← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

Chapter 151

~

အခန်း ၁၅၁ : ညဏ်အလင်းသစ်ပင်ကို ယူမယ်.. မင်းအသက်ကိုလည်း ယူမယ်

~

​ကျန်းချန်မြို့ ၊ လျိုလုံတက္ကသိုလ် ၊ ကျောင်းအုပ်ကြီးရုံးခန်း ။

​" ဆရာဆုန့် .. သတင်းဘာမှ မရသေးဘူးလား "

​လီချန်းသည် ပြတင်းပေါက်နားတွင် ရပ်နေရင်း လက်ထဲမှ စမတ်ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ မေးလိုက်သည် ။

​" မရသေးဘူး.. ဘာသတင်းမှ မကြားရဘူး .."

​" မင်း ဘာတွေတွေးနေလဲဆိုတာ ငါသိတယ်.. ဒါပေမဲ့ အခုချိန်မှာ အထောက်အထားမရှိဘဲ သူ့ကို ဘယ်သူမှ ထိလို့မရဘူး.. မင်းတင်မကဘူး ၊ စောင့်ကြည့်ရေးကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင်လာရင်တောင် သူ့ကို လက်ဖျားနဲ့တောင် တို့ရဲမှာ မဟုတ်ဘူး.. "

​" သူ့အဖေ အခုတလော ဘာတွေလုပ်နေလဲဆိုတာ မင်းမသိဘူးလား.. "

​ဖုန်းထဲမှ ထွက်ပေါ်လာသော အသံမှာ သတိပေးသည့် လေသံများ ပါဝင်နေသည် ။

​" တောက်.. "

​လီချန်းက အံကိုတင်းတင်း ကြိတ်လိုက်သည် ။ ဖုန်းကိုင်မထားသော လက်က ပြတင်းပေါက်ဘောင်ကို အားဖြင့် ဆုပ်ကိုင်လိုက်ရာ အထူးပြုလုပ်ထားသော ဘောင်မှာ ကွေးညွတ်သွားတော့သည် ။

​နတ်ဘုရာတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် တက္ကသိုလ်ကျောင်းအုပ်တစ်ဦး အနေဖြင့် ဂူချန်၏ဖခင်သည် စစ်မြေပြင်တွင် မည်မျှကြီးမားသော အောင်မြင်မှုများ ပြုလုပ်ထားသည်ကို သူ ကောင်းကောင်းသိသည် ။

​သို့သော် သူ လက်မခံနိုင်ချေ ။

​နိဗ္ဗာနအဆင့် သိုင်းပညာရှင် ကိုးယောက်..ဤသည်က လျိုလုံတက္ကသိုလ်၏ ထိပ်တန်း တိုက်ခိုက်ရေးအင်အား ထက်ဝက်ခန့် ဖြစ်သည် ။ သူတို့သာ မရှိလျှင် နောက်နှစ် တက္ကသိုလ် အဆင့်သတ်မှတ်ချက် စစ်ဆေးမှုတွင် လျိုလုံတက္ကသိုလ်အနေဖြင့် ကျန်းနန်ပြည်နယ်၏ ထိပ်တန်း တက္ကသိုလ် သုံးခုစာရင်းဝင်အဖြစ် ဆက်လက် ရပ်တည်နိုင်ရန် အခွင့်အရေး မရှိတော့ချေ ။

​သို့သော် ၎င်းက အရေးကြီးဆုံးအချက် မဟုတ်သေးပေ ။

​လီချန်း အကြောက်ဆုံးအရာမှာ ထိုစိတ်ထင်တိုင်းလုပ်တတ်သော ကောင်စုတ် ဂူချန်ပင် ဖြစ်သည် ။

​ထိုအရှက်မရှိသော ကောင်စုတ်သည် လျိုလုံတက္ကသိုလ်၏ ဉာဏ်အလင်းသစ်ပင် ကို အမြဲတမ်း မျက်စိကျနေခဲ့သည်ကို သူ မေ့မထားချေ ။

​ထိုအပင်မှာ လျိုလုံတက္ကသိုလ်၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည် ။ ယခင် ကျောင်းအုပ်ကြီးက ကျောင်းသာ ပျက်စီးသွားပါစေ ၊ ဤမြင့်မြတ်သော အပင်ကိုတော့ ကာကွယ်ရမည်ဟု သူ့ကို အထူးမှာကြားခဲ့သည် ။

​လျိုလုံတက္ကသိုလ်တွင် မဟာမိတ်အဖွဲ့၏ အကာအကွယ် ရှိနေသော်လည်း လီချန်းသည် ဤအကာအကွယ်ဆိုသည်မှာ မည်မျှအထိ စိတ်ချရမည်ကို သံသယဝင်လာသည် ။

​သို့သော် တစ်ဖက်လူ၏ နောက်ခံကြောင့် သူသည် တိတ်တဆိတ် လက်တုံ့ပြန်ရန် အလျင်းမဝံ့ရဲချေ ။ သို့သော် တစ်ဖက်လူက သူ့ကို လာမထိပါဘူးဟုလည်း အာမမခံနိုင် ။

​ထို့ကြောင့် သူသည် စောင့်ကြည့်ရေးကောင်စီအပေါ်၌သာ မျှော်လင့်ချက် ထားနိုင်တော့သည် ။

