အခန်း (၃၀၆-၃၀၇)
Vol. 26 Ch. 306-307
Ch-306
"ဒါရိုက်တာချင်း မင်းကို သတင်းတစ်ခုပြောပြရဦးမယ်။ ရှားရို့ပုလဲစက်ရုံပိုင်ရှင် ကျန်းရှဲ့ရှန်း ရောက်လာပြီး ငါတို့ကို အကြံတချို့ပေးသွားတယ်... လာမယ့်နှစ်မှာ တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်းကို တည်ထောင်ဖို့ စီစဉ်နေတာလေ။ ဒါရိုက်တာချင်းရေ ငါတို့က မင်းကို ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း ရွေးချယ်တင်မြှောက်လိုက်ပါတယ်ဗျာ"
စွင်းကျင်းနှင့် တခြားလူတွေက ကုန်သည်ကြီးများအသင်းတည်ထောင်ဖို့ဆွေးနွေးနေကြပြီး သူမကို ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရန် စီစဉ်နေလိမ့်မယ်လို့ ချင်းရို့ တကယ်ပင်မမျှော်လင့်ထားခဲ့ပေ။
သူတို့ ကုန်သည်ကြီးများအသင်းကို တကယ် တည်ထောင်ချင်တယ်ဆိုရင်တောင် တရုတ်နှစ်သစ်ကူးပြီးတဲ့အထိ စောင့်ရပေလိမ့်မည်။
"ဒါရိုက်တာချင်း ကျေးဇူးပြုပြီး မငြင်းပါနဲ့ဗျာ၊ ဒီကုန်သည်ကြီးများအသင်းဥက္ကဌက မင်းကလွဲပြီး ဘယ်သူများဖြစ်နိုင်မှာလဲ!"
"ငါတို့ကုန်သည်ကြီးများအသင်းက အခြားအသင်းတွေနဲ့မတူပါဘူး။ ငါတို့က တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်းပါ။ ဒီတော့ ငါတို့ရဲ့ ပုလဲကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုဖို့ အရည်အချင်းရှိပြီး ချောမောလှပတဲ့သူကို ရွေးချယ်ဖို့လိုအပ်တယ်လေ"
"မင်းကလွဲလို့ ဘယ်သူမှမလုပ်နိုင်ဘူး!"
…
စွင်းကျင်းနှင့် ချင်းရို့တို့ ခဏလောက်စကားပြောခဲ့ပြီးနောက် ရှားရို့ပုလဲမွေးမြူရေးစက်ရုံပိုင်ရှင် ကျန်းရှဲ့ရှန်းအပါအဝင် အခြားစက်ရုံတာဝန်ရှိသူအများအပြားရောက်လာကြသည်။
ကျန်းရှဲ့ရှန်းဆိုသူဟာ ဟောင်ကောင်ကျွန်းက သူဌေးတစ်ဦးဖြစ်ပြီး ဗိုက်ပူပူနှင့် ရိုးသားတဲ့မျက်နှာပေါက်ရှိသလို သူစကားပြောတဲ့အခါမှာလည်း ရင်နှီးဖော်ရွေတဲ့လေသံရှိပြီး အမြဲပြုံးနေတတ်သူပင်။
အပေါ်ယံမှာတော့ သူက ရိုးရှင်းပြီး ကြင်နာတတ်တဲ့သူတစ်ယောက်လိုဖြစ်နေပေမယ့် အမှန်တကယ်တော့... စီးပွားရေးလုပ်တဲ့သူဆိုကတည်းက သေချာပေါက်လွယ်ကူရိုးရှင်းတဲ့သူမဟုတ်ဘူးလေနော်။
သူ့စက်ရုံကလူတွေဟာ ဒီလူက စိတ်သဘောထားကောင်းပြီး ဘယ်တော့မှဒေါသမထွက်တတ်ဘဲ ဟာသတွေတောင်ပြောတတ်တယ်လို့ ဆိုကြသည်။ သူ့နာမည်က ကျန်းရှဲ့ရှန်းဖြစ်သော်လည်း သူက ရှားရို့ပုလဲမွေးမြူရေးစက်ရုံကို ဖွင့်လှစ်ထားခဲ့သည်။ လူတွေက ဒီနာမည်ကိုမြင်လိုက်တိုင်း "မင်းရဲ့စက်ရုံကို ရှဲ့ရို့ပုလဲစက်ရုံလို့မခေါ်ဘဲ ရှားရို့ပုလဲစက်ရုံလို့ခေါ်တာလဲ?" လို့မေးတတ်ကြသည်။ (ရှဲ့ဆိုတဲ့အဓိပ္ပါယ်က ကဏန်းပါ ရှားကတော့ ပုစွန်ပါ)
ကျန်းရှဲ့ရှန်း ပြုံးရုံသာပြုံးနေပြီး "ငါ ပုစွန်စားရတာကြိုက်လို့လေ၊ ကဏန်းကိုတော့မကြိုက်ဘူး၊ အခွံတွေအများကြီးရှိလို့"
သူတို့စက်ရုံက တချို့လူတွေက သူ့ကို ဘော့စ်ကျန်းလို့ခေါ်ကြသလို တချို့က ဘော့စ်ရှဲ့လို့ခေါ်တတ်ကြပေမယ့် သူကတော့ ဂရုမစိုက်ပါချေ။ ဘော့စ်ရှဲ့လို့ခေါ်ခံရလည်း ပြုံးပြုံးလေးနဲ့ပြန်နှုတ်ဆက်တတ်သည်။
"ကဏန်းလား? ဘေးတိုက်လျှောက်သွားတတ်တာလေ၊ ဘယ်သူကဖြစ်ချင်မှာလဲ?"
