← Chapters

အခန်း (၃၁၂)

Vol. 32 Ch. 312

အခန်း (၃၁၂)

Vol. 32 Ch. 312

ဦးလေးယဲ့သည် ရွှီရန်ကို ကြည့်ရင်း အံ့အားသင့်လွန်း၍ ဆွံ့အလျက်ရှိသည်။

"ရိုးရိုးလေးပါပဲ... ကျွန်တော် အဲဒီကောင်ကြီးကို ရှင်းပစ်လိုက်ရုံပဲလေ"

ရွှီရန်က ပြောလိုက်သော်လည်း ဤစကားမှာ သာမန်လူတစ်ယောက် ပြောထွက်နိုင်သည့် စကားမျိုး မဟုတ်ပေ။

အဆင့်အမြင့်ဆုံး နတ်ဘုရားသတ်အဖွဲ့ပင်လျှင် သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခကို အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ပေ။ ၎င်းရှိနေနိုင်သည့် အရိပ်အယောင်ကို အာရုံခံမိရုံနှင့်ပင် ထိုအဖွဲ့များက ချက်ချင်း ဆုတ်ခွာလေ့ရှိကြသည်။

ခေတ်သစ်ကာလ၏ နှစ်ပေါင်းနှစ်ရာအတွင်း၌ပင် အစွမ်းထက်ဆုံးဟု တင်စားရသော စစ်

နတ်ဘုရားသည်ပင်လျှင် သွေးစွမ်းအင်တန်ဖိုး သန်း ၂၀ ရှိသော မိစ္ဆာများကိုသာ ခုခံတွန်းလှန်နိုင်ခဲ့ပြီး သန်း ၃၀ အဆင့်ရှိသော အရာများကိုမူ ရင်ဆိုင်ရန် မဝံ့ရဲခဲ့ပေ။ ထိုသို့ရင်ဆိုင်ခြင်းမှာ မိမိကိုယ်ကိုယ် သေတွင်းထဲ ဆင်းခြင်းနှင့် မခြားသောကြောင့်ပင်။

သို့သော်လည်း သတ်ဖြတ်ခြင်းအဖွဲ့သည် သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခနှင့် တကယ်တမ်း တိုးခဲ့ပြီး သေဘေးနှင့် ရင်ဆိုင်နေရစဉ်မှာပင် ထူးဆန်းသော ကယ်တင်ရှင်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ နက်မှောင်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ထိုသူသည် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သဲမုန်တိုင်းပေါင်း ရာနှင့်ချီကို နှိမ်နင်းနိုင်ခဲ့၏။

ထို့နောက်တွင်မှ သူတို့သည် ဘေးကင်းရာသို့ လွတ်မြောက်ခဲ့ကြရပြီး ထိုကယ်တင်ရှင်နှင့် မိစ္ဆာကြီးတို့၏ တိုက်ပွဲကိုမူ အနှောင့်အယှက်ဖြစ်မည်စိုး၍ နောက်ပင် လှည့်မကြည့်ရဲဘဲ ထွက်ပြေးခဲ့ကြရခြင်းပင်။ ၎င်းနောက်တွင် သတ်ဖြတ်ခြင်းအဖွဲ့သည် ထိုအစွမ်းထက် ပုဂ္ဂိုလ်ကြီး၏ အောင်ပွဲခံပြန်လာမှုကို စောင့်ဆိုင်းခဲ့ကြသော်လည်း ထိုသူသည် အမည်မဖော်လိုဘဲ တိုက်ရိုက်ပင် ထွက်ခွာသွားခဲ့သည်။

ယဲ့ဖိန်သည် ဤစိတ်လှုပ်ရှားဖွယ် သတင်းကို ဝိညာဉ်သန့်စင်ခြင်းနှင့် မီးငရဲအဖွဲ့များထံမှ ကြားသိခဲ့ရပြီး ဖြစ်ရာ ယခုအခါ ဤသတင်းမှာ နတ်ဘုရားသတ်အဖွဲ့များအကြား အပူတပြင်း ဆွေးနွေးနေကြသည့် အကြောင်းအရာတစ်ခု ဖြစ်နေပြီဖြစ်သည်။

သို့ရာတွင် သူသည် သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခကို အဆုံးသတ်လိုက်သူမှာ ရွှီရန်ဖြစ်လိမ့်မည်ဟု အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးပေ။

