အခန်း (၅၆၉-၅၇၀)
Vol. 57 Ch. 569-570
အခန်း (၅၆၉) - မြက်ခင်းပြင်၏ ပါရမီရှင် မုရုန်လုံချန် ၊ အနှိုင်းမဲ့နတ်မြှား ၊ ထိတ်လန့်ဖွယ်ရာ အလင်းဖြူနှင့် တိုက်ပွဲ
နှစ်နာရီခန့် ကုန်ဆုံးသွားပြီးနောက်...
နန်းဆောင်ကြီးအတွင်းမှ ထိုကြောက်မက်ဖွယ်ကောင်းသော အသက်ရှူသံများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အခြေအနေမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေ၏။ နန်းဆောင်တစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး လူရိပ်တစ်ခုသာ မတ်တပ်ရပ်နေသည်ကို တွေ့ရသော်လည်း မျက်နှာကိုမူ သဲသဲကွဲကွဲ မမြင်ရပါချေ။
နန်းဆောင်ဟု ဆိုသော်လည်း အမှန်စင်စစ် ထိုခန့်ညားထည်ဝါသော နန်းဆောင်ကြီး၏ နောက်ကွယ်တွင် ဧရာမ လိုဏ်ဂူကြီးတစ်ခု ရှိနေခြင်းပင် လိုဏ်ဂူကြီးမှာ ထိတ်လန့်စရာကောင်းလောက်အောင် ကျယ်ဝန်းလှပြီး အတွင်းရှိ ထိုင်ခုံများမှာလည်း ဧရာမ နတ်ဘုရား သို့မဟုတ် မိစ္ဆာကြီးများ ထိုင်ရန် ပြုလုပ်ထားသကဲ့သို့ အလွန်တရာ ကြီးမားလှသည်။
သာမန်လူတစ်ယောက် လမ်းလျှောက်ဝင်သွားပါက မိမိကိုယ်ကိုယ် သိမ်ငယ်သွားသလို ခံစားရမည်ဖြစ်ပြီး ဧရာမနတ်ဘုရားမိစ္ဆာ တို့၏ နိုင်ငံတော်သို့ ရောက်ရှိသွားသကဲ့သို့ပင်။
ထိုအချိန်မှာပင် နန်းဆောင်အပြင်ဘက်မှ အသံများ ထွက်ပေါ်လာသည်။
ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းသန်မာသော လူငယ်တစ်ဦး နန်းဆောင်ရှေ့သို့ ရောက်ရှိလာ၏။
သူ၏ မျက်ဝန်းအစုံမှာ ရွှေရောင်သန်းနေပြီး ကြွက်သားများမှာလည်း အဖုအထစ်များဖြင့် တောင့်တင်းလှသည်။ သူ၏ မျက်ခုံးမှာ ထူထဲပြီး မျက်ဝန်းများမှာ ကျယ်ပြောကာ ခန့်ညားထည်ဝါသော ရုပ်ရည်ရှိ၏။ သူ ဝတ်ဆင်ထားသော အဝတ်အစားမှာ အလယ်ပိုင်းဒေသ လူမျိုးများနှင့် မတူဘဲ မြက်ခင်းပြင် တိုင်းရင်းသား တို့၏ ဝတ်စုံပင် ဖြစ်သည်။
သူ၏ ကျောဘက်တွင် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရဘဲ နက်မှောင်ပြောင်လက်နေသော လေးကြီးတစ်လက်ကို လွယ်ထားသည်။
ထိုလေးမှာ ထူးဆန်းစွာပင် သတ်ဖြတ်လိုသော အငွေ့အသက်များကို ပေးစွမ်းနေ၏။ ထိုလေးအပြင် ကျောဘက်တွင် ပစ်လွှတ်ရန်အတွက် အလွန်ပင် ထက်မြက်လှသော လှံတိုနှစ်စင်းကိုလည်း လွယ်ထားသေးသည်။
ထိုမြက်ခင်းပြင်လူငယ်သည် နန်းဆောင်ရှေ့သို့ ရောက်သောအခါ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။
"နတ်မိစ္ဆာအငွေ့အသက်တွေက တော်တော်ပြင်းတာပဲ၊ ဒါ ခြင်္သေ့ကုလားအုတ်ဘုရင်ရဲ့ အလောင်းတော် ထားတဲ့နေရာများလား "
ထိုလူငယ်မှာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုစဉ် သူ၏ စိတ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။
"ခြင်္သေ့ကုလားအုတ်နိုင်ငံရဲ့ ဘုရင်သုံးပါးထဲက ခြင်္သေ့မိစ္ဆာနဲ့ ဆင်မိစ္ဆာတို့ကတော့ သေဆုံးသွားပြီ၊ ဒါပေမဲ့ ရွှေတောင်ပံနတ်ငှက် ကတော့ သတင်းအစအန မရှိဘူး၊ အသက်ရှင်နေဖို့ အခွင့်အလမ်း အများကြီး ရှိတယ်"
"ဒီနေရာဟာ ခြင်္သေ့မိစ္ဆာ ဒါမှမဟုတ် ဆင်မိစ္ဆာရဲ့ နေရာဆိုရင်တော့ ငါတို့ လုယူလို့ရသေးတယ်၊ တကယ်လို့ ရွှေတောင်ပံရော်ကော်နတ်ငှက် ရဲ့ နေရာဆိုရင်တော့ အမြန်ဆုံး ထွက်သွားရလိမ့်မယ်"
ထိုအသံမှာ အမိန့်ပေးသံကဲ့သို့ တည်ကြည်အေးစက်နေပြီး တောင်ကြီးတစ်လုံးကဲ့သို့ပင် လေးလံလှကာ အလွန်တရာ အစွမ်းထက်နေ၏။ မြက်ခင်းပြင်လူငယ်မှာ ခေါင်းကို အနည်းငယ်ညိတ်ကာ ရိုသေစွာဖြင့်
"စီနီယာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
"ရွှေတောင်ပံရော်ကော်နတ်ငှက်ရဲ့ သတင်းက ပျောက်နေပေမဲ့ သူ့ရဲ့ လက်နက်ကတော့ ခြင်္သေ့ကုလားအုတ်နိုင်ငံထဲမှာ ကျန်နေခဲ့တယ်၊ အဲဒီလက်နက်ကို ရှာတွေ့ရင် နတ်မိစ္ဆာအမွေအနှစ်ကို ရရှိလိမ့်မယ်၊ ဘယ်လို သဲလွန်စမျိုးကိုမှ လက်လွှတ်မခံနဲ့"
ထိုအသံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။
"အမိန့်အတိုင်းပါ"
မြက်ခင်းပြင်လူငယ်က လေးနက်စွာ ဖြေကြားလိုက်သည်။
သူသည် ကောင်းကင်ယံမှ လင်းယုန်ငှက်ကဲ့သို့ မာန်မာနကြီးပြီး မည်သူ့ကိုမျှ ဒူးမထောက်တတ်သော လူငယ်တစ်ဦး ဖြစ်သည်။ မြက်ခင်းပြင်တစ်ခုလုံးတွင်လည်း အတောက်ပဆုံးသော ကြယ်တစ်ပွင့် ဖြစ်၏။
သူကား... မုရုန်လုံချန်
ယခင်က ချင်းယွဲ့ထန် တွင် လီယန်ချူ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရကာ အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။ တော်သေးသည်မှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်သော ဝိညာဉ်ဆန္ဒတစ်ခု နိုးထလာခဲ့သဖြင့်သာ သူ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုဝိညာဉ်ဆန္ဒက သူ့ကို ခေါ်ဆောင်သွားပြီးနောက် မုရုန်လုံချန်သည် မြက်ခင်းပြင်တွင်သာ ကာ ကျင့်ကြံနေခဲ့သည်။
နိုင်ငံတော်၏ နတ်ဆရာ ဖြစ်သော ကျောက်ကွေနုန်က ထိုတောင်နှင့်ပင်လယ်လျှို့ဝှက်နယ်မြေတွင် သူနှင့်ထိုက်တန်သော ကံထူးမှုကြီး ရှိနေနိုင်ကြောင်း နိမိတ်ဖတ်ပေးခဲ့သဖြင့် မုရုန်လုံချန်မှာ ခရီးဝေးနှင်ကာ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ယခုအခါ သူ၏ ကျင့်ကြံမှုမှာ တတိယအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။ သူ၏ ဝိညာဉ်မှာလည်း အလွန်ပင် အစွမ်းထက်နေပြီး ယန် ဓာတ်များ စတင်ပါရှိနေပြီ ဖြစ်သည်။ ယင်ဝိညာဉ် မှ ယန်ဝိညာဉ် သို့ ပြောင်းလဲရန်မှာ လက်တစ်ကမ်းအလိုပင် ဖြစ်တော့သည်။
ဒါဟာ သူ့ခန္ဓာကိုယ်ထဲက အစွမ်းထက်တဲ့ ဝိညာဉ်ဆန္ဒကြောင့်ပဲ ဖြစ်ပါတယ်။ ထိုဝိညာဉ်ဆန္ဒရဲ့ လမ်းညွှန်မှုနဲ့ မြက်ခင်းပြင်ပေါ်မှာ အလွန်အန္တရာယ်များတဲ့ ရေသေအိုင် က နဂါးတစ်ကောင်ကို သူ သတ်ဖြတ်နိုင်ခဲ့သည်။
ထို့နောက် ထိုနဂါးရဲ့ ခန္ဓာကိုယ်ကို သုံးပြီး အစွမ်းထက်လှတဲ့ နတ်လက်နက်ကို သူ ဖန်တီးခဲ့သည်။ တိတိကျကျ ပြောရရင် သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာအောင် ပေါင်းစပ်ခဲ့တာပါ။ သူဟာ လူလက်နက် လမ်းစဉ်ကို လျှောက်လှမ်းမှာဖြစ်ပြီး မိမိကိုယ်ကိုယ် အစွမ်းအထက်ဆုံး နတ်လက်နက်အဖြစ် ပြောင်းလဲမှာ ဖြစ်သည်။
မုရုန်လုံချန်မှာ မူလကပင် မြက်ခင်းပြင်၏ ပါရမီရှင်တစ်ဦးဖြစ်ရာ ယခုကဲ့သို့ အစွမ်းထက်သော ဝိညာဉ်ဆန္ဒ၏ လမ်းညွှန်မှုကိုပါ ရရှိထားသဖြင့် သူ၏ ကျင့်ကြံမှုမှာ တဟုန်ထိုး တိုးတက်လာခဲ့သည်။
ရွှေရောင်တဲနန်းတော် ၏ သတ်ဖြတ်သူနတ်ဘုရား ဝမ်ယန်ပေါင် နှင့်ပင် အရှုံးအနိုင် မပေါ်ဘဲ တိုက်ခိုက်နိုင်သည့်အထိ ဖြစ်လာ၏။ ဝမ်ယန်ပေါင် ဆိုသည်မှာ ရွှေရောင်တဲနန်းတော်၏ အနံပါတ်တစ် ကျင့်ကြံသူဖြစ်ပြီး ယန်ဝိညာဉ်အောက်တွင် အနှိုင်းမဲ့ ဟု ကျော်ကြားသူ ဖြစ်သည်။
ယခင်က ချန်နိုင်ငံ သို့ လှည့်လည်သွားလာစဉ် ချန်နိုင်ငံ၏ လူငယ်မျိုးဆက် ပါရမီရှင်များကို ဖိနှိပ်ခဲ့သူ ဖြစ်သည်။
