အခန်း (၄၃၅-၄၃၆)
Vol. 44 Ch. 435-436
အခန်း(435)
ပစ္စည်းများ သယ်ယူနေသော အလုပ်သမားက ပြန်လည်မဖြေမီမှာပင် လင်းရန်၏ အနောက်ဘက်မှ စားဖိုမှူးရှုန်း၏ အသံကို ကြားလိုက်ရလေ၏။
“ရှောင်လင်း... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ၊ အိုး... ဒီနှစ်ရက်အတွင်းမှာ အိမ်က နည်းနည်းတော့ ရှုပ်နေတယ်၊ တစ်ခုခုနဲ့ တိုက်မိမှာ သတိထားဦးနော် ဟားဟား..”
လင်းရန် နောက်သို့ လှည့်ကြည့်လိုက်လျှင် စားဖိုမှူးရှုန်းသည်လည်း လက်ထဲတွင် အိတ်တစ်ခုကို ကိုင်ထားသည်ကို မြင်လိုက်ရပေသည်။
သူက တစ်စုံတစ်ခုကို အပြင်သို့ ထုတ်ယူလာသည့်ပုံပင်။
“စားဖိုမှူးရှုန်း... အိမ်ပြောင်းတော့မလို့လား”
လင်းရန်က သူမ၏ သံသယကို မေးမြန်းလိုက်လေသည်။
စားဖိုမှူးရှုန်းကလည်း ဖုံးကွယ်မထားဘဲ ပြုံး၍ ပြောလိုက်လေ၏။
“အိမ်ပြောင်းတာတော့ မဟုတ်ပါဘူး၊ ငါ့ဇနီးနဲ့အတူ ကွမ်းပြည်နယ်ကို ခဏပြန်ဖို့ စီစဉ်နေတာ၊ ဒီက အိမ်ကိုတော့ ရောင်းမှာမဟုတ်ဘူး၊ ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်လာဖြစ်မဲ့ အကြိမ်ရေကတော့ သိပ်များတော့မှာ မဟုတ်တော့ဘူး ထင်တယ်”
တိကျသော အဓိပ္ပာယ်အရ အိမ်ပြောင်းခြင်း မဟုတ်သော်လည်း၊ လက်တွေ့တွင်တော့ အိမ်ပြောင်းခြင်းဟုပ သတ်မှတ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ စားဖိုမှူးရှုန်း ပစ္စည်းများ ပြောင်းရွှေ့နေသည့် ပုံစံကို ကြည့်ရသလောက် နောက်ပိုင်းတွင် လီပြည်နယ်သို့ ပြန်လာနေထိုင်လျှင်ပင် ခေတ္တခဏအပန်းဖြေရန်အတွက်သာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူ အဘယ်ကြောင့် ကွမ်းပြည်နယ်သို့ ပြန်ရန် ရုတ်တရက် စဉ်းစားလိုက်ရသနည်း။ ဤအချက်မှာ လင်းရန်အား အမှန်တကယ်ပင် ရှုပ်ထွေးစေလေ၏။
ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေသည်ကို မြင်လျှင် စားဖိုမှူးရှုန်းက လင်းရန်အား ပြောလိုက်လေသည်။
“ဒီည ငါ့အိမ်မှာပဲ ထမင်းစားသွားပါလား၊ ထမင်းစားရင်းနဲ့ မင်းကို အသေးစိတ် ပြောပြမယ်”
လင်းရန်ကလည်း ဤနေရာမှာ စကားပြောရန် မသင့်တော်ကြောင်း သိနေခဲ့ပြီး စားဖိုမှူးရှုန်းမှာလည်း အတော်လေး အလုပ်များနေပုံရသည့်အတွက် ခေါင်းညိတ်ပြလိုက်လေ၏။
သူမက စားဖိုမှူးရှုန်းကို ပစ္စည်းများ ကူညီသယ်ပေးခဲ့လေ၏။
နောက်ဆုံးတွင် ပစ္စည်းအများစုကို နေရာချပြီးနောက် စားဖိုမှူးရှုန်းက ကူညီပေးသော အလုပ်သမားများကို အရင်ပြန်ခိုင်းလိုက်ပြီး လင်းရန်အား ခြံထဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။
လင်းရန် ရှိနေသည့်အတွက် စားဖိုမှူးရှုန်းသည်လည်း ဆက်လက်၍ အလုပ်မလုပ်ချင်တော့ဘဲ ပျင်းရိစွာဖြင့်သာ လင်းရန်အား ညစာအတွက် ဟင်းတချို့ ချက်ခိုင်းလိုက်တော့၏။
လင်းရန်က စားဖိုမှူးရှုန်းတစ်ယောက် ယနေ့တစ်နေ့လုံး အလုပ်များနေသည့်အတွက် အလွန်ပင် ပင်ပန်းနေမည်ကို သိရှိထားသည်။ ထို့အပြင် သူမကိုယ်တိုင်လည်း မျိုးဆက်သစ်တစ်ဦးနှင့် စားဖိုမှူးရှုန်း၏ တပည့်ဖြစ်သောကြောင့် ဟင်းချက်ပေးရန်မှာ ပြဿနာမရှိချေ။
ထို့ကြောင့် လင်းရန်က စားဖိုမှူးရှုန်းနှင့် အဘွားရှုန်းတို့ အတူတကွ သုံးဆောင်နိုင်ရန်အတွက် ဟင်းလျာတချို့ကို အမြန်ပင် ပြင်ဆင်ပေးလိုက်လေ၏။
