အခန်း (၅၆၃-၅၆၄)
Vol. 57 Ch. 563-564
အခန်း (၅၆၃) - တောတောင်နက်ကြီး၊ ဝူကျိုး၊ ဝံပုလွေမိစ္ဆာ၏ မင်္ဂလာပွဲ ၊ လမ်းပိတ်ဆီးသော လူငယ် ၊ လေညှင်းခံစားခြင်းအတတ်
ဝူကျိုး...
ထိုနေရာသည် အရှေ့နယ်မြေ၏ နယ်စပ်ဒေသ ဖြစ်သည်။
တောတောင်နက်ကြီး နှင့် နီးကပ်လှပြီး သစ်ပင်တောအုပ်များမှာ ထူထပ်လွန်းသဖြင့် ကောင်းကင်ယံကိုပင် ဖုံးလွှမ်းထားလေသည်။
ကုအော်တောင်ထိပ် တွင် အရပ်၆ပေကျော် မြင့်မားသော ဝံပုလွေမိစ္ဆာတစ်ကောင်သည် နီရဲတောက်ပြောင်သော သတို့သားဝတ်စုံကို ဝတ်ဆင်ကာ ရှေ့ဆုံးမှနေ၍ ပျော်ရွှင်မြူးတူးစွာ လျှောက်လှမ်းနေသည်။ သူ၏ ဘေးပတ်ပတ်လည်တွင်မူ ထမ်းစင်ထမ်းသူများနှင့် တူရိယာတီးခတ်သူ တစ်သိုက်က ဆူညံစွာဖြင့် နှဲမှုတ်ကာ လိုက်ပါလာကြ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာမူ ဖျံခေါင်းနှင့် ကြွက်မျက်လုံးရှိကာ၊ ကြွက်နှုတ်ခမ်းမွေး နှစ်ပင်ကလည်း ထောင်နေသည်။ သူ၏ မျက်နှာပေါက်မှာ အလွန်ပင် ကျဉ်းမြောင်းလှပြီး တစ်နေရာတည်းတွင် စုပြုံနေသဖြင့် ကြည့်ရသည်မှာ ပြောမပြတတ်အောင်ပင် ရုပ်ဆိုးအကျည်းတန်လှပေသည်။
သတို့သမီးတင်ဆောင်လာသော ထမ်းစင်အတွင်းမှမူ မိန်းကလေးတစ်ဦး၏ ငိုရှိုက်သံများမှာ အခါအားလျော်စွာ ထွက်ပေါ်နေလေသည်။
ရှူး...
စူးရှလှသော လေတိုးသံတစ်ခုနှင့်အတူ မြှားတစ်စင်းသည် ရှေ့ဆုံးမှ ဦးဆောင်လာသော ရုပ်ဆိုးအကျည်းတန်သည့် စီမံခန့်ခွဲသူ၏ ကိုယ်ကို တိုက်ရိုက်ပင် ဖောက်ထွက်သွားတော့သည်။
မိစ္ဆာအုပ်စုမှာ ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်သွားကြ၏။ အရပ် ၆ပေကျော် မြင့်မားကာ ကြောက်မက်ဖွယ်ကောင်းလှသော ဝံပုလွေမိစ္ဆာမှာ ယခုအခါ လူတစ်ဝက် မိစ္ဆာတစ်ဝက် ပုံစံဖြင့် ရှိနေပြီး၊ သူသည် နောက်သို့ လှည့်ကြည့်လိုက်သည်။
ရှူး... ရှူး... ရှူး...
နားစည်ကွဲမတတ် စူးရှသော လေတိုးသံများ ထပ်မံထွက်ပေါ်လာပြန်သည်။ မြှားဖြူသုံးစင်းမှာ ဝံပုလွေမိစ္ဆာထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။
ဝံပုလွေမိစ္ဆာက မျက်မှောင်ကြုတ်လိုက်ကာ လက်ကို ခပ်ဖွဖွလေး ဝေ့ယမ်းလိုက်ရုံဖြင့် အရှိန်ပြင်းလှသော မြှားဖြူများမှာ မြေပေါ်သို့ ဘုတ်ခနဲ ကျသွားတော့သည်။
ထိုစဉ် လမ်းမကြီးပေါ်သို့ မာကျောသော သစ်သားလေးကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာသည်။
စောစောက မြှားအပစ်ခံလိုက်ရသော စီမံခန့်ခွဲသူမှာ မိမိ၏ မူလခန္ဓာကိုယ် ပေါ်ထွက်လာလေပြီ။ သူ၏ ရုပ်ရည်မှာ ဖျံခေါင်း ကြွက်မျက်လုံး ဖြစ်နေရခြင်းမှာ သူသည် ကြွက်မိစ္ဆာတစ်ကောင် ဖြစ်နေသောကြောင့်ပင်။ သို့သော် ထိုကြွက်မိစ္ဆာမှာ ကျင့်ကြံမှု နုနယ်သေးသဖြင့် လူပုံစံသို့ အလုံးစုံ မပြောင်းလဲနိုင်သေးပါချေ။
ယခုအခါ မြှားဖြူတစ်စင်းမှာ သူ၏ ရင်ဘတ်ကို ဖောက်ထွက်နေပြီ ဖြစ်သည်။ သို့သော် မိစ္ဆာမျိုးနွယ်တို့၏ ဇွဲကောင်းလှသော အသက်စွမ်းအားကြောင့် ကြွက်မိစ္ဆာမှာ ကိုယ်လက်များ တဆတ်ဆတ် တုန်ယင်နေသော်လည်း ချက်ချင်း သေဆုံးခြင်း မရှိသေးပေ။
"ရဲတင်းလှချည်လား"
