← Chapters

အခန်း (၁၅၇၉-၁၅၈၀)

Vol. 158 Ch. 1579-1580

အခန်း (၁၅၇၉-၁၅၈၀)

Vol. 158 Ch. 1579-1580

အခန်း (၁၅၇၉) - မိန်းကလေး... ခဏလောက်စောင့်ပါဦး

"ဝိညာဉ်သုတ်သင်ခြင်းဌာနရဲ့ အဆင့် ၁ မသေမျိုးတွေလား၊ ဒါဆိုရင် နယ်မြေအသီးသီးက ဌာနမှူးတွေပေါ့ ဟုတ်လား"

နင်ပေ့ယို အနည်းငယ် အံ့အားသင့်သွားရသည်။ သူကိုယ်တိုင်လည်း ဌာနမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ရာ ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် မိမိတို့ အုပ်ချုပ်သည့် နယ်မြေအသီးသီးတွင် မည်မျှ အရေးပါကြောင်း ကောင်းစွာ သိရှိထားသည်။

အကယ်၍ အဆင့် ၁ မသေမျိုးသာ ဆိုပါက သူတို့ရှိနေသည့် နယ်မြေတွင် ရင်ဆိုင်ရမည့် ရန်သူမှာလည်း အလွန်ဆုံး အဆင့် ၁ ထက် မပိုနိုင်ချေ။ သို့ပါလျက်နှင့် အဘယ်ကြောင့် အကြောင်းမဲ့ သက်သက် ပျောက်ဆုံးသွားရသနည်း။

"ဟုတ်တယ်၊ အဲဒီဌာနမှူးတွေက ဘာသဲလွန်စမှ မထားခဲ့ဘဲ အကြောင်းမဲ့ ပျောက်ဆုံးသွားကြတာ။ နတ်ရိုသေနန်းတော် နဲ့ လျှိုဝှက်စောင့်ရှောက်ရေးဌာန ဆီကနေ သတင်းဝယ်ကြည့်ပေမဲ့လည်း ဘာမှ ထူးထူးခြားခြား မသိရဘူး"

ဟွမ်ချင်းကျွဲက ခေါင်းကို အသာအယာ ညိတ်ပြရင်း

"ဒီသတင်းကို သိပြီးကတည်းက ငါ ဌာနရဲ့ အဆင့်မြင့်လူကြီးတွေကို ပြောပြထားတယ်။ ဖြစ်နိုင်ရင် ဒီကိစ္စကို စုံစမ်းဖို့ အောက်နယ်မြေ ခြောက်ခုဆီ ငါကိုယ်တိုင် တစ်ခေါက် ပြန်သွားရဦးမယ်"

"တစ်ဖက်မှာလည်း မိစ္ဆာကပ်ဘေးတွေ ကျရောက်နေတယ်၊ တစ်ဖက်မှာလည်း ဌာနမှူးတွေ ပျောက်ဆုံးနေတယ်... ကြည့်ရတာ ဒီကိစ္စက တကယ်ပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လက်ချက် ဖြစ်ဖို့များတယ်"

နင်ပေ့ယိုက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကဲပါ... ဒါတွေကို ခဏထားလိုက်ဦး၊ မင်းအကြောင်းပဲ ပြောကြရအောင်။ မင်းရဲ့ အဖော်က ဘယ်သူလဲ အရင်က အောက်နယ်မြေ ခြောက်ခုမှာတုန်းကလည်း မင်းပြောတာ တစ်ခါမှ မကြားဖူးပါဘူး"

ဟွမ်ချင်းကျွဲက ပြုံး၍ မေးလိုက်သည်။

နင်ပေ့ယိုက အနည်းငယ် ရှက်ကိုးရှက်ကန့်ဖြင့်

"ဒါက ငါ ဒီတစ်ခါ အထက်နယ်မြေ သုံးခုကို ပြန်လာတော့မှ မိသားစုက ငါ့ကို မျိုးဆက်ကျန်ရစ်ခဲ့ဖို့ တောင်းဆိုတာနဲ့ သင့်တော်မယ့် အိမ်ထောင်ဖက်တစ်ယောက်ကို ရွေးချယ်ပေးခဲ့တာပါ။ အဆင့် ၃ မသေမျိုးတစ်ယောက်လို့ ကြားတယ်။ လူချင်းတော့ မတွေ့ရသေးဘူး၊ ထျန်းရွှေ စံအိမ်တော်က ကျင့်ကြံသူတစ်ယောက်ဆိုတာပဲ သိရသေးတယ်"

"မျက်နှာတောင် မမြင်ရသေးဘူးလား"

ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"ကိစ္စမရှိပါဘူး၊ အဆင့် ၃ မသေမျိုးအထိ ရောက်နေပြီဆိုမှတော့ ဘယ်လောက်ပဲ ရုပ်ဆိုးဆိုး သိပ်တော့ ဆိုးမှာ မဟုတ်ပါဘူး"

ဟွမ်ချင်းကျွဲက နှစ်သိမ့်လိုက်သည်။

အမျိုးသမီးကျင့်ကြံသူများမှာ ထိုအဆင့်အထိ ရောက်ရှိလာပါက ရုပ်ဆိုးသူဟူ၍ မရှိသလောက်ပင်။ ထိုသို့မဟုတ်ဘဲ အမျိုးသားကျင့်ကြံသူများသာလျှင် ရုပ်ရည်ကို ဂရုမစိုက်ဘဲ ထူးဆန်းသော ကျင့်စဉ်များကို ကျင့်ကြံရာမှ ရုပ်သွင်မှာ ထူးခြားဆန်းပြား သွားတတ်ကြခြင်း ဖြစ်သည်။

