အခန်း (၃၁၀-၃၁၁)
Vol. 26 Ch. 310-311
Ch-310
ချင်းရို့၊ ရွှယ်ရှောင်ဟွေ့နှင့် တခြားသူတွေ သရက်သီးတောင်းဖြင့် ရောက်လာကြသည်။ သူတို့စကားဝိုင်းရဲ့ နောက်ဆုံးစကားနှစ်ခွန်းကို ကြားလိုက်ပြီးတဲ့နောက် ရယ်မောနေကြတော့သည်။
လုယန်က ချင်းရို့ရဲ့ နံဘေးကို လျှောက်သွားပြီး သူမပုခုံးပေါ်လက်တင်လိုက်ကာ "မိန်းမ ကိုယ်က မင်းနဲ့အတူတူရပ်မှာပါ"
"ငါလည်း ငါ့မိန်းမနဲ့အတူတူရပ်မှာကွ" လောင်ဝမ် နှာမှုတ်လိုက်ပြီး အော်လိုက်၏။ စောင့်ကြည့်နေစမ်းပါကွာ...
သူ့သမီးလေးက တည်ငြိမ်အေးဆေးပြီး နူးညံ့သိမ်မွေ့သူလေ။ ဒီတော့ ယောက်ျားတွေကို ကြိုက်ဖို့ဆိုတာ သူမအတွက် သိပ်မလွယ်လောက်ဘူး။
"ငါတို့လည်း သရက်သီးစားမယ့်ဘက်မှာ ရပ်နေပါတယ်" စီးပွားရေးအခွင့်အလမ်းစဖွင့်ကတည်းက သရက်သီးလို အသီးအနှံတွေဟာ ပိုမိုတန်ဖိုးရှိလာပြီး သရက်သီးစိုက်ပျိုးဧရိယာလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။
ရုက္ခဗေဒအကယ်ဒမီသည်လည်း အမျိုးမျိုးသောမျိုးကွဲများကို စမ်းသပ်နေပြီး ပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်နေသည်... ပြောရရင်တော့ ချင်းရို့ နာနတ်သီးမွှေးမွှေးလေးကို အရမ်းစားချင်နေပါပြီလို့...
"ဒါက ရှောင်ချင်းလား? မင်းမိန်းမလား?" လီဟုန်းကော် မျက်လုံးတွေပြူးကျယ်နေလျက်။ ကလေးမလေးတွေဟာ တကယ်ပဲ သူတို့မေမေနဲ့တူနေမှန်းသိလိုက်ရပြီး သူတို့မေမေက အလှလေးတစ်ယောက်ပဲဟ!
"မင်းရဲ့သမီးနှစ်ယောက်အတွက် ပါတနာရှာပြီးကြပြီလား? မင်းတို့ ကြိုတင်သဘောတူလက်ထပ်ပွဲလုပ်ထားချင်ကြလား? ငါ့မိသားစုမှာ ယောက်ျားလေးတွေအများကြီးရှိတယ်"
"မဖြစ်နိုင်ဘူး"
…
"ပါး! မား!" လုဝေကျိုးနှင့် လုဝေကျယ်တို့ညီအစ်ကိုနှစ်ယောက်ဟာ ရေသေနတ်တွေနဲ့ ပေါ်လာကြကာ လူကြီးတွေကို ရေသေနတ်နဲ့ ဝိုင်းထားလိုက်ပြီး "ရန်သူတွေပဲ တိုက်ခိုက်ကြ"
ရေသေနတ်တွေနဲ့ ကစားနေတာကြောင့် သူတို့ရဲ့ အဝတ်အစားမှာ စိုရွှဲနေလေ၏။
"ကျေးဇူးပြုပြီး မင်းတို့မားမားကို ပစ်မှတ်ထားလိုက်" လုယန် တစ်ဖက်ကိုညွှန်ပြလိုက်ပြီး ချက်ချင်းပင် ရှေ့တန်းရဲဘော်ကို သစ္စာဖောက်လိုက်ကာ
"ပါးပါးရဲ့ ယူနီဖောင်းအသစ်နော်၊ မညစ်ပတ်စေနဲ့"
"ဒီမှာကြည့်၊ ဆုတံဆိပ်တွေရှိတယ်"
"ဟေး ဟေး ဟေး!" ချင်းရို့ ဒေါသတကြီးဖြင့် "ရှင်က ကျွန်မရှေ့မှာ ရပ်မနေသင့်ဘူးလား?"
"ရှင့်မိန်းမအပေါ် ပေးထားတဲ့ကတိစကားတွေ ဘယ်ရောက်သွားပြီတုန်း?"
"အချိန်အခါနဲ့ပေါ့ကွာ"
"ဒါက အနာဂတ်မှာ သူတို့ဇနီးမယားကို ဘယ်လိုချစ်မြတ်နိုးတတ်ရမလဲဆိုတာ ရှင့်သားတွေကို ရှင်သင်ပေးတဲ့ပုံစံပေါ့လေ?"
