အခန်း (၁၅၇၃-၁၅၇၄)
Vol. 158 Ch. 1573-1574
အခန်း (၁၅၇၃) - တစ်ကိုယ်တော် ပွင့်လန်းခြင်း
"အစ်ကိုတော်ငါး... ခင်ဗျားရဲ့ မျက်လုံးတွေက တကယ်ကို စူးရှတာပဲ။ ကျွန်တော် ဒီနေ့ ဒီကိစ္စကို ထုတ်ပြောရတာဟာ ဒီ ကျရောက်လာတယ် ဆိုတဲ့ စကားလုံးကြောင့်ပါပဲ"
ထိုအမာခံတပည့်သည် လက်အုပ်ချီ ဂါရဝပြုရင်း လူအများကို ခပ်ပြုံးပြုံးဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။
"ခင်ဗျားတို့ကော မြင်ဖူးကြလို့လား... သာမန်လူသားတွေနဲ့ ကျင့်ကြံသူတွေ တစ်ပြိုင်တည်း မိစ္ဆာကပ်ဘေးကို ကြုံတွေ့ရတယ်ဆိုတာမျိုးလေ"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အဓိပ္ပာယ်မရှိတာ"
"မင်းရဲ့ အဲဒီဆွေမျိုး မြင်ခဲ့တာ မိစ္ဆာကပ်ဘေး မဟုတ်လောက်ပါဘူး"
"မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ တစ်ခုခု ကြံစည်နေတာများလား"
အမာခံတပည့် အတော်များများက ကိုယ်စီ ခန့်မှန်းချက်များကို ထုတ်ဖော်ပြောဆိုကြသည်။
ဖန့်ချန်သည် ဘေးရှိ အမာခံတပည့်တစ်ဦးကို တိုးတိုးလေး မေးမြန်းကြည့်ရာ ထိုသူမှာ နင် မျိုးနွယ်ဖြစ်ကြောင်း သိလိုက်ရသည်။ ချက်ချင်းပင် သူသည် ယခင်က တွေ့ဆုံဖူးသည့် ရှဲ့ကျစ် ကျင့်ကြံသူ နင်ပေ့ယုံ ကို သတိရသွားသည်။
ထိုသူမှာ အထက်နယ်မြေ သုံးခုမှ ဖြစ်ပြီး သူ၏ နင်မျိုးနွယ်စုမှာလည်း စိတ်ဝိညာဥ်နယ်မြေ တွင် အားမနည်းသော အင်အားစုတစ်ခု ဖြစ်သည်။
အကယ်၍ ကျွယ်မင်နန်းတော်၊ အသွေးသားနတ်ဘုရားကျောင်း ၊ ထိုက်ယီနတ်မသေမျိုးဂိုဏ်း ၊ ကြယ်တစ်သောင်းနန်းတော် နှင့် ရုလိုင်ဘုရားကျောင်း တို့ကို ထိပ်တန်း အင်အားစုများအဖြစ် သတ်မှတ်လျှင်...
ဝိညာဉ်နတ်ဘုရားဂိုဏ်းနှင့် ဝိညာဥ်သုတ်သင်ခြင်းဌာနတို့မှာ ထိပ်တန်းနှင့် ပထမတန်းစား အကြားတွင် ရှိသည်။
နင်ပေ့ယုံ၏ နင်မျိုးနွယ်စုမှာမူ ပထမတန်းစား အဆင့်သို့ ကပ်လျက်ရှိပြီး မျိုးနွယ်စုအတွင်း အဆင့် ၈ မသေမျိုး တစ်ပါး စောင့်ရှောက်ထားသော်လည်း မသေမျိုး အစီရင်လှေ မှာမူ လက်ချိုးရေတွက်၍ ရရုံမျှသာ ရှိပေလိမ့်မည်။
မေးမြန်းမှုများမှတစ်ဆင့် ဖန့်ချန်သည် ဤ နင် အမာခံတပည့်မှာ နင်မျိုးနွယ်စုဝင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
"ကျွန်တော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီဆွေမျိုးရဲ့ ပြောပြချက်အရဆိုရင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ လုပ်တာနဲ့ မတူဘူးဗျ"
နင်အမာခံတပည့်က ခပ်အေးအေးပင် ပြုံး၍ ဆိုသည်။
"သူပြောတာကတော့ တစ်နယ်မြေလုံးမှာရှိတဲ့ ငှက်၊ သားရဲနဲ့ ပိုးမွှားတွေကလွဲရင် ကျင့်ကြံသူတွေကော၊ သာမန်လူသားတွေပါ တစ်ချိန်တည်းမှာပဲ မိစ္ဆာကပ်ဘေးထဲ ကျရောက်သွားကြတာတဲ့"
"တစ်နယ်မြေလုံး ဟုတ်လား"
လူအများမှာ ခဏမျှ မှင်သက်သွားကြပြီး စိတ်ဝင်တစားဖြင့် အသေးစိတ်များကို ထပ်မံ မေးမြန်းကြတော့သည်။
နန်မင်ရုယွဲ့ကလည်း ရယ်မောကာ ဆိုသည်
"ငါတို့လို လူတွေရဲ့ စွမ်းဆောင်ရည်နဲ့တောင် တစ်နယ်မြေလုံးမှာရှိတဲ့ လူတွေကို မိစ္ဆာကပ်ဘေးထဲ ဆွဲသွင်းဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါ့အပြင် ကပ်ဘေးသုံးပါးနှင့် ဘေးဒုက္ခကိုးပါး ဆိုတာ ကောင်းကင်ဘုံရဲ့ နိယာမတရားတွေပဲ၊ ငါတို့လို လူတွေက ဘယ်လိုလုပ် ထိတွေ့နိုင်မှာလဲ"
"အဲဒါကြောင့် ပြောတာပေါ့"
နင်အမာခံတပည့်က ဆက်ပြောသည်
"ကျွန်တော်လည်း အစကတော့ ထူးဆန်းတယ် ထင်နေတာ၊ နောက်ပိုင်း အဲဒီဆွေမျိုးကို ကိုယ်တိုင် သေချာမေးကြည့်တော့ သူ လိမ်မပြောဘူးဆိုတာ ကျွန်တော် ယုံကြည်သွားတယ်။ သူပြောတာက တစ်နယ်မြေလုံး မိစ္ဆာကပ်ဘေးထဲ ကျသွားတဲ့အခါ အချို့က မိစ္ဆာဝင် သွားကြပြီး အချို့ကတော့ ဘာမှမဖြစ်ဘူးတဲ့"
