အခန်း (၆၉၉-၇၀၀)
Vol. 70 Ch. 699-700
အခန်း (၆၉၉) ထျန်းရှန်း၏ အရှုံး
"ဝိညာဉ်စစ်သည်တော်တွေကို အထင်မသေးပါနဲ့။ သူလည်း အဲဒီလို အမှားမျိုး လုပ်ခဲ့ဖူးတယ်" ရွှင်းက သက်ပြင်းချရင်း ကြားဖြတ်ပြောလိုက်သည်။
"ဘာကို ဆိုလိုတာလဲ။ ထျန်းရှန်အကြောင်း ပြောနေတာလား။ သူက ဒီကမ္ဘာက ဝိညာဉ်စစ်သည်တော်တစ်ယောက်ကို ရှုံးခဲ့တာလား" လုံချန်းက ပြုံးလျက် မေးလိုက်သည်။ "ဒါက စိတ်ဝင်စားဖို့ကောင်းသားပဲ။ နင်ပြောတုန်းကတော့ သူဟာ ပြိုင်ဘက်ကင်းတဲ့ လူတစ်ယောက်လိုလိုနဲ့... အခုကျတော့ ဒီမှာ ရှုံးနိမ့်ခဲ့တယ်ပေါ့ ဟုတ်လား"
"ဟုတ်တယ်... သူ ရှုံးခဲ့တယ်၊ ဒါပေမဲ့ မရှုံးခဲ့ဘူးလို့လည်း ပြောလို့ရတယ်" ရွှင်းက သက်ပြင်းချရင်း ပြန်ဖြေသည်။
"ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ အပိုင်းမှာတော့... ဘယ်သူမှ တကယ် ပြိုင်ဘက်ကင်းတာ မဟုတ်ပါဘူး" ဟု သူမက ဆက်ပြောလိုက်သည်။
"ရှုံးခဲ့တယ်... ဒါပေမဲ့ မရှုံးခဲ့ဘူးဆိုတာက ဘာကို ဆိုလိုတာလဲ။ သူ တစ်ယောက်ယောက်နဲ့ တိုက်တုန်းက သရေကျခဲ့တာလား" လုံချန်းက စူးစမ်းလိုက်သည်။
"သူက တစ်ခါတလေကျရင် နင့်လိုပဲ တော်တော်လေး မာနကြီးတတ်တယ်။ သူဟာ ဒီကမ္ဘာက ဝိညာဉ်စစ်သည်တော် တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ အဲဒီတိုက်ပွဲက ထျန်းရှန်အတွက် ခက်ခက်ခဲခဲနဲ့ သရေကျမယ့် အနေအထားမျိုး ဖြစ်နေခဲ့တာ"
"အဲဒီတိုက်ပွဲမှာ သူက သူ့ရဲ့ ရတနာတွေ ဒါမှမဟုတ် နိယာမတွေကို အသုံးမပြုခဲ့ပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို သရေကျလောက်တဲ့အထိ ယှဉ်တိုက်နိုင်တာကို ထျန်းရှန်ကိုယ်တိုင် အံ့ဩခဲ့ရတယ်။ ဒါပေမဲ့ ကံမကောင်းတာက တိုက်ပွဲအလယ်မှာ တစ်ယောက်ယောက်က ထျန်းရှန်ရဲ့ ပြိုင်ဘက်ကို နောက်ကနေ ခိုးတိုက်လိုက်တာပဲ။ ထျန်းရှန်က သူ့တိုက်ပွဲကို လာနှောင့်ယှက်တဲ့သူကို သတ်ပစ်လိုက်ပေမဲ့ သူနဲ့ ယှဉ်တိုက်နေတဲ့ ဝိညာဉ်စစ်သည်တော်ကိုတော့ မကယ်တင်နိုင်ခဲ့ဘူး" ရွှင်းက လုံချန်းကို ပြောပြလိုက်သည်။
"ထျန်းရှန်က အဲဒီတိုက်ပွဲကို သူ့ရဲ့ အရှုံးအဖြစ် သတ်မှတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူ့အမြင်မှာ သရေကျနေတာက ရှုံးနိမ့်မှုနဲ့ အတူတူပဲလေ" သူမက ထပ်လောင်းပြောဆိုသည်။
