အခန်း (၃၁၁)
Vol. 32 Ch. 311
“နောက်ဆိုရင် နှစ်လတစ်ခါလောက် အိမ်ပြန်လာလို့ ရမလားဟင်”
ရွှီရန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် “ရနိုင်ပါတယ် အမေ” ဟု ပြန်ဖြေလိုက်သည်။
သူ့တွင် ရွှေ့ပြောင်းခြင်းအစီအရင်သာ ရှိလျှင် ဤအရာမှာ ပြဿနာမဟုတ်ပေ။
သို့သော် သူ ဘယ်လို အစီအရင်မျိုးကို တည်ဆောက်နိုင်မလဲဆိုသည့် အချက်ပေါ်တွင်မူ မူတည်နေသေးသည်။ အဆင့်မြင့် အစီအရင်တစ်ခုကို တည်ဆောက်ရန်မှာ စမ်းသပ်မှုများစွာ ပြုလုပ်ရန် အချိန်လိုအပ်သလို ညစ်ညမ်းဇုန်အတွင်း၌လည်း စမ်းသပ်ရန် လိုအပ်သော သတ္တုရိုင်းများကို အလွယ်တကူ ရှာဖွေနိုင်မည်မဟုတ်ပေ။
သူ့မိခင်က ကျေနပ်စွာ ခေါင်းညိတ်ပြလျက် “ကောင်းပြီလေ”
“ဒီနေ့ နေ့လယ်စာကိုတော့ အမေကိုယ်တိုင်ချက်တဲ့ ထမင်းဟင်းတွေကိုပဲ စားကြရမယ်။ မင်းရဲ့ အသင်းဖော်လေးတွေလည်း လာကြမှာဆိုတော့... ကျောင်းအုပ်ကြီးလည်း ကျွန်မတို့အိမ်မှာပဲ တစ်ခါတည်း သုံးဆောင်သွားပါလားရှင်”
ကျောင်းအုပ်ကြီးက ခေါင်းခါပြလိုက်ရင်း “ကျွန်တော့်မှာ တခြားတာဝန်တွေ ရှိနေသေးလို့ ဒီနေ့တော့ မပါဝင်နိုင်တော့ပါဘူး” ဟု ဆိုသည်။
“ဟုတ်ကဲ့ပါ... အဲဒါဆိုလည်း တစ်မျိုးပေါ့”
သူတို့သည် ပတ်ဝန်းကျင်အနှံ့ လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုနေကြရာ လေထုတစ်ခုလုံးမှာ နွေးထွေးပျူငှာမှုများဖြင့် လွှမ်းခြုံနေခဲ့သည်။
ကျားမလေးမှာမူ ကလေးငယ်တစ်ဦးကဲ့သို့ စပ်စုချင်စိတ် ပြင်းပြနေပြီး ညစ်ညမ်းဇုန်အကြောင်းကို တရစပ် မေးမြန်းနေတော့သည်။
ရွှီရန်က အတန်ကြာ စဉ်းစားပြီးမှ “တကယ်တော့ အဲဒီမှာ ပြောစရာ သိပ်မရှိပါဘူး။ ညစ်ညမ်းမှုတွေက အရမ်းပြင်းထန်တော့ နေရတာ တော်တော်လေး အနေရခက်တယ်။ မှိုမြို့တော်နဲ့ နောက်ချေးပိုး မြို့တော်ဆိုတာတွေ ရှိတယ်။ မှိုမြို့တော်က ဧရာမ မှိုကြီးတွေနဲ့ ဆောက်ထားတဲ့ အဆောက်အဦးတွေနဲ့ ဖွဲ့စည်းထားတာ နောက်ချေးပိုး မြို့တော်မှာတော့ ခုံးချိုင့်ပုံစံ အိမ်လေးတွေ ရှိတယ်” ဟု ပြောပြလိုက်သည်။
ကျောင်းအုပ်ကြီးမှာမူ စကားကို ကြားရရုံနှင့်ပင် ရင်တထိတ်ထိတ် ဖြစ်သွားရသည်။
“အဲဒါတွေက ဘေးအန္တရာယ်အဆင့် ညစ်ညမ်းဇုန်ထဲမှာရှိတဲ့ နတ်ဘုရားမြို့တော်တွေပဲ။ နတ်ဘုရားတွေ ကိုယ်တိုင် စောင့်ကြပ်နေကြတာ။ မင်းက တကယ်ကို သတ္တိခဲပဲ။ ဒါနဲ့ အခု မင်းရဲ့ သွေးစွမ်းအင်တန်ဖိုးက ဘယ်လောက်အထိ ရှိနေပြီလဲ”
ရွှီရန်က ပြုံးလိုက်သည်။
"ငါ ဘယ်လိုပြောပြရမလဲ... တကယ်လို့သာ အမှန်အတိုင်း ပြောပြလိုက်ရင် လူတိုင်း ထိတ်လန့်သွားကြမှာ အသေအချာပဲ"
“အင်း... အဲဒီလောက်ပါပဲ...”
