အခန်း (၁၅၇၁-၁၅၇၂)
Vol. 158 Ch. 1571-1572
အခန်း (၁၅၇၁) - မင်း သူမကွယ်ရာမှာ ဖောက်ပြန်နေတာပဲ
အဆင့် ၈ ယင်မသေမျိုး နှစ်ဦးသည် ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့၏ အံ့ဩမှင်သက်နေသော မျက်နှာများကို မြင်သောအခါ တစ်ယောက်က မနေနိုင်ဘဲ ရယ်မောကာ ဆိုသည်။
"မကြည့်နေနဲ့တော့... သူက မင်းတို့ကို မမြင်သလို ငါတို့နှစ်ယောက်ကိုလည်း မမြင်ဘူး။ ကျွယ်မင်ယင်လောကကို ရန်သူတွေ ကျူးကျော်လာတဲ့အချိန်မျိုးမှာပဲ ဒီ ဝါရင့် ယင်မသေမျိုးကြီးက နိုးထလာမှာ"
မမြင်ဘူး ဟုတ်လား...
သူတို့နှစ်ဦးစလုံး ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။
ဖန့်ချန်သည် ယခင်က ရှဲ့အာမန် ပြောပြဖူးသော ယင်မသေမျိုးများနှင့် ပတ်သက်သည့် စကားအချို့ကို ပြန်လည် အမှတ်ရမိသွားသည်။
"ဒါဆို ယင်မသေမျိုးတွေက ကြာလာရင် ဒီလိုမျိုး ဖြစ်သွားတာလား..."
"ဒါကြောင့်လည်း အစ်မကြီးက ယင်မသေမျိုး လမ်းစဉ်ကို မလိုက်ချင်ဘဲ ဒီလောက်တောင် ရွံရှာနေခဲ့တာကိုး..."
"ဒါပေမဲ့ ဒီလမ်းစဉ်က တကယ်ကို ထူးခြားတာပဲ။ ငါက ငရဲမင်း ဖြစ်ပါလျက်နဲ့တောင် သူ့ရဲ့ တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ဘူး"
"သူ့အပေါ်က ကံတရား အကျိုးပေး တွေက... တစ်မျိုးကြီးပဲ"
ထိုသို့ တွေးမိသည်နှင့် ဖန့်ချန်သည် ထို ဝါရင့် ယင်မသေမျိုးကြီးထံသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
ဝမ်ချုံစန်းကလည်း မတားသလို ကျန်ရှိသော အဆင့် ၈ ယင်မသေမျိုး နှစ်ဦးကလည်း ဝင်မတားကြချေ။
ယခင်ကလည်း ကျွယ်မင်နန်းတော်၏ အမာခံတပည့်များသည် ဝါရင့် ယင်မသေမျိုးကြီး၏ တည်ရှိမှုကို အလွန်ပင် ထူးဆန်းအံ့ဩခဲ့ကြသော်လည်း ကြာလာသောအခါ စိတ်ဝင်စားမှု လျော့နည်းသွားကြစမြဲ ဖြစ်သည်။
ဖန့်ချန်သည် ထို ဝါရင့် ယင်မသေမျိုးကြီးကို အနီးကပ် သေချာကြည့်ရှုလိုက်ရာ တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် ထူထပ်လှသော ကံတရား အကျိုးပေး အငွေ့အသက်များကို တွေ့ရသည်။ ဤသည်မှာ သူ၏ ကျင့်စဉ်အဆင့်အတန်းကို ဖော်ပြနေခြင်းပင်။
သို့သော် ၎င်းမှာ သာမန် ကံတရားများနှင့် မတူညီချေ။
သာမန် ယင်လောကသားများ၏ ကံတရားမှာ အလွန်ပင် စင်ကြယ်လှသည်။ လူသားများနှင့် ကျင့်ကြံသူများ၏ ကံတရားမှာမူ ရှုပ်ထွေးနောက်ကျိတတ်သည်။
ယင်လောကတွင် ကျင့်ကြံရာ၌ ထိုကဲ့သို့ ရှုပ်ထွေးသော ကံတရားများက အသိဉာဏ်ကို ဆုံးရှုံးစေတတ်ရာ အသိဉာဏ်မဲ့သော ယင်မိစ္ဆာကြီးများကဲ့သို့ ဖြစ်သွားတတ်သည်။ သူတို့သည် တခြားသော ဝိညာဉ်များထံမှ ကံတရားများကို အတင်းအဓမ္မ လုယူကြရာ ကျင့်စဉ်အဆင့် တက်လာသော်လည်း ထိုဝိညာဉ်များ၏ ကံကြမ္မာဝန်ထုပ်ဝန်ပိုးများကိုပါ ထမ်းပိုးရတော့သည်။ တစ်နေ့တွင် ထိုဝန်ထုပ်ဝန်ပိုးက အလွန်လေးလံလာသောအခါ သူတို့မှာ ကြေမွပျက်စီးသွားကြရသည်။
