အခန်း (၃၁၂-၃၁၃)
Vol. 26 Ch. 312-313
Ch-312
ကျန်းချန်ပေ့သည် သူ မတော်တဆသဘောပေါက်လိုက်ရတဲ့ အနှီ "သတင်းကောင်း"ကြောင့် သူ့သားကြီးရဲ့ စာမေးပွဲအတွက် စိုးရိမ်ပူပန်နေခြင်းမှ ကျော်လွှားနိုင်ခဲ့ပြီး သူ့ဘ၀မှာ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု ပေါ်လာခဲ့လေပြီ။
"ငါ့မှာ သားသုံးယောက်ရှိတယ်၊ ပြီးတော့ ငါ့မှာ သမီးတစ်ယောက်လည်းရှိနေတယ်ဆိုတော့ နောင်ကျ သားမက်ပါ ထပ်ရဦးမှာပေါ့?"
ကျန်းချန်ပေ့ ဒီအကြောင်းကို ပိုတွေးလေလေ၊ သူ ပိုပျော်လေလေပဲ...
သားအကြီးဆုံးက စာမေးပွဲမအောင်ခဲ့ရင် နောက်နှစ်ထပ်ဖြေလို့ရတယ်... အနာဂတ်မှာ ငါ့သမီးနဲ့ သားမက်ရှိလာရင်တော့ ငါ့ဘဝကြီးက ပြီးပြည့်စုံသွားလိမ့်မယ်ဟေ့...
နောက်ရက်များတွင် ကျန်းချန်ပေ့သည် အိမ်နီးချင်း လုမိသားစုရဲ့ ဒုတိယသားကို ကြည့်လိုက်တိုင်း ယောက္ခမဖြစ်သူက သားမက်ဖြစ်သူကို ကြည့်နေသလိုပင်၊ သူပိုကြည့်လေလေ ပိုသဘောကျလေလေပဲ...
"ဝေကျယ်မလား? ဒီနေ့ အရမ်းတက်ကြွနေသလိုပဲ!"
"ဂိမ်းနိုင်ခဲ့တာလား?"
"ဝေကျယ်က ဉာဏ်ကောင်းလိုက်တာကွာ... သူက တော်တော်လေးလိမ္မာတာပဲ"
ကျန်းချန်ပေ့က လုဝေကျယ်ကို အပြုံးလေးဖြင့် နှုတ်ဆက်ကာ "ဝေကျယ်ရေ ဦးဦးကျန်း မုန့်ကြိုးလိမ်ကြော်ထားတယ်၊ လာမြည်းကြည့်ဦး"
"ဝေကျယ် မင်း လက်ရေးက အရမ်းလှတာပဲကွာ။ နှစ်ကုန် တရုတ်နှစ်သစ်ကူးကျရင် ဦးဦးကျန်းတို့အိမ်အတွက် လက်ရေးလှစာတန်းရေးပေးနော်"
လုဝေကျယ်က သူ့လက်ထဲမှာ မုန့်ကြိုးလိမ်ကြော်အထုပ်လေးကို ကိုင်ထားပြီး စိတ်ရှုပ်ထွေးသွားသလို ခံစားရသည်။
အခုတလော ဘေးအိမ်က ဦးဦးကျန်းက သူ့အပေါ် ပိုပြီးကောင်းကောင်းဆက်ဆံလာသလိုပဲနော်။
ဇွန်လတွင် ရာသီဥတု ပူသထက်ပိုပူလာ၍ လမ်းတွေမှာ စက်ဘီးစီးပြီး ရေခဲချောင်းတွေရောင်းလာကြသည်။ အပူသက်သာစေတဲ့ သကြားရေခဲချောင်းတွေ၊ ရေခဲမုန့်တွေ၊ ဆိုဒါအအေးတွေဟာ ကလေးတွေကြားမှာ ရေပန်းစားနေလျက်။
မေလနှင့် ဇွန်လ၌ လိုင်ချီးသီးတွေ တဖြည်းဖြည်း ရင့်မှည့်လာလေပြီ။ အိမ်ရှိ လိုင်ချီးပင်လည်း လိုင်ချီးသီးတွေသီးလာပြီဖြစ်သည်။ ဒီလိုင်ချီးပင်ဟာ လုညီအစ်ကိုနှစ်ယောက်မွေးတုန်းက စိုက်ခဲ့တယ်လို့ သိရသည်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လိုင်ချီးသီးတွေက အရမ်းချိုနေလေရဲ့။
သို့ရုန်ညီအစ်မနှစ်ယောက်ရယ်၊ ကျိုးကျိုး ဖက်ထုပ်လေးတို့က လိုင်ချီးသီးတွေခူးကာ ရေခဲသေတ္တာထဲမှာ အေးခဲထားခဲ့ကြသည်။ ယခု သူတို့က အေးခဲထားတဲ့လိုင်ချီးသီးတွေကို ပျော်ပျော်ကြီး စားနေကြလေပြီ။
"ငါတို့လိုင်ချီးသီးတွေက ကြီးပြီး ချိုနေရော!"
