← Chapters

အခန်း (၁၅၃-၁၅၅)

Vol. 11 Ch. 153-155

အခန်း (၁၅၃-၁၅၅)

Vol. 11 Ch. 153-155

အပိုင်း(၁၅၃) ကောင်းကင်ယံအလွန် - ကောင်းကင်ထောက်တိုင်နယ်ပယ်

အချိန်နှင့်နေရာလွတ် အလင်းရိပ်များမှာ ဖြည်းညှင်းစွာ ကျုံ့ဝင်သွားပြီး ဖြူစိုစို အလင်းတန်းများ ပျောက်ကွယ်သွားကာ လီကွမ်ယန်က နောက်ဆုံး ချုပ်နှောင်မှုများမှ လွတ်မြောက်လာခဲ့သည်။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက်တွင် သူ ပထမဆုံး လုပ်သည့်အရာမှာ မိမိကိုယ်ကိုယ် ပြန်လည်စစ်ဆေးခြင်းပင်။

လီကွမ်ယန်က မိမိ၏ဓားရှည်ကို မြှောက်လိုက်ပြီး လက်ခနဲဖြစ်နေသော ရွှေရောင် လျှပ်စီးများကို စိုက်ကြည့်နေမိသည်။

အတော်ကြာသွား၏။

အချိန်၏ အနှစ်သာရများ ကိန်းအောင်းနေသည့် ဝိညာဉ်ပုံရိပ်တစ်ခုကို သူ ခဏတာ မြင်လိုက်ရသည်။

"အချိန်တာအို၊ လွန်ခဲ့တဲ့ (၁၀)နှစ်က ဝတ်ရုံနက်နဲ့လူငယ်၊ ပိတ်ထားတဲ့ မှတ်ဉာဏ်တွေ... မုန့်ချင်ကျိုး..."

လီကွမ်ယန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ပြီး မုန့်ချင်ကျိုးကို မယုံနိုင်စရာကောင်းလောက်အောင် စိုက်ကြည့်နေမိသည်။ သူ၏ ပါးစပ်မှာ အနည်းငယ် ဟဟပွင့်သွားပြီး ရေရွတ်လိုက်သည်။ လူသားဧကရာဇ်လား…

ကျိဝူရွှမ် ဆိုတာ ကောင်းကင်ကြည့်ဆောင်က ထုတ်ပြထားတဲ့ အကာအကွယ် ဒိုင်းကာ တစ်ခု၊ နာမည်ခံ ဧကရာဇ်အတုပဲ။ တကယ့် ရွေးချယ်ခံရတဲ့ လူသားဧကရာဇ်က မုန့်ချင်ကျိုး ဖြစ်နေတာလား။

ဒါဆို လွန်ခဲ့တဲ့ (၁၀)နှစ်လုံး ငါ့ရဲ့ မှတ်ဉာဏ်တွေက ပိတ်လှောင်ခံထားရတာပေါ့။ ငါ ဘယ်လိုလုပ်ပြီး နံနက်ခင်းအလင်းနယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်သွားလဲ ဆိုတာတောင် ငါ မသိခဲ့ဘူး...

မုန့်ချင်ကျိုးနဲ့ တွေ့နေရတာတောင်မှ မှတ်ဉာဏ်တွေ ပြန်ပွင့်မလာခင်အထိ ငါ သူ့ကို မမှတ်မိနိုင်ခဲ့ဘူး။

ငါ့ရဲ့ မိုးကြိုးလမ်းစဉ်ထဲမှာ ကိန်းအောင်းနေတဲ့ အချိန်တာအိုရဲ့ အရိပ်အယောင်တွေက ငြင်းလို့မရတဲ့ သက်သေပဲ။

လီကွမ်ယန် အတော်ကြာ ကြောင်အသွားပြီးမှ သတိဝင်လာသည်။ သူ မဆိုင်းမတွပင် ဒူးနှစ်ဖက်ထောက်ကာ လက်သီးဆုပ် ဂါရဝပြုလျက် ဆိုလိုက်သည်။ "ကျွန်တော်မျိုး လီကွမ်ယန်... အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်။"

လီကွမ်ယန်မှာ ကြောက်လန့်လွန်းသဖြင့် ချွေးစေးများပင် ထွက်လာသည်။ ကျိဝူရွှမ်းမာ လူသိရှင်ကြား ရွေးချယ်ခံရသည့် ဧကရာဇ်ဖြစ်ပြီး မုန့်ချင်ကျိုးမှာ အရိပ်ထဲတွင် ဖုံးကွယ်ထားကာ အခြားသူများ မသိနိုင်သည့်သူဖြ စ်ကြောင်း သူ ရုတ်တရက် သတိရလိုက်သည်။ ဝမ်ရှန်းကျားမှာလည်း အနားမှာ စောင့်ကြည့်နေသည်။ အကယ်၍ ဤကိစ္စ ပေါက်ကြားသွားလျှင် အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိပေ။

ထိုကဲ့သို့ မမျှော်လင့်ထားသော အချိုးအကွေ့ကြောင့် ဝမ်ရှန်းကျားမှာ လုံးဝကို ဇဝေဇဝါဖြစ်သွားပြီး သူ ဆင့်ခေါ်ထားသော အနက်ရောင် လျှပ်စီးဓားနှင့် ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း အရိပ်မည်း ဆယ်ဂဏန်းကျော်မှာလည်း လေထဲတွင် တန့်သွားကာ ရှေ့သို့ ဆက်မတိုးဝံ့တော့ပေ။

"လီကွမ်ယန်။ မင်း ဘာလုပ်နေတာလဲဆိုတာ သိရဲ့လား။ မင်းက ရန်သူကို သခင်အဖြစ် အမှုထမ်းနေတာပဲ။ ကောင်းကင်ကြည့်ဆောင်က မင်းကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။" ဝမ်ရှန်းကျားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဘယ်လိုတောင် ဆိုးရွားတဲ့ အဖော်မျိုးလဲ။ ဒုက္ခပေးလိုက်တာ။

"မင်းဦးနှောက်ထဲမှာ ရွှံ့တွေပဲ ရှိနေတာလား။ ချီးတွေပဲ ရှိနေတာလား။ မင်း ဘာတွေ တွေးနေတာလဲ? ဘာလို့ ရုတ်တရက် စိတ်ပြောင်းပြီး တခြားသူဆီမှာ သစ္စာခံလိုက် ရတာလဲ။"

"မင်းက အစကတည်းက တုံးအတယ်ဆိုတာ ငါသိပေမဲ့ ဒီလောက်ထိ တုံးအမယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းကို ကောင်းကင်ကြည့်ဆောင်ထဲ ခေါ်လာမိတာကို နောင်တရတယ်။ သောက်ရူးလေး။ မင်းကို ငါကိုယ်တိုင် သတ်ပစ်ချင်တယ်။"

ဝမ်ရှန်းကျားမှာ အနက်ရောင် ပိုးအိမ်အတွင်းမှနေ၍ ဒေါသတကြီး တရစပ် ဆဲဆို၍ နေတော့သည်။

လီကွမ်ယန်က မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း သူ၏ နဖူးပေါ်တွင် အကြောများ ထောင်ထွက်လာပြီး နောက်သို့ လှည့်ကာ ဒေါသတကြီး ပြန်လည် ဟန့်တားလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း…"

"ဝမ်... ငါ မင်းကို သတိမပေးဘူးလို့ မပြောနဲ့။ အခုချက်ချင်း သခင့်ဆီမှာ ခွင့်လွှတ်ဖို့ တောင်းပန်လိုက်၊ ဒါဆိုရင်တော့ မျှော်လင့်ချက်လေး ရှိဦးမယ်။ မဟုတ်ရင်တော့ ငါလည်း မင်းကို မကယ်နိုင်ဘူး။"

ဝမ်ရှန်းကျား ကြောင်သွားပြီး အတန်ကြာမှ အော်ပြောလိုက်သည်။ "ဘာပြောတယ်…"

"မင်းက သူခိုးကိုး အဖေခေါ်နေပြီးတော့ အခု ငါ့ကိုပါ မင်းနဲ့အတူ ဆွဲချချင်နေတာလား။ ငါက မုန့်ချင်းရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ရမယ် ဟုတ်လား။"

"ဘာလို့ လုပ်ရမှာလဲ။"

