အခန်း (၃၁၈)
Vol. 32 Ch. 318
ဥယျာဉ်အတွင်း၌ အိပ်စက်ရခြင်းဖြစ်သဖြင့် သူသည် မည်သည့်အရာကိုမျှ စိုးရိမ်စရာမလိုတော့ပေ။ သူ၏ ကြွက်သားများနှင့် စိတ်အာရုံမှာလည်း တင်းကျပ်နေရန် မလိုအပ်တော့ပေ။ အခန်းအတွင်း၌လည်း သန့်စင်ခြင်း အဆောင်တံဆိပ်အချို့ကို ကပ်ထားသဖြင့် လေထုမှာ ဘေးအန္တရာယ်အဆင့် ညစ်ညမ်းဇုန်ထက် အဆပေါင်း ထောင်ချီ၍ ပိုမိုလန်းဆန်းနေခဲ့သည်။
နားထဲတွင်လည်း ညစ်ညမ်းမှုများ၏ အော်ဟစ်ညည်းတွားသံများကို ကြားနေရခြင်း မရှိတော့ဘဲ
သူသည် နှစ်နာရီခွဲကြာအောင် အိပ်စက်ခဲ့သည်။
မိခင်ဖြစ်သူမှာ အချိန်တိကျစွာပင် တံခါးကို လာခေါက်ခဲ့သည်။
“သင်တန်းသွားဖို့ အချိန်တန်ပြီ သားရေ"
ရွှီရန်က မျက်လုံးကို ဖွင့်လိုက်ပြီး ကိုယ်လက်အင်္ဂါများကို သက်သောင့်သက်သာပင် ဆန့်ထုတ်လိုက်သည်။
“ဟုတ်ကဲ့ အမေ"
သူ ထရပ်ကာ မျက်နှာသစ်လိုက်သည်။
ထို့နောက် သုံးထောင်သော မိုးကြိုးရွေ့လျားမှုစွမ်းရည်ကို အသုံးပြုကာ လေ့ကျင့်ရေးတောအုပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။
သင်ကြားရေးရင်ပြင်အတွင်း၌ ကျောင်းသားများမှာ စနစ်တကျ ထိုင်နေကြပြီး ဖြစ်သည်။
ထိုနေရာတွင် ကျောင်းသားပေါင်း ၁,၇၀၀ ခန့် ရှိနေပြီး သူတို့ထဲတွင် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှ ကလေးငယ် ၇၀၀ နှင့် အထူးလေ့ကျင့်ရေး အထက်တန်းကျောင်းသား ၁,၀၀၀ ခန့် ပါဝင်သည်။
ရွှီရန်မှာ မြင့်မားလှသော စင်မြင့်ထက်သို့ သာသာယာယာပင် ဆင်းသက်လိုက်သည်။
ကျောင်းအုပ်ကြီးများက ရွှီရန်၏ အနားသို့ စုရုံးကာ ရောက်ရှိလာကြသည်။
ကျောင်းအုပ်ဆရာမကြီးက “နောက်ဆုံးတော့ ပြန်လာနိုင်ပြီပေါ့”
“မင်းသာ ပြန်မလာရင် အိပ်မပျော်နိုင်တဲ့သူတွေ ဒီထက်ပိုများလာတော့မှာ။ နောက်တစ်ခါဆိုရင် ဒီလောက်အကြာကြီး အပြင်မှာမနေနဲ့တော့။ မင်းရဲ့ကျောင်းအုပ်ကြီးဆိုရင် မင်းကြောင့်နဲ့ နှလုံးရောဂါတောင် ရတော့မလိုပဲ”
“ရက်ပေါင်း ၂၇၀ တိတိ ကြာခဲ့တဲ့ လေ့ကျင့်ရေးဆိုတော့ တစ်စုံတစ်ရာ ထိခိုက်မှုတွေရော မရှိဘူးမလား”
ကျောင်းအုပ်ကြီးများမှာ မေးရုံသာမကဘဲ ရွှီရန်၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးရန် သူ၏အရိုးများကိုပါ လိုက်လံစမ်းသပ်နေကြသည်။ ဖိုးဖိုးဖွားဖွားများမှာ သူတို့၏ မြေးများကို အရိုးစမ်းကာ ချစ်ခင်တတ်ကြသည်။
