ကစားကွင်းသရဲ (၅)
Vol. 5 Ch. 253
အိုလီရာနာက မိုလော့ခ်ကိုစတိုက်တာနဲ့ ရိုစယ်လီယာရောနက်ဆန်ပါ သွားပြီလို့ စိတ်ထဲအလိုလိုတွေးလိုက်မိတယ်။ ရန်သူက သာမန် မိစ္ဆာမဟုတ်သလို တစ္ဆေသရဲလည်းမဟုတ်ပါဘူး။ တကယ့် ငရဲကတက်လာတဲ့နတ်ဆိုးလေ။ ဒါ့အပြင်လူပေါင်းများစွာကိုလည်း ဝါးမျိုထားပြီးပြီ။
ဖောင်း...
အခုအချိန်မှာတော့ အိုလီရာနာက တိုက်စစ်စဖွင့်ပြီးဖြစ်တာမလို့ တားလို့မမီတော့ဘူး။ သစ်နွယ်ပင်တွေက အရူးအဖိုးရဲ့ဝမ်းဗိုက်ကို ထိုးဖောက်သွားပြီး အဖိုးကြီးလက်ထဲက လက်ထိုးရုပ်သေးတွေ မြေပေါ်ပြုတ်ကျသွားပြီ။ ဒါပေမဲ့ သွေးတစ်စက်မှကျမလာဘူး။ အဲဒီအစား လဲမို့တွေသာ ထွက်ကျလာခဲ့တယ်။ အိုလီရာနာရဲ့ သစ်သားချွန်ဟာ သံမဏိနံရံတွေကိုတောင်ထွင်းဖောက်နိုင်စွမ်း ရှိပေမဲ့လို့ အဖိုးကြီးရဲ့ကျောနောက်ကနေပြန်ထွက်မလာဘဲ မာကျောတဲ့အရာတစ်ခုကိုထိမိသလိုမျိုး တုန့်ခနဲရပ်သွားတာ။
“ဪ... သူငယ်ချင်းလေးက သာမန်ထက်ထူးကဲတာပဲ။ ဒါပေမဲ့ ယဥ်ကျေးရကောင်းမှန်း မသိဘူး။”
“အိုလီရာနာ၊ ရှောင်....” နက်ဆန်ရဲ့အသံက အရိပ်ကိုဖြတ်သန်းပြီး အိုလီရာနာရဲ့နားထဲရောက်လာတယ်။ အိုလီရာနာကိုယ်တိုင်လည်း ကျက်သီးမွှေးညှင်းတွေထသွားပြီး ရပ်နေတဲ့နေရာကနေ နောက်ကို ခုန်ဆုတ်လိုက်တာပေါ့။
ဘုန်း...
အိုလီရာနာရပ်နေခဲ့တဲ့နေရာက စစ်တုရင်ခုံကြွေပြားတွေဟာ ကြီးမားတဲ့အားတစ်ခုနဲ့ဖိချခံလိုက်ရသလိုမျိုး နိမ့်ဆင်းသွားပြီး ကွဲအက်ကျိုးပဲ့ကုန်တယ်။ ငါးမီတာအချင်းရှိတဲ့ လက်ဝါးရာကြီး ကြမ်းပြင်မှာပေါ်လာပြီးနောက်မှာတော့ အိုလီရာနာဟာ သူတို့ရှေ့မှာ တစ်ချိန်လုံးရှိနေခဲ့တဲ့ သတ္တဝါကြီးရဲ့စစ်မှန်တဲ့ပုံစံကို မြင်လိုက်ရပါပြီ။
“မိုလော့ခ်... ဒါက စစ်မှန်တဲ့ ဆဲလ်မိုက်တစ် နတ်ဆိုးတစ်ကောင်ရဲ့ပုံစံလား။” အိုလီရာနာရဲ့အရိပ်ထဲက ထွက်လာတဲ့ ရိုစယ်လီယာက လက်ထဲမှာ မီးတောက်နေတဲ့ ဘေ့ဘောတုတ်ကိုကိုင်ထားရင်း သူ့ရှေ့မှာရှိနေတဲ့သတ္တဝါကြီးကို ကြည့်လိုက်ပါပြီ။
ဧရာမနတ်ဆိုးကြီးမိုလော့ခ်ဟာ မီတာခြောက်ဆယ်လောက် အရပ်ရှိတယ်။ လူသားတစ်ယောက်ရဲ့လက်တွေခြေတွေ ရှိနေပေမဲ့အမွှေးအမျှင်ထူထပ်ပြီး ခေါင်းကနေကျွဲချိုထွက် မျက်နှာကတော့ ဆိတ်တစ်ကောင်နဲ့တူတယ်။ ပါးစပ်ထဲကနေ သွေးမြူမှုန်တွေကို မီးတောက်လိုမှုတ်ထုတ်နေပြီး သူရှိနေရုံနဲ့တင် ဒီတည်နေရာကြီးတစ်ခုလုံးရဲ့အပူချိန်က သဲကန္တာရလေလိုမျိုး ပူပြင်းခြောက်သွေ့လာခဲ့ပါပြီ။
နက်ဆန်ကလည်း အရိပ်ထဲကနေထွက်လာပြီးတော့ အိုလီရာနာ့ရှေ့ ရပ်လိုက်ပါတယ်။ သူကလည်း နတ်ဆိုးကြီးကိုကြည့်နေရင်းကနေ..