လီကွမ်ယန်က အေးစက်စွာ ရယ်မောလိုက်သည်။ "သေမယ့်သူကို အကြံပေးရတာ အပိုပဲ။ မင်းက ခေါင်းမာပြီး နားမလည်ဘူးဆိုရင်လည်း ငါ မတတ်နိုင်ဘူး။ ဒါပေမဲ့ မင်း ငါ့ကို ယုံရင်တော့ အခုချက်ချင်း ကောင်းကင်ဖုံးလွှမ်းခြင်းအတတ်ကို ရုပ်သိမ်းပြီးတော့ ဒူးထောက်တောင်းပန်လိုက်။ သခင့်က မင်းရဲ့ အသက်ကို ချမ်းသာပေးကောင်း ပေးလိမ့်မယ်။"

ထိုစကားကို ကြားသောအခါ ဝမ်ရှန်းကျား မျက်လုံးများ ပြာသွားပြီး သွေးများပင် အန်ထွက်လုမတတ် ဒေါသထွက်သွားသည်။

နောက်ဆုံးမိနစ်ကျမှ အဖော်ကို သစ္စာဖောက်ရုံတင်မက ဒီလောက်ထိ မရှက်မကြောက် ဘဝင်မြင့်မြင့်နဲ့ လုပ်နေတာလား။ တကယ့်ကို အရှက်မရှိတဲ့ ငတုံးပဲ…

"ပြောစမ်းပါဦး... မုန့်ချင်ကျိုးက မင်းရဲ့သခင်ဆိုတာ ဘာက ဒီလောက်ထိ ယုံကြည် သွားစေတာလဲ။" ဝမ်ရှန်းကျားက တစ်ခုခု မှားနေသည်ဟု ခံစားရသဖြင့် အသက်ကို ပြင်းပြင်းရှူကာ တည်ငြိမ်စွာ နားချရန် ကြိုးစားလိုက်သည်။

သူက လီကွမ်ယန်နှင့်အတူ ရာစုနှစ်တစ်ခုမက အတူ အလုပ်လုပ်ခဲ့သူ ဖြစ်သည်။ ပထမ အနှစ်(၇၀)မှာ ယခင်ဧကရာဇ်၏ အကြံပေးအဖြစ်၊ နောက်ထပ် အနှစ်(၃၀)မှာ ကောင်းကင်ကြည့်ဆောင်၏ လျှို့ဝှက်သူလျှိုအဖြစ် အတူရှိခဲ့ကြသည်။ သူ လီကွမ်ယန်ကို ကောင်းကောင်းသိသည်။

လီကွမ်ယန် မည်မျှ တုံးအနေပါစေ၊ အမှားအမှန် မဝေခွဲနိုင်လောက်အောင်အထိ မိုက်မဲမည့်သူ မဟုတ်ပေ။

ဒီနေရာမှာ တစ်ခုခုတော့ လွဲနေပြီ။ မုန့်ချင်ကျိုး နောက်ကွယ်ကနေ ကြိုးကိုင်နေတာ ဖြစ်ရမယ်။

ထိုစကားကို ကြားသော် လီကွမ်ယန်က စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု မှားနေသလို ဝေဝေဝါးဝါး ခံစားလိုက်ရသည်။ သေချာ ပြန်စဉ်းစားကြည့်လိုက်ရာ အရာအားလုံးမှာ ပုံမှန်ပင် ဖြစ်နေပြီး သူ စိတ်ထင်နေခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။

မုန့်ချင်ကျိုးက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေပြီး ထိုလူနှစ်ဦး၏ ငြင်းခုန်မှုကို ကြားဝင်နှောင့်ယှက်ရန် ဆန္ဒမရှိဘဲ နားထောင်နေသည်။

နံနက်ခင်းအလင်းနယ်ပယ် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကတည်းက သူ၏ အချိန်နှင့်နေရာလွတ် တာအိုအပေါ် ထိန်းချုပ်နိုင်မှုမှာ အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အချိန်နှင့်နေရာလွတ် နိယာမများမှတစ်ဆင့် ကံကြမ္မာ၏ အကြောင်းအကျိုးများကို နှောင့်ယှက်ခြင်း၊ အတိတ်နှင့် အနာဂတ်ကို ပြန်လည်ကြည့်ရှုခြင်းဖြင့် လီကွမ်ယန်၏ ဘဝလမ်းကြောင်းကို ခြေရာခံနိုင်သည်။

အမှန်တကယ်တွင် [ အချိန်နှင့်နေရာလွတ် – အချိန်ပြန်လှည့် ] တွင်လည်း ကန့်သတ်ချက်များ ရှိသည်။ ကောင်းကင်ထောက်တိုင်နယ်ပယ်၏ မဟာတာအို အနှစ်သာရကို အနည်းငယ်မျှ ထိတွေ့ထားသည့် မည်သည့် ကျင့်ကြံသူကိုမဆို ကံကြမ္မာနှင့် အကြောင်းအကျိုးမျဉ်းများကို နှောင့်ယှက်ခြင်း သို့မဟုတ် ကြိုးကိုင်ခြင်း မပြုနိုင်သလို ဘဝမြစ်ကြီးကို ဖောက်ထွင်းပြီး အတိတ်သို့ ပြန်သွား၍လည်း မရနိုင်ပေ။

တကယ်တမ်း ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ အစစ်အမှန် တက်လှမ်းနိုင်မှသာ အစောပိုင်း ကောင်းကင်ထောက်တိုင်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများကို ကြိုးကိုင် ထိန်းချုပ်နိုင်ဖွယ် ရှိသည်။

မုန့်ချင်ကျိုးက ကောင်းကင်ဖောက်ထွင်းနယ်ပယ်သို့ လှမ်းတက်ရန် ကြိုးစားရင်း၊ အကယ်၍ သူသာ ထိုနယ်ပယ်သို့ ရောက်ရှိသွားလျှင် အချိန်နှင့်နေရာလွတ် မြစ်ကြီးထဲ အတိုင်းအတာတစ်ခုအထိ လှည့်လည်နိုင်လိမ့်မည်ဟု ဝေဝေဝါးဝါး ခံစားနေရသည်။ သို့သော် စိတ်ကြိုက် လှည့်လည်နိုင်မည်တော့ မဟုတ်ပေ။

"အချိန်နှင့်နေရာလွတ် မြစ်ကြီးကို တကယ် ထိန်းချုပ်နိုင်ဖို့ဆို ကောင်းကင်ယံအလွန်က ဒဏ္ဍာရီလာ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းနိုင်ဖို့ လိုလိမ့်မယ်။"

မုန့်ချင်ကျိုးပ မိမိဘာသာ တွေးနေမိပြီး သတိပြန်ဝင်လာချိန်တွင် လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့၏ ညှိနှိုင်းမှုမှာ လုံးဝ ပျက်ပြားသွားပြီး ထိုနှစ်ဦးမှာ စကားမပြောတော့ပေ။

လီကွမ်ယန် အတော်ကြာ ဝေခွဲမရဖြစ်နေပြီးမှ နောက်ဆုံးတွင် သူ၏ နှစ်ပေါင်းများစွာက သူငယ်ချင်းဟောင်းကြီး သေဆုံးသွားမည်ကို မကြည့်ရက်သဖြင့် မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ဦးတိုက်လျက် တောင်းပန်လိုက်သည်။

"သခင်... ဝမ်ရှန်းကျားရဲ့ အသက်ကို ချမ်းသာပေးပါ။ သူက သခင့်ရဲ့ သရုပ်မှန်ကို မသိလို့ပါ။"

၎င်းကို မြင်လိုက်ရသောအခါ ဝမ်ရှန်းကျား၏ မျက်လုံးများ နီမြန်းလာပြီး သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကို ထိန်းမထားနိုင်တော့ပေ။

"သောက်ကောင် မုန့်ချင်ကျိုး... မင်း သူ့ကို ဘာတွေလုပ်လိုက်လဲ ငါမသိဘူး။ ဒါပေမဲ့ မင်းကို သတ်လိုက်တာနဲ့ သူ သတိပြန်ဝင်လာမှာ သေချာတယ်။"

"ဒါကြောင့် မင်း သေပေတော့။"

ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း အရိပ်မည်း ဆယ်ဂဏန်းကျော် လှုပ်ရှားလာပြီး အရပ်မျက်နှာ အနှံ့အပြားမှ မုန့်ချင်ကျိုးကို တိုက်ခိုက်လိုက်ကြသည်။