မယ်တော်စီ တို့ကဲ့သို့သော သူများမှာမူ ယင်သက်တမ်း ကို အရောင်းအဝယ် ပြုလုပ်ခြင်းဖြင့် ရယူကြသည်။ ထိုယင်သက်တမ်းများမှာ ပိုင်ရှင်ကိုယ်တိုင်က စိတ်လိုလက်ရ ထုတ်ပေးထားခြင်းဖြစ်၍ အလွန်ပင် စင်ကြယ်သော ကံတရားများအဖြစ် ပြောင်းလဲသွားပြီး ဖြစ်သည်။ ထို့ကြောင့် ထိုနည်းလမ်းဖြင့် ရယူပါက ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို စိုးရိမ်စရာ မလိုချေ။
ယင်လောက၏ တရားဝင် နတ်ဘုရားဝိညာဥ်များမှာမူ ယင်လောကထဲမှ စင်ကြယ်သော ကံတရားများကို တိုက်ရိုက် စုပ်ယူနိုင်ကြသဖြင့် ဘေးထွက်ဆိုးကျိုး မရှိကြချေ။
သို့သော် ဤ ဝါရင့် ယင်မသေမျိုးကြီး၏ ကိုယ်ပေါ်မှ ကံတရားမှာမူ အထက်ပါ အမျိုးအစားအားလုံးနှင့် မတူညီဘဲ ကွဲပြားနေသည်။
"ဒါက... လုံးဝကို ဗလာဖြစ်နေသလိုပဲလား"
ဖန့်ချန်၏ မျက်နှာ လှုပ်ရှားသွားသည်။
စင်ကြယ်လွန်းနေသည်မှာ ပြောစရာပင် မရှိတော့။ လမ်းစဉ်မှန်သော တရားဝင် နတ်ဘုရားဝိညာဥ်များပင်လျှင် ဤမျှ စင်ကြယ်သော ကံတရားမျိုး မရှိနိုင်ချေ။ ထိုကံတရားများမှာ ထို ဝါရင့် ယင်မသေမျိုးကြီးနှင့် မသက်ဆိုင်ဘဲ သူကိုယ်တိုင်မှာလည်း ကိုယ်ပိုင်ကံတရား မရှိတော့သကဲ့သို့ပင်။
"ညီလေး... ဘာတွေ တွေ့လိုက်လို့လဲ"
အဆင့် ၈ ယင်မသေမျိုး တစ်ဦးက ပြုံးဖြဲဖြဲဖြင့် အနားသို့ လျှောက်လာကာ မေးသည်။
"စီနီယာရဲ့ အရှိန်အဝါက အလွန်ကို စင်ကြယ်နေလို့ပါ"
ဖန့်ချန်က ဖြေလိုက်သည်။
"ဟုတ်တယ်... စင်ကြယ်လွန်းနေတာ၊ စင်ကြယ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာတောင် မေ့ပျောက်သွားတဲ့အထိပဲ"
ထို အဆင့် ၈ ယင်မသေမျိုးက သက်ပြင်းသာသာ ချလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် မေ့ပျောက်သွားတာလား"
ဖန့်ချန်၏ ရင်ထဲ၌ လှုပ်ရှားသွားသည်။
"ဒါက ယင်မသေမျိုးတွေရဲ့ နောက်ဆုံးနိဂုံးပဲ။ ဒါပေမဲ့ ခေတ္တခဏတာ ထာဝရအသက်ရှည်ခွင့် ရလိုက်သလိုမျိုးဆိုတော့လည်း ဘာမှ မဆိုးပါဘူး။ မင်းကိုလည်း ယင်မသေမျိုး လမ်းစဉ် သင်ပေးထားတယ် မဟုတ်လား။ နောင်တစ်ချိန် ငါတို့ရဲ့ အခြေအနေမျိုး ရောက်လာရင် ဒီနေရာမှာ ထိုင်နေမှာက ငါ ဖြစ်နေလိမ့်မယ်"
အဆင့် ၈ ယင်မသေမျိုးက ခပ်သာသာ ရယ်မောလိုက်ပြီးနောက် သူ၏ မူလနေရာသို့ ပြန်ထိုင်ကာ ကျန်တစ်ဦးနှင့် ဆက်လက် စကားပြောနေတော့သည်။
ဖန့်ချန်သည် စဉ်းစားခန်းဝင်နေရင်း ဝမ်ချုံစန်း၏ အနားသို့ လျှောက်သွားလိုက်သည်။ ဝမ်ချုံစန်းက သူ့ကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ မပြောခဲ့ချေ။
၁၅ ရက် ခန့် ကြာပြီးနောက်...
ယခုအသုတ် ဝိညာဉ်များအားလုံးမှာ သံသရာထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်ရာ နောက်ထပ် ဝိညာဉ်အသုတ်သစ်အတွက် အချိန်အတန်ကြာ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။
"စီနီယာတို့... ဒါဆို ကျွန်တော်တို့ နှုတ်ဆက်ပါတယ်ဗျာ"
ဝမ်ချုံစန်းက ပြုံးရွှင်စွာဖြင့် လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ဖန့်ချန်ကို ခေါ်ကာ လှည့်ထွက်လာခဲ့သည်။
သံသရာဌာနမှူး၏ ရုံးခန်းသို့ ပြန်ရောက်သောအခါ...