ငယ်ရွယ်သော တာအိုဆရာတစ်ဦး (လီယန်ချူ) ထွက်ပေါ်လာပြီး ဝမ်ယန်ပေါင်နှင့် သရေကျအောင် တိုက်နိုင်ခဲ့မှသာ သူ၏ နာမည်ကျော်ဇောမှုမှာ ခေတ္တရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
ဝမ်ယန်ပေါင်သည် နေရပ်သို့ ပြန်ကာ နှစ်ရှည်လများ ကျင့်ကြံခဲ့သဖြင့် ယခုအခါ ယင်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး တတိယအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ မုရုန်လုံချန်သည် ယခင်ကဆိုလျှင် ထိုကဲ့သို့သော ဝါရင့်ပညာရှင်ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပါချေ။
သို့သော်လည်း ယခုတစ်ကြိမ်တွင် အသက်ဘေးမှ လွတ်မြောက်လာခဲ့ပြီး ထိုအစွမ်းထက် ဝိညာဉ်ဆန္ဒ၏ လမ်းညွှန်မှုကို ရရှိပြီးနောက်တွင် မုရုန်လုံချန်သည် ဝမ်ယန်ပေါင်နှင့်ပင် အပြင်းအထန် တိုက်ခိုက်နိုင်ခဲ့သဖြင့် သူ၏ နာမည်မှာ တစ်ဟုန်ထိုး ကျော်ကြားလာခဲ့သည်။
သူသည် ထိုနန်းဆောင်ရှေ့သို့ ရောက်သောအခါ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေသည်။ တစ်ဖက်တွင် သူ၏ အစွမ်းထက်သော ခွန်အားကြောင့် ဖြစ်သလို၊ အခြားတစ်ဖက်တွင်မူ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုဝိညာဉ်ဆန္ဒကြောင့် ဖြစ်သည်။
မုရုန်လုံချန်သည် နန်းဆောင်အတွင်းသို့ အားမာန်ပါပါဖြင့် လျှောက်လှမ်းဝင်သွား၏။ ရှေ့တွင် ရှိနေသော အစီရင်များကို ချင့်ဝမ်မင်းသား၏ သားတော်က ဖြိုခွဲထားပြီးဖြစ်၍ သူ၏ ခရီးမှာ အလွန်ပင် ချောမွေ့နေကာ ထူးခြားသော အရှိန်အဝါများကိုလည်း မခံစားရပါချေ။
သူ၏ မျက်နှာမှာ အေးစက်နေပြီး မည်သည့် စိတ်ခံစားမှုကိုမျှ မပြပေ။ နန်းဆောင်နောက်ကွယ်မှ ထွက်ပေါ်နေသော အစွမ်းထက်လှသော အရှိန်အဝါကို ခံစားမိသည်နှင့် မုရုန်လုံချန်သည် ချက်ချင်းပင် ပျံသန်းဝင်ရောက်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုဝိညာဉ်ဆန္ဒကြောင့် မည်မျှပင် အန္တရာယ်ကြီးမားစေကာမူ သူ သေဆုံးမည်မဟုတ်ဟု ယုံကြည်ထားပေရာ၊ မူလကပင် တည်ငြိမ်လှသော မုရုန်လုံချန်မှာ ယခုအခါတွင်မူ အလွန်ပင် မာန်တက်နေတော့သည်။
သူသည် ဧရာမ နန်းဆောင်ကြီးအတွင်းသို့ ရောက်သောအခါ နန်းဆောင်အတွင်းရှိ ကြီးမားလှသော အပြင်အဆင်များကို မြင်ပြီး အံ့အားသင့်သွားမိသည်။
ထို့နောက် သူ၏ အကြည့်မှာ စိမ်းသက်သော ပုံရိပ်တစ်ခုဆီသို့ ရောက်ရှိသွား၏။ ၎င်းမှာ ခန့်ညားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး မွေးရာပါ မြင့်မြတ်သော ဂုဏ်သရေများ ရှိနေသည့် ရုပ်ချောသော လူငယ်တစ်ဦးပင် ဖြစ်သည်။
မုရုန်လုံချန်၏ အကြည့်မှာ တစ်ဖက်လူ၏ လက်ထဲမှ အလင်းဖြူတစ်ခုဆီသို့ ကျရောက်သွားသည်။
ထိုအလင်းဖြူ၏ အရှိန်အဝါမှာ လူကို ထိတ်လန့်တုန်လှုပ်စေနိုင်၏။ သို့သော် မုရုန်လုံချန်မှာ ချက်ချင်းပင် သိရှိလိုက်သည် ဒါဟာ နတ်မိစ္ဆာရဲ့ အမွေအနှစ် ဖြစ်ရမယ် နတ်မိစ္ဆာအမွေအနှစ်ကလွဲလို့ ဘယ်အရာက ဒီလောက် အရှိန်အဝါ ပြင်းထန်မှာလဲ သို့သော် ထိုအရာကို အလင်းဖြူများ ဖုံးလွှမ်းထားသဖြင့် ထိုအလင်းအောက်တွင် မည်သည့် လက်နက်ရှိနေသလဲဆိုသည်ကိုမူ သူ မမြင်ရပါချေ။
သူသည် ဝေခွဲမနေတော့ဘဲ မုရုန်လုံချန်၏ ပုံရိပ်မှာ ပျံသန်းထွက်ခွာသွားတော့သည်။ သူသည် မြင့်မြတ်သော အရှိန်အဝါရှိသည့် ထိုလူငယ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
ရှူး...
