အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း ၃၉:အို... အတွေ့အကြုံမရှိသေးတဲ့ လူသစ်လား..
"သောက်ကျိုးနည်း..."
"အခုခေတ် ဗီလိန်တွေက အရင်ဆုံး ခုန်ထွက်လာတဲ့ အဆင့်တွေကို မဖြတ်သန်းတော့ဘူးလား... သူက ချက်ချင်းလက်ပါတော့မလို့လား..."
"နေအုံး... မဟုတ်သေးဘူး... သူက တကယ်တော့ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်မှာ ရှိနေတာ... သူ့ရဲ့ အရှိန်အဝါက အားကောင်းပေမဲ့ သတ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒတော့ မရှိဘူး..."
ထုယိုယို၏နောက်တွင် ရုတ်တရက် ထွက်ပေါ်လာသော တောင့်တင်းသန်မာသည့် အမျိုးသားကို ကြည့်ရင်း စူးချန်ကဲက မျက်ခုံးပင့်လိုက်သည်။ သူသည် ထိုလူကို ဟွမ်မိသားစု၏သခင်လေးနှင့်ပင် တန်းတူသတ်မှတ်လုနီးပါး ဖြစ်သွားခဲ့ပေ၏။
တိုက်ခိုက်လာသော တောင့်တင်းသန်မာသည့် အမျိုးသားမှာ တခြားသူမဟုတ်ဘဲ မြင့်မြတ်အရှင်ပန်းယွဲ့ လီဖိုကျွင်းပင်။
လီဖိုကျွင်းသည် မည်သည့် ထိုက်ချင် လက်ဖက်ရည်ပွဲတွင်မျှ ပါဝင်ရန် ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ချေ။ သူက လမ်းကြုံရုံသက်သက်သာဖြစ်ပြီး ရွှီယွီနှင့် စကားအနည်းငယ် ဖလှယ်ဖြစ်ခဲ့ခြင်းသာ ဖြစ်ပေ၏။ နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုး ခွက်အနည်းငယ်ကို သူ တောင်းသောက်ချင်ခဲ့သော်လည်း ရွှီယွီက သူမကိုယ်သူမ အရမ်း အထင်ကြီးနေခဲ့သည်။ သူမက သူ့ကို မည်သည်ကြောင့် ဂရုစိုက်မည်နည်း။
အကယ်၍ ယခုလေးတင် အရေးပေါ် အခြေအနေ မဖြစ်ပေါ်ခဲ့ဘဲ ရွှီယွီက သူ ဘာမှမဖြစ်သည်ကို မြင်ပြီး ဤအရာကို လုပ်ပေးပါက သူ့ကို တစ်ခွက်ပေးမည်ဟု လျှို့ဝှက်စွာ အသံပေးပို့၍ မပြောခဲ့ပါက သူ မည်သည်ကြောင့် ဤမျှထိ လွယ်ကူစွာ သဘောတူခဲ့မည်နည်း...
ရွှီယွီ ကိုယ်တိုင် မည်သည်ကြောင့် မလုပ်သနည်း ဆိုခြင်းနှင့် ပတ်သက်၍မူ...
သူ၏ဖင်ဖြင့် စဉ်းစားလျှင်ပင် သိနိုင်သည်။ သူမက ဤမျှထိ ဂုဏ်မောက်သော တာအိုသီလရှင် တစ်ပါးဖြစ်ရာ သူမကိုယ်တိုင် ဂျူနီယာ တစ်ယောက်ကို သွားဖမ်းရန် မည်သို့ ဖြစ်နိုင်မည်နည်း...
သူ ကြည့်နေစဉ်မှာပင်...
တောင်များကိုပင် ချေမှုန်းနိုင်ပုံရသော လီဖိုကျွင်း၏ကြွက်သားအပြည့်နှင့် ကြေးဝါရောင် သံလက်သီးကြီးက ထုယိုယို၏ သွယ်လျသော ပခုံးဆီသို့ အသက်ရှူမွန်းကြပ်လောက်သော ဖိအားဖြင့် တည့်မတ်စွာ ရောက်ရှိလာခဲ့လေ၏။
ထိုအရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းပုံ ရသော်လည်း ထုယိုယိုကို အမှန်တကယ် ထိခိုက်စေမည် မဟုတ်ချေ။ လီဖိုကျွင်းက သူ၏ အားထုတ်မှုများကို အလဟဿ မဖြစ်စေရန် စူးချန်ကဲကို ခြောက်လှန့်ရုံသက်သက်သာ လိုလားခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူက လူတစ်ယောက်ကို ဖမ်းသွားရုံသာဖြစ်ပြီး သူမကို မထိခိုက်စေချင်ပေ။ ထိုက်ချင်ဂိုဏ်းကို စော်ကားခြင်းက ဤအရာကို အမြတ်အစွန်းရှိသော အပေးအယူတစ်ခု ဖြစ်လာစေမည် မဟုတ်ချေ။
သို့ရာတွင် သန့်စင်ထားသော သံမဏိများကိုပင် ခြေမွှနိုင်လောက်အောင် အားကောင်းသော လီဖိုကျွင်း၏လက်ချောင်းများက ထုယိုယို၏ အင်္ကျီအစွန်းကို ထိလုနီးပါး အချိန်လေးမှာပင်...
သွယ်လျပြီး ဖြူဝင်းကာ နူးညံ့ပုံရသော လက်တစ်ဖက်က ဖြည်းညင်းစွာ ဆန့်ထွက်လာခဲ့လေ၏။
"အို..."
"အတွေ့အကြုံမရှိသေးတဲ့ လူသစ်လား..."