ကျန်းရှဲ့ရှန်းက ချင်းရို့ကိုတွေ့သည်နှင့်ပြုံးကာ "ဘော့စ်ချင်း ကျွန်တော် မင်းကို လေးစားနေတာ ကြာပြီဗျ။ အမျိုးသမီးတွေကလည်း အမျိုးသားတွေလို တော်ကြတယ်..."
ချင်းရို့ သူနှင့် စကားစမြည်ပြောလိုက်၏။ ဒီကျန်းရှဲ့ရှန်းဟာ စကားပြောကောင်းသူဖြစ်သလို စီးပွားရေးလုပ်တတ်တဲ့သူဌေးကြီးတွေလိုမျိုး သူက လူတိုင်းကို ဖော်ဖော်ရွေရွေပြောဆိုတတ်သူပင်။ စီးပွားရေးချဲ့ထွင်လိုပါက သဟဇာတဖြစ်ဖို့လိုအပ်သည်လေ။
"ဘော့စ်ကျန်း ရှင်လည်း ဒီကုန်သည်ကြီးများအသင်းဥက္ကဌဖြစ်ဖို့ သင့်တော်တယ်လို့ ကျွန်မထင်တယ်နော်"
ရှားရို့ပုလဲမွေးမြူရေးစက်ရုံက ကွေ့ရို့မွေးမြူရေးစက်ရုံကို ဝယ်ယူခဲ့ပြီးနောက် သူတို့စက်ရုံ အတိုင်းအတာက ရွှင်ရို့ပုလဲစက်ရုံထက် ပိုမိုကြီးမားသွားလေပြီ။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော်က တအားထက်မြက်တဲ့သူမဟုတ်လို့ ဒီကုန်သည်ကြီးများအသင်းဥက္ကဋ္ဌဖြစ်ဖို့ မသင့်တော်ပါဘူးဗျာ။ ဘော့စ်ချင်းလို ထက်မြက်တဲ့သူတစ်ယောက်ရှိတာ ပိုကောင်းတယ်လေ။ ကျွန်တော့်လို လူနုံလူအကတော့ ဘော့စ်ချင်းလို ထက်မြက်တဲ့လူနောက်လိုက်ပြီး စွပ်ပြုတ်သောက်ရမှာပေါ့ဗျာ"
ချင်းရို့ ပြုံးနေပေမယ့် ဒီလူက တကယ်ပဲ လူနုံလူအလို့ မယုံပါဘူးနော်။
ဒီလိုလူမျိုးနဲ့ကစားရတာ စိတ်ဝင်စားဖို့မကောင်းပေမယ့် လူတွေက ဖော်ဖော်ရွေရွေနဲ့ ငွေရှာနိုင်တယ်ဆိုရင်လည်း အနည်းဆုံးတော့ပြဿနာမရှိပါဘူးလေ။
အဲဒါက... ဒီလူက ရှားရို့ပုလဲမွေးမြူရေးစက်ရုံပိုင်ရှင် ဘော့စ်ရှဲ့ဖြစ်ပြီး သူ့ဘာသူ စွပ်ပြုတ်သောက်ချင်ကြောင်းပြောခဲ့သဖြင့် ချင်းရို့အား ဆွံ့အသွားစေလျက်။
ချင်းရို့ သူ့အား စနောက်လိုက်သည်။ "ဘော့စ်ကျန်း ရှင်က ပုစွန်စားရတာကြိုက်တယ်ဆိုတော့ ပုစွန်ကြော်(ရှားဖျန့်)စက်ရုံကို ဘာလို့မဖွင့်တာလဲနော်?"
ဘာလို့ရှားရို့ပုလဲစက်ရုံလို့ခေါ်နေဦးမှာလဲ? နားထောင်ကြည့်ရုံနဲ့ ပုလဲတွေက သိပ်မလှတော့သလိုပဲ။ ရှားရို့ပုစွန်ကြော်စက်ရုံလည်းရတာပဲ... အဲဒါက သိပ်အရသာရှိပုံမပေါ်ဘူးပဲ...
"အိုင်းယား ဘော့စ်ရှောင်ချင်းကတော့ တကယ့်ကို အရည်အချင်းရှိပြီး တွေးခေါ်တတ်တဲ့သူပဲ။ ကျွန်တော် အဲဒါကိုဘာလို့မစဉ်းစားခဲ့မိတာပါလိမ့်? ဒါဆို ပုစွန်ကြော်စက်ရုံကို ဖွင့်လိုက်တော့မယ်!"
"မျှော်လင့်ထားသလိုပါပဲ၊ စွပ်ပြုတ်သောက်ဖို့ မင်းလိုထက်မြက်တဲ့သူနောက်လိုက်ကိုလိုက်ရမယ်ကွာ။ ကျွန်တော်ကိုယ်တိုင်တောင် စဥ်းစားလို့မရခဲ့ဘူး"
ချင်းရို့: "…"
ရှင်က တကယ်ဟာသပြောတတ်တာပဲ!
