← Chapters

အခန်း (၃၁၇)

Vol. 32 Ch. 317

အခန်း (၃၁၇)

Vol. 32 Ch. 317

ရွှီရန်၏ မျက်ခုံးများမှာ အလိုမကျစွာဖြင့် တွန့်ချိုးသွားရသည်။

ကျားမလေးက အံ့အားသင့်တကြီးဖြင့် “ဟင်... နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်တောင် လိုသေးတာလား။ ဒါက ဘာဥမို့လို့ ဒီလောက်တောင် ကြာနေရတာလဲ။ အဲဒီအချိန်ကျရင် အစ်ကိုရန်က ပြိုင်ဘက်ကင်း ဖြစ်နေလောက်ပြီ။ ဒီကောင်ပေါက်လာတော့မှ ဘာလုပ်လို့ ရမှာလဲ”

ကျူးယွီဟန်က အားနည်းသောအသံလေးဖြင့် “ကျွန်မ အာရုံခံမိသလောက်တော့ တကယ်ပဲ ပေါက်ဖို့အတွက် နောက်ထပ် အနှစ် ၂၀ လိုနေတာပါ...” ဟု အတည်ပြုလိုက်သည်။

ရွှီရန် “...”

တကယ့် ဒုက္ခပါပဲ။ ငါ့ရဲ့ နတ်ဘုရားအဆီအနှစ်တစ်စက်နဲ့ စစ်မှန်သော သွေးစက်ပေါင်း တစ်ရာကျော်ကို ဝါးမြိုထားပြီးမှ နောက်ထပ် အနှစ် ၂၀ စောင့်ရဦးမယ်တဲ့လား။

သူ၏ လက်ဖဝါးမှာ ကြည်လင်သော သားရဲဥခွံကို အသာအယာ ပုတ်လိုက်သော်လည်း စိတ်ထဲတွင်မူ ဤဥကို ချက်ပြုတ်စားသောက်နိုင်မည့် နည်းလမ်းပေါင်း ၁၀၈ မျိုးကို စဉ်းစားနေသကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် သားရဲဥလေးမှာ တုန်တုန်ရီရီဖြင့် သူ၏စိတ်အာရုံမှတစ်ဆင့် အသည်းအသန် အသနားခံလာတော့သည်။

“သခင်... ကျွန်တော့်ကို ချမ်းသာပေးပါ။ ကျွန်တော့်မှာ ဟင်းလင်းပြင် စွမ်းရည်တွေ ရှိပါတယ်။ ပစ္စည်းအမြောက်အမြားကို သယ်ဆောင်နိုင်သလို ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ဟင်းလင်းပြင် ကျောက်မျက်တွင်းတွေ၊ အချိန် ကျောက်မျက်တွင်းတွေနဲ့ မြေကမ္ဘာ သွေးကြောကြာပန်းတွေကိုလည်း ရှာပေးနိုင်ပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုတွေရဲ့ လျှို့ဝှက်

နယ်မြေအဝင်ဝတွေကိုတောင် ရှာပေးနိုင်ဦးမှာပါ။ ကျွန်တော်က တကယ်ကို အသုံးဝင်ပါတယ်”

ရွှီရန် “...”

ဟင်းလင်းပြင် ကျောက်မျက်တွင်း….

အချိန် ကျောက်မျက်တွင်း….

မြေကမ္ဘာ သွေးကြောကြာပန်း….

မြေကမ္ဘာ သွေးကြောကြာပန်း ဆိုတာ ဘာမှန်း သူသေချာမသိသော်လည်း ကြားရုံနှင့်တင် အလွန်ထူးခြားဆန်းပြားသည့်အရာမှန်း သိသာလှသည်။

ဒါပေမဲ့ အကောင်ပေါက်ဖို့က နှစ်ပေါင်း နှစ်ဆယ်တောင် စောင့်ရဦးမယ်ဆိုရင် ငါက ဘယ်လိုလုပ် စောင့်နိုင်မှာလဲ။

