အခန်း (၁၄၄-၁၄၆)
Vol. 11 Ch. 144-146
အပိုင်း(၁၄၄) ထိတ်လန့်ဖွယ် ခန့်မှန်းချက်
မြို့တော်၏ မြောက်ဘက်သို့ ဦးတည်ရာတွင် “ထွန်းယွင်” အမည်ရှိ တောင်ပံပါသားရဲကြီး အကောင်ပေါင်း ဒါဇင်ချီ၍ သူတို့၏ (၁၀)မီတာကျော်ရှည်လျားပြီး အမွှေးအတောင် မရှိသော အတောင်ပံများကို ဖြန့်ကားပျံသန်းနေကြသည်။ သားရဲတစ်ကောင်ချင်းစီ၏ သန်မာလှသော ကျောကုန်းပေါ်တွင် အစေခံနှင့် ကိုယ်ရံတော်များအဖြစ် ဟန်ဆောင် ထားသည့် ကျွမ်းကျင်စစ်သည်အချို့က အမြဲတမ်းနိုးနိုးကြားကြားဖြင့် ရပ်နေကြ၏။
ထိုတောင်ပံပါသားရဲများ၏ ဝန်းရံမှုအကြား အလယ်ဗဟိုတည့်တည့်တွင်မူ “ယွီရှန်း”ဟု ခေါ်သော ဝန်တင်သားရဲကြီးတစ်ကောင် ပါရှိသည်။ ၎င်း၏အမည်နှင့်အညီ ယွီရှန်းက တောင်ကြီးတစ်လုံးကိုပင် သယ်ဆောင်ကာ ပျံသန်းနိုင်စွမ်းရှိသည်။ ၎င်း၏ သွေးမျိုးဆက် အထဲတွင် ရှေးဟောင်းတောရိုင်းသားရဲ သွေးအနည်းငယ် ပါဝင်နေသဖြင့် အလွန်တရာ ဈေးကြီးလှပြီး သာမန်မိသားစုများ မတတ်နိုင်သောအရာ ဖြစ်သည်။
တိမ်မျို တောင်ပံပါသားရဲများသည် တောင်သယ်သားရဲကို ကာကွယ်ရင်း တိမ်တိုက်များ အကြားတွင် ဖုံးကွယ်ပျံသန်းနေကြသည်။ ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးက လှိုင်းလုံးများသဖွယ် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ကောင်းကင်ယံ၌ ပျံသန်းနေသော ကျင့်ကြံသူများမှာ လျှပ်ခနဲ လျှပ်ခနဲ ဖြတ်သန်းသွားကြသည်။
"ချင်းလျူလီက ဒီနှစ်တွေအတွင်း မဟာကျင်းကို ကောင်းကောင်း အုပ်ချုပ်ခဲ့တာပဲ။ ဧကရာဇ်ဟောင်းထက် အဆပေါင်း တစ်ရာမက ပိုတော်တယ်။ လျူလီက အချိန်မှားပြီး မွေးလာတာ နှမြောစရာပဲ။ သူသာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀)က မွေးခဲ့ရင် ငါလည်း သူ့အပေါ် သစ္စာရှိမိမှာ အသေအချာပဲ။"
တိမ်မျိုသားရဲ၏ ကျောပေါ်မှ လီကွမ်ယန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်မတ် ရပ်နေရင်း မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။
ဝမ်ရှန်းကျားက ဦးထုပ်ကို ပြန်ဆောင်းလိုက်ပြီး အက်ရှရှရယ်လိုက်သည်။
"ကောင်းကင်စစ်သူကြီးက စိတ်ကူးယဉ်ဆန်နေပြီပဲ။ မင်း တစ်ချိန်က ရည်မှန်းချက် ကြီးခဲ့ပြီးတော့ ကောင်းကင်ကြည့်ဆောင်ကို လူသားဧကရာဇ် ပြန်လည်ဖော်ထုတ်ဖို့ ကူညီမယ်လို့ ကျိန်ဆိုခဲ့တာ မဟုတ်လား။ အခု နောင်တရနေတာလား။"
"ချင်းလျူလီရဲ့ အောင်မြင်မှုတွေက ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူက သမိုင်းကြောင်း လှိုင်းလုံးထဲက သဲပွင့်လေး တစ်ပွင့်ပါ။ သမိုင်းရဲ့ တိုက်စားမှုကို ခံရမှာပဲ။ ကောင်းကင်ကြည့်ဆောင်နဲ့ ခေါင်းဆောင်သာ ငါတို့ရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မှာ။"
"မမေ့နဲ့ဦး... ချင်းလျူလီက ဧကရာဇ်ဟောင်းရဲ့ သမီးပဲ။ မင်းနဲ့ ငါကိုယ်တိုင် သူ့အဖေကို သတ်၊ ခေါင်းကိုဖြတ်ပြီးတော့ ကောင်းကင်ကြည့်ဆောင်ဆီ သစ္စာခံခဲ့တာ။ တစ်နေ့မှာ ချင်းလျူလီ အမှန်တရားကို သိသွားလိမ့်မယ်။ အဲဒီအချိန် မင်း နောင်တရနေရင်တောင် သူက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။"
လီကွမ်ယန်က ခေါင်းခါကာ မျက်လုံးများကို မှိတ်လိုက်ပြီး ပြောသည်။ "ငါ့ကို ကောင်းကင် စစ်သူကြီးလို့ မခေါ်နဲ့တော့။"
ထိုစကားက သူ့အတွက် အလွန် စော်ကားသကဲ့သို့ ခံစားရသည်။ တစ်စုံတစ်ယောက်က ထိုအမည်ကို ခေါ်တိုင်း အရှင်သခင်ကို သတ်ခဲ့သော သစ္စာဖောက်အမတ်အဖြစ် လှောင်ပြောင်နေသကဲ့သို့ ခံစားနေရခြင်ပင်။
သူတို့နှစ်ဦးစလုံး ခဏတာ တိတ်ဆိတ်သွားကြ၏။
အတန်ကြာ တိတ်ဆိတ်ပြီးနောက် လီကွမ်ယန်က မတင်မကျ လေသံဖြင့် ဆိုသည်။
"ကောင်းကင်ကြည့်ဆောင်က အရင်လို မဟုတ်တော့ဘူး။ ပထမဆုံး လူသားဧကရာဇ်ရဲ့ ဘုန်းအာနုဘော်က နှစ်ပေါင်းများစွာကြာအောင် ထွန်းလင်းခဲ့တာ။ ဒီလူတွေက အဲဒီလို ရွှေရောင်ခေတ်ကို ဘယ်လောက်ပဲ တောင့်တနေပါစေ၊ အချိန်ရဲ့ တိုက်စားမှုကိုတော့ မရှောင်လွှဲနိုင်ဘူး။ သူတို့တွေက အရင်ကလို မဟုတ်တော့ဘူး။ လူသားဧကရာဇ်ကို ပြန်ဖန်တီးပြီး တစ်ဂိုဏ်းလုံး နတ်ဘုရား ဖြစ်လာဖို့… အဟက်..."