…
ဝမ်ယွမ်ကျန်း ပြုံးလိုက်ပြီး ရွှယ်ရှောင်ဟွေ့ကိုပြောလိုက်၏ "ဒီကလေးတွေ ဒီလိုအပြောအဆို၊ အမူအကျင့်နဲ့ သွန်သင်ဆုံးမတတ်တဲ့ ဖခင်တစ်ယောက်ကို ဥပမာယူမယ်ဆိုရင်တော့ လောင်လုမိသားစုရဲ့ သားကို လက်ထပ်တဲ့ဘယ်သူမဆို အနာဂတ်မှာ ကံဆိုးလိမ့်မှာပဲ"
သူတို့မိဘတွေ စကားများနေသလို၊ ပါးပါးရဲ့ ယူနီဖောင်းအသစ်ကိုလည်း ဖျက်စီးလို့မရတာကြောင့် သူတို့နတ်ဆိုးလက်သည်းတွေကို ညီမလေးတွေဆီသာ ဆန့်ထုတ်နိုင်တော့သည်...
သို့သို့နှင့် ရုန်ရုန်က သူတို့မျက်နှာလေးကို အုပ်ထားကာ ပြေးနေကြရင်း "ကောတို့က အရမ်းလွန်တာပဲ!!"
သူတို့လည်း ပစ္စည်းတွေကောက်ပြီး ပြန်တိုက်ချင်နေပြီလို့။
ဝမ်နျန်နျန် ရယ်မောရင်း ကြည့်နေပေမယ့် သူမကိုယ်တိုင်လည်း မလွတ်မြောက်ခဲ့။ သူမလေးလည်း ရေအပက်ခံလိုက်ရပြီးနောက် သူမမျက်နှာကို ဖုံးအုပ်ထားရင်း ဒေါသတကြီးဖြင့် "လုဝေကျယ် နင်တအားလွန်သွားပြီနော်!"
နံဘေးမှ ဖက်ထုပ်လေး : "ငါအပြစ်ကင်းပါတယ်လို့!?"
မကောင်းတာတွေလုပ်တိုင်း ဘာလို့ သူ့နာမည်ကိုပဲ အမြဲခေါ်နေကြတာလဲ...
လုဝေကျယ် : "ဝမ်နျန်နျန် သေသေချာချာကြည့်စမ်းပါဟ!"
ခုနက ဝမ်နျန်နျန် ရှင်းရှင်းလင်းလင်းမမြင်လိုက်ရလို့ စိတ်သက်သာရာရသွား၏။ ဒါပေမယ့် သူမလှည့်ကြည့်လိုက်တဲ့အခါ ချက်ချင်းပဲ "အား!"လို့ အော်ကာ ထွက်ပြေးနေရတော့သည်။
ဒီကောင်စုတ်လေးက ထပ်လာပြန်ပြီဟ!
ကလေးတစ်စု ဆူညံပွတ်လောရိုက်နေကြလျက်...
လုဝေကျိုးနှင့် လုဝေကျယ်တို့ဟာ ၁၁နှစ်နီးပါးရှိပြီဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ကြီးထွားနှုန်းမြန်လှသည်။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆို ဒီကောင်လေးတွေက သူတို့မားမားထက် အရပ်ပိုရှည်သွားကြတော့မှာပဲလို့ ချင်းရို့ တွေးနေမိရင်း နည်းနည်းစိတ်မကောင်းဖြစ်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် လက်ရှိအချိန်မှာတော့ သူမက မိသားစုထဲမှာ အရပ်အပုဆုံးမဟုတ်သေးချေ။ သူမသားတွေ ကြီးပြင်းလာရင်လည်း သူမကိုအဖော်ပြုပေးဖို့ သမီးနှစ်ယောက်ကျန်နေသေးတယ်လေ...
ကောင်လေးနှစ်ယောက် အစာစားနှုန်းဟာ သူတို့ပါးပါးထက်မနိမ့်ကျတာကြောင့် သူတို့မိသားစုမှာ အစားအသောက်တွေ တစ်နေ့ထက်တစ်နေ့ပိုပိုများလာသလို ဘန်းမုန့်ပေါင်းတွေကလည်း ပိုပိုကြီးလာသည်...
ကောင်လေးနှစ်ယောက် ဘတ်စကက်ဘောကစားရာမှ အိမ်ပြန်လာသောအခါ ချွေးတွေရွှဲနစ်နေပြီး အရင်ဆုံးပြောလာကြသည်ကား "မားမားရေ ဗိုက်ဆာလို့ ဘာစားစရာရှိလဲ?"
ချင်းရို့ မညှာမတာဖြင့် "မင်းတို့ကိုယ်တိုင်လုပ်ကြလေ၊ အစားအသောက်ရော အဝတ်အထည်တွေပါ လုံလုံလောက်လောက်ရှိနေတာပဲ"
"မင်းတို့ပါးပါးကို သင်ခိုင်းလိုက်ကြ"
"လာကြ၊ အစားအသောက်နဲ့ အဝတ်အစားတွေ ပေါများနေပြီပဲ" မုန့်ညက်နယ်တဲ့ အတတ်ပညာက အဖေကနေ သားတွေဆီကို ဆင်းသက်ရမှာပဲလေ။
"ကလေးတွေက ကြီးလာပြီဆိုတော့ လွှတ်ပေးဖို့အချိန်ရောက်ပြီ။ မင်းတို့ ထမင်းချက်လိုက်၊ ငါတို့စောင့်ကြည့်နေပေးမယ်"
"လွှတ်ပေးလိုက်တာက အရမ်းစောလွန်းနေတယ်မဟုတ်ဘူးလားဗျာ?"
