည့်ခင်မှာပဲ ချုံကျိူးကျွန်းမှာ ရောင်းချနေတဲ့ တောင်ကျွန်းပုလဲအတုအများစုကို ဖယ်ရှားခဲ့ပြီး ဒေသတွင်းပုလဲဈေးကွက်သည်လည်း ပြောင်းလဲသွားခဲ့သည်။

ပုလဲလက်မှုခြံရှိ အဓိကပြပွဲခန်းမတွေမှာ ပုလဲတွေဖြင့်ပြည့်နှက်နေပြီး အထူးပြခန်းဗီရိုတွေမှာလည်း မျက်စိကျိန်းလောက်အောင်တောက်ပနေကာ ဟောခန်းအလယ်ခေါင်တွင် တောင်ကျွန်းပုလဲပရိုမိုးရှင်းဗီဒီယိုကို ဖန်သားပြင်ပေါ်မှာပြသထားရှိလျက်...

လက်မှုခြံက ရွာထဲက ရွာသူရွာသားတွေအတွက် သက်ဆိုင်ရာစျေးဆိုင်တွေလည်း ထားရှိပေးထားသည်။ ချင်းရို့က စီးပွားဖြစ်လမ်းနှစ်သွယ်ကို တည်ထောင်ကာ ကော်ဖီဆိုင်တွေ၊ အကခန်းမတွေကိုထည့်သွင်းပြီး ဤနေရာကို အထူးစပယ်ရှယ်ဆွဲဆောင်ရာနေရာအဖြစ်ပြောင်းလဲရန် စီစဥ်ထား၏။

သူမက ဒီနေရာမှာ စီးပွားရေးလမ်းတည်ထောင်ရန် စီစဥ်နေစဥ် တစ်စုံတစ်ယောက်က ချက်ချင်းပင် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကိုမြင်ကာ ဒီနေရာမှာ ဟိုတယ်လေးတစ်လုံးဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ ချင်းရို့ကတော့ ဒီနေရာမှာ တည်းခိုခန်းဆောက်ဖို့ မစဉ်းစားထားပါချေ။

ချင်းရို့က အနာဂတ်မှာ ပုလဲပုံစံရေပူစမ်းဟိုတယ်နှင့် ပုလဲပုံစံပင်လယ်ရှုမျှောခင်းဟိုတယ်ကို တည်ဆောက်ရန် စီစဉ်ထား၏။

ဒီရင်းနှီးမြုပ်နှံမှုနှစ်ခုဟာ အတော်လေးကုန်ကျမှာဖြစ်လို့ သူမ ငွေစုဖို့လိုပါသေးရဲ့။

တစ်လကြာရှင်းလင်းဖယ်ရှားရေးနှင့် ပြုပြင်မွမ်းမံပြီးနောက် ကျွန်းကိုရောက်လာကြတဲ့ ခရီးသွားဧည့်သည်တွေဟာ စနစ်တကျနှင့် လှပနေသော ပုလဲလက်မှုခြံကို မြင်တွေ့လိုက်ရသည်။

ဒီနေရာမှာ မုန့်ဈေးတန်းလေးတောင်ရှိနေသေးသလို အဆာပြေရောင်းတဲ့ဈေးသည်တွေလည်း စည်းစနစ်ကျကျရှိနေကြ၏။

အစိုးရက ဤနေရာတွင် ပုလဲလက်မှုခြံဆောက်လုပ်တာကို လွန်စွာအလေးထားပြီး ပံ့ပိုးကူညီပေးခဲ့သည်။ ချင်းရို့လည်း ဆိုင်တစ်ဆိုင်ဆောက်ရန် မြေကိုတောင်းလိုက်သည်။

လက်ရှိပုလဲလက်မှုခြံသည် နိုင်ငံခြားခရီးသွားတွေကိုသာမက ပိတ်ရက်မှာ လာရောက်အပန်းဖြေလည်ပတ်ကြတဲ့ ပြည်တွင်းခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။ အမှန်တကယ်တော့ ချုံကျိုးကျွန်းတစ်ကျွန်းလုံးက သိပ်မှမကြီးဘဲလေ။

ပုလဲလက်မှုခြံက ရာထူးနေရာအမျိုးမျိုးအတွက် ဝန်ထမ်းအများအပြားခေါ်ယူခဲ့သည်။ ပုလဲလက်မှုခြံလည်ပတ်ရေးအတွက် ချင်းရို့က သဘာဝပတ်ဝန်းကျင်နှင့် မိလ္လာ၊ရေဆိုးနုတ်စနစ်ကာကွယ်ထိန်းသိမ်းရေးကို အထူးဂရုပြုခဲ့ပြီး အမှိုက်အမျိုးအစားအားလုံးကို အချိန်မီရှင်းလင်းပေးကာ ပတ်ဝန်းကျင်ရှိ စိမ်းလန်းစိုပြေသောသစ်ပင်ပန်းမန်တွေကို ပြုစုစောင့်ရှောက်ရန် ကျွမ်းကျင်ဝန်ထမ်းတွေခန့်အပ်ထားလိုက်သည်....

