အခန်း (၁၅၇၅-၁၅၇၆)
Vol. 158 Ch. 1575-1576
အခန်း (၁၅၇၅) - ဤဘဝဝယ်
"မောင်လေးဖန့်... ဒါက မောင်လေးအတွက် ပဲပြား၊ မမ အထူးချန်ထားပေးတာ။"
ပဲပြားဆိုင်လေးတွင် လီမိယန့် သည် ဖန့်ချန် လျှောက်လှမ်းလာသည်ကို မြင်သည်နှင့် အထူးဖယ်ထားသော နုဖတ်နေသည့် ပဲပြားတုံးလေးကို လှမ်းပေးလိုက်သည်။
"အစ်မ... ရှောင်ယွီကော နောက်တစ်ခါ အပြင်မှာ သွားဆော့ပြန်ပြီလား "
ဖန့်ချန်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း ဝမ်ယွီ ၏ အရိပ်အယောင်ကို မတွေ့ရပေ။
"မြစ်ဘေးမှာ ငါးသွားဖမ်းနေတာ ထင်တာပဲ။ သူ့ကို လွှတ်ထားလိုက်ပါ၊ ဒီကောင်မလေးက ငယ်ငယ်ကတည်းက ဆော့ရရင် အရမ်းတက်ကြွတာ။ ကစားလို့ မောသွားရင် သူ့ဘာသာသူ ပြန်လာလိမ့်မယ် "
လီမိယန့်က ပြုံးပြပြီးနောက် အခြားသော ဈေးဝယ်ဧည့်သည်များကို ဆက်လက် ဧည့်ခံနေတော့သည်။
ဖန့်ချန်သည် ပဲပြားထုတ်ကို ဆွဲကာ အရက်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
"အလို... ဆရာဖန့်ပါလား။ ဆရာကတော့ နေ့တိုင်း အရက်ကလေး နှစ်ခွက်လောက် သောက်ရမှကို အားရကျေနပ်တော့တာပဲ "
ဆိုင်ရှင် လီပါးစပ်ကြီးသည် တက်တက်ကြွကြွဖြင့် ခရီးဦးကြိုဆိုလာပြီး အစေခံလေးကို ဖန့်ချန်အတွက် အရက်တစ်အိုး ယူခိုင်းကာ လှော်ထားသော ပဲစေ့တစ်ပန်းကန်ကိုပါ အလိုက်တသိ ချပေးလိုက်သည်။
ဖန့်ချန်သည် ပုန်းရည် (ရှာလကာရည်) နှင့် ပဲငပိရည် အချို့ကို တောင်းလိုက်သည်။ ထို့နောက် ပန်းကန်လုံးတစ်လုံး ငှားကာ နုဖတ်နေသော ပဲပြားများကို ထည့်ပြီးနောက် ပုန်းရည်၊ ပဲငပိရည်တို့နှင့် ရောမွှေလိုက်သည်။
ထိုသို့ဖြင့် လှော်ထားသော ပဲစေ့၊ ပဲပြားနုလေးများကို မြည်းရင်း အရက်ကလေးကို တစ်ငုံချင်း စိမ်သောက်နေမိသည်။
ထိုအချိန်တွင် အရက်ဆိုင်အတွင်း၌ လူသိပ်မရှိသေးသဖြင့် ဆိုင်ရှင် လီပါးစပ်ကြီးမှာ ဖန့်ချန်၏ မျက်နှာချင်းဆိုင်တွင် တန်းတန်းမတ်မတ် ဝင်ထိုင်လိုက်ပြီး ထိုပြင်ပမှ လာသော ဧည့်သည်ကို စူးစမ်းစွာ ကြည့်နေမိသည်။
သူ့မှတ်ဉာဏ်ထဲတွင် ဤလူသည် လွန်ခဲ့သော ငါးနှစ်ခန့်က ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပြောဆိုဆက်ဆံပုံမှာလည်း အလွန်ပင် ယဉ်ကျေးသိမ်မွေ့လှ၏။
အစကမူ သစ္စာပန်း လာကြည့်သည့် လူကုံထံတစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း ဤသစ္စာပန်းရွာသို့ ရောက်လာပြီးနောက် ငါးနှစ်တိုင်တိုင် အခြေချ နေထိုင်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် နေ့တိုင်း သူ၏ဆိုင်သို့လာကာ အရက်တစ်အိုး သောက်လေ့ရှိသည်။ အရက်ဖိုးက သိပ်မများ၊ ပဲစေ့လှော်ကလည်း အမြတ်အစွန်း သိပ်မရှိသော်လည်း ရေရှည်အတွက်မူ မနည်းလှသော ဝင်ငွေတစ်ခု ဖြစ်ပေသည်။
အဓိကမှာ ထိုဧည့်သည်သည် အရက်သောက်ပြီးလျှင်လည်း ပြဿနာမရှာတတ်သည့်အပြင် ထူးဆန်းအံ့သြဖွယ်ရာ ပုံပြင်များကိုလည်း ပြောပြတတ်သဖြင့် လီပါးစပ်ကြီးက သူ့ကို နှစ်သက်ပြီး ရင်းနှီးစွာ ဆက်ဆံခြင်း ဖြစ်သည်။
"ဆိုင်ရှင်လီ... ကျွန်တော့်ကို ဘာလို့ ဒီလောက်တောင် စိုက်ကြည့်နေရတာလဲ "
ဖန့်ချန်က အရက်ကို တစ်ငုံ မြည်းလိုက်ပြီးနောက် ခွက်တစ်ခုတောင်းကာ လီပါးစပ်ကြီးအတွက်လည်း တစ်ခွက် ငှဲ့ပေးလိုက်သည်။
"ဆရာဖန့်ကတော့ အားနာစရာကြီးဗျာ"
လီပါးစပ်ကြီးက ပြုံးရွှင်စွာဖြင့် အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ထို့နောက် မျက်စောင်းထိုးရှိ ပဲပြားဆိုင်ဘက်သို့ မသိမသာ တစ်ချက် ကြည့်လိုက်ပြီးနောက် အသံကို တိုးကာ