နင်ပေ့ယိုက ခပ်ဟဟ ရယ်မောလိုက်သော်လည်း စိတ်ထဲတွင် ဘာမှ မရှိချေ။

သူ့အတွက်မူ ဤလက်ထပ်ပွဲမှာ မိသားစုနှင့် ပြင်ပအင်အားစုတို့အကြား ရိုးရိုးရှင်းရှင်း အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း သာ ဖြစ်သည်။ မျိုးနွယ်စုကြီးတစ်ခုအတွက် ထိုအရာမှာ အလွန်ပင် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာ ဖြစ်၏။

နင်ပေ့ယို၏ မင်္ဂလာပွဲနှင့် မသေမျိုးအရှင် အဖြစ် တက်လှမ်းခြင်း ဂုဏ်ပြုအခမ်းအနားကို ရက်ပေါင်း ဆယ့်ငါးရက်အကြာတွင် တစ်ပြိုင်နက် ကျင်းပမည်ဖြစ်သည်။

ဖန့်ချန်သည် အကြောင်းပြချက်တစ်ခု ပေးကာ နင်ပေ့ယိုတို့ မိသားစုထံမှ ခေတ္တခွဲခွာခဲ့ပြီး နဂါးနက်လှေကို မောင်းနှင်၍ ဓားရိုးကို အရင်သွားရောက် ယူဆောင်ရန် ထွက်ခွာလာခဲ့သည်။

နာရီဝက်ခန့် ခရီးနှင်ပြီးနောက် မှန်လေးပြောပြထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာတွင် မသေမျိုးသင်္ချိုင်းတစ်ခု ရှိနေပြီး ထိုအထဲတွင် အဆင့် ၃ ဓားမသေမျိုး တစ်ဦး၏ ရုပ်ကလာပ်ကို မြှုပ်နှံထားခြင်း ဖြစ်သည်။

ထိုသူသည် အမှန်တကယ်ပင် ဓားလမ်းစဉ်တွင် အောင်မြင်မှုများ ရှိခဲ့သူဖြစ်သဖြင့်သာ ဓားရိုးကို မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်... ဤမသေမျိုးသင်္ချိုင်းမှာ ယခုအချိန်တွင် တစ်စုံတစ်ယောက်၏ ရှာဖွေတွေ့ရှိခြင်းကို ခံထားရပုံရသည်။

အင်အားစုများစွာသည် ထိုသင်္ချိုင်းအတွင်းမှ ရတနာများကို လုယူရန် တိုက်ခိုက်နေကြသည်။ အဆင့်မြင့်ကျင့်ကြံသူများ၊ အဆင့် ၁၊ အဆင့် ၂ နှင့် အဆင့် ၃ မသေမျိုးများပင် ပါဝင်နေကြ၏။ အောက်ဘက်တွင် အလွန်ပင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော်လည်း အထက်တွင် နဂါးနက်လှေ ရောက်ရှိနေသည်ကို မည်သူမျှ သတိမထားမိကြချေ။

တစ်စုံတစ်ယောက်က သင်္ချိုင်းထဲမှ ပစ္စည်းကောင်းတစ်ခုကို ရှာတွေ့လိုက်သည်နှင့် နောက်တစ်ယောက်က ထိုသူကို ချက်ချင်း သတ်ပစ်သည်။

သို့သော် ရတနာကို လုယူနိုင်သူမှာလည်း ကြာရှည် အသက်မရှင်ရပေ။ ဤကဲ့သို့သော ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များမှာ ဆက်တိုက် ဖြစ်ပွားနေသော်လည်း မသေမျိုးအဆင့်ရှိသူများမှာမူ တိုက်ရိုက် ဝင်ရောက် မတိုက်ခိုက်ကြသေးဘဲ ဖန့်ချန်ကဲ့သို့ပင် ဟင်းလင်းပြင်ထဲတွင် ရပ်တန့်ကာ အောက်ဘက်က အခြေအနေကို စောင့်ကြည့်နေကြသည်။

"ရှောင်ချန်... အဲဒီဓားရိုးကို သွားယူလိုက်ပါ၊ သူတို့တွေ မတော်တဆ ဖျက်ဆီးပစ်လိုက်တာမျိုး မဖြစ်စေနဲ့ဦး"

ဖန့်ချန်၏ မျက်လုံးများက စူးရှလှသည်။ သင်္ချိုင်း၏ အဓိက အနှစ်သာရပိုင်းကို တစ်စုံတစ်ယောက်က တူးဖော်တော့မည်ကို မြင်လိုက်ရသဖြင့် ရှောင်ချန်အား ခိုင်းစေလိုက်သည်။

ရှောင်ချန်မှာ ချက်ချင်းပင် လူသားပုံစံအဖြစ် ပြောင်းလဲလိုက်ပြီး သင်္ချိုင်းရှိရာဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပျံသန်းသွားတော့သည်။ ဤကဲ့သို့သော မိန်းကလေးငယ်တစ်ဦး ရုတ်တရက် ပေါ်လာခြင်းကို မည်သူမျှ သိပ်ပြီး ဂရုမစိုက်ကြပေ။ ကျင့်ကြံသူအသီးသီးမှာ တစ်ချက်မျှ ဝေ့ကြည့်လိုက်ရုံမှအပ အာရုံမစိုက်ကြချေ။