"ငါ ထုတ်လွှတ်နေတဲ့ အရှိန်အဝါက ငါ ဘယ်သူလဲဆိုတာ သူ့ကို သိစေဖို့ မလုံလောက်လို့များလား..."
"သူက ငါ့ရဲ့ မိုးကြိုးပြိုကျလက်သီးကို တားရဲသေးတယ်ပေါ့..."
"ဟဲဟဲ... တကယ်ကို အသိဉာဏ်ကင်းမဲ့တဲ့ ကောင်စုတ်လေးပဲ..."
လီဖိုကျွင်းက စူးချန်ကဲကို အေးစက်သော အမူအရာဖြင့် တစ်ချက်ကြည့်ကာ သူ၏စိတ်ထဲ၌ လှောင်ပြောင်လိုက်၏။ သူက သူ၏ အရှိန်အဝါကို တမင်သက်သက် ထုတ်ဖော်ပြသထားပြီးဖြစ်သည်။
ဒီကောင်လေးက မမြင်ဘူးလား...
ငါတို့က အဆင့်တူ မဟုတ်ဘူးလေ...
သူ၏ခွန်အားမှာ အမှန်တကယ်ကို ထူးကဲလှပြီး တစ်ချိန်က မြင့်မြတ်အရှင်နယ်ပယ်သို့ ခြေချနိုင်ခဲ့ဖူးသူပင်။ ကံမကောင်းစွာဖြင့် ခိုးယူမှုတစ်ခုကြောင့် အစွမ်းထက်သော ကျွမ်းကျင်သူ တစ်ဦး၏လက်ချက်ဖြင့် ဒဏ်ရာရခဲ့ပြီး သူ၏ ကျင့်ကြံခြင်းမှာ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အလယ်အလတ်အဆင့်သို့ ကျဆင်းသွားခဲ့သည်။ သို့ရာတွင် သူ၏ အမြင်အတွေ့အကြုံနှင့် စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းတို့မှာ သာမန် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများထက် များစွာသာလွန်နေသည်။
ထိုက်ချင်ဂိုဏ်း၏ ခေါင်းဆောင်တပည့်တစ်ဦးသာဖြစ်ပြီး ထိုလူများအနက် အစွမ်းထက်ဆုံးပင် မဟုတ်သူကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။
သို့ရာတွင် နောက်တစ်စက္ကန့်၌...
ထိုသွယ်လျသောလက်က လီဖိုကျွင်း၏တုတ်ခိုင်သန်မာသော လက်ကောက်ဝတ်ကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်၏။
လေတိုက်သံ သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအား ပေါက်ကွဲထွက်လာခြင်း တစ်စုံတစ်ရာမျှ မရှိသော ဤအလွန်ရိုးရှင်းသည့် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုက လီဖိုကျွင်း၏ မျက်လုံးများကို တဖြည်းဖြည်း ကြည်လင်လာစေခဲ့သည်။
သူ၏ မျက်နှာပေါ်ရှိ အေးစက်မှုမှာ ချက်ချင်း အေးခဲတောင့်တင်းသွားပြီး အလွန်အမင်း အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် အစားထိုးခံလိုက်ရသည်။
တောင်များကိုပင် လှုပ်ယမ်းနိုင်သော သူ၏ လက်မောင်းမှာ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ခံထားရခြင်း မဟုတ်ဘဲ အောက်ခြေမရှိကာ ဖျက်ဆီး၍မရနိုင်သော ဖရိုဖရဲရွှံ့နွံတစ်ခုထဲသို့ နစ်မြုပ်သွားသကဲ့သို့ သူ ခံစားလိုက်ရ၏။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော သွေးချီစွမ်းအားများ၊ စိတ်ဝိညာဉ် စွမ်းအားများကို သူ မည်မျှပင် ထုတ်လွှတ်စေကာမူ သမုဒ္ဒရာထဲသို့ ကျဆင်းသွားသော ကျောက်ခဲတစ်လုံးအလား ပြိုင်ဘက်ကို တစ်လက်မမျှပင် မလှုပ်ရှားနိုင်အောင် ဖြစ်နေသည်။
"သောက်ကျိုးနည်း... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒီကောင်လေးက ဒီလောက် ကြီးမားတဲ့ ခွန်အားကို ဘယ်ကရလာတာလဲ..."
လီဖိုကျွင်းက သူ၏စိတ်နှလုံးသားထဲ၌ အော်ဟစ်လိုက်၏။
သူသည် တစ်ချိန်က မြင့်မြတ်အရှင်တစ်ပါး ဖြစ်ခဲ့ပြီး ခန္ဓာကိုယ် သန့်စင်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့သူဖြစ်သည်။
သူ၏ကျင့်ကြံခြင်း ကျဆင်းသွားလျှင်ပင် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ အဆင့်တူတွင်ရှိသူများထက် များစွာသာလွန်နေဆဲဖြစ်ပြီး ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ့လောက် ခွန်အားရှိမည် မဟုတ်ချေ။
သို့ရာတွင် အသက်နှစ်ဆယ်ကျော်လေးသာ ရှိပုံရသော ဤလူငယ်လေး၏ရှေ့တွင် သစ်ပင်ကြီးတစ်ပင်ကို လှုပ်ယမ်းရန် ကြိုးစားနေသော ခြင်ကောင်လေး တစ်ကောင်အလား သူ ခံစားနေရသည်။
ဒီကောင်လေးက တကယ့်ကို ထူးဆန်းလွန်းတယ်...
သောက်ကျိုးနည်း... ကောလာဟလတွေကို ယုံလို့မရဘူး...
