← Chapters

အခန်း (၄၃၁-၄၃၂)

Vol. 44 Ch. 431-432

အခန်း (၄၃၁-၄၃၂)

Vol. 44 Ch. 431-432

အခန်း(431)

ပြင်းထန်လွန်းသော စာမေးပွဲပြင်ဆင်ချိန်နှစ်လမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။

ဒီဇင်ဘာလအစတွင် လင်းကွမ်းရှန်နှင့် စာမေးပွဲဖြေဆိုမည့်သူများ အားလုံးက စာမေးပွဲခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

စာမေးပွဲဖြေဆိုပြီးသည်နှင့် ရလဒ်များကို ချက်ချင်းရရှိမည် မဟုတ်ပါချေ။ သို့သော် အဘွားလင်းက လင်းကွမ်းရှန်တစ်ယောက် ဤကာလအတွင်း စာကျက်ရာတွင် အလွန်ပင် ခက်ခဲပင်ပန်းခဲ့သည်ဟု ခံစားမိခဲ့သည်။

ထို့အတွက် သူမက ထိုအကြောင်းကို စဉ်းစားကာ လင်းရန်နှင့် လင်းကျန်းဖူတို့အား ကြိုတင်အကြောင်းကြားလိုက်ပြီး တရုတ်နှစ်သစ်ကူး မတိုင်မီ လင်းကွမ်းရှန်အား မြို့ပေါ်သို့ ခေါ်ဆောင်၍ အပန်းဖြေခိုင်းရန် ကြံရွယ်ထားခဲ့သည်။

လင်းကွမ်းရှန် မြို့သို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့သည်မှာ လင်းကျန်းဖူ မင်္ဂလာဆောင်ချိန်က ဖြစ်လေ၏။ သို့သော်လည်း ထိုအချိန်က မင်္ဂလာကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့ကြသည့်အတွက် အပြင်သို့ ထွက်၍ လည်ပတ်ခြင်း မပြုနိုင်ခဲ့ကြချေ။

ယခုအချိန်တွင်တော့ အားလပ်ချိန် ရရှိပြီဖြစ်၍ ဤကလေးကို အပြင်ဘက်သို့ ခေါ်ဆောင်သွားရနိုင်ချေပြီ။

သို့မဟုတ်ပါက သူ တက္ကသိုလ်တက်ခွင့်ရခဲ့လျှင်ပင် တောသားတစ်ဦးကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်ရပေသည်။

သေချာပေ၏။ လင်းရန်ကလည်း သူတို့ ရောက်ရှိလာခြင်းကို ကြိုဆိုခဲ့ပေသည်။ သူမနှင့် သူမ၏ ဒေါ်လေးတို့က အကြီးဆုံးအဒေါ်နေထိုင်သည့်အိမ်သို့ သွားရောက်ကာ အိမ်ကို သန့်ရှင်းရေး လုပ်ခဲ့ကြသည်။

ထိုနေရာမှာ လမ်းကြားဟောင်းတစ်ခုတွင် ဖြစ်သော်လည်း အခန်းနှစ်ခန်း ရှိသည့်အတွက် အဘွားလင်းနှင့် သူမ၏ အဒေါ်တို့က အတူတကွ နေထိုင်ပြီး လင်းကွမ်းရှန်ကတော့ တစ်ဦးတည်း နေထိုင်လို့ရပေ၏။

အဘွားလင်းနှင့် လင်းကွမ်းရှန်တို့ ရောက်ရှိလာသောနေ့တွင် လင်းရန်နှင့် လင်းကျန်းဖူတို့နှစ်ဦးလုံး အလုပ်မှ စောစီးစွာပြန်လာခဲ့ကြပြီး အဒေါ်ဖြစ်သူ၏ အိမ်၌ ညစာအတူ စားသုံးခဲ့ကြလေသည်။

ထမင်းစားနေချိန်မှာပင် လူတိုင်းက လင်းကွမ်းရှန်၏ စာမေးပွဲ အခြေအနေကို မေးမြန်းခဲ့ကြသည်။

လင်းရန်နှင့် လင်းကျန်းဖူတို့သည်လည်း ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ဖူးသည့်အတွက် စာမေးပွဲ ဖြေဆိုပြီးပြီးချင်း ရမှတ်များအကြောင်း မေးမြန်းခံရခြင်းမှာ ခေါင်းခဲစရာ ကောင်းလွန်းသည်ကို သိရှိထားကြသော်လည်း ယခုအချိန်တွင်တော့ သူတို့က ကျောင်းသားများ မဟုတ်တော့သည့်အတွက် မထိန်းချုပ်နိုင်ခဲ့ကြချေ။

ထို့ကြောင့် လင်းကွမ်းရှန်အား ရက်ရက်စက်စက်ပင် မေးမြန်းလိုက်ကြတော့၏။ လင်းကွမ်းရှန်မှာတော့ လွန်ခဲ့သော နှစ်ရက်အတွင်း ဤမေးခွန်းကို လူအများအပြားထံမှ မေးမြန်းခံခဲ့ရပြီး ဖြစ်ပေသည်။