​လီချန်း၏ မျက်နှာမှာ ပျက်ယွင်းနေပြီး မကျေမနပ်ဖြစ်နေသော လေသံဖြင့် ပြောလိုက်သည် ။

​" ဆရာဆုန့်.. ကျွန်တော်တို့ လျိုလုံတက္ကသိုလ်က မဟာမိတ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာတွေဖြစ်တဲ့ နိဗ္ဗာနအဆင့် သိုင်းပညာရှင် ကိုးယောက်လုံး ဆုံးရှုံးလိုက်ရတာလေ.. ဒါကိုတော့.. "

​" တော်တော့.. "

​ဖုန်းထဲမှ သြဇာရှိသောအသံက သူ့စကားကို ဖြတ်ပြောလိုက်ပြီး ပြင်းထန်စွာ သတိပေးလိုက်သည် ။

​" လီချန်း.. ငါက မင်းအတွက် ဂူမိသားစုကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းပေးတာတောင် မင်းကို တော်တော်လေး မျက်နှာသာပေးပြီးသားပဲ.. လောဘ မကြီးစမ်းနဲ့.. "

​" အထောက်အထား မရှိရင် ဘာမှလုပ်လို့မရဘူး.. နောက်ပြီး အထောက်အထား ရှာတွေ့ရင်တောင် ဂူချန်ကို ငါတို့ ဖမ်းနိုင်မယ်လို့ မင်းထင်နေလား .."

​" သူက ဒီနှစ် မဟာမိတ် သိုင်းစာမေးပွဲရဲ့ ပထမဆုရှင် ၊ တံခါးစောင့်အဘိုးကြီး လင်းယဲ့က ကိုယ်တိုင်လက်ခံထားတဲ့ တပည့်လေ.. သူ့အဖေကလည်း အသစ်ခန့်အပ်ခံထားရတဲ့ မဟာဗိုလ်ချုပ်ကြီး.. နိဗ္ဗာနအဆင့် သိုင်းပညာရှင် အနည်းငယ် သေတာနဲ့ သူ့ကို ထိလို့ရမယ် ထင်နေလား.. "

​" မင်းက လျိုလုံတက္ကသိုလ်ရဲ့ အရေးပါမှုကို အထင်ကြီးလွန်းပြီး ဂူချန်ကို အများကြီး လျှော့တွက်နေတာပဲ.. "

​" မင်း ဒီလောက် အသက်ကြီးနေပြီ ၊ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးလား.. "

​ဤစကားများက လီချန်းကို ဆွံ့အသွားစေသည် ။ သူ၏ နှုတ်ခမ်းများ လှုပ်ရှားနေသော်လည်း မည်သည့်စကားလုံးမှ ထွက်မလာခဲ့ချေ ။

​ဟုတ်သည် ။

​လျိုလုံတက္ကသိုလ်မှာ ပြည်နယ်အတွင်း ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်သော်လည်း မဟာမိတ်အဖွဲ့အတွင်းတွင် လျိုလုံတက္ကသိုလ်ကဲ့သို့ ကျောင်းမျိုး ရှစ်ရာ သို့မဟုတ် တစ်ထောင်ခန့် ရှိသည် ။

​သို့သော် ဂူချန်မှာ တစ်ယောက်တည်းရှိပြီး ဝူချန်းဗိုလ်ချုပ်ကြီးမှာလည်း တစ်ယောက်တည်းသာ ရှိ၏ ။

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လီချန်း၏ ဆုပ်ကိုင်ထားသော လက်များ လျော့ရဲသွားသည် ။ သူက သက်ပြင်းချလိုက်ရင်း အားမပါသော အသံဖြင့် ..

​" ကျွန်တော် နားလည်ပါပြီ .."

​ဒါကို ကြားတော့ အခြားတစ်ဖက်မှ ဥက္ကဋ္ဌဆုန့်က လေသံကို လျှော့လိုက်သည် ။

​" ဂူချန်ရဲ့အဖေက ပြည်ပမှာ တိုက်ပွဲဝင်နေတာ ကြာပြီ ၊ အောင်မြင်မှုတွေလည်း အများကြီး ရထားတယ်.. မဟာမိတ် နှစ်ပတ်လည်နေ့မှာ သူက မဟာမိတ်အဖွဲ့ရဲ့ ဗဟိုအသိုင်းအဝိုင်းထဲကို ပြန်ဝင်လာတော့မယ်လို့ သတင်းတွေ ထွက်နေတယ်.. "

​" ဒီအချိန်က အထူး အရေးကြီးတယ်.. ဝူချန်းဗိုလ်ချုပ်ကြီးရဲ့ တစ်ဦးတည်းသော ကျန်ရစ်သူ မိသားစုဝင်ဖြစ်တဲ့ ဂူချန်မှာ ဘာပြဿနာမှ မရှိစေရဘူး .."

​" မင်းအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာ မင်းသိလိမ့်မယ်လို့ ငါ မျှော်လင့်တယ် .."