ရွှီရန်က တိုက်ပွဲဝင်ပစ္စည်းဖြစ်သော ဓားကြီးကို ထုတ်ပြနေသည့်တိုင်အောင် ယဲ့ဖိန်အနေဖြင့် ဤအဖြစ်မှန်ကို လက်ခံနိုင်ရန် သူ၏ ဦးနှောက်က လိုက်မမီနိုင်အောင် ဖြစ်နေတော့သည်။

ယဲ့ဖိန်၏ စိတ်အစဉ်တွင်မူ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခဆိုသည်မှာ မည်သူမျှ မအောင်နိုင်သော ဘေးဆိုးကြီးတစ်ခုသာ ဖြစ်သည်။

"ဒါ့အပြင် ရွှီရန်က အခုမှ ဆယ်နှစ်တောင် မပြည့်သေးတဲ့ ကလေးလေးပဲ ရှိသေးတာလေ။ သွေးစွမ်းအင်တန်ဖိုး သန်း ၃၀ တောင်ရှိတဲ့ နတ်ဘုရားအဆင့် သတ္တဝါကြီးကို သူက ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ။ ရွှီရန်ရဲ့ သွေးစွမ်းအင်တန်ဖိုးက ၃ သိန်းအထိ ရှိနေတယ်ဆိုရင်တောင်မှ တစ်ဖက်နဲ့ယှဉ်ရင် အဆပေါင်း တစ်ရာလောက်ကြီးတောင် ကွာဟနေတုန်းပဲ"

၎င်းမှာ မည်သို့မျှ ကျော်ဖြတ်၍ မရနိုင်သော နက်ရှိုင်းလှသည့် ချောက်ကမ္ဘာကြီးသဖွယ်ပင်။

သူသည် ဘာကိုမျှ နားမလည်နိုင်တော့ဘဲ ရွှီရန်၏ လက်ထဲရှိ ဓားရှည်ကြီးကိုသာ ငေးကြည့်နေမိတော့သည်။ ဓားသွား၏ မျက်နှာပြင်မှာ မှန်တစ်ချပ်အလား ကြည်လင်နေပြီး သူ၏ အံ့ဩမှင်သက်နေသော ပုံရိပ်ကို အထင်အသား ပြန်လည် ထင်ဟပ်နေခဲ့၏။

သူ့တွင် မည်မျှပင် စိတ်ကူးစိတ်သန်း ကြွယ်ဝနေပါစေ ရွှီရန်အနေဖြင့် ထိုမိစ္ဆာကြီး၏ ဓားကို ဘယ်လို အရယူနိုင်ခဲ့တာလဲဆိုသည့် အချက်ကိုမူ သူ အဖြေရှာ၍ မရနိုင်တော့ပေ။

“ဒါဆို... မင်းက တကယ်ကြီး အဲဒီ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခကို သတ်ပစ်ခဲ့တာလား ဒါမှမဟုတ် တစ်စုံတစ်ရာ ပေးဆပ်ပြီးတော့ အဲဒီကောင်ကြီးနဲ့ သဘောတူညီမှု တစ်ခုခု လုပ်ခဲ့တာလား အဲဒီလိုမျိုးတော့ မလုပ်သင့်ဘူးနော်"

ရွှီရန်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။

“ဦးလေးယဲ့ရယ်... သိပ်ပြီး စိုးရိမ်မလွန်ပါနဲ့။ ကျွန်တော်သာ ဘေးအန္တရာယ်အဆင့် ညစ်ညမ်းဇုန်ရဲ့ အလယ်ဗဟိုထဲ ရောက်နေတာဆိုရင်တော့ အဲဒီကောင်ကြီးကို သတ်နိုင်ဖို့ မသေချာဘူးပေါ့။ ဒါပေမဲ့ ဘေးကင်းဇုန်နဲ့ တစ်ရက်ခရီးလောက်ပဲ ဝေးတဲ့နေရာမှာတော့ ကျွန်တော့်မှာ ကိုယ်ပိုင် ဝှက်ဖဲတစ်ခု ရှိပါတယ်။ အဲဒါက အဲဒီကောင်ကြီးကို အမြစ်ပြတ် ချေမှုန်းဖို့ လုံလောက်ပါတယ်”

