အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း ၃၇ :သူက လက်ဖက်ရည်တာအိုကို နည်းနည်းလေးတောင် အလေးမထားဘူးပဲ...
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်.....
အနီးအနားတွင် ရပ်နေသော ရှောင်လွီက စူးချန်ကဲကို အံ့အားသင့်စွာ စိုက်ကြည့်နေလေ၏။
"ဘာ... ဘာအဓိပ္ပာယ်လဲ..."
ကြီးမားသော အဖြစ်အပျက်များနှင့် အသားကျနေပြီဖြစ်သော ဖုန်းဝူယင်ပင်လျှင် စူးချန်ကဲ၏ စကားများကြောင့် အနည်းငယ် တွေဝေသွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
"ငါက ဒီမှာ ရှိနေတာပဲလို့ ပြောတာလား..."
သူက အခန်းထဲကို သေသေချာချာ ထပ်မံ ကြည့်ရှုလိုက်သော်လည်း တခြားမည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။
"ဒီဆရာကြီးက ပုန်းကွယ်နေပြီး ငါတောင် သူ့ကို အာရုံမခံနိုင်တာများလား..."
ချက်ချင်းပင် ဖုန်းဝူယင်က မျက်လုံးများကို မှေးလိုက်ပြီး နေရာအနှံ့ စတင် ရှာဖွေတော့သည်။ သူ့ရှေ့ရှိ လက်ဖက်ရည်ခွက်ကိုပင် ကောက်ကိုင်ကာ အတွင်းသို့ အကြိမ်အနည်းငယ် ချောင်းကြည့်လိုက်သေးသည်။
"..."
စူးချန်ကဲ၏ မျက်ခွံများ လှုပ်ရှားသွားပြီး သူ မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"ဥက္ကဋ္ဌဖုန်းက သေသေချာချာ မတွေးနိုင်တော့တာလား... လက်ဖက်ရည်ခွက်ထဲမှာ ဘယ်သူက ရှိနေမှာလဲ..."
ဤလူက မည်သို့ ဥက္ကဋ္ဌ ဖြစ်လာသနည်း...
သူ၏ နားလည်နိုင်စွမ်းက ထိုမျှလောက်ပင် ညံ့ဖျင်းနေသလော...
သူ ပြောသည်ကို ရှင်းရှင်းလင်းလင်း နားလည်သဘောမပေါက်သလော...
"အဟမ်း... အဟမ်း... အဟမ်း... ဟဲဟဲ... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."
ဖုန်းဝူယင်က လက်ဖက်ရည်ခွက်ကို အနေရခက်စွာ ပြန်ချပြီး ရယ်မောကာ လေးနက်စွာ ပြောလိုက်၏။
"သခင်လေးက မသိလို့ပါ... ထူးဆန်းတဲ့ စိတ်နေသဘောထားရှိတဲ့ ပုန်းကွယ်နေတဲ့ မဟာဆရာသခင်တချို့ တကယ် ရှိပါတယ်... ဒီအဖိုးကြီးက အများကြီး ကြုံဖူးပါတယ်... တချို့ဆိုရင် ထူးဆန်းတဲ့ သစ်ကိုင်းတွေအဖြစ် ပြောင်းပြီး ပျံသန်းရတာကိုတောင် သဘောကျသေးတာ..."
"ဒါ... ဒါက... ဒီအဖိုးကြီးက နည်းနည်းတော့ မသေချာသေးဘူး... သခင်လေး ဆိုလိုတာက လက်ဖက်ရည်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိထားတဲ့ ဆရာကြီးက ဒီနေရာမှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်လား..."
ဖုန်းဝူယင်က လေးနက်စွာ ထပ်မံ မေးလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် စူးချန်ကဲ ဖြစ်နေမည်ဟု သူ တကယ်ကို မတွေးဝံ့ခဲ့ချေ။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် လက်ဖက်ရည်တာအိုတွင် ကြီးမားသော အောင်မြင်မှုနယ်ပယ်ကို ရရှိထားသလော...
ထိုအရာက အနည်းငယ် လွန်ကဲလွန်းနေသည်...
စူးချန်ကဲက ကူကယ်ရာမဲ့စွာ လက်ဆန့်ထုတ်လိုက်ရာ လက်ဖက်ရွက်တစ်ရွက်က သူ၏ လက်ချောင်းထိပ်တွင် ထွက်ပေါ်လာခဲ့၏။ ထိုအရာမှာ ထိုက်ချင်လက်ဖက်ရည်ပွဲတွင် ပါဝင်ရန် သူ ယခုလေးတင် ဝယ်ယူခဲ့သော လက်ဖက်ရွက်ပင်။
နောက်တစ်စက္ကန့်တွင်....
သူ၏လှုပ်ရှားမှုများက တိမ်များနှင့် ရေများအလား ချောမွေ့နေသည်။ အခန်းတစ်ခုလုံးတွင် တာအိုစည်းချက်များဖြင့် ဖုံးလွှမ်းသွားပြီး စူးချန်ကဲ၏နံဘေးပတ်လည်တွင် အင်မော်တယ် နယ်ပယ် သဘာဝလွန်ဖြစ်စဉ်များ အဆက်မပြတ် တိုးတက်ပြောင်းလဲလာခဲ့သည်။
【လက်ဖက်ရည်တာအို ထိုးထွင်းသိမြင်မှု +1+1+1+...】
ဤအချိန်၌....
ဖုန်းဝူယင်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဖော်ပြ၍မရနိုင်သော အံ့အားသင့်မှုထဲသို့ ကျရောက်သွားကာ သူ၏နံဘေးရှိ ရှောင်လွီမှာမူ ကြောင်အမ်းအမ်းဖြင့် သူမ၏ ပါးစပ်ကို အုပ်ထားမိလေ၏။
အသက်နှစ်ဆယ်ရှိုက်စာခန့် ကြာမြင့်ပြီးနောက်...