"ဘယ်သူက ကျောက် သခင်ကြီးရဲ့ လမ်းကို ပိတ်ရဲတာလဲ"
ရုပ်ဆိုးကာ ထွားကျိုင်းလှသော လူသန်ကြီးတစ်ဦးက ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်သည်။ သူ၏ ဦးခေါင်းပေါ်တွင် နွားချိုများ ရှိနေသဖြင့် သူသည် နွားမိစ္ဆာတစ်ကောင် ဖြစ်ကြောင်း သိသာလှပေသည်။
သူခေါ်ဆိုလိုက်သော ကျောက် သခင်ကြီးမှာ အရပ် ၆ပေကျော် မြင့်မားသည့် ဝံပုလွေမိစ္ဆာပင် ဖြစ်သည်။ ထိုဝံပုလွေမိစ္ဆာမှာ နှစ်ပေါင်း ရာချီ ကျင့်ကြံထားသဖြင့် ဝိညာဉ်စွမ်းအား ထူထပ်လှပြီး ကုအော်တောင်ပေါ်တွင် အရှိန်အဝါ ကြီးမားသူ ဖြစ်သည်။ မိမိကိုယ်ကိုလည်း ကျောက်ချင့်ဖိန် ဟု အမည်မှည့်ထား၏။
သူသည် လူပုံစံသို့ အလုံးစုံ ပြောင်းလဲနိုင်စွမ်း ရှိသော်လည်း လူတစ်ဝက် မိစ္ဆာတစ်ဝက် ပုံစံမှာ ပို၍ ခန့်ညားထည်ဝါသည်ဟု ယူဆထားသည်။ လူသားတို့၏ ချောမောမှုကိုလည်း ရရှိနိုင်သလို မိစ္ဆာမျိုးနွယ်တို့၏ သန်စွမ်းမှုကိုလည်း ပြသနိုင်သည်ဟု သူက ထင်မှတ်နေခြင်းပင်။
ထို့ကြောင့် သူသည် သတို့သမီးကို သွားရောက်ကြိုဆိုရာတွင် ဤပုံစံကို တကူးတက ပြောင်းလဲထားခြင်း ဖြစ်သည်။ အမှန်စင်စစ် မိစ္ဆာမျိုးနွယ်တို့၏ အလှအပဆိုင်ရာ အမြင်မှာမူ ပြောပြရခက်လှပေသည်...။
သစ်သားလေးကို ကိုင်ဆောင်ထားသော လူငယ်မှာ ခန္ဓာကိုယ် ထွားကျိုင်းသူ မဟုတ်ပါချေ။ အနည်းငယ်ပင် ပိန်ပါးလှသယောင် ရှိသော်လည်း လေးကို ဆုပ်ကိုင်ထားသော သူ၏ လက်ချောင်းများမှာ ရှည်လျားပြီး အကြည့်များက ခိုင်မာပြတ်သားလှသည်။
ထိုလူသန်ကြီးက သူ့ကို အော်ဟစ်မေးမြန်းလိုက်သောအခါ လူငယ်မှာ ထိတ်လန့်ခြင်း မရှိသည့်အပြင် ထိုမိစ္ဆာအုပ်ကြီးကို ရင်ဆိုင်ရင်း တည်ငြိမ်စွာပင် မေးလိုက်သည်။
"ဒီနေ့က ကုအော်တောင်ရဲ့ တောင်စောင့်နတ် ကျောက် သခင်ကြီး မင်္ဂလာဆောင်တဲ့နေ့ မဟုတ်လား"
"ယီးစကားတွေ... မင်း မျက်စိမပါဘူးလား"
နွားမိစ္ဆာက အော်ဟစ်လိုက်၏။
ဝံပုလွေမိစ္ဆာ ကျောက်ချင့်ဖိန်၏ တောင်စောင့်နတ် ဆိုသော အမည်မှာ မိမိကိုယ်ကို ပြန်ပေးထားသော ဘွဲ့ထူးသာ ဖြစ်သည်။ တရားသေဝါဒများ ပြတ်တောက်ပြီး နတ်ဘုရားပုံပြင်များ ပျောက်ကွယ်သွားသော ထိုခေတ်ကြီးတွင် အသစ် တောင်စောင့်နတ်များကို ဘွဲ့နှင်းသဘင် ပေးအပ်ခြင်း မရှိတော့ပါချေ။ ဝံပုလွေမိစ္ဆာက ထိုအမည်ကို ခေါ်ရသည်မှာ ဂုဏ်သိက္ခာကြီးမားသည်ဟု ခံစားရသဖြင့် မှည့်ထားခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ဤကုအော်တောင်ပေါ်တွင် သူနှင့် ကျင့်ကြံမှုအဆင့် တူညီသော အခြားမိစ္ဆာနှစ်ကောင် ရှိသေးသည်။ သို့သော် ထိုသစ်ပင်မိစ္ဆာ ဇနီးမောင်နှံမှာ အေးအေးဆေးဆေး နေတတ်ကြပြီး လူသားစားခြင်းကို မနှစ်သက်သလို တောင်အောက်သို့လည်း ဆင်းလေ့မရှိကြပေ။ ထို့ကြောင့် ဝံပုလွေမိစ္ဆာက မိမိကိုယ်ကို တောင်စောင့်နတ်ဟု ကြေညာထားသော်လည်း မည်သူကမျှ ကန့်ကွက်သူ မရှိခြင်းပင်။
နွားမိစ္ဆာ၏ ရိုင်းစိုင်းသော စကားကို ကြားရသော်လည်း လေးကိုင်ထားသော လူငယ်မှာ ပြုံးလိုက်ပြီး
"တကယ်ကို အားနာမိပါတယ်၊ စောစောက ကျုပ် မျက်စိမွဲပြီး တောင်စောင့်နတ်မင်းကြီးကို ပြစ်မှားမိသွားတယ်"
