အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း ၃၃:ကျန်းနီမာရှဲ့ချီလား..
ဤအချိန်၌ ရွှီယွီ၏ ကြည်လင်သော်လည်း လျစ်လျှူရှုထားတတ်သော မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
"သူက ကောင်လေးယဲ့ အနိုင်ယူချင်နေတဲ့ လူလား..."
"သူ့ရဲ့ နယ်ပယ်ကို မှော်ရတနာတစ်ခုနဲ့ ဖုံးကွယ်ထားတယ်... သူ ခုဏက ပြသသွားတဲ့ အမြန်နှုန်းက မနှေးဘူး... အနည်းဆုံးတော့ မှော်အက္ခရာရေးထိုးခြင်းနယ်ပယ် အလယ်အလတ်ကနေ နောက်ဆုံးအဆင့်လောက်မှာ ရှိနေလိမ့်မယ်... ထိုက်ချင်ဂိုဏ်းက ဒီလို ပါရမီရှင်မျိုး ထွက်ပေါ်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး..."
"ဒါပေမဲ့..."
"ဟွမ်မိသားစုက အဲ့ဒီလူက အင်အားမဲ့တဲ့ အခြေအနေမှာ ရှိနေပြီဆိုပေမဲ့ သူ တကယ်တမ်း ဘာမှ မလုပ်ရသေးဘူးလေ... ဆုံးဖြတ်တဲ့အချိန်မှာ လုပ်ရပ်တွေကို ကြည့်ရမယ်... အတွေးတွေကို မကြည့်ရဘူး... တကယ်လို့ အတွေးတွေကိုသာ ကြည့်ရမယ်ဆိုရင် ဘယ်သူမှ ပြီးပြည့်စုံမှာ မဟုတ်ဘူး... ဘာလို့ ဒီလို ရက်စက်တဲ့ နည်းလမ်းတွေကို သုံးရတာလဲ... ကြီးမားတဲ့ ပါရမီ ရှိနေရင်တောင် နောက်ဆုံးတော့ ဒါက အောက်တန်းကျတဲ့ လမ်းစဉ်ဖြစ်ပြီး မဟာတာအိုကို ရရှိဖို့ ခက်ခဲစေတယ်... သူက ယဲ့ရွှမ်လောက် မကောင်းဘူး..."
ရွှီယွီက သူမဘာသာ တီးတိုးရေရွတ်လိုက်၏။
သူမ၏ဘဝတလျှောက်လုံး သူမသည် လက်ဖက်ရည်တာအို၏ ကြည်လင်မှု၊တည်ငြိမ်မှု၊သဟဇာတဖြစ်မှုနှင့် ငြိမ်သက်မှုတို့ကိုသာ လိုက်စားခဲ့သည်။ ဤကဲ့သို့ ပြတ်သားပြီး ထက်မြက်ကာ ရန်လိုသော အပြုအမူမျိုးကို သူမ မနှစ်သက်ခဲ့ချေ။
အချိန်တခဏအကြာတွင် သူမသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။ သူမ၏ အကြည့်က စူးချန်ကဲအပေါ်တွင် အကြာကြီး ရပ်တန့်မနေခဲ့ဘဲ ထိုအရာကို သာမန် မနှစ်မြို့ဖွယ် ကြားဖြတ်ဇာတ်လမ်းလေးတစ်ခုအဖြစ်သာ သတ်မှတ်လိုက်သည်။ ချက်ချင်းပင် သူမ၏ပုံရိပ်သည် ယွမ်ယန်ကုန်သည်ကြီးများအသင်းရှိရာသို့ ဦးတည်သွားလေသည်။
တခြားတစ်ဖက်၌...
ပုံရိပ်နှစ်ခုသည် မြို့၏ဗဟိုဧရိယာဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားနေကြသည်။
စူးချန်ကဲသည် ယွမ်ယန်ကုန်သည်ကြီးများအသင်းသို့ ချက်ချင်းမသွားခဲ့ချေ။ မည်သို့ပင်ဆိုစေ လျိုယွမ်မြို့တော်ဝန်က သူ့အတွက် ပြဿနာများကို ရှင်းလင်းပေးခဲ့သဖြင့် အခိုက်အတန့်လေး စကားပြောခြင်းဖြင့် မျက်နှာသာ အနည်းငယ် ပေးရပေမည်။
တစ်ချိန်တည်းမှာပင် စူးချန်ကဲ၏နံဘေးတွင် လျှောက်လှမ်းလာသော လျိုယွမ်မြို့တော်ဝန်၏ နှလုံးသားထဲ၌ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားနေရပေသည်။
"ဟူး... သူ့ရဲ့ဘေးမှာ ရှိနေရုံနဲ့တင် ငါ ဘာလို့ အန္တရာယ် အရိပ်အယောင်တစ်ခုကို တစ်ခါတစ်လေ ခံစားနေရတာလဲ..."
"သူ့ရဲ့ နယ်ပယ်ကို ဖောက်ထွင်းမမြင်နိုင်ဘူး... အဲ့ဒါက ချီကို ဖုံးကွယ်ထားတဲ့ ရတနာတစ်ခုလား..."
လျိုယွမ် မြို့တော်ဝန်က သူ၏နံဘေးရှိ လူငယ်လေးကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ သူသည် တောင်ထိပ်ကိုးခုမှ ခေါင်းဆောင်တပည့်များစွာကို လက်ခံတွေ့ဆုံခဲ့ဖူးပြီး ပထမတောင်ထိပ်၏ ခေါင်းဆောင်ကိုပင် လက်ခံတွေ့ဆုံခဲ့ဖူးသော်လည်း မည်သူကမျှ သူ့ကို ဤကဲ့သို့ ဖိအားမျိုး မခံစားခဲ့စေဖူးချေ။
"သူက ငါ့ထက် ပိုပြီးသန်မာနေတာများလား..."
ဤအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် လျိုယွမ် မြို့တော်ဝန်က ထိုအရာကို သူ၏ နှလုံးသားထဲ၌ ချက်ချင်းပယ်ချလိုက်လေသည်။
မဖြစ်နိုင်ဘူး...
တကယ်လို့ သူသာ ငါ့ထက် ပိုသန်မာမယ်ဆိုရင် သူက ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် နောက်ဆုံးအဆင့်ရဲ့ ခွန်အား ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား...
သူက အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာ... အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တစ်ခုလုံးမှာ ဘယ်သူက အဲ့ဒီလောက် အောင်မြင်နိုင်မှာလဲ... ရှေးဟောင်း သမိုင်းမှာတောင် ဒီလိုလူမျိုး များများစားစား ရှာတွေ့နိုင်မယ် မထင်ဘူး...
"ကိစ္စတစ်ခုခု ရှိလို့လား... လျိုယွမ် မြို့တော်ဝန်..."