"ပြီးတော့ မိစ္ဆာကပ်ဘေး မဖြစ်ခင်ကတည်းက ကျင့်ကြံခြင်းလောကမှာ ကသောင်းကနင်းတွေ ဖြစ်တော့မယ်၊ မိစ္ဆာကပ်ဘေး ကျရောက်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေခဲ့တာ။ အစကတော့ ဘယ်သူမှ မယုံကြပေမဲ့ တကယ်ဖြစ်လာတော့မှ ယုံသွားကြတာပေါ့"
"အဲဒီ မိစ္ဆာဝင်သွားတဲ့ကောင်တွေက တခြားဘာသာစကားတစ်ခုကို ပြောကြတယ်တဲ့။ အဲဒီဘာသာစကားနဲ့ စမ်းသပ်ကြည့်ရင် သူတို့ မိစ္ဆာဝင်မဝင်ဆိုတာကို သိနိုင်တယ်လို့ ဆိုတယ်"
"ကြိုတင်ပြီး သတင်းတွေ ထွက်နေခဲ့တာလား"
အမာခံတပည့်တစ်ဦးက ရယ်မော၍ ဆိုသည်
"ငါတို့ ကျွယ်မင်နန်းတော်တောင် ဒီကိစ္စကို မသိတာ၊ ဘယ်သူက ဒီလို မိစ္ဆာကပ်ဘေး ကျရောက်မှာကို ကြိုတင်ခန့်မှန်းနိုင်မှာလဲ။ ကြည့်ရတာ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ကြံစည်နေတာနဲ့ ပိုတူတယ်။ ဒါပေမဲ့ ဒါက ငါတို့နဲ့လည်း မဆိုင်ပါဘူး။ အောက်ခြေနယ်မြေ ခြောက်ခုက ကိစ္စတွေက အထက်နယ်မြေ သုံးခုနဲ့ဆိုရင် အရမ်းကို ဝေးကွာလွန်းပါတယ်"
လူအများမှာ ထိုအကြောင်းအရာကို ကျော်ဖြတ်ကာ အခြားကိစ္စများကို စတင် ပြောဆိုကြတော့သည်။
ဖန့်ချန်ကမူ တိတ်တဆိတ် အကဲခတ်နေမိသည်။
ဤနေရာရှိ အမာခံတပည့်များမှာ ထိုကိစ္စအပေါ် ခေတ္တမျှသာ စိတ်ဝင်စားကြပြီး အသေအချာ စုံစမ်းစစ်ဆေးလိုသည့် စိတ်ဆန္ဒ ပြင်းပြင်းပြပြ မရှိကြသည်ကို တွေ့ရသည်။
သူ့ရင်ထဲတွင် တိုးတိုးလေး သက်ပြင်းချမိသွားသည်။
သူတို့အတွက်မူ အောက်ခြေနယ်မြေ ခြောက်ခု၏ ထောင့်တစ်နေရာတွင် ဖြစ်ပျက်နေသော ကိစ္စမှာ အမှန်တကယ်ပင် အလေးအနက်ထားရမည့် အရာ မဟုတ်ချေ။
"ဒီ မိစ္ဆာဝင်တဲ့ နည်းလမ်းအကြောင်း ပြောရရင်တော့ ကျွန်တော့်ကို ဟိုတုန်းက တာ့လေယင် တိုက်ပွဲကို သတိရစေတယ်။ ရုလိုင်ဘုရားကျောင်းက ရှောက်ကွမ်းယင် နဲ့ တခြား အမာခံတပည့်အချို့လည်း ခေတ္တခဏ မိစ္ဆာဝင်သွားခဲ့ကြတယ် မဟုတ်လား"
ဖန့်ချန်က ခပ်ပေါ့ပေါ့ပင် စကားထဲ ထည့်ပြောလိုက်သည်။
သူ၏ အဆင့်အတန်းမှာ နံပါတ် ၉ ဖြစ်နေသဖြင့် သူပြောသော စကားကို လူအများက ဂရုတစိုက် နားထောင်ကြသည်။ စကားဝိုင်းမှာ ထိုအကြောင်းအရာဆီသို့ ချက်ချင်း ပြန်ရောက်လာပြီး ဖန့်ချန်နှင့်အတူ ထိုတိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသော အမာခံတပည့်အချို့က ခေါင်းညိတ် ထောက်ခံကြသည်။
"ဟုတ်တယ်... အဲဒီတုန်းက အဲဒီနည်းလမ်းက တကယ်ကို ကြောက်စရာကောင်းတာ။ အဲဒီ ရှောက်ကွမ်းယင် က အစ်မကြီးကို လုံးဝ မယှဉ်နိုင်ပါဘူး၊ ဒါပေမဲ့ မိစ္ဆာဝင်သွားပြီးတဲ့နောက်မှာတော့ အစ်မကြီးနဲ့တောင် အကြိတ်အနယ် ယှဉ်နိုင်သွားတယ်"
"အရင်တုန်းက ဒီလိုနည်းလမ်းမျိုးကို တစ်ခါမှ မကြားဖူးဘူး။ ကြည့်ရတာ ရုလိုင်ဘုရားကျောင်းက အသစ်တီထွင်ထားတဲ့ နည်းလမ်းတစ်ခုခုများလား၊ အခု အောက်ခြေနယ်မြေ ခြောက်ခုမှာ စမ်းသပ်နေတာလား မသိဘူး"
"ဒီ ဘုန်းကြီးတွေကလည်း... တစ်နေ့တစ်နေ့ ပါးစပ်ကတော့ ကရုဏာ၊ မေတ္တာနဲ့၊ လုပ်သမျှကတော့ ကောင်းတာ တစ်ခုမှ မပါဘူး"
"ဟဲဟဲ... မင်း သူတို့ကို အထင်မှားနေပြီ။ သူတို့က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကယ်တင်၊ ပြီးမှ သူတစ်ပါးကို ကယ်တင် ဆိုတာမျိုးလေ။ ကိုယ့်ကိုယ်ကိုယ် နိဗ္ဗာန်ရောက်ပြီး ဘုရားဖြစ်တော့မှ သတ္တဝါဝေနေယျတွေကို ကယ်တင်မှာပေါ့"
"စိတ်ဝင်စားစရာပဲ... နင်အမာခံတပည့်၊ မင်းရဲ့ အဲဒီဆွေမျိုးက ဒီကိစ္စကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ။ ငါ လူလွှတ်ပြီး သွားစုံစမ်းကြည့်ခိုင်းမယ်၊ ရုလိုင်ဘုရားကျောင်းနဲ့ ပတ်သက်နေသလားဆိုတာကို"
နန်မင်ရုယွဲ့က မေးမြန်းလိုက်သည်။
"အဲဒါတော့ သေသေချာချာ မမေးမိလိုက်ဘူး..."
