အခန်း (၆၉၁-၆၉၂)
Vol. 70 Ch. 691-692
အခန်း (၆၉၁) ကိုယ်ချင်းစာကြည့်စမ်း
လုံချန်းသည် နှုတ်ခမ်းတစ်ချက်မဲ့ ပြုံးရင်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ တစ်ခုပြီးတစ်ခု လဲကျနေသော အလောင်းများကို မြင်တွေ့လိုက်ရသည်။ လူဝကြီး တစ်ယောက်သာ အသက်ရှင်လျက် ကျန်ရှိတော့သော်လည်း သူ၏ လက်နှစ်ဖက်စလုံးကို လုံချန်းက ပိုင်းဖြတ်လိုက်သဖြင့် သူသည် ဘာမှ မလုပ်နိုင်တော့ပေ။ ထိုလူ၏ မျက်နှာမှာ ကြောက်လန့်တုန်လှုပ်မှုကြောင့် ဖြူလျော်နေပြီ ဖြစ်သည်။
လုံချန်းသည် ထိုလူကို ကြည့်ကာ ပြုံးလိုက်သည်။
"ဒါက နောက်ဆုံးတစ်ယောက်ပဲ။ ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ။ ခင်ဗျားမှာ ဘာတွေ ကျန်သေးလဲ။ ခင်ဗျား အမေ့ကို ပြောခဲ့တာ ကျုပ် မှတ်မိသေးတယ်နော်၊ ကျုပ်က မနက်ဖြန်ရဲ့ နေရောင်ခြည်ကို မြင်ရမှာ မဟုတ်ဘူးဆိုလား။ အဲဒါလေး ဖြစ်အောင် လုပ်ပေးစမ်းပါ။ ကျုပ် စောင့်နေတုန်းပဲလေ" သူက ပြောရင်း ထိုလူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
"မင်း... မင်းက မကောင်းဆိုးဝါးပဲ။ ငါ့အနားကို မလာနဲ့" လူဝကြီးသည် အော်ဟစ်ရင်း လုံချန်းနှင့် ဝေးရာ မြို့ဘက်သို့ ဦးတည်ကာ ပြေးတော့သည်။
လုံချန်းသည် ထိုလူ ထွက်ပြေးသွားသည်ကို ကြည့်ကာ ပြုံးဖြဲဖြဲ လုပ်နေသည်။ ထိုလူသည် လုံချန်းနှင့် မီတာ ၅၀ ခန့် ဝေးကွာသွားသောအခါ နောက်သို့ လှည့်ကြည့်လိုက်သည်။ လုံချန်း လိုက်မလာသည်ကို မြင်လိုက်ရသည်။ လုံချန်းသည် မူလနေရာမှာပင် ရပ်နေဆဲ ဖြစ်သည်။
ထိုလူသည် လုံချန်းက သူ့ကို လိုက်မဖမ်းသည့်အတွက် သူ့ကို သတ်ရန် စိတ်မဝင်စားတော့ဟု ထင်မှတ်လိုက်သည်။ သူသည် သက်ပြင်းတစ်ချက် ချလိုက်ကာ ဆက်လက် ပြေးလွှားနေတော့သည်။
'နေဦးပေါ့။ ငါ ပြန်ရောက်တာနဲ့ မင်း ငါ့လူတွေကို သတ်တဲ့အကြောင်း တိုင်လိုက်မယ်။ နောက်ထပ် နာရီပိုင်းအတွင်းမှာ ဝိညာဉ်စစ်သည်တော် ဆယ်ဂဏန်းလောက် မင်းကို လာပြီး အပြစ်ပေးကြလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်း ဘယ်လို အသက်ရှင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့' ထိုလူက တွေးရင်း သူ၏ မျက်လုံးများတွင် ရက်စက်သော အရောင်များ ယှက်သန်းလာသည်။
သူသည် လုံချန်းဘက်သို့ လှည့်မကြည့်တော့ဘဲ ရှေ့သို့သာ ကြည့်လိုက်သော်လည်း... ထိုအချိန်မှာပင် သူ၏ လည်ပင်းဆီသို့ လက်တစ်ဖက် ရောက်လာသည်ကို မြင်လိုက်ရသဖြင့် မျက်နှာမှာ ဖြူလျော်သွားခဲ့သည်။
လုံချန်းသည် ခုနကအထိ သူ၏နောက်တွင် ရှိနေခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူ၏ ရှေ့တွင် ရောက်ရှိနေကာ လည်ပင်းကို ညှစ်ထားလိုက်ခြင်း ဖြစ်သည်။
လုံချန်းသည် ထိုလူကို လေထဲသို့ မြှောက်မလိုက်ပြီး တဲအိမ်ရှိရာဘက်သို့ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။
