Gaiadransil, The Daughter of Nirin
Vol. 1 Ch. 18
လီယိုနာ့ဒ်သည် သူ၏ခါးကို ကြိုးဖြင့်ချည်ကာ သစ်မြစ်ခေါင်းကြီးအတွင်းသို့ ဆင်းလာရာ၌၊ သူ့ဘေးက ပျံဝဲနေသော သလင်းတုံးလေး၏ အလင်းမှိန်လေးမှတစ်ပါး ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်နေ၏။
တအောင့်မျှအကြာတွင် ပျော့အိအိအရာကိုနင်းမိသော ခံစားချက်နှင့်အတူ သူ့ခြေဖဝါးတစ်ခုလုံးမှာ ကြမ်းပြင်က ချော်ထွက်သွားသည့်အတွက် ၊ ရင်တွင်းထိတ်ခနဲဖြစ်၍ ခါး၌ချည်ထားသော ကြိုးကိုလက်တစ်ဖက်နှင့် ဆွဲကိုင်ကာ ဟန်ချက်ကို ပြန်ထိန်းလိုက်ရ၏။
ယင်းနောက် နောက်တစ်ခါ ခြေပြန်ချကြည့်သည့်အခါ ဖိနပ်ဦးမှတစ်ဆင့် ချောကျိနေသည့်မျက်နှာပြင်အား ထိမိသောခံစားချက်တစ်ခုကို ရပြန်သဖြင့်၊ သူသည် ဘေးကသလင်းတုံးကို ယူငင်ပြီးနောက် ခြေအောက်သို့ ပစ်ချကြည့်လိုက်လေရာ ၊ အစိမ်းရောင်အကျိအချွဲများဖြင့် ပြည့်နှက်နေသော ကြမ်းပြင်ကြီးတစ်ခုလုံးမှာ သူ့မျက်စိတစ်ဆုံး ပေါ်လွင်လာလေတော့သည် ။
“ခေါင်းဆောင် အဆင်ပြေရဲ့လား”
အပေါ်ကလှမ်းအော်သည့် အမေးကို သူပြန်မဖြေနိုင်သေး ။ အမြစ်ခေါင်းတွင်း ဆင်းလာကတည်းက ပြင်းလွန်းလှသည့် စိမ်းရွှေရွှေအနံ့ကြီးကို သူဆက်မခံနိုင်တော့သည့်အားလျော်စွာ အသက်ကို မျှဉ်းမျှဉ်းသာရှူကာ အဆုတ်တစ်ခုလုံးကို လေအပြည့်ဖြည့်ပြီးမှ
“မရဘူး … ဒီအတိုင်းလမ်းလျှောက်သွားလို့ လုံးဝမရဘူး ။ ဂရာဗိုးရက်(စ်) ယန္တရားရုပ်ကို စီးသွားရလိမ့်မယ် ။ ပြီးတော့ မင်းတို့ဆင်းလာရင် ကြမ်းပြင်ကို ကုပ်နိုင်တဲ့အထူးဖိနပ်တွေပါယူခဲ့ ။ မင်းရဲ့ နဂါးယန္တရားဓားလည်းယူခဲ့”
ဟု လှမ်းအော်လိုက်သော် အပေါ်တွင်လည်း ဆူဆူညံညံအသံများထွက်လာလေသည် ။ ပတ်ဝန်းကျင်ကို အကဲခတ်သရော် ၊ သလင်းတုံး သုံးတုံးကထွက်သော အလင်းမှာ သူ့ဘေးတစ်ဝိုက်မျှသာ အလင်းပေးထားနိုင်ပြီး အမှောင်ထုကြီးက သူ့ကိုဘေးပတ်ပတ်လည် ဝိုင်းထားရကား လီယိုနာ့ဒ်မှာ အံကိုသာကြိတ်လိုက်မိသည် ။ အနှီခရီးလမ်းကား မလွယ်နိုင် ။ ဤသည်ကို ဖြတ်လမ်းတစ်ခုအနေနှင့် သုံးနိုင်သော (အေ) ဆိုသည့်ကောင်ကား မည်သို့သောသူနည်း ။
ထိုသို့တွေးနေကြိုက်မှာပင် ဂရာဗိုးရက်(စ်) ယန္တရားကြီးသည် ဖောက်ထားသော အပေါက်ဝမှ သစ်ခေါင်းတွင်းသို့ ခုန်ဆင်းလာပြီးနောက် ၊ သစ်ခေါင်း၏ ကြမ်းပြင်နှင့်ထိရန် ငါးပေမျှသာလိုတော့သည့် အခိုက်၌ ၎င်းကြီး၏ခြေချောင်းများမှ အပြာနှင့်အဝါရောယှက်သော မီးပန်းကြီးများထွက်လာကာ ယန္တရားရုပ်ကြီးမှာ လေပေါ်တွင်ပျံဝဲနေ၍ ၊ စက္ကန့်ပိုင်းမျှကြသောအခါမှ အကျိအချွဲကြမ်းပြင်ကြီးပေါ်သို့ ညင်ညင်သာသာ ဆင်းလာလေသည် ။
ယင်း၏ခြေထောက်၌ ဂျက် (Jet) အိတ်ဇောများ တပ်ဆင်ထားခြင်းဖြစ်ပြီး၊ ကြမ်းပြင်နှင့် ထိခါနီးအချိန်၌ ယခုကဲ့သို့ဂျက်နှင့် ပြန်မပင့်ဘဲ ခုန်ဆင်းလာပါက အောက်၌စောင့်နေသော လီယိုနာ့ဒ်မှာ သက်သာမည်မဟုတ် ။ အကျိအချွဲများလာစဉ်၍ ရေချိုးပြီးဖြစ်သွားပေလိမ့်မည် ။
“ခေါင်းဆောင် … တက်ခဲ့တော့”
ဤသည်ကား ဂရာဗိုးရက်(စ်)ကြီး၏ ကိုယ်ထည်အပေါ်၌ ထိုင်နေသော ဇိုက်(ခ်)၏အသံဖြစ်ပြီး ယင်းသာမက ယန္တရားရုပ်ကြီးပေါ်ဝယ် ဝိုက်ဗန်အမ်းနှစ်ယောက်နှင့် မာတိုရိုတို့ပြင် ရေသူမလေးတို့နှစ်ယောက်လည်း ထိုင်လျက်ရှိနေကြ၍ ၊ ၎င်း၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် အနှီယန္တရားရုပ်၏ ပင့်ကူခြေခြောက်ချောင်းလုံးမှာ ပြိုင်တူကွေးကာ သူ့ရှေ့သို့ နိမ့်ကျလာသည့်အားလျော်စွာ ၊ လီယိုနာ့ဒ်လည်း ကမ်းပေးနေသော ဇိုက်(ခ်)၏ လက်ကိုအားယူလျက် တက်လိုက်လေသည် ။
စုစုပေါင်း လူခုနစ်ယောက်ကို တင်ထားရလင့်ကစား ချင်းကြီးမှာ ဝန်ပိသည့်လက္ခဏာများဖြစ်သည့် ခြေညွတ်ကျခြင်းများ ၊ တကျွီကျွီအသံထွက်ခြင်းများမရှိဘဲ ပြန်ထလာသဖြင့် သူလည်းစိတ်ချလက်ချဖြင့် ယန္တရားကျောပြင်၏ ဘယ်ဘက်စွန်း၌ ဒူးတစ်ဖက်ထောက်ထိုင်လိုက်လေသည် ။ သစ်မြစ်ကြီးအတွင်းတိုးမည့် ခရီးလမ်းကြီးကား စတင်လာလေပြီ ။
“ဒုန်း … ဗွမ်း … ဒုန်း … ဗွမ်း … ဒုန်း … ဗွမ်း … ဒုန်း … ဗွမ်း …”
ပင့်ကူယန္တရားကြီးမှာ အကွေ့အဝိုက်မရှိသော သစ်ခေါင်းဂူကြီးအတွင်း အဟုန်နှင့်ပြေးနေသည့်အတွက် ယန္တရားခြေထောက်နှင့် သစ်မြစ်ကြမ်းပြင်ထိသံများ ၊ အစိမ်းရောင်အကျိအချွဲများ ဖွာထွက်သွားသံများ ၊ ဒူးဆစ်များမှ ရေနွေးငွေ့များ တရှူးရှူးထွက်သံများပြင် ထိုအသံများအားလုံး ပြန်လည်ပဲ့တင်လာသံများဖြင့်လည်း ဆူညံနေလေ၏ ။
သလင်းတုံး ၃ တုံးက ကပ်လိုက်နေသဖြင့် ဘေးနားတစ်ဝိုက်နှင့် ရှေ့ဆယ်ပေကိုမူ ကောင်းကောင်းမြင်ရသော်လည်း ထိုအလင်းကိုကျော်လျှင် အရာရာအားလုံးမှာ အမှောင်ထုကြီးသာ ။
သစ်ခေါင်းဂူကြီးအတွင်း၌ ပူနွေးပြီး စိုထိုင်းနေသည့်ပြင် ၊ မြေပြင်မညီသော မျက်နှာပြင်ပေါ်တွင် ယန္တရားရုပ်ကြီးက ပြေးနေသောကြောင့် ၎င်း၏ကျောပေါ်ဝယ် ထိုင်လိုက်နေရသော သူတို့အားလုံးမှာလည်း ယိုင်ထိုးနေကြပြီး ၊ လီယိုနာ့ဒ်မှာ ဘေးအစွန်က ထိုင်လိုက်နေရသည့်အတွက် သတိတစ်ချက်လွတ်လျှင်ပင် အောက်သို့ပြုတ်ကျနိုင်ရကား ၊ ကောင်းသေးသော ညာလက်ဖြင့် ယန္တရားရုပ်၏ အမြောက်ကြီးကို ထိန်းကိုင်ထားရသည်သာမက၊ ဤယန္တရားရုပ်၏ ခြေဖြင့်ဆောင့်နင်းရာမှ လွင့်စဉ်လာသော အစိမ်းရောင်အကျိအချွဲများက သူ့ညာလက်အား လာစဉ်နေသည်ကိုပင် မရှောင်နိုင်တော့လေရာ၊ ညာဘက်တံတောင်ဆစ် တစ်လျှောက်လုံးမှာ ထိုအကျိအချွဲများနှင့်ပေပွကာ ယားတက်လာသည် ။ ပြင်းလွန်းလှသည့် စိမ်းရွှေရွှေအနံ့များကလည်း သူ့နှာဝ၌ တဝေ့ဝေ့ ။
လေဒီ လီလီယာနာနှင့် လေဒီ ဆယ်ဖီးနီးတို့၏ ဧည့်ခံမှုမှာ လောက၏စည်းစိမ်ဆိုပါက ၊ အနှီမဟာသစ်ပင်ကြီး ဂီဟာဒြန်းဆဲလ် (Gaiadransil) ၏ အမြစ်ခေါင်းတွင်းက ယခုအတွေ့အကြုံမှာ လောကငရဲ ဖြစ်တန်ရာ၏ ။ ဘယ်ဘက်လက်သာ အကောင်းတိုင်းရှိနေသေးပါက ဤမျှထိဒုက္ခရောက်မည် မဟုတ်ဟုလည်း တွေးနေမိ၏ ။ ထိုစဉ်သူ့ဘေးက
“အဲသည်အချိန်မှာပဲ ဟီဇာမီဆိုင်းရက်(စ်) (Hezamasiax) ရဲ့ လက်တံကြီးတွေက ဒီအမှောင်ထုထဲက ထွက်လာပြီး နင့်ကိုရစ်ပတ် ။ ပြီးတော့ လားစူးဒက်(စ်)ဘုံ (Plane of the Lasudus) ထဲဆွဲခေါ်သွား ။ ဘယ်နတ်ဘုရားမျှ နင့်ကိုမကယ်နိုင်”
“…”
“ဟဲ့ … နင်ကဘာဖြစ်နေတာလဲ ။ ငါခြောက်တာကို မကြောက်ဘူးလား”
“ဟို … ဟို … ကြောက် … ကြောက်ပါတယ် သခင်မလေး ။ ကြောက်လွန်းလို့ ဘာမျှပြန်မပြောနိုင်တာပါ”
“ဒါမျိုးဖြစ်နေရမယ်လေ … ခစ်ခစ်”
ယင်းတို့နှစ်ယောက်ကို ကြည့်လျက် “ငါလခွမ်းတဲ့မှ” ဟုသာစိတ်တွင်းရေရွတ်မိတော့သည် ။
ဤသို့ဖြင့်အမြစ်ခေါင်းကြီးတစ်လျှောက် ခရီးနှင်လာကြ၍ ၊ တခဏမျှကြာသည့်အခါဝယ် သူတို့ရှေ့ကလိုဏ်ခေါင်းကြီးမှာ နှစ်ခွကွဲထွက်သွားသဖြင့် ဇိုက်(ခ်)က ဂရာဗိုးရက်(စ်)ကြီးကို ရပ်စေပြီးနောက် မည်သည့်လမ်းကို သွားရမည်နည်းဟု ဆက်ဖီဘီယမ်လေးကို မေးမြန်းသည့်အခါ ၊ ၎င်းလေးမှာ အမေးကိုမဖြေဘဲ ယန္တရားရုပ်ကြီးပေါ်မှ ခုန်ဆင်းလေသည် ။ ယင်းနောက် အစိမ်းရောင်အကျိအချွဲများကပ်နေသည့် ကြမ်းပြင်ကြီးကို နှာခေါင်းဖြင့် ထိလုမတတ်နမ်းနေသည်တွင် ၊ မာတိုရိုကလည်း အောက်သို့ ခုန်ဆင်းသွားပြန်၏ ။