"စကားကိုကြည့်ပြော…" ဝမ်ရှန်းကျား၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး တိုးတိုးလေး ကြိမ်းမောင်းလိုက်သည်။
ဝမ်ရှန်းကျား၏ မျက်နှာမှာ မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားသည်။ သူက အမူအရာမဲ့နေသော လီကွမ်ယန်ကို ကြည့်ကာ စကားပြောရန် ပြင်လိုက်ပြီးမှ ဝေခွဲမရဖြစ်ကာ သက်ပြင်း တစ်ချက်ကို အရှည်ကြီးချ၍ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။
"မုန့်ချင်း ပြောတဲ့စကားတွေထဲမှာ ဘယ်လောက်က အမှန်လို့ မင်း ထင်လဲ။"
ထိုစကားကို ကြားသောအခါ လီကွမ်ယန်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေသည်။
"အမှန်နဲ့အမှား ရောထွေးနေတာပဲ။ ခွဲခြားဖို့ ခက်တယ်။ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်။ သူက ကျိဝူရွှမ်ရဲ့ ဦးလေး လုံးဝမဖြစ်နိုင်ဘူး။ ဒီလူက မြူနှင်းတွေလိုပဲ။ ငါတို့ထက်တောင် ကောင်းကင်ကြည့်ဆောင် အကြောင်းကို ပိုသိနေသလို ခံစားမိတယ်။"
ဝမ်ရှန်းကျားက ခေါင်းညိတ်ကာ မုတ်ဆိတ်ကို ပွတ်ရင်း အတန်ကြာ စဉ်းစားနေသည်။
"ငါ ထင်တာလည်း အတူတူပဲ။ သူ့ရဲ့ သရုပ်မှန်က သံသယဖြစ်စရာပဲ။ ရန်သူလား မိတ်ဆွေလား ဆိုတာလည်း မသဲကွဲသေးဘူး။ ဒီလူက လျှို့ဝှက်ချက် အရမ်းများတယ်။ ငါ မုန့်ချင်းကို စုံစမ်းကြည့်တော့ အရမ်းထူးဆန်းတာတစ်ခု တွေ့ခဲ့တယ်။"
"မုန့်ချင်းမှာ အတိတ်မရှိဘူး။ သူ့ရဲ့ သမိုင်းကြောင်းက ဗလာ ဖြစ်နေတယ်။ သူ အစောဆုံး ပေါ်လာတာ လွန်ခဲ့တဲ့ (၃)နှစ်က မိုးရွာတဲ့ညမှာ တောင်ပေါ်ဘုရားကျောင်းတစ်ခုမှာ လက်ရှိ ဧကရီနဲ့ ဆုံခဲ့တာပဲ။ အဲဒီအချိန်တုန်းက မုန့်ချင်ဟာ ကြက်တစ်ကောင်ကိုတောင် သတ်ဖို့ အင်အားမရှိတဲ့ သာမန်လူတစ်ယောက်ပဲ။"
ထိုစကားကို ကြားသောအခါ အမြဲတမ်း အမူအရာမဲ့နေသော လီကွမ်ယန်ပင်လျှင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ သူ၏ မျက်လုံးသူငယ်အိမ်မှာ ထိတ်လန့်မှုကြောင့် သိသိသာသာ ကျယ်သွားပြီး အေးစက်နေသော မျက်နှာမှာလည်း အကြိမ်အနည်းငယ် တုန်ယင်သွား၏။
ထိုတိုတောင်းသော စကားနှစ်ခွန်းတွင် ပေါက်ကွဲထွက်လုမတတ် အချက်အလက်များစွာ ပါဝင်နေသည်။ လီကွမ်ယန်၏ ဦးနှောက်မှာ အလုပ်များလွန်းသဖြင့် အေးခဲလုမတတ်ပင်။
"နေပါဦး…"
"မင်းပြောတာ မုန့်ချင်းက လွန်ခဲ့တဲ့ သုံးနှစ်က မိုးရွာတဲ့ညမှာ တောင်ပေါ်ဘုရားကျောင်းမှာ ဧကရီနဲ့ ဆုံခဲ့တာဆိုတော့ အဲဒါက ဧကရာဇ် မုန့်ချင်ကျိုး မဟုတ်ဘူးလား။"
ဝမ်ရှန်းကျားက ရယ်လိုက်ပြီး သူ့ကိုကြည့်ကာ ပြောသည်။ "မင်း အံ့သြသွားပြီ မဟုတ်လား။ ငါလည်း ဒါကို စသိတုန်းက အဲဒီလိုပဲ ဖြစ်ခဲ့တာ။"
လီကွမ်ယန်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။ သူက တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရသကဲ့သို့ ခံစားနေရသည်။
အချိန်နဲ့နေရာလွတ် ဓာသူတော်စင် မုန့်ချင်း ဆိုတာ တကယ်တော့ ဧကရာဇ် မုန့်ချင်ကျိုး ဖြစ်နေတာပဲ။
"အစကတော့ ငါက သူ့ရဲ့ သရုပ်မှန်ကို နန်းတွင်းမှာ ဖော်ထုတ်ပြီး သူ့ကို လူတိုင်းရဲ့ အာရုံစိုက်မှုအောက် ရောက်အောင် လုပ်မယ်။ ပြီးမှ တိတ်တိတ်လေး လုပ်ကြံဖို့ စီစဉ်ထားတာ။ ဒါဆို ဘယ်သူမှ ငါတို့ကို သံသယဝင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဧကရာဇ်နဲ့ ဓားသူတော်စင် တစ်ယောက်တည်း ဖြစ်နေတာက အရမ်းကို ကြောက်ဖို့ကောင်းလို့ပဲ။ လူအများကြီးက သူ့ကို ဖယ်ရှားချင်နေကြတာဆိုတော့ ငါတို့ကို ဘယ်သူမှ သံသယမဝင်နိုင်ဘူး။"
"ကံမကောင်းတာက ဒီအစီအစဉ်ကို အခုတော့ ခဏလောက် ရပ်ထားရမယ်။ မုန့်ချင်းရဲ့ နောက်ခံကို အရင်ဆုံး သိအောင် လုပ်ရမယ်။"
လီကွမ်ယန်မှာ အတန်ကြာအောင် မှင်တက်နေမိ၏။
လွန်ခဲ့သော (၃)နှစ်က သူသည် ကြက်တစ်ကောင်ကိုပင် သတ်နိုင်စွမ်းမရှိသော သာမန်လူ တစ်ယောက် ဖြစ်ခဲ့သည်။ (၃)နှစ်အကြာတွင်မူ သူက တောရိုင်းမြေ၏ နံပါတ်(၁) ပါရမီရှင်အဖြစ် ပြောင်းလဲသွားပြီး တစ်ခါမှ မပေါ်ပေါက်ဖူးသော အချိန်နှင့်နေရာလွတ် နိယာမများကို တတ်မြောက်ထားသည်။ ထို့အပြင် မဟာကျင်း၏ ဧကရာဇ်နေရာကို ရရှိပြီး မဟာကျင်း၏ အင်အားကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ သူက ကောင်းကင်ကြည့်ဆောင်နှင့်ပင် ဆက်စပ်မှု ရှိနေသေးသည်။
တစ်ခဏအတွင်းမှာပင် လီကွမ်ယန်၏ ကျောရိုးတစ်လျှောက်မှ ဦးခေါင်းအထိ စိမ့်ခနဲ အေးသွား၏။