မြေပြင်မှလည်း အနက်ရောင် လျှပ်စီးဓားသွားများမှာ တစ်ခုပြီးတစ်ခု လေထဲသို့ ဝှူးခနဲ အော်မြည်ကာ ပျံတက်လာကြသည်။

မုန့်ချင်ကျိုး မည်သည့်လှုပ်ရှားမှုမျှ မပြုဘဲ ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။

မြေပြင်ပေါ် ဝပ်စင်းနေသော လီကွမ်ယန်က ရုတ်တရက် ဒေါသတကြီး ထရပ်လိုက်ပြီး ဓားကို ဆွဲထုတ်ကာ မုန့်ချင်ကျိုး၏ ရှေ့တွင် ကာကွယ်ရပ်လိုက်သည်။

"ဝမ်... မင်း တကယ် လုပ်ရဲတာပဲ။ မင်း ငါ့ကို အတင်းအကျပ် လုပ်ခိုင်းနေတာပဲ။"

"မလိုပါဘူး။ မင်းအတွက်ကြောင့် ဝမ်ရှန်းကျားကို သေဒဏ်ကနေ ချမ်းသာပေးနိုင်ပေမဲ့ ပြစ်ဒဏ်ကနေတော့ သူ လွတ်မှာ မဟုတ်ဘူး။" မုန့်ချင်ကျိုးက လီကွမ်ယန်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

စကားဆုံးသည်နှင့်...

မုန့်ချင်ကျိုးက ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားပြီး တစ်ခဏအတွင်းမှာပင် အချိန်နှင့်နေရာလွတ် မြစ်ကြီး၏ မြစ်လက်တက်များမှာ ဓားသန္ဓေသားလောင်း ရာဂဏန်းအဖြစ် ပြောင်းလဲကာ ကန့်လန့်ကာကြီးအတွင်း၌ ဝဲပျံနေတော့သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း အရိပ်မည်း ဆယ်ဂဏန်းကျော်မှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး၊ အနက်ရောင် လျှပ်စီးဓား အမြောက်အမြားလည်း ကြေမွသွား၏။

ထိုမြင်ကွင်းမှာ အလွန်ပင် ခမ်းနားလှပြီး မည်သူမှ မတားဆီးနိုင်သော အပြတ်အသတ် အောင်ပွဲပင် ဖြစ်သည်။

ပိုးအိမ်အတွင်း ပုန်းနေသော ဝမ်ရှန်းကျားမှာ ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်လုံးဖြင့် အပြင်ကို စိုက်ကြည့်ရင်း မိမိကိုယ်ကို ရေရွတ်နေမိသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နံနက်ခင်းအလင်းနယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူက ဒီလောက်တောင် အစွမ်းထက်နေတာလား။"

ဝမ်ရှန်းကျားက ရင်ထဲမှ ထိတ်လန့်မှုကို နှိမ်နင်းကာ အတင်းအကျပ် ပြုံးလျက် ပြောလိုက်သည်။ "ဒါပေမဲ့ ရပါတယ်။ အရိပ်တာအိုရဲ့ အကြီးမားဆုံးသော အစွမ်းက သတ်ဖြတ်တာမဟုတ်ဘူး။ ပုန်းကွယ်တာနဲ့ ကာကွယ်တာပဲ။ မင်း ငါ့ကို ရှာမတွေ့နိုင်သလို ပိုးအိမ်ရဲ့ အကာအကွယ်ကိုလည်း ဖောက်နိုင်မှာ မဟုတ်ဘူး။"

အနက်ရောင် ပိုးအိမ်ကြီးမှာ မြေကြီးထဲသို့ ပျောက်ကွယ်သွားပြီး အားနည်းသော ရယ်သံတစ်ခုသာ လေထဲတွင် ကျန်ရစ်ခဲ့သည်။

ထိုအချိန်မှာပင်...

ဝမ်ရှန်းကျား၏ နားထဲတွင် အသံတစ်သံ မြည်ဟည်းသွား၏။ "အိုး... အဲဒီလိုလား။"

လက်တစ်ကမ်းအကွာ ရှိနေသကဲ့သို့ပင် ဝမ်ရှန်းကျား မတုံ့ပြန်နိုင်ခင် မုန့်ချင်ကျိုးသည် အကာအကွယ်တံတိုင်းကို လက်သီးဖြင့် ထိုးခွဲလိုက်ပြီး ပျစ်ချွဲသော အနက်ရောင် အရည်များထဲသို့ တိုးဝင်ကာ ပိုးတုံးလုံးကို ဆွဲကိုင်ပြီး အင်အားသုံး၍ ဆွဲထုတ် လိုက်တော့သည်။

ဗြိ…

ဓားအသိ ဖြတ်သန်းသွားပြီး ပြိုင်ဘက်ကင်းသည်ဟု ဆိုသော ပိုးအိမ်ကြီးကို ကြေမွသွားစေကာ အဝတ်ဗလာနှင့် ကြောက်လန့်တုန်လှုပ်နေသော ဝမ်ရှန်းကျားကို ဖော်ထုတ်လိုက်တော့သည်။

….

အပိုင်း(၁၅၄) တုန်းဖန်လျူလီ၏ တုန်လှုပ်မှု

မြောက်ပိုင်း နှင်းပြင်အရပ်၊ ဂိုဏ်းပေါင်းစုံမဟာမိတ် ဌာနချုပ်နှင့် မြစ်တစ်စင်းသာ ခြားသောနေရာတွင် မဟာကျင်းစစ်တပ်ကြီးက စခန်းချထားပြီး စစ်သည်တော် သိန်းပေါင်းများစွာမှာ မပြတ်မလပ် လေ့ကျင့်နေကြသည်။ အပြင်ဘက် ကင်းလှည့် ဧရိယာကိုလည်း မြောက်သိမ်းမြို့အရှင် ဝူရှန်းဖျင်က စစ်သည်များကို ဦးဆောင်ကာ ကင်းလှည့်နေသည်။

ထိုအချိန်မှာပင်...

ကြီးမားပြီး အစွမ်းထက်လှသော အရှိန်အဝါတစ်ခုက ကျယ်ပြောလှသော မြေပြင် တစ်ခုလုံးကို လွှမ်းခြုံ၍ သွားတော့သည်။ အချိန်နှင့်နေရာလွတ် ဓားအသိ၊၊ မိုးကြိုးသံနှင့်အတူ ထွက်ပေါ်လာသော ဓားအလင်းတန်းများနှင့် မှောင်မိုက်သော အရိပ်အယောင်များမှာ ရောယှက်တိုက်ခိုက်နေကြပြီး မတ်တပ်ပင် မရပ်နိုင်အောင် ဖြစ်သွားရသော စစ်သည်တော် အမြောက်အမြားကို ရိုက်ခတ်သွားသည်။ တောင်တန်းနှင့် မြစ်ချောင်းများ တုန်လှုပ်သွားပြီး နေ၊ လ၊ ကြယ်တာရာများပင် အရောင်မှိန်သွားရ၏။

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ထိုလှုပ်ခတ်မှု ဖြစ်ပေါ်ရာ အရပ်သို့ လှမ်းကြည့် လိုက်ကြသည်။

တုန်းဖန်လျူလီနှင့် ဝန်ကြီးများပင်လျှင် ဆက်ထိုင်မနေနိုင်တော့ဘဲ ထိုအရှိန်အဝါများ ထွက်ပေါ်ရာ အရင်းအမြစ်ဆီသို့ ပျံတက်သွားကြတော့သည်။

ထိုနေရာတွင် ဝတ်ရုံနက်မှာ လေထဲတွင် တဖျတ်ဖျတ်လွင့်နေသော မုန့်ချင်ကျိုးက ဝမ်ရှန်းကျား၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လေထဲသို့ မြှောက်ထားပြီး အချိန်နှင့်နေရာလွတ် မြစ်ကြီးမှ စုစည်းထားသော ဓားအသိဖြင့် ဝမ်ရှန်းကျားကို ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။

မုန့်ချင်ကျိုး၏ ခြေရင်းတွင်မူ ကျော်ကြားလှသော ကောင်းကင်စစ်သူကြီး လီကွမ်ယန်က ဒူးထောက်နေ၏။

ဤမြင်ကွင်းမှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။ စုဝေး၍ ရောက်ရှိလာသော အရာရှိများအားလုံးမှာ ဇဝေဇဝါဖြစ်ကာ ထိတ်လန့်ကုန်ကြသည်။

"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဓားသူတော်စင်က ဝတ်ရုံနက် နန်းရင်းဝန်နဲ့ တိုက်ခိုက်နေရတာလဲ။ ပြီးတော့ ဘာလို့ စစ်သူကြီး လီကွမ်ယန်က မြေပြင်ပေါ်မှာ ဒူးထောက်နေတာလဲ။ ဓားသူတော်စင်ကို ကိုးကွယ်နေသလိုမျိုး..."