"သရေကျတာက အရှုံးတဲ့လား... စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ငါလည်း အဲဒီလို စိတ်ဓာတ်မျိုး ထားသင့်တာပေါ့" လုံချန်းက နောက်ပြောင်သလို ရေရွတ်လိုက်သည်။
"ဪ... ဒါနဲ့ သတိရတုန်း ပြောပြရဦးမယ်။ ဟိုပစ္စည်းကလည်း ဒီကမ္ဘာမှာပဲ ရှိနေရမယ်" ရွှင်းက ရုတ်တရက် သတိရဟန်ဖြင့် ဆိုလိုက်သည်။
"ဟိုပစ္စည်း ဟုတ်လား၊ အဲဒါက ဘာလဲ" လုံချန်းက အံ့အားသင့်စွာ မေးလိုက်သည်။
"ဖီးနစ်သွေးဝတ်စုံလေ" ရွှင်းက ပြောလိုက်သည်။
"ဖီးနစ်သွေးဝတ်စုံ ဟုတ်လား။ ကြည့်ရတာ ရတနာတစ်ခုခု ဖြစ်ပုံရတယ်" လုံချန်းက တုံ့ပြန်လိုက်သည်။
"ဟုတ်တယ်။ အဲဒါက တကယ့်ကို အစွမ်းထက်တဲ့ ကာကွယ်ရေး လက်နက်တစ်ခုပဲ။ တကယ်လို့ နင်သာ အဲဒါကို ရနိုင်ရင် အများကြီး ပိုပြီး သန်မာလာလိမ့်မယ်။ အဲဒီတုန်းက ထျန်းရှန်က ဒီဝတ်စုံကို ပိုင်ဆိုင်ခဲ့တာ။ သူ့ရဲ့ပြိုင်ဘက် သေဆုံးသွားတာကို မြင်ပြီးနောက်မှာ သူက ဒီဝတ်စုံကို အဲဒီလူရဲ့ ဇနီးဆီ ပေးခဲ့တယ်။ အဲဒါက လွန်ခဲ့တဲ့ အချိန်အတော်ကြာက ဖြစ်ခဲ့တာဆိုတော့ အခု အဲဒီဝတ်စုံ ဘယ်မှာရှိမလဲဆိုတာ ငါ မသိတော့ဘူး။ ဒါပေမဲ့ အဲဒါက သူတော်စင်အဆင့် လက်နက်တစ်ခုထက် မနိမ့်နိုင်ဘူး" ရွှင်းက ခေါင်းညိတ်ရင်း ဆိုသည်။
"သူတော်စင်အဆင့် လက်နက် ဟုတ်လား။ အဲဒါက ကောင်းကင်အဆင့်ထက် တစ်ဆင့် ပိုမြင့်တာ မဟုတ်လား။ ကောင်းကင်ဧကရာဇ် ချိတ်ပိတ်ထားတဲ့ ဒီဂြိုဟ်ထဲကို ထျန်းရှန် ခိုးဝင်တုန်းက သူက သူတော်စင်နယ်ပယ် ကျင့်ကြံသူပဲ ရှိသေးတာလား။ ပြီးတော့ ဒီကမ္ဘာက လူတစ်ယောက်က သူ့ကို သရေကျအောင် တိုက်နိုင်တယ် ဟုတ်လား။ တောက်... ဒီကမ္ဘာက ဝိညာဉ်စစ်သည်တော်တွေက တကယ့် သူတော်စင်နယ်ပယ် ကျင့်ကြံသူတွေလောက် သန်မာတာလား။ ဒီတတိယမြောက် စမ်းသပ်မှုက ဘယ်လောက်တောင် ခက်ခဲနေရတာလဲ" လုံချန်းက ရွှင်းကို စိတ်ပျက်လက်ပျက် ကြည့်ကာ အော်လိုက်သည်။
"မဟုတ်ဘူး။ အဲဒီတုန်းက သူက သူတော်စင်နယ်ပယ် ကျင့်ကြံသူ မဟုတ်သေးဘူး။ သူက မြေကမ္ဘာနယ်ပယ် ကျင့်ကြံသူပဲ ရှိသေးတာ" ရွှင်းက ခေါင်းခါရင်း ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လုံချန်း၏ စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်သွားတော့သည်။ သူသည် ရွှင်းကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။
