အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
Chapter 155
~
အခန်း ၁၅၅ : လူသားစားသစ်ပင်နှင့် လူမှုရေးကျင့်ဝတ်
~
" ဒါက ဉာဏ်အလင်းပွင့်သစ်ပင်ရဲ့ ဗဟိုချက်မလား .."
ဂူချန်သည် ပြင်းထန်စွာ ခုန်လှုပ်နေသော နှလုံးသားကြီးကို စိုက်ကြည့်နေသည် ။ သူ၏ ခန္ဓာကိုယ်အတွင်းမှ မူလအလိုဆန္ဒတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ထိုအရာကို အမြန်ဆုံး ဖမ်းဆုပ်ရန် သူ့ကို တိုက်တွန်းနေသကဲ့သို့ပင် ခံစားနေရ၏ ။
သို့သော် သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရုံသာ ပြုလုပ်ပြီး သူ၏ကိုယ်ထဲရှိ လူသားဆန်သော ချီ များမှာ ရင်ဘတ်အတွင်းသို့ တိုးဝင်သွားကာ မတည်ငြိမ်သော မိစ္ဆာစ်တ်ကူးများကို ဖိနှိပ်လိုက်ပြီး ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားစေတော့သည် ။
မျက်မှောက်အကျိုးကျေးဇူးက မည်မျှပင် ကြီးမားပါစေ ၊ သူသည် ဆန္ဒနောက်သို့ အဆုံးမရှိ လိုက်ပါသွားမည့်သူမျိုး မဟုတ်ချေ ။
သူ၏လက်ထဲတွင် စစ်မှန်သောချီစွမ်းအင်များ ထွက်ပေါ်လာပြီး ဝှေ့ယမ်းကာ ဆွဲယူလိုက်သောအခါ အနီးအနားတွင် လွင့်မျောနေသော အလောင်းများမှာ မထိန်းချုပ်နိုင်ဘဲ ပျံသန်းလာကြသည် ။
ဝေါင်း.. ဝေါင်း...
အလောင်းများမှာ ဒေါသတကြီး ဟိန်းဟောက်နေကြသော်လည်း နောက်တစ်စက္ကန့်တွင် စစ်မှန်သော ယန်ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ဝါးကြီးက သူတို့၏ မျက်နှာတစ်ဝက်ကို ရိုက်ခွဲလိုက်ရာ မည်သည့်အသံမျှ ထွက်မလာနိုင်တော့ချေ ။
' နားညီးလိုက်တာ.. '
နားထဲတွင် ထွက်ပေါ်နေသော ဒုတ်ဒုတ်ဟူသော အသံကို နားထောင်ရင်း ဂူချန်သည် အနက်ရောင် အငွေ့အသက် အနည်းငယ်ကို မှုတ်ထုတ်လိုက်ပြီး သူ၏ လက်ထဲမှ စစ်မှန်သောချီစွမ်းအင်များ ပေါက်ကွဲထွက်ကာ အလောင်း၏ နောက်ကျောသို့ ရိုက်လိုက်သည် ။
ဘုန်း ..
အလောင်း၏ နောက်ကျောမှာ ထိုစွမ်းအားကို ခံလိုက်ရသဖြင့် အနက်ရောင် အငွေ့အသက်များ ပြည့်နှက်နေသော သစ်ပင်ကိုယ်ထည်အတွင်းမှနေ၍ ထိုအနက်ရောင် နှလုံးသားကြီးဆီသို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့သည် ။
သူ ဤနေရာသို့ စတင်ရောက်ရှိစဉ်ကတည်းက သတိထားမိသည်မှာ အလောင်းများစွာ ရှိနေသော်လည်း ထိုအနက်ရောင် နှလုံးသားကြီး၏ ပတ်ဝန်းကျင် ပေရာနှင့်ချီသော နေရာတွင်မူ အလောင်းတစ်လောင်းမျှ မရှိခြင်းပင် ဖြစ်သည် ။
ပုံမှန်မဟုတ်သော အရာတစ်ခုတွင် ထူးဆန်းသော အကြောင်းရင်းတစ်ခု သေချာပေါက် ရှိရပေမည် ။
အမှန်ပင် ၊ အလောင်းမှာ ထိုနှလုံးသားကြီးဆီသို့ ပေအနည်းငယ်အကွာအထိ ရောက်ရှိသွားသောအခါ အနက်ရောင် နှလုံးသားကြီး၏ မျက်နှာပြင်မှာ ရုတ်တရက် အက်ကွဲသွားသည် ။
ထို့နောက် ဆူးချွန်များစွာ ပါရှိပြီး ထူထဲရှည်လျားသော ရေဘဝဲလက်တံကဲ့သို့ အသားမျှင်တစ်ခုမှာ ထွက်ပေါ်လာပြီး လေထုကို ဖြတ်သန်းကာ ပြေးဝင်လာသော အလောင်းကို တင်းကြပ်စွာ ရစ်ပတ်လိုက်သည် ။ ထို့နောက် ၎င်းကို မိမိထံသို့ အရှိန်ဖြင့် ပြန်လည် ဆွဲယူလိုက်တော့သည် ။
