အခန်း (၃၁၆)
Vol. 32 Ch. 316
ရွှီရန်က စိုးရိမ်တကြီး စိုက်ကြည့်ရင်း "အန္တရာယ်ရှိတဲ့ အရိပ်အယောင်တော့ မတွေ့ဘူးမလား ညစ်ညမ်းမှုတွေကော ရှိလား"
ကျူးယွီဟန်က ခေါင်းခါပြလိုက်ပြီး "မရှိပါဘူး ဘာအန္တရာယ်မှ မရှိတာကို ကျွန်မ အာရုံခံမိတယ်။ အဲဒီအစား တစ်စုံတစ်ရာ အကျိုးရှိမယ့်အရာတွေ ရှိနေတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာတော့ အတိအကျ မသိရသေးဘူး"
ရွှီရန်က ခေါင်းညိတ်လိုက်ပြီး "အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒီကျောက်မျက်ထဲက စွမ်းအင်တွေကို မင်းရနိုင်နေတာနဲ့တင် လုံလောက်ပါပြီ။ ဒီနေ့ကစပြီး ဒီကျောက်မျက်နဲ့ နေ့တိုင်း ဆက်သွယ်ပြီး အတွင်းထဲက စွမ်းအင်တွေကို ကုန်အောင် စုပ်ယူဖို့ ကြိုးစားကြည့်ပါ။ အဲဒါတွေ အလုံအလောက် စုမိသွားရင် မင်းရဲ့ အရည်အသွေးက သိသိသာသာ ပြောင်းလဲသွားပြီး စွမ်းရည်အသစ်တွေကို ပိုင်ဆိုင်လာနိုင်လိမ့်မယ်"
"နောက်ပြီး ငါ့မှာ စကြဝဠာ မီးလျှံတွေ အများကြီးရှိတယ်။ မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု တန်ဖိုး ၁၂၀,၀၀၀ အထိ ရောက်သွားအောင် အဲဒါတွေကို အရင်သုံးထားလို့ရတယ်"
"ကျားမလေး၊ ထန်ချီချီ၊ ကွမ်ရှင်းနဲ့ နင်ရွှမ်တို့ကတော့ အရှင်သခင်၏ ရွှေရောင်သွေးစက် ၃ စက်ကို အရင် စုပ်ယူပြီးမှ စကြဝဠာ မီးလျှံတွေကို သုံးလို့ရမယ်။ ဒါကြောင့် နောက်တစ်လလောက်မှ အဲဒီအကြောင်း ပြန်ပြောကြတာပေါ့"
ကျားမလေးက အလေးအနက် ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ အစ်ကို ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"
ကျန်တဲ့ သုံးယောက်ကလည်း "ကျွန်မတို့လည်း အသင်းခေါင်းဆောင် ပြောတဲ့အတိုင်းပါပဲ" ဟု ပြိုင်တူ ပြောကြသည်။
ရွှီရန်က အသာအယာ ခေါင်းညိတ်ကာ "ကောင်းပြီ။ ထန်ချီချီရဲ့ ဒိုင်းက မင်းတို့ခံရတဲ့ ဒဏ်ရာတွေကို ငါ့ဆီကို လွှဲပြောင်းပေးနိုင်တဲ့အဆင့် ရောက်ပြီဆိုရင် ငါ မင်းတို့ကို အပြင်ကို လေ့ကျင့်ရေး ခေါ်သွားလို့ရပြီ"
"ပြီးတော့ ကျားမလေး... မင်းအနေနဲ့ ဟင်းလင်းပြင် ကူးပြောင်းခြင်းစွမ်းရည်ကို ပိုပြီး ကျွမ်းကျင်အောင် လုပ်ရဦးမယ်။ ဘယ်လို အန္တရာယ်နဲ့ပဲ ကြုံကြုံ အသင်းသားအားလုံးကို ချက်ချင်း လွှဲပြောင်းပေးနိုင်တဲ့အထိ အခြေအနေကို အမြဲတမ်း ထိန်းချုပ်ထားနိုင်ရမယ်"