ထိုအခါမှ သူလည်း သတိထားမိသည် ။ ယခုအခါ မာတိုရိုသည် ကျော၌နှစ်တောင်ခန့်မျှ ရှည်သော ဖန်ပြွန်ကြီးတစ်ခုကို လွယ်ထား၍ ၊ အနှီပိုးကောင်မှာ အကျိအချွဲများကို လက်ဖြင့် ကော်ယူနမ်းရှုပ်နေပြီးနောက် အဆိုပါအရာတို့ကို နောက်ကျောက ဖန်ပြွန်ကြီးအတွင်း ခပ်ထည့်လေသည်။ ထို့ကြောင့် သူက
“မင်းတို့ဘာလုပ်နေကြတာလဲ”
ဟု လှမ်းအော်လတ်သော် ၊ ပဲ့တင်သံများမှာ အထပ်ထပ်ဆင့်သွားပြီး ဆက်ဖီဘီယမ်လေးမှာ ဦးစွာခေါင်းမော့လာလေ၏ ။
“ကျွန်တော် … တခြားလူးသို့(စ်)တွေရဲ့ သွေးနံ့ကို အနံ့ခံမိနေတယ် ။ ဒီဘက်ကိုသွားရမှာပါ”
ဟု ဆို၍ ညာဘက်လမ်းခွကို လက်ညှိုးညွှန်ပြလျက်ပင် ယန္တရားရုပ်ပေါ်ပြန်တက် လာစဉ် ၊ မာတိုရိုကလည်း ဤကလေးနောက်မှ လိုက်လာပြီး ယင်း၏ကျောပေါ်က ဖန်ပြွန်ကြီးမှာလည်း အစိမ်းဖန့်ရောင်တောက်နေလေသည် ။ ထိုအခါဇိုက်(ခ်)က
“မင်းကကော … ဘာလုပ်ရတာလဲ”
“အေးဆေးပေါ့ဗျ တပ်မှူးရ ။ နောက်သိလာမှာပေါ့”
ဟုဆို၍ ယန္တရားရုပ်ပေါ်ပြန်တက်သည့်အလျောက် သူတို့လည်း ညာဘက်ဥမင်ဆီသို့ ဦးတည်လျက် ခရီးဆက်ကြပြန်သည် ။
ဂရာဗိုးရက်(စ်)ကြီး၏ ပင့်ကူခြေထောက်ကြီးများမှာ စည်းချက်ကျကျ ရွေ့လျားနေဆဲ ။ အစိမ်းရောင် အကျိအချွဲများကလည်း သူ့လက်ကို အချိန်မှန်စွာ လာစဉ်နေဆဲဖြစ်၍ ၊ အချိန်တစ်ခုကြာလာသည်နှင့်အမျှ ယန္တရားရုပ်ကြီး၏ ရွေ့လျားမှုများနှင့် စိမ်းရွှေရွှေအနံ့များကိုပင် လီယိုနာ့ဒ်မှာ ယဉ်ပါးလာသည့်အခါ အလယ်၌ ထိုင်နေသော ဇိုက်(ခ်)ဘက်သို့လှည့်ကာ
“အချိန်ဘယ်လောက်ကုန်သွားပြီလဲ”
ဟုမေးလျှင် ၊ ၎င်းက နဂါးခေါင်းခမောက်၏ နားထင်နေရာကို လက်နှစ်ချောင်းဖြင့် ထောက်လိုက်လေသည် ။
“စုစုပေါင်း အချိန်တစ်နာရီနှင့် လေးမိနစ် ကုန်သွားပြီခေါင်းဆောင် ။ ပြီးတော့ ဗဟိုက သတင်းပြန်ပို့လာတယ် ။ အာရီယာ ပင်လယ်မှာ ရှိနေတဲ့ အိုက်ကရက်(စ်)ပေါ်ကို ယန္တရားတွေတင်နေတာ အဆင်မချောသေးလို့ စောတော့မရောက်နိုင်ဘူးတဲ့ ။ အလွန်ဆုံးလို့ပြောထားတဲ့ အချိန်ထက် ငါးမိနစ်တောင် ပိုနောက်ကျနိုင်တယ် လို့ပြောတယ်”
“ဒီအချိန်တစ်နာရီကို အကောင်းဆုံးတောင့်ခံရုံပေါ့ကွာ”
“ဒါပေါ့ … ဒါနှင့်နေပါဦး … ခင်ဗျား ဒီလမ်းရဲ့အဆုံးမှာ ဘာကိုမျှော်လင့်ထားလဲ”
“ရှရပြည်ရဲ့ တစ်နေရာ မြေပြင်ထိ ပြန်ပေါက်လိမ့်မယ်လို့ တွေးထားတယ် ။ အဲသည်ကမှ ဆက်လိုက်တာပေါ့”
ထိုကဲ့သို့ပြောနေလျက် ၊ ဆိုနေလျက်ရှိခိုက် ယန္တရားရုပ်ကြီးက ဒုတိယမ္ပိရပ်တန့်သွားသည့်အတွက် သူသည်ရှေ့သို့ လှည့်ကြည့်ရာ၌ ၊ ရှေ့တည့်တည့်ဝယ် လမ်းသွယ်ကြီး ငါးခွတိတိကွဲနေလေသည် ။
“ကဲ မောင်လူးသို့(စ်)လေး ။ မင်းအနံ့ခံဖို့ အလှည့်ကျပြီထင်တယ်”
သူ့စကားကြောင့် ချင်းလေးမှာ ခေါင်းညိတ်ပြလျက် ယန္တရားရုပ်ပေါ်မှ ခုန်ဆင်း၍ ကြမ်းပြင်ကို နှာခေါင်းဖြင့် အနံ့ခံနေလျက်ပင် ဂူ၏ဘယ်ဘက်ရှိ အမှောင်ထုကြီးအတွင်းသို့ တိုးဝင်သွားသောကြောင့် ၊ “ရှေ့ကလမ်းငါးသွယ်သို့ မသွားဘူးလော” ဟု စိတ်တွင်းထင့်သွားသော်ငြား စောဒကမတက်သေးဘဲ ၊ ယန္တရားရုပ်ကြီးဖြင့်သာ ၎င်းနောက်မှ တစ်လှမ်းချင်းလိုက်သည်တွင် တခဏမျှကြာသရော် အမှောင်ထုအတွင်းက အကျိအချွဲစိမ်းပုပ်ပုပ်တို့နှင့် လွှမ်းနေသော နံရံကြီးတစ်ခုပေါ်လာလေပြီး ၊ ထိုနံရံကြီးဝယ် လူတစ်ကိုယ်ကျော်ကျော်မျှသာ ကျယ်သော အပေါက်ငယ်သုံးပေါက်ခန့်ကို တွေ့လိုက်ရလေသည် ။
အကျိအချွဲများက အပေါက်ဝပေါ်မှ ကြွက်မြီးတန်းကျနေသောကြောင့် သေသေချာချာသာ မကြည့်ပါက ထိုအပေါက်များကို မြင်ရမည်မဟုတ်ချေ ။ ဆက်ဖီဘီယမ်လေးမှာ သုံးပေါက်အနက် အလယ်ပေါက်ကို လက်ညှိုးညွှန်ပြလေလျှင် သူသည် မျက်မှောင်ကုတ်သွား၍
“ဟေ့ … မင်းသေချာရဲ့လား”
“သေချာပါတယ် … သူရဲကောင်း”
“မဟုတ်သေးပါဘူး … ထပ်ပြီး အနံ့ခံကြည့်စမ်းပါဦးကွာ”
ဟု ထပ်ခိုင်းသည်တွင် ၊ ၎င်းလေးက ထပ်မံအနံ့ခံပြီးနောက် ထိုအပေါက်ကိုသာ လက်ညှိုးညွှန်ပြနေသည့်အတွက် သူသည်သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည် ။
“ဒီအပေါက်ဆိုရင်တော့ မလွယ်ဘူး ။ ကျုပ်တို့အားလုံး ယန္တရားရုပ်ကို ထားခဲ့ပြီး လမ်းဆင်းလျှောက်ရတော့မယ်”
“ဒါဆိုလည်း လျှောက်တာပေါ့ကွာ”
ဇိုက်(ခ်)၏ အဆိုကို တိုတိုပြတ်ပြတ်သာတုံ့ပြန်၍ ကြမ်းပြင်ကို ကုပ်ယူထားနိုင်စွမ်းရှိသော ဖိနပ်များကိုစီးပြီးနောက် ၊ ယန္တရားရုပ်ပေါ်က ဆင်းလာလေသည် ။
“အီး … ဒီအကျိအချွဲတွေပေါ်မှာ လျှောမတိုက်ချင်ဘူး ။ နင် … နင် ငါ့ကိုချီ”
ရေသူမလေးက ထိုသို့ဆိုသဖြင့် ဆက်ဖီဘီယမ်လေးမှာလည်း ယင်း၏လက်ပိန်လေးများဖြင့် မယ်မီးမီး၏ ငါးခန္ဓာကိုယ်လေးကို ပွေ့ကာ သူတို့နှင့်အတူ အပေါက်ငယ်အတွင်းသို့ တိုးဝင်လာလေရာ ၊ ထိုအပေါက်လေးမှာ ဆယ်ပေမျှသာမြင့်ပြီး အကျယ်မှာလည်း လူတစ်ကိုယ်သွားစာသာ ကျယ်သည့်အားလျော်စွာ ဤအတွင်းသို့တိုးဝင်လာရသည်ကား ရေဆိုးမြောင်းအတွင်း သွားနေရသည့်အလားပင်ဖြစ်၍ ၊ ချော်မလဲစေရန် ခြေတစ်လှမ်းလှမ်းတိုင်း၌ ကြမ်းပြင်ကို အထူးဖိနပ်ဖြင့် ဖိနင်းရလေ၏ ။ ဘေးနံရံက အကျိအချွဲများ ပွထနေသောကြောင့် လက်ဖြင့်အားပြု၍မရ ။ ဂူလေးအတွင်းလူခုနစ်ယောက် ပူးနေသည့်အလျောက် တစ်ယောက်လဲပါက ဖဲချပ်များ ဒိုမီနိုပြိုသကဲ့သို့ ရှိပေရော့မည် ။
ဤသို့ဖြင့် ထိုဂူလေးတစ်လျှောက် တိုးလာကြစဉ် တအောင့်မျှကြသရော် သူ့စိတ်တွင်း အသက်ရှူမဝသကဲ့သို့ ခံစားလာရသဖြင့် လေကို အဆုတ်တွင်းထိ ရှိုက်ရှူလိုက်လေ၏ ။ သို့စေကာမူ အသက်မှာဝမလာရကား ရှူသွင်းထားသည့်လေကို ဖြည်းဖြည်းသာလွှတ်၍ ပြန်ရှူလေလျှင် သူ့ရင်ဝတွင်း မွန်းကျပ်လာလျက် မျက်လုံးများလည်းပြူးကျယ်လာလေ၏ ။ နောက်လှည့်ကြည့်သော် အာပေါဿကလေးမလေးမှာလည်း နှာခေါင်းကိုပိတ်လျက် ၊ လည်ပင်းက ပါးဟက်များပြန့်ကားလျက် ခေါင်းကိုတွင်တွင်ယမ်းနေလေပြီ ။
“အသက်ရှူမရတော့ဘူး … ဘာတွေဖြစ်လာတာလဲ”
သူ့ရင်များ ကျပ်သည်ထက်ပိုကျပ်လာ၍ နှလုံးများလည်း တဒိုင်းဒိုင်းခုန်လာသည်သာမက မဝသဖြင့် ပိုရှူလေလေ ၊ ပိုမဝလေလေဖြစ်လာပြီး ၊ တခဏမျှကြာသော် သူ့ခေါင်းတွင်း မိုက်ခနဲဖြစ်သွားသောကြောင့် ယိုင်မလဲစေရန် ဟန်ချက်ကို ထိန်းလိုက်သည့်အခါ အားသုံးလိုက်ရသောကြောင့် ပိုမွန်းလာပြန်တော့သည် ။ ရေမရှိဘဲ ရေနစ်နေသည့်ခံစားချက် ။
“ခေါင်းဆောင် … ခေါင်းဆောင် … ခင်ဗျားတို့ရရဲ့လား”
ဇိုက်(ခ်)ကလွဲပြီးကျန်သူများ ယိမ်းထိုးနေကြ၍ ၊ ဝိုက်ဗန်အမ်းနှစ်ယောက်အနက် တစ်ယောက်မှာ ဖင်ထိုင်လျက်လဲကျသွားလေပြီး ချပ်ဝတ်နှင့် သစ်မြစ်ကြမ်းပြင်ထိသံမှာ ဒေါင်းခနဲထွက်လာ၏ ။ ယင်းမှတစ်ဆင့် ပဲ့တင်သံများလည်း ထပ်ဆင့်လာ၏ ။ ထိုအခါမာတိုရိုက
“တပ်မှူး … ခင်ဗျားဘာမျှ … ဘာမျှမဖြစ်ဘူးလား”
