အခန်း (၄၃၃-၄၃၄)
Vol. 44 Ch. 433-434
အခန်း(433)
အဘွားလင်းတစ်ယောက် လင်းကျန်းဖူ၏ကိုယ်ဝန်သတင်းကြောင့် အလွန်ပျော်ရွှင်နေခဲ့ကာ သူမ၏လက်ဖြင့် လင်းကျန်းဖူ၏ ဝမ်းဗိုက်ပေါ်သို့ ထိကြည့်နေခဲ့လေ၏။
သူမ၏ အံ့အားသင့်နေသော မျက်နှာအမူအရာတို့က ကိုယ်ဝန်ဆောင်သည်ကို တစ်ခါမျှမမြင်ဖူးသည့် လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေချေသည်။
လင်းကျန်းဖူတစ်ယောက် အဘွားလင်းကြောင့် ကြောင်အသွားရပြီးမှ ပြောလိုက်လေ၏။
“အမေ.. ကိုယ်ဝန်က သုံးလတောင် မပြည့်သေးဘူးလေ၊ ဗိုက်တောင် မထွက်သေးတာကို ကလေးက ဘာလို့လှုပ်မှာလဲ”
“ဗိုက်မထွက်သေးရင်လည်း ထိကြည့်ရမှာပဲ၊ ငါ့မြေးက တခြားကလေးတွေနဲ့ မတူဘဲ သုံးလလောက်နဲ့ ဟိုဘက်ဒီဘက် ခုန်ပေါက်နေတာမျိုးလည်းဖြစ်နိုင်တာပဲလေ”
ဆိုရလျှင် ကိုယ်တိုင် သားသမီး မွေးဖွားဖူးသူ တစ်ယောက်အနေဖြင့် အဘွားလင်းက သူမ ပြောသည့်စကားမှာ မဖြစ်နိုင်ကြောင်းကို သိရှိသော်လည်း၊ ထိုအချက်က သူမ၏ အံ့သြဝမ်းသာဖြစ်မှုကို မတားဆီးနိုင်ချေ။
မည်သို့ပင်ဖြစ်စေ လင်းကျန်းဖူ၏ ကလေးမရနိုင်ခြင်းကိစ္စမှာ လင်းကျန်းဖူ၏ ရင်ထဲတွင် ဆူးတစ်ချောင်း ဖြစ်နေခဲ့ရုံမျှမက အဘွားလင်း အမြဲတစေစိတ်ပူနေခဲ့ရသည့် အရာလည်း ဖြစ်ခဲ့ပေသည်။
နောက်ပိုင်းတွင် မြို့ပြဆေးရုံမှ ဆရာဝန်က ပြဿနာမရှိကြောင်း ပြောသည်ကို ကြားခဲ့ရသော်လည်း၊ အဘွားလင်းအနေဖြင့် ယခင်က ဖြစ်ပျက်ခဲ့သည်များကို ထိတ်လန့်နေခဲ့သည့်အတွက် လင်းကျန်းဖူ မွေးဖွားသည်ကို မမြင်ရသရွေ့ နေ့စဉ်နေ့တိုင်း စိတ်မအေးနိုင်ဘဲ ရှိနေခဲ့ရပေသည်။
ယခုတွင်တော့ အရာအားလုံး အဆင်ပြေသွားခဲ့ချေပြီ။ သူမက သူမ၏ မြေးလေး ဤလောကထဲသို့ ရောက်ရှိလာမည့်အချိန်ကို မျှော်လင့်တကြီးသာ စောင့်စားနေမိတော့သည်။
လင်းရန်ကလည်း သူမ၏ ယခင်က ခန့်မှန်းထားသည်မှာ မှန်ကန်သွားသည့်အတွက် အလွန်အမင်း စိတ်သက်သာရာ ရကာ ပျော်ရွှင်သွားသည်။
“ဒေါ်လေး... ဂုဏ်ယူပါတယ်”
“ကျေးဇူးပါပဲ ရန်ရန်”
လင်းကျန်းဖူက သူမကို ကြည့်၍ ပြုံးပြလိုက်လေသည်။ သူမ၏ ရင်ထဲတွင် ခံစားချက်များစွာ ရှိနေလေ၏။ အကယ်၍သာ လင်းရန်က သူမအား ဆေးရုံသို့သွား၍ သေသေချာချာ စစ်ဆေးကြည့်ရန် အကြံမပေးခဲ့ပါက၊ သူမက အိမ်ထောင်ပြုရန်နှင့် ကလေးယူရန် အတွေးများကို စွန့်လွှတ်လိုက်မိပေလိမ့်မည်။
ထိုသို့ဆိုလျှင် ယခုကဲ့သို့သော ကိစ္စရပ်များမှာလည်း ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ဤ “ကျေးဇူးတင်စကား” မှာ လင်းရန် အမှန်တကယ် ရသင့်ရထိုက်သော စကားပင် ဖြစ်သည်။
သူမ ဤမျှလောက် စိတ်လှုပ်ရှားနေသည်ကို မြင်ရသည့်အတွက် လင်းရန်လည်း အရှေ့သို့တိုးကာ လင်းကျန်းဖူ၏လက်ကိုသာ ဆုပ်ကိုင်ထားလိုက်လေ၏။ နောက်ပိုင်းတွင် ရောက်ရှိလာမည့် နေ့ရက်များမှာ ပို၍ကောင်းမွန်လာတော့မည်ပင်။
လင်းကျန်းဖူ၏ ကိုယ်ဝန်ရရှိမှုနှင့် လင်းကွမ်းရှန်၏ မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်ရရှိမှုတို့ကြောင့် ယနေ့ညတွင် လင်းမိသားစုအတွက် မင်္ဂလာသတင်းနှစ်ခုဆင့်နေသည်ဟု ပြောနိုင်သည်။
မိသားစုတစ်စုလုံးက ညကိုးနာရီအထိပျော်ရွှင်စွာဖြင့် ထမင်းလက်ဆုံ စားခဲ့ကြ၏။
နောက်တစ်နေ့တွင် အဘွားလင်းနှင့် လင်းကွမ်းရှန်တို့က နေရပ်သို့ပြန်ရန် ပြင်ဆင်ခဲ့ကြသည်။
လင်းရန်နှင့် လင်းကျန်းဖူတို့ကလည်း မနက်ပိုင်း အလုပ်မများသေးသည့် အချိန်တွင် ဘူတာရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြလေ၏။
ပြောစရာရှိသည်များကို ပြောဆိုပြီးနောက်တွင် လင်းရန်က အဘွားလင်းတစ်ယောက် ကားပေါ်သို့တက်တော့မည်ဟု ထင်ခဲ့သော်လည်း အဘွားလင်းက ရုတ်တရက် လှည့်လာကာ သူမကို ဘေးသို့ ဆွဲခေါ်သွားပြန်၏။
လင်းရန် : ?