​ပြောပြီးသည်နှင့် ဆုန့်ကျန်းက ဖုန်းချလိုက်သည် ။

​လီချန်းက စမတ်ဖုန်းကို ချလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် ညမှောင်မှောင်ကို ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေလေ၏ ။

​ကျန်းနန်ပြည်နယ်၏ ထိပ်တန်း တက္ကသိုလ် သုံးခုအနက် တစ်ခုဖြစ်သော ကျောင်း၏ ကျောင်းအုပ်အဖြစ် သူ၏ အဆင့်အတန်းမှာ ပြည်နယ်တစ်ခုလုံးတွင် အရေးပါသည် ။

​အတိတ်တုန်းကဆိုလျှင် လျိုလုံတက္ကသိုလ်ကသာ တခြားသူများကို နှိပ်ကွပ်ခဲ့ခြင်း ဖြစ်သည် ။ အခြေအနေက ဤမျှမြန်မြန် ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ ။

​ဂူမိသားစု၏ အရှိန်အဝါအောက်တွင် သူသည် ကလဲ့စားချေရန်ပင် မဝံ့ရဲတော့ပေ ။

​" ဂူချန်က သိုင်းစာမေးပွဲမှာ ပထမရခဲ့တာဆိုရင် သူက ဗာဂျရာအဆင့် ကို ရောက်နေလောက်ပြီ.. "

​ဤသို့ တွေးမိသည်နှင့် လီချန်း၏ စိတ်ထဲတွင် ကြောက်စိတ်အနည်းငယ် ဝင်လာသည် ။

​လီရှောင်ကုန်းက ဂူမိသားစုဆီ လူခေါ်သွားစဉ်တုန်းက ဂူချန်က အဆင့် ၃ အထွတ်အထိပ်မှာပဲ ရှိသေး၏ ။ တစ်ပတ်အတွင်းမှာ တက်လှမ်းနိုင်ခဲ့သည်ဆိုတော့ ။

​ဤမျှ ကြောက်စရာကောင်းသော တိုးတက်မှုနှုန်းနှင့်ဆိုလျှင် နတ်ဘုရားတက်လှမ်းခြင်းအဆင့်ကို ရောက်ရန် ငါးနှစ်ခန့်သာ ကြာပေလိမ့်မည် ။

​" ခွေးမ ယွင်ယန်.. သူ ဘယ်လိုဖြစ်ပြီး ဒီလိုလူမျိုးကို သွားဆွမိတာလဲ.. "

လီချန်း ဒေါသထွက်လာကာ ယွင်ယန်ကို ခုချက်ချင်း ရှာဖွေပြီး အဝတ်အစားတွေ ချွတ်ကာ သားရဲတွေကြားထဲ ပစ်ချလိုက်ချင်စိတ်ပင် ပေါက်လာသည် ။

​ဤကဲ့သို့ မိုက်မဲသည့် မိန်းမမျိုးက လျိုလုံတက္ကသိုလ်ထဲကို မည်သို့ ဝင်လာခဲ့ပါသနည်း ။ အထူးတန်းပြ ဆရာမပင် ဖြစ်နေသေး၏ ။

​' ထားလိုက်ပါတော့ ..အခုတော့ အဲ့ကောင်စုတ်က ငါးနှစ်အတွင်းမှာ လျိုလုံတက္ကသိုလ်ကို မေ့သွားပြီး နောက်ထပ် လာမရှာဖို့ပဲ ဆုတောင်းရတော့မယ်..'

​လီချန်းက ထပ်မံ သက်ပြင်းချလိုက်ပြီး သူ၏ လက်ထောက်ကို ဖုန်းဆက်ကာ လီရှောင်ကုန်းနှင့် တခြားသူများကို ရှာဖွေနေခြင်းကို ရပ်တန့်ရန် ခိုင်းစေလိုက်သည် ။

​ယခုအချိန်တွင် လျိုလုံတက္ကသိုလ်အနေဖြင့် မကျေနပ်ချက်များကို မျိုသိပ်ပြီး သည်းခံရုံသာ ရှိတော့သည် ။

​တူ.. တူ.. တူ..

​" သင်ခေါ်ဆိုသော နံပါတ်မှာ ယခုအချိန်တွင် ဆက်သွယ်၍ မရနိုင်ပါသဖြင့် ခေတ္တစောင့်ပြီးမှ ပြန်လည် ခေါ်ဆိုပေးပါရှင်.. "

​ဖုန်းခေါ်ဆိုမှု မအောင်မြင်ကြောင်း ပြသလာသည့်အခါ လီချန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည် ။

​ယာယီ ဆက်သွယ်၍မရခြင်း မှာ လိုင်းမကောင်းခြင်း ၊ နယ်မြေပြင်ပ ရောက်နေခြင်း သို့မဟုတ် ဆင်းမ်ကတ်ကို ထုတ်လိုက်ခြင်းကြောင့် ဖြစ်နိုင်သည် ။

​သို့သော် ဆုန့်ကျန်းနှင့် ဖုန်းမပြောမီလေးတင်က သူ၏လက်ထောက်မှာ ကျောင်းဝင်းထဲမှာပင် ရှိနေ၏ ။ လီချန်းက သူ့ကို ခိုင်းစရာရှိသဖြင့် စောင့်နေရန် ပြောထားခဲ့သောကြောင့် သူ ထွက်သွားစရာ အကြောင်းမရှိချေ ။

​သူ့လက်ထောက်မှာ လိုင်းမမိလျှင် သူ့တွင်လည်း လိုင်းမိစရာ အကြောင်းမရှိ ။

​' ဘာတွေ ဖြစ်နေတာလဲ .. ဒီခေတ်မှာ လိုင်းမမိစရာ အကြောင်းရှိသေးလို့လား ..'

