← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း ၃၅:လက်ဖက်ရည်ဖျော်တဲ့ ဆရာကြီးက ဘယ်သူလဲဆိုတာ မင်း သိလား...

သူ၏အမေးကို အစေခံအမျိုးသမီးက နားမလည်နိုင်ဖြစ်သွားပြီး အနည်းငယ် ကြောင်အမ်းသွားကာ မေးလိုက်၏။

"ဂုဏ်သရေရှိ ဧည့်သည်တော်က ဘာကို ဆိုလိုတာလဲရှင်..."

စူးချန်ကဲ၏ အကြည့်က သလင်းကျောက်နံရံကို ဖောက်ထွင်းသွားပြီး ရောင်းမထွက်ဘဲ မည်သူမျှ စိတ်မဝင်စားသည့် ထိုရှေးဟောင်းမြေပုံအပိုင်းအစပေါ်သို့ ကျရောက်သွားသည်။ သူ၏ အသံမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း မေးခွန်းထုတ်စရာမလိုသော လေသံတစ်ခု ပါဝင်နေပေ၏။

"မင်းတို့ ကုန်သည်ကြီးများအသင်းက စုဆောင်းထားတဲ့ မြေကမ္ဘာအဆင့်နဲ့အထက် ဝင်္ကပါပုံစံ အားလုံးကို ငါ ငှားပြီးဖတ်ချင်တယ်..."

သူ အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

"စင်မြင့်ပေါ်က ဒီမြေပုံအပိုင်းအစ အပါအဝင်ပေါ့..."

"အား... အားလုံးလားရှင်..."

အစေခံအမျိုးသမီးသည် အလွန်တရာ အံ့အားသင့်သွားသဖြင့် သူမ၏ လျှာကိုပင် ကိုက်မိလုနီးပါး ဖြစ်သွားခဲ့၏။ သူမ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး သူမ အကြားအာရုံ မှားယွင်းသွားသလားဟုပင် သံသယဝင်မိသည်။

မြေကမ္ဘာအဆင့်နှင့် အထက် ဝင်္ကပါပုံစံများ...

ထိုအရာတစ်ခုစီတိုင်းက ကြီးမားသော တန်ဖိုးရှိပြီး ကုန်သည်ကြီးများအသင်းအတွက် အရေးပါသော အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ပေးလေသည်။

ထိုအရာအားလုံးကို ငှားမည်ဟု ဆိုသလော...

ဤမျှထိ ကြီးကျယ်ခမ်းနားသော ပမာဏမျိုးကို သူမ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။

"ဟုတ်တယ်..."

စူးချန်ကဲက ခေါင်းညိတ်လိုက်၏။

ယွမ်ယန်မြို့ လျိုယွမ်ဌာနခွဲရှိ ဝင်္ကပါပုံစံ အရေအတွက်မှာ သူမ ပြောသကဲ့သို့ အမှန်တကယ် များပြားမည်ဆိုပါက ထိုဝင်္ကပါများကို နားလည်သဘောပေါက်ပြီး ကိုယ်ပိုင်ဝင်္ကပါများ ဖန်တီးရန် သူ့အတွက် လုံလောက်မည်ဟု သူ တွက်ဆလိုက်သည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်... ဧည့်သည်တော်က တကယ်ပြောနေတာလားရှင်..."

"ဒါက စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် လိုအပ်မလဲဆိုတာ ဧည့်သည်တော် သိပါသလားရှင်... အဲ့ဒါက အရမ်းကြီးမားတဲ့ ကိန်းဂဏန်းတစ်ခုပါပဲ..."

အစေခံအမျိုးသမီးက အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။

"ကျွန်မက ဧည့်သည်တော်ကို အထင်သေးတာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒါက ကျွန်မရဲ့ လုပ်ပိုင်ခွင့်ထက် တကယ်ကို ကျော်လွန်နေပါတယ်... တကယ်လို့ ဧည့်သည်တော်က သက်ဆိုင်တဲ့တန်ဖိုးကို ထုတ်မပြနိုင်ဘူးဆိုရင် ကျွန်မက အထက်လူကြီးတွေဆီ သွားရင်တောင်မှ ဖြစ်နိုင်ခြေ အများကြီး ရှိတာက..."

သူမ၏စကား မဆုံးမီမှာပင် စူးချန်ကဲက သဘာဝကျကျပင် နားလည်သွားခဲ့သည်။ သူ ရှင်းပြချက် အများကြီး မပေးတော့ဘဲ သူ၏ အင်္ကျီလက်ထဲမှ ရိုးရှင်းပုံရသော ကျောက်စိမ်းဖြူ ကြွေပုလင်းတစ်လုံးကို ထုတ်ယူကာ နံဘေးရှိ စားပွဲပေါ်တွင် ညင်သာစွာ တင်လိုက်သည်။

"ဒါကို စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်တန်လဲဆိုတာ အကဲဖြတ်ဖို့ ယူသွားလိုက်... ပြီးတော့ ဒီလိုမျိုးတွေ ငါ့မှာ လိုချင်သလောက် ရှိတယ်လို့ သူ့ကို ပြောလိုက်..."

စူးချန်ကဲက ကြွေပုလင်းကို လက်ညှိုးထိုးပြကာ တည်ငြိမ်စွာ ပြောလိုက်၏။

ရိုးရိုးသားသား ပြောရလျှင် သူ ဖျော်ထားသော လက်ဖက်ရည်က မည်မျှ တန်ဖိုးရှိမည်ကို သူ သေချာမသိသော်လည်း အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတစ်ခုလုံးတွင် လက်ဖက်ရည်တာအို၌ ကြီးမားသော အောင်မြင်မှုကို ရရှိထားသူ တစ်ဦးတစ်ယောက်မျှ မရှိခြင်းကြောင့် ထိုအရာမှာ သေချာပေါက် နည်းပါးမည် မဟုတ်ချေ။

ဤစကားကို ကြားသောအခါ အစေခံအမျိုးသမီးက တွန့်ဆုတ်စွာဖြင့် ကြွေပုလင်းကို ကောက်ယူလိုက်၏။ တခဏမျှ တွန့်ဆုတ်ပြီးနောက် သူမက နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ပြီး စူးချန်ကဲအား ရိုသေလေးစားစွာ ဦးညွှတ်၍ ပြောဆိုလိုက်သည်။

"ခဏလောက် စောင့်ပါရှင်... ဂုဏ်သရေရှိ ဧည့်သည်တော်..."