အဲ့ဒီသေသင့်တဲ့ ရွှီယွီက သူ့ကို ကူညီပေးရင် လက်ဖက်ရည် နည်းနည်းပေးမယ်လို့ ပြောခဲ့ပေမဲ့ ဒီကောင်မလေးရဲ့ စီနီယာအစ်ကိုက မွန်းစတားတစ်ကောင်လို့ မပြောခဲ့ဘူးလေ...
အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရဲ့ လူငယ်မျိုးဆက်တွေထဲမှာ သူ့ကို ယှဉ်နိုင်မယ့်သူ ရှိသေးလို့လား...
ဒီလို ခွန်အားမျိုးနဲ့ အဲ့ဒီအဖိုးကြီးတွေက သူ့ကို နောက်ကွယ်မှာ လှောင်ပြောင်ရဲသေးတာလား...
"မိတ်ဆွေ... ဒီလို စကားစမြည်ပြောတဲ့ နည်းလမ်းက သိပ်ပြီးယဉ်ကျေးမှု မရှိဘူးနော်..."
စူးချန်ကဲက တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်ရင်း ပြောဆိုလိုက်၏။
သူက ခွန်အားများစွာကိုပင် အသုံးမပြုခဲ့ဘဲ သူ၏ အထွတ်အထိပ်အရိုးပေါ်တွင် သူ ဖန်တီးထားသော လျှို့ဝှက်ဆန်းကြယ်သည့် နတ်ဘုရား မှော်စာလုံးများသာ အနည်းငယ် လှည့်ပတ်သွားသည်။ ထို့နောက် ရှေးဦးခေတ်မှ မြစ်ဖျားခံလာပုံရသော ဖော်ပြ၍မရနိုင်သည့် စွမ်းအားတစ်ရပ်က သဘာဝအလျောက် ယိုစိမ့်ထွက်လာကာ တစ်ဖက်လူ၏တောင်များကို ချေမှုန်းနိုင်သော ခွန်အားကို ချေဖျက်ပစ်လိုက်ခြင်းပင်။
အံ့အားသင့်မှု အရိပ်အယောင်က စူးချန်ကဲ၏ စိတ်နှလုံးသားထဲတွင် ဖြတ်ပြေးသွားခဲ့သည်။
ဒါက ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်က ခန္ဓာကိုယ် ကျင့်ကြံသူ တစ်ယောက်ရဲ့ ရုပ်ခန္ဓာကိုယ်လား...
နည်းနည်းတော့... ပျော့နေသလိုပဲ...
ဒါမှမဟုတ် ဒီလူက သူတို့ရဲ့နယ်ပယ်အတွက် ခွန်အားကို အများကြီး ချဲ့ကားပြောဆိုခံရတဲ့ လူတွေထဲက တစ်ယောက်များလား...
"ငါ..."
လီဖိုကျွင်းတွင် ပြောစရာ အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှု စကားလုံး ထောင်ပေါင်းများစွာ ရှိနေပုံရသော်လည်း သူ၏ နှုတ်ခမ်းများဆီသို့ ရောက်လာသောအခါ စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။
ဤအချိန်၌ ထုယိုယိုက နောက်ဆုံးတွင် တုံ့ပြန်နိုင်ခဲ့ပြီး လှည့်ကြည့်လိုက်၏။
"အီး..."
သူမက လန့်သွားသော ယုန်ပေါက်လေး တစ်ကောင်အလား စူးချန်ကဲ၏ ကျယ်ပြန့်သော ကျောပြင်နောက်တွင် ချက်ချင်း ပုန်းအောင်းလိုက်သည်။ သူမ၏ ခေါင်းလေး တစ်ဝက်ကိုသာ ပြူထုတ်ကာ လီဖိုကျွင်းကို သတိကြီးစွာထား၍ ကြည့်နေသည်။
"သူ့ကို မင်း သိလား..."
စူးချန်ကဲက နံဘေးသို့ တစ်ချက်ကြည့်လိုက်ပြီး သူ၏နောက်တွင် ပုန်းအောင်းနေသော ထုယိုယိုကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။ ဤသည်မှာ ပုံမှန် ဗီလိန် ခုန်ထွက်လာခြင်း ဇာတ်ကွက်တစ်ခု ဖြစ်မည်မဟုတ်ကြောင်း သူ ခန့်မှန်းမိပြီးဖြစ်သည်။
"မသိဘူး... ကျွန်မက ဒီလောက် ငယ်ငယ်လေးကို သူ့အရွယ် အဖိုးကြီး တစ်ယောက်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ..."
ထုယိုယိုက ကလေးကစားစရာ ဗုံလေးတစ်ခုအလား ခေါင်းခါယမ်းလိုက်၏။ သူမ၏ လေသံမှာ သေချာနေသော်လည်း သူမ၏ မျက်လုံးများမှာ အနည်းငယ် ကလည်ကလည် ဖြစ်နေပေ၏။
"..."
လီဖိုကျွင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ယခုအချိန်တွင် သူသည် ချွေးများဖြင့် ရွှဲနစ်နေပြီဖြစ်ပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ စကားပြောဆိုလိုက်သည်။
"မိတ်ဆွေလေး... မင်းရဲ့ ဂျူနီယာညီမလေးက တာအိုသီလရှင်ရွှီယွီရဲ့ သူငယ်ချင်းတွေကို ဒီနေ့ ပြဿနာ အများကြီး ရှာထားခဲ့တယ်... ငါက သူ့ရဲ့ တောင်းဆိုချက်အရ ဒီမိန်းကလေးကို ခေါ်သွားဖို့ ဒီကို လာခဲ့ရုံသက်သက်ပါ... တကယ်တော့ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး..."
"အို... မိတ်ဆွေလေး... ငါ့လက်ကို အရင်လွှတ်ပေးလို့ ရမလား..."