နင်အမာခံတပည့်က ခပ်ယဲ့ယဲ့ ရယ်ကာ ဆိုသည်။
အောက်ခြေနယ်မြေ ခြောက်ခုက ဒီလောက် ကျယ်ပြောတာ၊ သူကော ဘယ်လိုလုပ် တကယ် စိတ်ဝင်စားမှာလဲ။ သူကိုယ်တိုင်လည်း သွားဖို့ မရည်ရွယ်ထားဘဲ စူးစမ်းချင်စိတ်နဲ့ ပြောပြရုံသက်သက်သာ ဖြစ်သည်။
"ဒါဆိုရင်တော့လည်း ထားလိုက်ပါတော့"
နန်မင်ရုယွဲ့က ရယ်မောလျက် ခေါင်းခါပြလိုက်သည်။
စကားဝိုင်းမှာ နောက်တစ်ကြိမ် လမ်းကြောင်း ပြောင်းသွားပြန်သည်။
ဤတစ်ကြိမ်တွင်မူ ဖန့်ချန်သည် လူအများကို ထိုအကြောင်းအရာဆီသို့ ပြန်လည် ဆွဲခေါ်ရန် မကြိုးစားတော့ချေ။ ထိုနေရာရှိ အမာခံတပည့်များထဲတွင် ကြာနီနတ်မိမယ် ကဲ့သို့ နိုးထလာပြီးသား မိစ္ဆာမျိုးနွယ်များ ပါဝင်နေသလားဆိုသည်ကို သူ မသေချာနိုင်ပေ။
အကယ်၍ ထိုအကြောင်းကို ထပ်ခါတလဲလဲ ထုတ်ပြောနေပါက တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခံရမည်မှာ မလွဲဧကန်ပင်။
ရက်အနည်းငယ် ကြာပြီးနောက် တာအိုဆွေးနွေးပွဲမှာ ပြီးဆုံးသွားခဲ့သည်။
ဖန့်ချန်သည် ကျန်းထျန်းအိုက်ကို ခေါ်ဆောင်ကာ တုန်းရှန့်နိုင်ငံ ရှိ လူသားဘိုးဘေးတောင်သို့ ပြန်လာခဲ့သည်။
ထိုအခါ ပျော်ပျော်ရွှင်ရွှင် ပြန်လာကြသော ဖန့်ကျစ်ရွှယ် နှင့် အဖွဲ့သားများကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံလိုက်ရသည်။ အဖိုးကြီး ရှန့် ကမူ ထိုသူသုံးဦးနောက်မှ ဇိမ်ဖြင့် လိုက်ပါလာရင်း ဖန့်ချန်ကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွားတော့သည်။
"မင်းတို့ သုံးယောက် တုန်းရှန့်နိုင်ငံကို သွားခဲ့ကြတာလား... ပျော်စရာကောင်းလား"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
တုလင်ခုန်း နှင့် ရှန့်ဝူ တို့သည် ဖန့်ချန်ကို မြင်သည်နှင့် ရိုသေကိုင်းရှိုင်းသော အမူအရာများ ဖြစ်သွားကြသည်။ ဖန့်ကျစ်ရွှယ် သုံးဦးမှာမူ ပို၍ ရင်းရင်းနှီးနှီး ရှိပုံရသည်။
"အစ်ကို... ဒီ တုန်းရှန့်နိုင်ငံက ညီမ ထင်ထားတာထက် ပိုကြီးတာပဲနော်။ အရင်က ငါတို့ရဲ့ တိုင်းပြည်ကြီးနဲ့ ယှဉ်ရင်တော့ ပင်လယ်ထဲက ဝေလငါးနဲ့ ကုန်းပေါ်က ပုရွက်ဆိတ်လို ကွာခြားတာပဲ"
ဖန့်ကျီရွှယ်က ရယ်မောကာ ဆိုသည်
"ဒါပေမဲ့ ဒီလောက်ကျယ်တဲ့ နေရာမှာ ကျင့်ကြံသူကတော့ လက်ချိုးရေလို့ ရတယ်။ ရှောင်ပန်း က ပညာလေး တစ်ကွက် ပြလိုက်တာနဲ့တင် လူတွေက နတ်ဘုရားလို့ ထင်ပြီး ဝိုင်းကိုးကွယ်နေကြတာ"
"သာမန် လူသားလောက ကိစ္စတွေထဲမှာ သိပ်ပြီး ဝင်မပါတာ ကောင်းမယ်။ မင်းတို့ လည်ပတ်လို့ ဝပြီဆိုရင်တော့ ကျင့်စဉ်တွေကို အာရုံစိုက်ပြီး ကျင့်ကြံကြတော့။ တကယ်လို့ ဒီမှာနေရတာ ပျင်းတယ် ထင်ရင်တော့ တခြားသူတွေရဲ့ နယ်မြေချဲ့ထွင်ရေး အဖွဲ့ထဲဝင်ပြီး အပြင်လောကကို ထွက်ကြည့်လို့ ရတယ်"
ဖန့်ချန်က ခပ်အေးအေးပင် ဆိုလိုက်သည်။
လူအများ၏ မျက်လုံးများ ဝင်းလက်သွားကြသည်။
သူတို့တွင် ထိုအစီအစဉ်ရှိပြီးသား ဖြစ်သော်လည်း ဖန့်ချန်က အပြင်လောကတွင် အန္တရာယ်ရှိမည်ကို စိုးရိမ်ပြီး ခွင့်မပြုမှာ ကြောက်သဖြင့် မထုတ်ပြောဝံ့ခဲ့ကြခြင်း ဖြစ်သည်။