စူးချန်ကဲက လက်ဖက်ရည်ကို ချလိုက်ပြီး ဖုန်းဝူယင်ကို မော့ကြည့်ကာ ပြောဆိုသည်။
"လုံလောက်ပြီလား..."
သူ ပင်ပန်းနေလေပြီ။ သူ အမှန်တကယ်ကို ရှင်းပြရသည်မှာ ပျင်းရိနေလေပြီ။
"ဟူး..."
ဖုန်းဝူယင်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏နှလုံးသားထဲရှိ အံ့အားသင့်မှုကို အတင်းအကျပ် ထိန်းချုပ်လိုက်၏။ စူးချန်ကဲကို သူ ထပ်မံ၍ ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုအပြင် ပြင်းပြသော ဆန္ဒတစ်ခုလည်း ပါဝင်နေသည်။
သူ၏စိတ်အတွင်းရှိ အံ့အားသင့်မှုကို စက္ကန့်အနည်းငယ်ယူ၍ တည်ငြိမ်အောင်ထားပြီးနောက် သူက အလျင်အမြန် ပြန်ဖြေလိုက်ပြီး သူ၏ အခေါ်အဝေါ်ကိုပင် ပြောင်းလဲလိုက်လေ၏။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... ဒီအဖိုးကြီးက မျက်ကန်းဖြစ်နေတာပါ... တာအိုရောင်းရင်းက ဒီနေ့ တကယ်ပဲ ငါ့ရဲ့မျက်လုံးတွေကို ပွင့်သွားစေခဲ့ပြီ..."
"ဝင်္ကပါပုံစံတွေကို ဘယ်တော့လောက် ယူလာပေးနိုင်မလဲ..."
စူးချန်ကဲက အချိန်မဆွဲတော့ဘဲ တိုက်ရိုက်မေးမြန်းလိုက်သည်။
"သုံးရက်ဆို ရမလား..."
ဖုန်းဝူယင်က အချိန်ကို ပြောပြီးနောက် စူးချန်ကဲထံမှ မည်သည့် တုံ့ပြန်မှုမျှ မတွေ့ရသဖြင့် သူ မျက်မှောင်ကြုတ်လိုက်ပြီး ပြင်ပြောလိုက်၏။
"မဟုတ်ဘူး... တစ်ရက်... ငါ့ကို တစ်ရက်ပဲ အချိန်ပေးပါ... ငါတို့ရဲ့ လျိုယွမ် ဌာနခွဲက နှစ်တွေတလျှောက် ရယူထားတဲ့ မြေကမ္ဘာအဆင့်နဲ့ အထက် ဝင်္ကပါပုံစံ အားလုံးကို ငါ စုဆောင်းပေးပါ့မယ်... တာအိုရောင်းရင်းအတွက် ဖေးရွှီမြို့နဲ့ တာဖုန်းမြို့က တခြားဌာနခွဲတွေက ဝင်္ကပါပုံစံတွေကိုပါ ယူလာပေးဖို့ ငါ စီစဉ်ပေးနိုင်ပါတယ်..."
ဤအရာကို ကြားသောအခါ စူးချန်ကဲ၏ မျက်လုံးများ တောက်ပသွားသည်။
တခြား ဌာနခွဲတွေက ဝင်္ကပါပုံစံတွေကိုပါ သူ စီစဉ်ပေးနိုင်တယ်ပေါ့...
"ဈေးနှုန်းကရော ဘယ်လိုလဲ..."
ဖုန်းဝူယင်က တခဏမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။
"တာအိုရောင်းရင်းကို ဝင်္ကပါပုံစံတွေအတွက် အနိမ့်ဆုံး ဈေးနှုန်းနဲ့ ငါ ပေးပါ့မယ်... တာအိုရောင်းရင်းရဲ့ လက်ဖက်ရည်အတွက်ကတော့... ငါ အဲ့ဒါကို လေလံတင်ပေးမယ်... ငါတို့ရဲ့ လျိုယွမ်ကုန်သည်ကြီးများအသင်းက ရသင့်ရထိုက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုပဲ ယူမယ်... ကျန်တာအကုန်လုံးက တာအိုရောင်းရင်း ပိုင်တာပဲ... ဘယ်လိုလဲ..."
ဖုန်းဝူယင်၏ စကားများကို ကြားသောအခါ အံ့အားသင့်လွန်းသဖြင့် စကားမပြောနိုင်ဖြစ်နေသော ရှောင်လွီမှာ လက်တွေ့ဘဝသို့ အတင်းအကျပ် သတိပြန်ဝင်လာပြီး သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေ၏။
ဤသည်မှာ အကျိုးအမြတ်မရှိဘဲ အစောကြီး မထတတ်သော သူမ သိသည့် ဥက္ကဋ္ဌ ဟုတ်သေးရဲ့လော...
"ဒါက အရင်က ငါတို့ ဆွေးနွေးထားတာမျိုး မဟုတ်ဘူးလေ..."
စူးချန်ကဲက ချက်ချင်းသဘောမတူဘဲ ဖုန်းဝူယင်ကို အပြုံးနှင့်ကြည့်ပြီး မေးလိုက်သည်။ အကယ်၍ သူသာ ကံကြမ္မာသားတော် မဟုတ်ပါက အခမဲ့နေ့လယ်စာ ဆိုသည်မှာ မရှိကြောင်း သူ အခိုင်အမာ ယုံကြည်ထားပေသည်။
သို့ရာတွင် အဓိကအချက်မှာ သူသည် ကံကြမ္မာသားတော် မဟုတ်ပေ။
ဖုန်းဝူယင်က စူးချန်ကဲ သံသယဝင်မည်ကို သဘာဝကျကျပင် သိရှိထားပြီး အမှန်အတိုင်း ပြောလိုက်၏။
"တာအိုရောင်းရင်း စိတ်ချပါ... တခြားတောင်းဆိုစရာ ဘာမှမရှိပါဘူး... ငါ ဒါကို လုပ်ရတဲ့ အကြောင်းအရင်းက ရိုးရှင်းပါတယ်... တာအိုရောင်းရင်းနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ... အနာဂတ်ကျရင် ငါတို့ စီးပွားရေး ဖြည်းဖြည်းချင်း လုပ်လို့ ရတာပဲလေ... အချိန်တွေ အများကြီး ကျန်ပါသေးတယ် မဟုတ်လား..."