…
၆နှစ်အရွယ် သို့သို့ နှင့် ရုန်ရုန်တို့က ကလေးနန်းတော်မှာ အကသွားသင်ကြ၏။ သူတို့ အကအင်္ကျီလှလှလေးကို ၀တ်ဆင်ထားကြပြီး၊ သူတို့မားမားကလည်း သူတို့ဆံပင်ကို ပန်းအဖူးပုံစံလေးခေါင်းဖြီးပေးထားလေရာ ညီအစ်မနှစ်ယောက် သဘောတွေကျနေပြီး အချင်းချင်းမြှောက်ပင့်နေကြလေရဲ့။
သူတို့နှစ်ယောက်က ပုံပန်းသဏ္ဍာန်တူသလို၊ ဝတ်စုံကလည်းတူနေတာမို့ တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းနေတာဟာ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေသည်ပဲမဟုတ်ပါလော။
"မမသို့သို့ နင် အရမ်းလှနေတယ်"
"ရုန်ရုန်လေး နင်လည်း အရမ်းလှတယ်!"
…
လုဝေကျယ် : "ငါ့ရဲ့ညီမချောလေးနှစ်ယောက်ရေ သွားဖို့အချိန်ရောက်နေပြီနော်"
ညီအကိုနှစ်ယောက်ရှိလို့ ညီမလေးတစ်ယောက်စီကို စက်ဘီးပေါ်တင်ကာ လိုက်ပို့ပေးကြသည်။
လုဝေကျိုးနှင့် လုဝေကျယ်တို့လည်း အဝတ်အစားဆင်တူ ၀တ်ဆင်ထားကြသည်။ ပို၍တိုက်ဆိုင်သည်မှာ အခုလက်ရှိ ဈေးကွက်မှာ လူကြိုက်များနေတဲ့ စက်ဘီးတွေအားလုံးကအနက်ရောင်ချည်းဖြစ်နေလေ၏။
"တစ္ဆေနံရံကို ဝင်တိုက်မိတာလား?"
ကျန်းချန်ပေ့အိမ်ကို အလည်လာတဲ့ ရွှယ်ချန်ကောက တစ္ဆေနံရံကိုဝင်တိုက်မိတယ်လို့ ထင်မြင်သွားရ၏။ မဟုတ်ပါက သူ သရဲမြင်နေရသလိုမျိုး ဘယ်လိုလုပ်ပြီးနှစ်ထပ်မြင်နေရမှာလဲ? "ငါ မျက်စိပြာနေတာလား?"
"ဘာမှမဟုတ်ပါဘူးကွာ၊ ငါ့အိမ်နီးချင်းရဲ့ သားနှစ်ယောက်နဲ့ သမီးနှစ်ယောက်က ရုပ်တထေရာတည်းတူကြတဲ့ အမြွှာတွေလေ။ ညီအကိုတွေက အဖေတူတွေ၊ ညီအစ်မတွေက အမေတူတွေပဲ"
ရဲဘော်ကျန်းချန်ပေ့အတွက်တော့ ဒီလိုအခြေအနေမျိုးနှင့် အလွန်ရင်းနှီးနေပြီးဖြစ်၍ လူတွေဆီ အသေးစိတ်အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း သေသေသပ်သပ် မိတ်ဆက်ပေးနိုင်သွားလေပြီ။
ကျန်းရိချောင် စိတ်ဝင်တစားဖြင့် ကျန်းချန်ပေ့နောက်သို့လိုက်သွားခဲ့သည်။ ရွှယ်ချန်ကော ဒီကိုရောက်လာတာဟာ အခြားအရာအတွက်မဟုတ်ဘဲ ဒါရိုက်တာစာမေးပွဲအတွက်ပင်။
သူလည်း ဒီနှစ်မှာ ဒါရိုက်တာစာမေးပွဲကိုဖြေဆိုဖို့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေတာလေ။
"သားက အဖေနဲ့တူတာလား?" ရွှယ်ချန်ကော သူ့ရှေ့က သားအဖကိုကြည့်ပြီး ခဏလောက်အံ့သြသွားလေ၏။
ကျန်းချန်ပေ့ ကောင်းကောင်းနားလည်စွာဖြင့် : "ငါ့မှာ သားသုံးယောက်ရှိတယ်။ နဂါးမှာ သားကိုးယောက်ရှိပြီး တစ်ယောက်စီက ကွဲပြားကြသလိုပေါ့ကွာ"
သူ့ဘေးနားမှာ မည်းချိတ်နေတဲ့သားလေးက သူ့သားဖြစ်နေတုန်းပါပဲလေ။ အကြီးဆုံးသားဟာ မျက်မှန်တပ်ထားလေ့ရှိပြီး နူးညံ့သိမ်မွေ့သော လူငယ်လေးအဖြစ်မှ အသားမည်းပြီး သန်မာသော လူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းရိချောင်သည် သူ ဒါရိုက်တာတစ်ယောက်ဖြစ်ချင်တယ်လို့ ပြောပြီးတာနဲ့ လျှောက်ပြေးနေရတာကို ရုတ်တရက် သဘောကျသွားခဲ့သည်။ သူက ကျွန်းရဲ့ သဘာဝရှုခင်းတွေကို အရမ်း စိတ်ဝင်စားလာပြီး နေရာတကာ ပြေးလွှားလျှောက်သွားနေခဲ့သဖြင့်... တဖြည်းဖြည်း အသားမည်းသထက်မည်းလာတော့သည်။
အစကတော့ တိုးတက်အောင်လုပ်ဖို့ပဲ စဥ်းစားထားသော်လည်း အဆုံးတွင် သူ အမှန်တကယ်ဂုဏ်ယူခဲ့သည်။ "ငါ အသားပိုမည်းလာလေလေ၊ ငါ့ဇွဲလုံ့လကို ပိုသက်သေပြလေလေပဲကွ"
ကျန်းချန်ပေ့ : "လုပ်လိုက်စမ်း"
မြည်းတစ်ကောင်ဖြစ်မလား၊ မြင်းတစ်ကောင်ဖြစ်မလား တစ်ချက်ကြည့်ကြတာပေါ့လေ...