ဟင်းလင်းပြင်ထဲတွင် ရှိနေကြသော မသေမျိုးများသာလျှင် ရှောင်ချန်၏ ကိုယ်ပေါ်မှ ထူးခြားသော အငွေ့အသက်ကို ခံစားမိကြသဖြင့် မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။

"မိန်းကလေး... ဒီနေရာက မင်းလာရမယ့်နေရာ မဟုတ်ဘူး၊ အမြန်ဆုံး နောက်ဆုတ်သွားစမ်း"

တက်လှမ်းခြင်းအဆင့် တစ်ဦးသည် သင်္ချိုင်း၏ အနှစ်သာရပိုင်းနှင့် နီးကပ်နေပြီဖြစ်ရာ ရှောင်ချန် လျှောက်လာသည်ကို မြင်သောအခါ အော်ဟစ်တားဆီးလိုက်သည်။

"ငါက ပစ္စည်းတစ်ခုပဲ ယူမှာပါ၊ တခြားဟာတွေကို စိတ်မဝင်စားဘူး၊ အားလုံး မင်းတို့ပဲ ယူကြပါ"

ရှောင်ချန်က ဘာကိုမှ ဂရုမစိုက်ဘဲ ပြောပြီးနောက် သင်္ချိုင်းအနှစ်သာရပိုင်းဆီသို့ ဆက်လက် တိုးကပ်သွားသည်။

"ပြောတာကို မကြားဘူးလား"

ထိုကျင့်ကြံသူသည် မျက်နှာပျက်သွားပြီး တိုက်ခိုက်မည် အလုပ်တွင် အခြားသော ကျင့်ကြံသူတစ်ဦး အနားသို့ ရောက်လာကာ ရှောင်ချန်ကို ပေါ့ပေါ့ပါးပါးပင် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ထိုအပြုအမူမှာ လမ်းသွားရင်း ပုရွက်ဆိတ်တစ်ကောင်ကို မတော်တဆ နင်းသတ်လိုက်သကဲ့သို့ အမှုမဲ့အမှတ်မဲ့ပင်။

သို့သော် အားလုံးက ဂရုမစိုက်ခဲ့ကြသော ထိုမိန်းကလေးငယ်မှာ ခေါင်းကို မော့ကာ ထိုကျင့်ကြံသူကို တစ်ချက် ကြည့်လိုက်ရုံသာ ရှိသေးသည်။

သူမ၏ မျက်လုံးထဲတွင် ခုနစ်ရောင်ခြည် အလင်းတန်းများ လှည့်ပတ်သွားပြီးနောက် မမြင်နိုင်သော ဓားဝိညာဉ်အငွေ့အသက် တစ်ခုက ထိုကျင့်ကြံသူ၏ နဖူးတည့်တည့်ကို ဖောက်ထွက်သွားတော့သည်။

ကျင့်ကြံသူမှာ ဘုန်းခနဲ မြေပေါ်သို့ လဲကျသွားပြီး ဝိညာဉ်မှာမူ ဘာဖြစ်သွားမှန်း မသိဘဲ ထိုနေရာတွင် ငိုင်တိုင်တိုင် ရပ်ကျန်ခဲ့လေသည်။

ခုနက လှုပ်ရှားမည်ပြင်နေသော ကျင့်ကြံသူမှာ သူ၏ အပြုအမူကို ချက်ချင်း ရပ်တန့်လိုက်ပြီး အလိုအလျောက်ပင် ဘေးသို့ ဆုတ်ပေးလိုက်ရသည်။ အနီးနားရှိ အခြားသော ကျင့်ကြံသူများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး မည်သူမျှ ရှောင်ချန်အား ဆက်လက်၍ မနှောင့်ယှက်ဝံ့ကြတော့ပေ။

သာမန်ကျင့်ကြံသူများပင် ဤမျှ ဖြစ်နေပါက သင်္ချိုင်းအတွင်းရှိ ကျန်ရှိသော ကျင့်ကြံသူများမှာမူ ပြောနေစရာပင် မလိုတော့ချေ။ သူတို့မှာ ရှောင်ချန်က သင်္ချိုင်း၏ အနှစ်သာရပိုင်းကို ဖွင့်လိုက်ပြီး ရုပ်ကလာပ် တစ်ခု ပေါ်လာသည်ကိုသာ ကြောင်ကြည့်နေကြရတော့သည်။

ရုပ်ကလာပ်၏ အနားတွင် ဘာရတနာမှ မရှိပေ၊ သူ၏ ရှေ့တွင်မူ တောက်ပသော နတ်အလင်းတန်းများ ဖြာထွက်နေသည့် အရိုးစ အပိုင်းအစလေး တစ်ခုသာ ရှိသည်။

ရှောင်ချန်က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ အရိုးစအပိုင်းအစမှာ သူမ၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိလာသည်။

ဓာတ်ငါးပါးနတ်ဘုရားဓား ဖြစ်သည့် သူမအတွက်မူ ဤဓားရိုးထဲတွင် ပါဝင်နေသော အလွန်ပင် ကြီးမားလှသည့် ဓားနယ်ပယ်စွမ်းအား ကို အလိုအလျောက် ခံစားမိနေသည်။

"ဒါပါပဲ"

ရှောင်ချန်က ပြုံးလိုက်ပြီး သင်္ချိုင်းမှ ထွက်ခွာရန် ပြင်လိုက်သည်။

"မိန်းကလေး... ခဏလောက်စောင့်ပါဦး"

အဆင့် ၁ မသေမျိုး တစ်ဦးသည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကာ ရှောင်ချန်အား လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"ဘာကိစ္စလဲ ငါ ဒါကလွဲရင် တခြားဘာမှ မယူဘူးလေ"