"ဆရာဖန့်က အမြဲတမ်း ဟိုဘက်မှာ ပဲပြားသွားဝယ်နေတာဆိုတော့... လီမိသားစုက မုဆိုးမလေးကို သဘောကျနေတာလားဗျ "
ဖန့်ချန် စကားမပြောရသေးခင်မှာပင် သူက ဆက်ပြောသည်။
"ဆရာဖန့်ကို ကြည့်ရတာ အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမှာ၊ ဒါပေမဲ့ ဒီလီမလေးက အသက် ၃၀ ကျော်နေပြီလေ။ ဆရာ့ထက် ၁၀ နှစ်တောင် ကြီးတာဗျ။ ယောကျ်ားဆိုတာ မိန်းမရှာရင် ငယ်ငယ်ရွယ်ရွယ်၊ သားသမီးရနိုင်မယ့်သူမျိုးပဲ ရှာရတယ်၊ ကိုယ့်ထက်ကြီးတဲ့သူကို မရှာသင့်ဘူးဗျ "
ဖန့်ချန်သည် ပဲပြားရောင်းသည့် လီမိယန့်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဆိုင်ရှင်လီကို ခပ်ပြုံးပြုံးဖြင့် ကြည့်ကာ
"ဆိုင်ရှင်လီ... ခင်ဗျားပါးစပ်ကတော့ တကယ်ကို အားမနာစတမ်း ပြောတာပဲ။ ကျွန်တော် ပဲပြားဝယ်တာကိုတောင် လီမလေးရဲ့ အလှကို မက်မောနေတယ်လို့ ဖြစ်သွားရတာလား။ ဒါသာ အပြင်ကို ပေါက်ကြားသွားရင် ကျွန်တော် သစ္စာပန်းရွာမှာ ဆက်နေလို့ ရပါဦးမလား "
"ဒီလိုသဘောမျိုး မဟုတ်ပါဘူး၊ ဒီလိုသဘောမျိုး မဟုတ်ပါဘူးဗျာ... ကျွန်တော်က သတိပေးရုံ သက်သက်ပါ၊ သတိပေးရုံပါ... ဟားဟား။"
လီပါးစပ်ကြီးက ရှက်ကိုးရှက်ကန့်ဖြင့် လက်ကာပြလိုက်သည်။
သို့သော်လည်း သူ့စိတ်ထဲမှာတော့ ဖန့်ချန်သည် လီမိယန့်ကို တကယ် စိတ်ဝင်စားနေသည်ဟုသာ တထစ်ချ မှတ်ယူထားတော့သည်။
ထိုစဉ် အရက်ဆိုင်ထဲသို့ အခြားဧည့်သည် အချို့ ဝင်လာကြသည်။ ဆိုင်ရှင်လီနှင့် ဖန့်ချန်တို့ စကားပြောနေသည်ကို မြင်သောအခါ သူတို့လည်း အရက်နှင့် မြည်းစရာများ ဝယ်ယူကာ အနားတွင် ဝင်ထိုင်လိုက်ကြသည်။
"ဆရာဖန့်၊ ဆိုင်ရှင်လီ... ကျွန်တော် ခုနကတင် ဝမ်စန်းဖောက်ကို သူ့အိမ်က မိကျောင်းမ (ဇနီးသစ်) ထုထောင်းနေတာ မြင်ခဲ့တယ်ဗျ။ သူ့အမေတောင် အရိုက်ခံရလို့ ရှေ့သွားတွေ အကုန်ကျိုးကုန်ပြီ။ အိမ်ရှေ့မှာ လဲပြီး အားရပါးရ ငိုနေတာဗျာ။ အဲဒီ မိကျောင်းမက ဘယ်လိုတောင် သန်မာရတာလဲဗျာ မိန်းမသားဖြစ်ပြီးတော့ တစ်ချက်ထိုးလိုက်ရင် နွားတစ်ကောင်တောင် သေသွားနိုင်မယ့် အရှိန်မျိုးပဲ "
"အဲဒါ ပြောတာပေါ့။ ကြည့်ရတာ ငယ်ငယ်ကတည်းက အသားတွေချည်း စားပြီး ကြီးလာတာ ဖြစ်မယ်၊ ခွန်အားက သာမန်လူထက် အများကြီး သာတာ။ ဝမ်စန်းဖောက်ကတော့ သူ့ကို ယူလိုက်ရင် သားလေးမွေးပေးမယ် မှတ်နေတာ၊ အခုတော့ ဆက်တိုက် သမီးသုံးယောက် ထပ်ရပြန်ပြီလေ... ဟားဟားဟား "
"တကယ်ကြီးလား" ဖန့်ချန်ကလည်း မနေနိုင်ဘဲ လိုက်ပါ ရယ်မောမိသည်။
"လူသတ်နေပြီဟေ့ လူသတ်နေပြီ"
အပြင်ဘက်မှ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ဆိုင်ရှင်လီသည် ဆိုင်ကို စောင့်ကြည့်ရန် အစေခံလေးကို ချက်ချင်း မှာကြားပြီး အပြင်သို့ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။ တစ်ဝိုင်းတည်းထိုင်နေသော သူငယ်ချင်းများကလည်း အရက်နှင့် မြည်းစရာများကို ကိုင်ကာ နောက်က လိုက်သွားကြသည်။
ဖန့်ချန်ကလည်း ထူးမခြားနားပင်။ သူသည် လက်တစ်ဖက်က ပန်းကန်များကို ကိုင်၊ နောက်တစ်ဖက်က အရက်အိုးကို ဆွဲကာ အသာအယာ ထရပ်လိုက်ရုံဖြင့် ဆူညံနေသည့် နေရာသို့ ရောက်ရှိသွားတော့သည်။
ဝမ်အိမ်ရှေ့တွင် အဘွားအိုမှာ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များနှင့် အော်ဟစ်ဆဲဆိုနေသည်။