"အစ်ကို... အစ်ကိုက ညီမတို့ကို ဒီလောက်တောင် စိတ်ချတာလား။ အပြင်မှာ အန္တရာယ်တွေနဲ့ တွေ့မှာ မကြောက်ဘူးလား"
ဖန့်ကျစ်ရွှယ်က ပြုံး၍ မေးသည်။
"ဖန်လုံအိမ်ထဲက ပန်းတွေက လေဒဏ် မိုးဒဏ်ကို မခံနိုင်ဘူး၊ အေးစက်တဲ့ ဆောင်းလေထဲက မေပန်း ကမှ တစ်ကိုယ်တော် ဝင့်ကြွားစွာ ပွင့်လန်းနိုင်တာ"
ဖန့်ချန်က ထိုသို့ပြောရင်း မျက်ဝန်းထဲတွင် ခံစားချက်အချို့ ဖြတ်ပြေးသွားကာ ကျန်းထျန်းအိုက်ကို လူအများနှင့် မိတ်ဆက်ပေးလိုက်သည်။
ကျန်းထျန်းအိုက်မှာ ဖန့်ချန် တာ့ချန် တွင် ရှိစဉ်ကတည်းက သိကျွမ်းခဲ့သော လူဟောင်းတစ်ဦးဖြစ်ကြောင်း သိလိုက်ရသဖြင့် ဖန့်ကျစ်ရွှယ်တို့မှာ ရင်းနှီးဖော်ရွေစွာ ဆက်ဆံကြသည်။
"မင်းတို့ တကယ်လို့ ဝေးလံတဲ့ ဂြိုဟ်တွေဆီကို သွားကြည့်ချင်တယ်ဆိုရင် ယွီထျန်းကော်တို့ကို သွားမေးကြည့်လို့ ရတယ်။ သူတို့က အရင်ကတည်းက အဲဒီဘက်တွေမှာ လှည့်လည်သွားလာဖူးတဲ့သူတွေဆိုတော့ အတွေ့အကြုံ ရှိတယ်"
ဖန့်ချန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကျူလုံလှေ ကို ထုတ်ယူကာ ဖန့်ကျစ်ရွှယ်ကို ပေးလိုက်သည်။
"ဒါက အစ်မကြီးက ငါ့ကို လက်ဆောင်ပေးထားတာ၊ အခု မင်းကို ပေးလိုက်မယ်။ အဆင့် ၅ အစီရင်လှေ ကျူလုံလှေ ဆိုတာ သာမန်လူတွေ အသုံးမပြုနိုင်တဲ့အရာပဲ"
"ဒါကို ပုံမှန်အချိန်တွေမှာ ထုတ်ပြီး မကြွားနဲ့ဦး။ တကယ်လို့ အန္တရာယ်နဲ့ ကြုံလာရရင်တော့ ဒါက မင်းတို့ကို ကယ်တင်ပေးနိုင်လိမ့်မယ်"
ဖန့်ကျစ်ရွှယ်မှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။ တာအိုပေါင်းစပ်ခြင်း အဆင့်ရှိသူတစ်ဦးအနေဖြင့် သူမသည် ကျူလုံလှေအတွင်း၌ ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။
"မမ... ကျွန်မကို ပေးကြည့်ဦး"
ဖန့်ရှောင်ပန်းက ချက်ချင်းပင် အနားသို့ တိုးလာသည်။ ရှန့်ဝူကလည်း စိတ်ဝင်တစားဖြင့် အနားသို့ ရောက်လာသည်။
တုလင်ခုန်းနှင့် ဖန့်ရှောင်ထျန်းတို့မှာလည်း အနားသို့ တိုးချင်နေကြသော်လည်း ဖန့်ချန် ရှိနေသဖြင့် သူတို့ကိုယ်သူတို့ ရင့်ကျက်တည်ငြိမ်သူများအဖြစ် ပြသလို၍ အောင့်ထားကြရသည်။
"အဖိုးကြီး ရှန့်... ဒီမှာ နေရတာ အသားကျပြီလား"
ဖန့်ချန်က အဖိုးကြီး ရှန့်ကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"အသားကျပါတယ်... ပြောရရင်တော့ ဒီနေရာက တာ့ရှန်း ဘက်ထက် အများကြီး သာတာပေါ့ဗျာ။ ဖန့်အမာခံတပည့်... ကျွန်တော်လည်း သူတို့နဲ့အတူ အပြင်လောကကို ထွက်ကြည့်လို့ ရမလား"
အဖိုးကြီး ရှန့်က မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်သည်။
ယခင်က သူသည် ဂုဏ်ပြုမှတ်ဆောင် ထဲတွင် ပုံမှန်ဆိုလျှင် လုံးဝ မတွေ့နိုင်သော အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းများနှင့် နတ်ဆေးဝါးများစွာကို လဲလှယ်နိုင်ကြောင်း တွေ့ခဲ့ရသည်။
