အခန်း (၃၀၈-၃၀၉)
Vol. 26 Ch. 308-309
Ch-308
လုယန်နှင့် ဝမ်ယွမ်ကျန်းက အတူတူရပ်နေခဲ့သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း အခမ်းအနားများရှိခဲ့ပြီး တခြားရေတပ်အဖွဲ့တွေလည်း တောင်ပိုင်းသို့ လာရောက်လည်ပတ်ခဲ့ကြ၍ သူတို့ရဲ့ အသိမိတ်ဆွေဟောင်းအချို့နှင့် ပြန်တွေ့ဆုံခဲ့ကြလေသည်။
ဆိုလိုသည်မှာ အရင်တုန်းက ပင်းချန်မှာ အတူတူလေ့လာခဲ့ကြသည့် ကပ္ပတိန်အိုကြီးတွေကိုပြောတာဖြစ်သည်။ ဟုတ်ပါတယ်၊ အချို့က ယခုထိ ကပ္ပတိန်အိုကြီးတွေဖြစ်နေသေးသလို တချို့ကတော့ မဟုတ်တော့ပါချေ။
လီဟုန်းကော်က ထိုလူအုပ်စုထဲမှတစ်ဦးဖြစ်၏။ သူက လုယန်နှင့် ဝမ်ယွမ်ကျန်းကို ပြုံးကာ ကြည့်နေရင်း "ရှောင်လုရေ နှစ်တွေကြာလာတာတောင်မှ မင်းက အများကြီးမပြောင်းလဲသေးဘူးပဲ၊ ရှောင်ဝမ် မင်းရဲ့မျက်မှန်က ပိုကြီးလာတယ်ကွာ"
လုယန် ပြုံးပြီး "သူက ဆံပင်ဖြူနေပြီလေ"
"ဒီအသက်အရွယ်လေးနဲ့ ဘယ်လိုဖြစ်ပြီးဆံပင်ဖြူရတာလဲ?"
ဝမ်ယွမ်ကျန်း: "လူငယ်တွေက ဆံပင်ဖြူကြတာက စိတ်ပူစရာတွေရှိလို့လေ"
လီဟုန်းကော် သူ့ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်ပြီး "မင်းက ငယ်သေးပြီး အလုပ်လည်း အရမ်းကြိုးစားတာပဲကွာ၊ ဘာတွေစိတ်ပူနေတာတုန်း?"
"သမီးလေး ကြီးလာတော့မယ်ဆိုတော့ စိတ်ပူရပြီလေဗျာ၊ ငါ့သမီးကို လက်ထပ်ခွင့်မပြုနိုင်ဘူး"
လီဟုန်းကော် သက်ပြင်းချလျက်၊ "အခုများတော့ မင်းတို့နှစ်ယောက်က အိမ်ထောင်ကျသွားကြပြီး ကလေးတွေတောင်ရနေပြီမဟုတ်လား? ၁၉၇၁နှစ် မင်းတို့ ပင်းချန်မှာရှိနေတုန်းကလေ မင်းတို့လူငယ်လေးနှစ်ယောက်ပဲ အိမ်ထောင်ပြုဖို့ကျန်နေခဲ့တာ"
နံဘေးရှိ အခြားတစ်ဦးကလည်း ဝင်ပြောလာသည်။ "အဲဒီတုန်းက ငါတို့ လောင်းကြေးထပ်ခဲ့ကြသေးတယ်လေ"
"ရှောင်လုနဲ့ ရှောင်ဝမ်က ဘယ်သူအိမ်ထောင်အရင်ပြုဖြစ်မလဲလောင်းကြေးထပ်ခဲ့ကြတာ၊ ရေဒီယိုဝယ်ပေးကြေးလုပ်ခဲ့ကြတာလေ မှတ်မိတယ်မဟုတ်လား? အဲဒီရေဒီယိုကို ရဲဘော်ရှောင်ဝမ်ပိုင်တော့မယ်လို့ ငါထင်ခဲ့တာ။ ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းဖြစ်ပြီး နောက်ဆုံး ရှောင်လုလက်ထဲရောက်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲလေ"
"ရှောင်လု မင်းအိမ်မှာ အဲဒီရေဒီယိုရှိသေးလား?" ဆေးလိပ်သောက်နေတဲ့သူက စဥ်းလဲတဲ့အသံဖြင့် မေးလိုက်၏။
သည်လူကား ချန်ရှန့်ယွီပင်။ သူက အကောင်းဆုံးအခြေအနေရှိနေသော လုယန်ကိုကြည့်ကာ သူ့နှလုံးသားထဲတွင် စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။ ဒီကောင်က လွန်ခဲ့တဲ့၁၀နှစ်တုန်းက လက်ထောက်တပ်ရင်းမှူးသာဖြစ်ခဲ့ပေမယ့် အခုတော့ လက်ထောက်တပ်ခွဲမှူးအဖြစ် ရာထူးတိုးသွားလေပြီ။ သူကတော့ လွန်ခဲ့တဲ့၁၀နှစ်ကတည်းက အပြောင်းအလဲမရှိ တပ်ရင်းမှူးသာဖြစ်နေဆဲ။ (T/N: ကိုယ်က ရာထူးပိုင်းနာမည်တွေသိပ်မခွဲတတ်လို့၊ ရှာတာလည်းမတွေ့တော့ အဆင်ပြေသလိုရေးလိုက်ပါတယ်၊ မှားတာရှိရင်ဆောရီးပါနော်)
လုယန်ဟာ စက္ကူပေါ်မှာသာ စကားပြောနိုင်တဲ့ ပန်းထိုးခေါင်းအုံးလေးပါပဲလို့ သူ အမြဲထင်ခဲ့သလို အခုထိလည်း ဒီလိုပဲတွေးနေဆဲ။ ဒါပေမယ့် ဒီကောင်က ကံကောင်းလို့ သူ့အလုပ်အကိုင်က ချောမွေ့နေတာပါပဲလေ...