"ဒါ့အပြင် မင်းရဲ့ နည်းဗျူဟာကို ပိုပြီး ပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင် အသင်းသားတွေက ခုခံဖို့ မတတ်နိုင်တော့တဲ့ အခြေအနေမှာတောင် မင်းက အဲဒီတိုက်ခိုက်မှုကို ပြောင်းပြန်လှန်ပြီး ပြန်လည်တိုက်ခိုက်သူတွေ ဖြစ်အောင် လုပ်ပေးနိုင်လိမ့်မယ်။ အသင်းသားတွေကလည်း ဒီလိုပုံစံမျိုးကို ကျင့်သားရနေဖို့ လိုတယ်"
ကျားမလေး၏ မျက်နှာမှာ အလွန်တည်ကြည်နေပြီး "ညီမလေး အစွမ်းကုန် ကြိုးစားနေပါတယ်" ဟု ဆိုသည်။
ဤတိုက်ခိုက်မှုပုံစံသည် အလွန်ပင် ထိရောက်ပြီး ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သော်လည်း သူမ၏ တိုက်ပွဲဝင်ပါရမီကို အထူးတလည် စမ်းသပ်မည့်အရာဖြစ်ကြောင်း သူမ သိနေသည်။ သို့သော် သူမသည် သူမကိုယ်သူမ ယုံကြည်မှု အပြည့်ရှိနေသည်။
"ဒါနဲ့ အစ်ကိုရန်... ညီမလေးရဲ့ ဟင်းလင်းပြင် ခုတ်ချက်က သွေးစွမ်းအင်တန်ဖိုး ၅၀,၀၀၀ ရှိတဲ့ ကြည်လင်သော သားရဲတွေကို ဖြတ်တောက်နိုင်ပြီ။ အခုဆိုရင် စွမ်းရည်အသစ်တစ်ခုအနေနဲ့ ခြိမ်းခြောက်ခြင်းကိုပါ ထည့်သွင်းထားတယ်။ သွေးစွမ်းအင်တန်ဖိုး ၃၀၀,၀၀၀ ရှိတဲ့ သားရဲတွေတောင်မှ ညီမလေးရဲ့ ခုတ်ချက်ကို မြင်ရင် အန္တရာယ်ရှိတယ်လို့ ခံစားရပြီး တိုက်ခိုက်ဖို့ မဝံ့မရဲ ဖြစ်သွားကြတယ်"
ဤ ခြိမ်းခြောက်ခုတ်ချက်မှာ ရန်သူ့ကို ချက်ချင်း မသေစေနိုင်သော်လည်း ရှောင်တိမ်းခြင်း မပြုပါက တစ်စက္ကန့်အတွင်း အပိုင်းပိုင်း ပြတ်သွားတော့မည်ဟူသော အန္တရာယ်အငွေ့အသက်ကို ပေးစွမ်းနိုင်သည်။
ဤစွမ်းရည်ကို အခြေခံပြီး ကျားမလေးနှင့် အဖွဲ့သည် သွေးစွမ်းအင်တန်ဖိုး ၂၅၀,၀၀၀ ရှိသော ပြိုင်ဘက်များကိုပင် ခြိမ်းခြောက်ခြင်း၊ ဟင်းလင်းပြင် ကူးပြောင်းခြင်း၊ ရွှေမျှော်စင်ဖြင့် ခုခံမှုကို ဖျက်ဆီးခြင်း၊ ထန်ချီချီ၏ ဒိုင်းနှင့် နင်ရွှမ်၏ အားဖြည့်မှုတို့ဖြင့် အကြိမ်ပေါင်းများစွာ ပြန်လည် အနိုင်ယူနိုင်ခဲ့သည်။ သူတို့၏ အဆင့်ကျော်ဖြတ်ပြီး တိုက်ခိုက်နိုင်စွမ်းမှာ ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့ခြင်းပင်။
ရွှီရန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ပြုံးလျက် ချီးကျူးလိုက်သည်။
"မဆိုးဘူးပဲ ကျားမလေး... မင်းကတော့ တကယ့်ကို ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်သူတွေကြားထဲက ဘုရင်မပဲ"
