← Chapters

အခန်း (၄၃၇-၄၃၈)

Vol. 44 Ch. 437-438

အခန်း (၄၃၇-၄၃၈)

Vol. 44 Ch. 437-438

အခန်း(437)

လွန်ခဲ့သော နှစ်ရက်က လင်းရန်က ဒေါ်လေးဖြစ်သူ၏အိမ်သို့ သွားကာ သူမ၏ ဝမ်းကွဲလေးအတွက် ဒေါ်လေး ကြိုတင်ပြင်ဆင်ထားသော အဝတ်အစားလေးများနှင့် ဖိနပ်လေးများကို ကြည့်ရှုခဲ့ပြီး အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။

အဝတ်အစားများက အလွန်များပြားလွန်းနေပြီး ထိုကလေးမှာ အဝတ်အစား တစ်စုံကို တစ်ခါဝတ်ပြီးနောက်တွင် နောက်တစ်ကြိမ်ထပ်မဝတ်ရခင် မည်မျှအထိစောင့်နေရမည်ကိုပင် သူမ မသိတော့ချေ။

ကျိုးကျယ်ပင်းမှာတော့ မကြာသေးမီကတည်းက အလုပ်နားရက်များ ရရှိရန် အစွမ်းကုန် ကြိုးပမ်းနေခဲ့ပေသည်။

လင်းကျန်းဖူ ကလေးမွေးဖွားချိန်တွင် သူသည်လည်း အနားယူကာ သူမအနား၌ ရှိနေပေးရန်နှင့် ကလေးအား ကူညီစောင့်ရှောက်ပေးရန် ဆုံးဖြတ်ထားလေ၏။

ထို့ကြောင့် ဤကာလအတွင်း သူက အလုပ်များကို ကြိုတင်ပြီးစီးအောင် အားသွန်ခွန်စိုက် လုပ်ကိုင်ခဲ့ကာ တခြားသော ဆရာဝန်များ၏ ဂျူတီများကိုလည်း ကူညီပေးထားသေးသည်။

သို့မှသာ သူခွင့်ယူချိန်တွင် သူတို့ကလည်း ပြန်လည်ကူညီပေးနိုင်မည် မဟုတ်ပါလား။

ညနေပိုင်း မိသားစု ထမင်းဝိုင်းတွင် လင်းကျန်းအန်းက ကွမ်းပြည်နယ်သို့ သွားမည်ဖြစ်ကြောင်း ပြောပြခဲ့လေသည်။

လင်းကျန်းဖူကတော့ လင်းရန်အား တစ်ချက်ကြည့်လိုက်မိသည်။

ရန်ရန်က အဖေဖြစ်သူအတူ ကွမ်းပြည်နယ်သို့ နှစ်ရက်ခန့်လိုက်သွားသင့်သည်မဟုတ်ပါလား။

ထိုသို့ဆိုပါက လင်းရန်က စုန့်ရှီးယန်နှင့် ဆုံတွေ့နိုင်လိမ့်မည်ပင်။

သို့သော်လည်း လင်းရန်မှာ စားသောက်ဆိုင်မှ အလုပ်များနှင့် ခွဲခွာ၍ မရနိုင်ကြောင်းကို ရုတ်တရက် သတိရသွားသည့်အတွက် နောက်ဆုံးတွင် ထိုအကြံပြုချက်ကို ပြန်လည်မျိုသိပ်လိုက်ရတော့၏။

လင်းကျန်းအန်းသည်လည်း ညီမဖြစ်သူနှင့် စိတ်ချင်းဆက်နေပုံရသည်။

လင်းကျန်းဖူ၏ ရှုပ်ထွေးနေသော မျက်နှာကို မြင်သည်နှင့် သူမ ပြောချင်နေသည့်စကားကို သူ သိရှိလိုက်ပေသည်။

သို့သော် စုန့်ရှီးယန်အတွက်ကတော့ သူ့တွင် ကိုယ်ပိုင်အစီအစဉ် ရှိနေခဲ့သည်။

သို့သော်လည်း လင်းရန်က စုန့်ရှီးယန်၏ အမည်ကို ကြားရုံနှင့် စိတ်လှုပ်ရှားသွားမည်ကို စိုးရိမ်သည့်အတွက် သူမ၏ ရှေ့တွင် ဤကိစ္စကို ထုတ်မပြောသေးချေ။

လင်းကျန်းအန်းအနေဖြင့် ကွမ်းပြည်နယ်သို့ ရောက်ရှိပါက စုန့်ရှီးယန်ထံ သွားရောက်ကာ လူချင်းတွေ့ပြီး သေသေချာချာ စကားပြောရန် စီစဉ်ထားခဲ့သည်။

လင်းရန်မှာတော့ ဤအကြောင်းများကို မသိထားသေးဘဲ မနက်ဖြန်တွင် ရှောင်ကျောက်အား သူမ စားသောက်ဆိုင်မှ ထွက်ခွာရတော့မည်ဖြစ်ကြောင်း ပြောဆိုရန်သာ စဉ်းစားနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဖခင်ဖြစ်သူက ယခုအချိန်တွင် ကွမ်းပြည်နယ်သို့ သွားနိုင်နေပြီ။ အဘွားဝူနှင့် စားဖိုမှူးရှုန်းတို့ကလည်း ထိုနေရာရှိ အခြေအနေများကို အသိပေးထားပြီး ဖြစ်ပေ၏။

သူမ ယခုအချိန်သွားပါက အခွင့်အရေးကောင်းများကို ရယူနိုင်မည်မဟုတ်ပါလား။

နောက်တစ်နေ့ မနက်စောစောတွင် လင်းကျန်းအန်းက သူ၏ အိတ်များကို သယ်ဆောင်ကာ ဘူတာရုံသို့ ထွက်ခွာသွားခဲ့လေသည်။

လင်းရန်ကလည်း ဆိုင်သို့သွားပြီးနောက် ဧည့်သည်မရှိသေးသည့် အချိန်တွင် လီမေ့အား စကားအနည်းငယ်ပြောခဲ့ပြီး မြို့တော်ခန်းမ၏ အနောက်ဘက်သို့ ထွက်လာခဲ့သည်။

မြို့တော်ခန်းမသို့ ရောက်လျှင် လင်းရန်က ရှောင်ကျောက်ထံ တိုက်ရိုက်သွားပြီး သူမ မကြာမီ ကွမ်းပြည်နယ်သို့ သွားရတော့မည်ဖြစ်ကြောင်း ပြောပြလိုက်၏။