"အပြင်မှာရောင်းတဲ့ သကြားရေခဲချောင်းတွေက ငါတို့ အေးခဲထားတဲ့လိုင်ချီးသီးတွေလောက် အရသာမရှိဘူးနော်"
သို့သို့ ရုန်ရုန် အိမ်ပြန်ရောက်သည်နှင့် ရေခဲသေတ္တာကို ချက်ချင်းဖွင့်ပြီး အေးခဲလိုင်ချီးသီးတွေကိုစားကြသည်။ သူတို့က ပန်းကန်လုံးနှင့် ဇွန်းကိုယ်စီယူကာ အရသာရှိပြီး ချိုမြိန်တဲ့ အေးခဲလိုင်ချီးတစ်ပန်းကန်စီစားတတ်သည်။
ရေခဲသေတ္တာထဲက ထွက်လာတဲ့ အေးခဲလိုင်ချီးသီးတွေဟာ အဖြူရောင်အငွေ့တွေ ထုတ်လွှတ်နေဆဲ။ ပူပြင်းလှတဲ့နေ့ရက်တွေမှာ ဒီလိုအေးစက်စက်လေတွေဟာ လူတွေကို အေးမြလန်းဆန်းစေလေသည်။
နှင်းဖြူရောင်ဘောလုံးလေးတွေကို နှင်းခဲတစ်လွှာဖြင့် ဖုံးအုပ်ထားပြီး လိုင်ချီးသီးအနံ့လေးက နှာခေါင်းနားမှာဝေ့ဝဲနေသလို ကိုက်လိုက်တာနဲ့ မွှေးပြီး ချိုမြိန်လတ်ဆတ်နေတာကြောင့် ပါးစပ်ထဲမှာ အရည်ပျော်ကျသွားလေ၏။ သဘာဝသစ်သီးအရသာဟာ အပြင်မှာရောင်းတဲ့ ရေခဲချောင်းတွေထက် ပိုကောင်းလေရဲ့။
ဒါပေမယ့် —
သို့သို့က "အား" လို့ ထအော်လိုက်ပြီး သူမပါးစပ်ထဲမှာ ခပ်မာမာတစ်ခုခုရှိနေတယ်လို့ ခံစားလိုက်ရသည်။
ထွေးထုတ်ကြည့်လိုက်တဲ့အခါ တကယ့်စင်စစ် သွားတစ်ချောင်းဖြစ်နေမှန်း တွေ့ရှိသွားရလျက်။
ရုန်ရုန်လည်း အော်လိုက်ပြီး "မမ နင့်မှာ သွားမရှိတော့ဘူး!"
သို့သို့လည်း သူမရဲ့ အောက်သွားတွေထဲက တစ်ချောင်းပျောက်နေမှန်း သိသိသာသာ ခံစားလိုက်ရ၏။
"မားမားရေ မမ လိုင်ချီးသီးစားရင်း သွားကျိုးသွားတယ်"
ချင်းရို့ ထွက်လာကာ "ဒါ သွားတွေလဲဖို့အချိန်ရောက်ပြီမို့လို့ပါ"
ရုန်ရုန်: "မီးမီးသွားလည်း လှုပ်နေပုံရတယ်၊ တစ်ကိုက်ကိုက်ကြည့် - အား! မားမား မီးမီးလည်း သွားမရှိတော့ဘူး!!"
ချင်းရို့: "…"
ညီအစ်မနှစ်ယောက် တစ်ချိန်တည်း သွားတွေဆုံးရှုံးခဲ့လေသည်။
"ဒါ သို့သို့ရုန်ရုန်လေး ဆုံးရှုံးခဲ့တဲ့ ပထမဆုံးသွားပဲ။ မားမားတို့ အောက်သွားတွေကို အိမ်ခေါင်မိုးပေါ်ပစ်ကြမယ်နော်၊ သွားတွေကိုပစ်တင်ဖို့ ပါးပါးနဲ့ ကောကောက မီးမီးတို့ကို ခေါ်သွားပေးလိမ့်မယ်" (တို့တွေမှာဆိုရင် ငယ်ငယ်က သွားကျိုးသွားရင်လေ 'ကြွက်ရေ နင့်သွားငါ့ကိုပေး ငါ့သွားနင်ယူ'ဆိုပြီး ပြောခဲ့ရတာလေနော်)
ရှေးဆိုရိုးစကားအရ အောက်သွားကျိုးသွားရင် အိမ်ခေါင်မိုးပေါ် ပစ်ရမယ်၊ ဒါဆို သွားအသစ်က တည့်တည့်ပြန်ပေါက်လာမယ်။ အပေါ်သွားကျိုးသွားရင်တော့ အိပ်ရာအောက်မှာပစ်ရမယ်၊ ဒါမှ သွားက အောက်တည့်တည့် လှလှလေးပြန်ပေါက်လိမ့်မယ်တဲ့။
လုဝေကျိုးနဲ့ လုဝေကျယ်တို့လည်း သူတို့ညီမလေးတွေနှင့်အတူတူ သွားတွေကို ပစ်ခဲ့ကြရသည်။ သူတို့ညီအကိုနှစ်ယောက်က အပေါ်သွားတွေကျိုးသွားခဲ့သည်လေ။
ဒါကြောင့် သူတို့ သွားတွေကို ကုတင်အောက်မှာ ပစ်ချခံရသည်။
ရက်အနည်းငယ်အတွင်းမှာပဲ ဝမ်နျန်နျန်၊ ကျန်းသွင်းသွင်း၊ လျိုထျောင့်ထျောင့်နှင့် ကျန်းစန်းယို တို့လည်း သွားတွေဆုံးရှုံးခဲ့လေ၏။
"သွားကျိုး"အုပ်စုလေးဖြစ်လေရဲ့။
စားသောက်နေချိန်မှာ သွားကျိုးအဖွဲ့သား၄ယောက်က ဘန်းမုန့်ပေါင်းတွေကို ကိုက်ဝါးနေတာကို ချင်းရို့ တွေ့လိုက်ရတဲ့အခါ မထိန်းနိုင်တော့ဘဲ ရယ်မောနေရင်း လုယန်ရင်ခွင်ထဲ ပြုတ်ကျသွားလေသည်။ "ကျွန်မတို့လုမိသားစုမှာ သွားကျိုးလေး ၄ယောက်ရှိနေတယ်"
ကလေးတွေအားလုံး အတူတူသွားလဲကြတဲ့အခါ အရမ်းပျော်စရာကောင်းနေလေ၏။
လုယန် : "... ကိုယ်တို့လုမိသားစုရဲ့ ချင်းဖူရန်က ဒါကို အရမ်းပျော်နေပုံပဲရတယ်နော်?"