တစ်ချိန်တည်းမှာပင်....

ကုန်သည်ကြီးများအသင်း၏ တတိယထပ်ရှိ သပ်ရပ်သော အခန်းတစ်ခန်းထဲတွင်....

"တာအိုသီလရှင်... မင်းက ဒီအဖိုးကြီးနဲ့ စကားလာပြောရုံသက်သက် ငါ့ရဲ့ လျိုယွမ် ဌာနခွဲကို လာခဲ့တာ မဟုတ်ဘူးမလား..."

ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ဦးက ရယ်မောရင်း ပြောဆိုလိုက်၏။

သူ၏ မျက်နှာချင်းဆိုင်တွင်ရှိနေသော ရွှီယွီက ဂရုမစိုက်စွာ ပြောလိုက်သည်။

"လူတစ်ယောက်က ငါ့ကို အကူအညီ တောင်းထားလို့ပါ... ငါ ပစ္စည်း နည်းနည်း လိုတယ်..."

ရုတ်ချည်းဆိုသလိုပင် သူမသည် သူမ၏နူးညံချောမွတ်သော လက်ကို ဆန့်တန်းကာ ဆေးပင်များ၏အမည်များ ရေးသားထားသော စာရွက်တစ်ရွက်ကို လက်ကမ်းပေးလေသည်။

ဝဝဖိုင့်ဖိုင့် လူလတ်ပိုင်းအမျိုးသားက ထိုစာရွက်ကို ကောက်ယူပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာကာ အပြုံးနှင့် ပြောဆိုသည်။

"တာအိုသီလရှင်က တပည့် တစ်ယောက် လက်ခံလိုက်တာလား... ကျွတ်... ကျွတ်... ဒါက တော်တော်လေး ကြီးကျယ်တဲ့ လက်ဆောင်ပဲနော်..."

ထိုအရာများမှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူများက သူတို့၏ကောင်းကင်လှိုဏ်ဂူစွမ်းအားကို ခိုင်မာစေရန် အသုံးပြုသော အလွန်ရှားပါးပြီး အလွန်အမင်း အဖိုးတန်သည့် ဆေးပင်များ ဖြစ်ကြောင်းကို သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေ၏။

"နင်တို့ဆီမှာ ရှိလား မရှိဘူးလား..."

ရွှီယွီက ထိုမေးခွန်းကို မဖြေချင်သည့်ဟန်ဖြင့် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

သူမသည် ယဲ့ရွှမ်နှင့် ဆရာတပည့် ဆက်ဆံရေးမျိုး မရှိချေ။ သူမက သူ့ကို အထင်ကြီးလေးစားရုံသက်သက်သာ ဖြစ်ပြီး သူ၏သတ္တိကို အံ့အားသင့်ကာ သူ့ကို ကူညီပေးချင်ရုံသာ ဖြစ်သည်။

"ဟဲဟဲ...တာအိုသီလရှင်က နောက်နေတာပဲ ဖြစ်ရမယ်... ဒီယွမ်ယန်နယ်မြေမှာ ငါ့ရဲ့ယွမ်ယန် ကုန်သည်ကြီးများအသင်းဆီမှာ မရှိတဲ့အရာဆိုတာ ခပ်ရှားရှားပါ..."

လူလတ်ပိုင်း အမျိုးသားက လှောင်ပြောင်လိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။

"ဒါပေမဲ့ ခင်မင်မှုက ခင်မင်မှု... စီးပွားရေးက စီးပွားရေးပဲလေ... ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို မင်းလည်း သိပါတယ်..."

"နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုး လက်ဖက်ရည်အိုးဆယ်အိုးဆိုရင် လုံလောက်ပြီလား..."

ရွှီယွီက အေးစက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။

"ဟားဟားဟား... လုံလောက်ပါတယ်... လုံလောက်ပါတယ်... လုံလောက်ပါတယ်..." လူလတ်ပိုင်းအမျိုးသားက အားပါးတရ ရယ်မောလိုက်၏။ ရွှီယွီ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူက စာရွက်ပိုင်းလေးကို ဟင်းလင်းပြင်ထဲသို့ အလျင်အမြန် ပစ်သွင်းလိုက်ရာ ထိုစာရွက်မှာ ချက်ချင်းပေါင်းစပ်သွားခဲ့လေသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လူလတ်ပိုင်း အမျိုးသားက စိတ်အေးသွားပြီး ပြောဆိုလိုက်သည်။

"တာအိုသီလရှင်... စိတ်ရှည်ရှည်နဲ့ စောင့်နေပါ..."

"ဒါ့ပြင် ဒီနေ့ လေလံပွဲက ရှေးဟောင်းနတ်ဆိုး ဝင်္ကပါ မြေပုံအပိုင်းအစနဲ့အတူ ဒီအနာကျက်စေတဲ့ စိတ်ဝိညာဉ် ဆေးဝါးတွေကိုပါ ငါ လိုချင်တယ်... ပြီးတော့ နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုး နောက်ထပ်ဆယ်အိုး ထပ်ပေးမယ်..."

ရွှီယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီး ရှေးဟောင်း စာရွက်နောက်တစ်ရွက်ကို ထုတ်ယူလိုက်၏။ ထိုစာရွက်ပေါ်တွင် အနာကျက်စေရန်အတွက် အသုံးပြုသော ကောင်းကင်နှင့်မြေကြီး ရတနာများ ရေးသားထားပြီး တချို့မှာ အလွန် ရှားပါးလှသည်။

"ဒါက..."