ထိုစကားကို ကြားလျှင် ရှောင်ကျောက်မှာ ထိုင်နေရာမှ အလန့်တကြား ထရပ်လိုက်လေတော့သည်။

“ စားဖိုမှူး ရှောင်လင်း၊ မင်း အလုပ်ထွက်တော့မလို့လား၊ ဘာလို့လဲ ဒီက ခံစားခွင့်တွေက မကောင်းလို့လား ဒါမှမဟုတ် တစ်ခုခု အဆင်မပြေတာ ရှိလို့လား”

လွန်ခဲ့သော တစ်နှစ်ကျော်အတွင်း လင်းရန်က သူမ၏ ထူးချွန်လှသော ဟင်းချက်စွမ်းရည်ဖြင့် ဤနိုင်ငံပိုင်စားသောက်ဆိုင်၏ ဂုဏ်သတင်းကို မြှင့်တင်ပေးခဲ့သည်ဟုဆိုပါက အပိုစကား မဟုတ်ပါချေ။

တခြားပြည်နယ်များမှ အလုပ်ကိစ္စဖြင့် လာရောက်ကြသူများကပင် ဤစားသောက်ဆိုင်၏ အရသာကို ချီးမွမ်းတတ်ကြသည်။

ထို့အပြင် ဤမျှ တော်သော စားဖိုမှူးကို မြို့တော်ရှိ စားသောက်ဆိုင်ကြီးများမှ ငှားရမ်းလာခြင်းလားဟုပင် စနောက်မေးမြန်းကြလေ့ရှိသည်။

သူမ၏ လက်ရာမှာ အလွန်ပင် ကောင်းမွန်လွန်းသောကြာင့် ဒေသခံတစ်ဦး ဖြစ်နိုင်မည်ဟု သူတို့ မယုံကြည်ကြချေ။

ရှောင်ကျောက်ကလည်း ဂုဏ်ယူစွာဖြင့် ဤစားဖိုမှူးမှာ သူတို့ဒေသခံဖြစ်ရုံမျှမက လှပပြီး ထက်မြက်သော မိန်းကလေးတစ်ဦးဖြစ်ကြောင်း ပြန်လည်ပြောပြလေ့ရှိလေ၏။

ဟင်းချက်ကောင်းသူများက နိုင်ငံအနှံ့မှာ ရှိနိုင်သော်လည်း ဤမျှ ငယ်ရွယ်လှပပြီး ထူးချွန်သူမှာတော့ သူမတစ်ဦးတည်းသာ ရှိနိုင်ပေသည်။

ထို့ကြောင့် ရှောင်ကျောက်က လင်းရန်အား အလွယ်တကူ လက်လွှတ်ရန် အစီအစဉ် မရှိချေ။

သို့သော်လည်း လင်းရန်က ခိုင်လုံသော အကြောင်းပြချက်ကို ကြိုတင်စဉ်းစားထားပြီး ဖြစ်၏။

“ရဲဘော် ရှောင်ကျောက်၊ ကျွန်မရဲ့ မိသားစု အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်၊ ကျွန်မရဲ့ အမျိုးသားစုန့်ရှီးယန်က ဒီနှစ်စပိုင်းမှာပဲ ကွမ်းပြည်နယ်ကို ပြောင်းရွှေ့သွားခဲ့ရတာလေ၊

အခုဆိုရင် ကျွန်မတို့ မဆုံရတာ တော်တော်ကြာနေပြီ၊ ကျွန်မတင်မကဘဲ မိသားစုဝင်တွေကလည်း ကျွန်မတို့ အခုလိုခွဲနေရတာကို မကောင်းဘူးလို့ ထင်ကြတယ်၊

ဒါကြောင့် ကျွန်မမှာ လိုက်သွားဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့လို့ပါ”

ရှောင်ကျောက်မှာ လင်းရန်အား ဆွဲဆောင်ရန် စကားလုံးများစွာ ရှိသော်လည်း၊ လင်းရန်က ဤသို့ပြောလာလျှင် ခဏမျှ ဆွံ့အသွားရလေသည်။

သူမအား စုန့်ရှီးယန်ကို ကွာရှင်းခိုင်းပြီး ဆိုင်မှာ ဆက်နေရန်အတွက်တော့ ပြော၍မရနိုင်ပေ။ ထို့အပြင် ထိုသို့ပြောလိုက်ပါက လင်းရန်ဘက်မှ လက်မပါမီ တခြားသော လုပ်ဖော်ကိုင်ဖက်များက သူ့ကို ဝိုင်းဝန်းရိုက်နှက်ကြမည်ကို သူ သိရှိနေပေသည်။

“ဟင်း.. ဒါကလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ စားဖိုမှူး ရှောင်လင်း.. မင်း ထွက်သွားရင် ငါတို့စားသောက်ဆိုင်က ဘယ်လိုလုပ်မလဲ၊ မင်းမရှိရင် စားသောက်ဆိုင်က တကယ်ကို မရပ်တည်နိုင်တော့ဘူး!”

ရှောင်ကျောက်မှာ စိတ်ပျက်လက်ပျက်ဖြင့်သာ ညည်းတွားနေခဲ့၏။

ထိုအချိန်တွင် လင်းရန်က ချက်ချင်းပင် အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“ရဲဘော် ရှောင်ကျောက်၊ ဒီနှစ်ရက်အတွင်းမှာ ဆိုင်က ဟင်းအရသာတွေက အရင်နဲ့စာရင် ပြောင်းလဲသွားတာမျိုးကို သတိထားမိလား”

လင်းရန်၏ မေးခွန်းကြောင့် ရှောင်ကျောက်မှာ ရှုပ်ထွေးသွားရသည်။ သူ လွန်ခဲ့သော နှစ်ရက်အတွင်း နေ့လယ်စာ စားခဲ့သည့် အချိန်များကို ပြန်လည်စဉ်းစားကြည့်လျှင် ဟင်းအရသာမှာ အရင်ကကဲ့သို့ပင် ကောင်းမွန်နေဆဲဖြစ်ကြောင်း တွေ့ရှိရလေ၏။

“ကျွန်တော်ကြည့်ရသလောက်တော့ အရင်အတိုင်းပါပဲ၊ ထူးခြားတာ မရှိပါဘူး၊ ဘာများ ပြောင်းလဲသွားလို့လဲ စားဖိုမှူး ရှောင်လင်း”