ထိုလူငယ်၏ သဘောထားမှာ အလွန်ပင် လျင်မြန်စွာ ပြောင်းလဲသွားသဖြင့် ထိုရိုင်းစိုင်းလှသော နွားမိစ္ဆာပင် ခေတ္တမျှ ကြောင်အသွားရသည်။
ကျောက်ချင့်ဖိန်မှာမူ ယနေ့ စိတ်အခြေအနေ အလွန်ကောင်းနေသည်။ အကြောင်းမှာ သူသည် ဝါးတားကျေးရွာမှ လှပနုပျိုသော သတို့သမီးကို ဖမ်းဆီးလာနိုင်ခဲ့သောကြောင့်ပင်။ ယခုနှစ်မှ ၁၅ နှစ်အရွယ်သာ ရှိသေးပြီး အလွန်ပင် နုနယ်လှသော အချိန်မဟုတ်ပါလား။
သတို့သမီး၏ မိဘများမှာ သူ့ကို ကြောက်လန့်လွန်းသဖြင့် အသည်းတုန်နေကြပြီး၊ သတို့သမီးမှာလည်း သူ၏ နတ်အတတ်ဖြင့် ထမ်းစင်အတွင်း၌ ချည်နှောင်ခံထားရကာ ငိုလွန်းသဖြင့် အသံပင် ဝင်နေပြီ ဖြစ်သော်လည်း ကျောက်ချင့်ဖိန်ကမူ ၎င်းကို ကောင်းကင်က ပေးသနားသော ဖူးစာဟု မှတ်ယူထားသည်။ ထို့ကြောင့် သူ၏ စိတ်မှာ ကြည်နူးနေခြင်းပင်။
လူသည် ပျော်ရွှင်နေချိန်တွင် မာန်တက်တတ်စမြဲ ဖြစ်သည်။ လူငယ်၏ သဘောထား ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျောက်ချင့်ဖိန်က မာန်ပါပါဖြင့် ရယ်မောလိုက်ပြီး
"ဘယ်က မျက်စိမပါတဲ့ ကောင်လဲ မြန်မြန် ထွက်သွားစမ်း၊ ငါ့မင်္ဂလာပွဲကို မနှောင့်ယှက်နဲ့ "
ဝံပုလွေမိစ္ဆာမှာ သဘာဝအရ ရက်စက်တတ်သော်လည်း မိမိလက်အောက်ခံ ကြွက်မိစ္ဆာ မြှားအပစ်ခံရသည်ကိုမူ ဂရုမစိုက်ပါချေ။ သူသည် မင်္ဂလာဦးညကိုသာ စိတ်စောနေခြင်း ဖြစ်သည်။ သူ၏ အမြင်တွင် ဤလူသားလူငယ်မှာ မုဆိုးတစ်ဦးသာ ဖြစ်ပေလိမ့်မည်။ သူ့အတွက် မည်သည့်အန္တရာယ်မျှ မရှိသဖြင့် စကားပြောရန်ပင် အချိန်မဖြုန်းလိုတော့ပေ။
"ကျုပ်ရဲ့ ပြစ်မှားမှုကို ခွင့်လွှတ်ပေးတဲ့အတွက် ကျောက်သခင်ကြီးကို ကျေးဇူးတင်ပါတယ်၊ ကျောက်သခင်ကြီးရဲ့ အိမ်ထောင်ရေး သာယာပါစေ၊ သားရတနာ မြန်မြန်ထွန်းကားပါစေလို့ ဆုတောင်းပေးပါတယ်"
အနက်ရောင်ဝတ်စုံနှင့် လူငယ်က ပြုံးလျက် ပြောလိုက်သည်။
"တော်ပြီ၊ စကားတွေ အများကြီး မပြောနဲ့တော့ မြန်မြန် လစ်တော့ "
အရပ် ၆ပေကျော် ဝံပုလွေမိစ္ဆာ ကျောက်ချင့်ဖိန်က စိတ်မရှည်စွာ ပြောလိုက်၏။
"ဆုံတွေ့ရတာ ဖူးစာပါပဲ၊ ကျောက်သခင်ကြီး လှပတဲ့ သတို့သမီးကို ရရှိတဲ့အတွက် ကျုပ်က တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားပါတယ်"
ဤမျှများပြားလှသော မိစ္ဆာအုပ်ကြီးရှေ့တွင် ဤလူငယ်မှာ ကြောက်လန့်ခြင်း မရှိသည့်အပြင် စကားကိုပင် အေးအေးလူလူ ပြောဆိုနေသေးသည်။
ဤမျှ ရိုသေကိုင်းရှိုင်းလှသော အမူအရာကြောင့် ဝံပုလွေမိစ္ဆာ ကျောက်ချင့်ဖိန်မှာ အံ့သြသွားပြီး မည်သည့်လက်ဆောင်ဖြစ်မလဲဟု စိတ်ဝင်စားသွားမိသည်။
သာမန်အချိန်ဆိုလျှင် ထိုကဲ့သို့သော လူငယ်မျိုးကို တွေ့ပါက ဖမ်းဆီးစားသောက်လိုက်မည်မှာ သေချာလှသည်။ သူ၏ လက်အောက်ခံကို မြှားနှင့် ပစ်ခဲ့သည်မှာ ပို၍ပင် ဆိုဖွယ်ရာမရှိ။ သို့သော် ယနေ့တွင် ဝံပုလွေမိစ္ဆာမှာ စိတ်အခြေအနေ ကောင်းလွန်းသဖြင့် လူငယ်နှင့် စကားပြောနေမိခြင်းပင်။
"ဘာလက်ဆောင်လဲ၊ ပြောစမ်းပါဦး"
ကျောက်ချင့်ဖိန်၏ လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားသည်။
"လက်ဆောင်..."