မကြာမီမှာပင် ထိုအလောင်းမှာ အနက်ရောင် နှလုံးသားကြီးနှင့် သွားရောက် ရိုက်မိတော့သည် ။
သို့သော်လည်း မျှော်လင့်ထားသကဲ့သို့ တိုက်မိခြင်းမျိုး မဖြစ်ခဲ့ချေ ။ သံမဏိကဲ့သို့ မာကျောသော ထိုအလောင်း၏ ခန္ဓာကိုယ်မှာ အနက်ရောင် နှလုံးသားကြီးနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် အရည်ပျော်သွားသည် ။
၎င်းမှာ အနက်ရောင် အရည်များအဖြစ်သို့ ပြောင်းလဲသွားပြီး မည်သည့် တားဆီးမှုမျှမရှိဘဲ အနက်ရောင် နှလုံးသားကြီးအတွင်းသို့ စီးဝင်ကာ ပေါင်းစပ်သွားတော့သည် ။
" အံ့သြစရာ မရှိတော့ဘူး.. အနားမှာ ဘာလို့ အလောင်းတွေ မရှိတာလဲဆိုတော့ အကုန်လုံးက အစားခံလိုက်ရတာကိုး.. "
ဂူချန်သည် စိတ်ပျက်စရာကောင်းလှသော ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည် ။
ထူးဆန်းသည် ၊ တကယ်ကို ထူးဆန်းသည် ။
ကျင့်စဉ်အဆင့်မြင့်မားသော ဤကမ္ဘာကြီးတွင် ဤကဲ့သို့ ထူးဆန်းပြီး ပုံပျက်ပန်းပျက်ဖြစ်နေသော အရာများ ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးချေ ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့်မြင့်မြတ်မီးလျှံဂိုဏ်းကဲ့သို့သော အဖွဲ့အစည်းများ ကိုးကွယ်ကြသည့် မိစ္ဆာနတ်ဘုရားများမှာ လုပ်ကြံဖန်တီးထားခြင်း မဟုတ်နိုင်ချေ ။
'ဒီကမ္ဘာကြီးမှာ..နတ်ဘုရားတွေ တကယ်ပဲ ရှိနေတာလား ..'
ညစ်ညမ်းသော အနက်ရောင် ချီမှာ ဂူချန်ကို ဝိုင်းရံထားသော်လည်း သူသည် ထိုအနက်ရောင် နှလုံးသားကြီးကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေသည် ။
'ထားလိုက်တော့ ..ဒါတွေကို အခုလောလောဆယ် စဉ်းစားမနေတော့ဘူး..'
' အခု အရေးကြီးတာက ဒီနှလုံးသားကြီးကို ဘယ်လိုရယူမလဲ ..'
အလောင်းများကို အရည်ပျော်သွားစေနိုင်သော စွမ်းအင်မှာ အဆင့်ကျော်ဖြတ်ထားသော အခြေအနေရှိ စစ်မှန်သော ယန်ချီစွမ်းအင်ထက် မနိမ့်ကျနိုင်သလို သူ၏ ကိုယ်ကာယပင်လျှင် ၎င်းကို ခံနိုင်ရည်ရှိရန် မသေချာချေ ။
သို့သော်လည်း အရာအားလုံးကို သန့်စင်နိုင်သော သူ၏ ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအားမှာမူ ဤမိစ္ဆာသစ်ပင်ကို သူ၏ကိုယ်ပိုင်အဖြစ် အတင်းအကျပ် သန့်စင်နိုင်ပေလိမ့်မည် ။
ဤသို့တွေးလိုက်ပြီးနောက် ဂူချန်သည် သူ၏ လက်မောင်းနှစ်ဖက်ကို ပြင်းထန်စွာ ခါလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဝိညာဉ်ပြုပြင်ခြင်း စွမ်းအားများ ထွက်ပေါ်လာသည် ။
၎င်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ အနက်ရောင် အငွေ့အသက်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အနက်ရောင် နှလုံးသားကြီးပေါ်သို့ ချက်ချင်းပင် ကျရောက်ကာ ဖုံးလွှမ်းသွားတော့သည် ။
ဒုတ်.. ဒုတ်..