နောက်ထပ် နှစ်ပေါင်းနှစ်ဆယ်ဆိုရင် ငါကိုယ်တိုင်တောင် ဟင်းလင်းပြင် လက်စွပ်တစ်ကွင်းလောက် ဖန်တီးနိုင်နေလောက်ပြီ မဟုတ်ဘူးလား။

ရွှီရန်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။

ရွှီရန်၏ စိတ်အပြောင်းအလဲကို သတိပြုမိသွားသည့် ကျူးယွီဟန်က “ရှောင်ရန်... ဒီဥ ပေါက်ဖို့အတွက် ငါ အရှိန်မြှင့်ပေးနိုင်မယ် ထင်တယ်” ဟု တစ်ဖက်မှ ဝင်ပြောလိုက်သည်။

“ဟင်...”

လူတိုင်းမှာ အံ့ဩသွားကြပြီး “တကယ်ကြီးလား” ဟု မေးလိုက်ကြ၏။

ကျူးယွီဟန်က အေးဆေးတည်ငြိမ်သော လေသံဖြင့် “အင်း... အဲဒီ အချိန် ကျောက်မျက်အကြီးကြီးကို ငါ စုပ်ယူပြီးသွားရင် သတ်မှတ်ထားတဲ့ ဧရိယာတစ်ခုအတွင်းမှာ အချိန်စီးဆင်းမှုနှုန်းကို မြန်ဆန်အောင် စမ်းကြည့်လို့ရတယ်။ အဲဒါဆိုရင် သားရဲဥက မြန်မြန်ပေါက်လာလိမ့်မယ်။ ဒါပေမဲ့ စစ်မှန်သော သွေးစက်တော့ အရင်ထက် ပိုပြီး ကုန်နိုင်တယ်”

ရွှီရန်က အသေအချာ စဉ်းစားလိုက်ပြီး “အဲဒါက မင်းအတွက် တစ်စုံတစ်ရာ ထိခိုက်မှု ရှိနိုင်မလား” ဟု မေးလိုက်သည်။

ကျူးယွီဟန်က ပြန်လည်တွေးတောကာ “အနည်းအကျဉ်းတော့ ရှိနိုင်ပေမဲ့ အများကြီးတော့ မဟုတ်ပါဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ၂၀၀,၀၀၀ အထိ ရောက်သွားရင်တော့ ဘာဆိုးကျိုးမှ ရှိမှာမဟုတ်တော့ဘူး” ဟု ဆိုသည်။

ရွှီရန်က ခေါင်းညိတ်ပြလျက် “ကောင်းပြီလေ ဒါဆိုရင် မင်းရဲ့ သွေးစွမ်းအင်တန်ဖိုး ၂၀၀,၀၀၀ ရောက်တဲ့အထိ စောင့်ကြည့်ကြတာပေါ့။ အခု မင်းက ၁၂၀,၀၀၀ ရှိနေပြီဆိုတော့ နောက်တစ်လနေရင် ငါ အရှင်သခင်ရဲ့ ရွှေရောင်သွေးစက်၃ စက် ပေးမယ်။ မင်းကိုယ်တိုင် ကျင့်ကြံလို့ရတဲ့ တန်ဖိုး ၁၀,၀၀၀ နဲ့ပေါင်းရင် ၁၆၀,၀၀၀ ဖြစ်သွားပြီ... ဆိုလိုတာက နောက်နှစ်လနေရင် အဆင်ပြေပြီပေါ့”

သူတို့၏ ကျင့်ကြံမှုနှုန်းမှာ အလွန်အမင်း မြန်ဆန်လှသည်တော့မဟုတ်ပေ။ အသေးစား ပတ်လမ်းလည်ပတ်မှု ရတနာအဆောင်နှင့် အသေးစား နှစ်ဆတိုး ရတနာအဆောင်တို့၏ အကူအညီဖြင့် တစ်ရက်လျှင် သွေးစွမ်းအင်တန်ဖိုး ၃၀၀ ခန့် တိုးပွားနေခြင်းပင်။