"မြေကမ္ဘာနယ်ပယ် ဟုတ်လား။ သူက ငါ့အိမ်မှာတုန်းက ငါ့ထက်တောင် အားနည်းတဲ့ အဆင့်နဲ့ ကမ္ဘာတွေကြား ကူးသန်းပြီး ချိတ်ပိတ်ထားတဲ့ ဂြိုဟ်တွေထဲကို ခိုးဝင်နေတာပေါ့။ ပြီးတော့ သူက မြေကမ္ဘာနယ်ပယ် ကျင့်ကြံသူ ဖြစ်နေပါလျက်နဲ့ သူတော်စင်အဆင့် လက်နက်တွေ ရှိနေပြီး ငါ့မှာကျတော့ မြေကမ္ဘာအဆင့် လက်နက်တွေပဲ ရှိတာလား" လုံချန်းက စိတ်ပျက်စွာ ပြောလိုက်သည်။
"ဒါက အံ့ဩစရာမှ မဟုတ်တာ။ တကယ်လို့ နင်သာ အချိန်ဓားကို ရှာတွေ့ခဲ့ရင် နင်က ကောင်းကင်နယ်ပယ် ကျင့်ကြံသူပဲ ရှိသေးပေမဲ့ နတ်ဘုရားအဆင့် လက်နက်ကို ပိုင်ဆိုင်နိုင်မှာပဲလေ" ရွှင်းက ပြုံးလျက် ပြောလိုက်သည်။ "ဒါက ကံတရားနဲ့ စွန့်စားမှုအပေါ်မှာပဲ မူတည်တာပါ"
"ဟင်း... အချိန်ဓားကို ရှာတွေ့ဖို့ပဲ မျှော်လင့်ရတာပေါ့။ သူတောင် ရှာမတွေ့ခဲ့တဲ့ ပစ္စည်းပဲလေ။ ဖီးနစ်သွေးဝတ်စုံကတော့ နင်တောင် ဘယ်မှာရှိမှန်း မသိတာဆိုတော့ ရှာတွေ့ဖို့ဆိုတာ ဝေလာဝေးပေါ့။ ကံတရားက တကယ်ကို အရေးကြီးတာပဲ" လုံချန်းက ရေရွတ်လိုက်သည်။
လုံချန်းက ဆူနိုင်းနိုင်ငံဆီသို့ ဦးတည်သွားနေစဉ် ဗိုလ်ချုပ်ဝေါမှာမူ လုံးဝ လွဲမှားသော အရပ်မျက်နှာသို့ သွားနေလေသည်။
သူသည် လုံချန်းကို နောက်ဆုံး မြင်တွေ့ခဲ့ရသော လမ်းကြောင်းအတိုင်း ပျံသန်းနေသော်လည်း လုံချန်းက လမ်းကြောင်းရော သွားမည့်နေရာကိုပါ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သူ မသိရှိချေ။
သူသည် ခုနစ်ရက်တိုင်တိုင် မနားတမ်း ပျံသန်းခဲ့သော်လည်း လုံချန်းကို ဖမ်းမမိခဲ့ပေ။
"သူ ဘယ်မှာလဲ။ သူ့ရဲ့ ဝိညာဉ်လင်းယုန်က ဒီလောက် မမြန်နိုင်ပါဘူး။ ဘယ်လောက်ပဲ မြန်ပါစေ... ခုနစ်ရက်အတွင်း ငါ ဖမ်းမိရမှာလေ။ သူတို့ ပျံမနေတော့တာလား၊ သူတို့ နိုင်ငံကနေ ထွက်သွားမယ်လို့ ငါ ထင်ထားခဲ့တာ၊ ဒါပေမဲ့ သူတို့ အစီအစဉ် ပြောင်းသွားတာလား။ ဟုတ်နိုင်တယ်။ သူတို့ နောက်ယောင်ခံ လိုက်ခံနေရတာကို သိသွားတော့ လမ်းခုလတ်မှာရှိတဲ့ မြို့တစ်မြို့မှာ ဆင်းပြီး ပုန်းနေကြတာ ဖြစ်ရမယ်။ လိမ္မာပါးနပ်တဲ့ ကောင်လေးပဲ" ဗိုလ်ချုပ်ဝေါက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
သူသည် သူ၏ လက်စွပ်ကို ထိလိုက်ပြီး မျက်လုံးများကို မှိတ်ကာ မြို့အသီးသီးက ခေါင်းဆောင်များထံသို့ လုံချန်းနှင့် မိလျာယီတို့ကို မြို့အနှံ့ ပိုက်စိပ်တိုက် ရှာဖွေရန် အမိန့်ပေးလိုက်လေတော့သည်။
