အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
Chapter 157
~
အခန်း ၁၅၇ : သိုင်းဘုရင်အဆင့်.. ကျန်းနန်ပြည်နယ်၏ စောင့်ကြည့်ရေးကောင်စီ ဥက္ကဋ္ဌ ယဲ့ရှူး
~
မိနစ်အနည်းငယ် ကြာပြီးနောက်...
ဝူး... ဝူးးးးးး....
စူးရှသော အချက်ပေးသံများနှင့်အတူ ကျန်းမြို့တစ်ခွင်၌ ဥသြသံများ ပဲ့တင်ထပ်သွားတော့သည် ။
မြို့တံခါးများကို ပိတ်ဆို့လိုက်ပြီး အချိန်ကြာမြင့်စွာ အသုံးမပြုခဲ့သော မြို့တော်စွမ်းအင်ဒိုင်းကို အသက်သွင်းလိုက်၏ ။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော သိုင်းပညာရှင်များနှင့် စောင့်ကြည့်ရေးယူနီဖောင်း ဝတ်ဆင်ထားသူ အများအပြားမှာ မြို့အတွင်းသို့ လျင်မြန်စွာ တပ်ဖြန့်လိုက်ကြသည် ။
နာရီဝက်ပင် မပြည့်မီမှာပင် မြို့၏ အဓိက လမ်းမကြီးအားလုံးကို ပိတ်ဆို့လိုက်ပြီး အဖွဲ့လိုက် ခွဲကာ နေအိမ်များအတွင်းသို့ အတင်းအကျပ် ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ကြတော့၏ ။
ကျန်းမြို့ရှိ လူတိုင်း၏ကြားတွင် ဖိနှပ်ခံထားရသော အငွေ့အသက်များမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး စက္ကန့်နှင့်အမျှ ပိုမို ပြင်းထန်လာသည် ။
ထို့နောက်တွင် လူတို့အား မိမိတို့၏ နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်စေသည့် သတင်းတစ်ပုဒ် ထွက်ပေါ်လာသည် ။
ကျန်းနန်ပြည်နယ်၏ ထိပ်တန်း တက္ကသိုလ် သုံးခုထဲမှ တစ်ခုဖြစ်သော ၊ နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူ ကိုယ်တိုင် အုပ်ချုပ်သော ထိပ်တန်း သိုင်းပညာတက္ကသိုလ်ကြီးမှာ တစ်ညအတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည် ။
ကျောင်းအတွင်းရှိ လူပေါင်း ကိုးသောင်းကျော်အနက် အားလုံးနီးပါးမှာ သေဆုံးသွားခဲ့ကြပြီ ဖြစ်သည် ။
ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက မြင့်မြတ်မီးလျှံဂိုဏ်း အရှိန်အဝါ အကောင်းဆုံး အချိန်တွင်သာ ဖြစ်ပွားလေ့ရှိသော အရာမျိုး ဖြစ်သည် ။
အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့ပြီးမှ လူသားမဟာမိတ်အဖွဲ့ တစ်ခုလုံး၌ နာမည်ဆိုးဖြင့် ကျော်ကြားသော ထိုမိစ္ဆာဂိုဏ်းကြီးမှာ နောက်ဆုံးတွင် ပြန်လည် ပေါ်ထွက်လာခြင်းလော ။
မရေမတွက်နိုင်သော လူများမှာ တုန်လှုပ်ချောက်ချားနေကြပြီး စောင့်ကြည့်ရေးကောင်စီဝင်များ၏ ရှာဖွေစစ်ဆေးမှုများကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြရသည် ။
ကျန်းမြို့စောင့်ကြည့်ရေးကောင်စီ ဌာနချုပ် ၊ အစည်းအဝေးခန်းမ ။
ယခုအချိန်မှာ အရုဏ်တက်စ အချိန်ဖြစ်သော်လည်း ခန်းမအတွင်းရှိ လေထုမှာ အလွန်တရာ ဖိအားများနေသည် ။
ခမ်းနားသော အရှိန်အဝါများ ရှိကြသည့် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာမှာ ရှည်လျားသော စားပွဲ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသည် ။ စားပွဲ၏ အရှေ့ဆုံးတွင်မူ ရဲရင့်သော အမူအရာ ရှိသည့် အပြာရောင်ဝတ်ရုံဝတ် အမျိုးသမီးတစ်ဦး ရပ်နေသည် ။
သူမသည် လက်နှစ်ဖက်ကို စားပွဲပေါ်တွင် ထောက်ထားပြီး သူမ၏ မျက်လုံးများမှာ လူအုပ်ကြီးကို အေးစက်သော အလင်းတန်းများဖြင့် ကြည့်နေသည် ။ သူမ၏ အရပ်မှာ ငါးပေ ခုနစ်လက်မခန့်သာ ရှိသော်လည်း သူမထံမှ ထွက်ပေါ်နေသော ဖိအားမှာ အဆုံးမရှိသကဲ့သို့ ခံစားရပေသည် ။
သူမ၏ အကြည့်နှင့် ဆုံမိသူတိုင်းမှာ ချက်ချင်းပင် အကြည့်လွှဲလိုက်ကြပြီး သူတို့၏ နှလုံးသားများမှာ အကြောက်တရားကြောင့် တုန်ရီနေကြ၏ ။
ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီ ဥက္ကဋ္ဌ ၊ တောင်ပိုင်းမဟာမိတ် ဌာနချုပ် ကောင်စီဝင်များအနက် တစ်ဦးဖြစ်သူ ၊ အဆင့် ၇ သိုင်းဘုရင် အဆင့်.. ယဲ့ရှူး...