"ဘာလက်ဆောင်လဲ"
အနက်ရောင်ဝတ် လူငယ်က ဘာမှမသိသလိုဖြင့် နောက်သို့ တစ်ချက် ကြည့်လိုက်ပြီး ဝံပုလွေမိစ္ဆာကို နားမလည်နိုင်သကဲ့သို့ ပြန်မေးလိုက်သည်။
"............" ဝံပုလွေမိစ္ဆာ ကျောက်ချင့်ဖိန်
ကျန်ရှိသော မိစ္ဆာလေးများမှာလည်း အသက်ပြင်းပြင်း ရှူလိုက်ကြပြီး အကြည့်များက ကြမ်းတမ်းလာကြသည်။ ဤလူငယ်သည် ရူးနေတာလား တောင်စောင့်နတ်မင်းကြီးကို ပြောင်ချော်ချော် လုပ်ရဲတယ်ပေါ့။
"မင်းက သူတစ်ပါးရဲ့ သမီးပျိုကို လုယူလာပြီးတော့မှ လက်ဆောင်တောင်းရဲသေးတယ်ပေါ့ "
"မင်း အမေကိုယိုးမယ့် ခွေးမသား... ဝက်မသားရဲ့"
အနက်ရောင်ဝတ် လူငယ်က ဆဲဆိုလိုက်ပြီး လက်ထဲမှ မြှားသုံးစင်းကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ဝံပုလွေမိစ္ဆာကို မတိုက်ခိုက်ဘဲ ရုပ်ဆိုးလှသော နွားမိစ္ဆာထံသို့သာ ပစ်လိုက်ခြင်းပင်။
ဝံပုလွေမိစ္ဆာမှာ ကျင့်ကြံမှု မြင့်မားသဖြင့် သာမန်မြှားများဖြင့် မထိခိုက်နိုင်သော်လည်း နွားမိစ္ဆာမှာမူ ကျင့်ကြံမှု နုနယ်သေးသည်။
နွားမိစ္ဆာက မျက်လုံးများ အေးစက်သွားကာ လက်သီးဖြင့် ထိုးထုတ်လိုက်သည်။ သို့သော် ဘာမှ အသုံးမဝင်ခဲ့ပါချေ။ သူသည် မိစ္ဆာအငယ်စားလေးသာ ဖြစ်သည်။ လူကို ဆဲဆိုခြင်းနှင့် ကြွားဝါခြင်းကိုသာ ဝါသနာပါသူ ဖြစ်သည်။ လူငယ်၏ မြှားချက်များတွင်မူ အစွမ်းထက်သော ခွန်အားနှင့် သန်စွမ်းသော သွေးစွမ်းအင်များ ပါဝင်နေသည်။
ပလွတ်...
မြှားနှစ်စင်းသည် နွားမိစ္ဆာ၏ မျက်လုံးတွင်းသို့ စိုက်ဝင်သွားပြီး၊ နွားမိစ္ဆာမှာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။
"မင်း သေချင်နေပြီပဲ "
ဝံပုလွေမိစ္ဆာ ကျောက်ချင့်ဖိန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရိပ်ခနဲနေအောင် မြန်ဆန်လှသော အရှိန်ဖြင့် ပျံထွက်လာသည်။
လူငယ်က ရင်ဘတ်ထဲမှ ဆေးလုံးနှစ်လုံးကို အမြန်ထုတ်ယူကာ မြေပေါ်သို့ ပစ်ချလိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း
ဆေးလုံးများမှာ မီးခိုးလုံးကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။
သာမန် မီးခိုးဗုံးများမှာ ဝံပုလွေမိစ္ဆာကို မထိခိုက်နိုင်သလို သူ၏ အမြင်အာရုံကိုလည်း မဖုံးကွယ်နိုင်ပါချေ။ သို့သော် ထိုမီးခိုးများမှာ ထူးခြားလှပြီး အဆိပ်အတောက် တစ်မျိုး ပါဝင်နေသကဲ့သို့ ရှိရာ၊ နှစ်ပေါင်း ရာချီ ကျင့်ကြံထားသော ဝံပုလွေမိစ္ဆာပင်လျှင် နှာခေါင်းနှင့် ပါးစပ်တို့မှ စူးရှပူလောင်မှုကို ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင် လူငယ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။ ထိုစဉ် ထမ်းစင်ထမ်းနေသော မိစ္ဆာတစ်ကောင်က အလန့်တကြား အော်ဟစ်လိုက်သည်။
"မကောင်းတော့ဘူး... သတို့သမီး ပျောက်သွားပြီ"
ဝံပုလွေမိစ္ဆာက လေပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရာ မီးခိုးများမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူသည် ထမ်းစင်ရှေ့သို့ ရောက်လာပြီး ဟာလာဟင်းလင်း ဖြစ်နေသော ထမ်းစင်ကို ကြည့်ကာ မျက်လုံးများ အေးစက်သွားတော့သည်။
"ကောင်းပြီလေ... ငါ့ကိုတောင် လှည့်စားရဲတယ်ပေါ့"
ဝံပုလွေမိစ္ဆာသည် လက်မှ နတ်အတတ်ကို ဖော်ထုတ်လိုက်ပြီး နှာခေါင်းဖြင့် တစ်ချက် နမ်းကြည့်လိုက်သည်။ သူ၏ ဘေးပတ်လည်တွင် လေညှင်းလေးများ တိုက်ခတ်လာသည်။ ထိုလေထဲတွင် ဖုံးကွယ်ထားသော အရှိန်အဝါ အချို့ ရှိနေသည်။