သူ၏ လေသံမှာ ညင်သာလာခဲ့ပြီး သူ့ကိုယ်သူ တာဝန်မှ ကင်းလွတ်အောင် ပြောရန်လည်း မမေ့လျော့ခဲ့ချေ။ ရွှီယွီကသာ သူမကို ဖမ်းခိုင်းခဲ့ခြင်းဖြစ်ပြီး သူနှင့် ဘာမျှမဆိုင်ချေ။
စူးချန်ကဲက လီဖိုကျွင်းအား ဆုပ်ကိုင်ထားမှုကို လွှတ်ပေးပြီးနောက် အပြစ်ရှိပုံရသော ထုယိုယိုကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး မေးမြန်းလိုက်၏။
"ပြောပါအုံး... တိတိကျကျ ဘာတွေ ဖြစ်ခဲ့တာလဲ..."
"ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ပါဘူး..."
ထုယိုယိုက ပြောဆိုသည်။
သူမ ဆက်ပြီးဖုံးကွယ်ထား၍ မရတော့သည်ကို မြင်သောအခါ အမှန်တရားကိုသာ ပြောပြနိုင်တော့သည်။
"သူတို့က စီနီယာအစ်ကို့အကြောင်း အတင်းအဖျင်းတွေ ပြောနေတာကို ကျွန်မ ကြားလိုက်ရတယ်... စီနီယာအစ်ကိုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်မှာ ပိတ်မိနေတာ ကြာပြီဖြစ်ပြီးတော့ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရဲ့ လူငယ်မျိုးဆက်တွေထဲမှာ လုံးဝနေရာမရဘူးဆိုတာမျိုးတွေပေါ့... ဝမ်ချီလန်စံအိမ်မှာ မဟာထျန်းစံအိမ်ရဲ့ တပည့်ရင်းနဲ့ စီနီယာအစ်ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေက သေချာပေါက် အလိမ်အညာဖြစ်ပြီး စီနီယာအစ်ကို့ရဲ့ ခွန်အားက ချဲ့ကားပြောခံထားရတာ ဖြစ်နိုင်တယ်တဲ့..."
"ဘာပဲဖြစ်ဖြစ် မနှစ်မြို့စရာတွေ အများကြီး ရှိပါသေးတယ်..."
"စီနီယာအစ်ကို... သူတို့က စီနီယာအစ်ကို့ကို စော်ကားတာက ယိုယိုရဲ့မျက်နှာကို ပါးရိုက်တာနဲ့ အတူတူပဲ..."
"သူတို့ကို ကျွန်မက ဘယ်လိုလုပ် လွယ်လွယ်လေး လွှတ်ပေးနိုင်မှာလဲ..."
ထုယိုယိုက သူမ ဘာအမှားမျှလုပ်ခဲ့သည်ဟု လုံးဝမခံစားရဘဲ ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။
ဇာတ်လမ်းအစအဆုံးကို ကြားပြီးနောက် စူးချန်ကဲက ထပ်မေးလိုက်သည်။
"ဒါဆို သူတို့ကို မင်းက ဘယ်လို အခက်တွေ့အောင် လုပ်ခဲ့တာလဲ..."
"ဟီး ဟီး... သူတို့ရဲ့ လက်ဖက်ရည်ထဲမှာ ဆေးနည်းနည်း ခတ်လိုက်တယ်လေ... အဲ့ဒါက သူတို့ကို မသေစေနိုင်ပေမဲ့ နောက်ရက်အနည်းငယ်အတွက်တော့ သူတို့ နေလို့ထိုင်လို့ ကောင်းမှာ မဟုတ်ဘူး..."
ထုယိုယိုက စိတ်ကျေနပ်နေသော အပြုံးဖြင့် ပြောဆိုလိုက်၏။
ဤဆေးမှာ ချင်းချိုးမှ သူမ ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး အရောင်အဆင်းမရှိ အနံ့အသက်မရှိဘဲ နတ်ဘုရားမီးတောက်နယ်ပယ်တွင် ရှိသူများပင်လျှင် ထူးခြားမှု တစ်စုံတစ်ရာကို မသိရှိနိုင်ချေ။ သူတို့ကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။
ထိုဆေးအတွက် သူမ၏ မူလပစ်မှတ်မှာ စူးချန်ကဲ ဖြစ်သော်လည်း ထိုအရာကို အသုံးပြုရန် အခွင့်အရေး မရခဲ့သေးခြင်းသာဖြစ်သည်။
အခန်း ၄၀ :ငါ့အမှားပါ... ငါ့အမှားပါ... အကုန်လုံး ငါ့အမှားပါ...
ဤအချိန်၌ လီဖိုကျွင်း၏ အကြည့်က စူးချန်ကဲအပေါ်သို့ ထပ်မံ၍ ကျရောက်သွားလေ၏။ သူ့တွင် တိုက်ခိုက်ရန် ရည်ရွယ်ချက် အနည်းငယ်မျှပင် မရှိတော့ချေ။ သူ၏နှလုံးသားသည် တစ်ဖက်လူ၏ သွေးချီစွမ်းအားကြီးမားမှုကြောင့် ထုံကျင်နေလေပြီ။
ယခုအချိန်တွင် သူသည် တစ်ဖက်လူက အကျိုးအကြောင်းသင့် ပြုမူတတ်သူ တစ်ဦး ဖြစ်ရန်သာ မျှော်လင့်မိသည်။ ထိုသို့ဖြစ်လာမှသာ သူက ရိုးရှင်းသော ရှင်းပြချက်တစ်ခု ပေးကာ သူ၏ တာဝန်ကို ပြန်လည်အစီရင်ခံနိုင်ပေမည်။
သို့ရာတွင်...