လွန်ခဲ့သော နှစ်ပေါင်း ၅၀ က မြင့်မြတ်မီးလျှံဂိုဏ်းမှာ အလွန်တရာ သောင်းကျန်းခဲ့ပြီး လူသားမဟာမိတ် လေးခုစလုံးရှိ လူပေါင်း မြောက်မြားစွာကို သတ်ဖြတ်ခဲ့ရာ သေဆုံးသူဦးရေမှာ မရေမတွက်နိုင်အောင် ရှိခဲ့သည် ။
ယဲ့ရှူး၏ မိသားစု တစ်ခုလုံးမှာလည်း ထိုစဉ်က သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ သူမသည် တောင်ပိုင်းမဟာမိတ်အဖွဲ့မှ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး၏ တပည့်အဖြစ် ခေါ်ယူခြင်း ခံခဲ့ရသောကြောင့်သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည် ။
ထိုအချိန်မှစ၍ ကလဲ့စားချေခြင်းမှာ သူမ၏ တစ်ခုတည်းသော စွဲလမ်းမှု ဖြစ်လာခဲ့သည် ။ သူမ၏ ကျင့်ကြံခြင်း ဘဝ၏ အဓိပ္ပာယ်မှာ မိစ္ဆာဂိုဏ်းဝင် မှန်သမျှကို နောက်ဆုံးတစ်ယောက်အထိ သတ်ဖြတ်ရန်သာ ဖြစ်သည် ။
မူလက မြင့်မြတ်မီးလျှံဂိုဏ်းမှာ နှစ်အတော်ကြာ ပျောက်ကွယ်သွားခဲ့သဖြင့် ယဲ့ရှူးမှာ ခေတ်မီစက်မှုနည်းပညာရှင် တစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး နောက်ပိုင်းတွင် သမီးတစ်ဦး ဖွားမြင်ခဲ့ရာ သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ တိုးတက်လာမည့် လက္ခဏာများ ပြသခဲ့သည် ။
သို့သော် ယခုကဲ့သို့ အဖြစ်ဆိုးကြီး ဖြစ်ပွားခဲ့ပြီး မြင့်မြတ်မီးလျှံဂိုဏ်း ပြန်လည် ပေါ်ထွက်လာသောအခါ ယဲ့ရှူး၏ နှလုံးသားထဲတွင် မြှုပ်နှံထားသော နာကျည်းမှုများမှာ ချက်ချင်းပင် ပြန်လည် တောက်လောင်လာခဲ့တော့သည် ။ သူမသည် အားလပ်ရက် အနားယူနေသော်လည်း မည်သည့်အရာကိုမျှ ထပ်မံ မစဉ်းစားတော့ဘဲ ကျန်းမြို့သို့ တန်းတန်းမတ်မတ် အပြေးအလွှား လာခဲ့ခြင်း ဖြစ်သည် ။
ရောက်ရှိနေသော သူတိုင်းက ရက်စက်ပြီး သံမဏိလက်သီးဖြင့် အုပ်ချုပ်ခဲ့သော သံမဏိသွေး အေးစက်သူ မှာ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း နားလည်လိုက်ကြ၏ ။
" အားလုံးပဲ.. "
ယဲ့ရှူး၏ အေးစက်သော အသံမှာ ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည် ။
သူမသည် သူမ၏ ဖြူးဖွေးနေသော ညာလက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပြီး လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသော မှန်တစ်ချပ်မှာ ဟင်းလင်းပြင်၌ ရုတ်တရက် ပေါ်ထွက်လာသည် ။
ထိုမှန်မှာ စက်ဝိုင်းပုံစံ ရှိပြီး အချင်း သုံးပေခန့် ရှိကာ မှန်ဘောင်များကို ခရမ်းရွှေရောင် အဝိုင်းဖြင့် စီခြယ်ထားပြီး နူးညံ့သော အလင်းတန်းများ ထွက်ပေါ်နေသည် ။ ၎င်း၏ အရောင်မှာ အနက်ရောင်နှင့် ခရမ်းရောင် ၊ ခရမ်းရောင်နှင့် အပြာရောင်တို့ ရောယှက်နေပြီး အဆုံးမရှိသော ဟင်းလင်းပြင်ကြီးကဲ့သို့ နက်ရှိုင်းလှသည် ။
အနက်ရောင် အလင်းတန်းများမှာ ယဲ့ရှူး၏ လက်ထဲတွင် ကခုန်နေပြီး မှန်မှာလည်း လိုက်လံ လည်ပတ်နေသည် ။ ရောက်ရှိနေသော သူတိုင်း၏ ရှေ့တွင် အဆပေါင်းများစွာ ချဲ့ထားသော ပုံရိပ်တစ်ခု ပေါ်လာသည် ။
ထိုပုံရိပ်မှာ လွန်ခဲ့သောညက လျိုလုံတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အဖြစ်ဆိုးကြီး၏ အချိန်နှင့်တစ်ပြေးညီ မြင်ကွင်းပင် ဖြစ်သည် ။
သို့သော် တစ်စုံတစ်ခု၏ လွှမ်းမိုးမှုကြောင့် ပုံရိပ်မှာ ဝေဝါးနေပြီး မသဲမကွဲသာ မြင်တွေ့နိုင်သည် ။ သို့သော်လည်း ပျက်စီးဆုံးရှုံးမှုများကိုမူ မှိန်ဖျော့စွာ မြင်တွေ့နေရဆဲ ဖြစ်သည် ။
ထိုပုံရိပ်များထဲတွင် မီးခိုးရောင် အနီရောင် လမ်းကြောင်းတစ်ခုနှင့် ခွဲခြားမှုမရှိဘဲ သတ်ဖြတ်နေသော အနက်ရောင် လုံးပတ်ကြီး တစ်ခုမှာ အထူးသဖြင့် ထင်ရှားနေသည် ။
" ဒီမှန်ရဲ့ နာမည်က ကောင်းကင်ချောင်းကြည့်မှန် လို့ ခေါ်တယ် ၊ အဖြစ်အပျက်တစ်ခုရဲ့ မြင်ကွင်းတွေကို ပြန်လည် ပုံဖော်ပေးနိုင်တယ် .."
ယဲ့ရှူး၏ မျက်နှာမှာ နှင်းခဲများကဲ့သို့ အေးစက်နေပြီး လေသံမှာလည်း တည်ငြိမ်လှသည် ။
" မြင့်မြတ်မီးလျှံဂိုဏ်း ပြန်လည် ပေါ်ထွက်လာတာက ကြီးမားတဲ့ သက်ရောက်မှု ရှိတဲ့ ကိစ္စပဲ ။ ဒါကြောင့် ဌာနချုပ်က ဒီအမှုကို ကူညီဖို့အတွက် ဒီအရာကို အထူး ပေးလိုက်တာ ဖြစ်တယ် ။ အခုတော့ အဲဒီ မိစ္ဆာဂိုဏ်းဝင်တွေက ကျန်းမြို့ထဲမှာပဲ ရှိနေသေးတယ်ဆိုတာကို ငါတို့ အတည်ပြုပြီးပြီ.. "
" ဒါတင်မကသေးဘူး ၊ ဌာနချုပ်က ဒီအမှုကို ကူညီဖို့အတွက် နောက်ထပ် ပုဂ္ဂိုလ်တွေကိုလည်း စေလွှတ်ပေးဦးမှာ .. ငါတို့ ဒီမိစ္ဆာဂိုဏ်းဝင်တွေကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်အောင် ချေမှုန်းရမယ်.. "
" အမှုဖြစ်ပွားပြီးကတည်းက အခုဆိုရင် ခြောက်နာရီတောင် ရှိသွားပြီ ။ ပြောစမ်း ၊ မင်းတို့ ဘာတွေ တွေ့ထားလဲ .."
