← Chapters

အခန်း (၃၁၄-၃၁၅)

Vol. 26 Ch. 314-315

အခန်း (၃၁၄-၃၁၅)

Vol. 26 Ch. 314-315

Ch-314

"လောင်လု မင်းရဲ့ကလေးတွေရော ဘယ်လိုလဲ?"

"ငါ့ကလေးတွေ ဘယ်လိုလဲဆိုတာ မင်းမသိလို့လား?"

လုယန် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ အေးအေးဆေးဆေးပြောလိုက်သည်။

"ဝေကျိုးက အတန်းထဲမှာ အဆင့်ကောင်းတယ်။ သူ ဟွာချင်းတက္ကသိုလ်ကို ၀င်နိုင်တယ်လို့ သူ့ဆရာမကပြောထားတယ်"

ကျန်းချန်ပေ့ မျက်နှာပေါ်က အပြုံးမှာ အေးခဲသွားရလျက်၊ မင်းဘာတွေကြွားလုံးထုတ်နေတာတုန်းကွ? မင်းက ငါ့ထက်တောင် ပိုပြီးကြွားလုံးထုတ်တတ်သေးတယ်....

မင်းရဲ့သားကြီးက အသက်ဘယ်လောက်ရှိနေပြီမို့လဲကွ? သို့သော် လုဝေကျိုးရဲ့ မျက်နှာလေးကို တွေးကြည့်မိတဲ့အခါ သူသည် အစ်ကိုကြီးတစ်ယောက်ဖြစ်သည့်အလျောက် ကိုယ်နှုတ်အမူအရာ အေးဆေးတည်ငြိမ်ပြီး သင်ယူလေ့လာရာတွင်လည်း အသိစိတ်ရှိကာ လူကြီးတွေ စိတ်ပူစရာမလိုအောင် စီမံခန့်ခွဲနိုင်စွမ်းရှိသူဖြစ်သည်ပင်။

သူ့ဆရာသာမက ကျန်းချန်ပေ့တောင်မှ ဒီကောင်လေး ထိပ်တန်းတက္ကသိုလ်ကို တကယ်ဝင်ခဲ့ရင် အံ့သြစရာမဟုတ်ဘူးလို့ ထင်မြင်မိသည်။

"မင်းရဲ့သားအကြီးဆုံးက စာတော်ပေမယ့် မင်းရဲ့သားအငယ်လေးကတော့..."

"အင်း" လုယန်က ပေါ့ပေါ့ပါးပါး ညည်းညူလိုက်ပြီး သူ့လေသံမှာ တည်ငြိမ်နေလျက်။

"သူက လက်ရေးလှရေးပါရမီရှင်တစ်ဦးပဲလို့ အရင်တုန်းက သူ့ဆရာ ပြောထားတယ်ကွာ"

ကျန်းချန်ပေ့ : "…"

ဒါက သူ့ရဲ့ အနာဂတ်သားမက်လောင်းလေးဖြစ်ပုံပဲနော်...

သူ့မိသားစုရဲ့ အကြီးဆုံးသားက ဒါရိုက်တာတစ်ဦးဖြစ်လာဖို့ စာမေးပွဲအောင်ခဲ့သော်လည်း ဒုတိယသားနှင့် တတိယသားမှာတော့ အထူးအရည်အချင်းတွေရှိပုံမရဘူးပဲ။

ဖော်ပြနိုင်တဲ့ တစ်ခုတည်းသောအရာက... အာ့ဟူတီးတတ်တာ?

နွေရာသီနှောင်းပိုင်း၌ လုမိသားစုက တီဗီရှေ့ထိုင်ကာ ကဏန်းပြာကြီးတွေကို ထိုင်စားနေကြသည်။

အရှေ့က တီဗီမှာ ပြသနေသည်ကား သူတို့ ကွမ်ချန်မှာရှိစဥ်က ကြည့်ခဲ့ဖူးတဲ့ ဟောင်ကောင်ချန်နယ်မှ ထုတ်လွှင့်ပြသခဲ့သော တီဗီဇာတ်လမ်းတွဲပင်။

"ကောရေ မီးမီးတို့အိမ်နီးချင်း ရိချောင်ကောက ဒါရိုက်တာဌာနကို ဝင်ခွင့်ရသွားပြီနော်။ နောင်ကျ သူ့ရုပ်ရှင်တွေကို TV မှာကြည့်ရတော့မှာလားဟင်?"

