ကစားကွင်းသရဲ (၄)
Vol. 5 Ch. 252
မွန်းလွဲပိုင်းရောက်တဲ့အချိန်မှာတော့ ချစ်စရာဂါဝန်လေး ဝတ်ထားတဲ့အိုလီရာနာက ဘဲရုပ်ကလေးကိုကိုင်ပြီး ကစားကွင်းထဲမှာကစားလို့ပေါ့။ ဒါပေမဲ့ အိုလီရာနာ့အရိပ်က ပုံမှန်ထက်နက်မှောင်နေပြီး အရွယ်အစားကြီးမားနေတယ်။
အရိပ်ထဲမှာတော့ နက်ဆန်က ရိုစယ်လီယာရဲ့ခါးကို ဖက်ထားပြီးရုပ်တည်ကြီးနဲ့ရှိနေတယ်။ နေရခက်နေတဲ့ ရိုစယ်လီယာကတော့ အထစ်ထစ်အငေါ့ငေါ့နဲ့ပဲ ပြန်မေးတယ်။
“ရှင်ကျွန်မကို လွှတ်ပေးလို့မရဘူးလား။”
“မရဘူး၊ ဒီနည်းလမ်းက အသားချင်းထိနေမှ အလုပ်ဖြစ်တာ။ မဟုတ်ရင် ငါ့အမှောင်ဘုံရဲ့ နက်ရှိုင်းတဲ့နေရာတွေအထိ မင်းပြုတ်ကျသွားလိမ့်မယ်။”
“.....” တမင်လုပ်နေတာလား အတည်ပြောနေတာလား ရိုစယ်လီယာမသိပေမဲ့လို့ နတ်ဆန်ရဲ့အမှောင်ဘုံထဲမှာက နက်ဆန့်စကားသာအတည်ဖြစ်တာမလို့ မငြင်းရဲခဲ့ပါဘူး။
အပြင်မှာတော့ အိုလီရာနာက လျှောပေါ်ကိုတက်သွားပြီ ဖြစ်ပြီးတော့ ပိုက်လုံးထဲကိုအရုပ်လေးပစ်ချလိုက်တယ်။ ပိုက်လုံးက အရှည်ကြီးမဟုတ်တာကြောင့် အရုပ်က စက္ကန့်မခြားဘဲ ပြန်ထွက်လာသင့်ပေမဲ့ အိုလီရာနာက ပိုက်လုံးကိုခေါင်းကျော်ကြည့်တော့ မြက်ခင်းပြင်ပေါ်မှာ ဘာအရုပ်မှရှိမနေဘူး။ ပိုက်လုံးထဲကိုငုံကြည့်တော့လည်း အရုပ်က ပျောက်ချင်းမလှပျောက်နေပါပြီ။
“သခင်... အရုပ်မရှိတော့ဘူး။” အိုလီရာနာက အရိပ်ထဲမှာ ပုန်းနေတဲ့နက်ဆန်ကိုလှမ်းဆက်သွယ်တယ်။
“ဟန်မပျက်စေနဲ့... တကယ့်ကလေးလို့ ကိုယ့်ကိုယ်ကိုယ် သဘောထားပြီးတော့ လျှောချသွားလိုက်။ တစ်နှစ်သုံး ရေပေးရဦးမလား။”
“အိုလီရာနာက... တကယ့်ကလေးပါ။ သခင်ပြောနေစရာ မလိုပါဘူး။” ကောင်မလေးက နှုတ်ခမ်းစူလိုက်ပြီး ခြေထောက်နှစ်ဖက်ကို လျှောထဲချလိုက်ကာ အစပ်မှာထိုင် လက်ကိုလွှတ်လိုက်တယ်။
ဖလွတ်...