ကျားမလေးက သွားလေးပေါ်အောင် ရယ်ပြရင်း "ဟီးဟီး... ပြီးတော့ ညီမလေးရဲ့ ရွှေမျှော်စင်လေးမှာလည်း အားဖြည့်ပေးနိုင်တဲ့ စွမ်းရည်တွေ ရှိသေးတယ်။ အခုလောလောဆယ်တော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ အားဖြည့်ပေးနိုင်သေးပေမဲ့ ညီမလေးရဲ့ ခန္ဓာကိုယ်စွမ်းအား ယွဲ့အဆင့်ကို ရောက်သွားရင် ၂၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်လာမှာပါ။ ပိုပြီး သန်မာလာရင် ဒီထက်မကလည်း ဖြစ်လာနိုင်တယ်"
ရွှီရန်က အံ့အားသင့်သွားပြီး "မင်းက ဒီလောက်တောင် စွမ်းတာလား"
ကျားမလေးက တောက်ပစွာ ပြုံးလိုက်ပြီး "မသိဘူးလေ။ ဒါပေမဲ့ ညီမလေး ဘယ်လောက်ပဲ စွမ်းစွမ်း အစ်ကိုရန်လောက်တော့ မကြောက်ဖို့ မကောင်းပါဘူး။ အစ်ကိုကမှ တကယ့်ကို ထူးဆန်းအံ့ဩစရာကောင်းတဲ့ လူသားလေ"
“ဒါဆို အားဖြည့်ပေးတဲ့အပိုင်းမှာ နင်ရွှမ်ရဲ့စွမ်းရည်နဲ့ ထပ်နေတာမျိုးရော ရှိလား”
နင်ရွှမ်က ခေါင်းခါပြလိုက်ရင်း “မထပ်ပါဘူး လျူလီရဲ့ အားဖြည့်ပေးပုံက တော်တော်လေး ထူးခြားတယ်” ဟု ဆိုသည်။
ရွှီရန်က အနည်းငယ် စဉ်းစားလိုက်ပြီး “ကောင်းပြီ နောက်ကျရင် မင်းတို့သုံးယောက်ရဲ့ အားဖြည့်စွမ်းရည်တွေနဲ့ ငါ့ရဲ့စွမ်းရည် ဘယ်လောက်အထိ အံဝင်ခွင်ကျဖြစ်မလဲဆိုတာ စမ်းကြည့်ကြတာပေါ့။ တကယ်လို့ တစ်ခုနဲ့တစ်ခု မဆန့်ကျင်ဘဲ ပေါင်းစပ်လို့ရမယ်ဆိုရင်တော့ အကောင်းဆုံးပဲ”
အကယ်၍ အားဖြည့်စွမ်းရည်များသာ ထပ်တူမကျဘဲ စုပေါင်းနိုင်မည်ဆိုပါက ယခုအဆင့်မှာပင် ရွှီရန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ၃၀ ရာခိုင်နှုန်းခန့် မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး နောင်တွင် နှစ်ဆအထိပင် ဖြစ်လာနိုင်သည်။ ဤကဲ့သို့သော အားဖြည့်မှုမျိုးမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှရာ ရွှီရန်ပင်လျှင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာမိသည်။
ယခုလောလောဆယ်တွင် ရွှီရန်မှာ အရှင်သခင်၏ ရွှေရောင်သွေးစက်၂၀၀ စုပ်ယူထားသဖြင့် အသင်းသားများနှင့် အလှမ်းကွာနေသော်လည်း ထူးဆန်းသော ကြယ်စုတန်းနှင့် တိုက်ရိုက်ရင်ဆိုင်ရမည့် တိုက်ပွဲမှာ တစ်ညတည်းနှင့် ပြီးဆုံးမည့်အရာ မဟုတ်ပေ။