"နေဦး... ခင်ဗျားတို့ သတိထားမိလား။ ဝမ်ရှန်းကျားရဲ့ အရှိန်အဝါ လှုပ်ခတ်မှုတွေက တစ်ခုခုတော့ မှားနေပြီ။ သူ... သူက တကယ်တော့ 'ကောင်းကင်ထောက်တိုင် နယ်ပယ်တစ်ပိုင်း ကျွမ်းကျင်သူကြီးပဲ။ ပြီးတော့ လီကွမ်ယန်ကလည်း နံနက်ခင်းအလင်း နယ်ပယ်ရဲ့ နောက်ဆုံးအဆင့် ကျွမ်းကျင်သူ ဖြစ်နေတာပဲ။"

"သူတို့ နှစ်ယောက်လုံးက အစွမ်းတွေကို ဖုံးကွယ်ထားခဲ့တာပဲ။ သူတို့ရဲ့ မကောင်းတဲ့ အကြံအစည်တွေကို ဓားသူတော်စင်က သိသွားလို့ ဒီလိုမျိုး ရင်ဆိုင်နေတာများလား။"

"ဓားသူတော်စင်က ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ကျွမ်းကျင်သူ တစ်ယောက်နဲ့ နံနက်ခင်းအလင်းနယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို လက်တစ်ဖက်တည်းနဲ့ နှိမ်နင်းလိုက်တာ။ ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ။"

တုန်းဖန်လျူလီ၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွားပြီး ဝမ်ရှန်းကျားနှင့် လီကွမ်ယန်တို့ကို စိုက်ကြည့်နေမိသည်။ မုန့်ချင်ကျိုး အစောပိုင်းက သတိပေးခဲ့သော “အဲဒီနှစ်ယောက်ကို သတိထား” ဆိုသည့် စကားကို သူ ပြန်လည် သတိရလိုက်သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း...

ထိုအဆင့်အတန်းမျိုးမှာ တောရိုင်းမြေ တစ်ခုလုံး၏ ထိပ်တန်း တိုက်ခိုက်ရေးအင်အား ဖြစ်နေပြီဖြစ်သည်။ အနည်းဆုံး လက်ရှိအချိန်အထိ တောရိုင်းမြေ၏ အပေါ်ယံတွင် ကောင်းကင်ထောက်တိုင်နယ်ပယ် အစစ်အမှန် ကျွမ်းကျင်သူဟူ၍ မရှိသေးပေ။

တုန်းဖန်လျူလီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နောက်ကွယ်မှ ကြောက်မက်ဖွယ်ကေ အင်အားစုကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

ဖုံးကွယ်ထားသော သူလျှို နှစ်ယောက်တည်းနှင့်တင် တောရိုင်းမြေ တစ်ခုလုံးကို မွှေနှောက်ပြီး ထိပ်တန်းကျွမ်းကျင်သူ အုပ်စုတစ်စုကို နင်းခြေရန် လုံလောက်နေပြီ ဖြစ်သည်။

ဒါဆိုရင်... နောက်ကွယ်က အင်အားစု အစစ်အမှန်ရဲ့ ပုံရိပ်အပြည့်အစုံက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ။

“မုန့်ချင်း... ဘာတွေဖြစ်နေတာလဲ။” တုန်းဖန်လျူလီက မေးလိုက်သည်။

သူက အမှန်တရားကို အကြမ်းဖျင်း သိရှိထားသော်လည်း အခြားသူများမှာမူ မသိကြသေးပေ။ သူက အခြားသူများ ကိုယ်စား မေးခွန်းထုတ်ပေးပြီး မုန့်ချင်ကျိုး၏ ဂုဏ်သိက္ခာကို ကွယ်ရာတွင် ထိခိုက်စေနိုင်မည့် နားလည်မှုလွဲမှားမှုများကို တားဆီးရန် ကြိုးစားခြင်း ဖြစ်သည်။

မုန့်ချင်ကျိုးက အသာအယာ ပြုံးလိုက်ပြီး ဝမ်ရှန်းကျား၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်ကို တဖြည်းဖြည်း တင်းကြပ်လိုက်ရာ လည်ပင်းရိုးမှာ ကျိုးတော့မည့်အလား ဂွက်ခနဲ အသံထွက်ပေါ်လာသည်။ သူက တည်ငြိမ်စွာပင် ဆိုလိုက်သည်။

"ဒါက မိတ်ဆွေ အချင်းချင်း အပျော်တမ်း စမ်းသပ်တိုက်ခိုက်ကြတာပါ။ လီကွမ်ယန်... ဟုတ်တယ်မလား။"

လီကွမ်ယန်မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းနေသည်။ ထိုစကားကို ကြားသောအခါ သူက အလျင်အမြန် ခေါင်းညိတ်ပြီး ပျာပျာသလဲ ပြောလိုက်သည်။ "ဟုတ်ပါတယ်။ သခင်... အဲ မဟုတ်ဘူး... ဓားသူတော်စင် ပြောတာ မှန်ပါတယ်။"

"ကျုပ်တို့က ဓားသူတော်စင်နဲ့ အစွမ်းချင်း စမ်းကြည့်ချင်ရုံတင်ပါ။ စစ်ပွဲကြီး နီးကပ်လာပြီ ဆိုတော့ ကြိုးကြိုးစားစား လေ့ကျင့်ထားသင့်တယ် မဟုတ်လား။"

လူတိုင်း ဘာစကားမျှ မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေကြသည်။

ဒါကတော့...

ဘယ်လိုတောင် မခိုင်လုံတဲ့ အကြောင်းပြချက်လဲ။ လေထဲက သတ်ဖြတ်ချင်တဲ့ အရှိန်အဝါတွေကိုလည်း ကြည့်လိုက်ဦး။ ပြီးတော့ ပြောလိုက်တဲ့ စကားတွေကိုလည်း နားထောင်ဦး။ အပျော်တမ်း တိုက်ခိုက်တာလား ဘာလား မမေးခင်မှာတင် "သခင်" ဆိုပြီး လွှတ်ခနဲ ထွက်လာတာလေ။

ဝန်ကြီးများ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး တစ်ခုခုကို ဝေဝေဝါးဝါး ခံစားလိုက်ရကာ ဘာစကားမျှ မပြောဝံ့ဘဲ ခေါင်းများကိုသာ ခါယမ်းနေကြတော့သည်။

အချိန်နှင့်နေရာလွတ် ဓားသူတော်စင်သည် ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ကျွမ်းကျင်သူကို အလွယ်တကူ နှိမ်နင်းနိုင်သည်ဆိုခြင်းမှ ဆိုသည်မှာ သူက တောရိုင်းမြေ တစ်ခုလုံး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းပင်။

အစွမ်းထက်ဆုံးသော တိုက်ခိုက်ရေးအင်အားကို ကိုယ်စားပြုနေခြင်းပင် ဖြစ်သည်!