၎င်းမှာ မိစ္ဆာမျိုးနွယ်တို့၏ ထူးခြားသော နတ်စွမ်းအားတစ်ခု ဖြစ်သည့်
လေညှင်းခံစားခြင်းအတတ် ပင် ဖြစ်သည်။
လေထဲမှ ထူးခြားသော အရှိန်အဝါများကို ခံစားသိရှိနိုင်ပြီး ရန်သူ၏ ခြေရာလက်ရာများကို ခွဲခြားနိုင်စွမ်း ရှိပေသည်။
ပုံမှန်အားဖြင့် သားရဲတိရစ္ဆာန်များသည် ရန်သူ၏ ခြေရာအပေါ် တုံ့ပြန်မှု အလွန်လျင်မြန်ကြပြီး၊ ထိုဝံပုလွေမိစ္ဆာမှာမူ ထိုအတတ်ပညာတွင် ထိပ်တန်းအဆင့် ဖြစ်လေသည်။
အခန်း (၅၆၄) - ဝံပုလွေမိစ္ဆာ၏ ဘေးအန္တရာယ် ၊ထွားကျိုင်းသော လူငယ် ၊ မိုးပေါ်မှ ကျလာသော ဓားအလင်းတန်း ၊ ရွှီရှီချီ ၊ ဆရာ့ကို ဂါရဝပြုပါတယ်
ထိုအနက်ရောင်ဝတ် လူငယ်သည် သတ္တိရှိရုံသာမက စိတ်လည်း အလွန်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သူ၏ မြှားအတတ်မှာလည်း အတော်ပင် အဆင့်မြင့်လှပေသည်။ သို့သော်လည်း နှစ်ပေါင်းရာချီ ကျင့်ကြံထားသော ဝံပုလွေမိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သူ၏ စွမ်းအားမှာ အားကိုးရာမရ ဖြစ်နေဆဲပင်။ မကြာမီမှာပင် သူသည် ဝံပုလွေမိစ္ဆာ၏ ပိတ်ဆို့မှုကို ခံလိုက်ရတော့သည်။
"ကောင်းပြီလေ... သတ္တိရှိလှချည်လား"
ဝံပုလွေမိစ္ဆာက အေးစက်စွာ ပြုံးလိုက်သည်။
သတို့သမီးမှာမူ ယခုအခါ ကိုယ်လုံးထွားကျိုင်းလှသော လူငယ်တစ်ဦး၏ ပုခုံးပေါ်တွင် ထမ်းပိုးခြင်း ခံထားရသည်။ မိစ္ဆာအတတ်ဖြင့် ခန္ဓာကိုယ်ကို အပိတ်ခံထားရသဖြင့် သတို့သမီးမှာ ခြေလက်များ ပျော့ခွေနေပြီး မည်သို့မျှ ရုန်းကန်ထွက်ပြေးနိုင်ခြင်း မရှိပါချေ။
ထိုထွားကျိုင်းသော လူငယ်မှာ ကြည့်ရသည်မှာ အနည်းငယ် အူကြောင်ကြောင် ပုံစံရှိသော်လည်း၊ လူတစ်ယောက်ကို ထမ်းပိုး၍ ပြေးလွှားနေသော်လည်း မျက်နှာမှာ နီမြန်းခြင်း မရှိသလို အမောလည်း မဖောက်ပါချေ။ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။
"ခုနစ်ယောက်မြောက် အစ်ကို... ကျုပ်ကြောင့် အစ်ကိုပါ ဒုက္ခရောက်ကုန်ပြီ ထင်တယ်၊ ဒီဝံပုလွေမိစ္ဆာက တကယ်ကို ကိုင်တွယ်ရ ခက်လွန်းတယ်"
ထွားကျိုင်းသော လူငယ်က သက်ပြင်းချလျက် ပြောလိုက်သည်။
အနက်ရောင်ဝတ် လူငယ်သည် ကြီးမားလှသော လေးကို ကိုင်ဆောင်ထားရင်း ပါးစပ်ဖြဲကာ ရယ်မောလိုက်ပြီး
"ဟေ့ တုံးကြီး... အဲဒီလို စကားမျိုး မပြောစမ်းနဲ့"
"တစ်သက်မှာ တစ်ခါပဲ လူဖြစ်ရတာ၊ ငါတို့က ညီအစ်ကိုတွေပဲ၊ မင်းရဲ့ မိန်းမလောင်းကို သူများ လုယူသွားတာကို ငါက ထိုင်ကြည့်နေရမှာလား "
"ဒီဝံပုလွေမိစ္ဆာကို အသေသာ ချလိုက်"
ဝံပုလွေမိစ္ဆာက ထိုလူငယ်နှစ်ဦးကို ကြည့်ကာ မျက်နှာတွင် ကြောက်မက်ဖွယ် အပြုံးတစ်ခု ပေါ်လာပြီး
"ခဏနေ မင်းတို့ကို ငါ ဝါးစားတဲ့အခါမှာလည်း အခုလိုမျိုး သစ္စာရှိနိုင်ကြသေးလားဆိုတာ ငါ ကြည့်ချင်သေးတယ်"
အနက်ရောင်ဝတ် လူငယ်သည် မြှားကို ကျကျနန တပ်လိုက်ပြီး ပစ်လွှတ်လိုက်ရာ၊ ထက်မြက်လှသော မြှားဖြူတစ်စင်းမှာ စူးရှသော အဟုန်ဖြင့် လေထုကို ခွဲကာ ပျံသန်းသွားတော့သည်။ ၎င်းမှာ သူ၏ အစစ်အမှန် စွမ်းအားပင် ဖြစ်သည်။ သူ၏ သွေးစွမ်းအင်များကို မြှားဖျားတွင် ကပ်ငြိစေကာ ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။ သာမန်မိစ္ဆာလေးများဆိုလျှင် ထိုမြှားတစ်စင်းတည်းဖြင့် အသက်ပျောက်နိုင်ပေသည်။
နှမြောစရာ ကောင်းသည်မှာ ဤဝံပုလွေမိစ္ဆာ၏ ဝိညာဉ်စွမ်းအားမှာ ထူထပ်လှပြီး သူ၏ အရေပြားမှာလည်း သံမဏိကဲ့သို့ မာကျောလှသည်။ သံကို ဖယောင်းကဲ့သို့ ဖြတ်နိုင်သော ဓားလက်နက်များဖြင့်ပင် သူ၏ အမွေးအမှင်ကို မထိခိုက်နိုင်ပါချေ။ ထိုလူငယ်၏ သာမန်မြှားဖြူမှာမူ ပြောနေရန်ပင် မလိုတော့ပေ။