ခုနတင် သိလိုက်ရသည်မှာ ချင်နှင့် ဟန့်ခေတ်များကပင် ထိုမိစ္ဆာများနှင့် တိုက်ခိုက်ခဲ့ဖူးကြောင်းပင်။ ထိုစဉ်က ရှုံးနိမ့်ခဲ့သည်မှာလည်း သေချာသလောက် ရှိနေသည်။ ထို့ကြောင့် ရွှီရန်အနေဖြင့် ရန်သူကို လျှော့မတွက်ရဲပေ။
သူ နားလည်ထားသည်မှာ ပြိုင်ဘက်ကောင်းတစ်ဦးကို သတ်ရန် တစ်ကိုယ်တော် တိုက်ခိုက်၍ ရနိုင်သော်လည်း တစ်ဖက်သတ် အမြစ်ပြတ်ချေမှုန်းမည့် စစ်ပွဲမျိုးအတွက်မူ ပိုမိုသန်မာသော စစ်သည်တော်များကို မွေးထုတ်ပေးရန် လိုအပ်သည်။ ထူးဆန်းသော ကြယ်စုတန်းအတွင်းသို့ ဝင်ရောက်ကာ ညစ်ညမ်းမှုအားလုံးကို သုတ်သင်ရန်အတွက် သူ၏ အသင်းသားများကို အရင်ဆုံး မြေတောင်မြှောက်ပေးရမည် ဖြစ်သည်။
ထို့ပြင် ရန်သူများတွင်လည်း ကောင်းကင်ဘုံမှ ပေးသနားသော နတ်ဘုရားစွမ်းရည်များ ရှိနေနိုင်သလို သူတို့လည်း အဖွဲ့လိုက် လှုပ်ရှားကြမည်မှာ ဧကန်ပင်။ သူတစ်ယောက်တည်း လူမိုက်ကြီးလို ဝင်တိုးနေ၍ မဖြစ်ပေ။ ထိုအရာက အရမ်းကို မိုက်မဲရာ ရောက်လွန်းသည်။
အသင်းသားများ ဆွေးနွေးနေကြစဉ်မှာပင် မိခင်ဖြစ်သူက ဟင်းလျာ ၁၆ မျိုးကို ပြင်ဆင်ပြီးစီးသွားခဲ့သည်။
“ထမင်းစားလို့ ရပြီနော်”
အားလုံးက အပြေးအလွှား လက်ဆေးကြပြီး ထမင်းစားပွဲတွင် နေရာယူလိုက်ကြသည်။ အထူးသဖြင့် ကျားမလေးမှာ ဟင်းများကို မြိန်ရည်ယှက်ရည် စားသုံးရင်း ချီးကျူးစကားများ ပြောနေသဖြင့် မိခင်ဖြစ်သူမှာလည်း ပြုံးပျော်လျက် ကျေနပ်ပီတိ ဖြစ်နေရှာသည်။
ရွှီရန်က “တကယ်ကို ကောင်းတာပဲ။ ကျွန်တော် ညစ်ညမ်းဇုန်ထဲမှာတုန်းကဆိုရင် ညစ်ညမ်းနေတဲ့ တောကြက်ငယ်တွေကိုပဲ စားခဲ့ရတာ။ အဲဒါကို စားရတာက ရွှံ့စေးခဲကို ဝါးနေရသလိုပဲ”
ထမင်းအတော်များများ ကုန်သွားပြီးနောက် ရွှီရန်က မခံမရပ်နိုင်စွာ ညည်းညူလိုက်မိသည်။ ညစ်ညမ်းဇုန်ထဲက အစားအစာများမှာ လူစားရန်ပင် မသင့်တော်ပေ။ ဝမ်းဗိုက်ပြည့်စေရန်နှင့် စိတ်ဓာတ်ခွန်အား ပြန်လည်ရရှိရန်အတွက်သာ မတတ်သာဘဲ စားခဲ့ရခြင်းပင်။
အဆောင်တံဆိပ်များဖြင့် သန့်စင်ထားပြီး ဝိညာဉ်စွမ်းအင်များ သုတ်လိမ်းထားသော်လည်း အရသာမှာမူ ဆိုးရွားလွန်းလှဆဲပင်။
မိခင်ဖြစ်သူမှာ မှင်သက်သွားပြီး “အဲဒီလောက်တောင်လား သားရယ်”