ဝမ်ချုံစန်းက ခပ်အေးအေးပင် မေးလိုက်သည်
"ကဲ... နောက်ထပ် ဘာတွေ လုပ်ဖို့ အစီအစဉ် ရှိသလဲ"
"လူသားဘိုးဘေးတောင် မှာ ခဏလောက် ကျင့်ကြံနေဦးမယ်။ ကျွန်တော့်ရဲ့ အဆင့် ၂ ကျင့်စဉ်က ပြည့်စုံလုနီးပါး ဖြစ်နေပြီဆိုတော့ အဆင့် ၃ ကို တက်လှမ်းဖို့ ပြင်ဆင်ရမယ်"
ဖန့်ချန်က ဆိုသည်။
"အင်း... မင်းက ကျင့်စဉ်အပေါ်မှာပဲ အာရုံအပြည့်အဝ စိုက်ထားသင့်တယ်"
ဝမ်ချုံစန်းက ခေါင်းညိတ်ပြကာ
"ဒီအတောအတွင်းမှာ အောက်ခြေနယ်မြေ ခြောက်ခု က လှုပ်ရှားမှုအချို့ အထက်နယ်မြေ သုံးခု ဆီကို ပျံ့နှံ့လာလိမ့်မယ်လို့ ငါ ခန့်မှန်းထားတယ်။ မင်း လူ့လောကကို ပြန်ရောက်ရင် စုံစမ်းကြည့်ဦး၊ ကျွယ်မင်နန်းတော်က ဒီကိစ္စကို သိထားသလားဆိုတာကို"
"ကောင်းပါပြီ" ဖန့်ချန်က ခေါင်းညိတ်သည်။
ဝိညာဉ်နတ်ဘုရားဂိုဏ်း ဖြစ်စေ၊ ဝိညာဥ်သုတ်သင်ခြင်းဌာန ဖြစ်စေ၊ ဒါမှမဟုတ် နတ်ရိုသေနန်းတော် ဖြစ်စေ...
ဒီအင်အားစုတွေဟာ အထက်နယ်မြေ သုံးခုမှာရော၊ အောက်ခြေနယ်မြေ ခြောက်ခုမှာပါ အခြေစိုက်ထားကြတာမို့ သတင်းတွေက အထက်နယ်မြေဆီ ရောက်လာမှာ အသေအချာပါပဲ။ အဓိက အင်အားကြီး ဂိုဏ်းကြီးတွေက ဒီကိစ္စကို ဘယ်လောက်အထိ အလေးထားမလဲဆိုတာပဲ ကြည့်ရမှာပါ။
အကယ်၍ ကျွယ်မင်နန်းတော်ကသာ ဒီကိစ္စကို အာရုံစိုက်လာခဲ့ရင် သူတို့ရဲ့ လက်ကို ငှားပြီး ဟိုဘက်ကို လက်ဆောင်တစ်ခုလောက် ပို့ပေးလို့ ရနိုင်ကောင်းပါရဲ့။
ကျွယ်မင်ယင်လောကမှ ထွက်ခွာလာပြီးနောက် ဖန့်ချန်သည် ယင်ဘူးသီးကို ထုတ်ယူကာ အတွင်းမှ ကျန်းထျန်းအိုက်ကို ထုတ်လိုက်သည်။
သူမသည် ဘူးသီးထဲတွင် အတန်ကြာ နေထိုင်ခဲ့ရသဖြင့် အပြင်သို့ ရောက်လာသောအခါ ခဏမျှ ကြောင်အအ ဖြစ်နေသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကာ
"ဖန့်ဆရာ... ဒီနေရာက ဘယ်နေရာလဲ"
"ဒါက ကျွယ်မင်ဂြိုဟ် လေ၊ မင်းကို အပြင်ထွက်ပြီး လမ်းလျှောက်ခေါ်မလို့"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
ကျန်းထျန်းအိုက်သည် ဖန့်ချန်၏ နောက်မှ တကောက်ကောက် လိုက်ပါလာရင်း သူ၏ ကျင့်ကြံရာ ဂူအတွင်းမှ ထွက်လာခဲ့ကြသည်။
"ဝိုး... ဝိညာဥ်စွမ်းအားတွေက အရမ်းကို ထူထပ်တာပဲ "
ကျန်းထျန်းအိုက်သည် အပြင်သို့ ရောက်လာသည်နှင့် ထူထပ်လှသော နတ်စွမ်းအားများကြောင့် လန့်သွားမိသည်။ တစ်ချက် အသက်ရှူလိုက်တိုင်းမှာပင် သူမ၏ ကျင့်စဉ်က တိုးတက်လာသလို ခံစားနေရသည်။
သူမသည် အောက်ခြေအဆင့် ကျင့်ကြံသူ မဟုတ်သလို အလယ်အလတ်အဆင့်လည်း မဟုတ်ချေ။ သူမသည် အထက်တန်းအဆင့် တာအိုပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ ထိုကဲ့သို့ အဆင့်မျိုးမှာ ပုံမှန်ဆိုလျှင် ကျင့်စဉ် အနည်းငယ် တိုးတက်ဖို့ပင် နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံရစမြဲ ဖြစ်သည်။
သို့သော် ဤနေရာတွင်မူ... ကျင့်စဉ် တိုးတက်ခြင်းက အလွန်ပင် လွယ်ကူနေသကဲ့သို့ပင်။
"ဖန့်ဆရာ... ဒီနေရာက နတ်ဘုရားလောက များလားဟင်"
ကျန်းထျန်းအိုက် တစ်ယောက် အံ့ဩတုန်လှုပ်သွားမိသည်။
သူမ၏ အသိထဲတွင်မူ ထိုကဲ့သို့သော နတ်စွမ်းအားမျိုးမှာ နတ်ဘုရားလောကတွင်သာ ရှိနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
