အခန်း (၆၉၃-၆၉၄)
Vol. 70 Ch. 693-694
အခန်း (၆၉၃) ဗာမီလီယံ၏ ရည်ရွယ်ချက်
ကတ်ပြားမှ ထွက်ပေါ်လာသော မီးလျှံတို့သည် ပုံသဏ္ဌာန် ပြောင်းလဲလာပြီး ဗာမီလီယံ ငှက်တစ်ကောင်အသွင်သို့ ကူးပြောင်းသွားလေသည်။ ထို့နောက် ထိုငှက်သည် တစ်ဖန် ပုံသဏ္ဌာန် ထပ်မံပြောင်းလဲသွားပြန်ရာ အက်ရှာ နိုင်ငံ၏ အကြီးမြတ်ဆုံးသော ဝိညာဉ်စစ်သည်တော်ကြီးတစ်ဦးအဖြစ် လူသိများသည့် ဗာမီလီယံ၏ အသွင်အပြင်သို့ ရောက်ရှိသွားတော့သည်။
"နေကောင်းရဲ့လား... ချန်းလေး။ မင်းကို ငါပြောပြချင်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေပေမဲ့ အရင်ဆုံးတော့ တောင်းပန်စကားနဲ့ပဲ စတင်ပါရစေ။ မင်းတို့ သားအမိ အကူအညီ အလိုအပ်ဆုံးအချိန်မှာ မင်းတို့ဘေးမှာ ငါမရှိပေးနိုင်ခဲ့တဲ့အတွက် မင်းနဲ့ မင်းရဲ့အမေကို အနူးအညွတ် တောင်းပန်ပါတယ်။ အရာအားလုံးကို ငါစောင့်ကြည့်နေခဲ့သလို မင်းတို့မှာ အပြစ်မရှိဘဲနဲ့ မတရား အပြစ်ပေးခံနေရတာကိုလည်း ငါမြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ငါ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ မင်းဆီကို ချက်ချင်းလာပြီး အမှန်တရားတွေ အားလုံးကို ပြောပြချင်ခဲ့ပေမဲ့ အဲဒီအချိန်တုန်းက အခြေအနေက မပေးသေးလို့ပါ" ဗာမီလီယံ၏ ပုံရိပ်ယောင်က လုံချန်းကို စတင်ပြောဆိုလိုက်သည်။
"ဒီနေ့ စမ်းသပ်ပွဲမှာ မင်းဆီမှာ ဝိညာဉ်စစ်သည်တော်တစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတာကို ငါရော တခြားသူတွေပါ မြင်တွေ့ခဲ့ရပြီ။ ဒါဟာ ဝိညာဉ်စစ်သည်တော် လမ်းစဉ်ပေါ်ကို မင်းစတင် လျှောက်လှမ်းဖို့ နိမိတ်ဖတ်လိုက်တာပါပဲ။ ဒါဟာ အလားအလာတစ်ခုပဲ ရှိသေးတာမို့ မင်းတကယ် ဝိညာဉ်စစ်သည်တော် ဖြစ်လာမယ်လို့ အာမ မခံနိုင်သေးပေမဲ့... မင်းဟာ သူ့ရဲ့သားပဲလေ။ မင်းအတွက် လိုအပ်တာက ဒီအလားအလာလေး တစ်ခုတည်းဆိုတာ ငါသိပါတယ်။ မင်းရဲ့ စစ်ဝိညာဉ်ကို နိုးထလာအောင် မင်း ဧကန်မုချ လုပ်ဆောင်နိုင်မှာပါ"
"ဒါကြောင့်လည်း အခုအချိန်က မင်းကို အမှန်တရားတွေ ပြောပြဖို့ အသင့်တော်ဆုံးအချိန်လို့ ငါယူဆခဲ့တာ။ မင်းအနေနဲ့ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ အက်ရှာနိုင်ငံကနေ မင်းတို့ စွန့်ခွာသွားကြဖို့ လိုအပ်တယ်။ ဒီနေရာက မင်းတို့အတွက် မဟုတ်တော့ဘူး။ ငါတို့ ထင်မှတ်ထားခဲ့သလို နိုင်ငံကြီး မဟုတ်တော့ဘူးလေ။ ငါတို့အားလုံး အထင်မှားခဲ့ကြတာပါ၊ မင်းရဲ့အဖေက နိုင်ငံအပေါ် ထားရှိခဲ့တဲ့ သူ့ရဲ့ယုံကြည်မှုအတွက် အကြီးမားဆုံးသော ပေးဆပ်မှုကို ပြုလုပ်သွားခဲ့ရပြီ" ဗာမီလီယံ၏ ပုံရိပ်ယောင်က ဆက်လက်ပြောကြားလေသည်။