ရွှီရန်က ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြရင်း “ဟုတ်ပါ့အမေရယ်... အဲဒီမှာ စားစရာ ဘာမှမရှိဘူး။ တောကြက်က စားလို့ရတယ်ဆိုပေမဲ့ အရသာကတော့ တကယ့်ကို စက်ဆုပ်စရာပဲ။ ဗိုက်ဆာလွန်းလို့သာ စားရတာပါ။ ဘယ်သူကမှတော့ အဲဒါကို မြိန်မြိန်ယှက်ယှက် စားမှာမဟုတ်ဘူး”
မိခင်ဖြစ်သူ၏ မျက်နှာမှာ သားဖြစ်သူအတွက် များစွာ စိတ်မကောင်းဖြစ်သွားပုံရသည်။
"ငါတို့သားလေး ရှောင်ရန် တော်တော်လေး ဒုက္ခရောက်ခဲ့ရှာတာပဲ"
ရွှီရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း "ဒါကြောင့် ကျွန်တော် စဉ်းစားနေတာ... တစ်ခါတည်း သယ်သွားလို့ရတဲ့ ဟင်းလင်းပြင်အိတ်မျိုးသာရှိရင် ခေါက်ဆွဲခြောက်ထုပ်တွေ အများကြီး သယ်သွားလို့ရမှာ အဲဒါဆို သိပ်ကောင်းမှာပဲ"
"ကျားမလေး... မင်းရဲ့ မျှော်စင်လေးထဲမှာ ခေါက်ဆွဲခြောက်တွေ သယ်လို့ရလား"
စားရတာ အလုပ်ရှုပ်နေသော ကျားမလေးမှာ ထမင်းပန်းကန်ထဲမှ ခေါင်းပြူထွက်လာပြီး ခေါင်းခါပြလိုက်သည်။ အခြားသက်မဲ့ ပစ္စည်းများကို သယ်ဆောင်၍မရကြောင်း ဆိုလိုခြင်းပင်။
ရွှီရန် "..."
"ကောင်းပြီလေ... ဒါကတော့ ခေါင်းခဲစရာပဲ။ အထောက်အပံ့ ပစ္စည်းတွေကို အလွယ်တကူ သယ်သွားလို့ရမယ့် ဟင်းလင်းပြင်တစ်ခု ဖန်တီးဖို့ နည်းလမ်းသာ ရှာတွေ့ရင်တော့ တကယ့်ကို အဆင်ပြေမှာ"
ညစ်ညမ်းဇုန်အတွင်း နေထိုင်ဖူးသူများသာလျှင် အထောက်အပံ့ပစ္စည်းများ၏ အရေးပါပုံကို ကောင်းစွာသိရှိကြပေသည်။ ရွှီရန်၌သာ အံ့ဩဖွယ်ကောင်းသော စိတ်ဓာတ်ခွန်အားမရှိခဲ့ပါက ရက်ပေါင်း ၂၇၀ တိုင်အောင် ကြံ့ကြံ့ခံနိုင်မည်မဟုတ်ပေ။ အကယ်၍ အလေးချိန်စီးခြင်းမရှိ၊ နေရာယူခြင်းလည်းမရှိဘဲ ပစ္စည်းအမြောက်အမြားကို သယ်ဆောင်သွားနိုင်မည့် မှော်ဆန်သော ဟင်းလင်းပြင်တစ်ခုသာ ရှိခဲ့မည်ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
မိခင်ဖြစ်သူက ရယ်မောရင်း "အဲဒါတွေက မင်းတို့လို အံ့ဖွယ် အမြစ်အရိုးပိုင်ရှင်တွေ လုပ်ရမယ့် အလုပ်တွေ မဟုတ်လား"
ရွှီရန် "ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်"
ထိုသို့ပြောပြီးနောက် ရွှီရန်မှာ မြိန်ရည်ယှက်ရည် ဆက်လက် စားသောက်နေတော့သည်။ ကျင့်ကြံသူများမှာ အစားအသောက် အလွန်စားနိုင်ကြပြီး အထူးသဖြင့် ရွှီရန်မှာ ထမင်းငါးပန်းကန် စားပြီးသည့်တိုင် နောက်ထပ် ဆက်လက် ခူးခပ်နေဆဲပင်။ ဟင်းရည်များကို ထမင်းထဲသို့ လောင်းထည့်ကာ အားပါးတရ စားနေခဲ့သည်။