ထမင်းစားနေချိန်အတွင်း လင်းရန်က စားဖိုမှူးရှုန်းနှင့် အဘွားရှုန်းတို့ထံမှ သူတို့ ကွမ်းပြည်နယ်သို့ ပြန်ရန် စီစဉ်ရသည့် အကြောင်းရင်း နှစ်ခုရှိကြောင်း သိရှိလိုက်ရလေသည်။
ပထမအချက်မှာ စားဖိုမှူးရှုန်းနှင့် အဘွားရှုန်းတို့မှာ အသက်ကြီးလာပြီဖြစ်ပြီး အပြင်ဘက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် အသက်ရလာချိန်၌ သူတို့၏ ဇာတိမြေသို့ ပြန်လည်အခြေချချင်သောကြောင့် ဖြစ်၏။
ထို့အပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူတို့၏ သားသမီးများမှာလည်း ကိုယ်ပိုင်မိသားစုများ တည်ထောင်ကာ အောင်မြင်နေကြပြီဖြစ်၍ စိုးရိမ်စရာ မရှိတော့သည့်အတွက် နေရပ်သို့ စိတ်အေးလက်အေး ပြန်နိုင်ပေပြီ။
ဒုတိယအကြောင်းရင်းမှာတော့ လင်းရန်အား စားဖိုမှူးရှုန်းနှင့် စတင်မိတ်ဆက်ပေးခဲ့သော စားဖိုမှူးရှုန်း၏ စီနီယာအစ်မဖြစ်သူ အဘွားဝူက သူတို့အား ပြန်လာရန် ခေါ်ယူခဲ့ခြင်းပင် ဖြစ်၏။
အဘွားဝူ ဖုန်းဆက်ပြောသည်မှာ အသေးစိတ် မရှင်းလင်းလှသော်လည်း၊ သူတို့ ဝူမိသားစု၏ စားသောက်ဆိုင်နှင့် ပတ်သက်နေပုံ ရလေ၏။
ဝူမိသားစုစားသောက်ဆိုင်လား။
ဝူမိသားစုစားသောက်ဆိုင်က ပြန်လည်ဖွင့်လှစ်နိုင်တော့မှာလား။
သို့သော်လည်း လင်းရန် အချိန်ကိုတွက်ချက်ကြည့်လျှင် ဒီဇင်ဘာလရောက်ရန် ခြောက်လခန့် လိုသေးသည်ကို တွေ့လိုက်ရပေသည်။
အဘယ်ကြောင့် အဘွားဝူက ယခုအချိန်ကတည်းက စားဖိုမှူးရှုန်းအား ပြန်လာရန် တောင်းဆိုရသနည်း။
နှမြောစရာကောင်းစွာဖြင့် စားဖိုမှူးရှုန်းကိုယ်တိုင်လည်း တိကျသောအခြေအနေကို မသိရှိသေးချေ။
သူ ကွမ်းပြည်နယ်သို့ ပြန်ရောက်မှသာ အဘွားဝူနှင့် လူချင်းတွေ့ကာ အဖြေကို မေးမြန်းနိုင်ပေလိမ့်မည်။
ဤစကားများကို ကြားပြီးနောက်တွင် လင်းရန်က စားဖိုမှူးရှုန်းတို့ အဘယ်ကြောင့် ကွမ်းပြည်နယ်သို့ ပြန်ရန် စီစဉ်ရသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ရလေ၏။
သူမအနေဖြင့်လည်း ဤကိစ္စနှင့် ပတ်သက်၍ ပြောစရာ မရှိပါချေ။
သူတို့နှစ်ဦး ထွက်ခွာမည့် တိကျသော အချိန်ကိုသာ မေးမြန်းခဲ့ပြီး၊ ထိုနေ့မတိုင်မီအထိ သူတို့ထံသို့ မကြာခဏ လာရောက်တွေ့ဆုံကာ တစ်ခုခု ကူညီနိုင်မလားဟု ကြည့်ရှုပေးရန်သာ စီစဉ်ထားလိုက်တော့၏။
စားဖိုမှူးရှုန်း၏အိမ်မှ ထွက်ခွာပြီးနောက် လင်းရန်က အိမ်သို့ ပြန်လာခဲ့လေသည်။ သို့သော်လည်း အိမ်အပြန်လမ်းတွင် အဘွားဝူက အဘယ်ကြောင့် စားဖိုမှူးရှုန်းကို ရုတ်တရက် ပြန်ခေါ်ရသည်ကို သူမ မတွေးဘဲ မနေနိုင်တော့ချေ။
အဘွားဝူသည်က တစ်စုံတစ်ရာသော လမ်းကြောင်းမှ သတင်းတချို့ ရရှိထားသည့်အတွက် သူတို့၏ ဆိုင်ဟောင်းကို ကြိုတင်၍ ပြန်လည်တည်ထောင်ရန် စီစဉ်နေခြင်းများလား။
အကယ်၍သာ ထိုသို့ဆိုလျှင် စီးပွားရေးလုပ်ငန်းများ စတင်မည့် အချိန်မှာ သူမ မျှော်လင့်ထားသည်ထက် ပို၍ စောနေမည့်ပုံ ပေါ်ပေသည်။
မူဝါဒများ ထုတ်ပြန်ပြီးသည့် အချိန်ကဲ့သို့ ပွင့်လင်းမြင်သာမှု မရှိသေးသော်လည်း၊ တစ်စုံတစ်ရာသော အတိုင်းအတာအထိ လျော့ပေါ့ပေးသည့် မူဝါဒများ ရှိနေသည်ဟု ဆိုနိုင်သည်မဟုတ်ပါလား။