အနည်းငယ်အားစိုက်လိုက်ပြီးနောက်တော့ အိုလီရာနာရဲ့ ခန္ဓာကိုယ်က လျှောပိုက်လုံးထဲကိုဝင်ရောက်သွားခဲ့ပါပြီ။ ပြင်ပက နေရောင်နဲ့အမြဲထိတွေ့နေရတဲ့ ပလက်စတစ် ပိုက်လုံးဖြစ်တဲ့အတွက်ကြောင့် နေလောင်ထားတဲ့ ကော်ရနံကိုရနေတယ်။ မွန်းလွဲပိုင်းဖြစ်တဲ့အတွက် မျက်နှာပြင်ကလည်း ပူလောင်လှပါဘိနဲ့။
“ဟိုဖက်မရောက်သေးဘူးလား...” အိုလီရာနာက မျက်မှောင်ကြုတ်လိုက်တယ်။ ပိုက်လုံးက လူတစ်ရပ်စာပဲ ရှိတာဖြစ်တဲ့အတွက်ကြောင့် အကြာကြီးအောက်ကို ပြုတ်ကျနေစရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ အိုလီရာနာ ပိုက်လုံးထဲမှာရှိနေဆဲပဲ။
“တကယ်ပဲ တည်နေရာကိုထိန်းချုပ်နိုင်တဲ့စွမ်းအားပဲ။ မြေကြော ချုံ့တဲ့ချဲ့တဲ့ပညာဆိုတာ ဒါမျိုးပေါ့။”
နက်ဆန်ကတော့ အိုလီရာနာကနေတစ်ဆင့် ပတ်ဝန်းကျင်ကို အာရုံခံစားလိုက်ပြီးတော့ ပြောလိုက်တယ်။ အဲဒီနောက်အိုလီရာနာကိုလည်း သတိပေးလိုက်လေရဲ့။
“အိုလီရာနာ... အဲဒီနတ်ဆိုးကိုတွေ့ရင် ချက်ချင်း မတိုက်နဲ့ဦး။ သူနဲ့အလိုက်သင့်ကစားပြီး လစ်တဲ့အချိန်ကျမှ ငါတို့တွေအတူတိုက်ကြမယ်။”
“အိုလီရာနာ မှတ်ထားပါ့မယ်။”
အိုလီရာနာက နက်ဆန်ကိုပြန်ဖြေပြီးတဲ့နောက်မှာတော့ ပြုတ်ကျနေတဲ့ဖြစ်စဥ်ကို ပြန်အာရုံစိုက်လိုက်ပါတယ်။ သူတို့ခရီးသွားနေတာ အနည်းဆုံးပေငါးရာလောက်ရှိပြီ။ ပန်းခြံတစ်ခုလုံးတောင် အဲဒီလောက်အလျားမရှိဘူး။
ပလက်စတစ်ပိုက်လုံးကြီးအတွင်းမှာ မှောင်မိုက်လာပြီး အပူချိန်ကလည်း အရိုးကွဲလောက်အောင် ကျဆင်းလို့ လာခဲ့ပါပြီ။ ပြုတ်ကျတာကြာလေ အရှိန်မြင့်လာလေလေ ဖြစ်တဲ့အတွက်ကြောင့် အိုလီရာနာဟာ ပိုက်လုံးနံရံတွေကို ဝေဝေဝါးဝါးသာမြင်ရတော့ပြီး နားထဲမှာလေတိုးသံတွေ ကြားနေရပြီ။
“ထူးဆန်းတယ်... ဒီလောက်အမြန်နှုန်းနဲ့လျှောတိုက်ပြီး သွားနေရင် လူသားတစ်ယောက်ရဲ့အရေပြားတွေ အကုန်စုတ်ပြတ်သွားနိုင်တယ်။ ဒါပေမဲ့ အိုလီရာနာ ဘာမှမဖြစ်ဘူးပဲ။ ဒါလည်း နတ်ဆိုးရဲ့စွမ်းအားလား။”
ရိုစယ်လီယာက ကောက်ချက်ချလိုက်တယ်။ အိုလီရာနာက ဘာမှပြန်မဖြေဘဲ ရှေ့ကိုသာ ဆက်ကြည့်နေပါတယ်။ မကြာခင်မှာပဲ ပိုက်လုံးက မှောင်မိုက်နေရာကနေ အလင်းရောင်ပြန်ရလာပြီးနောက် ထွက်ပေါက်ကို မြင်လိုက်ရပြီ။
ဘုတ်....