သူမ၏ ကိုယ်ပေါ်တွင်မူ ဗလတောင့်တောင့်နှင့် အမျိုးသမီးကြီး တစ်ဦး ခွစီးထားပြီး အဘွားအို၏ မျက်နှာကို လက်သီးနှင့် တစ်ချက်ပြီးတစ်ချက် ထိုးနေတော့သည်။ ဝမ်စန်းဖောက်ကမူ ဘေးနားတွင် အရုပ်ကြိုးပြတ်ကဲ့သို့ လဲကျနေပြီး ဘာစကားမှ မပြောဝံ့ဘဲ ငိုင်နေရှာသည်။
"အဘွားကြီး... နင် ငါ့ကို တောင်ဝှေးနဲ့ ရိုက်ဦးမလားသေပေတော့ "
"နင် ငါ့ကို မျက်နှာသာ မပေးဘူး ဟုတ်လား အင့်... ဒီလက်သီးကို မြည်းစမ်းကြည့်ဦး "
"ငါ့သမီးတွေကို အထင်သေးဦးမလား... သွား... နိဗ္ဗာန်ကို အမြန်သွားပေတော့ "
ဗလတောင့်တောင့် အမျိုးသမီးကြီးက တစ်ခွန်းအော်လိုက်၊ တစ်ချက်ထိုးလိုက် လုပ်နေသည်။ အဘွားအိုမှာမူ ပတ်ဝန်းကျင်က တစ်စုံတစ်ယောက် လာကယ်မလားဟူသော မျှော်လင့်ချက်ဖြင့် စူးစူးဝါးဝါး အော်ဟစ်နေရရှာသည်။
သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ အိမ်နီးနားချင်းများမှာ ထိုအမျိုးသမီးကြီး၏ ခန္ဓာကိုယ်ထည်ကို ကြည့်ကာ ကြောက်လန့်နေကြသဖြင့် ဘယ်သူမှ ရှေ့ထွက်၍ မကူညီဝံ့ကြချေ။
ဖန့်ချန်သည် ပဲစေ့လှော်လေးတစ်စေ့ကို ပါးစပ်ထဲ ပစ်ထည့်ကာ အရက်ကလေးတစ်ငုံနှင့် မျှောချလိုက်သည်။ ထို့နောက် ဝမ်အိမ်ရှေ့တွင် ရပ်နေသည့် ကိုယ်လုံးကိုယ်ထည် ထွားကြိုင်းသော ကလေးမလေး သုံးယောက်ကို လှမ်းကြည့်လိုက်သည်။ အကြီးဆုံးမှာ လေးငါးနှစ်ခန့် ရှိပြီး အငယ်ဆုံးမှာ နှစ်နှစ်၊ သုံးနှစ်ခန့်သာ ရှိသေးသည်။
ထိုစဉ် အသက်ငါးနှစ်အရွယ် ကလေးမလေးတစ်ဦးသည် တစ်ပေခန့်ရှိသော ငါးတစ်ကောင်ကို ကိုင်ကာ၊ ခြေဗလာဖြင့် လူအုပ်ကို တိုးဝှေ့ပြီး ပွဲကြည့်ရန် ရောက်လာသည်။ သူမသည် ကြည့်နေရင်းနှင့် လက်ခုပ်တီးကာ အားပေးလိုက်သေးသည်။
"ကောင်းတယ် အားရပါးရ ထိုးစမ်း"
ဝမ်စန်းဖောက်၏ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်လာပြီး ဤကလေးမလေးကို မြင်သည်နှင့် စိတ်တိုတိုဖြင့် အော်ဟစ်တော့သည်။
"သွားစမ်း သောက်ကလေး "
အော်ရုံနှင့် အားမရဘဲ ဖိနပ်ကို ချွတ်ကာ ရိုက်ရန် ပြေးလာသည်။ သို့သော်လည်း ကလေးမလေးမှာ အလွန်ပင် လျှင်မြန်လှသည်။ သူမသည် တစ်ချက်ပြောင်ပြကာ လူအုပ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။
"ဝမ်စန်းဖောက်... မင်းအမေ အရိုက်ခံနေရတာကိုတော့ မကြည့်ဘဲ ကလေးတစ်ယောက်ကိုပဲ လာပြီး ဒေါသပုံချနေတာလား။"
ဆိုင်ရှင်လီက ရယ်မောကာ လှမ်းပြောလိုက်သည်။
"ဝမ်စန်းဖောက်... မင်းမိန်းမကို သွားတားဦးလေ၊ မင်းအမေတော့ အသေအရိုက်ခံရတော့မယ် "
တစ်စုံတစ်ယောက်က လှမ်းအော်သည်။
ဝမ်စန်းဖောက်၏ ကိုယ်လုံးမှာ တုန်ရင်သွားသည်။ သူသည် သူ၏ မိကျောင်းမ (ဇနီးသစ်) ကို ကြည့်ကာ ထိတ်လန့်နေမိပြီး အနားသို့ လုံးဝ မကပ်ဝံ့ချေ။
ကံကောင်းသည်မှာ ထိုအမျိုးသမီးကြီးသည် အကြာကြီး မထိုးလိုက်ခြင်း ဖြစ်သည်။ သူမသည် အဘွားအို၏ မျက်နှာပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်ပြီးနောက် အေးအေးလူလူပင် ထရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး အော်လိုက်သည်။
"ဘာကြည့်စရာ ရှိလို့လဲ"
ထို့နောက်တွင်မူ သူမသည် တင်ပါးကို တစ်ခါခါဖြင့် အိမ်ရှေ့တွင် ရပ်နေသော သူမ၏ သမီးသုံးယောက်ကို ခေါ်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။
"အမေ... အမေ အဆင်ပြေရဲ့လား"
ဝမ်စန်းဖောက်သည် အမျိုးသမီးကြီး ဝင်သွားတော့မှသာ အမေဖြစ်သူ၏ ဒဏ်ရာကို သွားကြည့်ဝံ့တော့သည်။
"ခေါ်... ခေါ်ခဲ့... မိယန့်ကို ပြန်ခေါ်ခဲ့... ဒီမိန်းမကို ငါ အလိုမရှိတော့ဘူး၊ မိယန့်ကိုပဲ ပြန်ခေါ်ခဲ့တော့..."