"အင်း... မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ..."
စူးချန်ကဲက ခေါင်းညိတ်လိုက်၏။
သူက ထုယိုယိုကို အပြစ်မတင်သည့်အပြင် လက်ဆန့်တန်းကာ သူမ၏ခေါင်းကိုပင် ပွတ်သပ်ပေးလိုက်သည်။
ထုယိုယို၏မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး သူမက မေးမြန်းသည်။
"စီနီယာအစ်ကိုလည်း ကျွန်မ ကောင်းကောင်း လုပ်ခဲ့တယ်လို့ ထင်တာလား..."
"သေချာတာပေါ့... တခြားသူတွေက မင်းကို မှားတယ်လို့ ပြောနိုင်ပေမဲ့ ငါကတော့ မပြောနိုင်ဘူးလေ... ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့အတွက် ရှေ့ထွက်ရပ်တည်ပေးခဲ့တာပဲ... မင်းကို ငါ ဘယ်လောက်ချီးကျူးချီးကျူး လုံလောက်မှာ မဟုတ်ဘူး..."
စူးချန်ကဲက ဝင်ပြောလိုက်၏။ ဤသည်မှာ သူ၏ စစ်မှန်သော အတွေးများပင်။
သူသည် လူကောင်းတစ်ယောက် မဟုတ်ချေ။
သူ့အပေါ် ကောင်းသောသူများကို ကောင်းကောင်းဆက်ဆံရန် သူ အခိုင်အမာ ခံယူထားပြီး အခြားသူများအားလုံးအတွက်မူ သူတို့သည် သူ၏စနစ်နှင့် သွားရောက်ဖြေရှင်းနိုင်သည်။
ထို့ပြင် သူ့ထံ၌ နောက်ထပ်အချက်တစ်ချက် ရှိနေသေးသည်။ ဤသည်မှာ သူသည်လည်း ထိုအမျိုးသမီးကို ကြည့်မရဖြစ်နေခြင်းပင်။
ထုယိုယို၏နှလုံးသား ချက်ချင်းနွေးထွေးသွားပြီး သူမ မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
"စီနီယာအစ်ကိုက အရမ်း သဘောကောင်းတာပဲ... ဒုတိယ စီနီယာအစ်မထက်တောင် စီနီယာအစ်ကိုက ကျွန်မကို ပိုနားလည်သေးတယ်..."
【ဒင်... လက်ခံသူရဲ့ နှလုံးသားထဲက စကားတွေက ကံကြမ္မာသမီးတော် ထုယိုယိုကို ထပ်ပြီးနွေးထွေးသွားစေခဲ့ပါတယ်... ဆုလာဘ်...တစ်လစာ ကျင့်ကြံခြင်း...】
တစ်ချိန်တည်းမှာပင် လီဖိုကျွင်းသည် သစ်တုံးကြီး တစ်တုံးအလား ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေလေ၏။ သူတို့၏ စကားပြောဆိုမှုကို ကြားသောအခါ သူ တခဏကြာမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
ငါ ဒီတိုင်း... ထွက်သွားလိုက်ရမလား...
သူ အခု ကြိုမြင်နေရလေပြီ။ တစ်ဖက်လူသည် သူ့ကို ရှင်းပြချက်တစ်ခုပေးရန် မဖြစ်နိုင်ရုံသာမက အခြေအနေများ ဆိုးရွားသွားမည်ဆိုလျှင် သူကပင် ရှင်းပြချက် ပေးရမည့်သူ ဖြစ်သွားနိုင်သည်။
ကျင့်ကြံခြင်းလောကတွင် သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများက သူ့ရှေ့ရှိ စူးချန်ကဲသည် သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ပါရမီရှင် တစ်ဦးဖြစ်ပြီး သူ လုံးဝ ရန်မစနိုင်သော သူတစ်ဦးဖြစ်ကြောင်း သူ့ကို ပြောပြနေသည်။ အကယ်၍ သူ ယခုချိန်တွင် တစ်ခုခု မလုပ်ပါက သူ မသေလျှင်ပင် တစ်ဖက်လူ၏အမြင်တွင် အလွန်ဆိုးရွားသော အထင်အမြင်တစ်ခု ချန်ထားခဲ့မိပေမည်။
ထိုသို့တွေးတောပြီးသည်နှင့် တပြိုင်နက်...
လီဖိုကျွင်းက လျှင်မြန်သော ခြေလှမ်းဖြင့် ရှေ့သို့ ပြေးသွားကာ အလွန်နောင်တရနေသော အမူအရာဖြင့် ပြောဆိုလိုက်၏။
"ဒီလိုကိုး... ငါ သိသားပဲ... ဒီမိန်းမပျိုလေးကို မြင်မြင်ချင်း သူက လှပပြီး စိတ်ထားကောင်းတယ်ဆိုတာ ငါ သိနိုင်တယ်လေ... သူက အကြောင်းပြချက်မရှိဘဲ ဒီလိုမျိုး ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ..."
"ဟူး... ဒီလီက သူတော်စင် တစ်ယောက် မဟုတ်ပေမဲ့ သေချာပေါက် အောက်တန်းစား တစ်ယောက်တော့ မဟုတ်ပါဘူး... ငါက မိန်းမပျိုလေးကို အထင်လွဲသွားတာပါ... သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ရဲ့ သူငယ်ချင်းတွေက အရင်မှားတယ်ဆိုတာကို ငါ တကယ် မသိခဲ့ဘူး..."
"ငါက ကြီးလေးတဲ့ အမှားတစ်ခုကို ကျူးလွန်မိတော့မလို့ပဲ..."
