အခန်း (၅၈၇-၅၈၈)
Vol. 30 Ch. 587-588
အပိုင်း (၅၈၇) မီယွမ်မိုးသစ်တော
"လင်းယွမ်... ထိုက်ယန်တောင်က လင်းယွမ်ပဲ"
"ကျွန်တော်တို့က ထိုက်ယန်တောင်ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ တိုင်ပင်နေတုန်း... သူက ရုတ်တရက်ကြီး ပေါ်လာတာ"
"အဲ့ဒီ မိစ္ဆာကောင်က စစ်တပ်က ယွမ်ရှီကျဲနဲ့ တင်းဟွေယိတို့ကို သတ်လိုက်တယ်... ပြီးတော့ ရေနတ်ဘုရားဂိုဏ်း၊ သန့်စင်ရေစင်တပ်ဖွဲ့က တပ်မှူး လျန်လုံကိုလည်း သတ်ပစ်ခဲ့တာ... ကျွန်တော်တို့ မြေသြဇာဌာနက ခေါင်းဆောင် ရှီလျန်ဟိုင်တောင် သူ့လက်ချက်နဲ့ သေမလိုဖြစ်သွားသေးတယ်"
"ရာသီလေးပါး ယဇ်ပုရောဟိတ်တွေလည်း အကုန်သေကုန်ပြီ... အကုန်လုံး သေကုန်ပြီဗျ"
"သူက မိစ္ဆာကောင်... သူက လူ မဟုတ်ဘူး"
"သူက ကျွန်တော်တို့ ခေါ်လာတဲ့ လူအများကြီးကိုလည်း ဝါးမျိုလိုက်ပြီး အရိပ်တွေအဖြစ် ပြောင်းပစ်လိုက်တယ်... ပြီးတော့ သူတို့ကို အရိပ်ကမ္ဘာထဲမှာ ပိတ်လှောင်ထားလိုက်တယ်"
ဆွန်းမင်က ကြောက်လန့်တကြား အော်ဟစ်နေသည်။ သူ့စကားများက ဗလုံးဗထွေး ဖြစ်နေသော်လည်း ထိုစကားစုလေးများမှတစ်ဆင့် ကျန်းဝမ်ကျင်းနှင့် ယွိပေါ်တို့က အကြောင်းစုံ အချို့ကိုတော့ နားလည်သဘောပေါက်သွားကြ၏။
ကျန်းဝမ်ကျင်းက မယုံကြည်နိုင်စွာဖြင့် "လင်းယွမ် ဟုတ်လား... ရှင်ပြောတဲ့ အဖြစ်အပျက်တွေ အားလုံးကို ထိုက်ယန်တောင်က လင်းယွမ်ဆိုတဲ့လူက လုပ်သွားတာလား" ဟု မေးလိုက်သည်။
ယွိပေါ်ကလည်း မျက်နှာတွင် အံ့သြသံသယဖြစ်မှုများ အပြည့်ဖြင့် "မင်း သေချာလို့လား... ယွမ်ရှီကျဲတောင် သေသွားပြီလား" ဟု ဝင်မေးလိုက်သည်။
"သေပြီ... အကုန်သေကုန်ပြီ... ယွမ်ရှီကျဲရဲ့ အလောင်းက အဲ့ဒီမှာ ရှိသေးတယ်"
ဆွန်းမင်က နှင်းဖြူများ ဖုံးလွှမ်းနေသော်လည်း သွေးရောင်လွှမ်းနေသည့် အဝေးမှ နှင်းပြင်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
ကျန်းဝမ်ကျင်းနှင့် ယွိပေါ်တို့ လှည့်ကြည့်လိုက်သောအခါ ထိုနှင်းပြင်ထဲတွင် မှောက်လျက်သား လဲကျနေသော ခေါင်းပြတ်အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။ ထိုအလောင်းမှာ ငန်းမွေးကဲ့သို့ ဖွေးဖြူနေသော နှင်းပွင့်ကြီးများအောက်တွင် အတော်များများ ဖုံးလွှမ်းနေပြီ ဖြစ်သည်။
သူမနှင့် ယွိပေါ်တို့လည်း အလျင်အမြန် လျှောက်သွားလိုက်ကြသည်။
ယွိပေါ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အလောင်းမှာ ချက်ချင်း လွင့်ထွက်လာသည်။
သို့သော် ဤခေါင်းပြတ်အလောင်းကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးလုံး၏ မျက်နှာများ ပျက်ယွင်းသွားကြ၏။
"ဒါ ယွမ်ရှီကျဲလား... သူ့ခေါင်းကရော" ဟု ယွိပေါ်က ထိတ်လန့်တကြား မေးလိုက်သည်။
ကျန်းဝမ်ကျင်းက ဖောင်းကားပြီး ကွဲအက်နေသော ရင်ဘတ်ကြီးကို ကြည့်ရင်း အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။
"သူ့ရင်ဘက်ထဲကို ရောက်နေတာ"
ယွိပေါ် ချက်ချင်း မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အလောင်းကို ပစ်ချလိုက်သည်။
ဤမျှ ရက်စက်ကြမ်းကြုတ်လှသော လူသတ်နည်းမှာ အမှန်တကယ်ပင် လူကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ယွိပေါ်က လက်ကိုဆန့်ကာ တစ်ချက် ခုတ်ပိုင်းလိုက်ရာ ရုတ်တရက် တိမ်မြူများက ဓားသွားအဖြစ် ပြောင်းလဲသွားပြီး အလောင်းကို ခွဲခြမ်းပစ်လိုက်သည်။
ရင်ခေါင်းထဲမှ ခေါင်းတစ်လုံး လိမ့်ထွက်လာ၏။
သို့သော် ထိုခေါင်းမှာ အလွန်အမင်း ပုံပန်းပျက်ယွင်းနေပြီဖြစ်ရာ မည်သူမည်ဝါမှန်း လုံးဝ ခွဲခြား၍ မရနိုင်တော့ပေ။
သို့တိုင်အောင် ယွိပေါ်နှင့် ကျန်းဝမ်ကျင်းတို့သည် ယွမ်ရှီကျဲနှင့် အလွန်ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသဖြင့် ခပ်ရေးရေးတော့ မှတ်မိနေသေးသည်။
ဤအလောင်းက တကယ်ပဲ ယွမ်ရှီကျဲ၏ အလောင်း ဖြစ်နေသည်တကား။
"တကယ် သူဖြစ်နေတာပဲ"
"ယွမ်ရှီကျဲ... တကယ်ကြီး သေသွားတာလား"
ကျန်းဝမ်ကျင်းက ခေါင်းလှည့်ကာ ယွိပေါ်ကို ကြည့်ရင်း မေးလိုက်သည်။ "ယွိပေါ်... ရှင် ထိုက်ယန်တောင်ကို သွားတုန်းက အဲ့ဒီ လင်းယွမ်ဆိုတဲ့လူကို တကယ် မြင်ခဲ့ရတာလား"
"သူက ဒီလောက်တောင် စွမ်းတာလား"
ယွိပေါ်လည်း ခဏတာမျှ သူ့ကိုယ်သူ သံသယဝင်သွားမိသည်။ အစက သူ မြင်တွေ့ခဲ့ရသော ထိုက်ယန်တောင်၏ ခေါင်းဆောင်မှာ မောက်မာဝင့်ကြွားပြီး သူ၏ အရှိန်အဝါမှာလည်း အမှန်တကယ်ပင် အံ့မခန်း ဖြစ်ခဲ့သည်မှာ မှန်ပါသည်။
သို့သော် ထိုလူက ယွမ်ရှီကျဲကို သတ်နိုင်လိမ့်မည်ဟု သူ ဘယ်လိုမှ မယုံကြည်ရဲပေ။
ဤယွမ်ရှီကျဲ ဆိုသည်မှာ ချိုးငှက်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အဓိက အရည်အသွေးမှတ် (၁၀၀) ကျော်လွန်နေသော အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်သည်။ ထို့ပြင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ လျှို့ဝှက်ချက် အချို့ကိုပါ နားလည်သဘောပေါက်ထားသည့် ထိပ်တန်း အစွမ်းပိုင်ရှင် တစ်ယောက် မဟုတ်ပါလော။
ဒီလိုလွယ်လွယ်လေး သေသွားခဲ့တာလား။
ဒါမှမဟုတ် ထိုက်ယန်တောင်က လင်းယွမ်ရဲ့ စွမ်းရည်က ယွမ်ရှီကျဲထက် ပိုသာနေလို့များလား။