"ငါ့အမြင်တော့ သူ့ကို အခုလောလောဆယ် ဘာမှမလုပ်တာ အကောင်းဆုံးပဲ။ နောက်ဆုံး မုန့်ချင်းကို သတ်ဖို့ဆိုတာ ကျိဝူရွှမ်ရဲ့ ကိုယ်ပိုင်အမိန့်ပဲ။ ကောင်းကင်ကြည့်ဆောင်ရဲ့ဆန္ဒ မဟုတ်ဘူး။ ငါတို့မှာ ငြင်းပယ်ပိုင်ခွင့် ရှိတယ်။" လီကွမ်ယန်က သူ၏ သဘောထားကို ပြောင်းလဲလိုက်ပြီး ခိုင်မာသော အမူအရာ ဖြစ်သွားသည်။
ဝမ်ရှန်းကျားက ကျေနပ်စွာ ပြုံးလိုက်သည်။
"မင်း နားလည်သွားတာ ကောင်းပါတယ်။ ငါ ပြောချင်တာကလည်း အဲဒါပဲ။ မုန့်ချင်ကျိုးရဲ့ နောက်ခံကို မသိမချင်း သူ့ကို ပစ်မှတ်ထားမယ့် အကြံအစည်မှန်သမျှ စွန့်လွှတ်လိုက်။ ကျိဝူရွှမ်ကိုလည်း အတိအလင်း ငြင်းစရာမလိုပါဘူး။ လုပ်ကြံမှု ကျရှုံးသွားတယ်လို့ အကြောင်းပြချက်တစ်ခု ပေးလိုက်ရုံပဲ။"
သူတို့နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ပြီး တစ်ပြိုင်တည်းမှာပင် တောင်သယ်သားရဲကြီး၏ ကျောပေါ်ရှိ အဆောင်တစ်ခုဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ဝမ်ရှန်းကျားက ရုတ်တရက် ပြုံးလိုက်ပြီး မျှော်လင့်မထားသော စကားတစ်ခွန်းကို ပြောလိုက်သည်။
"ဟေး... မင်း ဘယ်လို ထင်လဲ။ တစ်နေ့မှာ မုန့်ချင်ကျိုးက တကယ်တမ်း မုန့်ချင်း ဖြစ်နေတယ်ဆိုတဲ့ အမှန်တရား ပေါ်သွားရင်၊ ဒီမဟာကျင်းကနေ ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက် ထွက်ပေါ်လာတာကို သိသွားရင်... လူဘယ်နှစ်ယောက်များ အိပ်မပျော်နိုင် ဖြစ်ကုန်ကြမလဲ။"
လီကွမ်ယန် တိတ်ဆိတ်နေပြီး အခြေအနေကို စဉ်းစားကြည့်ရာ ကျောချမ်းသွားရသည်။
ကျင်းဧကရီ တစ်ယောက်တည်း၏ တည်ရှိမှုကပင် ကောင်းကင်ကြည့်ဆောင်ရှိ အင်အားကြီး အဖွဲ့များကို ထိတ်လန့်စေပြီး ကောင်းကင်ကြည့်ဆောင်၏ အာရုံစိုက်မှုကိုပင် ရရှိနေပြီ ဖြစ်သည်။ အကယ်၍ မုန့်ချင်ကျိုး၏ သရုပ်မှန်သာ ထပ်ပေါ်လာလျှင် မဟာကျင်းက မုန်တိုင်းဗဟိုချက်ထဲသို့ ရောက်သွားပေလိမ့်မည်။
"မိုက်မဲတာတွေ မလုပ်နဲ့…" လီကွမ်ယန်က ပြောလိုက်သည်။
၎င်းမှာ မဟာကျင်းကို စိုးရိမ်၍ မဟုတ်ဘဲ ထိုကိစ္စ ပေါက်ကြားသွားပါက မလိုအပ်သော ဘေးဒုက္ခများ ရောက်လာမည်ကို စိုးရိမ်၍ပင်။ ဤကိစ္စမှာ ကြီးလွန်းသဖြင့် သူတို့နှစ်ဦးပင် ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။
"ကောင်းကင်စစ်သူကြီးက ပိုပိုပြီး ကြောက်တတ်လာပြီပဲ။ ဒီလောကမှာ ကိစ္စတွေ အတော်များများက မြင်ရသလောက် မရိုးရှင်းဘူး။ ငါ မင်းကို နောက်ထပ် အကြံတစ်ခု ပေးမယ်။"
"ကောင်းကင်ကို စောင့်ကြည့်တယ် ဆိုတာ ဘာကို ဆိုလိုတာလဲ။"
"သူတို့က တစ်လောကလုံးကို စောင့်ကြည့်နေတာ။ ဒီကမ္ဘာပေါ်မှာ သူတို့မျက်စိကနေ လွတ်နိုင်တာ ဘာမှမရှိဘူး။ ငါတောင် မုန့်ချင်းရဲ့ သရုပ်မှန်ကို ရှာတွေ့နိုင်ခဲ့ရင် ကောင်းကင်ကြည့်ဆောင်က တကယ် မသိဘဲ နေပါ့မလား။"
"နောက်ပြီးတော့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင် နာမည်ကြီးနေတာ ဒီလောက် ကြာနေပြီ။ ကောင်းကင်ကြည့်ဆောင်ရဲ့ ထုံးစံအရဆိုရင်တော့ ထူးကဲတဲ့ ပါရမီရှင် တစ်ယောက်ကို တွေ့တာနဲ့ နည်းမျိုးစုံသုံးပြီး သိမ်းသွင်းတတ်တာ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့က မုန့်ချင်းကို မျက်ကွယ်ပြုထားသလိုပဲ။ မျက်စိကန်းနေလို့ မုန့်ချင်းရဲ့ တည်ရှိမှုကို မမြင်ရတာမျိုးပေါ့။"
"မင်း ဘာလို့ အဲဒီလို ထင်တာလဲ…”
အပိုင်း(၁၄၅) မြောက်သိမ်းမြို့
မဟာကျင်း မြောက်ဘက်အစွန်တွင် တည်ရှိသော မြောက်သိမ်းမြို့သည် တစ်နှစ်ပတ်လုံး ဆီးနှင်းများ အရည်မပျော်ဘဲ ခိုက်ခိုက်တုန်အောင် အေးလှသော လေပြင်းများမှာ လူကို ဖြည်းဖြည်းချင်း နှိပ်စက်နေသည့် ဓားသွားများကဲ့သို့ပင်။ ကျင့်စဉ်မရှိသော သာမန်လူများ ဆိုလျှင် ထိုကြမ်းတမ်းသော ရာသီဥတုဒဏ်ကို ခဏလေးပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထို့ကြောင့် မြောက်သိမ်းမြို့ရှိ စစ်သည်တော် တစ်သိန်းမှာ တစ်ဦးချင်းစီ စနစ်တကျ ရွေးချယ်ထားသော အထူးစစ်သည်များ ဖြစ်ကြပြီး အနိမ့်ဆုံးအဆင့်မှာပင် ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ တိမ်တက်နယ်ပယ်ရောက်မှသာ အုပ်စုငယ်ခေါင်းဆောင် ဖြစ်နိုင်ပြီး တောင်ရွှေ့နယ်ပယ်နှင့် အထက်ရှိသူများကိုသာ အရေးပါသော ရာထူးများ ပေးအပ်ထားခြင်း ဖြစ်သည်။
ထိုစဉ်...