​ကျွီ..

​လီချန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ရုံးခန်းတံခါးမှာ စူးရှသော အသံနှင့်အတူ ဖြည်းညှင်းစွာ ပွင့်လာသည် ။

​သူ တံခါးဝဆီသို့ လှည့်ကြည့်လိုက်သည် ။ အရပ်ရှည်ပြီး ချောမောသော ၊ ဆွဲဆောင်မှုရှိသော မျက်နှာနှင့် လူငယ်တစ်ဦးမှာ ပြုံးလျက် ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာလေသည် ။

​သူတို့ တစ်ခါမှ မဆုံဖူးသော်လည်း လီချန်းက သူ့ကို ချက်ချင်း မှတ်မိလိုက်သည် ။

​သူ နေ့ညမပြတ် တွေးနေရသော လူသား.. ဂူချန် ။

​'သူပါလား ..'

​'သူ ဒီကို ဘာလာလုပ်တာလဲ ..'

​လီချန်း လန့်သွားကာ ဘာမှမစဉ်းစားနိုင်ခင်မှာပင် ထိုလူငယ်က ရုံးခန်းထဲသို့ အေးအေးဆေးဆေး လျှောက်ဝင်လာပြီး သူ၏ သားရေကုလားထိုင်တွင် ဝင်ထိုင်လိုက်သည် ။

​ဒါကို မြင်တော့ လီချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် ။

​" ဂူချန်.. ဒါ ဘာသဘောလဲ.. ညကြီးမင်းကြီး အိပ်မနေဘဲ ဒီကို ဘာလာလုပ်တာလဲ.. "

​သူ ဂူချန်ကို လက်တုံ့ပြန်ဖို့ မဝံ့ရဲသော်လည်း နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး အနေဖြင့် ဗာဂျရာအဆင့် သိုင်းပညာရှင်တစ်ဦးကို ခေါင်းငုံ့စရာ အကြောင်းမရှိချေ ။

​အဆိုရှိသည် မဟုတ်ပါလော ။ နတ်ဘုရားတက်လှမ်းခြင်းအဆင့်အောက်က လူသားအားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်ကြသည် ။

​တစ်ဖက်တွင် ဂူချန်က ကုလားထိုင်ပေါ်တွင် ခြေထောက်ချိတ်ထိုင်ကာ အေးအေးဆေးဆေး ပြောလိုက်သည် ။

​" မင်း ဘယ်လိုထင်လဲ .."

​ဒါကို ကြားလိုက်သည်နှင့် လီချန်းက တစ်ဖက်လူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွား၏ ။ သူ၏ မျက်နှာ ပျက်သွားကာ ချက်ချင်း ငြင်းဆိုလိုက်သည် ။

​" ဉာဏ်အလင်းသစ်ပင်က ငါတို့ လျိုလုံတက္ကသိုလ်ရဲ့ ရတနာပဲ.. အဲဒါကို မင်းကိုပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး .."

​" အိုး.. "

​ဂူချန်၏ မျက်လုံးများတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပါဝင်နေပြီး သူက အသာအယာ ပြုံးလိုက်သည် ။

​" တကယ်လို့ ငါက ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ယူမယ်ဆိုရင်ရော .."

​လီချန်းက ဤကိစ္စတွင် အလျှော့မပေးချေ ။ သူက အေးစက်စွာ ပြန်ပြောလိုက်သည် ။

​" အဲဒါဆိုရင်တော့ မင်းအဖေကိုယ်စား မင်းကို အိမ်ပြန်ပို့ပေးရုံပဲ ရှိတာပေါ့ .."

​" ဒါပေမဲ့ သခင်လေးဂူ သေချာစဉ်းစားပါ.. နတ်ဘုရားတက်လှမ်းခြင်းအဆင့်ကို စော်ကားလို့မရဘူး ဆိုတာ ရှေးလူကြီးတွေ အလကား ပြောခဲ့တာ မဟုတ်ဘူး "

​" ဟီးဟီးဟီး.. "

​ဂူချန်၏ မျက်နှာမှာ ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော ပုံစံသို့ ပြောင်းလဲသွားပြီး သူ၏ ရယ်သံမှာ မိစ္ဆာအငွေ့အသက်များ ပါဝင်နေသည် ။

​သူ ရုတ်တရက် ထရပ်လိုက်သည် ။ မမြင်နိုင်သော လှိုင်းတစ်ခုမှာ ရုံးခန်း၏ ထောင့်တိုင်းသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည် ။

​ဤသည်ကို မြင်လိုက်ရသောအခါ လီချန်း၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွား၏။ သူက သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်လိုက်သည် ။

​" ဘာ.. နတ်ဘုရားအာရုံ လား.. မင်းက နတ်ဘုရားတက်လှမ်းခြင်းအဆင့်ကို ရောက်နေပြီလား.. မင်းက ဘယ်သူလဲ.. "

​သို့သော်လည်း ဂူချန်က ပြန်မဖြေ ။ သူ ရုတ်တရက် လက်သည်းဖြင့် ကုတ်ခြစ်လိုက်ရာ ပြင်းထန်သော အပူရှိန်မှာ လီချန်း၏ မျက်နှာဆီသို့ ချက်ချင်း ပြေးဝင်လာသည် ။

​တစ်ချိန်တည်းမှာပင် အေးစက်လှသော အသံမှာ ရုံးခန်းအတွင်း ပဲ့တင်ထပ်သွားတော့သည် ။

​" ဉာဏ်အလင်းသစ်ပင်ကို ယူမယ်.. မင်းအသက်ကိုလည်း ငါယူမယ်.. "

Chapter 152

~

အခန်း ၁၅၂ : စတာ..စတာ..