"ငါ့အမှားပါ... ငါ့အမှားပါ... အကုန်လုံး ငါ့အမှားပါ..."
"ဒီမှာ... ဒါက ဒီလီရဲ့ ရိုးသားမှုအတွက် အမှတ်တရ လက်ဆောင်လေးတစ်ခုပါ... သရေစာတွေ ဝယ်စားဖို့ ယူထားလိုက်ပါ... ငြင်းလို့ မရဘူးနော်... ဟုတ်ပြီလား..."
လီဖိုကျွင်းက စကားပြောနေစဉ် စိတ်ဝိညာဉ်ကျောက်တုံးများ အပြည့်ထည့်ထားသော သိုလှောင်အိတ် တစ်အိတ်ကို ခမ်းနားစွာ ထုတ်ယူလိုက်ပြီး ထုယိုယိုအား မည်သည့်ငြင်းဆိုမှုမျှ ခွင့်မပြုဘဲ သူမ၏လက်ထဲသို့ အတင်း ထည့်ပေးလိုက်၏။
"..."
ထုယိုယိုသည် သိုလှောင်အိတ်ကို ကိုင်ထားစဉ် သူမ၏ ပါးစပ်လေး အနည်းငယ် ပွင့်ဟသွားပြီး သူမ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဦးလေး... ဦးလေးက ကျွန်မကို ဖမ်းဖို့ လာခဲ့တာ မဟုတ်ဘူးလား..."
လီဖိုကျွင်းက ချက်ချင်းတည်ကြည်လေးနက်စွာ ပြောဆိုသည်။
"မင်းကို ဖမ်းဖို့... ဘာဖမ်းတာလဲ... ကောင်မလေး... မင်းရဲ့ ပခုံးပေါ်မှာ ဖုန်နည်းနည်း ရှိနေတာကို မြင်လို့ ငါက အဲ့ဒါကို ဖယ်ပေးဖို့ ကြိုးစားနေတာပါ..."
"ဟင်..."
ထုယိုယို၏ မျက်ခုံးများ စုကျုံသွားပြီး တစ်ခုခုတော့ သေချာပေါက် မှားနေသည်ဟု ခံစားလိုက်ရလေ၏။
အခုခေတ် လူတွေက စကားပြောရတာ အဲ့ဒီလောက်တောင် လွယ်ကူနေပြီလား...
သူမက စူးချန်ကဲကို တစ်ချက်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး သူမ၏ မျက်လုံးများတွင် အတွေးများနေမှုများ ထင်ဟပ်နေသည်။ ဤဦးလေး၏ ပြောင်းလဲမှုက သူမ၏ စီနီယာအစ်ကိုက သူ၏ လက်ကို ဆုပ်ကိုင်ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်ပုံရသည်။
"သူက ပေးနေမှတော့ ယူထားလိုက်ပါ..."
စူးချန်ကဲက ပြုံးလိုက်ပြီးနောက် လီဖိုကျွင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။
လေစီးကြောင်းအတိုင်း ရွက်လွှင့်ခြင်း... လိုက်လျောညီထွေရှိပြီး ပြောင်းလွယ်ပြင်လွယ်ရှိခြင်း... အစွမ်းထက်သူ တစ်ဦး၏ ဂုဏ်သိက္ခာ တစ်စက်မျှ မရှိခြင်...ထိုလူသည် အမှန်တကယ်ကို ပါရမီရှင်တစ်ဦးပင်။
ရွှမ်ဟွမ်ကမ္ဘာတွင် ဤကဲ့သို့ ပါရမီရှင်များသည် ပို၍ အသက်ရှည်ရှည် နေရပြီး ပို၍ကောင်းမွန်စွာ နေထိုင်ရကာ ပို၍လက်တွေ့ကျလေ၏။ သူတို့သည် မနိုင်နိုင်မှန်း ရှင်းရှင်းလင်းလင်း သိနေပါလျက်နှင့် ခေါင်းမာမာဖြင့် ဆုတ်ခွာရန် ငြင်းဆိုမည် မဟုတ်ချေ။
စူးချန်ကဲ၏ အကြည့်က သူ့အပေါ် ကျရောက်နေသည်ကို မြင်သောအခါ လီဖိုကျွင်းက တည်ကြည်လေးနက်သော စိတ်ခံစားမှု အမူအရာတစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ပြီး ပြောဆိုလိုက်သည်။
"အိုး... ဒီနေ့က ငါ့အတွက် တကယ်ကို မျက်စိပွင့်သွားစေခဲ့ပြီ... ဒီထိုက်ချင်ဂိုဏ်းက ပုန်းကွယ်နေတဲ့ နဂါးတွေရဲ့ နယ်မြေ ဖြစ်နေတာကိုး... တာအိုရောင်းရင်းက ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ဒီလိုမျိုး ကြီးမားတဲ့ သွေးချီစွမ်းအားမျိုး ပိုင်ဆိုင်ထားတာဆိုတော့ မင်းက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေမှာ ဒီမျိုးဆက်ရဲ့ အငြင်းပွားဖွယ်မရှိတဲ့ နံပါတ်တစ်ပါပဲ..."
သူ အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ ဤစူးချန်ကဲသည် ပါရမီရှင်တစ်ဦး ဖြစ်ရုံသာမက သူ၏ခွန်အားအား မည်သို့ဖုံးကွယ်ရမည်ကိုလည်း သိရှိသူပင်။
ကြည့်စမ်း... အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တစ်ခုလုံးက စူးချန်ကဲကို သာမာန်လူတစ်ယောက်လို့ ထင်နေတုန်းပဲ...
