အခန်း (၁၅၇၇-၁၅၇၈)
Vol. 158 Ch. 1577-1578
အခန်း (၁၅၇၇) - တိုက်ဆိုင်မှူ
မျက်တောင်တစ်ခတ်အတွင်း ဆယ်နှစ်တာ အချိန်ကာလမှာ ကုန်ဆုံးသွားခဲ့လေပြီ။
ဖန့်ချန်သည် ကြယ်ပုံပြမြေပုံကို တစ်ချက်ကြည့်လိုက်ရာ ယခုအချိန်တွင် နဂါးနက်လှေသည် လင်လုံကြယ်တာရာနှင့် သိပ်မဝေးတော့ကြောင်း တွေ့လိုက်ရသည်။
ဟင်းလင်းပြင်ကျယ်ကြီးထဲတွင် ခရီးနှင်ရသည်မှာ အလွန်ပင် ပျင်းရိငြီးငွေ့စရာ ကောင်းလှသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ရှောင်ချန်ရှိနေသဖြင့် သူမနှင့် စကားစမြည်ပြောရင်း အချိန်ကုန်လွန်ရသည်မှာ အနည်းငယ် သက်သာရာရစေသည်။
နောက်ထပ် ရက်အနည်းငယ် ကြာသောအခါ ဖန့်ချန်၏ သာမန်မျက်စိဖြင့်ပင် လင်လုံကြယ်တာရာကို လှမ်းမြင်နေရပြီ ဖြစ်သည်။
ဤနေရာမှာ အတော်လေး စည်ကားနေပုံရသည်။ လင်လုံကြယ်တာရာ၏ နယ်စပ်ဂိတ်တွင် မသေမျိုးလှေများစွာ အတန်းလိုက် ဝင်ရောက်နေကြသည်ကို မြင်တွေ့ရ၏။
ဖန့်ချန် အနားသို့ ချဉ်းကပ်သွားချိန်တွင် မူလက အတန်းစောင့်နေသော်လည်း ခဏအကြာ၌ ကျင့်ကြံသူတစ်ဦး လောလောလောလောဖြင့် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ အဆင့် ၁ မသေမျိုးတစ်ဦး ဖြစ်သည်။
ထိုကျင့်ကြံသူသည် နဂါးနက်လှေအနားသို့ ရောက်သောအခါ ကိုယ်ဟန်ကို ရပ်တန့်လိုက်ပြီး ရိုသေစွာဖြင့် ဂါရဝပြုလိုက်သည်။
"မေးပါရစေ... ဒါက ကျွယ်မင်နန်းတော်က အမာခံတပည့်တစ်ဦးရဲ့ လှေပါလားခင်ဗျာ"
"မိတ်ဆွေက ဘယ်သူလဲ"
ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"ကျွန်တော်က နင်မိသားစုဝင် နင်ရွှင် ပါ"
နင်ရွှင်သည် ရိုသေကျိုးနွံသော အမူအရာဖြင့် အထူးသတိထားကာ မေးမြန်းရှာသည်။
"အမာခံတပည့်ကြီးအနေနဲ့ ဒီကို ဘာကိစ္စများ ရှိလို့ ကြွလာတာလဲဆိုတာ သိပါရစေခင်ဗျာ"
ဖန့်ချန်က ရယ်မောလိုက်ပြီး
"ခင်ဗျားတို့ လင်လုံကြယ်တာရာကို လာတာက ခင်ဗျားတို့ကို သတင်းပို့ဖို့ လိုအပ်လို့လား"
နင်ရွှင်သည် အနည်းငယ် တုန်လှုပ်သွားပြီး မိမိစကားမှားသွားကြောင်း ချက်ချင်း သိလိုက်သဖြင့် အမြန်ပင် ပြန်လည် ပြုပြင်ပြောဆိုရသည်။
"အထင်မလွဲပါနဲ့ခင်ဗျာ... ကျွန်တော် စကားပြောမှားသွားလို့ပါ။တကယ်လို့ အမာခံတပည့်ကြီးအနေနဲ့ ဒီမှာ ကိစ္စတစ်ခုခု ဆောင်ရွက်စရာရှိရင် နင်မိသားစုက တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မလားလို့ မေးတာပါ"
"ကျွန်တော်က ပျင်းပျင်းရှိတာနဲ့ လမ်းကြုံလို့ လာကြည့်တာပါ"
ဖန့်ချန်က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
ခဏမျှ တုန့်ဆိုင်းသွားပြီးနောက် သူသည် ဘေးပတ်ဝန်းကျင်မှ သွားလာနေသော မသေမျိုးလှေများကို ဝေ့ကြည့်ကာ မေးလိုက်သည်။
"ကြည့်ရတာ ဒီမှာ တော်တော်စည်ကားနေပါလား၊ လတ်တလော ဘာထူးခြားတာတွေ ရှိလို့လဲ"
နင်ရွှင်က အလျှင်အမြန် ဖြေကြားသည်
"ကျွန်တော်တို့ နင်မိသားစုဝင် တစ်ယောက်က လွန်ခဲ့တဲ့ ရက်ပိုင်းကတင် အဆင့် ၄ မသေမျိုးအဖြစ် တက်လှမ်းသွားလို့ပါ၊ ပြီးတော့ သူ့ရဲ့ အဖော် နဲ့ လက်ထပ်ပွဲလည်း ကျင်းပမှာမို့ နယ်ပယ်အသီးသီးက လူတွေ လာရောက် ဂုဏ်ပြုနေကြတာပါ"