ကျောင်းအုပ်ကြီးက ရွှီရန်ကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်ကာ “အဲဒီလောက်ဆိုတာ ဘယ်လောက်လဲ ငါးသိန်းလောက်လား”
ရွှီရန်က ပုခက်ကာကို တစ်ချက် တွန့်လိုက်ရင်း “ဪ... ဒါနဲ့ ကျောင်းအုပ်ကြီး ကောင်းကင်ဘုံအထွတ်အထိပ်နန်းဆောင်ကို တစ်ချက် အကြောင်းကြားပေးပါ။ ညစ်ညမ်းမှုတွေကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ အစီအရင်တစ်ခုကို ကျွန်တော် ရေးထိုးနိုင်ပြီလို့။ အဲဒါအတွက် သတ္တုတိုင်ကြီးတွေ အများကြီး လိုလိမ့်မယ်။ အရည်အသွေးကတော့ အနည်းဆုံး အဆင့်မြင့်လက်နက်တွေ သွန်းလုပ်နိုင်တဲ့ အဆင့်ရှိရမယ်။ အမြင့် မီတာ ၅၀ နဲ့ အချင်း ၅ မီတာရှိတဲ့ တိုင်ကြီးတွေအဖြစ် သွန်းလုပ်ပြီး လယ်ယာနတ်ဘုရားဘောင်ရဲ့ စစ်မြေပြင်အစွန်းဆီကို အမြန်ဆုံး ပို့ပေးဖို့ လိုပါတယ်။ ပထမအသုတ်အနေနဲ့ တိုင်ပေါင်း ၆၄ တိုင် လိုအပ်ပါလိမ့်မယ်”
ကျောင်းအုပ်ကြီးမှာ ဆွံ့အသွားရသည်။
“ဟင် ဘာပြောလိုက်တာလဲ ငါ ကြားတာ မှားနေလို့လား”
ရွှီရန်က စိတ်မရှည်သလိုဖြင့် “ဒီတစ်ခေါက် လေ့ကျင့်ရေးခရီးစဉ်ရဲ့ ပန်းတိုင်တစ်ခုက အဲဒီအစီအရင်ကို ရှာဖို့ပဲလေ။ အခုတော့ ဘေးအန္တရာယ်အဆင့် ညစ်ညမ်းဇုန်ထဲမှာ အဲဒါကို ရှာတွေ့ခဲ့ပြီ။ ကောင်းကင်အက်ကြောင်းကနေ ယိုစိမ့်နေတဲ့ ညစ်ညမ်းမှုတွေကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် အစီအရင်ကြီးတစ်ခုကို ကျွန်တော် တည်ဆောက်နိုင်ပြီ”
ကျောင်းအုပ်ကြီးမှာ မှင်သက်သွားလျက် “ဒါက တကယ်ကြီး ဖြစ်နိုင်တာလား”
ရွှီရန်က “ကျွန်တော်က သိမြင်နားလည်မှု အမြစ်အရိုးပိုင်ရှင်လေ။ ကောင်းကင်ဘုံအထွတ်အထိပ်နန်းဆောင်ကို အသိပေးလိုက်ပါ။ ပြီးတော့ ကျွန်တော် စမ်းသပ်ဖို့အတွက် အမြင့် ၁၀ မီတာနဲ့ အချင်း ၁ မီတာရှိတဲ့ တိုင်တချို့ကိုလည်း ပြင်ဆင်ထားပေးပါ”
ကျောင်းအုပ်ကြီး “ကောင်းပြီ ကောင်းပြီ... ပြဿနာမရှိဘူး။ ငါ အခုချက်ချင်းပဲ သွားပြောလိုက်မယ်။ မင်းကတော့ တကယ်ကို အံ့ဖွယ်အမြစ်အရိုးနဲ့ ထိုက်တန်တဲ့သူပဲ”