"ခင်ဗျား ထွက်သွားလို့ မရသေးဘူး။ တစ်ခုခု ကျန်ခဲ့တယ်လေ။ ခင်ဗျားရဲ့ လက်တွေမပါဘဲ ဘယ်လိုလုပ် ထွက်သွားမှာလဲ။ ဒီလက်တွေကို ပြန်ပေးဖို့ ခင်ဗျားဆီ ကျုပ် လာပို့ပေးရမယ်လို့တော့ မမျှော်လင့်ထားဘူး မဟုတ်လား" သူက ရယ်မောရင်း ထိုလူ၏ လည်ပင်းကို ပို၍ တင်းကြပ်စွာ ညှစ်လိုက်သည်။
"တောင်း... တောင်းပန်ပါတယ်။ ငါ့ကို မသတ်ပါနဲ့။ ငါ မှားသွားပါပြီ။ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး။ ငါ့ကို သွားခွင့်ပြုပါ" ထိုလူက အသက်ရှူရခက်စွာဖြင့် ရုန်းကန်ရင်း အသနားခံ တောင်းပန်နေတော့သည်။
"သွားချင်တာလား။ ရတာပေါ့။ ခင်ဗျားကို သွားခွင့်ပေးမယ်၊ ဒါပေမဲ့ အဲဒီမတိုင်ခင် ရှင်းစရာရှိတာတွေ အရင် ရှင်းရဦးမယ်" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။
သူသည် ညာဘက်လက်ဖြင့် ထိုလူ၏ လည်ပင်းကို ကိုင်ထားပြီး ဘယ်ဘက်လက်တွင် ဓားအား ကိုင်ထားသည်။ သူသည် အနီးအနားရှိ သစ်ပင်မှ နွယ်ပင်တစ်ပင်ကို ဆွဲယူပြီးမှ ဓားအား ပြန်သိမ်းလိုက်သည်။
သူသည် မိလျာယီ ရှိရာသို့ ရောက်သောအခါ ထိုလူကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"ခင်ဗျားတို့ နေရာအကြောင်း ကျုပ် အချို့ကြားထားတယ်။ ပိုက်ဆံအတွက် သူ ဘယ်လိုတွေ ကြိမ်ဒဏ်ပေးခံခဲ့ရလဲဆိုတာပေါ့။ အခု ခင်ဗျားက သူ့ကို အဲဒီနေရာကိုပဲ ပြန်ခေါ်သွားချင်နေတာလား။ ခင်ဗျားကိုယ်တိုင်လည်း အဲဒီလိုမျိုး ဝေဒနာကို နည်းနည်းလောက် မြည်းစမ်းကြည့်ရင် ဘယ်လိုနေမလဲ။ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမှာပဲ" လုံချန်းက ရေရွတ်ရင်း မိလျာယီထံ လျှောက်သွားလိုက်သည်။
သူသည် နွယ်ပင်ကို မိလျာယီထံ ကမ်းပေးလိုက်သည်။
"ဒါကို သုံးပြီး သူ့ကို ရိုက်စမ်းပါ။ သူက အမေကို အများကြီး နှိပ်စက်ခဲ့တာ။ အခုကတော့ ပြန်ပေးဆပ်ရမယ့် အချိန်ပဲ။ ရိုက်လိုက်ပါ။ အမေ ပိုပြီး နေသာထိုင်သာ ရှိသွားလိမ့်မယ်" သူက မိလျာယီကို ပြောလိုက်သည်။
မိလျာယီသည် လုံချန်းကို ကြည့်လိုက်သည်။
"မ... မလုပ်နိုင်ဘူး သား။ အမေတို့ ဒီကနေ ထွက်သွားရမယ်။ တကယ်လို့ သူ့ကို အမေတို့ ရိုက်ရင် နိုင်ငံက အမေတို့ကို အပြစ်ပေးလိမ့်မယ်။ ထွက်ပဲ သွားကြရအောင်" မိလျာယီက ဘာမှ မလုပ်ရန် ငြင်းဆန်လိုက်သည်။
"ဟားဟားဟား၊ ကျွန်တော် ခုနကတင် လူတွေ အများကြီး သတ်လိုက်တာကို အမေ သိတယ် မဟုတ်လား။ ဒီလူကို ရိုက်တာက လူသတ်တာထက် ပိုကြီးတဲ့ ပြစ်မှုလား။ လုပ်လိုက်စမ်းပါ အမေရာ။ ဘာမှ မဖြစ်စေရဘူး။ ကျွန်တော် ကတိပေးတယ်။ အဲဒီအတွက် ဖြေရှင်းနည်း ကျွန်တော့်မှာ ရှိပြီးသားပါ" လုံချန်းက သူမ၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
မိလျာယီသည် လုံချန်းကို သံသယရှိနေသေးသည့် အကြည့်ဖြင့် ပြန်ကြည့်နေမိသည်။
မိလျာယီသည် မည်သည်များ ဆက်ဖြစ်မည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။ သူမ၏ သားသည် လူများအား သတ်လိုက်သည့်အပြင် အဆက်အသွယ် ကောင်းမွန်သည့် လူတစ်ယောက်၏ လက်များကိုပါ ဖြတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ အသတ်ခံရနိုင်သည့်အထိ ကြီးမားသော ပြစ်မှုတစ်ခု ဖြစ်သည်။