“မင်းအခြေခံတွေကို မှတ်မိတယ်မဟုတ်လား။ နတ်ဆိုးတွေ ကမ္ဘာပေါ်ကိုရောက်လာရင် ခန္ဓာကိုယ်မရှိဘူးဆိုတာလေ။ ဒီကောင် သူ့နယ်မြေထဲမှာမလို့ သူစုစည်းထားတဲ့စွမ်းအားတွေကိုသုံးပြီး အကောင်အထည်ဖန်ဆင်းထားတာ။ ဒီပုံစံကို ထိန်းထားဖို့အတွက် စွမ်းအင်အများကြီးလိုမယ်။ ပြဿနာက သူ့မှာ စွမ်းအင်ဘယ်လောက် ကျန်သေးလဲငါတို့မသိတာပဲ။”
“သူငယ်ချင်းလေးက လူကြီးတွေကိုပါခေါ်လာတယ်ပေါ့။ ကစားကွင်းစည်းကမ်းကိုဖောက်တဲ့မင်းကိုရော လူကြီးတွေကိုပါ သတ်ပစ်မယ်။”
နက်ဆန်နဲ့ရိုစယ်လီယာတို့ဆွေးနွေးနေချိန်မှာ မိုလော့ခ်က ရပ်ပြီး မကြည့်နေခဲ့ဘူး။ သူက ပါးစပ်ကြီးကိုဟပြီး ကြက်သွေးရောင် မီးတောက်တွေနဲ့ နက်ဆန်တို့လူစုဆီကို မှုတ်ထုတ်လိုက်တယ်။
“လူစုခွဲ...” နက်ဆန်က ချက်ချင်းအော်လိုက်ပြီး အရိပ်အဖြစ်ကို ပြောင်းလဲပျောက်ကွယ်သွားတယ်။ ရိုစယ်လီယာရဲ့ကျောမှာလည်း မီးတောင်ပံတွေထွက်ပေါ်လာပြီး လေပေါ်ပျံတက်လိုက်ပါတယ်။ အိုလီရာနာအတွက်ကတော့ သူ့ခန္ဓာကိုယ်ကနေနွယ်ပင်တွေ ထွက်ပေါ်လာပြီး တုတ်ထောက်ခုန်ခုန်သလိုမျိုးအဝေးကြီးကို ခုန်ထွက်လိုက်တယ်။
ဟူး...
သွေးရောင်မီးတောက်တွေကတော့ စစ်တုရင်ကွင်းကြမ်းပြင်က ကျောက်ပြားတွေကို ချော်ရည်ပူပူအဖြစ်ပြောင်းလဲစေခဲ့တယ်။ ဒါပေမဲ့ နက်ဆန်ကတော့ အမှောင်ထုတစ်နေရာမှာပြန်ပေါ်လာခဲ့ပြီး သူ့လက်ကို ဟန်ပါပါမြှောက်လိုက်တယ်။
“မော်လီ... သွားကြစို့...”