လုံချန်းသည် ထိုစကားကို ကြားရလေလေ မျက်မှောင်ကြုတ်မိလေလေ ဖြစ်နေတော့သည်။ ဗာမီလီယံသည် အမှန်တကယ်ပင် ခိုင်လုံသော အကြောင်းပြချက်များ ရှိနေသည့် လူကောင်းတစ်ယောက် ဖြစ်ဟန်တူပေသည်။ သူသည် တစ်ခွန်းမျှ ပြန်မပြောဘဲ တိတ်ဆိတ်စွာ ဆက်လက် နားထောင်နေမိသည်။
"ဟုတ်ပါတယ်... မင်းရဲ့အဖေက နိုင်ငံကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ပါဘူး။ ငါတို့အားလုံးထဲမှာ သူဟာ နိုင်ငံကို အချစ်ဆုံးသူလို့တောင် ငါထင်မိပါတယ်။ သူက သစ္စာဖောက်မယ့်သူ မဟုတ်ပါဘူး၊ ဒါက သူ့ရဲ့သွေးထဲမှာ မရှိတဲ့အရာပါ။ သူက မတရား လုပ်ကြံခံခဲ့ရတာပါ။ ငါတို့အားလုံး လုပ်ကြံခံခဲ့ရတာ။ ဘယ်သူက ငါတို့ကို မတရားလုပ်ခဲ့လဲဆိုတာ မင်းကို ငါမပြောနိုင်သေးပေမဲ့ ငါပြောနိုင်တဲ့အရာကတော့... မင်းရဲ့အဖေက အဲဒီနေ့က ထွက်ပြေးသွားခဲ့တာ မဟုတ်ပါဘူး။ သူ သေဆုံးသွားခဲ့ပါပြီ"
ဗာမီလီယံသည် ဤနေရာအထိ ပြောဆိုပြီးနောက် ခေတ္တမျှ ရပ်နားလိုက်သည်။
'သူ ဘယ်သူ့ကိုမှ သစ္စာမဖောက်ခဲ့ဘူးဆိုတာ ငါသိတာပေါ့၊ ဒါက သိသာလွန်းပါတယ်။ ဒါပေမဲ့ သူသေဆုံးသွားခဲ့ပြီဆိုတာကိုတော့ ငါသံသယရှိခဲ့တယ်။ အခုတော့ အဲဒီသံသယက ရှင်းလင်းသွားပြီပေါ့။ ဒါပေမဲ့ အက်ရှာနိုင်ငံက ဘာလို့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေရတာလဲ။ သူတို့ရဲ့ အင်အားအကောင်းဆုံး ဝိညာဉ်စစ်သည်တော်ကို သတ်ပြီး စစ်ပွဲမှာ ဘာလို့ အရှုံးပေးခဲ့ရတာလဲ။ ဒါက လုံးဝ ယုတ္တိမရှိဘူး' လုံချန်းက မျက်မှောင်ကြုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း နိုင်ငံကနေ ထွက်သွားဖို့ လိုတယ်။ မင်းရဲ့အမေကိုခေါ်ပြီး အဝေးဆုံးကို ပြေးတော့။ ငါ မင်းအတွက် မြေပုံတစ်ခု ချန်ထားပေးခဲ့မယ်။ ဒီထက်ပိုပြီးတော့လည်း ငါ ဘာမှမပြောနိုင်တော့ဘူး။ ဒီနိုင်ငံက ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့။ မြေပုံမှာ အမှတ်အသားလုပ်ထားတဲ့ နေရာကို မင်းရဲ့အမေနဲ့အတူ သွားကြပါ။ အဲဒီမှာ မင်းတို့ ဘေးကင်းပါလိမ့်မယ်။ ထွက်သွားပြီးရင် ဘယ်တော့မှ ပြန်မလာပါနဲ့တော့။ ပြီးတော့ မင်းရဲ့အဖေ သေဆုံးသွားတဲ့အကြောင်းကိုလည်း မင်းအမေကို ပေးမသိပါနဲ့ဦး။ သွားတော့ ချန်းလေး... ငါ မင်းကို ကာကွယ်ပေးချင်ပေမဲ့ မင်းရဲ့ဒီဦးလေးက... မတတ်နိုင်တော့ဘူးကွာ" ဗာမီလီယံက ရေရွတ်ရင်း မီးလျှံတို့သည် တဖြည်းဖြည်း မှိန်ဖျော့သွားတော့သည်။ ဗာမီလီယံ၏ ပုံရိပ်သည် မီးလျှံများအတွင်း ပေါက်ကွဲသွားပြီးနောက် စာလိပ် တစ်စောင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ့ပတ်ဝန်းကျင်ရှိ အကာအကွယ်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လုံချန်းသည် ထိုစာစောင်ကို ကောက်ယူကာ ဖွင့်ကြည့်လိုက်ရာ အတွင်း၌ မြေပုံတစ်ပုံကို တွေ့ရှိလိုက်ရသည်။