ဘော့စ်ရှဲ့က သူမနှင့်စနောက်နေရုံပဲလို့ ချင်းရို့ထင်ခဲ့သော်လည်း နောင်တစ်ချိန်မှာ သူမပြောလိုက်တဲ့ အပိုစကားလုံးနှစ်လုံးကြောင့် နာမည်ကြီးပုစွန်ကြော်ထုတ်လုပ်လာလိမ့်မယ်လို့ မသိခဲ့ပါချေ။
လုယန်က သူ့မိသားစုကို မိသားစုခြံဝင်းဆီသို့ ပြန်လိုက်ပို့ခဲ့သည်။ ညနေခင်း၌ သို့ရုန်ညီအစ်မဟာ မုန်လာဥတွေကိုကောက်ပြီး ကြက်သွန်မြိတ်နည်းနည်းလှီးဖြတ်၍ မိသားစုတစ်စုလုံး ဖက်ထုပ်လုပ်ကြလေသည်။
ယခုအခါ သူတို့မိသားစုက အိမ်မှာ ဖက်ထုပ်တွေကို လျင်လျင်မြန်မြန် ပြုလုပ်နိုင်နေပြီဖြစ်သည်။အိမ်မှာ ဒလိမ့်တုံးတွေအများကြီးရှိသဖြင့် လုဝေကျိုးနှင့် လုဝေကျယ်တို့ ညီအစ်ကိုလည်း မုန့်ညက်လှိမ့်နိုင်ပြီး ချင်းရို့ကတော့ ဖက်ထုပ်လုပ်ကြဖို့ သို့ရုန်ညီအစ်မနှစ်ယောက်ကို ကူညီပေးခဲ့သည်။
သူတို့မိသားစုထဲက ကလေးတွေအားလုံး ဖက်ထုပ်လုပ်တော်ကြသည်။
ထုပ်ပြီးသားဖက်ထုပ်တွေကို ဗန်းပေါ်မှာ စီစီရီရီထားပြီးနောက် လုယန်က ညီအစ်မနှစ်ယောက်ကိုခေါ်ကာ ဖက်ထုပ်သွားချက်နေစဥ် လုဝေကျိုးနှင့် လုဝေကျယ်တို့ညီအစ်ကိုဟာ တိုးတိုးလေးပြောနေကြ၏။ ညီအစ်ကိုနှစ်ယောက် ဘာလျှို့ဝှက်ချက်တွေပြောနေကြမှန်းမသိရပေ။
ဧည့်ခန်းထဲကTVကို ဖွင့်ထားလျက်။ သူတို့ TVကို ချုံကျိုးကျွန်းဆီ ပြန်သယ်လာခဲ့ကြခြင်းပင်။
ဒီက TVက... ပြောရမယ်ဆိုရင် ဒီနေရာက TVလိုင်းတွေက ကွမ်ချန်လောက်မပေါများပေ။ ကွမ်ချန်မှာတုန်းကဆို ဟောင်ကောင်ကTVချန်နယ်တွေကိုဖမ်းယူနိုင်သော်လည်း ချုံကျိုးကျွန်းမှာတော့ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးနိုင်ပေသည်။
ချုံကျိုးကျွန်းရှိ TVအစီအစဥ်တွေက အများအားဖြင့် ကွမ်တုန်းရုပ်သံလိုင်းမှ ပြန်လည်ထုတ်လွှင့်တာတွေဖြစ်သည်။ ၁၉၈၂ခုနှစ် ဩဂုတ်လတွင် ဒေသတွင်းရုပ်မြင်သံကြားဌာနကို တည်ထောင်ခဲ့သော်လည်း ဒေသတွင်း ရုပ်မြင်သံကြားဌာန၌ ပရိုဂရမ်များစွာမရှိသေးပေ။ အခုမှ စတင်နေဆဲဖြစ်တာကြောင့် လူတိုင်းက ကွမ်တုန်းရုပ်သံဌာနက အစီအစဉ်တွေကိုပဲ ကြည့်ရှုနေကြဆဲ။
ကွမ်တုန်းရုပ်သံဌာနက ပြည်ပရုပ်ရှင်ဒရာမာအများအပြားကို စတင်မိတ်ဆက်ပေးလာခဲ့သည်။ ပြီးခဲ့တဲ့၂နှစ်အတွင်း အကျော်ကြားဆုံးတီဗွီစီးရီးမှာ ဘောလီဘောကစားခြင်းအကြောင်းရိုက်ကူးထားတဲ့စီးရီးဖြစ်၏။
ဒီလိုနဲ့ မိသားစုခြံဝင်း၌ ဘောလီဘောရူးတွေပေါ်လာပြီး ဘောလီဘောပြိုင်ပွဲတွေ စီစဥ်ကြတော့သည်။ အခြားစက်ရုံတွေမှာလည်း ဘော်လီဘောပြိုင်ပွဲအမျိုးမျိုးရှိကြသလို ရွှင်ရို့ပုလဲစက်ရုံမှာလည်း သူတို့ဝန်ထမ်းတွေအတွက် ဘော်လီဘောပြိုင်ပွဲ စီစဥ်ပေးခဲ့ပေသည်။
"မားမား! ဖက်ထုပ်တွေ အဆင်သင့်ဖြစ်ပြီ!"
"ဖက်ထုပ်ကောကောရေ ဖက်ထုပ်တွေကို သွားယူပြီး တည်ခင်းပေးပါဦး!"
