အခန်း (၅၆၁-၅၆၂)
Vol. 57 Ch. 561-562
အခန်း (၅၆၁) - ထိုသူငယ်သည် မြေကမ္ဘာနတ်ဘုရား ဖြစ်လာမည့် အရှိန်အဝါ ရှိပေသည် ၊ သခင် ၊ ဓာတ်ငါးပါး ဝိညာဉ်ဆေးလုံး ၊ ဓာတ်ငါးပါး မြေလျှိုးမိုးပျံအတတ်
မူလက ရွှီထျန်းနန်သည် ကျန်းလီ၏ ပါရမီမှာ အတော်ပင် မြင့်မားလှပြီဟု ထင်မှတ်ထားခဲ့သည်။ သတ်ဖြတ်လိုစိတ် အလွန်ပြင်းထန်ပြီး၊ လူသားနှင့် မိစ္ဆာ နှစ်မျိုးလုံး၏ ပါရမီကို ပိုင်ဆိုင်ထားကာ ခန္ဓာကိုယ်မှာလည်း အလွန်သန်မာလှသည် မဟုတ်ပါလား။
သို့သော်လည်း လီယန်ချူနှင့် တွေ့ဆုံပြီးနောက်တွင်မူ ချန်နိုင်ငံ၏ လူငယ်မျိုးဆက်သစ်များထဲတွင် လီယန်ချူသည်သာလျှင် အငြင်းပွားဖွယ်မရှိသော နံပါတ်တစ် ဖြစ်ကြောင်း သူ နားလည်သွားတော့သည်။ တစ်ကိုယ်တော် စွမ်းအားဖြင့်ပင် လက်ရှိခေတ်၏ ပါရမီရှင်များကို နှိမ်နင်းနိုင်ပြီး၊ တူညီသော အဆင့်အတန်းအတွင်း၌ ပြိုင်ဘက်ကင်းလှပေသည်။
ယခုအချိန်တွင်မူ ယန်ဝိညာဉ်ရှင် (၄) ဦးလုံး၏ လီယန်ချူအပေါ် အမြင်မှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြန်ပြီ ဖြစ်သည်။ မထီမဲ့မြင်ပြု၍ မရသော၊ အလားအလာရှိသည့် နောက်မျိုးဆက်သစ် တစ်ဦးအဖြစ်မှ ယုံကြည်အားကိုးရသော အသင်းဖော်တစ်ဦးအဖြစ်သို့ ပြောင်းလဲခဲ့ပြီး၊ ယခုအခါတွင်မူ အနည်းငယ် ကြောက်ရွံ့အားနာရသော အဆင့်မြင့် ကျင့်ကြံသူကြီး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
လီယန်ချူ၏ သတ်ဖြတ်ခြင်း အတတ်ပညာများမှာ တတိယအဆင့် အတွင်း၌ပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
အကယ်၍ လီယန်ချူသာ တတိယအဆင့်သို့ အမှန်တကယ် တက်လှမ်းသွားမည်ဆိုပါက သူတို့အားလုံးသည် သူ့ကို မော့ကြည့်ရုံသာ တတ်နိုင်တော့မည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် လူတိုင်းသည် ရတနာများကို ဟန်ပြသဘောမျိုးသာ အနည်းငယ်ယူကြပြီး အများစုကိုမူ လီယန်ချူထံသို့ ပေးအပ်လိုက်ကြသည်။ ထို့ပြင် ယန်ဝိညာဉ်ရှင် (၄) ဦးလုံး၏ စိတ်ထဲတွင် ဤတာအိုဆရာလေးနှင့် မည်သို့ မိတ်ဆွေဖွဲ့ရမည်ကို အသီးသီး တွေးတောနေကြတော့သည်။
"ဒီသူငယ်က မြေကမ္ဘာနတ်ဘုရား ဖြစ်လာမယ့် အရှိန်အဝါ ရှိတယ်၊ ယန်ဝိညာဉ်ရှင် အဆင့်ဆိုတာ သူ့အတွက် အဟန့်အတားတစ်ခုတောင် ဖြစ်မှာမဟုတ်ဘူး"
တစ်ခါတစ်ရံတွင် လူတစ်ဦးမှာ အလွန်အမင်း အစွမ်းထက်နေပါက သူတစ်ပါး၏ ငြူစူခြင်းကို ခံရတတ်သည်။ အထူးသဖြင့် အခြားသူထက် အနည်းငယ်သာ သာလွန်နေချိန်မျိုးတွင် ဖြစ်သည်။
သို့သော်လည်း အတိုင်းအတာတစ်ခုအထိ အစွမ်းထက်သွားပါက ငြူစူစိတ်မှာ ပျောက်ကွယ်သွားပြီး အစားထိုးဝင်ရောက်လာသည်မှာ မော့ကြည့် အားကျခြင်း သာ ဖြစ်သည်။
လီယန်ချူသည် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤမျှ ကျင့်ကြံမှုအဆင့် ရှိနေခြင်းမှာ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး ပြန်လည်ဝင်စားလာခြင်း မဟုတ်လျှင် လောက၌ ရှားမှရှားသည့် ပါရမီရှင် အကျော်အမော် ဖြစ်ပေလိမ့်မည်။
မည်သည့်အချက်ပင် ဖြစ်ပါစေ သူတို့အတွက် အလေးထားထိုက်သူ ဖြစ်နေသည်။ သူသည် အလားအလာရှိသော နောက်မျိုးဆက်သစ် တစ်ဦးမဟုတ်တော့ဘဲ၊ အမှန်တကယ်ပင် ဖုံးကွယ်ထားသော အဆင့်မြင့် ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်နိုင်ပေသည်။