ထိုလျှို့ဝှက်ချက်မှာ အနားရှိ လူတိုင်းကို စိတ်လှုပ်ရှားသွားစေသည်။

"ဧကရာဇ်က ဘယ်သူမှ မသိအောင် ဒီလိုအဆင့်မျိုးအထိ ရောက်နေပြီပဲ။ မဟာကျင်းက တောရိုင်းမြေကို တကယ်ပဲ တစ်စည်းတစ်လုံးတည်းဖြစ်အောင် လုပ်နိုင်မယ့် အခွင့်အရေး ရှိနေပြီ။" ဝန်ကြီး ဖန့်ချန်က စိတ်ထဲမှ တွေးနေမိသည်။

မြောက်သိမ်းမြို့အရှင် ဝူရှန်းဖျင်၏ မျက်ဝန်းများတွင်လည်း ထက်မြက်သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ သူက ဝမ်ရှန်းကျားနှင့် လီကွမ်ယန်တို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မုန့်ချင်ကျိုးကို ကြည့်ကာ အသက်ကို ပြင်းပြင်း ရှူလိုက်မိသည်။

အချိန်နှင့်နေရာလွတ် ဓားသူတော်စင်ရဲ့ ထူးခြားပြောင်မြောက်တဲ့ တိုက်ခိုက်ရေး စွမ်းရည်အကြောင်း ကြားဖူးတာ ကြာပြီ။ ဒါပေမဲ့ သူ ဒီလောက်အထိ အစွမ်းထက်မယ်လို့ မထင်ထားခဲ့ဘူး။

ပြီးတော့ စစ်သူကြီး လီကွမ်ယန်က ပင်ကိုယ်စရိုက်အရ မာနကြီးတဲ့သူလေ။ သူက ဘယ်လိုလုပ်ပြီး မုန့်ချင်ကို သခင်အဖြစ် အမှုထမ်းနေရတာလဲ…

တကယ်ကို ထူးဆန်းတာပဲ။ ငါတို့ရဲ့ ဓားသူတော်စင်မှာ ငါတို့မသိသေးတဲ့ ဝှက်ဖဲတွေ အများကြီး ရှိနေတဲ့ပုံပဲ။

သာမန်စစ်သည်များမှာမူ သူ့ကို ပို၍ပင် ကြည်ညိုသွားကြသည်။ အချိန်နှင့်နေရာလွတ် ဓားသူတော်စင်၏ ကျော်ကြားမှုမှာ တောရိုင်းမြေတစ်ခုလုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ မဟာကျင်းစစ်သည်များ၏ ရင်ထဲတွင်မူ ဓားသူတော်စင်နှင့် ဧကရီမှာ ခွဲခြား၍မရသော ပုံရိပ်များပင် ဖြစ်နေလေပြီ။

ဤမြင်ကွင်းမှာ ဓားသူတော်စင်၏ ဂုဏ်သိက္ခာသည် ဧကရီကိုပင် ကျော်လွန်တော့မည် ဖြစ်ကြောင်း ဝေဝေဝါးဝါး ပြသနေသကဲ့သို့ပင်။

"ဒါဆို ဒါတွေအားလုံးက နားလည်မှုလွဲတာပေါ့။ " တုန်းဖန်လျူလီမှာလည်း အလားတူပင် တုန်လှုပ်နေရသည်။

မုန့်ချင်ကျိုး အလွန်အစွမ်းထက်ကြောင်း သူ သိထားသော်လည်း သူက မည်သူမှ မသိအောင် မိမိကို အဝေးကြီးတွင် ထားခဲ့ကာ အမီလိုက်ရန် ခက်ခဲလောက်အောင် ရှေ့သို့ ရောက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

၎င်းက ဧကရီကို အသက်ရှူကျပ်သွားစေ၏။ ရှေးဟောင်းနတ်ဘုရားမြို့တော်တွင် မုန့်ချင်ကျိုး သူ့ကို ပြောခဲ့သော စကားတစ်ခွန်းကို သူ အမြဲပင် မှတ်မိနေခဲ့သည်။ "ဘဝကို အတူတူ မျှဝေခံစားကြမယ်" ဆိုသော စကားပင်။

ထိုစကား၏ အနက်အဓိပ္ပာယ်မှာ ဧကရီအနေဖြင့် သူနှင့်အတူ အမြဲတမ်း ဘေးချင်းယှဉ် လျှောက်လှမ်းနိုင်ရန် သူ မျှော်လင့်ထားခြင်းဖြစ်ပြီး တစ်ဦးက တစ်ဦး၏ နောက်တွင် ကျန်ရစ်ခြင်းမျိုး မဖြစ်စေလိုခြင်းပင်။

ဒါပေမဲ့ ငါ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဝိညာဉ်ပေါ်က ချိပ်ပိတ်ထားတာကိုလည်း ဖျက်ဆီးပေးခဲ့တယ်။ ငါ့ရဲ့ အသက်နဲ့တောင် လဲပြီး ပေးဆပ်ခဲ့တာတောင်မှ... သူ့ကို အမီမလိုက်နိုင်သေးဘူးပဲ…

တုန်းဖန်လျူလီသည် ပထမဆုံးအကြိမ်အဖြစ် စိတ်နာကျင်မှုကို ခံစားလိုက်ရသည်။

သူ၏ ဘဝနောက်ဆုံးအချိန်ကို ချဉ်းကပ်နေချိန်မှာပင် မုန့်ချင်ကျိုးအတွက် မည်သည်မှ မလုပ်ပေးနိုင်ခြင်းမှာ သူ့ကို အကြီးအကျယ် စိတ်ပျက်အားငယ်စေသည်။

တုန်းဖန်လျူလီက ဧကရီတစ်ဦးဖြစ်ပြီး သာမန်အမျိုးသမီးများနှင့် လုံးဝမတူသော စရိုက်ရှိသူဖြစ်သည်။ သူက အမျိုးသားတစ်ဦး၏ အကာအကွယ်ကိုသာ ယူပြီး လှပသည့် အရုပ်ကလေးလို နေလိုသည့် မင်းသမီးလေး မဟုတ်ပေ။

သူက အမျိုးသားဖြစ်သူကို ကာကွယ်ပေးလိုသူ သို့မဟုတ် သူ ချစ်ရသူနှင့်အတူ ဘေးချင်းယှဉ်ရပ်ကာ အချိန်ကုန်ဆုံးသွားသည်ကို တူညီသော စမှတ်တစ်ခုပေါ်မှ အတူတူ ငေးကြည့်လိုသူသာ ဖြစ်သည်။ ဝန်ထုပ်ဝန်ပိုးတစ်ခု သို့မဟုတ် နှောင့်နှေးစေသည့် အရာတစ်ခုအဖြစ် နောက်ကွယ်မှာ ဝေးကွာစွာ ကျန်ရစ်ခဲ့လိုသူ မဟုတ်။

"နာခံမလား။ သေမလား။ တစ်ခုခု ရွေးလိုက်။" မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်ပြီး အချိန်နှင့်နေရာလွတ် ဓားအသိများကို ဝမ်ရှန်းကျားဆီသို့ တိုးကပ်လိုက်သည်။

"မစဉ်းစားနဲ့။ ငါ သေရင်သေမယ်။ အရှုံးမပေးနိုင်ဘူး။" ဝမ်ရှန်းကျားက မျက်နှာတစ်ခုလုံး နီမြန်းလျက် ပြတ်သားစွာ ပြောလိုက်သည်။

မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ။ ဒါဆိုရင်တော့ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။"

စကားဆုံးသည်နှင့် အချိန်နှင့်နေရာလွတ် ဓားအသိက ဝမ်ရှန်းကျား၏ နဖူးကို ထိုးဖောက်သွားပြီး သူ၏အသက်ကို ချက်ချင်းပင် အဆုံးသတ်လိုက်တော့သည်။

"ငါ သေပြီး တစ္ဆေဖြစ်ရင်တောင် မင်းကို လိုက်နှောင့်ယှက်ဦးမှာ။" ဝမ်ရှန်းကျားက လူယုတ်မာတို့ ပြောလေ့ရှိသည့် စကားတစ်ခွန်းကို အော်ဟစ်လိုက်ပြီး ခြေထောက်ကို ဆန့်ကန်ကာ ခေါင်းငိုက်စိုက်ကျလျက် သေဆုံးသွားတော့သည်။

၎င်းကို မြင်လိုက်ရသော လူတိုင်း ထိတ်လန့်သွားကြသည်။

ဟေး... ဟေး... ဟေး... အပျော် တိုက်ခိုက်ကြတာဆို။ ဘာလို့ သတ်ပစ်လိုက်တာလဲ။

အရာအားလုံးကို လူတိုင်းက လက်ခံနားလည်ထားပြီး အမှန်တရားကို ဝေဝေဝါးဝါး ခန့်မှန်းမိနေရင်တောင်မှ အနည်းဆုံးတော့ လူကွယ်ရာမှာ သတ်သင့်တာပေါ့။

"တကယ့်ကို မကြောက်မရွံ့နိုင်တဲ့သူပဲ။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြုံးလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။ "တကယ်လို့ မင်းက သေမှာ မကြောက်ဘူး ဆိုရင် ဘာလို့ ပေါ်မလာဘဲ ပုန်းနေတာလဲ။ ငါ့ကို တည့်တည့်လာရင်ဆိုင်စမ်းပါ။"