တောင်ပံပါသားရဲ အုပ်စုတစ်စုက အတောင်ပံများကို ခတ်လိုက်ရာ ဝဲနေသော နှင်းပွင့်များ လွင့်စင်သွားကြသည်။ ၎င်းတို့၏ အတောင်ပံတိုင်းမှာ ကျယ်ပြန့်ပြီး မာကျောကာ နတ်ဘုရားလက်နက်တစ်ခုလို တောက်ပနေပြီး အအေးဒဏ်ကို ကာကွယ်ပေးထားသည်။
တိမ်တိုက်မျို တောင်ပံပါသားရဲ ဒါဇင်ခန့်မှာ ကောင်းကင်တွင် ချိတ်ဆွဲထားသော နေမင်းလေးများကဲ့သို့ အလယ်မှ သားရဲကြီးကို ဝန်းရံထားပြီး အပြင်ဘက် အအေးဒဏ် မဝင်နိုင်သော နွေးထွေးသည့် နယ်မြေတစ်ခုကို ဖန်တီးပေးထား၏။
"မြောက်သိမ်းမြို့ကနေ ထွက်သွားပြီဆိုရင် မဟာကျင်းရဲ့ နယ်နိမိတ်ကနေ တရားဝင် ထွက်ခွာသွားပြီပဲ။ မြောက်ဘက်မဟာမိတ်အဖွဲ့ဆီကို သွားမယ့် ခရီးစဉ် စတင်ပြီပေါ့…"
သားရဲကြီးပေါ်ရှိ အမြင့်ဆုံးအဆောက်အဦးဖြစ်သော ကြယ်ကြည့်မျှော်စင် အပေါ်တွင် ရပ်နေရင်း တုန်းဖန်လျူလီက ဖြူဖွေးနေသော ကမ္ဘာမြေကြီးကို ငုံ့ကြည့်လိုက်သည်။ မြောက်သိမ်းမြို့၌ နေ့ညမပြတ် လေ့ကျင့်နေသော စစ်သည်တော်များကို ကြည့်နေသည့် သူ၏ မျက်ဝန်းများမှာ ပြတ်သားလွန်းလှ၏။
အစေခံအဖြစ် ဟန်ဆောင်ထားသော အမတ်မမားကလည်း ဧကရီ၏ အကြည့်အတိုင်း မြောက်သိမ်းမြို့ကို ငုံ့ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် အံ့သြနေကြလေသည်။ ကြမ်းတမ်းလှသော ရာသီဥတုရှိသော်လည်း ထိုစစ်သည်များမှာ သူတို့၏ တာဝန်ကို ခိုင်မာစွာ ထမ်းဆောင်နေကြဆဲပင်။
"ချင်ကျိုး။ ရှင် မြင်ရလား။ အိုး... မေ့သွားလို့၊ ရှင်က မမြင်ရဘူးပဲ။" တုန်းဖန်လျူလီ၏ ရင်ထဲတွင် ဖြစ်ပေါ်လာသော သူရဲကောင်းစိတ်ဓာတ်များ ချက်ချင်းပင် ပျောက်သွားပြီး ကိုယ့်နဖူးကို ကိုယ်ပြန်ပုတ်ကာ ရှက်သွေးဖြန်းသွားတော့သည်။
မုန့်ချင်ကျိုးက ဧကရီ၏ ဘေးနားတွင် တည်ငြိမ်စွာ ရပ်နေရင်း ပြောသည်။
"ကျုပ် မမြင်ရပေမဲ့ ခိုက်ခိုက်တုန်အောင် အေးတဲ့လေကို ခံစားလို့ရတယ်။ စစ်သည်တွေရဲ့ ဟိန်းသံတွေကို ကြားရတယ်။ ပြီးတော့ ဒီမြေကို စောင့်ရှောက်နေတဲ့ စစ်သည်တွေရဲ့ ရင်ထဲက အထီးကျန်ဆန်မှုတွေကိုလည်း နားလည်ပါတယ်။"
"အရှင်မ ဘာပြောချင်လဲဆိုတာ သိပါတယ်။ ကျုပ် အရင်က မေးခဲ့တဲ့ မေးခွန်းကို ဖြေချင်တာမလား။ ပြည်သူတွေရဲ့ သွေးချောင်းစီးမှုကို လျစ်လျူရှုပြီးတော့ ဆက်ပြီး ပုန်းအောင်းနေမှာလား၊ ဒါမှမဟုတ် ကယ်တင်ရှင်ဆိုတဲ့ နာမည်ကို ခံယူပြီး ကျင့်ကြံသူ တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်မှာလား ဆိုတာလေ။"
"အခုတော့ ကျုပ် တစ်ခုခုကို သဘောပေါက်သွားသလိုပဲ။"
မုန့်ချင်ကျိုးက ဤလောကနှင့် တစ်ခါမှ တကယ်တမ်း တစ်သားတည်း မကျခဲ့ဖူးပေ။ သူက ဤလောက၏ အမှန်တရားကို သိနေသော ကူးပြောင်းလာသူ တစ်ဦး ဖြစ်သဖြင့် ယခုအရာအားလုံးမှာ အိမ်မက်တစ်ခုသာ ဖြစ်လိမ့်မည်ဟု တွေးခဲ့ဖူးသည်။
သို့သော် ဇနီးဖြစ်သူ တုန်းဖန်လျူလီနှင့် တွေ့ဆုံပြီးနောက် လူအမျိုးမျိုးနှင့် ဆုံတွေ့ကာ ဤခေတ်ကြီး၏ ရုန်းကန်မှုများကို မြင်တွေ့ရပြီးနောက် သူ၏စိတ်ကူးများ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
သူက လုံးဝ ပျင်းရိနေသူ မဟုတ်ဘဲ အရာအားလုံးကို အထက်စီးမှ ကြည့်နေခဲ့မိခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ ကြည့်နေခဲ့၍ သူတစ်ပါး၏ ခံစားချက်ကို ကိုယ်ချင်းမစာနိုင်ဘဲ လောကကြီး၏ အနိမ့်အမြင့်ကို ဘေးလူအဖြစ်သာ ကြည့်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤကမ္ဘာကြီးမှာ အတုမဟုတ်ကြောင်း သူ တဖြည်းဖြည်း သိလာရသည်။ ဇာတ်လမ်း၏ အဓိက လမ်းကြောင်းပြင်ပတွင်လည်း ကမ္ဘာကြီးမှာ လည်ပတ်နေဆဲဖြစ်ပြီး ဇာတ်ကောင်များမှာလည်း ရုပ်သေးများ မဟုတ်ဘဲ အသွေးအသား၊ စိတ်ခံစားချက်၊ အပျော်အပြုံးနှင့် အပူအဆွေးရှိသော လူသားစစ်စစ်များ ဖြစ်ကြသည်!