နှစ်မကုန်မီ အားလပ်ရက် နှစ်ရက်၊ သုံးရက်အလိုတွင် ချင်းရို့က သူမရဲ့မိသားစုဝင်အားလုံးကို ပုလဲလက်မှုခြံသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုအချိန်တွင် ပုလဲလက်မှုခြံ၌ လူအများကြီးရှိနေ၏။

ကလေးတွေအတွက် ဖျော်ဖြေရေးတချို့ ဖြည့်ဆည်းပေးရန်အတွက် ချင်းရို့က ပုလဲလက်မှုခြံအပြင်ဘက်တွင် လှည့်ပတ်စီးရတဲ့မြင်းရဟတ်နှင့် ဘောလုံးပင်လယ်အစရှိတဲ့ ကစားစရာနေရာတွေပြုလုပ်ထားခဲ့သည်။ 


သို့သို့နှင့် ရုန်ရုန်တို့က ရောက်ရောက်ချင်း မြင်းစီးချင်ကြောင်းပြောသဖြင့် လုယန်နှင့် လုဝေကျိုး သားအဖအတွဲက ကလေးငယ်လေးတစ်ဦးစီကိုခေါ်သွားပြီး မြင်းအတူတူစီးပေးခဲ့ကြသည်။ သားအဖနှစ်ယောက်ဟာ ရုပ်ဆင်ကြသလို အမြွှာညီအစ်မနှစ်ဦးကလည်း တစ်ပုံစံတည်းဖြစ်နေကြသဖြင့် ဒီသားအဖနဲ့ အမြွှာနှစ်ယောက်ဟာ မျက်စိဖမ်းစားဖွယ်ဖြစ်နေလျက်။

ချင်းရို့နှင့် သူမရဲ့ သားငယ်လေးလုဝေကျယ်က ကမာခွံပုံစံထီးအောက်မှာ ထိုင်နေ၏။ ဖက်ထုပ်လေးက သူ့မားမားရဲ့ အဝတ်တွေကို မဆွဲလိုက်ဘဲမနေနိုင်တော့ "မား..."

"သား ပါးပါးရဲ့အင်္ကျီကိုဝတ်ချင်တယ်၊ ပါးပါးရဲ့အင်္ကျီကို ဝတ်ချင်တယ်လို့!"

"သား ပါးပါးရဲ့အင်္ကျီကိုဝတ်ချင်တယ်..."

ချင်းရို့ ကလေးငယ်အား ပြုံးစစနဲ့ကြည့်၍ လုယန်နှင့်တူတဲ့ သူ့မျက်နှာလေးကို ဆွဲဖျစ်လိုက်ပြီး "ပါးပါးရဲ့အင်္ကျီတွေကကြီးလွန်းနေတယ်လေ၊ သားဝတ်လို့မရဘူး"

"သားကြီးလာရင် ပါးပါးအင်္ကျီတွေကိုဝတ်လို့ရတယ်လေနော်"

ချင်းရို့ နူးညံ့ညင်သာတဲ့မျက်လုံးတွေနှင့် မြင်းစီးနေရာဆီ ကြည့်ရှုလိုက်ရာ လုယန်တို့သားအဖတွေက သို့ရုန်ညီအစ်မနှစ်ဦးနှင့်အတူ ပြန်ဆင်းလာပြီး သူမတို့ဆီကို လျှောက်လာနေပြီဖြစ်သည်။

ရာသီဥတုမှာ မပူမအေး အနေတော်ဖြစ်ကာ နေရောင်နည်းနည်းသာရှိ၏။ လုယန်က ချင်းရို့အထူးတလည်အော်ဒါမှာယူထားတဲ့ အနက်ရောင်ရှပ်နှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူက ပုံမှန်ဆို ရေတပ်ယူနီဖောင်းအဖြူကိုသာ ဝတ်ဆင်လေ့ရှိသဖြင့် ယခု အနက်ရောင်ဝတ်ထားတဲ့ လုယန်ကို တွေ့လိုက်ရတဲ့အခါ ခံစားချက်တမျိုးတဖုံကွဲပြားနေလေရဲ့။

စကားလုံးသုံးလုံးနဲ့ ဖော်ပြရရင်တော့ "အရမ်းချော!" ဆိုပြီးပဲဖြစ်လိမ့်မယ်...