ထို့ကြောင့် သူကိုယ်တိုင်လည်း ဂုဏ်ပြုမှတ် များ ရှာဖွေချင်စိတ်ဖြင့် ရင်ခုန်နေခဲ့သည်မှာ ကြာပြီ မဟုတ်ပါလား။
အခန်း (၁၅၇၄) - သစ္စာပန်းကျေးရွာ
"အဆင်ပြေသလိုသာ လုပ်ပါ။ ငါက ဒီနှစ်ပိုင်းတွေမှာ တားမြစ်နယ်မြေ ဘက်ကို သွားဖို့ အစီအစဉ် မရှိဘူး။ အဲဒါကြောင့် နယ်မြေကိုးခု ချဲ့ထွင်ရေးအဖွဲ့ကလည်း ဘာစူးစမ်းရှာဖွေမှုမျိုးမှ လုပ်မှာမဟုတ်ဘူး။
မင်းက အဆင့် ၆ မသေမျိုး ဆိုတော့ တခြားအဖွဲ့တွေထဲ ခေတ္တဝင်ဖို့က လွယ်ပါတယ်။ ငါ အမာခံတပည့် အချို့နဲ့ မိတ်ဆက်ပေးမယ်၊ ဘယ်သူတွေ တားမြစ်နယ်မြေ သွားဖို့ရှိလဲ ကြည့်ပြီး သူတို့နောက်ကသာ လိုက်သွားပေတော့ "
ဖန့်ချန်က ထိုသို့ပြောပြီးနောက် အဖိုးကြီးရှန့်အတွက် အမည်အချို့ကို ပြောပြလိုက်သည်။ အဖိုးကြီးရှန့်မှာ အတိုင်းမသိ ဝမ်းသာသွားပြီး ထိုအမည်နာမများကို အလောတကြီး မှတ်သားလိုက်တော့သည်။
"ဒါနဲ့... ရှောင်ချန် (ဓားငယ်လေး) ကော သူ မင်းတို့နဲ့ အတူမရှိဘူးလား "
ဖန့်ချန်က ခပ်ပေါ့ပေါ့ပင် မေးရင်း စိတ်အာရုံဖြင့် ရှောင်ချန် ၏ တည်နေရာကို စမ်းခံကြည့်လိုက်သည်။ ထိုအခါ ရှောင်ချန်မှာ ထိုအနီးအနားတွင် မရှိဘဲ ကျွယ်မင်နန်းတော်ထဲသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
"ဓားအစ်မက ပြောတယ်... အမာခံတပည့်တွေဆီ သွားလည်မလို့တဲ့၊ သူတို့က အရသာရှိတဲ့ ရတနာလက်နက် တွေ ပေးတတ်တယ်လေ "
ဖန့်ရှောင်ပန်းက မနေနိုင်ဘဲ ရယ်မောလိုက်သည်
"ရတနာလက်နက်တွေက ခေါက်ဆွဲလောက်မှ အရသာမရှိတာ "
ဖန့်ရှောင်ထျန်းကတော့ နှာခေါင်းကို တစ်ချက်ပွတ်လိုက်မိသည်။ တခြားသူက ရတနာလက်နက်စားပြီး ကျင့်စဉ်တိုးအောင် လုပ်တာ၊ နင်က ခေါက်ဆွဲစားပြီး အသားတက်အောင် လုပ်တာ...တူပါ့မလားဟ။
"ဟူး..."
ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သို့သော်လည်း ကျွယ်မင်နန်းတော်ရှိ အမာခံတပည့်များအားလုံးက ယွမ်သံလိုက် ဓာတ်ငါးပါး နတ်ဘုရားဓား သည် သူ၏ ဝိညာဉ်ရတနာဖြစ်ကြောင်း သိကြသဖြင့် မျက်နှာသာ ပေးကြပေလိမ့်မည်။ ရှောင်ချန် ထိုဘက်မှာ သွားရောက် ပွေလီနေခြင်းက အန္တရာယ်ရှိမည် မဟုတ်သောကြောင့် လောလောဆယ်တော့ လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဖန့်ကျစ်ရွှယ်တို့ အဖွဲ့ကတော့ ယွီထျန်းကော်တို့ဆီ သွားရောက်ပြီး နယ်မြေချဲ့ထွင်ရေး အဖွဲ့အကြောင်း ပညာသွားသင်ရန် ပြင်ဆင်ကြသည်။
"ထျန်းအိုက်ညီမလေး... မြန်မြန် လိုက်ခဲ့လေ။"
ဖန့်ကျစ်ရွှယ်က လက်ဝေ့ယမ်း၍ ခေါ်လိုက်သည်။
ကျန်းထျန်းအိုက်သည် အနည်းငယ် မခွဲနိုင်မခွာရက် ဖြစ်နေသဖြင့် ဖန့်ချန်ကို တစ်ချက် ကြည့်လိုက်ပြီး
"ဖန့်ဆရာ... ဒါဆို ကျွန်မ ဖန့်အစ်မတို့နဲ့ လိုက်သွားတော့မယ်နော် "
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြသည်
"မင်းသာ တက်လှမ်းခြင်း အဆင့်ကို ရောက်ခဲ့ရင် နတ်ဆေးပင် တွေကို အလွယ်တကူ မသောက်လိုက်နဲ့ဦး။ မင်းမှာ လျှောက်လှမ်းရမယ့် ကိုယ်ပိုင်လမ်း ရှိတယ် "