ထိုစဉ် အခြားသော မသေမျိုးလှေတစ်စင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရောက်ရှိလာသည်။ ဤလှေကို ဖန့်ချန် သိရှိနေပါသည်၊ ၎င်းမှာ ဝိညာဥ်သုတ်သင်ခြင်းဌာန မှ အမာခံတပည့်များသာ စီးနင်းနိုင်သည့် လှေဖြစ်သည်။
ဝိညာဥ်သုတ်သင်ခြင်းဌာနက အမာခံတစ်ယောက်ပါ လာတာလား
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားပြီး မသေမျိုးလှေ၏ ရှေ့ပိုင်းတွင် ရပ်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် နင်ရွှင်မှာ တောင်းပန်စကား ဆိုပြီးနောက် ထိုဘက်သို့ အပြေးအလွှား သွားနေရသဖြင့် စိတ်ထဲမှ ကျိတ်၍ ညည်းတွားနေမိသည်။
ပုံမှန်ဆိုလျှင် ဤကဲ့သို့သော ထိပ်တန်းအင်အားစုများမှ အမာခံများကို တစ်ယောက်မှ မတွေ့ရတတ်ချေ။
နင်မိသားစုဝင် ဖြစ်သော ထိုသူကိုယ်တိုင်ပင် ရွာပြန်လာခဲလှသည်။ ယနေ့တွင်မူ ဘယ်လိုဖြစ်ပြီး နှစ်ယောက်တောင် တစ်ပြိုင်နက် ရောက်လာရသနည်း။
ဟွမ်ချင်းကျွဲ ၏ အာရုံမှာ နင်ရွှင်ပေါ်တွင် မရှိပေ။ သူသည် အဝေးကတည်းက ကျွယ်မင်နန်းတော်၏ နဂါးနက်လှေကို မြင်တွေ့ထားခြင်း ဖြစ်သည်။
ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ရင်းနှီးသော မျက်နှာကို တွေ့လိုက်ရသည့်အခါ သူသည် အလွန်ပင် အံ့သြဝမ်းသာသွားပြီး မသေမျိုးလှေကို ချက်ချင်း သိမ်းလိုက်ကာ ဖန့်ချန်ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းလာတော့သည်။
နင်ရွှင်မှာ ကြောင်အသွားပြီးနောက် သူတို့နောက်သို့ ငိုင်တိုင်တိုင်ဖြင့် လိုက်ပါသွားရှာသည်။
ဖန့်ချန်က နဂါးနက်လှေ၏ ကာကွယ်ရေး အစီရင်ကို ဖွင့်ပေးလိုက်သဖြင့် ဟွမ်ချင်းကျွဲမှာ အဆင်ပြေချောမွေ့စွာ ဆင်းသက်နိုင်ခဲ့သည်။ နင်ရွှင်မှာမူ လှေပေါ်သို့ မတက်ဝံ့ဘဲ နဂါးနက်လှေ၏ အပြင်ဘက်တွင်သာ ရပ်ကြည့်နေရလေသည်။
"ဖန့်မိတ်ဆွေ ပြီးခဲ့တဲ့ အကြိမ် တာ့လေယင် မှာ ခွဲခွာခဲ့ပြီးကတည်းက ငါတို့ မတွေ့ရတာ တော်တော်ကြာသွားပြီနော်"
ဟွမ်ချင်းကျွဲက လက်အုပ်ချီ နှုတ်ဆက်ရင်း လွမ်းဆွတ်တမ်းတဟန်ဖြင့် ပြောလိုက်သည်။
"အဲဒီတုန်းက စကားပြောဖို့ သိပ်အဆင်မပြေတာနဲ့ မိတ်ဆွေ ဟွမ်နဲ့ စကားအများကြီး မပြောနိုင်ခဲ့တာ တကယ်ကို နှမြောဖို့ ကောင်းပါတယ်"
ဖန့်ချန်ကလည်း ရယ်မောကာ ပြန်လည် နှုတ်ဆက်သည်။
"စကားမစပ်... မင်းက ကျွယ်မင်ရဲ့ အမာခံတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားမိဘူး။တာ့လေယင်က တိုက်ပွဲမှာ မင်းပြသခဲ့တဲ့ နည်းလမ်းတွေက တကယ်ကို မျက်စိပွင့်သွားစေတယ်"
ဟွမ်ချင်းကျွဲက ချီးကျူးစကားဆိုရင်း စူးစမ်းစွာ မေးမြန်းလာသည်။ ဖန့်ချန်ကလည်း မိမိမှာ မတော်တဆ ဖိတ်စာတစ်စောင် ရရှိခဲ့ပုံ၊ အပြင်စည်းကျင့်ကြံသူ ဖြစ်လာပုံနှင့် နောက်ဆုံးတွင် ကံကောင်းထောက်မစွာဖြင့် အမာခံတစ်ဦး ဖြစ်လာပုံတို့ကို အကျဉ်းချုံး ပြောပြလိုက်သည်။
အတိုချုပ် ပြောပြလိုက်ရုံသာ ရှိသေးသော်လည်း ဟွမ်ချင်းကျွဲမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူသည် ဝိညာဉ်သိုင်းနယ်မြေမှ ဟွမ်မိသားစုကို နောက်ခံအဖြစ် အားကိုးရသည့်အပြင် ကံကောင်းမှုအချို့ ရှိခဲ့သောကြောင့်သာ ဝိညာဥ်သုတ်သင်ခြင်းဌာန၏ အမာခံတစ်ဦး ဖြစ်လာပြီး အဆင့်မြင့်လူတန်းစားထဲ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ ကံတရားမှာမူ ယင်းထက်ပင် ပိုမို ဆန်းကြယ်လှ၏။