လင်းရန်က စားဖိုမှူးရှုန်းတို့ ကွမ်းပြည်နယ်သို့ ရောက်သည့်အထိ စောင့်ဆိုင်းပြီးမှ သူတို့ကို သေသေချာချာ မေးမြန်းရန် ဆုံးဖြတ်လိုက်လေ၏။
အဘွားဝူက စားဖိုမှူးရှုန်းတို့ကို ပြန်ခေါ်ခြင်းမှာ လင်းရန် သံသယဖြစ်သကဲ့သို့လား၊ တခြားကိစ္စတစ်ခုကြောင့်လား မသိသော်လည်း လင်းရန်ကတော့ ကြိုတင်ထွက်ခွာရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားရန် စီစဉ်လိုက်တော့သည်။
သူမအနေဖြင့် ဆိုင်ရှိ စားဖိုမှူးတာဝန်လွှဲပြောင်းရေး ကိစ္စရပ်များကိုလည်း ကောင်းစွာ ပြင်ဆင်ရမည်ပင်။
ယခုအချိန်တွင် အကောင်းဆုံးသော ကိုယ်စားလှယ်လောင်းမှာ အကြီးဆုံးအဒေါ် ဖြစ်၏။
အကြီးဆုံးအဒေါ်သည်က သူမအား ဟင်းချက်ရာတွင် ကူညီပေးရန် မြို့သို့ ရောက်လာကတည်းက သူမ၏ ဟင်းချက်စွမ်းရည်မှာ ပိုမို၍ ကောင်းမွန်လာခဲ့ပေသည်။
ဟင်းချက်ခြင်းနှင့် ပတ်သက်လျှင် အကြီးဆုံးအဒေါ်က အမှန်တကယ်ပင် ပါရမီပါပုံရလေ၏။
လင်းရန်က သူမအား ဟင်းချက်နည်းနှင့် ပတ်သက်၍ သီးသန့် ညွှန်ကြားခြင်း မရှိသော်လည်း၊ သူမက အနည်းငယ်လောက် ကြည့်ရုံမျှဖြင့် ထိုဟင်းကို ပုံစံကျအောင် သင်ယူနိုင်ခဲ့သည်။
အရသာမှာ လင်းရန်နှင့် အတိအကျ တူညီခြင်း မရှိသော်လည်း ငါးပုံ လေးပုံခန့်တော့ တူညီနိုင်ပေသည်။
အကယ်၍ လင်းရန်သာ သူမအား လမ်းညွှန်ပြသပေးခဲ့ပါက အကြီးဆုံးအဒေါ်၏ အောင်မြင်မှုမှာ သေချာပေါက် ဤမျှထက် ကျော်လွန်သွားနိုင်ပေသည်။
ထို့ကြောင့် လင်းရန်က အကြီးဆုံးအဒေါ်အား ဟင်းချက်စွမ်းရည်မြှင့်တင်ပေးရန် ခေါင်းစဉ်ဖြင့် သူမအား တချို့သော အရာများကို သင်ကြားပေးရန် စီစဉ်လိုက်တော့၏။
သေချာပေသည်။ ဤကိစ္စ၏ အဓိကအချက်မှာ အကြီးဆုံးအဒေါ်ကိုယ်တိုင်က ပျော်ရွှင်စွာ လက်ခံမှဖြစ်ပေမည်။
ထို့ကြောင့် လင်းရန်က နောက်တစ်နေ့တွင် အကြီးဆုံးအဒေါ်အား ဟင်းချက်ခြင်းပညာရပ်ကို ပိုမိုသင်ယူလိုခြင်း ရှိမရှိ မေးမြန်းလိုက်လေ၏။
ထိုစကားကို ကြားရလျှင် အကြီးဆုံးအဒေါ်သည်က ငြင်းပယ်သည့် အမူအရာ လုံးဝမပြသည့်အပြင် အလွန်ပင်ဝမ်းသာသွားခဲ့လေတော့သည်။
ဆိုရလျှင် သူမက လွန်ခဲ့သောအချိန်များကတည်းက ပိုမိုသင်ယူလိုစိတ် ရှိနေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူမ ဤနေရာသို့ ရောက်လာချိန်တွင် သူမ၏ အသက်အရွယ်ကို ပြန်လည်စဉ်းစားမိပြန်ပေသည်။
အကယ်၍ သူမသာ ဆက်လက်သင်ယူနေပါက ဤအသက်အရွယ်နှင့် တတ်မြောက်နိုင်ပါဦးမည်လားဟူသည်ကိုလည်း စိုးရိမ်မိလေ၏။
ထို့အပြင် လင်းရန်၏ ဟင်းချက်စွမ်းရည်မှာလည်း စားဖိုမှူးရှုန်းထံမှ သင်ယူထားခြင်း ဖြစ်သည်။
အကယ်၍ သူမက လင်းရန်ထံမှ ထပ်မံသင်ယူနေသည်ကို စားဖိုမှူးရှုန်း သိသွားပါက မကောင်းနိုင်ချေ။
ထို့ကြောင့် ဤအချက်နှစ်ချက်ကို တွေးတောရင်း ဝမ်ရှို့ကျူက နောက်ဆုံးအထိ ထုတ်ဖော်မပြောဘဲ အောင့်အည်းနေခဲ့မိသည်။
သူမဘက်မှ ထုတ်ပြောရန် အားနာနေသော်လည်း လင်းရန်ကပင် ဦးအောင် စတင်ပြောဆိုလာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
ထိုသည်ကို မြင်လျှင် လင်းရန်က စိတ်သက်သာရာရစွာ ပြုံးပြလိုက်လေ၏။
“ဒါဆိုရင် ညနေ အလုပ်ဆင်းရင် အိမ်မှာပဲ သင်ကြတာပေါ့၊ ကျွန်မသိထားတဲ့ အချက်အလက်တွေနဲ့ နည်းစနစ်တချို့ကို အကြီးဆုံးအဒေါ်ကို သင်ပေးပါ့မယ်၊