မင်းစာမေးပွဲတကယ်အောင်မှပဲ ငါတို့စကားဆက်ပြောကြတာပေါ့...
...
၁၉၈၀ ခုနှစ်များတွင် အနုပညာကျောင်းတွေကနေ သီးခြားစာမေးပွဲတွေကျင်းပရန် ပြည်နယ်တစ်ခုစီသို့ လူတွေကို အထူးစေလွှတ်ခဲ့သည်။ ပြည်နယ်တစ်ခုစီတွင် သတ်မှတ်ထားသော ကျောင်းသားဦးရေရှိပြီး ကျန်းရိချောင်လည်း အဓိကတက္ကသိုလ်တွေရဲ့ ဒါရိုက်တာဖြစ်စာမေးပွဲဖြေဆိုရန် ကွမ်ချန်သို့သွားခဲ့သည်။
သားအကြီးဆုံး စာမေးပွဲသွားဖြေတဲ့အခါ ကျန်းချန်ပေ့လည်း အိမ်မှာ နေ့တိုင်း သက်ပြင်းချကာ စိုးရိမ်နေရသည်။ တခါတရံ သူ့သားကြီး ရုပ်ရှင်ကျောင်းကို ဝင်ခွင့်အောင်သွားတဲ့အခါ ပျော်ရွှင်မှုနှင့် ဂုဏ်ယူရမယ့် အခိုက်အတန့်ကို တွေးကြည့်မိသလို၊ တခါတရံမှာလည်း သူ့သားကြီး ဝင်ခွင့်မအောင်မှာကို စိတ်ပူပြီး စိုးရိမ်နေရသည်...
သူ့ရဲ့ နေ့စဉ်ဘဝမှာ ယင်နှင့်ယန်လိုဖြစ်နေပြီး သူ့စိတ်အခြေအနေကလည်း စိတ်ဓာတ်ကျလိုက်၊ စိတ်လှုပ်ရှားလိုက် ဖြစ်နေလျက်။
လောင်ကျန်းက နတ်ဘုရားတွေကို ဆုတောင်းချင်နေခဲ့ပြီး: "ချင်းမင်ပွဲတော်က ပြီးသွားပြီနော်။ ငါတို့ဘိုးဘေးတွေအတွက် စက္ကူနည်းနည်းပဲ မီးရှို့ခဲ့မိတယ်လို့ မင်းထင်လား?"
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဘုရားကျောင်းရှိ အမွှေးတိုင်တွေ ပြန်လည်လောင်ကျွမ်းလာခဲ့ပြီး ကျန်းချန်ပေ့လည်း သူ့သားကြီးအတွက် အမွှေးတိုင်နှစ်တိုင်ပူဇော်ပေးသင့်သလားလို့ တွေးတောနေမိသည်။
ဟွမ်ရှင်းရင် : "ဒါက ရှင့်လိုပါတီဝင်ဟောင်းတစ်ယောက် ပြောသင့်တဲ့စကားလား?"
ကျန်းချန်ပေ့ : "…"
"နောက်ထပ်ဆိုရိုးရှိတာပဲမဟုတ်ဘူးလား? မရှိဘူးလို့ ယုံကြည်တာထက် တည်ရှိနေတာကို ယုံကြည်တာက ပိုကောင်းတယ်လေ"
"*စိတ်ရင်းမှန်ထားရင် စိတ်ဝိညာဉ်ဖြစ်တည်မယ်၊ အမွှေးတိုင်ကို မီးရှို့ခြင်းဟာ လူတွေကို ပိုပြီးစိတ်လုံခြုံစေလိမ့်မယ်" (*စိတ်ရင်းမှန်ကန်ရင် ထိရောက်တဲ့ရလဒ်ကိုရရှိနိုင်တယ်၊ ဆန္ဒတွေ အမှန်တကယ်ဖြစ်မြောက်နိုင်တယ်)
လင်မယားနှစ်ယောက် အမွှေးတိုင်ကို တိတ်တဆိတ်မီးရှို့ကာ ဗုဒ္ဓကိုရှိခိုးဆုတောင်းခဲ့ကြသည်။
xxx
Ch-311
သူတို့ရဲ့ အကြီးဆုံးသား ကျန်းရိချောင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့သည်။ ဒုတိယသား ကျန်းအာ့ဟန်က ယခုဆို အသက် ၁၀နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံးသားလေး ကျန်းစန်းယိုက ၆နှစ်ရှိပြီဖြစ်သည်။ ကျန်းမိဘတွေပဲ သူတို့သားကြီးရဲ့ စာမေးပွဲကို စိုးရိမ်နေသည်မဟုတ်၊ အငယ်လေးနှစ်ယောက်ကလည်း သူတို့အကိုကြီးရဲ့စာမေးပွဲရလဒ်ကို စောင့်မျှော်နေကြလေသည်။
"ငါ့အစ်ကိုကြီး စာမေးပွဲအောင်ပါ့မလား?" ကျန်းသွင်းသွင်း စပ်စပ်စုစုမေးမြန်းနေလျက်။
"သူ စာမေးပွဲအောင်ပြီး ဒါရိုက်တာဖြစ်လာရင် ဟော့ယွမ်းကျာကို ရိုက်လို့ရလား? ငါ ဟော့ယွမ်းကျာအဖြစ်သရုပ်ဆောင်ချင်တယ်" (ဟော့ယွမ်းကျာ = ကွန်ဖူးပညာရှင်တစ်ယောက်နာမည်)
လျိုထျောင့်ထျောင့်က ကျန်းအိမ်မှာ မကြာခဏ လာကစားလေ့ရှိ၍ သူမလေးကလည်း ကျန်းရိချောင်ရဲ့ စာမေးပွဲရလဒ်ကို စိုးရိမ်နေပေသည်။ သူမ ကျန်းအာ့ဟန်ရဲ့ စကားကို ကြားတဲ့အခါ သူမတင်ပါးပေါ် လက်ထောက်၍ ရွံရှာစွာပြောလိုက်၏။
"နင်က ဘာလို့ ဟော့ယွမ်းကျာအဖြစ် သရုပ်ဆောင်ရမှာလဲ? တစ်ယောက်ယောက်လုပ်ရမယ်ဆိုရင် အဲဒီသူက ငါပဲ!"