ရုန်ရုန်က တီဗီကြည့်ရတာကို နှစ်ခြိုက်ပေမယ့် ယခု သူမတို့က ချုံကျိုးကျွန်းသို့ ပြန်ရောက်နေပြီဖြစ်သည်။ ကွမ်ချန်မြို့နှင့် နှိုင်းယှဉ်ပါက ချုံကျိုးကျွန်းမှာ ချန်နယ်အနည်းငယ်သာရှိလေ၏။ အခု သူမကြည့်နေသည်မှာ ကွမ်တုန်းပြည်နယ်တီဗီရုပ်သံဌာနမှာ ထုတ်လွှင့်နေဆဲဖြစ်သည့်ဗီဒီယိုပင်။ ချုံကျိုးကျွန်းရုပ်သံဌာနမှာတော့ စိတ်ဝင်စားစရာ တီဗီရှိုးတွေမရှိဘူးလေ။

လုဝေကျိုး : "သူဘွဲ့ရပြီး ရုပ်ရှင်ရိုက်ပြီး ထုတ်လွှင့်ဖို့ဆိုရင် နောင် ၇နှစ် ဒါမှမဟုတ် ၈နှစ်လောက်ကြာဦးမယ်"

"ဒါဆို နောက်၁၀နှစ်ကို မျှော်လင့်စောင့်စားနေပြီနော်" အိမ်နီးချင်းအစ်ကိုက ဒါရိုက်တာစာမေးပွဲအောင်မြင်သွားခဲ့သော်လည်း ဘာကြောင့်ရယ်မသိ၊ လျိုယွဲ့က လုဝေကျယ်ကို ဇာတ်လိုက်မင်းသားဖြစ်စေချင်သလို ကျန်းရိချောင်ကလည်း သူ့ကိုဆွဲခေါ်ချင်နေပြီး ဇာတ်လိုက်မင်းသားဖြစ်စေချင်ကြသည်။

ဇာတ်လိုက်မင်းသားဆိုတာ ဘယ်လိုမျိုးလဲ?

ရဲဘော်လုဝေကျယ်က လျိုယွဲ့ ရေးထားတဲ့ သိုင်းဝတ္ထုတွေထဲက ဇာတ်လိုက်မင်းသားတွေအကြောင်းကို ပြန်တွေးမိပြီး သူ့ဦးရေပြားထုံကျင်သွားသလို ခံစားခဲ့ရသည်။

"ရုန်ရုန်က ဇာတ်လိုက်မင်းသမီးဖြစ်ချင်လား? ဒါဆို သွားပြော... မေ့လိုက်တော့ မသွားနဲ့"

ရဲဘော်လုဝေကျယ်က ထိုဝတ္ထုဝွေရဲ့ အကြောင်းအရာတွေကို တွေးတောရင်း သူ့ဦးရေပြားထုံကျင်နေပါသေးသည်။

"ဘာလို့လဲ?"

"ဘာလို့မှမဟုတ်ဘူး"

…

ကလေးတွေရဲ့ ဆူညံသံတွေကို နားထောင်ရင်း ချင်းရို့ကတော့ သူမရဲ့ အရသာရှိတဲ့ ကဏန်းပြာတွေကို စားသောက်နေလေသည်။ လုယန်က သူမအတွက် ကဏန်းတွေကို အခွံခွာပေးကာ ကဏန်းသားကိုခွာ၍ အဖြူရောင်ကြွေပန်းကန်ပြားပေါ်မှာ ပြန်တင်ထားလိုက်သည်။ ထိပ်တွင် လှပသောဂဏန်းပုံစံရှိပြီး ဖြူဖြူဖွေးဖွေးကဏန်းသားတွေက အရမ်းနူးညံ့ပြီး စေးကပ်ကပ်အဆီဟာ အရောင်အားဖြင့် စွဲဆောင်နေလေတာကြောင့် ချင်းရို့ ပျော်ပျော်ကြီး စားနေလေ၏။

ချင်းရို့သည် ကဏန်းအနှစ်ကို ပါးစပ်အပြည့်တစ်လုတ်စားလိုက်ကာ ဝမ်းသာအားရ မျက်လုံးမှေးစင်းလိုက်သည်။ လုယန်ပြုံးလျက် အဖြူရောင် ကဏန်းအသားကိုယူကာ သူမကို ကျွေးလိုက်၏။ ကဏန်းခြေထောက်အသားမှာ အခွံခွာပြီးတာတောင် မူလပုံသဏ္ဍာန်အတိုင်းရှိနေဆဲ။ ချင်းရို့ တစ်ကိုက်ကိုက်လိုက်ကာ လတ်ဆတ်ပြီး ချိုမြတဲ့အရသာကို ခံစားနေလေသည်။

သူမလည်း ကမာကောင်တစ်ကောင်ကိုဖွင့်ပြီး သူမဘေးနားက လုယန်ကို ကျွေးလိုက်သည်။

လင်မယားနှစ်ယောက် ပြောင်ပြောင်တင်းတင်း အပြန်အလှန်ကျွေးမွေးနေတဲ့အပြုအမူဟာ ကလေးတွေရဲ့ အာရုံကို ဖမ်းစားသွားသည်ဖြစ်ရာ သို့သို့က "မီးမီးလည်း ပါးပါးခွာပေးတဲ့ကဏန်းကို စားချင်တယ်!"လို့ ပြောလာခဲ့သည်။

လုယန် ပေါ့ပေါ့ပါးပါးပြောလိုက်၏။ "ပါးပါးက သမီးတို့မားမားတစ်ယောက်တည်းအတွက်ပဲ အခွံခွာပေးတာ"

ချင်းရို့ ပြုံးလိုက်ပြီး သူပြောနေတာကို မတားခဲ့ပေ။

"တွန့်တိုလိုက်တာ!"