သူမ၏ မျက်နှာပေါ်ရှိ ရှုပ်ထွေးနေမှုကို မြင်လျှင် အဘွားလင်းက ပြုံးလိုက်လေ၏။
“ရန်ရန်.. မင်းရဲ့ဒေါ်လေးက ကိုယ်ဝန်သည်ဘဝနဲ့ ရှိနေတာဆိုတော့ မင်းမှာ အလုပ်မရှိရင် သူ့အိမ်ကို ခဏခဏသွားပြီး ကြည့်ပေးဦးနော်၊ သိတယ်မလား”
လင်းရန်အနေဖြင့် အဘွားလင်းက သူမ၏ ဒေါ်လေးဖြစ်သူ လင်းကျန်းဖူကို စိတ်ပူနေသည့်အတွက် သူမအား ပိုမိုဂရုစိုက်ပေးစေချင်သည်ဟုသာ ထင်လိုက်မိသည်။
ထို့ကြောင့်သူမက ခေါင်းညိတ်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေ၏။
“ကောင်းပါပြီ အဘွား၊ ဒေါ်လေးက ကျွန်မ ဒေါ်လေးပဲလေ၊ ကျွန်မ ဒေါ်လေးရဲ့အိမ်ကိုမကြာခဏ သွားလည်ပြီး ကူညီပေးမှာပါ”
သူမက သိတတ်လိမ္မာစွာပြောနေသော်လည်း အဘွားလင်းက ကျေနပ်ခြင်းမရှိဘဲ ပြန်ပြောလာလေ၏။
“ ဘယ်သူက မင်းရဲ့ဒေါ်လေးကို ဂရုစိုက်ခိုင်းနေလို့လဲ၊ သူမမှာ ခြေတွေလက်တွေရှိတယ်၊ ပြီးတော့ ရှောင်ကျိုးလည်း ရှိတာပဲ၊ နင့်အလှည့်တောင် ရောက်ပါ့မလား”
အဘွားလင်း လင်းရန်ကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ ပြောချင်သည့်စကားကို ရှင်းလင်းစွာ ပြောလိုက်ရလေ၏။
“ မင်းကို သူနဲ့ ပိုပြီး နီးနီးကပ်ကပ်နေခိုင်းတာက သူ့ဆီကနေ ကလေးရနိုင်တဲ့ကံကောင်းခြင်းတွေ ကူးစက်အောင်လို့ ပြောတာ”
ကံကောင်းခြင်းတွေ ကူးစက်အောင်လို့လား?
လင်းရန်က မျက်လုံးအဝိုင်းသားဖြင့် အဘွားလင်းကို ကြောင်အစွာကြည့်နေမိသည်။
“အိုက်ယား.. ဘာပဲဖြစ်ဖြစ် ငါ့ကို ယုံစမ်းပါ၊ မင်းနဲ့ ရှောင်စုန့်ကြားမှာ ဘာပြဿနာမှမရှိဘူးလေ၊ ဒါပေမဲ့ အခုထိ ကလေးမရသေးတာက ကလေးနဲ့ ရေစက်မပါသေးလို့ပဲ ဖြစ်ရမယ်၊ ဒါကြောင့် မင်းရဲ့ဒေါ်လေးနဲ့ များများထိတွေ့လိုက်.. ဒါဆိုရင် ကလေးလည်း ရောက်လာနိုင်လိမ့်မယ်”
လင်းရန် : “...”