~

​'စကားပြောရုံတင်မဟုတ်ဘဲ လာလို့ လက်ပါလာတာလဲ..'

​ကျောင်းအုပ်ကြီး လီချန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ စဉ်းစားနေရန် အချိန်မရှိသဖြင့် သူ၏ နတ်ဘုရားအာရုံကို ချက်ချင်း ဖြန့်ကြက်လိုက်သည်။ တစ်ချိန်တည်းမှာပင် အားဖြင့် နင်းခြေလိုက်ရာ သူ၏ပုံရိပ်မှာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

​ဘုန်း...

​သူ ရှောင်လိုက်ပြီး နောက်တစ်စက္ကန့်မှာပင် သူရပ်နေခဲ့သော ကြမ်းပြင်မှာ ပေါက်ကွဲသွားပြီး အောက်ထပ်ရှိ ကြမ်းပြင် ဆယ်ခုကျော်ကိုပါ ထိုးဖောက်သွားသည်။

​အဆောက်အဦးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ကျောက်တုံးများ ကွဲအက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

​နောက်တစ်စက္ကန့်တွင် အဆောက်အဦးတစ်ခုလုံးမှာ စတင် ပျက်စီးယိုင်နဲ့လာပြီး ဘေးတစ်ဖက်သို့ ဖြည်းညှင်းစွာ ပြိုကျသွားတော့၏။

​"ဂူ..ချန်.."

​ကျောင်းအုပ်ကြီး လီချန်း၏ ပုံရိပ်မှာ ကောင်းကင်ယံထက်တွင် ပေါ်လာသည်။ ပြိုကျနေသော အဆောက်အဦးကို ကြည့်ရင်း သူ၏နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

​ဤစာသင်ဆောင်မှာ မဟာမိတ်ဒင်္ဂါး သန်းပေါင်းများစွာ တန်ဖိုးရှိပေသည် ။ ယခုတော့ လက်တစ်ချက်အတွင်းမှာပင် ကြေမွသွားခဲ့လေပြီ။

​သူသည် အောက်တွင်ရှိသော အနက်ရောင်ပုံရိပ်ကို ဒေါသတကြီး စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

​"မင်း ရူးနေတာလား။ ဒါက လျိုလုံတက္ကသိုလ်လေ။ ပြည်နယ်မြို့တော်ထဲမှာရှိတဲ့ နေရာ။ စောင့်ကြည့်ရေးကောင်စီက ဒီကနေ မိုင်အနည်းငယ်ပဲ ဝေးတာ။ မင်းက ဒီလောက်အထိ ရဲတင်းလှချေလား။ ဒါက ဥပဒေမဲ့ လုပ်ရပ်ပဲ.."

​"ဂူချန် အခုပဲ ရပ်လိုက်စမ်း။ ငါတို့ စကားပြောလို့ရသေးတယ်။ မဟုတ်ရင်တော့ မင်းအဖေကိုယ်စား မင်းကို ဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာ ငါ ဆုံးမပေးရလိမ့်မယ်.."

​ကျောင်းအုပ်ကြီး လီချန်း စကားပြောပြီးသည်နှင့် သူ၏ခေါင်းပေါ်တွင် အနက်ရောင် စစ်တုရင်ရုပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထို့နောက် ၎င်းက ပြင်းထန်စွာ ကျဆင်းလာပြီး မမြင်နိုင်သော အာကာသစွမ်းအားတစ်ခုက သူ၏ပတ်ဝန်းကျင်ကို ချက်ချင်း ပိတ်ဆို့လိုက်တော့သည်။

​"ဒါက ဘာလက်နက်လဲ.."

​လီချန်း ထိတ်လန့်သွားသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ စစ်မှန်သောချီ များ ပေါက်ကွဲထွက်လာပြီး သူ၏ပတ်ဝန်းကျင်ရှိ အပြာရောင်စွမ်းအင်များမှာ အခဲဘဝသို့ ရောက်လုနီးပါး ဖြစ်သွားသည်။ သူ၏ပုံရိပ်မှာလည်း နောက်သို့ ချက်ချင်း ဆုတ်ခွာလိုက်သည်။

​သို့သော် အနက်ရောင် အလင်းတန်း၏ အရှိန်က ပို၍ မြန်ဆန်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက သူ့ကို ရိုက်ခတ်သွားပြီး သူ၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ ချုပ်နှောင်လိုက်တော့သည်။

​ဂူချန်က နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ကျားရဲ နှလုံးသား ဆုပ်ကိုင်ခြင်း ဟူသော နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ ပြင်းထန်လှသော စစ်မှန်သော ယန်ချီ များမှာ သောင်းကျန်းနေသော ဒီရေလှိုင်းများအလား တိုက်ခိုက်လာသည်။

​လေထုမှာ ပေါက်ကွဲသွားသည်။ ထိုလက်ဝါးချက်၏ အရှိန်အဝါမှာ ကောင်းကင်ယံမှ တောက်ပသော နေမင်း၏ အပူရှိန်နှင့် ဆက်သွယ်ထားသကဲ့သို့ ရှိပြီး ရှေ့တွင်ရှိသမျှ အရာအားလုံးကို လွှမ်းမိုးသွားတော့သည်။

​"အာကာသရတနာလား ဒါမှမဟုတ် တာအိုလက်နက် လား.."