သူသည် ထိုသို့ပြောပြီးသည်နှင့် ဝမ်းသာအားရဖြင့် ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။ ညစ်ညမ်းမှုများကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်မည်ဆိုပါက သာမန်ပြည်သူလူထုမှာ ညစ်ညမ်းမှုဘေးအန္တရာယ်မှ လွတ်မြောက်နိုင်မည်ပင်။
ကောင်းကင်ဘုံအထွတ်အထိပ်နန်းဆောင်အနေဖြင့် အချိန်ဆွဲရန် ကြိုးစားနေသော်လည်း ညစ်ညမ်းမှုကို အမြစ်ပြတ်အောင် မည်သို့မျှ မလုပ်ဆောင်နိုင်ခဲ့ပေ။ အကယ်၍ ညစ်ညမ်းမှုများသာ ဆက်လက် စုပုံနေမည်ဆိုပါက လူသားမျိုးနွယ်မှာ လုံးဝ မျိုးသုဉ်းသွားနိုင်သည့် အခြေအနေ ဖြစ်သည်။
“ကျောင်းအုပ်ကြီး... အခုပဲ သွားတော့မလို့လား ခဏလောက် ထပ်မနေတော့ဘူးလား”
ကျောင်းအုပ်ကြီး "မနေတော့ဘူး ငါ အခုပဲ သွားမှဖြစ်မယ်။ မင်း ဘေးကင်းတာ မြင်ရရုံနဲ့တင် ငါ စိတ်အေးပါပြီ။ ဒီကိစ္စက အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုတယ်။ ဒါက အရမ်းကို အရေးကြီးတဲ့ ကိစ္စပဲ"
ကျောင်းအုပ်ကြီးသည် အလွန်အမင်း အရေးတကြီးဖြစ်နေသော လေဟန်ဖြင့် ကပျာကယာ ထွက်ခွါသွားတော့သည်။
ရွှီရန်သည် ကျောင်းအုပ်ကြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း ခပ်ဖွဖွ ပြုံးလိုက်မိသည်။
သူ့မိခင်ဖြစ်သူကတော့ ခေါင်းကို ခါယမ်းရင်း "မင်းကတော့ ပြန်လာတာနဲ့ ကျောင်းအုပ်ကြီးကို အလုပ်တွေ ပိုပေးတော့တာပဲ။ သူခမျာ လွန်ခဲ့တဲ့ လအတော်ကြာကတည်းက ကောင်းကောင်း အိပ်စက်ခဲ့ရတာ မဟုတ်ဘူး" ဟု သက်ပြင်းချရင်း ဆိုရှာသည်။
ရွှီရန် "ရပါတယ် အမေရဲ့ နောက်ကျရင် သူ့ဆီကို နှစ်ခြိုက်စွာ အိပ်ပျော်စေတဲ့ အဆောင်
တံဆိပ်အချို့ ပို့ပေးလိုက်ပါ့မယ်။ လူငယ်တွေထက်တောင် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေရမယ်"
မိခင်ဖြစ်သူမှာ အံ့အားသင့်သွားပြီး "အမေ့ကိုလည်း အဲဒါလေး အချို့ပေးဦးလေ"
"ရတာပေါ့ အမေရဲ့ ပြဿနာမရှိပါဘူး"
သူတို့သည် စကားတပြောပြောဖြင့် လမ်းလျှောက်လာခဲ့ကြရာ မသိလိုက်ဘာသာပင် ဗီလာအိမ်ရာဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