စစ်မြေပြင်ကို ရှင်းလင်းပြီးနောက် ယန်ဝိညာဉ်ရှင် (၄) ဦးနှင့် လီယန်ချူတို့သည် မြန်ကျိုးမြို့သို့ ပြန်လာခဲ့ကြသည်။ မြို့တစ်မြို့လုံး ပျက်စီးသွားနိုင်သည့် ဘေးအန္တရာယ်ကြီးကို အရိပ်အယောင်ပင် မကျန်တော့အောင် ရှင်းလင်းနိုင်ခဲ့သည်။
သို့သော်လည်း ထိုတိုက်ပွဲမှတစ်ဆင့် ချင်းမင်းသား၏ စံအိမ်တော်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ယန်ဝိညာဉ်ရှင် (၄) ဦး သိလိုက်ရသည်။ ဤမျှ အစွမ်းထက်သော အကူအညီများကို ဆွဲဆောင်နိုင်ခြင်းမှာ နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခု၏ ထောက်ပံ့မှု မပါဘဲ လုံးဝ မဖြစ်နိုင်ပါချေ။
သို့သော် ၎င်းမှာ ငရဲတောင် ဟုတ်မဟုတ် ဆိုသည်ကိုမူ အသေးစိတ် ထပ်မံစုံစမ်းရန် လိုအပ်ကြောင်း ရွှီထျန်းနန်က ဆိုသည်။
လီယန်ချူ အခန်းထဲသို့ ပြန်ရောက်သည်နှင့် လှပချောမောသော မိန်းမပျိုနှစ်ဦးက ချက်ချင်း ကြိုဆိုကြသည်။
"သခင်... ပြန်လာပြီလား"
အစ်မဖြစ်သူ နန်ကုန်းဝမ်အာက ဝမ်းသာအားရ ပြောလိုက်သည်။
သခင်... လီယန်ချူ၏ ပါးစပ်မှာ အနည်းငယ် တွန့်သွားပြီး
"ငါ့ကို အဲဒီလို မခေါ်ပါနဲ့"
နန်ကုန်းယွီကမူ အစ်မဖြစ်သူထက် ပို၍ ရဲတင်းလှသည်။ သူမက လီယန်ချူ၏ လက်မောင်းကို တိုက်ရိုက်ဖက်တွယ်လိုက်ပြီး ချွဲနွဲ့သော အသံလေးဖြင့် ပြောလိုက်သည်။
"သခင်က ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို ကယ်တင်ပြီး သိမ်းဆည်းထားတာပဲ၊ သခင်က ကျွန်မတို့ရဲ့ အရှင်သခင်ပါ၊ နောင်မှာ ကျွန်မတို့ သခင့်ကို စိတ်ရောကိုယ်ပါ ပြုစုစောင့်ရှောက်ပါ့မယ်"
သူမတို့ ညီအစ်မနှစ်ယောက်မှာ ပုံစံချင်း ဆင်တူသော်လည်း အစ်မဖြစ်သူ နန်ကုန်းဝမ်အာမှာ အသိပညာ ကြွယ်ဝဟန်ရှိပြီး ညီမဖြစ်သူ နန်ကုန်းယွီမှာမူ ပို၍ အလှသွေးကြွလှသည်။ သာမန်အမျိုးသားတစ်ဦး ဖြစ်ပါက ဤကဲ့သို့ မြူဆွယ်မှုကို ရင်ဆိုင်ရလျှင် စိတ်လှုပ်ရှားသွားမည်မှာ သေချာသော်လည်း၊ လီတာအိုဆရာမှာမူ ထိုအပိုင်း၌ ဝါရင့်သူဖြစ်သည်။
သူသည် နန်ကုန်းယွီ၏ ပြည့်ဖြိုးသော ရင်ခွင်ထဲမှ သူ၏ လက်မောင်းကို ဆွဲထုတ်လိုက်ကာ
"သခင်လို့ မခေါ်ပါနဲ့၊ ငါက ရဟန်းဝတ် တစ်ယောက်ပါ၊ သူတစ်ပါး ကြားသွားရင် မသင့်တော်ဘူး"
"ဟုတ်ကဲ့ပါ... သခင်"
နန်ကုန်းယွီက ပြုံး၍ ထပ်ပြောလိုက်ပြန်သည်။
"............" လီယန်ချူ။
"သခင်က နတ်ဘုရားလို ပုဂ္ဂိုလ်မျိုးပါ၊ ကျွန်မတို့ ညီအစ်မနှစ်ယောက် သခင့်အနားမှာ ခစားခွင့်ရတာ ဘဝဆက်ဆက်က ကုသိုလ်ကြောင့်ပါ၊ သခင် ရေချိုးဖို့အတွက် ရေနွေး အဆင်သင့်ပြင်ထားပါတယ်၊ သခင် ရေချိုးပြီး အဝတ်အစားလဲဖို့ ကျွန်မတို့ ပြုစုပေးပါ့မယ်"
နန်ကုန်းဝမ်အာက နူးညံ့စွာ ပြောလိုက်သည်။
"ဟုတ်ပါတယျ၊ ကျွန်မက အနှိပ်အတတ်ပညာတစ်ခု သင်ထားလို့ သခင့်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်အောင် ပြုစုပေးနိုင်ပါတယ်"
နန်ကုန်းယွီက မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