လင်းရန်က ပြန်မဖြေဘဲ ဘေးနားရှိ တခြားလုပ်ဖော်ကိုင်ဖက်များကိုလည်း အပြုံးလေးဖြင့် မေးမြန်းလိုက်ရာ ရှောင်ကျောက်နှင့် တူညီသော အဖြေများကိုသာ ရရှိခဲ့ပေသည်။

နောက်ဆုံးတွင် လူတိုင်း၏ နားမလည်နိုင်သော အကြည့်များအောက်၌ လင်းရန်က မကြာသေးမီက ပြောင်းလဲမှုများကို ပြောပြလိုက်လေသည်။

“ဆိုင်မှာ စားဖိုမှူး ပြောင်းသွားတာကို ဘယ်သူမှ သတိမထားမိကြဘူး ထင်တယ်”

“ဘာ.. စားဖိုမှူး ပြောင်းသွားတယ် ဟုတ်လား၊ ဘယ်တုန်းကလဲ”

“ဟုတ်တယ် ငါတို့ ဘာလို့ မသိရတာလဲ၊ အရသာက စားဖိုမှူး ရှောင်လင်း ချက်တဲ့အတိုင်းပဲ၊ ဘာမှ မကွာခြားဘူးလေ”

“ဒါဆို အခု ချက်နေတာက ဘယ်သူလဲ၊ မင်းရဲ့ ဆရာလား ဒါမှမဟုတ် တပည့်လား”

လင်းရန်က အပြုံးလေးဖြင့် ပြောလိုက်လေသည်။

“တကယ်တော့ ကျွန်မ ပြောချင်တာက.. အခု ဆိုင်မှာ တာဝန်ယူနိုင်တာ ကျွန်မ တစ်ယောက်တည်း မဟုတ်တော့ဘူး ဆိုတာပါပဲ၊

ဒါကြောင့် ရဲဘော် ရှောင်ကျောက်... ဆိုင်က ဟင်းလျာတွေရဲ့ အရည်အသွေးအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး၊ ရှင်တို့တောင် မသိနိုင်ရင် တခြားပြည်နယ်က လာစားတဲ့သူတွေဆိုရင် ပိုလို့တောင် သိနိုင်မှာ မဟုတ်ဘူးလေ”

လင်းရန်၏ စကားကြောင့် ရှောင်ကျောက်မှာ အမှန်တကယ်ပင် စိတ်သက်သာရာရသွားခဲ့လေသည်။

သို့သော်လည်း ဆိုင်၌ နေ့စဉ် ကန့်သတ်ထားသော အထူးဟင်းလျာများကိစ္စရှိသေးသည့်အတွက် သူက ထပ်မံမေးမြန်းပြန်၏။

“အဲဒီအတွက်လည်း လောလောဆယ် မစိုးရိမ်ပါနဲ့၊ ကျွန်မ မထွက်ခင်မှာ နောက်ထပ် ကာလတစ်ခုစာအတွက် အထူးဟင်းလျာတွေကို လက်ရှိစားဖိုမှူးကို မှာကြားထားခဲ့ပါ့မယ်၊

သူမက ကျွန်မညွှန်ကြားတဲ့အတိုင်း နေ့စဉ် လုပ်ဆောင်သွားမှာပါ”

နောင်တစ်ချိန်တွင်တော့ သူမ၏ အကြီးဆုံးအဒေါ်က သူမ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် တခြားသော ဟင်းလျာအသစ်များကို ဖန်တီးနိုင်လိမ့်မည်ဟု လင်းရန် ယုံကြည်နေပေသည်။

နေ့လယ်ပိုင်းတွင် ရှောင်ကျောက်က ဆိုင်သို့ ထမင်းလာစားရင်း ယနေ့ဟင်းလျာများမှာ အရင်နှင့် ကွာခြားမှု ရှိမရှိ သေသေချာချာ မြည်းစမ်းကြည့်သော်လည်း မည်သည့်ကွာခြားချက်မျှ မခံစားရချေ။

ထမင်းစားပြီးနောက် သူ မနေနိုင်ဘဲ မီးဖိုချောင်တံခါးဝသို့ ခိုးကြောင်ခိုးဝှက် သွားရောက်ကြည့်ရှုလိုက်လျှင် ယခင်က လက်ထောက်စားဖိုမှူးဖြစ်သူ ဝမ်ရှို့ကျူမှာ စားဖိုမှူးလင်းရန်၏ နေရာတွင် တာဝန်ယူ၍ ဟင်းချက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ဝမ်ရှို့ကျူ၏ ဟင်းချက်စွမ်းရည်မှာ ဤမျှအထိ တိုးတက်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။

လင်းရန်က ရှောင်ကျောက်ကို သတိထားမိသွားပြီး အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ရဲဘော် ရှောင်ကျောက်”

“ဘာ... ရဲဘော် ရှောင်ကျောက် ရောက်နေတာလား၊ ရန်ရန်.. ငါ ...”

ဝမ်ရှို့ကျူမှာ အလန့်တကြားဖြင့် လှည့်ကြည့်လိုက်ပြီး လက်ထဲမှ ယောက်မပင် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရပေသည်။

“အကြီးဆုံးအဒေါ်၊ သတိထားဦးလေ”

လင်းရန်က ယောက်မကို အမြန်ဖမ်းလိုက်ပြီး ရယ်မောလျက် ပြောလိုက်၏။

“ရဲဘော် ရှောင်ကျောက်... ကျွန်မ ဟင်းမချက်တော့ဘူးဆိုတာနဲ့တင် အကြီးဆုံးအဒေါ်ကို ဒီလောက်အထိ ခြောက်လှန့်နေစရာ မလိုပါဘူး”

တံခါးဝရှိ ရှောင်ကျောက်မှာတော့ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေမိတော့သည်။

‘ဒီဟင်းကို မင်းမချက်ဘူးဆိုတာ သိပေမဲ့.. ဝမ်ရှို့ကျူ ချက်နေတာလို့တော့ ငါ မထင်ထားဘူးလေ’

ရှောင်ကျောက်ကလည်း ဝမ်ရှို့ကျူအား အားပေးစကား ပြောခဲ့လေသည်။

“အစ်မဝမ်၊ စိတ်မလှုပ်ရှားပါနဲ့၊ ကျွန်တော် အားလုံးကို သိပြီးပါပြီ၊ အစ်မချက်တဲ့ ဟင်းတွေက အရမ်းစားလို့ကောင်းတယ်၊ ကြိုးစားထားပါဦး”