“မဖြစ်ဘူး … ဒါပေမဲ့ ငါ့နဂါးခမောက်ရဲ့ U I (User Interface) က မူမမှန်ဘူး အရေးပေါ်အသက်ရှူစနစ်ကို ပြောင်းနေပြီ”
“ဒါ … ဒါဆို ကျုပ်သိပြီ ။ ဒီအမိုးနှင့် နံရံတွေကို ဟေဆွန်ဓားနှင့်ခုတ်တော့”
“ဘာ … ဘယ်လို”
မာတိုရိုကား ဒူးထောက်ကျသွားလေပြီ။ အလားတူ လီယိုနာ့ဒ်မှာလည်း ဦးခေါင်းများ ချာချာလည်နေ၍ ၊ မူးခနဲ မိုက်ခနဲဖြစ်မှုများ ပိုစိပ်လာသည်သာမက နားတွင်းတစီစီမြည်သံများပါ စူးရှလာသဖြင့် ၊ ဤအတိုင်းသာဆက်သွားပါက စက္ကန့်ပိုင်းအတွင်း သူသတိလစ်ပေတော့မည် ။
“မမေးနှင့် … ပြောတာသာလုပ်စမ်းပါ”
ထိုအခါ သူ၏ဝေဝါးနေသောအမြင်၌ ဇိုက်(ခ်)၏ လက်နှစ်ဖက်လုံးမှ အပြာရောင် ရောင်ခြည်ဓားနှစ်လက်ထွက်လာသည်။ ယင်းနောက် ၎င်းမှာ သစ်ခေါင်းနံရံနှင့် အမိုးများကို ပိုင်းချလတ်သော် ၊ ရှဲခနဲမြည်သံကြီးများနှင့်အတူ နံရံများ၌ မီးတောက်ကြီးများ ဟုန်းခနဲထလာလင့်ကစား၊ ယင်းမီးလျှံတို့မှာ တစ်ခဏမျှသာ တောက်လောင်၍ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ပြန်လည်ငြိမ်ကျသွားပြီးနောက်၊ သူ့နှာဝတွင်းသို့ စိမ်းရွှေရွှေ ပူနွေးနွေး လေလှိုင်းတစ်ခုမှာ စတင်တိုးဝင်လာလျှင်၊ အနံ့ဆိုးများဖြစ်သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သက်တစ်ဆုံး ရှိုက်ချလိုက်တော့သည်။ ထိုအခါမှ သူ့တစ်ကိုယ်လုံး လန်းတက်လာ၏ ။ မျက်လုံးများလည်း ပြန်ကြည်လာ၏ ။ ထို့နောက် ပါးစပ်ကို လက်နှင့်ပိတ်လိုက်၍
“မာတိုရို … ဒါဘာလဲ … ဘာဖြစ်တာလဲ”
“ဒီ … ဒီမဟာသစ်ပင်ကြီး … အသက်ရှူလိုက်လို့ … ကျုပ်တို့ရှူလို့မရတော့တာ”
“ဘာရယ် … မင်းဘာပြောနေတာလဲ … သစ်ပင်က ဘယ်လိုအသက်ရှူတာလဲ ဟေ့ကောင်”
ဇိုက်(ခ်)၏ စကားကို ခွန်းတုံ့မပြန်ဘဲ မာတိုရိုမှာ ဒူးပေါ်သို့ လက်လေးဖက်လုံးထောက်လျက် ၊ နောက်ကျောက အခွံမာများမှာ ဟစေ့ဟစေ့ လုပ်နေလျက် အသက်ကို ရှိုက်နေရသောကြောင့် ၎င်းအသက်ရှူဝသည်အထိ စောင့်ပေးရ၏ ။ ပြီးမှယင်းက
“ဒီလိုဗျာ … ကျုပ်တို့က သစ်ပင်ရဲ့ အမြစ်ထဲရောက်နေတာ ။ ဒီသစ်မြစ်က မြေဆီလွှာထဲက အောက်ဆီဂျင်ကို စုပ်ယူပြီးတော့ ဇီဝကမ္မဖြစ်စဉ်လုပ်တယ် ။ လုပ်ပြီးတော့ ပိုတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကို ဒီအလယ်က အမြစ်ခေါင်းထဲ စွန့်ထုတ်ပစ်လိုက်တာ ။ အဲသည်မှာ ကျုပ်တို့ကလည်း O₂ ကိုရှူပြီး CO₂ ကို စွန့်ထုတ်တဲ့သက်ရှိပဲဆိုတော့ ခုနက လေထဲ CO₂ တွေ အရမ်းများလာလို့ဗျ”
“မင်းဟာကလည်း ရှုပ်နေတာပဲ ။ အဲတော့ ဒါမျိုးက ဆက်ဖြစ်နိုင်သေးလား”
“ဖြစ်နိုင်သေးတာပေါ့ ။ ခုနက ကျုပ်တို့ဆင်းလာတဲ့ အပေါက်ကြီးကနေ လေတွေဝင်နေလို့ ခံသာနေတာ ။ အခုက ဆင်းခဲ့တဲ့ အပေါက်နှင့်ဝေးသွားပြီလေ ။ အဲတော့ ဒီမဟာသစ်ပင်အသက်ရှူပြီး ဒီထဲကို CO₂ တွေစွန့်တိုင်း ဒါမျိုးဖြစ်မယ် ။ ဖြစ်လို့ကတော့ သစ်မြစ်အသား နံရံတွေကို ဓားနှင့်ခုတ် ၊ သေနတ်နှင့်ပစ်ပေတော့ … ကျုပ်ပြီးရင် အသေးစိတ်ရှင်းပြနိုင်တယ် ။ အခုတော့ ရှေ့ဆက်သွားပြီး ဒီအကျဉ်းလေးထဲကထွက်ရအောင် ။ စိတ်ထဲ မွန်းလွန်းလို့ပါဗျာ”
ဟုဆိုသောကြောင့် သူသည် ယခုအချိန်မှစ၍ သစ်ပင်ကြီးအတွင်းသွားနေသည်ဟု မမြင်တော့ဘဲ အသက်ရှူနေသော သက်ရှိကြီးအတွင်းရောက်နေသည်ဟု တွေးမိလာ၍ ကျောရိုးတစ်လျှောက်လုံး စိမ့်တက်လာတော့သည် ။ ယင်းနောက် သူတို့အားလုံးရှေ့ဆက်လှမ်းမည်အပြု
“မသွားဘူး … ရှေ့ဆက်မသွားဘူး … ငါအိမ်ပြန်မှာ … အိမ်ပြန်ပို့ပေး … ဒီလိုမှန်းသိ လိုက်မလာပါဘူး … အိမ်ပြန်ပို့ပေး”
ဟု ရေသူမလေးမှာ ငိုမဲ့မဲ့နှင့်ဆိုသရော် သူသည်ဆက်ဖီဘီယမ်လေးကို တစ်ချက်မျှသာ ငဲ့ကြည့်၏။ ဤသည်ကား မျှော်မှန်းထားသော အရာများ။ ၎င်းနောက် သူတို့အားလုံးမှာ သူ(မ)၏စကားကို မသိဟန်ဆောင်ကြလျက် ရှေ့သို့သာဆက်တိုးလာရာတွင် ၊ ၎င်းလေးမှာ “မှားပါပြီ မေမေကြီးရဲ့ ၊ ကြောက်လှပါပြီ” ဟု အမေကိုတမ်းတကာ တအီအီနှင့်ငိုလေရာ လူတစ်ကိုယ်သွားစာ သစ်ခေါင်းလေးအတွင်းဝယ် ငိုသံများ ၊ ပဲ့တင်သံများဖြင့် ညံစီနေလေတော့သည် ။
ယင်းသို့ဖြင့် အသက်ရှူရ ခက်လာသည့်အခါတိုင်း သစ်မြစ်နံရံများကို ဖျက်ဆီးလာကြပြီး ၊ မိနစ်ပိုင်းမျှကြာသောအခါ၌ သူတို့အားလုံး ဝင်ခဲ့စဉ်ကနီးပါး ကြီးမားသော လိုဏ်ဂူကျယ်ကြီး တစ်ခုအတွင်းသို့ ပြန်လည်ရောက်ရှိသွားသည့်အတွက် ၊ ကြည့်ရသည်မှာ အပြိုင်ပူးနေသည့် အမြစ်ကြီးနှစ်ခုကို အလယ်က ဂူငယ်လေးဖြင့် ဆက်ထားပုံပေါ်သည် ။
ယခုဆိုလျှင်အနံ့ဆိုးများနှင့် ယဉ်လာသည့်ပြင် ကြမ်းပြင်ကိုကုပ်နိုင်သည့် ဖိနပ်ဖြင့်လည်း လမ်းမြန်မြန်လျှောက်နိုင်လာသဖြင့်၊ လီယိုနာ့ဒ်မှာ မာတိုရိုဘက်သို့ လှည့်ပြီးနောက် အဘယ်ကြောင့် ဤကဲ့သို့ အသက်ရှူမရကြောင်းအား ထပ်မံမေးမြန်းလေလျှင်၊ ချင်းပိုးကောင်မှာ စာရွက်တစ်ရွက်ပေါ်မှာ ပုံတစ်ပုံဆွဲပြလေသည်။
“မြင်လား … ဒီမဟာသစ်ပင်က နေရောင်ကိုသုံးပြီး ဂလူးကို့(စ်)ဆိုတဲ့ သကြားကို ချက်လိုက်တယ် ။ ပြီးတော့ အဲကောင်တွေကို အမြစ်ထဲပို့ … အမြစ်က O₂ တွေစုပ်လိုက်တော့ Glucose နှင့် O₂ ပေါင်းပြီး CO₂ရယ် ၊ ရေရယ် ၊ Adenosine Triphosphate (ATP) ဆိုတဲ့ စွမ်းအင်ရတာ ။ ဒီကောင်က ATP စွမ်းအင် ဍကိုပဲ လိုချင်တာလေ … အဲသည်တော့ CO₂ တွေကိုစွန့်ထုတ်ပစ်တယ်”
ဟုဆိုနေလျက်ပင် ၎င်းမှာ ညီမျှခြင်းတစ်ကြောင်း ရေးပြလေသည် ။
C₆H₁₂O₆ (Glucose) + 6O₂ −> 6CO₂ + 6H₂O + C₁₀H₁₆N₅O₁₃P₃ (ATP)
https://mmxianxia.com/wp-content/uploads/2026/04/87FF148F-45C7-4A55-ABA0-0322DCD5C33E.webp
“တခြားသစ်ပင်တွေလည်း ဒီလိုပဲဗျ ။ ဒါပေမဲ့ မဟာသစ်ပင်မှာတော့ အမြစ်ရဲ့နံရံတွေမှာ O₂ လှောင်တဲ့ အခန်းကြီးတွေရှိတယ် ။ အဲတော့ ကျုပ်တို့က အဲသည်အခန်းကြီးတွေကို ဖျက်ဆီးပြီးတော့ အသက်ပြန်ရှူနေကြတာပေါ့”
ထိုအခါ လီယိုနာ့ဒ်က အနှီညီမျှခြင်းကို စူးစိုက်ကြည့်နေလျက်
“မင်းညီမျှခြင်းထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ပြင် ရေဆိုတာလည်းပါနေသေးတာပဲ”
“ဒါပေါ့ အပင်ပဲ … ဘေးထွက်ပစ္စည်း ရေကို တခြားနေရာမှာသုံးဖို့လည်း သိမ်းတယ်လေ … ဘာဖြစ်လို့လဲ”
ဘာမျှမဖြစ်ပါ ။ သို့သော် စိတ်တွင်းအနည်းငယ်တော့ ထင့်သွားလေ၏ ။ ယင်းနောက် ၎င်း၏နောက်ကျောက ဖန်ပုလင်းကြီးကို ကြည့်၍
“ဒါကိုကော … မင်းပြောပြဖို့ အသင့်ဖြစ်ပြီလား”
“ဟက် … ခင်ဗျားတို့ ခုနက အခြေခံသိရင်တော့ ပြောလို့ရပြီပေါ့ ။ အခုဒီထဲကိုကျလာတဲ့ CO₂ တွေက ကျုပ်တို့အတွက် အဆိပ်ဖြစ်ပေမဲ့ ဒါကိုရှူပြီး အစာပြန်ချက်တဲ့ ဘက်တီးရီးယားတွေရှိသေးတယ် ။ အဲကောင်တွေက ဒီမဟာသစ်ပင်ရဲ့ စွန့်ပစ်ပစ္စည်းကြောင့် အသက်ရှင်ပြီး မဟာသစ်ပင်ရဲ့ အချွဲတွေကို အချဉ်ပြန်ဖောက်ပေးတယ် ။ အခု အစိမ်းရောင်အချွဲတွေက ဒီအဏုဇီဝပိုးတွေက အချဉ်ဖောက်ပေးထားတဲ့ အထူးအချွဲတွေပေါ့ ။ ကျုပ်ထင်တာမမှားရင် ဒါနှင့်ဆေးဖော်လို့ရတယ် ။ ပိုစိတ်ဝင်စားအောင်ပြောရမလား … စစ်ပွဲသုံးဆေးတွေကိုပါ ဒါနှင့်အဆင့်မြှင့်လို့ရနိုင်တယ်”