လီယန်ချူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဤအမျိုးသမီးနှစ်ဦး၏ အကြည့်များက ဘာကြောင့် ထိုမျှအထိ ပူလောင်နေရသနည်း။ နောက်ဆုံးတွင်မူ သူသည် နန်ကုန်းညီအစ်မကို အခန်းပြင်သို့ မောင်းထုတ်လိုက်ပြီး၊ တိုက်ပွဲမှ ရရှိလာသော ရလဒ်များကို အခန်းထဲ၌ တစ်ကိုယ်တည်း အေးအေးဆေးဆေး စစ်ဆေးရန် ရွေးချယ်လိုက်သည်။
အခန်းပြင်တွင်မူ ချောမောလှပသော နန်ကုန်းယွီက နားမလည်နိုင်သကဲ့သို့ မေးလိုက်သည်။
"အစ်မ... သခင်က မိန်းမနဲ့ တစ်ခါမှ မနီးစပ်ဖူးတာလား မသိဘူးနော် "
"ဒီကောင်မလေး... သခင်က ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့သူပါ၊ မင်းက ဘယ်ကနေ ဒီလို အပေါစား လေသံတွေကို သင်လာတာလဲ၊ သခင် စိတ်ဆိုးပြီး ငါတို့ကို မောင်းထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
နန်ကုန်းဝမ်အာက ဆူပူလိုက်သည်။
"ဟိုက အစ်မကြီးတွေဆီက သင်လာတာပေါ့၊ ယောက်ျားတွေက ဒီလိုဆိုရင် အကြိုက်ဆုံးပဲတဲ့၊ သခင်က မိန်းမနဲ့ မနီးစပ်ချင်တဲ့ပုံမျိုးတော့ မဟုတ်ပါဘူး၊ နောက်တစ်ခါကျရင် ပါးပါးလျလျ အဝတ်အစားလေးတွေ ဝတ်ပြီး ကြိုးစားကြည့်ဦးမယ်၊ သူ့ကို မရနိုင်စရာ အကြောင်းမရှိဘူး"
နန်ကုန်းယွီက သူမ၏ ပြည့်ဖြိုးသော ရင်အုပ်ကို မတ်လိုက်ရင်း ပြောလိုက်သည်။ နန်ကုန်းဝမ်အာမှာမူ သူမ၏ ရဲတင်းလှသော ညီမကို ဂရုမစိုက်တော့ဘဲ လီတာအိုဆရာ၏ တံခါးရှေ့တွင် လျှောက်ပြောနေမည် စိုးသဖြင့် သူမကို ဆွဲခေါ်၍ အမြန်ထွက်သွားတော့သည်။
လီယန်ချူ၏ စိတ်ထဲတွင်မူ မိန်းမကိစ္စ လုံးဝ မရှိပါချေ။ သူသည် ဆေးဖိုထဲမှ ဆေးလုံးကို ထုတ်ယူလိုက်သည်။ ချက်ချင်းပင် သင်းပျံ့လှသော ဆေးနံ့များက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
၎င်းမှာ ကျင်ယွီအထက်နတ်ဆရာ နှစ်ပေါင်း ရာချီ စုဆောင်းထားသော မိစ္ဆာပိုးကောင်များကို လောင်မြိုက်ဖော်စပ်ထားသည့် ဆေးလုံးဖြစ်သည်။
မမျှော်လင့်ဘဲ ဓာတ်ငါးပါး ဝိညာဉ်ဆေးလုံးတစ်လုံး ထွက်ပေါ်လာခြင်းပင် ဆေးလုံးပေါ်တွင် အလင်းတန်းများ လှည့်ပတ်နေပြီး ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ၎င်းမှာ မည်သည့်ပြဿနာမျှ မရှိဘဲ ထိပ်တန်း အဆင့်မြင့်ဆေးလုံး ဖြစ်ကြောင်း သိသာလှသည်။
'ဒီဆေးလုံးကို သောက်လိုက်ရင် တတိယအဆင့်ကို တိုက်ရိုက် တက်လှမ်းသွားနိုင်မလား'
လီယန်ချူ၏ စိတ်ထဲတွင် လှုပ်ရှားသွားရသည်။ ဤဆေးလုံးအတွင်းရှိ အရှိန်အဝါမှာ အလွန်ပင် သန့်စင်လှသည်။ သူသည် ခဏမျှ စဉ်းစားပြီးနောက် ဆေးလုံးကို မျိုချလိုက်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ တောက်ပသော အလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး၊ ငါးရောင်ခြယ် အလင်းတန်းများက သူ့ကို လွှမ်းခြုံကာ ကောင်းကင်ယံအထိ ထိုးတက်သွားတော့သည်။
ထိုမြင်ကွင်းကြောင့် မြန်ကျိုးမြို့ရှိ ကျင့်ကြံသူအားလုံးမှာ အံ့သြတုန်လှုပ်စွာ ကြည့်လိုက်မိကြသည်။ ယန်ဝိညာဉ်ရှင် (၄) ဦးသည်လည်း ဤကောင်းကင်ဖြစ်ရပ်ဆန်းကို ကြည့်လိုက်ရင်း
"ဟမ်"
"ဒါက ဓာတ်ငါးပါး နတ်အလင်း ပဲ၊ အစိုးရစစ်ဗိုလ် ချန်ယန်ရဲ့ အရှိန်အဝါနဲ့ ဆင်သလိုလိုပဲ၊ ဒါပေမဲ့ ဒီအရှိန်အဝါက ပိုပြီးတော့တောင် သန့်စင်နေသေးတယ် "