ထို့နောက် ရှောင်ကျောက်က လင်းရန်အား မျက်စိတစ်ချက် ပြလိုက်ပြီးနောက် သူမနှင့်အတူ ဆိုင်နောက်ဖက်သို့ ထွက်လာခဲ့ကြလေသည်။

“ကောင်းပြီ.. ဒီတော့ စားဖိုမှူး ရှောင်လင်း၊ မင်း ဘယ်တော့ ထွက်ဖို့ စီစဉ်ထားလဲ”

ရှောင်ကျောက်က လက်ခံသွားပြီ ဖြစ်ကြောင်း လင်းရန် သိရှိလိုက်ပေသည်။

“နောက်ထပ် ရက်နည်းနည်းလောက်အတွင်းမှာပဲ ထွက်ဖို့ စီစဉ်ထားပါတယ်၊ ရဲဘော် ရှောင်ကျောက်ဘက်က တစ်ခုခု လိုအပ်တာရှိရင် ပြောနိုင်ပါတယ်၊ ကျွန်မ တတ်နိုင်သမျှ ကူညီပေးသွားပါ့မယ်”

ရှောင်ကျောက်သည်က လင်းရန်၏ အားနာနေသော မျက်နှာအမူအရာကို ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို ပြောဆိုလိုက်လေတော့သည်။

“ဒါဆိုရင် ရဲဘော်ရှောင်လင်း... တစ်ရက်လောက် ကျွန်တော်တို့အတွက် ခရမ်းချဉ်သီးဟော့ပေါ့လေး တစ်ခေါက်လောက် ထပ်စီစဉ်ပေးလို့ ရမလား”

ခရမ်းချဉ်သီးဟော့ပေါ့ဆိုသည်မှာ လင်းရန် ယခင်က နေ့လယ်ပိုင်းတွင် မိတ်ဆက်ပေးခဲ့ဖူးသော အထူးဟင်းလျာတစ်မျိုး ဖြစ်လေ၏။ သို့သော်လည်း တစ်ကြိမ်သာ ထွက်ရှိခဲ့ဖူးလေ၏။

အကြောင်းမှာ ခရမ်းချဉ်သီး အမြောက်အမြားကို လှီးဖြတ်ရသည်က အလွန်ပင် ပင်ပန်းလွန်းသည်ဟု လင်းရန် ယူဆထားသောကြောင့်ပင် ဖြစ်ပေသည်။

ထို့ကြောင့် နောက်ပိုင်းတွင် လူအများအပြားက ခရမ်းချဉ်သီးဟော့ပေါ့ကို ဆက်လက်ရရှိနိုင်မည်လားဟု မေးမြန်းကြသော်လည်း သူမက သဘောမတူခဲ့ချေ။

မည်သို့ပင်ဖြစ်စေ အရည်အသွေးပြည့်မီသော ခရမ်းချဉ်သီးဆော့စ်တစ်အိုး ရရှိရန်အတွက် လုပ်ဆောင်ရသည်မှာ အမှန်တကယ်ပင် ပင်ပန်းလှသည် မဟုတ်ပါလား။

ထို့ကြောင့် လင်းရန်က နောက်တစ်ကြိမ် ထပ်မံမချက်ခဲ့တော့ချေ။

*

အခန်း(438)

ရှောင်ကျောက်က ဤကိစ္စကို ရုတ်တရက် ထုတ်ဖော်ပြောဆိုလာလိမ့်မည်ဟု လင်းရန် မထင်မှတ်ထားခဲ့ချေ။

အဆုံးတွင်တော့ ရှောင်ကျောက်တစ်ယောက် တံတွေးမြိုချနေသည်ကို မြင်လိုက်ရသောကြောင့် လင်းရန်လရ်း မငြင်းနိုင်တော့ဘဲ ခေါင်းညိတ်လိုက်ရလေတော့သည်။

“ကောင်းပါပြီ၊ ဒါဆိုရင် မနက်ဖြန်ကျရင် ဒါလေး လုပ်ကြတာပေါ့”

“ဟားဟား... အရမ်းကောင်းတာပဲ၊ မနက်ဖြန်ကျရင် ကျွန်တော် သေချာပေါက် ပထမဆုံး လာစားမယ့်သူ ဖြစ်ရမယ်”

ရှောင်ကျောက်တစ်ယောက် သူတောင့်တနေခဲ့သော ခရမ်းချဉ်သီးဟော့ပေါ့ကို ပြန်လည်စားသောက်ရတော့မည် ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့လေသည်။

သူ ဤမျှအလွယ်တကူ ကျေနပ်သွားသည်ကို မြင်လျှင် လင်းရန်မှာလည်း ရယ်မောလိုက်မိတော့၏။

နောက်တစ်နေ့တွင်တော့ ခရမ်းချဉ်သီးဟော့ပေါ့ ပြန်လည်ရရှိလာသည့်အတွက် ဧည့်သည်များထံမှ အလွန်ကောင်းမွန်သော တုံ့ပြန်မှုများကို ရရှိခဲ့ပေသည်။

ဤဟင်းလျာကို ပထမဆုံးမှာယူခွင့်ရခဲ့သော ကံကောင်းသည့်ရှောင်ကျောက်မှာတော့ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေမိခဲ့သည်။

‘မင်းတို့တွေ ဒီခရမ်းချဉ်သီးဟော့ပေါ့ကို စားနေရတာ ငါ့ကြောင့်ပဲ၊ ငါက အစစ်အမှန် သူရဲကောင်းပဲ!’