အဘွားအိုသည် ဝမ်စန်းဖောက်၏ လက်မောင်းကို အတင်းဆွဲကာ အားနည်းသောအသံဖြင့် ပြောရှာသည်။
ဝမ်စန်းဖောက်သည် ခေါင်းငုံ့ကာ ဘာစကားမှ မပြောဘဲ အမေဖြစ်သူကို အိမ်ထဲသို့ ပွေ့ချီသွားတော့သည်။ အပြင်ဘက်မှ ပွဲကြည့်သူများမှာလည်း ကြည့်လို့ မဝသေးသော်လည်း တဖြည်းဖြည်း လူစုခွဲ သွားကြသည်။
"ဦးဦးဖန့်... သမီးကို ပဲစေ့တစ်စေ့လောက် ပေးပါဦး"
ဖန့်ချန်၏ ဝတ်ရုံစကို တစ်စုံတစ်ယောက်က ဆွဲလိုက်သည်။ ဝမ်ယွီသည် ခေါင်းလေးမော့ကာ ဖန့်ချန်၏ လက်ထဲရှိ ပန်းကန်ကို မျက်လုံးအဝိုင်းသားလေးဖြင့် စိုက်ကြည့်နေသည်။
"ဒါက ဆီနဲ့ကြော်ထားတာ၊ ကျန်းမာရေးအတွက် မကောင်းဘူး။ တစ်စေ့ပဲ ပေးမယ်နော်၊ မင်းမေမေကို သွားမပြောနဲ့ဦး "
ဖန့်ချန်သည် ပဲစေ့တစ်စေ့ကို ကောက်ကာ ဝမ်ယွိ၏ ပါးစပ်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။ ဝမ်ယွိက "ကွမ်း... ကွမ်း" ဟု မြည်အောင် ဝါးစားလိုက်ပြီး မျိုချလိုက်သည်။
သူမသည် အားမရသေးဘဲ ပဲစေ့ပန်းကန်ကို ထပ်ကြည့်ကာ
"နောက်တစ်စေ့... နောက်တစ်စေ့လောက် ထပ်ပေးပါဦး"
"မရတော့ဘူး... ကဲ... အမြန်ပြန်တော့"
ဖန့်ချန်က ပြုံး၍ ခေါင်းခါပြလိုက်သည်။
"ဟူး..."
ဝမ်ယွီသည် စိတ်ပျက်သွားသော မျက်နှာပေးလေး ဖြစ်သွားသော်လည်း ချက်ချင်းပင် ထိုကိစ္စကို မေ့သွားပြီး ငါးကို ကိုင်ကာ ပဲပြားဆိုင်ဘက်သို့ ပျော်ရွှင်စွာ ပြေးသွားတော့သည်။
"မေမေ... သမီး ငါးတစ်ကောင် ဖမ်းလာတယ်၊ ဒီည ဟင်းရည်ချက်သောက်ကြမယ် "
"ညည်းကို ပြောထားသားပဲ... မြစ်ထဲ မဆင်းပါနဲ့ဆိုတာ၊ လုံးဝ နားမထောင်ဘူး။"
လီမိယန့်က ဆူလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
ဖန့်ချန်သည် အရက်ဆိုင်သို့ ပြန်လာပြီး ကျန်ရှိနေသော အရက်ကို ဆက်သောက်နေမိသည်။
ရှောင်ယွီ၏ ယခင်ဘဝက ငယ်ဘဝသည် ကံမကောင်းခဲ့ရှာပေ။ ထိုဘဝတွင်မူ ဖခင်ကောင်း မရခဲ့သော်လည်း မိခင်ကောင်း တစ်ဦး ရရှိထားသည်။ ဒါကို ကြည့်ပြီး သူ တကယ် ဝမ်းသာမိသည်။
ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်ထဲမှ တုံ့ပြန်ချက်တစ်ခု ရောက်ရှိလာသည်။ ခဏအကြာတွင် ဖန့်ချန်၏ အရှိန်အဝါမှာ တဖြည်းဖြည်းနှင့် ပြည့်စုံလာတော့သည်။
"ဖန့်ထျန်းဇွန်က ရှေးဟောင်း ဝိညာဉ်စွမ်းအားအားလုံးကို သန့်စင်ပြီးသွားပြီပဲ... အခုဆိုရင် ကျင့်စဉ်အဆင့်က... အဆင့် ၄ ကို တိုးသွားပြီလား"
"မဆိုးပါဘူး "
"ငါလည်း အဆင့် ၃ နတ်ဆေးပင်ကို သွားယူဖို့ အချိန်တန်ပြီ "
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်တော့သည်။
အခန်း (၁၅၇၆) - ဓားရိုးတွဲဖက်
ဖန့်ချန်သည် ကျွယ်မင်နန်းတော်သို့ တစ်ခေါက် ပြန်သွားခဲ့သည်။
မိမိကိုယ်၌ ရှိနေသော မသေမျိုးကျောက်တုံး အရန်သင့်ပမာဏ မလောက်ငှမည်ကို စိုးရိမ်သောကြောင့် အမာခံတပည့်အချို့အား ရှာဖွေပြီး သူ၏ ဂုဏ်ထူးရမှတ် ၂၄၀ ကို ရောင်းချလိုက်သည်။