ရွှီထျန်းနန်က အံ့သြစွာ ရေရွတ်လိုက်သည်။
တရားရုံးချုပ်မှ စစ်ဗိုလ်ချန်ယန်မှာ တော်ဝင်မိသားစုဝင်ဖြစ်ပြီး၊ ယခင်က ကျန်းထင်ရှန်း နတ်ဘုရားမြေအတွင်း၌ ကံထူးကာ ဓာတ်ငါးပါး ခန္ဓာကိုယ် ကို ရရှိထားသူ ဖြစ်သည်။ ယခု လီယန်ချူထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ချန်ယန်နှင့် ဆင်တူသော်လည်း ပို၍ အစွမ်းထက်လှသည်။
"တကယ်ကိုပဲ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ခေတ်ကြီးပါလား"
အခြားတစ်ဖက်တွင် ကျောက်နတ်ဆရာက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
ယခင်ကဆိုလျှင် တတိယအဆင့် ယန်ဝိညာဉ်ရှင် တစ်ဦးတည်းဖြင့်ပင် လောက၌ ပြိုင်ဘက်ကင်းနိုင်ပြီး၊ ဒုက္ခပေးသူများကို နှိမ်နင်းနိုင်ခဲ့သည်။ ဒုတိယအဆင့် အမြင့်ဆုံး အဆင့်မှာပင် ဂိုဏ်းကြီးများ၏ အကြီးအကဲများ ဖြစ်ခဲ့ကြသည်။
သို့သော်လည်း ယနေ့ တစ်ရက်တည်းမှာပင် ယန်ဝိညာဥ်ရှင် (၃) ဦး သေဆုံးခဲ့ရလေပြီ။ ကျင်ယွီမိစ္ဆာမှာ တတိယအဆင့် အလယ်ပိုင်း ဖြစ်သော်လည်း သူ၏ နှစ်ပေါင်း ရာချီ စုဆောင်းမှုများမှာ လီယန်ချူ၏ လက်ထဲတွင် ဆေးလုံးတစ်လုံး ဖြစ်သွားရရှာသည်။
"အခုခေတ်ကြီးက ပိုပိုပြီးတော့ ခန့်မှန်းရ ခက်လာပြီပဲ"
ကျောက်နတ်ဆရာက စိတ်ထဲမှ တွေးလိုက်သည်။ အစောပိုင်းက သူသည် မိတ်ဆွေဟောင်း၏ တပည့်ဖြစ်သူ လီယန်ချူကို ဝေမြို့ လို ဘေးများတဲ့နေရာကနေ ဝေးဝေးရှောင်ခိုင်းဖို့ ကြံစည်ခဲ့သော်လည်း၊ ယခုကြည့်ရသည်မှာ လီယန်ချူသည် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။
"ရွှမ်ချိန်ရေ... ရွှမ်ချိန် မင်းရဲ့ မျက်စိက ဒီလောက်အထိ စူးရှလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူးကွာ"
ကျောက်နတ်ဆရာက တိုးတိုးလေး ရေရွတ်လိုက်သည်။
ငယ်ငယ်တုန်းက ရွှမ်ချိန်တာအိုဆရာ နှင့်အတူ တောင်ပေါ်တွင် အမျိုးသမီး တပည့်လေးများ ရေချိုးသည်ကို ခိုးကြည့်ခဲ့ကြသည့် အချိန်များကို သူ သတိရသွားသည်။
ထိုစဉ်ကတည်းက ရွှမ်ချိန်၏ မျက်စိမှာ အလွန်စူးရှသည်။
တစ်ဖက်လူ၏ တင်ပါးပေါ်က မှဲ့ကလေးကိုတောင် အဝေးကနေ မြင်နိုင်သူဖြစ်သည်။
အဝေးကနေ တစ်ယောက်ယောက် လာဖမ်းမည်ဆိုလျှင်လည်း ရွှမ်ချိန်က အမြန်ဆုံး ပြေးလွတ်သူ ဖြစ်သည်။
ယခု တပည့်ရှာသည့် နေရာတွင်လည်း ရွှမ်ချိန်၏ မျက်စိမှာ အလွန်ပင် ထက်မြက်လှသည်။ ငယ်ငယ်က မိန်းကလေးတွေ ရေချိုးတာ ခိုးကြည့်ရင်းနဲ့ လေ့ကျင့်ခဲ့ရတာလားတော့ မသိပါချေ။
ကျောက်နတ်ဆရာမှာ အတိတ်ဟောင်းများကို အမှတ်ရနေစဉ် လီယန်ချူသည် ထိုဆေးလုံးကို သောက်ပြီးနောက် စိတ်နှင့်ကိုယ် တစ်ထပ်တည်း ကျသွားကာ ဆေးလုံးမှ ပေးအပ်သော စွမ်းအားကို လျင်မြန်စွာ ပိုင်ဆိုင်သွားတော့သည်။
"ဓာတ်ငါးပါး မြေလျှိုးမိုးပျံအတတ် လား"
လီယန်ချူမှာ ခေတ္တမျှ ကြောင်သွားပြီး
ထို့နောက် သူ၏ မျက်လုံးများထဲတွင် အတိုင်းမသိ ဝမ်းသာမှုများ လွှမ်းခြုံသွားတော့သည်။
ဤမိစ္ဆာပိုးကောင်များကို ဖော်စပ်ထားသည့် ဆေးလုံးက သူ့ကို ဓာတ်ငါးပါး မြေလျှိုးမိုးပျံအတတ် ကို ပိုင်ဆိုင်စေလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။