ရွှီရန်မှာ ဘာပြောရမှန်းမသိဘဲ နွေးထွေးစွာ ပြုံးပြလိုက်ရင်း “ကျွန်တော် အခွင့်အရေးအချို့နဲ့ ကြုံခဲ့လို့ အချိန်နည်းနည်း ပိုကြာသွားတာပါ... ဘာအန္တရာယ်မှလည်း မတွေ့ခဲ့ပါဘူး။ ကျွန်တော် အရမ်းသတိထားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် နယ်ပယ်အတွင်းမှာပဲ လေ့ကျင့်ခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ ဘယ်တော့မှ တွန်းမပို့ခဲ့ပါဘူး”
သူသည် တကယ်ပင် အလွန်အမင်း သတိထားခဲ့သည်ဖြစ်ရာ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိခဲ့သည်။
သို့သော်လည်း ရက်ပေါင်း ၂၇၀ တိတိ လေ့ကျင့်ခဲ့သည်ဟူသောအချက်မှာ ပုံမှန်ထက် များစွာကျော်လွန်နေသဖြင့် အားလုံးအတွက် အံ့ဩစရာ ဖြစ်နေရခြင်းပင်။
“မင်းသိတဲ့အတိုင်းပဲ... ပုံမှန်ဆိုရင် သုံးလတစ်ခါလောက် ဘေးကင်းဇုန်ကို ပြန်လာပြီး အခြေအနေ သတင်းပို့ရမယ်လေ။ အခွင့်အရေးကောင်းတွေနဲ့ ကြုံရင်တောင်မှ ပြန်လာပြီး နားသင့်တယ်။ အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်မှသာ ပြိုင်ဘက်ကင်းတဲ့လမ်းကို လျှောက်လှမ်းနိုင်မှာ”
“ဘာပဲဖြစ်ဖြစ်... ဘာပြဿနာမှမရှိဘဲ ပြန်ရောက်လာတာကိုက ကောင်းပါတယ်”
ရွှီရန်က နွေးထွေးစွာ ပြုံးလျက် “နောက်တစ်ခါဆိုရင် လေ့ကျင့်ရေးကာလကို အတိုဆုံးဖြစ်အောင် ကြိုးစားပါ့မယ်”
သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလွန်းသည်။
ကျွန်တော် မှားမှန်းသိပါတယ်။ ဒါပေမဲ့ နောက်တစ်ခါလည်း ဒီလိုပဲ လုပ်ဦးမှာပါ ဆိုသည့် သဘောပင်။
ဤစကားကို ကြားသောအခါ ကျောင်းအုပ်ဆရာမကြီးက အလေးအနက် တိုက်တွန်းရှာသည်။
“အတိုဆုံးဖြစ်အောင် လုပ်တာက အကောင်းဆုံးပါပဲ။ ညစ်ညမ်းဇုန်ထဲမှာ အကြာကြီးနေတာက လုံးဝမဘေးကင်းဘူး။ မင်းက ခေတ်သစ်ရဲ့ အစွမ်းထက်ဆုံး ပါရမီရှင်တစ်ယောက်ပဲ။ နောက်ထပ် နှစ်ပေါင်းနှစ်ဆယ်လောက်အထိ ဘေးကင်းကင်းနဲ့ ကြီးထွားလာနိုင်ဖို့က ပိုအရေးကြီးတယ်။ စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့ဦး”