ဖုန်းဝူယင်၏ ရှင်းပြချက်ကို ကြားသောအခါ စူးချန်ကဲက သိပ်မအံ့ဩခဲ့ချေ။ ထိုအရာမှာ စီးပွားရေးသမားများ အများအားဖြင့် သုံးလေ့ရှိသော နည်းဗျူဟာတစ်ခု ဖြစ်ပုံရသည်။
ချက်ချင်းပင် စူးချန်ကဲက မတ်တတ်ရပ်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ကိစ္စက ပြီးပြတ်သွားပြီဖြစ်ရာ ထုယိုယိုကို သူ သွားကြည့်ရပေမည်။
"ဒါဆို မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့... စားပွဲပေါ်က ပစ္စည်းတွေနဲ့ အရင်က ကြွေပုလင်းကို စရန်ငွေအဖြစ် ထားလိုက်ပါ... တကယ်လို့ ဒီပူးပေါင်းဆောင်ရွက်မှုကို ငါ ကျေနပ်ရင် နောက်တစ်ခါ မင်းဆီ ထပ်လာခဲ့မယ်... တစ်ရက်နေရင် ငါ ပြန်လာခဲ့မယ်..."
စူးချန်ကဲ ထွက်သွားတော့မည်ကို မြင်သောအခါ ဖုန်းဝူယင်က သူ့ကို ရိုသေလေးစားစွာ နှုတ်ဆက်ရန် ဟန်ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး အလျင်အမြန် ပြောဆိုလိုက်၏။
"တကယ်လို့ တာအိုရောင်းရင်းက မလောဘူးဆိုရင် ခဏလောက် နေပေးလို့ ရမလား... သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ကလည်း တာအိုရောင်းရင်းရဲ့ လက်ဖက်ရည်ကို ခုဏက ငါနဲ့အတူ မြင်ခဲ့ရပြီး အရမ်းကို လေးစားသွားတယ်... သူက တာအိုရောင်းရင်းနဲ့ တွေ့ချင်လို့ ဒီအဖိုးကြီးကို အကူအညီ တောင်းထားတယ်... ဒါကြောင့်..."
"ရွှီယွီလား..."
စူးချန်ကဲက မျက်ခုံးပင့်ကာ တိုက်ရိုက်ငြင်းဆိုလိုက်သည်။
"မတွေ့ဘူး..."
ထိုသို့ပြောဆိုပြီးနောက် စူးချန်ကဲက တံခါးကို တွန်းဖွင့်ကာ ထွက်သွားလေ၏။
"ဒါက..."
ဖုန်းဝူယင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ စူးချန်ကဲ၏ လေသံမှတစ်ဆင့် တစ်ဖက်လူသည် ရွှီယွီအပေါ် ကောင်းသောအမြင် မရှိကြောင်း သူ ရိပ်မိသွားပုံရသည်။
ဟဲဟဲ..
ထိုအရာက ပို၍ပင် ကောင်းသေးသည်။
သူလည်း ထိုမိန်းမကို ကြည့်မရဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဤအချိန်၌ အချိန်အတော်ကြာ အောင့်အည်းထားခဲ့ရသော ရှောင်လွီက နောက်ဆုံးတွင် စကားပြောလိုက်၏။
"ဥက္ကဋ္ဌ... ဘာလို့ ဒီနေ့ ဒီလောက်တောင် သဘောကောင်းနေရတာလဲ... တကယ်လို့ ဒါကို တွက်ကြည့်မယ်ဆိုရင် ငါတို့တောင် အရှုံးပေါ်အုံးမယ်..."
"ကောင်မလေး... မင်း ဘာသိလို့လဲ..."
ဖုန်းဝူယင်က ရှောင်လွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုသည်။
"အသက် နှစ်ဆယ်ကျော်လေးနဲ့ လက်ဖက်ရည်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုနယ်ပယ်ကို ရထားတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲဆိုတာ မင်း မသိလောက်ဘူး..."
"အသက်နှစ်ဆယ်မှာ လက်ဖက်ရည်တာအိုရဲ့ ကြီးမားတဲ့ အောင်မြင်မှုနယ်ပယ်ကို ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား..."
ရှောင်လွီက မျက်လုံးလှန်ကြည့်ကာ ပြန်ဖြေလိုက်၏။
"အဓိပ္ပာယ်မရှိတာ..."
ဖုန်းဝူယင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီးနောက် သူက လေးနက်သော အမူအရာကို ပြသကာ ပြောဆိုလိုက်သည်။
"အသက်နှစ်ဆယ်ကျော်လေးနဲ့ လက်ဖက်ရည်တာအိုမှာ ကြီးမားတဲ့ အောင်မြင်မှုနယ်ပယ်ကို ရတယ်ဆိုတာ ဒီတာအိုမှာရှိတဲ့ သူ့ရဲ့ ပါရမီက ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်အဖြစ် ဖော်ပြလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ... အနာဂတ်မှာ သူ့ရဲ့ အောင်မြင်မှုတွေက ဘယ်လောက်အထိ မြင့်မားမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး... ငါတို့ရဲ့ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကနေ လက်ဖက်ရည် သူတော်စင် တစ်ယောက် ပေါ်ထွက်လာနိုင်တယ်... အဲ့ဒီအချိန်ကျရင် သူဖျော်တဲ့ လက်ဖက်ရည်ကို မြင့်မြတ်တဲ့ ပစ္စည်းတစ်ခုလို့ ခေါ်တာက ချဲ့ကားပြောရာ ကျမှာ မဟုတ်ဘူး..."