နောက်ထပ် ခုနစ်ရက်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြန်သည်။ မြို့များအားလုံးတွင် အသည်းအသန် ရှာဖွေနေကြသော်လည်း လုံချန်းကမူ ထိုအကြောင်းကို လုံးဝ မသိရှိချေ။
ဝိညာဉ်လင်းယုန်သည် အစာနှင့် အနားယူရန် မလိုအပ်သဖြင့် သူတို့ ရပ်နားရန် မလိုပေ။ အစားအစာအတွက်မူ သူတို့ အလုံအလောက် ယူဆောင်လာခဲ့ကြပြီး လမ်းခရီးတစ်လျှောက် သစ်သီးပင်များကို တွေ့သောအခါတွင်လည်း ခူးယူခဲ့ကြသေးသည်။
လွန်ခဲ့သော ၁၄ ရက်အတွင်း လုံချန်းသည် မြို့တစ်မြို့ကိုပင် ဖြတ်သန်းခဲ့ခြင်း မရှိချေ။ သူ့တွင် တိကျလှသော မြေပုံရှိနေသဖြင့် မြို့များကို ရှောင်ကွင်းကာ အရှိန်အဟုန်ဖြင့် ခရီးနှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ရောက်တော့မယ်... ကျွန်တော်တို့ရဲ့ အရှိန်အရဆိုရင် နောက်သုံးရက်အတွင်း နယ်စပ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်" လုံချန်းက မိလျာယီနှင့်အတူ မြေပုံကို ကြည့်ရင်း ပြောလိုက်သည်။
"သားရယ်... ဆူနိုင်းနိုင်ငံထဲကို ဝင်ဖို့ တကယ် ဆုံးဖြတ်ထားတာလား။ တကယ်လို့ တစ်ယောက်ယောက်က သိသွားရင် အမေတို့ဟာ သစ္စာဖောက်တွေ ဖြစ်သွားပြီး ရန်သူ့နိုင်ငံဆီကို သွားခဲ့တယ်လို့ ပြောကြလိမ့်မယ်" မိလျာယီက သက်ပြင်းချရင်း ဆိုရှာသည်။
"အဲဒီလူမိုက်တွေ ဘာတွေးတွေး ဘယ်သူက ဂရုစိုက်မှာလဲ အမေရယ်" လုံချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"အင်း... ဟုတ်တာပေါ့" မိလျာယီက ခေါင်းညိတ်ရင်း တိုးတိုးလေး ဆိုသည်။ သူမအတွက်တော့ အရာအားလုံးက အိပ်မက်တစ်ခုလို ဖြစ်နေဆဲပင်။
လွန်ခဲ့သော ခုနစ်ရက်အတွင်း လုံချန်းသည် နောက်ထပ် အဆင့်များစွာကို ဖောက်ထွက်နိုင်ခဲ့သည်။ သူသည် အဆင့်ငယ် သုံးဆင့်ကို ထပ်မံ ကျော်ဖြတ်နိုင်ခဲ့ပြီး ဝိညာဉ်အခြေတည် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဆင့် ၈ သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
'ဒီညဆိုရင်တော့ ငါ ဖောက်ထွက်နိုင်တော့မယ်။ ကျင့်ကြံခြင်း အရှိန်အဟုန်က ငါ မျှော်လင့်ထားသလိုပါပဲ။ အဆင့်မြင့်ကမ္ဘာတွေက ချမ်းသာတဲ့ ကျင့်ကြံရေး မိသားစုတွေက ကလေးတွေဟာ ဘာလို့ အသက်ငယ်ငယ်နဲ့ မြေကမ္ဘာနယ်ပယ် ကျင့်ကြံသူတွေ ဖြစ်လာကြသလဲဆိုတာ မဆန်းတော့ပါဘူး'