ဤစကားကြောင့် ရှေ့ဆုံးက ဦးဆောင်သွားနေသော ဇိုက်(ခ်)ပင် တန့်သွားပြီးနောက် မာတိုရိုကိုလှည့်ကြည့်သည် ။
“မင်း တကယ်ပြောနေတာလား”
“တကယ်ပေါ့ဗျ ။ ဘယ်လိုမြှင့်သလဲကတော့ ကျုပ်ဒီကနေ အသက်ရှင်လျက်ပြန်ထွက်နိုင်ပြီး ဓာတ်ခွဲကြည့်မှ သိရမယ်”
ထိုကဲ့သို့စကားတပြောပြောနှင့် ရှေ့ဆက်လာသည်တွင် ၊ သူ့ဘေးဘက်နှင့် နောက်ဘက်တို့က တဝေါဝေါအသံကြီးများ ထွက်လာသောကြောင့် ခေါင်းကို ဝှေ့ကြည့်လေရာ ၊ အမှောင်ထုမှတစ်ပါး မည်သည့်အရာမျှ မရှိသည့်အတွက် သူ၏စိတ်အတွင်း ထင့်သွားရလင့်ကစား တခြားသူများကို အသိမပေးဘဲ ဆက်လျှောက်လာလေသည်။ အချိန်အနည်းငယ်မျှကြာသောအခါ ရှေ့ဝယ် လမ်းခွဲကြီးသုံးခုနှင့် ကြုံပြန်၏ ။
ထိုအခါ ဆက်ဖီဘီယမ်လေးမှာ ကြမ်းပြင်ကို အနံ့ခံပြီးနောက် ဘယ်ဘက်အကျဆုံး လိုဏ်ဂူခွဲကြီးကို ညွှန်ပြလေ၏ ။
“ကျွန်တော် ခံစားမိနေတယ် ။ နီးလာပြီ သူရဲကောင်း … သူတို့တွေအများကြီး ဒဏ်ရာရထားခဲ့တာ”
“မင်း ဒီလမ်းဆိုတာ သေချာရဲ့လား”
ချင်းလေး ခေါင်းညိတ်ပြ၏ ။ အနှီလူးသို့(စ်)လေး၏ လိမ္မော်ရောင်မျက်လုံးဝိုင်းကြီးများမှာ တောက်ပနေသော်လည်း လီယိုနာ့ဒ်ကမူ ထိုလမ်းသို့မသွားသေးဘဲ အမှောင်ထုကြီးကိုသာ စိုက်ကြည့်နေသောကြောင့် ဇိုက်(ခ်)က
“ခေါင်းဆောင် … ဘာဖြစ်လို့လဲ”
“မင်းဟာက မဟုတ်သေးဘူး ။ သူကွေ့ခဲ့တဲ့လမ်းတွေကို ငါမှတ်ထားတာ အခုပုံစံတွေအတိုင်းဆိုရင် ငါတို့သွားနေတဲ့နေရာက မဟာသစ်ပင်တည့်တည့်ဆီကို(သို့) ဦးတည်နေပြီ”
“ဟမ် …”
“ဒီတိုင်းသာ ဆက်သွားရင် ငါတို့အားလုံး မဟာသစ်ပင်ကြီးရဲ့ ပင်စည်ထဲရောက်သွားလိမ့်မယ်”
စကားဆုံးသည်နှင့် ကျန်သူများအားလုံး သူ့ဝိုင်းကြည့်ကြ၍ ၊ လူးသို့(စ်)လေးကလည်း လက်ဖဝါးလေးနှစ်ဖက်ကို ပြိုင်တူထောင်လျက်
“သူရဲကောင်း … ကျွန်တော်မျိုး မလိမ်ဝံ့ပါဘူး”
“မဟုတ်ဘူး … မင်းကို လိမ်တယ်လို့ မပြောဘူး ။ (အေ) ဆိုတဲ့ကောင် ဆက်ဖီဘီယမ်တွေကို မဟာသစ်ပင်ထဲ ခေါ်သွားရတဲ့အကြောင်းပဲ စဉ်းစားနေတာ ။ ကဲ … သေချာတယ်ဆို သွားကြစို့”
ဟုဆို၍ ခြေလှမ်းမည်ပြုကြိုက် ရေစီးသံ လှိုင်းပုတ်သံနှင့်တူသော တဝေါဝေါအသံကြီးများမှာ ဘေးဘက်နှင့် နောက်ဘက်တို့က ထပ်မံထွက်ပေါ်လာ၍ ၊ ယခုအခါ၌ ယခင်ကထက်ပင် ပိုမိုကျယ်လောင်လာသည့်အတွက် သူတို့အားလုံး ဘေးဘီကို လှည့်ကြည့်ကြလေသရော် ၊ အနားကသလင်းတုံး၏ အလင်းလေးမှအပ ဘေးပတ်ပတ်လည်တွင် အမှောင်ထုကြီးကသာ ကြီးစိုးမြဲကြီးစိုးနေလေသည် ။ သူ့စိတ်တွင်းမသန့်တော့ ။
ယင်းသို့ဖြင့် ဘေးဘီကို သာမန်ထက်ပိုမို အကဲခတ်ကာ အမှောင်ထုကြီးတွင်းသို့ ရှေ့ဆက်တိုးလာကြပြီး ၊ အသက်ရှူမဝပါက ဝိုက်ဗန်အမ်းများက သစ်မြစ်မျက်နှာကြက်ကို ရောင်ခြည်သေနတ်ဖြင့် ထောင်ပစ်ပေးကြလေသည် ။
မယ်မီးမီး ဆက်မငိုသဖြင့်သာ တော်တော့သည်ဟုတွေးမိ၍ လီယိုနာ့ဒ်မှာ နောက်သို့ လှည့်ကြည့်မိလေသော် ထိုရေသူမလေးမှာ လူးသို့(စ်)လေး၏လက်ဖျံပေါ်၌ ထိုင်နေလျက် ၊ ၎င်း၏ခန္ဓာကိုယ်ကို သူ(မ)၏ ငါးခန္ဓာကိုယ်လေးဖြင့် ရစ်ပတ်ထားလျက် ၊ မျက်လုံးလေး ကလယ်ကလယ်ဖြစ်လျက် သူ့ကို ပြန်ကြည့်နေသည့်အခါ ၊ သူ့စိတ်အတွင်း၌ “အမှုပြီးလိုဇောနှင့် ထိုကလေးမလေးကို ဤနေရာအထိခေါ်လာသည်မှာ မှားပြီလော”ဟူသည့်အတွေးများ ဝင်ရောက်လာလေလျှင် ၊ ခေါင်းကို တစ်ချက်ခါကာ ထိုအတွေးများကို ဖျောက်ပစ်လိုက်လေသည် ။ ညံ့ဖျင်း ပျော့ညံ့လွန်းသည့် အတွေးများ ။
“ယခုအချိန်၌ ဆက်ဖီဘီယမ် ငါးဆယ်ပျောက်ဆုံးမှုနှင့် ပတ်သက်သော သတင်းအချက်အလက် ရရှိရေးမှတစ်ပါး ကျန်ခံစားချက်များကို ဘေးထုတ်ထားရလတ္တံ့”ဟု ကိုယ့်ကိုယ်ကိုယ် အသိပေးကာ ရှေ့သို့ ဆက်တိုးလာရာ၌ ၊ သူ့ခြေထောက်များမှာ ပုံမှန်ထက်ပင်ပိုမို စိုစွတ်လာပြီး ခြေလှမ်းများလည်း လေးလံလာသဖြင့် အောက်ငုံ့ကြည့်လိုက်သည့်အခါ ၊ ရေများမှာ သူ့ဒူးခေါင်းထိ မြင့်တက်နေသည်ကို မြင်လိုက်ရသည်နှင့်အတူ နောက်ကတဝေါဝေါ အသံကြီးများကို ထပ်မံကြားလိုက်ရကား ၊ သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထလာတော့သည် ။ နှုတ်မှလည်း
“ရေတွေ … ဟေ့ကောင်တွေ … ရေလှိုင်းကြီးလာနေပြီ ။ ဇိုက်(ခ်) … မင်းယန္တရားဓားထုတ် …”
အမှောင်ထုအတွင်းက သူတို့ထံသို့ ပြေးဝင်လာသည့် ရေလှိုင်းကြီးများ ။ ယင်းနှင့်အတူ ဘေးနံရံများမှ စိမ့်ထွက်လာသောရေများ ။ မာတိုရို၏ ညီမျှခြင်းအတွင်းက စွမ်းအင် (ATP) ထုတ်ရာမှ စွန့်ပစ်ပစ္စည်း (Byproduct) အနေနှင့် ထွက်လာသော ရေများနှင့် မြေဆီလွှာတွင်းက စုပ်ယူလိုက်သည့်ရေများ နှစ်မျိုးပေါင်းမှာ သူတို့ဆီသို့တည့်တည့်ကြီး ဝင်ဆောင့်လေပြီ ။
“ဝုန်း … ဝေါ”
ရေလှိုင်းကြီးမှာ သူတို့ကို အဟုန်ဖြင့် ဝင်ဆောင့်သော် ၊ ဇိုက်(ခ်)က ကျော၌လွယ်ထားသော လူအရပ်တစ်ပြန်စာနီးပါးရှိသည့် နဂါးယန္တရားဓားကြီးကို သစ်မြစ်ကြီး၏နံရံ၌ ထိုးစိုက်ပစ်လိုက်ပြီးနောက် ကျန်လက်တစ်ဖက်ဖြင့် သူ့ကိုဖက်ထား၍ မာတိုရိုကမူ သူ့ခြေထောက်ကို ဆွဲဖက်လေ၏ ။ ဆက်ဖီဘီယမ်လေးနှင့် ရေသူမလေးတို့မှာ မာတိုရို၏ခါးကိုထပ်ဆင့် ဖက်တွယ်ထားကြလေသည် ။
လှိုင်းကြီးလာရိုက်သည်နှင့် သူ့တစ်ကိုယ်လုံး အေးခနဲဖြစ်သွားပြီး နားတွင်းသို့ရေများ ဝင်လာသဖြင့် နှာခေါင်းတွင်း ရေဆက်မဝင်စေရန် အသက်အောင့်ထားရစဉ် ၊ အဝေးတစ်နေရာက ဝိုက်ဗန်အမ်းနှစ်ယောက်၏ ဝူးဝူးဝါးဝါး အော်သံသဲ့သဲ့ကိုလည်း ကြားလိုက်ရသည် ။ ၎င်းတို့ ရေစီးတွင်း မျောပါသွားလောက်ပြီ ။ ထိုအခိုက် အမှောင်ထုအတွင်းက လှိုင်းကြီးနောက်တစ်လှိုင်း ဆင့်ဝင်လာ၏ ။
“အုန်း”
လှိုင်းရိုက်ချက်ကြောင့် သူ့ရင်ဘတ်တစ်ခုလုံး အောင့်တက်သွားသည် ။ ရေဒဏ်ပြင်းသည့်အလျောက် သူ့ကိုဖက်ထားသော ဇိုက်(ခ်)၏ လက်များမှာလည်း ပိုမိုအားကောင်းလာ၍ ၊ ကြွက်သားတုကြီးဖြင့် လွှတ်ညှစ်ထားရကား သူ့လက်မောင်းရိုးနှင့် နံရိုးများကျိုးကြေသွားတော့မည့်အလား ကျပ်ညှပ်လာသည် ။ လှိုင်းဒဏ်ပြင်းလွန်းလှလင့်ကစား ပါးစပ်တွင်းရေဝင်မည်စိုးသဖြင့် မည်သူမျှမအော်ကြသည့်ပြင် မျက်နှာတစ်ခုလုံး ရေအောက်ရောက်နေသည့်အတွက် အသက်ကိုလည်း မနည်းကြီး အောင့်နေရသည် ။ ထိုအကြိုက်၌
“ကျွီ … ကျွီ … ကျိ … ကျိ”
ဟူသည့် လုံးလုံးထွေးထွေး အသံနှင့်အတူ ယန္တရားဓားထိုးထားသော သစ်မြစ်နံရံမှ အဖြူရောင်အသားစများ ပဲ့ထွက်လာပြီး ၊ ၎င်းမှာလည်းရေတွန်းသည့်ဒဏ်ကို ခံနိုင်ဟန်မတူတော့ ။ နောက်ဆုံး တတိယလှိုင်းလုံးကြီးတစ်လုံး ထပ်ဆောင့်သည့်အခါတွင်ကား
“ဝုန်း”
သလင်းတုံးလေးလွင့်စဉ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားသည် ။ သစ်မြစ်ကို ထိုးစိုက်ထားသောဓားမှာလည်း ပြုတ်ထွက်သွားပြီး သူတို့အားလုံး ရေစီးအတိုင်း မျောပါကုန်၏ ။ သို့သော် အားလုံးမှာ ဖက်လျက်သား လုံးထွေးနေကြ၍ ၊ ခေတ္တမျှကြာသရော်မှ ရေမျက်နှာပြင်ပေါ်သို့ ခေါင်းများအသီးသီးပေါ်ကြလာလေသည် ။ လီယိုနာ့ဒ်ကပင်စ၍