ရုန်ရုန်က သူမအစ်ကိုကြီးလုဝေကျိုးဆီလှည့်ကာ အမြန်ပြောလိုက်၏။ "ကော မီးမီး ကောကောခွာပေးတဲ့ကဏန်း စားချင်တယ်"

"ဟန်များလိုက်တာ" လုဝေကျယ် မထီမဲ့မြင်​စွာဖြင့် "နင် ဒီလောက်ကြီးနေပြီကို၊ ကိုယ့်ဘာကိုယ် လက်နဲ့ကိုင်မစားတတ်ဘူးလား?"

ချင်းရို့ : "..." သူမသားပြောတာ တခြားအဓိပ္ပါယ်တစ်မျိုးရှိတယ်လို့ ခံစားရတယ်နော်...

"မီးမီးမေးနေတာ တာ့ကောကိုလေ။ ဖက်ထုပ်ကောကိုမှမဟုတ်တာ၊ ဖြေဖို့အလျင်လိုမနေနဲ့!"

လုဝေကျိုးလေသံမှာ သူ့ပါးပါးလိုမျိုး တစ်ထပ်တည်းပင်။

"ကောကောက မင်းတို့ရဲ့အနာဂတ်ယောင်းမတစ်ယောက်တည်းအတွက်ပဲ အခွံခွာပေးမှာ"

လုဝေကျယ် : "သားဇနီးကလည်း သူတို့ယောင်းမပဲဆိုတော့ ကောက အခွံခွာပေးမှာလား?"

လုဝေကျိုး : "မင်းရဲ့ ခယ်မ"

လုဝေကျယ် : "…"

သို့ရုန်ညီအစ်မနှစ်ယောက်က တစ်ပြိုင်တည်း နှာမှုတ်ကာ မကျေမနပ်ပြောလေပြီ။

"လုမိသားစုက ယောကျ်ားသားတွေအားလုံးက တွန့်တိုတဲ့သူတွေ"

"လုမိသားစုက အမျိုးသမီးတွေအားလုံးက ကြောင်သူတော်တွေ"

ချင်းရို့က တည်ငြိမ်စွာဖြင့် "ငါ့ရဲ့ ချင်းမိသားစုက အမျိုးသမီးတွေကသာ မတွန့်တိုဘူး၊ ကြောင်သူတော်မဟုတ်ဘူး"

လုယန် သူမကိုကြည့်ပြီး ပြုံးလိုက်ကာ "မင်းက ကိုယ်,လုယန်ရဲ့ ဇနီးလေ"

ဆောင်းဦးရာသီရောက်လေပြီ။

ဟုတ်တာပေါ့ ဆောင်းဦးကာလဖြစ်ပေမယ့် ချုံကျိုးကျွန်းမှာတော့ ဆောင်းဦးရာသီမဟုတ်ပေ။ ကျွန်း၌ နွေဦးပေါက်ရာသီမှာ ပုလဲတွေကိုမွေးမြူခဲ့ပြီး ဆောင်းဦး၌ ပုလဲအမြောက်အမြား ရိတ်သိမ်းရန် အချိန်တန်ပြီဖြစ်သည်။

မနှစ်က ပြောခဲ့တဲ့ တောင်ကျွန်းပုလဲကုန်သည်များအသင်းကို ယခုအခါ တည်ထောင်ခဲ့လေပြီ။

တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်း တည်ထောင်ခြင်းသည် ဒေသန္တရအစိုးရမှ အထူးတလည်ဂရုပြုသင့်သည့် အဓိကဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်းပေါ်ရှိ ပုလဲလုပ်ငန်းမှာ ထွန်းကားလာခဲ့သလို ခရီးသွားလုပ်ငန်းနှင့် စားသုံးခြင်းပမာဏ အများအပြားကိုလည်း တွန်းအားပေးခဲ့ကာ ဒေသဖွံ့ဖြိုးရေးကိုပါ မြှင့်တင်ပေးခဲ့သည်။

ပုလဲကုန်သည်ကြီးများအသင်း တည်ထောင်သည့်နေ့တွင် ကြီးကျယ်ခမ်းနားသော ပွဲကြီးတစ်ပွဲဖြစ်သင့်ကြောင်း ပြောကြပြီး နေ့ကောင်းရက်သာတစ်ရက် ရွေးချယ်ကာ ဂရုတစိုက်ဖြင့် လူသိရှင်ကြားကြေညာဖို့ လိုအပ်ပေသည်။