ဘယ်လောက်အထိ တတ်မြောက်မလဲဆိုတာကတော့ အကြီးဆုံးအဒေါ်အပေါ်မှာပဲ မူတည်တယ်”
“ဒါဆို စားဖိုမှူးရှုန်း သိသွားရင်... မင်းကို တစ်ခုခုပြောလာလောက်မှာ မဟုတ်ဘူးလား ရန်ရန်”
အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူက သူမ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသမိပြန်သည်။ လင်းရန်မှာ ခဏမျှ ကြောင်အသွားပြီးနောက် ပြုံးလျက် ရှင်းပြလိုက်၏။
“စိတ်မပူပါနဲ့ အကြီးဆုံးအဒေါ်၊ ကျွန်မ အကြီးဆုံးအဒေါ်ကို သင်ပေးမယ့်ပညာရပ်တွေက စားဖိုမှူးရှုန်းဆီက သင်ထားတာတွေ မဟုတ်ပါဘူး၊ ကျွန်မဘာသာ ရှာဖွေတွေ့ရှိထားတာတွေပါ၊ ဒါကြောင့် စိတ်အေးအေးထားပြီးသာ သင်ယူလို့ရတယ်”
စားဖိုမှူးရှုန်းမှာ သူမကို မြေတောင်မြှောက်ပေးခဲ့သူသာ ဖြစ်ပေ၏။ သူမ၏ အခြေခံစွမ်းရည်များမှာတော့ ယခင်ဘဝကတည်းက စုဆောင်းထားခဲ့သော အသိပညာများ ဖြစ်သည်။ ထို့ကြောင့် အကြီးဆုံးအဒေါ်အနေဖြင့် ဤကိစ္စကို စိုးရိမ်ရန် မလိုတော့ချေ။
လင်းရန်၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်မှ ဝမ်ရှို့ကျူသည်လည်း လုံးဝ စိတ်သက်သာရာရသွားလေတော့သည်။
ထို့ကြောင့် နောက်ပိုင်းကာလများတွင် သူမက နေ့ဘက်၌ ဆိုင်တွင် အလုပ်လုပ်ပြီး၊ အလုပ်ဆင်းချိန်တွင် လင်းရန်ထံသို့ လာရောက်ကာ နေ့စဉ် ပညာတစ်ခုလောက်စီ သင်ယူခဲ့လေ၏။
အချိန်အတန်ကြာပြီးနောာ်တွင် သူမက အတော်လေး တတ်မြောက်လာခဲ့လေသည်။
တစ်နေ့တွင် လင်းရန်က သူမ၏ ဒေါ်လေး လင်းကျန်းဖူနှင့် ဒေါက်တာကျိုးတို့ကို ထမင်းစားရန် ဖိတ်ခေါ်ခဲ့သည်။ ယနေ့ဟင်းလျာများကို သူမ ကိုယ်တိုင်ချက်ခြင်း မဟုတ်ကြောင်းကိုတော့ တမင်တကာ ဖုံးကွယ်ထားခဲ့လေသည်။
ထမင်းစားပြီးနောက်တွင် လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့ကို ဟင်းအရသာအကြောင်း မေးမြန်းလိုက်လေ၏။
လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့မှာ မည်သည့်သံသယမျှမရှိဘဲ ယခင်ကကဲ့သို့ပင် ကျေနပ်အားရစွာ ပြန်လည်ဖြေကြားခဲ့ကြလေသည်။
“အရမ်းကောင်းတယ် ရန်ရန် ၊မင်းရဲ့ လက်ရာက အရင်အတိုင်းပဲ အရမ်းစားကောင်းတုန်းပဲ”
ထိုသူနှစ်ဦးမှ ပြန်ပြောလိုက်ချိန်တွင် ပထမဆုံး ပြုံးလိုက်သူမှာ လင်းရန် မဟုတ်ဘဲ ဝမ်ရှို့ကျူ ဖြစ်နေခဲ့သည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် လင်းရန်ကို ကြည့်ပြီး ပြောလိုက်လေ၏။
“ရန်ရန်... ငါ တကယ်ပဲ ဒီလိုလုပ်နိုင်တာလား”
လင်းရန်က သူမ၏ အကြီးဆုံးအဒေါ်၏လက်ကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“အကြီးဆုံးအဒေါ်... ကိုယ့်ကိုယ်ကိုယ် မယုံရင်တောင် ဒေါ်လေးနဲ့ ဦးလေးကျိုးတို့ကိုတော့ ယုံသင့်တယ်၊ သူတို့က အခြေအနေအမှန်ကို မသိဘဲနဲ့ ဒီလိုပြောခဲ့ကြတာလေ၊
ဒါကအကြီးဆုံးအဒေါ်ရဲ့ လက်ရာက အခုဆိုရင် တကယ်ကို ကောင်းနေပြီဆိုတာကို သက်သေပြလိုက်တာပဲ!”
လင်းရန်က ထိုသို့ပြောလိုက်မှသာ တစ်ဖက်ရှိ လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့မှာ ရုတ်တရက် သဘောပေါက်သွားကြတော့သည်။
ယနေ့ ညစာမှာ လင်းရန် ချက်ခြင်း မဟုတ်ဘဲ သူမ၏ ယောက်မ ဝမ်ရှို့ကျူ ချက်ခြင်း ဖြစ်နေပုံရသည်။
“ယောက်မ... ဒီဟင်းတွေက တကယ်စားကောင်းတာနော်၊ ကျွန်မ လိမ်ပြောတာ မဟုတ်ဘူး!”