ရွှေဓာတ်၊ သစ်သားဓာတ်၊ မီးဓာတ်၊ ရေဓာတ် နှင့် မြေဓာတ်...ဓာတ်ငါးပါး မြေလျှိုးမိုးပျံအတတ်သည် ကျင့်ကြံသူများ တိုက်ပွဲဝင်ရာတွင် အသုံးပြုသည့် ထူးခြားသော နည်းလမ်းတစ်ခုဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီးအတွင်း လွတ်လပ်စွာ လှုပ်ရှားနိုင်ကာ သာမန် မြေလျှိုးအတတ်များထက် အဆပေါင်းများစွာ ပိုမို ဆန်းကြယ်လှပေသည်။
အခန်း (၅၆၂) - လုံဟူရှန်းတောင်၏ သံလိုက်အိမ်မြှောင် ၊ အဖိုးအခ ကင်းလွတ်ခွင့် ၊ ဖခင်နှင့်သား သတ်ဖြတ်ခြင်း ၊ ဆန်းကြယ်သော တောင်ပင်လယ် နယ်မြေ ၊ မိစ္ဆာနတ်ဘုရား၏ အမွေအနှစ်
ယခင်က ကျောက်နတ်ဆရာသည် ကျင်ယွီအထက်နတ်ဆရာ၏ ဂူပိုးကောင်များကို ရှောင်ရှားရန် မြေလျှိုးအတတ် ကို အသုံးပြုခဲ့သော်လည်း၊ ထိုပိုးကောင်များ၏ ဖိအားပေးမှုကြောင့် မြေပေါ်သို့ ပြန်လည် ထွက်ပေါ်လာခဲ့ရသည်။
အကယ်၍သာ ကျောက်နတ်ဆရာသည် ဓာတ်ငါးပါး မြေလျှိုးမိုးပျံအတတ် ကို တတ်မြောက်ထားပါက သူ၏ မြေလျှိုးနှုန်းဖြင့်ဆိုလျှင် ထိုပိုးကောင်များမှာ သူ့ကို လုံးဝ လိုက်မီနိုင်ကြမည် မဟုတ်ပါချေ။ လီယန်ချူသည် စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေအောက်သို့ ရုတ်တရက် ရောက်ရှိသွားတော့သည်။
ထိုခံစားချက်မှာ အလွန်ပင် ထူးဆန်းလှပေသည်။ တောက်ပသော အလင်းတန်းတစ်ခုအတွင်း၌ ပတ်ချာလည် ဝန်းရံခံထားရသကဲ့သို့ဖြစ်ပြီး၊ မိမိဘေးပတ်ဝန်းကျင်ရှိ မြေထုကြီးမှာလည်း ရေစီးကြောင်းတစ်ခုကဲ့သို့ ပြောင်းလဲသွားတော့သည်။ စိတ်ကူးလိုက်ရုံမျှဖြင့် သူသည် မြေပြင်အောက်၌ လျင်မြန်စွာ တိုးဝင်သွားနိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မြန်ကျိုးမြို့ပြင်သို့ ရောက်ရှိသွားတော့သည်။
"ဟ မိုက်တယ်ကွာ၊ ဒီဓာတ်ငါးပါး မြေလျှိုးမိုးပျံအတတ်က အခုမှ တတ်တာတောင် ဒီလောက်အရှိန် ရှိနေတာလား"
လီယန်ချူ၏ စိတ်ထဲတွင် ဝမ်းသာသွားရသည်။
တိမ်စီးနတ်ဘုရားခန္ဓာကိုယ် က သူ့ကို ပျံသန်းနိုင်စွမ်း ပေးအပ်ထားသော်လည်း၊ ဤ ဓာတ်ငါးပါး မြေလျှိုးမိုးပျံအတတ် မှာမူ တိုက်ပွဲများအတွင်း၌ ခန့်မှန်းရခက်သော လှည့်ကွက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ပြင် ဤအတတ်၏ သာမန်မြေလျှိုးအတတ်များနှင့် ကွာခြားချက်မှာ ဓာတ်ငါးပါး လှုပ်ရှားမှုကို အသုံးပြုနေစဉ်အတွင်း မိမိ၏ အရှိန်အဝါ မှာ လုံးဝ ကွယ်ပျောက်နေခြင်းပင် ဖြစ်သည်။ ၎င်းမှာ အသက်ဘေးမှ ထွက်ပြေးရန်ဖြစ်စေ၊ တိုက်ခိုက်ရန်ဖြစ်စေ အလွန်အစွမ်းထက်သော နည်းလမ်းကောင်းတစ်ခု ဖြစ်ပေသည်။
သွေးဝိညာဉ်ပုတီး နှင့် ပတ်သက်၍မူ ၎င်းတွင် နာကျည်းမှု အာဃာတများစွာ ဖုံးလွှမ်းနေသဖြင့် စစ်စစ်ပေါက်ပေါက် မိစ္ဆာလက်နက်တစ်ခုသာ ဖြစ်သည်။
၎င်း၏ အရှိန်အဝါမှာ အလွန်ပြင်းထန်သော်လည်း လီယန်ချူသည် ထိုကဲ့သို့သော မိစ္ဆာလက်နက်မျိုးကို မည်သည့်အခါမျှ အသုံးမပြုပါချေ။ အကယ်၍သာ ၎င်းကို အတင်းအဓမ္မ ရိုက်ခွဲလိုက်ပါက အတွင်းရှိ နာကျည်းမှုများ ပေါက်ကွဲထွက်လာပြီး မြန်ကျိုးမြို့တစ်ခုလုံးမှာ တစ်ခဏအတွင်း သရဲတစ္ဆေနယ်မြေ ဖြစ်သွားနိုင်ပေသည်။