“သခင့်အမိန့်အတိုင်းပါပဲ။” နက်ဆန်ရဲ့အရိပ်ထဲကနေပြီး သံကြိုးတွေထွက်ပေါ်လာကာ လက်ထဲမှာတံစဥ်တစ်ခုဖြစ်တည် လာခဲ့ပါပြီ။ နက်ဆန်ရဲ့မျက်လုံးတွေဟာ အနီရောင်ပြောင်းသွားပြီး ကြောက်ရွံထိတ်လန့်စရာကောင်းတဲ့အရှိန်အဝါတွေ သူ့ဆီကနေ ဖြာထွက်လာနေတယ်။
“သခင်... ကျွန်မရဲ့ကြောက်ရွံခြင်းနယ်ပယ်ကို သခင့်ဆီက တစ်ဆင့် ထုတ်လွှတ်ပြီးတိုက်ကြတာပေါ့။”
“ကောင်းပြီ။” နက်ဆန်ကတော့ သူ့ရဲ့ထိတ်လန့်ဖွယ်ရာ မျက်လုံးတွေနဲ့ မိုလော့ခ်နတ်ဆိုးကြီးကိုကြည့်လိုက်တယ်။ နက်ဆိုးကြီးက သူ့ဆီကိုလာနေပြီဖြစ်ပြီး ပါးစပ်ထဲကနေ မီးတောက်မီးလျှံတွေထွတ်လို့။ နက်ဆန်ဟာလည်းပဲ အလျှော့ပေးမယ့်အစား လပြည့်ဝန်းမျက်နှာဖုံးကိုပါစွပ်ချလိုက်ပြီး အမှောင်ထုကြီးတစ်ခုလုံးနဲ့ အသားကျသွားလေရဲ့။
“ အမှောင်ထုအတွင်းမှာနေထိုင်ပြီး အမှောင်ထု၏ဂုဏ်သရေကို ပျက်ပြားစေသော အပြစ်သားအပေါင်းတို့။ ညနတ်ဘုရားမ၏ နာမတော်ကို တိုင်တည်လျက် သင်တို့အား ငါနှိမ်နင်းမည်။”
ဝုန်း....
ကြောက်စရာကောင်းတဲ့အသွင်မဲ့အမှောင်ထုကြီးဟာ ရှေးကျလွန်းတဲ့ နတ်ဆိုးကြီးမိုလော့ခ်ဆီကို ချီတက်သွားခဲ့ပါပြီ။ ရိုစယ်လီယာကလည်း အဲဒီမြင်ကွင်းကိုကြည့်ရင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်ပါတယ်။
“ကြောက်စရာကောင်းလိုက်တဲ့စွမ်းအား... ဒါပေမဲ့ ဒီနေရာမှာ ငါအရှုံးပေးလိုက်လိုမဖြစ်ဘူး။” ရိုစယ်လီယာရဲ့မျက်လုံးတွေက သက်တံရောင်တောက်ပလာပြီး ဘေ့ဘောစ်တုတ်ကလည်း ကြမ်းပြင်ကိုတောင်အရည်ပျော်စေတဲ့ အပူရှိန်တွေကို ထုတ်လွှင့်လို့။
“ မိသားစုအပေါင်းတို့အပေါ် နွေးထွေးသောမေတ္တာဓာတ်ကို ဖြန့်ဖြူးပေးပါသော ဟစ်စရီယာအရှင်မ။ မိသားစုအပေါင်းတို့ကို ကွဲကွာစေသော ဤနတ်ဆိုးကိုနှိမ်နင်းရန် ခွန်အားတို့ပေးသနားပါ။” ရိုစယ်လီယာရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို မီးလျှံခုနစ်ပါး ဖီးနစ်ကဝါးမျိုပြီးချိန်မှာတော့ ကြယ်တံခွန်တစ်စင်းလိုမျိုး မိုလော့ခ်ဆီကို တိုးဝင်သွားလေရဲ့။