ဤအရာကို ကြားသောအခါ ရှောင်လွီ တွေးတောလိုက်၏။ သူမသည် တုံးအခြင်းမရှိသဖြင့် ဖုန်းဝူယင်သည် တစ်ဖက်လူနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားနေကြောင်းကို သေချာပေါက် ခန့်မှန်းမိသည်။ သို့ရာတွင် အနာဂတ် လက်ဖက်ရည် သူတော်စင် ဖြစ်လာနိုင်သူတစ်ဦးအပေါ် လောင်းကြေးထပ်ပြီး ချက်ချင်းရမည့် အမြတ်အစွန်းများကို စွန့်လွှတ်ရန် ထိုက်တန်ပါသလော...
မည်သို့ပင် ကြည့်စေကာမူ ထိုအရာက အနည်းငယ် အကျိုးအမြတ် မရှိသကဲ့သို့ ထင်ရသည်။
"သေချာတာပေါ့... ငါ့ကို တကယ်ကြီး ဆုံးဖြတ်ချက်ချစေခဲ့တာက သူ ငါ့ကို ပေးခဲ့တဲ့ ခံစားချက် တစ်ခုကြောင့်ပဲ..."
ဖုန်းဝူယင်က ပြန်လည်အမှတ်ရနေသည့် အရိပ်အယောင်ဖြင့် ပြောဆိုသည်။
"ခံစားချက်လား... ယောကျာ်းတစ်ယောက်က နောက်ထပ် ယောကျာ်းတစ်ယောက်အပေါ် ဘယ်လို ခံစားချက်မျိုး ရှိနိုင်မှာလဲ..."
ရှောင်လွီက တွေးတောလိုက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရကာ ဖုန်းဝူယင်ကို အံ့အားသင့်စွာကြည့်ပြီး ပြောဆိုလိုက်သည်။
"ဥက္ကဋ္ဌ... ဥက္ကဋ္ဌကများ..."
ဖုန်းဝူယင်က ရှောင်လွီကို စူးရဲစွာ ကြည့်ကာ ပြောဆိုလိုက်၏။
"မင်းက တစ်နေ့လုံး ဘာတွေ တွေးနေတာလဲ ကောင်မလေး... သတိထားနော်... မင်းရဲ့ ဆရာကို ငါ ပြောလိုက်မယ်..."
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ပါဘူး... ဥက္ကဋ္ဌ..."
ရှောင်လွီ၏မျက်နှာ ဖြူရော်သွားသည်။ 'ဆရာ' ဟူသော စကားလုံးကို ကြားလိုက်ရခြင်းက သူမကို အခြားလူတစ်ယောက်အလား သိသာထင်ရှားစွာ ဖြစ်သွားစေခဲ့သည်။
ဖုန်းဝူယင်က သူမကို လျစ်လျူရှုလိုက်ပြီး အတွေးနက်နေသော အမူအရာဖြင့် ရေရွတ်လိုက်၏။
"ဒါက ငါ့ရဲ့ စိတ်ကူးယဉ်မှုများလား..."
"လက်ဖက်ရည်တာအိုမှာ ရှိတဲ့ သူ့ရဲ့ အောင်မြင်မှုတွေကို သူ သိပ်ဂရုစိုက်ပုံ မရဘူးလို့ ငါ ဘာလို့ ခံစားနေရတာလဲ... သူ့ဆီမှာ အဲ့ဒီ လက်ဖက်ရည်တာအို ကျင့်ကြံသူတွေရဲ့ မောက်မာမှုနဲ့ လျစ်လျှူရှုတတ်မှုတွေ လုံးဝ မရှိဘူး... သူက လက်ဖက်ရည်တာအိုကို နည်းနည်းလေးတောင် အလေးမထားတဲ့ အတိုင်းပဲ..."
"ဒီအခြေအနေက သူက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားကို မသိတာ... ဒါမှမဟုတ် လက်ဖက်ရည်တာအိုက သူ့ရဲ့ နောက်ဆုံး ဝှက်ဖဲ မဟုတ်တာပဲ ဖြစ်ရမယ်..."
"တကယ်လို့ နောက်တစ်ခုသာ ဖြစ်ခဲ့ရင်တော့..."
ဤအရာကို တွေးမိချိန်တွင် ဖုန်းဝူယင်သည် ကြက်သီးထသွားခြင်းကို မထိန်းနိုင်ဘဲ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပေ၏။
အကယ်၍ ထိုအရာသာ အမှန်ဖြစ်ခဲ့ပါက ဤလူငယ်လေး၏ ပါရမီ အဆင့်မှာ သူ၏စိတ်ကူးယဥ်တွေးတောနိုင်မှုထက် ကျော်လွန်နေလေပြီ။
သူသည် အတိအကျ မည်သူ ဖြစ်သနည်း...
ဤသို့ ကြောက်မက်ဖွယ်ကောင်းသော လူငယ်လေးသည် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတွင် မည်သည့်အချိန်က ထွက်ပေါ်လာခဲ့သနည်း...
ဤအချိန်၌ ရှောင်လွီသည် သူမ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားမှ သတင်းအချို့ကို ရုတ်တရက် လက်ခံရရှိလိုက်ပြီး တစ်ခဏမျှ အံ့အားသင့်သွားကာ ဖုန်းဝူယင်၏ဘေးသို့ လျှောက်သွားပြီး တီးတိုးပြောဆိုလိုက်၏။ "ဥက္ကဋ္ဌ... အဲ့ဒီ ဂုဏ်သရေရှိ ဧည့်သည်တော်က ထိုက်ချင်ဂိုဏ်း နဝမတောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့် စူးချန်ကဲပါ..."