သူ ပြေးဝင်သွားစဉ်မှာပင် လေကိုခွဲထွက်သွားသော အသံတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင် မျဉ်းတစ်ကြောင်းမှာ သူ၏ လက်ထဲမှ ထွက်ပေါ်လာပြီး ထိုလူငယ်ဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားတော့သည်။
သူ၏ ဤမြှားမှာ နဂါး၏ ကျောရိုးဖြင့် ပြုလုပ်ထားပြီး နဂါးအကြောဖြင့် ငင်ထားခြင်း ဖြစ်ပေရာ တောင်များကိုပင် ဖြိုခွဲနိုင်သည့် အစွမ်းထက်သော ခွန်အားများ ပါရှိသည်။
ရွှေရောင်တဲနန်းတော်၏ အနံပါတ်တစ် စစ်သည်တော် ဝမ်ယန်ပေါင်ပင်လျှင် မုရုန်လုံချန်၏ နတ်မြှားနှင့် ရင်ဆိုင်ရပါက ရှောင်တိမ်းရပေလိမ့်မည်။
ဒုန်း
ထိုမြင့်မြတ်သောအရှိန်အဝါရှိသော လူငယ်သည် သူ၏လက်ထဲမှ အလင်းဖြူကို ဝှေ့ယမ်းလိုက်ရာ၊ မုရုန်လုံချန်၏ နတ်မြှားမှာ တိုက်ရိုက်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။
မုရုန်လုံချန်၏ ပုံရိပ်မှာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူ၏ လက်မောင်းပေါ်မှ နဂါးတစ်ကောင်မှာ ဝဲပျံကာ ထွက်ပေါ်လာ၏။
သို့သော် နောက်တစ်စက္ကန့်မှာပင်
ထိုလူငယ်၏ လက်ထဲမှ အလင်းဖြူမှာ ရုတ်တရက် ကြီးမားလာပြီး လိုဏ်ဂူ၏ တစ်ဝက်ခန့်ကို လင်းထိန်သွားစေတော့သည်။
ထိုအလင်းဖြူကြောင့်ပင် မုရုန်လုံချန်မှာ နောက်သို့ လွင့်စင်သွားရ၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများမှာလည်း အဖိနှိပ်ခံလိုက်ရပြီး စီးဆင်းမှုမှာ ခက်ခဲသွားတော့သည်။
"ဒါ... ဒါက ဘာဖြစ်တာလဲ"
မုရုန်လုံချန်၏ စိတ်မှာ လေးလံသွားရသည်။
သူသည် လေးကို တစ်ဖန် ပြင်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ မြှားသုံးစင်းကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ထက်မြက်လှသော မြှားသွားများမှာ အနက်ရောင်အလင်းများ တောက်ပနေပြီး ထိုလူငယ်ဆီသို့ လိမ်ယှက်ကာ ပျံသန်းသွားတော့သည်။
ဤ အနှိုင်းမဲ့နတ်မြှား အတတ်မှာ မြက်ခင်းပြင်တွင် အမှန်တကယ်ပင် တွေ့ရခဲသော နတ်ပညာတစ်ခု ဖြစ်သည်။ ထိုမြှားများတွင် မုရုန်လုံချန်၏ ပြင်းထန်သော စွမ်းအားများ ပါဝင်နေ၏။
နောက်တစ်စက္ကန့်မှာပင်
ထိုနတ်မြှားများမှာ လူငယ်၏ ရှေ့သို့ ရောက်ရှိသွားသော်လည်း... တိုက်ရိုက်ပင် ပေါက်ကွဲပျက်စီးသွားတော့သည်။
ဝုန်း
ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသော်လည်း ထိုလူငယ်မှာမူ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ ရခြင်း မရှိပါချေ။
"မင်းက ဘယ်သူလဲ"
မုရုန်လုံချန်၏ မျက်နှာမှာ အုံ့မှိုင်းသွားပြီး အေးစက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
"မင်းရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်ရတာ ရွှေရောင်တဲနန်းတော်က မုရုန်လုံချန် ထင်တယ်..."
"ငါကတော့ နာမည်မရှိတဲ့လူတစ်ယောက်ပါ၊ ချင့်ဝမ်မင်းသားရဲ့ သားတော် ချန်ကျဲ "
"ဒါပေမဲ့ အခုတော့ ချင့်ဝမ်နန်းတော်ဆိုတာလည်း မရှိတော့ပါဘူး..."