သူမ၏ သားအပေါ် မည်သည်များ ကျရောက်လာနိုင်မည်ကို တွေးတောရင်း သူမ၏ လက်များ တုန်ရင်နေကြောင်း ခံစားနေရသည်။
လုံချန်းသည် သူမ၏ ဝေခွဲမရဖြစ်မှုကို သတိပြုမိသော်လည်း တစ်ခွန်းမှ မပြောပေ။ သူ မည်သို့ပြောပြော သူမ၏ စိုးရိမ်မှုကို အဆုံးသတ်နိုင်မည် မဟုတ်ကြောင်း သူ သိလိုက်သည်။ သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး နွယ်ပင်ကို ကိုင်ထားသော သူမ၏ လက်အား ဆွဲကိုင်လိုက်သည်။
"စိတ်မပူပါနဲ့လို့ ကျွန်တော် ကတိပေးပါတယ်။ တကယ်တော့ အရာရာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း စတင် ဖြစ်ပျက်လာတာပါ။ ဒီခရီးစဉ်ကိုပဲ ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါ။ လိုရာခရီး ရောက်တဲ့အခါ ကျွန်တော် ပြောပြပါ့မယ်" သူက တိုးညှင်းစွာ ရေရွတ်ရင်း သူမ၏ လက်ကို လှုပ်ရှားစေလိုက်သည်။
လုံချန်းသည် မိလျာယီ၏ လက်ကို အသုံးပြုကာ လူဝကြီးအား နွယ်ပင်ဖြင့် ရိုက်စေလိုက်သည်။ ထူထဲသော နွယ်ပင်ကြီးက ထိုလူကို ထိမှန်သွားသောအခါ ကျယ်လောင်စွာ အော်ဟစ်တော့သည်။ တစ်ချက်ပြီးတစ်ချက် ကြိမ်ဒဏ်များ ကျရောက်လာတိုင်း ထိုလူ၏ အရေပြားပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာများ ကျန်ရစ်ခဲ့သည်။
ထိုလူ၏ အော်ဟစ်သံများသည် လုံချန်း၏ နားထဲတွင် တေးဂီတတစ်ခုကဲ့သို့ ခံစားနေရသည်။ ထိုလူ၏ မျက်နှာပေါ်မှ နာကျင်မှုများကို သူသည် ပျော်ရွှင်စွာ ကြည့်နေမိသည်။
ဆယ်မိနစ်ကျော်ခန့် အော်ဟစ်ပြီးနောက် ထိုလူ၏ အသံပင် မထွက်နိုင်တော့ပေ။ သူ၏ လည်ချောင်းမှာ ပျက်စီးသွားပြီ ဖြစ်သည်။ ထိုလူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း နီရဲသော အမှတ်အသားများ ပြည့်နှက်နေပြီ ဖြစ်သည်။
လုံချန်းသည် မိလျာယီ၏ လက်ကို လွှတ်ပေးလိုက်သော်လည်း သူမ၏ လက်များမှာ တုန်ရင်နေဆဲ ဖြစ်သည်။
လုံချန်း လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် နွယ်ပင်မှာ သူမ၏ လက်ထဲမှ ကျဆင်းသွားပြီး သူမသည် ချက်ချင်း ဒူးထောက် လဲကျသွားခဲ့သည်။
လုံချန်းသည် ထိုလူ၏ ရှေ့တွင် သွားထိုင်လိုက်သည်။
"ခင်ဗျား မျက်နှာပေါ်က အမူအရာ၊ မျက်လုံးထဲက နာကျင်မှုတွေနဲ့ ခန္ဓာကိုယ်ပေါ်က အမှတ်အသားတွေ... ခင်ဗျား သူ့ကို အလုပ်ခိုင်းတုန်းက သူ ခံစားခဲ့ရတာတွေကို အခု ခံစားမိပြီလား။ သူ တစ်ယောက်တည်း မဟုတ်ဘဲ ခင်ဗျားမှာ သူ့လို လူတွေ အများကြီး ရှိနေသေးတယ် မဟုတ်လား။ ကိုယ်တိုင် ဝေဒနာ ခံစားရတာ ဘယ်လိုနေလဲ" လုံချန်းက ပြုံးလျက် မေးလိုက်သည်။
"ငါ့... ငါ့ကို သွားခွင့်ပေးပါ" ထိုလူက လေးလံသော အသံဖြင့် အသနားခံ တောင်းပန်သည်။