စူးချန်ကဲက သူ၏နံဘေးရှိ ထူးဆန်းသော အမူအရာများ ဖြစ်နေသည့် လျိုယွမ် မြို့တော်ဝန်ကို တစ်ချက်ကြည့်ကာ မေးလိုက်၏။
"အဟမ်း... မရှိပါဘူး... မရှိပါဘူး... ငါ ခဏလောက် အတွေးလွန်သွားလို့ပါ... အသက်ကြီးလာရင် ဒီလိုပါပဲ..."
လျိုယွမ်မြို့တော်ဝန်က သူ၏အနေခက်မှုကို ဖုံးကွယ်ရန် ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီးနောက် အပြုံးနှင့် မေးလိုက်သည်။
"ခေါင်းဆောင်စူးက ထိုက်ချင် လက်ဖက်ရည်ပွဲအတွက် လျိုယွမ်မြို့ကို ရောက်နေတာလား..."
အကယ်၍ သူ မှတ်မိသည်မှာ မှန်ကန်ပါက တောင်ထိပ်ကိုးခု၏ ခေါင်းဆောင်များထဲတွင် စူးချန်ကဲ တစ်ဦးတည်းသာ လျိုယွမ်မြို့သို့ မလာခဲ့ဖူးခြင်းပင်။ ယခုချိန်၌ စူးချန်ကဲ ထွက်ပေါ်လာခြင်းက လက်ဖက်ရည်ပွဲမှလွဲ၍ သူ့ကို ဆွဲဆောင်နိုင်မည့် အခြားမည်သည့်အရာကိုမျှ လျိုယွမ်မြို့တော်ဝန်က မစဉ်းစားနိုင်ခဲ့ချေ။
"ဟုတ်ပါတယ်..."
စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။ ဖုံးကွယ်ထားစရာ အကြောင်းမရှိသဖြင့် သူ ဤသို့ ပြောလိုက်ခြင်း ဖြစ်လေ၏။
"အို... ဒါပေမဲ့ ခေါင်းဆောင်စူးက လက်ဖက်ရည်တာအို ကျင့်ကြံတယ်လို့ ငါ မကြားဖူးပါဘူး... ထိုက်ချင် လက်ဖက်ရည်ပွဲက လက်ဖက်ရည်တာအိုမှာ ကျွမ်းကျင်တဲ့ သူတွေအတွက် စုဝေးပွဲတစ်ခုဖြစ်ပြီး နေရာတွေက ကန့်သတ်ထားတယ်လေ... ဒါပေမဲ့ ခေါင်းဆောင်စူး သွားချင်တယ်ဆိုရင် မင်းအတွက် နေရာတစ်နေရာလောက် ငါ ရအောင် လုပ်ပေးနိုင်ပါတယ်..."
လျိုယွမ် မြို့တော်ဝန်က ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။ လျိုယွမ် မြို့တော်ဝန်ဖြစ်သော သူ့အနေဖြင့် ထိုက်ချင်လက်ဖက်ရည်ပွဲသည် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး ထိုက်ချင်နယ်မြေမှ အရေးကြီး ပုဂ္ဂိုလ်များ တက်ရောက်ကြသော်လည်း သူ့တွင် နေရာတစ်နေရာ ရယူနိုင်သောအာဏာ ရှိနေဆဲပင်။
သို့ရာတွင် သံသယ အရိပ်အယောင်တစ်ခုက သူ၏ နှလုံးသားထဲ၌ ထွက်ပေါ်လာခဲ့၏။
စူးချန်ကဲကလည်း လက်ဖက်ရည်တာအိုကို နှစ်သက်တာလား...
အဲ့ဒါက သတင်းသစ်ပဲ...
"အဲ့ဒါက တကယ်ပဲ ခွဲတမ်း လိုတာလား..."
စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။ လျိုယွမ်မြို့တော်ဝန်၏ ကူညီပေးမည့် ကမ်းလှမ်းချက်ကို ကြားသောအခါ သူ အားနာမနေတော့ဘဲ ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်... လျိုယွမ် မြို့တော်ဝန်..."
ယခုအချိန်၌ သူသည် လျိုယွမ် မြို့တော်ဝန်အပေါ် ကောင်းမွန်သော ခံစားချက်အချို့ ဖြစ်ပေါ်လာခဲ့လေပြီ။ မည်သို့ပင်ဆိုစေကာမူ ထိုလူက သူ့အတွက် ပြဿနာတချို့ကို သက်သာစေခဲ့သည်။
"ဟား ဟား ဟား... အားနာနေစရာ မလိုပါဘူး... ပြန်စဥ်းစားကြည့်လိုက်ရင် ငါတို့ အားလုံးက မိသားစု တစ်ခုတည်းပါပဲ..."
လျိုယွမ် မြို့တော်ဝန်က ရယ်မောလိုက်သည်။ စူးချန်ကဲမှာ စကားပြောရ လွယ်ကူပြီး သူ့ကိုပင် ကျေးဇူးတင်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။
ဤနည်းဖြင့် သူသည် နောက်ထပ် ခေါင်းဆောင်တပည့် တစ်ဦး၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီဖြစ်ရာ သူ အလွန်ပျော်ရွှင်နေမိသည်။
သိပ်မကြာခင်မှာပင်....
စူးချန်ကဲသည် ယွမ်ယန်ကုန်သည်ကြီးများအသင်း၏ တံခါးဝကို အနီးကပ် မြင်တွေ့လိုက်ရ၏။ ဤအချိန်၌ လျိုယွမ် မြို့တော်ဝန်က အပြုံးနှင့် စူးချန်ကဲကို ပြောလိုက်သည်။
"ခေါင်းဆောင်စူးက စိတ်မရှိဘူးဆိုရင် ငါ့ရဲ့ မြို့တော်ဝန် စံအိမ်ကို လာပြီး နေထိုင်ပါလား... မင်းအတွက် ခရီးပန်းတာတွေ ပြေပျောက်ဖို့ ဧည့်ခံပွဲတစ်ခု လုပ်ပေးပါရစေ... ပြီးတော့ ဒီနေ့က အဆင်မပြေမှုတွေအတွက်လည်း တောင်းပန်တဲ့အနေနဲ့ပေါ့..."
"လျိုယွမ် မြို့တော်ဝန်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ငါ့မှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးလို့ မင်းကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး..."