လုဝေကျယ် နှာမှုတ်ကာ "ဝေကျယ်ကောကောလို့ခေါ်"
ချင်းရို့ အပြုံးလေးနှင့် ပြောလိုက်၏။ "ဝေကျယ်ကောကော မြန်မြန်ထပြီး ဖက်ထုပ်တွေတည်ခင်းပေးပါဦးနော်"
သားအဖသုံးယောက် ဖက်ထုပ်အိုးကြီးတစ်လုံးကို ယူထုတ်လာကာ လူခြောက်ယောက် TVအနီးမှာ ဝိုင်းထိုင်လိုက်ကြပြီး ဖက်ထုပ်စားလိုက်ကြသည်။ သူတို့က ဖက်ထုပ်ကို မုန်လာဥနဲ့ ပုစွန်၊ ကြက်သွန်မြိတ်နဲ့ ဝက်သား၊ ပုစွန်စသဖြင့် ဖက်ထုပ်အမျိုးအစားပေါင်းများစွာလုပ်စားခဲ့ကြသည်။
ဖက်ထုပ်အားလုံးကို အတူတူရောပြီး ချက်ပြုတ်ထားကာ မုန်လာဥနဲ့ပတ်သက်ပြီး အမြဲလိုလိုညည်းညူလေ့ရှိသော လုဝေကျိုးနှင့် လုဝေကျယ်ဟာ ယခုတော့ မုန်လာဥနီကို တိတ်တဆိတ်စားနိုင်နေပြီဖြစ်သည်။
ချင်းရို့က မုန်လာဥနီနှင့် ပုစွန်ဖက်ထုပ်ကို နှစ်သက်လေ၏။ ဖက်ထုပ်အပေါ်ယံက ပါးလွှာပြီး အဆာပလာကပိုများ၍ ဖက်ထုပ်ကိုကိုက်လိုက်သည့်အခါ မုန်လာဥနီမှ အချိုဓာတ်နှင့် ဟင်းခတ်အမွှေးအကြိုင်တွေရောစပ်ထားပြီးဖြစ်တဲ့ ပုစွန်တွေကို အရသာခံနိုင်မည်ဖြစ်သည်။ အရမ်းအရသာရှိတာပဲ....
ဆော့စ်မပါတာတောင်မှ အရသာရှိနေရောပဲ...
"မားမား ဒီနေ့ မီးမီးက မမထက် ဖက်ထုပ်တစ်ခုကို ပိုစားတယ်!"
"ငါက ဖက်ထုပ် အများဆုံးစားတာ!"
"ငါစားတာ အများဆုံးပါနော်"
"ပါးပါးက ဖက်ထုပ်ကို လေးလေးနက်နက်စားနေတာပဲ"
…
မနီးမဝေးရှိ ကာလာTVမှ မရေမတွက်နိုင်သော စကားသံတွေကို ကြားနေရပြီး ဇာတ်ကောင်တွေက ဖန်သားပြင်ပေါ်မှာ ထင်ဟပ်နေလျက်။ သူတို့ဦးခေါင်းထက်ရှိမီးလုံးမှာ ထိန်လင်းနေကာ အဖြူရောင်အခိုးအငွေ့တွေကြားထဲမှ မိသားစုဝင်တိုင်းရဲ့ မျက်နှာတွေကို ရှင်းရှင်းလင်းလင်းမြင်နေရတာကြောင့် ချင်းရို့ပြုံးနေခဲ့သည်။
မိသားစု အတူတူထိုင်ပြီး ဖက်ထုပ်စားကြတဲ့အခါ အမြဲတမ်း ပိုပြီးနွေးထွေးသလို ပိုပျော်ရွှင်ရတယ်လေ။
ညဘက်အိပ်ရာမဝင်ခင် ချင်းရို့ လက်ထဲမှာ သိုင်းဝတ္ထုစာအုပ်တစ်အုပ်ကို ကိုင်ထားခဲ့သည်။ လုယန် အခန်းထဲဝင်လာပြီး အဓိကမီးကိုပိတ်ကာ ညအိပ်မီးအိမ်ကိုဖွင့်လိုက်၏။ သူ ကုတင်ပေါ်ထိုင်ချလိုက်ပြီးနောက် ချင်းရို့ကို ပွေ့ဖက်လိုက်တော့သည်။
လုယန် သူမကို တိတ်တဆိတ် စိုက်ကြည့်နေလိုက်သည်။
ချင်းရို့ လက်ထဲကစာအုပ်ကို ချလိုက်ကာ သူ့ကိုကြည့်ဖို့ ခေါင်းလှည့်လိုက်ပြီး "ဘာဖြစ်လို့လဲ? ရှင် ကျွန်မကို ဒီလိုပဲစိုက်ကြည့်နေတော့မယ်ပေါ့"
လုယန် သူမနဖူးကို နမ်းလိုက်ပြီး "ကိုယ့်ဇနီးလေးက အရမ်းအံ့သြစရာကောင်းတာပဲ။ ဒီနေ့ အပြင်ထွက်တော့ သူမကို လူတိုင်းချီးကျူးနေကြတယ်"
"သူမဟာ အရင်က ထူးချွန်တဲ့ကြေငြာသူတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ အစွမ်းထက်တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ရဲဘော်ချင်းဖြစ်နေပြီ။ အနာဂတ်မှာလည်း တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌချင်းဖြစ်လာတော့မယ်"
"ဒီကုန်သည်ကြီးများအသင်းက မသေချာသေးပါဘူးနော်။ ရှင်ဟာလေ ဥက္ကဌချင်းအကြောင်းပြောပြီး သူများကိုစနောက်ဖို့ပဲသိတယ်" ချင်းရို့ သူ့ကို ပြုံးပြုံးလေး ကြည့်နေလိုက်သည်။
လုယန် သူမကို ပြုံးပြုံးလေးကြည့်နေပြီး ဘာမှမပြောပေ။
"ဘာဖြစ်လို့လဲ? ကျွန်မကို ဘာလို့ဒီလိုမျိုးကြည့်နေတာလဲနော်? သုံးရက်ကြာခွဲခွာပြီးနောက် အချင်းချင်း လေးလေးစားစားဆက်ဆံသင့်တယ်လို့ ရှင်မထင်ဘူးလား? ရှင့်ဇနီးက တိတိတဆိတ်လေး အင်အားကြီးလာပြီလေနော်"
လုယန် အပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်သည်။
xxx
Ch-307
"ဘာဖြစ်လို့လဲ? ကျွန်မကို ဘာလို့ဒီလိုမျိုးကြည့်နေတာလဲနော်? သုံးရက်ကြာခွဲခွာပြီးနောက် အချင်းချင်း လေးလေးစားစားဆက်ဆံသင့်တယ်လို့ ရှင်မထင်ဘူးလား? ရှင့်ဇနီးက တိတ်တဆိတ်လေး အင်အားကြီးလာပြီလေနော်"
လုယန် အပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်သည်။
"ဆိုတော့ ကျွန်မတို့ရဲ့ အရာရှိကြီးလုက နောက်ကောက်ကျကျန်ခဲ့တယ်လို့ ခံစားနေရလား?"