ရှောင်ချန်က ထိုသူကို ကြည့်ကာ မေးလိုက်သည်။

"ဒီပစ္စည်းက... ငါတို့ အရင်တွေ့ထားတာမို့လို့၊ မိန်းကလေးအနေနဲ့ ဒါကို ထားခဲ့ပေးရင် မကောင်းဘူးလား"

ထိုအဆင့် ၁ မသေမျိုးမှာ အခြေအနေကို အကဲခတ်ရင်း ခပ်ဖြည်းဖြည်းပင် ပြောဆိုလိုက်သည်။

"ဒါတော့ မရဘူး၊ ဖန့်ချန် လိုချင်တာက ဒါပဲလေ"

ရှောင်ချန်က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် နဂါးနက်လှေရှိရာဆီသို့ ပျံသန်းသွားတော့သည်။ ထိုအဆင့် ၁ မသေမျိုးမှာ နဂါးနက်လှေကို မမြင်ရသဖြင့် ရှောင်ချန် ထွက်သွားတော့မည်အထင်နှင့် ချက်ချင်းပင် တိုက်ခိုက်ရန် ပြင်လိုက်သည်။

ကြီးမားလှသော မသေမျိုးစွမ်းအား များ လှုပ်ခတ်သွားသဖြင့် အနီးနားရှိ ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်ကာ အသက်ရှူပင် ကျပ်သွားကြပြီး မျက်နှာများမှာ နာကျင်မှုကြောင့် ညှိုးနွမ်းကုန်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဆင့် ၁ မသေမျိုး၏ စွမ်းအားမှာ သူတို့အပေါ်တွင် တောင်ကြီးတစ်လုံးသဖွယ် ဖိနှိပ်ထားသောကြောင့် ဖြစ်သည်။

ထိုစဉ် ရှောင်ချန်၏ ကိုယ်ပေါ်တွင် ခုနစ်ရောင်ခြည် အလင်းတန်းများ လှည့်ပတ်လာသည်။

သူမ တိုက်ခိုက်ခြင်း မပြုရသေးမီမှာပင် ထိတ်လန့်စရာကောင်းလှသော ဓားဝိညာဉ်စွမ်းအား ကြောင့် လူတိုင်းမှာ ဦးရေပြားများ ထုံကျင်သွားကြရသည်။

တိုက်ခိုက်ရန် ပြင်နေသော အဆင့် ၁ မသေမျိုး၏ အပြုအမူမှာလည်း ချက်ချင်းပင် တောင့်ခဲသွားသည်။ သူသည် ရှောင်ချန်၏ ကိုယ်ပေါ်မှ အလွန်ပင် ထူးခြားဆန်းပြားလှသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ ဤအငွေ့အသက်မျိုးကို... သူသည် စီနီယာ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ ကိုယ်ပေါ်တွင် မြင်တွေ့ဖူးခဲ့သည်။

ဒါက အဲဒီစီနီယာရဲ့ ဝိညာဉ်ရတနာ ပဲ

ဒီမိန်းကလေးက ဝိညာဉ်ရတနာ လူသားပုံစံ ပြောင်းလဲထားတာလား

ဒါဆိုရင် သူမရဲ့ သခင်က...

ထိုထိတ်လန့်ဖွယ် အငွေ့အသက်မှာ အဆင့် ၁ မသေမျိုးကိုသာ တုန်လှုပ်စေသည် မဟုတ်ပေ။

ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေကြသော မသေမျိုး ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာလည်း အသီးသီး ထွက်ပေါ်လာကြရတော့သည်။

အဆင့် ၃ မသေမျိုး နှစ်ဦးပင်လျှင် ချွင်းချက်မရှိ ထွက်လာကြရသည်။

"ဘယ်လိုဖြစ်ပြီး လူတွေ ဒီလောက်တောင် များနေတာလဲ "

ပထမဆုံး ထွက်ပေါ်လာသော အဆင့် ၁ မသေမျိုးမှာ လုံးဝကို ဆွံ့အသွားရသည်။ သူက ဤနေရာတွင် မသေမျိုးဆို၍ သူတစ်ဦးတည်းသာ ရှိသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ရှောင်ချန်ကမူ ထိုသူများကို အရေးမစိုက်ဘဲ နဂါးနက်လှေပေါ်သို့ ပျော်ပျော်ရွှင်ရွှင် ပြန်တက်သွားကာ ဓားရိုးကို ဖန့်ချန်အား ပေးလိုက်သည်။ ဖန့်ချန်က သူမကို ချီးကျူးစကား ဆိုလိုက်ပြီးနောက် နဂါးနက်လှေကို မောင်းနှင်၍ ထိုနေရာမှ ထွက်ခွာသွားတော့သည်။

ထိုအချိန်မှသာ အောက်ဘက်က လူအားလုံးမှာ အထက်တွင် မသေမျိုးလှေတစ်စင်း ရှိနေသည်ကို သတိထားမိကြတော့သည်။

"ခုနက မိန်းကလေးက... ဝိညာဉ်ရတနာတစ်ခု ဖြစ်လိမ့်မယ်..."

အဆင့် ၃ မသေမျိုးတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဝိညာဉ်ရတနာတစ်ခုတောင် ဒီလောက် စွမ်းအားကြီးနေမှတော့ သူ့ရဲ့ သခင်ကဆိုရင်..."