နှလုံးသားမှာ ရုတ်တရက် ပြင်းထန်စွာ ခုန်လာသည် ၊ ပုံမှန်ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာ ခုန်လာခြင်း ဖြစ်သည် ။ အလွန်တရာ အေးစက်ပြီး ယုတ်ညံ့သော အနက်ရောင် မြူခိုးများမှာ ထွက်ပေါ်လာပြီး အနီရောင် ဝိညာဉ်ပြုပြင်ခြင်းတာအို နတ်ဘုရားစွမ်းအားကို ခုခံနေသည် ။
ခဏခြင်းမှာပင် ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအား ကုန်ဆုံးမှုနှုန်းမှာ အလွန်တရာ မြင့်တက်လာသည် ။
" အဆင့် ၇ ရှိတဲ့ မိစ္ဆာသတ္တဝါ လား။ ငါ့ရဲ့ အဆင့် ၆ စွမ်းအားနဲ့ ဒါကို သန့်စင်ဖို့ ကြိုးစားတာက နာရီဝက်ဆိုရင်တော့ လုံလောက်မှာ မဟုတ်ဘူး.. "
ဂူချန်သည် ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအားကို ဆက်လက် ထုတ်လွှတ်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည် ။
သူ၏ ဝိညာဉ်ပြုပြင်ခြင်း အဆင့်မှာ မဟာဆရာကြီး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ၎င်းမှာ သူ၏ အထက်ကန့်သတ်ချက်နှင့် အရည်အသွေးကိုသာ မြှင့်တင်ပေးခြင်း ဖြစ်သည် ။ သူ၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်နေသေးသောကြောင့် စွမ်းအားကို ဆက်တိုက် ထုတ်လွှတ်ရန် ခက်ခဲနေသည် ။
တစ်နည်းအားဖြင့် ပြောရလျှင် သူ ဤသည်ကို သန့်စင်နိုင်သော်လည်း သူ၏ သိုလှောင်ထားသော ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအားမှာ မလုံလောက်ချေ ။ လုံလောက်သည်ဆိုလျှင်ပင့ ဤအဆင့် ၇ မိစ္ဆာသစ်ပင်ကို နာရီဝက်အတွင်း သန့်စင်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည် ။
သို့သော်လည်း ထိုထူးဆန်းသော နှလုံးသားကြီးမှာ အစာစားသည့်အခါ ၎င်း၏ မျက်နှာပြင်မှာ ပိုမို ချောမွေ့လာပြီး အနက်ရောင် အငွေ့အသက်များမှာလည်း လျော့နည်းသွားသည်ကို သူ သတိထားမိလိုက်သည် ။
ဂူချန်သည် သူ၏ ညာလက်ကို ပြန်ရုပ်လိုက်ပြီး အနီးနားတွင် လွင့်မျောနေသော အလောင်း ဒါဇင်ပေါင်းများစွာကို အနက်ရောင် နှလုံးသားကြီးဆီသို့ ဆွဲယူလိုက်သည် ။
အလောင်းများ အနားသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် အနက်ရောင် နှလုံးသားကြီးမှာ ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအားကို ခုခံနေရင်းမှပင် ၎င်း၏ လက်တံများကို ဆန့်ထုတ်ကာ ထိုအရာများကို ဝါးမြိုလိုက်သည် ။
၎င်းမှာ သတ်မှတ်ထားသော အစီအစဉ်တစ်ခုအတိုင်း လုပ်ဆောင်နေသည့် အလိုအလျောက် စက်တစ်ခုကဲ့သို့ပင် ။
အမှန်ပင် ၊ ၎င်း အစာစားနေစဉ်မှာ ပတ်ဝန်းကျင်ရှိ အနက်ရောင် အငွေ့အသက်များမှာ လျော့နည်းသွားပြီး ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအား ကုန်ဆုံးမှုမှာလည်း အနည်းငယ် သက်သာသွားသည် ။
ထို့အပြင် ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအားမှာ နှလုံးသားတစ်ခုလုံးကို ဖုံးအုပ်ထားသဖြင့် ထိုလက်တံများသည် အပြင်သို့ ထွက်လာရန်အတွက် ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအား၏ ပိတ်ဆို့မှုကို ဖြတ်ကျော်ရသည် ။
တရှဲရှဲ မြည်သံများမှာ ဆက်တိုက် ထွက်ပေါ်နေပြီး အနက်ရောင် အငွေ့အသက်များမှာ ပျက်စီးသွားသော်လည်း အနက်ရောင် နှလုံးသားကြီးမှာ ထိုအလောင်းများကို ဝါးမြိုရန်သာ အာရုံစိုက်နေသည် ။
" ဒီသစ်ပင်ကနေ မွေးဖွားလာတဲ့ ကိုယ်ပိုင်အသိစိတ်က သိပ်ပြီးတော့ ဉာဏ်မကောင်းဘူးပဲ.. "
ဤသည်ကို မြင်လျှင် ဂူချန်၏ မျက်လုံးများမှာ တောက်ပသွားသည် ။
သို့သော်လည်း ဤတိုးတက်မှုမှာ နှေးကွေးလွန်းနေသေးသည် ။
အလောင်း ဒါဇင်အနည်းငယ် သို့မဟုတ် ရာဂဏန်းမျှလောက်က အနက်ရောင် နှလုံးသားကြီးအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ ။ ထို့ကြောင့် နာရီဝက်အတွင်း ၎င်းကို သန့်စင်ရန်မှာ ခက်ခဲနေဆဲ ဖြစ်သည် ။
သို့သော်လည်း ဂူချန်မှာ လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးဆာနေသော အပြုံးတစ်ခုပင် ပေါ်ပေါက်လာသည် ။
'ဒါက ကျန်းနန်ပြည်နယ်ရဲ့ ထိပ်တန်း တက္ကသိုလ် သုံးခုထဲက တစ်ခုဖြစ်တဲ့ လျိုလုံတက္ကသိုလ်ပဲလေ..'