အိမ်ရှေ့ခြံဝင်းအတွင်းရှိ ကွေ့ပန်းပင်များနှင့် မြင့်မားလှသော အပင်ကြီးများမှာ ညှိုးနွမ်းခြောက်သွေ့ကာ ဝါကြင်ကြင် အရောင်များ ပြောင်းလဲနေသည်ကို ရွှီရန် တွေ့လိုက်ရသည်။
ရွှီရန်က မျက်မှောင်ကို အသာအယာ ကြုတ်လိုက်မိ၏။
သူသည် ထိုအပင်များအနားသို့ သွားကာ အသေးစား သန့်စင်ခြင်း အဆောင်တံဆိပ်အခုတစ်ရာခန့်ကို ကပ်လိုက်လေသည်။
ကျားမလေးက အနားသို့ တိုးကပ်လာပြီး "ဒီညစ်ညမ်းမှုတွေက တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ အခုနောက်ပိုင်းထွက်တဲ့ ရေခဲမုန့်တွေက အရင်လို မစားကောင်းတော့ဘူး" ဟု နှုတ်ခမ်းစူကာ ပြောလိုက်သည်။
ထန်ချီချီ "ဟုတ်တယ် ငါတို့ အပြင်ထွက်ပြီး လေ့ကျင့်တိုင်း ကောင်းကင်ကြီးက အမြဲတမ်း မီးခိုးရောင်သန်းပြီး မှိုင်းညို့နေတာပဲ။ ကြယ်တွေကိုတောင် မမြင်ရတော့ဘူး"
ကွမ်ရှင်း "ဪ... ငါတို့ရဲ့ ကြည်လင်တဲ့ ကောင်းကင်ပြာကြီးကို ဘယ်တော့မှ ပြန်မြင်ရပါ့မလဲ"
နင်ရွှမ် "ငါတို့ အသင်းခေါင်းဆောင်က အစီအရင်တွေ လုပ်နိုင်တယ်ဆိုတော့... မကြာခင်မှာ ဒီညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်တော့မှာ မဟုတ်ဘူးလား"
ရွှီရန်က ခေါင်းညိတ်ပြလျက် "သန့်စင်ပေးနိုင်မှာပါ။ အမြစ်ပြတ်အောင် မလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ ကြည်လင်တဲ့ ကောင်းကင်ပြာကြီးကို ပြန်ရအောင် လုပ်ပေးနိုင်ပါတယ်"
အားလုံးက တစ်ပြိုင်နက်တည်း "ဒါမှ ငါတို့ အသင်းခေါင်းဆောင်ပေါ့" ဟု ပြောလိုက်ကြသည်။
မိခင်ဖြစ်သူက "ကဲ... အားလုံးပဲ အထဲမှာ သွားထိုင်ကြဦး။ လုပ်ချင်တာလုပ် တီဗွီကြည့်ချင်လည်း ကြည့်ကြ။ အဒေါ်ကတော့ ဟင်းသွားချက်လိုက်ဦးမယ်"
ထိုသို့ပြောရင်း မိခင်ဖြစ်သူသည် ခါးစည်းအင်္ကျီကို ဝတ်ဆင်လိုက်လေသည်။
လူချစ်လူခင်ပေါသော ကျားမလေးက "ယေး... အဒေါ်လင်း ချက်တဲ့ဟင်းတွေက အကောင်းဆုံးပဲ" ဟု ဝမ်းသာအားရ အော်လိုက်သည်။
မိခင်ဖြစ်သူသည် အားရပါးရ ရယ်မောရင်း အိမ်ထဲသို့ ဝင်သွားတော့သည်။
ရွှီရန်က ကူညီရန် အနောက်မှ ပြေးလိုက်သွားကာ "ဝယ်စရာရှိတာရှိရင် ပြောလေ အမေ သား သွားဝယ်ပေးမယ်"