သူနှင့် ကျန်ရှိသော အဆင့် ၃ မသေမျိုးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘာစကားမှ ဆက်မပြောနိုင်ဘဲ ဆွံ့အကျန်ရစ်ခဲ့ကြလေတော့သည်။

အခန်း (၁၅၈၀) - တိုက်ဆိုင်လိုက်တာ... ငါ့မျိုးရိုးကလည်း ဝမ် ပဲ

ဓားရိုးကို ရရှိပြီးနောက် ဖန့်ချန်သည် ၎င်းကို ပီဖူသဲထဲသို့ ထည့်သွင်းရန် ကြိုးစားကြည့်သော်လည်း ပုံမှန်ဆေးဖက်ဝင်အပင်များကဲ့သို့ပင် ထိုသို့သော ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်၍မရသည်ကို တွေ့ရှိလိုက်ရသည်။

ဤသို့ဆိုလျှင် ဓားရိုးကို ယင်လောကလမ်းကြောင်း မှတစ်ဆင့် ပြန်သယ်သွား၍ မရနိုင်တော့ဘဲ လင်လုံကြယ်တာရာ ဘက်မှာတင် အဆင့် ၃ ဓားမသေမျိုးအဖြစ် အဆင့်တိုးမြှင့်ရန်သာ ရွေးချယ်စရာ ရှိတော့သည်။

'ရှောင်ယွီက အခုဆိုရင် အသက် ၁၅ နှစ် ၁၆ နှစ်လောက် ရှိနေလောက်ပြီ။ ငါပြန်ရောက်တဲ့အထိ... သစွာပန်းကျေးရွာမှာ ရှိနေပါဦးမလား မသိဘူး'

ထိုသို့ တွေးတောနေစဉ် ဖန့်ချန်သည် ရုတ်တရက် ခေါင်းကိုမော့ကာ ဝေးကွာသော ဟင်းလင်းပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။

ဝိုးတဝါးနှင့် စိတ်ကူးယဉ်ဆန်လှသော ဧရာမတောင်ကြီးတစ်လုံးသည် ဟင်းလင်းပြင်ထဲတွင် အလွန်ထင်ရှားစွာ မားမားမတ်မတ် ရပ်တည်နေသည်။ သို့သော် ဤလောကတွင် အနည်းငယ်သော တည်ရှိမှုများသာလျှင် ထိုတောင်ကြီးကို မြင်တွေ့နိုင်သည်။

"ဟေး... နောက်ဆုံးတော့ ဒီနေရာကို ရှာတွေ့ပြီပဲ..."

လုံးဝန်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် ပုဂ္ဂိုလ်တစ်ဦးသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ရောက်ရှိလာပြီး ထိုတောင်ကြီးရှေ့တွင် ရပ်ကာ ဟိုကြည့်ဒီကြည့်ဖြင့် တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေလေသည်။

ဖန့်ချန်၏ စိတ်အာရုံမှာ လှုပ်ခတ်သွားသည်။ ဤသူသည်လည်း ထိုတောင်ကြီးကို မြင်နေရသည်လား။

သူသည် မိမိ၏ အငွေ့အသက်ကို ထိန်းချုပ်လိုက်ပြီး နဂါးနက်လှေကို ဟင်းလင်းပြင်အတွင်း ပုန်းကွယ်နေစေလိုက်သည်။

ထိုဝဖြိုးသော အမျိုးသားသည် ခရမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး ဝတ်ရုံပေါ်ရှိ အငွေ့အသက်များမှာ အလွန်ပင် ဆန်းကြယ်လှသည်။ ၎င်း၏အဆင့်အတန်းမှာ မနိမ့်ကျဘဲ ထိပ်တန်းအဆင့် ၃၀၀ စာရင်းဝင်မဟုတ်သော ဝိညာဉ်ရတနာ တစ်ခု ဖြစ်နိုင်ပေသည်။

ထိုသူသည် ခဏမျှ တတွတ်တွတ် ရေရွတ်ပြီးနောက် စိမ်းမြမြအရာတစ်ခုကို ထုတ်ယူကာ ထိုတောင်ကြီးဆီသို့ ပစ်ပေါက်လိုက်သည်။

'အစီရင်ဗဟိုချက်...'

ဖန့်ချန်၏ မျက်နှာတွင် အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။

ယခုမူ ထိုဝဖြိုးသော အမျိုးသားသည် သူကဲ့သို့ပင် စိတ်ကူးယဉ်တောင်ကြီးကို မြင်တွေ့နိုင်သည်ဟု အတည်ပြုနိုင်သွားပြီဖြစ်သည်။

ထို့ပြင် အစီရင်ဗဟိုချက်နှင့် ကောင်းကင်ဘုံသွေးကို အသုံးပြု၍ ဤနေရာရှိ တားမြစ်ချက်များကို ချိုးဖျက်ရမည်ဟူသော နည်းလမ်းကိုလည်း သိရှိနေသည်။

'ဒါတွေအားလုံးကို သိနေတယ်ဆိုမှတော့ ထိုကိစ္စကိုလည်း သိနေမှာပဲ။ ဒါဟာ အမှန်တရားကို သိမြင်ထားတဲ့သူပဲ၊ လောကရဲ့ သံသရာအမှန်တရားကို သိထားတဲ့သူပဲ'

ဖန့်ချန်၏ စိတ်ထဲတွင် အလွန်ပင် သိလိုစိတ် ပြင်းပြလာသည်။

ထိုလူအား ဆက်လက်စောင့်ကြည့်နေသော်လည်း ဖန့်ချန်၏ ဝိညာဉ်စွမ်းအားနှင့်ပင် ထိုသူ၏ ကျင့်စဉ်အဆင့်မှာ မည်သည့်အဆင့် ရှိသည်ကို ခွဲခြား၍မရချေ။