အိုလီရာနာကလည်း ခုန်ပေါက်ထွက်ပြေးနေရာကနေရပ်လိုက်ပြီး တိုက်ခိုက်နေကြတဲ့လူကြီးနှစ်ယောက်ကို ကြည့်လိုက်ပါတယ်။ နောက်တော့ သူကိုယ်တိုင်လည်း ဒူးထောက်ချလိုက်ပြီးတော့ မြေပြင်ကိုလက်ဝါးနဲ့ထိလိုက်လေရဲ့။
“အရှင်ပန်၊ ကျွန်မဒါလီယာကို မကယ်လိုက်နိုင်ဘူး။ အရှင့်ကို ကိုးကွယ်တဲ့သူဆိုလို့ ကျွန်မပဲရှိတော့တာဆိုပေမဲ့ အနည်းဆုံးတော့ သခင့်အတွက်အသုံးဝင်တဲ့သူတော့ ဖြစ်ချင်တယ်။ ဒီအတွက် ကျွန်မကို ဘယ်သူမှလာတားလို့မရဘူး။”
သစ်သားကျောင်းတော်ရဲ့နတ်ဘုရားပန်က သေဆုံးသွားခဲ့ပြီး ကျောင်းတော်လည်းပျက်စီးခဲ့ရတယ်။ ဒါလီယာမှာဆုတောင်းစရာ နတ်ဘုရားတစ်ပါးမှရှိမနေဘူး။ ဒီလိုဆိုရင်တောင် သူ့စိတ်ဆန္ဒတွေက ခိုင်မြဲလွန်းတယ်လေ။
ဝုန်း....
မိုလော့ခ်ဖန်တီးထားတဲ့တည်နေရာကြီးတစ်ခုလုံး လှုပ်ခါလာပြီး ပျက်စီးလုနီးနီးဖြစ်နေတဲ့ စစ်တုရင်ကွင်းအောက်ကနေ သေခြင်း အငွေ့အသက်တွေပါဝင်နေတဲ့သစ်နွယ်သစ်မြစ်တွေထွက်ပေါ်လာပြီး မိုလော့ခ်ကြီးရဲ့ခြေထောက်တွေကို စတင်ချုပ်နှောင်ကာ အရှိန်နှုန်းနဲ့တိုက်ခိုက်နိုင်စွမ်းကိုနှေးကျသွားစေတယ်။
မိုလော့ခ်ကတော့ အရိပ်တွေနဲ့တသားတည်းဖြစ်နေတဲ့နက်ဆန်ကို လက်သည်းတွေနဲ့လိုက်လံကုပ်ဖဲ့ဖို့ကြိုးစားပေမဲ့ နက်ဆန်ဟာ နေရာတိုင်းမှာရှိနေသလို တစ်ပြိုင်နက်တည်းမှာရှိမနေပြန်ပါဘူး။ အာလ္လုင်နဲ့တိုက်ခိုက်ပြီးနောက် သူ့ဗျူဟာတွေကို မွန်းမံခဲ့တယ် မဟုတ်လား။
“သာမန်နတ်တစ်ပိုင်းလေးသုံးကောင်က ငါ့ကိုဝိုင်းတိုက်ရဲတယ်။ ဒီနတ်ဘုရားက မင်းတို့ကိုတစ်စစီလုပ်ပစ်မယ်။”
မိုလော့ခ်က အော်ဟစ်နေပေမဲ့ အိုလီရာနာရဲ့နွယ်ပင်တွေကြောင့် အခြေပျက်သွားပြီး လဲကျမလိုဖြစ်သွားပြီ။ ရိုစယ်လီယာကလည်း အခွင့်အရေးကိုလက်လွှတ်မခံဘဲ ကြယ်တံခွန်တစ်စင်းလိုမျိုး မိုလော့ခ်ရဲ့ခေါင်းပေါ်မှာပေါ်လာပြီး ခန္ဓာကိုယ်ကိုချာလည်လှည့် ဘေ့ဘောတုတ်ကို စက်သွားတစ်ခုလိုမျိုး လွှဲယမ်းလိုက်ပါပြီ။
“သေစမ်း....”
ဒုတ်....
အရိုးကွဲအက်သွားသံနဲ့အတူ မိုလော့ခ်ရဲ့ခေါင်းကချိုကြီးတွေ ပဲ့ကြွေသွားပြီး နဖူးကနေ သံချေးရောင်မြူမှုန်တွေထွက်လာပြီ။ အဲဒီနောက်တော့ နတ်ဆိုးကြီးဟာ မဟန်နိုင်တော့ဘဲ နောက်ပြန် လဲကျသွားလေရဲ့။
ချွင်... ချလွင်...