လင်းကျန်းဖူက မယုံကြည်နိုင်စွာဖြင့် ဝမ်ရှို့ကျူကို ကြည့်ကာပြောလာသည်။
“စောစောကတော့ ရန်ရန် ချက်တာလို့ပဲ တကယ်ကြီးထင်နေတာ၊ လုံးဝသံသယမဝင်ခဲ့မိဘူး”
ဝမ်ရှို့ကျူက ပျော်ရွှင်စွာ ပြုံးလာခဲ့သည်။
“ဒါက ရန်ရန်က ငါ့ကို အမြဲသင်ပေးနေလို့ပဲ၊ မဟုတ်ရင် ငါလည်း ဒီလောက်အထိ တိုးတက်လာမှာ မဟုတ်ဘူး”
*
အခန်း(436)
ဝမ်ရှို့ကျူမှာ အလွန်ပျော်ရွှင်နေသည့်အတွက် တစ်ဖက်ရှိ လင်းကျန်းဖူ၏ မျက်လုံးထဲမှ သံသယအရိပ်အယောင်တချို့ကို သတိမထားမိခဲ့ချေ။
လင်းရန်က အဘယ်ကြောင့် ဝမ်ရှို့ကျူကို ဟင်းချက်နည်းများ ရုတ်တရက် သင်ပေးနေရသည်လဲ။
သူမ အားနေ၍လား။
သို့သော်လည်း ပြန်လည်စဉ်းစားကြည့်လျှင် ဝမ်ရှို့ကျူကို ပိုမိုသင်ကြားပေးခြင်းမှာ မဆိုးလှချေ။
မည်သို့ပင်ဖြစ်စေ အကြီးဆုံးအဒေါ်မှာ ရိုးသားပြီးကြိုးစားသော လူကောင်းတစ်ယောက် ဖြစ်ပေသည်။
ပညာတတ်မြောက်သွားပါကလည်း ဆရာ့ကို ပြန်လည်ဒုက္ခပေးမည့်သူမျိုး မဟုတ်ချေ။
လင်းရန်က ဒေါ်လေးဖြစ်သူ လင်းကျန်းဖူ၏ မျက်လုံးထဲမှ ရှုပ်ထွေးနေမှုကို မြင်တွေ့ရသော်လည်း၊ ဤကိစ္စမှာ ပါဝင်ပတ်သက်နေသည့် အချက်များ များပြားလွန်းသောကြာင့် ထုတ်မပြောနိုင်ခဲ့ပေ။
ထို့အတွက် သတိမထားမိသကဲ့သို့သာ ဟန်ဆောင်နေလိုက်ရတော့၏။
ဝမ်ရှို့ကျူအား ကိုယ်ပိုင်ရပ်တည်နိုင်သည်အထိ သင်ကြားပေးပြီးနောက်၊ လင်းရန်က ကွမ်းပြည်နယ်သို့ ရောက်ရှိနေပြီဖြစ်သော စားဖိုမှူးရှုန်းထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့လေသည်။
စာကို ရရှိသည်နှင့် လင်းရန်က ချက်ချင်းပင် လျှင်မြန်စွာဖွင့်ဖတ်ကြည့်တော့၏။
ဝူမိသားစု စားသောက်ဆိုင် ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဟူသော သတင်းကို အဘွားဝူ ရရှိထားကြောင်း အတည်ပြုနိုင်လျှင်တွင်တော့ သူမ ပျော်ရွှင်လာခဲ့ရသည်။
ရောက်လာပြီ!
ပြုပြင်ပြောင်းလဲရေး လေပြေတွေက တကယ်ကြီး စောစောစီးစီးစွာ တိုက်ခတ်လာခဲ့ပြီပဲ။
ယခုအချိန် အောက်တိုဘာလသို့ ရောက်ရှိနေပြီဖြစ်၍ ဤအချိန်တွင် ခရီးစတင်ခြင်းမှာ အမှန်တကယ်ပင် အချိန်ကိုက်ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူမ ကွမ်းပြည်နယ်သို့ သွားမည်ဆိုပါက တချို့သော အစီအစဉ်များကို ပြုလုပ်ရဦးမည် ဖြစ်၏။
ဥပမာအားဖြင့် ရန်ပုံငွေနှင့် ထိုနေရာတွင် စီးပွားရေးလုပ်ငန်းကို မည်သို့ ပြန်လည်စတင်မည်နည်း ဆိုသည်တို့ပင်။
ကံကောင်းသည်မှာ သူမတွင် ယခင်ဘဝက စီးပွားရေး အတွေ့အကြုံများ ရှိထားသည့်အတွက် ဤဘဝတွင် နေရာအသစ်ဖြစ်နေသော်လည်း မျက်စိလည်လမ်းမှားခြင်း ဖြစ်လိမ့်မည် မဟုတ်ချေ။ ပတ်ဝန်းကျင်နှင့် အသားကျရန်သာ လိုအပ်ပေသည်။
ရန်ပုံငွေနှင့် ပတ်သက်လျှင်တော့...
ထိုညတွင် လင်းရန်က ဘဏ်စာအုပ်နှင့် ငွေများသိမ်းဆည်းထားသော သံသေတ္တာကို ဖွင့်လှစ်ကာ သူမ၌ ငွေမည်မျှ ရှိနေပြီကို တွက်ချက်ကြည့်လိုက်၏။
ထိုအချိန်မှသာ သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ စုဆောင်းမိထားသော ငွေပမာဏမှာ အလွန်ပင် များပြားနေပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရကာ အတော်လေး အံ့အားသင့်သွားရလေသည်။
သူမတွင် စုဆောင်းငွေ ယွမ်ငါးထောင်အထိ ရှိနေသည် မဟုတ်ပါလား!