'ယန်နတ်ဘုရားလား ဒါပေမဲ့ အငွေ့အသက်က ယန်နတ်ဘုရားနဲ့တော့ မတူပြန်ဘူး။ ဒါမှမဟုတ် ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို ဟန့်တားနိုင်တဲ့ ထူးခြားတဲ့ ရတနာတစ်ခုခု ဝတ်ဆင်ထားတာလား'

ဖန့်ချန် အနည်းငယ် အံ့သြသွားရသည်။ ဤဝဖြိုးသော အမျိုးသား ပေါ်လာခြင်းသည် သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။ တစ်ဖက်လူမှာ အလွန်ထူးခြားပြီး ရိုးရှင်းသောဇာတ်ကောင် မဟုတ်ပေ။

'အစီရင်ဗဟိုချက် တစ်ခုတော့ သက်သာသွားတာပေါ့'

ဖန့်ချန်၏ မျက်လုံးထဲတွင် ပြုံးယောင်သန်းသွားသည်။ တားမြစ်ချက် တစ်နေရာကို ပိုမိုဖြိုခွဲနိုင်ရုံသာမက လောကကြီးတွင် သူနှင့် ဝမ်ချုံစန်းအပြင် အထက်နယ်မြေသုံးခု၏ တားမြစ်ချက်များကို ဖယ်ရှားရန် ကြိုးစားနေသူများ ရှိသေးကြောင်း သူ အတည်ပြုလိုက်နိုင်သည်။

ထိုဝဖြိုးသော အမျိုးသားတွင် ထူးခြားသော နည်းလမ်းများ ရှိပုံရသည်။ ကောင်းကင်ဘုံသွေးသည် တောင်ကြီးအတွင်းသို့ ပျော်ဝင်သွားပြီး အပိတ်အဆို့ အစီရင်စာလုံးများကို အရည်ပျော်စေချိန်တွင် သူသည် မကြာခဏဆိုသလို မသေမျိုးစွမ်းအား များကို ထည့်သွင်းပေးကာ အရည်ပျော်နှုန်းကို မြန်ဆန်အောင် ပြုလုပ်နေသည်။

နာရီဝက်မျှ ကြာပြီးနောက်တွင် အပိတ်အဆို့များမှာ လုံးဝဥဿုံ ပွင့်သွားတော့သည်။

ဖန့်ချန်၏ စိတ်ထဲတွင် တစ်ခုခုကို အာရုံခံမိလိုက်ရာ ပတ်ဝန်းကျင်တွင် ပါးလွှာသော မြူနှင်းများ ဖုံးလွှမ်းလာသည်။

ဤသည်မှာ ထိုနေရာရှိ မရဏလမ်း ပွင့်သွားပြီဖြစ်ကြောင်း ပြသနေခြင်းဖြစ်သည်။

နောင်တွင် ထိုနေရာ၌ သေဆုံးသော ဝိညာဉ်များသည် မရဏလမ်းမှတစ်ဆင့် ယင်လောကသို့ ပြန်လည်ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။

ခရမ်းရောင်ဝတ်ရုံနှင့် လူသည် တားမြစ်ချက်ကို ဖြိုခွဲပြီးနောက် သူ၏ပတ်ဝန်းကျင်တွင် တားမြစ်အစီရင်တစ်ခု ချက်ချင်းချလိုက်ပြီး ဝိညာဉ်ခေါ်မီးအိမ် ကို ထုတ်ကာ ယင်လောကသို့ ကူးပြောင်းခြင်း ကို စတင်လိုက်သည်။ သူ၏ ဝိညာဉ်သည် မရဏလမ်းထဲသို့ ဝင်ရောက်သွားသည်ကို ဖန့်ချန် ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။

"ရှောင်ချန်... ဓားရိုးကို မင်းပဲ ခဏသိမ်းထားပေးပါ။ ဒီမှာ ခဏစောင့်နေဦး၊ ငါ သွားစရာရှိတာ သွားပြီးရင် ချက်ချင်းပြန်လာခဲ့မယ်"

ဖန့်ချန်သည် ဓားရိုးကို ရှောင်ချန်အား ပေးလိုက်ပြီးနောက် ခန္ဓာကိုယ်နှင့်တကွ ယင်လောကသို့ ကူးပြောင်းကာ မြူဖြူများအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ရှုပ်ထွေးလှသော မရဏလမ်းပေါ်တွင် ဖန့်ချန် ခဏမျှ လျှောက်လှမ်းပြီးနောက် ခရမ်းရောင်ဝတ်ရုံနှင့် လူကို တွေ့လိုက်ရသည်။ သိသာသည်မှာ ထိုလူကလည်း သူ့ကို မြင်သွားခြင်းပင်။

"အာ... ဒီနေရာက ဘယ်နေရာလဲ"

ထိုလူသည် ဟန်မပျက်ဘဲ ဖန့်ချန်အား ကြည့်ကာ ဝေခွဲမရသည့် အမူအရာဖြင့် မေးလိုက်သည်။

"ငါလည်း မသိဘူး၊ ငါသေသွားပြီ ထင်တယ်..."

