← Chapters

အခန်း (၃၂၀)

Vol. 32 Ch. 320

အခန်း (၃၂၀)

Vol. 32 Ch. 320

စင်မြင့်အောက်ရှိ ပါရမီရှင်များနှင့် ထိပ်တန်းကျောင်းသားများ၏ မျက်နှာတွင် နက်နဲသော စဉ်းစားတွေးခေါ်မှု အရိပ်အယောင်များ အသီးသီး ပေါ်ပေါက်လာကြသည်။

ရွှီရန်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ဆက်ရှင်းပြသည်။

"အလျင်အရှိန် အင်အားဆိုတာ တိုက်ခိုက်မှုတွေကို အမြန်ဆုံးနှုန်းနဲ့ ထုတ်လွှတ်တာကို ဆိုလိုတာပါ။ ဒါက အရှေ့မှာ ငါပြောခဲ့တဲ့ ခြေလှမ်းတွေအပေါ် အခြေခံပြီး မရေမတွက်နိုင်အောင် လေ့ကျင့်ထားဖို့ လိုအပ်တယ်။ ခြေလှမ်းဆိုတာ ရှောင်တိမ်းဖို့တင် မဟုတ်ဘဲ အင်အားထုတ်လွှတ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်တယ်"

"အလျင်အရှိန် အင်အားကို ရရှိဖို့ဆိုရင် အချိန်ယူပြီး အဆက်မပြတ် လေ့ကျင့်အားထုတ်ရမယ်။ မင်းတို့ ခန္ဓာကိုယ်ရဲ့ ကြွက်သားတိုင်းက မင်းတို့ရဲ့ စိတ်ဆန္ဒနဲ့အညီ အင်အားထုတ်လွှတ်မှုကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်တဲ့အထိ လေ့ကျင့်ရမှာ။ အဲဒါမှသာ အလျင်အရှိန်အင်အားဆိုတာ ဖြစ်လာမှာ"

"ကိုယ်ခံပညာလောကမှာ မြန်ဆန်မှုကသာလျှင် အရာအားလုံးကို ဖြတ်ကျော်နိုင်တယ်ဆိုတဲ့ စကားရှိတယ်။ ဒါကို ရဖို့အတွက် နေ့စဉ် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သွေးပေးနေရပါမယ်"

"အခု ငါ မင်းတို့ကို လက်သီး၊ ဓားရှည်၊ ဓားမြှောင်နဲ့ လှံ နည်းစနစ်တွေမှာ အလျင်အရှိန်အင်အားကို ဘယ်လို အသုံးချရမလဲဆိုတာ သရုပ်ပြမယ်"

"ဆရာ ဝမ်ကျင့်... ဆရာ့ရဲ့ ဒိုင်းကို ဖွင့်ထားပြီး အစွမ်းကုန် ခုခံပေးပါဦး"

ဆရာ ဝမ်ကျင့်က ခေါင်းညိတ်ပြလိုက်ရာ သူ၏ရှေ့တွင် အပြာရောင်ဒိုင်းကြီး ပေါ်ထွက်လာသည်။

"ဒါကတော့ လက်သီးနည်းစနစ်ပဲ။ လက်သီးမှာ တြိဂံပုံစံ ရှိတယ်။ အရိုးအဆစ် သုံးခုရဲ့ ထောင့်တွေဟာ သတ္တုလိုပဲ မာကျောတယ်။ တိုက်ခိုက်တဲ့ မျက်နှာပြင်နဲ့ လက်သီးပစ်ချက်ရဲ့ မြန်ဆန်မှုတွေကလည်း တစ်ခုနဲ့တစ်ခု မတူကြဘူး။ လက်သီးရဲ့ အလျင်အရှိန်အင်အားကို ကျွမ်းကျင်သွားရင် အခြေအနေအရပ်ရပ်ကို တုံ့ပြန်နိုင်လိမ့်မယ်။ မင်းတို့ ဒါကို သုံးချင်မှ သုံးရလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ ဒါကိုတော့ သိထားရမယ်"

ရွှီရန်က သရုပ်ပြမှုကို စတင်လိုက်သည်။

လက်ဖဝါးဖြင့် ရိုက်ခြင်း၊ လက်ချောင်းဖြင့် ထိုးခြင်း၊ ဆွဲငင်ခြင်း၊ ဖိနှိပ်ခြင်း၊ ချည်နှောင်ခြင်း၊ လည်ပင်းညှစ် တိုက်ခိုက်ခြင်း၊ ပိတ်ဆို့ခြင်း၊ တူဖြင့်ထုသကဲ့သို့ ထိုးခြင်း၊ တံတောင်ဖြင့် ဝှေ့ယမ်းခြင်း...