သူ့လည်ပင်းမှာ ပုလဲသတ္တုဆွဲကြိုးကို ဝတ်ဆင်ထား၏။ အေးစက်မာကျောသောသတ္တုနှင့် နူးညံ့သိမ်မွေ့သောပုလဲအနည်းငယ်ကို အနက်ရောင်ရှပ်ဖြင့် တွဲဖက်ဝတ်လိုက်တဲ့အခါ စတိုင်ကျကျ ခပ်မိုက်မိုက်ဖြစ်နေသလို နူးညံ့သိမ်မွေ့မှုလည်းရှိနေလျက်။

အနက်ရောင်စတိုင်ဘောင်းဘီအောက်ခြေနားမှာ ပုလဲချိန်းကြိုး ၃ကြိုးဖြင့် အလှဆင်ထား၍ သူလမ်းလျှောက်တဲ့အခါ ဖက်ရှင်ကျပြီး မိမိုက်နေ၏။

ဒီနေ့ အပြင်သွားတဲ့အခါ ချင်းရို့က သူ့ကို နေကာမျက်မှန်ဝတ်ခိုင်းကာ စကားမပြောရန် အထူးတလည်မှာကြားထားခဲ့သည်။ ဘာလို့လဲဆိုတော့ သူမက သူ့ကို ခပ်မိုက်မိုက်ဖြစ်စေချင်လို့ပါပဲ။

သူက ရိုးရိုးရှင်းရှင်းပဲ ခေတ်သစ်ရဲ့ ခပ်မိုက်မိုက်ခေတ်မီကောင်လေး၊ လမ်းပေါ်မှာ အမိမိုက်ဆုံးအမျိုးသားလေးပေါ့။

ဟုတ်တာပေါ့၊ သူ့သမီးကို မချီထားဘူးဆိုရင်ပေါ့လေ။ ပန်းပွင့်ဂါဝန်လေးတွေဝတ်ထားတဲ့ နူးညံ့ပြီးချစ်ဖို့ကောင်းတဲ့သမီးငယ်လေးတွေက သူတို့ပါးပါးရဲ့ ခပ်မိုက်မိုက်ချောမောမှုကို လျော့ကျစေနေတာပေါ့ကွယ်...

"သား ပါးပါးရဲ့အင်္ကျီဝတ်ချင်တယ်လို့!"

ဒီဝတ်စုံက ဘယ်လောက်တောင်ချောမောနေသလဲဆိုတာ ပြောနေစရာတောင်မလိုဘူး။ ဖက်ရှင်ကိုတောင့်တတဲ့ ကလေးလေး လုဝေကျယ်က သူ့ပါးပါးလို All blackဝတ်ဖို့၊ သတ္တုချိန်းကြိုးဝတ်ဖို့၊ Rock Punkထဲပါဝင်ဖို့ ဂစ်တာတီးဖို့ မျှော်လင့်စောင့်စားနေပြီလေ။

ဖက်ထုပ်လေးလို မူလတန်းကျောင်းသားလေးတွေပဲ ဆွဲဆောင်ခံလိုက်ရသည်မဟုတ်၊ ဖက်ရှင်နောက်လိုက်နေကြတဲ့လူငယ်များစွာလည်း လုယန်ထံချဉ်းကပ်ကာ သူ့အင်္ကျီနှင့် ဘောင်းဘီကို ဘယ်မှာဝယ်ခဲ့တာလဲလို့ မေးမြန်းနေကြလေသည်။

"မင်လည်ပင်းကဟာက ဆွဲကြိုးလား?"

"လက်မှုခြံထဲမှာ ရှိသေးလား?"

"ဒီပုလဲဆွဲကြိုးကို မင်းဘယ်ကဝယ်တာလဲ?"

xxx

Ch-305

"မင်းလည်ပင်းကဟာက ဆွဲကြိုးလား?"

"လက်မှုခြံထဲမှာ ရှိသေးလား?"

"ဒီပုလဲဆွဲကြိုးကို မင်းဘယ်ကဝယ်တာလဲ?"