​ကျောင်းအုပ်ကြီး လီချန်း၏ ပုံရိပ်မှာ ရပ်တန့်သွားသည်။ တစ်ဖက်လူက အတင်းအကျပ် တိုက်ခိုက်နေသည်ကို မြင်သောအခါ သူလည်း အော်ဟစ်လိုက်တော့သည်။

​"ဂူချန် မင်း လွန်နေပြီ.."

​"မင်း နတ်ဘုရားတက်လှမ်းခြင်းအဆင့်ကို ဘယ်လိုရထားလဲ ငါမသိပေမဲ့ အဆင့်ခြင်းချင်း တူရင်တောင် ကွာခြားချက်တွေ ရှိတယ်ဆိုတာ အခု ငါ ပြပေးမယ်.."

​သူ၏ လက်မောင်းနှစ်ဖက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်ရောယှက်နေသည့် အပြာရောင် စွမ်းအင်များမှာ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ပေရာနှင့်ချီသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

​" ဝရောင်းးးးးးး"

​ပေရာချီသော နဂါးကြီး ပေါ်လာသည့် ခဏမှာပင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော နဂါးဟိန်းသံမှာ ဟင်းလင်းပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

" ဂျွတ်.."

​အသံနှင့်အတူ လီချန်းကို ချုပ်နှောင်ထားသော အာကာသ အတားအဆီးမှာ စတင်အက်ကွဲလာပြီး အက်ကြောင်းများကို မျက်စိဖြင့်ပင် တွေ့နေရသည်။

​နဂါးကြီးမှာ မြင့်မြတ်သော နတ်ဘုရားတစ်ပါးအလား ရူးသွပ်စွာ ဟိန်းဟောက်နေသည်။ ၎င်း၏ ကြီးမားလှသော မျက်လုံးများက ပြေးဝင်လာသည့် အနက်ရောင်ဝတ် လူငယ်ကို လှောင်ပြောင်သည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်။

​"ဂူချန် တကယ့် နတ်ဘုရားတက်လှမ်းခြင်းအဆင့်က ဘာလဲဆိုတာ ငါပြမယ်.."

​မိမိဖန်တီးထားသော ခန့်ညားလှသည့် နဂါးကြီးကို ကြည့်ရင်း လီချန်းသည် ဂုဏ်ယူဝင့်ကြွားစိတ်များ ဖြစ်ပေါ်လာကာ အော်ပြောလိုက်သည်။

​"နဂါးဟိန်းသံကို နားထောင်စမ်း.."

​နဂါးကြီးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးမှာ ကျောင်းဝင်း၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွားပြီး ရှေ့တွင်ရှိသော လူငယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

​"မင်းအမေကိုပဲ သွားဟိန်းပြလိုက်.."

​ဂူချန်က ဆဲဆိုလိုက်သည်။ သူ၏ နီမြန်းသော လက်များက ရှေ့သို့ ရုတ်တရက် ထိုးထွက်လိုက်သည်။ ပုံပျက်နေသော လေထုလှိုင်းများစွာ ပေါ်ပေါက်လာပြီး တိုက်ခိုက်လာသော နဂါးကြီးနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

​နှစ်ခု ထိတွေ့သွားသည့် ခဏတွင် ဂူချန်က နဂါးခေါင်းကို လှမ်းဆုပ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ပြုပြင်ခြင်းတာအို နတ်ဘုရားစွမ်းအား များ ထွက်ပေါ်လာပြီး ထိုနဂါးကြီးကို ချက်ချင်းပင် သန့်စင်ပစ်လိုက်သည်။

​အရာအားလုံးကို ပုံပျက်သွားစေနိုင်လောက်အောင် အစွမ်းထက်သော နဂါးကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မည်သည့်ခြေရာလက်ရာမျှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

​"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

​လီချန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

​သူ၏ အဆင့်အမြင့်ဆုံးဖြစ်သော နည်းစနစ်မှာ ထိရုံမျှဖြင့် ပျက်စီးသွားသည်လော။ ဤသည်က မည်သို့သော စွမ်းအားမျိုးပေနည်း ။

​ရုတ်တရက် သူသည် ဂူချန်၏လက်ပတ်ပတ်လည်တွင် ပုံပျက်နေသော အာကာသနှင့်အတူ ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအားကို သတိထားမိသွားသည်။ သူ၏နှလုံးသားမှာ ပို၍ ထိတ်လန့်သွားတော့သည်။

​လီချန်းမှာ လုံးဝ မှင်တက်သွားပြီး သူ၏ သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

​"မင်းက ဝိညာဉ်ပြုပြင်ခြင်း လမ်းစဉ်ကို မဟာဆရာကြီး အဆင့်အထိ ကျင့်ကြံထားတာလား.."