မုန့်ချင်ကျိုး တစ်ခုခုကို နားလည်သွားပုံရပြီး လက်ထဲမှ တုတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ထိုတုတ်ထဲတွင် လျို့ဝှက်ဓားတားမြစ်နယ်မြေ၏ ဂိုဏ်းချုပ်ကြီး ချန်ထားခဲ့သော “ပုစဉ်းရင်ကွဲငိုသံ”ဟု အမည်ရသော ဧကရာဇ်အဆင့် နတ်ဘုရားဓား ရှိနေသည်။
"ကျေးဇူးတင်ပါတယ်။ အရှင်မ…" မုန့်ချင်ကျိုးက ရိုးသားစွာ ပြောလိုက်သည်။
တုန်းဖန်လျူလီ အနည်းငယ် ကြောင်သွားသည်။ သူက ခေါင်းကို ကုတ်ကာ တစ်ခုခု ပြောချင်သော်လည်း နှုတ်ခမ်းနီလေး တုန်ရုံသာ တုန်နေပြီး ဘာပြောရမှန်း မသိသဖြင့် မိမိကိုယ်ကို ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။
ငါ ဆိုလိုတာက အဲဒါ မဟုတ်ဘူးလေ။
"မင်း နားလည်မှု လွဲနေပြီ။ ငါက ငါ့ရဲ့ ခံစားချက်ကို ပြောပြရုံတင်ပါ။ မင်းကို ကယ်တင်ရှင် လုပ်ခိုင်းနေတာ မဟုတ်ပါဘူး…"
တုန်းဖန်လျူလီက ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ဆက်ပြောသည်။ "မင်း နားမလည်တာလည်း ဖြစ်နိုင်ပေမဲ့ အခု မင်းရဲ့ အခြေအနေက တော်တော်လေး ကောင်းနေတယ်လို့ ငါထင်တယ်။"
"လူတိုင်းမှာ ကိုယ်ကြိုက်တဲ့ပုံစံကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းက... ကယ်တင်ရှင် လုပ်ဖို့ မကိုက်ညီပါဘူး။"
ဘယ်က ကယ်တင်ရှင်လဲ…
ရှင့်မိန်းမက အပြင်မှာ တိုင်းပြည်တွေကို တိုက်ခိုက်သိမ်းပိုက်နေတာလေ။ ရှင်က အိမ်မှာ လှလှပပ နေနေရုံပဲပေါ့။
မုန့်ချင်ကျိုး မျက်နှာ ပျက်သွား၏။
သေချာ စဉ်းစားကြည့်တော့လည်း ဟုတ်နေသည်။
ငါက ကိုယ့်ကိုယ်ကိုယ် ဘာမှတ်နေတာလဲ။ "ကောင်းကင်အောက်မှာ အရာအားလုံးက ပုရွက်ဆိတ်တွေပဲ" ဆိုတဲ့ စကားတောင် ရှိသေးတာပဲ။
ကောင်းကင်ထောက်တိုင်နယ်ပယ် အထက် လူတွေပဲ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်တာ။ ငါက ခုမှ နံနက်ခင်းအလင်းနယ်ပယ်ကို ရောက်ရုံပဲ ရှိသေးတာ။ သွားရမယ့် လမ်းက အဝေးကြီး လိုနေသေးတယ်။
"သည်းခံရုံပဲပေါ့။ အဆုံးထိ သည်းခံရုံပဲ။ ဘေးဒုက္ခတွေ ကြုံလာရင်တော့ ငါ့မိသားစုရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးနိုင်ရင်ပဲ တော်ပါပြီ။"
မုန့်ချင်ကျိုးက လက်တွေ့ဘဝနှင့် မိမိကိုယ်ကိုယ် ချက်ချင်းပင် ပြန်လည်၍ သင့်မြတ်သွားတော့သည်။
"မင်းက တော်တော် သဘောပေါက်တဲ့ ကျောင်းသားပဲ…" တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ ပုခုံးကို အလွန်ကျေနပ်စွာဖြင့် ပုတ်လိုက်သည်။ "အဲဒါမှ ငါ့လူ"ဟု ပြောချင်နေသည့် အလားပင်။
သူတို့နှစ်ဦး ပေါ့ပေါ့ပါးပါး စကားပြောနေစဉ်မှာပင် မြောက်သိမ်းမြို့စား ဝူရှန်းဖျင်က ကြယ်တံခွန်တစ်ခုကဲ့သို့ လေထဲသို့ ပျံတက်လာပြီး သားရဲကြီး၏ ကျောပေါ်သို့ ညင်သာစွာ ဆင်းသက်ကာ ဧကရီကို အဝေးမှနေ၍ အရိုအသေ ပေးလိုက်သည်။
"အရှင်မ... မြောက်သိမ်းမြို့မှာ အခြေစိုက်တဲ့ စစ်သည်တစ်သိန်းက အချိန်မရွေး ထွက်ခွာဖို့ အသင့်ဖြစ်နေပါပြီ။"
တုန်းဖန်လျူလီက မူလအရှိန်အဝါကို ပြန်လည်ရရှိသွားပြီး တည်ငြိမ်စွာ ဆိုသည်။ "ချီတက်ကြစို့…"
ဝူရှန်းဖျင်က ခေါင်းညိတ်ပြကာ လက်ကို ဝှေ့ယမ်းပြီး အော်ဟစ်လိုက်သည်။ "စစ်တပ် တစ်ခုလုံး နားထောင်ကြ။ လူသုံးထောင်စီ တစ်အုပ်စုခွဲပြီး အစီအရင် ဆရာတွေနဲ့ ပူးပေါင်းကာ ဖုံးကွယ်အစီအရင်ခံကို တည်ဆောက်ကြ။ ပစ်မှတ်က မြောက်ဘက် မဟာမိတ်အဖွဲ့ပဲ…"
ချက်ချင်းပင် မြောက်သိမ်းမြို့တစ်ခုလုံးမှာ နိုးထလာသော ရှေးဦးသားရဲကြီး တစ်ကောင် ကဲ့သို့ပင် ဖြစ်သွားသည်။ မီတာထောင်ချီမြင့်သော မြို့ရိုးကြီးများမှာ ကောင်းကင်ကို ထိလုမတတ် ရှိနေပြီး မြို့တံခါး တစ်ခုတည်းကပင် ပေ(၃၀၀)နီးပါး မြင့်ကာ ခန့်ညားလှသော အရှိန်အဝါများကို ထုတ်ဖော်နေ၏။
မြို့တံခါးကြီးများမှာ ဟိန်းဟောက်သံနှင့်အတူ ပွင့်လာပြီး မြောက်ပိုင်း နှင်းပြင်တစ်ခုလုံး တုန်ခါသွားကာ တောင်တန်းများပေါ်မှ နှင်းထုများပင် ပြိုကျကုန်သည်။
နက်မှောင်သော ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် စစ်သည်တော်များမှာ စနစ်တကျ ထွက်ပေါ်လာကြပြီး လူသုံးထောင်စီ တစ်အုပ်စုဖွဲ့ကာ၊ အလံများနှင့် အစီရင်ခံပြားများကို ကိုင်ဆောင်ထားသော အစီရင်ခံဆရာများက ဝန်းရံထားကြ၏။
လှမ်းကြည့်လိုက်လျှင် အဆုံးမဲ့ နှင်းပြင်ကြီးပေါ်တွင် ပြည့်နှက်နေသော စစ်တပ်ကြီးမှာ ဖုံးကွယ်အစီရအရင်များကြောင့် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြတော့သည်။
မကြာခင်မှာပင် ကျယ်ပြောလှသော မြေပြင်ပေါ်၌ လူတစ်ယောက်မျှ မမြင်ရတော့။ သူတို့၏ အငွေ့အသက်ကိုပင် ခံစားရန် ခက်ခဲသွား၏။
နှင်းများကိုပင် အရည်ပျော်စေနိုင်သော ပြင်းထန်သည့် အရှိန်အဝါများမှာလည်း လုံးဝ ပျောက်ကွယ်သွားသည်။
မုန့်ချင်ကျိုးသည် မြောက်သိမ်းမြို့သို့ ရောက်ကတည်းက သူ၏ ဓာအသိပိုင်နက်ကို ဖြန့်ကျက်ထားခဲ့သည်။ သူ၏ အာရုံထဲတွင် အနီရောင် အစက်အပြောက်လေးများစွာဖြင့် ပြည့်နေသော ရေဒါ စခရင်ကြီးသဖွယ် မြင်နေရသော်လည်း ယခု ကိုယ်ပျောက်မုဒ်ကို ဖွင့်လိုက်သကဲ့သို့ အရာအားလုံး ချက်ချင်း ပျောက်ကွယ်သွားသဖြင့် အံ့သြနေမိသည်။
"မြောက်ဘက် နယ်စပ်ရဲ့ ပထမဆုံးမြို့က အထူးစစ်သည်တွေ ဆိုတဲ့အတိုင်းပဲ။ သူတို့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်းပဲ။" မုန့်ချင်ကျိုး မချီးကျူးဘဲ မနေနိုင်တော့ပေ။
တုန်းဖန်လျူလီ၏ မျက်လုံးများမှာ တောက်ပသွားပြီး မုန့်ချင်ကျိုး၏ ချီးကျူးစကားကို ကြားသောအခါ အလွန်ပင် ဂုဏ်ယူမိသွားသည်။
တခြားသူများ ထိုသို့ပြောလျှင် သူက ပြုံးပြီး ချီးကျူးစကားအဖြစ်သာ မှတ်ယူသော်လည်း ခင်ပွန်းက ချီးကျူးသောအခါတွင်မူ စာမေးပွဲတွင် အမှတ်ပြည့်ရသဖြင့် မိသားစု၏ ချီးကျူးမှုကို ခံရသကဲ့သို့ အလွန်အမင်း ပျော်ရွှင်နေမိ၏။