"ဒါဆိုရင် ဒီတစ်ခါ မင်းလာတာကလည်း မိတ်ဆွေနင်က သတင်းပို့လိုက်လို့ သူ့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ လာတာပေါ့"
ဟွမ်ချင်းကျွဲက ပြုံး၍ မေးသည်။
"မိတ်ဆွေနင် နင်ပေ့ယိုက လက်ထပ်တော့မှာလား"
ဖန့်ချန် အံ့သြသွားရသည်။
နင်ရွှင်ပြောပြခဲ့သော အဆင့် ၄ မသေမျိုးအဖြစ် တက်လှမ်းသွားပြီး လက်ထပ်တော့မည့် ထိုနင်မိသားစုဝင်မှာ နင်ပေ့ယို ဖြစ်နေသည်ကိုး။ ဒါက တကယ်ကို တိုက်ဆိုင်လွန်းလှသည်။
"မင်း ဒီကိစ္စကို မသိဘူးလား ဒါဆိုရင် မင်းက ဒီကို ဘာလာလုပ်တာလဲ"
ဟွမ်ချင်းကျွဲ အံ့အားသင့်သွားသည်။
"ငါက လမ်းကြုံလို့ ခဏနားတာပါ၊ ဟင်းလင်းပြင်ထဲမှာ တစ်ယောက်တည်း ခရီးနှင်ရတာ ဘယ်လောက် ပျင်းဖို့ကောင်းလဲဆိုတာ မင်းလည်း သိသားပဲ"
ဖန့်ချန်က ရယ်မောကာ ဆိုသည်။
"ဒါဆိုရင်တော့ အတော်ပဲ၊ ငါနဲ့အတူ မိတ်ဆွေနင်ရဲ့ မင်္ဂလာပွဲကို လိုက်ခဲ့ပါလား။ လုပ်ဖော်ကိုင်ဖက်ဟောင်းကို မြင်ရင် သူလည်း အရမ်း ဝမ်းသာသွားမှာပါ"
ဟွမ်ချင်းကျွဲက ဖိတ်ခေါ်လိုက်သည်။
ထို့နောက် သူသည် နင်ရွှင်ကို တစ်ချက်ကြည့်ကာ
"ကျွယ်မင်အမာခံရဲ့ မသေမျိုးလှေက အတန်းစောင့်နေဖို့ လိုသေးလား"
"မလိုပါဘူး ခင်ဗျာ "
နင်ရွှင်က ချက်ချင်း တုံ့ပြန်လိုက်ပြီး ကိုယ်တိုင် ရှေ့ဆောင်လမ်းပြကာ နဂါးနက်လှေကို ဂိတ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။ အတန်းစောင့်နေသော ကျင့်ကြံသူများသည်လည်း ဤမြင်ကွင်းကို မြင်တွေ့သော်လည်း မည်သူမျှ မကျေမနပ် စကားမဆိုဝံ့ကြချေ။
သာမန်အတန်းကျော်တက်ခြင်းဆိုလျှင် တစ်မျိုး ဖြစ်နိုင်သော်လည်း ယခုမှာ နင်မိသားစုဝင်ကိုယ်တိုင် လမ်းပြနေခြင်း ဖြစ်သည့်အပြင် နဂါးနက်လှေ၏ နောက်ခံကို အကဲခတ်မိသူများမှာလည်း ဘာမှ မဟဝံ့ကြပေ။
ဂိတ်အတွင်း ရောက်ရှိပြီးနောက် ဟွမ်ချင်းကျွဲသည် နင်ရွှင်အား နင်မိသားစု၏ နယ်မြေဆီသို့ လမ်းပြခိုင်းလိုက်သည်။ လမ်းခရီးတွင် ဖန့်ချန်က စူးစမ်းစွာ မေးမြန်းလိုက်သည်။
"မိတ်ဆွေ ဟွမ်... နောက်ပိုင်းမှာ ရှဲ့ကျစ် ကိစ္စက ဘယ်လိုတွေ ဖြစ်သွားသေးလဲ"
"ရှဲ့ကျစ်..."
ဟွမ်ချင်းကျွဲက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
"ငါ အမာခံတစ်ယောက် ဖြစ်လာပြီးမှပဲ ဌာနရဲ့ အဆင့်မြင့်လူကြီးတွေက ရှဲ့ကျစ်အပေါ် ဘယ်လို သဘောထားလဲဆိုတာ သိရတော့တယ်။"
"သူတို့က ရှဲ့ကျစ်ဆိုတာ ရှိနေဖို့ မလိုဘူးလို့ ယူဆကြတယ်။ ဘာလို့လဲဆိုတော့ အဲဒါ ရှိနေရင် အဖွဲ့အစည်းအသီးသီးက ဖိအားတွေ အလုံးအရင်းနဲ့ ဝင်လာလိမ့်မယ်၊ အဲဒီဖိအားကို ဘယ်သူမှ မခံနိုင်ကြဘူး "
"မတော်တဆ ဖြစ်သွားရင် ဌာနအတွင်းမှာ ပုန်ကန်မှုတွေ ဖြစ်သွားနိုင်ပြီး မတည်ငြိမ်မှုတွေ ဖြစ်လာစေနိုင်တဲ့ အချက်ပဲ "
"ဒါဆိုရင် ရှဲ့ကျစ်က ပြန်ပြီး ရှင်သန်လာဖို့ မဖြစ်နိုင်တော့ဘူးပေါ့"
ဖန့်ချန်က တွေးတောစွာဖြင့် ဆိုသည်။
"တကယ်တော့..."