“ဒါ့အပြင် မင်းက အခုဆိုရင် အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ။ နောင်မှာ သူတို့ကို ဦးဆောင်ပြီး လေ့ကျင့်ရေးဆင်းရဦးမှာ။ အရာရာကို သတိကြီးကြီးထားပြီး တစ်လှမ်းချင်းစီ ခိုင်ခိုင်မာမာ တက်လှမ်းရမယ်။ အန္တရာယ်ရှိတဲ့ နေရာမျိုးမှာ သွားပြီး မရပ်နေနဲ့။ စွန့်စားမှ ချမ်းသာမယ်ဆိုပေမဲ့ စွန့်စားလွန်းရင်လည်း ဆုံးရှုံးမှုတွေ များတတ်တယ်။ ခိုင်မာတဲ့ ရေခဲပြင်ပေါ်မှာ လျှောက်သလိုမျိုး အမြဲသတိရှိနေတာကမှ မရှုံးနိမ့်နိုင်တဲ့ နည်းလမ်းပဲ"
ရွှီရန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး “ကျွန်တော် အမြဲသတိထားပါ့မယ်"
အခြားတစ်ဖက်တွင်မူ ရှန်ဟိုင်းမှ ကျောင်းအုပ်ဆရာမလေးက “မင်း အဲဒီရက်ပေါင်း ၂၇၀ ကို ဘယ်လိုမျိုး ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့တာလဲ။ အဲဒါက အကိုးအကားပြုလို့ရတဲ့ နည်းလမ်းမျိုးလား တခြားသူတွေကိုရော ပြန့်ပွားအောင် လုပ်ပေးလို့ ရမလား” ဟု မေးမြန်းလာသည်။
ရွှီရန်က ခေါင်းခါပြလိုက်ရင်း “မရပါဘူး။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ထူးခြားနေလို့ပါ။ တခြားသူတွေ အတုလိုက်လုပ်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ အကယ်၍ နတ်ဘုရားအဆင့် ကုသခြင်း အမြစ်အရိုးသာ ရှိမယ်ဆိုရင်တော့ အချိန်အကြာကြီး တောင့်ခံထားနိုင်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီမျိုးဆက်ရဲ့ တစ်ခုတည်းသော နတ်ဘုရားအဆင့် ကုသခြင်းအစွမ်းက ကျွန်တော့်အဖွဲ့ထဲမှာပဲ ရှိနေတာဆိုတော့...”
ကျောင်းအုပ်ကြီးများ “...”
ဒါက သူ ကြွားလုံးထုတ်လိုက်တာ မဟုတ်ဘူးလား။ မင်းရဲ့အဖွဲ့ထဲမှာ နတ်ဘုရားအဆင့် အမြစ်အရိုးတွေချည်းပဲ စုနေတာက ခေတ်သစ်သမိုင်းမှာ တစ်ခါမှမရှိဖူးတဲ့ ဖြစ်ရပ်ပဲလေ။
နှမြောစရာကောင်းသည်မှာ အသင်းသားတစ်ယောက် လိုအပ်နေခြင်းပင်။ အကယ်၍သာ လက်ရှစ်ဖက်ပါသော နတ်သားရုပ်ပိုင်ရှင်တစ်ဦးသာ ထပ်တိုးနိုင်ခဲ့လျှင် တစ်ဖွဲ့တည်းမှာတင် နတ်ဘုရားအဆင့် အမြစ်အရိုး ပိုင်ရှင် ခုနစ်ဦးအထိ ရှိသွားမည်ဖြစ်သည်။
သို့သော်လည်း ရွှီရန်က ချင်းယီဟို့ကို စောင့်ဆိုင်းနေကြောင်း အားလုံးက သိကြသည်။
[ကြေးမုံပြင် အရှင်သခင်+ လက်ရှစ်ဖက်ပါ နတ်သားရုပ် + ကမ္ဘာငယ်လေး + အသက်နှင့် သေခြင်းတရား အိပ်မက်] ပေါင်းစပ်မှုကသာ ကြေးမုံပြင် အရှင်သခင်၏ စွမ်းရည်ကို အမြင့်ဆုံးအထိ ထုတ်ပေးနိုင်မည်ဖြစ်သည်။ အသင်းသားတစ်ယောက် လျော့နည်းသွားပါက ထိုထိရောက်မှုမှာ သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။