လုယန်: "ဒါပေါ့၊ ငါ အဲဒီရေဒီယိုကို ကောင်းကောင်းထိန်းသိမ်းထားတယ်၊ မကြာမကြာ ရေဒီယိုနားထောင်ဖို့ ထုတ်သေးတယ်"
"ငါ အဲဒါကို သက်သေခံနိုင်တယ်"
ဝမ်ယွမ်ကျန်း သူ့လက်တွေကိုဖြန့်ပြီး "ဒီကောင် ကျွန်းကိုရောက်ရောက်ချင်း ပထမဆုံးလုပ်ခဲ့တာကလေ ငါ့ကို သူ့အိမ်ဖိတ်ပြီး ရေဒီယိုလာနားထောင်ခိုင်းတာကွ"
"အခုချိန်ထိ သူ့အိမ်မှာ ရေဒီယိုလာနားထောင်ဖို့ ငါ့ကိုဖိတ်နေတုန်းပဲကွာ၊ အသက်တွေတောင်ကြီးလာပြီကို"
"မင်းရဲ့သမီးလက်ထပ်တဲ့အခါ ငါ မင်းကို ရေဒီယိုတစ်လုံးပို့ပေးမယ်"
လုယန် လက်ပိုက်လျက် "မင်းက တအားကပ်စီးနည်းလိုက်တာကွာ၊ အနည်းဆုံးတော့ သူမအတွက် နိုင်ငံခြားဖြစ်ကင်မရာကို ပေးသင့်တာကွ"
သူက ဝမ်ယွမ်ကျန်းရဲ့ ပခုံးဆီ လက်တင်ကာ အပြုံးလေးနဲ့ပြောလိုက်၏။ "လောင်ဝမ်ရေ ငါမင်းကို အခွင့်အရေးတစ်ခုပေးလိုက်မယ်ကွာ၊ မင်းရဲ့ သမီးအိမ်ထောင်ပြုတဲ့အခါ ငါတိုလင်မယားက ကာလာတီဗီကို လက်ဖွဲ့ပေးမယ်"
ဝမ်ယွမ်ကျန်း စိတ်တိုတိုဖြင့် ပြောလိုက်သည်။ "မင်းက ဘယ်လိုလုပ်ပြီး ခေါင်းဆောင်တစ်ဦးဖြစ်လာရတာလဲ? စကားဘယ်လိုပြောရမလဲ မင်းသိရဲ့လားကွ? ငါ့မှာ သမီးတစ်ယောက်တည်းရှိတာ၊ ငါ ဘယ်လိုလုပ်ပြီး သူမကို အိမ်ထောင်ချပေးဖို့ဆန္ဒရှိမှာလဲ?"
"ငါ့မှာလည်း သမီးနှစ်ယောက်ပဲရှိတယ်၊ ငါရောဆန္ဒရှိပါ့မလား?"
ဝမ်ယွမ်ကျန်း : "…"
လီဟုန်းကော်: "မင်းတို့နှစ်ယောက်လုံးမှာ သမီးတွေရှိကြတာပဲ"
"ငါ့မှာ သမီးအမြွှာလေးနှစ်ယောက်ရှိတယ်၊ လောင်ဝမ်မှာက သမီးတစ်ယောက်"
"အမြွှာလား? ဘယ်လိုတောင်ကံကောင်းလိုက်သလဲကွာ!" ချန်ရှန့်ယွီ ပေါ့ပေါ့ပါးပါး ဟန်ဆောင်လျက် ဆက်ပြောလာ၏။
"ငါ့ဝမ်းကွဲဝေ့ဟုန်လည်း အမြွှာလေးနှစ်ယောက်မွေးခဲ့တယ်တဲ့၊ ယောကျ်ားလေးတစ်ယောက် မိန်းကလေးတစ်ယောက်တဲ့လေ"
သူရဲ့ဝမ်းကွဲကို လုယန်နှင့်မိတ်ဆက်ပေးခဲ့သည်။ ဝေ့ဟုန်က သူမကျောင်းစတက်တက်ချင်းမှာပဲ လုယန်ကို ချစ်မိသွားခဲ့သော်ငြား လုယန်ကတော့ ချိန်းတွေ့ဖို့လုံးဝမစဥ်းစားခဲ့။ သူဘယ်လောက်ပဲ လုယန်ကို ဖြောင်းဖြနေပါစေ၊ လုယန်က ဝေ့ဟုန်ကို တစ်ယောက်တည်းတွေ့ဆုံဖို့ သဘောမတူခဲ့ပေ။
ဒီကောင် လုံးဝအိမ်ထောင်မပြုတော့ဘူးလို့ သူထင်ခဲ့ပေမယ့် အနုပညာအဖွဲ့က ငရုတ်သီးမိန်းကလေးကို ရွေးချယ်သွားလိမ့်မယ်လို့ ဘယ်သူသိမလဲလေ။
သူမက သူ့အတွက် အမြွှာသမီးလေးတစ်စုံသာ မွေးဖွားပေးခဲ့ပြီး သူ့ဝမ်းကွဲကတော့ ယောကျ်ားလေး၊ မိန်းကလေးအမြွှာကို မွေးဖွားပေးခဲ့သည်လေ။ လုယန် နောင်တရနေမလားတော့ သူမသိပေ။
"နဂါးနဲ့ ဖီးနစ်အမြွှာတွေက ရှားတယ်"
"မဟုတ်ပါဘူး။ ဒီအမြွှာလေးနှစ်ယောက်က အရမ်းလှတာ။ အမြွှာလေးတွေမွေးတုန်းက လူတော်တော်များများက ကောင်းချီးရဖို့အတွက် သူတို့အိမ်ကိုသွားကြသေးတယ်တဲ့"
ဝမ်ယွမ်ကျန်း ပြုံးပြီး "ငါလည်း ကောင်းချီးရဖို့အတွက် လောင်လုအိမ်ကိုသွားခဲ့တာပါပဲ"
အဲဒီတုန်းက ငါတကယ်ကံကောင်းခဲ့တယ်၊ တော်တော်လေးကောင်းခဲ့တာ။ ဘယ်သူ့ဆီက ကောင်းချီးရလိုက်သလဲတော့ ငါမသိဘူး။
လီဟုန်းကော် : "?"