သူသည် သက်ရှိထင်ရှား တိုက်ခိုက်ရေးကျမ်းစာအုပ်ကြီး တစ်အုပ်အလား ပြောင်းလဲသွားပြီး သူ၏ လက်သီးချက်များမှာ နောက်ကွယ်တွင် ပုံရိပ်ယောင်များ ကျန်ရစ်သည်အထိ မြန်ဆန်နေသည်။ အခြေခံအကျဆုံး တိုက်ခိုက်ရေး နည်းစနစ်များကို လူတိုင်းရှေ့တွင် သရုပ်ပြသခဲ့ပြီး နောက်ဆုံးတွင် ပြင်းထန်သော တံတောင်ရိုက်ချက်တစ်ချက်ဖြင့် ဆရာကြီး၏ ဒိုင်းကို ရိုက်ခွဲလိုက်တော့သည်။

"ဒါက လက်သီးနည်းစနစ်ပဲ။ တံတောင်ဆစ်ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ အမာကျောဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး သတ္တုနဲ့တောင် နှိုင်းယှဉ်လို့ ရတယ်။ ရန်သူ့ရဲ့ အားနည်းချက်တွေကို အရေးကြီးတဲ့ အချိန်မှာ တိုက်ခိုက်နိုင်ရင် မမျှော်လင့်ထားတဲ့ အသာစီးရမှုကို ရရှိစေမှာ"

"ချန်ကျွင်း... မင်းရဲ့ နတ်ဘုရားသတ် ချပ်ဝတ်တန်ဆာကို တိုက်ခိုက်ရေး နည်းစနစ်တွေမှာ အသေအချာ လေ့ကျင့်ထားဖို့ လိုတယ်။ ချပ်ဝတ်တန်ဆာရဲ့ အလျင်အမြန်နှုန်းကို သုံးပြီး ရန်သူ့အနားကို ချက်ချင်းကပ်၊ ရန်သူ့ရဲ့ လက်နက်ကို အောက်ကို ရိုက်ချပြီး သူတို့ရဲ့ အသာစီးရမှုကို ဖျက်ဆီးပစ်ရမယ်။ အဲဒီနောက်မှာမှ မင်းရဲ့ အားသာချက်ကို သုံးပြီး ရန်သူကို အပြတ်ရှင်းရမှာပဲ"

ရွှီရန်က ရှေ့ဆုံးတွင် မတ်တပ်ရပ်နေသော ချန်ကျွင်းကို လှမ်းကြည့်ကာ ပြောလိုက်သည်။

ချန်ကျွင်းက တောက်ပသော မျက်ဝန်းများနှင့် နှိမ့်ချသော အမူအရာတို့ဖြင့် "နားလည်ပါပြီလမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရွှီရန်က ရှေ့သို့ ပြန်လှည့်လာကာ "ဆရာ... ဒိုင်းကို ပြန်ဖွင့်ပေးပါဦး"

ဆရာ ဝမ်ကျင့်က ခေါင်းညိတ်ပြလိုက်သည်။ အပြာရောင်ဒိုင်းကြီး ပြန်လည်ပွင့်လာသော်လည်း သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေမိသည်။ ရွှီရန်၏ ဒိုင်းဖျက်ဆီးပုံမှာ တကယ့်ကို နတ်ဘုရားဆန်လွန်းလှသည်။ ကံကောင်းထောက်မစွာဖြင့် ရွှီရန်မှာ အချိန်ကိုက် ထိန်းသိမ်းတတ်သဖြင့် ဆရာကြီးမှာ ရှိသမျှအားကုန်သုံးကာ ဒိုင်းကို အလျင်အမြန် ပြန်လည်ဖွင့်ထားရခြင်းပင်။

"နောက်တစ်ခုကတော့ ခြေထောက်ပဲ။ ခြေထောက်က လက်သီးထက် ပိုပြီးတော့ အစွမ်းထက်တယ်။ ဒါပေမဲ့ မြန်ဖို့တော့ လိုတာပေါ့ ရန်သူ့ရဲ့ အားနည်းချက်ကို ဖမ်းမိနိုင်

လောက်အောင် ရန်သူက တုံ့ပြန်ဖို့တောင် အချိန်မရနိုင်လောက်အောင် မြန်ရမယ်။ ကန်ချက်တစ်ချက်တည်းနဲ့တင် ရန်သူကို အသေသတ်နိုင်ရမယ်"