ယခု ဤမေးခွန်းကို ထပ်မံ ကြားရလျှင် သူအလွန်ပင် စိတ်ဆင်းရဲနေရချေပြီ။

“ကျွန်တော် တတ်နိုင်တာတွေ အကုန်လုံးကိုတော့ ရေးခဲ့တာပဲ၊ မတတ်တာတွေကိုတော့ မှန်းပြီး ဖြည့်ခဲ့တယ်၊ မှန်းတာက မှန်မမှန်တော့ ကျွန်တော်လည်း မသိဘူး”

အဘွားလင်းက လင်းကွမ်းရှန်အား နောက်တစ်ချက် လိမ်ဆွဲလိုက်ပြီး ကြိမ်းဝါးလိုက်လေသည်။

“ဒီကောင်စုတ်လေးက ရှောင်ကျောက်နဲ့အတူ စာကျက်နေတာလေ၊ ငါ ရှောင်ကျောက်ကို မေးကြည့်တော့ သူမက အကုန်လုံးနီးပါး ရေးနိုင်တယ်တဲ့

ဒီကောင်ကတော့ ငါ့ကိုပဲ အားကိုးနေရဦးမယ်၊ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ!”

“နင့်ဦးနှောက်က လူဦးနှောက်လားဆိုတာ ကြည့်စမ်းဦး၊ လူဦးနှောက်မဟုတ်ဘဲ ဝက်ဦးနှောက် ဖြစ်နေတာလား!”

“အဘွား... ကျွန်တော်က အဘွားရဲ့ မြေးအရင်းရော ဟုတ်ရဲ့လား”

လင်းကွမ်းရှန်မှာ အဘွားလင်း၏ လေသံကို ကျင့်သားရနေပြီဖြစ်၍ တည်ငြိမ်နေခဲ့လေသည်။ သူက ထိုသို့ အမူအရာမပျက် မေးမြန်းသည်ကို မြင်လျှင် လင်းရန်နှင့် လင်းကျန်းဖူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ကြလေ၏။

သို့သော် လင်းရန် အမှန်တကယ် ပြောချင်နေခဲ့သည်။

လင်းကွမ်းရှန်အနေဖြင့် ယခုတစ်ကြိမ် စာမေးပွဲကို ကောင်းစွာ မဖြေနိုင်ခဲ့လျှင်ပင် ကိစ္စမရှိပါချေ။

အဘယ်ကြောင့်ဆိုသော် နောင်အနာဂတ်တွင် အခွင့်အရေးများစွာ ရှိနေပြီမဟုတ်ပါလား။

ထို့ကြောင့် လင်းကွမ်းရှန်နှင့် အဘွားလင်းတို့က မြို့ပေါ်၌ ခေတ္တမျှ နေထိုင်ခဲ့ကြလေသည်။ လင်းကွမ်းရှန်မှာ လင်းရန်၏ ခိုင်းစေမှုကြောင့် စားသောက်ဆိုင်တွင်ပင် ကူညီပေးခဲ့ရပြီး အပိုဝင်ငွေ အနည်းငယ်လည်း ရရှိခဲ့ပေသည်။

သူ၏ ဘဝတွင် ပထမဆုံးအကြိမ် ကိုယ်တိုင်ရှာဖွေရရှိသော ငွေကြေးကြောင့် လင်းကွမ်းရှန်မှာ မကြုံစဖူးသော အောင်မြင်မှု အထိအတွေ့ကို ခံစားလိုက်ရ၏။

ထိုမျှသာမက သူနှင့် ရွယ်တူဖြစ်သော အားဟွားနှင့်လည်း သူငယ်ချင်းများ ဖြစ်သွားခဲ့ပြီး အလုပ်ဆင်းချိန်တွင် အားဟွား၏ အိမ်သို့ပင် သွားရောက် လည်ပတ်ရန် ဖိတ်ခေါ်ခြင်း ခံခဲ့ရပေသည်။

ဤအတွေ့အကြုံမှတစ်ဆင့် လင်းကွမ်းရှန်သည်လည်း အသိပညာ ဗဟုသုတများစွာ ရရှိခဲ့လေသည်။

ဤသို့ဖြင့် ဆယ့်ငါးရက်ခန့် ကုန်ဆုံးသွားပြီးနောက် အဘွားလင်းက လင်းကွမ်းရှန်အား နေရပ်သို့ ပြန်ခေါ်ရန် ကြံရွယ်လိုက်လေ၏။ မည်သို့ပင်ဖြစ်စေ နှစ်ကုန်ခါနီးပြီဖြစ်၍ သူတို့၏ တပ်မဟာအတွင်း၌ လုပ်ဆောင်စရာ ကိစ္စရပ်များစွာ ရှိနေပေသည်။

အဘွားလင်းအနေဖြင့် ရိက္ခာနှင့် အသားများ ခွဲဝေခြင်း၊ အလုပ်မှတ်တမ်းများ တွက်ချက်ခြင်း စသည့် ကိစ္စရပ်များကို ပြန်လည် ကြီးကြပ်ရမည် ဖြစ်၏။

ထို့အပြင် အိမ်တွင် တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာများ လက်ခံရရှိခြင်း ရှိမရှိကိုလည်း ပြန်လည် ကြည့်ရှုရဦးမည်ပင်။

သို့သော် သူတို့ အိမ်သို့မပြန်မီမှာပင် တစ်စုံတစ်ဦးက သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့လေသည်။