သူမ မည်သို့ ပြန်ပြောရမည်ကို မသိတော့သည့်အတွက် နောက်ဆုံးတွင် အဘွားလင်းကိုသာ ကားပေါ်သို့ တွန်းတင်လိုက်ရတော့၏။
“အဘွား.. ကားထွက်တော့မယ်၊ အရင်တက်လိုက်ပါဦး၊ တခြားကိစ္စတွေကို နောက်မှပဲ ပြောကြတာပေါ့၊ အခုတော့ ဒီလောက်ပဲနော်၊ လမ်းမှာ ဘေးကင်းအောင် ဂရုစိုက်ပါဦး”
ထိုသို့ပြောပြီးနောက် လင်းရန်က အဘွားလင်း၏ မျက်နှာအမူအရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တိုက်ရိုက်ပင် တွန်းထုတ်လိုက်လေ၏။
ထို့နောက် သူမက ကားဘက်သို့ လျှောက်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် ယာဉ်မောင်းကလည်း သူမ၏ အခက်အခဲကို နားလည်သွားပုံရပြီး ချက်ချင်းပင် ကားကို စက်နှိုးကာ ထွက်ခွာသွားခဲ့လေ၏။
နောက်ဆုံးတွင် ကားက သူမ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ လင်းရန်တစ်ယောက် သက်ပြင်းချလိုက်မိသည်။
ဘေးတွင် ရပ်နေသော လင်းကျန်းဖူမှာတော့ တူမဖြစ်သူ၏ ဘေးအန္တရာယ်မှ လွတ်မြောက်သွားသည့်အမူအရာကိုမြင်လျှင် မပြုံးဘဲ မနေနိုင်တော့ချေ။
“ဘာဖြစ်လို့လဲ၊ ခုနက အဘွားက မင်းကို ဘာတွေပြောလိုက်လို့ ဒီလောက်တောင် လန့်သွားရတာလဲ”
ထိုစကားကို ကြားလျှင် လင်းရန်၏ ပုခုံးများက ရုတ်တရက် နိမ့်ဆင်းသွားရပြီး မျက်နှာမှာလည်း ညှိုးငယ်သွားရလေ၏။
“အဘွားက ကျွန်မကို ကလေးယူဖို့ တိုက်တွန်းနေတာလေ”
ဒါပေမဲ့ သူမက အခုမှ အသက်နှစ်ဆယ်ပဲ ရှိသေးတာ!
ဤအကြောင်းနှင့် ပတ်သက်၍ လင်းကျန်းဖူသည်လည်း ဝင်ရောက်ပြောဆိုနိုင်ခြင်းမရှိပါချေ။
ဆိုရလျှင် လင်းရန်နှင့် တစ်နှစ်ကျော်ကြာ အတူနေထိုင်ခဲ့ပြီးနောက်တွင် သူမ၏ တူမလေးမှာ အနာဂတ်အတွက် ခိုင်မာသော အတွေးအခေါ်များနှင့် ကိုယ်ပိုင်အစီအစဉ်များ ရှိနေကြောင်းကို သူမမြင်တွေ့ထားခဲ့သည်။
ယခုအချိန်အထိ သူမ၌ ကိုယ်ဝန်မရှိသေးခြင်းမှာလည်း ကလေးမယူချင်သေး၍ဖြစ်စေ၊ သို့မဟုတ် တခြားသော အကြောင်းပြချက်များကြောင့်ဖြစ်စေ ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ သူမနှင့် စုန့်ရှီးယန်တို့ကြားတွင် အမှားအယွင်းမျိုး မရှိသည့်အတွက် ကလေးမရနိုင်စရာ အကြောင်းမရှိပါချေ။
ထို့ကြောင့် ငိုချင်သကဲ့သို့ ဖြစ်နေသော လင်းရန်၏ မျက်နှာကို ကြည့်ကာ သူမက စာနာစွာဖြင့် ပြောလိုက်လေ၏။
“မင်းရဲ့အဘွားက ဒီလိုပါပဲ၊ ငါ့တုန်းကဆိုလည်း အိမ်ထောင်ကျပြီး လပိုင်းလောက်ကတည်းက နေ့တိုင်း တိုက်တွန်းနေတာ၊ အခု မင်းနဲ့ ရှောင်စုန့်တို့ အိမ်ထောင်ကျတာ တစ်နှစ်တောင် ကျော်နေပြီလေ၊
အခုအချိန်မှ သူမက သတိပေးတာဆိုတော့ ဒါက အတော်လေး ကောင်းနေပြီလို့တောင် ပြောရမှာပဲ”
လင်းရန်တစ်ယောက် ငိုရမည်လား၊ ရယ်ရမည်လားပင် မသိတော့ပေ။
ဒီအတွက်ကြောင့် သူမက ပျော်နေရမှာလား။
သို့သော်လည်း အဘွားလင်းက ဤကိစ္စကို ပြောခဲ့သောကြောင့် နောက်ရက်များတွင်လည်း လင်းရန်တစ်ယောက် မသိစိတ်ဖြင့် ထိုအကြောင်းကို တွေးတောမိနေခဲ့သည်။
ကံမကောင်းစွာဖြင့် ယခုအချိန် စုန့်ရှီးယန်က သူမ၏အနားတွင် မရှိသည့်အတွက် သူမအနေဖြင့် ဆွေးနွေးတိုင်ပင်ချင်သည့်လူပင် ရှာမရနိုင်ချေ။
သူမတစ်ယောက်တည်း ကလေးယူဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးမလား။
ထို့ကြောင့် လင်းရန်က အပြစ်အားလုံးကို စုန့်ရှီးယန်ပေါ်သို့သာ ပုံချလိုက်တော့၏။ သူ့ဘာသာသူ အိမ်မှာ ကြာကြာမရှိနေတာလေ။
ဒါကြောင့် ကလေးမရတာက သူမနဲ့ ဘာမှမဆိုင်ဘူး!