"ရတာပေါ့။ ဒါပေမဲ့ အရင်ဆုံး ဂိမ်းတစ်ခု ကစားရအောင်။ ခင်ဗျား နောက်ထပ် ငါးမိနစ်အတွင်းမှာ မလဲကျဘဲ မီတာ ၅၀ လောက် လမ်းလျှောက်နိုင်ရင် ခင်ဗျားကို သွားခွင့်ပေးမယ်။ ခင်ဗျားက သူ့ကို ဒဏ်ရာတွေနဲ့တောင် အလုပ်ခိုင်းချင်ခဲ့တာ မဟုတ်လား။ အခုလောက်တော့ ခင်ဗျား လမ်းလျှောက်နိုင်မှာပါနော်။ ကဲ... အချိန် စပြီ" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
သူသည် မတ်တတ်ရပ်ကာ နောက်သို့ ဆုတ်လိုက်ပြီး ထိုလူကို ကြည့်နေလိုက်သည်။
ထိုလူသည် သူ ခံစားနေရသော နာကျင်မှုများကြားမှ အသည်းအသန် မတ်တတ်ရပ်ရန် ကြိုးစားနေသည်။ ခဏအကြာတွင် သူ မတ်တတ်ရပ်နိုင်ခဲ့သော်လည်း သူ၏ ခြေထောက်များမှာ တုန်ရင်နေသည်။ ငြိမ်သက်စွာ ရပ်နေရန်ပင် ခက်ခဲနေသော်လည်း သူသည် သူ၏ ခန္ဓာကိုယ်ကို အတင်း ဆွဲခေါ်ကာ လမ်းလျှောက်တော့သည်။ ခြေလှမ်းတိုင်းတွင် နာကျင်မှုကြောင့် ညည်းညူနေရသော်လည်း သူ လက်မလျှော့ပေ။ အကြောင်းမှာ လက်လျှော့လိုက်လျှင် သေခြင်းတရားက စောင့်ကြိုနေသောကြောင့် ဖြစ်သည်။ သူ အလိုချင်ဆုံးမှာ အသက်ရှင်ရန်သာ ဖြစ်ပြီး ကျန်သည်များက ဒုတိယ ဦးစားပေးသာ ဖြစ်သည်။
အခန်း (၆၉၂) သေမင်း၏ မီးလျှံ
ခြေလှမ်းတိုင်းကို လှမ်းနေစဉ်အတွင်း ထိုလူ၏ စိတ်ဝိညာဉ်၌ အသက်ရှင်သန်လိုသည့် ရမ္မက်ဇောတို့သည် တဖွားဖွား တိုးပွားလျက်ရှိပေသည်။ ရိုက်နှက်ခံထားရသော ဒဏ်ရာများကြောင့် ဝဝတုတ်တုတ် ခန္ဓာကိုယ်ကြီးတစ်ခုလုံး နာကျင်ကိုက်ခဲနေသော်လည်း သူသည် ခြေလှမ်းတို့ကို မရပ်နားဝံ့ချေ။ သူသည် ဤလူငယ်လေးထံမှ အဝေးဆုံးသို့ လွတ်မြောက်လိုလှပြီ ဖြစ်သည်။ ကြည့်ရုံမျှဖြင့် အပြစ်ကင်းစင်ဟန်ရှိသော ဤလူငယ်လေးသည် သူ၏မျက်လုံးထဲတွင်မူ သွေးအေးလှသောမကောင်းဆိုးဝါး တစ်ကောင်သဖွယ် ဖြစ်နေတော့သည်။
သေခြင်းတရားကို ကြောက်လန့်သော စိတ်အရှိန်ကြောင့်ပင် ထိုလူသည် လေးလံလှသော သူ၏ ခန္ဓာကိုယ်ကြီးကို ငါးမိနစ်အတွင်း မီတာငါးဆယ်ခန့်အကွာသို့ ရောက်ရှိအောင် အသည်းအသန် ဆွဲခေါ်သွားနိုင်ခဲ့ပေသည်။ သူသည် လွတ်မြောက်လိုသည့် ပြင်းပြသော ဆန္ဒဖြင့်ပင် သူ၏ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် ပန်းတိုင်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သော်လည်း ကိစ္စရပ်အားလုံး ပြီးဆုံးသွားခြင်း မရှိသေးသည်ကိုမူ သူ ကောင်းစွာ သိရှိနေပါသေးသည်။
အောင်မြင်မှုရရှိပြီးနောက်တွင်လည်း ထိုလူသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်၍ ဝေးရာသို့ ပြေးလွှားနေမိသည်။ သူသည် မည်သို့သော အခြေအနေမျိုးတွင်မဆို ဤနေရာမှ အပြီးတိုင် ထွက်ခွာနိုင်ရန်သာ အာရုံရှိတော့သည်။ လုံချန်း စိတ်ပြောင်းသွားနိုင်သည့် ဘေးအန္တရာယ်ကို သူ အနည်းငယ်မျှပင် မစွန့်စားဝံ့တော့ချေ။
ထိုလူသည် မီတာဆယ်ကျော်ခန့်သာ ဆက်လက် လျှောက်လှမ်းရသေးသည်။ လုံချန်းသည် သူ၏ရှေ့တွင် ဟင်းလင်းပြင်ထဲမှ ဘွားခနဲ ပေါ်ထွက်လာသဖြင့် သူ၏ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားခဲ့ရသည်။