ဝံပုလွေမိစ္ဆာက လက်ကို ဝှေ့ယမ်း၍ မြှားဖြူကို ရိုက်ချလိုက်ပြီး ထိုလူငယ်ကို လက်ဖြင့် တန်းဖမ်းလိုက်တော့သည်။ ဤကဲ့သို့သော အခြေအနေမျိုး ရောက်သည့်တိုင်အောင် အနက်ရောင်ဝတ် လူငယ်၏ မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝ မရှိပါချေ။ သူသည် ဝံပုလွေမိစ္ဆာကို အားရပါးရပင် တစ်ချက် ကန်လိုက်သေးသည်။
ဝံပုလွေမိစ္ဆာမှာ ဒေါသထွက်သွားပြီး လက်ကို အားစိုက်လိုက်ရာ၊ လူငယ်၏ လည်ပင်းမှ အရိုးများ ကျိုးအက်လုမတတ် အသံများ ထွက်ပေါ်လာတော့သည်။ အနက်ရောင်ဝတ် လူငယ်၏ မျက်နှာမှာ တဖြည်းဖြည်း ညိုမည်းလာရ၏။
အတိအကျပင် ထိုအချိန်၌ ဝံပုလွေမိစ္ဆာ၏ ခါးဆီမှ ပြင်းထန်သော နာကျင်မှုတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။
ဘုန်း
ထိုထွားကျိုင်းသော လူငယ်က သူ၏ ခန္ဓာကိုယ် ခွန်အားကို အသုံးပြု၍ ဝံပုလွေမိစ္ဆာ၏ ခါးကို တိုက်လိုက်ခြင်း ဖြစ်သည်။
ဤလူငယ်သည် ကိုယ်ခံပညာ သင်ကြားဖူးသည့် ပုံမျိုးမဟုတ်သလို၊ ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုကျင့်ကြံသူလည်း မဟုတ်ပါချေ။ သို့သော် သူ၏ ထိုတိုက်ချက်မှာ ဝံပုလွေမိစ္ဆာကို ယိုင်လဲသွားစေနိုင်ခဲ့သည်။ နှစ်ပေါင်းရာချီ ကျင့်ကြံထားသော်လည်း ဝံပုလွေမိစ္ဆာမှာ ပါးစပ်ဖြဲကာ အံကြိတ်၍ လေပြင်းတစ်ချက် ရှူလိုက်ရသည်။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား ဝံပုလွေဆိုသည်မှာ "ဦးခေါင်းက ကြေးနီ၊ အရိုးက သံမဏိ၊ ခါးကတော့ ပဲပြား" ဟူ၍ပင်။ ဝံပုလွေတို့၏ ခါးမှာ သူတို့၏ အားနည်းချက် ဖြစ်ပေသည်။ သို့သော် မည်မျှပင် အားနည်းချက် ဖြစ်ပါစေ သာမန်လူငယ်တစ်ဦးက ဒဏ်ရာရအောင် လုပ်နိုင်သည်မှာ မဖြစ်နိုင်လောက်ပါချေ။
ဝံပုလွေမိစ္ဆာ နာကျင်သွားစဉ် အနက်ရောင်ဝတ် လူငယ်မှာလည်း မြေပေါ်သို့ လွတ်ကျလာခဲ့သည်။ ထိုလူငယ်မှာ နာကျင်မှုကို ဂရုမစိုက်ဘဲ မြေပေါ်တွင် နှစ်ပတ်ခန့် လိမ့်ကာ နောက်ထပ် မြှားဖြူနှစ်စင်းကို ပစ်လွှတ်လိုက်ပြန်သည်။ သူ၏ မြှားအတတ်မှာ အမှန်တကယ်ပင် လက်ဖျားခါလောက်ပေသည်။
မြှားဖြူနှစ်စင်းမှာ ဝံပုလွေမိစ္ဆာ၏ မျက်လုံးသို့ စိုက်ဝင်တော့မည့် အချိန်တွင် ဝံပုလွေမိစ္ဆာက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ပြင်းထန်လှသော အရှိန်အဝါက မြှားဖြူများကို မှုန့်မှုန့်ညက်ညက် ကြေသွားစေတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်သွားပြီး အနက်ရောင်ဝတ် လူငယ်ထံသို့ ခုန်အုပ်လိုက်၏။
အနက်ရောင်ဝတ် လူငယ်က "တုံးကြီး" ဟု အော်ဟစ်လိုက်သည်။
ပုံရိပ်မည်းတစ်ခုမှာ ဝံပုလွေမိစ္ဆာ၏ ခါးဆီသို့ တိတိကျကျပင် ထပ်မံ တိုးဝင်တိုက်ခိုက်လိုက်ပြန်သည်။
ကွဲအက်သံ
ဝံပုလွေမိစ္ဆာမှာ သူ၏ ခါးရိုးကျိုးသွားသည့် အသံကိုပင် ကြားလိုက်ရသလို ခံစားလိုက်ရသည်။ ဤအရာမှာ မယုံနိုင်စရာပင် လူ့လောကရှိ သာမန်ကိုယ်ခံပညာရှင်များပင်လျှင် သူ့ကို ဤမျှ ဒဏ်ရာရအောင် မလုပ်နိုင်ပါချေ။ သာမန်လူငယ်တစ်ဦးက ထိုသို့ လုပ်နိုင်သည်မှာ မည်သို့မျှ မဖြစ်နိုင်။
ဖလွတ်
အနက်ရောင်ဝတ် လူငယ်၏ လက်ထဲမှ မြှားဖြူမှာ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝံပုလွေမိစ္ဆာ၏ မျက်လုံးတွင်းသို့ တိုက်ရိုက်ပင် စိုက်ဝင်သွားတော့သည်။ ဤမြှားကို ပစ်လွှတ်လိုက်ပြီးနောက်တွင် အနက်ရောင်ဝတ် လူငယ်၏ အရှိန်အဝါမှာလည်း ကျဆင်းသွားပြီး မျက်နှာမှာ ဖြူလျော့သွားရသည်။