ပိုက်လုံးထဲကနေ ထွက်လာပြီးတဲ့နောက်မှာတော့ အိုလီရာနာက နူးညံ့အိစက်တဲ့မျက်နှာပြင်တစ်ခုပေါ် ပြုတ်ကျပြီးနစ်မြုပ်သွားတယ်။ ရုန်းကန်ပြီးတော့ အပေါ်ကိုပြန်ဆန်တက်လိုက်တော့ အိုလီရာနာဟာ သူ့လည်ပင်းလောက်အထိမြုပ်နေတဲ့ အမွှေးပွရုပ်ပုံထဲ နစ်မြုပ်နေခဲ့မှန်း သတိထားလိုက်မိပါတော့တယ်။
“များလိုက်တဲ့အရုပ်တွေ... ဒီကိုကလေးဘယ်နှစ်ယောက် ရောက်လာပြီးပြီလဲ။”
အိုလီရာနာရဲ့အရိပ်ထဲကနေ မီးတောက်နဲ့ဖန်တီးထားတဲ့ ပုစဥ်းငယ်လေးတစ်ကောင် မသိမသာပျံထွက်လာပြီး ပတ်ဝန်းကျင်ကိုလေ့လာလိုက်တယ်။ ရိုစယ်လီယာက ပုစဥ်းကိုထိန်းချုပ်နေတာဖြစ်ပြီး သူ့ရဲ့သက်တံရောင် မျက်လုံးတွေက မှော်စွမ်းအားနဲ့ဖန်တီးထားတဲ့ပုစဥ်းရဲ့ မြင်ကွင်းကို မျှဝေမြင်နေရတယ်။ ရေကူးကန်ငယ် တစ်ခုစာအရုပ်တွေက အိုလီရာနာကိုဖုံးလွှမ်းနေတာ။
“ဟားဟားဟား... သူငယ်ချင်းလေးတစ်ယောက် ရောက်လာပြီပဲ။ ဒီနေ့ ဘယ်သူမှမလာသေးလို့ ဖိုးဖိုးမိုလော့ခ်ကို သူငယ်ချင်းတွေ မုန်းသွားပြီထင်နေတာ။”
ရုတ်တရက် လေထုထဲမှာ ဆံပင်စုတ်ဖွားနဲ့အဖိုးကြီး တစ်ယောက်ပေါ်လာပြီး အိုလီရာနာကိုနှုတ်ဆက်တယ်။ အဖိုးကြီးရဲ့လက်နှစ်ဖက်လုံးမှာ ရုပ်သေးလက်အိတ်တွေ စွပ်ထားပြီး လက်အိတ်တစ်ခုက အိုလီရာနာရဲ့ဘဲရုပ်ပါ။ တခြားတစ်ခုကိုတော့မသိပေမဲ့ အရင်လာတဲ့ ကလေးဆီက ဖြစ်တဲ့ပုံပါပဲ။
“ဒီအရုပ်လေးအတွက် ကျေးဇူးတင်ပါတယ် သူငယ်ချင်း။ မင်းတို့တွေပေးတဲ့အရုပ်တွေတိုင်းကို ဟောဒီက ဖိုးဖိုးမိုလော့ခ်က တယုတယ သိမ်းထားနေကျ။” အဖိုးကြီးရဲ့ပါးစပ်က လှုပ်မနေဘူး။ လက်ထိုးရုပ်သေးတွေကသာ လှုပ်နေပြီး စကားပြောနေတာ။
အဖိုးကြီးရဲ့မျက်နှာနဲ့မျက်လုံးတွေက ရုပ်သေဖြစ်ပြီး လေထုထဲကနေဆင်းသက်လာပါတယ်။ အိုလီရာနာက အဲဒီမြင်ကွင်းကို ဂရုမစိုက်သလိုမျိုးကြည့်လိုက်ရင်း မေးလိုက်ပါလေရော။
“အပေါ်မှာ ကစားရတာပျင်းစရာကြီး။ ဒီမှာ ဘာကစားနည်းတွေရှိလဲ။”
“ကစားနည်းတွေအများကြီးရှိတာပေါ့ သူငယ်ချင်းရ။ ဖိုးဖိုးမိုလော့ခ်နောက်ကိုလိုက်ခဲ့...”