ဒါပေမဲ့ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူသည် သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား မျက်နှာအမူအရာ ဖြစ်သွားပြီး ဤမြင်ကွင်းကို ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
သူ မယုံကြည်သည်မှာလည်း အပြစ်ဆိုစရာ မရှိပေ။ ကွမ်ဖူမြို့အတွက်တော့ ထိုက်ယန်တောင် တည်ရှိရာ မြို့သစ်ဧရိယာသည် အခြေခံအားဖြင့် နိမ့်ကျသော နေရာတစ်ခုမျှသာ ဖြစ်သည်။ ထိုက်ယန်တောင်ကို ရေလွှမ်းမိုးသွားချိန်တွင် ကွမ်ဖူစစ်တပ်သည် လူဦးရေကို စနစ်တကျ စုစည်းကာ အစွမ်းများကို စတင် လေ့လာသုတေသန ပြုလုပ်နေပြီ ဖြစ်သည်။
စွမ်းအင်ကျောက်တုံးများကိုလည်း စစ်တပ်ကပင် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သင်္ကေတအရိုးများကိုလည်း စစ်တပ်ကပင် အရင်ဆုံး စတင် သုတေသနပြုခဲ့သည်။
သင်္ကေတနည်းပညာကို လက်နက်များပေါ်တွင် အသုံးချခြင်းမှာလည်း စစ်တပ်ကပင် ပထမဆုံး တီထွင်နိုင်ခဲ့ခြင်း ဖြစ်၏။
လူဦးရေပဲဖြစ်ဖြစ်၊ သယံဇာတ အရင်းအမြစ်ပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းပဲဖြစ်ဖြစ် ဘယ်လိုပဲကြည့်ကြည့် သူတို့၏ ကွမ်ဖူစစ်တပ်က ထိုက်ယန်တောင်ထက် အဆပေါင်းများစွာ သာလွန်နေသည် မဟုတ်ပါလား။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုက်ယန်တောင်၏ ခေါင်းဆောင်တစ်ယောက်က မည်သည့်နည်းလမ်းကို အားကိုးပြီး သူတို့စစ်တပ်မှ လူများထက် ကျင့်ကြံမှုနှုန်း အများကြီး ပိုမြန်နေရသနည်း။
မှန်ပေသည်။ ယွမ်ရှီကျဲက စစ်သားတစ်ယောက်၏ သစ္စာကို ဖောက်ဖျက်ပြီး စစ်သားများ လိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်ခဲ့သော်ငြားလည်း သူက စစ်သားတစ်ယောက် ဖြစ်နေဆဲပင်။
ထို့အပြင် သူသည် သယံဇာတ အရင်းအမြစ် အများအပြားကို ပိုင်ဆိုင်ထားသော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သေးသည်။
ကျန်းဝမ်ကျင်းနှင့် ယွိပေါ်တို့ အမြင်တွင် ဘာသာရေးဂိုဏ်းကြီး သုံးခု၏ အထက်တန်းခေါင်းဆောင်များပင် ယွမ်ရှီကျဲနှင့် ယှဉ်နိုင်စွမ်း မရှိကြပေ။
ဒါဆို ထိုက်ယန်တောင်က လာတဲ့ လင်းယွမ် ဆိုတာကရော ဘာအဆင့်မို့လို့လဲ။
"သေစမ်း... တကယ်လို့ အဲ့ဒီလူက လင်းယွမ်သာ အစစ်ဆိုရင် သူက ယွမ်ရှီကျဲကို သတ်ပြီးတာတောင် ဆက်ပြီး သတ်ဖြတ်နေဦးမှာ သေချာတယ်"
"ဘာသာရေးဂိုဏ်းကြီး သုံးခုလုံးကလည်း ထိုက်ယန်တောင်နဲ့ ရန်ညှိုးကြီးကြီး ရှိနေတာဆိုတော့ သူက ဂိုဏ်းကြီးသုံးခုကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး"
ကျန်းဝမ်ကျင်းက ထိုအချက်ကို ရုတ်တရက် သတိရသွားပြီး ယွိပေါ်ကို ချက်ချင်း လှည့်ကြည့်ကာ "ယွိပေါ်... ကျွန်မ သူ့နောက်ကို အခုချက်ချင်း လိုက်သွားမယ်... ရှင် ကျွန်မအဖေနဲ့ ဦးလေးဖုန်းဆီကို အမြန် သွားအကြောင်းကြားလိုက်" ဟု ပြောလိုက်သည်။
"ဘာသာရေးဂိုဏ်းကြီး သုံးခုက ခေါင်းဆောင်တွေက အပြစ်ကြီးတယ်ဆိုပေမဲ့ သူတို့ကလည်း အမှတ် (၁၀၀) နီးပါး ရောက်အောင် မနည်း ကျင့်ကြံထားရတဲ့ လူစွမ်းကောင်းတွေပဲလေ... တကယ်လို့ သူတို့ အပြစ်ကိုချေဖျက်ဖို့ ကျွန်မတို့အတွက် ကောင်းကင်ချောက်နက်ကြီးကို စောင့်ကြပ်ပေးနိုင်မယ်ဆိုရင်လည်း ကောင်းတာပဲ"
ယွိပေါ်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် တပ်မမှူးနဲ့ တပ်မဟာမှူးဆီ ချက်ချင်း သွားအကြောင်းကြားလိုက်မယ်... ခင်ဗျားလည်း အရမ်း သတိထားဦးနော်"
ကျန်းဝမ်ကျင်းက ခေါင်းညိတ်လိုက်ပြီးနောက် မြေပြင်ပေါ်ရှိ ဆွန်းမင်ကို ဆွဲထူကာ မေးလိုက်သည်။ "လင်းယွမ် နောက်ဆုံး ဘယ်ဘက်ကို ထွက်သွားတာလဲ"
ဆွန်းမင်မှာ ကြောက်လန့်တကြားဖြင့် ရေနတ်ဘုရားဂိုဏ်း ရှိရာဘက်သို့ အလျင်အမြန် လက်ညှိုးထိုးပြပြီး "ဟိုဘက်ကို... သူ ရေနတ်ဘုရားဂိုဏ်းဘက်ကို ထွက်သွားတယ်" ဟု ပြန်ဖြေသည်။
ကျန်းဝမ်ကျင်းက ဘာမှဆက်မပြောတော့ဘဲ ချက်ချင်း ထရပ်လိုက်ပြီး "ရေနတ်ဘုရားဂိုဏ်း ဟုတ်လား... သူက ရေနတ်ဘုရားဂိုဏ်းရဲ့ ဒီရေပင်မဦးနှောက်ကို ပစ်မှတ်ထားနေတာများလား" ဟု ဆိုလိုက်သည်။
ယွိပေါ်က သတိပေးလိုက်၏။ "မကောင်းတော့ဘူး ဝမ်ကျင်း... ဒီရေပင်မဦးနှောက် ဆိုတာက ဖေးယွမ်ဟူက ကောင်းကင်ချောက်နက်သားရဲနဲ့ သမုဒ္ဒရာချောက်နက်သားရဲတွေရဲ့ ဦးနှောက်တွေကို ပြန်ပြီး ပေါင်းစပ်ဖွဲ့စည်းထားတာ... အဲ့ဒီမှာ အရမ်းကို အစွမ်းထက်တဲ့ စိတ်စွမ်းအင်တွေ ပါဝင်နေပြီး မျိုးရိုးဗီဇမျိုးစေ့ ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း အစွမ်းပိုင်ရှင်တွေကိုတောင် အလွယ်တကူ ရိုက်သွင်းနိုင်စွမ်း ရှိတယ်"
ကျန်းဝမ်ကျင်း၏ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားပြီး "ကျွန်မ အခုချက်ချင်း သွားလိုက်မယ်" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်မှာ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး မြေပြင်ပေါ်ရှိ ဆွန်းမင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရေနတ်ဘုရားဂိုဏ်း တည်ရှိရာ တိန့်ကုန်းတောင်ဘက်သို့ လျင်မြန်စွာ လိုက်သွားလေတော့သည်။