"ပျော်တာပေါ့ ကလေးတွေကြီးလာကြပြီလေ"
လုဝေကျယ်က ဘန်းမုန့်ပေါင်းကိုဖဲ့၍ သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။ "ညီမလေးတွေ သူတို့ရှေ့သွားတွေဆုံးရှုံးတဲ့အခါ စကားပြောရင် အသံပီမှာမဟုတ်တော့ဘူး"
"လုစစ်ယောင်၊ လုစစ်နင်၊ သွားကျိုးလေးနှစ်ယောက်!"
ရှောင်ရုန်ရုန် တစ်ဖြစ်လဲ လုစစ်နင်က သူမမားမားထံ လှည့်ကာ "မားမား! မီးမီးနဲ့ ကျဲကျဲကိုလေ ရှေ့သွားမပါတဲ့ကောကောပုံတွေပြပါနော်""
ချင်းရို့ မဖြေခင်မှာပဲ လုဝေကျယ် အလျင်အမြန် အော်ဟစ်လေ၏။ "မရဘူး!!!"
သူတို့မိသားစုမှာ ထူးဆန်းတဲ့ဓာတ်ပုံအများအပြား စုဆောင်းထားတတ်တဲ့ အကြံကြီးတဲ့မားမားတစ်ယောက်ရှိနေတယ်။ ညီအကိုနှစ်ယောက် ရှေ့သွားတွေလဲချိန်မှာ သူတို့မားမားက သူတို့သွားတွေပေါ်အောင်လို့ 'ပြုံးနေတဲ့ပုံ'တွေအများကြီးရိုက်ထားခဲ့တယ်လေ။
အများကြီးပဲ!
ချင်းရို့ ပြုံးကာ "ကလေးတို့ပါးပါးရေ နောက်ကျ အတူတူဓာတ်ပုံရိုက်ကြရအောင်နော်၊ ဒါက ကျွန်မတို့ ကလေးတွေရဲ့ ကြီးထွားမှု အမှတ်တရတွေပဲ"
မိခင်ကောင်းတစ်ဦးအနေဖြင့် သူမက သူမကလေးတွေရဲ့ လှပပြီး ချစ်စဖွယ်ကောင်းတဲ့ "ကြီးပြင်းလာတဲ့ပုံတွေ"အမျိုးမျိုးကို စုဆောင်းရမှာပေါ့။
- မရေမတွက်နိုင်သော မှောင်မိုက်တဲ့ သမိုင်းကြောင်းဓာတ်ပုံတွေ ရှိနေပြီ...
သွားတွေကျိုးနေတဲ့ ကလေးတွေအတွက် ရေခဲစားရတာ အဆင်မပြေလှပေ။ ထို့ကြောင့် ကလေးတွေစုပြီး လေပန်းနေကြပြီး သို့သို့ရုန်ရုန် မွေးထားတဲ့ခိုလေးနှစ်ကောင်လည်း တကျီကျီအော်နေကြ၏။
"အန်တီချူကော ပို့ပေးထားတဲ့ ခိုလေးတွေ"
"အန်တီချူကောနဲ့ ဦးဦးကုက အခုထိလက်မထပ်ကြသေးဘူးလားဟင်?"