​"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

​"မင်း နတ်ဘုရားလမ်းစဉ် နန်းဆောင်ကို ဒီမနက်မှ ဝင်တာလေ။ နေ့တစ်ဝက်တောင် မရှိသေးဘူး။ မင်းက ဘယ်လိုလုပ်ပြီး ဝိညာဉ်ပြုပြင်ခြင်း လမ်းစဉ်ကို မဟာဆရာကြီး အဆင့်အထိ ကျင့်ကြံနိုင်ရတာလဲ.."

​ဝိညာဉ်ပြုပြင်ခြင်း မဟာဆရာကြီး ဆိုသည်မှာ အဆင့် ၇သိုင်းဘုရင် ပင်လျှင် ရရှိရန် မသေချာသော အောင်မြင်မှုမျိုး ဖြစ်သည်။ ယခုတော့ ဂူချန်က ၎င်းကို တစ်ရက်အတွင်း ရရှိသွားခဲ့လေပြီ။

​ဤသည်က လုံးဝ မယုံကြည်နိုင်စရာဖြစ်ပြီး သူ့တစ်သက်လုံးတစ်ခါမှလည်း မကြားဖူးခဲ့ချေ။

​သူ၏စိတ်မှာ ထိတ်လန့်မှုများကြောင့် တုန်လှုပ်နေပြီး တုံ့ပြန်မှုမှာလည်း ခေတ္တမျှ နှေးကွေးသွားခဲ့သည်။

​သို့သော် ထိုခေတ္တမျှ နှေးကွေးသွားမှုကပင် ဂူချန်ကို သူ၏ရှေ့တွင် ချက်ချင်း ပေါ်လာစေပြီး လီချန်း၏ ရင်ဘတ်ကို ပြင်းထန်သော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။

​ဘုန်း...ဂျွတ်...

​အရိုးကျိုးသွားသည့် အသံတိုးတိုးနှင့်အတူ။

​ကျောင်းအုပ်ကြီး လီချန်းမှာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။ သူ၏ပုံရိပ်မှာ နောက်သို့ လွင့်ထွက်သွားပြီး အဆောက်အဦး သုံးခုကို ထိုးဖောက်ကာ ကျောင်းဝင်း၏ အစွန်အဖျားသို့ အရှိန်ဖြင့် ပျံထွက်သွားတော့သည်။

​ဘုန်း..

​သူ ကျောင်းဝင်းအစွန်အဖျားသို့ ရောက်သည့် ခဏမှာပင် ကောင်းကင်ယံထက်တွင် ကလဲ့စားချေဝိညာဉ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူ့ကို ရိုက်ချလိုက်ရာ မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားတော့သည်။

​လီချန်းမှာ နာကျင်မှုကို အံကြိတ်ကာ ထရပ်ရန် ကြိုးစားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏နားထဲတွင် လေတိုးသံတစ်ခု ပဲ့တင်ထပ်သွားပြီး ကြီးမားသော စွမ်းအားတစ်ခုက သူ၏ခေါင်းပေါ်သို့ ကျရောက်လာသည်။

​ဒုန်း...

​သူ၏ခေါင်းမှာ မြေကြီးထဲသို့ ချက်ချင်း နစ်ဝင်သွားတော့သည်။ လွင့်မျောနေသော ဝိညာဉ်တစ်ခုကဲ့သို့ လှောင်ပြောင်သံတစ်ခုက လွင့်ပျံလာသည်။

​"မင်း မသိသေးတဲ့အရာတွေ အများကြီး ရှိသေးတယ်.."

​ဤနေရာသို့ လာသည့်လမ်းတွင် ဂူချန်သည် သူ၏ စေတနာရမှတ်အားလုံးကို အသုံးပြုခဲ့သည်။ သူသည် နေမင်းစကြာယန်ကျင့်စဉ် နှင့် ရွှေကျီးကန်း ကိုယ်ခန္ဓာကျင့်စဉ် နှစ်ခုလုံးကို အဆင့် ၁၁ ပြည့်စုံခြင်း နယ်ပယ်သို့ မြှင့်တင်ခဲ့ရုံတင်မကဘဲ သူ၏ကျင့်ကြံမှုကိုလည်း အဆင့် ၆ နတ်ဘုရားတက်လှမ်းခြင်းအဆင့်အထိ အတင်းအကျပ် မြှင့်တင်ခဲ့သည်။

​ထို့နောက်တွင် စေတနာတန်ဖိုးအနည်းငယ် ကျန်နေသေးသည်ကို မြင်သောအခါ သူ၏ ဝိညာဉ်ပြုပြင်ခြင်း လမ်းစဉ်ကိုလည်း မဟာဆရာကြီး အဆင့်အထိ တိုက်ရိုက် မြှင့်တင်လိုက်တော့၏ ။

​ယခု ဂူချန်သည် အရာအားလုံးကို သန့်စင်နိုင်သည်ဟု ဆိုနိုင်သည်။ တူညီသော နယ်ပယ်မှ စစ်မှန်သောစွမ်းအင် နဂါးတစ်ကောင်မှာ သူ၏ လက်တစ်ချက် ဝှေ့ယမ်းမှုအောက်တွင် သဘာဝအတိုင်း ပျောက်ကွယ်သွားရုံသာ ရှိတော့သည်။