“ကျွန်တော်ဟာ အလင်းလိပ်ခွံရဲ့ ရွေးချယ်ခြင်းခံထားရတဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ဆိုတာကိုလည်း မမေ့ပါနဲ့ဦး”

“အခုလောလောဆယ် ကျွန်တော့်ရဲ့ သွေးစွမ်းအင်တန်ဖိုးကတော့ သိပ်မမြင့်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာသာ သွေးစွမ်းအင်တန်ဖိုး သန်း ၃၀ ရှိခဲ့မယ်ဆိုရင်တော့ ထူးခြားဆန်းပြားတဲ့ ကြယ်သုံးပွင့်တောင်မှ သွေးပင်လယ်ထဲမှာ နစ်မြုပ်သွားစေရမယ်”

ရွှီရန်၏ လေသံမှာ တည်ငြိမ်အေးဆေးနေသော်လည်း သူ၏ စကားလုံးများမှာမူ သွေးချောင်းစီး တိုက်ပွဲကြီးတစ်ခုကို ဖော်ပြနေသကဲ့သို့ပင် ရှိရာ ကြားရသူအဖို့ ကျောစိမ့်သွားလောက်စရာပင်။

ယဲ့ဖိန်သည် ရွှီရန်ကို အလေးအနက်ထား၍ ကြည့်လိုက်သည်။

နောက်ဆုံးတွင်မှ သူ ခေါင်းညိတ်လိုက်မိတော့၏။

“မင်းကတော့ တကယ်ကို ထူးဆန်းပြီး အံ့ဩစရာကောင်းတဲ့ ကလေးပဲ။ စူပါပေါက်ကွဲအားပြင်းခုတ်ချက်၊ ယုံကြည်ခြင်းမျိုးစေ့၊ အဆောင်တံဆိပ်တွေနဲ့၊ နောက်ပိုင်းမှာ အလင်းတိုင်ကိုသုံးပြီး နတ်ဘုရားအဆင့် ကြောက်ရွံ့မှုကို ချိုးနှိမ်ခဲ့တာတွေ... ဒါတွေအားလုံးက နတ်ဘုရားအဆင့်ကို ကျော်လွန်နေတဲ့ နည်းဗျူဟာတွေပဲ”

“ဒါပေမဲ့ အဲဒါက သွေးစွမ်းအင်တန်ဖိုး သန်း ၃၀ ရှိတဲ့ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခကြီးလေ။ တကယ်ကြီး သေသွားပြီလား”

ရွှီရန်က အတည်ပြုကာ ခေါင်းညိတ်ပြလိုက်သည်။

“သေသွားပါပြီ သွေးရွှံ့နွံတွေအဖြစ် ကြေမွပျက်စီးသွားခဲ့ပါပြီ”

ထိုစဉ်က မြင်ကွင်းမှာ ရွှီရန်၏ အာရုံထဲတွင် ပြန်လည်ထင်ဟပ်လာခဲ့သည်။ ကောင်းကင်ယံထက်မှ ဖိနှိပ်ချလိုက်သော ခြေလှမ်းတစ်ချက်အောက်တွင် သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခ၏ ကင်းမြီးကောက်အခွံမာကြီးမှာ ကြေမွသွားခဲ့ရပြီး အတွင်းပိုင်းရှိ အသားနှင့် သွေးတို့မှာ ရွှံ့နွံများအလား ပျက်စီးသွားခဲ့ရသည်။ ရွှီရန် သူ၏ခြေထောက်ကို ပြန်လည်မြှောက်လိုက်သည့်အခါ ခြေဖဝါးအောက်တွင် စေးကပ်လှသော သွေးနီရောင်အမျှင်တန်းများက တရွတ်တိုက် ပါလာခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ထိုအခြေအနေရှိ ရွှီရန်မှာ မည်သူမျှ မယှဉ်နိုင်အောင်ပင် ပြိုင်ဘက်ကင်းလွန်းလှသည်။ သို့သော် ထိုစွမ်းအားမှာ သေလုမျိုးဆဲ အခြေအနေသို့ ရောက်ရှိမှသာ ပွင့်ထွက်လာတတ်ခြင်းဖြစ်ရာ အနည်းငယ်တော့ အဓိပ္ပာယ်မရှိလှချေ။ ထို့ကြောင့်လည်း ရွှီရန်အနေဖြင့် ဤဝှက်ဖဲကို အသုံးမပြုလိုခြင်းပင်။