နတ်ဆိုးအကြောင်းကိုပြောချှင် နတ်ဆိုးရောက်လာတတ်သည်။
ထိုလူ၏အကြောင်းကို အမှန်တကယ်ပင် အတင်းမပြောနိုင်ပေ။
သူမ ထိုသို့တွေးပြီး နောက်တစ်နေ့မှာပင် အိမ်သို့ပြန်မလာသည်မှာ ကြာမြင့်နေပြီဖြစ်သော စုန့်ရှီးယန်က ပြန်ရောက်လာခဲ့တော့သည်။
သို့သော်လည်း ယခုတစ်ခေါက် ပြန်လာချိန်တွင် စုန့်ရှီးယန်က သူ၏ အလုပ်နေရာက ထပ်မံပြောင်းလဲနိုင်သည်ဟူသော သတင်းစကားကို ပြောလာခဲ့လေသည်။
လင်းရန် : “?”
ဤမျှလောက် လျှင်မြန်စွာ ရာထူးတိုးသည့်လူမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးပါချေ။
ဒါက ပုံမှန်ရော ဟုတ်ရဲ့လား။
ဖခင်ဖြစ်သူက ကွယ်ရာကနေ တစ်ခုခု လုပ်ပေးလိုက်တာများလား။
ယောက္ခမဖြစ်သူ စုန့်ကျယ်နှင့် ပတ်သက်လျှင် လင်းရန်က လုံးဝ စိတ်မပူချေ။
မည်သို့ပင်ဖြစ်စေ သူသာ စုန့်ရှီးယန်၏ ခရီးလမ်းကို လွယ်ကူချောမွေ့အောင် ပြုလုပ်ပေးချင်ပါက လွန်ခဲ့သော အချိန်များကတည်းက လုပ်ဆောင်ပေးခဲ့ပေလိမ့်မည်။
အဘယ်ကြောင့် ယခုအချိန်အထိ စောင့်နေပါမည်နည်း။
သို့သော်လည်း စုန့်လူကြီးမင်းကတော့ ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်လာနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအဘိုးအိုမှာ မိသားစုဝင်များနှင့် ရင်းနှီးလာခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်းများစွာက နောင်တများကို အစားထိုးရန် ကြိုးစားနေပုံရပြီး မိသားစုအပေါ်တွင်လည်း အလွန်ပင် ကောင်းမွန်လွန်းနေသောကြောင့် ဖြစ်၏။
နှမြောစရာကောင်းစွာဖြင့် စုန့်ကျယ်နှင့် ချင်းယွင်ကျစ်တို့မှာ ယခုအချိန်တွင် အရာအားလုံးကို ပိုင်ဆိုင်ထားကြသည့်အတွက် သူက လျော်ကြေးပေးချင်လျှင်ပင် ပေးရန်နေရာမရှိနေခဲ့ပေ။
တစ်ဖက်တွင်တော့ စုန့်ရှီးယန်ကသူ၏ ရွယ်တူများထဲတွင် ထူးချွန်သည်ဟု ဆိုနိုင်သော်လည်း ကံမကောင်းစွာဖြင့် သူ၏ အသက်အရွယ်နှင့် အတွေ့အကြုံကြောင့် အထက်သို့ တက်လှမ်းရန် ခက်ခဲနေဆဲ ဖြစ်ပေသည်။
ထို့ကြောင့်လည်း နှစ်နှစ်မပြည့်မီ အချိန်အတွင်း သူ၏ ရာထူးနေရာ နှစ်ကြိမ်တိုင်တိုင် ပြောင်းလဲသွားချိန်တွင် လင်းရန်က သံသယဖြစ်လာခဲ့ရသည်။
သူမ၏စကားကိုကြားလျှင် စုန့်ရှီးယန်က သူမကို မှိန်ဖျော့စွာအကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီးမှ အားနည်းစွာ ပြောလိုက်လေ၏။
“ရန်ရန်.. မင်းရဲ့စိတ်ထဲမှာ ကိုယ်က ဒီလိုလူမျိုးလို့ ထင်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
သူ၏ လေသံမှာ အလွန်ပင် ဝမ်းနည်းစရာကောင်းနေသည့်အတွက် လင်းရန်တစ်ယောက် သူမက သူ့ကို အထင်လွဲသွားမိသည်ဟု ခံစားလိုက်ရကာ အမြန်ပင်လက်မြှောက်၍ အရှုံးပေးလိုက်ရတော့၏။
*
အခန်း(434)
“ဒါဆိုအခုတစ်ခေါက်လည်း ရာထူးတိုးဖို့အတွက် နောက်ထပ် အရေးကြီးတဲ့ တာဝန်တစ်ခုကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခဲ့တာပေါ့ ဟုတ်လား”