အဖိုးကြီးက မြေပြင်ကိုခြေထောက်မရှိဘဲ ရှေ့ကနေ ဦးဆောင်သွားပါတယ်။ သူ့ပုံစံက ပျံသန်းနေတယ် ဆိုတာထက် တရွတ်တိုက်ဆွဲခံနေရသလိုပဲ။
မျက်ကွယ်မှာပုန်းနေခဲ့တဲ့ မီးတောက်ပုစဥ်းကလည်း အဲဒီမြင်ကွင်းကိုကြည့်နေခဲ့တယ်လေ။ ရိုစယ်လီယာက သူ့ခါးပေါ်လက်တင်ထားသေးတဲ့နက်ဆန်ကိုပြောတယ်။
“ညအရှင်... အဲဒီအဖိုးကြီးက သူဝင်ပူးထားတဲ့ လက်ခံကောင်မဟုတ်ဘူး။ နတ်ဆိုးက အဲဒီလူရဲ့ခန္ဓာကိုယ်ကို လက်ထိုးရုပ်သေးလိုသုံးပြီး စကားပြောနေသလိုမျိုးပဲ။”
“နားလည်ပြီ... တစ်နည်းအားဖြင့် ဒီကောင်ရဲ့တကယ့် ပုံစံအစစ်ကိုငါတို့ရှာရမယ်။ အဲဒီအချိန်မတိုင်ခင်တော့ အိုလီရာနာက ငါတို့ကိုအချိန်ဆွဲထားပေးဖို့ မျှော်လင့်ရတာပဲ။”
နက်ဆန်က သက်ပြင်းချလိုက်ပြီး ရိုစယ်လီယာရဲ့ မျက်နှာမှာတော့ စိုးရိမ်တဲ့အရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေရဲ့။
အရူးအဖိုးကြီးကတော့ အိုလီရာနာကို လီဂိုအုတ်ခဲတွေနဲ့ တည်ဆောက်ထားတဲ့ နန်းတော်ကြီးတစ်ခုဆီကို ခေါ်လာပါတယ်။ ဒီနေရာမှာရှိနေတဲ့အရုပ်တွေ အကုန်လုံးက အသက်ဝင်နေပြီး ဆောက်လုပ်ရေး လုပ်သားလီဂိုတွေက အဆောက်အဦသစ်တွေကို တည်ဆောက်နေသလို လမ်းသွားလမ်းလာ လီဂိုတွေကလည်း လူကူးမျဥ်းကြားတစ်ခုကို ဖြတ်ကူးနေကြတယ်။
“ဒါကတော့ ဖိုးဖိုးမိုလော့ခ်ရဲ့ရှင်သန်နေတဲ့ လီဂိုမြို့ကြီးပဲ။ စိတ်မဝင်စားဘူးလား. ..”
“ဝိုး...” အိုလီရာနာက မြို့ကြီးကိုတစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်ချင်ယောင်ဆောင် အသံတစ်ချက်ပြုတယ်။ ဒါပေမဲ့သူ့ပုံစံက ပျင်းရိနေတာအသိသာကြီး။ အဖိုးကြီးမိုလော့ခ်ရဲ့မျက်နှာသေလည်းနည်းနည်းမဲ့သွားရော။ ဒါပေမဲ့ သူ့ညာလက်က ဘဲရုပ်သေးရုပ်က အိုလီရာနာနားကပ်လာပြီး ပါးစပ်ကိုဟစိဟစိလုပ်ကာ မေးလိုက်တယ်။
“သူငယ်ချင်းလေးက မပျော်ဘူးလား။”
အိုလီရာနာကတော့ ဘယ်ကတည်းကယူလာမှန်းမသိတဲ့ ဖုန်းကိုထုတ်ပြလိုက်ပြီးတော့ ကလေးချစ်အဖိုးကြီးကို ပြန်မေးလိုက်တယ်။
“ဟဲ့... ဒီလီဂိုအရုပ်လေးတွေနဲ့ယှဥ်ရင် ဂိမ်းကစားတာ ပိုပျော်စရာမကောင်းဘူးလား။ Phantom Scarlet အတူဆော့ကြမယ်လေ။”
ဘုန်း...