ထိုကဲ့သို့သော မိစ္ဆာဆန်သည့် လက်နက်ကို ကိုင်တွယ်ရန် လီယန်ချူ ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူသည် ထိုက်ရှန်းဖူကျွင်း တံဆိပ်တော် ကို ထုတ်ယူလိုက်ပြီး၊ ထိုတံဆိပ်တော်၏ စွမ်းအားကို အသုံးပြု၍ နာကျည်းမှုများကို သန့်စင်ရန် ကြိုးစားလိုက်သည်။
'ထိုက်ရှန်းဖူကျွင်း တံဆိပ်တော်' ထံမှ ရှေးကျလှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သွေးဝိညာဉ်ပုတီးအတွင်း၌ ဝိညာဉ်တစ်ခု ရှိနေသကဲ့သို့ပင် ထိုအရှိန်အဝါကို ကြောက်လန့်တကြားဖြင့် ရုန်းထွက်ရန် ကြိုးစားနေတော့သည်။ သို့သော် မည်သို့ပင် ရုန်းကန်စေကာမူ တံဆိပ်တော်ထံမှ ထွက်ပေါ်လာသော ထိုရှေးကျသည့် အရှိန်အဝါက ၎င်းကို ပြန်လည် ဆွဲယူထားနိုင်ခဲ့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိရသော်လည်း ထိုက်ရှန်းဖူကျွင်း တံဆိပ်တော် ၏ အရှိန်အဝါမှာ ပိုမို၍ ထည်ဝါလာပြီး၊ ထိုသွေးဝိညာဉ်ပုတီးမှာမူ တဖြည်းဖြည်း ကြည်လင်သွားတော့သည်။ မူလက ထူထပ်လှသော သွေးရောင်မှာ ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လီယန်ချူက လက်ချောင်းဖြင့် ခပ်ဖွဖွလေး ညှစ်လိုက်ရာ ကွဲအက်သံ တစ်ခုနှင့်အတူ သွေးဝိညာဉ်ပုတီးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး၊ လောကကြီးထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် ထိုက်ရှန်းဖူကျွင်း တံဆိပ်တော် နှင့် လီယန်ချူ၏ ဆက်နွယ်မှုမှာ ပို၍ ခိုင်မာလာခဲ့သည်။ အရှိန်အဝါတစ်ခုသည် လီယန်ချူ၏ ကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ၏ ယန်ဝိညာဉ် မှာ တစ်ခဏအတွင်း အရှိန်အဝါများ တဟုန်ထိုး မြင့်တက်လာတော့သည်။ သူ၏ ဝိညာဉ်မှာ ပိုမို အစွမ်းထက်လာရုံသာမက အလွန်ပင် ကျစ်လျစ်သိပ်သည်းလာခဲ့သည်။ ထို့ပြင် လီယန်ချူသည် ထိုအစွမ်းထက်သော အရှိန်အဝါကို စိတ်အလိုရှိတိုင်း စေခိုင်းနိုင်သွားပြီ ဖြစ်သည်။
ထိုအရှိန်အဝါမှာ ထိုက်ရှန်းဖူကျွင်း တံဆိပ်တော် က ထူးဆန်းသော အရာများကို နှိမ်နင်းရာတွင် ထွက်ပေါ်လာသော အရှိန်အဝါနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ ယခင်က သူသည် တံဆိပ်တော်ကို အမှီပြု၍သာ ထိုစွမ်းအားကို သုံးနိုင်ခဲ့သော်လည်း၊ ယခုမူ ထိုစွမ်းအားကို မိမိ၏ လက်မောင်းကဲ့သို့ပင် လိုသလို အသုံးပြုနိုင်သွားပြီ ဖြစ်သည်။
လီယန်ချူသည် မြန်ကျိုးမြို့အတွင်း၌ ခေတ္တမျှ ဆက်လက်နေထိုင်ခဲ့သည်။ ချင်းမင်းသား၏ စံအိမ်တော် တပ်ဖွဲ့များမှာ အစိုးရထံတွင် လက်နက်ချခဲ့ကြသော်လည်း၊ ချင်းမင်းသားနှင့် သားဖြစ်သူမှာမူ မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိရပါချေ။ ထို့ပြင် ချင်းမင်းသား၏ စံအိမ်တော်မှ ဧည့်သည်တော်များဖြစ်ကြသော မိစ္ဆာများနှင့် ဘီလူးအချို့မှာလည်း အစအန ပျောက်ကွယ်နေကြသည်။
သို့သော်လည်း ဆယ်ရက်ခန့် ကုန်လွန်သွားသည့်တိုင်အောင် အရာအားလုံးမှာ အေးဆေး ငြိမ်သက်နေဆဲ ဖြစ်သည်။ ချင်းမင်းသား၏ စံအိမ်တော်ဘက်မှလည်း ကျင်ယွီအထက်နတ်ဆရာကဲ့သို့ အဆင့်မြင့် ပုဂ္ဂိုလ်များကို ပြန်လည် လိုက်လံရှာဖွေခြင်း မရှိသလို၊ မည်သည့် ပြဿနာကိုမျှ မဖန်တီးဘဲ လုံးဝ ပျောက်ကွယ်နေတော့သည်။