ရွှီရန် စကားပြောနေရင်းပင် သူ၏ ခြေထောက်မှာ လေအဟုန်အလား ရွေ့လျားသွားသည်။ လလေးကို ကိုင်းညွှတ်ကာ လမင်းကို ပစ်ခတ်လိုက်သည့်အလား မြန်ဆန်လှသဖြင့် ပရိသတ်များမှာ ခြေရာကိုပင် လိုက်မကြည့်နိုင်လိုက်မီ ဆရာကြီး၏ ဒိုင်းမှာ တစစီ ကြေမွသွားခဲ့သည်။

ဆရာကြီးမှာ ဝမ်းဗိုက်ကို အကန်ခံလိုက်ရသဖြင့် ဟန်ချက်ပျက်ကာ ပုစွန်ထုပ်တစ်ကောင်လို ကွေးညွတ်သွားပြီး ရွှီရန်၏ ခြေထောက်ပေါ်တွင် ချိတ်လျက်သား ဖြစ်သွားတော့သည်။

ကျောင်းအုပ်ကြီးများနှင့် ဆရာများမှာ ထိတ်လန့်သွားကြသည်။

ပြင်းထန်လှသော ကန်ချက်တစ်ခု ဖြစ်သော်လည်း ရန်သူကို လွင့်ထွက်မသွားအောင် ထိန်းချုပ်ထားနိုင်ခြင်းမှာ တကယ့်ကို ကြောက်စရာကောင်းလှသော ထိန်းချုပ်မှုစွမ်းရည်ပင်။ အသေးစိတ်ကအစ အစုံအလင် ကျွမ်းကျင်နေခြင်းပင်။

ရွှီရန်၏ ကန်ချက်နည်းစနစ်မှာ တစ်ကျောင်းလုံးကို ထပ်မံ၍ လှုပ်ခတ်သွားစေပြန်သည်။

အရပ် ၁.၈ မီတာရှိသော ရွှီရန်မှာ ခြေထောက်ကို ဘေးသို့ ဆန့်ထုတ်ကာ ရပ်နေသည်မှာ ကျောက်ဆောင်ပေါ်မှ ထင်းရှူးပင်တစ်ပင်အလား တောင်ကုန်းပေါ်မှ ကြောက်မက်ဖွယ် ကျားတစ်ကောင်အလား တည်ငြိမ်လှပလွန်းသည်။

ကြည့်ရှုနေသူများ၏ မျက်ဝန်းများမှာ တဖျတ်ဖျတ် တောက်ပနေကြသည်။ သူတို့သည် ရွှီရန်၏ နက်နဲလှသော ခြေထောက်နည်းစနစ်များကြားတွင် နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကို ဖျတ်ခနဲ မြင်တွေ့လိုက်ရသကဲ့သို့ပင်။

တကယ့်ကို အစွမ်းထက်ကာ လူသားတစ်ယောက် မလုပ်နိုင်လောက်အောင်ကို သန်မာလွန်းနေသည်။

ရွှီရန်၏ သင်ကြားမှုမှာ အစွမ်းထက်ရုံသာမက နက်နဲရှုပ်ထွေးလှသော နည်းစနစ်များကို အရိုးရှင်းဆုံး အခြေခံသဘောတရားများဆီသို့ ဆွဲခေါ်သွားခြင်းပင်။ သူ၏ ရှင်းပြချက်များသည် ကျောင်းသားများ၏ စိတ်ထဲသို့ တိုက်ရိုက်စီးဝင်သွားပြီး ဤနည်းစနစ်များ၏ လက်တွေ့အသုံးချနိုင်စွမ်းနှင့် ဆန်းကြယ်မှုများကို ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားစေသည်။

ကျောင်းသားများမှာ အံ့အားမှင်သက်လျက် ရွှီရန်ကို ငေးကြည့်နေကြတော့သည်။

ရွှီရန် "ဒါက အလျင်အရှိန် အင်အားပဲ။ မြန်ရမယ် တိကျရမယ် ပြင်းထန်ရမယ် တိုက်ပွဲအတွင်းမှာ ရန်သူ့ရဲ့ အားနည်းချက်ကို ရုတ်တရက် ထိုးနှက်နိုင်တာနဲ့ အဲဒီတိုက်ပွဲက ပြီးဆုံးသွားရမယ်"