"သူက ငါ့အစ်ကိုလေ၊ နင့်အကိုမှမဟုတ်ဘဲ။ ဒီတော့ သူက ငါ့အတွက် အနောက်တံခါးဖွင့်ပေးလို့ရတယ်၊ လျို့ထူမိန့်ရဲ့!"
လျိုထျောင့်ထျောင့်ရဲ့ နာမည်အပြည့်အစုံမှာ လျိုယောင်ယောင်ဖြစ်ပြီး ကျန်းသွင်းသွင်းတစ်ဖြစ်လဲ ကျန်းအာ့ဟန်က သူမကို လျို့ထူမိန့်လို့ စနောက်ခေါ်ဝေါ်လေ့ရှိသည်။
သူမက အရမ်းကြမ်းတမ်းတယ်လေ၊ ဒီတော့ လျို့ထူမိန့်ပေါ့...
- ဒါက ကျန်းသွင်းသွင်းတစ်ယောက်တည်းခေါ်တဲ့သီးသန့်နာမည်ပင်။
လျိုထျောင့်ထျောင့်က "လျို့ထူမိန့်"လို့ခေါ်ခံလိုက်ရတာနဲ့ စိတ်ဆိုးသွားလေပြီ။
"ကျန်းအာ့ဟန် နင်က အမြဲတမ်းဒုတိယပဲ။ နင်က အရမ်းတုံးတယ်။ တခြားသူတွေနဲ့ ရှူးပေါက်ပြိုင်ရင်လည်း ထိပ်ဆုံး၃ယောက်ထဲမှာတောင် အဆင့်မမီဘူး"
ကျန်းအာ့ဟန်: "…"
တခါတရံ ယောကျ်ားလေးတွေက ဘယ်သူပိုဝေးဝေးရှူးပေါက်နိုင်သလဲလို့ ယှဥ်ပြိုင်တတ်ကြသည်။ တစ်ခါက ကျန်းအာ့ဟန်လည်း သက်တူရွယ်တူကောင်လေးတွေနဲ့ ယှဉ်ပြိုင်ခဲ့ရာတွင် လျိုထျောင့်ထျောင့်က အဝေးကနေမြင်လိုက်တဲ့အခါ ဒိုင်လူကြီးလုပ်ပေးမယ်ဆိုပြီး ရောက်ချလာလေရဲ့။ သူမက ဘေးကနေ အားပေးပြီး မှတ်ချက်ပေးနေတဲ့အခါ သူ ရှူးမပေါက်နိုင်တော့သည်အထိ ထိတ်လန့်သွားခဲ့ရလေသည်။
ပုံမှန်ဆို သူသည်လည်း ဘေးအိမ်က လုညီအစ်ကိုလိုမျိုး ဒီလိုရှူးပေါက်ပြိုင်ပွဲမျိုးကို တခါမှမပြိုင်ခဲ့ချေ။
သို့သော် ကျန်းသွင်းသွင်းဟာ စကားအနည်းငယ်ဖြင့် ရန်စခံလိုက်ရပြီးနောက် သည်းမခံနိုင်တော့ဘဲ သူ့တစ်ကိုယ်လုံး အနိုင်ရချင်စိတ် စိုင်းပြင်းနေလေရဲ့။
ဘာလို့ သူ့ကို တစ်သက်လုံးဒုတိယလို့ပြောရတာလဲ?
"လျို့ထူမိန့်ရေ နင့်ဒေါသကိုမထိန်းနိုင်ရင် အနာဂတ်မှာ နင့်ကို ဘယ်သူကလက်ထပ်ရဲမှာလဲ" ကျန်းအာ့ဟန် သူမကို ပြောင်ပြလိုက်၏။
"ဟ ဟ ဟ" လျိုထျောင့်ထျောင့်က သူ့ကို ရယ်မောကာဖြင့် "နင့်လို အမြဲဒုတိယသမားကိုရော ဘယ်သူကလက်ထပ်မှာတဲ့လဲ!"