'ကျောင်းသားတွေ ၊ ဆရာတွေနဲ့ ဝန်ထမ်းတွေ အားလုံးပေါင်းလိုက်ရင် တစ်သိန်းမပြည့်ရင်တောင် အနည်းဆုံး ခုနစ်သောင်း ရှစ်သောင်းလောက်တော့ ရှိမှာပဲ ..'
ယခုက ကျောင်းပိတ်ရက်လည်း မဟုတ်၍ ကျောင်းထဲတွင် ရှိနေသော ကျောင်းသားအရေအတွက်သည် သူထင်ထားသည်ထက် သိပ်ပြီး နည်းလိမ့်မည်မဟုတ် ။
" အရေးကြီးတဲ့ အချိန်ကျရင်တော့ အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေကိုပဲ အားကိုးရမှာပဲ.. "
ဂူချန်သည် သူ၏ နှုတ်ခမ်းကို တွန့်လိုက်ရင်း ထာဝရနေဝန်းအခြေအနေ ကို အသက်သွင်းလိုက်သည် ။
သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော စစ်မှန်သော ယန်ချီစွမ်းအင်များမှာ ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ သစ်ပင်ကိုယ်ထည်ပေါ်တွင် ဧရာမ အပေါက်ကြီး ထောင်ပေါင်းများစွာကို ဖောက်ထွက်သွားစေတော့သည် ။
ခဏခြင်းမှာပင် မည်သည့်အရာကမျှ မတားဆီးနိုင်သော သိပ်သည်းလှသည့် အနက်ရောင် အရှိန်အဝါများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ သစ်ပင်ကိုယ်ထည်အတွင်းမှနေ၍ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားတော့သည် ။
၎င်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ လေထုမှာ ဆွဲဖြဲခံလိုက်ရပြီး စူးရှသော လေတိုးသံများ ထွက်ပေါ်လာသည် ။
ထိုကမ္ဘာပျက်မတတ် ဟိန်းသံကြီးမှာ မိုးကြိုးပေါင်း တစ်သောင်း တစ်ပြိုင်နက် ပစ်ချလိုက်သကဲ့သို့ ရှိရာ လျိုလုံတက္ကသိုလ် ကျောင်းဝင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး ကျောင်းဝင်းအတွင်းရှိ လူများမှာ ထိတ်လန့်တကြားဖြင့် အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်လာရာ နေရာသို့ လှမ်းကြည့်လိုက်ကြသည် ။
သူတို့၏ အကြည့်အောက်မှာပင် ကောင်းကင်ယံရှိ အနက်ရောင် မြူခိုးများအတွင်းမှ ပုံရိပ်တစ်ခုမှာ ပြေးထွက်လာပြီး သူ၏ နောက်ကွယ်တွင်မူ အလွန်တရာ တောက်ပသော အနီရောင် အလင်းတန်းတစ်ခု ပါရှိနေသည် ။
ထိုအလင်းတန်း၏ နောက်ဆုံးတွင်မူ လက်တံများစွာဖြင့် ဖုံးအုပ်ထားသော အနက်ရောင် နှလုံးသားကြီး တစ်ခုလိုက်ပါလာလေသည် ။
Chapter 156
~
အခန်း ၁၅၆ : သောက်ခွေး..ငါ ခြေထောက်သွားဆေးတာ ကျောင်းကြီး ပေါက်ကွဲသွားပြီ..
~
" ဟာ.. အဲ့တာကြီးက ဘာကြီးလဲ.. ရွံစရာကြီး.. "
" နေပါဦး.. ငါတို့ရဲ့ ဉာဏ်အလင်းပွင့် မြင့်မြတ်တဲ့သစ်ပင်က ဘာလို့ အနက်ရောင်မြူတွေ ထွက်နေတာလဲ .."
" အနက်ရောင်မြူတွေက အသာထားဦး.. ဟိုလူက ငါတို့ဆီကို ပြေးလာနေပြီဟ.. "
ဘယ်သူဘယ်ဝါဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးမီမှာပင် ထိုဧရာမ အနက်ရောင် နှလုံးသားကြီးမှာ သူတို့ထံသို့ ပစ်ပေါက်ခြင်း ခံလိုက်ရသည် ။
၎င်းသည် ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် ပျံ့နှံ့နေသော ပြင်းထန်သည့် အသက်ဓာတ်များကို သိသိသာသာ အာရုံခံမိသွားသည် ။
ခဏခြင်းမှာပင် အနက်ရောင် နှလုံးသားကြီးမှာ အမျက်ချောင်းချောင်းထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ တုန်ခါလာပြီး ရာနှင့်ချီသော ရွံရှာဖွယ်ရာ ရေဘဝဲလက်တံများမှာ ၎င်း၏ မျက်နှာပြင်မှ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည် ။
ထိုလက်တံများမှာ ငရဲနက်ကြီး၏ အောက်ခြေမှ ထွက်ပေါ်လာသော မိစ္ဆာလက်သည်းများကဲ့သို့ ရှိပြီး တစ်ခုချင်းစီတွင် ကြက်သီးထဖွယ် ဆူးချွန်များနှင့် စုပ်ခွက်များ ပါရှိကာ လေထဲတွင် ရမ်းခါနေရင်း စူးရှပြီး ပုပ်ညှီသော အနံ့အသက်များကို ထုတ်လွှတ်နေသည် ။
တစ်ချိန်တည်းမှာပင် ထိုလက်တံများသည် အသက်ဓာတ်များ ထွက်ပေါ်နေသော ပစ်မှတ်များထံသို့ စိတ်ကူး၍မရနိုင်လောက်သော အရှိန်ဖြင့် ထိုးနှက်လိုက်ကြသည် ။
ဖောက်.. ဖောက်.. ဖောက်..