ဟွမ်ချင်းကျွဲက အနည်းငယ် တုန့်ဆိုင်းသွားပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အဲဒီတုန်းက မင်းမသိခဲ့တဲ့ ကိစ္စတစ်ခု ရှိသေးတယ်၊ မင်းရဲ့ အဲဒီတုန်းက အဆင့်အတန်းနဲ့ဆိုရင် ဒီကိစ္စကို သိလည်း မင်းအတွက် ဘာမှ အကျိုးမရှိလို့ပါ။"
"ဘာကိစ္စလဲ" ဖန့်ချန်က ပြုံး၍ မေးသည်။
ဟွမ်ချင်းကျွဲ ဘာပြောမလဲဆိုတာကို သူ အကြမ်းဖျင်း ခန့်မှန်းမိပြီးသား ဖြစ်သည်။
"ငါတို့ အဲဒီတုန်းက တကယ့် ပစ်မှတ်က တာ့ယွီမသေမျိုး မဟုတ်ဘူး။"
ဟွမ်ချင်းကျွဲက သက်ပြင်းချလိုက်သည်
"မင်းတို့ကို အမှန်အတိုင်း မပြောခဲ့တာက အာရုံလွှဲဖို့ပါ။ ငါတို့ရဲ့ တကယ့်ပစ်မှတ်က ထိုက်ရွှီ မသေမျိုး ပဲ "
"ထိုက်ရွှီ မသေမျိုး သူကလည်း ဝိညာဥ်သုတ်သင်ခြင်းဌာနက ကျင့်ကြံသူပဲလား"
ဖန့်ချန်၏ မျက်နှာပေါ်တွင် အံ့အားသင့် သော အမူအရာတစ်ခု ပေါ်လာသည်။
"ဟုတ်တယ်"
ဟွမ်ချင်းကျွဲက ခေါင်းညိတ်ပြသည်
"အဲဒီတုန်းက ရှေးဟောင်းနယ်မြေ မှာ ထိုက်ရွှီမသေမျိုးက ဌာနရဲ့ အမြင့်ဆုံး အရာရှိပဲ "
"ငါကြားဖူးတာက... အောက်နယ်မြေ ခြောက်ခုထဲမှာ ဝိညာဥ်သုတ်ခြင်းဌာနက နယ်မြေတစ်ခုစီအတွက် အဆင့် ၇ ရှေးဟောင်းမသေမျိုး တစ်ပါးစီကို အစောင့်အရှောက်အဖြစ် ထားထားတယ်ဆို၊ အဲဒီ ရှေးဟောင်းမသေမျိုးကမှ တကယ့် အစောင့်အရှောက် မဟုတ်ဘူးလား"
ဖန့်ချန်က မေးလိုက်သည်
"ထိုက်ရွှီ မသေမျိုးက ဘယ်လိုဖြစ်ပြီး အမြင့်ဆုံး အရာရှိ ဖြစ်နေရတာလဲ"
"ဘာလို့လဲဆိုတော့ ရှေးဟောင်းနယ်မြေမှာရှိတဲ့ ဝိညာဥ်သုတ်သင်ခြင်းဌာနရဲ့ အစောင့်အရှောက်က ပျောက်ဆုံးသွားလို့ပဲ"
ဟွမ်ချင်းကျွဲ၏ မျက်နှာထားမှာ လေးနက်သွားသည်။
"အဆင့် ၇ ရှေးဟောင်းမသေမျိုး တစ်ပါးက ပျောက်ဆုံးသွားတယ် ဟုတ်လား"
ဖန့်ချန်သည် ဟွမ်ချင်းကျွဲကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ
"မိတ်ဆွေ ဟွမ်... အခု ငါက ဌာနက ကျင့်ကြံသူ မဟုတ်တော့ဘူးလေ၊ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ငါ့ကို ဘာလို့ ပြောပြနေတာလဲ"
သူသည် ဤကိစ္စကို ကြိုတင် သိရှိထားသော်လည်း ဟွမ်ချင်းကျွဲက ဤကိစ္စကို ထုတ်ပြောလာခြင်းမှာ အခြားသော ရည်ရွယ်ချက်တစ်ခု ရှိနေလိမ့်မည်ဟု ခံစားမိနေသည်။
"အဲဒါက..."
ဟွမ်ချင်းချွဲက ရှက်ကိုးရှက်ကန့်ဖြင့် ရယ်မောလိုက်သည်။
"တကယ်တော့ ငါတို့ ထိုက်ရွှီမသေမျိုးကို စုံစမ်းစစ်ဆေးခဲ့တဲ့ ကိစ္စကို သူ သိသွားခဲ့တယ်။ သူ့ရဲ့ ဒေါသကို ပြေလျော့စေဖို့အတွက် ရှဲ့ကျစ်ကို ဖျက်သိမ်းလိုက်ရပြီး မင်းနဲ့ မိတ်ဆွေနင်တို့ကိုပါ ဌာနကနေ ထုတ်ပယ်လိုက်ရတာ..."