ချင့်ဝမ်မင်းသား၏ သားတော်က ဖြည်းဖြည်းချင်း ပြောလိုက်တော့သည်။
အခန်း (၅၇၀) - မယှဉ်နိုင်ခြင်း ၊ အစွမ်းထက်သော ဝိညာဉ်ဆန္ဒ ပုန်းကွယ်သွားခြင်း ၊ ထွက်ပြေးခြင်း ၊ဘေးဒုက္ခကို သူတစ်ပါးဆီသို့ လွှဲပြောင်းခြင်းနှင့် ငယ်ရွယ်သော နတ်မိမယ်လေး
"ချင့်ဝမ်နန်းတော်ဆိုတာ... ချန်နိုင်ငံမှာ ပုန်ကန်ခဲ့တဲ့ အဲဒီနန်းတော်လား "
မုရုန်လုံချန်၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားသည်။
"ဒါဟာ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း လုပ်ဆောင်ပြီး မင်းဆက်သစ်တစ်ခုကို တည်ထောင်တာပါ"
ချန်ကျဲက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"သာမန်အချိန်မျိုးဆိုရင်တော့ မင်းနဲ့အတူ အရေးကြီးတဲ့ ကိစ္စတွေကို ငါတိုင်ပင်ချင် တိုင်ပင်မိမှာပါ၊ ဒါပေမဲ့ အခုတော့ မင်းလက်ထဲက လက်နက်ကို မဖြစ်မနေ လွှဲပေးရလိမ့်မယ် "
မုရုန်လုံချန်က အော်ဟစ်လိုက်သည်။
သူသည် ရွှေရောင်တဲနန်းတော်၏ ပါရမီရှင်တစ်ဦးဖြစ်ရာ ချန်နိုင်ငံ၏ လူငယ်မျိုးဆက်များနှင့် အမြဲတမ်း မသင့်မြတ်ခဲ့ပါချေ။
သို့သော် ဤကဲ့သို့သော ပုန်ကန်သူနှင့်ဆိုလျှင် ဘုံရည်မှန်းချက် ရှိနိုင်သော်လည်း၊ ယခုမှာမူ နတ်မိစ္ဆာအမွေအနှစ်ကို လုယူနေကြခြင်းဖြစ်ရာ မည်သူလာလာ သူ အလျှော့ပေးမည်မဟုတ်ပေ။
"မပေးဘူးဆိုရင်ကော" ချန်ကျဲက ခပ်အေးအေးပင် မေးလိုက်သည်။
"မပေးဘူးလား" မုရုန်လုံချန်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်၏။
သူသည် ကျောဘက်ရှိ လှံတိုနှစ်စင်းကို ရုတ်တရက် ဆွဲထုတ်လိုက်သည် လှံတိုနှစ်စင်းသာ ပစ်လွှတ်လိုက်ခြင်း ဖြစ်သော်လည်း သူ၏ စိတ်၊ ဝိညာဉ်နှင့် ခွန်အား တို့မှာ ထိုလှံများနှင့် တစ်သားတည်း ဖြစ်နေပြီး ချန်ကျဲကို လုံးဝကို ပစ်မှတ်ထား လိုက်တော့သည်။ ယခင်က ထိုနဂါးကြီးကိုလည်း သူ၏ ဤတိုက်ကွက်ဖြင့်ပင် တောင်ပေါ်၌ ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ချန်ကျဲသည်လည်း ဤမြက်ခင်းပြင် ပါရမီရှင်ကို နောက်ဆုံးတွင် အလေးအနက်ထား စတင်ကြည့်ရှုလာတော့သည်။ သူ၏ လက်ထဲမှ အလင်းဖြူကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော အရှိန်အဝါများမှာ တိုက်ရိုက်ပင် ပေါက်ကွဲထွက်လာတော့သည်။
ဝုန်း
မုရုန်လုံချန်၏ လှံတိုနှစ်စင်းမှာ သူ၏ စွမ်းအားများ ကိန်းအောင်းနေသဖြင့် ဓားကျင့်ကြံသူတို့၏ ဓားပျံများနှင့်ပင် ဆင်တူလှသည်။
သို့သော် ယခုအခါတွင်မူ ထိုလှံတိုနှစ်စင်းမှာ တိုက်ရိုက်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။ မုရုန်လုံချန်ကဲ့သို့ သန်မာလှသော ခန္ဓာကိုယ်ပိုင်ရှင်ပင်လျှင် နာကျင်လွန်းသဖြင့် အသံထွက်ကာ ညည်းတွားမိပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။
သူ အံ့အားသင့်သွားမိ၏။ ချန်နိုင်ငံ၏ လူငယ်ပါရမီရှင် အားလုံးကို သူသိသော်လည်း၊ ချန်ကျဲ ဟူသော အမည်ကိုမူ တစ်ခါမျှ မကြားဖူးပါချေ။
သို့သော် တစ်ဖက်လူက သူ့ကို ချက်ချင်းမှတ်မိသည့်အပြင်၊ တိုက်ကွက်တစ်ခုတည်းဖြင့် သူ့ကို ဒဏ်ရာရစေကာ သူ၏ အစွမ်းအထက်ဆုံး လှံတိုများကိုလည်း လွယ်လွယ်ကူကူ ဖျက်ဆီးပစ်ခဲ့သည်။ ထိုလူငယ်သည် အမှန်တကယ်ပင် မည်သူနည်း။
မုရုန်လုံချန်တွင် မြက်ခင်းပြင် ပါရမီရှင်တို့၏ မာန်မာန ရှိပေသည်။ သူသည် ကိုယ်တွင်းရှိ စွမ်းအားများကို လှုံ့ဆော်လိုက်ရာ မြေပြင်မှာပင် အက်ကွဲသွားတော့သည်။ နောက်တစ်စက္ကန့်တွင် အဖြူရောင် အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းထွက်ခွာလာပြီး ချန်ကျဲ၏ ရှေ့မှောက်သို့ တိုက်ရိုက်ပင် ရောက်ရှိလာသည်။
သူ၏ လက်မောင်းနှစ်ဖက်တွင် နဂါးများ ဝဲပျံနေလျက် ချန်ကျဲကို ပြင်းထန်စွာ ထိုးနှက်လိုက်သည် ချန်ကျဲကလည်း လက်ထဲမှ အလင်းဖြူကို ချက်ချင်းပင် ဝှေ့ယမ်းကာ ခုခံလိုက်သည်။
ဒေါင်...