လူလတ်ပိုင်း အမျိုးသားက အနေရခက်သော အမူအရာကို ပြသလိုက်သည်။

ရွှီယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"တကယ်လို့ ဥက္ကဋ္ဌဖုန်းက ဆန္ဒမရှိဘူးဆိုရင်လည်း ထားလိုက်ပါတော့... ဒီအရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရဲ့ လက်ဖက်ရည်တာအို လမ်းစဉ်မှာ ငါက ခေါင်းဆောင်ပဲလေ... နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုးကို လိုချင်တဲ့သူတွေ အများကြီးပါ..."

သူမသည် အလွန်ယုံကြည်မှုရှိနေပြီး တစ်ဖက်လူက ငြင်းပယ်မည်ကို အနည်းငယ်မျှ ကြောက်ရွံ့ပုံ မပေါ်ချေ။

ဖုန်းဝူယင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့၏။ ရွှီယွီကိုကြည့်ရင်း သူ ကျိန်ဆဲချင်စိတ်ကို မနည်းထိန်းထားရသည်။

မင်းက လက်ဖက်ရည် နည်းနည်း ဖျော်နိုင်ရုံနဲ့ ဘာဖြစ်လို့လဲ...

ငါ့ကို ဘာလို့ အထက်စီးကနေ လာလုပ်နေရတာလဲ...

သို့ရာတွင် ဒုတိယအကြိမ် သူ ပြန်တွေးကြည့်ချိန်၌ စီးပွားရေးကတော့ လုပ်ရမည်ပင်။ ဤ နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုး အိုးနှစ်ဆယ်၏တန်ဖိုးမှာ အရှုံးမပေါ်နိုင်ချေ။ အမြတ်ပင် ရနိုင်သဖြင့် စီးပွားရေးအတွက် သူ သည်းခံရပေမည်။

"ဟား ဟား ဟား... တာအိုသီလရှင်က ဘာတွေ ပြောနေတာလဲ... ဒီအဖိုးကြီးက စဉ်းစားနေရုံပါပဲ..."

ဖုန်းဝူယင်က ပြုံးလိုက်ပြီးနောက် ခိုင်မာသော လေသံဖြင့် ပြောလိုက်၏။

"အိုးနှစ်ဆယ့်ငါးအိုး အပြတ်ပဲ....ဘယ်လိုလဲ..."

"ဘာဖြစ်လို့လဲဆိုတော့ တာအိုသီလရှင်အတွက် အချိန်သိပ်မယူရဘူး မဟုတ်လား..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် ရွှီယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူမက အေးစက်တင်းမာစွာ ပြောဆိုသည်။

"နင် အဲ့ဒီလိုပြောတာ ဘာအဓိပ္ပာယ်လဲ... လက်ဖက်ရည်တာအိုလမ်းစဉ်က တာအိုညှို့ဓာတ် ပါဝင်တဲ့ လက်ဖက်ရည်ကို ကိုယ်လိုချင်တဲ့အချိန်တိုင်း ဖျော်လို့ရလောက်အောင် တကယ်ပဲ အဲ့ဒီလောက် လွယ်ကူတယ်လို့ မင်း ထင်နေတာလား..."

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ဒီအဖိုးကြီးက အဲ့ဒီလို လုံးဝ မတွေးခဲ့ပါဘူး..."

ဖုန်းဝူယင်က ချက်ချင်း သူ့ကိုယ်သူ ခုခံကာကွယ်လိုက်သည်။

"ဟမ့်..."

ရွှီယွီက အေးစက်စက် နှာမှုတ်လိုက်ပြီးနောက် ပြောဆိုလိုက်၏။

"အိုးနှစ်ဆယ်ပဲ... မဟုတ်ရင် ငါ အခုချက်ချင်း ထွက်သွားမယ်..."

သို့ရာတွင် သူမ၏အသံ အဆုံးသတ်သွားချိန်မှာပင်....

စူးချန်ကဲကို လက်ခံတွေ့ဆုံခဲ့သော အစေခံအမျိုးသမီးသည် ရိုးရှင်းပုံရသော ကျောက်စိမ်းဖြူ ကြွေပုလင်းလေးကိုကိုင်ကာ အတွင်းခန်းထဲသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။ သူမက ခေါင်းငုံ့ပြီး ဌာနခွဲဥက္ကဋ္ဌ ဖုန်းဝူယင်၏ နားထဲသို့ တီးတိုးပြောဆိုလိုက်ကာ သူမ၏အမူအရာတွင် တင်းမာမှုများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

"ဟင်... "

ဖုန်းဝူယင်သည် ရွှီယွီနှင့် စကားပြောဆိုနေခြင်း ဖြစ်လေ၏။ ဤအရာကို ကြားသောအခါ သူမျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး အစေခံအမျိုးသမီး ကမ်းပေးသော ကြွေပုလင်းကို အနည်းငယ် ဝန်လေးစွာဖြင့် ယူလိုက်သည်။

တန်ဖိုးမသေချာသော ကိစ္စများဖြင့် သူ့ကို အနှောင့်အယှက်ပေးရန် မလိုကြောင်း အစေခံအမျိုးသမီးကို သူ မူလက ဆူပူချင်ခဲ့သော်လည်း ကြွေပုလင်းသည် သူ၏လက်ထဲတွင် နွေးထွေးချောမွေ့နေပြီး သူ၏စိတ်ကို အလိုအလျောက် ငြိမ်သက်သွားစေခဲ့လေ၏။

သူ ပုလင်းအဖုံးကို မဖွင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင်...