"ငါ... ငါ လုပ်နိုင်ခဲ့ပြီလေ။ မင်းပြောတဲ့အတိုင်း ငါလုပ်ခဲ့လို့ အောင်မြင်ခဲ့ပြီပဲ။ အခုတော့ မင်းရဲ့ကတိကို မဖျက်ပါနဲ့တော့။ ငါ့ကို မတားဆီးပါနဲ့တော့... သွားခွင့်ပြုပါတော့" ထိုလူသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အသနားခံ တောင်းပန်နေရှာသည်။
လုံချန်းသည် ထိုလူကို စိုက်ကြည့်ရင်း နှုတ်ခမ်းတစ်ချက်မဲ့ကာ လှောင်ပြုံး ပြုံးလိုက်လေသည်။
"ကျုပ်ဟာ ကမ္ဘာပေါ်မှာ အဖြောင့်မတ်ဆုံး လူသားတစ်ယောက်ပါ။ ကတိသစ္စာကို ဖျက်ဆီးခြင်းဆိုတာ ကျုပ်ရဲ့သွေးထဲမှာ မရှိတဲ့အတွက် ကျုပ်ရဲ့ကတိကို ကျုပ် ဘယ်တော့မှ မဖျက်ပါဘူး။ ကျုပ် အခု ဒီကိုလာတာဟာ ခင်ဗျားရဲ့ ကတိတည်မှုကို လာပြီး ဂုဏ်ပြုပေးတာပါ။ ကျုပ်ဘက်ကလည်း လောင်းကြေးအတိုင်း လိုက်နာမှာဖြစ်လို့ ခင်ဗျားကို ကျုပ် မတားဆီးတော့ပါဘူး။ သွားခွင့်ပြုလိုက်ပါပြီ" သူက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုလူ၏ မျက်နှာတွင် နာကျင်မှုများ ရောယှက်နေသော အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းကိုသာ တဆတ်ဆတ် ညိတ်ပြနေမိသည်။ သူသည် ဆက်လက် ထွက်ခွာရန် ပြင်လိုက်သော်လည်း ရုတ်တရက် ဓားတစ်လက်သည် သူ၏လည်ပင်းအလယ်တည့်တည့်သို့ ထိုးစိုက်ဝင်ရောက်လာသဖြင့် မျက်လုံးများ ပြူးထွက်သွားခဲ့ရသည်။ လည်ပင်းမှ သွေးများ အရှိန်အဟုန်ဖြင့် ပန်းထွက်လာကာ မျက်နှာတစ်ခုလုံးလည်း ဖြူလျော်သွားတော့သည်။
"မင်း... လိမ်..." ထိုလူသည် စကားလုံးတို့ကို ရေရွတ်ရန် ကြိုးစားသော်လည်း စကားမဆုံးမီမှာပင် မျက်လုံးထဲမှ အလင်းရောင်တို့ ကွယ်ပျောက်သွားကာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရရှာသည်။
"ကျုပ် မလိမ်ပါဘူး။ ခင်ဗျားကို သွားခွင့်ပေးမယ်လို့ ပြောခဲ့တယ်၊ အခုလည်း သွားခွင့်ပေးလိုက်ပြီလေ... ငရဲပြည်ကို တန်းတန်းမတ်မတ် သွားခွင့်ပေးလိုက်တာ။ ကျုပ်ပြောသားပဲ... ကျုပ်ဟာ ကတိမဖျက်တဲ့သူပါလို့။ ကျုပ်ဟာ တကယ့်ကို ရိုးသားလွန်းတဲ့သူပါ။ ခင်ဗျားကို မတားဆီးရုံတင်မကဘူး၊ သွားရတာ လွယ်ကူမြန်ဆန်အောင်တောင် ကျုပ်က ကူညီပေးလိုက်သေးတယ်" လုံချန်းက ထိုလူ၏ လည်ပင်းမှ ဓားကို ဆွဲထုတ်ရင်း ရေရွတ်လိုက်သည်။ ထိုလူ၏ အလောင်းကြီးသည် မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားလေတော့သည်။
သူသည် ထိုအလောင်းကို ငုံ့ကြည့်လိုက်ရာ လည်ပင်းမှ သွေးများ စီးကျနေသည်အား မြင်တွေ့ရသည်။
သူသည် အလောင်း၏ ခြေထောက်ကို ဆွဲကာ သူ၏တဲအိမ်ဆီသို့ ခေါ်ဆောင်လာခဲ့ပြီး ကျန်ရှိနေသော အလောင်းများရှိရာ အနီးတွင်ပင် ပစ်ချလိုက်လေသည်။
သူသည် အလောင်းအားလုံးကို တစ်နေရာတည်းတွင် စုပုံလိုက်ရာ အလောင်းတောင်ငယ်လေး တစ်တောင်သဖွယ် ဖြစ်သွားတော့သည်။