"ဟင်း။ မင်းမှာ အမြင်တော့ ရှိသားပဲ။" တုန်းဖန်လျူလီက နှာခေါင်းရှုံ့ကာ မာန်ပါပါဖြင့် ဆိုသည်။
"ကျင့်ကြံတယ် ဆိုတာက ပျင်းစရာကောင်းတယ်။ အမိန့်တစ်ခုအောက်မှာ လူပေါင်း သိန်းချီ၊ သန်းချီ၊ ကုဋေချီတဲ့ စစ်တပ်ကြီးတွေ ချက်ချင်း စုဝေးလာတာကို မြင်ရပြီး၊ ရန်သူတွေ ကိုယ့်ရဲ့ ခြေဖဝါးအောက်မှာ ချေမှုန်းခံရတဲ့ အသံကို ကြားရမှပဲ စစ်မြေပြင်ရဲ့ ဆွဲဆောင်မှုကို ခံစားရမှာ။"
"စစ်မီးတွေကြားထဲမှာ ဝမ်းနည်းစရာတွေ ရှိသလို၊ အံ့သြစရာတွေလည်း ရှိတယ်။ သူရဲကောင်းတစ်ယောက် အတွက်တော့ စစ်ပွဲဆိုတာ သူရရှိနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပဲ…"
"ငါ ငယ်ငယ်ကတည်းက နန်းတက်ချင်ခဲ့တာ။ အဲဒါ ပြည်သူတွေအတွက် ဆိုတာထက်... အဲဒီတုန်းက ငါက (၈)နှစ်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် အဲဒီလောက် ကြီးကျယ်တဲ့ ရည်မှန်းချက် ရှိမှာလဲ။ အဲဒီအချိန်တုန်းက စစ်တပ်တွေကို ကွပ်ကဲရတာ။ စစ်တပ်နှစ်ခု အကြားက တိုက်ပွဲတွေကို ကြည့်ရတာက ငါ့အတွက် အတော်လေးကို ဆွဲဆောင်မှုရှိလို့ ကိုယ့်ကိုယ်ကိုယ်တောင် မေ့နေခဲ့တာ။ ကြီးလာမှပဲ တောရိုင်းမြေကို စည်းလုံးစေပြီး စစ်ပွဲတွေကို အဆုံးသတ်ချင်တဲ့ ဆန္ဒ ပြင်းပြလာတာ…"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး တိတ်ဆိတ်နေပြီး ဇဝေဇဝါ ဖြစ်နေမိသည်။
စိတ်ထဲမှာ ဧကရီ စကားပြောတာက ငါ့မိန်းမနဲ့ နည်းနည်း ဆင်နေသလိုပဲ။
ဒါ ငါစိတ်ထင်တာ သက်သက်ပဲလား...
…
အပိုင်း(၁၄၆) ကောင်းကင်ကြည့်ဆောင်၏ လျှို့ဝှက်ကြံစည်မှု
မြောက်ဘက် မဟာမိတ်အဖွဲ့ကို မိုင်ပေါင်းထောင်ချီ ရှည်လျားပြီး ဆီးနှင်းများ ဖုံးလွှမ်းနေသော တောင်တန်းကြီးများ၏ အလယ်ဗဟိုတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ပထမဆုံး လူသားဧကရာဇ် ရုတ်တရက် ပျောက်ကွယ် သွားပြီးနောက် တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ်တို့ ပြိုကွဲသွားခဲ့ပြီး အဆုံးမဲ့သော စစ်ပွဲများ စတင်ခဲ့သည်။ မြောက်ဘက်ရှိ အထက်တန်းစား မိသားစုအချို့နှင့် ဂိုဏ်းအသီးသီးက အင်အားစုစည်းရန် ဤနှင်းဖုံးတောင်တန်းများဆီသို့ စုပေါင်း၍ ပြောင်းရွှေ့လာခဲ့သည်။
နှစ်ပေါင်းထောင်ချီ ဖွံ့ဖြိုးလာပြီးနောက် မဟာမိတ်အဖွဲ့က အင်အားစုတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။ သူတို့က မဟာမိတ်ကို အုပ်ချုပ်ရန်အတွက် ခေါင်းဆောင် တစ်ဦးနှင့် အကြီးအကဲများ ကောင်စီကို ရွေးချယ်တင်မြှောက်ကာ အကြွင်းမဲ့ အာဏာကို အပ်နှင်းထားကြသည်။
ယခုတွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာတစ်သောင်းမြင့်သော နှင်းဖုံးတောင်ထိပ် အပေါ်၌ ရွှေရောင်နန်းတော်တစ်ခု ရှိနေပြီး နံနက်ခင်း နေရောင်အောက် အလွန်တရာ သန့်ရှင်းမြင့်မြတ်လှသော အသွင်ကို ဆောင်နေ၏။
နန်းတော်အတွင်း၌ မဟာမိတ်ခေါင်းဆောင် အပါအဝင် အကြီးအကဲများနှင့် ကောင်စီဝင်အားလုံး စုံညီစွာ ရှိနေကြသည်။ မဟာမိတ်ခေါင်းဆောင် ဟိုင်လန်ထျန်းမှာ နှုတ်ခမ်းနီနီ၊ သွားဖြူဖြူဖြင့် အသက်(၁၀)နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် တူသော်လည်း မျက်ဝန်းများတွင်မူ လောကဓံကို ကြုံတွေ့ခဲ့ရသော ရင့်ကျက်မှုများ ရှိနေသည်။
"မင်းတို့အားလုံး ကြားပြီးလောက်ပြီလို့ ထင်တယ်။ မဟာကျင်းက အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ဆီ စစ်တပ်လွှတ်လိုက်ပြီ။ နန်းရင်းဝန် ကျန်းစန်းဟိုင်က ရောက်ရောက်ချင်း ရဟန်းတစ်ပါးကို သတ်ပစ်လိုက်တယ်။ ဒါပေမဲ့ ထူးဆန်းတာက အချိန်အတော်လေး ကြာသွားတာတောင် ဗုဒ္ဓတိုင်းပြည်ဘက်က ဘာတုံ့ပြန်မှုမှ မရှိသေးဘူး။ ဗောဓိသတ္တ တစ်ပါးရယ်၊ ကျင့်ကြံသူ အချို့ကိုပဲ ခုခံဖို့ လွှတ်ထားပြီးတော့ ဘာအစီအစဉ်မှ ထပ်မရှိတော့ဘူး။"
"မင်းတို့ရဲ့ အမြင်ကို ပြောကြ။ တောရိုင်းမြေရဲ့ အင်အားကြီး သုံးခုထဲက တစ်ခုအနေနဲ့ ငါတို့ ဘာလုပ်သင့်လဲ။"
ဝတ်ရုံများ ခြုံထားပြီး အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ခွက်များကို ကိုင်ထားသည့် အကြီးအကဲများမှာ ဆွံ့အသူများကဲ့သို့ တိတ်ဆိတ်နေကြသည်။ ဟိုင်လန်ထျန်း ခေါင်းကိုက်သွားပြီး သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။
ဤမဟာမိတ်အဖွဲ့တွင် ဂိုဏ်းပေါင်း (၁၀၀)ကျော် ပါဝင်နေပြီး နှစ်ပေါင်းထောင်ချီ တစ်ဦးနှင့်တစ်ဦး လျို့ဝှက်ကြံစည်တိုက်ခိုက်နေခဲ့ကြသည်။ မဟုတ်လျှင် သူတို့သည် တောရိုင်းမြေကို ဟိုးကတည်းက စည်းလုံးစေပြီး အင်အားအကြီးဆုံး ဖြစ်နေလောက်ပြီ။ ဟိုင်လန်ထျန်း ခေါင်းဆောင်ဖြစ်ခဲ့သော နှစ်(၁၀၀)အတွင်းမှာပင် ဂိုဏ်းတွင်း ပဋိပက္ခများကြောင့် လရောင်ထွန်းလင်းနယ်ပယ်အထက် ကျွမ်းကျင်သူ (၁၂၀)၊ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ဆယ်ဂဏန်းနှင့် မိသားစုများစွာ ပျောက်ကွယ် သွားခဲ့ရသည်။
ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင်ပင် ဤလူများက ကိုယ့်မိသားစု အကျိုးစီးပွားကိုသာ ငဲ့ကွက်နေပြီး အရှေ့ကနေ တာဝန်ယူဖို့ ဝန်လေးနေကြဆဲပင်။
"မင်းတို့ မပြောရင် ငါပြောမယ်။" ဟိုင်လန်ထျန်းက တည်ငြိမ်စွာ ဆိုသည်။ "မဟာကျင်းက စည်းလုံးရေးစစ်ပွဲကို စတင်လိုက်ပြီဆိုမှတော့ ငါတို့မှာ တိုက်ခိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး။"
"ဗုဒ္ဓတိုင်းပြည်နဲ့ မဟာကျင်းတို့ တိုက်ပွဲဖြစ်နေတဲ့ကြားမှာ ငါတို့ တစ်ခုခု လုပ်ရမယ်။"
"ဥပမာပြောရရင်တော့..."