မော်လီရဲ့သံကြိုးတွေက မိုလော့ခ်ကိုချုပ်နှောင်လိုက်တယ်။ နက်ဆန်ရဲ့အရိပ်ကြီးက မိုလော့ခ်ကိုလုံးဝဖိနှိပ်ထားလိုက်နိုင်ပြီး သူဟာ နတ်ဆိုးကြီးရဲ့ရင်ဘတ်ပေါ်မှာရပ်လို့။
“မိုလော့ခ်၊ မင်းရဲ့အပြစ်တွေအတွက် ပေးဆပ်ရမယ့် အချိန်ရောက်ပြီ။”
နက်ဆန်က တံစဥ်ကိုမြှောက်လိုက်ပြီး မိုလော့ခ်ကိုအဆုံးသတ်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ မိုလော့ခ်ဆီကနေ ရယ်သံထွက်လာပြီး အကောင်အထည်လိုက်ကြီးရှိနေတဲ့နတ်ဆိုးက အငွေ့တွေအဖြစ် ပြောင်းလဲလွတ်မြောက်သွားပါလေရော။
“အရူးတွေ၊ မင်းတို့လိုစွမ်းအားကြီးတဲ့သူတွေကို တိုက်ရိုက် ရင်ဆိုင်စရာလားကွ။” အဲဒီနောက်တော့ မိုလော့ခ်ဖန်တီးထားတဲ့ အတွင်းကမ္ဘာကြီး တစ်ခုလုံးပြိုကျလာတော့တာပဲ။
...
အပြင်ကမ္ဘာ။
ထိုင်ခုံမှာ ခြေသလုံးနှစ်ဖက်ကိုပူးကပ်ပြီး ထိုင်ထားခဲ့တဲ့ အယ်မာက ထိုင်ခုံနောက်မီကို အမှီပြုပြီးတော့ ဖြည်းဖြည်းချင်း ထရပ်တယ်။ ငါးလဆိုတဲ့ကာလအတွင်းမှာ ဗိုက်ထဲက ကလေးကကြီးထွားလာပြီ ဖြစ်တဲ့အတွက် သူအရင်လို မဖျတ်လတ်တော့ဘူး။ ဒါပေမဲ့ သတိအာရုံတွေက အကောင်းအတိုင်းရှိနေသေးတယ်။
“အားလုံး ခံစစ်နောက်ကိုဆုတ်ပြီး မှော်တံတိုင်းကိုအားဖြည့်ကြ။” အယ်မာက ကစားကွင်းထဲကလျှောပိုက်လုံးမှာရှိနေတဲ့ နတ်ဆိုးတံဆိပ်ကနေ သွေးနီရောင်မြူမှုန်တွေပိုထွက်လာတာကို ကြည့်လိုက်ရင်း စစ်ဆင်ရေးတပ်ဖွဲ့ကိုအမိန့်ပေးလိုက်ပါပြီ။
စစ်ဆင်ရေးတပ်ဖွဲ့က ကြိုတင်ပြင်ဆင်ထားတဲ့စည်းနောက်အထိ ဆုတ်လိုက်ကြပြီးတော့မှော်နှင်တံတွေကို မြှောက်လိုက်ကြပါတယ်။ အယ်မာကိုယ်တိုင်လည်း သူ့မှော်နှင်တံကိုမြှောက်လိုက်ပါပြီ။ အယ်မာရဲ့လည်တိုင်မှာရှိနေတဲ့ မှော်ဘယက်ကနေသက်တံရောင် စွမ်းအားတွေထွက်ပေါ်လာပြီးနောက် ကစားကွင်းတစ်ခုလုံးကို သလင်းကျောက် အမိုးခုံးထဲမှာ ထည့်ပိတ်လိုက်တယ်။
ဟီးဟီးဟီး...