မိခင်ဖြစ်သူက ဝယ်ရမည့်ပစ္စည်းစာရင်းကို ရေးလိုက်ပြီး "ရပါတယ် အစောင့်ကိုပဲ သွားခိုင်းလိုက်မယ်။ သူက ကားမောင်းတတ်တယ်လေ။ မင်းက ညစ်ညမ်းဇုန်ထဲမှာ ဆယ်လလုံးလုံး ပင်ပန်းလာတာဆိုတော့ ဆိုဖာပေါ်မှာပဲ အနားယူနေလိုက်ပါ"
သူမသည် သားဖြစ်သူ၏ မျက်နှာပေါ်ရှိ နွမ်းနယ်မှုများကို မြင်နေရသည်။ လေ့ကျင့်ရေးမသွားခင်က ပါးဖောင်းဖောင်းလေးနှင့် ရှိခဲ့သော ရွှီရန်မှာ ယခုမူ အရေပြားနှင့် အရိုးသာ ကျန်တော့သည်အထိ ပိန်ချုံးသွားခဲ့သည်။
၎င်းမှာ ညစ်ညမ်းဇုန်အတွင်းရှိ ဘဝသည် မည်မျှအထိ ကြမ်းတမ်းခက်ခဲခဲ့ကြောင်း သက်သေပြနေခြင်းပင်။
ရွှီရန်က "ဪ... တကယ်တော့ သားက ဟင်းချက်တာလည်း ဝါသနာမပါတော့ အမေ့ကို ကူရင်းနဲ့ ပိုပြီး အလုပ်ရှုပ်အောင် လုပ်သလို ဖြစ်နေမှာပါ" ဟု ပြန်ပြောလိုက်သည်။
"အေးပါ အဲဒါကြောင့် ငြိမ်ငြိမ်လေးပဲ အနားယူနေစမ်းပါ"
မိခင်ဖြစ်သူသည် သားဖြစ်သူအတွက် ရင်ထဲမှ မချိအောင် သနားနေမိပြီး ရွှီရန်ကို အခန်းပြင်သို့ အသာအယာ တွန်းထုတ်လိုက်လေတော့သည်။
“ဒါပေမဲ့ သားက အရင်ထက် ပိုရှည်လာတယ်နော်။ အခုဆို ၁.၈ မီတာလောက်တောင် ရှိနေပြီလား”
“သေသေချာချာတော့ မတိုင်းရသေးဘူးအမေ။ ဒါပေမဲ့ ကျားမလေးထက်စာရင် ခေါင်းတစ်လုံးစာလောက် ပိုမြင့်လာတယ်”
“အဲဒါဆို သားက ၁.၈၃ မီတာလောက် ရှိမှာပေါ့။ ကျားမလေးက ၁.၇၂ မီတာ ရှိတာကိုး”
ရွှီရန်သည် ဆိုဖာပေါ်တွင် ပြန်လည်မှီထိုင်လိုက်သည်။
ကျားမလေးမှာမူ ညစ်ညမ်းဇုန်အကြောင်းကို အလွန်အမင်း စိတ်ဝင်စားနေပုံရပြီး “အစ်ကိုရန်... ညစ်ညမ်းဇုန်ထဲမှာ တခြားရတနာတွေရော ရှာတွေ့ခဲ့သေးလား” ဟု မေးပြန်သည်။
ရွှီရန်က မဆိုင်းမတွပင် “သစ်သားနှလုံးသားပေါ့ ဒါပေမဲ့ အဲဒါက သုံးပစ်လိုက်လို့ ကုန်သလောက် ရှိနေပြီ” ဟု ဖြေလိုက်၏။
“တခြားအရာရော မရှိတော့ဘူးလား”
ရွှီရန် ခဏမျှ စဉ်းစားလိုက်ပြီးမှ “တကယ့်ကို ထိပ်တန်းရတနာတစ်ခုတော့ ရှိတယ်”
ထိုသို့ပြောရင်း သူသည် ခါးတွင်ချိတ်ထားသော ဓားမြှောင်တိုလေးကို ထုတ်ယူလိုက်သည်။ ထိုဓားမြှောင်မှာ မိမိစိတ်ကြိုက် အရွယ်အစား ပြောင်းလဲနိုင်ပြီး အခုလောလောဆယ်တွင် စင်တီမီတာ သုံးဆယ်ခန့်သာ ရှိသဖြင့် ရွှီရန်က စက္ကူအိမ်လေးတစ်ခု ပြုလုပ်ကာ ဖုံးအုပ်ထားခြင်းပင်။