ဟိုင်လန်ထျန်းက စားပွဲကို လက်ချောင်းများဖြင့် ခေါက်လိုက်ပြီး မျက်ဝန်းထဲတွင် ရက်စက်သော အကြည့်များဖြင့် ပြောလိုက်သည်။ "သူတို့ကြားထဲကို မီးလောင်ရာ လေပင့်ပေးလိုက်မယ်။ ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြအောင်။ အကောင်းဆုံးက နှစ်ဖက်လုံး အသေအကြေ ဖြစ်သွားကြအောင် လုပ်ရမယ်။"
ထိုစကားကို ကြားရာ အကြီးအကဲများ ကောင်စီဝင်များ ချက်ချင်း အသံထွက်လာကြ၏။
"ငါ သဘောတူတယ်။ ဒါက အတော်လေးကို အရေးကြီးတဲ့ ကိစ္စပဲ။ ဂိုဏ်းအားလုံး အာဃာတတွေကို ခေတ္တဘေးဖယ်ထားပြီးတော့ စည်းလုံးရမယ်။ တောရိုင်းမြေကို ငါတို့သိမ်းပိုက်နိုင်ရင် ဒီဒေသရဲ့ ကံကြမ္မာဟာ ငါတို့ဆီ ရောက်လာလိမ့်မယ်။ အလွန်ဆုံး (၆)လအတွင်းမှာ ငါတို့ဟာ အင်အားအကြီးဆုံး ဖြစ်လာလိမ့်မယ်…"
"အစီအစဉ်က ရိုးရိုးလေးပဲ။ ဗုဒ္ဓတိုင်းပြည်က စစ်ပွဲကို ကြီးကြပ်ဖို့ လွှတ်လိုက်တဲ့ ဗောဓိသတ္တကို သတ်ပစ်မယ်။ ပြီးရင် အဲဒါကို မဟာကျင်း ဓားသူတော်စင် လုပ်တာလို့ အပြစ်ပုံချလိုက်မယ်။ ဗုဒ္ဓတိုင်းပြည်က ဒီစော်ကားမှုကို ငြိမ်ခံနေမှာ မဟုတ်ဘူး။"
"ဘယ်သူက အချိန်နဲ့နေရာလွတ် နိယာမကို အတုခိုးနိုင်မှာလဲ။ အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့။"
"ဒါဆိုရင် ကျန်းစန်းဟိုင်ကို သတ်မယ်။ ပြီးရင် ဗုဒ္ဓတိုင်းပြည်ရဲ့ နည်းလမ်းတွေနဲ့ သတ်သလိုမျိုး ဟန်ဆောင်မယ်။ ကျန်းစန်းဟိုင်က မဟာကျင်းရဲ့ မဏ္ဍိုင်တစ်ခုပဲ။ ဧကရီရဲ့ စရိုက်နဲ့ဆိုရင် သူ့ရဲ့ အသေခံမှုကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး။"
"ကောင်းပြီလေ။ ကျန်းစန်းဟိုင်ကို သတ်ပြီး ဗုဒ္ဓတိုင်းပြည်ကို အပြစ်ပုံချကြတာပေါ့။"
အကြီးအကဲများမှာ ထင်မြင်ချက်များကို ဝိုင်းပြောကြပြီး မကြာမီမှာပင် သဘောတူညီမှု ရသွားကြသည်။ ကျန်းစန်းဟိုင်ကို သတ်ခြင်းဖြင့် မဟာကျင်းနှင့် ဗုဒ္ဓတိုင်းပြည်ကြား ပဋိပက္ခကို ပိုမိုကြီးထွားစေရန် ဖြစ်သည်။
ဟိုင်လန်ထျန်းက သက်ပြင်းချကာ ပြောလိုက်သည်။ "ဒါဆို မိသားစု တစ်ခုချင်းစီက နံနက်ခင်းအလင်းနယ်ပယ်အောက်မနိမ့်တဲ့ လူတစ်ယောက်စီ လွှတ်ပါ။ ကျန်းစန်းဟိုင်ကို လုပ်ကြံဖို့ စစ်မြေပြင်ကို သွားကြမယ်။ သဲလွန်စ မကျန်အောင် သတိထား။ မဟုတ်ရင် တစ်ဖက်လူကို အပြစ်ပုံချတာ မအောင်မြင်ဘဲ ငါတို့ပဲ ဒုက္ခရောက်ကုန်လိမ့်မယ်။"
အစည်းအဝေး ပြီးဆုံးခါနီးအချိန်...
ရုတ်တရက်...