"တစ်သက်လုံးဒုတိယ!"
ထိုအချိန်တွင် ခြံအပြင်ဘက်မှ ဖြတ်သွားသော လုညီအစ်ကိုက ကျန်းမိသားစုဆီက စကားတွေကို ကြားလိုက်ရသည့်အခါ လုဝေကျယ် မနေနိုင်မထိုင်နိုင် ခြံထဲလှမ်းအော်လိုက်လေ၏။ "တစ်သက်လုံးဒုတိယက ဘာဖြစ်နေလို့လဲ?"
"ဝေကျယ်ကောကောလား? နင်နဲ့ ဝေကျိုးကောကော ပြန်လာပြီပေါ့?" လျိုထျောင့်ထျောင့်က အပြုံးလေးနှင့် "ငါ နင့်ကိုပြောတာမဟုတ်ဘူးလေ၊ ငါက ကျန်းအာ့သွင်းသွင်းကိုပြောနေတာပါနော်"
ကျန်းအာ့ဟန် ရယ်မောလိုက်ပြီး "နင်ကိုယ်တိုင်ကရော လျိုမိသားစုရဲ့ ဒုတိယပဲ မဟုတ်ဘူးလား?"
လုဝေကျယ်၊ လျိုယောင်ယောင်၊ ကျန်းအာ့ဟန် - သူတို့အားလုံး တူညီတဲ့အရာကား - မိသားစုထဲမှာ ဒုတိယမြောက်ကလေးတွေပဲပေါ့။
ကျောင်းသားကျန်းသွင်းသွင်းက အမုန်းတရားကို ဆက်လက်လှုံ့ဆော်နေလျက်။ "လုမိသားစုရဲ့ ဒုတိယသားဖက်ထုပ်လေးရေ မင်းရောဘယ်လိုထင်လဲ?"
လုဝေကျယ် : "ငါနဲ့ ငါ့အကိုက အမြွှာတွေလေ။ ဒီတော့ ငါတို့ညီအကိုတွေက စိတ်တူကိုယ်တူရှိကြပြီး ခွဲလို့မရဘူး။ ကော ဟုတ်တယ်ဟုတ်?"
လုဝေကျိုး အပြုံးလေးဖြင့် "ဟုတ်တာပေါ့ ညီလေးဖက်ထုပ်လေးရေ"
"ကျိုးကျိုးကောကော!" လုဝေကျယ်က သူ့ကောကောရဲ့ ပခုံးကို ပျော်ရွှင်စွာပွေ့ဖက်လိုက်ပြီး ညီအစ်ကိုနှစ်ယောက် ရင်းနှီးချစ်ခင်စွာ အိမ်ပြန်လာခဲ့ကြသည်။
ပြန်လှည့်လိုက်ကြတဲ့အခါ ဒုတိယသားဖက်ထုပ်လေးက ဂုဏ်ယူတဲ့မျက်နှာထားဖြင့် ပြန်လှည့်ကြည့်ဖို့မေ့မနေဘဲ "ငါ့မှာက အရမ်းကောင်းတဲ့အစ်ကိုရှိတယ်၊ မင်းတို့မှာတော့မရှိဘူးလေ၊ အားကျနေပြီလား?"
ကျန်းအာ့သွင်း : "…"
လျိုအာ့ထျောင့် : "…"
— သက်တူရွယ်တူ စိတ်ရှည်သည်းခံတတ်တဲ့ အစ်ကိုတစ်ယောက်ရှိတာကို ရုတ်တရက်ကြီး အားကျနေမိပြီလို့...
"ဘယ်သူ့မှာ အစ်ကိုမရှိလို့လဲ? ငါ့မှာ ရိချောင်ကောရှိတယ်ကွ"
"ငါ့မှာလည်း နျိုယဲ့ကောရှိတယ်ဟဲ့!"
လျိုထျောင့်ထျောင့်က လုဝေကျယ်အား အော်ဟစ်လျက်။ "လုဝေကျယ် နင် တအားဂုဏ်ယူမနေနဲ့!"
"ဂုဏ်ယူတာပေါ့၊ ငါ နေ့တိုင်းဂုဏ်ယူနေရတာ! ငါ့ကောကောက ကမ္ဘာပေါ်မှာ အကောင်းဆုံးကောကောလေ!"
လျိုထျောင့်ထျောင့် တိတ်တဆိတ်ပြောလိုက်၏။ "နင့်ကောက နင့်အိမ်စာတွေကို ကြီးကြပ်နေတာ"
လုဝေကျယ် : "... " သူက အိမ်စာတွေကြီးကြပ်ပေးနေတဲ့အချိန်ပဲ အစ်ကိုကောင်းတစ်ယောက်မဟုတ်တာ။
လျိုထျောင့်ထျောင့်က ဝင့်ကြွားစွာဖြင့် "ငါ့ကောက ငါ့ကို ဘယ်တော့မှဂရုမစိုက်ဘူးလေ။ သူက ငါ့ကိုတောင် အိမ်စာတွေကူးတာ၊ စာစီစာကုံးရေးတာတွေ ကူညီပေးတာ"
လုဝေကျယ်ကလည်း ကြွားဝါပြန်သည်။ "ငါ့ကောကောက အတန်းထဲမှာ ပထမလေ။ နင့်မှာ အဆင့် ၁ ရတဲ့အစ်ကိုရှိလို့လား?"