"ဒါ နတ်ဘုရားလောက မဟုတ်ပါဘူး။ ဒီနေရာက အထက်နယ်မြေ သုံးခုထဲက စိတ်ဝိညာဥ်နယ်မြေ မှာရှိတဲ့ ကျွယ်မင်ဂြိုဟ်ပဲ"
"ဒါက ကျွယ်မင်နန်းတော် အခြေစိုက်တဲ့ နေရာပေါ့။ ငါက အခု ဒီဂိုဏ်းရဲ့ အမာခံတပည့်တစ်ယောက်ဖြစ်လို့ အပြင်စည်းကျင့်ကြံသူတွေကို ခေါ်ယူခန့်အပ်ပိုင်ခွင့် ရှိတယ်။ ငါလည်း ကျွယ်မင်နန်းတော်ကို တစ်ခေါက် ပြန်ဖို့ လုပ်နေတာနဲ့ မင်းကို တစ်ခါတည်း ခေါ်သွားပြီး အမည်စာရင်း သွင်းပေးမယ်"
စကားအဆုံးတွင် ဖန့်ချန်သည် နဂါးနက်လှေ ကို ထုတ်ယူကာ ကျန်းထျန်းအိုက်ကို တင်ဆောင်၍ နန်းတော်ရှိရာသို့ ပျံသန်းလာခဲ့သည်။
"ဟော... ဟိုမှာ ခေါင်းဆောင် မဟုတ်လား"
"ဘေးမှာ မိန်းကလေး တစ်ယောက်လည်း ပါလာပါလား... အဲဒါ ဘယ်သူလဲ"
မုံ့ချင်းလင်နှင့် အဖွဲ့သားများမှာ ထိုနေရာမှ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားကြရာ နဂါးနက်လှေပေါ်မှ မြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်နှာတွင် အံ့ဩရိပ်များ ယှက်သန်းသွားကြတော့သည်။
နန်းတော်သို့ သွားရာ လမ်းတစ်လျှောက်တွင် ဖန့်ချန်၏ ရှင်းပြမှုများကြောင့် ကျန်းထျန်းအိုက်မှာ ထိုကမ္ဘာလောကကြီးအကြောင်းကို အတော်အတန် နားလည်သွားခဲ့သည်။
နားလည်သွားလေလေ သူမ ပို၍ အံ့ဩမိလေလေပင်။
ဘာကြောင့်လဲဆိုသော် သူမသည် ယခင်က ဤအကြောင်းအရာများကို တစ်ခါမှ မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။
အထက်နယ်မြေ သုံးခုမှ ကျင့်ကြံသူများသည် ချင်းမင် ဟင်းလင်းပြင် ကို စူးစမ်းရှာဖွေနေကြသည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ပုံပြင်တစ်ပုဒ်ကို နားထောင်နေရသလို ခံစားလိုက်ရသည်။
"လူ့လောကကြီးက ဒီလောက်အထိ ကျယ်ပြောလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး။ ဒီက ကျင့်ကြံသူတွေက ကောင်းကင်ပြင်က ကမ္ဘာတွေကိုတောင် စူးစမ်းနေကြပြီပေါ့... ဖုန်းဟိုင်ဂြိုဟ် က ကျင့်ကြံသူတွေကတော့ အခုထိ ဝိညာဥ်တောင်တွေ၊ ဝိညာဥ်စမ်းရေတွင်းတွေကို လုနေကြတုန်းပဲ..."
ကျန်းထျန်းအိုက်က တိုးတိုးလေး ရေရွတ်မိသည်။
"ဖုန်းဟိုင်ဂြိုဟ်မှာ မသေမျိုး အဆင့် ရောက်တဲ့သူ အနည်းငယ်ပဲ ရှိတာမို့ အပြင်ဘက်က ကမ္ဘာတွေကို စူးစမ်းဖို့ အခြေအနေ မပေးသေးတာပါ။ ဒါပေမဲ့ အထက်နယ်မြေ သုံးခုမှာတော့ ဒါက အခြေတကျ ဖြစ်နေပါပြီ။ နောင်တစ်ချိန်မှာ မင်းလည်း ချင်းမင်ထဲမှာ သွားပြီး စူးစမ်းခွင့် ရလာပါလိမ့်မယ်"
"ဒါ့အပြင် ရှေးဟောင်းတားမြစ်နယ်မြေ တွေကို လုယူတဲ့ တိုက်ပွဲတွေကိုလည်း ကြုံရဦးမယ်။ အဲဒီထဲကနေ အကျိုးအမြတ် တစ်ခုခု ရနိုင်ခဲ့ရင် မသေမျိုး ဖြစ်ဖို့ဆိုတာ မင်းအတွက် လက်တစ်ကမ်း အကွာမှာပဲ"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
ကျန်းထျန်းအိုက်၏ ရင်ထဲတွင် တက်ကြွလှုပ်ရှားလာကာ ထိုကဲ့သို့သော ဘဝမျိုးကို ချက်ချင်းပင် တွေ့ကြုံခံစားကြည့်ချင်စိတ်များ ပေါက်လာတော့သည်။
ထိုအချိန်တွင် နဂါးနက်လှေမှာ ကျွယ်မင်နန်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ဆင်းသက်ရန် ပြင်ဆင်နေစဉ်မှာပင် နောက်ထပ် နဂါးနက်လှေတစ်စင်းက ဘေးကပ်လျက်သို့ ကပ်လာသည်။
"ဟော... နံပါတ် ၉ လေး၊ ငါတော့ ဟုန်လျန်ကို သွားတိုင်ရတော့မယ်... မင်းက သူမကွယ်ရာမှာ ဖောက်ပြန် နေတာပဲလို့"