ဤနေရာတွင် ယဲ့ရှူးက ခေတ္တရပ်တန့်လိုက်ပြီး အခန်းအတွင်းရှိ လူများကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။ သူမ၏ လေသံမှာ ရိုးတွင်းခြင်ဆီအထိ အေးစက်လှသည် ။
" တစ်ညလုံး ဘာမှ မတွေ့ဘူးလို့တော့ ငါ့ကို လာမပြောနဲ့.. "
ဝှူး...
မည်သည့်နေရာမှန်းမသိဘဲ အေးစက်သော လေပြင်တစ်ခုမှာ ရောက်ရှိနေသူတိုင်းအပေါ်သို့ တိုက်ခတ်သွားရာ အားလုံးမှာ တုန်ရီသွားကြသည် ။
လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် စက္ကန့်အနည်းငယ် ကြာပြီးနောက် ဒုဥက္ကဋ္ဌ ဆုန့်ကျန်းက ထရပ်လိုက်သည် ။
သူ၏ ခန့်ညားသော မျက်နှာမှာ တည်ကြည်နေပြီး မျက်မှောင်ကြုတ်ကာ ယဲ့ရှူးကို ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည် ။
" ဥက္ကဋ္ဌ ယဲ့ ၊ ဒီဖြစ်ရပ်က အရမ်းကို ရုတ်တရက် ဆန်လွန်းပါတယ် ။ ဒါ့အပြင် မြင့်မြတ်မီးလျှံဂိုဏ်းရဲ့ ဖုံးကွယ်တဲ့ နည်းလမ်းတွေက အရမ်းကို ကျွမ်းကျင်လွန်းနေတဲ့အတွက် မြို့ထဲမှာ လှည့်လည်နေတဲ့ သာမန် မိစ္ဆာဂိုဏ်းဝင် အနည်းငယ်ကိုပဲ ကျုပ်တို့ ဖမ်းမိပါသေးတယ် ။ တကယ့် အဆင့်မြင့် အဖွဲ့ဝင်တွေကိုတော့ မဖမ်းမိသေးပါဘူး .."
" ဒါပေမဲ့ ကျုပ်တို့ လျိုလုံတက္ကသိုလ်ရဲ့ လူမှုကွန်ရက်ကို အသေးစိတ် စစ်ဆေးခဲ့ပြီး မြို့ထဲမှာ ပြစ်မှုကျူးလွန်ဖို့ အကြောင်းပြချက်နဲ့ ခွန်အားရှိတဲ့ သူအားလုံးကို ရှာဖွေခဲ့ရာမှာ အဓိက သံသယဖြစ်ဖွယ် ပုဂ္ဂိုလ် အနည်းငယ်ကို ရှာဖွေတွေ့ရှိထားပါတယ်.. "
" ပြောစမ်း .."
ယဲ့ရှူးက သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည် ။
" ပထမဆုံး တစ်ယောက်ကတော့ ပျောက်ဆုံးနေတဲ့ လျိုလုံတက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်ပါတယ်.. "
ဆုန့်ကျန်းက တည်ကြည်သော အမူအရာ လေးနက်သော လေသံဖြင့် ခွဲခြမ်းစိတ်ဖြာပြသည် ။
" ကျန်းနန်ပြည်နယ်ရဲ့ ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်တာနဲ့အညီ ကျောင်းအုပ်ကြီးကလည်း နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပါတယ် ။ ဒါ့အပြင် သူက ကျောင်းရဲ့ အခြေအနေကို ကျွမ်းကျင်ပြီး ကျောင်းရဲ့ အကာအကွယ် အစီအရင်ကိုလည်း ထိန်းချုပ်ထားနိုင်သူ ဖြစ်ပါတယ် .."
" အကယ်၍ သူသာ မိစ္ဆာဂိုဏ်းဝင် တစ်ယောက် ဖြစ်နေပြီး တခြား အဆင့်မြင့် မိစ္ဆာဂိုဏ်းဝင်တွေနဲ့ ပူးပေါင်းခဲ့မယ်ဆိုရင် လျိုလုံတက္ကသိုလ်က လူတိုင်းကို ဒီလောက်အထိ တိုတောင်းတဲ့ အချိန်အတွင်းမှာ သတ်ဖြတ်ဖို့ ဖြစ်နိုင်ပါတယ်.. "
" ဒါတင်မကသေးပါဘူး ၊ လျိုလုံတက္ကသိုလ်ရဲ့ နာမည်ကြီး ဉာဏ်အလင်းပွင့် မြင့်မြတ်တဲ့သစ်ပင်က အနက်ရောင် စွမ်းအင်တွေနဲ့ ပြည့်နှက်နေတာကို ကျုပ်တို့ တွေ့ရှိခဲ့ရပါတယ် ၊ အဲ့တာက လူတွေကို စားသုံးတဲ့ မိစ္ဆာရတနာ တစ်ခုကို ကျွေးမွေးနေပုံ ရပါတယ် ။ အခုတော့ အဲဒီအရာကို ယူဆောင်သွားခြင်း ခံလိုက်ရပါပြီ.. "
" မိစ္ဆာရတနာကို ကျွေးမွေးနေတာလား... "
ဤသည်ကို ကြားလျှင် ယဲ့ရှူးမှာ စဉ်းစားခန်း ဝင်သွားသည် ။ ထို့နောက် သူမ၏ လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည် ။
" လျိုဝမ် ၊ ကျောင်းအုပ်ကြီးရဲ့ မိသားစုထဲမှာ ရှိတဲ့ လူအားလုံးကို သွားဖမ်းစမ်း ၊ သူရဲ့ အသက် ၈၀ အရွယ် အမေကနေ စပြီး သုံးနှစ်အရွယ် ကလေးတွေအထိ ဘယ်သူ့ကိုမှ မချန်ထားနဲ့ ။ အခု ချက်ချင်း သွားတော့ .."
" ဟုတ်ကဲ့ .."
လျိုဝမ်က ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး အစည်းအဝေးခန်းမအတွင်းမှ လျင်မြန်စွာ ပြေးထွက်သွားသည် ။
သူ ထွက်သွားပြီးနောက် ယဲ့ရှူးက ဆုန့်ကျန်းထံသို့ အကြည့်ပြန်လွှဲကာ အေးစက်စွာ ပြောလိုက်သည် ။
" ဆက်ပြော .."
ဆုန့်ကျန်းသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ဆက်ပြောသည် ။
" နောက်တစ်ခုကတော့ အရှေ့ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထိပ်တန်း ကုန်သည်ကြီးများအသင်း ဖြစ်တဲ့ နဂါးဘုရင် ကုန်သည်ကြီးများအသင်း အဖွဲ့ဟာ ကျန်းမြို့ကို ဖြတ်သန်းသွားလာရင်း လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ဒီမှာ လာရောက် အနားယူနေတာ ဖြစ်ပါတယ်.. "
" ဒီကုန်သည်အသင်းမှာ နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူ အများအပြား ပါဝင်နေပြီး လျိုလုံတက္ကသိုလ်ကို ချေမှုန်းဖို့ လုံလောက်တဲ့ ခွန်အား ရှိပါတယ် ၊ ဒါပေမဲ့ သူတို့မှာ ဘာအကြောင်းပြချက် ရှိလဲဆိုတာကိုတော့ မတွေ့ရသေးပါဘူး .."