ထိုစကားကိုကြားရလျှင် စုန့်ရှီးယန်က ခေါင်းညိတ်ပြလိုက်ပြီး ဂုဏ်ယူဝံ့ကြွားသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်လေ၏။
“ဟုတ်တယ်၊ ပြီးတော့ အခုတစ်ခေါက်မှာ ကိုယ် ကွမ်းပြည်နယ်ကို ပြန်ပြီး ပြောင်းရွှေ့ရဖို့ ရှိတယ်”
သူက မူလစတင်ခဲ့သည့် နေရာသို့ ပြန်သွားရခြင်းဖြစ်သော်လည်း ယခုတစ်ခေါက် ပြန်သွားချိန်တွင် စုန့်ရှီးယန်၏ အဆင့်အတန်းနှင့် အနေအထားမှာ ယခင်ကနှင့် လုံးဝ ခြားနားသွားလိမ့်မည်။
ဤသည်ကို လင်းရန်နှင့် စုန့်ရှီးယန်တို့ နှစ်ဦးလုံး သိရှိနေကြပေသည်။
လင်းရန်အနေဖြင့် သူ့အတွက် ဝမ်းသာပျော်ရွှင်မိသည်။
သို့သော်လည်း ဝမ်းသာမှု၏ နောက်ကွယ်တွင် မေးခွန်းတစ်ခုကို တွေးတောမိသွားရပေသည်။
လီပြည်နယ်တွင် နေထိုင်ခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်း စုန့်ရှီးယန်သည်က သူမနှင့် နေ့တိုင်း အတူမရှိခဲ့သော်လည်း သူ ဤနေရာသို့ စတင်ပြောင်းရွှေ့လာစဉ်က ပြောခဲ့သည့်အတိုင်း လင်းရန်နှင့် အချိန်ပိုပေးနိုင်ရန်အတွက် အနည်းဆုံး တစ်လလျှင် လေးရက်ခန့်တော့ ရောက်လာပေးခဲ့သည်။
စုန့်ရှီးယန်က လစဉ်လတိုင်းတွင် သူမနှင့် အချိန်အနည်းငယ်ခန့်အတူရှိပေးနိုင်ရန် ကြိုးစားခဲ့ပေသည်။
အချိန်က အလွန်အမင်း မများသကဲ့သို့ အလွန်အမင်းလည်း မနည်းပါချေ။သင့်တင့်လျောက်ပတ်သော အချိန်ဖြစ်သည့်အတွက် စိတ်အနှောင့်အယှက်လည်း မဖြစ်ရသကဲ့သို့ လူချင်းမတွေ့ရ၍ ထူးဆန်းနေသည်မျိုးလည်း မရှိခဲ့ပေ။
သို့သော်လည်း ယခုအချိန် သူသာ ကွမ်းပြည်နယ်သို့ ပြန်လည်ပြောင်းရွှေ့သွားရမည်ဆိုပါက သူတို့နှစ်ဦး ပြန်လည်ဆုံတွေ့ရန်အတွက် ယခင်ကကဲ့သို့ လွယ်ကူတော့မည် မဟုတ်တော့ပေ။
ဆိုရလျှင် စုန့်ရှီးယန်သည်လည်း ဤကိစ္စကို ထုတ်ဖော်မပြောမီကတည်းက ကြိုတင်စဉ်းစားထားပြီး ဖြစ်ပေသည်။
စုန့်ရှီးယန်အနေဖြင့် အစောပိုင်းတွင် ဤအခွင့်အရေးကို ငြင်းပယ်ရန် စဉ်းစားခဲ့သေးသည်။ အကြောင်းမှာ သူ လီပြည်နယ်မှ ထွက်ခွာသွားပါက လင်းရန်နှင့် ယခုကဲ့သို့ အလွယ်တကူ ဆုံတွေ့နိုင်ရန်အတွက် လုံးဝ မဖြစ်နိုင်တော့ကြောင်းကို ကောင်းစွာ သိရှိထားသောကြောင့်ဖြစ်ပေ၏။
သို့သော်လည်း ဤအခွင့်အရေးက သူ့အတွက် အမှန်တကယ်ပင် ရရှိလာရန်ခက်ခဲသည့် အခွင့်အရေး ဖြစ်ပေသည်။ အကယ်၍ သူသာ ဤရာထူးတိုးမည့် အခွင့်အရေးကို လက်လွှတ်လိုက်ပါက နောင်တစ်ချိန်တွင် ရာထူးအဆင့်ဆင့် တက်လှမ်းနိုင်ဦးမည်လားဆိုသည်ကို သူကိုယ်တိုင်လည်း မသေချာတော့ပေ။
ထို့ကြောင့် အချိန်အတော်ကြာအောင် သေသေချာချာ စဉ်းစားပြီးနောက်တွင် စုန့်ရှီးယန်က ကွမ်းပြည်နယ်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ နောက်ပိုင်တွင် သူနှင့် လင်းရန်က အလှမ်းကွာဝေးသွားမည် ဖြစ်သော်လည်း သူမထံသို့ ပြန်လာတွေ့နိုင်ရန်အတွက် အချိန်ကို သေချာပေါက် ရှာဖွေသွားမည်ဟု တွေးတောမိသည်။