အခန်း ၃၈: ထိုက်ချင် လက်ဖက်ရည်ပွဲလား ဒါမှမဟုတ် ထိုက်ချင် ဝမ်းလျှောပွဲလား...
"ဟင်..."
ဖုန်းဝူယင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူ အမှန်တကယ် ဒေါသထွက်သွားခဲ့ပြီး အသံနက်ကြီးဖြင့် ပြောဆိုသည်။
"စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ဧည့်သည်တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို စုံစမ်းဖို့ မင်းကို ဘယ်သူက ခွင့်ပြုထားတာလဲ..."
ရှောင်လွီက ကမန်းကတန်း ရှင်းပြလိုက်သည်။
"ဒါက စုံစမ်းတာ မဟုတ်ပါဘူး... ဒီနေ့ သူက ဟွမ်မိသားစုရဲ့ သခင်လေးကို မသန်မစွမ်းဖြစ်အောင် လုပ်ခဲ့ပြီးတော့ ကုန်သည်ကြီးများအသင်းထဲကို ပေါ်ပေါ်ထင်ထင် ဝင်လာပြီး လျိုယွမ်မြို့တော်ဝန် ကျောက်ဝမ်ရှန်းနဲ့ စကားပြောရင်း ရယ်မောနေခဲ့တာလေ... ဘယ်သူမှ သူ့ကို လုံးဝမစုံစမ်းခဲ့ပါဘူး... သူ အပြင်ထွက်လာတာနဲ့ လူတော်တော်များများက သူ့ကို မှတ်မိသွားကြတာ..."
"ဒါက..."
ဖုန်းဝူယင် တစ်ခဏမျှ ဆွံ့အသွားခဲ့ပြီးနောက် တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဘာပဲဖြစ်ဖြစ် ငါတို့က စည်းမျဉ်းတွေအတိုင်းပဲ လုပ်ဆောင်ဖို့ လိုတယ်... ကောင်းပြီ... ငါ့ရဲ့ တံဆိပ်ပြားကို ယူပြီး ဖေးရွှီမြို့နဲ့ တာဖုန်းမြို့ကို ချက်ချင်းသွားပြီးတော့ အဆင့်နိမ့်အထက်က သူတို့ဆီမှာရှိတဲ့ ဝင်္ကပါပုံစံတွေအားလုံးကို ယူလာခဲ့... ဒီည အဲ့ဒါတွေ အကုန်လုံးကို ငါ မြင်ချင်တယ်..."
ရှောင်လွီက တံဆိပ်ပြားကို ယူကာ ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ရုတ်ချည်းဆိုသလိုပင် ဖုန်းဝူယင်သည် တတိယထပ်ရှိ သီးသန့်အခန်းဆီသို့ ပြန်သွားခဲ့လေ၏။
"ဒီလောက် မြန်တာလား..."
ရွှီယွီသည် ဖုန်းဝူယင် ပြန်လာသည်ကို မြင်သောအခါ သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူမက ချက်ချင်းမေးမြန်းလိုက်၏။
"ဘယ်လိုလဲ... အဲ့ဒီ ကောင်လေး... သူ သဘောတူလား..."
ဖုန်းဝူယင်က ဖြည်းညှင်းစွာ ခေါင်းယမ်းလိုက်သည်။
"ဟမ့်..."
ဤရလဒ်ကို အစောကြီးကတည်းက မျှော်လင့်ထားသည့်အလား အေးစက်စက် နှာမှုတ်သံတစ်ခုက ရွှီယွီ၏ နှာခေါင်းမှ ထွက်ပေါ်လာခဲ့၏။ သူမ၏ အင်္ကျီလက်အတွင်းမှ သူမ၏ ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော လက်ချောင်းများ အနည်းငယ် တင်းကြပ်သွားခဲ့သည်။
"ထူးဆန်းတဲ့ စိတ်နေသဘောထားရှိတဲ့ ဒီကောင်လေးက ဆက်ဆံရလွယ်တဲ့သူ မဟုတ်ဘူးဆိုတာနဲ့ ဒီလောက် စကားပြောရလွယ်မှာ မဟုတ်ဘူးဆိုတာကို ငါ မျှော်လင့်ထားပြီးသားပါ... သူ့ရဲ့ အကူအညီမပါဘဲ အဲ့ဒီဆရာကြီးရဲ့ အရိပ်အယောင်တွေကို ငါ ရှာမတွေ့နိုင်တော့ဘူးလို့ သူ တကယ်ကြီး ထင်နေတာလား..."
"ရယ်စရာပဲ..."
ဖုန်းဝူယင်က သူမ၏ မျက်ခုံးများကြားရှိ ဖုံးကွယ်မထားသော ရွံရှာမှုကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ့ထံ၌ သိချင်စိတ် ဖြစ်ပေါ်လာသဖြင့် သူ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"တာအိုသီလရှင်... ပွင့်ပွင့်လင်းလင်း ပြောရရင် ခွင့်လွှတ်ပေးပါ... ဒါက ဒီကောင်လေးနဲ့ မင်းရဲ့ ပထမဆုံး တွေ့ဆုံမှု ဖြစ်သင့်တယ်... သူက မင်းကို မစော်ကားခဲ့ပါဘူး... မင်းက ဘာလို့ သူ့အပေါ် ဒီလောက်တောင် ရန်လိုနေရတာလဲ..."