စူးချန်ကဲက ငြင်းဆိုလိုက်၏။
လျိုယွမ် မြို့တော်ဝန်မှာလည်း လိမ္မာပါးနပ်သူ တစ်ဦးပင်။ စူးချန်ကဲက လူမှုရေးအရ ပေါင်းသင်းဆက်ဆံရန် ရည်ရွယ်ချက် မရှိကြောင်း မြင်သောအခါ သူ အတင်းမတိုက်တွန်းတော့ဘဲ ချက်ချင်းပြုံးလိုက်သည်။
"ဒီလိုဆိုမှတော့ ခေါင်းဆောင်စူးရဲ့ အားလပ်ချိန်တွေကို ငါ မနှောင့်ယှက်တော့ပါဘူး... လျိုယွမ်မြို့မှာ ရှိနေတုန်း မင်း တစ်ခုခု လိုအပ်ရင် မြို့တော်ဝန် စံအိမ်ကို လူတစ်ယောက် လွှတ်ပြီး ငါ့ကို အသိပေးလိုက်ပါ..."
အမှန်တကယ်တော့ သူ့တွင်လည်း လုပ်စရာ တခြားကိစ္စများ ရှိနေသည်။ နောက်နှစ်ရက်အတွင်း တတိယတောင်ထိပ်မှ ထိုအရေးကြီး ပုဂ္ဂိုလ်ကိုယ်တိုင် လာရောက်မည်ဟု ပြောဆိုထားရာ သူ ပြင်ဆင်ထားရပေမည်။
နောက်ဆုံးတွင် သူသည် ယဉ်ကျေးသော စကားအနည်းငယ် ထပ်မံဖလှယ်ပြီးနောက် သူ၏ အစောင့်များနှင့်အတူ ထွက်ခွာရန် လှည့်ထွက်သွားခဲ့သည်။ သူ၏ လုပ်ရပ်များမှာ ပြတ်သားပြီး သေသပ်ကာ သူသည် နယ်မြေအတွင်း၌ အလွန် ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။
လျိုယွမ်မြို့တော်ဝန် ထွက်ခွာသွားပြီးနောက် စူးချန်ကဲက သူ၏အကြည့်ကို ဝေ့ဝိုက်ကာ သူ၏ နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်၏။ မီတာအနည်းငယ်အကွာတွင် ပစ္စည်းများ ဝယ်ယူနေဆဲဖြစ်သော ထုယိုယိုကို သူ မြင်တွေ့လိုက်ရပြီးနောက် ယွမ်ယန်ကုန်သည်ကြီးများအသင်းအတွင်းသို့ အေးချမ်းစွာ လျှောက်လှမ်းဝင်သွားသည်။
ကုန်သည်ကြီးများအသင်း၏ တံခါးဝသို့ ခြေချလိုက်သည်နှင့် ခမ်းနားထည်ဝါမှုနှင့် နက်ရှိုင်းမှုတို့ ပေါင်းစပ်ထားသော အငွေ့အသက်တစ်ခုက သူ့ဆီသို့ တိုးဝင်လာခဲ့သည်။
ကြမ်းပြင်ကို မှန်တစ်ချပ်အလား အလင်းရောင် ပြန်ဟပ်နိုင်သော နွေးထွေးသည့် ကျောက်စိမ်းများဖြင့် ခင်းထားလေသည်။ အမိုးခုံးသည် မြင့်မားကာ ကျယ်ဝန်းပြီး နူးညံ့သော အလင်းရောင်ကို ထုတ်လွှတ်သည့် ညလင်းပုလဲများဖြင့် စီခြယ်ထားသည်။ နံဘေးပတ်လည်ရှိ အရောင်းကောင်တာများတွင် စိတ်ဝိညာဉ် အလင်းရောင်များ လင်းလက်နေသည့် မျက်စိကျိန်းလောက်အောင် များပြားလှသော ရှားပါးရတနာများကို ခင်းကျင်းပြသထားလေ၏။
လှပပြီး ကောင်းစွာ လေ့ကျင့်သင်ကြားထားသော အစေခံအမျိုးသမီးတစ်ဦးက ရှေ့သို့ လျှောက်လာပြီး စူးချန်ကဲကို ကျက်သရေရှိစွာ အရိုအသေပေးကာ သူမ၏ နူးညံညင်သာပြီး ချိုသာသော အသံဖြင့် ပြောလိုက်သည်။
"ယွမ်ယန် ကုန်သည်ကြီးများအသင်းကနေ ကြိုဆိုပါတယ် ဂုဏ်သရေရှိ ဧည့်သည်တော်... ကျွန်မ ဘယ်လို ကူညီပေးရမလဲရှင်..."
"လက်ဖက်ခြောက် ဝယ်မလို့..."
စူးချန်ကဲက ဂရုမစိုက်စွာ ပြောဆိုလိုက်၏။ အစေခံအမျိုးသမီးကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ပြီးနောက် သူ၏နှလုံးသားထဲ၌ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ကောင်းကင်လှိုဏ်ဂူနယ်ပယ် အဋ္ဌမအဆင့်လား...
ဌာနခွဲတစ်ခုက ဧည့်ကြိုတစ်ယောက်မှာတောင် ဒီနယ်ပယ် ရှိနေတယ်ပေါ့... ဒီယွမ်ယန် ကုန်သည်ကြီးများအသင်းက မဆိုးဘူးပဲ...
"ဒီဘက်ကို ကြွပါ ဂုဏ်သရေရှိ ဧည့်သည်တော်..."
အစေခံအမျိုးသမီးက ကျက်သရေရှိစွာ ဦးညွှတ်ပြီး သူမ၏ ညင်သာပြီး ချိုသာသော အသံဖြင့် ပြောကာ စူးချန်ကဲအား မျက်စိကျိန်းစရာ ကောင်းသော ခန်းမကြီးကို ဖြတ်၍ စိတ်ဝိညာဉ် လက်ဖက်ခြောက်ဧရိယာဆီသို့ ဦးဆောင်သွားလေ၏။
စူးချန်ကဲ၏ အကြည့်က ခင်းကျင်းပြသထားသော စိတ်ဝိညာဉ် လက်ဖက်ခြောက် အမျိုးမျိုးပေါ်သို့ ပေါ့ပေါ့ပါးပါး ဝေ့ဝိုက်သွားခဲ့သည်။ သူ သိပ်မရွေးချယ်ဘဲ ကြည့်ကောင်းပြီး လုံလောက်သော စိတ်ဝိညာဉ်ချီ ရှိပုံရသည့် လက်ဖက်ခြောက်အချို့ကို ကျပန်းရွေးချယ်လိုက်ကာ အစေခံအမျိုးသမီးအား ထုပ်ပိုးပြီး ငွေရှင်းရန် အချက်ပြလိုက်၏။
"ဒါက ကျွန်မတို့ ယွမ်ယန် ကုန်သည်ကြီးများအသင်းကို ပထမဆုံးအကြိမ် လာရောက်တာလား ဂုဏ်သရေရှိ ဧည့်သည်တော်..."