၁၉၈၃ခုနှစ် ဒုတိယနှစ်ဝက်၌ ပုလဲလက်မှုခြံ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဆိုင်တန်းနှစ်တန်း ဆောက်လုပ်ခဲ့သည်။ ချင်းရို့က ဆိုင်ခန်းတချို့ကို ငှားရမ်းလိုက်ပြီး တစ်ယောက်ယောက်ကို ကော်ဖီဆိုင်နဲ့ သစ်သီးလက်ဖက်ရည်ဆိုင် ဖွင့်ခိုင်းလိုက်သည်။

- သူမရဲ့ဘဝကြီးကို မြေပိုင်ရှင်ကြီးဘဝအဖြစ် တစ်ဖန်နေထိုင်လေပြီ။

ချင်းရို့နှင့် သူမအစ်မ ချင်းမျန့်က ကော်ဖီဆိုင်မှာ ကော်ဖီထိုင်သောက်နေလျက်။ ဤကော်ဖီဆိုင်ကို လှပစွာ အလှဆင်ထားပြီး ဓာတ်ပြားစက်မှ သီချင်းသံအေးအေးလေး ထွက်ပေါ်နေ၏။

ချင်းမျန့်က သူမမျက်လုံးတွေကိုမှိတ်ကာ ကော်ဖီတစ်ငုံသောက်လိုက်ပြီးနောက် ကိတ်မုန့်ချိုချိုလေးတစ်စိတ်စားလိုက်သည်။

ဒီအရသာကို ဘယ်လိုပြောရမလဲနော်?

ခါးပြီး ချိုတယ်၊ ခါးပြီး ချိုမြိန်သွားတယ်...

"ငါ အခုထိအသားမကျသေးဘူးဟယ်" ချင်းမျန့် ခေါင်းခါလိုက်သည်။

ချင်းရို့လည်း ကော်ဖီကို အရမ်းကြိုက်သည်မဟုတ်၊ ရံဖန်ရံခါ တစ်ခွက်၊ နှစ်ခွက်သာ သောက်တတ်သည်။

သူမက ကော်ဖီကို ဇွန်းသေးသေးလေးနဲ့ သောက်ရတာ သဘောကျ၏။ ကြောင်တစ်ကောင်ကို ပွေ့ချီထားပြီး စာအုပ်လေးဖတ်လိုက်၊ ကိတ်မုန့်လေးစားလိုက်၊ သူမကိုယ်သူမ လန်းဆန်းစေအောင်လို့ ကော်ဖီလေးနည်းနည်းသောက်လိုက်နဲ့ နေ့လည်ခင်းအချိန်ကို ပျင်းရိစွာအချိန်ဖြုန်းရတာ နှစ်ခြိုက်လေသည်။

ဟုတ်ပါတယ်၊ ကော်ဖီနှင့် ယှဥ်ရင်တော့ နို့လက်ဖက်ရည်နဲ့ သစ်သီးလက်ဖက်ရည်ကို ပိုကြိုက်တာပေါ့လေ။

"မကြာသေးမီက ကော်ဖီဆိုင်တွေက လူကြိုက်များလာကြတယ်နော်။ လူတော်တော်များများ ကြိုက်ကြတယ်။ ရှန်းချန်မှာလည်း အများကြီးဖွင့်နေကြပြီလို့ ငါကြားထားတယ်"

ကော်ဖီဆိုင်တွေက ကွမ်ချန်နှင့် ရှန်းချန်မှာ ပေါ်လာကာ အများစုကလည်း ကော်ဖီသွားသောက်ကြသည်။ ဒါဟာ လူတိုင်း တောင့်တနေကြတဲ့ အရင်းရှင်လူတန်းစားစတိုင်နှင့် ဘဝမျိုးပဲလေ။

ဤသည်မှာ လူငယ် အမျိုးသား၊ အမျိုးသမီးအားလုံး ပိုင်ဆိုင်လိုကြတဲ့ဘဝပင်။ ရုပ်ရှင်ကြည့်ခြင်း၊ အကခန်းမမှာ ကခုန်ခြင်း၊ ကော်ဖီဆိုင်တွေမှာ ချစ်ခင်ရသူတွေနှင့်အတူ ကော်ဖီသောက်ခြင်းစသဖြင့်...

ယခုအခါ အသက်ပိုကြီးသူတွေက ရွှေငွေလက်ဝတ်ရတနာတွေဝယ်ရန် ရှန်းချန်ရှိ ကျုံးယင်းလမ်းမဆီသို့ သွားကြလေပြီ။

ဟုတ်တာပေါ့၊ ရွှေဆိုတာလည်း အခုခေတ်စားနေတဲ့ ကုန်ပစ္စည်းတစ်ခုပါပဲ...