ချန်အင်းရွှယ်သည် ခါးကို ထောက်ကာ နဂါးနက်လှေပေါ်မှ ဖန့်ချန်ကို ကြည့်ရင်း မခိုးမခန့် ပြုံးကာ အောင်နိုင်သူတစ်ဦးလို အမူအရာဖြင့် စနောက်လိုက်တော့သည်။
အခန်း (၁၅၇၂) - တာအိုဆွေးနွေးပွဲ
ကျန်းထျန်းအိုက်သည် ချန်အင်းရွှယ်ကို မြင်လိုက်ရသည့် ပထမဆုံးသော ခံစားချက်မှာ စကားလုံးနှစ်လုံးတည်းပင် ဖြစ်သည် အလွန် အစွမ်းထက်သည်။
"အစွမ်းထက်လိုက်တာ "
ချန်အင်းရွှယ်မှာ ကျွယ်မင်နန်းတော်အတွင်း ရောက်ရှိနေခြင်း ဖြစ်သောကြောင့် သူမ၏ အရှိန်အဝါများကို သိပ်ပြီး ထိန်းချုပ်မထားချေ။ သာမန် အပြင်စည်းကျင့်ကြံသူများဆိုလျှင် သူမအနားသို့ပင် မကပ်နိုင်သလို ဤနဂါးနက်လှေပေါ်သို့လည်း တက်ရောက်နိုင်ကြမည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းထျန်းအိုက်သည် ချန်အင်းရွှယ်၏ အရှိန်အဝါများကို ဤမျှ နီးကပ်စွာ ခံစားလိုက်ရချိန်တွင် ကိုယ်တွင်းရှိ သွေးလေများမှာ မသိစိတ်မှပင် ဆူပွက်လာကာ မျက်နှာမှာ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်သွားတော့သည်။
သူမသည် တာအိုပေါင်းစပ်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး ချန်အင်းရွှယ်၏ ကျင့်စဉ်အဆင့်နှင့်ဆိုလျှင် ကွာခြားချက်မှာ မိုင်ပေါင်းသောင်းခြောက်ထောင်မက ဝေးကွာလှသည်။
ချန်အင်းရွှယ်လည်း ထိုအချက်ကို သတိပြုမိသွားပုံရပြီး သူမ၏ အရှိန်အဝါကို အနည်းငယ် သိမ်းဆည်းလိုက်မှသာ ကျန်းထျန်းအိုက်မှာ အသက်ရှူချောင်သွားတော့သည်။
"အစ်မတော်သုံး... နောက်ပြန်ပြီနော်"
ဖန့်ချန်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။
"ငါက နောက်နေတာ မဟုတ်ပါဘူး၊ ဒီမိန်းကလေးက ဘယ်ကလဲ။ တာအိုပေါင်းစပ်ခြင်း အဆင့်လေးပဲ ရှိတာဆိုတော့... ဒီကျင့်စဉ်မျိုးနဲ့ဆို အပြင်စည်းကျင့်ကြံသူ လည်း မဟုတ်လောက်ဘူး ထင်တယ်"
ချန်အင်းရွှယ်သည် လှေပေါ်မှ ပေါ့ပါးစွာ ခုန်ဆင်းလာပြီး သူတို့နှစ်ဦးရှေ့တွင် တည့်တည့်ရပ်ကာ ကျန်းထျန်းအိုက်ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။ သူမထံမှ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ထိပ်တန်းကျင့်ကြံသူတစ်ဦး၏ အငွေ့အသက်များက အနီးကပ် ရောက်ရှိလာသောအခါ ကျန်းထျန်းအိုက်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရသည်။
"ထျန်းအိုက်... သူက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တစ်ယောက်ပဲ၊ သူ့ကို အစ်မတော်သုံးလို့ပဲ ခေါ်လိုက်ပါ"
ဖန့်ချန်က ကျန်းထျန်းအိုက်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။
ကျန်းထျန်းအိုက်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် "အစ်မတော်သုံး..." ဟု ခေါ်လိုက်သည်။
"အစ်မတော်သုံး... သူက ကျွန်တော့်ရဲ့ လူဟောင်းတစ်ယောက်ပါ၊ သူ့ကို အမည်စာရင်း သွင်းပေးဖို့ ခေါ်လာတာ"
ဖန့်ချန်က ဆိုသည်။ ထို့နောက် သူမကို အရိပ်အကဲပြလိုက်သည်။
"တခြားကိစ္စ မရှိရင်တော့ ကျွန်တော်တို့ သွားလိုက်ဦးမယ်နော်"
"တခြားကိစ္စတော့ မရှိပါဘူး... ဒါပေမဲ့လည်း... အရင်တုန်းက ငါက မင်းရဲ့ တာအိုအဖော် လုပ်မယ်ဆိုတာတောင် မင်းက သဘောမတူခဲ့ဘူးလေ။ အခု မင်းက သူ့ကို ခေါ်လာတယ်ဆိုတော့... ဟုန်လျန်လေး စိတ်ဆိုးသွားလိမ့်မယ်လို့ မင်းမထင်ဘူးလား"