ထိုခဏတွင် သူသည် ဓားမြှောင်ကို လက်၌ ကိုင်ထားလိုက်သည်။
“ဓားမြှောင်တိုလေးလား”
အားလုံးက စပ်စုလိုစိတ်ဖြင့် ဝိုင်းကြည့်နေကြသည်။
“ဟုတ်တယ်”
ရွှီရန်က ဓားမြှောင်တိုလေးကို အိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး စိတ်ဖြင့် အာရုံပြုလိုက်ရာ ချက်ချင်းပင် ၁.၂ မီတာအထိ ရှည်ထွက်သွားခဲ့သည်။
မိန်းကလေးများအားလုံး တအံ့တဩ ရေရွတ်လိုက်ကြသည်။
“ဝါး... ဒါက တကယ်ကြီး ပိုရှည်လာတာလား”
ရွှီရန်က ပြုံးလျက် “ဒါထက် ပိုပြီးတော့လည်း ရှည်လို့ရသေးတယ်”
သူက ထပ်မံ အာရုံပြုလိုက်ရာ ဓားသွားမှာ ၂.၅ မီတာအထိ ရှည်ထွက်သွားခဲ့သည်။ ထိုထက် ပိုရှည်ပါက တီဗွီကို ထိခိုက်မိနိုင်သဖြင့် သူက အရှည်ကို ထိန်းချုပ်ထားလိုက်၏။
ဓားသွား၏ မျက်နှာပြင်ပေါ်တွင် သူတို့ငါးဦး၏ ပုံရိပ်များမှာ မှန်တစ်ချပ်အလား အထင်အသား ပေါ်လွင်နေခဲ့သည်။
ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာ တောက်ပသွားပြီး “တကယ့်ကို ထိပ်တန်းဓားပဲ ဒါက နတ်ဘုရားလက်နက်လား အထူးအဆင့်လက်နက်တွေထက်တောင် ပိုစွမ်းမှာပဲနော်”
“စိတ်ကြိုက် အတိုအရှည် လုပ်လို့ရတာဆိုတော့ တိုက်ပွဲထဲမှာ ရုတ်တရက် အလစ်ငိုက် တိုက်ခိုက်ဖို့အတွက် တကယ့်ကို အသုံးဝင်မှာပဲ”
“အရှည်ဆုံး ဘယ်လောက်အထိ ရှည်လို့ရလဲ”
“ဒါကို ဘယ်လိုရခဲ့တာလဲ ဒီလောက်ကောင်းတဲ့ ဓားမျိုးရဖို့ဆိုတာ တော်တော်လေး ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ခဲ့ရမှာ မဟုတ်လား”
ရွှီရန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“မှန်တယ် တကယ့်ကို ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရတာ”
သူသည် သူ၏ အစွမ်းထက်လှသော သွေးဆာနေသည့် မသေမျိုးအရိုးကို အသုံးပြုကာ သွေးစွမ်းအင်တန်ဖိုး ၃၄ သန်းရှိသော သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခနှင့် အသက်လုတိုက်ပွဲ ဆင်နွှဲခဲ့ရခြင်းပင်။