" သွားဖမ်းလိုက် "
ဤတစ်ကြိမ်တွင် ယဲ့ရှူးမှာ မတွန့်ဆုတ်တော့ဘဲ သူမ၏ လေသံမှာ ငြင်းဆိုလျှင် ထရိုက်တော့မည်ပုံ ပေါက်နေသည်။
" လီချင် ၊ ဝမ်ကျွယ် ၊ မင်းတို့ နှစ်ယောက် သွားစမ်း ။ တကယ်လို့ သူတို့ကသာ ပြန်လည် ခုခံဖို့ ကြိုးစားမယ်ဆိုရင် သူတို့ရဲ့ ပြစ်မှုက မိစ္ဆာဂိုဏ်းရဲ့ ပြစ်မှုနဲ့ အတူတူပဲလို့ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောလိုက်.. "
" ဟုတ်ကဲ့ "
ဥက္ကဋ္ဌ၏ ပြင်းထန်သော အရှိန်အဝါကြောင့် ဒုဥက္ကဋ္ဌ နှစ်ဦးမှာ မငြင်းရဲဘဲ အဖမ်းအဆီး ပြုလုပ်ရန်အတွက် အမြန်ဆုံး ပြေးထွက်သွားကြတော့သည် ။
ဤမြင်ကွင်းကို မြင်သောအခါ ရောက်ရှိနေသူတိုင်းမှာ မိမိတို့အတွက် ကိုယ်စီ ချွေးပြန်နေကြ၏ ။
ယဲ့ရှူး၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိချေ ။ လူတိုင်း၏ အမူအရာနှင့် အကြည့်များအတွင်းမှ သိမ်မွေ့သော ပြောင်းလဲမှုများကို လျစ်လျူရှုကာ သူမသည် ဆုန့်ကျန်းဘက်သို့ လှည့်ပြီး ဆက်ပြောရန် အချက်ပြလိုက်သည် ။
" အဟမ်း.. ဒီတတိယမြောက် သံသယဖြစ်ဖွယ် ပုဂ္ဂိုလ်မှာတော့ အကြောင်းပြချက် ရှိပါတယ် ၊ ဒါပေမဲ့... "
ဤနေရာတွင် ဆုန့်ကျန်းက ချောင်းတစ်ချက် ဟန့်လိုက်သည် ။ တစ်စုံတစ်ခုကို တွေးမိလိုက်ပုံရပြီး သူ၏ မျက်နှာမှာ ရုတ်တရက် အနည်းငယ် ပျက်ယွင်းသွားကာ သူ၏ လည်ချောင်းထဲတွင် စကားလုံးများ တစ်ဆို့နေသကဲ့သို့ ဖြစ်သွားသည် ။
သို့သော် ယဲ့ရှူးက သူ့ကို အလျှော့ပေးမည့်သူ မဟုတ်ချေ ။ သူမ၏ ပြင်းထန်သော ချီစွမ်းအင်များမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံမှ ဖိအားများကဲ့သို့ ဖိနှိပ်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည် ။
" ပြောစမ်း .."
ဆုန့်ကျန်းမှာ တုန်လှုပ်သွားပြီး အမြန်ဆုံး ပြန်လည် ဖြေကြားလိုက်သည် ။
" ဥက္ကဋ္ဌ ယဲ့ ၊ ဂူမိသားစုရဲ့ ဂူချန်ဟာ လျိုလုံတက္ကသိုလ်နဲ့ ပဋိပက္ခ တစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ် ။ လျိုလုံတက္ကသိုလ်က ဆရာအချို့ဟာ အရင်က ဂူမိသားစုရဲ့ နေအိမ်အတွင်းမှာ ပျောက်ဆုံးသွားခဲ့ဖူးပါတယ်.. "
" အင်း.. "
ဒါကို ကြားတော့ ယဲ့ရှူးမှာ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်သည် ။
" ပြီးတော့ ဘာဖြစ်လဲ ။ သူတို့ နေအိမ်ထဲမှာ ပျောက်ဆုံးသွားတာကို ဘာလို့ ဖမ်းဆီးခြင်း မရှိခဲ့တာလဲ.. "
" အဲဒီအချိန်က ဂူမိသားစုဘက်က ပေးတဲ့ သတင်းကတော့ မိစ္ဆာဂိုဏ်းဝင်တွေက ဂူမိသားစုရဲ့ နေအိမ်ကို ရုတ်တရက် တိုက်ခိုက်ခဲ့တာကြောင့် လျိုလုံတက္ကသိုလ်က ဆရာတွေက သူတို့လက်ချက်နဲ့ သေဆုံးသွားတာလို့ ပြောခဲ့ပါတယ် .."
ဆုန့်ကျန်းက လက်ကို တင်းကြပ်စွာ ဆုပ်ထားရင်း အံကို ကြိတ်ကာ ပြန်ဖြေသည် ။
" ဟဟ.. "
ယဲ့ရှူးက လှောင်ရယ်လိုက်ပြီး သစ်သားစားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်သည် ။ သူမ၏ လေသံမှာ ကဲ့ရဲ့လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေလေသည် ။
" အဲ့တော့ မင်းတို့က သူတို့စကားကို ယုံလိုက်တာလား .."
" အဲဒီအချိန်မှာ လူကြီးလူကောင်းဝါး က ဘာတုံ့ပြန်မှုမှ မပြခဲ့ပါဘူး ၊ ပြီးတော့ အဲဒီအချိန်က ဂူမိသားစုရဲ့ တစ်အိမ်လုံးကို အထက်အောက် ရှာဖွေခဲ့ပေမဲ့လည်း ဘာမှ မတွေ့ခဲ့ပါဘူး... "
" အဲဒါကြောင့်ပဲ မင်းတို့က သူ့ကို မဖမ်းခဲ့ဘူးပေါ့လေ.. "
ယဲ့ရှူး၏ အကြည့်မှာ အေးစက်လှသည် ။
ဆုန့်ကျန်းမှာ စကားမဆိုနိုင်တောဘဲ ခေါင်းကို ငုံ့ထားကာ သူမ၏ အကြည့်နှင့် မဆုံမိအောင် ရှောင်လွှဲနေလေ၏ ။
နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင် ကိုးဦး ပျောက်ဆုံးသွားခြင်းမှာ ကြီးမားသော ကိစ္စဖြစ်ပြီး မိစ္ဆာဂိုဏ်းနှင့် ဆက်နွှယ်နေသောကြောင့် နောက်ဆုံးအထိ တင်းကြပ်စွာ စစ်ဆေးရမည် ဖြစ်ကြောင်း သူ သိပေသည် ။
သို့သော်လည်း.......