ထွားကျိုင်းသော လူငယ်မှာ အနက်ရောင်ဝတ် လူငယ်ရှေ့တွင် ကာကွယ်ရပ်တည်ပေးကာ ဝံပုလွေမိစ္ဆာကို စူးစိုက်ကြည့်နေတော့သည်။ ဝံပုလွေမိစ္ဆာမှာ နာကျင်မှုကို အံကြိတ်ခံကာ မြှားဖြူကို ဆွဲနုတ်လိုက်ရာ၊ မထင်မှတ်ဘဲ သူ၏ မျက်လုံးတစ်လုံးပါ တစ်ပါတည်း ထွက်လာတော့သည်။ ဤလူငယ်၏ မြှားတွင် ငါးမျှားချိတ်ကဲ့သို့ အဆူးများ ပါရှိနေသည်လား။
"အဖိုးကြီး... ဒီမြှားအရသာ ဘယ်လိုလဲ"
အနက်ရောင်ဝတ် လူငယ်က သွေးတစ်ချက် ထွေးလိုက်ရင်း လှောင်ပြောင်လိုက်သည်။
ဝံပုလွေမိစ္ဆာမှာ ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာပြီး မိစ္ဆာစွမ်းအားများမှာလည်း ဝှေ့ယမ်းနေတော့သည်။ စောစောက သူသည် ထိုလူငယ်နှစ်ဦးကို သာမန်လူများဟု ထင်မှတ်ကာ အလေးမထားခဲ့ခြင်း ဖြစ်သည်။ ယခုမှသာ သူသည် စစ်မှန်သော နှစ်ပေါင်းရာချီကျင့်ကြံသည့် ဝံပုလွေမိစ္ဆာအဖြစ် အစွမ်းပြလေပြီ။
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထွားကျိုင်းသော လူငယ်မှာ လွင့်ထွက်သွားပြီး သစ်ပင်ကြီးတစ်ပင်ကို ဝင်ဆောင့်မိတော့သည်။
ဂျောက်
သစ်ပင်ကြီးမှာ တစ်ခဏအတွင်း ကျိုးသွားရ၏။ ထွားကျိုင်းသော လူငယ်မှာ ညည်းတွားသံတစ်ချက်သာ ပြုနိုင်ပြီး သွေးထွက်ခြင်း မရှိသော်လည်း၊ ထိုပြင်းထန်လှသော စွမ်းအားကြောင့် ပြန်လည် ထရပ်နိုင်ခြင်း မရှိတော့ပါချေ။
အနက်ရောင်ဝတ် လူငယ်ကမူ မရပ်မနား ဆဲဆိုနေဆဲ ဖြစ်သည်။
"မျက်လုံးတစ်ဖက်ကန်း ခွေးအ ငါ့ဆီ လာခဲ့စမ်း၊ ငါက မင်းကို တံတွေးတွေ ထပ်ကျွေးဦးမယ် "
ထိုလူငယ်သာ ကိုယ်ခံပညာလောကထဲ ရောက်သွားလျှင် အမှန်တကယ်ပင် ကိုင်တွယ်ရ ခက်ခဲသော လူပေတေတစ်ဦး ဖြစ်ပေလိမ့်မည်။
ဝံပုလွေမိစ္ဆာမှာ နာကျင်လွန်းသဖြင့် အံကြိတ်နေရပြီး
"ကောင်းပြီ... ငါ ဒီနေ့ မင်းတို့လက်ထဲမှာ အရှက်ကွဲရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ငါ ဝါးတားကျေးရွာက လူအားလုံးကို ဝါးစားပစ်မယ်၊ မင်းတို့ကို မျက်တောင်မခတ်ကြည့်ခိုင်းထားမယ်၊ အဲဒီအချိန်ကျမှ မင်း ဆက်ပြီး ဆဲနိုင်သေးလား ကြည့်ရသေးတာပေါ့"
အနက်ရောင်ဝတ် လူငယ်၏ မျက်နှာ ပျက်သွားရသည်။ သူတို့မှာ လူငယ်သဘာဝအတိုင်း သူငယ်ချင်းအတွက် သတို့သမီးကို လိုက်လံကယ်တင်ခြင်း ဖြစ်သည်။ သို့သော် ထိုဝံပုလွေမိစ္ဆာမှာ ဤမျှ ကိုင်တွယ်ရခက်ပြီး ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့မိပါချေ။ ရွာသားအားလုံးကို စားပစ်မည်တဲ့လား။
"မင်း အမေကိုယိုး..."
ထွားကျိုင်းသော လူငယ်သည် မြေပေါ်မှ ပြန်ထလာပြီး ကျောက်တုံးတစ်တုံးကို ကိုင်ဆောင်ကာ ဝံပုလွေမိစ္ဆာထံသို့ ပြေးဝင်လာပြန်သည်။
ဝံပုလွေမိစ္ဆာ၏ မျက်လုံးတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
သူသည် နှစ်ပေါင်းရာချီ ကျင့်ကြံထားသူ ဖြစ်ရာ သာမန်လူငယ်တစ်ဦးက သူ့ကို မည်သို့မျှ မယှဉ်နိုင်ပါချေ။ စောစောကမူ ထိုလူငယ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့် သူ အနည်းငယ် အရှုံးပေးလိုက်ရခြင်းသာ ဖြစ်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ထက်မြက်လှသော လက်သည်းများဖြင့် ထိုထွားကျိုင်းသော လူငယ်ကို ဆွဲဖြဲပစ်ရန် ပြင်လိုက်သည်။
"တုံးကြီး"
အနက်ရောင်ဝတ် လူငယ်က အလန့်တကြား အော်ဟစ်လိုက်၏။
နောက်တစ်ခဏတွင်...