“အဘွားလင်း... အိမ်မှာ ရှိလား”

အဘွားလင်းမှာ ချွေးမကြီးဖြစ်သူ ဝမ်ရှို့ကျူ၏ နေအိမ်တွင် ပစ္စည်းများ ထုပ်ပိုးနေချိန်၌ အပြင်မှ တစ်စုံတစ်ဦးက သူမအား ခေါ်နေသည်ကို ကြားလိုက်ရပြီး ထိုအသံက အတော်လေး ရင်းနှီးနေသည်ဟုလည်း ခံစားလိုက်ရ၏။

ကျောက်ရှီလဲ့၏အသံနှင့် တူနေခဲ့သည်ပင်။

ကျောက်ရှီလဲ့၏ အသံကို ကြားသည်နှင့် အဘွားလင်းက ပစ္စည်းများကို အမြန်ချထားပြီး တံခါးဖွင့်ရန် ပြေးသွားခဲ့သည်။ တံခါးကို ဖွင့်လိုက်လျှင် အပြင်တွင်ရပ်နေသူမှာ အမှန်ပင် ကျောက်ရှီလဲ့ ဖြစ်နေကြောင်းကို မြင်တွေ့လိုက်ရ၏။

“ရှောင်ကျောက်... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ၊ ပြီးတော့ ဒီနေရာကိုရော ဘယ်လို ရှာတွေ့ခဲ့တာလဲ”

အဘွားလင်း အံ့ဩသွားခဲ့ရလေသည်။

ကျောက်ရှီလဲ့က အပြုံးတစ်ခုနှင့် ရှင်းပြလာခဲ့သည်။

“ကျွန်မ တပ်မဟာကနေ ပြန်လာတာလေ၊ အခု တပ်မဟာထဲမှာ စိုက်ပျိုးရေး လုပ်ဖို့ မလိုတော့ဘူး ထင်တယ်၊ ကျွန်မ တက္ကသိုလ်ဝင်ခွင့် ရသွားပြီလေ၊

တရုတ်နှစ်သစ်ကူးပြီးရင် တက္ကသိုလ်မှာ ကျောင်းသွားတက်ရတော့မှာ.. ဒီနေရာကို သိတာကတော့ ရန်ရန်ကပဲ ကျွန်မကို ပြောပြခဲ့တာပါ”

လင်းရန်က ယခင်က မြို့ပေါ်ရှိ သူမ အလုပ်လုပ်ရာ နေရာအကြောင်းကို ကျောက်ရှီလဲ့အား ပြောပြဖူးခဲ့ပေသည်။ ကျောက်ရှီလဲ့မှာလည်း မြို့ပေါ်၌ပင် မွေးဖွားကြီးပြင်းလာသူ ဖြစ်သည့်အတွက် မြို့တော်အစိုးရရုံးမှာ မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲ မနေပါချေ။

ထို့ကြောင့် သူမက မနေ့ညကပင် အိမ်သို့ ပြန်ရောက်လာခဲ့ပြီး ယနေ့မနက်တွင် လင်းရန်အား ရှာဖွေရန် နိုင်ငံတော်ပိုင် စားသောက်ဆိုင်သို့ သွားရောက်ခဲ့ကာ အဘွားလင်းကို၊ အထူးသဖြင့် လင်းကွမ်းရှန်ကို ယခုအချိန် မည်သည့်နေရာတွင် ရှိနေသည်ကို မေးမြန်းခဲ့ခြင်း ဖြစ်ပေသည်။

“အာ... မင်း အဲဒီကောင်လေးကို လာရှာတာလား၊ ဒါဆို... သူ့ရဲ့ အကြောင်းကြားစာရော ထွက်လာပြီလား”

အဘွားလင်း၏ တုံ့ပြန်မှုမှာ နှေးကွေးခြင်း မရှိလှဘဲ ကျောက်ရှီလဲ့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို လျင်မြန်စွာပင် ခန့်မှန်းမိလိုက်လေသည်။

ကျောက်ရှီလဲ့သည်လည်း အချိန်ဆွဲမနေဘဲ အဘွားလင်း၏ မျှော်လင့်ချက် ပြည့်နှက်နေသော မျက်လုံးများရှေ့တွင် လင်းကွမ်းရှန်၏ အကြောင်းကြားစာကို တိုက်ရိုက်ပင် ထုတ်ပြလိုက်လေသည်။

“ဟုတ်တယ်၊ လင်းကွမ်းရှန်ရဲ့ အကြောင်းကြားစာလည်း ရောက်လာပါပြီ၊ ရောက်တာ နှစ်ရက်လောက် ရှိနေပြီ၊ အဘွားတို့ ပြန်မလာသေးတာကို တွေ့လို့ ဦးလေးလင်းက ဒီအကြောင်းကြားစာကို မြို့ပေါ်ကို အရင် ယူလာပေးဖို့ ကျွန်မကို ခိုင်းလိုက်တာ”

“အို... ဒီကောင်စုတ်လေးကတော့လေ! သူ စာမေးပွဲကို ကောင်းကောင်း မဖြေနိုင်ခဲ့ဘူးလို့ ငါတို့ကို ပြောခဲ့သေးတာ၊ ငါတို့ကို ညာခဲ့တာပဲဖြစ်ရမယ်!