အရူးအဖိုးကြီးရဲ့နောက်ရုပ်သေးတစ်လက်က အိုလီရာနာ့ဖုန်းကို ဆွဲယူပြီးလွှင့်ပစ်လိုက်ပါတယ်။ အဲဒီနောက်တော့ ရုပ်သေးနှစ်ရုပ်လုံးက အိုလီရာနာကို မသန်မစွမ်းလူတစ်ယောက်ကို ကရုဏာသက်နေတဲ့ ပုံစံနဲ့ ကြည့်လိုက်ကြတယ်။
“သူငယ်ချင်းလေးက ဂိမ်းစွဲနေတာပဲ။ သနားစရာ၊ သနားစရာ။ သူငယ်ချင်းလေးရဲ့မိဘဆိုးတွေက ဖုန်းတစ်လုံးပေးပြီး ပစ်ထားလောက်တဲ့အထိ သူငယ်ချင်းလေးကို ရက်စက်တာပဲ။ သူငယ်ချင်းလေးကို တကယ့်ပျော်စရာအစစ်ဆိုတာဘာလဲ သင်ပေးရမယ်။”
အဲဒီမြင်ကွင်းကို ကြည့်နေတဲ့ ရိုစယ်လီယာကတော့ အိုလီရာနာရဲ့အရိပ်ထဲမှာပုန်းနေရင်း မနေနိုင်တော့ဘဲ ပါးစပ်ကိုလက်နဲ့အုပ်ရယ်မိတော့တာ။
“ရှင်တကယ်ပဲ အဲဒီကောင်မလေးကို ဖုန်းပေးပြီး လွှတ်ထားတာလား။”
နက်ဆန်က ပခုံးတွန့်ပြရင်း ဝန်ခံလိုက်တာပေါ့။ “ဖုန်းကိုအစလုပ်တာက ဆယ်ဗီ။ ဂိမ်းဆော့ သင်ပေးလိုက်တာကတော့ ဒေါ်ရသီ။ ဒါလီယာရှိတုန်းက အပြင်ထွက်ကစားပေမဲ့ အခုတော့ ဂိမ်းပဲ နှိပ်နေတော့တာ။”
“ရှင် ဒီနတ်ဆိုးကို ကလေးထိန်းငှားသင့်တယ်လို့ မထင်ဘူးလား။”
ရိုစယ်လီယာကြောင့် နက်ဆန်လည်း အနည်းငယ်ပြုံးလိုက်မိတယ်။ သူတို့နှစ်ယောက် ကြားထဲမှာရှိနေခဲ့တဲ့ တင်းကျပ်တဲ့လေထုက အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီး အနည်းငယ်နွေးထွေးတဲ့ ခံစားချက်တစ်ခုက အစားဝင်လာခဲ့တယ်။
အပြင်ဘက်မှာတော့ အရူးအဖိုးကြီးက အိုလီရာနာကို ကစားစရာတွေတစ်ခုပြီးတစ်ခုလိုက်ပြရင်း အလုပ်ရှုပ် နေခဲ့တာပေါ့။
“သူငယ်ချင်းလေး... ဒါက လှုပ်ရှားသွားလာနိုင်တဲ့ စစ်တုရင်ရုပ်တွေလေ။ ဂိမ်းကစားတာထက် ပိုပြီးတော့ ပျော်စရာကောင်းတယ်။”
အရူးအဖိုးကြီးက အိုလီရာနာကို အဖြူရောင် စစ်တုရင်ရုပ်တွေထဲက ဘုရင်မရုပ်ပေါ်တင်ပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ တခြားတစ်ဖက်က အနက်ရောင် စစ်တုရင်ရုပ်တွေနေရာမှာ ဝင်ကစားတယ်။