"ဂုဏ်ယူဖို့အချိန်မနှောင်းသေးပါဘူး၊ ဂုဏ်ယူမိပါတယ်"
လုယန် တစ်ခုခုကို တွေးမိသွားပုံရကာ ပြုံးလျက် "မင်းက ကိုယ့်ကို ဟိုဘက်အိမ်မှာ သွားကြွားစေချင်တာလား?"
"ဆရာမဟွမ်ဆီက သတင်းတစ်ခုခုကြားရတိုင်း လောင်ကျန်းက ကိုယ့်ကိုလာပြောပြလိမ့်မယ်"
"ဒါဆို ရှင် ဘာလို့ ရှင့်မိန်းမအကြောင်းပြန်မပြောလိုက်လဲ?"
"ကိုယ့်မိန်းမလေးကောင်းကြောင်းကို တခြားသူတွေကို ပြောပြဖို့ ဝန်လေးနေလို့ပါကွာ"
လုယန် သူမကို ဖိချလိုက်ကာ သူမကိုယ်ပေါ်က နူးညံ့နွေးထွေးတဲ့ရနံ့လေးကို ရှူရှိုက်လိုက်ရာ သူ့နှလုံးသားအေးချမ်းသွားရသလို ခံစားလိုက်ရ၏။ သူ သူမရဲ့နားသန်သီးကို ညင်ညင်သာသာလေးကိုက်လိုက်ပြီး နားရွက်ထဲသို့ လေပူတွေမှုတ်ထည့်လိုက်ကာ
"ကိုယ်က အရမ်းတွန့်တိုလို့လေ။ အရမ်းတော်တဲ့ကိုယ့်မြေခွေးမလေးကို လူတွေတက်မက်မှာကိုကြောက်လို့ပေါ့ကွာ"
ဒီနေ့ သူ့ဇနီးလေးအနားမှာ လူတွေအများကြီးဝန်းရံနေတာကို မြင်လိုက်ရတဲ့အခါ အရာရှိကြီးလု တကယ်ပဲ အနည်းငယ်မနာလိုဖြစ်သွားရသည်။
"အရမ်းချဉ်လိုက်တာနော်၊ ခုနတုန်းက ရှင်စားခဲ့တဲ့ဖက်ထုပ်ထဲက ရှာလကာရည်ကိုထုပ်ပြီး အခန်းထဲသယ်လာတာလား? ကျွန်မ မတော်တဆ တစ်ငုံသောက်မိသွားပြီလို့"
ချင်းရို့ သူ့လည်ပင်းကိုဖက်လိုက်ပြီး "ကျွန်မလည်း တစ်ယောက်ယောက်က ရှင့်ကိုခိုးသွားမှာ ကြောက်နေတာပါနော်။ ရှင် ဒီနေ့ဝတ်စားထားတာ အရမ်းမိမိုက်နေတာလေ"
လုယန်: "... မင်းပဲ ကိုယ့်ကို အဲလိုဝတ်ခိုင်းတာမဟုတ်လားကွာ"
"ရှင်နောင်တရနေရင် နောက်တစ်ခါ ရှင့်ကို ဂုန်နီအိတ်ပဲဝတ်ခိုင်းမှာနော်"
လုယန် မရယ်မောပဲမနေနိုင်တော့၊ သူ ခေါင်းနည်းနည်းငုံ့ကာ သူမနှုတ်ခမ်းလေးကို နူးညံ့စွာနမ်းရှိုက်လိုက်ရာ ချင်းရို့ကလည်း သူ့လည်ပင်းကိုဖက်လာပြီး သူ့ကိုပြန်နမ်းလာခဲ့သည်။ သူမ သူ့ကိုနမ်းနေခဲ့တာ နှစ်တွေကြာပြီဆိုပေမယ့် အခုထိမငြီးငွေ့သေးပါဘူးနော်။
ရံဖန်ရံခါ ဝန်တိုရတာဟာလည်း ဘဝရဲ့ သေးငယ်တဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်လေ...