" ဥက္ကဋ္ဌ ယဲ့ ၊ ဥက္ကဋ္ဌ ဆုန့်မှာလည်း သူ့ရဲ့ အခက်အခဲတွေ ရှိပါတယ် ။ အဲဒီ ဂူချန်ရဲ့ အဖေက အခုမှ ခန့်အပ်ခံထားရတဲ့ အမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီး ဖြစ်နေလို့ပါ... "
ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှေ့သို့ တိုးလာပြီး ကြားဝင် ညှိနှိုင်းပေးလိုက်သည် ။
" အဲဒီတော့ ဘာဖြစ်လဲ.. "
ယဲ့ရှူး၏ အေးစက်သော အကြည့်ကြောင့် ရောက်ရှိနေသူတိုင်းမှာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း နာကျင်မှုကို ခံစားလိုက်ရသည် ။ သူမ၏ ငြင်းဆို၍မရသော အသံမှာ အစည်းအဝေးခန်းမ တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည် ။
" ဒီတစ်ကြိမ်မှာတော့ ဒါက ဌာနချုပ်က ပေးတဲ့ အမိန့်ပဲ ။ ဘယ်သူပဲဖြစ်ဖြစ် မြင့်မြတ်မီးလျှံဂိုဏ်းနဲ့ နည်းနည်း ဆက်နွှယ်နေတာကို တွေ့ရင်တောင် ချက်ချင်း ကွပ်မျက်ရမယ်.. "
" အကယ်၍ သူနဲ့ မြင့်မြတ်မီးလျှံဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုရင် ငါ သူ့ကို ပြန်လွှတ်ပေးမှာပါ ။ ဒါပေမဲ့ သူနဲ့ မြင့်မြတ်မီးလျှံဂိုဏ်းနဲ့ တစ်စုံတစ်ရာ ဆက်ဆံမှု ရှိနေမယ်ဆိုရင်တော့... "
ယဲ့ရှူးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည် ။
" သွားဖမ်းလိုက်စမ်း ။ သူ့ကို ငါကိုယ်တိုင် စစ်ဆေးမယ် .."
Chapter 158
~
အခန်း ၁၅၈ : အဆင့် ၆ ရှားပါးသိုင်း.. စစ်မှန်သောမူလမဟာချိတ်ပိတ်လက်ဝါး
~
လွန်ခဲ့သော ငါးနာရီခန့်က...
လျိုလုံတက္ကသိုလ်မှ ထွက်ခွာလာပြီးနောက် ဂူချန်သည် သူ၏ နေအိမ်သို့ တန်းမပြန်ဘဲ ကျန်းမြို့၏ အကြီးဆုံးဟိုတယ်ဖြစ်သော စတားရစ်ဟိုတယ် သို့ ဦးတည်လိုက်သည် ။
ယနေ့အချိန်၌ လှုပ်ရှားရခြင်းမှာ လျိုလုံတက္ကသိုလ်ဟူသော ပြဿနာကို အမြန်ဆုံး ဖယ်ရှားရန်အတွက်သာမကဘဲ အခြားသော အရေးကြီးသည့် အကြောင်းပြချက်တစ်ခုလည်း ရှိနေသည် ။
၎င်းမှာ နဂါးဘုရင်ကုန်သည်ကြီးများအသင်းအတွင်း၌ ပုန်းအောင်းနေပြီး ဤမြို့ကို ဖြတ်သန်းသွားလာနေသော မြင့်မြတ်မီးလျှံဂိုဏ်း၏ အခြားသော သူတော်စင်လောင်းလျာ ယွမ်ရှန်း ပင် ဖြစ်လေသည် ။
သူ့ကို အပြစ်ပုံချရန်အတွက် အသုံးချခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည် ။
ချီ ပေးထားသော အတွင်းသတင်းများအရ သူသည် အနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးကို တပ်ဆင်ကာ အလွန်တရာ ဇိမ်ကျလှသော အခန်းတစ်ခုအတွင်းသို့ အေးအေးလူလူပင် ဝင်ရောက်သွားခဲ့သည် ။
အခန်းအတွင်း၌ မိန်းကလေးနှစ်ဦး၏ ညုတုတု အသံများနှင့် အမျိုးသားတစ်ဦး၏ ကြမ်းတမ်းသော အသံများ ရောယှက်နေသည် ။
သုံးစက္ကန့်အကြာတွင်...
" သခင်လေးက တော်လိုက်တာ.. "
ဤသည်ကို ကြားလျှင် အလယ်တွင် ရှိနေသော ယွမ်ရှန်းမှာ ပို၍ပင် ဂုဏ်ယူသွားပြီး နောက်ထပ် အချီပေါင်း သုံးရာလောက်အထိ ဆက်တိုက်နွှဲဦးမည်ဟု ကြုံးဝါးနေတော့သည် ။
သို့သော်လည်း သူ အားယူကာ ထရပ်ပြီး တိုက်ပွဲကို ဆက်လက် ဆင်နွှဲရန် ပြင်လိုက်စဉ်မှာပင် အခန်းအတွင်း၌ အနက်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားသည် ။
ဖောက်.. ဖောက်..
သွေးများ ပန်းထွက်သွားကာ ခေါင်းနှစ်လုံးမှာ လွင့်ထွက်သွားတော့သည် ။ ထို့နောက်တွင် အနက်ရောင် မီးတောက်များမှာ တစ်ချက်အတွင်း ဝါးမြိုသွားပြီး အလောင်းများနှင့် သွေးကွက်အားလုံးကို ရှင်းလင်းလိုက်သည် ။
လုပ်ဆောင်ချက်တစ်ခုချင်းစီမှာ စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးမြောက်သွားခြင်း ဖြစ်သည် ။
" အား.. "
ယွမ်ရှန်းမှာ မျက်လုံးများ ပြူးသွားပြီး အလိုအလျောက် အော်ဟစ်ရန် ပြင်လိုက်သော်လည်း သူ၏ ပါးပေါ်သို့ ပြင်းထန်သော ရိုက်ချက်တစ်ခု ကျရောက်လာသည် ။
ဖြန်း..
ပြင်းထန်လှသော အားမှာ သူ၏ မျက်နှာကို ရိုက်ခတ်သွားသဖြင့် ယွမ်ရှန်းမှာ ချက်ချင်းပင် ကြယ်မြင်လမြင် ဖြစ်သွားကာ ရီဝေဝေ ဖြစ်သွားပြီး ဟထားသော သူ၏ ပါးစပ်မှာလည်း ရိုက်ချက်ကြောင့် ရွဲ့စောင်းသွားသည် ။
နောက်တစ်စက္ကန့်တွင်...