ယခုကဲ့သို့ တစ်လလျှင် အနည်းဆုံး လေးရက်ခန့် အတူမနေနိုင်တော့လျှင်ပင် တစ်လလျှင် နှစ်ရက်ခန့်တော့ မဖြစ်မနေ လာနိုင်မည်ဟု သူ အာမခံနိုင်လေ၏။
ထိုအချက်ကို တွေးမိသည်နှင့် စုန့်ရှီးယန်တစ်ယောက် လင်းရန်အပေါ် အလွန်ပင် အားနာလာခဲ့ရသည်။
“ရန်ရန်... ကိုယ် ကွမ်းပြည်နယ်ကို သွားပြီးရင်တော့ အရင်ကထက် ပြန်လာနိုင်တဲ့အချိန် နည်းသွားနိုင်တယ်၊ ဒါပေမဲ့ အချိန်ရတာနဲ့ ကိုယ် ချက်ချင်း ပြန်လာခဲ့မှာပါ”
“တကယ်လို့ ကိုယ် ပြန်မလာနိုင်တဲ့အချိန်တွေမှာလည်း မင်းက ကိုယ့်ကို မေ့မသွားရဘူးနော်”
လင်းရန်အား တပ်ထဲသို့ လိုက်ပါရန်ကိစ္စနှင့် ပတ်သက်လျှင်တော့ စုန့်ရှီးယန်က လုံးဝ ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ချေ။
သူ့အနေဖြင့် လင်းရန် အိမ်ထောင်ကျချိန်ကတည်းက လင်းရန်က ဤကိစ္စနှင့် ပတ်သက်၍ သူ့ကို ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပြီး ဖြစ်ပေ၏။
သူမတွင် တပ်မတော်သို့ ဝင်ရောက်နေထိုင်ရန် ဆန္ဒမရှိချေ။ အကယ်၍ စုန့်ရှီးယန်သာ သူ၏အလုပ်ကို ကူညီပံ့ပိုးပေးနိုင်မည့် ဇနီးမျိုးကို ရှာဖွေလိုပါက သူ လူမှားသွားပြီဖြစ်ကြောင်း ပြောခဲ့ဖူးလေ၏။
ထို့ကြောင့် စုန့်ရှီးယန်က ဤကိစ္စကို အတင်းအကျပ် မပြောရက်ခဲ့ပါချေ။
ယခုအချိန်တွင် လင်းရန်က ဤနေရာတွင် အလုပ်အကိုင် အဆင်ပြေနေပြီဖြစ်၍ သူမ၏ အလုပ်ကို စွန့်လွှတ်စေပြီး သူ့နောက်သို့ ဇနီးအဖြစ် လိုက်ပါလာစေရန် စေခိုင်းဖို့ မလိုအပ်ပေ။
ထို့ကြောင့် သူတို့နှစ်ဦးအနေဖြင့် ခေတ္တမျှခွဲနေကြရန်သာ ရှိတော့ပေသည်။
လင်းရန်ကလည်း စုန့်ရှီးယန်၏ စကားကို ကြားပြီးနောက်တွင် ထွေထွေထူးထူး ထပ်မံပြောဆိုခြင်း မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ လက်ရှိအနေအထားအရ တခြားသော ပြည်နယ်တစ်ခုတွင် ရှိနေမည့် ကိစ္စနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော ဖြေရှင်းနည်း မရှိသေးသည့်အတွက် ယခုကဲ့သို့သာ စီစဉ်ထားလိုက်ရတော့မည်ပင်။
သူမ၏ အလုပ်နှင့် ပတ်သက်လျှင်တော့ နောက်ပိုင်တွင် အချိန်ကြာမြင့်စွာ ဆက်လက်လုပ်ကိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း သူမ သိရှိနေခဲ့သည်။
မကြာမီတွင် ပြုပြင်ပြောင်းလဲရေး လေပြေများ စတင်တိုက်ခတ်လာတော့မည် မဟုတ်ပါလား။
…
နှစ်သစ်ကူးပြီး မကြာမီမှာပင် စုန့်ရှီးယန်က ပြောင်းရွှေ့မိန့်ဖြင့် လီပြည်နယ်မှ ထွက်ခွာကာ ကွမ်းပြည်နယ်သို့ သွားခဲ့ရတော့သည်။
သူ ထွက်ခွာသွားသည့် အချိန်အတွင်း ဒေါ်လေးဖြစ်သူ လင်းကျန်းဖူသည် လင်းရန်တစ်ယောက် ညဘက် ခုတင်ပေါ်တွင် တစ်ယောက်တည်း ပုန်းအောင်းကာ ငိုကြွေးနေမည်ကို စိုးရိမ်သည့်အတွက် သူမထံသို့ လာကာ နှစ်ရက်ခန့် အတူအိပ်ပေးရန် အကြံပြုလာခဲ့ပေသည်။
သို့သော်လည်း လင်းရန်မှာ ဤကိစ္စကြောင့် ရယ်ရမည်လား၊ ငိုရမည်လားမသိဖြစ်သွားခဲ့ရလေ၏။