ယွိပေါ်လည်း ထိုအခြေအနေကို မြင်သော် ချက်ချင်း ထရပ်လိုက်ပြီး ဆွန်းမင်ကို မေးလိုက်သည်။ "မြေမိခင်ဂိုဏ်းကကောင်... မင်း စစ်တပ်ထဲ ဝင်ချင်လား"
ဆွန်းမင်က မော့ကြည့်လာပြီး ဝေခွဲမရဖြစ်ကာ "စစ်... စစ်တပ် ဟုတ်လား... ခင်... ခင်ဗျားတို့က ကျွန်တော့်လို လူမျိုးကို လက်ခံမှာလား" ဟု ပြန်မေးသည်။
"စိတ်ထားကောင်းဖို့ပဲ လိုတယ်... ငါတို့စစ်တပ်က ပြည်သူနဲ့ တစ်သားတည်းပဲ" ဟု ယွိပေါ်က လေးနက်စွာ ပြောလိုက်သည်။
"စစ်တပ်နဲ့ ပြည်သူ တစ်သားတည်း" ဟူသော စကားလုံးကို ရုတ်တရက် ကြားလိုက်ရချိန်တွင် ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော ကြည်နူးမှုတစ်ခုကြောင့် ဆွန်းမင်၏ မျက်ဝန်းများ ရုတ်တရက် နီရဲလာသည်။
သူက ရှိုက်ငင်ငိုကြွေးရင်း "ခင်... ခင်ဗျား ဘာပြောလိုက်တယ်"
"ငါက စစ်သားတစ်ယောက်ပဲ... ငါတို့ရဲ့ တာဝန်က ပြည်သူတွေကို ကာကွယ်ပေးဖို့ပဲ"
"မင်းမှာလည်း ဒီလို အသိတရားမျိုး ရှိတယ်ဆိုရင်တော့... ငါတို့နဲ့ ပူးပေါင်းဖို့ ကြိုဆိုပါတယ်" ယွိပေါ်က အသံကိုနှိမ့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
ဆွန်းမင်က မော့ကြည့်လိုက်ပြီး မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် "ဘာလို့လဲ... ဘာလို့ ဒီလိုအချိန်ကျမှ ခင်ဗျားက ဒီစကားတွေကို ပြောနေရတာလဲ... အရင်ကရော ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ... ရေကြီးတုန်းကရော ခင်ဗျားတို့ ဘာတွေ လုပ်နေခဲ့ကြတာလဲ" ဟု မေးလိုက်သည်။
ယွိပေါ်က သူ့ကိုကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ "တချို့ကိစ္စတွေကို မင်းတို့လို သာမန်ပြည်သူတွေက ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး... မင်း သိချင်တယ်ဆိုရင်တော့ ငါ့နောက်ကို လိုက်ခဲ့ပါ"
ထိုသို့ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လေထဲသို့ ပျံတက်သွားသည်။
ဆွန်းမင်က သူ့ခန္ဓာကိုယ်ကို အားတင်းကာ ထူမတ်လိုက်ပြီး သွားကိုက်လျက် အနောက်မှ လိုက်ပါသွားလေသည်။
သူတို့နှစ်ဦးသည် ချန်ချုံးတောင်၏ အတွင်းပိုင်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြ၏။
——
နှင်းပွင့်များ တဝဲလည်လည် ကျဆင်းနေသော ကောင်းကင်ယံတွင် လူရိပ်တစ်ခုက ဟင်းလင်းပြင်ကို လျင်မြန်စွာ ဖြတ်သန်းကာ အနောက်မြောက်ဘက်ဆီသို့ ဆက်တိုက် ပျံသန်းသွားနေသည်။
၁၀မိနစ် တောင် မပြည့်ခင်မှာတင် လင်းယွမ်က မိုင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး တိန့်ကုန်းတောင် အနီးသို့ ရောက်ရှိလာခဲ့သည်။
ယခုအချိန်တွင် တိန့်ကုန်းတောင်သည် ချန်ချုံးတောင်နည်းတူ နှင်းဖြူများဖြင့် ဖုံးလွှမ်းခံထားရသည်။
သို့သော် တိန့်ကုန်းတောင်ပေါ်တွင်မူ လူသားများ၏ လှုပ်ရှားသွားလာနေသော အရိပ်အယောင်များ ပိုမို ထင်ရှားနေပြီး တောင်ပေါ်မှ မီးခိုးငွေ့များ တလူလူ လွင့်တက်နေသည်ကို အများအပြား မြင်တွေ့နေရသည်။
လင်းယွမ်က တစ်ချက်မျှသာ ဝေ့ကြည့်လိုက်ပြီး တိန့်ကုန်းတောင်ပေါ်ရှိ ရေနတ်ဘုရားဂိုဏ်း၏ အလယ်အလတ်နှင့် အောက်ခြေအဆင့် လူများကို လုံးဝ စိတ်ဝင်စားမှု မရှိပေ။
သူ ပိုပြီး စိတ်ဝင်စားနေသည်မှာ ရေနတ်ဘုရားဂိုဏ်း၏ ရေပေါ်ကျွန်း ဖြစ်သော မီယွမ်မိုးသစ်တောပင် ဖြစ်သည်။
ထို့အပြင် လျန်လုံ၏ ခန္ဓာကိုယ်ထဲတွင် သူ့ကို အကွက်ဆင် အသုံးချချင်နေသော စိတ်စွမ်းအင် ကြယ်ရောင်စိတ်ဝိဉာဉ်ကိုလည်း စိတ်ဝင်စားနေသည်။
"အဲ့ဒီ စိတ်ဝိဉာဉ်က တကယ်တော့ ဘယ်သူလဲ... ဒီရေနတ်ဘုရားဂိုဏ်းရဲ့ အတွင်းပိုင်းမှာ ထိပ်တန်း အစွမ်းပိုင်ရှင် ရှိနေသေးတာပဲ"
"ဝီ"
လင်းယွမ်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် တုန်ခါသွားပြီး သူက အလွန် လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ တိုးထွက်သွားသည်။ တိန့်ကုန်းတောင်ကို ဖြတ်ကျော်သွားပြီးနောက် မလှမ်းမကမ်းတွင် အပြာရောင် စက်ဝန်းခြမ်းပုံစံ ဖုံးလွှမ်းထားသော ဧရာမ အစီအရင်ကြီး တစ်ခု ပေါ်လာသည်။
အစီအရင်ပေါ်သို့ နှင်းပွင့်များ ကျဆင်းလာသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အရည်ပျော်သွားကာ ရေစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး အစီအရင် အတွင်းပိုင်းသို့ စီးဝင်သွားကြသည်။
ထိုရေစီးကြောင်းများက အစီအရင်ထဲသို့ ပြန်လည် ဖြည့်တင်းဝင်ရောက်သွားပြီး စွမ်းအင် အစီအရင် အသစ်အများအပြားကို ဖြစ်ပေါ်စေကာ စီးဆင်းလှုပ်ရှားနေကြသည်။
ထိုကဲ့သို့သော အစီအရင်ကို မြင်လိုက်ရသောအခါ လင်းယွမ်က မျက်မှောင် အနည်းငယ် ပင့်လိုက်ပြီး "ဒီ အကာအကွယ်အစီအရင်က နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ... ဒီရေပေါ်ကျွန်းမှာ အရင်ကတည်းက ပါလာတာလား... ဒါမှမဟုတ် ရေနတ်ဘုရားဂိုဏ်းက လူတွေ ကိုယ်တိုင် ဖန်တီးထားတဲ့ သင်္ကေတ အစီအရင်လား ဆိုတာတော့ မသိဘူး" ဟု ရေရွတ်လိုက်သည်။
လင်းယွမ်၏ ခန္ဓာကိုယ် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး အစီအရင်၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။