"သူတို့ချိန်းတွေ့နေကြတာလို့ မားမားကပြောတာပဲ"
…
ဇူလိုင်လ၌ သွားကျိုးထားကြတဲ့ကလေးတွေ သွားပြန်မပေါက်လာကြသေးပေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဂျူလိုင်၊ သြဂုတ်၊ သို့မဟုတ် စက်တင်ဘာမှာ ကျင်းပမည်ဖြစ်သည်။
ချန်ကျင်းရိနှင့် ရှမင်ရှီးတို့လည်း ယခုဆို အသက်၁၆နှစ်ရှိပြီဖြစ်၍ လာမယ့်နှစ် ၁၉၈၄ခုနှစ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြမည်ဖြစ်၏။
"ငါ့သားအငယ်ဆုံးလေးလည်း ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေရတော့မှာပဲ" အစ်မဖြစ်သူ ချင်းမျန့်က သူမညီမလေး ချင်းရို့နှင့်အတူတူ သက်ပြင်းမချဘဲမနေနိုင်တော့။
"ကျင်းရိက ဗိသုကာဌာနကို သွားမှာမလား?"
ချင်းမျန့် အပြုံးလေးနှင့် ခေါင်းညိတ်ပြလာ၏။
လာမည့်နှစ်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြမယ့်သူတွေက တူလေးနှစ်ယောက်ဖြစ်သူ ရှမင်ရှီးနှင့် ချန်ကျင်းရိတို့သာမက လီချင့်ဟွားရဲ့ အကြီးဆုံးသား လျိုယွဲ့လည်းရှိလေ၏။
မကြာသေးခင်ကပဲ ဒီကောင်လေးက ဇာတ်ညွှန်းရေးဆရာဖြစ်ချင်ပြီး ကျန်းရိချောင်နဲ့ ရုပ်ရှင်အတူတူဖန်တီးချင်ကြောင်း အိမ်မှာ ဆူညံပွတ်လောရိုက်နေခဲ့သည်။
ဟွားဟွားမားမား သက်ပြင်းချရင်း "ဒီကလေးနှစ်ယောက်က ဘာလို့ သရဲအပူးခံလိုက်ရသလိုဖြစ်နေရတာလဲနော်?"
ကျန်းရိချောင်က ရက်အနည်းငယ်ကြာပြီးနောက် သိုင်းဝတ္ထုရေးတာကို စွန့်လွှတ်လိုက်သော်လည်း လျိုယွဲ့ကတော့ ဟွားဟွားမားမားအတွက် ချစ်ခြင်း မုန်းခြင်း လက်တုံ့ပြန်ခြင်းတို့ဖြင့် ပြည့်နှက်နေသော သိုင်းဝတ္ထုတစ်ပုဒ်ကို အမှန်တကယ် ဖန်တီးခဲ့သည်။
လျိုယွဲ့သည် မကြာသေးမီက ရုပ်ရှင်တွေ၊ တီဗီဒရမ်မာတွေကြည့်ရတာကို အလွန်သဘောကျနေပြီး ဝတ္ထုရေးခြင်းအပေါ် သူ့ကိုယ်သူမြုပ်နှံထားခဲ့သည်။
အရင်တုန်းက ခုန်ပေါက်လေ့ရှိတဲ့ တက်တက်ကြွကြွကောင်လေး လျိုယွဲ့ဟာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ပိုမိုတိတ်ဆိတ်သွားခဲ့ပြီး သူ့အသားအရေကလည်း ပိုဖြူဖွေးလာသဖြင့် "ယောကျာ်းလေးတွေကြီးပြင်းလာတဲ့အခါ အများကြီးပြောင်းလဲသွားတာပဲ!"လို့ ဟွားဟွားမားမားတောင် အံ့သြတကြီးဖြစ်ခဲ့ရလေသည်။
ဆိုးသွမ်းတဲ့ကလေးက ဘယ်လိုလုပ်ပြီး ဒီလောက်တိတ်ဆိတ်ငြိမ်သက်သွားရတာတုန်း?
ဝတ္ထုရေးခြင်းဟာ ဒီလိုမှော်ပညာရှိနေတာလားဟင်?
လီချင့်ဟွား တုန်လှုပ်သွားရပြီးနောက် တဖြည်းဖြည်း စိတ်တည်ငြိမ်အောင်ပြန်လုပ်လိုက်သည်။ နောက်ပိုင်းတွင် သူမက လျိုထျောင့်ထျောင့်ကိုလည်း သူ့အကိုဆီက စာရေးသင်ယူသင့်ကြောင်း တိုက်တွန်းနေလေသည်။
"နင်တို့ပါးပါးက စာရေးဆရာပဲ၊ နင်တို့မှာ အရည်အချင်းတချို့ရှိတယ်"
"ထျောင့်ထျောင့်ရေ နင့်ကောကောဆီက ကောင်းကောင်းသင်ယူနော်"
xxx
Ch-313
"ထျောင့်ထျောင့်ရေ သမီးကောကောဆီက ကောင်းကောင်းသင်ယူနော်"
ထျောင့်ထျောင့်ကတော့ သူမအစ်ကိုလိုမျိုး ဝတ္ထုရေးရန် လုဝေကျယ်အား တိတ်တဆိတ်တိုက်တွန်းနေလေရဲ့ -
"လုဝေကျယ် နင် ဝတ္ထုရေးပါဟာ၊ နင်နဲ့ သင့်တော်မယ်လို့ ငါထင်တယ်!"