ညဘက်မှာ မီးက ပိုပြင်းပြင်းတောက်လောင်နေလေရဲ့။
နှစ်သစ်ကူးပြီးနောက် ၁၉၈၃ခုနှစ်၊ နွေဦးပေါက်တွင် တာ့ကျောင်းရွာရှိ အသစ်ဆောက်လုပ်ထားသော ကျွင်းကျူးမူလတန်းကျောင်းကို စတင်အသုံးပြုခဲ့လေပြီ။ ကလေးငယ်လေးတွေက ကျောင်းလွယ်အိတ်ကိုယ်စီဖြင့် အသစ်စက်စက်ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
ကျောင်းစတက်သည့်နေ့တွင် ချင်းရို့က သို့ရုန်ညီမနှစ်ယောက်နှင့် အစ်မဖြစ်သူချင်းမျန့်ကို ဖွင့်ပွဲအခမ်းအနားသို့ ခေါ်ဆောင်သွားပြီး ချင်းမျန့်နှင့်အတူ အလံတင်အခမ်းအနားမှာလည်း ပါဝင်ခဲ့သည်။
ကျောင်းအုပ်အသစ်အဖြစ် ခဲအိုချန်မျန့်က စင်မြင့်ထက်၌ မိန့်ခွန်းပြောနေ၏။ သူက ဝတ်စုံ ၀တ်ထားရသဖြင့် တော်တော်လေးအဆင်မပြေသလို ခံစားနေခဲ့ရပြီး ကျုံးရှန်းဝတ်စုံ မဝတ်ခဲ့မိတာကို လွန်စွာနောင်တရနေမိလျက်။
သူ ပြန်လည်ထူထောင်နေခဲ့တာ နှစ်တွေကြာမြင့်ခဲ့ပြီဖြစ်ပြီး သူမပျော်မရွှင်ဖြစ်နေခဲ့ရသည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် သူ့စိတ်ထဲက မာနကြီးမှုလည်း လျော့ကျသွားခဲ့သည်မှာ ကြာလှချေပြီ။ ဒီနေ့ သူ့ရှေ့မှာ ကလေးတွေအများကြီးကိုတွေ့လိုက်ရတဲ့အခါမှသာ သူ့နှလုံးသားထဲမှာ ပျော်ရွှင်မှုနှင့်စိတ်ကျေနပ်မှုတို့ ပေါက်ကွဲထွက်လာသလိုပင်။
မကြာသေးမီနှစ်များအတွင်း လူတော်တော်များများက သူ့ကို မူလတန်းကျောင်းမှထွက်ပြီး အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းမှာပညာသင်ကြားပေးရန်၊ သို့မဟုတ် စာထပ်လေ့လာဖို့ တက္ကသိုလ်တစ်ခုခုကိုသွားရန်၊ သို့မဟုတ် တက္ကသိုလ်မှာ စာသင်ကြားပေးရန် ဖိတ်ခေါ်ခဲ့ကြသော်လည်း ချန်မျန့် အားလုံးကိုငြင်းပစ်ခဲ့သည်။
ဒီလိုတက်ကြွတဲ့ကလေးတွေကို သူသဘောကျသည်။ သူတို့လေးတွေက ဆူညံပြီး လူတွေကို မကြာခဏ ဒေါသထွက်အောင် လုပ်တတ်ကြသော်ငြား သူတို့လေးတွေ ပြုံးပြုံးရယ်ရယ်နှင့် ချန်လောင်ရှီးလို့ခေါ်လိုက်တဲ့အခါ ကလေးငယ်လေးတွေဟာ နေရှိရာဘက်သို့ ပွင့်လန်းနေကြတဲ့ နေကြာပန်းလေးတွေလိုပါပဲ။
လူတွေရဲ့ အတွင်းစိတ်ကို နွေးထွေးစေတယ်လေ...
"ချန်လောင်ရှီး!"
"ကျောင်းအုပ်ချန်!"
…
ကျောင်းစတက်တော့ ချင်းရို့နှင့်ချင်းမျန့်တို့က စာအုပ်တွေကို ကူညီဝေငှပေးနေစဥ် ချင်းမျန့်က ကျောင်းသားလေးတွေရဲ့ ကျောင်းအုပ်ချန်လို့ခေါ်နေသံတွေကို နားထောင်ပြီး ချင်းရို့ကို မပြောဘဲမနေနိုင်တော့
"နင်တို့ကိုနင်တို့ကြည့်စမ်း၊ တစ်ယောက်က မကြာခင်မှာ ဥက္ကဌချင်းဖြစ်တော့မယ်၊ အရာရှိကြီးလုလည်းရှိသေးတယ်။ ဟော အခုလည်း ဒီမှာ ကျောင်းအုပ်ချန်ရှိနေပြီ၊ နောက်ဆို ငါလည်း တစ်ခုခုရဲ့ ဥက္ကဌဖြစ်လာတော့မလားပဲနော်?"
"နင်က အခု ဆိုင်မန်နေဂျာဖြစ်နေပြီလေ ရဲဘော်ချင်းမျန့်ရေ" ချင်းရို့က ချင်းမျန့်စကားကို ကြားတဲ့အခါ စနောက်လိုက်၏။
"ဆိုင်မန်နေဂျာ..." ချင်းမျန့် ခေါင်းတစ်ခါခါဖြင့် "နင်တို့လို ကျောင်းအုပ်တွေ၊ ဥက္ကဌတွေနဲ့မတူဘူးလို့ ငါခံစားရပါတယ်နော်"
"ဆိုင်မန်နေဂျာအပြင် နင်က ကလေးတွေရဲ့အမေလည်းဖြစ်တယ်လေနော်"
ချင်းရို့နှင့် သူမအစ်မချင်းမျန့်တို့က စကားစမြည်ပြောရင်း ရယ်မောနေကြလျက်။ စာသင်ခန်းထဲက ကလေးတွေလည်း မှင်အသစ်နံ့တွေအပြည့်ရှိနေတဲ့ စာမျက်နှာတွေကို လှန်လှောနေပြီဖြစ်သည်။ သို့ရုန်ညီအစ်မနှစ်ယောက်က မူလတန်းဖတ်စာအုပ်ကိုယူကာ စိတ်ဝင်တစားဖတ်ရှုနေကြ၏။
"သို့သို့နဲ့ ရုန်ရုန်လေးလည်း မကြာခင် မူလတန်းတက်ရတော့မယ်"
"အမှန်ပဲ" အချိန်တွေကုန်မြန်လိုက်တာနော်။
ချင်းရို့ မျက်လုံးတစ်ဖက်မှိတ်ကာ နေရောင်အောက်မှာ လှပနေသောကျောင်းဝင်းကို ကြည့်နေမိရင်း... လွန်ခဲ့တဲ့ဆယ်နှစ်လောက်က သူမရဲ့အစ်မနှင့် ခဲအိုတို့တတွေ ဒီကိုပထမဆုံးရောက်ခါစ ဘယ်လိုပုံစံလဲ သူမသတိရမိသလို ကျောင်းလာတက်ကြတဲ့ အဝတ်အစားမရှိကြတဲ့ကလေးတွေလည်းရှိခဲ့တာပဲလေ... အခုတော့ လူတိုင်း ကျောင်းဝတ်စုံအသစ်တွေ ဝတ်ထားကြပြီး အရင်က ဝတ်စုံမရှိကြတဲ့ကလေးတွေလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြတော့မည်ပင်။
"သို့သို့နဲ့ ရုန်ရုန် အိမ်ပြန်ပြီး လက်ရေးလှရေးလေ့ကျင့်ကြမယ်နော်။ သမီးတို့ ဝေကျယ်ကောကောက သမီးတို့ကို လက်ရေးလှရေးနည်းသင်ပေးခိုင်းလိုက်"
မိသားစုထဲမှာ ရဲဘော်လုယန်အပြင် အလှဆုံးရေးတတ်သူမှာ ရဲဘော်ဖက်ထုပ်လေးပါပဲ...