သူက အစီအရင်ဆီသို့ လက်ဆန့်ကာ ဖိနှိပ်လိုက်သည်။
"ဂျွတ်"
အလွန်အေးစက်သော အအေးဓာတ်များ အမြောက်အမြား ပေါက်ကွဲထွက်လာပြီး အစီအရင် တစ်ခုလုံးမှာ လျင်မြန်စွာ အေးခဲသွားလေသည်။
ရေစီးကြောင်းများ ရပ်တန့်သွားပြီး အစီအရင်တွင် ရုတ်တရက် အားနည်းချက်များ ပေါ်လာသည်။
လင်းယွမ်က လက်သီးဖြင့် တစ်ချက် ထိုးချလိုက်၏။
"ဘုန်း"
"ဝုန်း"
ဤရေစီးကြောင်း အစီအရင်၏ အေးခဲနေသော အစိတ်အပိုင်းများမှာ ချက်ချင်း ကွဲကြေထွက်သွားပြီး ဧရာမ အပေါက်ကြီး တစ်ခု ပေါ်လာသည်။
လင်းယွမ်၏ ခန္ဓာကိုယ် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ထိုအပေါက်မှတစ်ဆင့် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ ကပ်ဘေးဆိုးကြီး မကျရောက်မီကာလက အမေဇုန် အပူပိုင်းမိုးသစ်တောကြီးနှင့် ဆင်တူသော ကျွန်းတစ်ကျွန်း ဖြစ်သည်။
နေရာအနှံ့အပြားတွင် အရွက်ကျယ်ကြီးများရှိသော သစ်ပင်များ ပြည့်နှက်နေပြီး ကောင်းကင်ယံတွင် ရေစီးကြောင်းများ စုစည်းထားသော အစီအရင်က တောက်ပသော အပြာရောင် လှုပ်ရှားနေသည့် ကောင်းကင်ခုံးကြီး တစ်ခုအဖြစ် ဖြစ်ပေါ်နေသည်။
အပြာရောင်က အတိုင်းအတာ တစ်ခုအထိ ရင့်မှိုင်းသွားသောအခါ ထိုဧရိယာတွင် မိုးဖွဲဖွဲလေးများ ရွာသွန်းလာပြီး မြေပြင်ပေါ်ရှိ သစ်ပင်များကို ရေလောင်းပေးလေသည်။
လင်းယွမ်က နှုတ်ခမ်းကို စုပ်သပ်ကာ "တကယ်ကို သာယာတဲ့နေရာလေးပဲ" ဟု ချီးကျူးလိုက်သည်။
ဤကဲ့သို့သော အစီအရင် ပါရှိသည့် မိုးသစ်တောမျိုးက သက်ရှိများ ရှင်သန်နေထိုင်ရန်အတွက် အသင့်တော်ဆုံးသော ရတနာမြေပင် ဖြစ်သည်။
အထူးသဖြင့် ဤနေရာ၏ အပူချိန်မှာ အပြင်ဘက်ထက် အများကြီး ပိုမြင့်နေသလို လင်းယွမ် ခံစားလိုက်ရသည်။ ပူနွေးသော ရာသီဥတုက လူသားများ နေထိုင်ရန် အလွန် သင့်တော်လှပေသည်။
"အပြင်ဘက်မှာ အပူချိန်က ဒီလောက်တောင် ကျဆင်းနေတာကို... ဒီနေရာက ဘာလို့ အပူပိုင်းမိုးသစ်တောရဲ့ အပူချိန်ကို ထိန်းထားနိုင်ရတာလဲ"
"ဒီအစီအရင်မှာ အအေးဒဏ်ကို ကာကွယ်နိုင်တဲ့ စွမ်းရည်များ ရှိနေတာလား"
လင်းယွမ်က အနောက်သို့ လှည့်ကာ ဧရာမ အပြာရောင် ရေစီးကြောင်း အစီအရင်ကြီးကို ကြည့်လိုက်သည်။ မူလက သူ အေးခဲရိုက်ခွဲခဲ့သော အစီအရင်မှာ ယခုအချိန်တွင် ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်သွားပြီဖြစ်ပြီး ရေစီးကြောင်းများ ပြန်လည် ဖြစ်ပေါ်ကာ ဤကျွန်းကို ဖြည်းညင်းစွာ လွှမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က ရေစီးကြောင်း အစီအရင်၏ လှည့်ပတ်စီးဆင်းနေသော ဦးတည်ရာကို သေချာစွာ စိုက်ကြည့်လိုက်ရာ ဤရေစီးကြောင်းများမှာ ဖြစ်ကတတ်ဆန်း စီးဆင်းနေခြင်း မဟုတ်ဘဲ တိကျသော စည်းမျဉ်းတစ်ခုကို လိုက်နာနေပုံရကြောင်း ခပ်ရေးရေး ခံစားလိုက်ရသည်။
"သင်္ကေတတစ်မျိုးမျိုးနဲ့လုပ်ထားတဲ့ အစီအရင်များ ဖြစ်နေမလား"
"ပေါ်"
လင်းယွမ်က ရေနတ်ဘုရားဂိုဏ်း၏ မီယွမ်မိုးသစ်တောကို အကဲခတ်နေစဉ် သစ်တောထဲမှ စူးရှသော ခရာမှုတ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ထို့နောက် မိုးသစ်တောထဲတွင် ဆက်တိုက်ဆိုသလို လှုပ်ရှားသံများ ထွက်ပေါ်လာပြီး လူအင်အား အမြောက်အမြား အပြေးအလွှား ရောက်ရှိလာပုံရသည်။
လင်းယွမ်က အောက်ဘက်ရှိ မိုးသစ်တောကို ခပ်ပေါ့ပေါ့သာ တစ်ချက် လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်ပေ။
"ဘယ်သူလဲကွ... ငါတို့ ရေနတ်ဘုရားဂိုဏ်းရဲ့ အထွတ်အမြတ်ကျွန်းကို ရဲရဲတင်းတင်း ဝင်လာရဲတာ"
တောထဲမှ လူရိပ်တစ်ခုက ရုတ်တရက် ခုန်ထွက်လာပြီး လင်းယွမ်ဆီသို့ ပြေးဝင်လာသည်။
သူ၏ အလျင်က အလွန် မြန်ဆန်လှပြီး အရိပ်တစ်ခုမျှသာ ချန်ထားရစ်ခဲ့သည်။
ကြည့်ရသည်မှာ သူ၏ အရှိန်အဝါကလည်း အလွန် အံ့မခန်း ဖြစ်နေ၏။
သို့သော် လင်းယွမ်က တစ်ချက်ပင် လှည့်မကြည့်ဘဲ အောက်ဘက်ရှိ မိုးသစ်တောဆီသို့ လက်ဝါးဖြင့် ဖြည်းညင်းစွာ တစ်ချက် ဖိချလိုက်သည်။
"ဝုန်း"
လင်းယွမ်ကို ဗဟိုပြု၍ ပေ ၁၅၀၀ ကျော် အချင်းဝက်အတွင်း ဧရာမ စိတ်စွမ်းအင် အစီအရင်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။
ဤဧရာမ စိတ်စွမ်းအင် အစီအရင်ကြီးက ဒယ်အိုးအဖုံးကြီး တစ်ခုကဲ့သို့ လင်းယွမ်၏ လက်ဟန်အောက်တွင် အောက်ဘက်သို့ ပြင်းထန်စွာ ဖိချသွားလေသည်။
"ဘုန်း"
ပြေးဝင်လာသောသူက စိတ်စွမ်းအင် အစီအရင်ပေါ်သို့ ခေါင်းနှင့် ဝင်တိုက်မိသွားရာ ချက်ချင်း သွေးများ ပန်းထွက်လာပြီး အနောက်သို့ လွင့်စင်ထွက်သွားတော့သည်။
ထိုမြင်ကွင်းမှာ ယင်ကောင်တစ်ကောင်က ဖောက်ထွင်းမြင်နိုင်သော မှန်ပြတင်းပေါက်ပေါ်သို့ မိမိကိုယ်ကိုယ် သတ်သေသည့်အလား ဝင်တိုက်မိသွားသည့် ပုံစံမျိုးပင်။
အောက်ဘက်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။
"ရန်သူ လာတိုက်တယ်"
"အင်အားကြီးတဲ့ ရန်သူ ဝင်လာပြီ"
"မြှားနဲ့ပစ်... မြှားနဲ့ပစ်"
"ဝှစ်"
အောက်ဘက်ရှိ လူများက ထိတ်လန့်ဒေါသထွက်စွာ အော်ဟစ်လိုက်ကြပြီး တပြိုင်နက်တည်း တန်ပြန်တိုက်ခိုက်ကြတော့သည်။
ရေမြှားများ၊ သစ်သားမြှားများ၊ ပေါက်ကွဲမြှားများ၊ ရွှေရောင်အလင်း မြှားများ၊ မီးလုံးများ...