"ငါ့ကောကောလက်ရေးက ဆိုးရွားလွန်းလို့ ငါ့မျက်လုံးတွေကိုတောင် နာကျင်စေတယ်ဟ"
သူမအစ်ကို လျိုယွဲ့ရဲ့ လက်ရေးက ရုပ်ဆိုးလွန်းတယ်၊ ရုပ်ဆိုးလွန်းတယ်၊ ရုပ်ဆိုးလွန်းတယ်လို့!!!
နားမလည်နိုင်လောက်အောင်ကို ရုပ်ဆိုးတာပါနော်!!
လီချင့်ဟွားလို မိခင်ကသာ လျိုယွဲ့ ရဲ့ ဝတ္ထုကို ဂရုတစိုက်ဖတ်ဖို့ ဆန္ဒရှိပြီး လူရှေ့သူရှေ့ထုတ်ပြချင်ကြမှာ။ လူတိုင်း ဇာတ်လမ်းကို ကြားလိုက်တဲ့အခါ မဆိုးဘူးလို့ထင်ကြပေမယ့်... သူ့လက်ရေးက အရမ်းဆိုးရွားနေလိုက်တာ!
လျိုထျောင့်ထျောင့် လက်ရေးသည်လည်း ကြည့်ကောင်းလှသည်မဟုတ်သော်ငြား သူမလေးက လက်ရေးလှတဲ့သူကို နှစ်သက်သူပင်၊ လုဝေကျယ်လိုမျိုးပေါ့...
ကျန်းသွင်းသွင်း နှင့် လျိုထျောင့်ထျောင့်တို့က တစ်စိတ်တည်းတစ်ဥာဏ်တည်းဖြစ်ကြပြီး လုဝေကျယ်အား ဝတ္ထုတစ်ပုဒ်ရေးရန် အားပေးထောက်ခံနေခဲ့ကြသည်။
"ဝေကျယ်ကော မင်းလည်း ဝတ္ထုတွေရေးသင့်တယ်နော်။ နောင်မှာ ငါ့အစ်ကို ရုပ်ရှင်တွေရိုက်တဲ့အခါ မင်းရေးခဲ့တဲ့ ဝတ္ထုတွေကို ရုပ်ရှင်ရိုက်လို့ရတာပေါ့ကွ"
စာစီစာကုံးရေးဖွဲ့ရာမှာ အမှတ်နည်းလေ့ရှိတဲ့ လုဝေကျယ်အတွက်တော့ ရယ်စရာကောင်းနေလေရဲ့။
ဒါကြီးက လျိုထျောင့်ထျောင့်အစ်ကို ရေးတဲ့ဇာတ်လမ်းထက် ပိုစိတ်ဝင်စားဖို့ကောင်းနေတယ်နော်။
"ငါ့ကို ဝတ္ထုရေးခိုင်းနေကြတယ်ပေါ့လေ? မင်းတို့က တကယ့်ဉာဏ်ကြီးရှင်တွေပဲနော်..." လုဝေကျယ် မယုံနိုင်သလိုခံစားခဲ့ရသည်။ ဖက်ထုပ်လေးက စကားလုံးရာကျော်လောက်ရှိတဲ့ စာစီစာကုံးကိုတောင် မရေးနိုင်ဘူးလေလို့။
သူ့အတွက် စာရေးရတာဟာ အကြောက်ဆုံးပဲကို။
လျိုထျောင့်ထျောင့်က သူမအစ်ကိုလျိုယွဲ့ကို ပြောလိုက်၏။ "ကော လုဝေကျယ်ဆီက သင်ယူသင့်တယ်နော်"
လျိုထျောင့်ထျောင့်ရဲ့ စာအုပ်ထဲမှာ သူမအစ်ကိုက သူ့လက်ရေး ပိုကောင်းလာအောင် လေ့ကျင့်သင့်တယ်လို့ ရေးထားခဲ့သည်။
လျိုထျောင့်ထျောင့်၏ ညီအစ်ကိုကောင်းတစ်ယောက်အနေဖြင့် ကျန်းအာ့ဟန်နှင့် လျိုထျောင့်ထျောင့် တစ်ယောက်နှင့်တစ်ယောက် ရန်မဖြစ်ချိန်တွင် အချင်းချင်း အားပေးကူညီကြပေလိမ့်မည် -
"လျိုယွဲ့ကောရေ ဝေကျယ်ကောရေးထားတဲ့ စာစီစာကုံးတွေက ကောရေးတဲ့စာအုပ်တွေထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ မင်း သူ့ဆီက သင်ယူသင့်တယ်"
လျိုယွဲ့ နှင့် လျိုထျောင့်ထျောင့် : "???!!!"
လျိုယွဲ့လည်း လုဝေကျယ် ရေးထားတဲ့ စာစီစာကုံးတွေကို ဌားပေးဖို့ တောင်းဆိုလိုက်၏။
"လုဝေကျယ် ငါ မင်းရဲ့စာစီစာကုံးတွေကို ဖတ်ကြည့်လို့ရမလား?"
လုဝေကျယ်: "!" ဘယ်လိုငရဲလဲဟေ။
သူ့စာစီစာကုံးကို ဖတ်ပြီး သူ့ကို အရှက်ခွဲမလို့လား?