ကျားမလေးက “ဘယ်လောက်တောင် ပြင်းထန်လို့လဲ ပြိုင်ဘက်က ဘယ်သူလဲဟင်”
ရွှီရန် ခဏမျှ စဉ်းစားလိုက်ပြီး “သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခပေါ့”
ထိုစကားအဆုံးတွင် တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
အမျိုးသမီးငါးဦးစလုံး တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြသည်။
ကြီးမားလှသော ခေါင်းလောင်းကြီးတစ်လုံးကို အားပြင်းစွာ ခေါက်လိုက်သကဲ့သို့ပင် သူတို့၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့ရသည်။
“မဖြစ်နိုင်တာ အသင်းခေါင်းဆောင်... သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခဆိုတာ ဘေးအန္တရာယ်အဆင့်ရှိတဲ့ နတ်ဘုရားသတ္တဝါကြီး မဟုတ်ဘူးလား။ ကြားဖူးတာကတော့ သူ့ရဲ့ သွေးစွမ်းအင်တန်ဖိုးက သန်း ၃၀ ကျော်တယ်ဆိုပဲ။ နတ်ဘုရားသတ်တပ်ဖွဲ့ပေါင်းများစွာတောင် သူ့လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတာလေ"
“ဟုတ်တယ် အစ်ကိုရန် အစ်ကိုက ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းပါစေဦးတော့... အဲဒီ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခနဲ့ ယှဉ်ပြိုင်နိုင်တဲ့အဆင့်အထိတော့ မရောက်သေးဘူး မဟုတ်လား”
ရွှီရန်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ရင်း “မင်းတို့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ... ငါကတော့ ယုံကြည်တယ်” ဟု အေးဆေးစွာ ဆိုလိုက်သည်။
“မယုံပါဘူး...”
“မယုံနိုင်စရာပဲ...”
သူတို့ စကားပြောနေကြစဉ်မှာပင် ယဲ့ဖိန်သည် ခြံဝင်းအတွင်းသို့ ဆင်းသက်လာခဲ့သည်။
“ရန်လေး... မင်း ပြန်ရောက်နေပြီ မဟုတ်လား”
ဧည့်ခန်းတံခါးမှာ ပွင့်နေခဲ့သည်။ ယဲ့ဖိန်သည် အထဲသို့ လှမ်းကြည့်လိုက်ရာ ရွှီရန်ကိုသာမက ရွှီရန်၏ လက်ထဲရှိ ဖြောင့်စင်းလှသော ဓားရှည်ကြီးကိုပါ မြင်တွေ့လိုက်ရသည်။
သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် တုန်လှုပ်ခြောက်ခြားမှုသို့ ပြောင်းလဲသွားခဲ့ရ၏။
“မင်း... မင်း...”