ထမင်းခုနစ်ပန်းကန် ကုန်သွားပြီးနောက်မှသာ ရွှီရန်မှာ ကျေနပ်သွားတော့သည်။
"အမေ့လက်ရာမှ အမေ့လက်ရာပဲ... တကယ်ကို စားကောင်းတယ်"
ကျားမလေးက သူမ၏ ရွှေရောင်မျက်ဝန်းလေးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း "အဲဒါ ညီမလေး ပြောမယ့် စကားလေ အန်တီလင်းရဲ့ လက်ရာက တကယ်ကို အကောင်းဆုံးပဲ"
ထန်ချီချီကလည်း ကျားမလေး၏ အမူအရာကို လိုက်လုပ်ရင်း ရယ်မောလိုက်သည်။
"အန်တီလင်းရဲ့ လက်ရာက တကယ်ကို ရှယ်ပဲ"
ကျူးယွီဟန်ပင်လျှင် လိုက်လံပြောဆိုခြင်းမှ မနေနိုင်တော့ပေ။
"အန်တီလင်းရဲ့ လက်ရာက အကောင်းဆုံးပါပဲ"
မိခင်ဖြစ်သူမှာ ကလေးများ၏ ချီးကျူးစကားများကြောင့် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေတော့သည်။ ရွှီရန် လေ့ကျင့်ရေး သွားနေသည့် အချိန်တစ်လျှောက်တွင်လည်း ဤကလေးမလေးများမှာ သူမ၏ သမီးအရင်းများကဲ့သို့ပင် တစ်ခါတစ်ရံ လာရောက်လည်ပတ်တတ်ကြသည်။
"ကဲ... ကဲ... အားလုံးပဲ နားကြဦးနော်။ လျူလီလေး... သမီး ဒီနေ့ နေ့လယ်ပိုင်း သင်တန်းသွားပြရဦးမှာ မဟုတ်လား"
ကျားမလေးက ခေါင်းညိတ်ပြလျက် "ဟုတ်ကဲ့။ ဒါပေမဲ့ အခု အစ်ကိုရန် ပြန်ရောက်လာပြီဆိုတော့ သူပဲ သွားသင်ပေးသင့်တာ မဟုတ်ဘူးလား"
ရွှီရန် ခေတ္တမျှ စဉ်းစားလိုက်ပြီး "ငါ သွားကြည့်လိုက်ပါ့မယ်"
"ဒါနဲ့... ငါ သယ်လာခဲ့တဲ့ ကြည်လင်သော သားရဲဥကရော ဘာထူးခြားမှုမှ မရှိသေးဘူးလား"
"ဒီကောင်က ရက်ပေါင်း ၄၀၀ ကျော်သွားတာတောင် အခုထိ မပေါက်သေးဘူးလား"
မိခင်ဖြစ်သူ "သားအခန်းထဲက ဥကို ပြောတာလား ကျောင်းအုပ်ကြီးကတော့ သုံးရက်တစ်ခါ စစ်မှန်သော သွေးစက်တစ်စက်စီ လာတိုက်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီဥက ကွဲထွက်လာမယ့် အရိပ်အယောင်တော့ လုံးဝမပြသေးဘူး"
ရွှီရန် "ကျွန်တော် သွားကြည့်လိုက်ဦးမယ်"
ကျားမလေး "ညီမလေးတို့လည်း လိုက်ချင်တယ်"
"အားလုံးပဲ အတူတူသွားကြတာပေါ့"
ရွှီရန်က အားလုံးကို အပေါ်ထပ် ဝရံတာဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ထိုနေရာတွင် ကြည်လင်သော သားရဲဥပေါ်သို့ နူးညံ့သောအလင်းတန်းများ ကျရောက်နေပြီး ၎င်းမှာ ယခင်ကထက် ပိုမိုတောက်ပနေရုံသာမက ဥခွံပေါ်တွင်လည်း ထူးဆန်းသော ပုံရိပ်အချို့ ပေါ်ထွက်နေသည်။ သို့သော်လည်း ပေါက်ဖွားလာမည့် အမှတ်အသားတော့ မရှိသေးပေ။