သွေးစွမ်းအင်တန်ဖိုး ၂၀၀,၀၀၀ ရောက်ရန်အတွက် နှစ်လခန့် အချိန်ပေးရမည် ဖြစ်သော်လည်း ဤနှုန်းမှာပင် သာမန်လူများနှင့် ယှဉ်လျှင် တကယ့်ကို ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှသော ကျင့်ကြံမှုနှုန်း ဖြစ်နေသည်။

ကျားမလေးက စကားလုံးများကြားမှ အဓိပ္ပာယ်ကို ဖမ်းမိသွားပြီး “အစ်ကို... ဒါဆို နောက်ပိုင်းလတွေမှာလည်း ညီမလေးတို့ကို အရှင်သခင်ရဲ့ ရွှေရောင်သွေးစက်၃ စက်စီ ပေးမှာလား” ဟု ဝမ်းသာအားရ မေးလိုက်သည်။

ရွှီရန်က ခေတ္တစဉ်းစားပြီး “နှစ်လလောက်ပဲ ပေးမှာပါ။ နှစ်လကျော်သွားရင် ငါ ပိုပြီး အရည်အသွေးမြင့်တဲ့ အဆောင်တွေကို ရေးထိုးနိုင်တော့မယ်။ အဲဒီအချိန်ကျရင် အကြီးစား နှစ်ဆတိုး ရတနာအဆောင်နဲ့ အကြီးစား ပတ်လမ်းလည်ပတ်မှု ရတနာအဆောင်တွေကို သုံးလို့ရပြီ။ အဲဒီအခါကျရင် မင်းတို့ရဲ့ ကျင့်ကြံမှုနှုန်းက တစ်ရက်ကို အမှတ် ၁,၀၀၀ အထိ မြင့်တက်လာလိမ့်မယ်”

ကွမ်ရှင်းမှာ မှင်သက်သွားပြီး “တစ်ရက်ကို အမှတ် ၁,၀၀၀ တောင် ဒါဆို တစ်လမှာ ၃၀,၀၀၀ ပေါ့။ ဆယ်လဆိုရင် ၃၀၀,၀၀၀ တောင် ရှိသွားမှာပဲ။ ဆိုလိုတာက... နောက်ထပ် နှစ်နှစ်ခွဲလောက်အတွင်းမှာ ငါတို့အားလုံး ယွဲ့အဆင့်ကို ရောက်နိုင်တာပေါ့ ဟုတ်လား”

ထန်ချီချီမှာ သက်ပြင်းတစ်ချက်ကို အားပါးတရ ရှိုက်သွင်းလိုက်မိပြီး ရွှီရန်အပေါ် ကြည်ညိုလေးစားစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။

ရွှီရန်က ခေါင်းညိတ်ပြလျက် “အဲဒီလောက်နီးပါးပါပဲ အရှင်သခင်ရဲ့ ရွှေရောင်သွေးစက်ကို တိုက်ရိုက်မြိုချတာလောက်တော့ မမြန်ပေမဲ့ပေါ့...”

ကျားမလေးက ကြည်လင်သော သားရဲဥကို လက်ညှိုးထိုးပြရင်း “အကောင်ပေါက်လာပြီဆိုရင် သူက ထူးဆန်းသော ဧရာမသစ်ပင်တွေ စိုက်ပျိုးထားတဲ့ လျှို့ဝှက်နယ်မြေတွေကို ရှာပေးနိုင်မှာလား”

ဤဆန်းကြယ်လှသော စိတ်ကူးကြောင့် ရွှီရန်၏ မျက်ခုံးများမှာ အလိုအလျောက် ပင့်တက်သွားခဲ့ရသည်။

သူကိုယ်တိုင်လည်း ဤအချက်ကို အလွန်ပင် စိတ်ဝင်စားသွားမိသည်။

သစ်သားနှလုံးသားကို ဝါးမြိုပြီး ကျင့်ကြံမှုကို အဆမတန် မြှင့်တင်ခဲ့ရသည့် အရသာမှာ တစ်ကြိမ်ကြုံဖူးရုံနှင့် ဘယ်တော့မှ မေ့ပျောက်နိုင်စရာ မရှိပေ။ ထို့ကြောင့်လည်း ဘေးအန္တရာယ်အဆင့် ညစ်ညမ်းဇုန်၏ အနက်ရှိုင်းဆုံးနေရာများသို့ သွားရောက်ကာ ရတနာများကို အကြီးအကျယ် လုယူချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခြင်းပင်။