မကြာခင်မှာပဲ ကစားကွင်းထဲမှာ ကြောက်စရာကောင်းတဲ့ရယ်သံ ပြန့်လွင့်လာပြီး သံချေးရောင်သွေးမြူမှုန်တွေနဲ့ဖွဲ့စည်းထားတဲ့ မီးစုန်းမီးတောက်တစ်ခုက လျှောထဲကနေထွက်လာပြီးတော့ အယ်မာဆီကို မယုံနိုင်စရာ မြန်နှုန်းမျိုးနဲ့ပြေးလာနေပါတယ်။
“ တွေ့ပြီ... တွေ့ပြီကွ... လူသားလက်ခံကောင်တွေ့ပြီ။ အထဲက ကလေးကိုဝင်ပူးပြီး မိခင်ရဲ့စွမ်းအားတွေကို စုပ်ယူလိုက်ရင် ငါ့စွမ်းအားတွေ အထွတ်အထိပ်ကိုပြန်ရောက်သွားလိမ့်မယ်။ ဒါဆိုရင် လူသားတွေအရင်ကလိုပဲ ငါ့ကိုနတ်ဘုရားအဖြစ် ကိုးကွယ်ကြမှာ။” မိုလော့ခ်က သူ့အတွေးစကားတွေကို အနားကလူတွေကြားမှာတောင်မကြောက်ဘဲ ပြောလိုက်တာ။
မိုလော့ခ်က အရှိန်ကိုပိုမြှင့်လိုက်ပြီး အယ်မာနဲ့တန်းတူဖြစ်တဲ့အထိ သူ့ကိုယ်သူဟန်ချက်ထိန်းလိုက်တယ်။ အယ်မာရဲ့မျက်နှာမှာ အလိုမကျတဲ့မဲ့ပြုံးတစ်ခုပေါ်လာပြီး မှော်နှင်တံကို ဝေ့ယမ်းကာ ကစားလိုက်တယ်။
ဘုန်း.....
ရုတ်တရက် သဲလက်ဝါးတစ်ခုက မြေပြင်ကနေဖြစ်တည်လာပြီး မိုလော့ခ်ကို ရိုက်ထုတ်ပစ်လိုက်တယ်။
“ကောင်မလေး... ဒီသခင်ကြီးအပေါ်မှာ အဲဒီမှော်ဂါထာတွေ အလုပ်မဖြစ်ဘူး။” အကောင်အထည်မရှိတဲ့ မိုလော့ခ်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေရန်ကိုကြောက်စရာ မလိုတာမလို့ မရှောင်ခဲ့ပေမဲ့ မကြာခင်မှာပဲ တစ်ခုခုမှားနေတာကို သတိထားမိလိုက်ပါပြီ။
“ဘာ... ဘာတွေလဲ... အား....” မိုလော့ခ်ရဲ့အငွေ့ထုထည်က တစ်ဝက်လောက်လျော့ကျသွားတယ်။ အယ်မာက ခါးကိုထောက် ရယ်မောလိုက်ပြီး မိုလော့ခ်ကို အမဲလိုက်တော့မယ့်ကျားသစ်မရဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်လေရဲ့။
“ဟားဟား... နင်လိုကောင်မျိုးကိုရင်ဆိုင်ဖို့ ငါက ကြိုပြင်ဆင်မထားဘူးလို့ ထင်နေတာလား။ ဒီကစားကွင်းထဲက သဲတွေထဲမှာ ကက်သလစ်ဘုရားကျောင်းက သန့်စင်ပေးထားတဲ့ ဆားတွေပါတယ်။ မဟာနတ်ဘုရားကြီးယာဝေက နင်တို့စွမ်းအား အပြည့်ရှိနေတုန်းကတောင် နှင်ထုတ်နိုင်ခဲ့သေးတာ။ အခုလို အကောင်အထည်မရှိတဲ့ အခြေအနေမှာဆိုရင် သူ့အစွမ်းကို နင်ဘယ်နည်းနဲ့မှ ခံနိုင်မှာ မဟုတ်ဘူး။”