"ဒါကြောင့် ငါ စဉ်းစားနေတာက... မင်း ငါ့ကို ထိုက်ရွှီမသေမျိုးနဲ့ ဆက်သွယ်ပေးလို့ ရမလား ငါ့မှာ သဲလွန်စတချို့ ရှိနေလို့၊ သူ့ကို မေးပြီး အတည်ပြုချင်လို့ပါ"
အခန်း (၁၅၇၈) - ဖန့်မိတ်ဆွေ... ဒီတစ်ခါတော့ ငါ့ကို ကူညီပေးပါဦး
ဖန့်ချန် အနည်းငယ် အံ့သြသွားရသည်။ ဝမ်အိုကြီးက ထိုကိစ္စကြောင့်နှင့် ဝိညာဉ်သုတ်သင်ခြင်းဌာနကို လုံးဝ အဖတ်မလုပ်တော့ဘဲ နေနေတာလား။
မဟုတ်လျှင် ဟွမ်ချင်းကျွဲက ဘာကြောင့် သူ့ကို လူချင်းဆက်သွယ်ပေးဖို့ အကူအညီ တောင်းရသနည်း။
"ငါကြားတာတော့ ထိုက်ရွှီမသေမျိုးက အခုဆိုရင် ရှေးဟောင်းမသေမျိုး အဆင့်ကိုတောင် ရောက်နေပြီတဲ့။ အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် သူက ဌာနက တုံ့ပြန်ချက်တွေကို အမြဲတမ်း ဝတ်ကျေတန်းကျေပဲ လုပ်တော့တယ်။ ငါ့ထက် ဝါရင့်တဲ့ အမာခံတွေ ခေါ်တာတောင် သူက သိပ်ပြီး တုံ့ပြန်လေ့မရှိဘူး။ ငါလည်း ထိုက်ရွှီမသေမျိုးကို ဆက်သွယ်ဖို့ ကြိုးစားကြည့်ပါသေးတယ်၊ ဒါပေမဲ့ သူက ငါ့ကို လုံးဝ အရေးမစိုက်ဘူး"
ဟွမ်ချင်းကျွဲက သက်ပြင်းချလိုက်ပြီး မျက်နှာတွင် အားကိုးတကြီး အပြုံးတစ်ခုဖြင့် ဖန့်ချန်ကို ကြည့်ကာ
"ဖန့်မိတ်ဆွေ... ဒီတစ်ခါတော့ မင်း ငါ့ကို တကယ် ကူညီပေးပါဦး"
"မိတ်ဆွေ ဟွမ်... ငါ မင်းကို မကူညီချင်တာ မဟုတ်ပါဘူး၊ အဓိကက ထိုက်ရွှီစီနီယာရဲ့ အဆင့်အတန်းကြောင့်ပဲ။ ငါကိုယ်တိုင်တောင် သူ့ဆီကို တန်းသွားဖို့ဆိုတာ သိပ်မလွယ်ဘူး"
ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး
"ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ သွားရင် တစ်ဖက်လူက ပိုပြီးတောင် စိတ်ဆိုးသွားနိုင်တယ်။"
သူက ခဏမျှ ရပ်လိုက်ပြီး
"ခုနက မင်းပြောတာ... ရှေးဟောင်းနယ်မြေက အစောင့်အရှောက် ရှေးဟောင်းမသေမျိုး ပျောက်ဆုံးသွားတယ်ဆိုတာ၊ ပြီးတော့ ထိုက်ရွှီမသေမျိုးကို စုံစမ်းခဲ့တယ်ဆိုတော့... ဒီကိစ္စမှာ သူနဲ့ ပတ်သက်နေတယ်လို့ မင်းတို့ သံသယရှိနေတာလား"
"ပွင့်ပွင့်လင်းလင်း ပြောရရင်... ငါက သံယယရှိတာ မဟုတ်ပါဘူး၊ ငါ့ရဲ့ ကျင့်စဉ်အဆင့်နဲ့ အဆင့်အတန်းက ဒီကိစ္စမှာ ဘယ်လိုလုပ် ဝင်ပါနိုင်မှာလဲ"
ဟွမ်ချင်းကျွဲက ခါးသက်သက် ပြုံးလိုက်ရင်း
"အထက်နယ်မြေ သုံးခုက အဆင့်မြင့်လူကြီးတွေက သံသယရှိနေတာပါ။ ဒါပေမဲ့ သူတို့က ထိုက်ရွှီမသေမျိုးကို တိုက်ရိုက် စုံစမ်းဖို့ကျတော့လည်း အဆင်မပြေတာနဲ့ ငါတို့လို လူငယ်တွေကို ရှေ့ထွက်ခိုင်းတာပဲ။ အဲဒီတုန်းက ရှဲ့ကျစ် အဖွဲ့ကလည်း အသစ်ဖွဲ့စည်းထားကာစဆိုတော့ ဒီကိစ္စကို လုပ်ဖို့ အသင့်တော်ဆုံးပဲလေ။ ငါတို့က ဘယ်ကျင့်ကြံသူကိုမှ အကြောင်းမဲ့ သက်သက် မစွပ်စွဲဖူးဘူး မဟုတ်လား"
"ဒီကိစ္စသာ အောင်မြင်သွားရင် ရှဲ့ကျစ်ရဲ့ နာမည်ကလည်း ကျော်ကြားလာမယ်၊ လူကြီးတွေကလည်း ရှဲ့ကျစ်ရဲ့ အသုံးဝင်ပုံကို မြင်သွားပြီး နောင်မှာ ပိုပြီး တိုးချဲ့ဆောင်ရွက်နိုင်မယ်လို့ ငါ ထင်ခဲ့တာ "
"မမျှော်လင့်ဘဲနဲ့ပေါ့..."