"ဒါက ငါတို့ရှိနေတဲ့နေရာ ဖြစ်ရမယ်၊ ဒါကတော့ သူသွားခိုင်းတဲ့နေရာပေါ့။ သူ ရူးနေတာလား။ အိမ်နီးချင်းနိုင်ငံဆီကို မီတာထောင်ပေါင်းများစွာ ဝေးတဲ့ခရီးကို သွားခိုင်းနေတာပဲ။ ငါတို့မှာ ပိုက်ဆံတစ်ပြားမှ မရှိတာကို သူ မသိဘူးလား" လုံချန်းက ခပ်ဟဟ ရယ်မောရင်း ရေရွတ်လိုက်သည်။
သူပြောဆိုပြီးသည်နှင့် စာစောင်၏အနောက်ဘက်တွင် ကပ်ပါလာသော ပလွေတစ်ချောင်းကို တွေ့ရှိလိုက်ရသည်။
သူသည် စာစောင်ကို အနောက်သို့ လှန်ကြည့်လိုက်ရာ စာသားအချို့ ရေးသားထားသည်ကို မြင်တွေ့လိုက်ရသည်။
"ဝိညာဉ်လင်းယုန် ခေါ်ယူနိုင်တဲ့ ပလွေတဲ့လား" သူက စာစောင်နောက်ကျောမှ စာသားကို ဖတ်ရှုရင်း ရေရွတ်လိုက်သည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ သူက အရာအားလုံးကို ကြိုတင်တွေးတောထားပုံရတယ်။ ငါတို့ကို သယ်ဆောင်သွားမယ့် မိုးပျံ သားရဲကို ခေါ်ဖို့ ပလွေ တစ်ချောင်းပေါ့။ ဒါကို ဘာလို့ ငါ့ကို တည့်တည့် မပြောခဲ့တာလဲ မသိဘူး" သူက သက်ပြင်းချရင်း ဆိုလိုက်သည်။ သူသည် ထိုပလွေကို အင်္ကျီအတွင်း၌ သေသေချာချာ သိမ်းဆည်းလိုက်လေသည်။
"သူ့မှာ သူ့အကြောင်းပြချက်နဲ့သူ ရှိပါလိမ့်မယ်" ရွှင်းက စဉ်းစားဟန်ဖြင့် လုံချန်းကို ပြောလိုက်သည်။
'ဒါမှမဟုတ် သူက ငါ့ကို အမှန်တရားအားလုံး မပြောပြတာများလား၊ ဒါဟာ သူ့ရဲ့ အကြံအစည်တစ်ခုများလား။ ငါ သူ့ကို မျက်စိမှိတ်ပြီးတော့တော့ မယုံကြည်နိုင်ဘူး၊ ဒါပေမဲ့ သူက ငါတို့ကို သတ်ချင်ရင်လည်း အလွယ်တကူ သတ်နိုင်တာပဲလေ။ ငါတို့အပေါ် ဘာလို့ အကွက်ဆင်နေရမှာလဲ။ တစ်ဖက်က ပြန်ကြည့်ရင်လည်း ဗာမီလီယံကိုတောင် ခြိမ်းခြောက်နိုင်တဲ့လူတွေက ငါတို့ကို သတ်ချင်ရင် အရင်ကတည်းက သတ်လို့ရတာပဲ။ ဘာလို့ အခုအထိ စောင့်နေမှာလဲ'
လုံချန်းသည် တွေးလေလေ ပို၍ ဇဝေဇဝါ ဖြစ်လေလေပင်။
"ငါတစ်ယောက်တည်းဆိုရင်တော့ ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ဘူး။ ဒီမှာပဲ အေးအေးဆေးဆေး ကျင့်ကြံနေမှာပေါ့။ ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ်လေ၊ ဒါပေမဲ့ ဖူချန်းရဲ့ အမေကတော့ ရှိသေးတယ်မဟုတ်လား။ ဗာမီလီယံ ပြောတာသာ အမှန်ဆိုရင်တော့ သူ့အတွက် အကာအကွယ် လိုအပ်လိမ့်မယ်" လုံချန်းက မြေပုံကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"နေပါဦး... ဒီနေရာက အက်ရှာပြည်ထောင်စုရဲ့ နယ်စပ်နားမှာ မဟုတ်လား။ အက်ရှာရဲ့ နယ်နှင်ဒဏ်ပေးခံထားရတဲ့ မင်းသား စောင့်ကြပ်နေတဲ့ နေရာနဲ့ အရမ်းနီးတာပဲ။ စိတ်ဝင်စားစရာပဲ" လုံချန်းက ပြုံးလျက် ဆိုလေသည်။