ညီအစ်မနှစ်ယောက်ကို လက်ရေးလှရေးနည်းသင်ပေးရန် သားအဖနှစ်ယောက်ဟာ အသင့်တော်ဆုံးပင်။
ရှောင်ရုန်ရုန် မကျေမနပ်ပြောလာ၏။ "ကောကောကိုယ်တိုင်က လက်ရေးလှရေးလေ့ကျင့်တာကို မကြိုက်ဘဲနဲ့၊ သူက သူများကို ဘယ်လိုသင်ပေးနိုင်မှာတုန်းလို့?"
ချင်းရို့ ကူကယ်ရာမဲ့စွာဖြင့် "ဒါဆို မားမားက သမီးတို့ကို လက်ရေးလှရေးနည်းသင်ပေးမယ်"
"မားမားလက်ရေးက ကောကောလက်ရေးလောက်မလှဘဲနဲ့ကို" ရှောင်သို့သို့ အမှန်အတိုင်းပြောလေပြီ။
သူတို့က ငယ်သေးတယ်ဆိုပေမယ့် အလှအပခံစားနိုင်စွမ်းမရှိတာမဟုတ်ဘူးနော်...
ချင်းရို့: "…"
သမီးတွေပြောလိုက်တဲ့အမှန်တရားကြောင့် မားမားချင်းရို့ အသည်းကွဲသွားရပါပြီ။ သူမလက်ရေးက မူလတန်းကျောင်းသားတွေလိုပဲ မလှဘူးလေ။
အရင်က ရှဲ့လောင်ရှီးရဲ့ စကားတွေကို ပြန်တွေးမိတော့ ချင်းရို့ စိတ်သက်သာရာရသွားတယ်လို့ ခံစားလိုက်ရသည်။
သူမရဲ့သားက လက်ရေးလှပါရမီရှင်လေးလေ။
ယခုနှစ်တွင် သို့ရုန်ညီအစ်မနှစ်ယောက်က မူလတန်းကျောင်းတက်ရတော့မည်ဖြစ်သလို အကိုကြီးနှစ်ယောက်ကလည်း မူလတန်းကျောင်းမှ ထွက်ခွာပြီး အလယ်တန်းကျောင်းတက်ရတော့မည်ဖြစ်သည်။
ဧပြီလ ၂၃ ရက်သည် အထူးနေ့ရက်တစ်ရက်ဖြစ်၏။ ဤနေ့ရက်မှာ နှစ်စဉ်နှစ်တိုင်း ရေတပ်စတင်တည်ထောင်သည့်နှစ်ပတ်လည်နေ့ဖြစ်ပြီး ထိုရက်များအတွင်း အခြေစိုက်စခန်းများတွင် အခမ်းအနားများ ပြုလုပ်ကြမည်ဖြစ်သည်။
ပြည်ပလမ်းကြောင်းကို ဖွင့်လှစ်ပြီးကတည်းက နိုင်ငံခြားတိုင်းပြည်တွေနှင့် ကုန်စည်ဖလှယ်မှုတွေ ပိုမိုအားကောင်းလာကာ ခေတ်မီစက်ကိရိယာများစွာကို မိတ်ဆက်ခဲ့ပြီး လေ့လာသင်ယူခဲ့ကြသဖြင့် အခြေခံစိုက်စခန်းတွေရဲ့ အသွင်အပြင်ဟာလည်း တစ်နေ့ထက်တစ်နေ့ ပြောင်းလဲလာလေပြီ။
အဖြူရောင်စစ်သင်္ဘောတွေ ပင်လယ်ပြင်ပေါ်မှာမျောနေပြီး သင်္ဘောသားဝတ်စုံနှင့် အမျိုးသားတွေက သူတို့လက်တွေကို နောက်ကျောဘက်မှာထား၍ တန်းစီရပ်နေကြသည်။ သူတို့အနောက်မှာ အနီရောင်အလံတွေ တလွင့်လွင့်ရှိနေလျက်။ ဦးထုပ်ဖြူဖြူ၊ ကော်လံအပြာတို့ဟာ ကောင်းကင်ပြာပြာနှင့် ပင်လယ်ပြင်ရှိတိမ်ဖြူဖြူတွေနဲ့တူနေလေ၏။
ချင်းရို့၊ ရွှယ်ရှောင်ဟွေ့နှင့် အခြားသူတွေလည်း အခမ်းအနားကြည့်ရှုရန် ကလေးတွေကိုခေါ်ကာ သင်္ဘောပေါ်တွင် လိုက်ပါလာခဲ့သည်။ မိသားစုဝင်တွေကို ပြောနေစရာပင်မလို၊ ကလေးတွေအားလုံး သင်္ဘောပေါ်ရောက်သည်နှင့် ထိန်းကြိုးမပါတဲ့ဟက်စကီးခွေးလေးတွေလိုမျိုး ပြေးလွှားနေကြလေရဲ့။