အယ်မာက သဲတွေနဲ့ဖွဲ့စည်းထားတဲ့ ဟိုက်ဒရာကိုဆင့်ခေါ်လိုက်ပြီး ရှေ့ကိုတစ်လှမ်းလှမ်းလိုက်တယ်။ လေဒီရှူးဖိနပ်ကမြေပြင်ကို ထိမိချိန်မှာ မိုလော့ခ်ဟာ နောက်တစ်ကြိမ်ရိုက်ခတ်ခံရပြီး တစ်ဝက်လောက် ထပ်သေးသွားပြန်တယ်။ အယ်မာကတော့ ခြေလှမ်းမှန်မှန်နဲ့ရှေ့ဆက်နေပြီး တိုက်ခိုက်နေဆဲပါ။
“အား... သေပါပြီ... ရပ်ပါတော့... ရပ်ပါတော့... မင်းလိုချင်တာမှန်သမျှ ငါပေးပါ့မယ်။”
ဒါပေမဲ့ အယ်မာက သွေးဆောင်တာတွေကို လုံးဝစိတ်မဝင်စားဘဲ မိုလော့ခ်လုံးဝပျောက်ကွယ်သွားခါနီးအထိ ရိုက်ချလိုက်ပြီးမှ လက်ဖဝါးအရွယ် ရှေးဟောင်းကေးနိုင်းလက်ရာ ရွံခရားလေးတစ်ခုကိုထုတ်လိုက်တယ်။
“ချိပ်ပိတ်စမ်း....” အဲဒီနောက်တော့အဖုံးဖွင့်လိုက်ပြီး ရွံရေခရားက နတ်ဆိုးကြီးမိုလော့ခ်ကို စုပ်ယူသွားရော။ အယ်မာကတော့ အဲဒီခရားအဖုံးကိုပိတ်ပေးလိုက်တာပေါ့။
“နတ်ဆိုး ဘယ်ရောက်သွားပြီလဲ။” ရုတ်တရက်ကြားရတဲ့ စကားသံကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့ လျှောထဲကနေ လွတ်လာပြီဖြစ်တဲ့ နက်ဆန်၊ ရိုစယ်လီယာနဲ့ အိုလီရာနာတို့ကို တွေ့လိုက်ရတယ်။ သူတို့က ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို မျှော်လင့်ထားကြတာ။
တိုက်ခိုက်ထားရလို့ အနည်းငယ်မောပန်းနေတဲ့ အယ်မာက သူတို့ကိုသွားပေါ်တဲ့အထိပြုံးပြလိုက်ပြီး လက်ထဲကခရားကို လှုပ်ပြလိုက်တယ်။
“ငါသူ့ကို ဖမ်းပြီးသွားပြီ။ နင်တို့စိတ်ပူစရာမလိုတော့ဘူး။ ဒါကို ဌာနချုပ်ကိုယူသွားပြီး ကောင်မရှင်နာဆီအပ်ဖို့ပဲကျန်မယ်။”
အယ်မာက သူတို့ကို စိတ်မပူဖို့ပြောလိုက်ပေမဲ့လို့ နက်ဆန်က မျက်နှာတည်ကြီးနဲ့ အယ်မာနားကိုကပ်သွားပြီး အနီးကပ်ကြည့်တယ်။ ချွေးနည်းနည်းစိုနေတဲ့ ခန္ဓာကိုယ်နဲ့မျက်နှာကို စေ့စေ့ကြည့်ပြီးနောက် ဒူးထောက်ချပြီး လှုပ်ရှားရလွန်းလို့ရောင်ကိုင်းနေတဲ့ ခြေသလုံးတွေကိုပါ ကြည့်တယ်။
“ညအရှင်... ကျွန်မကိုယ်မှာတစ်ခုခုပေနေလို့လား...” အယ်မာလည်း နည်းနည်းလန့်လာပြီးမေးလိုက်တာပေါ့။ ဒီတော့မှ နက်ဆန်က
“အယ်မာ... ခင်ဗျားခန္ဓာကိုယ်ထဲကို တစ်ခုခုဝင်သွားသလိုမျိုး ခံစားရသေးလား။ ဗိုက်နာတာတို့ဘာတို့ရော၊ တော်ကြာ ကလေးကို နတ်ဆိုး ဝင်ပူးနေမှာစိုးလို့။”