“ဒေါ်လေး... ကျွန်မက အဲဒီလောက်အထိ စိတ်ဓာတ်မပျော့ညံ့ပါဘူး၊ ဒေါ်လေး အတွေးလွန်နေတာပဲ၊ အရင်တုန်းကလည်း သူက ဆယ်ရက် တစ်လလောက်အထိ ပြန်မလာနိုင်တာတွေ ရှိတာပဲလေ.. ကျွန်မဘာသာ အေးအေးဆေးဆေး နေနိုင်ပါတယ်”
လင်းကျန်းဖူက ထိုစကားကို ကြားလျှင် အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ချက်ချင်း ပြန်လည်ရှင်းပြတော့၏။
“အဲဒါက မတူဘူးလေ၊ အနည်းဆုံးတော့ အဲဒီတုန်းက ရှောင်စုန့်က တစ်လကို နှစ်ခါလောက် ပြန်လာနိုင်သေးတယ်၊ အခုတော့ သူ ဘယ်တော့မှ ပြန်လာနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ပြီးတော့ အခုဆိုရင် သူက အရင်ကထက် ပိုပြီး အလုပ်များနေမှာပဲ”
ထို့ကြောင့် ပြန်လာမည့်အချိန်နှင့် အကြိမ်ရေမှာ ယခင်ကထက် ပို၍ မသေမချာဖြစ်လာပေပြီ။
လင်းရန်က ဒေါ်လေးဖြစ်သူ သူမကို စိတ်ပူနေသည်ကို နားလည်သော်လည်း သူမနှင့်အတူ လာအိပ်ပေးရန်မှာတော့ အမှန်တကယ်ပင် မလိုအပ်ချေ။
မည်သို့ပင်ဖြစ်စေ ဒေါ်လေး၏ ဝမ်းဗိုက်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားလာနေပြီပင်။
သူမက ညဘက် အိပ်ပျော်နေစဉ် မတော်တဆ ကန်မိ၍ သူမ၏ ညီလေး သို့မဟုတ် ညီမလေးကို ထိခိုက်သွားစေမည်ကို စိုးရိမ်မိ၏။
ထိုသို့ဖြစ်ပါက အလွန်ပင် အပြစ်ကြီးလွန်းသွားပေလိမ့်မည်။
လင်းရန်က အမှန်တကယ်ပင် အဖော်တစ်ယောက် မလိုအပ်ကြောင်း မြင်လျှင် လင်းကျန်းဖူသည်လည်း စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်သွားခဲ့ရတော့၏။
သူမ ဘေးအိမ်သို့ ပြန်ရောက်ချိန်တွင် ကျိုးကျယ်ပင်းက သူမ ပြန်လာသည်ကိုပြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလာခဲ့လေသည်။
“စုန့်ရှီးယန်ဆိုတဲ့ ကောင်စုတ်လေးကတော့... လင်းရန်က သူထင်ထားတာထက် ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်ပါတယ်လို့ ပြောသားပဲ၊ သူက ခုထိ မယုံနိုင်သေးဘူး”
ဆိုရလျှင် လင်းကျန်းဖူအနေဖြင့် လင်းရန်အား အဖော်ပြုပေးရန် စီစဉ်ခြင်းမှာ သူမကိုယ်တိုင် သွားလို၍သာမကဘဲ စုန့်ရှီးယန်၏ အကူအညီတောင်းမှုကို လက်ခံထားခဲ့သောကြောင့်လည်း ဖြစ်ပေ၏။
သူ့အနေဖြင့် ယခုအချိန်တွင် ပြန်လာရန် မလွယ်ကူတော့သည့်အတွက် ဒေါ်လေးဖြစ်သူ လင်းကျန်းဖူအား လင်းရန်ကို ကူညီစောင့်ရှောက်ပေးရန် အပ်နှံထားခဲ့သည်။
လင်းကျန်းဖူ သက်ပြင်းချလိုက်မိသည်။
“ကျွန်မကြည့်ရသလောက်တော့ ရန်ရန်က ဒီလိုဘဝမျိုးနဲ့ အတော်လေး ကျင့်သားရနေပုံပဲ၊ သူမအတွက်တော့ ပင်ပန်းမှာပဲ၊ အခုဆို သူမက အိမ်ထောင်မကျသေးတဲ့အတိုင်းဖြစ်နေရတာလေ”
ပြောရင်းနှင့် လင်းကျန်းဖူမှာ ပို၍ စိတ်လှုပ်ရှားလာကာ ကျိုးကျယ်ပင်းကို စိုက်ကြည့်လိုက်လေ၏။
“ရှင်တို့ ယောက်ျားတွေကတော့.. တစ်ယောက်မှ ကောင်းတာမဟုတ်ဘူး!”
ကျိုးကျယ်ပင်းတစ်ယောက် အကြောင်းပြချက်မရှိ အပြစ်တင်ခံလိုက်ရသည့်အတွက် ကြောင်အသွားရသည်။
“??”
သူ အရမ်းကို အပြစ်ကင်းပါတယ်နော်!