လိမ္မာပါးနပ်ပြီး အလွန်အမင်း အစွမ်းထက်လွန်းလှသော ဤကဲ့သို့ ပါရမီရှင်မျိုးမှာ ကြောက်မက်ဖွယ် အကောင်းဆုံးပင်။
သူက အမြင့်ကို တက်လှမ်းသွားရန်မှာ အနှေးနှင့်အမြန်သာ ရှိပေလိမ့်မည်။
"ချီးကျူးစကားတွေ ထားလိုက်ပါတော့... ဒီကိစ္စ ပြီးသွားပြီဆိုတော့ ခင်ဗျား ပြန်လို့ ရပါပြီ..."
စူးချန်ကဲက လက်တစ်ချက် ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
တစ်ဖက်လူ၏ အခြေအနေကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် သူ လုံလောက်အောင် စိတ်ကျေနပ်နေလေပြီ။ မည်သို့ပင်ဆိုစေကာမူ ထိုအရာသည် သွေးထွက်သံယို ရန်ငြိုးတစ်ခု မဟုတ်ချေ။
ဤအရာကို ကြားသောအခါ လီဖိုကျွင်းက နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ပြီး သူ၏ မဆင်မခြင် ဝင်ရောက်စွက်ဖက်မှုမှာ လုံးဝ ခွင့်လွှတ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်လေ၏။ သို့ရာတွင် သူ တခဏမျှ စဉ်းစားလိုက်သည်။ အဆက်အသွယ်တစ်ခု တည်ဆောက်ရန် ဤအခွင့်အရေးကို သူ မည်သည်ကြောင့် မယူရမည်နည်း။
တိုက်ဆိုင်စွာဖြင့် ဤခရီးစဉ်တွင် ကူညီပေးမည့်သူ တစ်ဦးကို သူ ရှာဖွေနေခဲ့ခြင်းဖြစ်သည်။
တခြားအရာများအားလုံးကို ဘေးဖယ်ထားလိုက်လျှင် ယခုလေးတင် စူးချန်ကဲ ပြသခဲ့သော စွမ်းအားက လုံလောက်သည်ထက်ပင် ပိုနေလေပြီ။
အရေးအကြီးဆုံးမှာ စူးချန်ကဲသည် 'ထိုကိစ္စ' အကြောင်းကို သေချာပေါက် သိမည်မဟုတ်သဖြင့် အစွမ်းထက်သော အသင်းဖော်တစ်ဦးကို အနိုင်ရရန် အခွင့်အရေးတစ်ခု သူ့ထံတွင် ရှိနေသည်။
နောက်တစ်စက္ကန့်တွင် လီဖိုကျွင်းက စူးချန်ကဲအနီးသို့ ချဉ်းကပ်လာပြီး သူ၏လေသံကို နှိမ့်ကာ ပြောဆိုလိုက်၏။
"အဟမ်း... တာအိုရောင်းရင်း... 'ရန်ဖြစ်ရာကနေ မိတ်ဆွေဖြစ်လာတာ' လို့ပဲ သတ်မှတ်လိုက်ကြရအောင်... ငါ့ဆီမှာ တိုက်တိုက်ဆိုင်ဆိုင် ကိစ္စတစ်ခုနဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခု ရှိနေတယ်... အန္တရာယ်က နည်းနည်းများပေမဲ့ အကျိုးအမြတ်ကလည်း အရမ်းကြီးမားတယ်..."
"တာအိုရောင်းရင်းလို ပါရမီရှင် တစ်ယောက်ကလည်း ကျင့်ကြံဖို့အတွက် အရင်းအမြစ်တွေ အများကြီး လိုအပ်မှာ သေချာပါတယ်..."
ဤအရာကို ကြားသောအခါ စူးချန်ကဲက လီဖိုကျွင်းကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။
"ဘယ်လို သဲလွန်စမျိုးလဲ..."
သူ အမှန်တကယ်ပင် အနည်းငယ် သိချင်သွားခဲ့သည်။
သူ အရင်းအမြစ်များ လိုအပ်သည်မှာ အမှန်ပင်။ တခြားအရာများအားလုံးကို ဘေးဖယ်ထားလိုက်လျှင် သူ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်ကို ကျော်လွန်သွားသည်နှင့် မြင့်မြတ်အရှင်နယ်ပယ်အတွက် သူ ဘာလုပ်ရမည်နည်း။ လက်ဖက်ရည် ဖျော်စပ်ပြီး ရောင်းရမည်လော။
ထိုလမ်းစဉ်က ဖြစ်နိုင်ခြေ ရှိသော်လည်း အလွန် နှေးကွေးလွန်းလှသည်။
ထို့ပြင် မြင့်မြတ်အရှင်နယ်ပယ်အတွက် လိုအပ်သောအရာများမှာ ဤလျိုယွမ်မြို့တွင် ရှာဖွေရန် ပို၍ပင် ခက်ခဲနိုင်သည်။
သူ၏စွမ်းအားသည် ကံကြမ္မာသားတော်နှင့် ယှဉ်လျှင် တည်ငြိမ်နေပြီ ဖြစ်သော်လည်း အမှတ်မထင် အဖြစ်အပျက်များအပြီးတွင် သူသည် မယုံနိုင်လောက်အောင် သတိကြီးစွာ ထားလာခဲ့လေ၏။ သူသည် ဤသုံးလတာကာလအတွင်း သူ၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိရန် သူ၏ အမြင့်ဆုံး အားထုတ်မှုကို သဘာဝကျကျ အသုံးချလိုသည်။
အဆုံးသတ်တွင်မူ သူသည် မဟာဧကရာဇ် တစ်ပါး ဖြစ်လာရန် တိုက်ရိုက်ကြိုးစားသွားမည်ပင်။
လီဖိုကျွင်းက သူ၏ပတ်ဝန်းကျင်ကို မျက်စိမှေး၍ ကြည့်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။
"ဒါက စကားပြောရမယ့် နေရာ မဟုတ်ဘူး... တကယ်လို့ တာအိုရောင်းရင်းက စိတ်မရှိဘူးဆိုရင် ငါ့ရဲ့နေရာကို သွားပြီး ခဏလောက် ထိုင်ကြမလား..."