ချန်ရှန့်ယွီ : "ရှောင်ဝမ်လည်း ကံကောင်းဖို့ ရှောင်လုအိမ်ကိုသွားခဲ့တယ်ပေါ့လေ? ဒီကောင်းချီးကို တကယ်ပဲရခဲ့တာဖြစ်မယ်။ ရှောင်လုရေ သနားစရာပဲကွာ ငါ့ဝမ်းကွဲက မင်းကိုလက်ထပ်ခဲ့မယ်ဆိုရင် မင်းမှာလည်း ဖီးနစ်အမြွှာရှိလာနိုင်မှာ"
ချန်ရှန့်ယွီက လုယန်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို မနာလိုဖြစ်မိသည်။ ဒါ့ကြောင့် သူ့မိသားစုအဆင်သိပ်မပြေဖို့ မျှော်လင့်ခဲ့သည်။ သူက ငရုတ်သီးနဲ့လက်ထပ်ခဲ့ပြီး ငရုတ်သီးလိုသမီးအမြွှာနှစ်ယောက်ရှိတာမို့ သူ ပျော်ရွှင်နိုင်မှာမဟုတ်လောက်ဘူး...
"မင်းရဲ့ဝမ်းကွဲကို ငါတွေ့ဖူးလို့လား?" လုယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ လူတွေ ဒီလိုနောက်ပြောင်တာမျိုး သူမကြိုက်ပေ။ "ဘာသနားစရာရှိလို့လဲ? ငါက ငါ့မိန်းမနဲ့ လက်ထပ်ချင်ရုံပဲလေ"
လီဟုန်းကော် အနည်းငယ် အံ့အားသင့်သွားရလျက်။ "၁၀နှစ်လောက်ကြာပြီးနောက် မင်းဒီလိုပြောလိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူးကွာ"
အဲဒီတုန်းက လုယန်ကိုင်တွယ်ပုံမှာ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ဒီကောင်က ဒေါသကြီးပြီး အရမ်းချေးများတဲ့အတွက် အိမ်ထောင်ပြုပြီးတဲ့နောက် လုယန်ပျော်ရွှင်ရလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပေ။
ဒါ့အပြင် အိမ်ထောင်သက် ၁၀နှစ်ကျော်ကြာပြီးနောက် အဲဒီတုန်းက မင်းရဲ့ပါတနာကို ချစ်ခဲ့တယ်ဆိုရင်တောင် နှစ်တွေကြာလာတဲ့အခါ ခံစားချက်တွေ တဖြည်းဖြည်းလျော့ပါးလာသလို မကျေနပ်မှုတွေလည်း ပေါက်ဖွားလာမှာပဲလေ။ အတိတ်ကိုပြန်သွားရမယ်ဆိုရင် ကိုယ့်ရဲ့လက်ရှိအိမ်ထောင်ဖက်ကို လက်ထပ်ဖို့ လူဘယ်နှယောက်ကများ ဆန္ဒရှိမှာလဲ?
ပြောရခက်တဲ့ဘဲသေလား?
"ဒါက ဘာမပြောနိုင်စရာရှိလို့လဲ?" ဝမ်ယွမ်ကျန်း ဆက်ပြောလိုက်သည်။ "လောင်လုက အတိတ်ကို ဘယ်နှစ်ခါပဲပြန်သွားနေပါစေ သူ့မိန်းမ ရှောင်ချင်းကိုပဲ အမြဲလက်ထပ်ချင်နေမှာလေ"
"မင်းမမြင်ဖူးသေးလို့ပေါ့၊ ဒါပေမဲ့ ငါကတော့ ငါ့မျက်စိနဲ့တပ်အပ်မြင်ဖူးတယ်။ အဲဒီတုန်းက ဒီသမင်က ဘယ်လောက်တောင်စိတ်မရှည်ဖြစ်နေလိုက်သလဲဆိုတာ"
"မင်းလက်ထပ်တုန်းကရော အလျင်လိုနေခဲ့တာပဲ မဟုတ်ဘူးလား?"
"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ အားလုံးက မစ္စတာလုနဲ့ မစ္စလုရဲ့ ကျေးဇူးတွေကြောင့်ပါပဲ။ နျန်နျန်ရော ငါရောက ကျေးဇူးတင်ပါတယ်ကွာ"
လုယန် : "... မင်းရဲ့ သမီးလေးလက်ထပ်ရင် မင်္ဂလာဝိုင်သောက်ဖို့ ငါ့ကိုဖိတ်ဦး"
ဝမ်ယွမ်ကျန်း စိတ်ဆိုးသွားကာ "မင်း ငါ့မိသားစုနျန်နျန်လေး လက်ထပ်မယ့်အကြောင်း ထပ်ပြောနေမယ်ဆိုရင် ငါ ဒေါသထွက်တော့မှာနော်"
"ငါ့သမီးက ဆယ်နှစ်ပဲရှိသေးတာကွ"
"မိုးရွာ(အချိန်ကျ)ရင် နျန်နျန်လည်း လက်ထပ်တော့မှာပဲ၊ မင်းက တားနိုင်လို့လား?"