ဒီကောင်လေးကိုတော့ ဒီည ပြန်လာတဲ့အချိန် သေချာပေါက် ရိုက်ပြီး ဆုံးမရမယ်”

“အာ... သူ အိမ်မှာ မရှိဘူးလား၊ ဘယ်ကိုသွားတာလဲ”

ကျောက်ရှီလဲ့မှာလည်း သိချင်စွာဖြင့် မေးမြန်းလိုက်မိ၏။

အဘွားလင်းက ရှင်းပြလာခဲ့လေ၏။

လင်းကွမ်းရှန်သည် မနေ့က နိုင်ငံတော်ပိုင် စားသောက်ဆိုင်မှ သူ၏ လစာကို ရရှိခဲ့သည့်အတွက် မြို့ပေါ်ရှိ နောက်ဆုံးသော နေ့ရက်ဖြစ်သည့် ယနေ့တွင် ဈေးဝယ်ထွက်နေခြင်း ဖြစ်ပေသည်။

သူက သူကိုယ်တိုင် ပထမဆုံး ရှာဖွေရရှိသော ငွေကြေးဖြင့် မိသားစုဝင်တိုင်းအတွက် လက်ဆောင်လေးများ ဝယ်ယူမည်ဟု ပြောဆိုခဲ့လေသည်။

သူ၏ စေတနာကို သိရှိထားသည့်အတွက် အဘွားလင်းကလည်း မကန့်ကွက်တော့ဘဲ တခြားသူများ၏ လှည့်ဖြားခြင်းကို မခံရစေရန်သာ မှာလိုက်လေ၏။

အဘွားလင်းက စိတ်လှုပ်ရှားမှုများပြီးသွားသည့်နောက်တွင် သတိပြန်ဝင်လာကာ ကျောက်ရှီလဲ့က ဝင်ခွင့်ရသည့်ကျောင်းနှင့် သူမ၏ မြေးလေး ဝင်ခွင့်ရသည့်ကျောင်းတို့ကို လျင်မြန်စွာ မေးမြန်းလိုက်လေသည်။

အဘွားလင်း၏ ထင်မြင်ချက်အရ လင်းကွမ်းရှန်မှာ ထက်မြက်သော လူ တစ်ဦး မဟုတ်ပါချေ။ ထို့ကြောင့် သူ တက္ကသိုလ်ဝင်ခွင့် ရရှိခြင်းပင်လျှင် အံ့သြဖွယ်ရာတစ်ခု ဖြစ်နေပေပြီ။

လင်းကွမ်းရှန်အနေဖြင့် အဓိက တက္ကသိုလ်ကြီးများသို့ ဝင်ခွင့်ရလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပါချေ။

သို့သော် ကျောက်ရှီလဲ့က သူမအား နောက်ထပ် အံ့အားသင့်စရာတစ်ခုကို ပေးအပ်လာခဲ့ပြန်သည်။

“ကွမ်ရှန်းနဲ့ ကျွန်မတို့ နှစ်ယောက်လုံးက မြို့တော်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ကြတာ.. နောက်ကျရင် ကျွန်မတို့က အတန်းဖော်တွေ ဖြစ်ကြတော့မှာ!”

“ဘာ... မြို့တော်တက္ကသိုလ် ဟုတ်လား! ဘုရားရေ... ငါ အိပ်မက်မက်နေတာလား၊ ငါတို့ မိသားစုထဲမှာ မြို့တော်တက္ကသိုလ်ကိုတက်နိုင်တဲ့ ထူးချွန်ကျောင်းသားတစ်ယောက် တကယ်ကြီး ပေါ်ထွက်လာခဲ့ပြီပေါ့!”

အဘွားလင်းမှာ စာပေနှင့် ပတ်သက်၍ နားမလည်သူဖြစ်သော်လည်း လင်းကွမ်းရှန် စာမေးပွဲအတွက်ပြင်ဆင်နေချိန်အတွင်း “စာမေးပွဲဖြေမည့်ကျောင်းသားကို လိုက်ပါစောင့်ကြပ်သည့်” မိဘတစ်ဦးဖြစ်ခဲ့ပေ၏။

ထို့ကြောင့် သူမလည်း ဤနယ်ပယ်ရှိ ဗဟုသုတများစွာကို ထိတွေ့ခဲ့ရသည်။ သူမက ဘာသာရပ်တစ်ခုစီ၏ ရမှတ်အပြည့်က မည်မျှရှိနေသည်ကိုပင် မသိရှိနိုင်သော်လည်း နိုင်ငံအတွင်းရှိ အကောင်းဆုံး တက္ကသိုလ်များကိုတော့ သေချာပေါက် သိရှိထားခဲ့သည်။

ထိုကျောင်းများထဲတွင် မြို့တော်တက္ကသိုလ်မှာ သေချာပေါက် အာရုံစိုက်ခြင်း အခံရဆုံးသော နေရာဖြစ်ပြီး အကောင်းဆုံးတက္ကသိုလ်များထဲမှ အကောင်းဆုံးတစ်ခုပင် ဖြစ်ပေသည်။