ဖန့်ချန်ကလည်း ထိုနည်းတူပင် ဝေခွဲမရသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။ နှစ်ဦးသား တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေရင်းမှ ရုတ်တရက် တစ်ယောက်နှင့်တစ်ယောက် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာလိုက်ကြသည်။

"မင်းကိုယ်ပေါ်မှာ ယင်လောကကူးသူ ရဲ့ အငွေ့အသက်က ဒီလောက် ထင်ရှားနေတာကို ဘာတွေ ဟန်ဆောင်နေတာလဲ "

ဖန့်ချန်နှင့် ထိုဝဖြိုးသော လူတို့သည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"မိတ်ဆွေ... ပွင့်ပွင့်လင်းလင်းပဲ လုပ်ကြရအောင်၊ ဖုံးဖုံးဖိဖိ လုပ်မနေပါနဲ့။ ငါတို့အားလုံးက ယင်လောကကူးသူတွေပဲလေ၊ ငါက မင်းကို ဒုက္ခပေးမှာ ကြောက်နေတာလား "

ထိုလူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ဖန့်ချန်က ပြုံးလိုက်ပြီး

"မင်းက အရင်စပြီး ဟန်ဆောင်တာလေ"

ထိုလူသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"ငါ့နာမည်က ဝမ်ချုံစန်း တဲ့၊ မင်းနာမည်က ဘယ်သူလဲ "

ဖန့်ချန်သည် ခဏမျှ စဉ်းစားလိုက်ပြီး အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

"တိုက်ဆိုင်လိုက်တာ... ငါ့မျိုးရိုးကလည်း ဝမ် ပဲ၊ ငါ့နာမည်က ဝမ်ကျိလုံ တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်းလောက်က ငါတို့တွေက ဆွေမျိုးတွေ ဖြစ်ခဲ့ရင် ဖြစ်မှာပေါ့"

တစ်ဖက်လူသည် ဝမ်ချုံစန်း အစစ်အမှန် ဖြစ်နိုင်စရာ မရှိပေ။

အကယ်၍ အစစ်အမှန်သာ ဆိုလျှင် ယခင်က ရုလိုင်ကျောင်းတော် ရဲ့ အမာခံတပည့်နောက်က လုံရှန့်အကြီးအကဲ ကဲ့သို့ပင် သူ့ကို မြင်သည်နှင့် ချက်ချင်း မှတ်မိရမည်ဖြစ်သည်။ ကိုယ်ပွားများ၏ မှတ်ဉာဏ်များမှာ အပြန်အလှန် ချိတ်ဆက်နေသောကြောင့် ဖြစ်၏။

ထို့ကြောင့် ဤဝဖြိုးသော လူသည် အမည်တုကို ပေးနေခြင်းမှာ ထင်ရှားသော်လည်း ၎င်းသည် ဝမ်အိုကြီး ကို သိနေကြောင်းကိုမူ ဖန့်ချန်အား သွယ်ဝိုက်သောနည်းဖြင့် သိစေလိုက်သည်။

ထို့ပြင် သူနှင့် ဝမ်အိုကြီးသည် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်ပြီး တားမြစ်ချက်ဖြိုခွဲသည့် နည်းလမ်းမှာလည်း ဝမ်အိုကြီးထံမှ သင်ယူထားခြင်း ဖြစ်နိုင်ပေသည်။

'ဝမ်အိုကြီး လူ့လောကနယ်ပယ် ကိုးခုမှာ ချန်ထားခဲ့တဲ့ အကွက်တွေက တကယ်ကို ရေတွက်လို့ မရနိုင်အောင်ပါပဲလား၊ ဒီအချက်မှာတော့ ငါ သူ့ကို မယှဉ်နိုင်ဘူး'

ဟု ဖန့်ချန် စိတ်ထဲတွင် ကျိတ်၍ တွေးလိုက်သည်။

"ဝမ်ကျိလုံ အင်း... ဒါဆိုရင် ကျိလုံမိတ်ဆွေ၊ မင်း ဒီတစ်ခေါက် ယင်လောကကို ကူးလာတာ ဘာရည်ရွယ်ချက် ရှိလို့လဲ "

ထိုလူက ပြုံး၍ မေးသည်။

"ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ ရုတ်တရက် စိတ်ကူးပေါက်လို့ ကူးလာတာပါ"

ဖန့်ချန်က ပြန်ပြောလိုက်သည်။

"မင်း သတိမထားမိဘူးလား ဒီနေရာက အရင်က ယင်လောကကို ကူးလို့မရဘူးလေ၊ အခုမှ တိုက်တိုက်ဆိုင်ဆိုင် ကူးလို့ရသွားတာနဲ့ မင်းက ရောက်လာတယ်။ ဒါကို တိုက်ဆိုင်မှုလို့ ပြောရင်တော့ ငါ သိပ်မယုံချင်ဘူး"

ထိုလူက အဓိပ္ပာယ်ပါပါ ပြုံးလျက် ဆိုသည်။

"အခုမှ တိုက်တိုက်ဆိုင်ဆိုင် ကူးလို့ရသွားတာလား"

ဖန့်ချန်၏ အမူအရာ လှုပ်ခတ်သွားပြီး အံ့သြဟန်ဖြင့်

"ဒါက အခုမှ ကူးလို့ရသွားတာမှန်း မင်းက ဘယ်လိုလုပ် သိတာလဲ ငါက ဒီနေရာကို ဖြတ်သွားရင်း အပျော်စမ်းကြည့်လိုက်တာပဲလေ။ မင်းက ဒီကိစ္စကို ဒီလောက် အသေးစိတ် သိနေတယ်ဆိုတော့... ဒီနေရာ ယင်လောကကူးလို့ ရသွားတာက မင်းနဲ့ ပတ်သက်နေတာလား "