သွယ်လျသော လက်ဝါးတစ်ခုမှာ ဆန့်ထွက်လာပြီး သူ၏ မျက်နှာကို တင်းတင်းကျပ်ကျပ် အုပ်ကိုင်ကာ လေထဲသို့ ရုတ်တရက် မြှောက်တင်လိုက်သည် ။
သူသည် ကျန်ရှိနေသေးသော အသိစိတ်ဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ထူးဆန်းသော မျက်ဝန်းတစ်ခုက သူ့ကို နီးကပ်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏ ။
ဂူချန်၏ မျက်လုံးများမှာ တည်ငြိမ်နေပြီး သူ၏ လေသံမှာ အေးအေးလူလူ ရှိလှသည် ။
" အဆုံးမဲ့ လှည့်စားခြင်း အာရုံထဲမှာ နစ်မြောသွားစမ်း .."
သူသည် လှည့်စားခြင်းတာအို ထဲတွင် ရမှတ်များ မထည့်ရသေးသော်လည်း သေမင်းလက်ဝါး ကို အသုံးပြုပြီး ဗာဂျရာအဆင့် သိုင်းပညာရှင် တစ်ယောက်ကို ထိန်းချုပ်ရန်မှာ အလွန်ပင် လွယ်ကူလှသည် ။
လက်ဝါးမှ မှိန်ဖျော့သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယွမ်ရှန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားကာ ဂူချန်၏ လက်ဝါးအတွင်းမှ မျက်ဝန်းကို မလှုပ်မယှက်ဘဲ စိုက်ကြည့်နေတော့သည် ။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ၏ မျက်လုံးများအတွင်း၌ ခရမ်းရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ၏ အမူအရာမှာ အလွန်တရာ တည်ငြိမ်သွားသည် ။ သူက မည်သည့် ခံစားချက်မျှ မပါသော အသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည် ။
" အရှင်.. "
ဂူချန်က စကားမဆိုချေ ။ သူက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး စူးရှသော အကြည့်ဖြင့် ယွမ်ရှန်းကို အထက်အောက် စစ်ဆေးလိုက်သည် ။ အားလုံး အဆင်ပြေပြီဟု အတည်ပြုပြီးနောက် သူ လှည့်ထွက်သွားတော့သည် ။
ယွမ်ရှန်းမှာမူ ပုံမှန် အမူအရာအတိုင်း ပြန်ဖြစ်သွားပြီး အဖော်လုပ်ရန်အတွက် အလှနတ်သမီး နှစ်ဦးကို ထပ်မံ ခေါ်ယူလိုက်သည် ။
သို့သော် သူ၏ မျက်လုံးများအတွင်းမှာမူ ထူးဆန်းသော ထုံထိုင်းမှုနှင့် တောင့်တင်းမှု အနည်းငယ် ကိန်းအောင်းနေတော့သည် ။
ထွက်ခွာလာပြီးနောက် ဂူချန်သည် စောင့်ကြည့်ကင်မရာ အားလုံးကို ရှောင်ကွင်းကာ သူ၏ နေအိမ်သို့ ပြန်လည် ရောက်ရှိလာသည် ။
စောင့်ကြည့်ရေးကောင်စီအတွင်း၌ ထည့်သွင်းထားသော သူလျှိုနှင့် အမြဲတမ်း အဆက်အသွယ် လုပ်ရန် အိမ်တော်ထိန်းလီကို ညွှန်ကြားပြီးနောက် သူသည် ကျင့်ကြံခြင်း အခန်းအတွင်း၌ တည်ငြိမ်သော အမူအရာဖြင့် တင်ပျင်ခွေ ထိုင်လိုက်သည် ။
ဤကိစ္စမှာ မြင့်မြတ်မီးလျှံဂိုဏ်းနှင့် ပတ်သက်နေသဖြင့် စောင့်ကြည့်ရေးကောင်စီမှာ သေချာပေါက် အသေအချာ စစ်ဆေးပေလိမ့်မည် ။ သူနှင့် လျိုလုံတက္ကသိုလ်ကြားမှ အတိတ်က ပဋိပက္ခများမှာလည်း သေချာပေါက် ပေါ်ထွက်လာမည်ပင် ။
ထိုအချိန်သို့ ရောက်သောအခါ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိ၏ ။
ပထမတစ်ခုမှာ သူ၏ ဂုဏ်ဒြပ်ကြောင့် သူ့ကို လျစ်လျူရှုလိုက်ခြင်း ဖြစ်သည် ။ နောက်ဆုံးတွင် သူ၏ အဖေဖြစ်သူ ဗိုလ်ချုပ်ကြီးမှာလည်း မကြာမီ မဟာမိတ်အဖွဲ့သို့ ပြန်လာတော့မည် ဖြစ်ရာ သူ၏ တည်ရှိမှုမှာ အထူး အရေးကြီးသည် ။
ထို့အပြင် သူသည် သိုင်းပညာဝင်ခွင့် စာမေးပွဲတွင် ပထမ ရရှိထားပြီး နတ်ဘုရားလမ်းစဉ် နန်ဆောင်အတွင်းမှ သူ၏ စွမ်းဆောင်ရည်မှာလည်း အထက်လူကြီးများ၏ နားထဲသို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည် ။ အနာဂတ် တောက်ပနေသော ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်မှာ မိစ္ဆာဂိုဏ်းနှင့် ပတ်သက်လိမ့်မည် မဟုတ်ဟု သူတို့ ယူဆနိုင်သည် ။