အလွန်အမင်း သန့်စင်သော တာအိုစည်းချက်ပါဝင်သည့် လက်ဖက်ရည်ရနံ့နှင့်အတူ ဖော်ပြ၍မရနိုင်သော မဟာတာအို၏အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။

လက်ဖက်ရည်ရနံ့ ပျံ့နှံ့သွားပြီးနောက် ထိုအရာမှာ လွင့်မျောနေခြင်းသက်သက် မဟုတ်တော့ချေ။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ထိုအရာသည် စုစည်းသွားကာ ပုလင်းဝအထက်တွင် မှေးမှိန်ပြီး အဆက်မပြတ် လှည့်ပတ်နေသော စိတ်ဝိညာဉ်ချီ အလင်းစက်ဝန်း တစ်ခုကို ဖန်တီးလိုက်၏။ ထိုအလင်းစက်ဝန်း အတွင်း၌ အင်မော်တယ်ရှုခင်းများ၏ သေးငယ်သော သဘာဝလွန်ဖြစ်စဉ်များက ဝိုးတဝါး လင်းလက်နေသည်။

"ဒါက..."

ရွှီယွီ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမ၏ရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေလေ၏။

"တာအိုစည်းချက်က ပုံဖော်နေတယ်... လက်ဖက်ရည်ရနံ့က စိတ်ဝိညာဉ်စွမ်းအားကို စုဆောင်းနေတယ်... ဒါ... ဒါက လက်ဖက်ရည်တာအိုရဲ့ ကြီးမားတဲ့ အောင်မြင်မှု နယ်ပယ်မဟုတ်လား..."

ဖုန်းဝူယင်က အံ့အားသင့်စွာဖြင့် ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများမှာ ကြေးနီခေါင်းလောင်းများအလား ပြူးကျယ်နေသည်။

အနီးအနားရှိ အစေခံအမျိုးသမီးသည်လည်း ဤမြင်ကွင်းကြောင့် ကြောင်အမ်းသွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူမသည် ပစ္စည်းကို ဥက္ကဋ္ဌထံသို့ ယူဆောင်လာရန် နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲ၌ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ထိုသို့မဟုတ်ပါက သူမသည် တကယ့်ကို ကြီးလေးသော အမှားတစ်ခုအား ကျူးလွန်မိပေလိမ့်မည်။

"လက်ဖက်ရည်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုနယ်ပယ်ကို ရရှိထားတဲ့ သူ... ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ... အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေမှာ လက်ဖက်ရည်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုနယ်ပယ်ကို ရရှိထားတဲ့ သူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ..."

ရွှီယွီက စကားမပြောနိုင်တော့ဘဲ ရေရွတ်လိုက်ပြီး သူမ၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေလေ၏။ သူမ၏ ယခင် တည်ငြိမ်မှုနှင့် ချုပ်တည်းထားမှုများ လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။

နောက်တစ်စက္ကန့်တွင် ရွှီယွီက အစေခံအမျိုးသမီးကို ချက်ချင်း စိုက်ကြည့်လိုက်ပြီး ဖုန်းဝူယင်ထက်ပင် ပို၍စိတ်လှုပ်ရှားစွာ မေးလိုက်၏။

"ဒီလက်ဖက်ရည်ကို မင်း ဘယ်ကရတာလဲ... ဒါကို ဖျော်တဲ့ ဆရာကြီးက ဘယ်သူလဲဆိုတာ မင်း သိလား..."

လက်ဖက်ရည်တာအိုတွင် နှစ်ပေါင်းရာနှင့်ချီ၍ နှစ်မြှုပ်ထားခဲ့သော မဟာဆရာသခင်တစ်ဦးအနေဖြင့် ဤလက်ဖက်ရည်ရနံ့အတွင်း ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့် နက်ရှိုင်းမှုကို ဖုန်းဝူယင်ထက်ပင် သူမ ပို၍ခံစားနိုင်သည်။

ဤလက်ဖက်ရည်အတွင်း၌ "တာအို" နှင့် လုံးဝနီးပါး တူညီသော တာအိုအရင်းအမြစ် အရှိန်အဝါတစ်ခု ပါဝင်နေပြီး ထိုအရာမှာ ရိုးရှင်းမှုသို့ ပြန်လည်ရောက်ရှိခြင်းပင်။ ဤသည်မှာ လက်ဖက်ရည်တာအိုတွင် ကြီးမားသော အောင်မြင်မှုနယ်ပယ်ကို ရရှိထားသည့် ဆရာကြီးတစ်ဦးက ဉာဏ်အလင်းပွင့်ချိန်အတွင်း ဖျော်စပ်ထားသော တာအို လက်ဖက်ရည်ပင်။

သူမ၏အကြည့်က ဖုန်းဝူယင်၏လက်ထဲရှိ ကြွေပုလင်းပေါ်တွင် စူးစိုက်နေပြီး ထိုအရာမှာ သူမ၏ ဘဝတစ်သက်တာ ယုံကြည်မှုများကို မှောက်လှန်ပစ်မည့် နတ်ဆိုးပစ္စည်းတစ်ခု အလား ဖြစ်နေသည်။ သူမသည် နှစ်ပေါင်းများစွာကြာအောင် လက်ဖက်ရည်တာအိုကို လိုက်စားခဲ့ပြီး အသေးစား အောင်မြင်မှု နယ်ပယ်တွင် အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့သော်လည်း သူမအား လမ်းညွှန်ပေးမည့် ဆရာကြီးတစ်ဦးကို တစ်ခါမျှ ရှာမတွေ့ခဲ့ချေ။ သူမပါဝင်သော အင်အားစုတွင်ပင် လက်ဖက်ရည်တာအို၌ ကြီးမားသော အောင်မြင်မှုကို ရရှိထားသူဟူ၍ မည်သူမျှ မရှိချေ။

သူမသည် လက်ဖက်ရည်တာအို၏ ပုန်းကွယ်နေသော ကျွမ်းကျင်သူ တစ်ဦးကို ရှာဖွေရန်အတွက်သာ ယွမ်ယန်နယ်မြေတစ်ခုလုံးကို တစ်ချိန်က ခရီးလှည့်လည်သွားလာခဲ့ဖူးလေ၏။

ယခုချိန်၌ ကျွမ်းကျင်သူက သူမ၏ရှေ့တွင် ရှိနေပြီဖြစ်ရာ သူမ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း...