ချန်အင်းရွှယ်က ခပ်ပြုံးပြုံးဖြင့် ဖန့်ချန်၏ မျက်နှာအမူအရာကို အကဲခတ်နေသည်။ သို့သော် သူမ မြင်ချင်နေသော ပျာပျာသလဲ အမူအရာမျိုးကို မမြင်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားကာ လက်ကို ဝေ့ယမ်းလိုက်သည်။
"သွား... သွားတော့"
သူမသည် နဂါးနက်လှေပေါ်သို့ ပြန်တက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည်။ လှေပေါ်ရှိ နယ်မြေချဲ့ထွင်ရေးအဖွဲ့ဝင်များကမူ ဖန့်ချန်ကို လက်ပြနှုတ်ဆက်သွားကြသေးသည်။
"ဖန့်ဆရာ... အဲဒီ အစ်မတော်သုံးရဲ့ ကျင့်စဉ်က တကယ်ကို အားကောင်းတာပဲ"
ကျန်းထျန်းအိုက်မှာ အခုမှပင် အသံထွက်ဝံ့တော့သည်။
"သူပြောတဲ့ ဟုန်လျန်ဆိုတဲ့ အစ်မက... ဖန့်ဆရာရဲ့ တာအိုအဖော်လားဟင်"
"မဟုတ်ပါဘူး... ကိစ္စတွေက နည်းနည်း ရှုပ်ထွေးလို့ပါ၊ အရင်ဆုံး အမည်စာရင်း သွင်းဖို့ သွားရအောင်"
ဖန့်ချန်က စိတ်အာရုံကို တစ်ချက် စုစည်းလိုက်ရာ နဂါးနက်လှေသည် အမည်စာရင်းသွင်းရာ နေရာသို့ ဦးတည်ပျံသန်းသွားတော့သည်။
ဖန့်ချန်ထံမှ မဟုတ်ကြောင်း ငြင်းဆိုချက်ကို ကြားလိုက်ရသဖြင့် ကျန်းထျန်းအိုက်မှာ ရင်ထဲ၌ တိတ်တဆိတ် ဝမ်းသာသွားမိသည်။
အမည်စာရင်းသွင်းသည့် ကိစ္စမှာ အလျင်အမြန်ပင် ပြီးစီးသွားခဲ့သည်။ ထို့နောက်တွင် ဖန့်ချန်သည် လူသားဘိုးဘေးတောင်သို့ ချက်ချင်း မပြန်သေးချေ။ ဝမ်ချုံစန်း မှာကြားခဲ့သည့်အတိုင်း သတင်းအစအနအချို့ကို စုံစမ်းရန် သူ သတိရနေသေးသည်။
အကယ်၍ အောက်ခြေနယ်မြေ ခြောက်ခုမှ သတင်းတစ်ခုခု ပျံ့နှံ့လာခဲ့လျှင် ဤနေရာရှိ အမာခံတပည့်များကသာ အစောဆုံး သိရှိနိုင်မည် မဟုတ်ပါလား။
"နံပါတ် ၉... ဒီဘက်ကို ကိစ္စရှိလို့ လာတာလား"
မလှမ်းမကမ်းတွင် နန်မင်ရုယွဲ့က ဖန့်ချန်ကို ပြုံးရွှင်စွာ ကြည့်နေသည်။
"အစ်ကိုတော်ငါး"
ဖန့်ချန်က ရိုသေစွာ ဂါရဝပြုလိုက်သည်။ ကျန်းထျန်းအိုက်ကလည်း အတုယူကာ "အစ်ကိုတော်ငါး" ဟု ခေါ်လိုက်သည်။
နန်မင်ရုယွဲ့မှာ အနည်းငယ် အံ့ဩသွားပြီး ကျန်းထျန်းအိုက်မှာ တာအိုပေါင်းစပ်ခြင်း အဆင့်သာ ရှိသည်ကို မြင်သောအခါ ဖန့်ချန်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်းထျန်းအိုက်ကို ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"မင်း ဒီကို လာတာ တစ်ခုခု လုပ်စရာရှိလို့လား"
နန်မင်ရုယွဲ့က မေးသည်။
ဖန့်ချန်က ကျန်းထျန်းအိုက်အတွက် အမည်စာရင်း သွင်းပေးသည့်အကြောင်းကို ရှင်းပြလိုက်သည်။
"ဪ... အရေးတကြီး ကိစ္စရှိလို့ သီးသန့်လာတာ ထင်နေတာ။ အရေးကြီးတာ မရှိဘူးဆိုရင်တော့ အတော်ပဲ၊ ငါက လူအချို့ကို ဖိတ်ပြီး စကားစမြည်ပြောဖို့ ပြင်နေတာ... မင်းလည်း လာဦးမလား"
နန်မင်ရုယွဲ့က ဖိတ်ခေါ်လိုက်သည်။
တိုက်ဆိုင်လိုက်တာ။
ဖန့်ချန် စိတ်ထဲက ဝမ်းသာသွားပြီး ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ အစ်ကိုတော်ငါးကို လာပြီး အနှောင့်အယှက် ပေးရတော့မှာပဲ"