ဒုတိယ ဖြစ်နိုင်ခြေမှာမူ သူ့ကို စစ်ဆေးရန်အတွက် ခေါ်ယူခြင်းပင် ဖြစ်သည် ။
နောက်ဆုံးတွင် မဟာမိတ်အဖွဲ့၌ မိစ္ဆာဂိုဏ်းနှင့် ပတ်သက်သူများကို လုံးဝ သည်းမခံသော မူဝါဒ ရှိနေသည် ။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ က မီးငြှိမ်းသတ်ခြင်း စစ်ဆင်ရေး အတွင်း၌ မဟာမိတ်အဖွဲ့အတွင်း ပုန်းအောင်းနေသော အဆင့်၇ မိစ္ဆာဂိုဏ်းဝင် အများအပြားကို ရှာဖွေတွေ့ရှိခဲ့ရာ ထိုစဉ်က မဟာမိတ် ကောင်စီဝင် အများအပြားပင်လျှင် မိစ္ဆာဂိုဏ်းဝင်များ ဖြစ်နေခဲ့ကြသည် ။
ထို့အပြင် သူ၏ အဖေမှာလည်း တရားမျှတပြီး စည်းကမ်းတင်းကြပ်သူအဖြစ် မဟာမိတ်အဖွဲ့၌ နာမည်ကျော်ကြားသူ ဖြစ်သည် ။ တရားမျှတမှု ရှိစေရန်အတွက် သူသည် စံနမူနာပြအနေဖြင့် စစ်ဆေးမှုကို ခံယူရပေလိမ့်မည် ။
အကယ်၍ ပထမ အခြေအနေမျိုး ဖြစ်ခဲ့လျှင် အဆင်ပြေသော်လည်း ဒုတိယ အခြေအနေမျိုး ဖြစ်လာခဲ့လျှင်မူ ယွမ်ရှန်းကိုသာ အသေခံခိုင်းရန် စေလွှတ်လိုက်ရုံသာ ရှိသည် ။
သူ၏ မှတ်ဉာဏ်များအရ ယွမ်ရှန်းမှာ အရှေ့ပိုင်းမဟာမိတ်အဖွဲ့ရှိ နဂါးဘုရင်ကုန်သည်ကြီးများအသင်း၏ တတိယမြောက် စီမံခန့်ခွဲသူ၏ သားဖြစ်သည် ။ ဤခရီးစဉ်တွင် နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးလည်း လိုက်ပါလာခဲ့ပေသည် ။
သူ့ကို လမ်းညွှန်ပေးခဲ့သော နတ်ဘုရားတမန်ပင်လျှင် ယခုအချိန်၌ ကျန်းမြို့ အစွန်အဖျားရှိ ဟိုတယ်တစ်ခုတွင် ပုန်းအောင်းနေရသည် ။
ပြောရလျှင် သူတို့၏ ကာကွယ်ရေး အင်အားမှာ ဂူချန်ထက်ပင် ပိုမို ခိုင်မာနေသေးရာ သူတို့အား အကာအကွယ်အဖြစ် အသုံးချရန် အကောင်းဆုံးပင် ။
ဒါကို တွေးမိရင်း ဂူချန်မှာ မရယ်ဘဲ မနေနိုင်တော့ချေ ။
သူ၏ အဖေမှာ တစ်လပင် မပြည့်သေးသော အချိန်အတွင်း၌ သူ၏ သားမှာ သူစီစဉ်ပေးထားသော အစောင့်အရှောက်ထက်ပင် အဆင့် ပိုမို မြင့်မားသွားလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမိလိမ့်မည် မဟုတ်ချေ ။
အစောင့်အရှောက်မှာ မူလ ဗားရှင်း ၁.၀ တွင်သာ ရှိနေသေးသော်လည်း သူကမူ ဗားရှင်း ၃.၀ သို့ ရောက်ရှိနေပြီ ဖြစ်သည် ။
" အခုတော့ ငါ အေးအေးဆေးဆေးပဲ စေတနာတန်ဖိုးတွေ ပေါင်းထည့်ရတော့မယ် .."
စနစ်ဘောင်ပေါ်ရှိ မယုံနိုင်လောက်အောင် များပြားလှသော စေတနာရမှတ်များကို ကြည့်ရင်း ဂူချန်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည် ။
[လက်ရှိ စေတနာရမှတ် - ၅၇,၁၃၈ ]
အရင်ကထက် အများကြီး ပိုများနေပြီ ဖြစ်သည် ။
ယခင် စုစုပေါင်း ရမှတ်များပင်လျှင် ဤမျှလောက် များလိမ့်မည် မဟုတ်ချေ ။
ဂူချန်သည် သူ၏ တိုးတက်မှုနှုန်းမှာ မြန်ဆန်လွန်းနေသဖြင့် သူ၏ ယခင် သိုင်းပညာများမှာ နောက်ကျကျန်နေခဲ့ပြီ ဖြစ်ကြောင်း မမေ့ချေ ။
ဒါ့အပြင် အဆင့် မြင့်မားလာသည်နှင့်အမျှ သန့်စင်ရန် လိုအပ်သော အပိုင်းများမှာလည်း ပိုမို များပြားလာရာ စေတနာရမှတ် သောင်းဂဏန်းမှာ လုံလောက်မှု မရှိတော့ချေ ။
သို့သော် ယခုအချိန်တွင်မူ အားလုံးမှာ ပြဿနာ မဟုတ်သေးပေ။
ဂူချန်သည် တင်ပျင်ခွေ ထိုင်လိုက်ပြီး သူ၏ ခန့်ညားသော မျက်နှာတွင် ပျော်ရွှင်မှု အငွေ့အသက်များ ယှက်သန်းနေသည် ။ သူသည် အဆင့်၇ မိစ္ဆာရတနာ ဝါးမြိုခြင်းတာအို နှလုံးသား ကို အသက်သွင်းလိုက်ရာ အနက်ရောင် အလင်းတန်းများမှာ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည် ။
တစ်ချိန်တည်းမှာပင် သူသည် စိတ်ထဲမှ တိုးတိုးလေး ခေါ်လိုက်သည် ။
" စနစ်.. ကြေကွဲဝိညာဉ်လက်ဝါး ကို အဆင့်၆ အဖြစ် ဆင့်ကဲ မြှင့်တင်ပေးစမ်း.. "
[ ဒင်..]