လောကအနှံ့ ဟိန်းထွက်သွားသော ခေါင်းလောင်းသံကြီးကဲ့သို့ ထွက်ပေါ်လာပြီး လူနှစ်ဦးမှာ လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားကြသည်။ နောက်တစ်ခဏတွင် မုရုန်လုံချန်မှာ နောက်သို့ လွင့်စင်သွားရပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် ဝေခွဲမနေဘဲ ချန်ကျဲ၏ ရှေ့သို့ တစ်ဖန် ပြန်လည် ပျံသန်းလာပြန်သည်။ ကိုယ်တွင်းစွမ်းအားများကို စုစည်းကာ နောက်ထပ် လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်ပြီး၊ တစ်ဆက်တည်းမှာပင် ချန်ကျဲ၏ အောက်ပိုင်းကို ခြေထောက်ဖြင့် အရှိန်အဟုန်ပြင်းစွာ ကန်လိုက်တော့သည်။
ထိုမြက်ခင်းပြင် ပါရမီရှင်မှာ တိုက်ခိုက်ရာတွင် အလွန်ပင် ကျွမ်းကျင်လှ၏။ အရိုးရှင်းဆုံး ပြောရလျှင် သူသည် လက်တွေ့တိုက်ပွဲများစွာမှ ထွက်ပေါ်လာသူ ဖြစ်သည်။ ချန်ကျဲမှာ နောက်သို့ အနည်းငယ် ဆုတ်လိုက်ရပြီး အရေးနိမ့်သလို ဖြစ်သွားရသည်။
မုရုန်လုံချန်သည် ရှေ့သို့ အားမာန်ပါပါ တိုးဝင်လာပြီး သူ၏ လက်သီးချက်များမှာ ကောင်းကင်ယံမှ မိုးကြိုးများကဲ့သို့ပင် ပြင်းထန်လှသည်။ နဂါးများ သောင်းကျန်းနေပြီး အရှိန်အဝါများမှာလည်း ပေါက်ကွဲထွက်နေ၏ ချန်ကျဲ၏ ခန့်ညားလှသော ပုံရိပ်မှာပင် မုရုန်လုံချန်၏ တရစပ် တိုက်ခိုက်မှုများကြောင့် အနည်းငယ် ဖရိုဖရဲ ဖြစ်လာရသည်။
သို့သော်လည်း သူသည် လက်ထဲမှ အလင်းဖြူကို နောက်တစ်ကြိမ် ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။ မုရုန်လုံချန်သည် ထိုအရာမှ ပြင်းထန်လှသော အန္တရာယ်ကို ခံစားလိုက်ရသဖြင့် နောက်သို့ အမြန်ပင် ဆုတ်လိုက်ရသည်။
ဖျောက်
သူ့ရင်ဘတ်ပေါ်မှ အကာကွယ်ရတနာတစ်ခုမှာ ကျိုးပဲ့သွားသည်။
ထိုအက်ကြောင်းမှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့၏။ သူသည် နဂါးအကြေးခွံများဖြင့် ပြုလုပ်ထားသော သံချပ်ကာကို ဝတ်ဆင်ထားရာ ၎င်းမှာ ဓား၊ လှံ မတိုးသည့်အပြင် ရေ၊ မီးတို့ကိုလည်း တောင့်ခံနိုင်စွမ်း ရှိသည်။
သို့သော် ချန်ကျဲ၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုမှာ မုရုန်လုံချန်၏ အကာကွယ်ရတနာကိုသာမက ထိုနဂါးအကြေးခွံ သံချပ်ကာကိုပါ တိုက်ရိုက်ပင် ပိုင်းဖြတ်ပစ်ခဲ့သည်။
မုရုန်လုံချန်၏ စိတ်ထဲတွင် အလွန်ပင် ထိတ်လန့်သွားရသည်။ သို့သော် သူ၏ သွေးထဲတွင် ပါဝင်သော ရဲရင့်မှုကြောင့် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပါချေ။ သူသည် ကိုယ်ပေါ်မှ ပျက်စီးသွားသော သံချပ်ကာကို ဆွဲခွာပစ်လိုက်ပြီး မျက်ဝန်းများတွင် တိုက်ပွဲဝင်လိုစိတ်များ ပွက်ပွက်ဆူလာတော့၏။ ကြွက်သားများ အဖုအထစ်ထနေသော သူ၏ ကိုယ်လုံးမှာ အဆုံးမဲ့သော ခွန်အားများ ကိန်းအောင်းနေသကဲ့သို့ ရှိနေသည်။
"စီနီယာ... ဒီလူကို သတ်ဖို့ ကျွန်တော့်ကို ကူညီပါဦး"
မုရုန်လုံချန်သည် ကိုယ်တွင်းရှိ အစွမ်းထက်သော ဝိညာဉ်ဆန္ဒကို ဆက်သွယ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ဦးခေါင်းထိပ် မှ ပြင်းထန်လှသော စွမ်းအားများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် အနှံ့အပြားသို့ စီးဝင်သွားတော့သည်။