"ဟားဟား... အနှောင့်အယှက်ဆိုတာ ဘာလဲကွာ။ ဒီတစ်ခေါက် လာမယ့်သူတွေလည်း တော်တော်များတယ်၊ တာအိုဆွေးနွေးပွဲ အသေးစားလေးတစ်ခုလို့တောင် ပြောလို့ရတယ်။ မင်းလာမယ်ဆိုတာ သူတို့သိရင် သေချာပေါက် ဝမ်းသာကြမှာပဲ။ ဘာပဲဖြစ်ဖြစ် မင်းက အစီရင်ဗဟိုချက် မသေမျိုးအတတ်နှစ်မျိုးကို တစ်ပြိုင်တည်း နားလည်ခဲ့တာဆိုတော့ လူတော်တော်များများက မင်းဆီကနေ အတွေ့အကြုံ တောင်းချင်နေကြတာ"
နန်မင်ရုယွဲ့က ရယ်မောကာ ဆိုသည်။
ထို့နောက် သူသည် ထိုသူနှစ်ဦးကို ကျွယ်မင်နန်းတော်အတွင်းရှိ သူ၏ ဂူဗိမာန် ဆီသို့ ခေါ်ဆောင်သွားတော့သည်။
နန်မင်ရုယွဲ့ ပြောသည့်အတိုင်းပင် ဒီတစ်ခေါက် လာရောက်သည့်သူမှာ အနည်းငယ် များပြားလှသည်။ အမာခံတပည့် သီးသန့်ပင် ရှစ်ဆယ်ကျော်မျှ ရှိနေသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် နန်မင်ရုယွဲ့သည် ကျွယ်မင်နန်းတော်အတွင်း ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း သိသာလှသည်။
ထိုအထဲတွင် ဖန့်ချန်နှင့် ရင်းနှီးပြီးသား အမာခံတပည့်အချို့လည်း ပါဝင်သည်။ သူတို့မှာ သံသရာဌာနမှ ဝိညာဉ်စာရင်းသွင်းခြင်း အရာရှိ များ ဖြစ်ကြပြီး ဖန့်ချန်ကို မြင်လိုက်ရသောအခါ အတော်လေး အံ့ဩသွားကြသည်။
ထိုအမာခံတပည့်များအပြင် သူတို့ အလေးထားသော နယ်မြေချဲ့ထွင်ရေး အဖွဲ့ဝင်များနှင့် အပြင်စည်းကျင့်ကြံသူများလည်း ပါဝင်လာကြရာ စုစုပေါင်း လူဦးရေ ငါးရာခန့် ရှိလေသည်။ အမာခံတပည့်များက တစ်အုပ်စု၊ အပြင်စည်းကျင့်ကြံသူများက တစ်အုပ်စု ခွဲ၍ ကိုယ့်အဖွဲ့နှင့်ကိုယ် စကားပြောနေကြပြီး ဝန်းကျင်မှာ အတော်လေး စည်ကားလှသည်။
အစပိုင်းတွင် စကားဝိုင်းမှာ ပုံမှန်အတိုင်းပင် ရှိသော်လည်း နောက်ပိုင်းတွင် ဖန့်ချန်ဆီသို့ အာရုံရောက်လာကြတော့သည်။
"ဖန့်အမာခံတပည့်... မင်း အဲဒီတုန်းက ရရှိခဲ့တဲ့ အသိဉာဏ် လေးတွေကို နည်းနည်းလောက် ပြောပြပေးလို့ ရမလား"
"စိတ်မပူပါနဲ့... ငါတို့ အလကား နားထောင်မှာ မဟုတ်ပါဘူး"
"ငါက အမာခံတပည့် ဖြစ်တာ ကြာလှပြီ၊ ဒါပေမဲ့ တစ်ခုခု လိုနေသလိုပဲ အမြဲ ခံစားနေရတယ်။ အစီရင်ဗဟိုချက် နဲ့ လူနှင့်လှေတစ်သားတည်း ဖြစ်ခြင်း အဆင့်ကို မရောက်နိုင်ဘူး ဖြစ်နေတာ။ တကယ်လို့ ဖန့်အမာခံတပည့်ကသာ လမ်းပြပေးနိုင်မယ်ဆိုရင် နောက်ပိုင်း ငါ တစ်ခုခု အောင်မြင်လာတဲ့အခါ မင်းကို ကျေးဇူးကြီးကြီး တင်ပါ့မယ်၊ ဘယ်လို ခက်ခဲတဲ့ အလုပ်ပဲ ဖြစ်ဖြစ် ငါ လုပ်ပေးဖို့ အသင့်ပဲ "
အမာခံတပည့် တစ်စုမှာ မျှော်လင့်ချက် အပြည့်ဖြင့် ဖန့်ချန်ကို ကြည့်နေကြသည်။
ဖန့်ချန်၏ ဘေးတွင် ထိုင်နေသော ကျန်းထျန်းအိုက်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ထဲတွင် အတိုင်းမသိ ဂုဏ်ယူမိသွားတော့သည်။ သူမထက် ကျင့်စဉ် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော ထိုလူကြီးလူကောင်းများက ဖန့်ဆရာ့ကို အလွန် ရိုသေလေးစားနေကြသလို ပညာလည်း လာရောက် ဆည်းပူးနေကြသည် မဟုတ်ပါလား။
ကြည့်ရသည်မှာ ဖန့်ဆရာသည် မည်သည့်နေရာသို့ ရောက်ရောက် ဖန့်ဆရာပင် ဖြစ်နေဆဲပင်။
"စီနီယာ အစ်ကိုတို့... ခင်ဗျားတို့က ကျွန်တော့်ထက် အရင် နန်းတော်ထဲ ရောက်နေတဲ့သူတွေပဲ၊ ပညာသင်ပေးတယ်ဆိုတာထက် ပိုပါတယ်ဗျာ။ ဒါပေမဲ့ အဲဒီတုန်းက ဘာတွေ ခံစားရလဲဆိုတာ ပြောပြဖို့ကျတော့ ကျွန်တော်ကိုယ်တိုင်လည်း သေသေချာချာ မသိဘူး ဖြစ်နေတယ်။