ကျုံးယင်းလမ်းမသည်ကား ရှန်းချန်မြို့ နှင့် ဟောင်ကောင်ကျွန်းကို ဆက်သွယ်ပေးထားသော လမ်းဖြစ်၏။ စီးပွားရေးစတင်ဖွင့်လှစ်လာကတည်းက ဒီနေရာက ဟောင်ကောင်ကျွန်းနှင့် ချိတ်ဆက်ထားသောကြောင့် လမ်းပေါ်က ဆိုင်တွေလည်း နိုင်ငံခြားမှတင်သွင်းသည့်ကုန်ပစ္စည်းများစွာကို ရောင်းချကြသည်။ ကုန်ပစ္စည်းတွေက အခွန်ကင်းလွတ်ပြီး အရည်အသွေးကောင်းကာ ဈေးနှုန်းချိုသာလေ၏။ ဤခေတ်၏ "Shopping Paradise" အလား။

အနှီဈေးဝယ်နေရာမှာ အလွန်ရေပန်းစားလှသည်။ ၁၉၇၉ ခုနှစ်တွင် ဟွားကော်စတိုးဆိုင်တွေရဲ့ ရောင်းအားဟာ ယွမ်ငါးသန်း သို့မဟုတ် ခြောက်သန်းသာရှိခဲ့သော်ငြား ဒီနှစ်နှစ်အတွင်း စတိုးဆိုင်အားလုံးရဲ့ စုစုပေါင်းရောင်းအားမှာ ယွမ်သန်းတစ်ရာကျော်လုနီးနီးပင်။ ဒါ့ကြောင့် ဒီလိုဈေးဝယ်ထွက်တဲ့ပုံစံကို သတင်းစာတွေထဲမှာ အကြိမ်ပေါင်းများစွာကြော်ငြာခဲ့ကြလေသည်။

xxx

Ch-315

ချင်းရို့လည်း ကျုံးယင်းလမ်းမကို အရင်က တစ်ခေါက်သွားလည်ဖူးသည်။ ထိုနေရာတွင် လက်ဝတ်ရတနာရွှေဆိုင်အချို့ကို သူမတွေ့ခဲ့ရ၏။ ၁၉၈၀နှောင်းပိုင်းတွင် ရွှေရောဂါ ခေတ်ထလာသဖြင့် လမ်းပေါ်မှာ ရွှေဆိုင် ရာဂဏန်းနီးနီးရှိခဲ့လေသည်။

၁၉၈၄ ခုနှစ်တွင် ချင်းရို့က ပုလဲဈေးကွက်ချဲ့ထွင်ရန်၊ ပုလဲရောင်းချရာတွင် ပူးပေါင်းဆောင်ရွက်ရန် အဆက်အသွယ်ရှာဖို့အတွက် ထပ်မံသွားရောက်လည်ပတ်ရန် ရည်ရွယ်ထား၏။

တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်း တည်ထောင်တော့မည်ဖြစ်သလို ချင်းရို့ကို ကုန်သည်ကြီးများအသင်းဥက္ကဌအဖြစ် ရွေးချယ်ခဲ့ကြသည်။ ဒီရက်တွေထဲမှာ ချင်းရို့က ကျွန်းတစ်ကျွန်းလုံးရှိပုလဲလုပ်ငန်း အနာဂတ်မှာ တိုးတက်လာစေမယ့် နည်းလမ်းအချို့ကိုလည်း တွေးတောနေလေ၏။

ချင်းရို့ ဥက္ကဌဖြစ်လာပြီးနောက် လုပ်ငန်းကို စီမံခန့်ခွဲဖို့၊ ဦးဆောင်ဖို့ရာ အခွင့်အရေးတွေ ပိုမိုရရှိလာပေမည်။

"ကော်ဖီသောက်တာက လူကို လန်းဆန်းစေတယ်လေ"

"ကုန်သည်ကြီးများအသင်းတည်ထောင်တဲ့နေ့အထိစောင့်လိုက် မမရေ၊ နင်တို့လုပ်ထားတဲ့အ၀တ်အစားတွေကို စင်ပေါ်မှာ ပြပေးမှာ..."

ချင်းရို့နှင့် ချင်းမျန့်တို့လည်း ကုန်သည်ကြီးများအသင်းတည်ထောင်ခြင်း အခမ်းအနားအတွက် ပြင်ဆင်ရန် ရောက်လာကာ နှစ်ယောက်သား ကော်ဖီဆိုင်ထိုင်ပြီး ဆက်စပ်တဲ့အကြောင်းကိစ္စတွေကို ဆွေးနွေးနေကြသည်။

ကော်ဖီဆိုင်မှာ ထိုင်နေသည်မှာ သူတို့နှစ်ယောက်သာမဟုတ်၊ ကော်ဖီဆိုင်ရဲ့ ဟိုဘက်ခြမ်းမှာ ချွေးမင်ကျန့်နဲ့ မုန့်လန်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူက ဒီနေ့ ကော်ဖီသောက်ဖို့ မုန့်လန်ကို ဖိတ်ထားခြင်းပင်။

ကော်ဖီဆိုင်ဖွင့်ကတည်းက သူတို့စမ်းသပ်စခန်းက လူတော်တော်များများဟာ ကော်ဖီဆိုင်ရဲ့ ပုံမှန်ဖောက်သည်တွေ ဖြစ်လာကြပြီး ချွေးမင်ကျန့်လည်း ကော်ဖီသောက်ဖို့ ခဏခဏလာခဲ့ကာ ဒီနေရာလေးကိုပဲ အမှတ်ရနေမိသည်။

သူ ထပ်ခါထပ်ခါ ရုန်းကန်နေခဲ့ရသော်လည်း နောက်ဆုံးတော့ ဒီနေရာကို ရွေးချယ်လိုက်သည်။

ကော်ဖီဆိုင်ရဲ့ မှန်ပြတင်းပေါက်ကနေ မနီးမဝေးရှိ ပုလဲလက်မှုခြံကို မြင်နေရသည်လေ။

"မုန့်လန်..."