အခန်း (၇၀၀) အပန်းဖြေခရီး
'သူတို့မှာ အသိပညာတွေနဲ့ အရင်းအမြစ်တွေ အပြည့်အဝ ရှိနေတာပဲ။ အတွေ့အကြုံရော အကူအညီရော မရှိဘဲ အစကနေ အကုန်ပြန်စနေစရာ မလိုတဲ့အခါ ကျင့်ကြံခြင်းက တကယ့်ကို လွယ်ကူလွန်းတာပေါ့' သူက သက်ပြင်းချရင်း တွေးတောနေမိသည်။ သူ၏ ဇာတိမြေတွင် ဝိညာဉ်အခြေတည် အဆင့်သို့ ငါးနှစ်အတွင်း ရောက်ရှိနိုင်ပါက ပါရမီရှင်ဟု သတ်မှတ်ကြသော်လည်း အင်ပါယာကြီးများရှိ လူအများစုမှာမူ ထိုအဆင့်ကို နှစ်နှစ်မပြည့်မီမှာပင် ရောက်ရှိကြသည်။ ယင်းသည် အကူအညီ၊ အရင်းအမြစ်နှင့် ပါရမီတို့အပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။
သူ့တွင် ဤကမ္ဘာ၌ အရင်းအမြစ်များ မရှိသော်လည်း သူ၏ အတွေ့အကြုံများနှင့် ကျင့်ကြံရန်အတွက် သီးသန့်ဖန်တီးထားသော ခန္ဓာကိုယ်သစ်ကြောင့် အစစအရာရာ အဆင်ပြေနေခဲ့သည်။
လုံချန်းသည် မိလျာယီနှင့်အတူ နေ့ညမပြတ် ခရီးနှင်ခဲ့သည်။ သူ၏ အချိန်အများစုကို ကျင့်ကြံခြင်းဖြင့် ကုန်လွန်စေပြီး ကျန်ရှိသော အချိန်များတွင်မူ မိလျာယီ သို့မဟုတ် ရွှင်းနှင့် ရံဖန်ရံခါ စကားပြောဆိုလေ့ရှိသည်။
နေ့ရက်များ ကုန်လွန်ပြီး ညများ ရောက်ရှိလာကာ နောက်ထပ် သုံးရက်ခန့် ကုန်ဆုံးသွားခဲ့ပြန်သည်။
ဤသုံးရက်တာ ခရီးစဉ်အပြီးတွင် သူသည် အက်ရှာ နိုင်ငံ၏ တောင်ဘက်နယ်စပ်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသည် အက်ရှာနိုင်ငံနှင့် ဆူနိုင်းနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်နေသော နေရာဖြစ်သလို လွန်ခဲ့သော မဟာစစ်ပွဲကြီး ဖြစ်ပွားခဲ့သော နေရာလည်း ဖြစ်သည်။
ထို့အပြင် ဤနေရာသည် အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေသည်။ အကြောင်းမှာ ထိုစဉ်က သစ္စာဖောက်မှု ဖြစ်ပွားခဲ့သည်ဆိုသော နေရာမှာ ဤနေရာပင် ဖြစ်သောကြောင့်တည်း။
လုံချန်းသည် လမ်းခရီးတစ်လျှောက် မည်သည့်မြို့တွင်မှ မရပ်နားခဲ့သော်လည်း ရှေ့ဆက်ရမည့် အခြေအနေကို သိရှိနိုင်ရန် ဤနယ်စပ်မြို့လေးတွင် ရပ်နားရန် ဆုံးဖြတ်လိုက်သည်။ ဆူနိုင်းနှင့် အက်ရှာတို့မှာ နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း ဆူနိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ဖြစ်သဖြင့် သူတို့၏ နယ်စပ်လုံခြုံရေးကို လျှော့ချလိမ့်မည် မဟုတ်သည်မှာ သိသာလှပေသည်။