အဝေးပစ် တိုက်ခိုက်မှု အမျိုးအစားပေါင်းစုံက အပြင်းအထန် ပစ်ခတ်လာကြသည်။
သို့သော် ချွင်းချက်မရှိ အားလုံးမှာ စိတ်စွမ်းအင် အစီအရင်ပေါ်သို့ ကျရောက်သွားသည်နှင့် တကွဲတပြားစီ ပေါက်ကွဲထွက်သွားကြပြီး အပြင်ဘက်တွင်သာ ပိတ်ဆို့ခံလိုက်ရသည်။
လင်းယွမ်အနားသို့ တစက်လေးမျှပင် ချဉ်းကပ်နိုင်စွမ်း မရှိကြပေ။
လင်းယွမ်က တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ ကျွန်းအတွင်းပိုင်းသို့ ဆက်လက် လျှောက်သွားလိုက်သည်။
သူ၏ အရှိန်က မမြန်ဆန်လှပေ။ သူက လမ်းလျှောက်ရင်း ဤမီယွမ်မိုးသစ်တောကြီးကို ဟိုဟိုဒီဒီ အကဲခတ်ကြည့်ရှုနေသည်။
ဤကျွန်းက သိပ်မကြီးမားလှဘဲ ကြည့်ရသည်မှာ ထိုက်ယန်တောင်နှင့် အရွယ်အစား ဆင်တူလောက်ပေသည်။
မြွေမိစ္ဆာ ဟင်းလင်းပြင် နှင့် အမှောင်ချောက်နက် ရေပေါ်ကျွန်းတို့လောက် မကြီးမားပေ။
သို့သော် ဤနေရာရှိ ဂေဟစနစ် သယံဇာတများမှာ အလွန် ကောင်းမွန်လွန်းလှသည်။ စိမ်းလန်းသော သစ်ပင်များက အရိပ်အာဝါသ ပေးစွမ်းနိုင်ပြီး အပူပိုင်းမိုးသစ်တော ရာသီဥတုက အပူချိန်ကို မျှတစေသည်။
အပြင်ဘက်တွင် နှင်းများကျပြီး ရေခဲပြင်ကြီး ဖြစ်နေသော်လည်း ဤနေရာတွင်မူ အနည်းငယ် ပူအိုက်စိုစွတ်နေသေးသည်။
ဤနေရာရှိ လေထုထဲတွင် ရေဓာတ် အမျိုးအစား သန္ဓေပြောင်းစွမ်းအင်များ ပြည့်နှက်နေပြီး ရေခိုးရေငွေ့ သိပ်သည်းဆမှာလည်း အလွန် မြင့်မားလှရာ ရေဓာတ် အစွမ်းပိုင်ရှင်များအတွက်တော့ နိဗ္ဗာန်ဘုံ တစ်ခုပင် ဖြစ်သည်။
"ဝုန်း"
ရုတ်တရက် ရှေ့ရှိ လေထဲတွင် ရေစီးကြောင်းများ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာပြီး လေထဲတွင် ရေဒြပ်စင် လူရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
"ဆရာလင်း"
လင်းယွမ်က ရောက်လာသူကို ကြည့်ကာ ဖွဖွရယ်မောလိုက်ပြီး "ဝူဝမ်ဖန်း မဟုတ်လား... ခင်ဗျားက တော်တော် မြန်မြန် ပြေးနိုင်တာပဲ... ဒီကိုတောင် အရင်ဦးဆုံး ထွက်ပြေးလာနိုင်တယ်"
ဝူဝမ်ဖန်း၏ ရေဒြပ်စင် ပုံစံအောက်တွင် မျက်နှာအမူအရာကို မမြင်ရသော်လည်း သူ့၏ လေသံက ခါးသီးနေပြီး ရိုးသားစွာဖြင့် ပြောလာသည်။ "ကျွန်တော်တို့ အရှုံးပေးပါပြီ ဆရာလင်းရယ်... သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ် ဆရာလင်း သဘောပါပဲ... ဆရာလင်းအနေနဲ့ အသက်ရှင်ခွင့်လေး တစ်ခုတော့ ပေးဖို့ တောင်းဆိုချင်ပါတယ်... ကျွန်တော်တို့ ရေနတ်ဘုရားဂိုဏ်းရဲ့ ဒီရေပင်မဦးနှောက်က ဆရာလင်းနဲ့ စကားပြောချင်နေပါတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ်၏ မျက်မှောင်များ အနည်းငယ် ပင့်တက်သွားမိသည်။
"ဒီရေပင်မဦးနှောက်... အဲ့ဒါ ဘာလဲ"
ဝူဝမ်ဖန်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ဒီရေပင်မဦးနှောက် ဆိုတာက ကျွန်တော်တို့ ရေနတ်ဘုရားဂိုဏ်းက ကိုးကွယ်ပူဇော်နေတဲ့ ရေနတ်ဘုရားရဲ့ သင်္ကေတပဲ... အဲ့ဒါက ရေနတ်ဘုရား လူ့ပြည်ကို ဆင်းသက်လာတဲ့ ခန္ဓာကိုယ်ပါ... ဆရာလင်း အဲ့ဒါကို မြင်လိုက်ရရင် သူ့အလိုလို အကုန် နားလည်သွားပါလိမ့်မယ်"
ဆက်ရန်...
အပိုင်း (၅၈၈) ကြက်ဥခွံပုံစံ အဆောက်အအုံ
"ရေနတ်ဘုရားရဲ့ လူ့ဇာတိခံယူထားတဲ့ ကိုယ်ပွား ဟုတ်လား"
လင်းယွမ်က သူ့ရှေ့တွင် ရေဒြပ်စင်အဖြစ် ပြောင်းလဲနေသော ဝူဝမ်ဖန်းကို ထူးဆန်းသကဲ့သို့ တစ်ချက် ကြည့်လိုက်၏။
"မင်းတို့ ရေနတ်ဘုရားဂိုဏ်းဆိုတဲ့ ဘာသာရေးယုံကြည်မှုကို လုပ်ကြံဖန်တီးတာက... အောက်ခြေကလူတွေကို လှည့်စားဖို့ပဲလို့ ငါထင်ထားတာ... ဘာလဲ... အခုတော့ မင်းတို့ကိုယ်မင်းတို့ပါ ပြန်လိမ်နေကြပြီလား"
ဝူဝမ်ဖန်းက ခေါင်းမော့ကာ လင်းယွမ်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း ဆိုလိုက်၏။ "ဆရာလင်း... ဒီကမ္ဘာပေါ်မှာ နတ်ဘုရားဆိုတာသာ မရှိခဲ့ရင်... ဒီရေလွှမ်းမိုးမှုကြီး ဘယ်ကဖြစ်လာသလဲဆိုတာကို ခင်ဗျား ဘယ်လို ရှင်းပြမလဲ"
"နတ်ဘုရားတွေသာ မရှိခဲ့ရင်... ဒီရေလွှမ်းမိုးမှုကြီးအောက်မှာ အစွမ်းတွေ ဘယ်လိုလုပ် ပေါ်ပေါက်လာတာလဲဆိုတာကိုရော ဘယ်လို ရှင်းပြမလဲ"
"လူသားတွေမှာ ရှေးဟောင်းဒဏ္ဍာရီခေတ်ကတည်းက ရေလွှမ်းမိုးမှုကြီးနဲ့ ပတ်သက်တဲ့ ပြောစမှတ်တွေ ရှိခဲ့တယ်... အခုဖြစ်ရပ်ကလည်း နတ်ဘုရားတွေက နောက်တစ်ကြိမ် ပြစ်ဒဏ်ချမှတ်ပြီး သမိုင်းကို ပြန်လည် ပုံဖော်နေတာ သက်သက်ပါပဲ"
"ကျွန်တော်တို့က နတ်ဘုရားရဲ့ သင်္ကေတကို ရှာတွေ့ပြီး ရေနတ်ဘုရားကို ကိုးကွယ်ပူဇော်တယ်... တစ်နေ့ကျရင် နောဧသင်္ဘောကြီး ဆင်းသက်လာတဲ့အခါ ကျွန်တော်တို့လို သစ္စာရှိတဲ့ ယုံကြည်သူတွေ သင်္ဘောပေါ်တက်ပြီး ဘေးလွတ်ရာကို ခိုလှုံနိုင်လိမ့်မယ်... အနာဂတ် လူသားတွေအတွက် မျိုးစေ့လေးတစ်စေ့ ချန်ထားပေးနိုင်လိမ့်မယ်"