"မရဘူး" လုဝေကျယ် ငြင်းဆိုခဲ့သည်။
"ကျေးဇူးပြုပြီး ငါ့ကိုတစ်ချက်ကြည့်ခွင့်ပေးပါကွာ၊ ငါလည်း မင်းကို ငါရေးတဲ့ဝတ္ထုကို ပြမယ်လေ၊ အပြန်အလှန်ပေါ့"
"စိတ်မဝင်စားပါဘူး"
"တစ်ချက်ကြည့်ဦး၊ ကြည့်ပါဦး၊ ဒါက မင်းရဲ့လျိုယွဲ့ကော ရေးတဲ့ဝတ္ထုပဲ။ ရှောင်လု! ရှောင်လုတိတိရေ မင်းရဲ့ယွဲ့ယွဲ့ကောကို ကူညီပါနော်..."
လျိုယွဲ့က လုဝေကျယ်လက်ထဲသို့ သူ့ဝတ္ထုကို ထိုးထည့်ပေးလိုက်ရာ လုဝေကျယ် ငုံ့ကြည့်လိုက်ပြီး မျက်ခုံးပင့်သွားရ၏။ "?"
ဒါက ဘာကြီးတုန်းဟ?
လက်ရေးက ဘယ်လိုတောင်ဆိုးရွားနိုင်ရတာလဲကွာ?
လုဝေကျယ်တစ်ယောက် အနှီ "လက်ရေးဆိုးဆိုး"ဆီမှ ဆွဲဆောင်ခံလိုက်ရသည်။ လျိုယွဲ့လက်ရေးက ရုပ်ဆိုးပေမယ့် ဝတ္ထုကတော့ ထူးခြားလေရဲ့။ လုဝေကျယ်လည်း လျိုယွဲ့ ဘယ်လိုရေးခဲ့သလဲဆိုတာ စပ်စုချင်သွားရသည်။
ထို့ကြောင့် အလဲအလှယ်အနေနှင့် သူရေးခဲ့တဲ့ စာစီစာကုံးတချို့ကိုပေးကာ လျိုယွဲ့ ဝတ္ထုအား ဂရုတစိုက်ကြည့်ရှုနေပါတော့သည်။
လျိုယွဲ့က လုဝေကျယ်ရဲ့ စာစီစာကုံးကို ရလိုက်တဲ့အခါ လှပလွန်းတဲ့လက်ရေးတွေကြောင့် ချက်ချင်းသဘောကျသွားလေပြီ။ သူက အကြောင်းအရာကို သေသေချာချာမဖတ်သေးဘဲ လူတွေကို မျက်စိပဒေသာဖြစ်စေလှတဲ့ လက်ရေးလှလှလေးတွေကိုသာ ကြည့်နေလေရဲ့။
အကြောင်းအရာကို သေချာကြည့်လိုက်တော့... မဖတ်လိုက်ရင်တော့ အံ့သြစရာမဟုတ်ဘူး၊ တစ်ချက်ဖတ်ကြည့်လိုက်တာနဲ့ လန့်သွားရလိမ့်မယ်!
လျိုယွဲ့ သေသေချာချာဖတ်ရှုပြီးနောက် ချက်ချင်း ဉာဏ်အလင်းရသွားသလို ခံစားလိုက်ရသည်။ "ငါ နားလည်ပြီ!
လုဝေကျယ် : "မင်းဘာနားလည်သွားတာလဲ?"
"လုရှောင်တိရေ ကျေးဇူးပါကွာ၊ မင်းကို ကျေးဇူးအများကြီးတင်တယ်! မင်းရဲ့စာစီစာကုံးက ငါ့ကို အများကြီးကူညီပေးခဲ့တာ!"
လျိုယွဲ့ စိတ်လှုပ်ရှားနေပြီး ကောင်းကင်ယံမှာ မီးပန်းတွေပေါက်ကွဲနေသလိုမျိုး သူ့စိတ်ထဲမှာလည ဉာဏ်ကွန့်မြူးမှုထွက်ပေါ်လာလေပြီ။
လုဝေကျယ် နားမလည်နိုင်ဖြစ်သွားရ၏။ သူ့ပတ်ဝန်းကျင်ကလူတွေအားလုံးကိုလည်း နားမလည်တော့သလို ခံစားလိုက်ရသည်။ ဦးဦးကျန်းဆိုလည်း နားမလည်နိုင်လောက်အောင် သူ့အပေါ်ကောင်းပေးနေတာ၊ အခု လျိုယွဲ့ကလည်း သူ့ကို နားမလည်နိုင်အောင် ကျေးဇူးတင်နေပြန်ပြီလေ။
"ဘာအတွက်ကျေးဇူးတင်တာလဲ?"
"မင်းရေးထားတာက ငါ့ကို လှုံ့ဆော်မှုပေးတယ်ကွ!"
လျိုယွဲ့ မျက်လုံးတွေ တဖျက်ဖျက်တောက်ပနေလျက်။ "အရင်က ငါ ဝတ္ထုတွေရေးတုန်းက စိတ်ကြီးဝင်ခဲ့မိတယ်!"
ငါတို့တွေ ရဲဘော်လုဝေကျယ်ဆီက လေ့လာသင်ယူသင့်တယ်၊ သူက အမှတ်သုညပဲရရင်တောင်မှ သူရေးချင်တာပဲရေးခဲ့တာ...