ကျောက်ရှီလဲ့မှာလည်း ရယ်မောလိုက်မိလေ၏။ မြို့တော်တက္ကသိုလ်က အလွန်အမင်း ကောင်းမွန်လွန်းသော်လည်း သူတို့၏နေရပ်နှင့်တော့ ဝေးကွာလွန်းသည်။

သူမတစ်ဦးတည်းဖြင့် ထိုမျှဝေးကွာသော နေရာသို့ သွားရမည်ကို အတော်လေး စိုးရိမ်နေခဲ့ရလေ၏။ သို့သော်လည်း ယခုအချိန်တွင်တော့ အဆင်ပြေသွားခဲ့လေပြီ။

သူမက လင်းကွမ်းရှန်နှင့်အတူ သွားရမည်ဖြစ်သည့်အတွက် စိုးရိမ်နေရန် မလိုတော့ပါချေ။

*

အခန်း(432)

ကျောက်ရှီလဲ့က သူတို့၏အိမ်အထိ ရောက်ရှိလာပြီး သူတို့ထံသို့ မင်္ဂလာရှိသော အကြောင်းကြားစာကို ပေးပို့ခဲ့သည့်အတွက် အဘွားလင်းအနေဖြင့် ကျောက်ရှီလဲ့အား ဤအတိုင်း ပြန်လွှတ်ရန် မဖြစ်နိုင်ပါချေ။

သူမက ကျောက်ရှီလဲ့အား အိမ်ခန်းထဲသို့ တိုက်ရိုက်ပင် ဆွဲခေါ်သွားခဲ့လေ၏။ လင်းကွမ်းရှန် ပြန်ရောက်လာပါက လင်းရန်၏ စားသောက်ဆိုင်သို့ အတူ သွား၍ စားသောက်ရန်အတွက်လည်း ကျောက်ရှီလဲ့ကို ဖိတ်ခေါ်ခဲ့သည်။

ဆိုရလျှင် ဤစားသောက်ပွဲမှာ သူမနှင့် လင်းကွမ်းရှန်တို့နှစ်ယောက်အတွက် ထူးချွန်ကျောင်းသားများဖြစ်ခဲ့သည့်အပေါ် အောင်ပွဲခံသည့် အခမ်းအနားလည်း ဖြစ်ပေ၏။

ကျောက်ရှီလဲ့မှာ ငြင်းဆန်၍ မရတော့သည့်အတွက် အဘွားလင်း၏ စီစဉ်မှုကိုသာ နာခံလိုက်ရသည်။။

မွန်းတည့်ချိန်သို့ ရောက်ချိန်တွင် လင်းကွမ်းရှန်က ပစ္စည်းအိတ်ကြီး အိတ်ငယ်များကို သယ်ဆောင်လျက် ပြန်လည်ရောက်ရှိလာခဲ့လေသည်။

သူက မိသားစုဝင်များအတွက် ပစ္စည်းတစ်ခု ဝယ်ယူချင်သည်ဟု ပြောဆိုခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှစ်ခဲ့ခြင်းမရှိခဲ့ပါချေ။

သူက မိသားစုဝင်များအတွက် ပစ္စည်းများဝယ်ယူသည့်နေရာတွင် အာရုံစိုက်နေခဲ့သည့်အတွက် သူကိုယ်တိုင်အတွက် ဝယ်ယူရန်ပင် မေ့လျော့နေခဲ့လေသည်။

သို့သော် ဤသည်မှာလည်း ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပါချေ။ သူ့အနေဖြင့် ငွေကြေးများ ထပ်မံရှာဖွေပြီးနောက်တွင်မှသာ သူကိုယ်တိုင်အတွက် ပစ္စည်းများ ဝယ်ယူနိုင်ပေ၏။

အချိန်များသည်လည်း အလုံအလောက် ရှိနေသေးသည်မဟုတ်ပါလား။

အိမ်သို့ ပြန်ရောက်ပြီးနောက် လင်းကွမ်းရှန်က မြို့တော်တက္ကသိုလ်မှ သူ၏ အကြောင်းကြားစာကို မြင်တွေ့လိုက်ရသည့်အတွက် ဝမ်းသာအားရ ခုန်ပေါက်လိုက်မိတော့သည်။

“ရပြီ ရပြီ.. မင်းကတော့ လောကကြီးကို မမြင်ဖူးတဲ့ကလေးကျနေတာပဲ၊ အမြန်သွားပြီး ပြင်ဆင်စမ်းပါ၊ ရန်ရန့်ရဲ့ စားသောက်ဆိုင်ကို သွားပြီး ထမင်းစားရင်း သူမကိုလည်း ဒီသတင်းသွားပြောရအောင်!”