ဂုဏ်ထူးမှတ်ဆိုသည်မှာ ရရန်ခဲယဉ်းလှသဖြင့် သာမန်လူများမှာ ၎င်းကို မသေမျိုးကျောက်တုံးနှင့် လဲလှယ်လေ့မရှိကြပေ။ ထို့ကြောင့်လည်း တိကျသေချာသော ဈေးကွက်ပေါက်ဈေးဟူ၍ မရှိဘဲ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုအပေါ်တွင်သာ အဓိက မူတည်နေသည်။
ထိုအမာခံတပည့်များမှာ ဖန့်ချန်ကိုယ်တိုင် ဂုဏ်ထူးမှတ်များ လာရောက်ရောင်းချနေသည်ကို မြင်သောအခါ သူသည် မသေမျိုးကျောက်တုံး အမှန်တကယ် လိုအပ်နေကြောင်း ရိပ်မိကြသည်။
ထို့ကြောင့်လည်း ဖန့်ချန်နှင့် ကျေးဇူးအကြွေးတစ်ခု တင်ရှိထားလိုသဖြင့် ဈေးကောင်းပေး၍ ဝယ်ယူကြတော့သည်။
ဂုဏ်ထူးမှတ် ၂၄၀ သည် စုစုပေါင်း မသေမျိုးကျောက်တုံး ၁၀၀၀ ခန့်နှင့် လဲလှယ်ရရှိခဲ့သည်။
သူ၏ ယခင်ကျောက်တုံးအချို့ကို နယ်မြေကိုးခု ချဲ့ထွင်ရေးအဖွဲ့ဝင်များထံ ခွဲဝေပေးခဲ့ပြီး ဖြစ်သည်။
တစ်စိတ်တစ်ပိုင်းကို ကိုယ်ပွား ၁၁ ခုထံ ပေးအပ်ခဲ့သည်။
နောက်ထပ် တစ်စိတ်တစ်ပိုင်းကိုမူ အဖိုးအိုရွှင်နှင့် ဝမ်ကျိလုံတို့ထံ ပေးအပ်ခဲ့သည်။
ထို့ကြောင့် သူ၏လက်ထဲတွင် များများစားစား ကျန်ရှိမနေတော့ချေ။
"မှန်လေး... အဆင့် ၃ ဓားမသေမျိုး လမ်းစဉ်အတွက် လိုအပ်တဲ့ နတ်ဆေးပင်က မသေမျိုးကျောက်တုံး ဘယ်လောက် ကုန်မလဲ"
ဖန့်ချန်က ခပ်ပြုံးပြုံး မေးလိုက်သည်။
"ဈေးသက်သာပါတယ်... ၅၀၀ လောက်ပေးရင် ရပါပြီ" မှန်လေး က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
ဖန့်ချန်လည်း ဈေးမဆစ်တော့ဘဲ ကျောက်တုံး ၅၀၀ ကို ပစ်ပေးလိုက်သည်။
၎င်းက စုပ်ယူပြီးနောက် စာမျက်နှာ ၄၃၁ ကို လှန်ရန် ဖန့်ချန်အား ခိုင်းလိုက်သည်။
ဖန့်ချန်သည် ထိုအထဲမှ အကြောင်းအရာများကို ဖတ်ပြီးနောက် ထူးဆန်းသော မျက်နှာထား ဖြစ်သွားတော့သည်။
"ဓားမသေမျိုးရဲ့ အဆင့် ၃ နတ်ဆေးပင်က... အဆင့် ၃ မသေမျိုးတစ်ဦး သေဆုံးပြီးနောက် ဖြစ်ပေါ်လာတဲ့ ဓားရိုး တဲ့လား"
စာမျက်နှာထဲရှိ အကြောင်းအရာများမှာ အလွန်ပင် အသေးစိတ်လှသည်။ ဓားရိုး ဆိုသည်မှာ မည်သို့ ဖြစ်ပေါ်လာသနည်း ဟူသည်ကိုပင် ဖော်ပြထားသည်။
အဆင့် ၃ ဓားမသေမျိုး တစ်ဦးသည် ဓားနယ်မြေ အပေါ် နားလည်သဘောပေါက်မှုက သာမန်ထက် ကျော်လွန်နေပါက သူသေဆုံးသွားသောအခါ သူ၏ ရုပ်အလောင်းအတွင်း၌ ဓားရိုး ဖြစ်ပေါ်လာနိုင်ခြေ ရှိသည်။
ထိုဓားရိုးအတွင်း၌ ထိုအဆင့် ၃ ဓားမသေမျိုး တစ်သက်လုံး နားလည်သဘောပေါက်ခဲ့သည့် ဓားနယ်မြေ အသိအမြင်များ ကိန်းဝပ်နေတတ်သည်။
အခြားသော ဓားမသေမျိုးများက အဆင့် ၂ မှ အဆင့် ၃ သို့ တက်လှမ်းလိုပါက ဤကဲ့သို့သော ဓားရိုးတစ်ခုကို ဝါးမြိုရမည် ဖြစ်သည်။
ထိုသို့ ဝါးမြိုစဉ်အတွင်း နှစ်ဦးနှစ်ဖက်၏ ဓားနယ်မြေချင်း ဆင်တူနေလျှင် သို့မဟုတ် နားလည်မှုချင်း နီးစပ်နေလျှင် အဆင့် ၃ ဓားမသေမျိုးအဖြစ်သို့ အဆင်ပြေချောမွေ့စွာ တက်လှမ်းနိုင်မည် ဖြစ်သည်။
သို့သော် နှစ်ဦးနှစ်ဖက်၏ ဓားနယ်မြေမှာ အလွန်ကွာဟနေလျှင် သို့မဟုတ် မသေမျိုး မဖြစ်မီက နားလည်ခဲ့သည့် ဓားအာရုံ များမှာ လားလားမျှ မသက်ဆိုင်ခဲ့လျှင် ဓားနယ်မြေချင်း ပဋိပက္ခ ဖြစ်ပေါ်လာပေလိမ့်မည်။ အကယ်၍ ထိုဓားရိုးအတွင်းရှိ ဓားနယ်မြေကို လုံးဝ ဖိနှိပ်နိုင်ခြင်း မရှိပါက ကျင့်စဉ်တိုးတက်ဖို့ ဝေးစွ၊ မိမိ၏ ကိုယ်ပိုင် ဓားနယ်မြေပင် ပျက်စီးသွားနိုင်ပေသည်။