"ဒါဟာ ငါ့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်လာနိုင်တယ်" သူက ပြောဆိုကာ မတ်တတ်ရပ်လိုက်သည်။
"ဘာဆုံးဖြတ်လိုက်ပြီလဲ။ နင် ထွက်သွားတော့မလို့လား" ရွှင်းက လုံချန်းကို မေးမြန်းလိုက်သည်။
လုံချန်းသည် ရွှင်းကို ပြန်လည်ကြည့်ရှုကာ သူမ၏ နူးညံ့လှသော ပါးပြင်လေးပေါ်သို့ သူ၏လက်ချောင်းများအား တင်လိုက်လေသည်။
"သွားမှာပေါ့။ ဒီမှာ ဒီအတိုင်း နေနေရတာထက်စာရင် အဲဒီခရီးက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ" ထိုသို့ ပြောဆိုကာ သူသည် တစ်ဖန် ပြန်လည် ထိုင်ချလိုက်ပြန်သည်။
"အမေ အခုမှ အိပ်ပျော်သွားတာ။ ခဏလောက် အိပ်ပါစေဦး။ အဲဒီအတောအတွင်းမှာ ငါ ကျင့်ကြံနေလိုက်မယ်။ ငါ့ရဲ့ စွမ်းအားကို ငါ့ လိုအပ်သလောက် မြှင့်တင်ဖို့ လိုအပ်တယ်။ နိယာမတွေအပေါ်မှာပဲ အမြဲတမ်း အားကိုးနေလို့ မဖြစ်ဘူးလေ" သူက ရေရွတ်ကာ မျက်လုံးများအား မှိတ်၍ ကျင့်ကြံခြင်းကို စတင် လိုက်လေတော့သည်။
'ဟင်း... အနည်းဆုံးတော့ နင်က ဒီစမ်းသပ်မှုမှာ ပိုပြီး ဝီရိယရှိလာတာပဲ။ ဒီခန္ဓာကိုယ်ကို သေသေချာချာ ကျင့်ကြံထားပါ... ဘာလို့လဲဆိုတော့ စမ်းသပ်မှု ပြီးဆုံးသွားတဲ့အခါကျရင်...'
ရွှင်းသည် တစ်စုံတစ်ခုကို တွေးတောရင်း လုံချန်းအား စိုက်ကြည့်နေမိသည်။
လုံချန်းသည် တစ်နေ့လုံး ကျင့်ကြံအားထုတ်နေခဲ့ပြီး သန်းခေါင်ယံအချိန် ရောက်သောအခါမှ မျက်လုံးများကို ဖွင့်လိုက်လေသည်။
သူသည် မတ်တတ်ရပ်ကာ လက်များကို ဆန့်တန်းရင်း သမ်းဝေလိုက်သည်။
"သွားရမယ့် အချိန်ရောက်ပြီ" သူက ရေရွတ်ကာ တဲအိမ်အမိုးပေါ်မှ ခုန်ချလိုက်ရာ မြေပြင်ပေါ်သို့ သက်တောင့်သက်သာ ဆင်းသက်နိုင်ခဲ့လေသည်။
တစ်နေ့လုံး ကျင့်ကြံပြီးနောက် လုံချန်းသည် အမိုးပေါ်မှ ခုန်ချကာ တဲအိမ်လေးအတွင်းသို့ ဝင်သွားလေသည်။
မိလျာယီသည် နိုးနေပြီဖြစ်ကြောင်း သူတွေ့ရှိလိုက်ရသည်။ သူမသည် ညစာအတွက် တစ်စုံတစ်ခုကို ချက်ပြုတ်နေဟန် တူပေသည်။
"အမေ..." လုံချန်းသည် သူမ၏အနောက်တွင် ရပ်ရင်း လှမ်းခေါ်လိုက်သည်။
"ဪ... သား ပြန်လာပြီလား။ ထိုင်ဦးလေ... ထမင်းက မကြာခင် အဆင်သင့်ဖြစ်တော့မှာပါ" သူမက အပြုံးလေးဖြင့် လှည့်ကြည့်ကာ ပြောဆိုလိုက်သည်။
"ကျွန်တော် အမေ့ကို ပြောပြစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်" လုံချန်းက တည်ငြိမ် လေးနက်လှသော လေသံဖြင့် ပြောလိုက်လေတော့သည်။
အခန်း (၆၉၄) ဝိညာဉ်သားရဲ
"ဟင်... ဘာကိစ္စများလဲ သားရဲ့" မိလျာယီက စူးစမ်းစွာ မေးမြန်းလိုက်သည်။