ဝူဝမ်ဖန်း၏ မျက်လုံးများက စိတ်အားထက်သန်စွာ တောက်လောင်နေပြီး ထိုအနာဂတ် မြင်ကွင်းကို သူ တကယ်ပဲ မြင်တွေ့နေရသကဲ့သို့ ပြောဆိုနေ၏။
လင်းယွမ်က ပြောစရာစကား ပျောက်သွားသည်။ "မင်း တခြားသူတွေကို လှည့်စားတာက ထားလိုက်ပါတော့... ဒီလို သောက်ရူးစကားတွေကို ငါက ယုံမယ်လို့ မင်း ထင်နေတာလား"
"ဒီရေလွှမ်းမိုးမှုကြီး ဘယ်ကလာလဲဆိုတာ လောလောဆယ် မရှင်းပြနိုင်သေးပေမဲ့... အဲ့လိုမသိတာနဲ့ပဲ နတ်ဘုရားတွေဆီ ပုံချလို့ရသွားရောလား"
"ဒါဟာ သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်နိုင်သလို အာကာသထဲမှာ တစ်ခုခု ထူးခြားတာ ဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ"
ဝူဝမ်ဖန်းက ပြုံးလိုက်ပြီး ပြောသည်။ "ခင်ဗျား ပြောကြည့်လေ... ပုရွက်ဆိတ်တွေအတွက်ဆိုရင် သူတို့ကို အလွယ်တကူ ခြေမွပစ်နိုင်တဲ့ ကျွန်တော်တို့က ဘယ်လိုဖြစ်တည်မှုမျိုးလဲ"
"သူတို့အတွက်ဆိုရင် ကျွန်တော်တို့က တစ်နည်းအားဖြင့် နတ်ဘုရားတွေများ ဖြစ်နေမလား"
"ဆရာလင်း... ကျွန်တော်တို့အတွက်ဆိုရင်လည်း... မသိနိုင်တဲ့ ဖြစ်တည်မှုတစ်ခုက ကျွန်တော်တို့ကို အထက်ကနေ ငုံ့ကြည့်ပြီး လေ့လာနေတာမျိုး ဖြစ်ကောင်း ဖြစ်နေနိုင်တယ်"
"သူတို့က သေမျိုးမဟုတ်တဲ့ နတ်ဘုရားတွေ မဟုတ်ခဲ့ရင်တောင်... အားနည်းတဲ့ ကျွန်တော်တို့အတွက်တော့ နတ်ဘုရားတွေနဲ့ တန်းတူတဲ့ ဖြစ်တည်မှုမျိုးပါပဲ"
"ဒီလိုသာ တွေးကြည့်မယ်ဆိုရင်... ကျွန်တော်တို့က သူတို့ကို ကိုးကွယ်ပူဇော်တာ ဘာများ ပြဿနာရှိလို့လဲ"
လင်းယွမ်က လှောင်ရယ်လိုက်သည်။ "ကိုးကွယ်ပူဇော်လို့ရော အသုံးကျလား... ပုရွက်ဆိတ်တွေက လူတွေကို ကိုးကွယ်ပူဇော်ကြလို့လား... သူတို့ မင်းကို ကိုးကွယ်ပူဇော်တာကိုရော မင်း သိလား"
"မျှော်လင့်ချက်ကို လက်တွေ့မကျတဲ့ အရာတွေအပေါ် ပုံအပ်ထားတာ... မင်းတို့လို ဘာသာရေးအစွန်းရောက် ဂိုဏ်းတွေက ဒီလိုမျိုးတွေပဲ အမြဲ လုပ်တတ်ကြတာ"
"လက်ရှိအချိန်မှာ ရှင်သန်ပြီး ကိုယ့်အစွမ်းကို မြှင့်တင်တာ၊ ကိုယ့်အားကိုယ်ကိုးပြီး ကျော်လွှားတာက လူသားတွေအတွက် ကိုယ်ပိုင်ထွက်ပေါက် ရှာဖို့ တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူးလား"
ဝူဝမ်ဖန်း တိတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။ "အခု ကျွန်တော် ဘာပြောပြော ခင်ဗျား နားဝင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်... ဒီရေပင်မဦးနှောက်ကို ခင်ဗျား မြင်တွေ့ရတဲ့အခါ ကျွန်တော် ပြောတဲ့စကားတွေကို အလိုလို နားလည်သွားပါလိမ့်မယ်"
လင်းယွမ်က သူ့ကို ကြည့်လိုက်ပြီး သူပြောသော "ဒီရေပင်မဦးနှောက်" အပေါ် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။
"ကောင်းပြီလေ... မင်းတို့ရဲ့ ရေနတ်ဘုရားကို သွားကြည့်ရအောင် ငါ့ကို ခေါ်သွားစမ်းပါ" သူက လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်သည်။
ဝူဝမ်ဖန်းက သူ့အမူအရာကို ဂရုမစိုက်တော့ဘဲ လှည့်ကာ လင်းယွမ်ကို ခေါ်ဆောင်လျက် မိုးသစ်တော ဗဟိုချက်ရှိ အလွန်ကြီးမားလှသော အဆောက်အအုံကြီးဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
၎င်းမှာ ငွေရောင် အဆောက်အအုံကြီးတစ်ခု ဖြစ်ပြီး မိုးသစ်တောထဲတွင် မှောက်ခုံချထားသကဲ့သို့ တည်ရှိနေကာ အဝေးမှကြည့်လျှင် ငွေရောင် ကြက်ဥခွံတစ်ဝက်နှင့် အလွန် တူလှ၏။
ထို အဖြူရောင် အဆောက်အအုံကြီး၏ အပြင်ဘက်တွင် ရေနတ်ဘုရားဂိုဏ်းမှ ထိပ်တန်း အစွမ်းပိုင်ရှင် အများအပြား ဝန်းရံနေကြပြီး ရောက်လာသော လင်းယွမ်ကို ရန်သူကြီးတစ်ဦး ရင်ဆိုင်ရသကဲ့သို့ တင်းမာစွာ စောင့်ကြည့်နေကြသည်။
ထိုလူများက အဖြူရောင် ရေနတ်ဘုရားဂိုဏ်း ဝတ်ရုံများကို ချွတ်ထားကြပြီး တောင့်တင်းသော ကြွက်သားများကို ဖော်ပြထားသည်ကို လင်းယွမ် တွေ့လိုက်ရသည်။
သူတို့ထဲမှ လူအများစု၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများ အများအပြား ရှိနေပြီး လည်ပင်းနေရာ၌လည်း ငါးပါးဟက်ကဲ့သို့ အင်္ဂါအစိတ်အပိုင်းများ ရှိနေကြသည်။
အချို့သူများ၏ မျက်လုံးများမှာမူ စိမ်းလဲ့နေကြသေး၏။
လင်းယွမ်က အနည်းငယ် အာရုံခံကြည့်လိုက်ပြီး မေးလိုက်သည်။ "မင်းတို့ ရေနတ်ဘုရားဂိုဏ်းက လူတွေအကုန်လုံးက ငါးလူသား အသွင်ပြောင်း အစွမ်းပိုင်ရှင်တွေချည်းပဲလား"
ဒီလူတွေရဲ့ ပုံပန်းသဏ္ဍာန်က ကျန်းဖန်နဲ့ ဂျိရှောင်ယွီတို့လို လူတွေနဲ့ နည်းနည်းဆင်ပေမဲ့ မတူတာတွေလည်း ရှိနေတယ်။
သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် လူလုပ် ခွဲစိတ်ကုသမှု ခံယူထားသော အမာရွတ်များကို လင်းယွမ် မြင်တွေ့နေရသည်။