"လင်လုံကြယ်တာရာ... ကြည့်ရတာ နင်မိသားစုက ဒီနေရာမှာ ရှိနေတာပဲ"
ထိုနေရာကို နင်ပေ့ယိုက သူ့အား ပြောပြဖူးကြောင်း ဖန့်ချန် မှတ်မိနေသည်။
အကယ်၍ လင်ကွေ့ကြယ်တာရာ မှ ထွက်ခွာမည်ဆိုလျှင် နဂါးနက်လှေ၏ အရှိန်ဖြင့် ဆယ်နှစ်ခန့်အတွင်း ရောက်ရှိနိုင်ပေသည်။
ထိုအခါကျမှ အစီရင်ဗဟိုချက်ကို သုံး၍ လင်လုံကြယ်တာရာ၏ တားမြစ်ချက်ကို ဖြိုခွဲလိုက်ပါက ယင်လောက မှတစ်ဆင့် စိတ်ကြိုက် သွားလာနိုင်ကာ ကျွယ်မင်ကြယ်သို့ ခဏချင်း ပြန်ရောက်နိုင်မည် ဖြစ်သည်။
စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက် ဖန့်ချန်သည်ယင်လောကသို့ ဆင်းသက်ကာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အောက်နယ်မြေ ခြောက်ခု ၏ အခြေအနေကို သွားရောက် စစ်ဆေးလိုက်သည်။
"လောလောဆယ် ငါတို့ အုပ်ချုပ်တဲ့ နယ်မြေတွေထဲမှာ နေရာပေါင်း ၈၇ ခုလောက် မိစ္ဆာကပ်ဘေး ဖြစ်ပွားနေပါပြီ။ မိစ္ဆာနှိမ်နင်းရေးဌာန ရဲ့ ကြေညာချက်တွေကြောင့် ထိရောက်မှုတွေ ရှိလာတယ်၊ မိစ္ဆာဝင်ပြီးနောက် အထောက်အထား ပေါ်သွားတဲ့သူ အတော်များများကို ချက်ချင်း ဖော်ထုတ် သတ်ဖြတ်နိုင်ခဲ့တယ်"
"ဒါပေမဲ့ ဒီအထဲမှာ ပိုက်စိပ်တိုက် စစ်ဆေးလို့မရဘဲ လွတ်မြောက်နေတဲ့သူတွေလည်း အများကြီး ရှိနေဦးမှာပဲ၊ ငါတို့မှာ စစ်ဆေးနိုင်တဲ့ နည်းလမ်း မရှိသေးဘူး"
"ဒါ့အပြင် ငါတို့ အုပ်ချုပ်တဲ့ နယ်မြေတိုင်းကို မိစ္ဆာနှိမ်နင်းရေးဌာနက မိစ္ဆာကပ်ဘေးရဲ့ အန္တရာယ်တွေကို လိုက်လံ ကြေညာပေးနေပါတယ်၊ ဒါပေမဲ့ လူအင်အား အတော်လေး လိုအပ်နေလို့ အောင်မြင်မှု အပြည့်အဝရဖို့တော့ အချိန်တစ်ခု ထပ်လိုဦးမယ်"
ရှကျီက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တိုးတက်မှုများကို ရှင်းပြပြီးနောက် ဖန့်ချန်အား သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဖန့်ကြီး... ဒီမိစ္ဆာဝင်နေတဲ့သူတွေက နည်းနည်း ထူးဆန်းတယ် သူတို့မှာ နောက်ထပ် ဘဝတစ်ခုရဲ့ မှတ်ဉာဏ်တွေ ပိုပါလာသလိုပဲ"
လျှို့ဝှက်စောင့်ရှောက်ရေးဌာန သည် သတင်းထောက်လှမ်းရာတွင် ကျွမ်းကျင်လှသဖြင့် လွန်ခဲ့သော နှစ်များအတွင်း ဤကိစ္စနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းမိထားပုံရသည်။
ဖန့်ချန်သည်လည်း တစ်နေ့နေ့တွင် ရှကျီက အမှန်တရားကို မိမိဘာသာ ရှာဖွေတွေ့ရှိသွားရန် မျှော်လင့်ထားသဖြင့် ဤကိစ္စကို တားဆီးခြင်း မပြုပေ။
"မင်း ဖြည်းဖြည်းချင်းပဲ စုံစမ်းပါ၊ တစ်နေ့နေ့မှာ မင်း တစ်ခုခုကို တွေ့ရှိသွားခဲ့ရင်... မှတ်ထားပါ၊ အပြင်ကို ထုတ်မပြောမိစေနဲ့၊ အမှတ်တမဲ့ ပြောထွက်သွားရင် ဒုက္ခရောက်နိုင်တယ်"
ဖန့်ချန်က လေးနက်စွာ ပြောလိုက်သည်။
"ဒါဆို...ငါ့ကို ပြောပြလို့ မရဘူးပေါ့ မင်းကိုယ်တိုင်တောင် ဒီကိစ္စကြောင့် ဒုက္ခရောက်နိုင်လို့လား"
ရှကျီက ရုတ်တရက် သဘောပေါက်သွားသည်