“ဟေ့ကောင်တွေ … အဆင်ပြေကြရဲ့လား … ဟေ့ကောင်တွေ”
“ပြေတယ်ခေါင်းဆောင် … အေးဆေး”
“ပြေရင် မင်းငါ့ကို ညှစ်ထားတာလွှတ်စမ်း … နံရိုးတွေကျိုးကုန်တော့မယ်”
ဝိုက်ဗန်အမ်းနှစ်ယောက်မှအပ သူတို့အားလုံး အသက်ရှင်ကြသည့်ပြင် အချင်းချင်းလည်း လုံးထွေးနေကြပြီး ၊ သလင်းတုံးမရှိတော့သည့်အလျောက် မြင်ကွင်းတစ်ခုလုံးမှောင်ပိတ်နေ၍ ရေစီးတွင်းမျောနေသော တခြားသူတို့၏အသံများသာ ကြားနေရသည် ။
“တော်သေးတယ်ဟေ့ … ကျုပ်ရဲ့ ဖန်ပြွန်ကြီးကွဲမသွားလို့”
“သခင်မလေး … သခင်မလေး … ဘာ … ဘာဖြစ်သွားတာလဲ … ရသေးရဲ့လား …”
“အစ် … ငါ … ငါ့ဗိုက် … ပေါက်သွားတာလားဟင် … ဗိုက်ထဲက ပူပူပျစ်ပျစ် အရည်တွေ ထွက်နေတယ် … ပြီး … ပြီးတော့ … နာ … နာတယ် … အစ် … အစ်”
“သခင်မလေး”
လူးသို့(စ်)လေး၏ အော်လိုက်သည့်အသံကား ဆွဲဆွဲငင်ငင် ။
“ဟာ ဟ … ကြောက်သွားပြီမလား … ဒီတစ်ခါတကယ် လန့်သွားပြီမလား … စောစောက နင်မကြောက်တာ ငါသိသားပဲ”
“သခင်မလေး … ဒါနောက်ပြောင်စရာ မဟုတ်ပါဘူး”
“အို ဘာဖြစ်လဲ … အခုမှရေထိလို့ လူက ပြန်လန်းလာပါတယ်ဆိုမှ”
စသည့်အသံများကြောင့် သူစိတ်အေးသွားရသကဲ့သို့ ခန္ဓာကိုယ်မှာလည်း သစ်မြစ်တွင်းကရေများကြောင့် တစ်ကိုယ်လုံး အေးစက်ညှီစို့လာရလေသည် ။
သူတို့အားလုံး မည်မျှကြာအောင် ရေစီးတွင်းမျောနေလည်း မသိတော့ ။ သူသတိထားမိလိုက်သည့် အချိန်၌ သူ့ရှေ့ဝယ် ရွှေရောင်အလင်းထုကြီးတစ်ခုက ဖြာထွက်နေပြီး ၊ ဤသည်နှင့်အတူ ရေစီးနှုန်းကလည်း လျော့လာသည့်ပြင် ၊ အောက်က ရေထုမှာလည်း ပါးလာသဖြင့် သူ့ခြေဖျားနှင့်ပင် ကြမ်းပြင်ချောကျိကျိကို ပြန်ထိမိလာ၍ ၊ နောက်ဆုံးတွင် ရေစီးလုံးဝရပ်ကာ သူတို့အားလုံး ကမ်းပေါ်ဝယ် သောင်တင်သည့်နှယ် တစ်နေရာမှာ အစီအရီမှောက်ကုန်ကြလေပြီ ။
သို့သော် ဤသည်ကား ကမ်းမဟုတ်နိုင် ။ ရွှေရောင် အလင်းများဖြာထွက်နေသည်မှာလည်း ထင်ယောင်မှားခြင်းမဟုတ်ဘဲ ၊ အမှန်ဧကန်ဖြစ်နေလေရာ လီယိုနာ့ဒ်မှာ ကုန်းရုန်းထပြီးနောက် သူ၏မသန်သောဘယ်လက်ကို ညာလက်ဖြင့်ကိုင်ထားလျက် ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်လေသည်။ ယခုသူရောက်ရှိနေသည့် နေရာမှာကား … ။ ။
*************
ဤနေရာကြီးကား ရွှေရောင်အတိပြီး၏ ။ အပေါ်ကရွှေရောင်အလင်းတန်းများ စီးမိုးကာ ဖြာကျလျက်ရှိနေသောကြောင့် ကြမ်းပြင်မှာလည်း ရွှေရောင်တောက်ရုံမျှမက လီယိုနာ့ဒ်တို့ကို သယ်ဆောင်လာသော ရေများပင် ရွှေဝါရောင်သန်းနေပြီး ၊ ဘေးဘီကို ထောက်ရှုသည့်အခါ နံရံဟူ၍မရှိဘဲ ရွှေရောင်ကွင်းပြင်ကြီးတစ်ခုကိုသာ မြင်ရလေသည် ။
တစ်ချိန်တည်းမှာပင် သူ့နားအတွင်းသို့ တဒုန်းဒုန်း ၊ တဒပ်ဒပ် အသံတစ်ခုမှာ အပေါ်ပိုင်းမှ စည်းချက်ညီစွာ ထွက်ပေါ်နေသဖြင့် ဦးခေါင်းကိုမော့လိုက်ရာ ၊ သူ့ပါးစပ်များအဟောင်းသား ပွင့်ဟသွား၏ ။ အနှီမြင်ကွင်းကို ရှုနေရသည်မှာ မျက်တောင်ပင်မခတ်နိုင်တော့ ။
လီယိုနာ့ဒ်၏အပေါ် ၊ အနည်းငယ်သာ မြင့်သည့်နေရာ၌ ဆံချည်ထွေးကြီးသကဲ့သို့ ယှက်ဖြာ ရှုပ်ထွေးနေသော ရွှေသားအမျှင်ထုကြီးများမှာ ထုလိုက်ထည်လိုက် တွဲလောင်းကျလျက် ရှိနေကြသည့်ပြင် ၊ ယင်းရွှေမျှင်ထုကြီးတို့၏ အတွင်း၌ပင် တိုက်ကြီးတစ်တိုက်စာမျှ ကြီးမားသော ရွှေရောင်အလင်းလုံးကြီး တစ်လုံးမှာလည်း ပင့်ကူအိမ်အတွင်းမိနေသော သားကောင်သဖွယ် ငြိတွယ်နေရုံမျှမက ၊ ဒုန်းဟူသည့် အသံတစ်ခါထွက်လာတိုင်း အနှီရွှေလုံးကြီးမှာ ပုံမှန်ထက် နှဆခန့်မျှပွတက်လာ၍ ၊ ဒပ်ဟူသည့်အသံတစ်ခါ ထွက်လာတိုင်း ပုံမှန်အနေအထားသို့ပြန်လည် ကျုံ့ဝင်သွားလေရာ ၊ ယင်းကြီးတစ်ခါ ခုန်လေတိုင်း ဘေးပတ်ပတ်လည်က ရွှေမျှင်ထွေးကြီးများမှာလည်း လှုပ်ကာယမ်းလျက် ကခုန်ကုန်ပြီး ၊ သူသည် ဤရွှေလုံးကြီး၏ အပေါ်သို့ ထပ်မံအကဲခတ်ကြည့်သည့်အခါ အထက်၌ ကောင်းကင်မရှိဘဲ ရွှေမျှင်အုံထွေးကြီးတို့သာ မျက်စိတစ်ဆုံး အလွှာလိုက် အထပ်လိုက် လိမ်ခွေနေကြသည်အား တွေ့ရသဖြင့် ၊ ဤသည်ကို ရှုလျက် သူတို့အားလုံးမှာ ရုက္ခပါလနတ်ဘုရားမ နီရင်၏ ရှေ့တော်အောက်ဝယ် မှောက်လျက်သား ခစားနေရပြီလောဟု ထင်ယောင်ထင်မှား အတွေးများမိလာခိုက် ၊ သူ့အနားသို့ ကျန်သူများလည်း အသီးသီးရောက်လာကြလေ၏ ။ ပြိုင်တူမော့ကြည့်ကြကုန်၏ ။
“အလို … ငါတို့ ဘယ်ရောက်သွားကြတာလဲ ။ ရုက္ခပါလ နတ်ဘုရားမက ငါတို့ကိုကယ်လိုက်ပြီး နတ်ပြည်ကို ခေါ်သွားတာလားဟင် … ဟုတ်တယ်မလား … ဟုတ်တယ်မလားလို့”
“မ … မသိပါဘူး ။ သခင်မလေး”
“ကျုပ်တို့ ဘယ်ရောက်နေတာလဲ ခေါင်းဆောင် ။ တကယ် နတ်ပြည်ရောက်နေတာလား”
“ဘယ်က နတ်ပြည်ကမှာလဲ တပ်မှူး ။ ကျုပ်တို့အားလုံး ဂီဟာဒြန်းဆဲလ်ရဲ့ သစ်ခေါင်းထဲရောက်နေတာ ။ အပေါ်မှာ … ကြည့်လိုက်ဦး အပင်ကြီးရဲ့နှလုံးကြီး ခုန်နေတာ … ခုန်နေတာ”
ရေများရွှဲရွှဲစို၍ အေးစိမ့်နေသော သူ့တစ်ကိုယ်လုံးမှာ အနှီပိုးကောင်၏ စကားကြောင့် ကြက်သီးမွေးညင်းများ ထောင်ထလာပြီးနောက် ၊ “(အေ) သည် အဘယ့်ကြောင့် ဆက်ဖီဘီယမ် ငါးဆယ်ကို မဟာသစ်ပင်ကြီး၏ အလယ်ဗဟိုအတွင်းသို့ ခေါ်လာရပါသနည်း” ဟူသည့် မေးခွန်းများ ပေါ်ပေါက်လာ၍ အနားက လိမ္မော်ရောင်မျက်လုံးဝိုင်းလေးဖြင့် အပေါ်ကိုငေးလျက်ရှိသော လူးသို့(စ်)လေးဘက်သို့ လှည့်လိုက်လေသည် ။
“ဟေ့ … ကောင်လေး ။ မင်းအမျိုးတွေရဲ့ အနံ့ကို အခုဒီမှာရသေးလား”
ထိုအခါမှ ၎င်းလေး၏ ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲတုန်သွား၍ သူ့ကိုပြန်ကြည့်ပြီးနောက် နှာခေါင်းကို ပွရှုံ့ပွရှုံ့လုပ်လေသည် ။ ယင်းနောက် ၎င်း၏မျက်လုံးများမှာ အပေါ်က ရွှေရောင်နှလုံးကြီးအလား ကျယ်ထွက်သွား၍ ခေါင်းညိတ်ပြ၏ ။
“အနံ့ခံမိပါတယ် … တော်တော်ပြင်းတယ် … ဒါပေမဲ့ သူတို့မရှိကြတော့ဘူး ။ ကျွန်တော့်နောက်က လိုက်ခဲ့ပါ”
ဤသို့ဖြင့် သူတို့သည် ကမ်းစပ်မှ ရွှေရောင်သစ်သားကြမ်းပြင်ကြီးအပေါ်သို့ တက်ကြပြီးနောက် အကြင်ကောင်လေး၏ နောက်မှလိုက်လာကြသည်တွင် ၊ ရှေ့သို့တိုးလာသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပူနွေးခြောက်သွေ့လာသည့်ပြင် ၊ သစ်သားကို မီးအေးအေးဖြင့် ကင်ထားသည့် အနံ့တစ်ခုလည်း ထုံမွှန်းလာ၍ တစ်ခဏမျှကြာသရော် လူးသို့(စ်)လေးသည် ပြေးနေလျက်ပင် ၊ နှလုံးကြီးတစ်ခါ ခုန်လေတိုင်း ယိမ်းနွဲ့ကခုန်နေသော ရွှေမျှင်ထုထည် မျက်နှာကြက်ကြီးကို မော့ကြည့်လာလေသည် ။ ၎င်းနောက် ရပ်၍ အပေါ်တည့်တည့်ကို လက်ညှိုးညွှန်ပြလေ၏ ။
ဤကောင်လေး ညွှန်ပြသော နေရာကရွှေမျှင်များသည် နီညိုရောင် အနှစ်များနှင့် ပေကျံနေ၏။ ယင်းအနှစ်တို့ကို လက်နှင့်တို့ကြည့်လိုက်သည့်အခါ ၎င်းတို့မှာ လက်ညှိုးနှင့် လက်မကြား၌ ကြွက်မြီးများတန်းလာသည်အထိ စေးထန်နေလေ၏ ။ ထိုအခါ ရေသူမလေးက လီယိုနာ့ဒ်၏ လက်ကိုတစ်လှည့် အပေါ်က ရွှေမျှင်တွေကိုတစ်လှည့် ကြည့်ပြီးနောက်
“အောင်မလေး … သွေးတွေ … လူးသို့(စ်)သွေးတွေ အများကြီးပဲ”