မိလျာယီသည် ဒူးထောက်ထိုင်နေရင်း ထိုအဖြစ်အပျက် အလုံးစုံကို အသက်ရှူမှားလောက်အောင် ငေးကြည့်နေမိသည်။ သူမ၏ နှုတ်မှလည်း စကား တစ်ခွန်းမျှ ထွက်မလာတော့ချေ။ သူမ၏ စိတ်ဝိညာဉ်သည် ဗလာနတ္ထိ ဖြစ်သွားခဲ့ပြီဖြစ်ရာ ယခုဖြစ်ပျက်နေသမျှတို့သည် သူမအတွက်မူ အိပ်မက်ဆိုးတစ်ခုသဖွယ် ဖြစ်နေတော့သည်။
လုံချန်းသည် တဲအိမ်လေးအတွင်းသို့ ခေတ္တဝင်သွားပြီးနောက် ဆီများ ပြည့်နေသည့် ပုံးတစ်ပုံးကို ကိုင်ဆောင်ကာ ပြန်လည် ထွက်လာခဲ့သည်။
သူသည် အလောင်းပုံကြီးဆီသို့ လျှောက်သွားပြီး ဆီများကို လောင်းချလိုက်ရာ အလောင်းအားလုံးသည် ဆီများဖြင့် ရွှဲနစ်သွားတော့သည်။
ထို့နောက် သူသည် ထိုအလောင်းပုံကို မီးရှို့လိုက်ရာ မီးလျှံတို့သည် ဟုန်းခနဲ တောက်လောင်လာလေသည်။
လုံချန်းသည် မိလျာယီ၏အနားတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ပုခုံးကို ဖက်ထားကာ သေခြင်းတရားမှ ပေါက်ဖွားလာသော ထိုမီးလျှံတို့အား အတူတကွ စိုက်ကြည့်နေမိကြသည်။
"အခုတော့ အားလုံး ပြီးဆုံးသွားပြီ အမေ။ တွေ့လား... ဘာမှမဖြစ်ပါဘူး။ ဒီနေ့ ဒီနေရာကို ဘယ်သူမှ လာမှာမဟုတ်ဘူး။ တစ်ယောက်ယောက်က သံသယဝင်လာရင်တောင်မှ ကျွန်တော်တို့ကြောင့် ဒီလောက် လူအများကြီး ပျောက်ဆုံးသွားတယ်လို့ ဘယ်သူက ယုံမှာလဲ။ စိတ်အေးအေးထားပါတော့နော်" သူက နူးညံ့သိမ်မွေ့သော လေသံဖြင့် ချော့မြှူပြောဆိုလိုက်သည်။
မိလျာယီသည် လုံချန်းကို ပြန်လည်ကြည့်ရှုကာ သူ၏ဦးခေါင်းအား အသာအယာ ပွတ်သပ်ပေးနေမိသည်။
"သား... ဝိညာဉ်စစ်သည်တော် စွမ်းအားတွေ နိုးထလာပြီလား" သူမက ရုတ်တရက် မေးမြန်းလိုက်သည်။ သူမသည် ယနေ့ ဖြစ်ပျက်ခဲ့သော ဆိုးဝါးလှသည့် အခြင်းအရာတို့ကို ထပ်မံ မတွေးတောချင်တော့ပေ။ သူမ၏သားသည် လူသတ်ခြင်းအား မြက်ပင်ရိတ်သကဲ့သို့ လွယ်ကူစွာ ပြုလုပ်နေသည်ကိုလည်း မေ့ဖျောက်ထားလိုလှပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် ထိုလူသတ်မှုနှင့် ပတ်သက်၍ ဘာမှ မမေးမြန်းတော့ခြင်း ဖြစ်သည်။
"ဟင်... ကျွန်တော့်ရဲ့ စစ်ဝိညာဉ်လား" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူမသည် အဘယ်ကြောင့် ဤအချက်ကို မေးမြန်းရသနည်း။ သူ စာမေးပွဲ သွားဖြေသည်ကို သိနေခြင်းလော၊ သို့တည်းမဟုတ် အခြားကိစ္စ တစ်စုံတစ်ရာ ရှိနေခြင်းလော။
"မျက်တောင်တစ်ခတ်အတွင်းမှာ နေရာအနှံ့ကို ရောက်ရှိသွားနိုင်တဲ့ အစွမ်းလေ။ အဲဒီလို စွမ်းအားမျိုးပေးတဲ့ စစ်ဝိညာဉ်အကြောင်း အမေ တခါမှ မကြားဖူးဘူး။ ဒါဟာ တကယ့်ကို ရှားပါးလှတဲ့ စွမ်းအား ဖြစ်မှာပဲ" သူမက တိုးတိုးလေး ပြောလိုက်သည်။ လုံချန်း၏ နေရာရွှေ့ပြောင်းခြင်း စွမ်းအားကို မြင်တွေ့လိုက်ရသဖြင့် ၎င်းအား စစ်ဝိညာဉ်၏ စွမ်းအားဟု သူမ ထင်မှတ်လိုက်ခြင်း ဖြစ်သည်။
'ဪ... ဟုတ်သားပဲ။ ငါ နေရာရွှေ့ပြောင်းခြင်း သုံးလိုက်တာကိုး။ စစ်ဝိညာဉ်တစ်ခုခုနဲ့မှပဲ ဒါကို ရှင်းပြလို့ ရမှာပဲ' လုံချန်းက သူမ၏ ဆိုလိုရင်းကို သဘောပေါက်သွားလေသည်။