အစေခံအမျိုးသမီးက လက်ဖက်ခြောက်များကို သွက်လက်စွာ ထုပ်ပိုးရင်း ဆက်ဆံရေး တည်ဆောက်ရန် ကြိုးစားကာ အပြုံးနှင့် မေးလိုက်သည်။
စူးချန်ကဲက ခေါင်းညိတ်ပြပြီး သဘောတူခြင်းလည်းမရှိ ငြင်းဆိုခြင်းလည်းမရှိချေ။
ဤသည်ကို မြင်သောအခါ အစေခံအမျိုးသမီး၏ မျက်လုံးများတွင် ကျွမ်းကျင်ပညာရှင်သော အရိပ်အရောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။ သူမက သံပူတုန်း ရိုက်ရန် အလျင်အမြန် ကြိုးစားလိုက်သည်။
"ဒါဆိုရင် ဂုဏ်သရေရှိ ဧည့်သည်တော်... ကျွန်မတို့ ကုန်သည်ကြီးများအသင်းဆီကနေ စိတ်ဝိညာဉ်ကတ်တစ်ခု လုပ်ဖို့ စဉ်းစားကြည့်ပါလား... ပထမဆုံးအကြိမ် ငွေဖြည့်တာနဲ့ လျှော့ဈေး အများကြီး ရနိုင်ပါတယ်... ဥပမာအနေနဲ့ ဒီနေ့ ဧည့်သည်တော် ဝယ်မယ့် စိတ်ဝိညာဉ် လက်ဖက်ရည်တွေအတွက် ချက်ချင်း ၂၀ ရာခိုင်နှုန်း လျှော့ဈေး ရနိုင်ပါတယ်..."
ဤအရာကို ကြားသောအခါ စူးချန်ကဲ၏ နှုတ်ခမ်းထောင့်များက မသိမသာ တွန့်ကွေးသွားခဲ့လေ၏။
သောက်ကျိုးနည်း...
ဤရင်းနှီးနေသော အရောင်းမြှင့်တင်ရေး စကားများက အချိန်နှင့်လေဟာနယ်ကို ကျော်လွန်ကာ ကမ္ဘာများကို ဆက်သွယ်ပေးနေသည့် ထာဝရ အမှန်တရား တစ်ခုလောဟု သူ၏စိတ်ထဲက ညည်းတွားလိုက်သည်။
ရွှမ်ဟွမ်ကမ္ဘာပင်လျှင် လျှော့ဈေးရရန် ကတ်ပြုလုပ်ရသည့် ဤလုပ်ရိုးလုပ်စဉ်မှ မလွတ်မြောက်နိုင်သလော...
သို့ရာတွင် စူးချန်ကဲ ငြင်းဆိုတော့မည့်အချိန်တွင် အစေခံအမျိုးသမီး၏ စကားတစ်ခွန်းက သူ၏ စိတ်ဝင်စားမှုကို နှိုးဆွသွားခဲ့လေ၏။
"ဂုဏ်သရေရှိ ဧည့်သည်တော်... ငြင်းဖို့ အရမ်းမလောပါနဲ့အုံး... တကယ်လို့ ဧည့်သည်တော်က ဒီနေ့ ကတ်လုပ်မယ်ဆိုရင် ထိုက်ချင် လက်ဖက်ရည်ပွဲရဲ့ အတွင်းဘက်မှာ နေရာတစ်ခု ရနိုင်ရုံတင်မကဘူး ကျွန်မတို့ လျိုယွမ်ဌာနခွဲကနေ လက်ရှိ ကျင်းပနေတဲ့ လေလံပွဲမှာလည်း ပါဝင်နိုင်ပါတယ်... ပစ္စည်းကောင်းတွေ အများကြီး ရှိပါတယ်... ပြီးတော့ ဒီနေ့ရဲ့ နောက်ဆုံးပိတ် ပစ္စည်းက ရှေးဟောင်း နတ်ဆိုး ဝင်္ကပါတစ်ခုရဲ့ မြေပုံအပိုင်းအစပါ..."
အစေခံအမျိုးသမီးက အပြုံးနှင့် စကားပြောဆိုမှုကို အဆုံးသတ်လိုက်ပြီး အလွန်ယုံကြည်မှုရှိသော အမူအရာဖြင့် စိတ်ရှည်စွာ စောင့်ဆိုင်းနေလေ၏။
"လေလံပွဲလား..."
စူးချန်ကဲက သူ၏မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။ ဤခံစားချက်က အနည်းငယ် ရင်းနှီးနေသကဲ့သို့ ရှိသည်။
ဇာတ်ကွက်များအရဆိုလျှင် ကံကြမ္မာသမီးတော် ရှိနေသော လေလံပွဲများတွင် အမြဲတမ်း ပစ္စည်းကောင်းများ တွေ့ရလေ့ရှိသည်။
အရေးအကြီးဆုံးမှာ ရှေးဟောင်း နတ်ဆိုး ဝင်္ကပါ၏ မြေပုံအပိုင်းအစနှင့် ပတ်သက်သော အချက်အလက်က သူ့ကို အမှန်တကယ် ဆွဲဆောင်သွားခြင်းပင်။
စူးချန်ကဲက မေးလိုက်၏။
"ဒီကတ်ကို ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပါ..."
"ခဏလေး စောင့်ပါရှင်... ဂုဏ်သရေရှိ ဧည့်သည်တော်... ဧည့်သည်တော်က အရင်ဆုံး လျှို့ဝှက်နာမည် တစ်ခုကို စဉ်းစားလို့ ရပါတယ်... ဧည့်သည်တော်ရဲ့ နာမည်ရင်းကို မသုံးတာ ပိုကောင်းမယ်လို့ ကျွန်မ အကြံပြုချင်ပါတယ်... ဘာဖြစ်လို့လဲဆိုတော့..."
"ရပ်... ရပ်... ရပ်... ငါ နားလည်ပြီ... လုပ်ရိုးလုပ်စဉ် အဟောင်းတွေပဲ..."
စူးချန်ကဲက အလျင်အမြန် ကြားဖြတ် ပြောလိုက်၏။ သူ တခဏမျှ တွေးတောလိုက်ပြီးနောက် ဘေးတွင် ပြင်ဆင်ထားသော ကျောက်စိမ်းပြားတစ်ခုပေါ်တွင် စာလုံးတချို့ကို ပေါ့ပေါ့ပါးပါး ရေးထွင်းကာ လက်ကမ်းပေးလိုက်သည်။
"ဒါကို သုံးလိုက်..."
အစေခံအမျိုးသမီးက ထိုအရာကို ကောက်ယူပြီး ကြည့်လိုက်ရာ တခဏမျှ ကြောင်အမ်းသွားပြီး အသံထွက် မဖတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
"ကျန်းနီမာရှဲ့ချီလား..."
ဤသည်မှာ မည်သို့သော နာမည်မျိုး ဖြစ်သနည်း..