အဘွားလင်းသည် လင်းကွမ်းရှန်အား အခန်းထဲသို့ တွန်းပို့လိုက်လေသည်။ ခေတ္တမျှ ကြာပြီးနောက် သူတို့ ပြင်ဆင်ပြီးနောက် သုံးယောက်အတူ လင်းရန်၏ စားသောက်ဆိုင်သို့ ထွက်ခွာခဲ့ကြလေ၏။

စားသောက်ဆိုင်သို့ ရောက်ရှိလာချိန်တွင်တော့ မွန်းလွဲပိုင်းလူကျချိန် ပြီးဆုံးသွားပြီဖြစ်၍ စားသောက်ဆိုင်အတွင်း၌ သူတို့ သုံးဦးသာရှိနေတော့သည်။

အဘွားလင်းက သူမ၏ စကားများကို ထိန်းမထားနိုင်တော့ပေ။ သူမက ဖြစ်နိုင်လျှင် ဤသတင်းကောင်းကို ကမ္ဘာလောကကြီးတစ်ခုလုံးအား အသံချဲ့စက်ဖြင့်ပင် ကြေညာချင်နေမိခဲ့၏။

ထို့ကြောင့် သူမ၏ အသံက အလွန်ပင် ကျယ်လောင်နေခဲ့သည့်အတွက် အပြင်ဘက်မှ ဖြတ်သွားဖြတ်လာများပင်လျှင် ဆိုင်ထဲသို့ လှည့်ကြည့်မိကြသည်။

သို့သော် အဘွားလင်း ပြောနေသည့်စကားများကို ရှင်းလင်းစွာ ကြားလိုက်ရပြီးနောက်တွင်တော့ သူမ မည်သည့်အတွက်ကြောင့် ဤမျှအထိ စိတ်လှုပ်ရှားနေရသည်ကို နားလည်သွားခဲ့ကြလေသည်။

အကယ်၍ သူတို့၏ မိသားစုတွင်လည်း မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်ရသည့် ကလေးများရှိခဲ့လျှင် သူတို့သည်လည်း အလွန်ပင် ပျော်ရွှင်နေကြမည် မဟုတ်ပါလား။

လင်းရန်နှင့် သူမ၏ အဒေါ်ဖြစ်သူတို့မှာလည်း အလွန်အမင်း ပျော်ရွှင်ခဲ့ကြသည့်အတွက် လင်းကွမ်းရှန်နှင့် ကျောက်ရှီလဲ့တို့အား ဆုချရန်အတွက် အရသာရှိသော အစားအစာများကို စားပွဲအပြည့် ချက်ပြုတ်ပေးခဲ့ကြလေသည်။

လင်းရန် ချက်ပြုတ်ထားသော အစားအစာများကို မစားရသည်မှာ ကြာပြီဖြစ်သော ကျောက်ရှီလဲ့မှာတော့ လမ်းပင်မလျှောက်နိုင်တော့လောက်အောင် အလွန်အမင်း စားသုံးခဲ့လေ၏။

သို့သော် စားသောက်ပြီးနောက် ခေတ္တမျှ အနားယူနေချိန်တွင်ပင် လင်းကွမ်းရှန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ ဦးခေါင်းကို ရိုက်လိုက်မိသည်။

“အာ ဒါနဲ့... ကျွန်တော် ခုနက ကုန်တိုက်မှာ ဒေါ်လေးနဲ့ တွေ့ခဲ့တယ်၊ သူက လူတိုင်းဆီကို စကားပါးလိုက်တယ်

ဒီညကျရင် အားလုံး သူ့အိမ်ကို လာပြီး ထမင်းအတူစားကြပါတဲ့.. သူ့မှာ ကြေညာစရာ တစ်ခုခု ရှိတယ်လို့လည်း ပြောတယ်”

ကြေညာစရာတစ်ခုရှိနေတာလား။

အဘွားလင်း၊ လင်းရန်နှင့် တခြားလူများမှာ တစ်ဦးကိုတစ်ဦး သံသယများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

သူတို့သည်က မနေ့ကလည်း လင်းကျန်းဖူနှင့် တွေ့ဆုံခဲ့ကြသော်လည်း သူမထံမှ မည်သည့်ထူးခြားမှုမျိုးကိုမျှ မတွေ့ရှိခဲ့ပါချေ။

အချိန်က တစ်ရက်မျှသာ ကြာသေးသော်လည်း ကြေညာစရာ ရှိနေပြီလား။

အဘွားလင်းတစ်ယောက် အကြောင်းပြချက်မရှိဘဲ စိုးရိမ်ပူပန်သွားခဲ့ရပြီး လင်းကွမ်းရှန်အား မေးမြန်းလိုက်လေသည်။

“သူမ အဲဒီစကားကို ပြောတုန်းက ဘယ်လိုနေလဲ၊ ပျော်နေတဲ့ပုံလား ဒါမှမဟုတ် ဝမ်းနည်းနေတဲ့ပုံမျိုးရှိနေလား”

လင်းကွမ်းရှန်က ထိုစကားကို ကြားလျှင် သူ၏ ဦးခေါင်းကို ကုတ်ခြစ်လိုက်မိပြီး တုံးအစွာဖြင့် ပြောလိုက်မိသည်။

“ကျွန်တော်လည်း မသိဘူး...”