ချွေးမင်ကျန့် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ထဲမှာ စကားပြောဖို့အတွက် မူကြမ်းတစ်ခုပြင်ဆင်ထားပြီးသားဆိုသော်ငြား ကံမကောင်းစွာပင် ယခုအခိုက်အတန့်မှာ ဘာမှမမှတ်မိတော့ဘဲ သူ့စိတ်ထဲမှာ ဗလာဟင်းလင်းဖြစ်နေချေ၏။

သူ ထိတ်ထိတ်ပျာပျာဖြစ်သွားရကာ တုန်ယင်နေတဲ့လက်တွေနဲ့ မုန့်လန်ရှေ့သို့ လက်ဆောင်ဘူးလှလှလေးတစ်ခုကို တွန်းပေးလိုက်သည်။

မုန့်လန်က ကော်ဖီတစ်ငုံသောက်လိုက်သည်။ ကော်ဖီက ခါးပေမယ့် သူမ ဘာအရသာမှမခံစားမိဘဲ ဒီအတိုင်းမျိုချနေမိ၏။ တစ်ဖက်လူက သူမကို ဘာပြောချင်နေသလဲဆိုတာ မှန်းဆနိုင်လေပြီ။

သူမစိတ်ထဲမှာ ရှုပ်ထွေးပွေလီတဲ့ အတွေးမျိုးစုံဖြင့် ပြည့်နှက်နေလျက်။

သူမ လက်ဆောင်ဘူးကိုဖွင့်လိုက်ရာ အထဲမှာ လှပသော ပုလဲရတနာရှိနေသည်ကိုတွေ့လိုက်ရ၏။ ပုလဲတစ်လုံးစီတိုင်း တောက်ပြောင်လှပနေလျက်။ သူမ ပုလဲလည်ဆွဲကို ကောက်ကိုင်လိုက်၍ လက်ဖဝါးထက်ဝယ် တောက်ပြောင်နေတဲ့ပုလဲလုံးတွေက လက်လက်ထနေလေသည်။

အရမ်းလှတဲ့ ပုလဲလည်ဆွဲတစ်ကုံးပဲ...

"ဒါ... ဒါက... " ချွေးမင်ကျန့်ရဲ့ စိတ်တွေ ဗလာဖြစ်နေပြီး သူပြင်ဆင်ခဲ့တဲ့စကားတွေကို မမှတ်မိသေးသဖြင့် မျက်လုံးကိုမှိတ်ကာ အသုံးမကျတဲ့ သူ့ကိုယ်သူ ကြိမ်းမောင်းနေမိသည်။

"ဒါ... ဒါက ကိုယ်,ကိုယ်တိုင်မွေးထားတဲ့ပုလဲပါ။ ကိုယ်... ကိုယ်... မုန့်လန် ကိုယ် မင်းကို ပေးချင်လို့"

သူ ဗလုံးဗထွေးပြောလိုက်သည်။ ချွေးမင်ကျန့်ဟာ များသောအားဖြင့် ပြုံးရွှင်ရယ်မောနေလေ့ရှိပေမယ့် အခုအချိန်မှာတော့ သူ့ခေါင်းမှာ ရှုပ်ထွေးနေရုံတင်မက လျှာပါလိပ်နေသလိုပင်။

"မုန့်လန် တကယ်တော့... မင်း... အမ်း…"

မင်လန်က သူ့ကို မော့ကြည့်လိုက်ချိန်တွင် သူမမျက်လုံးတွေက ကြည်လင်နေလျက်။

"ဒါ ... ဒီလို၊ မင်းရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေ၊ အဲဒါက အရမ်းလှတယ်လို့ ကိုယ်ထင်တယ်၊ ဒါကြောင့် ကိုယ် မင်းကိုပေးတာ"

"တကယ်တော့... အဲလို တကယ်မဟုတ်ဘူး" ချွေးမင်ကျန့် သူ့လျှာသူ ဖြတ်ပစ်ချင်သွားရ၏။

"ကိုယ် တည့်ပဲပြောတော့မယ်ကွာ!"