ပြဿနာမှာ ဤကမ္ဘာတွင် အင်အားအကြီးဆုံးဖြစ်သော နိုင်ငံအတွင်းသို့ ဝင်ရောက်ရန်မှာ မလွယ်ကူခြင်းပင်။
လုံချန်းသည် ဘာမှမသိဘဲနှင့် ထိုနေရာသို့ မဝင်လိုချေ။ ဗာမီလီယံပေးသော မြေပုံတွင် သူတို့သွားရမည့် နေရာအကြောင်း အချက်အလက်များ ပါရှိသော်လည်း ဆူနိုင်းနိုင်ငံ၏ တည်နေရာမှလွဲ၍ သူတို့၏ ခံစစ်အခြေအနေနှင့် ပတ်သက်သော အရေးကြီးသည့် အချက်အလက်များ မပါရှိချေ။
ထို့ကြောင့် နယ်စပ်မြို့တွင် ရပ်နားကာ သတင်းအချက်အလက်အချို့ စုဆောင်းရန် သူ စဉ်းစားလိုက်ခြင်း ဖြစ်သည်။ နန်းမြို့တော်နှင့် အလွန်ဝေးကွာသော ဤနေရာရှိ လူများအနေဖြင့် သူနှင့် သူ၏အမေကို သိရှိနိုင်ရန် မဖြစ်နိုင်သော်လည်း သူသည် အစစအရာရာကို ဂရုစိုက်ရမည် ဖြစ်သည်။
သူသည် ဆုံးဖြတ်ချက် ချပြီးသွားသော်လည်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသေးသည်။
'သတင်းအချက်အလက် ရဖို့ ဒီမှာ တကယ် ရပ်သင့်သလား၊ ဒါမှမဟုတ် တန်းဝင်သွားတဲ့ စွန့်စားမှုကိုပဲ လုပ်ရမလား။ ငါ့ကိုယ်ငါတော့ ကာကွယ်နိုင်ပေမဲ့ အမေကတော့ ဒုက္ခရောက်နိုင်တယ်။ ငါ တစ်ယောက်တည်း မဟုတ်တဲ့အတွက် သတင်းအချက်အလက်က တကယ့်ကို အရေးကြီးတယ်' သူက ရေရွတ်ကာ နောက်ဆုံးတွင် အောက်သို့ ဆင်းသက်ရန် ဆုံးဖြတ်လိုက်သည်။
"အမေ့ရဲ့ မျက်နှာကို အမြဲတမ်း ဖုံးထားပါ၊ ဘယ်သူ့ကိုမှ အမေ့မျက်နှာ မမြင်ပါစေနဲ့" မိလျာယီကို မှာကြားကာ နယ်စပ်မြို့လေးအနီးတွင် ဝိညာဉ်လင်းယုန်ကို စတင် ဆင်းသက်စေလိုက်သည်။
နယ်စပ်မြို့၏ အစောင့်များသည် သူတို့ထံသို့ ပျံသန်းလာသော ဝိညာဉ်သားရဲကို မြင်တွေ့လိုက်ရသည်။ မြို့စောင့်တပ်မှူးသည် သူ၏ မိုးပျံ သားရဲကို စီးကာ လုံချန်းကို ကြားဖြတ်စစ်ဆေးရန် ပျံတက်လာခဲ့သည်။
"မင်းတို့ ဘယ်သူလဲဆိုတာနဲ့ ဒီကို ဘာကိစ္စနဲ့ လာတာလဲဆိုတာ မေးလို့ရမလား" တပ်မှူးက လုံချန်းကို ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
"ကျွန်တော်တို့က ဂရီလီမြို့က လာတာပါ။ နယ်စပ်မြို့မှာ နေထိုင်ရတဲ့ အတွေ့အကြုံကို သိချင်လို့ အပန်းဖြေခရီး လာခဲ့တာပါ။ ဒါက ကျွန်တော့်အမေ လီကန်းလီပါ၊ ကျွန်တော်ကတော့ လီမန်ပါ" လုံချန်းက ပြုံးလျက် ဖြေကြားလိုက်သည်။