“မင်းကတော့! မင်း ဘာကိုများသိမှာလဲ”

သူ့စကားကိုကြားလျှင် အဘွားလင်းမှာ ထပ်မံ၍ ဒေါသထွက်သွားခဲ့ရပြန်၏။

သူမက လင်းကွမ်းရှန်အား ဒေါသတကြီး ကြည့်လိုက်လေသည်။

လင်းရန်သည်လည်း မျက်မှောင်ကြုတ်လျက် ခေတ္တမျှ စဉ်းစားလိုက်မိသည်။

သူမ၏ထင်မြင်ချက်အရ သူမ၏ အဒေါ်ဖြစ်သူ လင်းကျန်းဖူ ပြောမည့်စကားမှာ သတင်းဆိုး မဟုတ်နိုင်ဟု ခံစားလိုက်ရပေသည်။

သို့မဟုတ်ပါက သူမအနေဖြင့် လူတိုင်းကို ညနေအထိ စောင့်ခိုင်းမည် မဟုတ်ပါချေ။

သူမက လင်းကွမ်းရှန်နှင့် မနက်အစောပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကတည်းက ပြောပြနိုင်သည်။

အဘယ်ကြောင့် ညနေအထိ စောင့်ခိုင်းနေပါမည်နည်း။

“အဘွား... စိတ်မပူပါနဲ့.. တစ်ရက်ပဲ ရှိသေးတာကို ဒေါ်လေးမှာ ဘာတွေများ ဖြစ်နိုင်မှာလဲ၊ ပြီးတော့ ဒေါက်တာကျိုးလည်း ရှိနေတာပဲ၊ သူမ ဘာမှ မဖြစ်နိုင်ပါဘူး”

လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့ လက်ထပ်ခဲ့ကြသည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်သော်လည်း သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ အလွန်ပင် ကောင်းမွန်နေခဲ့သည်ပင်။

ထို့အပြင် လင်းကျန်းဖူသည်က ယခင်က ဆိုးရွားသော အိမ်ထောင်ရေးတစ်ခုကို ကြုံတွေ့ခဲ့ဖူးသည့်အတွက် ယခုအိမ်ထောင်ရေးကို အလေးအနက် ထားနေခဲ့သည်။

တစ်ဖက်တွင်လည်း ကျိုးကျယ်ပင်းက သူမ၏ အတိတ်အတွက် စိတ်မကောင်းဖြစ်ရသည့်အတွက် သူမအပေါ် နည်းမျိုးစုံဖြင့် ကြင်နာယုယကာ နားလည်မှု ပေးခဲ့ပေသည်။

အတိုချုပ်ပြောရလျှင် သူတို့နှစ်ဦးမှာ နက်ရှိုင်းသော သံယောဇဉ်များ ရှိနေသည့်အဆင့်တွင်သာ ရှိနေကြဆဲ ဖြစ်၏။

ဆိုရလျှင် လင်းရန်က သူမ၏ အဒေါ်ဖြစ်သူ ကြေညာမည့် သတင်းမှာ မည်သည့်အရာ ဖြစ်နိုင်ကြောင်းကို ခန့်မှန်းမိထားသော်လည်း သေသေချာချာတော့ မဆုံးဖြတ်နိုင်သေးပေ။

ထို့ကြောင့် လူတိုင်း၏ ဝမ်းသာမှုမှာ အလဟဿမဖြစ်စေရန်အတွက် သူမ၏ ခန့်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ချေ။

အဘွားလင်းသည်လည်း လင်းရန် ၏စကားကို ကြားမှသာ စိတ်သက်သာရာရသွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ဒီမှာရှိနေကြတာပဲလေ။

အကယ်၍ လင်းကျန်းဖူတွင် ကိစ္စတစ်ခုခုနှင့် ကြုံတွေ့လာလျှင်ပင် သူတို့ဘက်မှ အကြံဉာဏ်ပေးပြီးကူညီနိုင်ကြပေလိမ့်မည်။ ထို့ကြောင့် သူမအနေဖြင့် စိတ်ပူနေစရာ မလိုချေ။

သို့သော်လည်း သူမက စိတ်မပူကြောင်း ပြောနေလျှင်ပင် ညနေဘက် လင်းရန်နှင့် ဝမ်ရှို့ကျူတို့ အလုပ်ဆင်းလာသည်နှင့် အချှင်အမြန်ပြင်ဆင်ရန် တိုက်တွန်းနှိုးဆော်နေဆဲ ဖြစ်ပေ၏။

လင်းရန်နှင့် လင်းကျန်းဖူတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကူကယ်ရာမဲ့စွာ ခေါင်းကိုသာ ခါယမ်းလိုက်ကြရလေ၏။

နောက်ဆုံးတွင် သူတို့က လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့၏အိမ်ဘက်သို့ ရောက်သွားခဲ့ကြတော့သည်။

တံခါးကို လာဖွင့်ပေးသူမှာ ကျိုးကျယ်ပင်း ဖြစ်လေ၏။ ကျိုးကျယ်ပင်းကို မြင်လိုက်ရသည်နှင့် အဘွားလင်းက လျင်မြန်စွာပင် မေးမြန်းလိုက်တော့သည်။

“ရှောင်ကျိုး... ဘာဖြစ်လို့လဲ၊ စတုတ္ထလေးက ငါတို့ကို အကြောင်းကြားစရာ သတင်းရှိတယ်လို့ ပြောထားတာ၊ သတင်းဆိုးတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား”

ကျိုးကျယ်ပင်းမှာ ဆေးရုံမှ ပြန်ရောက်သည်မှာ မကြာသေးသည့်ပုံပင်။

သူက သူ၏ အပေါ်မှ ဂျူတီကုတ်အင်္ကျီကိုပင် မချွတ်ရသေးချေ။ သို့သော်လည်း အဘွားလင်းတစ်ယောက် ဤမျှအလောတကြီးဖြစ်နေသည်ကို မြင်လိုက်ရသည့်အတွက် အဝတ်အစားလဲရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ အမြန်ပြုံးပြပြီး ပြောလိုက်လေ၏။