ကျန်းထျန်းအိုက်၏ မျက်နှာထားမှာ ချက်ချင်းပင် လေးနက်သွားပြီး ခေါင်းညိတ်ပြသည်။
"ကျွန်မ နားလည်ပါပြီ "
သူတို့ ထွက်ခွာသွားပြီးနောက် ဖန့်ချန်က စိတ်အာရုံ တစ်ချက်လှုပ်ရှားလိုက်ရာ သူ၏ ကိုယ်ပွား များစွာ ရှေ့မှောက်၌ ပေါ်ပေါက်လာသည်။ ထိုကိုယ်ပွားများက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီးနောက် ဖန့်ကျစ်ရွှယ်တို့ ထွက်ခွာသွားသော လမ်းအတိုင်း လိုက်ပါသွားကြသည်။
ဖန့်ချန်သည် ဖန့်ထျန်းဇွန်နှင့် ဖန့်ရွှမ်ယန်တို့ ကျင့်ကြံနေသော အခန်းဘက်သို့ ခဏမျှ ငေးကြည့်နေပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တုန်းရှန့်နိုင်ငံဆီသို့ ပျံသန်းသွားတော့သည်။
တုန်းရှန့်နိုင်ငံ၊ သစ္စာပန်းကျေးရွာ
ထိုနေရာသည် မြို့တော်နှင့် မိုင်တစ်ရာကျော် ဝေးကွာသော လူသူမနီးသည့် ဝေးလံခေါင်ဖျားသော အရပ်တွင် တည်ရှိသည်။ ထို့ကြောင့် ရွာသားများမှာ မြို့သို့သွား၍ ပစ္စည်းဝယ်ယူရန်မှာ အလွန်ခဲယဉ်းလှသည်။
ပုံမှန်အချိန်များတွင် မြို့မှ လူကုံထံများမှာ ဤဘက်သို့ လာလေ့မရှိသော်လည်း ရာသီအချိန်ရောက်၍ တောင်ကုန်းတစ်ခုလုံး သစ္စာပန်း များ ပွင့်လန်းချိန်တွင်မူ ပန်းကြည့်ချင်သူများဖြင့် စည်ကားလှသည်။ ထိုအချိန်မှာ သစ္စာပန်းကျေးရွာ၏ အစည်ကားဆုံး အချိန်ဖြစ်ပြီး စားစရာသောက်စရာလေးများ ရောင်းချရုံဖြင့်ပင် အတော်အတန် ငွေရနိုင်ပေသည်။
ယနေ့တွင် သစ္စာပန်းများ ဝေဝေဆာဆာ ပွင့်လန်းနေသဖြင့် အမြဲတစေ တိတ်ဆိတ်နေသော ရွာကလေးမှာ စတင် စည်ကားလာကာ လှပတင့်တယ်စွာ ဝတ်ဆင်ထားသော သူဌေးသူကြွယ်များကို နေရာအနှံ့ တွေ့မြင်နေရသည်။
ဖန့်ချန်သည် ရွာ၏ လမ်းမကြီးအတိုင်း လမ်းလျှောက်လာစဉ် လမ်းဘေး အရက်ဆိုင်လေးများမှ အရက်သောက်ရင်း အော်ဟစ်ဆော့ကစားနေသံများ၊ လမ်းပေါ်မှ ကလေးငယ်များ၏ ရယ်မောသံများနှင့် ဈေးသည်များ၏ အော်ရောင်းသံများကို ကြားနေရသည်။
ထိုစဉ် အိမ်တစ်အိမ်အတွင်းမှ ကလေးငယ်တစ်ဦး၏ အားရပါးရ ငိုကြွေးသံ ထွက်ပေါ်လာသည်။
"မိန်းကလေးလေးပဲ အိမ်ရှင်ကို ဂုဏ်ပြုပါတယ်"
"ဂုဏ်ပြုစရာလားကွ ဘာလို့ နောက်တစ်ယောက်ကလည်း မိန်းကလေး ဖြစ်နေပြန်တာလဲ တောက်... ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ "
လတ်တလော အဖေဖြစ်သူ အမျိုးသားမှာ ထောင့်တစ်နေရာတွင် ထိုင်ကာ ဒေါသတကြီးဖြင့် နံရံကို လက်သီးဖြင့် ထိုးနေသည်။ သားဖွားဆရာမမှာ မျက်နှာပျက်သွားပြီး အကောင်းဘက်က စကားအချို့ ပြောဆိုကာ ဆုလာဘ်တောင်း၍ အမြန်ပင် ထွက်သွားတော့သည်။
"အဖေ... အဖေ... ညီမလေး ရလာပြီလားဟင် "
အသက် တစ်ဆယ်ကျော်အရွယ်မှ လေးငါးနှစ်အရွယ်အထိ မိန်းကလေး ၇ ယောက်၊ ၈ ယောက်ခန့် ပြေးလာကြသည်။ အမျိုးသားမှာ စိတ်ပျက်လက်ပျက်ဖြင့် သူတို့ကိုပင် မကြည့်ဘဲ ထထွက်သွားတော့သည်။
ကလေးမလေးများမှာ အခန်းထဲသို့ အပြေးအလွှား ဝင်သွားကြသည်။ အခန်းထဲတွင် မောပန်းနွမ်းလျပြီး ဖြူဖတ်ဖြူလျော် ဖြစ်နေသော အမျိုးသမီးတစ်ဦးသည် သန့်စင်ပြီးစ ရင်သွေးငယ်ကို ရင်ခွင်ထဲ ပိုက်ထားသည်။ ထိုရင်သွေးငယ်မှာ ငိုခြင်း၊ ယောင်ခြင်းမရှိဘဲ ငြိမ်သက်စွာ နို့စို့နေရှာသည်။