လုယန် ပြုံးစစနှင့် မျက်ခုံးပင့်လိုက်ပြီး "ဒီကိစ္စက မင်းအရင်ဆုံးပြောခဲ့တာနော် ရဲဘော်ဝမ်ယွမ်ကျန်းရေ၊ နှစ်တွေဘယ်လောက်ပဲကြာကြာ မင်းကတော့ အရင်အတိုင်း အတွေးလွန်နေတုန်းပဲကွာ။ ကလေးကဖြင့် ဆယ်နှစ်ပဲရှိသေးတာကို မင်းရဲ့သမီး အိမ်ထောင်ရေးအတွက် စိတ်ပူနေသေးတယ်"
"မင်းစကားတွေမှားသလားမှန်သလား မင်းပြောကြည့်စမ်းပါ" ဝမ်ယွမ်ကျန်း သူ့ကို မပျော်မရွှင်ကြည့်ပြီး "ရေရှည်ကိုတွေးထားလို့မရဘူးလား? အားလုံးကို မင်းလိုပဲထင်နေတာလားကွ? အရေးကြီးတဲ့အခိုက်အတန့်ရောက်မှ စိုးရိမ်နေရမှာလား?"
"ငါ ဘယ်တုန်းကမှ အလျင်မလိုခဲ့ဘူး"
"မင်းရဲ့ အနာဂတ်သားမက်တွေက မင့်သမီးတွေအပေါ် ဆိုးဆိုးရွားရွားဆက်ဆံတဲ့အခါမှ မင်းစိတ်ပူမလား ငါသိချင်မိပါရဲ့"
ဝမ်ယွမ်ကျန်း သူ့ရဲ့ကြီးပြင်းလာတဲ့သမီးလေးအကြောင်း တွေးကာ စိုးရိမ်နေမိသည်။ ယခုအခါ နေထိုင်မှုဘဝတွေ ပိုမိုကောင်းလာသော်လည်း အိမ်ထောင်ရေးကျင့်ဝတ်တွေကတော့ အရင်ကလောက် မကောင်းတော့။
ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်ချိန်မှာ ဇနီးနှင့် သားသမီးတွေကို စွန့်ပစ်ခဲ့သူတွေက အတိတ်ကိုပြန်မသွားကြတော့ပေ။ ယခု လူတွေ ချမ်းသာလာကြတဲ့အခါ သူတို့ဇနီးမယားကို စွန့်ပစ်ကြသူတွေလည်းရှိနေပြီဖြစ်သည်။ နေရာတချို့မှာ မယားငယ်တွေထားကြတဲ့ စီးပွားရေးသမားတွေလည်းရှိသည်။ အိမ်မှာ ဇနီးတစ်ယောက်ရှိပြီး အိမ်အပြင်မှာလည်း မယားငယ်ရှိကြတယ်...
ဒီလိုတဖြည်းဖြည်းပြောင်းလဲလာတဲ့ လေထုအောက်မှာ ဝမ်ယွမ်ကျန်း စိတ်မပူဘဲ ဘယ်နေနိုင်ပါ့မလဲ?
"အဲဒီကောင်က ငါ့သမီးကို ဆိုးဆိုးရွားရွားဆက်ဆံရဲရင် ငါရိုက်ပစ်လိုက်မှာပေါ့ကွ"
ဝမ်ယွမ်ကျန်း ပိုလို့တောင်ဒေါသထွက်လာကာ "လောင်လု အဲဒီအချိန်ကျရင် သူ့ကိုဝိုင်းဆုံးမပေးဖို့ ငါ့ကိုနည်းလမ်းကူရှာပေးရမယ်နော်"
"ကောင်းပြီ ငါ မင်းကို နည်းလမ်းကူရှာပေးမယ်" လုယန်က ဝမ်ယွမ်ကျန်းရဲ့ ပုခုံးကို ပုတ်လိုက်ပြီး "မင်းရဲ့ သမီးကို အရင်လက်ထပ်ခိုင်းပြီး ငါ့အတွက် နည်းလမ်းအရင်ရှာပေးလေ။ ဒီတစ်ခါတော့ လုကောက မင်းဆီကနေသင်ယူမှာပါ"
ဝမ်ယွမ်ကျန်း : "ငါတို့အရင်တိုက်ခိုက်ရမှာကိုပဲ ငါကြောက်နေပြီကွ"
"မင်း ငါ့သမီးလက်ထပ်မယ့်အကြောင်း ထပ်ပြောရင်တော့ ငါအသေစိတ်ဆိုးတော့မှာ"
"လောင်ချန်၊ လောင်လီ၊ လာပြီးအကဲဖြတ်ပေးစမ်းကွာ။ သူ့သမီးအိမ်ထောင်ရေးအကြောင်း အရင်စပြောတာ သူပဲမဟုတ်ဘူးလား? လောင်ဝမ် မင်းဖျားနေတာလား?"