အခန်း ၃၆ :ဘာလာကြည့်တာလဲ... ငါက ဒီမှာ ရှိနေတာပဲလေ...

ဤဆရာကြီးနှင့် သူမ ခြေတစ်လှမ်းသာ ကွာဝေးသော်လည်း မမျှော်လင့်ထားသောအရာ တစ်စုံတစ်ရာ မဖြစ်ပေါ်ပါက ဤခြေလှမ်းသည် သူမ၏ ဘဝတစ်သက်တာတွင် မည်သည့်အခါမျှ မကူးဖြတ်နိုင်မည့် ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

"ဒါက..."

အစေခံအမျိုးသမီးသည် ရွှီယွီကြောင့် ထိတ်လန့်သွားခဲ့သော်လည်း ပြန်ဖြေမည့်အစား သူမ၏ အကြည့်ကို ဖုန်းဝူယင်ဆီသို့ လှည့်လိုက်လေ၏။

သူ၏ နှလုံးသားထဲရှိ အံ့အားသင့်မှုကို ဖိနှိပ်ပြီးနောက် ဖုန်းဝူယင်က အစေခံအမျိုးသမီးကို ကြည့်ကာ ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။

"ကိစ္စမရှိပါဘူး... ပြောလိုက်ပါ..."

"ဒါက ဒုတိယထပ်က ရွှမ်အဆင့် သီးသန့်အခန်းထဲက လူငယ်ဧည့်သည်တော် ကျန်းနီမာရှဲ့ချီဆီကပါ..."

အစေခံအမျိုးသမီးက ကမန်းကတန်း ပြန်ဖြေလိုက်၏။

"ဟင်..."

ဖုန်းဝူယင်က ဤနာမည်ကို ကြားသောအခါ တခဏမျှ ကြောင်အမ်းသွားပြီးနောက် ပြောလိုက်သည်။

"ဒီနာမည်က... နည်းနည်းတော့ သမားရိုးကျ မဆန်ဘူးနော်..."

သူ၏နံဘေးတွင် ရွှီယွီကလည်း မျက်မှောင်ကြုတ်လိုက်ပြီး ဤသည်မှာ တစ်ဖက်လူ၏ နာမည်ရင်း မဟုတ်ကြောင်း သိသွားလေ၏။

"ဂုဏ်သရေရှိ ဧည့်သည်တော် ကျန်းနီမာရှဲ့ချီက ဒီပစ္စည်းရဲ့ တန်ဖိုးကို မေးမြန်းဖို့ပဲ ကျွန်မကို ပြောခဲ့တာပါ... သူက ဒါကို လဲလှယ်ပြီး ရောင်းမထွက်တဲ့ မြေပုံအပိုင်းအစ အပါအဝင် ကျွန်မတို့ ဌာနခွဲမှာရှိတဲ့ မြေကမ္ဘာအဆင့် ဒါမှမဟုတ် အဲ့ဒီအထက် ဝင်္ကပါ အားလုံးကို ငှားပြီး ဖတ်ချင်တာပါ... ပြီးတော့ သူက ဒီပစ္စည်းမျိုး ကျွန်မတို့ လိုချင်သလောက် သူ့ဆီမှာ ရှိတယ်လို့လည်း ပြောခဲ့ပါတယ်..."

အစေခံအမျိုးသမီးက တခဏမျှ စဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။

"ငါတို့ လိုချင်သလောက်တဲ့လား..."

ဖုန်းဝူယင်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ အသက်ရှူမှားသွားကာ သူ၏လက်များ အနည်းငယ် တုန်ရီနေသည်။

လက်ဖက်ရည်တာအို ကျင့်ကြံသူများပင်လျှင် လက်ဖက်ရည်ဖျော်ရန် အာရုံစိုက်သည့်အချိန်၌ သူတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကို အသုံးပြုရသည်။ ရွှီယွီ ပြောခဲ့သည်မှာ အမှန်တကယ်ကို မှန်ကန်လေ၏။ ထိုအရာက ရိုးရှင်းခြင်းမရှိချေ။

သို့ရာတွင် ယခုအချိန်၌ လက်ဖက်ရည်တာအိုတွင် ကြီးမားသော အောင်မြင်မှုကို ရရှိထားပုံရသူတစ်ဦးက ရုတ်တရက် ထွက်ပေါ်လာပြီး သူ လိုချင်သလောက် ရှိသည်ဟု ပြောဆိုနေသလော....

အကယ်၍ ထိုအရာသာ အမှန်ဖြစ်ပါက ထိုအရာက မယုံနိုင်စရာကောင်းသည် မဟုတ်လော...

သို့ရာတွင် ဖုန်းဝူယင်က အချက်တစ်ချက်ကိုလည်း အတည်ပြုလိုက်၏။ ထိုလူသည် ဤလက်ဖက်ရည်၏ ဖန်တီးရှင် ဖြစ်နိုင်ခြေ အလွန်များပေသည်။ ထိုသို့မဟုတ်ပါက မည်သူက ဤကဲ့သို့ စကားများကို ပြောဆိုဝံ့မည်နည်း။

လူငယ်တစ်ယောက် ဖြစ်ခြင်းနှင့် ပတ်သက်၍မူ သူ လုံးဝ ဂရုမစိုက်ခဲ့ချေ။ မည်သူမဆို အသွင်အပြင်ကို ပြောင်းလဲနိုင်သည်။

သို့ရာတွင် ရွှီယွီက "လူငယ်" ဟု ကြားပြီးနောက် လှေကားထောင့်တွင် တွေ့မြင်ခဲ့သော အစိမ်းရောင်ဝတ်စုံဝတ်ပုံရိပ်က သူမ၏စိတ်ထဲတွင် ချက်ချင်းဖြတ်ပြေးသွားခဲ့၏။ ဤအစေခံအမျိုးသမီးသည် ယခုလေးတင် သူ့အတွက် လမ်းပြပေးခဲ့သူ ဖြစ်ကြောင်း သူမ ရုတ်တရက် အမှတ်ရသွားခဲ့သည်။

သူလား...