ဖန့်ချန်က ရယ်မောလိုက်ပြီး
"နောက်ဆုံးတော့ ဘာမှလည်း ရှာမတွေ့ခဲ့ဘဲ ရှဲ့ကျစ် အဖွဲ့ပါ ပျောက်ကွယ်သွားရတာပေါ့"
"အကယ်၍ ငါသာ အာဏာရလာခဲ့ရင် နောင်တစ်ချိန်မှာ ရှဲ့ကျစ် ပြန်ရှိလာမှာပါ။ အခုတော့ ငါက ငါးပူတင်းလေး တစ်ကောင်ပဲ ရှိသေးတာမို့ အချိန်အတော်ကြာအောင် လေ့ကျင့်ယူဖို့ လိုပါသေးတယ်"
ဟွမ်ချင်းကျွဲက သက်ပြင်းချလိုက်သည်။
"ဒီလိုလုပ်ရအောင်... မင်း ထိုက်ရွှီမသေမျိုးကို ဘာပဲမေးချင်မေး၊ ငါ မင်းအတွက် သတင်းပါးပေးပါ့မယ်။ ဒါပေမဲ့ သူ မင်းကို တွေ့မတွေ့ဆိုတာတော့ ငါ အာမမခံနိုင်ဘူးနော်"
ဖန့်ချန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဖန့်မိတ်ဆွေ... တကယ်ပဲ ကျေးဇူးတင်ပါတယ်"
ဟွမ်ချင်းကျွဲသည် အနည်းငယ် မှင်တက်သွားပြီးနောက် လေးလေးနက်နက် ဂါရဝပြု၍ ကျေးဇူးတင်စကား ဆိုလေသည်။
"ငါတို့က လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပဲ၊ ဒီလိုတွေ လုပ်မနေပါနဲ့"
ဖန့်ချန်က ပြုံး၍ လက်ကာပြလိုက်သည်။
ထို့နောက် နင်ရွှင်၏ အရှိန်မှာ အလွန်နှေးကွေးနေသဖြင့် ဖန့်ချန်က သူ့ကိုပါ နဂါးနက်လှေပေါ်သို့ ခေါ်ဆောင်လိုက်ပြီး နင်ရွှင်၏ လမ်းပြမှုဖြင့် နဂါးနက်လှေကို အစွမ်းကုန် မောင်းနှင်ကာ ခရီးဆက်ခဲ့ကြသည်။
နင်ရွှင်သည် ထိပ်တန်းအင်အားစုများ၏ မသေမျိုးလှေပေါ်သို့ ပထမဆုံးအကြိမ် တက်ဖူးခြင်း ဖြစ်သဖြင့် ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်ထိတ်လန့်မှုတို့ပါ ဒွန်တွဲနေသည်။ သူသည် မသေမျိုးလှေ အစီရင် ၏ စွမ်းအားကို မျက်မြင်မတွေ့ဖူးသော်လည်း ကောလာဟလများကိုမူ ကြားဖူးသည်။
သူ့ခြေထောက်အောက်မှ ဤလှေသည် ဟင်းလင်းပြင်ထဲတွင် အစီရင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါက ကြီးမားသော တန်ခိုးစွမ်းအားများ ရှိလာမည်ဖြစ်ပြီး ရှေးဟောင်းမသေမျိုး တစ်ပါးထက်ပင် မနိမ့်ကျကြောင်း ကြားဖူး၏။ နင်မိသားစုတစ်ခုလုံးတွင်ပင် ထိုနဂါးနက်လှေနှင့် ယှဉ်နိုင်သော လှေမှာ နှစ်စင်း သုံးစင်းထက် မပိုပေ။
နင်မိသားစု၏ နယ်မြေနှင့် နီးကပ်လာသောအခါ ဖန့်ချန်သည် နဂါးနက်လှေကို သိမ်းလိုက်သည်။
"မိတ်ဆွေ နင်... ငါက ဒီကို အလည်လာတာပဲမို့ လူအများကြီး သိတာကို မလိုချင်ဘူး။ မင်း ငါတို့ကို နင်ပေ့ယိုဆီ တန်းခေါ်သွားပေးရင် ရပြီ"
ဖန့်ချန်က နင်ရွှင်ကို ပြုံး၍ ပြောလိုက်သည်။
နင်ရွှင်သည် အနည်းငယ် ကြောင်သွားပြီးနောက် ချက်ချင်းပင် နားလည်သွားသည့် အမူအရာဖြင့် ဝမ်းသာအားရ ဖြစ်သွားသည်။
"လူကြီးမင်းတို့... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
လမ်းပြနေစဉ်အတွင်း နင်မိသားစုမှ ကျင့်ကြံသူအချို့ကို တွေ့ရတတ်သည်။ အချို့မှာ ကျင့်စဉ်အဆင့် နင်ရွှင်ထက် နိမ့်သဖြင့် အဝေးမှနေ၍ ဂါရဝပြုကြသည်။ အချို့မှာမူ နင်ရွှင်ကဲ့သို့ပင် အဆင့် ၁ မသေမျိုးများ ဖြစ်ကြသဖြင့် နှုတ်ဆက်ကြသော်လည်း ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့၏ နောက်ခံကိုမူ လာရောက် မမေးမြန်းကြပေ။
နင်ရွှင်သည် စိတ်ထဲတွင် ကျိတ်၍ ဂုဏ်ယူနေမိသည်။ ဤလူကြီးမင်းနှစ်ယောက်က လူသိမခံချင်မှတော့ သူသည်လည်း အထက်လူကြီးများကို သတင်းမပို့ဘဲနေရန် ခိုင်လုံသော အကြောင်းပြချက် ရှိသွားပြီ ဖြစ်သည်။
သဘာဝကျစွာပင် ဧည့်ခံကျွေးမွေးရေး တာဝန်မှာ သူ၏လက်ထဲသို့ ရောက်ရှိလာတော့မည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများနှင့် ရင်းနှီးခွင့်ရခြင်းမှာ ယခုချက်ချင်း အကျိုးကျေးဇူး မရှိလျှင်တောင် နောင်တစ်ချိန်တွင် ဘာပဲဖြစ်ဖြစ် အကျိုးယုတ်စရာ မရှိပေ။