ရွှီယွီ၏ အကြည့်မှာ ရေခဲပါးပါးလေး တစ်လွှာ ဖုံးအုပ်ထားသည့်အလား အေးစက်နေလေ၏။ သူမက ပြောဆိုသည်။
"ဒီကောင်လေးက ရက်စက်ပြီး ပြတ်သားမှုတွေနဲ့ လှုပ်ရှားတယ်... အလျှော့ပေးဖို့ နေရာမချန်ထားဘူး... ဒါက ငါ စွဲကိုင်ထားတဲ့ တည်ငြိမ်မှု စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုမရှိတာနဲ့ အလယ်အလတ် လမ်းစဉ်ကို ထိန်းသိမ်းတဲ့ တာအိုနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ..."
"ငါတို့ရဲ့ တာအိုတွေက မတူညီတဲ့အတွက် ငါတို့ အတူတူ အလုပ်လုပ်လို့ မရဘူး... ငါ သူ့ကို ကြည့်မရတာက ဘာများ ဆန်းလို့လဲ..."
သို့ရာတွင် ထို့ထက်ပို၍ အရေးကြီးသော အကြောင်းအရင်းတစ်ခု ရှိနေသေးပြီး ထိုအရာမှာ ယဲ့ရွှမ်ကြောင့်ပင်။
'အိမ်ကို ချစ်ရင် ကျီးကန်းကိုပါ ချစ်တယ်' ဆိုတဲ့ စကားလိုပဲ ပြောင်းပြန်ပြောလျှင်လည်း မှန်ကန်ပေမည်။ ယဲ့ရွှမ် ကိုယ်စား ထိုလူကို သင်ခန်းစာပေးချင်တဲ့ ဆန္ဒကို သူမ ဖိနှိပ်ထားနိုင်ခဲ့ခြင်းကပင် ကြားနေမှုကို တင်းကျပ်စွာ ထိန်းသိမ်းထားပြီး အလွန်တရာ ချုပ်တည်းထားခြင်းအဖြစ် မှတ်ယူ၍ ရနေလေပြီ။
"ဒါဆိုရင် မင်း တွေ့ချင်တဲ့ လက်ဖက်ရည်တာအို ဆရာကြီးက သူ ဖြစ်နေနိုင်တယ်ဆိုတာကို မင်း စဉ်းစားဖူးလား..."
ဖုန်းဝူယင်က ဖြည်းညှင်းစွာ ပြောလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်များတွင် ဆော့ကစားနေပေ၏။ သူမ၏ တည်ငြိမ်မှု ပျောက်ဆုံးသွားချိန်တွင် ရွှီယွီ၏ အမူအရာကို မြင်တွေ့ရရန် သူ မျှော်လင့်နေလေပြီ။
သို့ရာတွင် သူ၏တွက်ချက်မှုသည် မှားယွင်းနေဆဲပင်။
ရွှီယွီက ဖုန်းဝူယင်ကို အေးစက်စက် တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။
"အဲ့ဒီ နောက်ပြောင်မှုက လုံးဝမရယ်ရဘူး... ကောင်းပြီလေ... အလုပ်ကိစ္စကို ပြန်သွားကြရအောင်... မင်း အရောင်းအဝယ် လုပ်မှာလား မလုပ်ဘူးလား..."
"တာအိုသီလရှင်... ဒီအရောင်းအဝယ်က လုပ်လို့ မရတော့ဘူး..."
ဖုန်းဝူယင်က ဟန်ဆောင်ပြီး ကူကယ်ရာမဲ့အမူအယာဖြင့် ပြောဆိုလိုက်၏။ ထိုမြေပုံအပိုင်းအစကို စူးချန်ကဲက ယူသွားပြီဖြစ်ရာ သူ ထပ်မံ၍ ထုတ်မပေးနိုင်တော့ချေ။ ကျန်သည့်အရာများနှင့် ပတ်သက်၍ ပြဿနာမရှိသော်လည်း ယခုအချိန်၌ အစပျိုးမှုမှာ သူ၏ လက်ထဲတွင် ရှိနေလေပြီ။
သဘာဝကျကျပင် သူက ဈေးနှုန်းကို ထပ်မံ၍ နှိမ့်ချလိုသည်။
"ဒီလိုဆိုမှတော့ ငါ ထပ်မနေတော့ဘူး..."
ရွှီယွီက စကားများ ပြောဆိုပြီး အချိန်မဖြုန်းခဲ့ချေ။ သူမက ရိုးရိုးရှင်းရှင်း မတ်တတ်ရပ်ကာ ထွက်ခွာသွားခဲ့ပြီး တစ်ဖက်လူ နောင်တရလိမ့်မည်ဟု သေချာနေသည့်အလား သူမ၏ မျက်နှာပေါ်တွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
ဖုန်းဝူယင်က သူမ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ သူ၏ မေးစေ့ကို ပွတ်သပ်ရင်း ပြောဆိုလိုက်၏။
"ဟဲဟဲ... ငါ အမှန်တရားကို ပြောတာတောင် မင်းက မယုံဘူးပဲ... ဒီအမျိုးသမီးက တကယ့်ကို ကယ်တင်လို့ မရတော့ဘူး..."
အခြားတစ်ဖက်၌....
ယွမ်ယန် ကုန်သည်ကြီးများအသင်းမှ ထွက်ခွာလာပြီးနောက် ရွှီယွီ၏အမြန်နှုန်းမှာ သူမ၏ပုံရိပ်ကို သာမန်မျက်စိဖြင့် ဖမ်းယူနိုင်ခြင်းမရှိတော့သည့် အခြေအနေထိ မြင့်တက်လာခဲ့သည်။
မကြာမီ သူမသည် သူမ တည်းခိုသောနေရာသို့ ရောက်ရှိလာခဲ့သည်။
ဤသည်မှာ ထိုက်ချင်လက်ဖက်ရည်ပွဲသို့ တက်ရောက်သူများ အပြန်အလှန် ဆက်သွယ်ရန်အတွက် သီးသန့်ဖြစ်သော စားသောက်ဆိုင် တစ်ဆိုင်ပင်။
သို့ရာတွင် သူမ တံခါးဝသို့ မဝင်ရသေးမီမှာပင် အတွင်းမှ ညည်းညူသံ အပြည့်အဝပါသော အသံများကို ကြားလိုက်ရလေ၏။
"အား... မြန်မြန် ပါလို့ မရဘူးလား... သောက်ကျိုးနည်း..."