"ဒါဆို မင်းပြောလိုက်တိုင်း ငါ့နှလုံးသားကို ဘာလို့ နာကျင်စေရတာလဲကွ?"
xxx
Ch-309
လီဟုန်းကော် ဘေးကနေ ပြုံးကြည့်နေပြီး လုယန်ဟာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာတာပဲလို့ တွေးနေမိလျက်။ သူက လူကြိုက်များပြီး ဘယ်လိုပြုမူရမလဲသိသလို ဟာသတွေလည်းပြောနိုင်ကာ အောက်ခြေစည်းရှိသူတစ်ယောက်ပင်။ သူငယ်ငယ်တုန်းက ဒေါသကြီးပုံရပေမယ့် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သလို စွမ်းဆောင်ရည်လည်းရှိသူဖြစ်ပြီး အရေးကြီးကိစ္စတွေကို ဦးစားပေးလုပ်ဆောင်တတ်သည်။ ခေါင်းဆောင်ဖြစ်လာသူတိုင်းက သူ့ကို ဦးစွာ အာရုံစိုက်ကြလိမ့်မယ်...
ဒီလိုလူမျိုးက ဘယ်နေရာမှာမဆို မားမားမတ်မတ်ရပ်တည်နိုင်တယ်...
ချန်ရှန့်ယွီ : "မင်းတို့နှစ်ယောက်က သမီးတွေအပေါ် အရမ်းချစ်ကြတာပဲကွာ။ ငါဆို ငါ့မိသားစုက ဆိုးသွမ်းတဲ့ကောင်လေးတွေကို ဂရုကိုမစိုက်ချင်ဘူး"
"အနာဂတ်မှာ တခြားမိသားစုရဲ့သမီးကို ဘယ်လိုလက်ထပ်မလဲဆိုတာတော့ သူတို့အရည်အချင်းပေါ်မူတည်တယ်လေ"
"ငါက ငါ့သမီးတွေကို လက်ထပ်ပေးရတဲ့ အတွေ့အကြုံမျိုးလိုချင်နေတာကွာ၊ ဒါပေမဲ့ ငါ့မှာ သမီးမရှိဘူးလေ"
ချန်ရှန့်ယွီ မနာလိုဟန်ဖြင့် ပြောလိုက်သော်လည်း အမှန်တကယ်တော့ ဂုဏ်ယူဝင့်ကြွားနေသည်ပင်။
သူ့မှာ သားသုံးယောက်ရှိတယ်လေ။
ဒါပေမယ့် အားလုံးက သူ့စကားတွေကို လျစ်လျူရှုခဲ့ကြသည်။
လီဟုန်းကော် : "ငါ့မှာတော့ ငါ့ကို ခေါင်းကိုက်စေတဲ့ သမီးတစ်ယောက်ရှိတယ်ကွ။ ခြံဝင်းထဲမှာ နေ့တိုင်း ယောက်ျားလေးတွေနဲ့ ကစားတယ်၊ အရင်က သေနတ်ပစ်တမ်းတောင်ကစားခဲ့လို့ သူ့အမေကို ဒေါသထွက်သွားစေသေးတာ"
"သူမအတွက် သူမရဲ့ အနာဂတ်ယောက္ခမမိသားစုကပဲ စိတ်ပူပါစေတော့"
…
သူတို့တတွေ စကားစမြည်ပြောဆိုနေရင်း စစ်သင်္ဘောပေါ်မှဆင်းကာ ကျွန်းတစ်ကျွန်းသို့ ရောက်ခဲ့သည်။ သင်္ဘောပေါ်က ဆင်းသွားနှင့်ပြီဖြစ်တဲ့ သို့သို့ရုန်ရုန်လေးက လူအုပ်ထဲမှာ သူတို့ပါးပါးကိုမြင်သည်နှင့် လက်ဆွဲကာ အော်ရင်း ပြေးလာကြသည်။ "ပါးပါး!!"
ဝမ်နျန်နျန်လည်း လူအုပ်ကြီးထဲက သူမပါးပါးကို သတိပြုမိပေမယ့် အော်ခေါ်ဖို့ ရှက်ရွံ့နေတာကြောင့် ညီမလေးနှစ်ဦးနောက်ကနေ လိုက်လာခဲ့သည်။
သို့ရုန်ညီအစ်မနှစ်ယောက်နှင့် သူတို့မားမားက သင်္ဘောပေါ်က အရင်ဆုံးဆင်းလာခဲ့တာဖြစ်သည်။ သူတို့မားမားက အန်တီရွှယ်နဲ့အတူတူ က သရက်သီးသွားရွေးနေစဥ် ညီအစ်မနှစ်ယောက်က အနီးနားရှိတောအုပ်မှာ ပန်းတွေခူးနေကြပြီး ပန်းကုံးလှလှလေးနှစ်ကုံးလုပ်ခဲ့ကြသည်။
သို့သို့နှင့် ရုန်ရုန်က သူတို့ပါးပါးရှေ့မှာရပ်ရန် ပြေးလာခဲ့ပြီး ဝမ်နျန်နျန်လည်း နောက်ကလိုက်ပါလာကာ ဝမ်ယွမ်ကျန်းရှေ့မှာရပ်ပြီး "ပါးပါး" လို့ခေါ်လိုက်၏။
"မင်္ဂလာပါ ဦးဦးတို့"
လီဟုန်းကော် သူ့ရှေ့မှ ကလေးမလေးသုံးယောက်ကို မြင်တဲ့အခါ "မင်းတို့ကလေးမလေး သုံးယောက်က အရမ်းလှကြတာပဲ!"