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ဘယ်လိုလုပ်ပြီး စူးချန်ကဲ ဖြစ်နိုင်မှာလဲ...

မဟုတ်ဘူး... အဲ့ဒါ သူ ဘယ်လိုမှ မဖြစ်နိုင်ဘူး... လက်ဖက်ရည်က သူ့လက်ထဲမှာ ရှိနေတာပဲ ဖြစ်နိုင်တယ်... ဒါကို သူ့ရဲ့နောက်က ဆရာကြီးက ဖျော်စပ်ထားတာများလား...

ထိုက်ချင်ဂိုဏ်း... ဘယ်သူ ဖြစ်နိုင်မလဲ...

လီချင်းဖုန်းလား...

ဒါလည်း မဖြစ်နိုင်ဘူး... သူက စစ်တုရင်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိထားတယ်လို့ ပြောရင်တော့ ဖြစ်နိုင်ခြေ ရှိနိုင်ပေမဲ့ လက်ဖက်ရည်တာအိုအတွက်ကတော့... ဒါက အရမ်း ဝေးကွာလွန်းတယ်...

"ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ဒီဆရာကြီးကို ငါ သေချာပေါက် တွေ့ရမယ်..."

ရွှီယွီက ချက်ချင်းဆုံးဖြတ်ချက်ချလိုက်ပြီးနောက် မတ်တတ်ရပ်ကာ အစေခံအမျိုးသမီးကို ကြည့်ပြီး ပြောဆိုလိုက်၏။

"အဲ့ဒီ ကောင်လေးကို တွေ့ဖို့ ဒီတာအိုသီလရှင်ကို လမ်းပြပေးပါ..."

"အဲ့ဒါက..."

အစေခံအမျိုးသမီးက ဖုန်းဝူယင်ကို အနည်းငယ် အခက်တွေ့စွာဖြင့် ထပ်မံကြည့်လိုက်သည်။

ဖုန်းဝူယင်ကလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောဆိုသည်။

"တာအိုသီလရှင်... ဒါက စည်းမျဉ်းတွေနဲ့ နည်းနည်းတော့ ဆန့်ကျင်နေနိုင်တယ်..."

ယွမ်ယန် ကုန်သည်ကြီးများအသင်းသည် သူတို့၏ ခိုင်မာသော နောက်ခံကြောင့်သာမက မည်သည့် နယ်ပယ်တွင်မဆို စည်းမျဥ်းကို အလွန် လေးစားလိုက်နာသောကြောင့် ဤမျှထိ ကြီးမားစွာ ကြီးထွားလာနိုင်ခြင်း ဖြစ်သည်။

"ငါက ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဖြစ်သွားတာပါ... ဒါဆိုရင်ရော ဘယ်လိုလဲ... ဒီလက်ဖက်ရည်ကို ဖျော်တဲ့ ဆရာကြီးနဲ့ တွေ့ဖို့ နည်းလမ်းတစ်ခု စဉ်းစားပေးပါ... ငါ နင့်ကို အကြွေးတစ်ခု တင်သွားတယ်လို့ သဘောထားပေါ့..."

ရွှီယွီက မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးနောက် ဖုန်းဝူယင်ကို ပြောဆိုလိုက်၏။

ကောင်းပြီလေ...

ငါကလည်း ဒီစူးချန်ကဲနဲ့ ဘာအပြန်အလှန် ပတ်သက်မှုမှ မရှိချင်တာနဲ့ အတော်ပဲ... မသွားတာ အကောင်းဆုံးပဲ...

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖုန်းဝူယင်က ရွှီယွီကို တစ်ချက်ကြည့်လိုက်သော်လည်း နောက်ထပ် ဘာစကားမျှ ထပ်မပြောတော့ချေ။ ရွှီယွီ၏အကြွေးမှာ ဤယွမ်ယန်နယ်မြေတွင် အလွန်တန်ဖိုးရှိနေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ သစ်ပင်ကြီးတစ်ပင်အောက်တွင် အရိပ်ခိုရသည်မှာ ပို၍လွယ်ကူပေ၏။

ဤရွှီယွီသည် ယောင်ထိုက်အင်မော်တယ်နန်းတော်ကဲ့သို့ ဖုံးကွယ်ထားသော ထူးကဲသည့် အင်အားစုတစ်ခုမှ လာခြင်းဖြစ်ကြောင်း အတွင်းသတင်းတချို့ကို သူ တစ်ယောက်တည်းသာ သိရှိထားသည်။ ထိုအင်အားစု၏ အမွေအနှစ်မှာ ရှေးဟောင်းခေတ်မှ စတင်ခဲ့ပြီး အလွန် ရှေးကျသည်။ ထိုအင်အားစု၏တပည့်များမှာ ကမ္ဘာကြီးတွင် ရှားရှားပါးပါးသာ ထွက်ပေါ်လာတတ်သည်။ သို့ရာတွင် သူတို့ ထွက်ပေါ်လာသည့်အချိန်တိုင်း သူတို့သည် ဂုဏ်ယူလေးစားဖွယ် ပညာရပ်တစ်ခု၏ ထိပ်တန်း မဟာဆရာသခင်တစ်ဦး ဖြစ်နေတတ်သည်။

ယောင်ထိုက်အင်မော်တယ်နန်းတော်သည် လက်ဖက်ရည်တာအို၊ ဂီတ၊ နှင့် စစ်တုရင် အနုပညာတို့ကဲ့သို့ ကျက်သရေရှိသည့်ပညာများကို ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်သည်ဟု ကောလာဟလများ ရှိလေ၏။

ချက်ချင်းပင် ဖုန်းဝူယင်က ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ပြောဆိုသည်။

"သွားကြရအောင်... အဲ့ဒီသခင်လေးနဲ့ တွေ့ဖို့ ဒီအဖိုးကြီးကို ခေါ်သွားပေးပါ..."

သိပ်မကြာခင်မှာပင်....