ယဲ့ဖိန်မှာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ရှိုက်သွင်းလိုက်ရင်း “မင်း သူ့ကို ဘယ်လိုများ သတ်လိုက်တာလဲ” ဟု မေးလိုက်သည်။

ရွှီရန်က လက်နှစ်ဖက်ကို ဖြန့်ပြလျက် “ကျွန်တော့်ရဲ့ ဝှက်ဖဲနဲ့ပေါ့” ဟုသာ ဆိုသည်။

အသေးစိတ်ကိုတော့ သူ ရှင်းပြတော့မည်မဟုတ်ပေ။

ယဲ့ဖိန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် “မင်း သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခကို အမြစ်ပြတ်ရှင်းလိုက်ပြီဆိုတဲ့အကြောင်း တခြားလူတွေကို ငါ ပြောပြရမလား” ဟု မေးပြန်သည်။

ရွှီရန်က လက်ကာပြလျက် “မပြောပါနဲ့ဦး ရန်သူတွေကို ရုတ်တရက် အံ့ဩသွားအောင် လုပ်ရတာကို ကျွန်တော် ပိုကြိုက်လို့ပါ” ဟု ဆိုသည်။

ယဲ့ဖိန် “ကောင်းပြီလေ။ ငါက မင်းပြန်ရောက်လာပြီဆိုလို့ လာကြည့်တာပါ။ အခုတော့ မင်းဆီကနေ အကြီးအကျယ် တုန်လှုပ်စရာ သတင်းကြီးကို လက်ဆောင်ရလိုက်သလို ဖြစ်နေပြီ”

သူ၏ အကြည့်မှာ ရွှီရန်ပေါ်သို့ ကျရောက်သွားသည်။ ရက်ပေါင်း ၂၇၀ ကျော်ကြာပြီးနောက် ပြန်လည်တွေ့ဆုံရချိန်တွင် ဤကောင်လေးမှာ ယခင်ကထက် ပိုမိုနက်ရှိုင်း၍ လျှို့ဝှက်ချက်များစွာဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ခံစားရသည်။

ဘယ်လောက်အထိ နက်ရှိုင်းနေတာလဲဆိုလျှင် သူကိုယ်တိုင်ပင်လျှင် ရွှီရန်၏ ပြိုင်ဘက် မဟုတ်တော့သကဲ့သို့ ယဲ့ဖိန်အနေဖြင့် ဝေခွဲမရဖြစ်နေမိတော့သည်။

သို့သော် မကြာမီမှာပင် သူသည် ခေါင်းကို ခါယမ်းလိုက်သည်။ သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခကို သတ်နိုင်သည်ဆိုသည်မှာ သာမန်အခြေအနေမဟုတ်ဘဲ တစ်စုံတစ်ရာသော အထူးစွမ်းအားကို အသုံးပြုခဲ့ခြင်းသာ ဖြစ်မည်ဟု သူ တွေးလိုက်မိသောကြောင့်ပင်။

ယဲ့ဖိန်၏ မျက်နှာတွင် အမျိုးမျိုးသော အမူအရာများ ဖြစ်ပေါ်နေသည်ကို မြင်ရသည့်အခါ ရွှီရန် တစ်စုံတစ်ခု ရှင်းပြရန် ပြင်လိုက်သော်လည်း ထိုစဉ်မှာပင် ယဲ့ဖိန်၏ ဖုန်းမှာ မြည်လာခဲ့လေတော့သည်။

ယဲ့ဖိန်သည် ဖုန်းကို ဖြေကြားလိုက်ပြီး ခေတ္တအကြာတွင် ပြန်လည်ချိတ်ပိတ်လိုက်သည်။

သူက “ဦးလေး သွားရတော့မယ် အားတဲ့အခါမှ ပြန်လာခဲ့မယ်” ဟု ဆိုသည်။

“ထမင်းမစားတော့ဘူးလား ဦးလေးယဲ့”

ယဲ့ဖိန်က “မစားတော့ဘူး တနင်္ဂနွေပိတ်ရက်ကျမှပဲ အေးအေးဆေးဆေး နားရမယ် ထင်တယ်” ဟု ပြောပြီးနောက် အလောတကြီးပင် ထွက်ခွာသွားလေတော့သည်။