"ဟုတ်တယ် အမေ။ ကျွန်တော် ဝိညာဉ်စစ်သည်တော် ဝင်ခွင့်စာမေးပွဲ သွားဖြေခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ကျရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီကအပြန်မှာ ကျွန်တော့်ရဲ့ စစ်ဝိညာဉ် နိုးထလာတာကို သတိထားမိလိုက်တယ်။ ဝိညာဉ်ကြည့်မှန်ကြီးဆီက လှုံ့ဆော်မှု တစ်စုံတစ်ရာ ရရှိခဲ့တာ ဖြစ်ပါလိမ့်မယ်" လုံချန်းက ပြုံး၍ ရှင်းပြလိုက်သည်။
"သား စာမေးပွဲ သွားဖြေခဲ့တာလား။ ဘာလို့ အမေ့ကို ကြိုမပြောရတာလဲ" သူမက မေးလိုက်သည်။
"ကျွန်တော် အရွေးခံရပြီးမှ အမေ့ကို အံ့သြသွားအောင် လုပ်ချင်လို့ပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ အရွေးမခံခဲ့ရဘူး" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"စာမေးပွဲမှာ ဝိညာဉ်ကြည့်မှန်ကြီးကို သုံးခဲ့တာလား။ အဲဒီမှာ ဘယ်လိုစစ်ဝိညာဉ်မျိုးလို့ သူတို့က ပြောကြလဲ။ သားရဲ့ စစ်ဝိညာဉ်က ဒီလောက် ရှားပါးနေတာတောင် သူတို့က မရွေးချယ်ကြဘူးလား။ ဒါဟာ အတိတ်က အညှိုးအတေးတွေကြောင့်ပဲ ဖြစ်ရမယ်" သူမက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"မှန်ထဲမှာ ခရမ်းရောင် မြူနှင်းတွေပဲ ပြသခဲ့တာပါ။ ကျွန်တော့်ရဲ့ စစ်ဝိညာဉ်ဟာ အသုံးမကျတဲ့ ခရမ်းရောင် မြူနှင်း စစ်ဝိညာဉ်လို့ သူတို့က သတ်မှတ်ကြတယ်" လုံချန်းက ပြန်လည် ဖြေကြားလိုက်သည်။
"ခရမ်းရောင် မြူနှင်း စစ်ဝိညာဉ် ဟုတ်လား။ အဲဒါက နေရာပြောင်းခြင်း စွမ်းအား မရှိသင့်ဘူးလေ။ ဒါဟာ စစ်ဝိညာဉ်ရဲ့ မျိုးဗီဇပြောင်းလဲမှုကြောင့် အပိုဆောင်း စွမ်းရည်တွေ ရရှိလာတာများလား။ ဒါပဲ ဖြစ်ရမယ်" မိလျာယီက ခေါင်းညိတ်ရင်း ရေရွတ်သည်။
"တကယ်လို့ သားမှာ ဒီလိုစွမ်းအားမျိုး ရှိမှန်း သူတို့သိခဲ့ရင်... သူတို့က သားအပေါ် အရမ်းကြီး ဘက်မလိုက်ဘူးဆိုရင်တော့ နေရာတစ်ခု ပေးအပ်သင့်တာပေါ့" သူမက သက်ပြင်းချရင်း ထပ်လောင်း ပြောကြားလိုက်သည်။
လုံချန်းသည် သူမ၏ စကားကို ကြားသောအခါ ပြုံးလိုက်မိသည်။ သူ၏ အကြည့်တို့သည် အခုဆိုလျှင် ငြိမ်းလုနီးပါး ဖြစ်နေပြီဖြစ်သော မီးပုံဆီမှာပင် ရှိနေဆဲ ဖြစ်သည်။ အလောင်းတို့၏ ပြာကိုပင် မမြင်တွေ့ရတော့ချေ။
"သူတို့အတွက် စိတ်မပူပါနဲ့ အမေ။ အခု ကျွန်တော့်ရဲ့ စစ်ဝိညာဉ် နိုးထလာပြီဆိုတော့ ကျွန်တော်ဟာ ဝိညာဉ်စစ်သည်တော် တစ်ယောက် ဖြစ်နေပါပြီ။ ကြီးထွားဖို့အတွက် ဝိညာဉ်ကောလိပ်တွေ မလိုအပ်ပါဘူး။ သူတို့ မပါဘဲနဲ့လည်း ကျွန်တော် မြင့်တက်လာနိုင်ပါတယ်။ ကဲ... အိမ်ထဲ ဝင်ကြရအောင်" လုံချန်းက ပြန်လည် ဖြေကြားပြီး မီးပုံ လုံးဝငြိမ်းသွားသည်နှင့် မိလျာယီကို တွဲကာ အိမ်ထဲသို့ ခေါ်ဆောင်သွားလိုက်လေသည်။
မိလျာယီကို အိပ်ပျော်အောင် ပြုလုပ်ပေးပြီးနောက် လုံချန်းသည် တဲအိမ်အတွင်းမှ တစ်ဖန် ပြန်လည် ထွက်လာခဲ့သည်။
သူသည် တဲအိမ်ပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုကာ သွေးစက်လေးများအား ရှာဖွေပြီး မည်သူမျှ သဲလွန်စ မတွေ့ရှိနိုင်စေရန် သေသေချာချာ ရှင်းလင်းလိုက်သည်။