မျက်စိရှေ့၌ အလင်းဖြူတစ်ချက် ဝင်းခနဲ လက်သွားတော့သည်။
ဝံပုလွေမိစ္ဆာ၏ ကိုယ်ပေါ်တွင် နဖူးမှစတင်၍ သွေးကြောင်းတစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားရ၏။ သွေးများနှင့် ကလီစာများမှာ မြေပေါ်သို့ ပျံ့နှံ့သွားတော့သည်။ အရေပြားမှာ သံမဏိကဲ့သို့ မာကျောလှပြီး ဓားမတိုးလှသော ထိုဝံပုလွေမိစ္ဆာမှာ တစ်ခဏအတွင်း အသက်ပျောက်သွားရလေပြီ။
သွေးများမှာ ထွားကျိုင်းသော လူငယ်၏ မျက်နှာပေါ်သို့ စင်သွားသည်။ သူသည် ကျောက်တုံးကို ကိုင်ဆောင်ရင်း ကြောင်အကာ ရပ်နေမိ၏။ သို့သော် ခဏအကြာတွင် သူသည် လက်ထဲက ကျောက်တုံးဖြင့် ဝံပုလွေမိစ္ဆာ၏ ခေါင်းကို အတင်း ထုနှက်တော့သည်။ ဤလူငယ်မှာ ဉာဏ်နည်းပုံရသော်လည်း အမှန်တကယ်ပင် သတ္တိကောင်းလှပေသည်။
အနက်ရောင်ဝတ် လူငယ်မှာမူ ပို၍ လျင်မြန်ပါးနပ်လှသဖြင့် သူ၏ ဘေးပတ်လည်ကို ကြည့်လိုက်သည်။
ငယ်ရွယ်သော တာအိုဆရာလေးတစ်ဦး ပေါ်ထွက်လာသည်။ သူ၏ ခါးတွင် ရှေးကျသော ဓားရှည်တစ်စင်းကို ဆွဲချိတ်ထားပြီး၊ ရုပ်ရည်မှာ ချောမောခန့်ညားကာ အရှိန်အဝါမှာလည်း ကျောက်စိမ်းကဲ့သို့ အေးချမ်းလှသည်။
သူ၏ ဘေးတွင်မူ ခရမ်းရောင် ဝတ်စုံဝတ် အိုမင်းသော နတ်ဆရာအိုကြီး တစ်ဦး ပါရှိနေသည်။ သူတို့မှာ ကျေးရွာရှိ နတ်ဘုရား ပန်းချီကားများထဲမှ နတ်သားများကဲ့သို့ပင် ထူးကဲလှပေသည်။
"နတ်ဆရာကြီး... ဒီလူငယ်နှစ်ယောက်က မဆိုးဘူး၊ ကျုပ် သဘောကျတယ်"
တာအိုရောလေးက နူးညံ့စွာ ပြုံးလျက် ပြောလိုက်သည်။
နတ်ဆရာကြီး ဟု အခေါ်ခံရသော ခရမ်းရောင်ဝတ် လူအိုကြီးက ပြုံးလိုက်ပြီး
"သဘောကျတယ်ဆိုရင်လည်း တပည့်အဖြစ် လက်ခံပြီး ဘေးမှာ ခေါ်ထားလိုက်ပေါ့"
တာအိုဆရာလေးက လူအိုကြီးကို တစ်ချက်ကြည့်ကာ
"တပည့်အဖြစ် လက်ခံရမယ် ကျုပ်က ဘယ်လိုလုပ် တပည့်လက်ခံလို့ ရမှာလဲ၊ ကျုပ်က အခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ်"
နတ်ဆရာကြီး ဆိုသော စကားလုံးကို ကြားလိုက်ရသည့်အခါ အနက်ရောင်ဝတ် လူငယ်မှာ ချက်ချင်းပင် သတိဝင်လာသည်။
ချန်နိုင်ငံ၏ တာအိုလောကမှာ လုံဟူရှန်းတောင် ဖြစ်ပြီး၊ ထိုနေရာရှိ နတ်ဆရာများမှာ မိစ္ဆာများကို နှိမ်နင်းနိုင်သော အစွမ်းထက်သူများ ဖြစ်ကြောင်း သူ ကြားဖူးသည်။
ထို့ပြင် လုံဟူရှန်းတောင်ပေါ်တွင် အမြင့်ဆုံး ရာထူးရှိသူကိုသာ နတ်ဆရာကြီး ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ထိုနတ်ဆရာကြီးဟု အခေါ်ခံရသော လူအိုကြီးသည်ပင် ထိုတာအိုဆရာလေး အပေါ် အလွန် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေသည်။
အနက်ရောင်ဝတ် လူငယ်မှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူအိုကြီးနှင့် လူငယ်မှာ အဆင့်တူ ဆက်ဆံနေကြရုံသာမက၊ လူငယ်၏ အရှိန်အဝါမှာ ပို၍ပင် မြင့်မားနေသည်ကို သတိပြုမိလိုက်သည်။ နတ်ဆရာကြီးကပင် ထိုလူငယ်အပေါ် လေးစားမှု ရှိနေပုံရ၏။
အနက်ရောင်ဝတ် လူငယ်၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ထသကဲ့သို့ တုန်လှုပ်သွားရသည်။
သူသည် တာအိုဆရာလေး ရှေ့သို့ သွားကာ ဦးညွှတ်လိုက်ပြီး
"တောတွင်းသား ရွှီရှီချီ ပါ၊ ဆရာ့ကို ဂါရဝပြုပါတယ် "
တာအိုဆရာလေးမှာ မျက်ခုံးတစ်ချက် တွန့်သွားရသည်။ သူ စောစောက ဘာပြောလိုက်တာလဲ။
အနက်ရောင်ဝတ် လူငယ်က နောက်သို့ လှည့်ကာ ထွားကျိုင်းသော လူငယ်ကို ဆွဲခေါ်လာပြီး သူနှင့်အတူ ဒူးထောက်ခိုင်းလိုက်သည်။
"မြန်မြန် ဆရာတင်စမ်း "
ထွားကျိုင်းသော လူငယ်မှာ ကြောင်အသွားပြီး ခေါင်းခါယမ်းလိုက်ကာ
"သူက အရမ်းငယ်သေးတာပဲ၊ ကျုပ် ဆရာမတင်ချင်ဘူး၊ ပြီးတော့ ကျုပ်က နတ်ဆရာလည်း မလုပ်ချင်ဘူး "
လီယန်ချူ ရယ်မောလိုက်တော့သည်။
ဘယ်ကနေ ရောက်လာကြတဲ့ ကောင်တွေပါလိမ့်။