ဝမ်နျန်နျန်က မကြာမကြာ ကတတ်သူဖြစ်တာကြောင့် ကိုယ်ခန္ဓာသွယ်လျ၏။ သူမက ငယ်ရွယ်စဉ်ကတည်းက စိတ်ကောင်းရှိပြီး အေးချမ်းပြေပြစ်သောအသွင်အပြင်ရှိပေသည်။ ဒီနေ့ သူမရင်ဘတ်နားမှာ ကျစ်ဆံမြီးအကြီးကြီးရှိနေပြီး သူမလေးရပ်နေတဲ့အခါ ကြာပန်းတစ်ပွင့်လို ကျက်သရေရှိလှသည်။
သူမအနားရှိ သို့သို့နှင့် ရုန်ရုန်က ရိုးရိုးရှင်းရှင်းနှင့် တက်တက်ကြွကြွ ဝတ်ဆင်ထားပြီး သူတို့ခေါင်းပေါ်မှာလည်း လိပ်ပြာကလစ်လှလှလေးပန်ထားကြသည်။ ကလေးမလေးနှစ်ယောက်ဟာ ဘဲဥပုံမျက်နှာရှိပြီး နှစ်လိုဖွယ်ကောင်းတဲ့ မျက်ခုံး၊ မျက်လုံးတွေရှိကြ၏။ ရုပ်ချင်းတူကြတဲ့ ညီအစ်မနှစ်ယောက်ရဲ့ မျက်နှာသေးသေးလေးတွေက အံ့သြစရာကောင်းပြီး ချစ်စဖွယ်ကောင်းနေလျက်။
"ပါးပါး၊ ပါးပါးဝတ်ဖို့တစ်ခုပေးမယ်နော်" သို့သို့နှင့် ရုန်ရုန်က သူတို့ပါးပါးခေါင်းပေါ်မှာ ပန်းကုံးဝတ်ပေးချင်ကြောင်း ပြောလာ၏။
ဝမ်နျန်နျန်ကတော့ ဘာမှမပြောတော့ဘဲ သူမလေးလုပ်ထားတဲ့ပန်းကုံးကို သူမပါးပါးဆီ ကမ်းပေးလိုက်ရုံသာ။
လုယန်လည်း သူ့ရဲ့ ဦးထုပ်ကိုချွတ်ကာ ကလေးမလေးရဲ့ ခေါင်းပေါ်တင်ပေးလိုက်ပြီး ပန်းကုံးနှစ်ခုကို ယူလိုက်၏။
လုယန် : "…"
မြင်ကွင်းက ဘယ်လိုဖြစ်နေမလဲဆိုတာ မှန်းဆရခက်ပေမယ့် ဒါက သူ့သမီးလေးရဲ့ ဆန္ဒဆိုတော့လည်း...
"ပါးပါးက ဒီနေ့ အရမ်းခန့်ညားနေရော!"
"သမီးတို့မားမားရော ဘယ်မှာလဲ?"
"မားမားက ပါးပါးအတွက် သရက်သီးသွားရွေးနေတာ..."
လုယန် : "..." သရက်သီးသွားရွေးနေရင်း ငါ့ကိုမေ့သွားမှာကိုပဲ ကြောက်မိပါရဲ့ကွာ။
သို့ရုန်ညီအစ်မတွေက တခြားဘာမှကောင်းကောင်းမလုပ်တတ်သော်ငြား ချီးမွမ်းမြှောက်ပင့်တဲ့နေရာမှာတော့ ဆရာတစ်ဆူပင်။ ဒီနေ့က အထူးနေ့ရက်ဖြစ်သလို ညီအစ်မနှစ်ယောက် အဖွဲ့ဖွဲ့လိုက်ကာ ပျားလေးတွေလိုမျိုး သူတို့ပါးပါးကို ချီးမွမ်းနေကြလေသည်။
သူတို့က ပျားလေးနှစ်ကောင်လို ပြုမူနေကြပြီးပါးစပ်ကိုလည်း ပျားရည်လိမ်းကျံထားသည့်နှယ်...
လီဟုန်းကော် အရမ်းမနာလိုဖြစ်နေမိလျက်၊ သူ့မှာကျ ဒီလိုချစ်စရာကောင်းပြီး ဂရုစိုက်တတ်တဲ့ သမီးလေးတစ်ယောက် ဘာလို့မရှိရတာလဲကွာ?
တချို့တွေကတော့ အတွဲလိုက်(အမြွှာ)ရောက်လာကြသေးတာ...
သူ့သမီးဆို သူ့အဖေကို ဒီလိုမျိုးဘယ်တော့မှမချီးကျူးဘဲ ရေသေနတ်နဲ့ မျက်နှာကို လိုက်ပစ်နေသေးတယ်လေ။
"လုယန် မင်းရဲ့ သမီးနှစ်ယောက်က လိမ္မာလိုက်ကြတာကွာ၊ သူမ အိမ်ပြန်ရောက်တာနဲ့ ရေသေနတ်နဲ့ပစ်တတ်တဲ့ ငါ့သမီးလိုမဟုတ်ကြဘူး"
"ပြီးတော့ ပင်လယ်ရေလည်းဖြစ်..." ရေတပ်အရာရှိတွေမှာ ရေတပ်စိတ်ဝိဥာဥ်တွေရှိကြပြီး သူတို့က ငန်ပြီးခါးသက်တဲ့ပင်လယ်ရေမှာ နေထိုင်ရသည်လေ။
လုယန် နှုတ်ဆိတ်နေပြီး ဘာမှမပြောခဲ့။
အဖေအိုကြီးတစ်ယောက်အနေနဲ့ ဒါမျိုး ဘယ်သူကမကြုံဖူးလို့လဲလို့ သူ့ဘာသူတွေးနေမိလျက်။ မင်းမှာ သမီးတစ်ယောက်တည်းရှိပေမယ့် သူ့ဆီမှာက နှစ်ယောက်တောင်ရှိတာလေ။
စကားချိုချိုလေးတွေကို ချိုချိုသာသာပြောတတ်ကြသော်ငြား ဒီပျားလေးနှစ်ကောင်ဟာ လူတွေကိုလည်း ကိုက်တတ်ပါတယ်ကွာ...