"ငါ မခံနိုင်တော့ဘူး... ငါ ဆက်မအောင့်ထားနိုင်တော့ဘူး..."
"ကျစ်... ဘယ်သူက ငါ့ရဲ့ လက်ဖက်ရည်အိုးထဲမှာ ပါသွားတာလဲ..."
ရွှီယွီ ချက်ချင်းမျက်မှောင်ကြုတ်သွားပြီး အခန်းထဲသို့ ခြေချလိုက်သော်လည်း သူမ ဝင်သွားသည်နှင့် တပြိုင်နက် ဆိုးရွားလှသော အနံ့ဆိုးတစ်ခုကြောင့် နောက်ဆုတ်လိုက်ရသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
"နင်တို့ အားလုံး ဘာတွေ လုပ်နေကြတာလဲ..." ရွှီယွီက အဖိုးအိုတစ်ဦးကို ဖမ်းဆွဲကာ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
အဖိုးအို၏မျက်နှာ နီရဲနေပြီး သူ၏ တင်ပါးကို ကိုင်ထားကာ ဒေါသထွက်လုနီးပါး ဖြစ်နေပေ၏။ သို့ရာတွင် ရွှီယွီဖြစ်ကြောင်း မြင်သောအခါ သူ ချက်ချင်းငိုကြွေးပြီး ပြောလိုက်သည်။
"တာအိုသီလရှင်... ခင်ဗျားက ကျွန်တော်တို့အတွက် တရားမျှတမှုကို ရှာပေးရမယ်... ထိုက်ချင်ဂိုဏ်းရဲ့ ဧည့်သည်တွေကို ဆက်ဆံတဲ့ နည်းလမ်းက တကယ့်ကို တရားလွန်လွန်းတယ်..."
သိပ်မကြာခင်မှာပင် ရွှီယွီသည် အဖြစ်အပျက်များကို နားလည်သွားခဲ့သည်။ သူ၏ စကားများ ပြီးဆုံးသွားပြီးနောက် အဖိုးအိုသည် မူလက မရှိခဲ့သော အိမ်သာတစ်ခုဆီသို့ အသည်းအသန် ပြေးသွားခဲ့သည်။
ဤစားသောက်ဆိုင်ကို ကျင့်ကြံသူများအတွက် တည်ဆောက်ထားခြင်းဖြစ်ရာ မူလက အိမ်သာဟူ၍ မရှိခဲ့ချေ။ သို့ရာတွင် လူအများအပြား အညစ်အကြေး စွန့်နေကြသဖြင့် ထိုနေရာသည် အိမ်သာတစ်ခုအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။
အဖိုးအိုသည်လည်း လိမ်လည်နေခြင်း မဟုတ်ချေ။ အကြောင်းအရင်းမှာ သူတို့အားလုံး လက်ဖက်ရည်တာအိုအကြောင်း ဆွေးနွေးနေစဉ် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ လူငယ်မျိုးဆက်များထဲမှ ထင်ရှားသော ပုဂ္ဂိုလ်များအကြောင်းကို ရှင်းပြ၍မရနိုင်အောင် စတင် ပြောဆိုလာခဲ့ကြခြင်းကြောင့်ပင်။ သူတို့ စကားပြောနေစဉ် စူးချန်ကဲအကြောင်းကို ထည့်ပြောခဲ့ကြ၏။ သဘာဝကျကျပင် ကောင်းသောအရာ ဘာမျှမပြောခဲ့ဘဲ အများအားဖြင့် ရှုတ်ချမှုများသာ ဖြစ်သည်။ သို့ရာတွင် သူတို့ကို လက်ဖက်ရည် လာချပေးသော ကောင်မလေးမှာ စူးချန်ကဲ၏ ဂျူနီယာညီမလေး ဖြစ်နေမည်ကို မည်သူ သိမည်နည်း။
သူမ မည်သည့်ဆေးမျိုး အသုံးပြုခဲ့သည်ကို မည်သူမျှ မသိသော်လည်း အနည်းဆုံး မှော်အက္ခရာရေးထိုးခြင်နယ်ပယ်တွင် ရှိနေသော ဤကျင့်ကြံသူများကို အဆက်မပြတ် ဝမ်းလျှောသွားစေခဲ့သည်။ လူတချို့ဆိုလျှင် သတိလစ်သွားခဲ့ကြ၏။
ဤအချိန်၌ ရွှီယွီ၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းနေသည်။ ဤလူများအနက် အများစုမှာ သူမ၏နောက်လိုက်များဖြစ်ပြီး တချို့မှာ သူမ၏ သူငယ်ချင်းများ ဖြစ်လေသည်။ ယခုအချိန်၌ ဝမ်းလျှောခြင်းကြောင့် သူတို့မှာ ဤမျှထိ သနားစရာကောင်းသော အခြေအနေသို့ ရောက်နေကြလေပြီ။ အကယ်၍ သတင်းသာ ပျံ့နှံ့သွားပါက သူမ ရွှီယွီအနေဖြင့် မျက်နှာကို မည်သို့ ပြဝံ့မည်နည်း။
ဤပွဲမှာ ထိုက်ချင် လက်ဖက်ရည်ပွဲလော သို့မဟုတ် ထိုက်ချင် ဝမ်းလျှောပွဲလော...
"သူတို့ရဲ့ စကားတွေက စည်းလွတ်ဘောင်လွတ် ဖြစ်နေရင်တောင် အဲ့ဒီမိန်းကလေးက အဆိပ်ခတ်တဲ့အထိ ဘယ်လိုလုပ်နိုင်တာလဲ..."