သို့သော်လည်း ဤအချက်ကို သူ ထုတ်မပြောနိုင်သည့်အတွက် သူကိုယ်သူသာ စိတ်ထဲမှ အကြိမ်ကြိမ် ချီးမွမ်းနေမိလေတော့၏။

ခရမ်းချဉ်သီးဟော့ပေါ့ ပြုလုပ်ပြီးနောက်တွင် လင်းရန်က စားသောက်ဆိုင်မှ ထွက်ခွာရန် စတင်ပြင်ဆင်လေတော့သည်။

ဤကာလအတွင်း သူမက သူမ၏ အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူအား သူမ ကျွမ်းကျင်သော ဟင်းလျာတချို့ကို ပထမဦးစွာ ချက်ခိုင်းကြည့်ပြီးနောက် တခြားဟင်းလျာများကိုလည်း ချက်ကြည့်ရန် တိုက်တွန်းခဲ့သည်။

ယခုအချိန်တွင်တော့ အကြီးဆုံးအဒေါ်မှာ ကိုယ်တိုင်ဦးဆောင်၍ ချက်နိုင်ပြီ ဖြစ်သည့်အတွက် လင်းရန်လည်း စိတ်အေးလက်အေး ထွက်ခွာသွားနိုင်ပေပြီ။

ဆိုင်တွင်ရှိနေသော လီမေ့နှင့် အားဟွားတို့သည်လည်း လင်းရန် ထွက်ခွာတော့မည်ကို သိရှိကြသည့်အတွက် အလွန်ပင်တွန့်ဆုတ်နေကြလေသည်။

မည်သို့ပင်ဖြစ်စေ သူတို့၏ ခေါင်းဆောင်ငယ်လေး ဖြစ်သော လင်းရန်က မည်သည့်အရှိန်အဝါကိုမျှ မပြဘဲ သူတို့အပေါ် အလွန်ကောင်းမွန်ခဲ့သည် မဟုတ်ပါလား။

နောက်ပိုင်းတွင် သူမအား မြင်တွေ့ရတော့မည် မဟုတ်သည့်အတွက် လူတိုင်း သူမအား ယခုကတည်းက အလွန်အမင်း လွမ်းဆွတ်နေကြလေသည်။

လင်းရန်တစ်ယောက် အကူအညီမဲ့စွာဖြင့်သာ ပြောလိုက်ရတော့၏။

“ကျွန်မက ကွမ်းပြည်နယ်ကို သွားရုံတင်ပါပဲ၊ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူးလေ၊ ဒီလောက်ထိ ဝမ်းနည်းနေစရာ မလိုပါဘူး!”

“ဒါ့အပြင် နောက်ထပ် လနည်းနည်းလောက်ကြာရင် နှစ်သစ်ကူးကို ရောက်တော့မှာပဲ၊ ကျွန်မ သေချာပေါက် ပြန်လာခဲ့မှာပါ၊ အဲဒီအချိန်ကျရင်လည်း ရှင်တို့ဆီ လာလည်ဦးမှာ”

ထိုစကားကို ကြားလျှင် လီမေ့က ချက်ချင်းပြုံးသွားခဲ့လေ၏။

“ကောင်းပါပြီ... ကောင်းပါပြီ၊ ပြန်လာတဲ့အချိန်ကျရင် ကျွန်မတို့ဆိုင်ကို သေချာပေါက် လာခဲ့ဦးနော်၊ ပြီးရင် ကွမ်းပြည်နယ်အကြောင်းလည်း ပြောပြဦး၊

နောက်ပိုင်းကျရင် ကျွန်မတို့လည်း အဲဒီက ဒေသရဲ့ ဓလေ့ထုံးတမ်းတွေကို သွားကြည့်ရအောင်လို့”

အားဟွားကလည်း ခေါင်းကို အားပါးတရ ညိတ်လိုက်ပြီး လင်းရန်အား သတိပေးလာခဲ့သည်။

“အစ်မရန်ရန်... အဲဒီအချိန်ကျရင် ကွမ်းရှန်ကိုလည်း လာလည်ဖို့ ခေါ်ခဲ့ဦးနော်၊ ဟားဟား .. မြို့တော်တက္ကသိုလ်က ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်လည်း ကြားဖူးချင်တယ်”

သူသည်က တက္ကသိုလ်တက်ရသည်ကို မနှစ်သက်သော်လည်း ထိုအကြောင်းကိုတော့ အတော်လေး စပ်စုချင်နေမိပေသည်။ လင်းရန်ကလည်း တစ်ဦးချင်းစီကို ကတိပေးခဲ့၏။

ဤသို့ဖြင့် လူတိုင်း၏ တွယ်ကပ်နေသော အကြည့်များအောက်၌ လင်းရန်က မြို့တော်ခန်းမရှိ နိုင်ငံပိုင်စားသောက်ဆိုင်မှ ထွက်ခွာခဲ့လေ၏။

ယခင်က နိုင်ငံပိုင်စားသောက်ဆိုင် စားဖိုမှူးဘဝမှ လက်ရှိတွင် အလုပ်ရှာဖွေသူ ဘဝသို့ ပြောင်းလဲခဲ့လေတော့သည်။

သို့သော်လည်း သူမက ကွမ်းပြည်နယ်သို့ ရောက်ရှိပြီးနောက် မကြာမီတွင် ပြန်လည်တောက်ပလာနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။

သို့သော် လင်းရန် မထွက်ခွာနိုင်သေးမီမှာပင် လင်းကျန်းဖူက အရင်ဦးစွာ ကလေးမွေးဖွားရန် လက္ခဏာပြလာခဲ့လေသည်။

လင်းရန်တစ်ယောက် ဆိုင်မှ ထွက်ပြီး နှစ်ရက်အကြာတွင် အိတ်များ ထုပ်ပိုးခဲ့လေ၏။ သူမက မနက်ဖြန်အချိန်လောက်တွင် ကွမ်းပြည်နယ်သို့ ထွက်ခွာရန် စီစဉ်နေခဲ့သည်။

ရလဒ်အနေဖြင့် ထိုညတွင် လင်းရန် အိပ်ရာဝင်ရန် ပြင်ဆင်နေချိန်မှာပင် တစ်စုံတစ်ဦးက တံခါးကို လာရောက်ခေါက်ခဲ့ပြီး အပြင်ဘက်မှ ကျိုးကျယ်ပင်း၏ ထိတ်လန့်တကြားအော်သံကို ကြားလိုက်ရလေတော့သည်။

“ရန်ရန်၊ မင်းရဲ့ ဒေါ်လေး ဗိုက်နာနေပြီ၊ ငါတို့ အခု ဆေးရုံသွားတော့မလို့၊ မင်း လာကူပေးလို့ရမလား”

ဒေါ်လေး ကလေးမွေးတော့မှာလား။

လင်းရန်မှာ အလွန်ပင် ထိတ်လန့်သွားသည့်အတွက် လက်ထဲရှိ ပစ္စည်းများကို ချက်ချင်းချလိုက်ကာ တံခါးကို အမြန်ဖွင့်၍ ထွက်လာခဲ့လေသည်။

“ကောင်းပြီ၊ ကျွန်မ အခု ဘာလုပ်ပေးရမလဲ”