ကျန်းအာ့ဟန် : "ငါ့ကော... ငါ့ကောက မင်းတို့ကောကောထက် အသားပိုမည်းတယ်!"
လုဝေကျယ် : "…"
လျိုထျောင့်ထျောင့် : "…"
ကျန်းချန်ပေ့ : "…"
ငါ့ရှေ့က မြင်ကွင်းက တကယ့်ကို ဒုတိယမြောက်ကလေးသုံးယောက်ရဲ့ ဒရာမာလေးပဲ။
ဒုတိယမြောက်ကလေးတွေကြားက ဆက်ဆံရေးကတော့ ခိုင်မြဲနေလိုက်တာ...
လုဝေကျိုး ညင်သာစွာပြုံးလျက် သူ့ညီလေးရဲ့ ပုခုံးကိုဖက်ကာ "ငါ့ရဲ့အကောင်းဆုံးတိတိလေး အိမ်ပြန်ကြစို့လေ၊ ကောကောက မင်းကိုပေးမယ်..."
သူက သူ့ညီလေးရဲ့ နားထဲကို တိုးတိုးလေးပြောလိုက်ရာ လုဝေကျယ်ကြားလိုက်သည်နှင့် ပျော်မြူးသွားပြီး "ဒါဆို အိမ်မြန်မြန်ပြန်ကြရအောင်!"
ဒီလိုနဲ့ လုညီအကိုနှစ်ယောက် ပူးကပ်တိုးဝှေ့လျက် လမ်းလျှောက်ထွက်သွားကြသည်။
လျိုထျောင့်ထျောင့်က "သူတို့က အရမ်းကို စေးကပ်နေတာပဲ!"လို့ မပြောလိုက်ဘဲ မနေနိုင်တော့။
မဟုတ်ဘူးလား?
ကျန်းချန်ပေ့လည်း စိတ်ထဲကနေ တုံ့ပြန်လိုက်လေသည် - သူတို့မိဘတွေလိုပဲလေ၊ အပေါ်ရေက ဖြောင့်ဖြောင့်မစီးဆင်းမှတော့ အောက်ကရေလည်း ကွေ့ကောက်ပြီပေါ့ကွာ...
"ငါတို့လည်း စေးကပ်တာပဲလေ" လျိုထျောင့်ထျောင့်က ညီအစ်ကိုအချစ်ကိုပြသရန် ကျန်းအာ့ယန်ရဲ့ပုခုံးပေါ်လက်တင်လိုက်လေ၏။
"ကျန်းရှောင်အာ့ရေ နင်လည်း ငါ့ကို ညီအစ်ကိုကောင်းတစ်ယောက်လို့ မှတ်ယူတယ်မလား?"
"နင် ငါ့ကို ကောလို့ခေါ်ရင် ငါ နင့်ကို ညီအစ်ကိုကောင်းတစ်ယောက်လို ဆက်ဆံမယ်"
"နင့်မှာက နင့်ကိုကောလို့ခေါ်တဲ့ တတိယညီလေးရှိတယ်လေ၊ ဒီတော့ ငါ,ထျောင့်ထျောင့်လည်း ညီလေးတစ်ယောက်လိုချင်တာပေါ့။ နင် ငါ့ကို ထျောင့်ထျောင့်ကောလို့ခေါ်တာ ဘာမှားလို့လဲ သွင်းသွင်းတိတိရဲ့"
(ထျောင့်ထျောင့်က မိန်းကလေးဆိုပေမယ့် သူက ယောကျ်ားလေးလိုဖြစ်နေတာပါနော်)
…
ကျန်းချန်ပေ့ ပြုံးကာ သူ့ပန်းပင်တွေကို ရေလောင်းနေလိုက်သည်။ ကလေးနှစ်ယောက်ရဲ့ ငြင်းခုန်သံတွကို နားထောင်ရင်း သူ့နှလုံးသားက ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။
နားထောင်ကြည့်၊ ဒါ ညီအကိုကောင်းနှစ်ယောက်ပဲ...
မရီးရှောင်းကို လာနားထောင်ခိုင်းသင့်တာကွာ။ အရင်တုန်းက အခြေအနေကို သတိမထားမိတဲ့ မရီးရှောင်းက ဒီလိုစနောက်ခဲ့လေရဲ့။
"တစ်ယောက်က ထျောင့်ထျောင့်၊ တစ်ယောက်က သွင်းသွင်း။ ဒီနာမည်တွေက လိုက်ဖက်ညီသား။ သူတို့တွေက ရက်နည်းနည်းပဲခြားပြီး မွေးလာခဲ့ကြတာဆိုတော့ ငယ်ရည်းစားတွေပဲပေါ့။ ဒါက ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့ အိမ်ထောင်ရေးပဲပေါ့ဟယ် မဟုတ်ဘူးလား?"
"နင် လောင်လျိုမိသားစုနဲ့ ခမည်းခမက်တော်ရတော့မှာ!"
ဒါကိုကြားပြီးနောက် ကျန်းချန်ပေ့ သွေးတက်သွားရလေ၏။ ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?
ထျောင့်ထျောင့်နဲ့ သွင်းသွင်းက ဘယ်လိုလုပ်ပြီး အတူတူရှိနိုင်မှာလဲ?