မျက်စိတစ်မှိတ်အတွင်းမှာပင် လူပေါင်း ရာနှင့်ချီသော ခန္ဓာကိုယ်များမှာ အထိုးခံလိုက်ရပြီး အကင်တုတ်များကဲ့သို့ စီတန်းကာ အနက်ရောင် နှလုံးသားကြီးအတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည် ။
" အား.. ကယ်ကြပါဦး.. "
" မလာနဲ့.. ငါ့နားကို မလာကြနဲ့.."
" အွတ်.. အား.. "
အချို့မှာ အသက်လု ထွက်ပြေးနေကြပြီး အချို့မှာ ပျက်စီးနေသော အဆောက်အအုံများအောက်တွင် ပုန်းအောင်းနေကြကာ အချို့မှာမူ ပြေးဝင်လာသော လက်တံများကို ခုတ်ဖြတ်ရန် ကြိုးစားနေကြသည် ။
သို့သော်လည်း ထိုထူးဆန်းသော လက်တံများမှာ အလိုအလျောက် ပစ်မှတ်ကို လိုက်လံရှာဖွေနိုင်သော စွမ်းရည် ရှိနေသကဲ့သို့ ပေရာနှင့်ချီသော ပတ်ဝန်းကျင်အတွင်းရှိ သက်ရှိမှန်သမျှကို လွယ်ကူစွာ ရှာဖွေတွေ့ရှိပြီး ခန္ဓာကိုယ်များကို ထိုးဖောက်လိုက်ကြသည် ။
မိတ်ဆွေဖြစ်စေ ရန်သူဖြစ်စေ လှုပ်ရှားနေသော သက်ရှိမှန်သမျှမှာ ပြင်းထန်သော လေပြင်းကြောင့် လွင့်ပါးသွားသည့် တိမ်တိုက်များကဲ့သို့ ဝါးမြိုခြင်း ခံလိုက်ရတော့သည် ။
ထိုအတောအတွင်းမှာပင် အနက်ရောင် ပုံရိပ်မှာ အနက်ရောင် နှလုံးသားကြီးကို သယ်ဆောင်ကာ တိုက်ပွဲနယ်မြေ အနှံ့အပြားသို့ ကူးသန်းသွားလာနေပြီး အနီရောင် အလင်းတန်းများမှာ ပို၍ ပို၍ တောက်ပလာသည် ။
" ဒါ.. ဒါက.. "
ချီသည် ဤမြင်ကွင်းကို အဝေးမှ ကြည့်နေသည် ။ သူ၏ မျက်နှာမှာ မျက်နှာဖုံးနှင့် အနက်ရောင် မြူခိုးများနောက်တွင် ဖုံးကွယ်နေသော်လည်း သူ၏ နှလုံးသားမှာမူ တုန်လှုပ်ချောက်ချားနေပြီ ဖြစ်သည် ။
သူ၏ အမြင်အာရုံဖြင့် ဂူချန်သည် ဤနှလုံးသားကို သန့်စင်နေသည်ကို သဘာဝကျကျ မြင်တွေ့နိုင်သည် ။
ထိုခမ်းနားလှသော ဝိညာဉ်ပြုပြင်ခြင်း နတ်ဘုရားစွမ်းအားမှာ အဆင့် ၇ မိစ္ဆာသတ္တဝါ၏ အကာအကွယ် အနက်ရောင် အငွေ့အသက်များကို အမှန်တကယ်ပင် လုံးဝ ချေမှုန်းနိုင်သည် ။
သို့သော် ၎င်းမှာ အံ့သြစရာ အကောင်းဆုံး အစိတ်အပိုင်း မဟုတ်ချေ ။
နတ်ဘုရားမီးတောက်ဂိုဏ်းသို့ ဝင်ရောက်သည်မှာ နာရီဝက်ပင် မပြည့်သေးသော လူသစ်ဖြစ်သည့် ဂူချန်သည် ဂိုဏ်းဝင် ၉၉ ရာခိုင်နှုန်း တစ်ခါမှ မလုပ်ဖူးသော အရာတစ်ခုကို အမှန်တကယ် လုပ်ဆောင်နေခြင်းပင် ဖြစ်သည် ။
လူရှင်များကို အသုံးပြုပြီး ရတနာတစ်ခုကို သန့်စင်နေခြင်းပင် ။
သူ့မျက်စိဖြင့်သာ တပ်အပ် မမြင်ခဲ့ရလျှင် ချီသည် ဤအရာကို လုံးဝ ယုံကြည်လိမ့်မည် မဟုတ်ချေ ။
ယုတ်မာလွန်းသည် ၊ တကယ်ကို ယုတ်မာလွန်းသည် ။
မကောင်းမှုပေါင်းစုံ ပြုလုပ်ခဲ့သော သူကဲ့သို့ လူမျိုးပင်လျှင် အနည်းငယ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည် ။ ဤကဲ့သို့သော လူမျိုးနှင့် ပေါင်းသင်းမိခြင်းမှာ မှန်သလား မှားသလား ဆိုသည်ကို သူ မတွေးရဲတော့ချေ ။
ချီသည် ဆက်လက် မစဉ်းစားတော့ဘဲ ကောင်းကင်ယံရှိ ဝိညာဉ်တစ်သောင်းဗန်းကို တစ်ချက် ကြည့်လိုက်ပြီး ရှေ့တန်း တိုက်ပွဲနယ်မြေသို့ ပြန်လည် အာရုံစိုက်လိုက်သည် ။
အောက်တွင်မူ အော်ဟစ်ငိုယိုသံများမှာ နေရာအနှံ့ ပဲ့တင်ထပ်နေပြီး အသက်ပေါင်းများစွာမှာ စပါးရိတ်သကဲ့သို့ တဖြုတ်ဖြုတ် ကြွေလွင့်နေကြသည် ။