"မေမေ... ဒါ ညီမလေးလား"
အငယ်ဆုံး ကလေးမလေးက စူးစမ်းစွာ အနားတိုးလာသည်။
အကြီးဆုံးကလေးမမှာမူ အခြေအနေကို နားလည်ပုံရပြီး သူမ၏ မိခင် အားအင်ကုန်ခမ်းနေသည်ကို ကြည့်ကာ ပြောချင်သော စကားများကို မျိုသိပ်ထားရသည်။
"ဒါ ညီမလေးပေါ့... တိုးတိုးလုပ်ကြ၊ ညီမလေး လန့်သွားဦးမယ်"
မိခင်ဖြစ်သူက အားတင်း၍ ပြုံးပြလိုက်သည်။
ခဏအကြာတွင် အဘွားအိုတစ်ဦး တောင်ဝှေးကို အားပြုကာ အခန်းထဲ ဝင်လာသည်။ သူမ၏ မျက်နှာမှာ မည်းမှောင်နေပြီး အခန်းထဲရှိ ကလေးမလေးများမှာ သူမကို မြင်သည်နှင့် ကြောက်လန့်တကြားဖြင့် ခေါင်းငုံ့ကာ ငြိမ်သွားကြသည်။
"မေမေ..." အမျိုးသမီးက အားတင်း၍ နှုတ်ဆက်သည်။
"နောက်တစ်ယောက်ကလည်း မိန်းကလေးပဲလား"
အဘွားအိုက ကလေးငယ်ကို အထင်သေးစွာ ကြည့်ရင်း အေးစက်စက် မေးလိုက်သည်။
"ဟုတ်ကဲ့"
"အသုံးမကျတဲ့ မိန်းမ၊ ဆက်တိုက်မွေးတာ အားလုံး မိန်းကလေးတွေချည်းပဲ။ ငါတို့ ဝမ်မိသားစုတော့ မျိုးဆက်ပြတ်တော့မှာပဲ "
အဘွားအိုက အော်ဟစ်ဆဲဆိုရင်း တောင်ဝှေးဖြင့် အမျိုးသမီး၏ ရင်ဘတ်ကို လွှဲရိုက်လိုက်သည်။
"ဆန်ကုန်အောင် စားမယ့်အစား... အခုကတည်းက သူ့ကို လွှတ်လိုက်တာ (စွန့်ပစ်လိုက်တာ) ပိုကောင်းမယ် "
ထိုအခိုက်အတန့်တွင် အဘွားအို၏ မျက်နှာမှာ ဘီလူးသရဲကဲ့သို့ ကြောက်စရာ ကောင်းလှသည်။ အမျိုးသမီးမှာ ထိတ်လန့်သွားပြီး ကလေးကို လက်ဖြင့် ကာလိုက်သည်။
နာကျင်မှု ဒဏ်ကို အံကြိတ်ခံရန် ပြင်ဆင်ထားသော်လည်း တောင်ဝှေး ကျလာချိန်တွင်မူ ဘာမှမဖြစ်သကဲ့သို့ ပေါ့ပါးနေသည်ကို တွေ့လိုက်ရသည်။ (ဖန့်ချန် တိတ်တဆိတ် ကူညီလိုက်ခြင်း ဖြစ်သည်။)
"မေမေ... တုန်းရှန့်နိုင်ငံမှာ ဥပဒေရှိတယ်၊ သစ္စာပန်းရွာမှာလည်း ဥပဒေရှိတယ်။ လူသတ်ရင် အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ် "
အမျိုးသမီးက ဖြူဖျော့သော မျက်နှာဖြင့် ကလေးငယ်ကို အတင်းကာကွယ်ထားသည်။
"ယောကျ်ားလေးတစ်ယောက်တောင် မမွေးပေးနိုင်ဘဲနဲ့ ငါ့ကို ဥပဒေအကြောင်း လာပြောရဲသေးတယ်ပေါ့ "
အဘွားအိုက အေးစက်စက် ဆိုသည်
"ကဲ... ငါ အခုပဲ ငါ့သားအတွက် နောက်ထပ် မိန်းမတစ်ယောက် ရှာပေးမယ်၊ နင်ကတော့ လက်ထပ်စာချုပ်ပေါ်မှာ လက်ဗွေနှိပ်ပေးရုံပဲ။ ငါတို့ ဝမ်မိသားစုက နင့်ကို နှင်ထုတ်တယ်လို့ မပြောနဲ့၊ နင်ကမှ နဂါးဥ (သားယောကျ်ား) မချနိုင်တာ။ ဒီအိမ်မှာ မင်းတို့ အားလုံးကို ကျွေးဖို့ ဆန်လည်း မရှိဘူး၊ နေစရာ အခန်းလည်း မရှိဘူး "
"ဒါကို... အိမ်ဦးနတ် (ခင်ပွန်း) ကိုယ်တိုင် ပြောမှဖြစ်မှာပါ..."
အမျိုးသမီးက တိုးတိုးလေး ဆိုသည်။
"သူက လာပြောဖို့ မျက်နှာမရှိလို့ ငါက ကိုယ်စားလာပြောတာ၊ နားလည်ပြီလား ဝမ်မိသားစုရဲ့ မျိုးရိုးက ဒီမှာ ပြတ်သွားလို့ မဖြစ်ဘူး။ နင်သာ ငါတို့ သားအမိကို သနားရင် အလိုက်တသိနဲ့ လမ်းဖယ်ပေးလိုက်ပါ..."