ဟု ထအော်လေ၏ ။ ထို့ကြောင့် သူလည်းထိုနေရာကို ဆက်လက်အကဲခတ်သည်တွင် ၊ ရွှေမျှင်များကြားတွင် လူခြေထောက်တစ်ချောင်း နီးပါးတုတ်သော အနက်ရောင်နွယ်ပင်ကြီး တစ်ချောင်းရှိနေ၍ ၊ ယင်းနွယ်ပင်ကြီး၏ ထိပ်တွင်မူ လက်တစ်ထွာနီးပါးရှည်သော ငွေရောင်သတ္တုအပ်ချောင်းကြီး တစ်ချောင်းကို တပ်ဆင်ထားပြီး၊ ထိုအပ်ချောင်းကြီး၏ ထိပ်ဖျားမှ အနက်ရောင်ဆေးရည်များမှာ ရွှေရောင်ကြမ်းပြင်ပေါ်သို့ တပေါက်ပေါက်မြည်အောင် ကျနေသဖြင့် ၊ သူသည် အပ်ထိပ်ကို အနီးကပ်နမ်းကြည့်လေသော် ထူတူတူအနံ့တစ်ခုကိုရသည့်ပြင် အမှုန်ငယ်လေးများကို ရှူလိုက်ရသည့်အလား နှာခေါင်းတစ်လျှောက်လုံးလည်း ယားကျိကျိဖြစ်လာလေ၏ ။
ထိုမျှမက ရွှေမျှင်များကြားတွင် လူးသို့(စ်)သွေးများနှင့် ငြိတွယ်နေသော လက်သည်းခွံပမာဏမျှသာရှိသည့် အနက်ရောင် အပြားငယ်လေးတစ်ခုကလည်း တလက်လက်ထနေသေးသည် ။ ထိုအခါ ဇိုက်(ခ်)က ခေါင်းတညိတ်ညိတ်နှင့်
“ကြည့်ရတာ (အေ) ဆိုတဲ့ကောင် ၊ ဆက််ဖီဘီယမ်တွေကို ဒီနေရာမှာ တစ်ခုခုလုပ်ထားပုံပဲ”
ဟုဆို၍ ထိုအပြားလေးကို ရွှေမျှင်များကြားက ဆွဲယူလိုက်ပြီးနောက် လက်ညှိုး ၊ လက်မဖြင့် ထိန်းကိုင်လျက် သူ့ကိုပြလေသည် ။
“အေး … ဒေတာချစ်(ပ်) (Data Chip) ပြားတစ်ခု ဖြစ်မဲ့ပုံပဲ ။ မင်း ယန္တရားချပ်ဝတ်နှင့် ဖတ်ကြည့်လို့ရလောက်တယ်မလား”
ထိုအခါ၎င်းက ချစ်(ပ်)ပြားလေးကို ယန္တရားချပ်ဝတ်၏ ဘယ်ဘက်လက်ဖျံနေရာသို့ ထည့်၍ လက်ဝါးကိုဖြန့်လိုက်သည်တွင် ၊ ယင်း၏လက်ဝါးပေါ်၌ သုံးဖက်မြင် ရုပ်မြင်သံကြား ဟိုလိုဂရမ် (Hologram) တစ်ခုပေါ်လာပြီး ၊ ထိုဟိုလိုဂရမ်ပေါ်၌ စာများနှင့် သုံးဖက်မြင် အရုပ်လေးတစ်ရုပ် ထွက်လာလေသည် ။
ထိုအရုပ်လေးမှာ လူးသို့(စ်)လေးဖြစ်၍ ယင်းလေး၏ကျောကို အနက်ရောင်နွယ်ပင်ကြီးဖြင့် ချိတ်ဆက်ထား၏ ။ နွယ်ပင်ကြီး၏ ထိပ်ဝက အပ်ကြီးကို ချင်းလေး၏ ကျောတစ်ဆုံးစိုက်သွင်းထားခြင်းဖြစ်ပြီး ထိုလူးသို့(စ်)လေးမှာ ခြေကားယားလက်ကားယားဖြင့် ရုန်းကန်နေလင့်ကစား ရွှေမျှင်များအကြား မရုန်းသာမကန်သာ ။ ထိုအကြိုက် မာတိုရိုက ရုပ်ပုံဘေးက စာများကို ဖတ်နေလျက်
“ကိုယ့်လူတို့ … ခင်ဗျားတို့တော့ ရှာနေတဲ့ အဖြေကို တွေ့ပြီနှင့်တူတယ်”
ဟုဆို၍ ဟိုလိုဂရမ်တွင်းက စာများကို ထောက်ပြသည့်အခါ လီယိုနာ့ဒ်က ခေါင်းယမ်းပြ၍
“မင်းပြောပြလို့ရလား … ဒီစာတွေက ငါတို့နားမလည်တဲ့ ဝေါဟာရတွေချည်းပဲ”
“ဟုတ်ပ … ကိုယ့်အင်ပါယာစကား ကိုယ်ပြန်မဖတ်တတ်ဘူးဆိုတာ ဒါပဲနှင့်တူတယ်”
“လုံးဝအကြမ်းဖျင်း နားလည်အောင်ပဲပြောရရင် ဆက်ဖီဘီယမ်တွေဆိုတာက အချိန်ကိုက်ဗုံးတစ်လုံးလိုပဲ ။ ပုံမှန်ဆိုရင် ခိုင်းကောင်းတဲ့ ကျွန်တွေထက်မပိုဘူး ။ ကျုပ်တို့ကိုလည်း ဘာအန္တရာယ်မျှ မပေးနိုင်ဘူး ။ ဒါပေမဲ့ … ဒါပေမဲ့ သူတို့ခန္ဓာကိုယ်ထဲကို မဟာသစ်ပင်ရဲ့ အဆီအနှစ်တွေ ထည့်ပေးလိုက်မယ်ဆိုရင်တော့ သူတို့က “နိုးထ” (Awakened State) လာလိမ့်မယ်”
သူနားမလည်သောကြောင့် မေးခွန်းသာဆက်ထုတ်သည် ။
“နိုးထမယ် (Awakening) ဟုတ်စ … အဲဒါဘာလဲ”
“နိုးထရင် သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ တွေအားလုံးနီးပါး ပြောင်းလဲသွားလိမ့်မယ် ။ ဆက်ဖီဘီယမ် တစ်မျိုးနှင့်တစ်မျိုး နိုးထပုံခြင်းလည်း မတူဘူး ။ ဒီထဲမှာ ရေးထားတာကတော့ လူးသို့(စ်)အမျိုးတွေ နိုးထသွားရင် သာမန်လူထက် အရပ်နှစ်ပြန်စာရှည်လာမယ် ။ ကြွက်သားတွေအကြီးအကျယ် ဖွံ့ဖြိုးလာမယ် ။ လက်ငါးချောင်းလုံးကနေ ဓားလိုထက်မြနေတဲ့ လက်သည်းရှည်ကြီးတွေ ပေါက်လာမယ်”
“ဘာ …”
သူနှင့်ဇိုက်(ခ်) တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကြည့်မိကြလေပြီ ။ ထိုအခါ မာတိုရိုကလည်း ခေါင်းညိတ်ပြ၍
“ဟုတ်တယ် ကိုယ့်လူတို့ ။ အော်စလန်ကို ဗိုက်ခွဲသွားတဲ့ သတ္တဝါကြီးက ဒီမဟာသစ်ပင်ရဲ့ အဆီအနှစ်နှင့် နိုးထလာတဲ့ Awakened လူးသို့(စ်)ပဲ ။ ဒီကောင်တွေက ဇီဝကမ္မဖြစ်စဉ်တွေကို အထူးမြှင့်တင်ထားတဲ့ စူပါစစ်သည် (Super Soldier) တွေ”
“လက်စသတ်တော့ (အေ) ဆိုတဲ့ကောင်က ကျွန်စျေးကွက်က လူးသို့(စ်)ငါးဆယ်ကို ဒီခေါ်လာပြီး စူပါစစ်သည်တွေအဖြစ် ပြောင်းနေတာကိုး … ပိရမစ်ထဲကို ဝင်တိုက်ဖို့ သူ့ရဲ့နောက်ဆုံးလက်နက်တွေ ။ ဒီကောင် ဒါကိုစောင့်နေတာလား ။ မဟုတ်သေးဘူး … အော်စလန်ကို သတ်ကတည်းက ဒီကောင်ကြီးတွေ နိုးထသွားပြီဆိုရင် (အေ) က အခုဘာကို စောင့်နေသေးတာလဲ”
ထိုအခါ မာတိုရိုက ဦးခေါင်းကို လက်ညှိုးနှင့်ထိ၍
“မီဇိုဗာကပ်ပါးကောင် သွင်းနေတာလေဗျာ ။ သူခိုင်းချင်သလို ခိုင်းရဖို့ ဒီကောင်ကြီးတွေကိုလည်း စိတ်ညှို့ရဦးမယ် ။ ကြည့်ရတာ ကပ်ပါးကောင်က ဆက်ဖီဘီယမ်ရဲ့ ခေါင်းထဲမှာ ကြီးထွားနှုန်း ပိုတောင်မြန်နိုင် …”
စကားပင်မဆုံးသေး ။ ရေသူမလေးထံမှ စူးစူးဝါးဝါးအော်သံတစ်ခုထွက်လာပြီးနောက် သူ(မ)မှာ လူးသို့(စ်)လေးကို လက်နှစ်ဖက်လုံးဖြင့် ကျုံးဖက်ထားလေသည် ။
“အား … မဟုတ်ဘူး … မဟုတ်ဘူး … ငါ့သူငယ်ချင်းက အဲလိုအကောင်ကြီးမဟုတ်ဘူး … ခေါင်းထဲမှာလည်း ဘာမျှမရှိဘူး … အဲလိုမပြောနှင့် … အဲလိုမပြောနှင့် … သူငယ်ချင်း … ငါ့ကိုကတိပေးပါ ။ နင် … နင်အဲလိုအကောင်ကြီး ဖြစ်မသွားဘူးမလား … အီး … ဟီး”
ပြောနေလျက်ပင် ၎င်းလေးမှာ ငိုသံများပါလာ၏ ။ သို့သော် စက္ကန့်ပိုင်းအတွင်းဝယ် သူ(မ)၏ငိုသံများနှင့် စကားသံများအားလုံးမှာ တိခနဲရပ်သွားပြီးနောက် လူးသို့(စ်)လေးကို ဖက်ထားလျက်ပင် ရေသူမလေးမှာ ကျောက်ရုပ်အလား တောင့်တင်းကာ ငြိမ်သက်သွားလေသရော် ၊ သူ့ရင်တွင်း ဒိန်းခနဲဖြစ်သွား၍ ၊ အင်္ကျီရွေးနေခဲ့စဉ်က အဲလရော့ဖြစ်သွားသော အဖြစ်အပျက်များ ခေါင်းတွင်း ပြန်ပေါ်လာလေသည် ။
“သခင်မလေး … သခင်မလေး … ဘာဖြစ်တာလဲ … ထပါဦး … ထပါဦး”
ယင်းလေးမှာ မလှုပ်တော့ဘဲ ကျောက်ရုပ်သဖွယ်ဖြစ်နေ၍ တခဏမျှကြာသောအခါမှ ခန္ဓာကိုယ်လေးမှာ ပျော့ပျောင်းလာပြီးနောက် ကြမ်းပြင်၌ ခွေခွေလေးလဲကျသွားလေ၏ ။ သူ(မ)၏ လည်မျိုက ပါးဟက်များကမူ လှုပ်ရှားနေဆဲ ။ ဤသည်တွင် မာတိုရိုက နွယ်ကြိုးနက်ကြီး၏ထိပ်၌ တပ်ထားသော အပ်တုတ်ကြီးမှ စိမ့်ကျနေသည့် အနက်ရောင်အရည်များကို စိုက်ကြည့်နေလျက်
“ကျုပ် အကျဉ်းထောင်ထဲမှာတုန်းက အာဇာဂါနာမှာရှိတဲ့ ကလေးအားလုံး ဆယ်စက္ကန့်လောက် ပြိုင်တူ လေဖြတ်သွားကြသေးတယ်ဆို ။ ဒီမှာဗျ … ဒါကြောင့်ဖြစ်တာ”
ဟုဆိုကာ အကြင်ပိုးကောင်သည် ထိုအပ်ထိပ်က ဆေးရည်များကို လက်ညှိုးဖြင့်ကော်ယူပြီးနောက် လက်ညှိုး၊ လက်မကိုသုံးလျက် ငါးကြိမ်မျှ ပွတ်ခြေလိုက်သည့်အခါ ၊ အနှီဆေးရည်များမှာ အနက်ရောင်အမှုန်များ အဖြစ်ပြောင်းလဲသွား၍ သူ့ထံသို့ လွင့်လာသည်တွင် ၊ ဤသည်တို့ကို ရှူမိသည်နှင့် နှာဝ၌လည်း ယားကျိကျိဖြစ်လာသောကြောင့် အသက်ကိုအောင့်ထားလိုက်ရလေသည် ။ ဇိုက်(ခ်)ကလည်း နှာခေါင်းကိုလက်နှင့်ကာ၍
“ဟေ့ကောင် မင်းဘာလုပ်တာလဲ”