အဲဒီအချိန်မှာတော့ အဓိက စဉ်းစားနေတာက လုံးဝ ရှုံးလို့ မဖြစ်ဘူး၊ ဟို ဘုန်းကြီးအုပ်စုကို မရှုံးစေရဘူး ဆိုတဲ့ စိတ်နဲ့ပဲ လုပ်လိုက်တာ... အဲဒါနဲ့တင် အလိုလို ဖြစ်သွားတာပါပဲ"
ဖန့်ချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ခေါင်းခါပြလိုက်သည်။
အမှန်တရားကလည်း ထိုအတိုင်းပင်။
သူ့မှာ တခြားသူထက် သာလွန်သည့် အချက်တစ်ခု ရှိသည်ဆိုပါက အစီရင်ဗဟိုချက်နှင့် ပဋိညာဉ်ပြုစဉ်က သူ၏ စိတ်ဝိညာဥ် စွမ်းအား မှာ အခြားသူများထက် သိသိသာသာ သာလွန်နေခြင်းပင်။
သို့သော် ထိုစိတ်ဝိညာဥ်ကို တုပရန် မလွယ်ကူချေ။ သူတို့ကော နေမင်းကြီးကို စိုက်ကြည့်ပြီး ဟိုပုဂ္ဂိုလ်ကြီးကို တွေ့အောင် ရှာနိုင်ကြမလို့လား။
နန်မင်ရုယွဲ့သည် လူအများ စိတ်ပျက်သွားသည်ကို မြင်သောအခါ ရယ်မော၍ ဝင်ပြောလိုက်သည်။
"နံပါတ် ၉ ပြောတာ အမှန်ပဲ။ ဒီလို ကိစ္စမျိုးက လူတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး ကွဲပြားတတ်တာ။ ငါကိုယ်တိုင်လည်း အစီရင်မသေမျိုးအတတ်ကို နားလည်ခဲ့တုန်းက အဲဒီလိုပဲ၊ နောက်တစ်ခါ ထပ်လုပ်ဖို့တောင် မလွယ်ဘူး။ အတုယူဖို့တောင် မလွယ်တာ... မင်းတို့ကို ဘယ်လို သင်ပေးနိုင်မှာလဲ"
ထိုအခါမှ လူအများမှာ သက်ပြင်းချလိုက်ကြတော့သည်။
ထို့နောက်တွင် သူတို့သည် အခြားသော အကြောင်းအရာများကို ပြောင်းလဲ ဆွေးနွေးကြသည်။
ဖန့်ချန်ကမူ သူတို့၏ စကားကို တစ်ဝက် နားထောင်နေရင်း ကျန်တစ်ဝက်ကိုမူ အပြင်စည်းကျင့်ကြံသူများ၏ စကားဝိုင်းဆီသို့ အာရုံစိုက်ထားလိုက်သည်။
စကားပြောနေကြရင်း ရုတ်တရက် မျက်နှာထား သဘောကောင်းပုံရသော အမာခံတပည့် တစ်ဦးက ဆိုသည်။
"ငါ့ဆွေမျိုးထဲက ညီအစ်ကိုတစ်ယောက်ရှိတယ်၊ သူက အခုလေးတင် အောက်ခြေနယ်မြေ ခြောက်ခုကနေ အထက်နယ်မြေ သုံးခုကို ပြန်ရောက်လာတာ။ သူပြောပြတဲ့ အကြောင်းအရာတစ်ခုက နည်းနည်း ထူးဆန်းနေတယ်... ခင်ဗျားတို့ နားထောင်ချင်လား"
"ဘာကိစ္စလဲ" တစ်ယောက်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
ကျန်ရှိသော သူများလည်း ထိုသူ့ကို လှည့်ကြည့်လိုက်ကြသည်။ အမာခံတပည့် တစ်ဦးက ထူးဆန်းသည် ဟု ပြောဆိုလာပါက ၎င်းမှာ အမှန်တကယ်ပင် ထူးဆန်းနေပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ချင်းမင် ဟင်းလင်းပြင်ကို လှည့်လည်သွားလာပြီး တားမြစ်နယ်မြေများတွင် တိုက်ပွဲဝင်နေသော အမာခံတပည့်များ မမြင်ဖူးသည့်အရာဟူသည် ရှားလှသည် မဟုတ်ပါလား။
"ငါ့ရဲ့ အဲဒီ ညီအစ်ကိုက... တကယ်တော့ ငါကိုယ်တိုင်လည်း သူ့ကို မသိဘူး၊ အဝေးကြီးက ဆွေမျိုးတော်တာပါ။ သူပြောတာကတော့ အောက်ခြေနယ်မြေ ခြောက်ခုရဲ့ အချို့နေရာတွေမှာ မိစ္ဆာကပ်ဘေး တွေ ကျရောက်နေတယ်တဲ့"
"မိစ္ဆာကပ်ဘေး အဲဒါက ဘာထူးဆန်းလို့လဲ"
"ငါလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကြုံခဲ့ဖူးတာပဲ"
"တခြားအကြောင်းအရာပဲ ပြောရအောင်"
မိစ္ဆာကပ်ဘေး
ဖန့်ချန်သည် ထိုအမာခံတပည့်ကို မသိမသာ လှမ်းကြည့်လိုက်သည်။ သို့သော် သူ စကားမဟရသေးမီမှာပင် နန်မင်ရုယွဲ့က အလျင်အမြန် မေးလိုက်သည်။
"မင်း အခုနက ပြောလိုက်တာက မိစ္ဆာကပ်ဘေး ကျရောက်လာတယ် လို့ ပြောတာလား... အဲဒီ ကျရောက်လာတယ် ဆိုတာက ဘယ်လို ပုံစံမျိုးလဲ"