လူအများက ပုလဲရတနာဟာ အမျိုးသမီးတွေရဲ့ အသုံးအဆောင်တွေဖြစ်သင့်တယ်လို့ ထင်မြင်ကြသော်ငြား အမှန်တကယ်တော့ ရှေးယခင်က ဥရောပနိုင်ငံအချို့တွင် ပုလဲတွေလို လက်ဝတ်လက်စားတွေကို အထက်တန်းလွှာအမျိုးသားအများစုက ဝတ်ဆင်ကြသည်ပင်။

သဘာဝပုလဲတွေဟာ အလွန်တန်ဖိုးရှိလှ၏။ ရှေးယခင်က ပုလဲတွေကို သရဖူတွေမှာထည့်သွင်းထားရုံတင်မက တချို့ခေတ်တွေမှာ တော်ဝင်မိသားစုတွေပဲ ဝတ်ဆင်နိုင်ကြသည်။ ခေတ်မီပုလဲထွန်းကားလာချိန်အထိ သာမန်လူတွေရဲ့ အိမ်မှာ ပုလဲတွေပေါ်ထွက်လာခြင်းပင်။

ပုလဲကို အမျိုးသားတွေဝတ်ဖို့ မသင့်လျော်သည်မဟုတ်။

ပုလဲတွေကို အဝတ်အစားအသုံးအဆောင်တွေမှာ အသုံးပြုကြပြီး ပုလဲမင်္ဂလာဝတ်စုံတွေနှင့် အခြားအသုံးအဆောင်ပစ္စည်းများအဖြစ် ပုလဲလည်ဆွဲနှင့် လက်ကောက်တို့ကို ပြုလုပ်နိုင်သလို သတ္တုနှင့်ပုလဲပေါင်းစပ်ကာ ဖန်တီးနိုင်ကြသည်။

ချင်းရို့ မူလက ရဲဘော်လုယန်ကို ရှောင်ပိုင်ရှု(အစမ်းသပ်ခံပူး)အဖြစ် အသုံးချခဲ့သော်လည်း ဒီဝတ်စုံနှင့်လုပိုင်ရှုဟာ မျက်စိဖမ်းစားဖွယ်ဖြစ်နေလိမ့်မယ်လို့ သူမ မထင်ထားမိခဲ့။ သူက ကုန်ပစ္စည်းတွေကို တိုက်ရိုက်ရောင်းရလုနီးပါးဖြစ်ခဲ့ရသည်။

ပစ္စည်းပြတ်သွားတာကတော့ ဝမ်းနည်းစရာပါပဲ..

"မမချင်းရို့ နင့်လုကောက ဘယ်လိုဝတ်စားရမယ်ဆိုတာ တကယ်သိတာပဲနော်။ လူကလည်းချောမောခန့်ညားတဲ့အပြင် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာလည်းသိတယ်။ သူက နင့်လိုအလှလေးကို လက်ထပ်နိုင်တာ အံ့သြစရာမရှိတော့ပါဘူးလေ။ အရမ်းငြီးငွေ့စရာကောင်းတဲ့ ကုချန်နှင့်မတူဘူးဟယ်"

ယခုအချိန်မှာ ကုချန်လည်း ချူကောနဲ့တွေ့ရန် လက်မှုခြံကိုရောက်နေခြင်းပင်။ သူတို့နှစ်ယောက် ခဏလောက်အတူတူရှိနေပြီးမှ လုယန်တို့မိသားစုနှင့် စကားပြောဖို့ ရောက်ရှိလာခဲ့သည်။

ချူကောက လုယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကုချန်ကို ပြန်ကြည့်လိုက်ကာ သူ့(LY)ဆီမှ သင်ယူခိုင်းလိုက်သည်။

"လုကောက ရှင့်ထက်တစ်နှစ်ပိုကြီးတယ်ဆိုပေမယ့် ရှင်က လုကောထက် ၅နှစ်လောက်ပိုကြီးနေတယ်လို့ ကျွန်မဘာလို့တွေးနေမိတာပါလိမ့်?"

ကုချန်: "…"

- ငါအဲ့လောက်ကြီးနေပြီမို့လို့လား?

ခပ်တည်တည်နေလေ့ရှိတဲ့ ရဲဘော်ကုက လုယန်ကို စိုက်ကြည့်ဖို့ ခေါင်းကိုပြန်လှည့်လိုက်ပြီး သူ့အဝတ်အစားတွေကို သေသေချာချာ လေ့လာကြည့်ရှုလိုက်၏။

ဒီဝတ်စုံက ကြည့်ကောင်းလို့လား?