ဤအတောအတွင်း ကျောက်နတ်ဆရာသည် လုံဟူရှန်းတောင်သို့ တစ်ခေါက် ပြန်သွားခဲ့ပြီး၊ လုံဟူရှန်းတောင်၏ အစွမ်းထက်သော လက်နက်တစ်ခုဖြစ်သည့် သံလိုက်အိမ်မြှောင် ကို ယူဆောင်လာခဲ့သည်။
ထိုသံလိုက်အိမ်မြှောင်သည် ကောင်းကင်ယံ၏ ဖြစ်ရပ်ဆန်းများကို တွက်ချက်နိုင်စွမ်းရှိပြီး၊ ကောင်းကင်လျှို့ဝှက်ချက် ကို ဖုံးကွယ်ထားလျှင်ပင် ဤအိမ်မြှောင်ဖြင့် အမှန်ကို ရှာဖွေနိုင်ပေသည်။
ကျောက်နတ်ဆရာသည် သံလိုက်အိမ်မြှောင်ကို ပင့်ဆောင်လာပြီးနောက် ကိုယ်လက်သန့်စင်၍ အဝတ်အစားသစ်လဲကာ၊ အမွှေးတိုင်များ ထွန်းညှိ၍ ဝတ်ပြုဆုတောင်းခဲ့သည်။ ထို့နောက် ချင်းမင်းသားနှင့် သားဖြစ်သူ၏ တည်နေရာကို ရှာဖွေရန် နတ်အတတ်ကို အသုံးပြုလိုက်သည်။
ကောင်းကင်လျှို့ဝှက်ချက်ကို အတင်းအဓမ္မ တွက်ချက်ခြင်းမှာ နတ်ဘုရားတို့၏ အမျက်တော်ရှခြင်း ကို ခံရတတ်သည်။ အပေါ့စားဆိုလျှင် မျက်စိကွယ်တတ်ပြီး၊ အပြင်းအထန်ဆိုလျှင် အသက်ဆုံးရှုံးတတ်ပေသည်။ တွက်ချက်ခြင်းအတတ်တွင် ကျွမ်းကျင်လှသော ကျောက်နတ်ဆရာပင်လျှင် အစွမ်းကုန် အသုံးမပြုရဲပါချေ။
သို့သော် ယခု ထိုသံလိုက်အိမ်မြှောင် ရှိနေသဖြင့် အခြေအနေမှာ ကွာခြားသွားသည်။ ပေးဆပ်ရမည့် အဖိုးအခများကို ဤသံလိုက်အိမ်မြှောင်က ကင်းလွတ်ခွင့် ပေးထားသဖြင့်၊ ကျောက်နတ်ဆရာသည် ချင်းမင်းသားတို့၏ တည်နေရာကို အစွမ်းကုန် ရှာဖွေနိုင်ခဲ့သည်။
ရလဒ်ကို ရရှိပြီးနောက်တွင် ကျောက်နတ်ဆရာသည် မြန်ကျိုးမြို့ရှိ ယန်ဝိညာဉ်ရှင် (၃) ဦးနှင့် လီယန်ချူတို့ကို ဖိတ်ကြားလိုက်သည်။
"နတ်ဆရာကြီး... ဘယ်လိုလဲ ဘယ်လို ရလဒ် ထွက်လာသလဲ "
ရွှီထျန်းနန်က အလျင်အမြန် မေးလိုက်သည်။
ချင်းမင်းသား စံအိမ်တော်၏ အန္တရာယ်မှာ စစ်တပ်ဖြင့် ပုန်ကန်ခြင်း၌တင် မကပါချေ။ ၎င်း၏ အန္တရာယ်မှာ ချင်းမင်းသား၏ သားဖြစ်သူသည် ထူးဆန်းသော ပုဂ္ဂိုလ်များနှင့် ပေါင်းသင်းခြင်း၊ ချန်နိုင်ငံရှိ မိစ္ဆာများကို စုစည်းခြင်းနှင့် ကျင့်ကြံမှု မြင့်မားသော ယန်ဝိညာဉ်ရှင်များကို ပင့်ဖိတ်နိုင်ခြင်းတို့တွင် ရှိသည်။
သူ့ကို အချိန်လုံလုံလောက်လောက် ပေးလိုက်ပါက မည်ကဲ့သို့သော ဘေးဒုက္ခများ ဖန်တီးဦးမည်ကို မသိနိုင်ပါချေ။ ထို့ကြောင့် ရွှီထျန်းနန်သည် ချင်းမင်းသားတို့၏ တည်နေရာကို သိလိုခြင်း ဖြစ်သည်။ သူသည် ထိုသားအဖနှစ်ဦးကို ရှာဖွေ သတ်ဖြတ်ပြီး အရှေ့နယ်မြေ၏ ဘေးဒုက္ခကို အပြီးတိုင် ငြိမ်းသတ်လိုပေသည်။
"ချင်းမင်းသားကတော့ သေပါပြီ၊ ချင်းမင်းသားရဲ့သားကတော့ လူ့လောကမှာ မရှိတော့ဘူး၊ သူက တောင်ပင်လယ် နယ်မြေ ထဲကို ဝင်သွားပြီ"
ကျောက်နတ်ဆရာက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ချင်းမင်းသား သေပြီ ဟုတ်လား"
ရွှီထျန်းနန် မျက်မှောင်ကြုတ်သွားသည်။
ဤသတင်းနှစ်ခုစလုံးမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းလှသည်။
"တွက်ချက်ချက်အရဆိုရင် ချင်းမင်းသားဟာ သူ့သားရဲ့လက်ချက်နဲ့ သေဆုံးခဲ့တာပဲ၊ ဒါဟာ မင်္ဂလာမရှိတဲ့ နိမိတ်ဆိုးပဲ"
ဟု ကျောက်နတ်ဆရာက ဆိုသည်။
"ဘာ..."