“စိတ်လျှော့ပါ တပ်မှူးရ ။ ကျုပ်တို့လူကြီးတွေ ဘာမျှမဖြစ်ဘူး ။ ကြည့်ရတာ ဆက်ဖီဘီယမ်တွေကို နိုးထစေတဲ့ ဒီဆေးတွေက ပူတာနှင့်အမျှ ချက်ချင်းခြောက်ပြီး အမှုန့်ဖြစ်သွားတယ် ။ ပြီးတော့မှ ဒီအမှုန်တွေက မဟာသစ်ပင်ကတစ်ဆင့် မြို့ထဲကိုပျံ့နှံ့လာတာ ။ အဲဒါကို ရှူမိတဲ့လူကြီးတွေက ခံနိုင်ပြီး ကလေးတွေအားလုံး အကြောတွေခဏ သေကုန်ကြတာ”
ယင်းသို့ဆို၍ လူးသို့(စ်)လေးဘက်လှည့်ကာ
“ကောင်လေး … မင်းသခင်မလေးကို ငါတို့ရောက်လာခဲ့တဲ့ ကမ်းစပ်ရှိရာကို ပြန်ခေါ်သွား ။ ခဏနေရင် သတိပြန်ရလာလိမ့်မယ်”
ဟုဆိုလေလျှင် ဆက်ဖီဘီယမ်လေးမှာ ရေသူမလေးကို ပွေ့လျက်လာရာလမ်းအတိုင်း ပြေးလေရကား ၊ မာတိုရိုမှာ ၎င်းတို့နှစ်ယောက်ကိုကြည့်ကာ
“နောက်ဆုံးတော့ ငါးညှီနံ့ခံနေရတဲ့ ဘဝကလွတ်ပြီးပေါ့”
ဟုဆိုလေ၏ ။ ယခုအခါ အမှုတစ်ခုလုံးနီးပါး ဆက်စပ်မိသွားလေပြီ ။ ထို့ကြောင့် လီယိုနာ့ဒ်က ဆံချည်ထွေးကွန်ရက်ကြီးသဖွယ် ရှုပ်ပွနေသော အပေါ်လွှာကြီးကို မော့ကြည့်နေလျက်
“အဲသည်အမှုန်တွေ ဒီထဲကထွက်ပြီး မြို့ထဲထိပျံ့လာတယ်ဆိုရင် ဒီသစ်ပင်ရဲ့ ပင်စည်မှာ ထွက်စရာအပေါက် ရှိနိုင်လောက်တယ် ။ ဒါဆိုငါတို့ လာရာလမ်းအတိုင်း ပြန်ထွက်စရာမလိုတော့ဘူး ။ ဇိုက်(ခ်) မင်းရဲ့တပ်ကို ဆက်သွယ်ပြီး ယန္တရားယာဉ်တောင်းလိုက်တော့ … ယာဉ်ပျံနှင့်လာခေါ်မှ ရတော့မယ် ။ ငါတို့မြို့ထဲကို အမြန်ပြန်သွားမှဖြစ်မယ်”
ဟုဆိုလေရာ ဇိုက်(ခ်)က ဟိုလိုဂရမ်ကိုဖွင့်၍ အတွင်းက စာကြောင်းများကို လက်ညှိုးဖြင့် တို့ထိလိုက်လေရာ ၊ တဒင်္ဂအတွင်းမှာပင် ၎င်း၏လက်ဖဝါးပေါ်၌ ဝိုက်ဗန်အမ်းတစ်ယောက်၏ မျက်နှာပုံပါရှိသော ဒုတိယမြောက် ဟိုလိုဂရမ်တစ်ခု ထပ်ပေါ်လာလေသည် ။
“အမိန့်ရှိပါ တပ်မှူး”
“အေး ငါပြောစရာရှိတယ် ။ မပြောခင် မင်းဘက်က အခြေအနေအရင်ပြော”
“မှန်ပါတပ်မှူး … လေဒီ ဆယ်ဖီးနီး (Lady Saefene) အခြေအနေမကောင်းပါဘူး ။ လုံးဝမလှုပ်ဘဲ သတိလစ်နေရာကနေ ခုနကမျက်စိမှိတ်လျက်ကြီး ရုန်းကန်လာလို့ သူ့အလုပ်သင်တွေကော ၊ အပေါ်ထပ်က အလုပ်သင်တွေပါ ရှစ်ယောက်လောက် ဝိုင်းချုပ်လိုက်ရတယ်”
ထိုစကားကြားလျှင် စိတ်တွင်းက “(အေ) … သင့်ဘက်ကစတင် လှုပ်ရှားပြီလော” ဟုတွေးကာ သူပြုံးလိုက်မိသည် ။ ဇိုက်(ခ်)ကမူ တောက်တစ်ချက်ခေါက်၍
“မြို့ထဲကော ဘယ်လိုနေလဲ ဟေ့ကောင်”
“မြို့ထဲက ငြိမ်နေဆဲပဲ ။ တပ်မှူးစီစဉ်ခိုင်းတဲ့အတိုင်း ဖျားဖူးတဲ့သူတွေကို ချုပ်ထားခိုင်းတာတွေ ၊ သလင်းတုံးဌာနမှာ တပ်စွဲတာတွေ အားလုံးလုပ်ထားပြီးပါပြီ”
ထိုအခါ ဇိုက်(ခ်)မှာ ယင်းအား သူတို့လက်ရှိဖြစ်နေသည့် အခြေအနေကို အကြမ်းဖျင်းမျှရှင်းပြ၍ ယာဉ်ပျံလာခဲ့ရန်ဆိုသည့်အခါ၊ ဟိုလိုဂရမ်အတွင်းက ဝိုက်ဗန်အမ်း၏မျက်နှာမှာ ထိန်းမရအောင်ပျက်သွားပြီး
“ခင် … ခင်ဗျာ … တပ်မှူးတို့ မဟာသစ်ပင်ထဲ ရောက်နေတယ် ။ ဟုတ် … ဟုတ် ကျွန်တော်နားလည်ပါပြီ ။ အခုချက်ချင်း ယာဉ်ပျံလွှတ်လိုက်ပါမယ်”
ဟုဆို၍ ဆက်သွယ်မှု ပျက်တောက်သွားလေ၏ ။ ယခုအခါ ယာဉ်ပျံကိုစောင့်ရန်သာ ကျန်တော့သဖြင့် သူတို့အားလုံး ခေတ္တမျှငြိမ်သက်သွားကြပြီးနောက် ၊ ဇိုက်(ခ်)က မဟာသစ်ပင်ကြီး၏ တဒုန်းဒုန်းခုန်နေသော ရွှေရောင်နှလုံးသားကြီးကို ငေးကြည့်နေကာ
“ဒါကတော့ ရုက္ခပါလ နတ်ဘုရားမ နီရင်ရဲ့ တန်ခိုးတော်ပေါ့ ။ ဟေ့ပိုးကောင် မင်းစာအုပ်ကကော ဒီတန်ခိုးကို ဘယ်လိုပြောသတဲ့လဲ”
ဟုဆိုသည်တွင် ၊ ဇိုက်(ခ်)၏ လက်ဖဝါးပေါ်က Hologram အတွင်းရှိစာများကို လက်ချောင်းများဖြင့် တို့ထိလျက်ဖတ်နေသော မာတိုရို၏ အင်တာနာများမှာ ခါယမ်းလာလေသည် ။
“ဒါမျိုးတွေ ပြောနေဖို့အချိန်မရှိဘူး ။ တပ်မှူး … ခင်ဗျားတို့တော့ ကံကောင်းတာလား ကံဆိုးတာလားမသိဘူး ။ ဒီ ချစ်(ပ်)ပြားထဲမှာ Awakened လူးသို့(စ်) အကြောင်းတွေထပ်ပါတယ်”
“ဘာတွေတဲ့လဲ”
“ကံဆိုးတာက စပြောမယ် ။ ဒီကောင်ကြီးတွေ အားသန်တယ် … လက်သည်းအရှည်ကြီးတွေ ရှိတယ်ဆိုလို့ ခင်ဗျားတို့ရဲ့ ယန္တရားချပ်ဝတ်နှင့် အေးဆေးတိုက်နိုင်မယ်လို့ ထင်မနေနှင့် ။ အခန့်မသင့်ရင် ခင်ဗျားတို့ နဂါးသူရဲကောင်းတွေပါ ဘာဖြစ်မှန်းမသိဘဲ အသက်ပါသွားလိမ့်မယ်”
“ဒါဆိုကံကောင်းတာက …”
“ကံကောင်းတာက ဒီထဲမှာသူတို့ပျော့ကွက်တွေ ရေးထားတယ် ။ ပထမဆုံးသိရမှာက သူတို့ခေါင်းကို အမာဆုံးအရာတွေနှင့် လုပ်ထားတယ်တဲ့ ။ ဘာနှင့်လုပ်ထားလဲ သေသေချာချာပြောမထားဘူး ။ ဒါပေမဲ့ ခင်ဗျားတို့ ခေါင်းကို တိုက်ဖို့မလွယ်ဘူး ။ ဒုတိယတစ်ချက်က ဒီကောင်တွေမှာ နှလုံးနှစ်ခုပါပြီး အဲနှလုံးတွေက ကုစားနှုန်း (Healing Factor) အရမ်းကောင်းတယ်လို့ပြောထားတယ်”
“ဘာ … နှလုံးနှစ်လုံး”
ဇိုက်(ခ်)မှာ ထိုသို့ပြော၍ ယင်း၏လက်ဝါးပေါ်က ဟိုလိုဂရမ်ကို ပြန်ကြည့်နေသည် ။
“ဟုတ်တယ် … ခေါင်းတိုက်ဖို့မလွယ်ရင် ၊ ခင်ဗျားတို့ သေအောင်သတ်ဖို့က နှလုံးကို ဖောက်ပစ်ဖို့ပဲကျန်တယ် ။ ဒါပေမဲ့ နှလုံးတစ်ခုကို ဖောက်ရင် နောက်တစ်ခုက ခန္ဓာကိုယ်ကို သွေးပေးလိမ့်မယ် ။ ပြီးတော့တခဏကြာတာနှင့် ခင်ဗျားဖောက်လိုက်တဲ့ ပထမနှလုံးက သူ့ဘာသာ အလိုအလျောက်ကုစားပြီး ပြန်ကောင်းသွားလိမ့်မယ် ။ အဲတော့ သတ်ချင်ရင် သူတို့နှလုံး နှစ်လုံးလုံးကို ပြိုင်တူဖျက်ဆီးပစ်မှ ရလိမ့်မယ်”
လီယိုနာ့ဒ်ပြုံးလိုက်ပြန်၏ ။ ခေါင်းတိုက်၍လည်းမရ ၊ နှလုံးနှစ်ခုကိုလည်း ပြိုင်တူတိုက်ရန် ခက်နေပါက ခြေလက်များအားလုံးဖြတ်ပစ်ရပေအံ့ဟု တွေးထားလိုက်သည် ။ ဇိုက်(ခ်)အမူ ဟိုလိုဂရမ်တွင်းက စာသားများကို လက်ဖြင့်ပွတ်ဆွဲနေ၍
“ကျန်သေးလား ။ ဘာရေးထားသေးလဲ”
“ကျန်သေးတာပေါ့ ။ ပြီးတော့ ဒီကောင်တွေရဲ့ ကုပ်ပိုးကနေ ဓာတုဓာတ်ငွေ့တစ်မျိုး ထုတ်လွှတ်နိုင်တယ်တဲ့ ။ အဲသည်အငွေ့ကို ရှူမိရင် ခင်ဗျားတို့အားလုံး ထင်ယောင်ထင်မှား (Illusion) တွေဖြစ်ကုန်မယ်တဲ့”
“ငါ့လခွမ်း … ရူရိုင်း.xx.ပြီး မွေးလာရမဲ့ကောင်တွေ … နောက်ဆုံးဟာကကော ဘာတွေရေးထားတာလဲ”
“အဲဒါက တစ်ဝက်တစ်ပျက်တွေဗျ ။ အရေပြားကို ဖောက်ထွက်ပြီး သူတို့ခန္ဓာကိုယ်အပြင်ဘက်ကို အာရုံကြော (Nerve) တွေဆန့်ထုတ်နိုင်တယ်ဆိုလား”
“အေး ဆန့်ထုတ်နိုင်တော့ ဘာဖြစ်သတဲ့လဲ”
“မသိတော့ဘူးဗျ ။ တပ်မှူးရဲ့ ဒေတာတွေက ဒီမှာတင်ဆုံးသွားပြီ ။ ကျန်တာတွေက ပျက်နေပုံရတယ် ။ ဆက်ဖတ်မရတော့ဘူး”
သူပို၍ပင်ပြုံးသွားမိသည် ။ အရာရာအားလုံး ရှင်းလင်းလာပြီး ပြဿနာကို ထိပ်တိုက်တွေ့ရတော့မည်ဆိုပါက စိတ်လှုပ်ရှားမှုကြောင့် ထိုကဲ့သို့ ပြုံးတတ်သည်က သူ့သဘာဝ ။ ထိုကြိုက် ဇိုက်(ခ်)မှာ ဟိုလိုဂရမ်ကိုပိတ်၍ သူ့ဘက်လှည့်ကြည့်ပြီး
“ဘာပဲပြောပြောတန်တယ် ခေါင်းဆောင် ။ ကျုပ်တို့ဒီထဲမလာဘဲ ဒီကောင်တွေနှင့်သာ မြေပြင်မှာထိပ်တိုက်တွေ့မိရင် မလွယ်ဘူး ။ ရင်ဆိုင်ကြည့်တာပေါ့ … ခေါင်းမရရင် နှလုံးနှစ်ခုကိုပေါ့ ။ ဒီ (အေ) ဆိုတဲ့ကောင်တော့လား”