"ဒါကြောင့် မင်းက လျှို့ဝှက်ထားတာကိုး၊ ငါကတော့ မင်းက ပဟေဠိ လုပ်နေတယ် မှတ်နေတာ"
"ပြောလို့ရမယ်ဆိုရင် မင်းကို ပြောပြပြီးတာ ကြာပါပြီ"
ဖန့်ချန်က သက်ပြင်းချကာ ဆိုသည်။
"ဘယ်လို ဒုက္ခမျိုးမို့လို့ အခုလို အရှိန်အဝါရှိတဲ့ မင်းတောင် ဒီလောက် ကြောက်နေရတာလဲ ငါတို့ အခု ယင်လောကမှာ ရှိနေတာတောင် ပြောလို့မရဘူးလား"
ရှကျီက စမ်းတဝါးဝါး မေးလိုက်သည်။
"မပြောရဘူး" ဖန့်ချန်က ခေါင်းကို အသာအယာ ခါပြလိုက်သည်။
" နားလည်ပါပြီ"
ရှကျီ၏ မျက်နှာထားမှာ တည်ငြိမ် လေးနက်သွားသည်။ စကားကို ဤမျှအထိ ပြောလာမှတော့ ထိုပြဿနာသည် တစ်ဦးတစ်ယောက်ထံမှသာ မြစ်ဖျားခံလာခြင်း မဟုတ်နိုင်ကြောင်း သူ ယုံကြည်လိုက်သည်။
"မင်း ဆက်ပြီး စောင့်ကြည့်နေလိုက်ပါ၊ ဒါနဲ့... ချင်းဟယ် သီလရှင်လေးကို ရှာတွေ့ပြီလား"
ဖန့်ချန်က ရုတ်တရက် သတိရကာ မေးလိုက်သည်။
"ထူးဆန်းတယ် ချင်းဟယ်သီလရှင်လေးက ပျောက်ခြင်းမလှ ပျောက်သွားသလိုပဲ၊ ဘယ်နေရာမှာမှ ရှာမတွေ့ဘူး။ငါ လမင်းပုန်းကွယ်ကျောင်း ကိုတောင် လူလွှတ်ကြည့်ခဲ့တယ်၊ သူမရဲ့ အရိပ်အယောင်တောင် မရှိဘူး။ သူမရဲ့ ဆရာဖြစ်သူ ကျူးယွဲ့ သီလရှင်ကြီးတောင် သူမ ဘယ်သွားလဲ မသိဘူးတဲ့"
ရှကျီက ဆက်ပြောသည်
"စိတ်မပူပါနဲ့၊ အောက်ကလူတွေ သူမကို တွေ့တာနဲ့ ငါ ချက်ချင်း အကြောင်းကြားပါ့မယ်"
"ကျင့်ကြံခြင်းလောကက အလွန်ကြီးမားတယ်၊ သူမက သူမရဲ့ ကိုယ်ပိုင်ကံတရားနဲ့ တွေ့ဆုံနေတာ ဖြစ်နိုင်သလို... ဒါမှမဟုတ်လည်း..."
ဖန့်ချန် စကားကို ဆက်မပြောတော့ပေ။
ရှကျီက သူပြောလိုသည့် အဓိပ္ပာယ်ကို နားလည်ပါသည် သေဆုံးသွားတာလည်း ဖြစ်နိုင်သည် ဟူ၍။
အကယ်၍ သေဆုံးသွားပြီး ယင်လောသို့ ရောက်လာခဲ့လျှင် ရှာဖွေရမည့် နယ်ပယ်က အလွန်ကျယ်ပြောလွန်းလှသည်။
"မင်း စုံစမ်းရင်းနဲ့... လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဘယ်လို အဆင့် ၁ မသေမျိုးတွေ ရုတ်တရက် ပျောက်ဆုံးသွားလဲဆိုတာကိုပါ တစ်ချက် ကြည့်ပေးပါဦး"
ဖန့်ချန်က မှာကြားသည်။
"ဒါတွေကို ဘာလို့ စုံစမ်းရတာလဲ"
ရှကျီက နားမလည်ဘဲ မေးသည်။
"မိစ္ဆာကပ်ဘေးကို ဖန်တီးဖို့ဆိုရင် အဆင့် ၁ မသေမျိုးတွေရဲ့ အသက်ကို ယဇ်ပူဇော်စရာအဖြစ် သုံးရတတ်တယ်။တကယ်လို့ သူတို့ရဲ့ အထောက်အထားကို ရှာတွေ့ရင်၊ အနောက်ကနေ လိုက်ကြည့်ရင်း တခြား မမျှော်လင့်ထားတဲ့ ရလဒ်တွေ ရလာနိုင်တယ်"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
သူသည် အဆင့် ၃ မသေမျိုးအဖြစ် တက်လှမ်းပြီးနောက် ဝိညာဥ်သိုင်းနယ်မြေ သို့ တစ်ခေါက် သွားရန် ရည်ရွယ်ထားသည်။
ရှင်းကျုံး ပြောပြခဲ့သော ထိုလူကို ရှာဖွေဖော်ထုတ်ပြီး မြင့်မြတ်သားတော်၏ အထောက်အထားကို မေးမြန်းရန် ဖြစ်သည်။ အကယ်၍ တစ်ဖက်လူ၏ လူသားနယ်မြေကိုးခုရှိ တကယ့်အထောက်အထားကို သိရှိနိုင်ပါက ထိုကိစ္စကို အမြစ်ပြတ် ဖြေရှင်းနိုင်ပေလိမ့်မည်။
"ကောင်းပါပြီ၊ ငါ့လူတွေကို သတိထားခိုင်းလိုက်ပါ့မယ်။ နတ်ရိုသေနန်းတော် နဲ့လည်း ပူးပေါင်းဆောင်ရွက်ကြည့်မယ်၊ သူတို့ရဲ့ နည်းလမ်းတွေက ပိုပြီး စုံလင်တယ်၊ လျှို့ဝှက်စောင့်ရှောက်ရေးဌာနရဲ့ အခြေခံက သူတို့ကို မမီသေးဘူး"