ဒီဘဲဥမကွဲတဲ့စာစီစာကုံးတွေက ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလိုက်သလဲ!
လုဝေကျယ် : "…"
"ဝေကျယ်ရေ မင်းက ပြဿနာတွေကိုဖြေရှင်းတဲ့အခါ သာမန်လူတွေရဲ့ ရှုထောင့်နဲ့ ကွဲပြားတာပဲ။ မင်းက ဉာဏ်ကြီးရှင်ပဲကွ!"
လုဝေကျယ်သည် သူ ဥာဏ်ကြီးရှင်ဟုတ် မဟုတ်ကို မသိပေမယ့် သူ့ရှေ့ကလူဟာ ထူးဆန်းနေမှန်းတော့ သူသိသည်။ သူနဲ့ ရှဲ့လောင်ရှီးက ဘုံဘာသာစကားတွေရှိနေတာပဲဖြစ်ရမယ်။
"ငါ့ကို ဉာဏ်ကြီးရှင်လို့ ပြောခဲ့တဲ့ နောက်ဆုံးလူက ဘယ်သူလဲ မင်းသိလား?"
လျိုယွဲ့ သိချင်စိတ်ဖြင့် စပ်စုလိုက်သည်။ "ဘယ်သူလဲ?"
"ငါ့ရဲ့ လက်ရေးလှဆရာ ရှဲ့ရူအန်းလေ။ သူကလည်း ငါ့ကို ဉာဏ်ကြီးရှင်တစ်ယောက်လို့ ပြောခဲ့တာ"
"ငါ မင်းရဲ့ ရှဲ့လောင်ရှီးနဲ့ သိခွင့်ရမလားဟင်?" လျိုယွဲ့ မျက်လုံးတွေတောက်ပလာကာ Soulmateတစ်ဦးရှာတွေ့တော့မယ်လို့ သူခံစားနေရပါပြီနော်။
လုဝေကျယ် : "…"
"လက်ရေးလှဆရာ? သူ အခု ဘယ်မှာသင်ပေးနေတာလဲ? သူရေးထားတာကို ကြည့်ချင်လိုက်တာ..."
"သူက အခု လက်ရေးလှမသင်ပေးတော့ဘူး"
ပြောရမယ်ဆိုရင် ဖက်ထုပ်လေးက သူ့မားမားကို နှလုံးသားထဲမှာ အလေးစားဆုံးပင်။
"သူက ငါ့မားမားကို ပေါ်လဲ့တဲ့လေ။ အခု သူ ပုလဲလက်မှုခြံမှာ ပုလဲရောင်းနေတာ"
"ထုတ်ကုန်အရောင်းမြှင့်တင်ရေးမန်နေဂျာဖြစ်နေပြီ"
"တကယ်လား?" လျိုယွဲ့ အံ့အားသင့်သွားရသည်။ ရှဲ့လောင်ရှီးရဲ့အလုပ်က လက်ရေးလှရေးဆရာကနေ ပုလဲအရောင်းမြှင့်တင်ရေးမန်နေဂျာဖြစ်သွားတယ်၊ ဒီလောက်ကြီးကြီးမားမားပြောင်းလဲသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့မိဘူးလေ။
သည်ကိုယ်ရေးရာဇဝင်က အရမ်းမိမိုက်တာပဲ!
လျိုယွဲ့က ဒီရှဲ့ရူအန်းလောင်ရှီးနှင့် တွေ့ဆုံရန် စီစဉ်နေလေပြီ။
"ဝေကျယ်ရေ မင်းရဲ့အိမ်နီးချင်း ရိချောင်ကော စာမေးပွဲအောင်ပြီး ဒါရိုက်တာဖြစ်လာတဲ့အခါ ငါလည်း ဇာတ်ညွှန်းရေးဆရာဖြစ်လာမှာပါ။ မင်း စိတ်မပူနဲ့၊ ငါ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး၊ မင်းကို ဇာတ်လိုက်မင်းသားဖြစ်စေရမယ်ကွ!"
လျိုယွဲ့ ဒီစကားတွေပြောကာ ပြေးထွက်သွားတော့သည်။
"ဘာဖြစ်တာလဲ? ဘာဇာတ်လိုက်မင်းသားလဲ?" ချင်းရို့ သူမပြန်ရောက်သည်နှင့် "ဇာတ်လိုက်မင်းသား"လို့ ကြားလိုက်ရပြီး လျိုယွဲ့က သူမအား အန်တီချင်းလို့နှုတ်ဆက်ကာ ပြေးထွက်သွားလေသည်။
"သူပြောတာက နောင်ကျ ကျန်းရိချောင်က ဒါရိုက်တာဖြစ်လာမယ့်အပြင် သူလည်း ဇာတ်ညွှန်းရေးဆရာဖြစ်လာလိမ့်မယ်တဲ့။ သားကိုလည်း ဇာတ်လိုက်မင်းသားဖြစ်ခွင့်ပေးမယ်တဲ့"
ချင်းရို့ ပြုံးလိုက်ပြီး ဒီကလေးတွေက *"ကိတ်မုန့်ဆွဲတာ" အရမ်းတော်ကြတာပဲလို့ တွေးနေမိသည်။ (*တခြားလူအတွက် တောက်ပတဲ့အနာဂတ်ကို ခြယ်မှုန်းပေးတယ်လို့ ဆိုလိုတာပါ)
"သားကရော? မားမားတို့ဖက်ထုပ်လေးကရော ဇာတ်လိုက်မင်းသားဖြစ်ချင်လား?"