"ကျွန်တော် ဒီနိုင်ငံကနေ ထွက်သွားချင်တယ်အမေ။ ဒီနေရာက ကျွန်တော်တို့အတွက် မသင့်တော်တော့ဘူး" လုံချန်းက သူမ၏အနားတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။
"အမေ နားလည်ပါတယ်သားရယ်။ ဒီနိုင်ငံမှာ ရှိတဲ့သူတိုင်းက အမေတို့ကို မုန်းတီးကြတာပဲ။ ဒါပေမဲ့ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပိုက်ဆံမရှိဘဲနဲ့ ဒီမြို့ကနေတောင် ထွက်လို့ရမှာမဟုတ်ဘူး၊ နိုင်ငံကနေ ထွက်ဖို့ဆိုတာ ဝေလာဝေးပေါ့။ တကယ်လို့ အမေတို့မှာ ပိုက်ဆံရှိလို့ ရထားလုံးတစ်စီး ငှားနိုင်ခဲ့ရင်တောင် ဒီကလူတွေက အမေတို့ကို အလွတ်ပေးကြမှာ မဟုတ်ဘူး" မိလျာယီက သက်ပြင်းချရင်း ဆိုရှာသည်။
"သူတို့အတွက် စိတ်ပူစရာမလိုပါဘူး။ ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်။ ဒီနေ့ညစာ စားပြီးတာနဲ့ ကျွန်တော်တို့ ထွက်ကြမယ်။ အနီးအနားက တခြားနိုင်ငံ တစ်နိုင်ငံကိုသွားပြီး ဒီဒုက္ခတွေနဲ့ ဝေးရာမှာ ပိုကောင်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ကြမယ်လေ" လုံချန်းက သူမ၏ ပုခုံးကို ပုတ်ရင်း အားပေးစကား ဆိုလိုက်သည်။
"အမေ... အမေ မလိုက်နိုင်ဘူး" မိလျာယီက ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက် ခေါင်းခါယမ်းကာ ငြင်းဆိုလိုက်သည်။
"ဘာဖြစ်လို့လဲ အမေရဲ့" လုံချန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"သားရဲ့အဖေလေ... တကယ်လို့ သူသာ တစ်နေ့နေ့မှာ ပြန်လာခဲ့ရင် အမေတို့ကို ဒီမှာပဲ အလွယ်တကူ ရှာတွေ့နိုင်မှာ။ အမေတို့သာ ထွက်သွားခဲ့ရင် သူ အမေတို့ကို ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး" မိလီယာယီက သက်ပြင်းတစ်ချက်ချရင်း ဖွင့်ဟလိုက်သည်။
"ဒါပေမဲ့ သူက..." လုံချန်းသည် သူမ စောင့်မျှော်နေသောသူမှာ သေဆုံးသွားပြီဖြစ်ကြောင်း ရုတ်တရက် လွှတ်ခနဲ ပြောမိတော့မည့်ဆဲဆဲတွင် မိမိကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်လိုက်ရသည်။ ပြန်လည် ရုပ်သိမ်း၍မရနိုင်သော စကားလုံးတို့ကို မပြောမိစေရန် သူ သတိထားလိုက်ခြင်း ဖြစ်သည်။
"စိတ်မပူပါနဲ့ အမေ။ တကယ်လို့ သူသာ ဒီကိုပြန်လာခဲ့ရင် ကျွန်တော်တို့ ဘယ်မှာရှိနေမလဲဆိုတာ သူ သိအောင် ကျွန်တော် စီစဉ်ထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ညတော့ ကျွန်တော်တို့ ဒီကနေ ထွက်သွားရမယ်" သူက သူမအား နားဝင်အောင် ဖျောင်းဖျပြောဆိုလိုက်သည်။
"သားက ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ။ တစ်ခုခု ဖြစ်လို့လား။ သား လူသတ်ခဲ့တာကို တစ်ယောက်ယောက်က သိသွားလို့လား" မိလျာယီသည် စိုးရိမ်တကြီးဖြင့် မတ်တတ်ရပ်ကာ မေးမြန်းလိုက်လေသည်။