လုယန်: "…"

သူ အပြင်ထွက်လာချိန်က ဒီအဝတ်အစားတွေကိုမဝတ်ချင်ပေမယ့် သူ့မိန်းမရဲ့ တောင်းဆိုမှုကို မငြင်းပယ်နိုင်ခဲ့။

သူက များအေားဖြင့် အဖြူတွေပဲဝတ်တာဖြစ်လို့ ရုတ်တရက် အနက်ရောင်ကို ၀တ်ထားရတာ တစ်ခုခုမှားနေသလိုလို။

"ဒေါ်လေးချင်း ဦးဦးလု၊ ဒီကိုလာကြ၊ သား ဒေါ်လေးတို့အတွက် ဗီဒီယိုရိုက်ပေးမယ်"

ကျန်းရိချောင်က နွေရာသီတွင် မီးသွေးလိုမျိုး အသားညိုမည်းသွားကာ ယခုထိ မီးသွေးတုံးလိုဖြစ်နေဆဲ။ ဒါကြောင့် သူ့အဖေကျန်းချန်ပေ့ သည် သူ့သားက ကျောက်မီးသွေးတူးနေရာမှ ပြန်လာတဲ့ပုံနဲ့တူနေတယ်လို့ နေ့တိုင်းပြောဆိုနေလေရဲ့။

မင်း ဘယ်လိုလုပ်ပြီးဒီလောက်မည်းတူးသွားရတာတုန်းကွာ...?

"ဦးဦးလုရဲ့ ဒီဝတ်စုံက အရမ်းမိုက်တာပဲဗျာ။ ကျွန်တော် ဘယ်မှာသွားဝယ်လို့ရနိုင်မလဲဟင်!"

ကျန်းရိချောင်က လုယန်ရဲ့ ဝတ်စုံကိုမြင်ပြီး အားကျနေမိလျက်။ သူသည်လည်း ဖက်ရှင်ကို လိုက်စားတတ်တဲ့ သာမန်လူငယ်တစ်ယောက်ဖြစ်သည်လေ။

ကုချန် ဒီလူတွေကို သိပ်နားမလည်ချေ။ ဒီအနက်ရောင်ကိုဝတ်တာက တကယ်ကြည့်ကောင်းလို့လား?

"ငါတို့လက်မှုခြံက ထုတ်ကုန်အသစ်တွေကို ထည့်သွင်းနိုင်တာပေါ့!" လုယန်ကိုယ်ပေါ်က ပုလဲအသုံးအဆောင်ပစ္စည်းတွေကို မြင်လိုက်ရသောအခါ ချူကော ပြန်လည်လန်းဆန်းသွားရ၏။

သူမကို ခွင့်လွှတ်ပါနော်... ပုလဲတွေအများကြီးမြင်ရတော့ တကယ်ပဲ အန်ချင်သလိုခံစားနေရပြီလို့...

သူမ အဖြူရောင်ပုလဲလည်ဆွဲကြိုးများစွာကို မြင်ရလွန်းသဖြင့် အခုချိန်မှာ ဆန်းသစ်တဲ့အရာတွေကိုကြည့်ရတာ နှစ်သက်နေပြီလေ။

"ဒီလိုပုလဲချိန်းကြိုးမျိုးက ဘောင်းဘီရှည်နဲ့တွဲဝတ်လို့ရသလို စကတ်နဲ့လည်းလိုက်ဖက်မှာ"

"သတ္တုလက်ကောက်လေးလုပ်ရင် ပိုကြည့်ကောင်းသွားမှာပဲ"

…

ချင်းရို့နှင့် ချူကောတို့ စကားစမြည်ပြောနေကြစဥ် လုယန်နှင့် ကုချန်တို့က တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသည်။ လုဝေကျယ်လေးက သူ့အဖေဘေးနားမှာရပ်ကာ မနာလိုစွာဖြင့် "ပါးပါး ဒီဆွဲကြိုးသားကိုပေးဝတ်နော်"

ကုချန်: "ကလေးက ဘာလို့ဆွဲကြိုးဝတ်သင့်တာတာလဲ?"

"ငါ့သားက မငယ်တော့ဘူး၊ ဆယ်နှစ်ရှိပြီ"

အနှီကိန်းဂဏန်းကိုကြားလိုက်ရတဲ့အခါ ကုချန် အနည်းငယ်နာကျင်သွားရသလို ခံစားလိုက်ရသည်။ သူ့သားက ဆယ်နှစ်တောင်ရှိပြီဆိုပေမယ့် သူကတော့ အခုထိ အိမ်ထောင်မပြုရသေးဘူး။ နောက်နှစ်ဆို သူ့သမီးလေးတွေတောင် ၆နှစ်ပြည့်တော့မှာပဲ...