“မဖြစ်ပါဘူးဟဲ့....” အယ်မာကငြင်းပေမဲ့ နက်ဆန်ကတော့ အတင်းစစ်ဆေးမယ်လုပ်နေတာနဲ့ အယ်မာတစ်ယောက် ကက်သလစ်ဘုရားကျောင်းက သန့်စင်ပြီးတဲ့ရေစင်ကိုသောက်ပြီးမှ လွှတ်ပေးတော့တယ်။
ရိုစယ်လီယာကတော့ အဲဒီမြင်ကွင်းကိုကြည့်နေရင်းကနေ ခေါင်းခါလိုက်မိတယ်။ “ဒီကောင်က တကယ်ပဲ ဘယ်သူ့ကိုမဆို ဂရုစိုက်လွန်လွန်းနေတာပဲ။ အယ်မာ့နေရာမှာ ငါဆိုရင်ရော...” နောက်တော့ သူ့မျက်နှာတစ်ခုလုံး နီမြန်းသွားတဲ့အတွက် စကားလမ်းကြောင်း လွှဲလိုက်ရော။
“ဒါနဲ့ မိုလော့ခ်ရဲ့နယ်မြေမရှိတော့လို့ သူ့သားသတ်ခန်းထဲက ရုပ်ကြွင်းတွေအပြင်ထွက်လာပြီ။ ရှင်တို့အလုပ် ရှုပ်ဦးမယ်ထင်တယ်။” ရိုစယ်လီယာက သတိဝင်လာပြီးနောက်တော့ လျှောရှိရာကိုပြန်ကြည့်တယ်။ အခုလျှောထဲကနေပြီး အရိုးစုတွေအများကြီး ရေပိုက်ခေါင်းက ရေထွက်သလိုကျဆင်းနေပါတယ်။
သဘာဝလွန်ဖြစ်ရပ်ဆိုးတွေအများကြီးကိုမြင်ဖူးတဲ့ အယ်မာတောင်မှ အဲဒီမြင်ကွင်းကိုကြည့်နေရင်းကနေ စိတ်မကောင်းဖြစ်သွားတယ်။
“ဟုတ်တယ်... တကယ့်ကို အလုပ်တွေအများကြီးပဲ။ နစ်နာသူတွေကိုအတည်ပြုပြီးတော့ ကျန်ရစ်သူမိသားစုကို အကြောင်းပြချက်တွေပေး နှစ်သိမ့်ရဦးမှာ။”
အဲဒီနောက်ကျန်တဲ့အရာတွေက နက်ဆန်တို့ကိစ္စမဟုတ်တော့ဘူး။ EUOCရဲ့တာဝန်တွေဖြစ်တဲ့အတွက်ကြောင့် အယ်မာတစ်ယောက်ပဲ သူ့အဖွဲ့သားတွေနဲ့ကျန်ရစ်ခဲ့တယ်။ နက်ဆန်နဲ့ရိုစယ်လီယာက ပန်းခြံအပြင်ကို အတူထွက်လာပြီးတဲ့နောက် ရိုစယ်လီယာက နက်ဆန်ကို ဆိုင်ကယ်ပေါ်အတက်မခံဘဲ လမ်းပေါ်ကိုတိုက်ရိုက် မောင်းတက်တယ်။
ဘူး....
ရိုစယ်လီယာက တိုက်ရိုက်ထွက်မသွားသေးဘဲ ဆိုင်ကယ်ကို ဘေးတစ်ခြမ်းစောင်း ခြေတစ်ဖက်ထောက်လို့ ယာယီရပ်ထားရင်းက နက်ဆန်ကိုပြောလိုက်လေရဲ့။
“မိန်းကလေးတစ်ယောက်က ရှင့်ကိုအိမ်အထိလိုက်ပို့မယ်လို့ ထင်နေတာလား။ ညအရှင်၊ ကျွန်မရှင့်ကို နောက်တစ်ခါထပ်ပြီး စိန်ခေါ်ဦးမယ်။ အဲဒီအခါကျရင် မရှုံးစေနဲ့နော်။”
ဘရွန်း... ဘရွန်း....
ဆိုင်ကယ်စီးအင်္ကျီအကျပ်နဲ့ကောင်မလေးက စကားဆုံးတာနဲ့ နက်ဆန်နဲ့အိုလီရာနာကို ဖုန်လုံးကြီးထဲထားရစ်ခဲ့ပြီး သူ့ဟိုတယ်သူ ပြန်သွားပါလေရော။