လူတိုင်း ကြောင်သွားကြသည်။ လီကွမ်ယန်ပင်လ မျက်လုံးအပြူးသားဖြင့် မယုံနိုင်စရာ ဖြစ်နေသည်။ သူက ခန္ဓာကိုယ်ကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်သောအခါ အချိန်နှင့်နေရာလွတ် ဓားအသိကြောင့် အမှောင်ထဲမှ အတင်းအကျပ် ထွက်လာရသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

အရိပ်တာအို နိယာမပေါ် အခြေခံထားသော ပုန်းကွယ်မှုအတတ်မှာ အမှောင်ပိုင်နက်၌ ပုန်းကွယ်ရန်အတွက် အတုမရှိသော စွမ်းရည်ပင်။

အကယ်၍ မုန့်ချင်ကျိုးသာ နေရာလွတ်စွမ်းအားကို မပိုင်ဆိုင်ထားလျှင် သူလည်း တွေ့ရှိနိုင်မည် မဟုတ်ပေ။

“အဟီး...” ဝမ်ရှန်းကျား၏ တကယ့်ခန္ဓာကိုယ်မှာ အူကြောင်ကြောင်နှင့် ရယ်မောလိုက်ပြီး၊ ချွန်ထက်လှသော အချိန်နှင့်နေရာလွတ် ဓာအသိကို ရှောင်တိမ်းရန် ကြိုးစားရင်း လက်ကို မြှောက်ပြလိုက်သည်။

"သေမှာ မကြောက်ဘူးလား။" မုန့်ချင်ကျိုးက ခေါင်းစောင်းကာ မေးလိုက်သည်။

ဝမ်ရှန်းကျား ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်သည်။ "သေမှာတော့ ကြောက်တာပေါ့။ ဒါပေမဲ့ မကျေမနပ်နဲ့ သေရမှာကို ပိုကြောက်တယ်။ လီကွမ်ယန်က တုံးအပေမဲ့ သူက အမှားအမှန်တော့ ခွဲခြားတတ်ပါတယ်။ တကယ်လို့ မင်းက အထက်လူကြီးတွေ တကယ် လွှတ်လိုက်တဲ့သူဆိုရင် ငါ အလကား သေရမှာ မဟုတ်ဘူးလား။"

မုန့်ချင်ကျိုး ခေါင်းညိတ်လိုက်သည်။ "မှန်တာပါပဲ။ ဒါဆိုရင် ခင်ဗျား ဘာလုပ်ဖို့ စိတ်ကူးထားလဲ။"

ဘုန်း…

ဝမ်ရှန်းကျားက မဆိုင်းမတွပင် ဒူးနှစ်ဖက်ထောက်ကာ ရိုသေစွာ ဦးတိုက်လိုက်သည်။

"သခင်…”

အပိုင်း(၁၅၅) အူတူတူဇနီးလေး

စစ်သေနာပတိ တဲနန်းအတွင်း...

တုန်းဖန်လျူလီက ဂိုဏ်းပေါင်းစုံမဟာမိတ် ခေါင်းဆောင်ထံမှ ရေးလိုက်သော စာကို အတော်ကြာအောင် ဖတ်ရှုပြီးနောက် ဖြည်းညှင်းစွာ ချလိုက်သည်။ သူ၏ လှပသော မျက်ဝန်းအစုံမှာ ထိုင်နေပုံမှာ ထင်းရှူးပင်တစ်ပင်လို တည်ကြည်နေပြီး ပုစဉ်းရင်းကွဲတေးသံဓားကို ပိုးသားဖြင့် အသာအယာ သုတ်သင်နေသော မုန့်ချင်ကျိုး ထံသို့ ရောက်ရှိသွားသည်။

"ဂိုဏ်းပေါင်းစုံမဟာမိတ် ခေါင်းဆောင် ဟိုင်လန်ထျန်းက ငါ့ရဲ့ စိန်ခေါ်မှုကို လက်ခံရရှိပြီး ဒီစစ်ပွဲရဲ့ အကျိုးအပြစ်တွေကို ရှင်းပြပြီး စာပြန်လာတယ်။ နှစ်ဖက်စလုံးက နံနက်ခင်းအလင်းနယ်ပယ်နဲ့အထက် ကျွမ်းကျင်သူတွေပဲ ပါဝင်တဲ့ အဆုံးအဖြတ် တိုက်ပွဲတစ်ခု ဆင်နွှဲပြီး အနိုင်အရှုံးကို ဆုံးဖြတ်ရအောင်လို့ သူ အကြံပြုထားတယ်။"

"ဟိုင်လန်ထျန်းက သွေးချောင်းစီးတာမျိုးနဲ့ အပြစ်မဲ့တဲ့ စစ်သည်တွေ အစုလိုက် အပြုံလိုက် သေဆုံးရမှာကို မလိုလားတဲ့ပုံပဲ။ ဒါကြောင့် နှစ်ဖက်စလုံးရဲ့ အဓိက တိုက်ခိုက်ရေးအင်အားတွေကိုပဲ ယှဉ်ပြိုင်စေပြီး အနိုင်ရတဲ့သူက တစ်ဖက်လူရဲ့ နယ်မြေနဲ့ လူထုအပါအဝင် အရင်းအမြစ်အားလုံးကို သိမ်းပိုက်ဖို့ သူက ရွေးချယ်လိုက်တာပဲ။"

"ဒါပေမဲ့ ကတိကဝတ် တစ်ခုတော့ရှိတယ်။ အနိုင်ရတဲ့သူက သာမန်အရပ်သားတွေကို မထိခိုက်စေရဘူး။ လူတိုင်းကို တန်းတူညီတူ ဆက်ဆံရမယ်တဲ့..."

မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေမိသည်။

သူက ဟိုင်လန်ထျန်းကို လွယ်လွယ်ကူကူ ကိုင်တွယ်၍ ရမည့်သူ သို့မဟုတ် သဘောကောင်းလွန်းသူ တစ်ယောက်ဟု မထင်ပေ။ အင်အားစု ရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ဂိုဏ်းပေါင်းစုံမဟာမိတ်ကဲ့သို့ အဖွဲ့အစည်းကြီးတစ်ခုတွင် ခေါင်းဆောင် နေရာကို မည်ကဲ့သို့ အေးအေးဆေးဆေး ရယူထားနိုင်ပါ့မည်နည်း။

"ဒါကို လုံးဝကြီးတော့ ယုံလို့မရဘူး။" မုန့်ချင်ကျိုး ခဏတာ စဉ်းစားပြီး တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

"ဟိုင်လန်ထျန်းရဲ့ လုပ်ရပ်မှာ အဓိက ရည်ရွယ်ချက် သုံးခု ရှိနိုင်တယ်။"

"ပထမအချက်က မဟာကျင်းမှာ ထိပ်တန်း တိုက်ခိုက်ရေးအင်အားက သိသိသာသာ လိုအပ်နေတာ။ နံနက်ခင်းအလင်းနယ်ပယ်အထက် အစွမ်းထက်တဲ့သူဆိုလို့ ခင်ဗျားနဲ့ ကျုပ်ပဲ ရှိတယ်။ ပြီးတော့ တိုင်းပြည်အစောင့်အရှောက် နတ်ဘုရားသားရဲကြီးရယ်၊ ဝမ်ရှန်းကျားနဲ့ လီကွမ်ယန်တို့ကိုပါ ထည့်လိုက်ဦး။ အဲဒါတောင် ကျုပ်တို့က (၅)ယောက်ပဲ ရှိတာ။ ဟိုင်လန်ထျန်းရဲ့ အမြင်မှာ အနိုင်ရဖို့ အခွင့်အရေးက အများကြီးရှိနေတာပေါ့။"

"ဒုတိယအချက်က ဂိုဏ်းပေါင်းစုံမဟာမိတ်က အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး စည်းလုံးဖို့ ခက်ခဲတယ်။ အဖွဲ့ဝင် တစ်ဦးချင်းစီက တစ်ယောက်နဲ့တစ်ယောက် အကွက်ချနေကြတာ၊ စစ်ပွဲကြီး နီးနေတာတောင် သူတို့က ကိုယ့်အကျိုးစီးပွားကိုပဲ တွက်ချက်နေကြတာ။ အခုလို တရားမျှတတဲ့ တိုက်ပွဲမျိုး ဖန်တီးလိုက်ရင်တော့ ဘုံအကျိုးစီးပွားကို အသုံးချပြီး အဖွဲ့ဝင်အားလုံးကို စစ်ပွဲထဲ အတင်းအကျပ် ပါဝင်ခိုင်းလို့ရသလို၊ အချိန်တို အတွင်းမှာလည်း သူတို့ကို စည်းလုံးသွားစေနိုင်တယ်။"