ချန်ရှန့်ယွီက တခြားသူတွေရဲ့ကလေးဟာ ချစ်စရာကောင်းနေတာကို မြင်လိုက်ရတဲ့အခါ အနည်းငယ်မနာလိုဖြစ်မိသည်။ ဒီကလေးမလေးသုံးယောက်ဟာ တကယ့်ကို ချောမောလှပကြပြီး ခြံဝင်းထဲ၌ ဒီလိုလှပတဲ့ကလေးမလေးတွေဟာ ဦးဦး၊ ဒေါ်ဒေါ်၊ သက်ကြီးရွယ်အိုတွေရဲ့ ပစ်မှတ်ဖြစ်လေ့ရှိသည်။ သူတို့က ချွေးမအဖြစ် ပြန်ခေါ်သွားကြဖို့ စောင့်ပင်မစောင့်နိုင်တော့ဘူးလေ။
"ဒီကလေးသုံးယောက်က သူတို့အမေတူတွေလား?"
ဝမ်ယွမ်ကျန်း ပြုံးပြီး "သူ့အမေနဲ့တူတာ ကောင်းတယ်လေ"
"ငါ့သမီးတွေက ငါ့ဇနီးနဲ့တူတာ"
"လုယန်ရဲ့ ဇနီးက ငယ်ငယ်တုန်းက လှတယ်မဟုတ်လား? သူမ မလှဘူးဆိုရင် လူတွေက သူမကို လက်ထပ်ဖို့ လောနေမှာမဟုတ်ဘူးလေ"
ချန်ရှန့်ယွီသည် ပန်းတစ်ပွင့်ဟာ ဘယ်လောက်ပဲလှပနေပါစေ၊ ၁၀နှစ်ကြာပြီးတဲ့နောက် အခုဆို အဝါရောင်မျက်နှာနှင့်အမျိုးသမီးအသွင် ညှိုးနွမ်းသွားမှာပဲလို့ တွေးနေမိသည်။ လုယန်က သူမရဲ့ မျက်နှာလှလှလေးကြောင့် လက်ထပ်ခဲ့တာဆိုရင် အခု သူနောင်တရနေပြီပေါ့။
အမျိုးသမီးတွေအားလုံး အသက်ကြီးလာတဲ့အခါ အတူတူပင်။
အမျိုးသားတွေက အမျိုးသမီးတွေထက် အသက်ကြီးတာပိုနှေးတတ်ပြီး အသက်၃၀နဲ့ ၄၀ကြားမှာ ကွာခြားမှုသိပ်မရှိပေ။
"သူမက ရုပ်ချောလို့ ငါ လက်ထပ်ခဲ့တာမဟုတ်ဘူး။ ငါတို့ တစ်ယောက်ယောက်နဲ့တွေ့ဆုံရုံနဲ့ အတူတူရှိရမယ့်ကံကြမ္မာပါလာပြီးသား"
ကမ္ဘာပေါ်မှာ အလှလေးတွေအများကြီးရှိတာပဲလေ၊ လူတိုင်း ကိုယ်စီအလှအပတွေရှိကြသည်သာ။
သူမရဲ့ အပြုံးတွေ၊ သူမရဲ့ လှုပ်ရှားမှုတိုင်းဟာ သူ့စိတ်ဝိညာဉ်ကို ပျော်ရွှင်မှုအပြည့်ပေးနိုင်ပြီး သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက သူမကိုပဲ တောင်းဆိုနေကြသည်ကို လုယန်သာသိသည်။
လီဟုန်းကော် ပြုံးလျက်: "မင်း ဒီလောက်အပြောတတ်ပြီး မင့်မိန်းမကို ချော့မော့တတ်လိမ့်မယ်လို့ ငါမထင်ထားမိခဲ့ဘူးကွာ"
ဝမ်ယွမ်ကျန်း အံ့အားသင့်သွားလျက် "ငါ သူ့ဆီကသင်ယူရမယ်"
လုယန်: "..." ငရဲမှာပဲသွားသင်နေလိုက်!
လောင်ဇီရဲ့စကားတွေကို copy pasteလာလုပ်မနေနဲ့ကွ။
"လောင်လုတို့အချစ်ငှက်စုံတွဲက ငါတို့မိသားစုခြံဝင်းထဲမှာ လူသိများကြတယ်လေ။ သူတို့မှာ ကလေးလေးယောက်ရှိ --"
"ဘာ?" ချန်ရှန့်ယွီက "လုယန်မှာ သမီးနှစ်ယောက်ပဲရှိတာမဟုတ်ဘူးလား? သူ့မှာ ဘယ်တုန်းက ကလေးလေးယောက်ရှိသွာတာတုန်းဟ?"
"သို့သို့ရုန်ရုန်လေးမှာ အမြွာအကိုတွေရှိတယ်လေ"
"သူတို့မိသားစုမှာ နောက်ထပ်အမြွှာနှစ်ယောက်ရှိသေးတယ်"
ချန်ရှန့်ယွီ မျက်မှောင်ကြုတ်လျက် "တကယ်? အမြွှာနှစ်စုံလား?"