လာရောက် ကူညီပေးကြသော မိစ္ဆာဂိုဏ်းဝင်များနှင့် ဂူမိသားစု အသေခံစစ်သည်များပင်လျှင် လွတ်မြောက်ခြင်း မရှိချေ ။ ကံမကောင်းစွာဖြင့် ထိုအရာနှင့် ထိပ်တိုက်တွေ့ဆုံသူမှန်သမျှမှာ နှလုံးသားကြီး၏ ဝမ်းဗိုက်အတွင်းသို့ မျိုချခြင်း ခံလိုက်ရသည် ။
နှလုံးသား၏ မျက်နှာပြင်မှာ ပိုမို တောက်ပလာပြီး ၎င်းအပေါ်ရှိ အနက်ရောင် အငွေ့အသက်များမှာ လျော့နည်းသွားကာ ဝိညာဉ်ပြုပြင်ခြင်း လမ်းစဉ်၏ အနီရောင်အလင်းက တဖြည်းဖြည်း အသာစီး ရလာသည် ။
နောက်ဆုံးတွင် လူပေါင်း မည်မျှကို ဝါးမြိုလိုက်သည်ကို မသိရသော်လည်း အနက်ရောင် နှလုံးသားကြီးမှ ထွက်ပေါ်နေသော လက်တံများ၏ လှုပ်ရှားမှုမှာ အလွန်တရာ နှေးကွေးသွားပြီး အနက်ရောင် အငွေ့အသက်များမှာလည်း ကွယ်ပျောက်သွားတော့သည် ။
အနီရောင်အလင်းတန်းများသည် အတွင်းပိုင်းအထိ ထိုးဖောက်သွားပြီး အနက်ရောင် နှလုံးသားကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည် ။
တစ်ချိန်တည်းမှာပင် ၎င်း၏ အရွယ်အစားမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် သာမန်လူသား၏ နှလုံးသား အရွယ်အစားခန့်သာ ရှိတော့သည် ။
[ အိမ်ရှင်မှ တိရစ္ဆာန်လေးအပေါ် ကြင်နာမှုပြသခဲ့ပြီး တန်ဖိုးအရှိဆုံးသော အာဟာရများကို ကျွေးမွေးကာ ပထမဆုံးအကြိမ်အဖြစ် ဗိုက်ပြည့်သွားအောင် လုပ်ဆောင်ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည် ။ စေတနာရမှတ် +၁၀၀၀ ]
[အိမ်ရှင်မှ စေတနာရှင်များနှင့် ပူးပေါင်းကာ တိရစ္ဆာန်လေးများကို အတူတကွ အစာကျွေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည် ။ စေတနာရမှတ် +၁၀ ]
[ အိမ်ရှင်မှ နှစ်ဖက်အငြင်းပွားမှုများကို ဖြေရှင်းပေးခဲ့ပြီး လျိုလုံတက္ကသိုလ်အား ငြိမ်းချမ်းရေးကာလတစ်ခုသို့ ရောက်ရှိစေခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည် ။ စေတနာရမှတ် +၁၅၀၀ ]
ဂူချန်သည် မည်သည့် အမူအရာမျှ မပြဘဲ သူ၏ လက်ကို မြှောက်ကာ ၎င်းကို ဆွဲယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်ကာ လုံးဝ သန့်စင်လိုက်တော့သည် ။
အဆင့် ၇ မိစ္ဆာသတ္တဝါ - ဝါးမြိုခြင်းတာအို နှလုံးသား
လူရှင်များ၏ အသွေးအသားကို စုပ်ယူခြင်းဖြင့် ကျင့်စဉ်နားလည်နိုင်စွမ်း ကို မြှင့်တင်ပေးနိုင်သော မိစ္ဆာရတနာ တစ်ခုပင် ဖြစ်သည် ။
ဉာဏ်အလင်းပွင့်သစ်ပင်မှာ အတုအယောင်သာ ဖြစ်ပြီး ဝါးမြိုခြင်းတာအို နှလုံးသားကသာ အစစ်အမှန် ဖြစ်သည် ။
လျိုလုံတက္ကသိုလ်၏ ယခင် ကျောင်းအုပ်ကြီး တစ်ယောက်ယောက် သို့မဟုတ် တစ်စုံတစ်ယောက်သည် မိမိ၏ ကျင့်စဉ်နားလည်နိုင်စွမ်းကို သူတစ်ပါး မသိစေဘဲ မြှင့်တင်နိုင်ရန်အတွက် ဤ ဉာဏ်အလင်းပွင့် မြင့်မြတ်သောသစ်ပင်ကို ဖန်တီးခဲ့ခြင်း ဖြစ်မည်မှာ သေချာလှပေ၏ ။
အမှန်တကယ်မှာမူ သူတို့သည် မိစ္ဆာသတ္တဝါ တစ်ခုကို လျှို့ဝှက်စွာ ကျွေးမွေးနေခြင်း ဖြစ်သည် ။ သူတို့သည် လျိုလုံတက္ကသိုလ်မှ အခြားသူများကို အနည်းငယ် မျှဝေပေးခြင်းမှာ သူတို့၏ လုပ်ရပ်ကို ဖုံးကွယ်ရန်နှင့် သူတို့ကိုယ်တိုင် ကျင့်စဉ်နားလည်နိုင်စွမ်း မြှင့်တင်ရန်အတွက်သာ ဖြစ်သည် ။