ဝူဝမ်ဖန်းကလည်း ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။ "သူတို့က ချောက်နက် လုပ်ကြံသူတွေပါ... ဒီရေပင်မဦးနှောက်ရဲ့ ရိုက်သွင်းတာကို ကိုယ့်ဆန္ဒအလျောက် လက်ခံပြီး ပါးဟက်နဲ့ အဆုတ် အစားထိုးတာ၊ ဗီဇပြောင်းလဲမှုကို ဦးတည်လှုံ့ဆော်တဲ့ နည်းပညာတွေကို လုပ်ဆောင်ထားကြတာပါ"
လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်၏။ "ကိုယ့်ဆန္ဒအလျောက်" ဆိုသော စကားမျိုးကို သူက ဘယ်လိုလုပ် ယုံနိုင်မည်နည်း။
ရေနတ်ဘုရားဂိုဏ်းက ထိုလူများအား ဘာသာရေး ယုံကြည်မှု သဘောတရားများကို ဦးစွာ ရိုက်သွင်းကာ မသိမသာ ဦးနှောက်ဆေးထားပြီးဖြစ်ရာ မည်သို့လုပ်၍ ဆန္ဒအလျောက် ဖြစ်နိုင်တော့မည်နည်း။
ထိုသူများက ယခုအချိန်တွင် လင်းယွမ်ကို စိုက်ကြည့်နေကြပြီး ၎င်းတို့၏ မျက်လုံးများထဲ၌ ရန်ငြိုးဖွဲ့မှု အရိပ်အယောင်များ ကိန်းအောင်းနေကြသည်။
သူတို့ပုံစံက အမိန့်တစ်ခွန်း ပေးလိုက်သည်နှင့် လင်းယွမ်ကို ဝိုင်းတိုက်ခိုက်ကြတော့မည့်ပုံပင်။
ဝူဝမ်ဖန်းက ဝင်ပြော၏။ "သူတို့က ရေနတ်ဘုရားကို သူတို့ရဲ့ အရှင်သခင်အဖြစ် သတ်မှတ်ထားတာ ကြာပါပြီ... ရေနတ်ဘုရားကို စော်ကားတဲ့သူဟာ သူတို့မျက်စိထဲမှာတော့ အပြစ်သားတစ်ယောက်ပါပဲ... ဆရာလင်း အနေနဲ့ အပြစ်မယူဖို့ တောင်းဆိုချင်ပါတယ်"
လင်းယွမ်က လှောင်ရယ်လိုက်သည်။ "ငါကတော့ ကိစ္စမရှိပါဘူး... ငါ့ကို ဓားနဲ့ရွယ်ရဲတဲ့ ကောင်တွေ အကုန် သေကုန်ပြီလေ"
ဝူဝမ်ဖန်းက ခေါင်းငုံ့ထားပြီး လင်းယွမ်ကို ပြန်မကြည့်ရဲပေ။
ခရီးဆက်လာခဲ့ကြရာ သူတို့နှစ်ဦးသည် ထိုကြီးမားလှသော ကြက်ဥခွံကြီးထံသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
လင်းယွမ်က အတွင်းသို့ တန်းမဝင်သေးဘဲ သူ၏ စိတ်စွမ်းအင်ဖြင့် ဤ ဧရာမ ကြက်ဥခွံကြီးကို အရင်ဆုံး ကြိုတင် လွှမ်းခြုံ စစ်ဆေးလိုက်၏။
"ဟမ်"
ထို့နောက် သူ မျက်မှောင်ကြုတ်သွားသည်။ ဤကြက်ဥခွံကြီးက စိတ်စွမ်းအင်ကို ခုခံကာကွယ်နိုင်သည့် အာနိသင် ရှိနေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသောကြောင့် ဖြစ်၏။
သူ၏ ပြင်းထန်လှသော စိတ်စွမ်းအင်များနှင့်ပင် ဤထူးဆန်းသော ကြက်ဥခွံ အဆောက်အအုံကြီးကို ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိပေ။
လင်းယွမ်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဝူဝမ်ဖန်းက သူ၏ ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိသွားကာ လှည့်ကြည့်လျက် မေးလိုက်၏။ "ဆရာလင်း... ဘာလို့ ရပ်လိုက်တာလဲ"
လင်းယွမ် နှုတ်ခမ်းတွန့်ပြုံးလိုက်သည်။ "ဒီအထဲမှာ ထောင်ချောက်တွေ ရှိ၊ မရှိ ငါက ဘယ်လိုလုပ် သိမှာလဲ"
ဝူဝမ်ဖန်းက ရယ်မောလိုက်သည်။ "ဆရာလင်းက ဒီလောက် သတိကြီးလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး... ချန်ချုံးတောင်ပေါ်တုန်းက ဇွတ်တရွတ်နိုင်တဲ့ ပုံစံနဲ့ဆို လုံးဝ တစ်ယောက်တည်းလို့တောင် မထင်ရဘူး"
လင်းယွမ်ကလည်း ပြန်ပြောသည်။ "ငါလည်း မင်းဆီမှာ ထူးခြားချက် တစ်ခုကို သတိထားမိတယ်... ချန်ချုံးတောင်ပေါ်တုန်းက ငါ့ကို မြင်မြင်ချင်း ချက်ချင်း လှည့်ပြေးခဲ့တာလေ... နောက်တောင် ပြန်မကြည့်ရဲဘဲ တစ်လမ်းလုံး အသေအလဲ ပြေးခဲ့တာ မဟုတ်လား"
"အခု ငါ့ကို ထပ်တွေ့တော့ မင်းက တည်တည်ငြိမ်ငြိမ် ရှိနေရုံတင်မကဘူး... စကားတွေတောင် သွက်သွက်လက်လက် ပြောနိုင်နေပါလား"
"မင်းရဲ့ ဒီပုံစံက ငါ့ကို တော်တော်လေး အနေရခက်စေတယ်"
ဝူဝမ်ဖန်းက မျက်မှောင်အနည်းငယ် ကြုတ်သွားပြီးနောက် ပြုံးလိုက်သည်။ "မီယွမ်မိုးသစ်တောကို ပြန်ရောက်လာတော့ ရေနတ်ဘုရားက ကျောထောက်နောက်ခံ ရှိနေလို့ ကျွန်တော် သတ္တိနည်းနည်း ပိုကောင်းလာတာကလည်း ပုံမှန်ပါပဲ"
လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်ပြီး ပြောသည်။ "အခြေအနေက တစ်ချိန်နဲ့တစ်ချိန် မတူဘူးလေ... ချန်ချုံးတောင်ပေါ်မှာတုန်းက ငါက သွေးချောင်းစီး သတ်ဖြတ်ခဲ့ပြီး အသာစီးရခဲ့တာ... အချိန်ရော၊ နေရာရော အားလုံးက ငါ သတ်မှတ်တဲ့အတိုင်းပဲ"
"ဒါပေမဲ့ အခုတော့ မတူတော့ဘူး... မင်းက ဒီနေရာကို အရင်ပြန်ရောက်နေတာ... ငါက ဒီနေရာနဲ့ မရင်းနှီးဘူးဆိုတော့ သတိထားတာလည်း အပြစ်တော့ မဆိုသာဘူးလေ"
"ခင်ဗျား ဘာလုပ်ချင်လို့လဲ" ဝူဝမ်ဖန်းက မေးလိုက်သည်။
လင်းယွမ်က ရုတ်တရက် နှုတ်ခမ်းတွန့်ပြုံးလိုက်ပြီး နောက်တစ်စက္ကန့်တွင် သူ၏ ကိုယ်ဟန်က ချက်ချင်း ပျောက်ကွယ်သွားသည်။
ဝူဝမ်ဖန်း ကြောင်သွားပြီးနောက် ရေဒြပ်စင် အခြေအနေတွင် ရှိနေသော သူ၏ ခြေထောက်နှစ်ဖက်စလုံး ချက်ချင်း လှုပ်မရတော့သည်ကို ခံစားလိုက်ရသည်။
မြေပြင်တစ်လျှောက်တွင် အအေးဓာတ်များ လွှမ်းခြုံ ပျံ့နှံ့နေ၏။
မျက်တောင်တစ်ခတ်အတွင်း ဤအအေးဓာတ်က လျင်မြန်စွာ ပြန့်နှံ့သွားသည်။