​[ အိမ်ရှင်မှ လျိုလုံတက္ကသိုလ်ရှိ အန္တရာယ်ရှိသော အဆောက်အဦး အမြောက်အမြားကို ရှင်းလင်းပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာရမှတ် +၅၀၀]

​[ အိမ်ရှင်မှ နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျောင်းအုပ်ကြီးအား အခမဲ့ ညပိုင်းကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ပေးသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာရမှတ် +၁၀၀၀ ]

​[ အိမ်ရှင်မှ လျိုလုံတက္ကသိုလ် ကျောင်းအုပ်ကြီး၏ ကျန်းမာရေးကို စိုးရိမ်သောကြောင့် ဓာတ်သတ္တုများ ဖြည့်ဆည်းပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာရမှတ် +၅၀၀ ]

​နားထဲမှ သာယာသော စက်ရုပ်အမျိုးသမီး အသံကို နားထောင်ရင်း ဂူချန် ခေါင်းညိတ်လိုက်သည်။ သူ၏ ခြေထောက်အောက်တွင် စစ်မှန်သောစွမ်းအင်များ တိုးလာပြီး ကျောင်းအုပ်ကြီး လီချန်းကို နင်းခြေသတ်ဖြတ်ရန် ပြင်လိုက်၏။

​ဝှစ်...

​ထိုအချိန်မှာပင် သူ၏ ခြေထောက်အောက်မှ လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသော အမည်းရောင် လက်မောင်းတစ်ခုမှာ ထွက်ပေါ်လာပြီး ဂူချန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးဖောက်သွားတော့သည်။

​ဂူချန်၏ ပုံရိပ်မှာ ချက်ချင်း တောင့်ခဲသွားပြီး သူ၏ မျက်နှာပေါ်မှ အပြုံးမှာလည်း တောင့်တင်းသွားသည်။

​အခွင့်အရေးကို အမိအရဖမ်းဆွဲကာ ကျောင်းအုပ်ကြီး လီချန်းသည် ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုကို အံကြိတ်ရင်း သူ၏ခေါင်းကို မြေကြီးထဲမှ ဆွဲထုတ်လိုက်သည်။ သူသည် သူ၏လက်ဖြင့် နှလုံးသားကို ထိုးဖောက်ခံထားရသော လူငယ်ကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်၏။

​ဂူချန်၏ မျက်နှာမှာ သိသိသာသာ ဖြူလျော်သွားသည်ကို သူ မြင်လိုက်ရသည်။ ထို့နောက် ဂူချန်က သွေးနီနီများကို အန်ထုတ်လိုက်ပြီး ခက်ခဲစွာ ပြောလိုက်သည်။

​"အဟွတ်.. ငါ တကယ်ပဲ.. မင်းလက်ထဲမှာ သေရတော့မှာလား.."

​ဒါကို ကြားလိုက်သောအခါ စိတ်လှုပ်ရှားနေသော လီချန်းမှာ မည်သည့် ထူးဆန်းမှုကိုမျှ သတိမထားမိတော့ချေ။ သူသည် တစ်ဖက်လူက ဒီလောက်လွယ်လွယ်နှင့် သေသွားသည်ကို မယုံကြည်နိုင်သည့်အလား ဂူချန်၏ ဘေးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

​"တကယ်ပဲ.. သေသွားတာလား.."

​"စတာပါ..ဟီးဟီးဟီး.."

​ခေါင်းစောင်းနေသော လူငယ်၏ ခေါင်းဆီမှ ရုတ်တရက် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ရင်ဘတ်မှ အပေါက်မှာလည်း အသားများပြန်လည် ပြည့်သွားသည် ။

​လီချန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ စစ်မှန်သောချီစွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ဖော်ပြ၍မရသော အာကာသ စွမ်းအားတစ်ခုဖြင့် ဖိနှိပ်ခံထားရသဖြင့် လုံးဝ လှုပ်ရှား၍ မရတော့ချေ။

​"မင်း.."

" ဖောင်း..."

​ကျယ်လောင်သော အသံနှင့်အတူ သူ၏ခေါင်းမှာ အမြောက်ဆန် ထိမှန်သွားသကဲ့သို့ ပေါက်ကွဲသွား၏။

​ဦးနှောက်နှင့် သွေးများမှာ ပတ်ဝန်းကျင်ရှိ နံရံများ၊ မြေပြင်နှင့် အခြားပစ္စည်းများပေါ်သို့ စင်ထွက်ကုန်သည်။ ခေါင်းမပါသော အလောင်းမှာ အားအင်ကုန်ခမ်းစွာဖြင့် လဲကျသွားလေတော့သည်။

​[အိမ်ရှင်မှ လျိုလုံတက္ကသိုလ် ကျောင်းအုပ်ကြီး၏ ကာလရှည်ကြာ စိုးရိမ်ပူပန်မှုများနှင့် ဒုက္ခများကို ဖြေရှင်းပေးခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာ လုံးဝ လွတ်လပ်မှုကို ရရှိစေခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာရမှတ် +၉၀၀ ]

All Chapters