ရွှီရန်က အနားသို့ တိုးသွားပြီး "ဒီကောင်လေး... မင်းက အလကားစား အလကားနေဖို့ပဲ ကြံနေတာတော့ မဟုတ်ဘူးမလား"
ရွှီရန်အနေဖြင့် သံသယမဝင်ဘဲ မနေနိုင်တော့ပေ။ ဤကောင်လေးသည် အာဟာရများကို များစွာစုပ်ယူခဲ့သော်လည်း ရက်ပေါင်း ၄၀၀ ကျော်သည်အထိ မပေါက်သေးခြင်းမှာ တကယ်ပင် အလကားစားနေခြင်းပင်။
ကျားမလေး၏ မျက်ဝန်းထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားကာ "အဲဒါကို ကင်စားလိုက်ရင် မကောင်းဘူးလား စစ်မှန်သော သွေးစက်အစက်ပေါင်း ရာချီပြီး ကျွေးထားတဲ့ သားရဲဥဆိုတော့ တကယ်ကို အရသာရှိမှာပဲ"
"မဟုတ်သေးပါဘူး... ပေါက်လာတဲ့အထိ စောင့်ပြီးမှ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် မွေးပြီးမှ စားတာက ပိုကောင်းမယ်။ အခုက ဥက အရမ်းသေးတော့ ခြောက်ယောက်စားဖို့ မလောက်ဘူး"
ကျားမလေး၏ အမြင်မှာ တကယ့်ကို အနာဂတ်အတွက် ရှည်ရှည်ဝေးဝေးပင်။
ရွှီရန် "စားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ရင်းနှီးထားရတာတွေကလည်း မနည်းဘူးလေ။ တစ်ခုခုတော့ အသုံးတည့်တဲ့ကောင် ပေါက်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ။ မဟုတ်ရင်တော့ သတ်ပစ်ရင်တောင် ငါ့ရင်ထဲက အာဃာတတွေ ပြေမှာမဟုတ်ဘူး"
ရွှီရန်၏ အကြည့်မှာ အေးစက်နေသည်။
ကြည်လင်သော သားရဲဥမှာ တုန်ရီသွားခဲ့ရကာ ၎င်းမှာ အလွန်အမင်း ကြောက်လန့်နေသည်။ အကောင်ပေါက်ဖို့ ကြာနေရတာက ငါ့အပြစ်မှ မဟုတ်ဘဲ။
ငါလည်း ဒီလိုမျိုး မဖြစ်ချင်ပါဘူး...။
အင်း... အကောင်ပေါက်ဖို့ ကြာမယ့်အချိန်ကို ဝန်ခံလိုက်ရမလား။ တကယ်လို့ ပြောလိုက်ရင် သခင်က ငါ့ကို ချက်ချင်း ကင်စားပစ်လိုက်မလားပဲ။
ကြောက်လန့်နေသော သားရဲဥလေးမှာ သေချင်ယောင်ဆောင်နေရုံမှအပ အခြားမတတ်နိုင်တော့ပေ။
သို့သော်လည်း ထိုစဉ်မှာပင် ကျူးယွီဟန်က သူမ၏လက်ကို သားရဲဥပေါ်သို့ တင်ကာ အသေအချာ အာရုံခံကြည့်လိုက်သည်။
"ရှောင်ရန်... ဒီဥက ပေါက်ဖို့အတွက် နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်လောက် လိုသေးတယ်"
ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ကြည်လင်သော သားရဲဥလေးမှာ တစ်ကိုယ်လုံး အေးစိမ့်သွားပြီး ကြောက်လန့်လွန်းသဖြင့် နှလုံးသားပင် ကြေမွမတတ် ခံစားလိုက်ရသည်။