'ဟင်း... ဒီလောက်ဝေးတဲ့နေရာကို အပန်းဖြေဖို့ လာကြတာလား။ ဝိညာဉ်လင်းယုန်ကို ပိုင်ဆိုင်နိုင်တယ်ဆိုတော့ သူတို့မှာ ငွေရော အာဏာရော ရှိပုံရတယ်။ မဟုတ်ရင် ဒီလောက်ဝေးတဲ့နေရာကို အပန်းဖြေဖို့ လာဖို့တောင် စဉ်းစားနိုင်မှာ မဟုတ်ဘူး' တပ်မှူးက လုံချန်းကို ကြည့်ကာ တွေးတောလိုက်သည်။
"မင်းတို့နှစ်ယောက်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ကန်းမန်ရှန်းပါ၊ ဒီနယ်စပ်မြို့ စောင့်တပ်ရဲ့ ခေါင်းဆောင်ပေါ့။ ငါတို့ မြို့လေးကနေ မင်းတို့ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တစ်ခုလောက် မေးပါရစေ... မင်းတို့ ဘာလို့ ဒီနေရာကိုမှ ရွေးချယ်ခဲ့တာလဲ။ ဒီနေရာက ဆူနိုင်းနိုင်ငံနဲ့ နယ်စပ်ဖြစ်နေတော့ အန္တရာယ်ရှိတယ်ဆိုတာ မင်းတို့ သိမှာပါ" ကန်းမန်ရှန်းက စူးစမ်းသော မျက်နှာဖြင့် မေးလိုက်သည်။
"ဒီနေရာက ဘာလို့ အန္တရာယ်ရှိမှာလဲ။ အခု စစ်ဖြစ်နေတာမှ မဟုတ်တာ။ ပြီးတော့ ဒီနေရာက ထူးခြားတယ်လေ... လွန်ခဲ့တဲ့ မဟာစစ်ပွဲကြီးက အဓိကအားဖြင့် ဒီမှာပဲ တိုက်ခဲ့ကြတာ မဟုတ်လား။ အဲဒီလို မှောင်မိုက်တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တဲ့ နေရာကို ကျွန်တော်တို့ ကိုယ်တိုင် ခံစားကြည့်ချင်လို့ပါ" လုံချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"ဟုတ်ပါတယ်... တကယ့်ကို မှောင်မိုက်တဲ့ သမိုင်းကြောင်းပါပဲ။ ဒါတွေအားလုံးဟာ အဲဒီသစ္စာဖောက် နတ်ဆိုးကြောင့် ဖြစ်ခဲ့ရတာ။ တကယ်လို့ သူသာ ငါတို့ကို သစ္စာမဖောက်ခဲ့ရင် ငါတို့ သေချာပေါက် နိုင်မှာပါ" ကန်းမန်ရှန်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ မိလျာယီသည် လက်သီးကို တင်းတင်းဆုပ်ထားမိရှာသည်။
"ထားပါတော့လေ... အတိတ်ကတော့ ပြီးသွားပါပြီ။ ငါတို့ နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ အများကြီး ကြိုးစားခဲ့ပါတယ်။ ငါတို့ရဲ့ ခွန်အားတွေကို ပြန်လည် စုစည်းနိုင်ခဲ့သလို ဆုံးရှုံးမှုတွေကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အဲဒါကြောင့်လည်း ဆူနိုင်းနိုင်ငံက အခုတလော ဂနာမငြိမ် ဖြစ်နေတာပေါ့။ ငါတို့ ပြန်လည် အားကောင်းလာတာကို သူတို့ စိတ်ပူနေပုံရတယ်။ အဲဒါကြောင့်ပဲ သူတို့က ငါတို့ကို လာပြီး နှောင့်ယှက်ဖို့ ပိုပြီး ကြိုးစားလာကြတာ။ အဲဒီတော့ အခုအချိန်မှာ ဒီနေရာက မင်းတို့အတွက် သိပ်ပြီးတော့ ဘေးမကင်းနိုင်ဘူး" ကန်းမန်ရှန်းက လုံချန်းကို ရှင်းပြသည်။