"တတိယအချက်ကတော့ ဟိုင်လန်ထျန်းက ဒီတောရိုင်းမြေ နောက်ကွယ်မှာ ကိစ္စတွေကို မြှောက်ပင့်ပေးနေတဲ့ လျှို့ဝှက်အင်အားစုတစ်ခု ရှိနေမှန်း သိပုံရတယ်။ သူက စစ်ပွဲကို အချိန်အကြာကြီး မဆွဲချင်ဘူး။ နောက်ဆုံးမှာ တခြားသူတွေက အကျိုးအမြတ် လာယူသွားမှာကို သူ စိုးရိမ်နေတဲ့ပုံပဲ။"

စာလုံးရေ (၁၀၀)ပင် မပြည့်သော ထိုစာတိုလေးထဲတွင် အဓိပ္ပာယ်များစွာ ကိန်းအောင်း၍ နေသည်။

၎င်းကို ဘေးမှ အစေခံအဖြစ် ဟန်ဆောင်နေသော စုချင်ချိုးက တိတ်တဆိတ် အံ့သြနေမိသည်။

စကားမပြောနိုင်သည့် မိန်းကလေးအဖြစ် ဟန်ဆောင်ထားသော ဝူတျဲပင်လျှင် လက်မ ထောင်ပြကာ စိတ်ထဲမှ ပြောနေမိသည်။

ဧကရာဇ်လို့ ခေါ်ဝေါ်ထိုက်ပါပေတယ်။ စာပေရော လက်ရုံးရည်ပါ ပြည့်စုံပြီး ဒီလောက်ထိ ထက်မြက်တဲ့ ဦးနှောက် ရှိနေတာပဲ…

တုန်းဖန်လျူလီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒါဆို ဟိုင်လန်ထျန်းမှာ တခြားရည်ရွယ်ချက်တွေ ရှိနေတာပေါ့။ ဒီစိန်ခေါ်မှုက ငါတို့အတွက် အကျိုးထက် အပြစ်က ပိုများနေတာလား။"

မည်သည့်ရှုထောင့်မှကြည့်ကြည့် ယခုစစ်ပွဲပုံစံမှာ မဟာကျင်းအတွက် လုံးဝကို အရေးနိမ့်စေပြီး ဂိုဏ်းပေါင်းစုံမဟာမိတ်အတွက်သာ အကြီးအကျယ် အကျိုးရှိစေမည် ဖြစ်သည်။

သို့သော် တုန်းဖန်လျူလီက အနောက်ဘက် ဗုဒ္ဓတိုင်းပြည်တွင် ရောက်ရှိနေသော နန်းရင်းဝန် ကျန်းစန်းဟိုင် ကို တွေးမိလိုက်သည်။

စစ်သည်တော် တစ်သန်းကျော်မှာ ပိတ်မိနေပြီး အချိန်မရွေး ချေမှုန်းခံရနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ကျန်းစန်းဟိုင်က အလွန်ဉာဏ်ကောင်းသူဖြစ်ရာ အကြောင်းအကျိုးကို သူ သဘောပေါက်ထားပြီး ဖြစ်လိမ့်မည်။ ဗုဒ္ဓတိုင်းပြည်က သူတို့ကို အဘယ်ကြောင့် အစုလိုက်အပြုံလိုက် မသတ်ဘဲ ဝိုင်းရံထားရုံသာ လုပ်ထားကြောင်း သူ သိနေလိမ့်မည်။

အရာအားလုံးမှာ ဧကရီကို ရွေးချယ်မှုတစ်ခု လုပ်ခိုင်းနေခြင်းသာ။

စစ်သည်တစ်သန်းနှင့် နန်းရင်းဝန်ကို စတေးမလား။ သို့မဟုတ် အနိုင်ရဖို့ အခွင့်အရေး အလွန်ပင် နည်းပါးသော်လည်း တိုင်းပြည်ပျက်စီးမည့် အန္တရာယ်ကို ရင်ဆိုင်ပြီး လျှပ်တစ်ပြက် စစ်ပွဲဖြင့် ပရမ်းပတာတွေကို အဆုံးသတ်မလား ဆိုသည်ပင်။

ကျန်းစန်းဟိုင်၏ စရိုက်အရဆိုလျှင် မိမိကိုယ်ကိုယ် စတေးပြီး ဗုဒ္ဓတိုင်းပြည်နှင့်အတူ ပျက်စီးသွားဖို့ပဲ ရွေးချယ်ပေလိမ့်မည်။

ထို့ကြောင့် ဂိုဏ်းပေါင်းစုံမဟာမိတ် ကိစ္စကို အမြန်ဆုံး ဖြေရှင်းရပေမည်။

စိန်ခေါ်မှုကို လက်ခံခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သလို အဆိုးဆုံး ရွေးချယ်မှုလည်း ဖြစ်နေပြန်သည်။

ထို့ပြင် တုန်းဖန်လျူလီ၏ သက်တမ်းမှာလည်း ရေတွက်လို့ ရနေပြီဖြစ်ကာ အင်အားများ နေ့စဉ် တိုးတက်နေသော်လည်း ခန္ဓာကိုယ် အခြေအနေမှာတော့ တစ်ရက်ထက်တစ်ရက် ဆိုးရွားလာနေ၏။

"ဆိုးကျိုးတွေပဲ ရှိနေတာတော့ မဟုတ်ပါဘူး။ ဟိုင်လန်ထျန်းက ဘယ်လိုပဲ တွက်ချက် ထားပါစေ ကျုပ်က ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းနေပြီ ဆိုတာကိုတော့ သူ တွက်ချက်နိုင်မှာ မဟုတ်ဘူး။"

မုန့်ချင်ကျိုးက ဝတ်ရုံကို မကာ မတ်တပ်ထရပ်လိုက်ပြီး မြောက်ဘက်သို့ မျက်နှာမူကာ၊ အေးဆေးတည်ငြိမ်သော်လည်း လွှမ်းမိုးလိုသော စိတ်ဆန္ဒများဖြင့် ပြောလိုက်သည်။

"စိန်ခေါ်မှုကို လက်ခံတယ်။"

"ဒီတိုက်ပွဲအတွက် မဟာကျင်းဘက်က အချိန်နဲ့နေရာလွတ် ဓားသူတော်စင် တစ်ယောက်တည်း ထွက်တိုက်ရင် လုံလောက်ပြီ။"

"အရှင်မ... ကျုပ် အရှင်မအတွက် နောက်ထပ် လက်ဆောင်ကြီးတစ်ခု ပေးပါရစေ။ နန်းတက်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ် လက်ဆောင်အဖြစ် ဂိုဏ်းပေါင်းစုံမဟာမိတ် တစ်ခုလုံးကို ပါဆယ်ထုတ်ပြီး ဆက်သပါရစေ။"

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီက ချက်ချင်းပင် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"မဖြစ်ဘူး! ချင်ကျိုး... မင်း အစွမ်းထက်တာ ငါသိပါတယ်၊ ဒါပေမဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်မှာ နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းကြောင်းနဲ့ အစဉ်အလာတွေ ရှိတယ်။ သူတို့မှာ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတွေ ဘယ်လောက်တောင် ရှိနေမလဲ။ ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ကျွမ်းကျင်သူတွေကော ဘယ်နှယောက် ရှိမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ မင်း တစ်ပွဲ နှစ်ပွဲတော့ အနိုင်ရနိုင်ပေမဲ့ ပွဲပေါင်း တစ်ရာ၊ တစ်ထောင် ဆိုရင်ကော။ လူအင်အားနဲ့ ဖိတိုက်တဲ့ စစ်ပွဲမှာတင် မင်း ပင်ပန်းပြီး အသက်အန္တရာယ် ရှိနိုင်တယ်။ ဒါကို ခွင့်မပြုနိုင်ဘူး။"

"ဒီတိုက်ပွဲမှာ ငါလည်း မင်းနဲ့အတူ လိုက်တိုက်မယ်။ ငါတို့ အတူတူ ရင်ဆိုင်ကြတာပေါ့!"