အစေခံအမျိုးသမီး၏ လမ်းညွှန်မှုအောက်တွင် ဖုန်းဝူယင်သည် ရွှမ်အဆင့်သီးသန့်ခန်း၏ တံခါးဝသို့ ရောက်ရှိလာပြီး အပြုံးနှင့် တွန်းဖွင့်လိုက်၏။

"ဟားဟားဟား... ဒါက သခင်လေး ကျန်းနီမာရှဲ့ချီ ဖြစ်ရမယ်... တကယ်ကို ခင်ဗျားရဲ့ ချောမောမှုက ပြိုင်ဘက်ကင်းတာပဲ..."

ဖုန်းဝူယင်သည် ထိုင်နေသော စူးချန်ကဲကို သေသေချာချာ အကဲခတ်ပြီးနောက် ထိတ်လန့်သွားခဲ့သည်။

ဒီအရိုးတည်ဆောက်ပုံ... သူက တကယ့်ကို လူငယ်လေး တစ်ယောက်ပဲ...

သူ့ရဲ့ နယ်ပယ်ကို ငါ ထွင်းဖောက်မမြင်ရဘူးလား...

အဲ့ဒါကို ရတနာတစ်ခုက ဖုံးကွယ်ထားတာလား...

ရောက်လာသူမှာ ဝဝဖိုင့်ဖိုင့်နှင့် ချမ်းသာပုံရသော လူတစ်ဦးဖြစ်သည်ကို မြင်သောအခါ စူးချန်ကဲက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူ ပြန်မဖြေဘဲ သူ၏နံဘေးရှိ အစေခံအမျိုးသမီးကိုသာ ကြည့်လိုက်သည်။

ဖုန်းဝူယင်က ချက်ချင်းနားလည်သွားပြီး အပြုံးနှင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။

"ဒီအဖိုးကြီးက ဒီလျိုယွမ်ဌာနခွဲရဲ့ ဥက္ကဋ္ဌဖုန်းဝူယင်ပါ... သခင်လေးက ဝင်္ကပါပုံစံအားလုံးကို ငှားပြီးဖတ်ချင်တယ်လို့ ငါ ကြားတယ်... ဒီကိစ္စက အရမ်းအရေးကြီးတာကြောင့် ရှောင်လွီက ဆုံးဖြတ်ချက် မချနိုင်လို့ ဖိတ်ကြားမခံရဘဲ ငါ ရောက်လာတာပါ... အနှောင့်အယှက် ဖြစ်သွားရင် နားလည်ပေးဖို့ မျှော်လင့်ပါတယ်..."

စကားပြောဆိုနေရင်း သူက စူးချန်ကဲ၏ မျက်နှာချင်းဆိုင်တွင် အားနာမနေဘဲ ဝင်ထိုင်လိုက်လေ၏။

"ငါ့ရဲ့ ပစ္စည်းက ဘယ်လောက်တန်လဲဆိုတာကိုပဲ ငါ ပိုစိတ်ဝင်စားတယ်..."

စူးချန်ကဲက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဟား ဟား ဟာ... သခင်လေးကျန်းနီမာရှဲ့ချီက တကယ့်ကို ပွင့်လင်းတဲ့ သူတစ်ယောက်ပဲ... ဒီလက်ဖက်ရည်ရဲ့ တန်ဖိုးကတော့ သဘာဝကျကျပဲ ပြောနေစရာတောင် မလိုပါဘူး... အဲ့ဒီထဲမှာ တာအိုအရင်းအမြစ် ပါဝင်နေပြီးတော့ လက်ဖက်ရည်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုနယ်ပယ်ကို ရောက်ရှိထားတဲ့ သူတစ်ယောက်က ဖျော်စပ်ထားတာလေ... တကယ်လို့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ တိုင်းတာမယ်ဆိုရင် ဒီတစ်ပုလင်းတည်းကတင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် တန်ပါတယ်... အဲ့ဒါတောင် ဝယ်လိုအားရှိပေမဲ့ ရောင်းလိုအား မရှိတဲ့ ဈေးနှုန်းမှာပဲ ရှိသေးတာပါ..."

ဖုန်းဝူယင်က ရယ်မောလိုက်၏။ အမှန်တကယ်တော့ သူက သတိထား၍ ပြောဆိုနေခြင်းဖြစ်သည်။ အကယ်၍ ဤလက်ဖက်ရည်သာ ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုကို ဆက်သွယ်ရန် လိုအပ်နေသော နတ်ဘုရားမီးတောက်နယ်ပယ်ရှိ မဟာကျွမ်းကျင်သူများ၏ လက်ထဲသို့ ရောက်ရှိသွားပါက ထိုအရာ၏ တန်ဖိုးမှာ ပို၍သာ မြင့်မားသွားမည်ဖြစ်ပြီး လျော့ကျသွားမည် မဟုတ်ချေ။

"အော်..."

စူးချန်ကဲက တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။ အပေါ်ယံအားဖြင့် သူ တည်ငြိမ်နေပုံရသော်လည်း သူ၏နှလုံးသားထဲ၌ အနည်းငယ် အံ့အားသင့်နေမိသည်။

သောက်ကျိုးနည်း...

အဲ့ဒီလောက်တောင် တန်တာလား...

ထို့နောက် စူးချန်ကဲက ထပ်မံ မေးလိုက်၏။

"အဲ့ဒါက မင်းတို့ ကုန်သည်ကြီးများအသင်းမှာရှိတဲ့ မြေကမ္ဘာအဆင့်နဲ့ အထက် ဝင်္ကပါပုံစံ အားလုံးကို လဲလှယ်ဖို့ လုံလောက်လား... ငါက ငှားရုံပဲ... မဝယ်ဘူး..."

"ရှောင်လွီဆီက အကုန်လုံးကို ငါ ကြားပြီးပါပြီ... သခင်လေးက တကယ့်ကို ငှားရုံပဲ ငှားချင်တာလား..."