လင်းရန်တစ်ယောက် ပျာယာခတ်နေခဲ့ရသည်။

ကျိုးကျယ်ပင်းသည်လည်း ယခုအချိန်တွင် အလွန်ပင် စိတ်လှုပ်ရှားကာ ထိတ်လန့်နေလေ၏။

သို့ သော်လည်း သူသည်က ဆေးရုံတွင် ကလေးမွေးသည့် မြင်ကွင်းများကို မြင်ဖူးထားသည့်အတွက် သက်ပြင်းတစ်ချက်ကို အားပါးတရရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားမှုကို တတ်နိုင်သမျှ ထိန်းချုပ်ကာ လင်းရန်အား ပြောလိုက်၏။

“မင်း အရင်ဆုံး တံခါးကို သော့ခတ်လိုက်၊ ပြီးရင် ငါနဲ့ မြန်မြန်လိုက်ခဲ့၊ မင်းရဲ့ ဒေါ်လေးကို စက်ဘီးနောက်ထိုင်ခုံပေါ်တက်ဖို့ ကူညီပေးပါဦး၊ ငါ သူမကို ဆေးရုံ ခေါ်သွားမယ်”

နောက်ပိုင်းကိစ္စများကိုတော့ လင်းကျန်းဖူ မွေးခန်းထဲသို့ ရောက်ရှိမှသာ စဉ်းစားကြရပေမည်။

လင်းရန်ကလည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီးနောက် တံခါးကို အမြန်သော့ခတ်ကာ ဘေးအိမ်သို့ လိုက်သွားခဲ့လေ၏။

ဘေးအိမ်သို့ ရောက်လျှင် ဒေါ်လေးဖြစ်သူမှာ နာကျင်လွန်းသည့်အတွက် နဖူးတွင် ချွေးစက်များ ထွက်နေသည်ကို တွေ့ရှိလိုက်ရသည်။

သူမက ဗိုက်ကို ဖိထားပြီး တံခါးဝသို့ စိုးရိမ်တကြီးကြည့်နေခဲ့၏။

လင်းရန်နှင့် ကျိုးကျယ်ပင်းတို့ အတူတကွ ဝင်လာသည်ကို မြင်မှသာ စိတ်သက်သာရာရသွားတော့သည်။

“ဒေါ်လေး... စိတ်မလှုပ်ရှားပါနဲ့၊ ကျွန်မတို့အားလုံး ဒီမှာ ရှိနေတယ်၊ ဘာမှ မဖြစ်စေရဘူးနော်”

လင်းရန်မှာ ဒေါ်လေးဖြစ်သူ လင်းကျန်းဖူအား စိတ်မလှုပ်ရှားရန် ပြောနေသော်လည်း၊ သူမ၏ ကိုယ်ပိုင်လက်များမှာတော့ အလွန်အမင်း တုန်ယင်နေခဲ့ပေသည်။

ဘုရားရေ... ကလေးမွေးတာက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။

အထူးသဖြင့် သူမ ဒေါ်လေး၏ အနီးသို့ ရောက်လျှင် သူမ၏ ခြေဖဝါးအနားရှိ ကြမ်းပြင်ပေါ်တွင် ရေမြွှာရည်များ အနှံ့အပြား စီးကျနေသည်ကို တွေ့ရှိလိုက်ရပေသည်။

အရေးကြီးဆုံးမှာ နာကျင်မှုကြောင့် သူမ၏ မျက်နှာမှာ ဖြူဖျော့နေခဲ့လေပြီ။

လင်းရန်က သူမအား ဤမျှအထိ အားနည်းနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ထို့အပြင် ကလေးမွေးရန် ဗိုက်နာသည့်ဒဏ်မှာ အမှန်တကယ် မွေးဖွားချိန်ထက်ပင် ပိုမိုပြင်းထန်သည်ဟု သူမ ကြားဖူးထားပေသည်။

“ရန်ရန်၊ မင်းက ငါ့ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေတာပဲ၊ လက်တွေက အဲဒီလောက်တုန်မနေပါနဲ့... ဟားဟား...”

လင်းကျန်းဖူက တစ်စုံတစ်ခုကို တွေးမိသွားသည်လား မသိပါချေ။ လင်းရန်၏ မျက်မှောင်ကြုတ်နေသည့်မျက်နှာကို ကြည့်ရင်း သူမက ရယ်မောလာခဲ့လေသည်။

လင်းရန်မှာတော့ ငိုရမည်လား ရယ်ရမည်လားပင် မသိတော့ပါချေ။

သူမက စိတ်မလှုပ်ရှားဘဲ နေချင်သော်လည်း သူမ၏ လက်များကတော့ သူမ၏ စကားကို နားမထောင်တော့ပေ။

ထိုအချိန်တွင် ကျိုးကျယ်ပင်းက စက်ဘီးကို အပြင်ဘက်သို့ ထုတ်ယူပြီးဖြစ်၍ လင်းရန်အား လှမ်းအော်လိုက်လေသည်။

“ရန်ရန်၊ မင်းရဲ့ ဒေါ်လေးကို ထွက်လာနိုင်အောင် ကူညီပေးပါဦး”

လင်းရန်က အမြန်ပင် တုန့်ပြန်လိုက်ပြီး လင်းကျန်းဖူအား ဖေးမကာ အပြင်သို့ ထွက်လာခဲ့လေ၏။ ထို့နောက် စက်ဘီးနောက်ထိုင်ခုံပေါ်သို့ ဖြည်းညင်းစွာ တင်ပေးလိုက်၏။

သူမက သူမ၏ လက်များကို မလွှတ်ရဲဘဲ လင်းကျန်းဖူအား ဆေးရုံသို့ရောက်သည်အထိ တစ်လျှောက်လုံး ကူညီစောင့်ရှောက်ပေးခဲ့လေသည်။

ဆေးရုံသို့ ရောက်ပြီးနောက်တွင်တော့ ဤနေရာက ကျိုးကျယ်ပင်း အလုပ်လုပ်သော နေရာဖြစ်သည့်အတွက် လုပ်ငန်းစဉ်များကို သူက ကောင်းစွာ သိရှိလေ၏။

သူက သူနှင့် ရင်းနှီးသော ဆရာဝန်များနှင့် သူနာပြုများကို အမြန်ခေါ်ယူကာ အကူအညီတောင်းခံပြီးနောက် လင်းကျန်းဖူအား မွေးခန်းထဲသို့ ပို့ဆောင်လိုက်တော့သည်။ လင်းရန်မှာ ဘေးနားတွင် မည်သည့်အရာကိုမှ မလုပ်နိုင်ဘဲ စိုးရိမ်တကြီးဖြင့်သာ အတွင်းဘက်သို့ ကြည့်နေမိတော့၏။