ရွှီရန်ကတော့ သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိပြီး ပြိုင်ဘက်ကင်းလွန်းသည်။ အသင်းသားတစ်ယောက် လိုနေခြင်းမှာ သူ့အတွက် ကြီးမားသော ပြဿနာတစ်ခုမဟုတ်ဘူးဟု သူ ယူဆထားသည်။
တကယ်လည်း ထိုအတိုင်းပင်။
သူ၏ စက္ကူရုပ်တပ်မဟာမှာပင် အစွမ်းထက်သော အသင်းဖော်တစ်ယောက်နှင့် ညီမျှနေခြင်းပင်။
“ကျောင်းသားတွေကို သင်ခန်းစာပေးဖို့ ရောက်လာတာလား”
ရွှီရန်က ခေါင်းညိတ်ပြလိုက်ရင်း “ဟုတ်ကဲ့"
“ဒါဆိုရင်တော့ မင်းကို ကျေးဇူးတင်ရမှာပဲ။ ရက်ပေါင်းရာချီပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်လာပြီးတာတောင်မှ အနားမယူဘဲ သင်တန်းလာပေးတယ်ဆိုတော့”
ရွှီရန်က လက်ကာပြလိုက်ကာ “ဘာမှမဖြစ်ပါဘူး ကျွန်တော့်အတွက် ဒါက ပြဿနာမဟုတ်ပါဘူး။ လေ့ကျင့်ရေးက ပင်ပန်းနွမ်းနယ်မှုတွေကလည်း အခုဆိုရင် အတော်လေး ပြန်လည်သက်သာသွားပါပြီ” ဟု ဆိုသည်။
ထို့ကြောင့် ရွှီရန်မှာ စင်မြင့်ထက်သို့ တက်လှမ်းလိုက်ပြီး ဆရာများနှင့် ကျောင်းအုပ်ကြီးများမှာ ဘေးသို့ ခေတ္တဖယ်ပေးလိုက်ကြသည်။
ကျောင်းအုပ်ကြီး ချန်ချီတစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး ရွှီရန်ကို မိတ်ဆက်ပေးရန်အတွက် နိဒါန်းပျိုးလိုက်သည်။
“ကျောင်းသားအားလုံး ငြိမ်ငြိမ်နေကြ”
ကျောင်းအုပ်ကြီး ချန်ချီ၏ အသံထွက်ပေါ်လာသည်နှင့် သင်ကြားရေးရင်ပြင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
“ဒီနေ့ သင်ခန်းစာက မင်းတို့အတွက် ရခဲတဲ့ အခွင့်အရေးတစ်ခုပဲ။ ပြီးခဲ့တဲ့ နတ်ဘုရားသတ် တပ်ဖွဲ့ရွေးချယ်ပွဲရဲ့ အစွမ်းထက်ဆုံး ချန်ပီယံ ရွှီရန်က ရက်ပေါင်း ၃၀၀ နီးပါး လေ့ကျင့်ရေးဆင်းပြီးနောက် ပြန်ရောက်လာခဲ့ပြီ... သူက မင်းတို့ကို တိုက်ခိုက်ရေး နည်းစနစ်တွေအကြောင်း ကိုယ်တိုင်သင်ကြားပေးသွားမှာပါ”
“ရွှီရန်ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေဟာ ထူးခြားပြောင်မြောက်လှပြီး ဆရာကြီးအဆင့်ကို ရောက်ရှိနေပြီဖြစ်သလို သင်ကြားပြသတဲ့နေရာမှာလည်း အလွန်ကျွမ်းကျင်သူပဲ။ ဒါကြောင့် အာရုံမလွင့်ဘဲ နားကို စွင့်ပြီး သေချာနားထောင်ကြ”
ထိုသို့ပြောကြားပြီးနောက် ကျောင်းအုပ်ကြီးမှာလည်း စင်ပေါ်မှ ဆင်းသွားခဲ့သည်။