အလွန်ထူးဆန်းလှပေသည်...
"အဲ့ဒီလို မရဘူးလား..."
စူးချန်ကဲက ပြန်ပြောလိုက်၏။ ထိုအရာက ပြဿနာများကို ဖော်ပြနေသည် မဟုတ်လော...
ဤနာမည်က ဤလုပ်ငန်းစဉ် တစ်ခုလုံးနှင့် ပတ်သက်၍ သူ၏စိတ်အခြေအနေကို ပြီးပြည့်စုံစွာ ဖော်ပြနေသည်။
*ကျန်းနီမာရှဲ့ချီ=သောက်ပြဿနာကောင်(အင်တာနက်ဘန်းစကားပါ...ရောက်လေရာ ပြဿနာဖြစ်တတ်တဲ့သဘောမျိုးပါပဲ)
အခန်း ၃၄: ဒီအမျိုးသမီးမှာ မီးယပ်ရောဂါ ရှိနေတာလား...
နောက်ဆုံးတွင် စူးချန်ကဲသည် အစိမ်းရောင်ကတ်တစ်ခု ဖွင့်ရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးငါးထောင်တိတိ အသုံးပြုခဲ့ရလေ၏။
အဘယ်ကြောင့် အစိမ်းရောင်နည်း...
ယွမ်ယန်ကုန်သည်ကြီးများအသင်း၏ စိတ်ဝိညာဉ်ကတ်များသည် ဖောက်သည်တစ်ဦး၏ အဆင့်အတန်းကို ခွဲခြားရန် အရောင်များကို အသုံးပြုပြီး အစိမ်း၊ ခရမ်း၊ ရွှေ၊ နှင့် အနက် ဟူ၍ လေးမျိုးရှိသည်။
တခြားကတ်များအတွက် လိုအပ်ချက်များမှာ မြင့်မားလွန်းလှသည်။ ဥပမာအနေဖြင့် ထိုအရာအထက်ရှိ ခရမ်းရောင်ကတ်မှာ အနည်းဆုံးအနေဖြင့် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်း သိမ်းဆည်းထားရန် လိုအပ်လေ၏။ အစေခံအမျိုးသမီး၏ မိတ်ဆက်စကားအရ ယွမ်ယန်နယ်မြေ တစ်ခုလုံးတွင် အနက်ရောင်ကတ် ကိုင်ဆောင်သူ အနည်းငယ်သာ ရှိကြောင်း စူးချန်ကဲ ကြားခဲ့ရသည်။
ရွှမ်ဟွမ် ကမ္ဘာကို ကူးဖြတ်လာပြီးနောက်တွင်ပင် အသင်းဝင်ခြင်းများနှင့် ငွေဖြည့်ရခြင်းများ၏ အိပ်မက်ဆိုးမှ သူ မလွတ်မြောက်နိုင်သေးချေ။
"ဂုဏ်သရေရှိ ဧည့်သည်တော်... ဧည့်သည်တော်ရဲ့ သီးသန့်ခန်း အဆင်သင့်ဖြစ်ပါပြီ... ကျေးဇူးပြုပြီး ကျွန်မရဲ့နောက်ကို လိုက်ခဲ့ပါရှင်..."
အစေခံအမျိုးသမီး၏ မျက်နှာပေါ်တွင် ချိုသာသော အပြုံးတစ်ခု ရှိနေပြီး ရိုသေလေးစားစွာ လမ်းပြပေးကာ စူးချန်ကဲအား ဒုတိယထပ်သို့ တက်သွားသော ခမ်းနားသည့် လှေကားကြီးဆီသို့ ဦးဆောင်သွားလေ၏။
သူ၏ အစိမ်းရောင်ကတ်ကို သိမ်းဆည်းပြီးနောက် စူးချန်ကဲက သူမ၏နောက်သို့ လိုက်ပါသွားခဲ့သည်။
ဒုတိယထပ်သို့ ရောက်ရှိချိန်တွင် စူးချန်ကဲသည် အပေါ်သို့ တိုက်ဆိုင်စွာ မော့ကြည့်လိုက်မိရာ ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ထားသော ပုံရိပ်တစ်ခုက အဖိုးအိုတစ်ဦးနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
သူမသည် ရိုးရှင်းသော အဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်ရမ်းသရဖူကို ဆောင်းထားသော အမျိုးသမီးတစ်ဦးပင်။
သူမတွင် အရပ်ရှည်ပြီး သွယ်လျသော ကိုယ်ခန္ဓာရှိကာ နှင်းတောင်ထိပ်ရှိ အထီးကျန် ကြာပန်းတစ်ပွင့်အလား အေးစက်သော အငွေ့အသက် ရှိသည်။ သူမ၏မျက်နှာသည် လှပသော်လည်း ရေခဲပါးပါးလေးတစ်လွှာ ဖုံးအုပ်ထားသည့်အလား ရှိနေပြီး သူမ၏ မျက်လုံးများတွင် လောကီရေးရာများကို ဂရုမစိုက်သော အေးစက်မှုနှင့် မှေးမှိန်သော မောက်မာမှု အရိပ်အယောင်တစ်ခု ပါဝင်နေလေ၏။
"တာအိုသီလရှင် တစ်ပါးလား..."
စူးချန်ကဲက သူမကို သိချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
တိုက်ဆိုင်စွာဖြင့် ရွှီယွီကလည်း တစ်ခုခုကို ခံစားသိရှိသွားပြီး စူးချန်ကဲကို ပြန်ကြည့်လိုက်သည်။
သူတို့၏အကြည့်များက လေထဲတွင် တခဏမျှ ဆုံသွားခဲ့ကြသည်။
ရွှီယွီ၏အကြည့်က စူးချန်ကဲအပေါ်သို့ တခဏမျှပင် မရပ်တန့်ဘဲ ဝေ့ဝိုက်သွားခဲ့၏။ ထိုမျက်လုံးများ၏ နက်ရှိုင်းသောနေရာတွင် သူမ၏သဘာဝအေးစက်မှုအပြင် အလွန် မှေးမှိန်သော်လည်း သေချာပေါက် မှားယွင်းနိုင်စရာမရှိသော မနှစ်မြို့မှုနှင့် ရွံရှာမှု အရိပ်အယောင်တစ်ရပ် ပါဝင်နေသည်။
"ဟင်..."
"ဒီအမျိုးသမီးမှာ မီးယပ်ရောဂါ ရှိနေတာလား..."
"ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ..."