[ ဆင့်ကဲ မြှင့်တင်ရန် ပြင်ဆင်နေပါသည်... ]
[ အိမ်ရှင်၏ ကြေကွဲဝိညာဉ်လက်ဝါးမှာ အဆင့်၄ သိုင်းပညာရပ်ဖြစ်ပြီး ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရပါသည် ။ အခြေခံ တန်ဖိုးကို ပုံသေ သတ်မှတ်လိုက်ပါပြီ ။ ]
[ အိမ်ရှင်၏ ကျင့်စဉ်နားလည်နိုင်စွမ်းကို စစ်ဆေးနေပါသည်... ]
[ အိမ်ရှင်၏ စိတ်ဝိညာဉ် စွမ်းအင် အင်အားကို စစ်ဆေးနေပါသည်... ]
[အိမ်ရှင်တွင် နတ်ဘုရားအာရုံ ရှိနေသည်ကို စစ်ဆေးတွေ့ရှိရပါသည် ။ ဆင့်ကဲ ပြောင်းလဲနိုင်စွမ်း ၃၀ ရာခိုင်နှုန်း တိုးတက်လာပါသည် ။ ]
" နတ်ဘုရားအာရုံက သိုင်းပညာရပ် အဆင့်မြှင့်တဲ့ နေရာမှာ ဒီလောက်အထိ အထောက်အကူ ပြုတာလား ။ ဒါကို သိရင် ဝိညာဉ်ကျင့်စဉ်ကို အရင် မြှင့်လိုက်ပါတယ် "
ဒါကို မြင်တော့ ဂူချန်မှာ နှမြောသလို ဖြစ်သွားသည် ။
လွန်ခဲ့သောညက လျိုလုံတက္ကသိုလ်ကို တိုက်ခိုက်စဉ်က သူသည် ဝိညာဉ်ကျင့်စဉ်ကို မလေ့လာရသေးဘဲ သူ၏ အဆင့်ကို နတ်ဘုရားတက်လှမ်းခြင်အဆင့် သို့ အတင်းအကျပ် မြှင့်တင်ခဲ့ခြင်း ဖြစ်ရာ သူ၏ နတ်ဘုရားအာရုံ အင်အားနှင့် အကွာအဝေးမှာ အလွန်ပင် သေးငယ်လှသည် ။
ကံမကောင်းစွာဖြင့် စနစ်ဘောင်ပေါ်မှ စာသားများမှာ အလွန် မြန်ဆန်လှသဖြင့် သူ မြင်လိုက်ရသည့် အချိန်တွင် ကျင့်ကြံခြင်းမှာ စတင်နေပြီ ဖြစ်သည် ။
[ စစ်ဆေးနေပါသည်... ]
[ ဆင့်ကဲ ဖြစ်စဥ် စတင်ပါပြီ ]
[ သင်သည် ကြေကွဲဝိညာဉ်လက်ဝါးကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားပြီး ဖြစ်ရာ ၎င်းကို အချိန်မရွေး ၊ နေရာမရွေး ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီ ဖြစ်သည် ။ သို့သော် ယခုအချိန်တွင် ၎င်းမှာ ခေတ်နောက်ကျနေပြီ ဖြစ်သဖြင့် သင်သည် ၎င်း၏ အင်အားကို မြှင့်တင်ရန် စတင် ကြိုးစားလိုက်သည်... ]
[သင်သည် ၎င်း၏ အားနည်းချက်များကို ဖယ်ရှားပြီး အားသာချက်များကို ချဲ့ထွင်လိုက်သည် ။ ၎င်းသည် ရိုက်ခြင်း သို့မဟုတ် တွန်းခြင်း ကဲ့သို့သော ပုံသေ အနေအထားများတွင်သာ ကန့်သတ်မထားတော့ဘဲ ခုတ်ခြင်း ၊ ထိုးခြင်း ၊ ခတ်ထုတ်ခြင်း နှင့် တွန်းထုတ်ခြင်း ကဲ့သို့သော အနေအထားများတွင်လည်း ၎င်း၏ စွမ်းအားကို ၁၀၀ ရာခိုင်နှုန်း ထုတ်လွှတ်နိုင်ပြီ ဖြစ်သည် ။ ]
[သတိပေးချက် - စေတနာရမှတ် ၅၀၀ အသုံးပြုလိုက်ပါပြီ ။]
[ သင်သည် ၎င်း၏ စွမ်းအားကို ထုတ်လွှတ်ရန်အတွက် လိုအပ်သော ကြေကွဲခြင်း ဟူသော အခြေအနေကို ဖယ်ရှားလိုက်သည် ။ အသစ်ဖန်တီးထားသော လှုပ်ရှားမှုများအပေါ် အခြေခံပြီး နဂါး၏ စစ်မှန်သော အသိစိတ်ကို ပေါင်းစပ်ကာ နည်းစနစ်သစ်များကို ဖော်ထုတ်လိုက်သည် ။ ]
[နဂါးပျံဝဲခြင်း ၊ ကောင်းကင်ယံမှ နဂါး ၊ လျှို့ဝှက်နဂါး အစရှိသော အားကောင်းလှသည့် နည်းစနစ်သစ် ၁၈ မျိုးကို သင် ဖန်တီးခဲ့ပြီး ကဏ္ဍစုံကို လွှမ်းခြုံစေခဲ့သည် ။ ]
[ ဂုဏ်ယူပါသည် ၊ သင်သည် အဆင့် 4 သိုင်းပညာကို အဆင့်၅ ရှားပါးသိုင်းပညာ နဂါးလက်ဝါး ၁၈ ကွက် အဖြစ် အောင်မြင်စွာ ဆင့်ကဲ မြှင့်တင်နိုင်ခဲ့ပါပြီ ။ ]
[သတိပေးချက် - စေတနာရမှတ် ၁,၃၀၀ အသုံးပြုလိုက်ပါပြီ ။]
[ ထို့နောက်တွင် သင်သည် ထိုနည်းစနစ် ၁၈ မျိုး၏ အနှစ်သာရကို လေးလံလှသော လက်ဝါးရိုက်ချက် တစ်ချက်တည်းအဖြစ် ပေါင်းစည်းလိုက်ပြီး ၎င်း၏ စစ်မှန်သော အသိစိတ်နှင့် ဝိညာဉ်ကို ထိန်းသိမ်းထားလိုက်သည် ။ ]
[ ခမ်းနားလှသော အရှိန်အဝါများကို လက်ဝါးရိုက်ချက် တစ်ချက်တည်းအတွင်း၌ ပေါင်းစပ်လိုက်ရာ ၎င်းမှာ အလွန်တရာ ပြင်းထန်ပြီး ထူးခြားလှသည် ။ ]
[ သတိပေးချက် - စေတနာရမှတ် ၃,၂၀၀ အသုံးပြုလိုက်ပါပြီ ။ ]
[ ထို့နောက် သင်သည် အလွန်တရာ သန့်စင်လှသော စစ်မှန်သော ယန်ချီစွမ်းအင် ကို ၎င်းအတွင်းသို့ ပေါင်းစပ်လိုက်သည် ။ လက်ဝါး၏ အသိစိတ်မှာ လောင်ကျွမ်းနေသော မီးလျှံများကို သယ်ဆောင်လာပြီး လက်ဝါးတစ်ချက်မှာ လေထုကိုပင် ဆူပွက်စေနိုင်ကာ ကမ္ဘာမြေပေါ်သို့ နေမင်းကြီး ဆင်းသက်လာသကဲ့သို့ ရှိသည် ။ ]
[ ဂုဏ်ယူပါသည် ၊ သင်သည် အဆင့် ၅ ရှားပါးသိုင်းပညာ နဂါးလက်ဝါး ၁၈ ကွက် ကို အဆင့် ၆ စစ်မှန်သောမူလမဟာချိတ်ပိတ်လက်ဝါး အဖြစ် အောင်မြင်စွာ ဆင့်ကဲ မြှင့်တင်နိုင်ခဲ့ပါပြီ ။ ]
[ သတိပေးချက် - စေတနာရမှတ် ၄,၈၀၀ အသုံးပြုလိုက်ပါပြီ ။ ]
[ သင်၏ ကိုယ်ပိုင် ကျွမ်းကျင်မှု အမွေအနှစ်အပေါ် အခြေခံပြီး သင်၏ လက်ရှိ စစ်မှန်သော မူလ မဟာချိတ်ပိတ်လက်ဝါး၏ ကျင့်ကြံမှု အဆင့်မှာ အဓိကအောင်မြင်မှု (၆၆ ရာခိုင်နှုန်း) သို့ ရောက်ရှိသွားပါပြီ ။ ]