“အမေ... ဘာမှ မဖြစ်ပါဘူး၊ စိတ်မပူပါနဲ့၊ တကယ်က... ထားလိုက်ပါတော့ ... ကျန်းဖူ.. အမေတို့ကို မင်းဘာသာမင်းပဲ ပြောလိုက်လေ”

ကျိုးကျယ်ပင်းက ပြန်လည်စဉ်းစားကြည့်ပြီးနောက် ထိုကိစ္စကို သူ့ဘက်မှ ပြောမပြသေးရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာ လင်းကျန်းဖူအတွက် အလွန်အမင်းထူးခြားသော အဓိပ္ပာယ်ရှိနေသည့်အတွက် သူမကိုယ်တိုင် ပြောပြခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

ဒီလောက်တောင် လျှို့ဝှက်နေတာလား။ ဒီအထိ ရောက်နေတာတောင် သူက ဘာမှ မပြောနိုင်သေးဘူးလား။

ကျိုးကျယ်ပင်း၏ တုံ့ပြန်မှုကြောင့် အဘွားလင်း၏ သိလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရလေ၏။

“ကောင်းပြီ၊ နင်တို့နှစ်ယောက်သာ ငါ့ကို အရေးကြီးတဲ့ကိစ္စတစ်ခုခု အမြန်မပြောပြဘူးဆိုရင် ငါ နင်တို့ကို ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်လိုက်တော့!”

အဘွားလင်းမှာ နှာမှုတ်ကာ ပြောဆိုပြီးနောက် အိမ်ထဲသို့ ဝင်သွားခဲ့လေ၏။

ကျိုးကျယ်ပင်းသည်လည်း ချက်ချင်းပင် အဝတ်အစားလဲကာ လင်းကျန်းဖူကို ကူညီပေးရန် မီးဖိုချောင်သို့ သွားခဲ့သည်။

အဘွားလင်းက မစောင့်နိုင်တော့သည့်အခြေအနေ ဖြစ်နေကြောင်းကိုလည်း သူမအား ပြောပြလိုက်လေ၏။

လင်းကျန်းဖူက သူမ၏ နှာခေါင်းကို တို့ထိလိုက်မိသည်။

သူမအနေဖြင့် မိခင်ဖြစ်သူ၏ အကျင့်ကို သိနေသည့်အတွက် ထမင်းစားချိန်အထိ မစောင့်တော့ဘဲ ချက်ချင်းပြောပြရန် ဆုံးဖြတ်လိုက်လေ၏။

“သတိထားဦး၊ အပြင်မှာ ချောနေတယ်”

သူမ အလောတကြီး ထွက်သွားသည်ကို မြင်လိုက်ရသည့်အတွက် ကျိုးကျယ်ပင်းတစ်ယောက် အလွန်ထိတ်လန့်သွားရပေသည်။ လင်းကျန်းဖူက လက်ယမ်းပြကာ ပြန်ပြောခဲ့၏။

“သိပါတယ်”

သူမအနေဖြင့် သေချာပေါက် သတိထားရမည်ပင်။

မည်သို့ပင်ဖြစ်စေ သူမ၏ ဝမ်းဗိုက်ထဲတွင် ရင်သွေးငယ်လေးရှိနေပြီ မဟုတ်ပါလား။

သူမ ဧည့်ခန်းသို့ရောက်ပြီးနောက် မိသားစုဝင်များ ထိုင်နေသည်ကို မြင်လိုက်ရလေ၏။

လင်းကျန်းဖူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တိုက်ရိုက်ပင် ပြောချလိုက်တော့၏။

“ကျွန်မမှာ ကလေးရှိနေပြီ!”

ထိုစကားသံ ထွက်လာသည်နှင့်အိမ်ထဲရှိ လူများအားလုံး တိတ်ဆိတ်သွားကြသည်။ စက္ကန့်အနည်းငယ်ကြာသည့်တိုင်အောင် မည်သူကမျှ စကားမပြောနိုင်ကြသကဲ့သို့ မည်သည့်တုံ့ပြန်မှုမျှလည်း မရှိကြချေ။

လင်းကျန်းဖူ ရှုပ်ထွေးသွားရလသည်။ သူမ မတိုင်ခင်က ပြောလိုက်သည့်စကားက အသံတိုးလွန်းသည့်အတွက် လူတိုင်းက မကြားလိုက်ကြသည်လား။

သူမ တွေးတောရင်း နောက်တစ်ကြိမ် ထပ်ပြောရန် ပြင်လိုက်ချိန်တွင်တော့ အဘွားလင်းမှာ ထိုင်ခုံမှ အလောတကြီး ထရပ်လိုက်ကာ လင်းကျန်းဖူဆီသို့ ပြေးလာတော့သည်။

“ဘာ! မင်းမှာ ကလေးရှိနေပြီလား.. မင်း ဗိုက်ထဲမှာလား၊ ငါ ထိကြည့်ပါရစေဦး.. ကလေးက လှုပ်နေပြီလားဆိုတာ ငါကြည့်ရမယ်”

*

All Chapters