စူးချန်ကဲ၏မျက်ခုံးများ အနည်းငယ် ကြုံ့သွားခဲ့၏။ သူမ၏ အကြည့်က သူ့ကို ချက်ချင်း စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။ ထိုအထင်အမြင်သေးသော အကြည့်ကို သူ အလွန် ကောင်းစွာသိရှိထားသည်။
သူသည် အဝါရောင်ဆံပင်နှင့် လူဆိုးလေးများကို ထိုကဲ့သို့ ကြည့်လေ့ရှိခဲ့သည်။
ဤအချိန်၌ စူးချန်ကဲက ထွက်ခွာသွားသော ရွှီယွီကို ကြည့်နေသည်ကို မြင်သောအခါ အစေခံအမျိုးသမီးက လေသံတိုးတိုးဖြင့် မိတ်ဆက်ပေးလိုက်၏။
"ဂုဏ်သရေရှိ ဧည့်သည်တော် ကျန်းနီမာရှဲ့ချီ... ခုဏက အမျိုးသမီးက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေမှာ အကျော်ကြားဆုံး လက်ဖက်ရည်တာအို မဟာဆရာသခင် သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ပါ... ဒီထိုက်ချင်လက်ဖက်ရည်ပွဲကို လူအများကြီးက သူ့အတွက် သီးသန့် လာကြတာပါ..."
"အို..."
စူးချန်ကဲက ညည်းတွားလိုက်ပြီးနောက် ထပ်ပြောလိုက်၏။
"လမ်းပြ..."
"ဟုတ်ကဲ့ပါ..."
အစေခံအမျိုးသမီးက အနည်းငယ် စိတ်ရှုပ်ထွေးစွာ ခေါင်းညိတ်လိုက်ပြီး အတွေးနက်နေသော အမူအရာတစ်ခုက သူမ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားခဲ့သည်။
သိပ်မကြာခင်မှာပင် စူးချန်ကဲသည် ခမ်းနားကြီးကျယ်သော သီးသန့်ခန်းတစ်ခန်းသို့ ရောက်ရှိလာခဲ့၏။
အခန်း၏ရှေ့ဘက်တွင် တစ်ဖက်မြင် သလင်းကျောက်နံရံ တစ်ခု ရှိပြီး ထိုမှတစ်ဆင့် အောက်ဘက်ရှိ လေလံခန်းမကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း အပြင်ဘက်ရှိ သူများကမူ အခန်းတွင်းသို့ လုံးဝမမြင်နိုင်ချေ။ ထိုအရာကို အစိမ်းရောင်ကတ် ကိုင်ဆောင်သူများအတွက် အကျိုးခံစားခွင့်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။
ဤအချိန်၌ပင် လေလံပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။
"တခြားကိစ္စ မရှိရင် မင်းအလုပ် မင်းသွားလုပ်လို့ ရပြီ..."
စူးချန်ကဲက နူးညံ့သော သားရဲသားရေ ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ နောက်မှီချရင်း အစေခံအမျိုးသမီးကို ပြောဆိုလိုက်၏။
အစေခံအမျိုးသမီးက ရိုသေလေးစားသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဂုဏ်သရေရှိ ဧည့်သည်တော် ကျန်းနီမာရှဲ့ချီ... ဧည့်သည်တော်က အစိမ်းရောင်ကတ် အသင်းဝင် တစ်ယောက်ပါ... နောင်ကျရင် ဧည့်သည်တော် ကုန်သည်ကြီးများအသင်းကို လာတိုင်း ကျွန်မက ဧည့်သည်တော်ရဲ့ ကိုယ်ပိုင် ဝန်ဆောင်မှုအတွက် ရှိနေမှာပါရှင်..."
"..."
စူးချန်ကဲ၏နှုတ်ခမ်းများ ထပ်မံ၍ တွန့်ကွေးသွားခဲ့၏။ ဤနာမည်ကို ရွေးချယ်လိုက်ခြင်းက သူ့ကိုယ်သူ တွင်းတူးလိုက်သကဲ့သို့ အဘယ်ကြောင့် ခံစားနေရသနည်း...
ထိုမျှလောက် ပြဿနာများနေသလော...
မည်သူကများ ဤမျှထိ ပြဿနာများနေသနည်း...
တစ်ချိန်တည်းမှာပင် သလင်းကျောက်နံရံပေါ်ရှိ ပုံရိပ်က စူးချန်ကဲ၏စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။
တက်ကြွသော အဖိုးအိုတစ်ဦးသည် ရုတ်တရက် လေးနက်သော အမူအရာကို ပြသကာ ချောင်းဟန့်လိုက်ပြီး သူ၏ အသံကို မြှင့်ကာ လျှို့ဝှက်ဆန်းကြယ်မှုနှင့် လေးနက်မှုတို့ဖြင့် ပြောလိုက်သည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျာ... နောက်တစ်ခုကတော့ ကျွန်တော်တို့ ယွမ်ယန် ကုန်သည်ကြီးများအသင်း လျိုယွမ်ဌာနခွဲရဲ့ ဒီလေလံပွဲအတွက် နောက်ဆုံးပိတ် ပစ္စည်းပါ... ရှေးဟောင်း မြေပုံအပိုင်းအစ တစ်ခုပါ..."
နောက်တစ်စက္ကန့်တွင်...
ပိုးနီစ ဖုံးအုပ်ထားသော ကျောက်စိမ်းဗန်းကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားသည့် လှပသော အစေခံအမျိုးသမီး တစ်ဦးက စင်မြင့်ပေါ်သို့ ကျက်သရေရှိစွာ လျှောက်လာပြီးနောက် ဗန်းပေါ်ရှိ ပစ္စည်းကို ဖော်ပြလိုက်၏။
ထိုရှေးဟောင်း မြေပုံအပိုင်းအစဆိုသည်မှာ သိပ်ပြီးခမ်းနားကြီးကျယ်ပုံ မရချေ။
ပစ္စည်းသည် သားရေလည်း မဟုတ်သလို ပိုးသားလည်း မဟုတ်ဘဲ ထိုအရာ၏အရောင်မှာ မည်းမှောင်ကာ ဝါကြန့်ကြန့်ဖြစ်နေပြီး အစွန်းများမှာ အထစ်အထစ်များ ဖြစ်နေလေ၏။ ထိုအရာကို မီးလောင်ကျွမ်းထားသော အမှတ်အသားများနှင့် ပျက်စီးမှုများ ဖုံးလွှမ်းနေပြီး သိသာထင်ရှားသော အပေါက်တချို့ပင် ရှိနေသည်။ မြေပုံပေါ်ရှိ မျဉ်းများမှာ မှုန်ဝါးနေပြီး မှော်စာလုံးများသည် မပြည့်စုံဘဲ စိတ်ဝိညာဉ်ချီ အတက်အကျများမှာ အလွန်အားနည်းလှသဖြင့် သိရှိရန်ပင် ခက်ခဲလှသည်။
ထို့နောက် အဖိုးအိုက ထပ်မံ၍ ပြောဆိုလိုက်၏။
"ဒီပစ္စည်းကို အသက်အန္တရာယ်ကနေ အသက်ရှင်လွတ်မြောက်လာတဲ့ ကျွမ်းကျင်သူ တစ်ယောက်က ရှေးဟောင်းစစ်မြေပြင်တစ်ခုရဲ့ ဗဟိုဧရိယာကနေ ယူဆောင်လာခဲ့တာပါ... ဒီပစ္စည်းက ထူးခြားပါတယ်... ရေနဲ့ မီးဒဏ်ကို ခံနိုင်ရည်ရှိပြီး ဓားနဲ့ လှံတွေရဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်... ဒီအရာပေါ်က မှော်စာလုံးတွေက နက်နဲသိမ်မွေ့ပြီး ရှေးဟောင်းနတ်ဆိုးမျိုးနွယ်စု ဝင်္ကပါတစ်ခုနဲ့ သက်ဆိုင်တယ်လို့ သံသယရှိတယ်...ဒီအရာရဲ့အဆင့်ကိုတော့ မသိရပါဘူး... စတင်မယ့် လေလံကြေးက အနိမ့်တန်း စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းဖြစ်ပြီး ထပ်တိုးမယ့် ပမာဏတိုင်းက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းထက် မနည်းရပါဘူး..."