"လုဝေကျယ် မင်းကဒီမှာပဲ!"

ရှဲ့ရူအန်း တစ်နေရာရာမှပေါ်ထွက်လာခဲ့သည်။ သူ လုဝေကျယ်ကိုတွေ့လိုက်သည်နှင့် သူ့မျက်လုံးတွေ ချက်ချင်းဘလင်းဘလင်းထလာလျက်။ ယခု သူသည် ဆရာအလုပ်ကနေ ထွက်လိုက်ပြီဆိုသော်ငြား လုဝေကျယ်ကိုတော့ လက်ရေးလှရေးပါရမီရှင်ဖြစ်အောင် ပျိုးထောင်ချင်နေဆဲ။

"မား ကူညီပါဦး!"

လုဝေကျယ်လေးဟာ ရှဲ့ရူအန်းရဲ့ နားပူနားဆာလုပ်မှာကို နားထောင်ရမှာ အကြောက်ဆုံးပင်။ ရှဲ့ရူအန်းက ဒေါသထွက်ရင် သူ့ကို ရိုက်နှက်၊ ကြိမ်းမောင်းလို့ရတယ်၊ ဒါပေမယ့် သူက မင်းကို ရိုးသားစွာဆက်ဆံတတ်တဲ့ လူကြီးလူကောင်းဖြစ်၍ သူပြောတာကို မင်းလိုက်မလုပ်ရင် သူ့အတွက် စိတ်မကောင်းဖြစ်ရလိမ့်မယ်... ဒီလိုလူမျိုးနှင့်ရင်ဆိုင်ရတာ ဖက်ထုပ်လေးအဖို့ ဖက်ထုပ်အပေါ်ယံကိုချွတ်ပြီး ယာဂုထဲခုန်ဝင်ကာ ပုန်းချင်သွားရသည်။

"အိုင်းယား... ဒီကလေးကတော့..." ရှဲ့ရူအန်း သက်ပြင်းချလိုက်ပေမယ့် သူက အပျော်သဘောစနောက်ချင်နေဆဲ။

မူလက အနှီကလေးငယ်ဟာ လက်ရေးလှရေးလောကတွင် တောက်ပတဲ့ပုလဲလုံးလေးဖြစ်လာသင့်တယ်လို့ ယူဆခဲ့ပေမယ့် ယခုအခါ အဆိုပါပုလဲလေးဟာ ပေါက်လာတော့မယ်လို့ မထင်တော့ချေ။ (ဖြစ်မြောက်လာတော့မယ်မထင်ဘူးဆိုတဲ့သဘောပါ)

"ရှဲ့လောင်ရှီး လက်မှုခြံမှာ ရှင့်အကူအညီတွေအများကြီးလိုသေးတယ်ရှင့်"

"ဟုတ်​ပါပြီ ဟုတ်ပါပြီ၊ ငါလည်းအလုပ်​ရှုပ်​​နေတာပါကွာ"

ရှဲ့ရူအန်း ပုလဲလက်မှုခြံကိုရောက်ပြီးနောက် သူ့ဘဝရဲ့ ဒုတိယမြောက်နွေဦးကို တွေ့ရှိသွားခဲ့ရပြီ။ ဒီမှာ အလုပ်တွေရှုပ်နေပေမယ့် ဘဝရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို သူရှာတွေ့သွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

သူ အလုပ်များပြီး စိတ်ကျေနပ်နေရသလို၊ နေ့တိုင်း အလုပ်တွေကိုတက်တက်ကြွကြွလုပ်နေဆဲ...

"ငါ ဒီနေ့ နောက်ထပ်ဧည့်သည်တွေ လက်ခံထားရတယ်"

လုဝေကျယ်က သူထွက်သွားတော့မယ်ဆိုတာကိုမြင်တဲ့အခါ ပိပိပုဇွန်လေးလိုခုန်ပေါက်ပြီး ရှဲ့ရူအန်းနောက်ကလိုက်လာကာ "ရှဲ့လောင်ရှီး ဆရာပါတနာတစ်ယောက်ရှာပြီး မြန်မြန်လက်ထပ်တော့နော်!"

အိမ်ထောင်ကျသွားပြီးရင် ဒီဖက်ထုပ်လေးကိုလာမရှာပါနဲ့တော့၊ ကိုယ့်ကလေးတွေကိုပဲ အာရုံစိုက်တော့နော်...