လုဝေကျယ် ခေါင်းခါလိုက်ကာ သူ့အိပ်မက်က ကြယ်ပင်လယ်ကြီးပဲ။
"မား သူတို့ထဲက တစ်ယောက်က ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က ဇာတ်ညွှန်းရေးတဲ့သူဆိုရင်..."
"... အဲဒီဝတ္ထုထဲက အဖြူအမည်းနတ်ဆိုးတွေလိုပဲပေါ့နော်?"
ဘေးအိမ်က ကျန်းရိချောင်၏ ကျောင်းဝင်ခွင့်စာရောက်လာလေပြီ။
ကျန်းရိချောင်က မြို့တော်ရုပ်ရှင်ကျောင်း၏ ဒါရိုက်တာဌာနသို့ ဝင်ခွင့်ရခဲ့သည်။
ကျန်းချန်ပေ့သည် သူ့သားကြီးရဲ့ ကျောင်းဝင်ခွင့်စာကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားလွန်းလို့ နေရာမှာတင် ထခုန်ပစ်ချင်သွားရ၏။
— သူ့ခေါင်းပေါ်ကို ပိုင်မုန့်ကြီးကြီးတစ်ခုကျလာတာပဲဟ!
သူ့သားကြီးက ဒါရိုက်တာဌာနကို ဝင်ခွင့်ရခဲ့ပြီး ဒါရိုက်တာဖြစ်လာတော့မယ်! အနာဂတ်မှာ သူ ရုပ်ရှင်တစ်ကားကို ရိုက်ကူးတဲ့အခါ သူတို့ဇနီးမောင်နှံက သူတို့သားကြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာ ကြည့်နိုင်ပြီပေါ့ ! ! !
"ငါ့သား စာမေးပွဲအောင်သွားပြီ! ငါတို့ရိချောင် ဝင်ခွင့်ရသွားပြီဟေ့!"
"ဘယ်ကိုဝင်ခွင့်ရတာလဲ?"
"သူ ရုပ်ရှင်ကျောင်းကို ဝင်ခွင့်ရခဲ့တာ!"
…
ကျန်းချန်ပေ့ အပျော်လွန်နေပြီး အောင်ပွဲခံဖို့ ပွဲကြီးတစ်ပွဲကျင်းပဖို့ မစောင့်နိုင်တော့၊ မီးရှူးမီးပန်းသေတ္တာအချို့ဝယ်ကာ ရက်အနည်းငယ်ကြာဖောက်ပစ်ဖို့ မစောင့်နိုင်တော့ချေ။
"ဟား ဟား ငါ့သား စာမေးပွဲအောင်သွားပြီကွ" ကျန်းချန်ပေ့ သူ့မျက်နှာပေါ်ကအပြုံးကို မရပ်တန့်နိုင်တော့၊ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လူပေါင်းများစွာထံမှ ဂုဏ်ပြုပါတယ်ဆိုတဲ့စကားကို မရေမတွက်နိုင်လောက်အောင် ကြားနေခဲ့ရသည်။
ကလေးတစ်ယောက်ကို ရက်ထောင်ပေါင်းများစွာ ပြုစုပျိုးထောင်လာပြီးတဲ့နောက် ဒီအခိုက်အတန့်လေးမှာ သူ့ဖေဖေက သူ့သားကြီးကြောင့် ဂုဏ်ယူရတယ်လို့ မှတ်ယူနိုင်ပေသည်။
ကျန်းချန်ပေ့ သူ့ရဲ့ကြွားဝါပြောဆိုလိုတဲ့ဆန္ဒကို မချုပ်တည်းနိုင်တော့ပေ။ သူ့ရဲ့အကြီးမားဆုံးဆန္ဒမှာ သူ့အိမ်နီးချင်း ရဲဘော်လုယန်ရဲ့ ခေါင်းပေါ်မှာ မတ်တပ်ရပ်နိုင်ဖို့ပဲလေ။
ဘေးအိမ်က လောင်လုရဲ့ ကလေးတွေက မကြီးသေးဘူးဆိုတော့ အခုချိန်က သူ့ကလေးအကြောင်း ကြွားဝါရမယ့်အချိန်ပဲပေါ့!
ကျန်းချန်ပေ့ နေ့တိုင်း အိမ်နီးချင်းလုယန်ဆီသွားပြီး သူ့သားကြီးအကြောင်း ပြောပြချင်သည်အထိ ဂုဏ်ဆာနေလေ၏။
"ငါတို့ရိချောင်က အရမ်းတော်တာပဲကွာ မဟုတ်ဘူးလား? သူက ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်လာမှာ။ သူ့အဖေရဲ့ အရည်အချင်းကို အမွေဆက်ခံခဲ့တာပဲဖြစ်ရမယ်!"
xxx