သူ၏အသံ ပြီးဆုံးသွားသည်နှင့် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခုက ခန်းမပေါ်သို့ ကျရောက်လာခဲ့လေ၏။
အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းလား...
ဒီအမှိုက် အပိုင်းအစအတွက်လား...
ဤဈေးနှုန်းသည် အတော်အသင့်ကောင်းမွန်သော မြေကမ္ဘာအဆင့်နိမ့် မှော်ရတနာတစ်ခု သို့မဟုတ် အတားအဆီးတစ်ခုကို ချိုးဖောက်ရန် ကူညီပေးနိုင်သော စိတ်ဝိညာဉ် ဆေးလုံး ပုလင်းအတော်များများကို ဝယ်ရန် လုံလောက်နေသည်။
မည်သူမျှ နားမလည်နိုင်သော ဤမြေပုံအပိုင်းအစကို ဝယ်ရန်လော...
သူတို့၏ ဦးနှောက်များက တံခါးနှင့် ညပ်ခံထားရသလော...
"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူး... ခင်ဗျားတို့က ဒါကို ရှေးဟောင်းနတ်ဆိုးဝင်္ကပါတစ်ခုနဲ့ သက်ဆိုင်တယ်လို့ ပြောရုံသက်သက်နဲ့ ပြောလို့ရမလား... ခင်ဗျားတို့ သက်သေတစ်ခုခု ဘာလို့ မပြနိုင်တာလဲ..."
အခန်းတစ်ခုထဲမှ ကြမ်းတမ်းသော အမျိုးသား အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အခြားသူများကလည်း ချက်ချင်းဝင်ပြောကြသည်။
"ဟုတ်တယ်... တကယ်လို့ ငါတို့ ဒါကို ဝယ်သွားပြီးတော့ အသုံးမဝင်ဘူးဆိုရင် အကြီးအကျယ် ရှုံးမှာ မဟုတ်ဘူးလား..."
"အတိအကျပဲ... အတိအကျပဲ...."
လေလံပွဲကို တာဝန်ယူထားသော အဖိုးအိုက ဟန်ဆောင်အပြုံးဖြင့် ပြောဆိုသည်။
"လောလောဆယ်တော့ ကျွန်တော်တို့ဆီမှာ မရှိပါဘူး... တကယ်လို့ ခင်ဗျားတို့ မကြိုက်ရင် လေလံဆွဲစရာ မလိုပါဘူး..."
ဤစကားများက နောက်ထပ် ပြင်းထန်သော ဆွေးနွေးမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
သို့ရာတွင် ဝတ္ထုများစွာကို ဖတ်ဖူးသော စူးချန်ကဲမှာမူ ကွဲပြားလေ၏။ ဤလုပ်ရိုးလုပ်စဉ်ကို သူ အလွန်ကောင်းစွာ သိရှိထားသည်။
ဆယ်ကြိမ်တွင် ကိုးကြိမ်ခန့်က ဤအရာသည် အစစ်အမှန်ရတနာတစ်ခု ဖြစ်နေတတ်သည်။
"ငါ့လို အသေးအဖွဲ ဗီလိန်တစ်ယောက်အတွက် ဖုံးကွယ်နေတဲ့ ရတနာတစ်ခုကို ကောက်ယူဖို့ အခွင့်အရေးများ ရှိနေမလား..."
"ဒီဇာတ်လမ်းလားရာက ကံကြမ္မာသားတော်ရဲ့ ဇာတ်လမ်းနဲ့ နည်းနည်း တူနေသလိုပဲ... တစ်ခုခုတော့ မှားနေတယ်..."
စူးချန်ကဲက တီးတိုးရေရွတ်လိုက်ပြီး သလင်းကျောက်နံရံမှတစ်ဆင့် မြေပုံအပိုင်းအစကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးများတွင် နက်နဲသိမ်မွေ့သော အလင်းရောင်များ ဖြတ်ပြေးသွားခဲ့၏။
အကယ်၍ မှော်စာလုံးများအားလုံးကို သူ မမြင်ရပါက ထိုအရာကို နားလည်ရန် ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်းကို သူ အသုံးပြု၍မရချေ။
အကယ်၍ သူသာ ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်ရမည်ဆိုပါက...
ရုတ်တရက်...
စူးချန်ကဲ တခဏမျှ အေးခဲတောင့်တင်းသွားပြီးနောက် တစ်ခုခုကို တွေးမိသွားခဲ့သည်။
ဟုတ်သားပဲ...
သူ့ထံတွင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း ရှိနေသည်။
ဤဝင်္ကပါများကို အခမဲ့ သူ ရယူနိုင်သည်။ အဘယ်ကြောင့် သူသည် ထိုက်ချင် လက်ဖက်ရည်ပွဲသို့ သွားပြီး ထိုအရာများကို လဲလှယ်ရန် ခေါင်းမာနေခဲ့ရသနည်း...
ဤယွမ်ယန်ကုန်သည်ကြီးများအသင်းက ပြီးပြည့်စုံသော နေရာ မဟုတ်ပါလော...
သူ အမှန်တကယ်ကို အရူးတစ်ယောက် ဖြစ်သွားလုနီးပါးပင်။
သတိပြန်ဝင်လာပြီးနောက် စူးချန်ကဲသည် သူ၏ အစီအစဉ်ကို ချက်ချင်း ပြောင်းလဲလိုက်ကာ အစေခံအမျိုးသမီးကိုကြည့်ပြီး မေးမြန်းလိုက်၏။
"မင်းတို့ရဲ့ ကုန်သည်ကြီးများအသင်းမှာ ဝင်္ကပါပုံစံတွေ အများကြီး ရှိလား..."