ရှကျီက ရယ်မောကာ ဆိုသည်။
စကားပြောဆိုပြီးနောက် ဖန့်ချန်သည် နှုတ်ဆက် ထွက်ခွာခဲ့ပြီး လင်ကွေ့ကြယ်တာရာသို့ တိုက်ရိုက်သွားကာ ထိုမှတစ်ဆင့် နဂါးနက်လှေ ကို စီးနင်းလျက် လင်လုံကြယ်တာရာ ဆီသို့ ဦးတည် ပျံသန်းခဲ့တော့သည်။
တိတ်ဆိတ်ငြိမ်သက်နေသော အာကာသဟင်းလင်းပြင် အတွင်းဝယ်။
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် သူ၏ ကိုယ်ပေါ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လူအသွင်အဖြစ် ပြောင်းလဲသွားသည်။
ရှောင်ချန် (ဓားငယ်လေး) သည် သူမ၏ လက်ထဲတွင် မျှော်စင်ပုံစံ ရတနာလက်နက် တစ်ခုကို ကိုင်ကာ တစ်ကိုက်ချင်း ဝါးစားနေသည်။
ယခုအခါ ဖန့်ချန်၏ ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ သူမ၏ အခြေခံမှာလည်း မြင့်တက်လာခဲ့သည်။ ဤကဲ့သို့သော ကောင်းကင်အဆင့် ရတနာလက်နက်မျိုးကို အစာချေဖျက်ရန်မှာ သူမအတွက် မိနစ်ပိုင်းမျှသာ ကြာပေသည်။
"ရှောင်ချန်... ဒီအတောအတွင်း မင်း အမာခံတပည့် ဘယ်နှယောက်ဆီ သွားလည်ခဲ့လဲ"
ဖန့်ချန်က ပြုံးပြုံးလေး မေးလိုက်သည်။
ရှောင်ချန်က သူမ၏ ဆံနွယ်လေးများကို အသာအယာ သပ်တင်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်သည်။
"၂၀၀ ကျော်လောက်ပဲ ရှိပါတယ်"
"ဒါဆို ကောင်းကင်အဆင့် ရတနာလက်နက် ၂၀၀ ကျော်ပေါ့"
ဖန့်ချန်က ခေါင်းခါလိုက်မိသည်။
"ဖန့်ချန်... သူတို့က အားလုံး သဘောကောင်းကြတယ်သိလား၊ ငါလာတာကို မြင်တာနဲ့ အရမ်းကို တက်တက်ကြွကြွနဲ့ ရတနာလက်နက်တွေ ပေးကြတာ"
ရှောင်ချန်က သူမ၏ ဝမ်းဗိုက်လေးကို အသာအယာ ပုတ်လိုက်ရင်း
"ငါတောင် မဆံ့တော့လုနီးပါး ဖြစ်သွားတယ်"
"တက်ကြွမှာပေါ့... မင်းက ငါ့ရဲ့ ဝိညာဉ်ရတနာဆိုတာ သူတို့အားလုံး သိကြတာပဲ။ ပြီးတော့ မင်းက ရတနာလက်နက်တွေ စားရတာ ဝါသနာပါမှန်း ကြားထားတော့၊ မင်းကို တစ်ခုကျွေးရင် ငါ့ဆီမှာ ကျေးဇူးအကြွေး တစ်ခု တင်သွားပြီလေ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ကောင်းကင်အဆင့် ရတနာလက်နက်တွေအတွက် အကြွေးဆိုတာကိုတော့ ငါ ပြန်ဆပ်နိုင်ပါသေးတယ်"
ဖန့်ချန်က ရယ်မောလိုက်သည်။
ရှောင်ချန်သည် လူမှုရေးကိစ္စများကို ဘာမှ နားမလည်သဖြင့် နားလည်း မထောင်ချင်ပေ။ သူမက စူးစမ်းစွာ မေးလိုက်သည်။
"ငါတို့ အခု ဘယ်ကို သွားကြမှာလဲ အဲဒီနေရာမှာ ရတနာလက်နက်တွေ အများကြီး ရှိလား "
"လင်လုံကြယ်တာရာပေါ့... ကြယ်တာရာတစ်ခုလုံးဆိုတော့ ရတနာလက်နက်တွေကတော့ အများကြီး ရှိမှာပေါ့၊ ဝိညာဉ်ရတနာတွေတောင် ရှိနိုင်တယ်။ ဒါပေမဲ့ မင်း လျှောက်မလုပ်နဲ့ဦးနော်၊ ဝိညာဉ်ရတနာတွေဆိုတာ အရှင်သခင် ရှိပြီးသားတွေ... အကြောင်းမဲ့ သက်သက်တော့ သူများပစ္စည်းကို သွားစားလို့ မဖြစ်ဘူး"
ဖန့်ချန်က သတိပေးလိုက်ပြီးနောက် နဂါးနက်လှေကို အစွမ်းကုန် မောင်းနှင်ကာ လင်လုံကြယ်တာရာဆီသို့ လျင်မြန်စွာ ဦးတည် ခရီးနှင်လိုက်တော့သည်။