"ရှားမှရှားပဲ၊ သူတို့အမြွှာညီအစ်ကိုနှစ်ယောက်က လောင်လုနဲ့ တစ်ထပ်တည်းတူကြတာလေ"
"တကယ်ကိုရှားတာပဲကွာ" လီဟုန်းကော်က လုယန်ကို တအံ့တသြကြည့်လိုက်သည်။
"ဒါ ဘာမှအံ့သြစရာမရှိပါဘူး၊ တခြားမိသားစုမှာ ကလေးလေးယောက်ရှိကြသလို ငါတို့မိသားစုမှာလည်း ကလေးလေးယောက်ရှိတာပါပဲ"
ဝမ်ယွမ်ကျန်း ထပ်ပေါင်းပြောလိုက်သည်။ "ဘယ်လိုဖြစ်ပြီးကွာခြားချက်မရှိရမှာတုန်း? ကွာခြားချက်က အကြီးကြီးပေါ့ကွ။ နောင်ကျ မင်းရဲ့သမီးတွေကို အိမ်ထောင်ချပေးရတဲ့အခါ မင်းတို့လုမိသားစုက နှစ်ခါတောင်လေ!"
သမီးတစ်ယောက်ကို အိမ်ထောင်ချပေးရမယ်ဆိုတဲ့အတွေးက အရမ်းပူပန်ရပြီး အသည်းကွဲရတာတာလေ။ တစ်ယောက်တည်းပူပန်နေရတာက တခြားသူတွေနဲ့အတူတူပူပန်ရတာထက် ပိုဆိုးတယ်မဟုတ်ပါလော။
အနာဂတ်တွင် လုယန်က သူ့သမီးတွေကို နှစ်ခါတောင်အိမ်ထောင်ချပေးရမှာ။ (နှစ်ယောက်မို့လို့နော်) အခုတော့ ငါလောင်ဝမ်ရှေ့မှာ ဘာမှမဖြစ်သလိုဟန်ဆောင်ထားဦးပေါ့ကွာ၊ သူ့သမီးတွေကို အိမ်ထောင်ချပေးရမယ့်အချိန်ရောက်လာရင် ငါ့ရှေ့မှာ ဘယ်လိုနောင်တရပြီး ငိုမလဲဆိုတာကြည့်နေဦးမှာ။
အနာဂါတ်မှာ တွေ့ရမယ့်မြင်ကွင်းတွေကို တွေးတောမိရင်း လောင်ဝမ်တစ်ယောက် တိတ်တိတ်ကလေးကြိတ်ပျော်နေပါတော့သည်။
ဟန်ဆောင်တတ်တဲ့မင်းနဲ့ ထိုက်တန်တယ်ကွ!
"လောင်လု" ဝမ်ယွမ်ကျန်း စိတ်အားထက်သန်စွာဖြင့် လုယန်ပုခုံးကိုထိဖို့ ကြိုးစားခဲ့သော်လည်း ပင်ပန်းလွန်းတာကြောင့် လက်လျှော့လိုက်တော့သည်။ သို့သော်လည်း သူ့စိတ်ထဲက ပျော်ရွှင်မှုကတော့ မပျောက်ပျက်သွားခဲ့။
"လောင်လု ငါ့သမီးနျန်နျန်က မင်းရဲ့ သို့သို့ရုန်ရုန်လေးနဲ့ အသက်သိပ်မကွာပါဘူးဟ။ လုယန် မင်းကိုကြည့်စမ်း၊ မင်းအိမ်ထောင်ကျတာ တော်တော်စောတော့ အနာဂတ်မှာ မင်းရဲ့သမီးတွေကလည်း မင်းနဲ့တူမှာပဲ၊ ငါ့သမီးကလည်း ငါနဲ့တူမှာပဲကွ"
"မင်းရဲ့သမီး အရင်အိမ်ထောင်ပြုရင် ငါ့အတွက် အတွေ့အကြုံလေးကြိုပေးပေါ့ကွာ။ မင်း ငါ့ကို အရက်သောက်ဖို့ဖိတ်တဲ့အခါ ငါ,လောင်ဝမ်က ဘယ်တော့မှငြင်းမှာမဟုတ်ပါဘူးနော်"
"ငါတို့တတွေ ရှေ့တန်းမှာ စည်းစည်းလုံးလုံးရပ်တည်ရမယ်ဟေ့"
လုယန် နှာခေါင်းရှုံ့လျက် "ရှေ့တန်းမှာ မင်းနဲ့ ဘယ်သူကများ စည်းစည်းလုံးလုံးရပ်မှာတုန်း?"
ဒီကောင်လောင်ဝမ် သူ့သမီး အိမ်ထောင်ကျလို့ အသည်းကွဲပြီး ငိုတဲ့အခါ သူကတော့ ဟန်ဆောင်ပန်ဆောင် နှစ်သိမ့်စကားနည်းနည်းပဲပြောပေးမှာပါ။
အကယ်၍ ရဲဘော်လောင်ဝမ် ဆိုးဆိုးရွားရွား ငိုကြွေးနေရင်တော့ ဒီရဲဘော်လောင်လုက နည်းနည်းပိုပြီးစိတ်ရင်းလေးထည့်ပေးလိုက်ပါ့မယ်လေ။
"ရှင်တို့နှစ်ယောက်ကတော့လေ၊ ဒီလိုနေ့ကောင်းရက်သာလေးမှာ အေးအေးဆေးဆေးအတူတူမနေနိုင်ကြဘူးလား?"
ချင်းရို့၊ ရွှယ်ရှောင်ဟွေ့နှင့် တခြားသူတွေ သရက်သီးတောင်းဖြင့် ရောက်လာကြသည်။ သူတို့စကားဝိုင်းရဲ့ နောက်ဆုံးစကားနှစ်ခွန်းကို ကြားလိုက်ပြီးတဲ့နောက် ရယ်မောနေကြတော့သည်။
xxx