"ငါနဲ့ ဘာဆိုင်လို့လဲ၊ မင်း အများကြီး တွေးနေပြီ"

ထိုလူက ဟန်မပျက် ငြင်းဆိုလိုက်ပြီးနောက် သူ၏ အကြည့်များက ဖန့်ချန်၏ နောက်ကျောဘက်သို့ ရုတ်တရက် ကျရောက်သွားသည်။

"လူတွေ လာနေပြီ"

ဖန့်ချန်သည် လှည့်မကြည့်ဘဲနှင့်ပင် မရေမတွက်နိုင်သော ဝိညာဉ်များ၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။

သူ၏ နောက်ကျောဘက်တွင် သိပ်သည်းလှသော ဝိညာဉ်များစွာမှာ အဆုံးမရှိအောင် ရှိနေသည်။

အချို့မှာ အမူအရာ မရှိ၊ အချို့မှာ ဝေခွဲမရသည့် မျက်လုံးများဖြင့် ဖြစ်ပြီး အချို့မှာမူ အသက်မဲ့သော ရုပ်သေးရုပ်များအလား ဖြစ်နေသည်။

ထို့ပြင် အချို့သော ဝိညာဉ်များက ဘာတွေ ဖြစ်ပျက်နေသလဲဟု ဘေးပတ်ဝန်းကျင်က ဝိညာဉ်များကို လိုက်လံ မေးမြန်းနေကြသည်ကိုလည်း တွေ့ရသည်။

"မိတ်ဆွေ... သူတို့တွေက သာမန်ဝိညာဉ်တွေပဲ၊ ဂရုမစိုက်ပါနဲ့။ ငါတို့တွေ ရှေ့ဘက်ကို ဆက်သွားပြီး ကြည့်ကြမလား "

ထိုလူက ဖိတ်ခေါ်လိုက်သည်။

"ကောင်းပြီလေ"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

ခဏအကြာတွင် နှစ်ဦးသားသည် ဝမ့်ချွမ်းမြစ် ရှေ့သို့ ရောက်ရှိလာကြသည်။ ဖန့်ချန်သည် ကျူးလုံ တစ်ကောင် လူသားတွေ နားမလည်နိုင်သော အရှိန်ဖြင့် ဝမ့်ချွမ်းမြစ်ကို ဖြတ်သန်းကာ ထိုဘက်သို့ လာနေသည်ကို အာရုံခံမိလိုက်သော်လည်း သူက သတင်းစကား တစ်ခု ပို့လိုက်ကာ ၎င်းအား လောလောဆယ် လူလုံးမပြရန် တားဆီးလိုက်သည်။

ဤဝဖြိုးသော လူ၏ နောက်ကြောင်းကို သေချာ မသိရသေးမီတွင် ဖန့်ချန်သည် မိမိနှင့် ပတ်သက်သော ကိစ္စများကို အသိပေးမည် မဟုတ်ပေ။ သိသွားလျှင်ပင် သူ့ကို ပြောပြမည် မဟုတ်ချေ။

'မိစ္ဆာကပ်ဘေး ကျရောက်လာတယ်၊ ပြီးတော့ ငါ လင်လုံကြယ်တာရာကို ရောက်လာတယ်၊ အခုတော့ ဝမ်အိုကြီးကို သိတဲ့ လူတစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တိုးတယ်...'

ဖန့်ချန်သည် ထိုလူအား အကဲခတ်ကြည့်ရင်း သူ၏ စိတ်ထဲတွင် ထိုသူကို မသင်္ကာစရာကောင်းတဲ့သူ ဟုသတ်မှတ်လိုက်သည်။ တစ်ဖက်လူမှာ မိမိလူ ဟုတ်မဟုတ် ဆိုသည်မှာ လောလောဆယ် အဖြေမရှိသေးချေ။

"မင်း ငါ့ကို ကြည့်နေတဲ့ အကြည့်တွေကို နည်းနည်းလောက် ထိန်းလို့ မရဘူးလား "

ခရမ်းရောင်ဝတ်ရုံနှင့် လူက ဖန့်ချန်အား တစ်ချက် စောင်းကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ပွတ်သပ်ကာ

"ငါတို့ကို လာကြိုမယ့်သူ ရှိမလား မသိဘူး၊ လာကြိုမယ့်သူ မရှိရင်တော့ ငါတို့ ဒီမှာပဲ ငိုင်တိုင်တိုင် ထိုင်ကြည့်နေရတော့မှာပဲ"

"မင်း ကူးခတ်ကြည့်ဖို့ ကြိုးစားလို့ ရတာပဲ၊ အခု ဝမ့်ချွမ်းမြစ်က အရင်ကနဲ့ မတူတော့ဘူး ဖြစ်ရင်ဖြစ်မှာပေါ့"

ဖန့်ချန်က အကြံပြုလိုက်သည်

"တကယ်လို့ မင်းသာ တစ်ဖက်ကမ်းကို ကူးနိုင်သွားရင် တကယ့်ကို ပစ္စည်းကောင်းတွေ ရနိုင်တယ်၊ ဥပမာ ယင်သက်တမ်း အများကြီးပေါ့။ အဲဒီအချိန်ကျရင် မင်းက အဲဒီယင်သက်တမ်းတွေနဲ့ လှေတစ်စင်း ဖန်တီးပြီး ငါ့ကို လာကြိုလို့ ရတာပေါ့"

သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်အပြည့်နှင့် အားပေးတိုက်တွန်းသည့် အမူအရာတို့ ပေါ်လွင်နေလေတော့သည်။

All Chapters