ဖက်ထုပ်လေးက သင်္ဘောပေါ်တက်ပြီးသည်နှင့် ပင်လယ်ထဲမှ ငါးတစ်ကောင်လိုပင်၊ အကိုကြီးကျိုးကျိုးက သူ့နောက်ကနေ လိုက်နေခဲ့ရသည်။ ဝမ်နျန်နျန်နှင့် သို့ရုန်ညီအစ်မကတော့ အတူတူရပ်နေကြလျက်။ မိန်းကလေးတွေက ပိုပြီးတိတ်တိတ်ဆိတ်ဆိတ်ရှိလှသည်။ သူတို့နံဘေးတွင် ရေငုပ်သင်္ဘောတပ်ခွဲမှ ဝမ်ခွေ့ရဲ့ ခြောက်နှစ်အရွယ်သမီး ဝမ်ယွီဖေးရှိနေ၏။
"ဝမ်နျန်နျန်၊ ဝမ်ယွီဖေး၊ ဝမ်နျန်နျန်၊ ဝမ်ယွီဖေး၊ ဝမ်နျန်ယန့်၊ ဝမ်ယန်ဖေး..." သို့ရုန်ညီအစ်မနှစ်ယောက်က ဒီမမနှစ်ယောက်ရဲ့ နာမည်တွေကို အတူတူအသံထွက်ဖတ်လိုက်တဲ့အခါ သူတို့လျှာတွေ ရန်ဖြစ်သွားပုံရလေ၏။
ဒါက လျှာလိပ်သွားသလိုပဲ...
ဝမ်နျန်နျန်: "…"
"သို့သို့နဲ့ ရုန်ရုန်ကရော ကိုယ့်နာမည်ကိုယ်သိကြလား?"
"လုစစ်ယောင်"
"လုစစ်နင်"
ဝမ်ယွီဖေး: "နျန်နျန်၊ စစ်ယောင်၊ စစ်နျန် ကွတ်ကီးစားချင်ကြလား?"
ကလေးသုံးယောက် တညီတညွတ်တည်း ခေါင်းယမ်းကြသည်။
ကလေးအများစုက ကွတ်ကီးသေးသေးလေးတွေစားရတာ ကြိုက်ကြသော်လည်း ဝမ်ယွီဖေးဆီမှာ အမြဲတမ်း ထူးထူးဆန်းဆန်းအရသာကွတ်ကီးတွေရှိနေတတ်သည်။
"ငါ့အိမ်ကသို့သို့နဲ့ ရုန်ရုန်လည်း ကလေးနန်းတော်မှာ အကသင်ချင်တယ်တဲ့"
ချင်းရို့က ကလေးနှစ်ယောက် အကသင်ချင်နေတာကို မတားမြစ်ခဲ့။ မိန်းကလေးတော်တော်များများက ငယ်ရွယ်စဥ်မှာ အကနှင့် သီချင်းဆိုတာကို စိတ်ဝင်စားတတ်ကြသည်လေ။
ချင်းရို့လည်း သူတို့နှစ်ယောက်ကို အကသင်ဖို့အတွက် ကလေးနန်းတော်ကိုပို့ဖို့ စီစဉ်ထားတာဖြစ်သည်။
"ကောင်းတာပေါ့၊ သူတို့မမနျန်နျန်ကို အကသင်ပေးခိုင်းလိုက်ပေါ့..."
ချင်းရို့နှင့် ရွှယ်ရှောင်ဟွေ့ စကားပြောနေစဉ်တွင် အခြားမိသားစုဝင်တွေလည်း သုံးယောက်၊ လေးယောက်စုပြီး အချင်းချင်းတီးတိုးပြောဆိုနေကြရင်း လူတော်တော်များများရဲ့အကြည့်တွေက ချင်းရို့ဆီရောက်နေကြသည်။
"ရှောင်ချင်းရေ နင်က အရမ်းကံကောင်းတာပဲဟယ်။ နင့်ရဲ့လုယန်က ငါတို့စခန်းရဲ့ အသက်အငယ်ဆုံးတပ်ရင်းမှူးပဲနော်"
"ဟုတ်ပါ့ဟယ်၊ ဟိုးမှာရပ်နေကြတဲ့လူတန်းတစ်ခုရှိပေမယ့် နင့်ရဲ့အရာရှိကြီးလုကတော့ လူအုပ်ကြားထဲမှာ ထင်ပေါ်နေလိုက်တာ"
"ရှောင်ကုက အခုထိ အိမ်ထောင်မပြုရသေးဘူးလား?"
"သူ အခု ရှောင်ချင်းရဲ့ အတန်းဖော်နဲ့ ချိန်းတွေ့နေပြီလို့ ငါကြားထားတယ်"
"မလွယ်ဘူးပဲ။ သူနဲ့ တပ်ရင်းမှူးလုက အသက်ဘယ်လောက်ကွာလို့လဲနော်? သူ ဒီကိုရောက်တာ နှစ်အတော်ကြာနေပြီမှန်း ငါမှတ်မိပါတယ်။ သူက တပ်ရင်းမှူးထက် အသက်ကြီးတာလား?"
"မကြီးပါဘူး"
ယောင်းမယန် ပြုံး၍ "လောင်လုနဲ့ ရှောင်ကုလေ... ဘယ်သူပိုကြီးတယ်လို့ နင်တို့ထင်လဲ? လောင်လုက ရှောင်ကုထက် တစ်နှစ်ပိုကြီးတယ်ဟဲ့"
xxx