လုဝေကျယ် စိတ်အားထက်သန်စွာ အကြံပြုလာသေးသည်။ "ဆရာ့အတွက် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ခိုင်းဖို့ သားပါးပါးကိုလုပ်ခိုင်းစေချင်လားဟင်?"

"သားပါးပါးက မကြာခဏ လူတွေကို အောင်သွယ်ပေးတယ်နော်! လူတွေက သူ့ကို အရာရှိလုလို့ခေါ်ကြတာ၊ သူက အချစ်ရေးအကြံပေးတစ်ယောက်ပဲ"

ချင်းရို့: "..." ဒီဆိုးသွမ်းတဲ့ကလေးက ဘယ်သူ့မိသားစုကတုန်း?

လုယန်: "..." သူက တကယ့်ကို ပါးပါးရဲ့ သားကောင်းလေးပဲ။

ကျန်းရိချောင်: "ဦးဦးလု အနာဂတ်မှာ ကျွန်တော် လက်တွဲဖော်ရှာတဲ့အခါ ကျွန်တော့်ကိုအကြံတချို့ပေးရမယ်နော်"

"ဦးက ကျွန်တော့်ပါးပါးထက်​ ပိုအားကိုးရမယ်လို့ ထင်တယ်ဗျာ"

ဘေးအိမ်ကဦးဦးလုဟာ သူ့အဖေထက် ပိုအားကိုးရတယ်လို့ ကျန်းရိချောင်ထင်မိသည်။

"ရိချောင် မင်းလည်း လက်တွဲဖော်ရှာဖို့အကြောင်း စဥ်းစားနေပြီလား?"

"ကျွန်တော့်ပါးက ကျွန်တော် လက်တွဲဖော်ရှာမရမှာ စိုးရိမ်နေတာလေ။ ကျွန်တော် ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေခင်တုန်းကလည်း​ သူက ကျွန်တော်ကောလိပ်တက်တာနဲ့ ကျောင်းမှာကောင်မလေးရှာဖို့ပြောနေတာ။ အခုခေတ်ကောလိပ်ကျောင်းသားတွေက တွဲဖြစ်နိုင်ခြေပိုများတယ်လို့ပြောသေးတယ်။ တချို့အတန်းတွေမှာ အတွဲတွေအများကြီးရှိနိုင်တယ်ဆိုပဲ..."

"အခု ကျွန်တော် ကောလိပ်ဝင်ခွင့်မရသေးဘူးဆိုတော့ ရှာနေစရာမလိုတော့ဘူးလေ" လူငယ်လေးကျန်းရိချောင်သည် လက်ရှိအချိန်မှာ ချိန်းတွေ့ဖို့စိတ်မဝင်စားသေးပေ။ "ကျွန်တော်တို့ကျွန်းက အရမ်းလှတယ်။ ဒီမှာ ရုပ်ရှင်ကျောင်းရှိရင် အဲဒီကျောင်းကိုပဲလျှောက်မှာ..."

"မင်းက အရမ်းတက်ကြွနေတာပဲ လူငယ်လေးရေ!"

မိန်ရို့ပုလဲမွေးမြူရေးစက်ရုံတာဝန်ခံစွင်းကျင်းရောက်လာကာ ကျန်းရိချောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုယန်ကိုစိုက်ကြည့်၍ နောက်ဆုံးတော့ ကျန်းရိချောင်ကို ပြန်ကြည့်လိုက်ကာ "မင်း စိုက်ပျိုးရေးတက္ကသိုလ်လျှောက်လို့ရတယ်လေ!"

"အနာဂတ်မှာ ပုလဲတွေလာမွေးပေါ့ကွာ"

အမျိုးသားနှစ်ယောက်လုံးက အနက်ရောင်ဝတ်ထားကြလျက်။ တစ်ယောက်က အနက်ရောင်ဝတ်ဆင်ထားကာ နောက်တစ်ယောက်ကတော့ တစ်ကိုယ်လုံးမည်းမှောင်နေသည်ပင်။ 
(လုယန်က အနက်ရောင်ဝတ်ထားတာ၊ ကျန်းရိချောင်ကိုတော့ အသားမည်းနေတယ်လို့ပြောတာပါ)

စွင်းကျင်းက လုယန်ကို ထပ်မကြည့်ဘဲမနေနိုင်ပါချေ။ လုယန်ကိုယ်ပေါ်က ပုလဲအဆင်တန်ဆာတွေကို အားကျနေမိပြီး သူ့ဆီမှာလည်း ပုလဲတွေအများကြီးရှိနေကြောင်းသတိရကာ သူလည်း ပုလဲဆွဲကြိုးနည်းနည်းဝတ်သင့်တယ်လို့ တွေးမိသည်။

ပုလဲတွေကို ဒီလိုကစား​လို့ရနိုင်မယ်လို့ မမျှော်လင့်ထားမိဘူး...