ကစားနည်းက အလှည့်ကျမဟုတ်ဘဲ တကယ့်တိုက်ပွဲ ဖြစ်နေသလိုမျိုးကို ပွန်းတွေက ရှေ့ကနေအရင်ပြေး စစ်တပ်ဖွဲ့စည်းပုံခင်း အချင်းချင်းတိုက်ကြပြီးတော့ နိုက်တွေက စီမံကွပ်ကဲနေတယ်။ ဘစ်ရှော့ခ်တွေကတော့ အိုလီရာနာကို စစ်ဗျူဟာအကြံတွေဝိုင်းပေးကြပြီး ရော့ခ်တွေက အပြန်အလှန်မြားတွေနဲ့ပစ်နေကြတာ။
“ သူတို့ကစားနေတုန်း ကျွန်မတို့ အလုပ်လုပ်တာပေါ့။”
ရိုစယ်လီယာက အပြင်ဘက်က အဖြစ်အပျက်တွေအပေါ် နစ်မျောမသွားဘဲ နောက်ထပ်မီးပုစဥ်းတချို့ကိုဖန်တီးပြီး တည်နေရာတစ်ခုလုံးအနှံကို စတင်ကင်းထောက်ပါတယ်။
တစ်ဖက်မှာတော့ အိုလီရာနာက ကစားနည်းတွေနဲ့ စတင်အသားကျလာပြီး ရယ်မောမိပေမဲ့ချက်ချင်းပဲ အထီးကျန်သလိုခံစားလာရတာကြောင့် ပြန်မှိုင် သွားပြန်တယ်။
“ဒါလီယာကိုသတိရလိုက်တာ...” အိုလီရာနာက တစ်ဖက် စစ်တုရင်ရုပ်တွေပေါ်က အရူးကြီးကိုကြည့်ရင်း ရေရွတ် လိုက်ပါတယ်။ သူသာ ဒါလီယာနဲ့ဆက်ပြီးဆော့ကစား နိုင်ဦးမယ်ဆိုရင်...
အာရုံပြန့်လွင့်နေခဲ့တဲ့အတွက် တိုက်ပွဲကို သေချာမကွပ်ကဲနိုင်ခဲ့တဲ့ အိုလီရာနာ့စစ်တုရင်ရုပ်တွေကို အရူးအဖိုးကြီးက အလွယ်တကူဖျက်ဆီးနိုင်ခဲ့တယ်။
“သူငယ်ချင်းလေး... ငါနိုင်သွားပြီ။” အရူးအဖိုးကြီးရဲ့ ဘဲရုပ်က အိုလီရာနာ့အနားကိုရောက်လာပြီးပြောပေမဲ့ အိုလီရာနာက မှိုင်နေဆဲပဲ။ အရူးအဖိုးကြီးလက်ထဲက ဘဲရုပ်ကတော့ ဒေါသထွက်နေဟန်နဲ့။
“သူငယ်ချင်းလေးအိမ်က လူကြီးတွေက သူငယ်ချင်းလေးကို ဂရုမစိုက်လို့ငိုနေတာလား။ လူကြီးတွေက အဲဒီလိုပဲလေ။ စာကျက်ခိုင်းမယ်၊ ကျောင်းသွားခိုင်းမယ်၊ မစားချင်တာတွေ အတင်းစားခိုင်းမယ်၊ စားချင်တာကျမကျွေးဘူး။ ဖုန်းတစ်လုံးနဲ့ အခန်းထဲမှာလည်း ပစ်ထားတတ်သေးတယ်။ ဘယ်လောက်ဆိုးလိုက်သလဲ။ အလကား၊ အသုံးမဝင်တဲ့ အမှိုက်တွေပဲ။”
ဘဲရုပ်က စတင်ပြီးတော့ အဆိုးမြင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ အဲဒီနောက်တော့ သွေးဆောင် ဖြားယောင်းတဲ့လေသံအဖြစ်ပြောင်းသွားပြီး...