“ဘေးအန္တရာယ်အဆင့် ညစ်ညမ်းဇုန်တွေထဲမှာဆိုရင် သစ်ပင်ဘုရင်တွေ အများကြီး ရှိနေမှာပဲ။ သူတို့အားလုံးက ထူးဆန်းသော ဧရာမသစ်ပင်တွေကို စိုက်ပျိုးထားနိုင်တယ်...”

ရွှီရန် ခန့်မှန်းလိုက်သည့်အခါ သူ၏မျက်ဝန်းများမှာ ရွှေတွင်းကြီးတစ်ခုကို တွေ့လိုက်ရသကဲ့သို့ တောက်ပသွားခဲ့သည်။

ကျားမလေး၏ မျက်ဝန်းများမှာလည်း အလားတူပင် တလက်လက် တောက်ပနေခဲ့ရာ ဤမောင်နှမနှစ်ယောက်စလုံးမှာ ရတနာလုချင်သည့် စိတ်ဓာတ်အပြည့်ရှိနေကြသည်မှာ သိသာသည်။

“အမြင့်မြတ်ဆုံး နတ်ဘုရားနဲ့ ကောင်းကင်ဘုံ ကွက်လပ်ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နှစ်နှစ်ကနေ သုံးနှစ်လောက် ကြာနိုင်တယ်။ အဲဒီအချိန်ကျရင် ငါ့ရဲ့ သွေးစွမ်းအင်တန်ဖိုးက ၅ သန်း ဒါမှမဟုတ် ၆ သန်းလောက်အထိ ရှိနေလောက်ပြီ။ မင်းတို့အားလုံးလည်း ယွဲ့အဆင့်ကို ရောက်ပြီး သန်မာနေကြပြီဆိုတော့ ဘာကိုမှ စိုးရိမ်စရာမလိုဘဲ ဘေးအန္တရာယ်အဆင့် ညစ်ညမ်းဇုန်တွေကို စူးစမ်းနိုင်ပြီပေါ့”

“ငါတို့အဖွဲ့နဲ့သာဆိုရင် သွေးစွမ်းအင်တန်ဖိုး သန်း ၄၀ ရှိတဲ့ မိစ္ဆာကြီးနဲ့ တိုးရင်တောင် အတင်းအကျပ် သတ်ပစ်လို့ ရတယ်။ အဲဒီကျရင် သစ်သားနှလုံးသားကို ငါတို့ သိမ်းပိုက်လို့ရပြီပေါ့”

ပြီးခဲ့သည့်တစ်ခေါက်က အရှင်သခင်၏ ရွှေရောင်သွေးစက်၂၀၀ စုပ်ယူထားသည့် အခြေခံအုတ်မြစ်နှင့် အသင်းသားများ၏ အားဖြည့်ကူညီမှုများ ပေါင်းစပ်လိုက်မည်ဆိုပါက

ရွှီရန်အနေဖြင့် သွေးစွမ်းအင်တန်ဖိုး သန်း ၄၀ ရှိသော ပြိုင်ဘက်များကို မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ သတ်ဖြတ်နိုင်မည်ဖြစ်သည်။

သူ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ ထန်ချီချီ၊ နင်ရွှမ်၊ ကွမ်ရှင်း၊ ကျားမလေးနှင့် ကျူးယွီဟန်တို့၏ အားဖြည့်မှုများကြောင့် သူ၏ ပုံမှန်တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ဆခန့် မြင့်တက်လာမည်ဖြစ်သည်။ အကယ်၍ သူ၏ သွေးစွမ်းအင်တန်ဖိုးက ၅ သန်းဆိုလျှင် သူ၏ ပုံမှန် စူပါပေါက်ကွဲအားပြင်းခုတ်ချက်မှာ သန်း ၄၀ ခန့်ရှိမည်ဖြစ်ပြီး အသင်းသားများ၏ အားဖြည့်မှုနှင့်ဆိုပါက သန်း ၆၀ သို့မဟုတ် ထို့ထက်မကသော အဆင့်သို့ပင် ရောက်ရှိသွားနိုင်သည်။

…..