မုရုန်လုံချန်၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်မှာလည်း အလိုအလျောက် အနည်းငယ် ကြီးထွားလာကာ ကြွက်သားများမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလာတော့သည်။ ပတ်ဝန်းကျင်မှ နဂါးပုံရိပ်မှာလည်း ပို၍ ထွားကျိုင်း ခန့်ညားလာသည်။
"နတ်ဘုရားကို ပင့်ဖိတ်တာလား မဟုတ်ဘူး အဲဒီနတ်ဘုရားက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှိနေတာ "
ချန်ကျဲက မျက်မှောင်ကြုတ်လျက် မုရုန်လုံချန်၏ လျှို့ဝှက်ချက်ကို တစ်ချက်တည်းဖြင့် ပြောချလိုက်သည်။
မုရုန်လုံချန်၏ စိတ်မှာ ထိတ်လန့်သွားရသည်။
ယခုအခါ သူသည် ကိုယ်တွင်းရှိ ဝိညာဉ်ဆန္ဒ၏ စွမ်းအားကို ငှားရမ်းထားခြင်း ဖြစ်ပေရာ အနည်းငယ်မျှ ညှာတာခြင်း မရှိပါချေ သူ၏ လက်သီးနှစ်ဖက်ကို ပစ်လွှတ်လိုက်ရာ လပြည့်ဝန်းကြီးကဲ့သို့ ဝိုင်းစက်ကာ အရာအားလုံးကို ခြေမှုန်းပစ်နိုင်သော အရှိန်အဟုန် ပါရှိနေတော့သည်။
"ကောင်းပြီ... ဒီနေ့တော့ မင်းနဲ့အတူ အပျော်ဆော့ပေးရတာပေါ့"
ချန်ကျဲက လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။
သူ၏ လက်ထဲမှ အလင်းဖြူမှာ ပျောက်ကွယ်သွားသည်။ အဆုံးသတ်အထိ မုရုန်လုံချန်မှာ ၎င်းသည် မည်သည့် လက်နက်ဖြစ်သည်ကိုပင် မမြင်လိုက်ရပါချေ။
သို့သော် ချန်ကျဲ၏ ကျောဘက်တွင် ဆင်ဦးခေါင်းနှင့် လူကိုယ်ခန္ဓာ ရှိသော ဧရာမ နတ်ဘုရားပုံရိပ်ကြီး တစ်ခု ပေါ်ထွက်လာတော့သည်။
ထိုပုံရိပ်ကား ခန့်ညားထည်ဝါပြီး ရှေးဟောင်းအရှိန်အဝါများ ပြည့်နှက်နေသည်။ ထိုပုံရိပ် ပေါ်လာသည်နှင့် ချန်ကျဲ၏ အရှိန်အဝါမှာလည်း တဟုန်ထိုး မြင့်တက်လာတော့သည်။ သူနှင့် မုရုန်လုံချန်တို့သည် အပြင်းအထန် တိုက်ခိုက်ကြတော့သည်။
အသက်ရှူလှိုင်း ဆယ်ကြိမ်ခန့် ကြာပြီးနောက်...
နန်းဆောင်ကြီးမှာ ပြိုကျပျက်စီးသွားတော့သည် လူရိပ်တစ်ခုမှာ ဖရိုဖရဲဖြင့် ထွက်ပြေးလာသည်။
သူ၏ မျက်ဝန်းများမှာ ရွှေရောင်သန်းနေပြီး ခါးအထက်ပိုင်းတွင် အဝတ်အစားမရှိဘဲ ကြွက်သားများ အဖုအထစ်ထနေသည်။ ယခုအခါ သူ၏ လက်မောင်းမှာ အားအင်ကုန်ခမ်းစွာ တွဲလောင်းကျနေပြီး သွေးများဖြင့် ရဲရဲနီနေသည်။
သူကား... မြက်ခင်းပြင် ပါရမီရှင် မုရုန်လုံချန် ပင် ဖြစ်သည်။ ထိုတောင်နှင့်ပင်လယ်လျှို့ဝှက်နယ်မြေအတွင်း၌ သူသည် ကိုယ်တွင်းရှိ အစွမ်းထက် ဝိညာဉ်ဆန္ဒ၏ စွမ်းအားကို ပင့်ဖိတ်ခဲ့သော်လည်း၊ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို လုံးဝပင် ပြန်မခုခံနိုင်ဘဲ ဖြစ်ခဲ့ရသည်။
"ယန်ဝိညာဉ်"
သူ၏ စိတ်ထဲတွင် အလွန်ပင် ထိတ်လန့်သွားရသည်။
ခုနက ချန်ကျဲ၏ ကျောဘက်တွင် ဆင်ဦးခေါင်းနှင့် လူကိုယ်ခန္ဓာရှိသော နတ်ဘုရားပုံရိပ် ပေါ်လာစဉ်က အရှိန်အဝါမှာ ယန်ဝိညာဉ်အဆင့် ပညာရှင်တစ်ဦးနှင့် အတူတူပင် ဖြစ်သည်။
မုရုန်လုံချန်၏ ကိုယ်တွင်းရှိ ဝိညာဉ်ဆန္ဒမှာလည်း တိတ်ဆိတ်သွားပြီး တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ခြင်း မပြုတော့ဘဲ မုရုန်လုံချန်ကိုသာ စွမ်းအားများပေးကာ အမြန်ဆုံး ထွက်ပြေးခိုင်းတော့သည်။
ရှူး
ပြင်းထန်လှသော လေခွဲသံကြီး ထွက်ပေါ်လာသည်။
အလင်းဖြူတစ်ခုမှာ နောက်ဘက်မှ လိုက်ပါလာပြီး မုရုန်လုံချန်၏ ကျောလယ်တည့်တည့်သို့ ဦးတည်လာ၏။ ထိုအရှိန်အဟုန်မှာ မြက်ခင်းပြင် ပါရမီရှင်ကို မြေပြင်ပေါ်၌ သေအောင် ရိုက်နှက်မည့်အလားပင်။