“ဒီဒုက္ခတွေအားလုံးကို ငြိမ်းသွားစေချင်တယ်ဆိုရင် ဖိုးဖိုးမိုလော့ခ်ကို သူငယ်ချင်းလေးက မိဘတွေကို မုန်းတယ်လို့ပြောရုံပဲ။ ဒါဆိုရင် ဖိုးဖိုးမိုလော့ခ်က သူငယ်ချင်းလေးဘဝထဲကနေ လူကြီးတွေကို ပျောက်ကွယ်သွားအောင်လုပ်ပေးမယ်။
ဒါဆိုရင် သူငယ်ချင်းလေး လွတ်လပ်သွားပြီး စားချင်တိုင်းစား၊ ကစားချင်တိုင်းကစားလို့ရပြီ။”
အိုလီရာနာကို မိုလော့ခ်က ဆွဲဆောင်နေချိန်မှာပဲ ပုစဥ်းတွေကို အာရုံစိုက်နေခဲ့တဲ့ ရိုစယ်လီယာက မျက်လုံးပြန်ဖွင့်လိုက်တယ်။
“ညအရှင်... ဒီနေရာရဲ့အောက်တည့်တည့်မှာ ဆဲမိုက်ကဗျာထဲကအတိုင်းပဲ သားသတ်ခန်းကြီး ရှိနေတယ်။ အရွယ်ရောက်ပြီးလူ့အလောင်းတွေ ပုံထပ်နေတာပဲ။ အနည်းဆုံး ရာဂဏန်းရှိမယ်။ ဒီနတ်ဆိုးက စွမ်းအားနည်းမှာမဟုတ်ဘူး။”
အပြင်ဘက်မှာတော့ အိုလီရာနာက နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး ခေါင်းကိုငိုက်စိုက်ချထားတယ်။ သူ့ပုံစံက တစ်ခုခုကိုခံပြင်းနေပုံပဲ။ နောက်တော့ မျက်ရည်တွေကျလာရော။
“အိုလီရာနာရဲ့မိဘအစစ်တွေက လူကောင်းတွေ မဟုတ်ခဲ့ဘူး။ သူတို့တွေက အိုလီရာနာကို စွန့်ပစ်ခဲ့ကြတယ်ဆိုပေမဲ့... အိုလီရာနာက သူတို့ကိုမကြိုက်ဘူး ဆိုပေမဲ့လို့... “
အိုလီရာနာက ခေါင်းကိုပြန်မော့ပြီး အရူးအဖိုးကြီးကို စူးရှတဲ့အကြည့်တွေနဲ့ကြည့်လိုက်တယ်။
“အိုလီရာနာက သူ့ဘဝထဲမှာရှိနေတဲ့ လူကြီးတွေကို ပျောက်ကွယ်မသွားစေချင်ဘူး။”
အိုလီရာနာဆီက ပြင်းထန်တဲ့စကားတွေကြောင့် အဖိုးကြီး ဘယ်လိုတုံ့ပြန်ရတော့မှန်းမသိတော့ဘဲ ဘဲရုပ်ကလေး ပါးစပ်အဟောင်းသားဟသွားတယ်။
အိုလီရာနာကတော့လက်ကို ဟန်ပါပါမြှောက်လိုက်ပါပြီ။
“သခင်က အိုလီရာနာရဲ့ဘဝကို ပြန်ယူလာပေးခဲ့တယ်။ ဆယ်ဗီက လှပတဲ့ဒီကမ္ဘာကြီးထဲကအရာတွေကို မြင်အောင်ပြသပေးခဲ့တယ်။ မိုနီကာက အိုလီရာနာအနေနဲ့ ကိုယ်ချစ်တဲ့အရာတွေကို အသက်နဲ့ရင်းပြီးကာကွယ်ဖို့ သင်ပေးခဲ့တယ်... ဒါကြောင့်... အိုလီရာနာ တကယ်မုန်းတာက...”
ဝေါ... ဖရော... ဖောက်....
အိုလီရာနာရဲ့စကားတွေနဲ့အတူ စစ်တုရင်ခုံကြီးရဲ့ ကြမ်းပြင်အက်ကွဲသွားပြီး သစ်ပင်ပန်းမန်တွေက အက်ကြောင်းတွေကြားထဲမှာစတင်ကြီးထွားလာတယ်။
“ရှင့်လိုမျိုး ကလေးတွေကို မသိနားမလည်ဘူးထင်ပြီး လှည့်စားနေတဲ့သူတွေကိုပဲ။”
ဘုန်း....
သစ်ပင်စည်ငယ်လေးတွေ တစ်ခုနဲ့တစ်ခု ရစ်ပတ်သွားပြီးနောက် နွယ်လုံးကြီးကြီးတွေအဖြစ် ပြောင်းလဲသွားကာ အရူးအဖိုးကြီးကို တိုက်ခိုက် လိုက်ပါတော့တယ်။