"ဂုဏ်သရေရှိ ဧည့်သည်တော် ကျန်းနီမာရှဲ့ချီ ..."
အစေခံအမျိုးသမီးက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"စိတ်ချပါရှင်... အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေက ဘယ်ဂိုဏ်းကမှ ကျွန်မတို့ ယွမ်ယန် ကုန်သည်ကြီးများအသင်းထက် ပိုများတဲ့ ရတနာတွေ ရှိတယ်လို့ မပြောရဲပါဘူး... တကယ်တော့ ဧည့်သည်တော်က ဈေးနှုန်းကို တတ်နိုင်သရွေ့ ယွမ်ယန်နယ်မြေမှာရှိတဲ့ ဘယ်အဆင့်က ဝင်္ကပါကိုမဆို ကျွန်မတို့ ရယူပေးနိုင်ပါတယ်..."
အစေခံအမျိုးသမီးက ယခင် ဧည့်သည်များကဲ့သို့ပင် စူးချန်ကဲသည် သိချင်စိတ်ဖြင့် မေးနေခြင်းဖြစ်သည်ဟုသာ ထင်မှတ်ထားခဲ့လေ၏။
"တကယ်လို့ ငါက ဝယ်တာမဟုတ်ဘဲ ကြည့်ရုံသက်သက်ပဲဆိုရင်ရော..."
စူးချန်ကဲက ညင်သာစွာ မေးလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
"နောင်ကျရင် ငါ့နာမည်ကို မသုံးဘဲ ငါ့ရဲ့မေးခွန်းတွေကို မင်း ဖြေလို့ရပါတယ်... ကျေးဇူးပြုပြီး..."
"သေချာတာပေါ့ရှင်... ဂုဏ်သရေရှိ ဧည့်သည်တော် ကျန်းနီမာရှဲ့ချီ..."
အစေခံအမျိုးသမီးက ခေါင်းညိတ်လိုက်၏။
"..."
စူးချန်ကဲ ဆွံ့အသွားသည်။
အစေခံအမျိုးသမီးက အများကြီး မတွေးဘဲ စိတ်ရှည်စွာ ပြန်ဖြေလိုက်သည်။
"ဧည့်သည်တော်က ဝင်္ကပါတွေကို ကြည့်ရှုချင်တာ မှန်ပါသလားရှင်... ကျွန်မတို့ ကုန်သည်ကြီးများအသင်းမှာ ဒီဝန်ဆောင်မှု ရှိပေမဲ့ အခကြေးငွေတော့ ပေးရပါတယ်... ကုန်ကျစရိတ်က ဝင်္ကပါရဲ့ အဆင့်နဲ့ ဖတ်ရှုမယ့် အချိန်ကာလပေါ် မူတည်ပြီး ကွာခြားပါတယ်... ဒါ့ပြင် ဖတ်ရှုခြင်းကို ကုန်သည်ကြီးများအသင်းရဲ့ ကျင့်ကြံခြင်းအခန်းတွေအတွင်းမှာသာ ခွင့်ပြုထားပါတယ်... တကယ်လို့ အဲ့ဒီအချိန်အတွင်းမှာ ပစ္စည်းကို တခြားသူတစ်ယောက်က ဝယ်သွားခဲ့ရင် ချက်ချင်းပြန်ပေးရပါမယ်..."
ဤအရာကို ကြားသောအခါ စူးချန်ကဲ၏ မျက်လုံးများ တောက်ပသွားခဲ့၏။
သူတို့ထံတွင် ထိုအရာ အမှန်တကယ် ရှိနေသလော...
အလွန်ကောင်းမွန်လှသည်...
ဤသည်က လဲလှယ်ရခြင်းထက် များစွာပို၍ သူ့အတွက် တွက်ခြေကိုက်သည်။
စူးချန်ကဲ စိတ်ဝင်စားပုံရသည်ကို မြင်သောအခါ အစေခံအမျိုးသမီးက တခဏမျှ စဉ်းစားလိုက်ပြီး အကြံပေးလိုက်၏။
"ဂုဏ်သရေရှိ ဧည့်သည်တော်... ဧည့်သည်တော်က အဲ့ဒါကို တိုက်ရိုက် လဲလှယ်ဖို့ပဲ ကျွန်မ အကြံပြုချင်ပါတယ်... ငှားရမ်းခတွေက မနည်းဘူး... အရင်က ဖောက်သည်တွေအများကြီးက ဒီနည်းလမ်းနဲ့ ဝင်္ကပါတွေကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ နားလည်သဘောပေါက်ပြီး ထွင်းထုဖို့ ကြိုးစားပြီး အကျိုးအမြတ်နည်းနည်းရယူဖို့ ကြိုးစားခဲ့ကြပါတယ်... ဒါပေမဲ့ ဝင်္ကပါတွေက နားလည်သဘောပေါက်ဖို့နဲ့ ထွင်းထုဖို့ အဲ့ဒီလောက် မလွယ်ကူပါဘူး... အထူးသဖြင့် အဆင့်မြင့်တဲ့ အရာတွေပေါ့... အချိန်ကြာလာတာနဲ့ သူတို့ ပေးခဲ့ရတဲ့ ငှားရမ်းခတွေက ဝင်္ကပါကို ဝယ်ပြီးတော့ အိမ်ယူသွားပြီး ဖြည်းဖြည်းချင်း လေ့လာဖို့ လုံလောက်နေပြီဆိုတာကို သူတို့ သဘောပေါက်လာကြတယ်..."
သူမက အမှန်တရားကို ပြောနေခြင်း ဖြစ်ပေမည်။ အထူးသဖြင့် ယွမ်ယန်နယ်မြေတွင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း ရှိသည်ဟု ဆိုကြသော ပါရမီရှင် အများအပြား ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးနောက် လာရောက်သူ ပိုမိုနည်းပါးလာခဲ့လေ၏။ အချိန်ကြာလာသည်နှင့်အမျှ ငှားရမ်းသော ဖောက်သည်များမှာ ပိုမိုရှားပါးလာခဲ့ပြီး ကုန်သည်ကြီးများအသင်း၏ ရုံးချုပ်က ဤဝန်ဆောင်မှုကို လုံးဝစွန့်လွှတ်သင့်သလားဟုပင် ယခု စဉ်းစားနေလေပြီ။
"ဝန်ဆောင်မှု ရှိနေသရွေ့ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး..."
စူးချန်ကဲ အလွန်ဝမ်းသာသွားခဲ့၏။ ထို့နောက် သူက အစေခံအမျိုးသမီးဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"ဒါကို မင်း စီစဉ်ပေးလို့ ရမလား..."