" ဒီလို ရလဒ်မျိုး ရတာက တကယ့်ကို မမျှော်လင့်ထားတဲ့ အံ့သြစရာပဲ.. "
ဝါးမြိုခြင်းတာအို နှလုံးသားကို သန့်စင်ပြီးနောက် ကျင့်စဉ်နားလည်နိုင်စွမ်း အနည်းငယ် တိုးတက်လာသည်ကို ခံစားမိသောအခါ ဂူချန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် ။
ဤအရာအတွက် သူသည် နိဗ္ဗာနအဆင့် အထွတ်အထိပ်ရှိ အသေခံစစ်သည် ဒါဇင်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရသဖြင့် သူတို့မှာ တန်ဖိုးရှိစွာ သေဆုံးသွားခဲ့ကြသည်ဟု ပြောနိုင်သည် ။
ဟင်းလင်းပြင်တွင် လွင့်မျောနေရင်း သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေသော ချီကို လှမ်းကြည့်ကာ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည် ။
ကိုယ်ပိုင် အသိစိတ် ဝင်နေသော ဤမိစ္ဆာသတ္တဝါမှာ အမှန်တကယ်ပင် ယဉ်ပါးအောင် လုပ်ရန် အနည်းငယ် ခက်ခဲလှသည် ။ သူ၏ လက်ရှိ စွမ်းအင်ကုန်ဆုံးမှုမှာ အလွန်မြင့်မားနေပြီ ဖြစ်သဖြင့် ကျန်ရှိသော အပိုင်းများကို ထိုနတ်ဘုရားတမန်အား ရှင်းခိုင်းလိုက်တော့မည် ။
အမှိုက်သိမ်းပေးမည့် ဤကဲ့သို့သော ကိရိယာကောင်းတစ်ခုကို အသုံးမချလျှင် နှမြောစရာ ဖြစ်ပေလိမ့်မည် ။
စနစ်ဘောင်ပေါ်တွင် ပေါက်ကွဲထွက်နေသော စေတနာရမှတ်များကို ကြည့်ရင်း ဂူချန်သည် အနည်းငယ် ပြုံးလိုက်သည် ။ သူ၏ ခြေထောက်ကို တစ်ချက် ဆောင့်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည် ။
" ဟူး.. "
ဒါကို မြင်တော့ ချီက ခေါင်းခါလိုက်ရုံသာ တတ်နိုင်သည် ။ သူ၏ လက်ကို မြှောက်ကာ လျိုလုံတက္ကသိုလ် အပေါ်တွင် ချိတ်ဆွဲထားသော ဝိညာဉ်တစ်သောင်းဗန်းကို သိမ်းလိုက်သောအခါ မရေမတွက်နိုင်သော လွင့်မျောနေသော ဝိညာဉ်များနှင့် မိစ္ဆာတစ္ဆေများမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ရုတ်တရက် ပေါ်ထွက်လာကြသည် ။
ခဏခြင်းမှာပင် လျိုလုံတက္ကသိုလ် တစ်ခွင်၌ အော်ဟစ်သံများမှာ တစ်ဖန် ပြန်လည် ပဲ့တင်ထပ်သွားတော့သည် ။
မကြာမီမှာပင် လျိုလုံတက္ကသိုလ်မှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားသည် ။
ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ကျောင်းတစ်ခုလုံးမှာ ပျက်စီးနေသော မြို့ပျက်ကြီးတစ်ခုအလား ပြောင်းလဲသွားပြီး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည် ။
ပျက်စီးနေသော အပျက်အစီးများကြားတွင် ရံဖန်ရံခါ၌ လေတိုက်သဖြင့် သဲများနှင့် ကျောက်ခဲများ လိမ့်ဆင်းသွားသော အသံကိုသာ ကြားနေရသည် ။
ကောင်းကင်ယံတွင် လပြည့်ဝန်းကြီးမှာ ချိတ်ဆွဲနေပြီး ညလေညင်းမှာ အလွန်ပင်အေးစက်လှသည် ။
သန်းခေါင်ကျော်သည့်အထိ အပြင်ထွက်ကစားနေကြသော လူငယ်အချို့မှာ တစ်ခုခုကို အော်ဟစ်ပြောဆိုရင်း လျိုလုံတက္ကသိုလ် ဂိတ်တံခါးဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာကြ၏ ။
" လျိုကြီး.. ခြေထောက်ဆေးရတာ ဘယ်လိုလဲ.. ကောင်းတယ်မလား .."