"အများကြီး လေ့ကျင့်ကြ ပြင်းပြင်းထန်ထန် ကျင့်ကြံကြ အသိစိတ်ကပ်ပြီး လေ့ကျင့်ကြ သူငယ်ချင်းတွေနဲ့ အချင်းချင်း ယှဉ်ပြိုင်လေ့ကျင့်ရင်း ကြွက်သားမှတ်ဉာဏ်တွေ၊ တုံ့ပြန်မှုတွေ ဖြစ်လာအောင် လုပ်ရမယ်။ နောက်ဆုံးမှာတော့ ချိုချိတ်ထားတဲ့ တောဆိတ်လိုမျိုး ဘာခြေရာလက်ရာမှ ရှာမရနိုင်တော့တဲ့အထိ ကျွမ်းကျင်သွားပြီဆိုရင်တော့ ဒါက မဟာ အောင်မြင်မှုအဆင့်ကို ရောက်ပြီလို့ ဆိုနိုင်တယ်"

ထိုသို့ပြောရင်း ရွှီရန်က သူ၏ ခြေထောက်ကို ပြန်ရုပ်လိုက်သည်။

ဘေးတွင် မတ်တပ်ရပ်နေသော ဆရာ ဝမ်ကျင့်မှာမူ ချွေးများ တဒီးဒီး ကျနေ၏။ သူသည် ရွှီရန်ကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ကြောင်း ကောင်းစွာ သဘောပေါက်သွားသည်။ အင်အားချင်းဖြစ်စေ၊ တိုက်ခိုက်ရေး နည်းစနစ်ချင်းဖြစ်စေ ရွှီရန်မှာ ကြောက်စရာကောင်းလောက်အောင် သာလွန်လွန်းနေသည်။

"အခု ဓားနည်းစနစ်ကို သွားကြရအောင်"

ရွှီရန်က သူ၏ ဓားမြှောင်ကို ထုတ်ယူလိုက်သည်။

သူ၏ စိတ်အာရုံကို အသုံးပြုလိုက်သည်နှင့် ဓားမြှောင်မှာ လေဟုန်တွင် ကြီးထွားလာပြီး ခဏချင်းအတွင်းမှာပင် တစ်မီတာခွဲခန့် ရှည်လျားသော ဓားရှည်အဖြစ် ပြောင်းလဲသွားတော့သည်။

မွန်းတည့်နေရောင်အောက်တွင် ဓားသွား၏ အအေးဓာတ်မှာ တလက်လက် တောက်ပနေခဲ့သည်။

ကြည့်ရှုနေသူများမှာ တစ်ခါမျှ မမြင်ဖူးသော ထိုမြင်ကွင်းကြောင့် အံ့အားသင့်ကုန်ကြသည်။

ဒါက ဘယ်လိုမျိုး ရတနာဓားမို့လို့ အလိုရှိသလို အရွယ်အစား ပြောင်းလဲနိုင်ရတာလဲ။

ရွှီရန်က ဓားကို ကိုင်မြှောက်လိုက်ပြီး ကျောင်းသားများကို အေးဆေးစွာ ကြည့်လိုက်သည်။

"ဓားဆိုတာ လက်နက်တွေထဲမှာ မင်းသားတစ်ပါးလိုပဲ။ ဒါပေမဲ့ မြန်ဆန်မှု မရှိရင်တော့ ဒီဓားက အလှပြရုံပဲ ရှိလိမ့်မယ်"

ရွှီရန်က ဓားလက်ကိုင်ကို လက်တစ်ဖက်တည်းဖြင့် ခိုင်မြဲစွာ ဆုပ်ကိုင်ထားရင်း ဆရာကြီးကို ဘေးတစောင်း ကြည့်လိုက်သည်။

ဆရာ ဝမ်ကျင့်မှာ ထိတ်လန့်သွားကာ "တော်ပြီ တော်ပြီ မင်းရဲ့ ဓားချက်ကိုတော့ ငါ တောင့်ခံနိုင်မှာ မဟုတ်ဘူး" ဟု အသည်းအသန် တားမြစ်လိုက်ရသည်။

ရွှီရန်က "ကျွန်တော် အချိန်ကိုက် ထိန်းသိမ်းပါ့မယ်" ဟု အေးဆေးစွာ ဆိုသည်။

ထိုသို့ပြောပြီးသည်နှင့် ရွှီရန်၏ ပုံရိပ်မှာ ဝေဝါးသွားတော့သည်။ နှင်းဖွေးဖွေးကို ဝှေ့ယမ်းကာ မက်မွန်ပွင့်ကို ရှာဖွေခြင်းဟူသော နည်းစနစ်ဖြင့် ဓားသွားမှာ ဆရာ ဝမ်ကျင့်၏ ခုခံမှုကို ခဏချင်းအတွင်း ဖြတ်ကျော်သွားခဲ့သည်။ ဒိုင်းကို အပိုင်းပိုင်း ပိုင်းဖြတ်လိုက်ပြီးနောက် ဓားဦးမှာ ဆရာကြီး၏ လည်ပင်းပေါ်သို့ အသာအယာ ကျရောက်သွားခဲ့သည်။