အသေးစိတ် ပြန်ကြည့်လျှင် အများစုမှာ စုန့်ရှီးယန် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ထောက်ပံ့ကြေးများ ဖြစ်ပြီး၊ အနည်းငယ်မှာတော့ သူမ၏ ကိုယ်ပိုင်လစာ ဖြစ်ပေသည်။
သို့သော်လည်း စုန့်ရှီးယန်က သူ၏ ထောက်ပံ့ကြေးများကို သူမအား ဦးအောင်ပေးအပ်ခဲ့ရုံမျှမက ဤငွေများကို သူမ စိတ်ကြိုက် အသုံးပြုနိုင်ကြောင်းလည်း ပြောဆိုထားခဲ့ဖူး၏။
ထို့ကြောင့် ဤငွေများမှာ သူမ၏ ငွေများပင် ဖြစ်ပေသည်။
တစ်ဦးချင်း လစာမှာ ယွမ်(20) သို့မဟုတ် (30)ခန့်သာ ရှိသော ဤခေတ်ကာလတွင် ယွမ်(5000) ဆိုသည်မှာ အလွန်ကြီးမားသော ငွေပမာဏ ဖြစ်နေချေပြီ။
လင်းရန်မှာ ထိုအချက်ကို တွေးမိရုံနှင့်ပင် စိတ်သက်သာရာရသွားတော့၏။ ဆိုင်ဖွင့်မည့် အချိန်တွင် အရာအားလုံး အဆင်ပြေပါက ယွမ် ရာဂဏန်းမျှသာ ကုန်ကျပေလိမ့်မည်။
အဆင်မပြေလျှင်ပင် ယွမ်တစ်ထောင်ဖြင့် သေချာပေါက် ပြီးမြောက်နိုင်ပေသည်။
ယွမ် တစ်ထောင် ကုန်သွားလျှင်ပင် တစ်နှစ်အတွင်း ထိုငွေကို အတိုးအရင်းနှင့်တကွ အဆမတန် ပြန်လည်ရှာဖွေနိုင်မည်ဟု လင်းရန်မှာ လုံးဝ ယုံကြည်မှု ရှိနေပေသည်။
ယခုအချိန်တွင် ငွေလည်းရှိပြီး ပညာလည်းရှိပြီဖြစ်၍၊ ကြီးကျယ်သော အလုပ်တစ်ခုကို စတင်လုပ်ကိုင်နိုင်ရန်အတွက် သင့်တော်သော အခွင့်အရေးကိုသာ စောင့်ဆိုင်းရန် ကျန်တော့၏။
လင်းရန်က သူမ စားသောက်ဆိုင်မှ ထွက်ခွာရတော့မည်ဖြစ်ကြောင်း ရှောင်ကျောက်ကို ပြောရန် ပြင်ဆင်နေစဉ်မှာပင် လင်းကျန်းအန်းက မမျှော်လင့်ဘဲ ရုတ်တရက် ရောက်ရှိလာခဲ့လေသည်။
လွန်ခဲ့သော တစ်နှစ်အတွင်း လင်းရန်၏ ဖခင်ဖြစ်သူမှာ အလုပ်အကိုင်များ အလွန်ပင် အောင်မြင်နေခဲ့ပေသည်။
ဆေးဝါးစက်ရုံ၏ လုပ်ငန်းများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကားလာခဲ့၏။ ပတ်ဝန်းကျင် ပြည်နယ်များရှိ ဆေးရုံအားလုံးနှင့်သာမက အလှမ်းဝေးသော ဆေးရုံတချို့ကပင် သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဦးအောင် လာရောက်ကမ်းလှမ်းကြလေသည်။
ထို့ကြောင့် ဆေးဝါးစက်ရုံမှာ ပစ္စည်းမလောက်သည်အထိဖြစ်ရုံသာမကဘဲ ယခုနှစ်အစပိုင်းတွင် အတိုင်းအတာမှာလည်း နှစ်ဆခန့် ကြီးထွားလာခဲ့ပေသည်။
ယခုအချိန် ကျေးရွာအဖွဲ့အစည်းရှိ လူအများအပြားမှာ ဆေးဝါးစက်ရုံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြပြီ ဖြစ်၏။
တပ်မဟာ စိုက်ပျိုးရေးမှရသော ဝင်ငွေမှာ မနည်းသော်လည်း ဆေးဝါးစက်ရုံက ပေးသောလစာကထိုထက် အဆမတန် များပြားနေသည် မဟုတ်ပါလား။
ဆေးဝါးစက်ရုံ ချဲ့ထွင်လာသည်နှင့်အမျှ လင်းကျန်းအန်းမှာလည်း ပိုမိုအလုပ်များလာသည့်အတွက် လင်းရန်နှင့် မတွေ့ဖြစ်သည်မှာ ကြာလှပလှပပြီ။
ယနေ့တွင် ဖခင်ဖြစ်သူက ရုတ်တရက် အိမ်တံခါးဝသို့ ရောက်လာသည့်အတွက် လင်းရန်က အခြေအနေကို မေးမြန်းလိုက်၏။
လင်းကျန်းအန်းက သူမအား ချက်ချင်းပင် အသိပေးလာခဲ့လေသည်။
“ရန်ရန်... အဖေ ကွမ်းပြည်နယ်ကို အလုပ်ကိစ္စနဲ့ ခရီးသွားဖို့ စီစဉ်ထားတယ်၊ အရာအားလုံး အဆင်ပြေသွားရင် နောက်ပိုင်းမှာ ကွမ်းပြည်နယ်က ဆေးရုံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်”
တခြားသူများအတွက်တော့ ကွမ်းပြည်နယ်မှာ ကမ်းရိုးတန်း ပြည်နယ်ကြီးတစ်ခုမျှသာ ဖြစ်သော်လည်း လင်းရန်နှင့် လင်းမိသားစုအတွက်တော့ ထိုနေရာမှာ သူတို့၏ မိသားစုဝင်တစ်ဦး နေထိုင်ရာအရပ်ဖြစ်ပေသည်။