ကျိုးကျယ်ပင်းလည်း သူမ၏အခြေအနေကို မြင်လျှင် သူမအား အိမ်သို့ပြန်ကာ လိုအပ်သော ပစ္စည်းများကိုသာ သွားရောက်ယူခိုင်းလိုက်တော့သည်။

ကျိုးကျယ်ပင်းကိုယ်တိုင်ကတော့ မွေးခန်း၏အပြင်တွင် စောင့်ဆိုင်းနေလိမ့်မည်။

လင်းရန်သည်လည်း လုပ်ဆောင်စရာတစ်ခု ရှိသွားပြီဖြစ်၍ စိုးရိမ်စိတ်များ အနည်းငယ်လျော့သွားရသည်။

သူမ ပစ္စည်းများ သွားရောက်ယူပြီး ပြန်ရောက်လာလျှင် တစ်နာရီပင် မပြည့်သေးပါချေ။ ထို့ကြောင့် ကျန်ရှိသော အချိန်များတွင် သူမနှင့် ကျိုးကျယ်ပင်းတို့က မွေးခန်းအပြင်၌သာ စောင့်ဆိုင်းနေခဲ့ကြလေသည်။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိနိုင်တော့ပေ။

လင်းရန်မှာ စောင့်ဆိုင်းရလွန်းသည့်အတွက် ထုံထိုင်းလာပြီဟုပင် ခံစားနေချိန်တွင်မီသာ မွေးခန်းတံခါး ပွင့်လာသံကို ကြားလိုက်ရလေသည်။

ထို့နောက် သူနာပြုတစ်ဦးက ကလေးငယ်တစ်ဦးကို ပွေ့ချီကာ ထွက်လာခဲ့သည်။

“ဒေါက်တာကျိုး... ချစ်စရာကောင်းတဲ့ သမီးလေး ရတဲ့အတွက် ဂုဏ်ယူပါတယ်”

“သမီးလေးလား... ငါ့မှာ သမီးလေး ရပြီ၊ ဟားဟားဟား... ငါ့မှာ သမီးလေး ရပြီ!”

ကျိုးကျယ်ပင်းထဲတွင် သားများကိုသာဦးစားပေးသည့် စိတ်ဓာတ်မျိုး လုံးဝမရှိပါချေ။

ကလေး မမွေးဖွားမီကတည်းက သူ့အနေဖြင့် ကလေးမှာ သားဖြစ်စေ၊ သမီးဖြစ်စေ သူ၏ ရတနာတစ်ခုကဲ့သို့ တန်ဖိုးထား ချစ်ခင်မည်ဖြစ်ကြောင်း လင်းကျန်းဖူအား ပြောဆိုထားခဲ့ပြီးဖြစ်၏။

ထို့အပြင် သူ့အနေဖြင့် လင်းကျန်းဖူကဲ့သို့ လှပသော သမီးလေးတစ်ဦး ရရှိပါက လင်းကျန်းဖူ၏ ပုံစံတူလေးကို မြင်တွေ့ရမည်ဖြစ်သည့်အတွက် ပို၍ပင် သဘောကျနေမိပေသည်။

မမျှော်လင့်ဘဲ ဘုရားသခင်က သူ၏ ဆန္ဒကို တိုက်ရိုက် ဖြည့်ဆည်းပေးခဲ့လေပြီ။

လင်းရန်သည်လည်း သူနာပြုထံသို့ အမြန်သွားကာ မွေးကင်းစကလေးငယ်အား ကြည့်ရှုလိုက်သည်။

ထို့နောက်တွင်တော့ ဖော်ပြရန်ခက်ခဲသော မျက်နှာအမူအရာကို ဖော်ပြလိုက်မိလေသည်။

ဒီကလေးက သူမရဲ့ ဒေါ်လေးနှင့် ဒေါက်တာကျိုးတို့ရဲ့ကလေးရော ဟုတ်ရဲ့လား။

ဘာလို့ သူတို့နှင့် မတူဘဲ...

မျောက်လေးတစ်ကောင်နှင့် တူနေရတာလဲ။

ဘေးနားရှိ သူနာပြုကတော့ ထိုမိန်းကလေးငယ်မှာ အလွန်လှပကြောင်းနှင့် ကျိုးကျယ်ပင်းတို့ ဇနီးမောင်နှံ၏ အားသာချက်များကို အပြည့်အဝ ဆက်ခံထားကြောင်း ချီးမွမ်းနေခဲ့လေသည်။

လင်းရန်မှာတော့ သူမ၏ ပါးစပ်ကို ပြတ်ပြတ်သားသားပင် ပိတ်ထားလိုက်တော့၏။

ကိုယ်တိုင်မွေးမှသာ သိနိုင်မည် မဟုတ်ပါလား။

မကြာမီမှာပင် ကျိုးကျယ်ပင်းက ကလေးအား လင်းရန်ထံသို့ တိုက်ရိုက်ပေးလာကာ ပြောလိုက်သည်။

“ငါ မင်းရဲ့ ဒေါ်လေးဆီကို သွားလိုက်ဦးမယ် ၊ ရန်ရန်.. ကလေးကို ခဏလောက် ကူကြည့်ပေးပါဦး”

လင်းရန်က ပြန်မပြောနိုင်မီမှာပင် ကျိုးကျယ်ပင်းက စိုးရိမ်တကြီးဖြင့် မွေးခန်းထဲသို့ ဝင်သွားလေတော့သည်။

မွေးကင်းစကလေးကို တစ်ခါမျှ မပွေ့ချီဖူးသော လင်းရန်မှာ ဘေးနားရှိ သူနာပြုအား အကူအညီတောင်းလိုက်ရလေ၏။

ကံကောင်းစွာဖြင့် သူနာပြုမှာ စိတ်ထားကောင်းသူ ဖြစ်ရုံမျှမက လင်းရန်မှာ ကျိုးကျယ်ပင်း၏ မိသားစုဝင်ဖြစ်ကြောင်းကိုလည်း သိရှိထားခဲ့လေသည်။

ထို့အတွက် သတိထားရမည့် အချက်များကို သေသေချာချာ ပြောပြနေခဲ့သည်။ လင်းရန်က နားထောင်နေသည်ကိုမြင်လျှင် သူမက အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“အခုကတည်းက သင်ထားပေါ့၊ နောင်ကျရင် ကိုယ်တိုင်ကလေးမွေးတဲ့အချိန် ထပ်သင်နေဖို့ မလိုတော့ဘူး”

လင်းရန်မှာတော့ ယနေ့ ဒေါ်လေးဖြစ်သူ ကလေးမွေးသည့်အခြေအနေကို မြင်တွေ့ပြီးနောက် ကလေးယူရန် အစီအစဉ်က ပို၍ပင် ဝေးကွာသွားသကဲ့သို့ ခံစားလိုက်ရသည့်အတွက် ခြောက်ကပ်ကပ်သာ ပြုံးပြနိုင်တော့၏။

ဒါက ကြောက်စရာကောင်းလွန်းတာပဲ!