မြန်လိုက်တာ။

တကယ့်ကို မြန်လွန်းတယ်။

အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားသည်ကိုသာ မြင်လိုက်ရပြီး ရွှီရန်က တိုက်ကွက်တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း အဆုံးသတ်လိုက်ခြင်းပင်။

ကျောင်းသားများမှာ ယခင်ကထက်ပင် ပိုမို ထိတ်လန့်ကုန်ကြသည်။ တိုက်ကွက်တစ်ခုထက်တစ်ခု ပိုမိုမြန်ဆန်လာသည်ဟု ခံစားနေရ၏။ ရွှီရန်၏ ဓားနည်းစနစ်မှာ လက်သီးထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။

ဆက်လက်၍ ပြသခဲ့သော ဓားမြှောင်နှင့် လှံနည်းစနစ်များမှာလည်း ကျောင်းသားများကို မှင်သက်မိစေခဲ့သည်။ ရွှီရန်၏ သရုပ်ပြမှုနှင့် ရှင်းလင်းချက်များသည် သူတို့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ပင်။

ရွှီရန်၏ ကိုယ်ပေါ်တွင် ကျင့်ကြံခြင်းလောကထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ထိပ်ဆုံးသို့ ရောက်ရှိနေသည့် လမ်းသစ်တစ်ခုကို ဖောက်လုပ်ပေးနေသည့် မဟာဆရာကြီးတစ်ဦး၏ အရိပ်အယောင်ကို မြင်တွေ့နေရသည်။ သူသည် ခက်ခဲနက်နဲလှသော ပညာရပ်များကို သူတို့ သင်ယူနိုင်ရန် အပိုင်းပိုင်း အစစ ခွဲခြမ်းကာ အရိုးရှင်းဆုံး ရှင်းပြပေးနေခြင်းပင်။

ထိုအရာက ဝူတန်ဆရာကြီး ကျန်းစန်းဖုန်းကိုယ်တိုင် သူတို့ကို လမ်းညွှန်ပေးနေသကဲ့သို့ပင်။ သို့မဟုတ် ဟုန်ကျွင်းနတ်ဘုရားဘိုးဘေး၏ တရားဟောပွဲကို တက်ရောက်ခွင့်ရသည့် နတ်ဘုရားလေးများအလား တကယ့်ကို ရခဲလှသော အခွင့်အရေးကြီးပင်။

ရှင်းပြချက်တိုင်းမှာ နတ်ဘုရားတို့၏ တေးသံသာများ နားထဲသို့ စီးဝင်လာသကဲ့သို့ ခံစားရသဖြင့် ပရိသတ်ကြီးမှာ နားထောင်လေလေ၊ စိတ်အားထက်သန်လေလေ ဖြစ်နေကြတော့သည်။

"နောက်ထပ်အပိုင်းကတော့ ခြေလှမ်းနဲ့ အလျင်အရှိန် အင်အားတို့အပေါ် အခြေခံထားတဲ့ အဆင့်မြင့်နည်းစနစ်ဖြစ်တဲ့ တုန်ခါမှု အင်အားပဲ"

"တုန်ခါမှု အင်အားဆိုတာ ဘာလဲ"

ရွှီရန်က ဓားကို ပြန်သိမ်းလိုက်ပြီး လူတိုင်း စိတ်ဝင်တစားရှိစေရန် မေးခွန်းထုတ်လိုက်သည်။

“တုန်ခါမှု အင်အားဆိုတာ အင်အားကို အပြင်ဘက်မှာပဲ ပေါက်ကွဲစေတာ မဟုတ်ဘဲ ရန်သူ့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်သွားအောင် လုပ်ဆောင်တာကို ဆိုလိုတာပါ"

ရွှီရန်က ဆက်လက်၍ "ဒါကို တတ်မြောက်ဖို့ဆိုရင် မင်းတို့ရဲ့ သွေးစွမ်းအင်အင်အားကို ထိန်းချုပ်တဲ့နေရာမှာ နူးညံ့သိမ်မွေ့ဖို့ လိုအပ်တယ်" ဟု ပြောကာ ဒုတိယမြောက် ဆရာကြီးတစ်ဦးကို စင်ပေါ်သို့ ဖိတ်ခေါ်လိုက်သည်။

All Chapters