လုံချန်းသည် ထိုစကားကို ကြားသောအခါ ၎င်းသည် အကောင်းဆုံးသော အခွင့်အရေးဖြစ်ကြောင်း သိလိုက်ရသဖြင့် ဆင်ခြေတစ်ခုအဖြစ် အသုံးချရန် ဆုံးဖြတ်လိုက်သည်။
"ဟုတ်တယ် အမေ။ အဲဒါကြောင့်ပဲ။ ဒီနေ့ သား မြို့ထဲကိုသွားတော့ ပျောက်ဆုံးနေတဲ့ လူတွေကို လိုက်ရှာနေတဲ့ လူတချို့ကို တွေ့ခဲ့တယ်။ သူတို့ ဒီနေရာကို ရောက်လာဖို့ သိပ်မကြာတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီညပဲ မဖြစ်မနေ ထွက်သွားရမယ်" လုံချန်းက ပြောလိုက်သည်။
"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။ မြို့အဝင်အထွက်မှာ အစောင့်တွေရှိနေတာလေ။ ပြီးတော့ ဒီအတွက် ပိုက်ဆံအများကြီး လိုအပ်သလို ပိုက်ဆံရှိရင်တောင် အမေတို့ကို ခေါ်သွားပေးမယ့် ရထားလုံးဆရာ ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒီလိုလုပ်ရင်ကော... အမေတို့ ဒီမှာပဲ ဆက်နေကြရအောင်။ တစ်ယောက်ယောက်က အမေတို့ကို လာရှာခဲ့ရင် အဲဒီလူတွေကို သတ်တာ အမေပါလို့ အမေပဲ အပြစ်ခံယူလိုက်မယ်လေ" မိလျာယီက ရှေ့သို့တိုးကာ လုံချန်း၏ ဦးခေါင်းပေါ်သို့ လက်တင်ရင်း ဆိုရှာသည်။
"အမေ အဲဒီလို လုပ်ဖို့မလိုပါဘူး။ ထွက်သွားဖို့အတွက် ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်။ ကျွန်တော် ဝိညာဉ်သားရဲ ခေါ်ယူနိုင်တဲ့ ပလွေတစ်ချောင်း ရထားတယ်လေ။ အဲဒါက ကျွန်တော်တို့ကို သယ်ဆောင်သွားဖို့ ဝိညာဉ်လင်းယုန်တစ်ကောင်ကို ခေါ်ပေးလိမ့်မယ်။ ခဏလေးအတွင်းမှာပဲ ကျွန်တော်တို့ မြို့ပြင်ကို ရောက်သွားမှာပါ" လုံချန်းက သူမ၏ စိုးရိမ်မှုများ ပြေလျော့စေရန် ပြောပြလိုက်သည်။
"အရင်ဆုံး ထမင်းစားကြရအောင်နော်။ ကျွန်တော် တော်တော် ဗိုက်ဆာနေပြီ။ စားသောက်ပြီးတာနဲ့ ခရီးစကြတာပေါ့" သူက ပြုံးလျက် ထပ်လောင်းပြောဆိုလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်နာရီခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လုံချန်းနှင့် မိလျာယီတို့သည် ညစာစားပြီးရုံတင်မကဘဲ ယူဆောင်သွားရန် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကိုလည်း သေသေချာချာ ထုပ်ပိုးပြင်ဆင်ပြီး ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် တဲအိမ်လေးအတွင်းမှ ထွက်လာခဲ့ကြရာ တောက်ပသော လရောင်အောက်သို့ ရောက်ရှိလာခဲ့ကြသည်။
လုံချန်းသည် ဗာမီလီယံ ပေးအပ်ခဲ့သော သားရဲခေါ်ယူသည့် ပလွေကို ထုတ်ယူကာ မှုတ်လိုက်လေသည်။ သီးသန့်တေးသွားတစ်ခု ရှိမနေသဖြင့် သူသည် စိတ်ထဲရှိရာ တေးသွားတစ်ခုကိုသာ ကြုံသလို မှုတ်လိုက်ခြင်း ဖြစ်သည်။