ဖုန်းဝူယင်က စူးချန်ကဲကို တွန့်ဆုတ်မှု အရိပ်အယောင်တစ်ခုဖြင့် ကြည့်လိုက်၏။ တွေးတောပြီးနောက် သူက သတိပေးလိုက်သေးသည်။

"တကယ်လို့ ငှားမယ်ဆိုရင် အချိန်စေ့တာနဲ့ သခင်လေးက နားလည်သဘောပေါက်မှု ရရှိတာပဲဖြစ်ဖြစ် မရရှိတာပဲဖြစ်ဖြစ် ဒီဝင်္ကပါပုံစံတွေကို ငါတို့က ပြန်ယူမှာပါ... ပြီးတော့ ငှားရမ်းခကလည်း မနည်းပါဘူး..."

အမှန်အားဖြင့် သူ့အတွက်ဆိုလျှင် စူးချန်ကဲ ငှားပါက သူ ပို၍အမြတ်ရပေမည်။ မည်သို့ပင်ဆိုစေ ငှားရမ်းခကို ကောက်ယူပြီး ပစ္စည်းများမှာ ကျန်ရှိနေသေးသည် မဟုတ်လော။ သို့ရာတွင် ဤလုငယ်၏နောက်၌ လက်ဖက်ရည်တာအို ကျွမ်းကျင်သူတစ်ဦး ရှိနေကြောင်းကို စဉ်းစားကာ ဤရိုးသားမှုမရှိသော ငွေများကို သူ မရှာလိုသေးသဖြင့် သတိပေးရန် စကားပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ငါ သိတယ်..." စူးချန်ကဲက ခိုင်မာသော လေသံဖြင့် ပြောဆိုလိုက်၏။

စူးချန်ကဲ၏ သဘောထားမှာ အလွန်ပြတ်သားနေသည်ကို မြင်သောအခါ ဖုန်းဝူယင်က တွန့်ဆုတ်မနေတော့ဘဲ ပြောလိုက်သည်။

"တကယ်လို့ သခင်လေးက မြေကမ္ဘာအဆင့် အထက်က ဝင်္ကပါ အားလုံးကို ငှားမယ်ဆိုရင် ဒီတစ်ပုလင်းတည်းနဲ့တော့ သေချာပေါက် မလုံလောက်ပါဘူး... သခင်လေးက ဒီလက်ဖက်ရည်မျိုး ငါတို့ လိုချင်သလောက် ရှိတယ်လို့ ရှောင်လွီကို အရင်က ပြောခဲ့တယ်... အဲ့ဒါ တကယ်လား..."

သူ စကားပြောဆိုနေစဉ် ဖုန်းဝူယင်က စူးချန်ကဲကို မျှော်လင့်တကြီး ကြည့်နေလေ၏။

"သေချာပေါက် တကယ်ပေါ့..."

စူးချန်ကဲက ခေါင်းညိတ်ပြပြီးနောက် မေးလိုက်သည်။

"ဒါဆို ဘယ်လောက်ဆို လုံလောက်မလဲ... ကိန်းဂဏန်း တစ်ခု ပေးပါ... ဒါပေမဲ့ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့... မဟုတ်ရင် ဒီစီးပွားရေးက တစ်ခါပဲ လုပ်လို့ရလိမ့်မယ်..."

"ဟား ဟား... စိတ်ချပါ သခင်လေး... စီးပွားရေး လုပ်တဲ့နေရာမှာ ငါတို့ ယွမ်ယန် ကုန်သည်ကြီးများအသင်းထက် ပိုပြီးတရားမျှတတဲ့ နေရာဆိုတာ ဒီလောကကြီးပေါ်မှာ မရှိပါဘူး..."

ဖုန်းဝူယင်က စူးချန်ကဲ၏အဖြေကို အလွန် ကျေနပ်ပုံရပြီး အားပါးတရ ရယ်မောလိုက်၏။

ထို့နောက် သူက ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေသည့်အလား မျက်နှာအမူအရာ လုပ်ပြကာ ပြောဆိုလိုက်သည်။

"ဒါပေမဲ့... ဒီအဖိုးကြီးက အတွေးလွန်နေတာ ဒါမှမဟုတ် သခင်လေးကို မယုံကြည်တာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီအရောင်းအဝယ်က တော်တော်လေး ကြီးမားတယ်လေ... ဘာလို့ ငါတို့..."

"ပစ္စည်းတွေကို အရင် စစ်ဆေးဖို့ လိုလို့လား..."

စူးချန်ကဲက မျက်ခုံးပင့်ကာ ကြားဖြတပြောဆိုလိုက်၏။

ဖုန်းဝူယင်က ရယ်မောလိုက်သည်။

"ဟဲဟဲ... အဲ့ဒီလို မဟုတ်ပါဘူး... သခင်လေးက ဒီလက်ဖက်ရည်ကို ဖျော်တဲ့ ဆရာကြီးနဲ့ ဒီအဖိုးကြီးကို ပေးတွေ့ဖို့ပဲ လိုတာပါ... ငါတို့ဆီမှာ ဒီလောက် ယုံကြည်မှုလေးတော့ ရှိပါသေးတယ်..."

သူ စဉ်းစားကြည့်ရာ ထိုဆရာကြီးနှင့် တိုက်ရိုက် တွေ့ဆုံပြီးနောက် ရွှီယွီနှင့် မိတ်ဆက်ပေးခြင်းက ပို၍လုံခြုံမည်ဟု ခံစားရသဖြင့် သူ ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

သို့ရာတွင် စူးချန်ကဲ၏ စကားတစ်ခွန်းက ဖုန်းဝူယင်နှင့် သူ၏နံဘေးရှိ အစေခံအမျိုးသမီး ရှောင်လွီတို့ နှစ်ဦးလုံးကို လုံးဝဆွံ့အသွားစေခဲ့သည်။

"ဘယ်သူ့ကို သွားတွေ့မှာလဲ... ငါက ဒီမှာ ရှိနေတာပဲ မဟုတ်ဘူးလား..."

All Chapters