နန်းတော်တံခါးကြီးသည် အပြင်ဘက်မှ ဝုန်းခနဲ ပွင့်သွားပြီး လေနှင့်နှင်းများကြားမှ လူရိပ်တစ်ခု ဝင်လာ၏။
"မင်းက ဘယ်သူလဲ။" ဟိုင်လန်ထျန်းက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ထိုလူက ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်ရာ အနည်းငယ် လော်လီသော မျက်နှာတစ်ခု ပေါ်လာပြီး ပြုံးကာ ပြောသည်။ "ကျွန်တော့်နာမည်က အိုဒါဆာဘူရိုးပါ။ ကျိမိသားစုရဲ့ သခင်လေးကိုယ်စား သတင်းလာပို့တာပါ။"
ဟိုင်လန်ထျန်း အနည်းငယ် အံ့သြသွားသည်။ "မင်းက နေမဝင်တိုင်းပြည်ရဲ့ အရှင်သခင် မဟုတ်လား။ သိပ်မကြာခင်ကမှ ဧကရီနဲ့ လက်ထပ်တော့မယ်ဆိုပြီး သတင်းတွေ ထွက်နေတဲ့သူမလား။"
အိုဒါဆာဘူရို၏ အပြုံးမှာ ခဲသွားပြီး ဆဲတော့မည့်အလား ဖြစ်သွားသည်။
စကားကို ကောင်းကောင်း မပြောတတ်ရင်လည်း ငြိမ်နေပါလား။ မပြောသင့်တာတွေကို လာပြောနေတယ်။
"အဟမ်း... တည့်တည့်ပဲ ပြောပါတော့။ မင်းပြောတဲ့ ကျိမိသားစု သခင်လေးဆိုတာ ဘယ်သူလဲ။ မင်းက တိုင်းပြည်တစ်ခုရဲ့ အရှင်သခင်ဖြစ်ပြီးတော့ ဘာလို့ တခြားသူကို သခင်အဖြစ် သတ်မှတ်ထားရတာလဲ။ ပြီးတော့ ဘာသတင်းလဲ။" ဟိုင်လန်ထျန်းက မေးလိုက်သည်။
နေမဝင်တိုင်းပြည်ကဲ့သို့ တိုင်းပြည်ငယ်လေးနှင့် ရင်ဆိုင်ရသောအခါ ဟိုင်လန်ထျန်းမှာ မာန်ပါပါနှင့် ဆက်ဆံတော့သည်။ အကြီးအကဲများလည်း မကျေမနပ် ဖြစ်နေကြသည်။
ဒီလိုမျိုး အဆင့်နိမ့်တိုင်းပြည် အရှင်သခင်က ဘယ်လိုလုပ်ပြီးတော့ မဟာမိတ် နယ်မြေထဲကို တိတ်တဆိတ် ဝင်လာနိုင်ပြီးတော့ အထွတ်အမြတ် တောင်ထိပ်ပေါ်အထိ ရောက်လာရတာလဲ…
"ကျွန်တော့်သခင်လေးရဲ့ မျိုးရိုးက ကျိ၊ နာမည်က ဝူရွှမ်းပါ။ ခင်ဗျားတို့အားလုံး ကြားဖူးကြမှာပါ။" အိုဒါဆာဘူရိုက လွတ်နေသော ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်ကာ လက်ဖက်ရည်ကို ကိုယ်တိုင် ငှဲ့သောက်လိုက်သည်။
ကျိဝူရွှမ် ဟုတ်လား။
ဟိုင်လန်ထျန်းနှင့် အကြီးအကဲများ အားလုံး ထိတ်လန့်သွားကြပြီး အိုဒါဆာဘူရိုကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြသည်။
"မင်းက ကောင်းကင်ပြည်နယ် အင်အားစုတွေဘက်ကလား။" ဟိုင်လန်ထျန်း၏ မျက်နှာ ချက်ချင်း မှောင်ကျသွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
"သခင်လေးက မှာလိုက်ပါတယ်။ ဗုဒ္ဓတိုင်းပြည် စစ်မြေပြင်ကိုပဲ အာရုံမစိုက်ပါနဲ့ဦး။ ကိုယ့်ရဲ့မြေကို အရင် ပြန်ကြည့်ပါဦးတဲ့။" အိုဒါဆာဘူရိုက လုံးဝ မကြောက်ဘဲ ခြေထောက်ကိုပင် ချိတ်ထိုင်နေလိုက်သေးသည်။
ဟိုင်လန်ထျန်း၏ သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်သွားပြီး စိုးရိမ်စိတ်များ ဝင်လာကာ အမိန့်ပေးလိုက်သည်။ "ဘာကို ဆိုလိုတာလဲ။ ရှင်းရှင်းပြောစမ်း…"
အိုဒါဆာဘူရိုက အနည်းငယ် ပြုံးကာ ပြောသည်။
"ကျန်းစန်းဟိုင်က အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို အလစ်အငိုက် တိုက်ခိုက်တာက ခင်ဗျားတို့နဲ့ ဗုဒ္ဓတိုင်းပြည်ကို လှည့်စားဖို့အတွက် မှိုင်းတိုက်တာ သက်သက်ပဲ။ မဟာကျင်းရဲ့ တကယ့်ပစ်မှတ်က... ခင်ဗျားတို့ပဲ။"
"အခု ဒီအချိန်မှာတင် ကျင်းဧကရီနဲ့ ဓားသူတော်စင် မုန့်ချင်းတို့က သူတို့ရဲ့ အထူးစစ်သည်တွေကို ဦးဆောင်ပြီး မြောက်ဘက် မဟာမိတ်နယ်မြေထဲ ဝင်ရောက်နေပြီ။ အချိန်တွက်ကြည့်ရင် နောက်(၂)ရက်နေရင် မြို့တံခါးဝကို ရောက်လာလိမ့်မယ်။"
"ပြောစရာရှိတာတော့ ဒါပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပေါ့။"
အိုဒါဆာဘူရိုက လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး ခွက်ကို စားပွဲပေါ် ဝုန်းခနဲ ချကာ ပြန်ထွက်သွားတော့သည်။
သူ ထွက်သွားသည်ကို မည်သူမျှ မတားဆီးကြဘဲ အခန်းထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုကြီး ဖုံးလွှမ်းသွား၏။ အတန်ကြာမှ...
အကြီးအကဲ တစ်ဦးမှာ တုန်ယင်လာပြီး သူ၏ လက်ဖက်ရည်ခွက်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ကွဲသွားသည်။ သူက တုန်တုန်ရီရီဖြင့် ပြောလိုက်၏။
"ဧကရီ ကိုယ်တိုင် ရောက်နေတာလား..."
"သူတို့ရဲ့ တကယ့်ပစ်မှတ်က ငါတို့ ဖြစ်နေတာလား။"
ဟိုင်လန်ထျန်း၏ အမူအရာမှာလည်း ဆိုးရွားလှ၏။ "အံ့ဩစရာပဲ..."
"မဟာကျင်း စစ်ပွဲစတုန်းက ဧကရီ၊ ချင်းဖုန်းဟော်၊ မုန့်ချင်းတို့လို ထိပ်တန်း တိုက်ခိုက်ရေးသမားတွေ တစ်ယောက်မှ မသွားဘဲ စစ်ဗျူဟာမှူး တစ်ယောက်တည်းကိုပဲ လွှတ်လိုက်တာကို ငါ ထူးဆန်းနေခဲ့တာ။"
"ဗုဒ္ဓတိုင်းပြည်လည်း တိုက်ခိုက်ဖို့ နှောင့်နှေးနေတာ တစ်ဖက်နဲ့တစ်ဖက် သဘောတူညီမှု ရထားလို့လား။ ငါတို့ကို အရင်ဖယ်ရှားဖို့အတွက် ဧကရီကို အချိန်ပေးထားတာလား။ စစ်ပွဲ တကယ်ဖြစ်လာရင် နောက်ကနေ တိုက်ခိုက်ခံရမှာ စိုးလို့ ငါတို့ကို အရင်ဆုံး ကစားပွဲထဲက ထုတ်ပစ်နေကြတာလား..."
"သိပ်ကောင်းတယ်... ကောင်းပြီလေ..."
ဟိုင်လန်ထျန်းက ဒေါသတကြီး ရယ်မောလိုက်သည်။ "မင်းတို့ ဘယ်သူမှ ငါတို့ကို ထည့်မတွက်ဘူးပေါ့၊ ဒါဆိုလည်း မင်းတို့အားလုံး အသက်ရှင်လျက် ပြန်မထွက်သွား စေရဘူး…"
ပြောပြီးသည်နှင့် သူ၏ အရှိန်အဝါများကို လုံးဝ ဖုံးကွယ်၍ မထားတော့ပေ။ ကောင်းကင်ထောက်တိုင် နယ်ပယ်တစ်ပိုင်း၏ ကြောက်မက်ဖွယ်ရာ ဖိအားများမှာ မိုင်ပေါင်းထောင်ချီ နှင်းတောင်တန်းများအပေါ် လွှမ်းမိုးသွားတော့သည်။ နတ်ဘုရား တစ်ပါး ပြန်လည် နိုးထလာသကဲ့သို့ပင်…