"ငါ အဲဒီဓားအကြောင်းကို ဘယ်လိုလုပ်ပြီး မသိဘဲ နေနိုင်မှာလဲ"
နတ်ဘုရားသတ်တပ်ဖွဲ့တိုင်း မဖြစ်မနေ မှတ်သားထားရမည့် ကြောက်မက်ဖွယ်ရာ အမှတ်အသားများထဲမှ တစ်ခုပင်။ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခ၏ ညာဘက်လက်မမှာ ထိုဓားပင်။
ခရမ်းရောင်သန်းနေပြီး မှန်တစ်ချပ်အလား ကြည်လင်နေသော မျက်နှာပြင်နှင့် ဖြောင့်စင်းလှသော ပုံစံအားလုံးမှာ ထပ်တူပင်။
ရွှီရန်က ဓားကို ပြန်ရုတ်သိမ်းကာ အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
“ဦးလေးယဲ့ မတွေ့ရတာ ကြာပြီနော်"
ဦးလေးယဲ့သည် အိမ်ထဲသို့ လျှောက်ဝင်လာခဲ့သည်။
“သတ်ဖြတ်ခြင်းနတ်ဘုရားသတ်တပ်ဖွဲ့က သတင်းပို့လာတာရှိတယ်။ ဘေးကင်းဇုန်ရဲ့ အပြင်ဘက် ကီလိုမီတာ ၁၀၀၀ အကွာမှာ သူတို့ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခနဲ့ တိုးခဲ့တယ်တဲ့။ သေဘေးက မလွတ်တော့ဘူးလို့ သူတို့ ထင်နေတုန်းမှာပဲ ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ တစ်ကိုယ်တော် စစ်သည်တော်တစ်ယောက်က အဲဒီဘေးဒုက္ခကောင်ကြီးကို ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ပြောတယ်"
“လူသားမျိုးနွယ်ထဲမှာ ဒီလောက်အစွမ်းထက်တဲ့ စစ်သည်တော်ရှိလားဆိုပြီး သူတို့က ကောင်းကင်ဘုံအထွတ်အထိပ်နန်းဆောင်ကိုတောင် လှမ်းမေးထားကြတာ...”
ဦးလေးယဲ့သည် မျက်မှောင်ကို အပြင်းအထန် ကြုတ်ထားမိသည်။
“အစကတော့ ငါက ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူးလို့ ထင်နေတာ။ ဒါပေမဲ့ မင်းလက်ထဲက ဓားကတော့….ငါ့ကို တစ်ချက်လောက် ပြလို့ရမလား”
သူသည် တစ်စုံတစ်ရာကို မသေချာသကဲ့သို့ ဖြစ်နေရှာသည်။
ဘာဖြစ်လို့လဲဆိုတော့ ရွှီရန်က အရမ်းငယ်သေးတာလေ။ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခလိုမျိုး ကြောက်စရာကောင်းတဲ့ အရာကို သူက ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ။
သို့သော် ရွှီရန်၏ လက်ထဲရှိ ဓားကမူ သူ့ကို တွေဝေသွားစေခဲ့သည်။
ရွှီရန်က ဓားကို ဆွဲထုတ်လိုက်ပြီး အရှည်ကို ဆန့်ထုတ်ပြလိုက်သည်။
ယဲ့ဖိန်သည် ထိုဓားကို လှမ်းယူလိုက်၏။ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခ၏ ဓားကို သူ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသော်လည်း ဤအရာမှာ ၎င်းဖြစ်ကြောင်းကိုမူ သူ သေချာသိသည်။
“ဒါက သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခရဲ့ လက်နက် မဟုတ်လား”
ရွှီရန်က “ဦးလေးယဲ့ကတော့ နာမည်နဲ့လိုက်အောင် အမြင်စူးရှတာပဲ တစ်ချက်ကြည့်ရုံနဲ့ သိတယ်နော်” ဟု ချီးကျူးလိုက်သည်။
ယဲ့ဖိန်၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားပြီး မေးခွန်းများဖြင့် ပြည့်နှက်နေတော့သည်။
“ဒါက အဲဒီကောင်ကြီးရဲ့ အဓိက လက်နက်တွေထဲက တစ်ခုပဲ။ အလွယ်တကူတော့ အလုခံရမှာ မဟုတ်ဘူး။ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ”
ရွှီရန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေဆဲပင် “ရိုးရိုးလေးပါပဲ ကျွန်တော်က အဲဒီ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခကို ရှင်းပစ်လိုက်ရုံပါပဲ”