"မင်းတို့ နေချင်ရင်တော့ ဒီမှာ နေလို့ရပါတယ်။ ဒီမြို့ကို ကာကွယ်ပေးမယ့် အစောင့်တွေ ရှိပါတယ်၊ ဒါပေမဲ့ ငါ့စကားကို နားထောင်မယ်ဆိုရင်တော့ တခြားမြို့တစ်မြို့ကို သွားတာက ပိုကောင်းလိမ့်မယ်" သူက ထပ်လောင်းပြောဆိုသည်။
'အိုး... ဒါတွေက စ နေပြီပေါ့။ ငါက မီးစာ နည်းနည်းလေး ပေးလိုက်ရုံနဲ့ နောက်ထပ် စစ်ပွဲကြီးတစ်ပွဲ ပြန်စတော့မှာပဲ။ ငါကတော့ အချိန်ကို အတိအကျ ကိုင်တွယ်ဖို့ပဲ လိုတာ' လုံချန်းက တွေးတောရင်း ကန်းမန်ရှန်းကို ကြည့်လိုက်သည်။
"ဪ... ဆူနိုင်းနိုင်ငံက လှုပ်ရှားလာနေပြီလား။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဒီမြို့က ရဲရင့်တဲ့ အစောင့်တွေကို အပြည့်အဝ ယုံကြည်ပါတယ်။ ခင်ဗျားတို့ ဒီမြို့ကို ဘေးကင်းအောင် ထိန်းသိမ်းနိုင်မှာပါ။ ကျွန်တော်တို့ ထွက်မပြေးပါဘူး" သူက အပြစ်ကင်းသော အပြုံးလေးဖြင့် ပြောလိုက်သည်။
"မင်း အဲဒီလို ပြောမှတော့လည်း... မြို့ထဲကို ဝင်နိုင်ပါပြီ။ ဟိုအလယ်က အဆောက်အအုံလေးကို မြင်လား။ အဲဒါက ဒီမြို့ရဲ့ တည်းခိုခန်း အသေးလေးပေါ့။ အဲဒီမှာ မင်းတို့ တည်းခိုဖို့ နေရာရနိုင်ပါတယ်" ကန်းမန်ရှန်းက မြို့ထဲရှိ အဆောက်အအုံတစ်ခုကို ညွှန်ပြကာ ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လုံချန်းသည် ကျေးဇူးတင်စကား ဆိုပြီးနောက် ဝိညာဉ်လင်းယုန်ကို စီးနင်းကာ နယ်စပ်မြို့လေးအတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။
ကန်းမန်ရှန်းသည် သူတို့နောက်မှ လိုက်ပါလာပြီး မြို့ထဲသို့ ရောက်သောအခါမှ လမ်းခွဲသွားတော့သည်။ သူသည်လည်း အောက်သို့ ဆင်းသက်ကာ သူ၏ တာဝန်ကျရာ နေရာသို့ ပြန်သွားခဲ့သည်။
လုံချန်းသည် ကန်းမန်ရှန်း ညွှန်ပြသော တည်းခိုခန်း အနီးတွင် ဝိညာဉ်လင်းယုန်ကို ဆင်းသက်စေလိုက်သည်။
သူသည် ဝိညာဉ်လင်းယုန်ပေါ်မှ ဆင်းလိုက်သည်နှင့် သားရဲကို ပြန်လွှတ်လိုက်သည်။ သူ့တွင် ဝိညာဉ်လင်းယုန်ကို လိုအပ်သည့်အချိန်၌ ပြန်လည် ခေါ်ယူနိုင်သော ပလွေ ရှိနေသေးသောကြောင့် ဖြစ်သည်။