ကျန်းရိချောင်: "…"

"ဦးလေး ကျွန်တော်က ဒါရိုက်တာလုပ်ဖို့အတွက် ရုပ်ရှင်ကျောင်းတက်ချင်တာ" ကျန်းရိချောင်သည် ဒီနွေရာသီမှာ သူဟာ ကျောက်မီးသွေးတွင်းကထွက်လာသလိုမျိုး ဘာလို့ဒီလောက်အသားမည်းသွားရမှန်း မသိသော်လည်း သူ့သွားတွေက အလွန်ဖြူဖွေးနေရာ သူ့အပြုံးက ပိုလို့တောင်အမေးဇင်းဖြစ်နေလျက်။

သက်ရှိထင်ရှားပေါင်းကုန်းနဲ့တူနေလေရဲ့....
(ပေါင်းကုန်း = ပေါင်ချိန်)

ကျန်းချန်ပေ့က အိမ်မှာ သူ့ကို လှောင်ရယ်နေပြီး နောက်ပိုင်း ရုပ်ရှင်ကျောင်းတက်ခွင့်ရပါက ဒရာမာအစမ်းလေ့ကျင့်တဲ့အခါ ကျောင်းက သူ့ကို ပေါင်ချိန်အဖြစ် သရုပ်ဆောင်ခိုင်းမှာပဲလို့ ပြောဆိုနေလေရဲ့။

"ရုပ်ရှင်ရိုက်မလို့? မင်းမှာရည်မှန်းချက်ရှိတာပဲ!" စွင်းကျင်းက ချင်းရို့ကိုကြည့်၍ ပြုံးလိုက်ပြီး "ဒါရိုက်တာချင်းရေ သူကရော မင်းရဲ့ မိသားစုဝင်ပဲလား?"

သူရည်ညွှန်းတဲ့လူဟာ လုယန်ကိုပင်။

"သူက ငါ့အမျိုးသားပါ"

"လုယန်" လုယန် ခေါင်းညိတ်ပြကာ သူ့ကိုယ်သူ တိုတိုတုတ်တုတ် မိတ်ဆက်လိုက်သည်။

"မင်းမှာ ဇနီးကောင်းတစ်ယောက်ရှိတာပဲဗျာ"

စွင်းကျင်း သူ့ကို ချီးကျူးပြောဆိုလိုက်သည်။

"အခု ငါတို့အုပ်စုထဲမှာ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ဒါရိုက်တာချင်းကို မသိတဲ့သူဘယ်သူရှိလို့လဲ? ဂုဏ်သတင်းကောင်းတဲ့ကောလိပ်က ကောလိပ်ကျောင်းသူလည်းဖြစ်တယ်၊ ငါတို့ထက်လည်း ပညာပိုရှိတယ်၊ အကြံဥာဏ်ကောင်းတွေရှိတယ်။ လူတိုင်း သူမနောက်က လိုက်လုပ်ကြဖို့ ဆန္ဒရှိကြတာ။ အခုဆို ဒီမှာလည်း ဖွံ့ဖြိုးတိုးတက်မှုကောင်းမွန်နေပြီဆိုတော့ တစ်ချိန်က စက်ရုံကိုရောင်းစားခဲ့တဲ့သူတွေ နောင်တရကြတော့မှာပဲ"

"ငါ့သား အနာဂတ်မှာ ဒါရိုက်တာချင်းလို တစ်ဝက်လောက်ထက်မြက်တဲ့အမျိုးသမီးနဲ့ အိမ်ထောင်ကျရင် ငါဝမ်းသာမိမှာကွာ"

…

"ဒါရိုက်တာချင်း မင်းကို သတင်းတစ်ခုပြောပြရဦးမယ်။ ရှားရို့ပုလဲစက်ရုံပိုင်ရှင် ကျန်းရှဲ့ရှန်း ရောက်လာပြီး ငါတို့ကို အကြံတချို့ပေးသွားတယ်... လာမယ့်နှစ်မှာ တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်းကို တည်ထောင်ဖို့ စီစဉ်နေတာလေ။ ဒါရိုက်တာချင်းရေ ငါတို့က မင်းကို ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း ရွေးချယ်တင်မြှောက်လိုက်ပါတယ်ဗျာ"

xxx

All Chapters