ဧည့်ခန်းထဲတွင်တော့ ကလေးမလေး ငါးယောက်သာ ကျန်ရစ်ခဲ့ပြီး ရွှီရန်ကို ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြတော့သည်။

ကျားမလေး၏ မျက်နှာတွင် စပ်စုချင်စိတ်များက အတိုင်းအထက်အလွန် ဖြစ်ပေါ်နေပြီး “အစ်ကိုရန်... တကယ်ကြီး သွေးစွမ်းအင်တန်ဖိုး သန်း ၃၀ ရှိတဲ့ မိစ္ဆာကြီးကို သတ်ခဲ့တာလား” ဟု မေးလိုက်သည်။

ကွမ်ရှင်းကလည်း “ဘယ်လို ဝှက်ဖဲမျိုးက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ ဒါက နည်းနည်းတော့ ချဲ့ကားလွန်းရာ မရောက်ဘူးလား” ဟု ဆို၏။

ထန်ချီချီကလည်း “ဟုတ်ပါရဲ့ အသင်းခေါင်းဆောင်ရယ် ကြားရတာ တကယ် မဖြစ်နိုင်သလိုပဲ” ဟု ထောက်ခံလိုက်သည်။

ရွှီရန်က ပြုံးလျက် “ငါက ညစ်ညမ်းဇုန်ထဲမှာ ရက်ပေါင်း ၂၇၀ တောင် လေ့ကျင့်ခဲ့တာလေ။ ထူးဆန်းတဲ့ ဧရာမသစ်ပင်ပေါင်း ၄,၀၀၀ လောက်ကို ခုတ်လှဲခဲ့ပြီး အရှင်သခင်၏ ရွှေရောင်သွေးစက် အစက်ပေါင်း ၂၀၀ လောက် ရခဲ့တာ။ ကဲ... အခု ငါ့ရဲ့ သွေးစွမ်းအင်တန်ဖိုးက ဘယ်လောက်ရှိမယ် ထင်လဲ”

ကျားမလေးမှာ အလွန်အမင်း အံ့ဩသွားသည့် အမူအရာဖြင့် “အစက်ပေါင်း ၂၀၀ တောင် တစ်စက်ကို သွေးစွမ်းအင်တန်ဖိုး တစ်သောင်းဆိုတော့... ခန္ဓာကိုယ်က အဲဒီလောက်အထိ လက်ခံနိုင်လို့လား ဒါမှမဟုတ် နောက်ပိုင်းသုံးတဲ့ အစက်တွေက တန်ဖိုးတိုးတာ နည်းသွားတာမျိုးရော မရှိဘူးလား”

ရွှီရန်က ခေါင်းခါပြလိုက်ရင်း “အားလုံးက အတူတူပါပဲ။ တစ်စက်ကို တစ်သောင်းအတိ တိုးတာ လျော့သွားတာမျိုး မရှိဘူး”

အိုးး….

လေပြင်းကို အားပါးတရ ရှူသွင်းလိုက်ကြသံများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။

“အစက် ၂၀၀ စလုံးကို သုံးလိုက်တယ်ဆိုရင်... အစ်ကိုရန်ရဲ့ သွေးစွမ်းအင်တန်ဖိုးက သန်းနဲ့ချီပြီး ရှိနေပြီပေါ့ ဟုတ်လား”

ရွှီရန်က အလေးအနက်ထားသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“အတိအကျ ပြောရရင်တော့ ၂.၈ သန်း အထိ ရောက်သွားပြီ"

ယနေ့မှစ၍ သူ၏ အစွမ်းအစများကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားရန် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ စက္ကူရုပ်စစ်သည်တော် တပ်မဟာသည် နတ်ဘုရားသတ်နိုင်သည့် အဆင့်ဖြစ်သော သွေးစွမ်းအင်တန်ဖိုး ၁၅ သန်းအထိ ရောက်ရှိနေပြီဖြစ်သောကြောင့်ပင်။

ရန်သူအနေဖြင့် သွေးစွမ်းအင်တန်ဖိုး ၁၀ သန်းအဆင့်သို့ မရောက်ရှိပါက ရွှီရန်၏ အနားသို့ပင် ရောက်နိုင်တော့မည် မဟုတ်ပေ။

All Chapters