စူးချန်ကဲက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ယခုလောလောဆယ်တွင် သူ့ထံ၌ လုပ်စရာ များများစားစား မရှိသော်လည်း စကားပြောရင်း အချိန်မဖြုန်းလိုချေ။
အကယ်၍ သူသာ ဤသဲလွန်စကို စိတ်မဝင်စားပါက မည်သို့ လုပ်ရမည်နည်း။
စူးချန်ကဲ၏ တွန့်ဆုတ်နေမှုကို မြင်သောအခါ လီဖိုကျွင်းက နားလည်သွားပြီး ထပ်မံ၍ တီးတိုးပြောဆိုလိုက်၏။
"ဒါက လျိုယွမ်မြို့အောက်က ရှေးဟောင်း အပျက်အစီး တစ်ခုနဲ့ သက်ဆိုင်တယ်... တာအိုရောင်းရင်း သေချာပေါက် စိတ်ဝင်စားပါလိမ့်မယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စူးချန်ကဲက တခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"လမ်းပြပါ..."
"စီနီယာအစ်ကို... ကျွန်မလည်း လိုက်မယ်... ကျွန်မလည်း လိုက်မယ်..."
ထုယိုယိုက သူမ၏ သိုလှောင်အိတ်ကို ဆုပ်ကိုင်ထားရင်း အလျင်အမြန် ပြောဆိုလိုက်၏။
သူတို့ တီးတိုးစကားပြောနေသည်ကို သူမ မိသွားခဲ့ပြီး လျှို့ဝှက်ချက် တစ်ခုခု ရှိနေမည်မှာ သေချာကြောင်း သိလိုက်သည်။
ထို့ကြောင့် လီဖိုကျွင်းသည် စူးချန်ကဲနှင့် ထုယိုယိုကို လျိုယွမ်မြို့၏ တခြားတစ်နေရာဆီသို့ ခေါ်ဆောင်သွားခဲ့လေ၏။
မလှမ်းမကမ်းတွင် လီဖိုကျွင်းအား ရှာဖွေရန် အမိန့်ပေးခံထားရသော အဖိုးအိုသည် ဤမြင်ကွင်းကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရသည်။ သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်ခုံးများမှာ ယင်ကောင်တစ်ကောင်ကို ညှပ်သတ်နိုင်လောက်အောင် နက်ရှိုင်းစွာ ကြုံ့သွားကာ နောက်ဆုံးတွင် စားသောက်ဆိုင်ရှိရာသို့ လှည့်ပြန်သွားခဲ့သည်။
ယခုအချိန်တွင် စားသောက်ဆိုင်အတွင်းရှိ အခြေအနေသည် အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားများဖြင့် သန့်စင်ခံလိုက်ရပြီဖြစ်ရာ ယခင်က ပရမ်းပတာ အဖြစ်အပျက်များ လုံးဝမဖြစ်ပွားခဲ့သည့်အလား လတ်ဆတ်ပြီး သာယာနေသည်။
ရွှီယွီသည် ခန်းမ၏ အဓိကထိုင်ခုံတွင် အေးခဲတောင့်တင်းနေသော အမူအရာဖြင့် ထိုင်နေပြီး သူမ၏အသံမှာ အေးစက်တင်းမာနေလေ၏။
"လူက ဘယ်မှာလဲ... ဘာလို့ သူတို့ကို ဒီကို ခေါ်မလာခဲ့တာလဲ..."
အဖိုးအိုက ခေါင်းကုတ်လိုက်ပြီး အချိန်အတော်ကြာအောင် စကားလုံးများကို ရှာဖွေရခက်ခဲနေကာ နောက်ဆုံးတွင် ဗလုံးဗထွေး ပြန်ဖြေလိုက်၏။
"မြင့်မြတ်အရှင်ပန်းယွဲ့ကို တွေ့ခဲ့ပါတယ်... ပြီးတော့ သူက လူကို ခေါ်သွားတယ်... ဒါပေမဲ့... ဒါပေမဲ့ သူက သူတို့ကို သူရဲ့အိမ်ဆီကို ခေါ်ဆောင်သွားတဲ့ပုံပဲ..."
"သူ့ရဲ့အိမ်ဆီကိုလား..."
ဤအရာကို ကြားသောအခါ ရွှီယွီ ကြောင်အမ်းသွားပြီး ချက်ချင်းဒေါသထွက်သွားကာ စားပွဲကို သူမ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ဟမ့်... ဒီလီဖိုကျွင်းက ဘယ်လို အကြံအစည်မျိုး လုပ်နေတာလဲ..."
"ထားလိုက်ပါတော့..."
"ဒီနိမ့်ကျတဲ့ တာအိုသီလရှင်ကိုယ်တိုင် သွားလိုက်မယ်..."
သို့ရာတွင် ထိုအချိန်မှာပင် ပုံရိပ်တစ်ခုက ရွှီယွီ၏ဘေးသို့ အလျင်အမြန် ပြေးလာပြီး အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
"တာအိုသီလရှင်... အံ့အားသင့်စရာပဲ... သခင်လေးယဲ့ရွှမ်က သူ့အလိုလို သတိရလာပြီ..."
Book 4 end.