ဒါက ရယ်စရာကြီးလေ၊ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?
ကျန်းချန်ပေ့သည် ထျောင့်ထျောင့်က လုဝေကျယ်အတွက် သင့်တော်တယ်လို့ ထင်မိသည်။ သူတို့နှစ်ယောက်က တစ်နှစ်ပဲကွာတယ်လေ။ ယောက်ျားလေးက တစ်နှစ်ပိုကြီးပြီး မိန်းကလေးက တစ်နှစ်ပိုငယ်တယ်ဆိုတော့ ဒီနှစ်ယောက်ကမှ လိုက်ဖက်တဲ့စုံတွဲလေးပဲပေါ့!
ထျောင့်ထျောင့်က ကျန်းအာ့ဟန်ကို ခေါ်တဲ့အချိန်တိုင်း လောင်အာ့၊ ကျန်းသွင်းသွင်း စသဖြင့် ခေါ်တတ်သည်။ ဒါတွေက အိမ်နာမည်တွေပဲဆိုတာ အသိသာချည်းလေ။ သူမနဲ့ သွင်းသွင်းက ညီအစ်ကိုတွေမို့လို့ ဒီလိုခေါ်တာပေါ့။ ဒါပေမယ့် သူမ လုဝေကျယ်ကိုခေါ်ရင်တော့ "ဝေကျယ်ကောကော"လို့ ခေါ်တယ်လေ...
ကျန်းချန်ပေ့ သူ့ပါးကို လက်ထောက်ထားရင်း ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်လိုက်သည်။
လျိုထျောင့်ထျောင့်က သူမရဲ့ ဦးဦးကျန်းနှင့် ရင်းနှီးလေ၏။ ကျန်းချန်ပေ့တွင် သမီးအရင်းမရှိတာကြောင့် သူမကို မွေးစားသမီးအဖြစ် မှတ်ယူထားလုနီးနီးပင်။ အနာဂတ်မှာ လျိုထျောင့်ထျောင့်လေးဟာ ဘေးအိမ်က လုဝေကျယ်နှင့် တကယ်ပဲ အတူရှိခဲ့ရင်...
ကျန်းချန်ပေ့ : " ? ? ! ! ! ! "
ဖာခ့်!
သူ ရုတ်တရက် အံ့သြစရာကောင်းတာတစ်ခု ရှာဖွေတွေ့ရှိသွားပြီဟ!
ဒီလိုတွက်ကြည့်ရရင် သူ့မှာ မွေးစားသမီး ထျောင့်ထျောင့်ရှိတယ်ဆိုတော့ လုဝေကျယ်က သူ့ရဲ့ မွေးစားသမက်လေးဖြစ်လာမယ်လို့ ဆိုလိုတာမဟုတ်ပါလော... ဒီလိုဆို သူနဲ့ ဆရာမဟွမ် အရင်ကတွက်ချက်ခဲ့တာတွေက...
သူတို့မှာ သမီးတစ်ယောက်ရှိရင် ဘေးအိမ်က ကောင်လေးနှစ်ယောက်က သူတို့သမက်ဖြစ်လာနိုင်တယ်လို့ တွေးခဲ့ကြတာလေ...
"လုဝေကျယ်၊ စိမ့်မြေ၊ ရွှံ့မြေ၊ ဒါတွေအားလုံးက မြေကြီးပဲ မဟုတ်လား?" ကျန်းချန်ပေ့က သူ့မွေးစားသမီးဟာ မြေဓာတ်ကင်းမဲ့ပြီး မွေးဖွားလာတယ်လို့ ထင်ခဲ့ပေမယ့် သူမရဲ့ နောက်တစ်ခြမ်းက လုဝေကျယ်ဆိုတဲ့ ကလေးဖြစ်နေနိုင်တာပဲ...
အိုး မိုင် ဂေါ့ !
ကျန်းချန်ပေ့ မျက်လုံးတွေပြူးကျယ်သွားရလျက်။
သူနဲ့ ဆရာမဟွမ် အဲဒီတုန်းကလိုချင်ခဲ့တဲ့သမီးနဲ့ "မသက်ဆိုင်တဲ့"သမက်... တခြားနည်းလမ်းနဲ့လည်း ရနိုင်တာပဲလေ။
"ငါ...သူ့ရဲ့ကောင်းချီးတွေရခဲ့တာလား?" ကျန်းချန်ပေ့ သူ့လက်သူငုံ့ကြည့်ကာ ဒါဟာ သူ့အပိုင်ပဲလို့ ခံစားလိုက်ရသည်!
ကျန်းချန်ပေ့ ဒီအကြောင်းကို ပိုတွေးလေလေ၊ တိုက်ဆိုင်မှုတစ်ခုလို့ ခံစားရလေလေဖြစ်သည်။ ဒါက ရှင်းရှင်းကြီးကို ကောင်းကင်ဘုံကတွဲဖက်ပေးလိုက်တာပဲ!
ကျန်းချန်ပေ့သည် သူ မတော်တဆသဘောပေါက်လိုက်ရတဲ့ အနှီ "သတင်းကောင်း"ကြောင့် သူ့သားကြီးရဲ့ စာမေးပွဲအတွက် စိုးရိမ်ပူပန်နေခြင်းမှ ကျော်လွှားနိုင်ခဲ့ပြီး သူ့ဘ၀မှာ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု ပေါ်လာခဲ့လေပြီ။
xxx