အဘွားအို၏ လေသံမှာ ပြန်လည် တည်ငြိမ်သွားသည်။ အမျိုးသမီးမှာလည်း ဤသည်မှာ သူမ ခင်ပွန်း၏ ဆန္ဒဖြစ်ကြောင်း ရိပ်မိသွားပုံရသည်။ သူမ၏ မျက်နှာတွင် ကြေကွဲဖွယ် အပြုံးတစ်ခု ပေါ်လာပြီး ဘာစကားမှ ထပ်မပြောတော့ဘဲ ခေါင်းကိုသာ ဖြည်းဖြည်းချင်း ညိတ်ပြလိုက်တော့သည်။
အဘွားအိုမှာ နှာခေါင်းတစ်ချက် ရှုံ့ကာ ထွက်သွားသည်။ အခန်းထဲရှိ သူမ၏ မြေးမလေးများကိုမူ တစ်ချက်ကလေးတောင် လှည့်မကြည့်သွားချေ။ သူမသည် ဖန့်ချန်၏ ဘေးမှ ဖြတ်သွားသော်လည်း ဖန့်ချန် ရှိနေသည်ကို လုံးဝ သတိမထားမိပေ။
ဖန့်ချန်သည် ထိုပြဇာတ်တစ်ခုလုံးကို အစအဆုံး စောင့်ကြည့်နေခဲ့သည်။ အကယ်၍ သူသာ ဝင်မပါခဲ့လျှင် ရှောင်ယွီ လေးမှာ လူဝင်စားပြီးပြီးချင်းပင် အသတ်ခံရပေလိမ့်မည်။
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ သစ္စာပန်းရာသီ ကုန်ဆုံးသွားပြီး ရွာကလေးမှာလည်း ယခင်ကဲ့သို့ ပြန်လည် တိတ်ဆိတ်သွားသည်။
ဖန့်ချန်သည် အရက်ဆိုင်လေးတစ်ဆိုင်သို့ ရောက်လာပြီး ဆိုင်ရှင်ကို အရက်တစ်အိုး နွေးခိုင်းကာ လှော်ထားသော ပဲစေ့လေးတစ်ပန်းကန်နှင့် မြည်းစမ်းနေသည်။
ထိုအရက်ဆိုင်သို့ လာရောက်သူများမှာ များသောအားဖြင့် လယ်လုပ်ပြီး၍ ပင်ပန်းဖြေဖျောက်ကြသည့် ရွာသားများနှင့် စာပေကျမ်းဂန် ဖတ်ရှုကာ အစိုးရစစ်ဆေးပွဲ အောင်မြင်ရန် ကြိုးစားနေကြသော စာသင်သားအချို့သာ ဖြစ်သည်။ သို့သော် သစ္စာပန်းရွာတွင် စာသင်သားဟူ၍ ဆယ်ဂဏန်းခန့်သာ ရှိပေသည်။
ဆိုင်ရှင်မှာ လီ ဟု အမည်ရပြီး စကားပြော အလွန်ကောင်းသဖြင့်'လီပါးစပ်ကြီး ဟု နာမည်ကျော်သည်။ ဆိုင်ရှင် လီသည် ဆိုင်အားနေခိုက် ဖရုံစေ့ဝါးရင်း လူအချို့နှင့် စကားစမြည် ပြောနေသည်။
သူ၏ အကြည့်မှာ ဆိုင်မျက်စောင်းထိုးတွင် အသစ်ဖွင့်ထားသော ပဲပြားဆိုင်လေးဆီသို့ ရောက်သွားပြီး
"ဝမ်မိသားစုက အဲဒီချွေးမကတော့ တကယ် တော်တာပဲဗျာ။ မိန်းကလေး ၇ ယောက်၊ ၈ ယောက်နဲ့ အိမ်က နှင်ထုတ်ခံရတာတောင် ဒီမှာ ပဲပြားဆိုင်လေးဖွင့်ပြီး ပါးစပ်ပေါင်းများစွာကို ကျွေးမွေးထားနိုင်သေးတယ်။ တချို့ ယောကျ်ားတွေထက်တောင် အများကြီး သာသေးတယ်"
ဟု ဆိုလိုက်သည်။
"ဝမ်ဆိုတဲ့ကောင် ကလည်း လူအပဲဗျ။ ယောကျ်ားလေး မရတာကို သူ့မိန်းမကိုပဲ အပြစ်တင်နေတာ။ အခု သူယူထားတဲ့ အသစ်က ဘေးရွာက သားသတ်သမား လျို ရဲ့ သမီးလေ၊ ဗလတောင့်တောင့်နဲ့။ စိတ်မထင်ရင် ဝမ်စန်းဖောက်ကို အုပ်တာပဲ။ ပြီးခဲ့တဲ့ ရက်ကတောင် မျက်လုံးကြီး ညိုနေလို့ မေးကြည့်တော့ ချော်လဲတာပါတဲ့... ဟားဟားဟား "
တခြားတစ်ယောက်က နောက်ပြောင်လိုက်သည်။
အရက်ဆိုင်အတွင်း၌ ရယ်မောသံများ ဆူညံသွားသည်။ ဖန့်ချန်ကလည်း လိုက်ပါပြုံးရယ်ရင်း မျက်စောင်းထိုးရှိ ပဲပြားဆိုင်လေးဆီသို့ လှမ်းကြည့်လိုက်သည်။
အမျိုးသမီးသည် လအနည်းငယ်သာ ရှိသေးသော ရင်သွေးငယ်ကို ကျောတွင် ပိုးထားပြီး အလုပ်ကို ကြိုးစားပမ်းစား လုပ်ကိုင်နေသည်။
သူမနှင့်အတူ ဝမ်အိမ်တော်မှ နှင်ထုတ်ခံခဲ့ရသော သမီးကြီးများမှာလည်း အလိုက်တသိဖြင့် ဝိုင်းဝန်းကူညီနေကြသည်။
ထိုစဉ် အမျိုးသမီး၏ ကျောပေါ်ရှိ ကလေးငယ်မှာ ရှေ့မှ အရာအားလုံးကို စူးစမ်းစွာ ကြည့်နေရင်း ဖန့်ချန်၏ အကြည့်နှင့် ဆုံသွားတော့သည်။ ထို့နောက်တွင်မူ ကလေးငယ်လေးမှာ "ခစ်ခစ်" ဟု အသံထွက်အောင် ရယ်မောလိုက်ရှာသည်။
ဖန့်ချန်က ပြုံးပြလိုက်ပြီး တစ်ချက်ပြောင်ပြလိုက်သည်။ ကလေးငယ်မှာ ခဏမျှ မှင်သက်သွားပြီးနောက် "ဝါး..." ခနဲ အားရပါးရ ငိုချလိုက်တော့သည်။
ဖန့်ချန်မှာ အံ့ဩသွားပြီးနောက် ပြန်ငုံ့ကာ ပဲစေ့လေးများကို မြည်းရင်း အရက်ကို ဆက်လက် သောက်နေမိတော့သည်။