ထိုမိသားစုဝင်မှာ စုန့်ရှီးယန် ဖြစ်လေ၏။ အကယ်၍ နောက်ပိုင်းတွင် သူတို့သာ ထိုနေရာ၌ အဆက်အသွယ်နှင့် လုပ်ငန်းများ ရှိလာပါက နှစ်ဖက်ကူးလူးသွားလာရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။
ဖခင်ဖြစ်သူက ဤမျှဝေးလံသော နေရာအထိ လုပ်ငန်းချဲ့ထွင်လိုကြောင်း ကြားသိရလျှင် လင်းရန်တစ်ယောက် သူ၏ သတ္တိနှင့် လုပ်ဆောင်နိုင်စွမ်းအပေါ် အလွန်ပင် လေးစားမိသွားရလေ၏။
ထို့နောက် သူမက ယခင်ဘဝက အချမ်းသာဆုံး ဆေးဝါးလုပ်ငန်းရှင်ကြီး၏ လမ်းကြောင်းကို ပြန်လည်အမှတ်ရမိသွားသည်။
သူမ မှတ်မိသလောက်ဆိုလျှင် ကွမ်းပြည်နယ်သည်က ထိုအချမ်းသာဆုံး ပုဂ္ဂိုလ်အား ပိုမိုကြီးမားသော ဈေးကွက်သို့ ပို့ဆောင်ပေးခဲ့သည့် တံခါးပေါက် မဟုတ်ပါလား။
ထို့ကြောင့် ဖခင်ဖြစ်သူက နောက်ပိုင်းတွင် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာမည်လား မသိနိုင်သော်လည်း ကွမ်းပြည်နယ်တွင် ပိုမိုကြီးမားသော အခွင့်အရေးများကိုတော့ သေချာပေါက် ရှာဖွေနိုင်မည် ဖြစ်သည့်အတွက် လင်းရန်က သူမ၏ဖခင် သေချာပေါက် သွားသင့်သည်ဟု ခံစားမိလေ၏။
“အဖေ... ဘယ်တော့ သွားမှာလဲ
လင်းကျန်းအန်းကတော့ လင်းရန်က သူ့ကို စိတ်ပူနေသည်ဟုသာ ထင်မှတ်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“မနက်ဖြန်ပေါ့၊ ဒီနေ့တော့ ရထားမီဖို့ အချိန်သိပ်မရတော့ဘူး ထင်တယ်၊ ဒါကြောင့် မနက်ဖြန် မနက်စောစောမှပဲ ဘူတာရုံကို သွားတော့မယ်...”
ဆိုရလျှင် ယခုအချိန် ညနေ (6)နာရီခန့်သာ ရှိသေးပြီး ဆောင်းရာသီသို့ လုံးဝ မဝင်သေးသည့်အတွက် အပြင်ဘက်တွင် မှောင်မနေသေးချေ။
အကယ်၍ လင်းကျန်းအန်းသာ ဘူတာရုံသို့ သွားကြည့်မည်ဆိုပါက ယနေ့ည (7)နာရီခွဲတွင် ထွက်ခွာမည့် ရထားကို ကံကောင်းစွာ မှီနိုင်ပေလိမ့်မည်။
သို့သော်လည်း သူ ကွမ်းပြည်နယ်တွင် မည်မျှကြာအောင် အလုပ်များနေမည်ကို မသိနိုင်သေးပ။ ထို့အတူ မကြာသေးမီကလည်း အလွန်ပင် အလုပ်များနေခဲ့သည့်အတွက် လင်းရန်နှင့် အချိန်အတော်ကြာအောင် စကားမပြောဖြစ်ခဲ့ပါချေ။
နောက်ထပ် သူ၏ စတုတ္ထညီမ လင်းကျန်းဖူ၏ အခြေအနေကိုလည်း မေးမြန်းချင်နေသေးလေ၏။
ထို့ကြောင့် လင်းကျန်းအန်းက ယနေ့ညတွင် အလျင်စလို သွားရန် မလိုအပ်ဟု တွေးတောခဲ့သည်။
သူက လင်းကျန်းဖူ၊ ကျိုးကျယ်ပင်းနှင့် အကြီးဆုံးမရီးတို့ကို ယနေ့ညတွင် ညစာအတူစားရန် ဖိတ်ခေါ်ကာ မနက်ဖြန် မနက်ကျမှ ထွက်ခွာရန် စီစဉ်ထားခဲ့သည်။
သို့သော်လည်း သူ၏ စကားဆုံးသည်နှင့် လင်းရန်က အလောတကြီး ပြောလာခဲ့လေ၏။
“မနက်ဖြန်မှလား၊ အဖေ... ကျွန်မကြည့်ရသလောက်တော့ သိပ်မနောက်ကျသေးပါဘူး၊ ဒီနေ့ညပဲ ထွက်သွားရင် မကောင်းဘူးလား”
ဖြစ်နိုင်လျှင် စောစောသွားလေ ပိုကောင်းလေဖြစ်မည်။ ဈေးကွက်ကို စောစောစီးစီး သိမ်းပိုက်နိုင်မည် မဟုတ်ပါလား။
အချိန်က ငွေဖြစ်ပေ၏။
လင်းကျန်းအန်း: “??”
သူ၏ သမီးဖြစ်သူ လင်းရန်က သူ့ကို ချက်ချင်းပင် ထွက်ခွာရန် တိုက်တွန်းလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ဖခင်အိုကြီး လင်းကျန်းအန်း၏ နှလုံးသားမှာ ရုတ်တရက် ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရလေတော့သည်။
“ရန်ရန်...”