ထိုသို့ ပြောပြီးနောက် တုန်းဖန်လျူလီက မုန့်ချင်ကျိုးက သူ၏သဘောအတိုင်း ဆက်လုပ်မည်ကို စိုးရိမ်ပုံရသဖြင့် စာပြန်ရေးလိုက်ပြီး စကားမပြောနိုင်သည့် အစေခံ ဟန်ဆောင်နေသော စုချင်းချိုးထံ ကမ်းပေးလိုက်ကာ ခိုင်းလိုက်သည်။ "ဒါကို ဂိုဏ်းပေါင်း စုံမဟာမိတ်က တမန်တော်ဆီ သွားပေးလိုက်။ အမြန်သွား။"

စုချင်ချိုးက တိတ်တဆိတ် ခေါင်းညိတ်ကာ စာကို ဆုပ်ကိုင်လျက် ရင်ထဲ တဒိတ်ဒိတ် ခုန်နေရင်း မုန့်ချင်ကျိုး၏ ဘေးမှ ဖြတ်ကျော်သွားသည်။

"ရင်းနှီးနေတဲ့ အနံ့လေးပဲ။" မုန့်ချင်ကျိုးက ခေါင်းကို လှည့်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းဖျားတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာ၏။

ငတုံးမလေး။ မင်းက တမင်တကာ ရေမွှေးနံ့ ပြင်းပြင်းတွေ ဆွတ်ထားတာ။ ငါက မသိဘူးလို့ ထင်နေတာလား။

နုံအတဲ့ နတ်ဘုရားမလေးက သူ့နာမည်အတိုင်းပဲ။ လျူလီလောက်တော့ မပါးနပ်ဘူး။

တုန်းဖန်လျူလီလည်း ရနံ့များကို ဖုံးကွယ်ရန်၊ အသံကို ပြောင်းလဲရန်နှင့် အမူအရာကို ဖျောက်ဖျက်ရန် ကြီးမားသော စွမ်းအားများ သုံးတတ်မှန်း သူ သိထားသည်။

ဝူတျဲလည်း အဲဒီမှာ ရှိနေမှာပဲ။ ပြီးတော့ ဟိုခွေးငတုံးကော…

အဲဒီနေ့က အဲဒီမှာ ရှိနေခဲ့တာလား။

မုန့်ချင်ကျိုး၏ ဓာအသိပိုင်နက်မှာ တိတ်တဆိတ် ပြန့်ကားသွားပြီး နောက်ဆုံးတွင် လွတ်နေသော တဲတစ်လုံးအတွင်း၌ ဖုံးကွယ်ထားသော အရှိန်အဝါ တစ်ခုကို တွေ့ရှိသွားသည်။ ၎င်းမှာ အလွန်အစွမ်းထက်ပြီး ရှေးကျလှသော အရှိန်အဝါပင်။

ဝါကြီးလည်း ထင်ထားတဲ့အတိုင်း လိုက်လာခဲ့တာပဲ။

"ကောင်းပါပြီ... ဒါဆိုရင်တော့ အရှင်မနဲ့ ကျုပ် နတ်ဘုရားတွေ၊ မိစ္ဆာတွေကို အတူတူ ရင်ဆိုင်ပြီး ရန်သူကို အတူတူ တိုက်ထုတ်ကြတာပေါ့။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

တုန်းဖန်လျူလီ သက်ပြင်းချနိုင်သွားပြီး ရင်ဘတ်ကို အသာအယာ ပုတ်ကာ ဆိုသည်။ "ဒါဆိုရင်တော့ သဘောတူပြီနော်…"

"ကျန်တဲ့သူတွေ ထွက်သွားလို့ရပြီ။ မုန့်ချင်း... မင်းပဲ နေခဲ့။ ငါ ကျင့်ကြံတော့မယ်။"

ဝူတျဲနှင့် အစေခံတစ်စုမှာ အသာအယာ ဦးညွှတ်ကာ နှုတ်ဆက်ပြီး တဲအတွင်းမှ ထွက်သွားကြသည်။

တစ်ခဏအတွင်းမှာပင် စစ်သေနာပတိ တဲနန်းအတွင်း၌ မုန့်ချင်ကျိုးနှင့် ဧကရီ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး သုံးမီတာပင် မကွာသော အကွာအဝေးတွင် မျက်နှာချင်းဆိုင် ရှိနေကြသည်။

တစ်ဦးက တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးမှိတ်ပြီး ကျင့်စဉ်ကျင့်နေပြီး နောက်တစ်ဦးကမူ ဓားကို သုတ်သင်ရင်း စစ်စခန်းတစ်ခုလုံးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

မုန့်ချင်ကျိုး သက်ပြင်းတစ်ချက် ချလိုက်သည်။ သုံးလေးရက် ကြာသွားသည့်တိုင်အောင် သူက စိတ်ကို ပြန်မစုစည်းနိုင်သေးပေ။

ဧကရီ၏ ကိုယ်ရံတော် ဖြစ်လာကတည်းက သူသည် ဤဆိုးသွမ်းသော မိန်းမသား ဗီလိန်ကို ငြင်းပယ်ခြင်း မပြုတော့ဘဲ သာမန်မျက်စိဖြင့် စတင်ကြည့်မြင်လာခဲ့သည်။

တဖြည်းဖြည်းနှင့် သူ တစ်ခုခုကို သတိပြုမိလာသည်။ တုန်းဖန်လျူလီက သူ့ကိုယ်သူ ပေါ်အောင် လုပ်ပြ၍ သို့မဟုတ် သိသာထင်ရှားသော အမှားအယွင်းများ ရှိနေ၍ မဟုတ်ပေ။

နေ့စဉ်ဘဝ သေးငယ်သော အရာလေးများတွင် ဖြစ်တည်နေခြင်း ဖြစ်သည်။ ဥပမာ စကားပြောသော လေယူလေသိမ်းဆိုလျှင် သူ့ဇနီးနှင့် အတိအကျ တူညီနေခြင်းမျိုးပင်။

ထို့ပြင် ဧကရီ၏ ခြွင်းချက်မရှိသော ယုံကြည်မှုမျိုး…

၎င်းက သူ၏ ဇနီးသည်ထံမှသာ သူ ရရှိဖူးသည့် စစ်မှန်သော ယုံကြည်မှုမျိုး ဖြစ်သည်။

လွန်ခဲ့သော (၃)ရက်က သူ နောက်ဆုံးတွင် သတ္တိမွေးကာ စမ်းသပ်မှုတစ်ခု လုပ်ခဲ့သည်။

ထိုစဉ်က သူ ဧကရီကို မေးခဲ့သည်။

“ဘာကြောင့် အရှင်မက ကျုပ်ကို (၃)နှစ်အတွင်းမှာ ဘယ်သူမှမသိတဲ့ သာမန်လူ တစ်ယောက်ကနေ ကျော်ကြာားတဲ့ ဓားသူတော်စင်တစ်ယောက် ဘယ်လိုဖြစ်လာလဲ ဆိုတာကို စိတ်မဝင်စားရတာလဲ။”

ဧကရီ၏ အဖြေမှာ “ငါ စိတ်မဝင်စားဘူး” ဟူ၍ပင်။

ထိုဖြစ်ရပ်ကို ပြန်တွေးမိလိုက်ရာ မုန့်ချင်ကျိုးက မရယ်ဘဲ မနေနိုင်တော့ဘဲ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။

“အူတူတူဇနီးလေး... မင်းကတော့ ပေါ့ပေါ့ဆဆနေတတ်တဲ့ အကျင့်ကြီး ဖြစ်နေပြီ ထင်တယ်။ လွန်ခဲ့တဲ့ (၃)နှစ်က မုန့်ချင်ကျိုးဟာ သာမန်လူဆိုတာ မင်း ကောင်းကောင်း သိနေတယ်ဆိုတာကို မင်း မေ့သွားတဲ့ပုံပဲ။ မိုးရွာတဲ့ညက တောင်ပေါ်ကျောင်းတော်မှာ လေနဲ့မိုးကို အန်တုပြီး လာခဲ့တဲ့ အဲဒီသူရဲကောင်းမလေး တစ်ယောက်ပဲ ဒီလျှို့ဝှက်ချက်ကို သိတာလေ။”

“ငါ မုန့်ချင်ကျိုးက မင်းနဲ့ လက်ထပ်ရဖို့ မထိုက်တန်ဘူး။ ဒါ ငါ့ဘဝရဲ့ အကြီးမားဆုံးသော ကံကောင်းခြင်းပါပဲ။”

All Chapters