*

သူ ခေတ္တမျှ တုံ့ဆိုင်းသွားလေ၏။ ပြီးနောက် လင်းရန်မှာ အိပ်ချင်မူးတူး ဖြစ်နေဆဲဖြစ်ကြောင်းကို မြင်လျှင် သူမ၏ ပါးကို ရဲတင်းစွာဆွဲညှစ်လိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာ၏။

“ကိုယ်က ဘာလို့ ဒီရောက်နေရတာလဲဟုတ်လား၊ မင်းက ဘာလို့ရောက်နေတာလို့ထင်လို့လဲ”

တကယ်ကို အသည်းနှလုံးမရှိတဲ့ လူသားလေးပဲ။

ပါးပေါ်တွင် အထိအတွေ့ကို ခံစားလိုက်ရပြီးနောက်မှသာ လင်းရန်လည်း လုံးဝ သတိဝင်လာတော့သည်။

သူမအနေဖြင့် မနေ့ကမှ ကွမ်ကျိုးသို့ ရောက်ရှိလာပြီး စုန့်မိသားစုအိမ်တွင် အစောကြီး အိပ်ပျော်သွားခဲ့ခြင်းဖြစ်လေ၏။ စုန့်ရှီးယန်က သူမ ရောက်နေပြီဖြစ်ကြောင်းကို ကြားသိရသည််အတွက် အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထိုအကြောင်းကို နားလည်သွားပြီးနောက် လင်းရန်က မျက်လုံးကို ပွတ်ကာ အရင်ဆုံးထရန် ပြင်လိုက်၏။

သို့သော် မျက်လုံးထောင့်စွန်းမှတစ်ဆင့် စုန့်ရှီးယန်ကို ပြန်ကြည့်လိုက်မိချိန်တွင် တစ်ဖက်လူက ဖရိုဖရဲ ဖြစ်နေကြောင်းကို ရုတ်တရက် သတိပြုလိုက်မိသည်။

သူ၏ ဦးထုပ်ပေါ်တွင်လည်း မြက်ခြောက်အချို့ ကပ်ပါနေပြီး တောထဲမှ ထွက်လာသည့် လူတစ်ယောက်နှင့်ပင် တူနေခဲ့သည်။

လင်းရန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်မိသည်။

“ရှင် ဘာလို့ဒီလိုပုံစံမျိုးဖြစ်နေရတာလဲ၊ အရမ်း ညစ်ပတ်နေတာပဲ”

စုန့်ရှီးယန်ကတော့ မတိုင်မီက သူမ၏ ပါးကို ညှစ်လိုက်သည့်အတွက် လင်းရန်ဘက်မှ သူ့လက်ကိုမသန့်ရှင်းကြောင်းပြောလာခြင်းဖြစ်မည်ဟု ထင်မှတ်သွားခဲ့လေ၏။

သူက လက်ကို အမြန်မြှောက်ပြကာ အလေးအနက် ရှင်းပြလေသည်။

“ကိုယ် လက်ဆေးခဲ့ပြီးပြီ”

လင်းရန် : “...”

သူ့ရဲ့လက်က ဆေးထားပြီလား မဆေးရသေးဘူးလားဆိုတာကို ဘယ်သူက ဂရုစိုက်လို့လဲ။

သို့သော် စုန့်ရှီးယန်၏ “မင်း ဒါမျိုးပြောမယ်ဆိုတာ ကိုယ် ကြိုသိလို့ လက်ကို ကြိုဆေးလာတယ်” ဆိုသည့် ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာအမူအရာကိုကြည့်ပြီး လင်းရန်လည်း ဆက်လက်ရှင်းပြရန် ပျင်းရိသွားတော့၏။

ဒီငတုံးလေးကတော့ တကယ်ပါပဲ။

မကြာမီတွင် လင်းရန်က ပြင်ဆင်ပြီးနောက် အိပ်ရာမှ ထလိုက်လေသည်။

သူမ အောက်ထပ်သို့ မဆင်းသေးမီ စုန့်ရှီးယန်ထံသို့ သူပြန်ရောက်နေသည်ကို မစ်စ်ချင်းနှင့် စုန့်ကျယ်တို့ သိ၊ မသိ မေးမြန်းလိုက်လေ၏။

စုန့်ရှီးယန်က သူတို့သိကြောင်း ချက်ချင်း ပြန်ဖြေသည်။

ဆိုရလျှင် သူ၏ ဖခင်ဖြစ်သူက လင်းရန် မနေ့က ရောက်လာသည့်အကြောင်းကို သူ့အား အကြောင်းကြားခဲ့ခြင်းပင်။

သို့သော် စုန့်ရှီးယန်သည်က မနေ့က လုပ်စရာများ မပြီးသေးသောကြောင့် စိတ်ပူနေသော်လည်း ပြန်မလာနိုင်ခဲ့ချေ။

ညပိုင်းတွင် အလုပ်များအားလုံး ပြီးစီးအောင် လုပ်ဆောင်ပြီးမှသာ တစ်ညလုံး အိပ်ရေးပျက်ခံ၍ အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်သည်။

လင်းရန်နှင့် စတင်တွေ့ဆုံသည့် အချိန်အထိ သူသည်က နာရီပေါင်း ၄၀ နီးပါးခန့်ကို အိပ်စက်ခြင်းမရှိဘဲ အလုပ်လုပ်နေခဲ့သည်ပင်။

“ရန်ရန် ကိုယ် မင်းနဲ့အတူ အောက်ထပ်ကို မလိုက်တော့ဘူးနော်၊ ခဏလောက် မှေးလိုက်ဦးမယ်”

*

All Chapters