မုန့်လန်က ညင်ညင်သာသာလေးပြောလိုက်၏။

"ပြောလေ"

"ဒါ မင်းရဲ့..." ချွေးမင်ကျန့် အသံမှာ တိုးသထက်တိုးလာသလို သူ့မျက်နှာလည်း နီရဲသထက်နီရဲလာချေပြီ။

"မင်းရဲ့ ဓာတ်ပုံက အရမ်းလှတာပဲ။ ကိုယ်ပြောမယ်၊ မင်း... မင်း... မင်း... အဲဒီဓာတ်ပုံထဲမှာလေ လူတစ်ယောက်ထပ်တိုးလာတာကို သဘောတူလားဟင်?"

ချွေးမင်ကျန့်ပြောပြီးသည့်နောက် အမှားတစ်ခုခုလုပ်မိလို့ ဆရာမဆီက အပြစ်ပေးခံရတော့မယ့် ကလေးတစ်ယောက်လိုမျိုး စောင့်ဆိုင်းနေလေ၏။

မုန့်လန် သူ့ကို တိတ်တဆိတ်ကြည့်ရုံကြည့်နေမိပြီး ခုနက သူဘယ်လောက်တောင်တုန်လှုပ်နေသလဲဆိုတာ သူမပြန်စဥ်းစားမိရင်း မရယ်မောဘဲမနေနိုင်တော့ချေ။

"မင်း ဘာရယ်တာလဲ?" 
ချွေးမင်ကျန့် အနည်းငယ် စိတ်ဆိုးသွားရသည်။

မုန့်လန် မျက်နှာပေါ်က အပြုံးမှာ ပိုမိုတောက်ပလာပြီး "ကျွန်မဓာတ်ပုံထဲမှာ လူတစ်ယောက် ပျောက်နေတာပဲ"

အဲဒီတော့မှသာ ချွေးမင်ကျန့် သူ့လျှာသူ ပြန်တွေ့ရှိလိုက်ရသည့်နှယ် အပြင်းအထန်ခေါင်းညိတ်လာကာ "ကိုယ်ပြောသားပဲ၊ မင်းဓာတ်ပုံထဲမှာ တစ်ယောက်ယောက်ပျောက်နေပါတယ်လို့။ သုတေသီတစ်ယောက်အနေနဲ့ ကိုယ် မင်းကိုအကြံပြုချင်တာကတော့ အဲဒီနေရာကို မြန်နိုင်သမျှမြန်မြန်ဖြည့်သင့်တယ်နော်"

"မင်း သင့်တော်မယ့်လူ ရှာမတွေ့ရင်လေ ကိုယ်က ကိုယ့်ကိုယ်ကို အကြံပြုလိုက်မယ်နော်"

"အရင်ဆုံး စာရင်းသွင်းပေါ့"
မုန့်လန် သူမရှေ့က အမျိုးသားရဲ့ မျက်လုံးတွေကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကိုယ့်အတွက် စာရင်း​သွင်းပါရစေ"

ကုန်သည်ကြီးများအသင်း တရားဝင်တည်ထောင်သည့်နေ့တွင် ပုလဲလက်မှုခြံအရှေ့ ဟင်းလင်းပြင်၌ စင်မြင့်ကြီးတစ်ခုကို တည်ဆောက်ထားပြီး လမ်းနှစ်ဖက်လုံးက ဆိုင်တွေမှာ မရေမတွက်နိုင်သော ပူဖောင်းတွေနှင့် မီးပုံးနီတွေကို ချိတ်ဆွဲထားသည်။

ချင်းရို့က ယနေ့တွင် ပုလဲလက်ဝတ်ရတနာများစွာ ဆင်ယင်ထားလေသည်။ သူမက လှပသော ပုလဲနားကပ်၊ ပုလဲလည်ဆွဲတွေနှင့် ပုလဲလက်စွပ်တွေကို ၀တ်ဆင်ထား၏။ တောက်ပြောင်လှပနေတဲ့ပုလဲတွေက သူမအား နူးညံ့သိမ်မွေ့တဲ့ စိတ်နေစိတ်ထားကို ပေးစွမ်းနေလျက်။

ချင်းရို့ နှင့် မွေးမြူရေးစက်ရုံမန်နေဂျာများစွာက ဒေသန္တရအစိုးရ ကိုယ်စားလှယ်တွေနှင့် စကားပြောနေပြီး အနီးအနားတွင် ခရီးသွားလုပ်ငန်းဗျူရိုမှ လူတွေပါ ရှိနေကြသည်။

ထိုအချိန်တွင် ကားအများအပြား ဝင်လာကြလေပြီ။ သူတို့ကတော့ ချုံကျိုးကျွန်းရုပ်သံဌာနမှဖြစ်ကြလေရဲ့။

ယနေ့သည်ကား အရေးပါတဲ့ပွဲကြီးတစ်ပွဲဖြစ်၍ ချုံကျိုးကျွန်းရှိ တစ်ခုတည်းသော ဒေသတွင်း ရုပ်မြင်သံကြားဌာနအနေဖြင့် ရိုက်ကူးပြီး မှတ်တမ်းတင်ရန် လာရောက်ရမည်ဖြစ်သည်။

ချုံကျိုးကျွန်းရုပ်သံဌာနကို တည်ထောင်ခဲ့သည်မှာ တစ်နှစ်သာရှိသေးသလို သူတို့က မအောင်မြင်သေးတဲ့ အောက်ခြေအဖွဲ့တစ်ဖွဲ့ဖြစ်နေဆဲ။

ရုပ်သံဌာနမှ လူတွေရောက်လာပြီးနောက် ပွဲရှိလူများစွာလည်း စိတ်လှုပ်ရှားစပြုလာလေပြီ။ သူတို့က ဒီဒေသတွင်းရုပ်သံလိုင်းကို မကြာခဏမကြည့်ဖြစ်ကြပေမယ့်...