"ဒါက အရမ်းရက်စက်တာပဲ..."
"စီနီယာအစ်ကိုအတိုင်း ဂျူနီယာညီမလေးကလည်း အတူတူပဲ..."
ရွှီယွီ၏အမူအရာ မည်းမှောင်သွားပေ၏။ သူမက ခန်းမထဲတွင် တိတ်ဆိတ်စွာ ရပ်နေသော တောင့်တင်းသန်မာသည့် အမျိုးသားကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ဒီအဆိပ်ခတ်တဲ့သူကို ပြန်ခေါ်လာဖို့ မြင့်မြတ်အရှင်ပန်းယွဲ့ကို ခရီးစဉ်တစ်ခု လုပ်ပေးဖို့ ငါ အကူအညီ တောင်းရမယ်... ဒါက ထိုက်ချင်နယ်မြေ ဖြစ်နေရင်တောင်မှ ငါ လူတိုင်းကို သေချာပေါက် ရှင်းပြချက် တစ်ခု ပေးရမယ်..."
ဤအချိန်၌ သူမ အမှန်တကယ်ကို ဒေါသထွက်နေလေပြီ။
အထူးသဖြင့် စူးချန်ကဲအပေါ် သူမ၏ ရှိရင်းစွဲ အလွန်အမင်း ရွံရှာမုန်းတီးမှုများကြောင့်ပင်။
"ကောင်းပြီလေ..."
မြင့်မြတ်အရှင်ပန်းယွဲ့ဟု လူသိများသော တောင့်တင်းသန်မာသည့် အမျိုးသားက ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်၏။ စကားများများစားစား မပြောဘဲ သူက ကျားတစ်ကောင်၏ ခြေလှမ်းများဖြင့် လျှောက်သွားလေသည်။ သူသည် အရှိန်အဝါ အတက်အကျ တစ်စုံတစ်ရာကိုမျှ ထုတ်လွှတ်မထားသော်လည်း သူ၏ လှုပ်ရှားမှုတိုင်းက လူများကို မမြင်နိုင်သော ဖိအားတစ်ခုအား ခံစားရစေသည်။
ဤအချိန်၌ လမ်းထောင့်တွင်....
စူးချန်ကဲသည် သူ၏ လက်ထဲရှိ မြေပုံအပိုင်းအစသုံးခုကို တိတ်ဆိတ်စွာ ကြည့်နေလေ၏။ ထိုအရာများက ရှေးဟောင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး ထိုအရာများအတွင်းရှိ နတ်ဆိုးဆန်သော စိတ်ဆန္ဒမှာ လေလံပွဲတွင် သူ မြင်တွေ့ခဲ့ရသော အပိုင်းအစနှင့် အတိအကျ တူညီနေသည်။ သို့ရာတွင် ဤသုံးခုကို ပေါင်းစပ်လိုက်သောအခါ ပို၍များပြားသော အချက်အလက်များကို ဖော်ပြနေသည်။
ဤသည်မှာ ရှေးဟောင်း နတ်ဆိုးဝင်္ကပါတစ်ခုသက်သက်မဟုတ်ဘဲ မြေပုံတစ်ခုလည်း ဖြစ်နေသည်။
"ဒီအပိုင်းအစသုံးခုကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်နဲ့ ဝယ်ခဲ့တယ်လို့ မင်း ပြောချင်တာလား..."
စူးချန်ကဲက မေးမြန်းသည်။
ထုယိုယိုက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... စီနီယာအစ်ကို ဘယ်လိုထင်လဲ... ကျွန်မက အံ့အားသင့်ဖို့မကောင်းဘူးလား... ဒါက သေချာပေါက် ပစ္စည်းကောင်း တစ်ခုပဲ... ကျွန်မ သွားချင်တဲ့ လျှို့ဝှက်နယ်မြေအတွက် မြေပုံတောင် ဖြစ်နေနိုင်သေးတယ်..."
စူးချန်ကဲက ထုယိုယိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် မြေပုံကို ကြည့်လိုက်၏။ တခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
"ဖြစ်နိုင်တယ်လို့ မင်း ပြောတယ်ဆိုရင် အဲ့ဒါက သေချာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..."
အိုး ဘုရားရေ...
ဤသည်မှာ ကံကြမ္မာသမီးတော်လော...
တခြားသူများက မိုးထိအောင် မြင့်မားသော ဈေးနှုန်းများဖြင့် လေလံဆွဲကြသည့် မြေပုံအပိုင်းအစတစ်ခုကို သူမက စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ဖြင့် ကောက်ယူနိုင်ခဲ့သလော...
ထိုကိစ္စတွင် မည်သည့် ယုတ္တိတန်မှု ရှိသနည်း...
ထို့ပြင် သုံးခုတောင် ဖြစ်နေသလော...
လေလံပွဲမှ အပိုင်းအစကို ပေါင်းထည့်လိုက်ပါက တစ်စုံလုံး ပြည့်စုံသွားမည် မဟုတ်လော...
" စီနီယာအစ်ကိုကလည်း ကျွန်မကို ယုံတယ်ပေါ့..."
ထုယိုယိုက ချက်ချင်းစိတ်လှုပ်ရှားသွားပြီးနောက် ပျော်ရွှင်စွာ ကခုန်လေတော့သည်။
"ဒါဆိုရင် ကျွန်မတို့ ရတနာတွေကို ဘယ်တော့ သွားတူးကြမလဲ..."
စူးချန်ကဲ ပြန်ဖြေတော့မည့်အချိန်မှာပင် သံမဏိကဲ့သို့ တုတ်ခိုင်သန်မာသော လက်တစ်ဖက်က ထုယိုယို၏ပခုံးဆီသို့ ရုတ်တရက် လက်လှမ်းလာသည်ကို သူ မြင်တွေ့လိုက်ရသည်။