ထိုစကားကို ကြားလိုက်ရသည့်အခါ အခန်းထဲရှိ လူအားလုံးမှာ မျက်နှာပျက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိကြသည်။
"သားအဖ အချင်းချင်း သတ်ဖြတ်ကြတာလား၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ "
ရွှီထျန်းနန်က ခေါင်းခါယမ်းလိုက်သည်။
"ဒီချင်းမင်းသားရဲ့သားဟာ ရှစ်ပုံတစ်ပုံလောက် မိစ္ဆာဖြစ်နေပြီ၊ သူက ဆွေမျိုးသားချင်းကိုတောင် အသိအမှတ် မပြုတော့ဘူး၊ အခု သူက တောင်ပင်လယ် နယ်မြေထဲကို ဝင်သွားပြီ၊တကယ်လို့ သူသာ အဲဒီထဲက အရာတစ်ခုကို ရသွားမယ်ဆိုရင် လူ့လောကမှာ ထိန်းချုပ်လို့မရတဲ့ ဘေးဒုက္ခတွေ ထပ်ဖြစ်လာနိုင်တယ်"
ကျောက်နတ်ဆရာ၏ အသံမှာ စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။
မိစ္ဆာကျင့်စဉ်များထဲတွင် မိမိ၏ ဆွေမျိုးသားချင်းများ၊ မိဘ၊ ဇနီးမယား၊ သားသမီး၊ သူငယ်ချင်း နှင့် နီးစပ်သူ အားလုံးကို သတ်ဖြတ်၍ မိစ္ဆာအတတ်ကို ကျင့်ကြံသည့် နည်းလမ်းများ ရှိပေသည်။
ချစ်ခြင်းတရားကို ဖြတ်တောက်ပြီး မိမိ၏ အရင်းနှီးဆုံး သူများကို ပူဇော်သက္ကာရ ပြုလုပ်ခြင်းဖြင့် ကျင့်ကြံခြင်း ဖြစ်သည်။ ကျောက်နတ်ဆရာသည် သတင်းအချက်အလက်ကို ဤမျှ တိကျအောင် တွက်ချက်နိုင်သည်မှာ သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ သူ၏ အစွမ်းကုန် ပေးဆပ်လိုက်ခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။ အဖိုးအခ ကင်းလွတ်ခွင့်ရှိသဖြင့် သူသည် ဝန်လေးမနေဘဲ အစွမ်းကုန် အသုံးချလိုက်ခြင်းပင်။
"တောင်ပင်လယ် နယ်မြေ ဆိုတာ ဘယ်လိုနေရာမျိုးလဲ"
လီယန်ချူက ရုတ်တရက် မေးလိုက်သည်။
ထိုနေရာရှိ လူများထဲတွင် သူတစ်ဦးတည်းသာ ထိုနယ်မြေအကြောင်းကို မသိခြင်း ဖြစ်သည်။
"ဒီတောင်ပင်လယ် နယ်မြေဆိုတာ မိစ္ဆာမျိုးနွယ်တွေရဲ့ နယ်မြေတစ်ခုပဲ၊ အစဉ်အဆက် လျှို့ဝှက်လွန်းတယ်"
"ဒါက နတ်ဘုရားနယ်မြေ တွေနဲ့ မတူဘူး၊ ဒီနယ်မြေက အမြဲတမ်း တည်ရှိနေတာ၊ ဒါပေမဲ့ ဝင်ရောက်ဖို့ အခြေအနေတွေက အလွန် တင်းကျပ်လွန်းတယ်"
"ဘယ်လို အခြေအနေမျိုးတွေလဲ"
လီယန်ချူက မေးလိုက်သည်။
"ယန်ဝိညာဉ်ရှင် အဆင့်ကို မရောက်သေးသူ ဖြစ်ရမယ်၊ ပြီးတော့ ကျောက်စာတိုင် တစ်ခုကို တိုက်ခိုက်ပြရမယ်၊ တောင်ပင်လယ် နယ်မြေက မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားဟာ လုံလောက်တယ်လို့ ယူဆမှသာ အထဲကို ဝင်ရောက်ပြီး ကံထူးခွင့်ကို ရှာဖွေခွင့် ပေးတာ"
ကျောက်နတ်ဆရာက ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ဒီတောင်ပင်လယ် နယ်မြေဟာ အစွမ်းထက်လှတဲ့ မိစ္ဆာဘုရင် အတော်များများ သေဆုံးပြီးနောက် တည်ဆောက်ခဲ့တဲ့ နယ်မြေလို့ အဆိုရှိတယ်၊ လူသားမျိုးနွယ်အပေါ် သိပ်ပြီး မရင်းနှီးဘူး၊ ဒါကြောင့် သိတဲ့လူ အလွန်နည်းတာ"
ကျောက်နတ်ဆရာက ဆက်ပြောသည်။
အမှန်တကယ်တော့ ထိုနယ်မြေသာ ဖြစ်ပါက သူတို့သည် မိမိတို့ ဂိုဏ်းများမှ လူငယ်တပည့်များကို ဆင့်ခေါ်ပြီး ချင်းမင်းသား၏သားကို ဖမ်းဆီးရန် စေလွှတ်ရပေလိမ့်မည်။ သို့သော် ယခုတွင်မူ သူတို့ရှေ့၌ အသင့်တော်ဆုံး လူတစ်ဦး ရှိနေပေပြီ။
"ခင်ဗျာတို့က ကျုပ်ကို တစ်ယောက်တည်း အထဲဝင်ခိုင်းဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော် "
လီယန်ချူက ခပ်အေးအေး ပြောလိုက်သည်။
"ချင်းမင်းသားရဲ့သားဟာ မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး တိတ်တဆိတ် ကြံစည်နေတာ၊ အကယ်၍ သူသာ တောင်ပင်လယ် နယ်မြေထဲက အဲဒီအရာကို ရသွားရင် နောင်မှာ ဘေးဒုက္ခတွေ အဆုံးရှိမှာ မဟုတ်ဘူး"
ကျောက်နတ်ဆရာက ဆိုသည်။
"ဘယ်အရာလဲ"
လီယန်ချူက မေးလိုက်သည်။
"မိစ္ဆာနတ်ဘုရား တစ်ပါး ချန်ရစ်ခဲ့တဲ့ လက်နက်ပဲ၊ အဲဒီလက်နက်ဟာ မိစ္ဆာအပေါင်းကို အမိန့်ပေးနိုင်ပြီး၊ တောင်တွေကို ရွှေ့ကာ ပင်လယ်တွေကို ဖို့နိုင်စွမ်း ရှိတယ်၊ တကယ်လို့ သူသာ အဲဒီလက်နက်ကို ရသွားရင် လောကကြီးကို ထပ်ပြီး ဒုက္ခပေးဦးမှာပဲ"
ကျောက်နတ်ဆရာ၏ လေသံမှာ အလွန် လေးနက်နေတော့သည်။
မိစ္ဆာနတ်ဘုရား၏ လက်နက်တဲ့လား။
လီယန်ချူ မျက်မှောင်ကြုတ်သွားရသည်။
ထိုချင်းမင်းသား၏ သားမှာ အမှန်တကယ်ပင် ပြဿနာ ရှာနိုင်လွန်းလှသည်။
ယခုမူ မိစ္ဆာနတ်ဘုရားကိုပင် ဆွဲထည့်လိုက်လေပြီ။