လူငယ်တစ်ယောက်က သူ၏ သူငယ်ချင်း ပခုံးကို ဖက်ကာ ရယ်မောရင်း မေးလိုက်သည် ။
" တော်တော်လေးကို သက်သောင့်သက်သာ ရှိပါတယ်.. "
လျိုကြီးဟု ခေါ်သော ကောင်လေးက ရှက်ကိုးရှက်ကန်း ပြုံးရင်း ပြန်ဖြေသည် ။
ထိုအချိန်မှာပင် ရိုးသားပုံရသော အခြားကောင်လေးတစ်ယောက်က သူတို့ကို လှည့်ကြည့်လိုက်ပြီး ဝမ်းနည်းသော လေသံဖြင့် ပြောလိုက်သည် ။
" အစ်ကိုစုန်.. အစ်ကိုလျို.. အဲဒီလောက် လှတဲ့သူက ဘာလို့ ဒီလို အလုပ်မျိုး လုပ်နေရတာလဲ.. "
ဒါကို ကြားတော့ အစ်ကိုစုန်က သူ့ခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်ပြီး ပခုံးတွန့်ပြလိုက်သည် ။
" ဘာဖြစ်ရမှာလဲ.. "
" လောင်းကစားဝါသနာပါတဲ့ အမေ ၊ ဖျားနာနေတဲ့ အဖေ ၊ အနိုင်ကျင့်တတ်တဲ့ လင်ဟောင်း ၊ ကြေကွဲနေတဲ့ သူမ ၊ ကျောင်းတက်နေတဲ့ မောင်လေးနဲ့ နှစ်နှစ်အရွယ် ကလေးတစ်ယောက်ပေါ့ ကွာ .."
" ဘာဖြစ်လို့လဲ ရွှီကြီး.. မင်းက ခြေထောက်ဆေးပေးတဲ့ ကောင်မလေးကို သဘောကျသွားတာတော့ မဟုတ်ပါဘူးနော်.. "
" မဟုတ်ပါဘူး.. "
ဒါကို ကြားတော့ ရွှီကြီး၏ ရိုးသားသော မျက်နှာမှာ ချက်ချင်းပင် နီရဲသွားသည် ။ သူက မကျေမနပ်ဖြင့် ပြောလိုက်သည် ။
" ကျွန်တော်က သူရဲ့ ဘဝကို သနားလို့ အဲဒီ ငရဲတွင်းထဲကနေ ခေါ်ထုတ်သွားချင်ရုံတင်ပါ .."
" သွားစမ်းပါ.. "
အစ်ကိုစုန်က သူ့ကို မထီမဲ့မြင် ကြည့်ရင်း လှောင်ပြောင်လိုက်သည် ။
" မင်းမှာ ရှိတဲ့ ငွေနည်းနည်းလေးနဲ့ သိုင်းပညာ လေ့ကျင့်တာတောင် တွန့်တိုနေတာကို.. မင်းက သူ့ကို အဲဒီနေရာကနေ ခေါ်ထုတ်သွားချင်သေးတာလား.. "
" ကျွန်တော်က.. "
ရွှီကြီးက ထပ်ပြီး ရှင်းပြချင်သော်လည်း လျိုကြီးက ရုတ်တရက် အော်ဟစ်လိုက်ပြီး ရပ်တန့်သွားသည်ကို မြင်လိုက်ရ၏ ။
" မင်း ဘာလုပ်နေတာလဲ.. "
ရန်ဖြစ်တော့မည့် ထိုနှစ်ယောက်လုံးမှာ လျိုကြီး၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ လျိုလုံတက္ကသိုလ်၏ ပျက်စီးယိုယွင်းနေသော အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြရသည် ။
" ဟာ.. သွားပြီ.. ငါ ခြေထောက်သွားဆေးနေတာ ကျောင်းကြီး ဘာလို့ ပေါက်ကွဲသွားတာလဲ.. "
" ဒါ ...ဘာတွေ ဖြစ်ကုန်တာလဲ.. "
" အော်မနေနဲ့တော့.. အခုချက်ချင်း စောင့်ကြည့်ရေးကောင်စီကို ဖုန်းဆက်လိုက်ကြစမ်း.. "