အားလုံး ရှင်းလင်းပြီးသောအခါ သူ အမြဲ ကျင့်ကြံလေ့ရှိသော တဲအိမ်၏ အမိုးပေါ်သို့ နေရာပြောင်းကာ တက်လိုက်လေသည်။
လှပလှသော ကောင်းကင်ယံကြီးကို ကြည့်ရှုရင်း တဲအိမ်အမိုးပေါ်တွင် သူသည် အေးချမ်းစွာ ထိုင်နေမိသည်။
အေးချမ်းလှသော ခဏတာ ကုန်ဆုံးသွားပြီးနောက် ဗာမီလီယံထံမှ ရရှိခဲ့သော ကတ်ပြားကို ထုတ်ယူကြည့်ရှုပြီး ၎င်းသည် အဘယ်အရာ ဖြစ်နိုင်မည်နည်းဟု သူ စဉ်းစားနေမိသည်။
"ငါ ဘာမှ နားမလည်ပါလား။ ရွှင်း... ဒါက ဘာလဲဆိုတာ နင် သိလား။ ဒါဟာ ဗာမီလီယံရဲ့ လိပ်စာကတ်များလား" သူက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဟားဟားဟား... မဟုတ်ဘူး။ ဒါဟာ သတင်းစကားပါရှိတဲ့ ကတ်ပြားပဲ" ရွှင်းက ပြန်လည် ဖြေကြားလိုက်သည်။
"သတင်းစကားပါတဲ့ ကတ်ပြား ဟုတ်လား။ အဲဒီပေါ်မှာ ရေးသားထားတာတွေကိုတောင် ငါ မဖတ်တတ်ဘဲနဲ့ ဒါကို ရရှိတာက ဘာထူးခြားမှာလဲ" လုံချန်းသည် ကတ်ပြားပေါ်မှ ထူးဆန်းသော စာလုံးများကို ကြည့်ကာ ခပ်ဟဟ ရယ်မောရင်း ပြောဆိုလိုက်သည်။
"အဲဒါ မဟုတ်ဘူး။ ကတ်ပေါ်က စာသားတွေကို ဖတ်ရှုဖို့ မလိုအပ်ပါဘူး။ သတင်းစကားကတ်က အဲဒီလိုမျိုး အလုပ်လုပ်တာ မဟုတ်ဘူး" ရွှင်းက ခေါင်းခါရင်း ပြောကြားလိုက်သည်။ "မျက်လုံးကို မှိတ်ပြီး ဒီကတ်ကို ပေးအပ်ခဲ့တဲ့သူရဲ့ နာမည်ကို ပြောလိုက်။ ဒါ ဘယ်လို အလုပ်လုပ်သလဲဆိုတာ နင် သိသွားလိမ့်မယ်"
လုံချန်းသည် ကတ်ပြားကို ခဏမျှ ထပ်မံ ကြည့်ရှုပြီးနောက် မျက်လုံးများကို မှိတ်လိုက်လေသည်။
"ဗာမီလီယံ" သူ တိုးတိုးလေး ရေရွတ်ပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
"ဟင်... ဒါက..."
သူ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ပတ်ပတ်လည်တွင် ရွှေရောင် အကာအကွယ်တစ်ခု ဝန်းရံနေသည်ကို တွေ့ရှိလိုက်ရသဖြင့် သူသည် တုန်လှုပ်သွားလေသည်။ သူသည် မတ်တတ်ရပ်လိုက်ပြီး ၎င်းသည် ထောင်ချောက်များ ဖြစ်နိုင်သလားဟု တွေးတောမိသွားသည်။
"စိတ်မပူပါနဲ့။ ဒါဟာ ထောင်ချောက် မဟုတ်ပါဘူး။ သတင်းစကားကတ်ကို အသုံးပြုရင် ဒီလိုမျိုးပဲ ဖြစ်ပေါ်တတ်တာပါ။ နင်ကလွဲလို့ တခြားသူတွေ ဒီသတင်းစကားကို မကြားရအောင် နင့်ရဲ့ပတ်ပတ်လည်မှာ အကာအကွယ် တစ်ခု ဖန်တီးလိုက်တာပဲ" ရွှင်းက ခဏမျှ ရယ်မောပြီးနောက် ပြောကြားလိုက်သည်။
"အဲဒါကို ကြို ပြောပြထားသင့်တာပေါ့" လုံချန်းက ပြန်လည် ထိုင်ချရင်း ပြောလိုက်သည်။
အကာအကွယ်ကို မြင်တွေ့ပြီး လန့်ဖျပ်သွားမိသည့်အတွက် သူ အနည်းငယ်မျှ ရှက်ရွံ့သွားမိသည်။
သူ၏လက်ထဲရှိ ကတ်ပြားသည် တောက်ပလာပြီး မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သို့သော် ထိုမီးလျှံတို့သည် လုံချန်းကို အန္တရာယ် တစ်စုံတစ်ရာ မပေးနိုင်သလို ပူလောင်ခြင်းလည်း မရှိချေ။ ၎င်းတို့သည် မြင်တွေ့နိုင်ရုံသာ မြင်တွေ့ရပြီး ထိတွေ့၍မရသော ပုံရိပ်ယောင် မီးလျှံများသဖွယ် ဖြစ်နေတော့သည်။