ရွှီရန်မှာ စင်မြင့်ထက်တွင် တစ်ကိုယ်တည်း မတ်တပ်ရပ်နေခဲ့ရာ ပညာပေးသင်ကြားနေသည့် နတ်ဘုရားတစ်ပါးအလား ရှိနေတော့သည်။ ကျောင်းသားပေါင်း ၁,၇၀၀ ၏ စိတ်အားထက်သန်နေသော မျက်လုံးများမှာ သူ့ထံသို့ စူးစိုက်ကြည့်နေကြသည်။
နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှ ကျောင်းသားငယ်များမှာ ရွှီရန်၏ တိုက်ခိုက်ရေး ပါရမီကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးကြသဖြင့် သူတို့၏ မျက်ဝန်းများမှာ နတ်ဘုရားတစ်ပါးကို ဖူးမြော်နေရသကဲ့သို့ တောက်လောင်နေကြသည်။
အထက်တန်းနောက်ဆုံးနှစ် ကျောင်းသား ၁,၀၀၀ ခန့်မှာမူ ရွှီရန်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို ကိုယ်တိုင်မမြင်ဖူးကြသော်လည်း ရွှီရန်၏ ဒဏ္ဍာရီများကိုတော့ ကြားဖူးနားဝ ရှိထားကြသည်။ ထိပ်တန်းပါရမီရှင်များအကြားတွင် ရွှီရန်၏အမည်မှာ ပြိုင်ဘက်ကင်းသူအဖြစ် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကျော်ကြားနေခဲ့ပြီးဖြစ်သည်။
သူတို့ လေးစားအားကျရသော ပါရမီရှင်များကပင် ပြန်လည်၍ မော့ကြည့်ရသည့် သူတို့ ကိုးကွယ်လိုသော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီးမှာ သူတို့ရှေ့မှောက်တွင် ရောက်ရှိနေခြင်းပင်။
ရွှီရန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“ငါ မင်းတို့ကို သင်ပေးမယ့် တိုက်ခိုက်ရေး နည်းစနစ်တွေက အပိုင်း ၃ ပိုင်း ခွဲထားတယ်။ ပထမပိုင်းက ခြေလှမ်း၊ ဒုတိယပိုင်းက အလျင်အရှိန် အင်အားနဲ့ တတိယပိုင်းက တုန်ခါမှု အင်အားပဲ”
“ပထမဆုံးအနေနဲ့ ခြေလှမ်းအကြောင်းကို အရင်ပြောကြရအောင်။ တိုက်ပွဲတစ်ခုမှာ ခြေလှမ်းဆိုတာ အရေးအကြီးဆုံးပဲ။ လက်သီးစွမ်းရည်ကို သင်ပေးပြီး ခြေလှမ်းကို မသင်ပေးရင် အစစ်အမှန်မဟုတ်ဘူး။ ခြေလှမ်းကို တတ်မြောက်မှသာ ဆရာကြီးကို ကျော်ဖြတ်နိုင်မယ်လို့ ဆိုရိုးရှိတယ်။ ကောင်းမွန်တဲ့ ခြေလှမ်းရှိမှသာ တကယ့်ကို အစွမ်းထက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အင်အားဆိုတာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း ခြောက်ခုကနေ ထွက်ပေါ်လာတာ ဖြစ်လို့ပဲ။ သူတို့ကတော့ ဖနောင့်၊ ခြေသလုံး၊ ခါး၊ ပခုံး၊ တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်တို့ပဲ။ ဒီအဆစ် ခြောက်ခုကနေ အင်အားကို ထုတ်လွှတ်ပေးတာပဲ”