မုရုန်လုံချန်၏ ကိုယ်တွင်းရှိ ဝိညာဉ်ဆန္ဒက ခန္ဓာကိုယ်ကို ခေတ္တမျှ ထိန်းချုပ်လိုက်ပြီး အရင်ကထက် ဆယ်ဆမျှ ပြင်းထန်သော အရှိန်အဝါကို ထုတ်ဖော်ကာ ထိုအလင်းဖြူကို လက်ဖြင့် ရိုက်ပုတ်ကာ တွန်းလှန်လိုက်သည်။
သို့သော်လည်း မုရုန်လုံချန် ပေးဆပ်လိုက်ရသော တန်ဖိုးမှာ အလွန်ပင် ကြီးမားလှသည်။
သူ၏ လက်မောင်းမှာ တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားတော့သည်။
ထိုအလင်းဖြူမှာ အလွန်ပင် ထက်မြက်ပြီး ရက်စက်လှပေရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မုရုန်လုံချန်သည် ထိုပေါက်ကွဲမှု၏ အရှိန်ကို အသုံးချကာ ရူးသွပ်စွာပင် ထွက်ပြေးလွတ်မြောက်သွားတော့သည်။
သူ၏ ကိုယ်တွင်းရှိ ဝိညာဉ်ဆန္ဒက ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ခြင်္သေ့ကုလားအုတ် ရှေးဟောင်းမြို့တော်ကြီး၏ အပြင်ဘက်သို့ အမြန်ဆုံး ပျံသန်းထွက်ခွာသွားတော့သည်။
ထိုတောင်နှင့်ပင်လယ်လျှို့ဝှက်နယ်မြေအတွင်း၌ သူတစ်ဦးတည်းသာ ပါရမီရှင်အဖြစ် ဝင်ရောက်လာခြင်း မဟုတ်ပါချေ။
အချို့သော ကျင့်ကြံမှု အလွန်မြင့်မားသော ဂိုဏ်းကြီးများမှ ပညာရှင်ကြီးများသည်လည်း ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရှာဖွေရန် ရောက်ရှိနေကြသည်။
မကြာမီမှာပင် မုရုန်လုံချန်သည် ထိုချန်ကျဲကို လူတစ်စု၏ ရှေ့မှောက်သို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာတွင် ကိုယ်လုံးကိုယ်ထည် လှပပြေပြစ်ပြီး ဆွဲဆောင်မှုရှိသော လှပသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူ၏ အရှိန်အဝါမှာ အေးစက်လှပြီး နတ်မိမယ်လေးတစ်ဦးကဲ့သို့ပင် ရှိနေသည်။
ချန်ကျဲသည် လိုက်လံသတ်ဖြတ်ရင်း ရောက်ရှိလာကာ ထိုအမျိုးသမီး၏ လက်ထဲမှ အရာကို မြင်လိုက်ရသောအခါ အနည်းငယ် ကြောင်သွားမိသည်။
"ငါတစ်ယောက်တည်းပဲ ကြီးမားတဲ့ ကံကြမ္မာရှိတာ မဟုတ်ဘူးထင်တယ်"
သူသည် ထိုအမျိုးသမီးငယ်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"မိန်းကလေး... မင်းလက်ထဲက အရာကို ငါ့ကို ပေးလိုက်ပါ၊ ဒါဆိုရင် မင်း ဘေးကင်းအောင် ငါ ကာကွယ်ပေးနိုင်တယ်"
ချန်ကျဲသည် ထူးခြားသော ပါရမီရှင်များနှင့် မိတ်ဆွေဖွဲ့ရသည်ကို ဝါသနာပါသော်လည်း၊ အဖြစ်အပျက်များစွာကို ကြုံတွေ့ပြီးနောက်တွင် သူ၏ စိတ်နေစိတ်ထားမှာ တဖြည်းဖြည်း အုံ့မှိုင်းလာခဲ့သည်။
အထူးသဖြင့် "သူတစ်ပါးကိုယ်ပွား မိစ္ဆာပညာ" ကို ကျင့်ကြံရန်အတွက် ချင့်ဝမ်မင်းသားကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ပြီးနောက်တွင် သူ၏ စိတ်မှာ သံယောဇဉ် ကင်းမဲ့ကာ ရက်စက်သောဘက်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
ထိုအေးစက်သော အရှိန်အဝါရှိသည့် အမျိုးသမီးငယ်၏ ဘေးတွင် ဆံပင်ဖြူဖြူနှင့် အဘိုးအို နှစ်ဦး ရှိနေသည်။
တစ်ဦးမှာ ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းသန်မာသော စစ်သည်တော် တစ်ဦး ဖြစ်ပြီး၊ အခြားတစ်ဦးမှာမူ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် စာပေပညာရှိ ပုံစံပင် ဖြစ်သည်။
"မိုက်ရိုင်းလှချည်လား ငါတို့ သခင်မလေးကို စော်ကားဝံ့တယ်ပေါ့ "
ထွားကျိုင်းသော အဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည် ထို့နောက် သူသည် ချန်ကျဲဆီသို့ တိုက်ရိုက်ပင် ပြေးဝင်သွားတော့သည်။