သူ ဘာမှမလုပ်ပါဘဲ ဘာလို့ဆူပူကြိမ်းမောင်းခံရတာလဲ။
သူက စုန့်ရှီးယန်ဆိုတဲ့ကောင်စုတ်လကြောင့် အပြောခံလိုက်ရတာပဲ။
သို့သော်လည်း ပြန်လည်စဉ်းစားကြည့်လျှင် လင်းကျန်းဖူမှာ ကိုယ်ဝန်ရှိနေသည့်အတွက် မကြာသေးမီကတည်းက စိတ်ခံစားချက်များ ပြင်းထန်လာတတ်သည်။
သူ့အတွက်ကတော့ အဆူခံရရုံမျှဖြင့် မည်သည့်အရာမှ မဖြစ်နိုင်သည့်အတွက် အောင့်အည်းသည်းခံလိုက်ရုံသာ တတ်နိုင်တော့သည်။
…
စုန့်ရှီးယန် ပြောခဲ့သည့်အတိုင်းပင်။ သူ ထိုနေရာသို့ ရောက်သွားပြီးနောက်တွင် အလွန်ပင် အလုပ်များနေခဲ့လေ၏။
အစောပိုင်း နှစ်လအတွင်းတွင် သူက တစ်ကြိမ်မျှ ပြန်မလာနိုင်ခဲ့ရုံမျှမက၊ အလောတကြီး ဖုန်းခေါ်ဆိုမှုကိုပင် တစ်ကြိမ်သာလုပ်နိုင်ခဲ့သည်။
လင်းရန်က ကိစ္စမရှိကြောင်းနှင့် သူ၏ အလုပ်ကိစ္စများကိုသာ အရင်ဆုံး ဂရုစိုက်ရန် ပြောခဲ့သော်လည်း၊ ဖုန်းချလိုက်ပြီးနောက်တွင်တော့ စိတ်ဓာတ်ကျသကဲ့သို့ ခံစားလိုက်ရပြန်သည်။
ဆိုရလျှင် တစ်ခါတစ်ရံ၌ သူမ၏ဘေးနားတွင် လူအများအပြား ရှိနေခြင်းက ကောင်းမွန်လွန်းသည်။
ကံကောင်းစွာဖြင့် အချိန်ကို တွက်ချက်ကြည့်လျှင် ဇွန်လသို့ ရောက်လုနီးပါး ရှိနေချေပြီ။
နောက်ထပ် လအနည်းငယ်ကြာလျှင် သူမက အပြင်သို့ ထွက်ခွာနိုင်တော့မည်ပင်။
ထို့အပြင် သူမ သွားရောက်မည့် နေရာမှာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးဖြစ်သော ကွမ်းပြည်နယ်ပင် ဖြစ်ပေသည်။
သို့သော်လည်း သူမ ကွမ်းပြည်နယ်သို့ သွားမည်ဖြစ်ကြောင်းကို မည်သူ့ကိုမျှ ထုတ်ဖော်မပြောသေးချေ။
မည်သို့ပင်ဖြစ်စေ ပြုပြင်ပြောင်းလဲရေး လေပြေများက တိုက်ခတ်ခြင်း မရှိသေးပါချေ။ ထို့အပြင် မထွက်ခွာမီတွင် သူမက နိုင်ငံပိုင်စားသောက်ဆိုင်မှ ကိစ္စရပ်များကို အရင်ဆုံး ဖြေရှင်းရဦးမည်မဟုတ်ပါလား။
မဟုတ်ပါက ရုတ်တရက် ထွက်ခွာသွားမည်ဆိုလျှင် စားသောက်ဆိုင်ရှိ လူတိုင်းကို အားနာစရာ ဖြစ်နေရုံမျှမက သူမအား ဤအလုပ်သို့ စတင်မိတ်ဆက်ပေးခဲ့သော စားဖိုမှူးရှုန်းကိုလည်း အားနာစရာ ဖြစ်နေလိမ့်မည်။
စားဖိုမှူးရှုန်းအကြောင်းကို တွေးမိသည်နှင့် လင်းရန်က သူ့ထံသို့ မသွားရောက်ဖြစ်သည်မှာ ကြာပြီဖြစ်ကြောင်း ရုတ်တရက် သတိရသွားလေ၏။
သူမအား ပညာရပ်များစွာ သင်ကြားပြသပေးခဲ့သော ဆရာတစ်ဦးလည်းဖြစ်ကာ သက်ကြီးရွယ်အိုတစ်ဦးလည်းဖြစ်သည့်အတွက် မျိုးဆက်သစ်ဖြစ်သည့် လင်းရန်အနေဖြင့် သူ့ထံသို့ မကြာခဏသွားရောက်ဂါရဝပြုသင့်ပေသည်။
ထို့ကြောင့် ထိုနေ့ အလုပ်ဆင်းချိန်တွင် လင်းရန်က ကြိုတင်ပြင်ဆင်ထားသော လက်ဆောင်ပစ္စည်းများကို ယူဆောင်ကာ စားဖိုမှူးရှုန်း၏ အိမ်သို့ သွားခဲ့လေ၏။
စားဖိုမှူးရှုန်း၏ အိမ်မှာ မြို့တော်ခန်းမနှင့် မလှမ်းမကမ်းတွင်သာ ရှိနေခဲ့သည်။
လင်းရန်က နိုင်ငံပိုင်စားသောက်ဆိုင်မှ ထွက်လာပြီးနောက် မိနစ်အနည်းငယ်မျှ လမ်းလျှောက်ရုံဖြင့် သူ၏အိမ်သို့ ရောက်ရှိသွားခဲ့လေသည်။
သို့သော်လည်း သူမ စားဖိုမှူးရှုန်း၏ အိမ်သို့ ရောက်ရှိသွားချိန်တွင် အိမ်ရှေ့တွင် ပစ္စည်းများကို ပြောင်းရွှေ့ရန် ကူညီပေးနေကြသော လူအများအပြားကို ရုတ်တရက် မြင်တွေ့လိုက်ရလေ၏။
လင်းရန်က ခဏမျှ ကြောင်အသွားပြီးနောက် ဝင်ထွက်သွားလာနေသူများကို အလျှင်အမြန်မေးမြန်းလိုက်မိသည်။
“မင်္ဂလာပါ ရဲဘော်... အခုက ဘာလုပ်နေကြတာလဲ၊ အထဲမှာနေတဲ့ ရဲဘော်ရှုန်း ပြောင်းသွားပြီလား”
*