နောက်ထပ် နှစ်နှစ်၊ သုံးနှစ်နေရင် ညစ်ညမ်းဇုန်တွေကို သွားရောက် စူးစမ်းနိုင်တော့မယ်ဆိုတာကို ကြားလိုက်ရတဲ့အခါ ကျားမလေးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် “ဟေး... ပျော်စရာကြီး” ဟု အော်ဟစ်မိတော့သည်။

“ဒီကာလအတွင်းမှာ လူတိုင်း အားသွန်ခွန်စိုက် ကြိုးစားကျင့်ကြံကြရမယ်နော်”

ကျူးယွီဟန်၊ ထန်ချီချီ၊ ကွမ်ရှင်းနှင့် နင်ရွှမ်တို့ကလည်း “ကောင်းပါပြီ” ဟု ပြိုင်တူ ပြန်ထူးလိုက်ကြသည်။

အားလုံး၏ မျက်ဝန်းများတွင် ပြတ်သားသော ဆုံးဖြတ်ချက် အရိပ်အယောင်များဖြင့် တောက်ပနေခဲ့သည်။

လူတိုင်း စိတ်ဓာတ်တက်ကြွနေသည်ကို မြင်လိုက်ရသည့်အခါ ရွှီရန်က ပြုံးလိုက်ရင်း ကြည်လင်သော သားရဲဥခွံကို အသာအယာ ပုတ်လိုက်သည်။

“သွားကြစို့... သွားကြစို့... စားပြီးသောက်ပြီး ခဏလောက် နားနားနေနေ နေကြဦး။ နေ့လယ်ပိုင်းမှ လေ့ကျင့်ရေး စတာပေါ့”

အားလုံးက တစ်ယောက်ပြီးတစ်ယောက် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

မိခင်ဖြစ်သူကို ပန်းကန်ဆေးကူပေးပြီးနောက် သူတို့အားလုံး ရွှီရန်၏ အိမ်မှ ထွက်လာခဲ့ကြသည်။

“ကျွန်တော် တစ်ရေးလောက် အိပ်လိုက်ဦးမယ် အမေ။ နှစ်နာရီခွဲရင် သင်တန်းရှိလို့ ကျွန်တော့်ကို နှိုးပေးပါဦး”

မိခင်ဖြစ်သူက ခေါင်းညိတ်ပြရင်း “သားမှာ သင်တန်းရှိလို့လား သားက ဆရာမဟုတ်ဘူးလား”

ရွှီရန် “ဟုတ်တယ်အမေ ကျွန်တော် အခုမှ ပြန်ရောက်တာဆိုတော့ ကျားမလေးကို သင်တန်းပေးဖို့ လိုနေသေးလို့ပါ”

မိခင်ဖြစ်သူ “အေးပါ... သွားအိပ်ချေ။ သားကတော့ တကယ်ကို မနားနိုင်မနေနိုင် ဖြစ်နေတာပဲ။ ညစ်ညမ်းဇုန်ထဲမှာ ၂၇၀ ကျော်ကြာအောင် ကျင့်ကြံခဲ့ပြီးမှ ပြန်လာတော့လည်း အေးအေးဆေးဆေး မနေနိုင်သေးဘူး”

ရွှီရန်က အားရပါးရ ရယ်မောလိုက်ရင်း “ကျင့်သားရနေလို့ပါ အမေရာ။ တစ်ရေးနှစ်ရေးလောက် အိပ်လိုက်ရင်ပဲ လူက ပြန်လန်းဆန်းသွားမှာပါ”

ထိုသို့ပြောကာ သူသည် လှည့်ထွက်သွားပြီး အပေါ်ထပ်ရှိ ခုတင်ပေါ်တွင် လှဲလျက် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

All Chapters