နာရီအနည်းငယ် ကြာပြီးနောက် သူတို့ သုံးဦးသည် တောင်တန်းတစ်ခုသို့ ရောက်ရှိလာသည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအားများမှာ မြူနှင်းများအလား ဖုံးလွှမ်းနေပြီး နတ်ဘုံနတ်နန်းသဖွယ် မှိုင်းညို့နေသည်။
"မိတ်ဆွေနင်ကတော့ ဇိမ်နဲ့နေတတ်သားပဲ"
ဟွမ်ချင်းကျွဲက မအောင့်နိုင်ဘဲ ရယ်မောလိုက်သည်။
နင်ရွှင်က ပြုံးလျက် လိုက်ပါလာပြီး သူတို့နှစ်ဦးကို နင်ပေ့ယို၏ ကျင့်ကြံရာနယ်မြေ အပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့သည်။ ကျင့်ကြံသူအချို့က လာရောက် မေးမြန်းသော်လည်း နင်ရွှင်က သူသည် နင်မိသားစုဝင်ဖြစ်ကြောင်း ပြသလိုက်ပြီးနောက် သူတို့နှစ်ဦးကို နယ်မြေအတွင်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားတော့သည်။
သူသည် နင်ပေ့ယိုထံသို့ ကြိုတင်၍ အသံလှိုင်းဖြင့် သတင်းပို့ထားပုံရသည်။ ခဏအကြာတွင် နင်ပေ့ယိုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူတို့ သုံးဦးရှေ့သို့ ရောက်ရှိလာသည်။
"မိတ်ဆွေ ဟွမ်... ဖန့်မိတ်ဆွေ... ငါတို့ မတွေ့ရတာ တော်တော်ကြာပြီနော်"
နင်ပေ့ယို၏ မျက်နှာတွင် လွမ်းဆွတ်တမ်းတဟန်နှင့် အံ့သြမှုတို့ ရောယှက်နေသည်။ ယနေ့တွင် သူတို့နှစ်ဦး တစ်ပြိုင်နက် ပေါ်လာလိမ့်မည်ဟု သူ တကယ်ကို မထင်ထားမိပေ။
"တစ်ယောက်ယောက် ပြောတာကို မကြားခဲ့ရင် မင်း လက်ထပ်တော့မှာကိုတောင် ငါသိမှာ မဟုတ်ဘူး။ ငါ အထက်နယ်မြေ သုံးခုမှာ ရှိနေတာကိုတောင် ဘာလို့ သတင်းလေးတောင် မပေးရတာလဲ"
ဟွမ်ချင်းကျွဲက ပြုံး၍ ဆိုသည်။
"တကယ်ကို ဝေးလွန်းလို့ပါ၊ မင်းလာရတာ အဆင်မပြေမှာလည်း စိုးလို့ပါ"
နင်ပေ့ယိုက ပြုံး၍ ခေါင်းခါပြလိုက်ပြီး နင်ရွှင်ကို တစ်ချက် ကြည့်လိုက်သည်။
"အစ်ကို... ကျွန်တော် ဒီလူကြီးမင်းနှစ်ယောက်ကို နယ်စပ်ဂိတ်မှာ တွေ့ခဲ့တာပါ။ အစ်ကိုတို့ သုံးယောက်ပဲ အေးအေးဆေးဆေး စကားပြောကြပါ၊ ကျွန်တော် တံခါးအပြင်မှာ စောင့်နေပါ့မယ်။ တစ်ခုခု ခိုင်းစရာရှိရင် ခေါ်လိုက်ပါ"
နင်ရွှင်က လက်အုပ်ချီ နှုတ်ဆက်ပြီး အလိုက်တသိဖြင့် အပြင်သို့ ထွက်သွားသည်။
"မင်းရဲ့ ဝမ်းကွဲညီက မဆိုးဘူးပဲ၊ သူသာ လမ်းမပြရင် မင်းဆီရောက်ဖို့ အချိန်အတော် ထပ်ကုန်ဦးမယ်"
ဟွမ်ချင်းကျွဲက နင်ရွှင်၏ ကျောပြင်ကို ကြည့်ကာ ချီးကျူးစကား ဆိုပေးလိုက်သည်။
နင်ပေ့ယိုက ပြုံးလျက် ခေါင်းညိတ်သည်
"နင်ရွှင်အကြောင်း ငါသိပါတယ်။ သူက အလုပ်ကို တစိုက်မတ်မတ် လုပ်တတ်တဲ့သူပဲ၊ တခြားသူတွေက နယ်စပ်ဂိတ်မှာ မနေချင်ကြပေမဲ့ သူကတော့ အမြဲတမ်း တက်တက်ကြွကြွနဲ့ အဲဒီမှာပဲ နေတာ၊ တစ်ခွန်းမှတောင် မညည်းဘူး"
စကားအဆုံးတွင် နင်ပေ့ယိုက ဖန့်ချန်အား အချက်ပြလိုက်သည်။
"အတွင်းထဲမှာ စကားပြောကြတာပေါ့"
သူသည် သူတို့နှစ်ဦးကို ဧည့်ခန်းသို့ ခေါ်ဆောင်သွားပြီး ထိုင်မိသည်နှင့် ဖန့်ချန်က အောက်နယ်မြေ ခြောက်ခု ၏ အကြောင်းကို စတင် မေးမြန်းလိုက်သည်။
"ငါကြားတာတော့ အောက်နယ်မြေ ခြောက်ခုမှာ မိစ္ဆာကပ်ဘေး တွေ ကျရောက်နေတယ်ဆို၊ မင်းတို့နှစ်ယောက်ရော ကြားမိကြလား"
"တိုက်ဆိုင်လိုက်တာ၊ ငါလည်း အဲဒီအကြောင်းကို သိတယ်"
နင်ပေ့ယိုသည် စိတ်ထဲမှ နားလည်သွားသည်။ ဤကိစ္စကို ဟွမ်ချင်းကျွဲရှေ့တွင် ဖုံးကွယ်ထားစရာ မလိုကြောင်း သိသဖြင့် သူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ငါ အထက်နယ်မြေ သုံးခုကို မပြန်လာခင်က နေရာတစ်ခုကို ဖြတ်ခဲ့သေးတယ်။ အဲဒီမှာ လူသားတွေရော ကျင့်ကြံသူတွေရော အားလုံးက တစ်ချိန်တည်းမှာပဲ မိစ္ဆာကပ်ဘေးနဲ့ ကြုံတွေ့နေရတယ်။ ဘယ်လိုနှိုးနှိုး နှိုးလို့မရတဲ့ အခြေအနေမျိုးပဲ..."