ဒီနေ့ ပွဲမှာ သူတို့ရှိနေတယ်လေ၊ ဒါဆို သူတို့တွေကို ကင်မရာမှာရိုက်မိသွားလိမ့်မှာပဲ။ ဆိုလိုတာက... သူတို့ တီဗွီမှာပါလာတော့မှာပေါ့!!!

ဒါက ဒေသတွင်းရုပ်သံဌာနတစ်ခုဖြစ်ပေမယ့် ဒါလည်း တီဗီပဲလေ!!!

"ငါတို့ ဒီနေ့ တီဗီမှာပါတော့မယ်ဟေ့"

"တီဗီမှာပါဖို့အတွက် အသင့်ပြင်ထားတော့။ နေရာကောင်းကို ရွေးထားဦး!"

"မင်း အဝတ်အစားလဲပြီး မှန်ကြည့်ချင်လား?"

…

သူတို့ မကြာခင် တီဗီမှာပါလာတော့မယ်ဆိုတာ သိကြသဖြင့် စမ်းသပ်စခန်းတွင် အမြဲလိုလိုနေတတ်ကြတဲ့ သုတေသီတွေတောင်မှ အိုင်ဒေါတွေလို ကျကျနနဝတ်စားလာကြသည်။

၁၉၈၀နှစ်များတွင် တီဗီတွေက မရှားပါးတော့။ ကာလာတီဗီမတတ်နိုင်ရင်တောင် အဖြူအမည်းတီဗီဝယ်နိုင်ကြသည်လေ။

ကျေးရွာအများအပြားနှင့် ရပ်ရွာလူထုလှုပ်ရှားမှုနေရာများတွင် အဖြူအမည်းတီဗီတပ်ဆင်ထားမည်ဖြစ်ပြီး တစ်ခါတစ်ရံ တစ်ရွာလုံး တီဗီကြည့်ရန် စုဝေးတတ်ကြသည်။

တီဗီကြည့်တာက ရုပ်ရှင်ကြည့်တာနဲ့တူပေသည်။ လူများများကြည့်လေ ပိုပျော်ဖို့ကောင်းလေလေပဲ။

"ချွေးမင်ကျန့် မင်း ဘာတွေနေ့ခင်းကြောင်တောင်အိပ်မက်မက်နေသေးတာလဲ?"

"ဘာလို့ မြန်မြန်သန့်ရှင်းရေးမလုပ်တာလဲကွာ?"

"မင်း ဒီရက်ပိုင်း ဘာလို့အိပ်နေရင်းလမ်းလျှောက်နေတာတုန်းကွ?"

- အိပ်နေရင်းလမ်းလျှောက်နေတာလား?

ချွေးမင်ကျန့် အဲဒီနေ့တုန်းက နာမည်စာရင်းသွင်းပြီးတဲ့နောက် အိပ်မက်မက်နေသလို ခံစားနေရကာ စိတ်လှုပ်ရှားနေသဖြင့် စိတ်နဲ့ကိုယ်နဲ့ကပ်မနေတော့။

မုန့်လန်သည် ပွဲစတော့မည်ဖြစ်​၍ ဒါကို ပွဲပြီးသည်အထိ လျှို့ဝှက်ချက်အဖြစ်ထားပြီး တခြားသူတွေကိုမပြောရန် တောင်းဆိုထားတယကြောင့် ချွေးမင်ကျန့်လည်း နာနာခံခံဖြင့် 
တစ်ခွန်းမှထုတ်မပြောခဲ့ပေ။

သူ အတင်းအကျပ် ချုပ်တည်းထားရခြင်းပင်။

"ချင်းရို့"

ချင်းရို့ ရုပ်သံဌာနမှ လူတွေကို တွေ့လိုက်ရတဲ့အခါ သူတို့အုပ်စုထဲမှာ သူမ ရင်းနှီးနေတဲ့ မျက်နှာဟောင်းများစွာကို တွေ့လိုက်ရလေသည်။

ချုံကျိုးကျွန်းရုပ်သံဌာနဆိုသည်ကား မူလက ဒေသတွင်းအသံလွှင့်ရုံဌာနမှ တိုးတက်ဖွံ့ဖြိုးလာခြင်းပင်။

xxx

All Chapters