“(အေ) ဆိုတဲ့ကောင် ဒီလောက်လုပ်နိုင်နေတာ တန်နားဘရက်(စ်)ရဲ့ ဘာရာထူးအဆင့်လဲ မသိဘူး ။ ဒါပေမဲ့ အရမ်းရှိန်နေစရာ မလိုဘူး ။ သူလုပ်ခဲ့သမျှကိုကြည့်ရင် လက်ယဉ်ပေမဲ့ အရမ်းပိရိတဲ့အထဲ မပါဘူး ။ နောက်ဆုံး အော်ရကယ်ကို သတ်တုန်းကနှင့် ဒီလိုအရေးကြီးတဲ့ ဒေတာချစ်(ပ်)ကို သစ်နွယ်ကြားကျန်ခဲ့တာတွေက သက်သေပဲ ။ ကြည့်ရတာ ငါတို့အချိန်မရသလို ဒီကောင်လည်း အချိန်လုနေရပုံပဲ”
ဟုဆိုလိုက်လေသည် ။ ဤသို့ဖြင့် လီယိုနာ့ဒ်တို့မှာ လာကြိုမည့်ယာဉ်ကို စောင့်ဆိုင်းနေလျက် အပေါ်က မဟာသစ်ပင်ကြီး၏ နှလုံးကြီးကို ဒုတိယအကြိမ်မြောက် ငေးမောနေမိကြကြိုက် ၊ သူ့စိတ်အစဉ်၌ အတွေးတစ်ခု ဝင်လာသောကြောင့် ဇိုက်(ခ်)ကို စကားလှမ်းစလိုက်လေသည် ။
“လက်ရှိ ဆိုက်ရူရီယာက ဘယ်အခြေအနေထိ ပေါက်နေပြီလဲ”
“မကောင်းဘူး ခေါင်းဆောင် ။ ဆိုက်ရူရီယာရဲ့ အစိုးရကောင်စီက မန်ဒရမ် (Mandrum) ကုန်းမှာ တန်နားဘရက်(စ်)ကို ခံတပ်ဆောက်ခွင့်ပေးလိုက်ပြီ ။ ကျုပ်တို့ရဲ့ မက်ဆက်မက်လီယမ် (Maximillian Fortress) နှင့် တန်းတူအဆင့်ရှိတဲ့ ခံတပ်ကြီး ။ မန်ဒရမ်းနီးရက်(စ်) (Mandrum-Nerix) လို့ခေါ်တယ်”
“နှစ်ပေါင်းနှစ်ရာကျော်ကြာတဲ့ စစ်အေးကာလကြီးက မနက်ဖြန် ၊ သန်ဘက်ခါမှာ အဆုံးသတ်ပြီပေါ့”
ဇိုက်(ခ်)က ခေါင်းညိတ်သည် ။
“ကျုပ်တို့က စတုတ္ထခေတ်ရဲ့အစကို ဝင်ဆင်နွှဲ့ခွင့်ရသူတွေဗျ ။ ကြီးကြီးကျယ်ကျယ်ပြောရရင် ရိုဒီးနီးယားရဲ့ အနာဂတ်ကိုတောင် ကိုယ့်လက်နှင့် ထုဆစ်ခွင့်ရတဲ့သူတွေ ။ ဒါပေမဲ့ …”
ဟူ၍၎င်း၏အသံမှာ တိမ်ဝင်သွားလေ၏ ။ “ဒါပေမဲ့” ၏နောက်၌ “သည်ခေတ်ကိုမမြင်ရမီ ငါသေသွားခဲ့လျှင်” ဟူသည့် အဓိပ္ပာယ်လိုက်ပါသည် ။ လီယိုနာ့ဒ်ကမူ ဤမျှအထိ တခမ်းတနားမစဉ်းစားချင် သေးဘဲ ၊ ယခုရရှိသည့် အချက်အလက်နှင့် စစ်ပွဲဖြစ်ရသည့်အကြောင်းကိုသာ စပ်လျဉ်းကြည့်နေမိသည် ။
ယခု အပရိမာဏ အသူတစ်ရာဒီပ မဟာစစ်ပွဲကြီး (The Celestial War of The Luminous Abyss) မှာ ရက်ပိုင်းအတွင်းမှာပင် စတင်တော့မည်ဖြစ်လေရာ ၊ ရာဗလွန်အင်ပါယာကို အစိုးရသောနတ်များက ကလေးနှင့် လူကြီးမကျန် ပြည်သူအားလုံးကို “တန်နားဘရက်(စ်) အင်ပါယာ၏ နတ်ဦးသျှောင် ဆက်လက်(စ်)မို့သည် ရာဗလွန်အင်ပါယာက နေနတ်ဘုရားနှင့် စစ်နတ်ဘုရားတို့၏ တစ်နေ့တခြား တန်ခိုးထွားလာခြင်းကို မရှုဆိတ်နိုင်သဖြင့် ၊ ၎င်းကိုယ်တိုင်လည်း အာနုဘော်တောင့်တင်း လာစေရန် တန်နားဘရက်(စ်)က သေဆုံးသွားကြသော လူသားများ၏ ဝိညာဉ်များကို လူအဖြစ်ပြန်လည် မဝင်စားစေဘဲ သူကိုယ်တိုင် ဝါးမျိုစားသုံးပစ်နေသောကြောင့် ၊ လောကပါလ၏မျှခြေတစ်ခု ပျက်သုဉ်းတော့မည့်အရေးကို ထိုင်မကြည့်နိုင်ရကား လူသားအားလုံးကို ကာကွယ်ပေးရန်အတွက် စစ်ကြေညာသည်” ဟူသည့် အကြောင်းပြချက်ပေးထား ပေသော်ငြား ၊ သူကမူ ဤအကြောင်းပြချက်ကို သဘောမတွေ့လှဘဲ လက်ရှိ ရိုဒီးနီးယား၏ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကို ထောက်ရှုကြည့်ပါက ၊ ယခုရောက်ရှိနေသော “စစ်အေးတိုက်ပွဲ” (Cold War Era) ကာလ ဆိုသည်မှာ အင်ပါယာနှစ်ခု၏ နိုင်ငံငယ်များအပေါ် လွှမ်းမိုးမှုအားပြိုင်သော ခေတ်ကြီးကို ရည်ညွှန်းခြင်းဖြစ်ပြီး ၊ ထိုပြိုင်ဆိုင်မှုမှာ နှစ်ပေါင်းနှစ်ရာကျော်နီးပါး သရေကျခဲ့သော်လည်း ၊ မကြာသေးမီကမှ ဆိုက်ရူရီယာ အစိုးရကောင်စီက တန်နားဘရက်(စ်)ဘက်သို့ ပြတ်ပြတ်သားသား ယိမ်းသွားသည့်အတွက် ကမ္ဘာ့ကုန်သွယ်ရေးနှင့် နယ်မြေစိုးမိုးရေး တင်းမာမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အလျောက် ၊ စစ်ပွဲကြီးမှာ အနှီအရေးကြောင့်ဖြစ်ရသည် ဟူသည့် အယူအဆကို သူပိုကြိုက်စေကာမူ ၊ မဟာစစ်ပွဲကြီးမှာ လူ့ပြည်နှင့် နတ်ပြည် နှစ်ဘုံလုံး၌ ပြိုင်တူနွှဲကြမည့် စစ်ပွဲကြီးတစ်ခုဖြစ်သည့်အားလျော်စွာ ၊ လူ့ပြည်၏ နိုင်ငံရေးစာမျက်နှာတစ်ခုတည်း၌ အရှုံးပေါ်ရုံမျှနှင့် ဤမျှထိကြီးကျယ်လှသော စစ်တစ်ခုကို မီးမွှေးသည်ဆိုသည်ကား အဓိပ္ပာယ်မရှိပြန်သောကြောင့် ၊ မဟာစစ်ပွဲဖြစ်ရသည့် အကြောင်းတရားများမှာ သူတို့သိထားသော အကြောင်းများပြင် ၊ လုံးဝမသိသေးသော အရာများလည်း ပါဝင်နိုင်သေးသည်က ဧကန်မလွဲပေပင် ။
အထူးသဖြင့် နတ်ပြည်၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရခြင်းက ကောက်ချက်ချရန် မပြည့်စုံ ၊ မကုံလုံဖြစ်နေ၏ ။ မည်သို့ပင်ဆိုစေကာမူ ဇိုက်(ခ်)ပြောသည့်အတိုင်း ရိုဒီးနီးယားတွင် ခေတ်ကြီးသုံးခေတ်ရှိခဲ့ပြီး ၊ ယခုအခါ သူတို့မှာ စတုတ္ထခေတ်သို့ အရှင်လတ်လတ်ရောက်မည့် ၊ ပုန်းလျှိုးကွယ်လျှိုး မဟုတ်တော့ဘဲ လဟာပြင်၌ အလံထူကာ ဘွင်းဘွင်းရှင်းရှင်းတိုက်မည့် ၊ စစ်၏အဆိုးဆုံး ပြယုဂ်တို့ကို နဖူးတွေ့ဒူးတွေ့ တွေ့ရတော့မည့် သူများသာဖြစ်ကြလေသည် ။
ထိုစဉ်သူတို့ခေါင်းပေါ်ဝယ် တဝူးဝူး လေတိုက်သံကြီးတစ်သံထွက်လာသဖြင့် မော့ကြည့်လတ်သရော် ၊ စက်ဝိုင်းသဏ္ဌာန် အနက်ရောင်အရာကြီးတစ်ခုမှာ ရွှေရောင်နွယ်ပင်များကြားမှ သူတို့ရှိရာသို့ တအိအိနှင့် နိမ့်ဆင်းလာ၍ ၊ ၎င်းကြောင့် လေတိုက်သံကြီးပြင် သစ်နွယ်များပြတ်ကျသံ တဖြောင်းဖြောင်းမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံး နဘံမိုးသို့ညံစီလာလေပြီး ၊ စက္ကန့်ပိုင်းမျှအကြာဝယ် ယင်းကြီးမှာ သူတို့ရှေ့သို့ရောက်ရှိလာလေတော့သည် ။
အဆိုပါအရာကြီးမှာ ဂရာဗိုးရက်(စ်) ပင့်ကူယန္တရားရုပ်ကြီးထက်ပင် ငါးဆနီးပါးမျှကြီးမားသည့် စက်ဝိုင်းပြားသဏ္ဌာန် ယန္တရားယာဉ်ပျံကြီးဖြစ်ပြီး ယင်း၏ဘေးပတ်ပတ်လည်မှာ ခပ်ခုံးခုံး အပြားသဏ္ဌာန်ဖြစ်၍ ယာဉ်၏ အလယ်တည့်တည့်မှာမူ မောက်ထနေလေသည် ။ ယာဉ်ကြီးတစ်ခုလုံးအား ရွှေရောင်ကနုတ်ပန်းများနှင့် မွမ်းမံထားသည့်ချပ်ဝတ်တန်ဆာများနှင့် ကာရံထားသည့်ပြင် ယာဉ်ကြီးအောက်မှ လေလှိုင်းကြီးများ ဖြာထွက်နေသောကြောင့်လည်း သူ့အင်္ကျီများ တဖျက်ဖျက်ခါနေသကဲ့သို့ ၊ အညိုရောင်ဆံပင်များလည်း နောက်ထိလန်လွင့်လာ၏ ။
https://mmxianxia.com/wp-content/uploads/2026/04/IMG_1779.webp
ထောက်ပို့ယာဉ် အမျိုးအစားဖြစ်သည့် ချင်းကြီး၏အမည်မှာ “နင်းဘက်(စ်)” (Nimbus) ဖြစ်ပေသော်ငြား ၊ သူတို့သူရဲကောင်များကမူ “ပန်းကန်ပြားပျံ” ဟု အလွယ်တကူခေါ်ကြပြီး ၊ ဖျတ်ခနဲကြည့်ပါကလည်း အနှီယာဉ်ပျံကြီးမှာ ပန်းကန်ပြားကြီး မှောက်လျက် ပျံနေပုံနှင့် တူနေသည် မဟုတ်ပါလား ။
ထိုယာဉ်ကြီးမှာ မောင်းသူမပါ ၊ နတ်ဘုရားမ၏ တန်ခိုးတော်ကြောင့် အသက်ဝင်နေခြင်းဖြစ်ပြီး ၊ မာတိုရို၏ စကားအရဆိုပါက အေအိုင် ဖြင့်ထိန်းချုပ်ထားပုံပေါ်သည် ။ ဤသို့ဖြင့်သူတို့သည် ရေသူမလေးနှင့် လူးသို့(စ်)လေးကိုခေါ်၍ ပန်းကန်ပြားပျံယာဉ်ကြီးပေါ်သို့ တက်ကြပြီးနောက် ၊ အာဇာဂါနာမြို့တော်၏ အပေါ်ပိုင်းမြို့က သမုသယရတီနန်းတော်ကြီးဆီသို့ ပြန်လာကြလေသည် ။ လေဒီ ဆယ်ဖီးနီး၏ အမှုဖြင့်အစချီသော သည်အမှုမှာ လေဒီ ဆယ်ဖီးနီးနှင့်ပင် ပြန်ဆုံးရတော့ပေလတ္တံ့ ။ ။ ***************