သူသည် နာရီဝက်ခန့် ကြာအောင် သူမြင်တွေ့ခဲ့ရသည်များနှင့် ခန့်မှန်းချက်များကို သူတို့နှစ်ဦးအား ရှင်းပြလိုက်သည်။ ဟွမ်ချင်းကျွဲသည် အနည်းငယ် တုန်လှုပ်သွားပြီးနောက် မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒါက ဝိညာဉ်နတ်ဘုရားဂိုဏ်း ရဲ့ လက်ချက် ဖြစ်နိုင်တယ်"
"ဝိညာဉ်နတ်ဘုရားဂိုဏ်း"
နင်ပေ့ယိုက အမှတ်တမဲ့ဖြင့် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ဖန့်ချန်၏ မျက်နှာတွင် ဘာအမူအရာမျှ မရှိသည်ကို မြင်သောအခါ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဝိညာဉ်နတ်ဘုရားဂိုဏ်းဆိုတာ ရှေးယခင်ကတည်းက သွေးထိုးလှုံ့ဆော်တဲ့နေရာမှာပဲ နာမည်ကြီးတာလေ၊ သူတို့က ဘယ်တုန်းက မိစ္ဆာကပ်ဘေးကို ထိန်းချုပ်နိုင်သွားတာလဲ။ ပြီးတော့ ဒီမိစ္ဆာကပ်ဘေးဆိုတာ... ကောင်းကင်ဘုံ က ပေးအပ်တဲ့ အရာ မဟုတ်ဘူးလား"
"အကယ်၍ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ နည်းလမ်းတွေက ဒီအဆင့်အထိ ရောက်နေပြီဆိုရင် ဝိညာဉ်သုတ်သင်ခြင်းဌာနက သူတို့ကို ဘယ်လို ဆက်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ"
"မင်းပြောတာလည်း အကျိုးအကြောင်း ရှိပါတယ်၊ မိစ္ဆာကပ်ဘေး ကျရောက်တာ... ဒီလို နည်းလမ်းမျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး"
ဟွမ်ချင်းကျွဲက မျက်မှောင်ကြုတ်လျက်
"ငါတို့လို ကျင့်ကြံသူတွေအတွက် နေရာတစ်ခုမှာရှိတဲ့ သက်ရှိတွေကို သတ်ဖြတ်ဖို့ဆိုတာ မခက်ခဲပါဘူး၊ အချိန်ပေးရရုံပါပဲ။ ဒါပေမဲ့ သက်ရှိအားလုံးကို မိစ္ဆာဝင်ပူးသွားအောင် လုပ်ဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဒီနည်းလမ်းက ငါတို့ သိနားလည်ထားတဲ့ ဘောင်ကို ကျော်လွန်နေပြီ"
"မိတ်ဆွေ ဟွမ်... မင်းတို့ ဝိညာဉ်သုတ်သင်ခြင်းဌာနက ဒီသတင်းကို မရသေးဘူးလား အချို့ နယ်မြေတွေမှာလည်း မင်းတို့ဌာနက ကျင့်ကြံသူတွေ ရှိနေတာပဲကို"
နင်ပေ့ယိုက ပြုံး၍ မေးလိုက်သည်။
"မင်းတို့ ဝိညာဉ်သုတ်သင်ခြင်းဌာန လို့ ခေါ်တာကို ငါ တကယ်ကို နားမယဉ်သေးဘူး"
ဟွမ်ချင်းကျွဲက ခါးသက်သက် ပြုံးလိုက်ပြီးနောက် အချိန်အတော်ကြာ စဉ်းစားကာ ခေါင်းခါပြသည်။
"ဌာနမှာ ဒီဘက်က သတင်းတွေ မရှိသေးဘူး။ ဒါပေမဲ့ ဝိညာဉ်သိုင်းနယ်မြေ ဘက်မှာတော့ ဌာနက အဆင့် ၁ မသေမျိုး တော်တော်များများ ပျောက်ဆုံးနေတယ်၊ အခု ပြန်စဉ်းစားကြည့်ရင် ဒီကိစ္စနဲ့ ဆက်စပ်နေနိုင်တယ်"
ဖန့်ချန်က ဟွမ်ချင်းကျွဲကို တစ်ချက် ကြည့်လိုက်မိသည်။
အဆင့် ၁ မသေမျိုးတွေ ပျောက်ဆုံးနေတာ... မိမိကိုယ်ကို ယဇ်ပူဇော်လိုက်တာ ဖြစ်ဖို့ များသည်။
ဒါဆိုရင် ထို မြင့်မြတ်သတ်သားတော် က... ဝိညာဉ်သုတ်သင်ခြင်းဌာနကို အမှန်တကယ်ပဲ ရှေ့တန်းကနေ နယ်ရုပ်အဖြစ် အသုံးချလိုက်တာပေါ့။