လုံချန်း ပလွေ မှုတ်နေသော်လည်း မည်သည်မျှ ထူးခြားမှု မရှိချေ။ ငါးမိနစ်ခန့် ကြာမြင့်သွားသည့်တိုင်အောင် မည်သည်မျှ ပေါ်ထွက်မလာခဲ့ပေ။
သူသည် သူ၏ရှေ့တွင် ဝိညာဉ်လင်းယုန် ထွက်ပေါ်လာမည့် ဆင့်ခေါ်ခြင်း နယ်ပယ်တစ်ခု ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ထိုသို့ ဖြစ်မလာခဲ့ချေ။
"ဒါက ဘာဖြစ်နေတာလဲ" သူက ပလွေကို ထူးထူးဆန်းဆန်း ကြည့်ရင်း ရေရွတ်လိုက်သည်။
ပလွေ ပျက်နေသည်လားဟု လုံချန်း တွေးတောနေစဉ်မှာပင် အဝေးတစ်နေရာမှ စူးရှသော အော်မြည်သံတစ်သံကို ကြားလိုက်ရလေသည်။
သူသည် ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ဆယ့်ငါးပေခန့် ရှည်လျားသော လင်းယုန်ကြီးတစ်ကောင် သူ၏ထံသို့ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုလင်းယုန်ကြီး၏ တောင်ပံတစ်ဖက်စီမှာပင် ဆယ်ပေခန့်စီ ရှည်လျားလှပေသည်။
"ဪ... ဒါက ခေါ်ယူခြင်းဆိုတာကိုး။ လင်းယုန်ကို ချက်ချင်း ဖန်တီးပေးတာမျိုး မဟုတ်ဘဲ အနီးအနားမှာရှိတဲ့ ဝိညာဉ်လင်းယုန်ကို လှမ်းခေါ်လိုက်တာပဲ" လုံချန်းက သူ၏ရှေ့တွင် ဆင်းသက်လာသော ဝိညာဉ်လင်းယုန်ကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။
"သွားရအောင် အမေ" သူက ပြောဆိုကာ မိလျာယီ၏ လက်ကို ဆွဲ၍ ဝိညာဉ်လင်းယုန်ကြီး၏ ကျောပေါ်သို့ တက်လိုက်လေတော့သည်။
ဝိညာဉ်လင်းယုန်ကြီးသည် ကောင်းကင်ယံသို့ မြင့်မားစွာ ပျံတက်သွားပြီးနောက် အဝေးသို့ ပျံသန်းသွားလေသည်။ လင်းယုန်ကြီး၏ တောင်ပံခတ်သံများသည် လေထုကို တိုးဝှေ့လျက် ရှေ့သို့ အရှိန်အဟုန်ဖြင့် တွန်းပို့နေတော့သည်။
လုံချန်းသည် မြေပုံပါရှိသော စာစောင်ကို ဖွင့်ကြည့်ကာ ဝိညာဉ်လင်းယုန်ကြီးအား လမ်းညွှန်ပေးနေလိုက်သည်။
မြို့တွင်းရှိ နေရာတစ်နေရာ၌ အမျိုးသားတစ်ဦးသည် အခန်းအတွင်း ထိုင်နေရင်း စာရွက်တစ်ရွက်ကို ကြည့်ရှုနေသည်။ သူသည် သက်ပြင်းတစ်ချက်ချကာ ထိုစာရွက်ကို ပြန်လည် ခေါက်လိုက်လေသည်။
"သူ အရာအားလုံးကို ကြားပြီးလောက်ပြီ။ သူ နားလည်ပြီး ထွက်သွားလောက်ပြီလို့ ငါ မျှော်လင့်ပါတယ်။ သေသေချာချာ သိရအောင် တစ်ခေါက်လောက် သွားစစ်ကြည့်ရမလား" သူက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
နောက်ဆုံးတွင် ထိုအမျိုးသားသည် စိတ်မရှည်တော့ဘဲ မတ်တတ်ရပ်လိုက်လေသည်။ သူသည် အပြင်သို့ ထွက်ရန် ခြေလှမ်းလိုက်သော်လည်း တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏မျက်မှောင်တို့ ပို၍ပင် ကြုတ်သွားတော့သည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ" ထိုအမျိုးသားက တံခါးအပြင်ဘက်တွင် ရပ်နေသော အခြားအမျိုးသားတစ်ဦးကို ကြည့်ကာ မေးလိုက်သည်။ ထိုသူမှာ ဆံပင်အနီရောင်နှင့် အမျိုးသားတစ်ဦး ဖြစ်သည်။