သူမက သူ့အား မတွေ့ရသည်မှာ ကြာပြီဖြစ်သည့်အတွက် သူ့နှင့် စကားမပြောချင်တော့သည်လား။
ကံကောင်းစွာဖြင့် သူ ထိုမေးခွန်း ထမမေးမီမှာပင် လင်းရန်က ပြန်လည် စိတ်အေးသွားစေခဲ့သည်။
အကယ်၍ ဖခင်ဖြစ်သူမှာ နောက်ပိုင်းတွင် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာမည်ဆိုပါက သူ၏ ကံကြမ္မာမှာ သတ်မှတ်ပြီးသားဖြစ်ရပေမည်။
သူ ဆုံးဖြတ်ချက် မချမီကတည်းက သေသေချာချာ စဉ်းစားထားခဲ့လောက်ပေ၏။ သူမ လုပ်ဆောင်ရမည့်အရာမှာ ဖခင်ဖြစ်သူအား မည်သည့်နှောင့်ယှက်မှုမျှ မပေးဘဲ သူ၏ အစွမ်းကုန် လုပ်ဆောင်နိုင်စေရန် အားပေးရုံသာ ဖြစ်သည်။
မဟုတ်ပါက စုန့်ရှီးယွီနှင့် စုန့်ဝေတို့ကဲ့သို့ အခြေအနေမျိုး ဖြစ်သွားနိုင်ခြေ ရှိသည်။ အခြေအနေကို တိုးတက်အောင် မလုပ်နိုင်ရုံမျှမက၊ ပြောင်းပြန်ပင် ဖြစ်သွားစေနိုင်သည်။ တွေးမိရုံနှင့်ပင် လင်းရန်တစ်ယောက် ထိတ်လန့်သွားရ၏။
ထို့ကြောင့် သူမ စကားကို အမြန်ပင် ပြောင်းလဲလိုက်လေသည်။
“အဖေ... ခုနက ကျွန်မပြောတာတွေကို မကြားခဲ့သကဲ့သို့ပဲ သဘောထားလိုက်တော့၊ အဖေအရင်က စဉ်းစားထားတဲ့ အစီအစဉ်အတိုင်းပဲ လုပ်ပါ”
လင်းကျန်းအန်း: “?”
ဘာတွေဖြစ်နေတာလဲ။
သူ့ရဲ့သမီးက ဒီနေ့ ဘာလို့ ထူးထူးခြားခြား ဖြစ်နေရတာလဲ။
လင်းရန်က ဖခင်၏ မျက်လုံးထဲမှ ရှုပ်ထွေးနေမှုကို မြင်လျှင် အကြောင်းအရာကို အမြန်ပင် ပြောင်းလိုက်လေ၏။
“အဖေ အိမ်မှာ ခဏစောင့်နေနော်၊ ကျွန်မ အဖေကြိုက်တဲ့ စားစရာတွေ သွားဝယ်လိုက်ဦးမယ်၊ ပြီးတော့ ဒေါ်လေးတို့ကိုလည်း ညစာစားဖို့ လာခဲ့ဖို့ ခေါ်လိုက်မယ်!”
ပြောပြီးသည်နှင့် လင်းရန်က အိမ်ထဲမှ အပြေးအလွှား ထွက်သွားလေ၏။ လင်းကျန်းအန်းမှာ သူမ၏ နောက်ကျောကို ကြည့်ရင်း အကူအညီမဲ့စွာ ပြုံးလျက် ခေါင်းခါယမ်းနေရုံသာ တတ်နိုင်တော့သည်။
ည(7)နာရီခွဲခန့်တွင် လင်းကျန်းဖူ၊ ကျိုးကျယ်ပင်းနှင့် ဝမ်ရှို့ကျူတို့က လင်းရန်၏ အိမ်သို့ စုရုံးရောက်ရှိလာကြလေသည်။
လင်းကျန်းဖူ၏ ဝမ်းဗိုက်မှာ ယခုအချိန် အတော်လေး ကြီးထွားနေပြီဖြစ်၍ မကြာမီ မွေးဖွားတော့မည် ဖြစ်သော်လည်း တိကျသော နေ့ရက်ကိုတော့ မသိရှိရသေးချေ။
မွေးဖွားတော့မည် ဖြစ်သည့်အတွက် လင်းကျန်းဖူက အလုပ်သွားခြင်းကို ရပ်နားထားခဲ့လေ၏။ သူမက နေ့စဉ် အိမ်မှုကိစ္စ အနည်းငယ်ကိုသာ လုပ်ကိုင်လေ့ရှိပြီး၊ သူမ၏ မမွေးဖွားသေးသော ရင်သွေးလေးအတွက် အဝတ်အစား နှစ်စုံနှင့် ဖိနပ်နှစ်စုံကိုလည်း ချုပ်လုပ်ထားခဲ့သည်။
ဤအတတ်ပညာများမှာ အဘွားဖြစ်သူက သင်ပေးခဲ့ခြင်း မဟုတ်ဘဲ သူမက ကလေးရရန် မျှော်လင့်နေခဲ့ချိမ်က တခြားသူများထံမှ တိတ်တဆိတ် သင်ယူထားခဲ့ခြင်း ဖြစ်၏။
နှမြောစရာကောင်းစွာဖြင့် ဆယ်နှစ်ကျော်တိုင်အောင် သူမက ဤလက်မှုအတတ်ပညာကို အသုံးမချခဲ့ရချေ။
ကံကောင်းစွာဖြင့် သင်ယူထားသော ပညာများမှာ အလဟဿ မဖြစ်သွားဘဲ ယခုအချိန်တွင်တော့ ကောင်းကောင်း အသုံးချနိုင်ပေပြီ။
*