ထိုသူသည် အသက် လေးဆယ်အစောပိုင်းအရွယ်ခန့် ရှိပုံရပြီး သူ၏ပတ်ဝန်းကျင်၌ ရက်စက်ကြမ်းကြုတ်လှသော အငွေ့အသက်များ လွှမ်းမိုးနေသည်။
"ဘာလို့လဲ... ဆရာကြီး ဗာမီလီယံရဲ့ အိမ်ကို ကျွန်တော်တို့ လာလည်လို့ မရဘူးလား" ဆံပင်နီနှင့် အမျိုးသားက ဗာမီလီယံကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"မင်းက ဘုရင့်တပ်မတော်ရဲ့ ဗိုလ်ချုပ်ပဲ။ မင်း လာနိုင်တာပေါ့၊ ဒါပေမဲ့ မင်းက အကြောင်းမရှိဘဲ ဘယ်တော့မှ မလာတတ်ဘူး။ နန်းတွင်းဆရာကြီးက မင်းကို လွှတ်လိုက်တာလား" ဗာမီလီယံက မေးမြန်းရင်း သူ၏နေရာသို့ ပြန်လည် ထိုင်ချလိုက်သည်။
"ဟုတ်ပါတယ်။ နန်းတွင်းဆရာကြီးက ဆရာကြီးနဲ့ တစ်ခုခု ဆွေးနွေးဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ" ဆံပင်နီနှင့် အမျိုးသားက အခန်းထဲသို့ ဝင်လာရင်း တံခါးကို ပြန်လည် ပိတ်လိုက်လေသည်။
"မြောက်ဘက်နယ်စပ်က ကျွန်တော်တို့ရဲ့ ခံစစ်ဗျူဟာအကြောင်းနဲ့ အဲဒါကို ဘယ်လို ပိုကောင်းမွန်အောင် လုပ်မလဲဆိုတာ ဆွေးနွေးချင်လို့ပါ။ ဆရာကြီးဆီက အကြံဉာဏ်ယူဖို့ နန်းတွင်းဆရာကြီးက မှာလိုက်ပါတယ်" ဗိုလ်ချုပ်က ပြောဆိုလိုက်သည်။
"ဒီလို သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ နန်းတွင်းဆရာကြီးက မင်းကို ဒီအထိ လွှတ်လိုက်တာလား။ ဒါက ယုတ္တိမရှိလိုက်တာ" ဗာမီလီယံက ပို၍ပင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟားဟားဟား... ဆရာကြီးလည်း သိတဲ့အတိုင်း နန်းတွင်းဆရာကြီးက သေးငယ်တဲ့ ကိစ္စလေးတွေကိုတောင် အလေးအနက်ထားတတ်တာလေ။ ဒါက ဘာမှ မထူးဆန်းပါဘူး။ ဒါနဲ့... မူလအကြောင်းအရာကို ပြန်သွားရအောင်။ အခု လောလောဆယ်မှာ ကျွန်တော်တို့မှာ ဒီဗျူဟာရှိနေတယ်၊ ဒါပေမဲ့ အချို့အပြောင်းအလဲတွေ လုပ်ချင်တယ်" ဗိုလ်ချုပ် ဝေါဟု သိရသော ဆံပင်နီနှင့် အမျိုးသားက တောင်ဘက်နယ်စပ် မြေပုံကို ဖြန့်ရင်း ပြောဆိုလိုက်လေသည်။
ထိုစံအိမ်ကြီးနှင့် ဝေးကွာသော နေရာ၌မူ လူအနည်းငယ်သည် မိလျာယီနှင့် လုံချန်းတို့၏ တဲအိမ်လေး အပြင်ဘက်တွင် ပေါ်လာခဲ့ကြသည်။ သူတို့သည် တဲအိမ်လေးကို ဝန်းရံထားကြသည်။
ထိုသူတို့သည် တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး မျက်နှာများကိုလည်း အမှောင်ထုနှင့် တစ်သားတည်း ဖြစ်သွားစေမည့် မျက်နှာဖုံးများ စွပ်ထားကြသည်။ သူတို့သည် ညမှောင်မှောင်ထဲတွင် လုံးဝ ရောနှော ပျောက်ကွယ်နေပုံရတော့သည်။