လင်းယွမ်၏ အသံက သူ၏ဘေးမှ ထွက်ပေါ်လာသည်။ "မင်းကို အရင်သတ်လိုက်တာက ပိုပြီး စိတ်ချရမယ်လို့ ငါ ထင်တယ်"
"ဘုန်း"
ဝူဝမ်ဖန်း မျက်နှာပျက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပေါက်ကွဲထွက်သွားကာ ရေစီးကြောင်းများစွာအဖြစ် ပြောင်းလဲသွားပြီး လေထဲရှိ ရေခိုးရေငွေ့များနှင့် လျင်မြန်စွာ ပေါင်းစပ်သွားသည်။
ထို့နောက် ဒြပ်စင်ပြောင်းလဲခြင်း အစွမ်းကို အသုံးပြုကာ ရေအသွင်ဖြင့် လျင်မြန်စွာ ထွက်ပြေးလေသည်။
မြေပြင်ပေါ်၌မူ ရေခဲရိုက်ခံထားရသော ခြေထောက်တစ်စုံသာ မြေကြီးနှင့် ကပ်လျက် ကျန်ရစ်ခဲ့လေသည်။
လင်းယွမ်က ဟားတိုက် ရယ်မောလိုက်သည်။ "ပြေးချင်တာလား... မင်း ဘယ်အထိ ပြေးနိုင်မှာလဲ"
သူ၏ ကိုယ်ဟန်က တစ်ချက် လင်းလက်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်မှ ရေခဲပွင့်များစွာက လေချွန်သံများဖြင့် လည်ပတ်ကာ ဧရာမ ရေခဲသံကြိုးကြီးများအဖြစ် ပြောင်းလဲသွားသည်။
"ဝှစ်"
ဧရာမ ရေခဲသံကြိုးကြီးများက လေဟာပြင်ဆီသို့ ရူးသွပ်စွာ ရိုက်ခတ်သွားသည်။
ရေခဲသံကြိုးများ အချင်းချင်း ပွတ်တိုက် ရိုက်ခတ်မိပြီး ကြည်လင်သော ချွင်ချွင်မြည်သံများ ထွက်ပေါ်လာ၏။
ဖြတ်သန်းသွားသော လမ်းတစ်လျှောက်ရှိ လေထုထဲတွင် ရေခဲလွှာများ အများအပြား အခဲဖွဲ့သွားသည်။
ရေမော်လီကျူးများမှာ ချက်ချင်းပင် ရေခဲခဲသွားပြီး ရေခဲမှုန်များအဖြစ် အောက်သို့ ကျဆင်းသွားသည်။
ဝူဝမ်ဖန်းက ရေခိုးရေငွေ့များထဲတွင် အလျင်အမြန် ထွက်ပြေးနေသော်လည်း ပတ်ဝန်းကျင်ရှိ ရေခိုးရေငွေ့များက ပို၍ပို၍ ရေခဲခဲလာသဖြင့် သူ ထွက်ပြေးနိုင်သော ဧရိယာက ပိုပို ကျဉ်းမြောင်းလာသည်။
ရေခဲစွမ်းအင်က ရေစွမ်းအင်ကို တကယ်ပဲ အပြတ်အသတ် နှိမ်နင်းနိုင်စွမ်း ရှိလွန်းလှသည်။
ဝူဝမ်ဖန်းက လေထဲတွင် ရှိနေစဉ် ကြောက်လန့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဆရာလင်း... ကျွန်တော်တို့ အရှုံးပေးပြီးပြီလေ... ခင်ဗျား တကယ်ပဲ ဒီလောက် ရက်စက်ရမှာလား"
"ကျွန်တော်တို့ကို လွတ်လမ်းလေး တစ်လမ်းတောင် မပေးနိုင်ဘူးလား"
သူ၏ အော်ဟစ်သံနှင့်အတူ အောက်ဘက်တွင် အစကတည်းက လင်းယွမ်ကို ရန်ငြိုးဖွဲ့နေသော ရေနတ်ဘုရားဂိုဏ်းမှ လူများက တစ်ပြိုင်နက် တိုက်ခိုက်လာကြသည်။
"ချောက်နက် လုပ်ကြံသူ" ဟု ခေါ်သော ထိုကောင်များက အသက်ကို ပဓာနမထားဘဲ လင်းယွမ်ဆီသို့ ခုန်အုပ်လာကြသည်။
လင်းယွမ်က ခပ်ဟဟသာ ရယ်မောလိုက်ပြီး ကိုယ်ကို ပင့်ကာ လေထဲသို့ ပျံတက်သွားသည်။
ချက်ချင်းပင် မြေပြင်ပေါ်ရှိ ချောက်နက် လုပ်ကြံသူ အများစုမှာ ဒေါသထွက်ပြီး ဘာမှ မလုပ်တတ်မကိုင်တတ် ဖြစ်သွားကြသည်။ သူတို့ထဲတွင် လေထဲသို့ ပျံတက်နိုင်သူက လူနည်းစုသာ ရှိသည်။
အများစုမှာ အောက်ဘက်မှနေ၍ မီးဟုန်းဟုန်း တောက်လောင်နေသော မျက်လုံးများဖြင့် လင်းယွမ်ကို စိုက်ကြည့်ရင်း အော်ဟစ် ဆဲဆိုနေကြရုံသာ တတ်နိုင်တော့သည်။
"မိုက်ရိုင်းလှတဲ့ အပြစ်သား... နတ်ဘုရားရှေ့မှာတောင် အစွမ်းသုံးရဲတယ်ပေါ့လေ... အောက်ဆင်းခဲ့စမ်း"
"ခွေးကောင်... သတ္တိရှိရင် ဆင်းခဲ့"
"ငရဲကျမယ့် ကုန်းပေါ်က ကပြားကောင်... ဆင်းခဲ့စမ်း"
ထိုလူများက ဒေါသတကြီး အော်ဟစ်ဆဲဆိုနေကြပြီး တချို့ဆိုလျှင် ကုန်းပေါ်က ကပြားကောင် ဆိုသည့် ထူးဆန်းသော စကားလုံးများဖြင့်ပင် ဆဲဆိုနေကြသည်။
သူတို့ကိုယ်တိုင်ကပင် ကုန်းသတ္တဝါများ မဟုတ်ကြတော့သည့် အလားပင်။
တချို့လူများကမူ ငါးဖမ်းလှံ၊ ဒူးလေး၊ သေနတ် စသည့် လက်နက်များကို ကိုင်ဆောင်ကာ လေထဲရှိ လင်းယွမ်ထံသို့ ပစ်ခတ်လိုက်ကြသည်။
သို့သော် လင်းယွမ်၏ စိတ်အဝေးထိန်းအစွမ်းက ဖြန့်ကြက်သွားကာ သူ၏ ခြေအောက်တွင် စိတ်စွမ်းအင် အကာအရံတံတိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
ချက်ချင်းပင် တိုက်ခိုက်မှု အားလုံးက အကာအရံပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသွားသော်လည်း လင်းယွမ်ကို အနည်းငယ်မျှပင် မထိခိုက်နိုင်ပေ။
မကြာမီ လင်းယွမ်၏ သံကြိုးများက လေထဲရှိ ရေခိုးရေငွေ့များကို အပြီးတိုင် ပိတ်ဆို့လိုက်သဖြင့် ဝူဝမ်ဖန်းမှာ လုံးဝ ထွက်ပြေးစရာ လမ်းမရှိတော့ပေ။
သူက ရေစီးကြောင်းတစ်ခုကဲ့သို့ လူသားခန္ဓာကိုယ်အဖြစ် ပြန်လည် ပြောင်းလဲသွားပြီး လေဟာပြင်ထဲတွင် ရပ်နေကာ သူ၏ မျက်နှာမှာ အလွန်တရာ ဆိုးရွားနေသည်။
"ဆရာလင်း... တကယ်ပဲ ဒီလောက်ထိ ရက်စက်ရမှာလား"
လင်းယွမ်က လှောင်ရယ်လိုက်သည်။ "ရက်စက်တယ်... ငါက ငါ့ကိုယ်ငါ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ဘယ်တော့မှ ထားလေ့မရှိဘူး... ဟို ကြက်ဥခွံ အဆောက်အအုံထဲမှာ တကယ် ဘာရှိလဲဆိုတာကို အခု ငါ့ကို ပြောပြရင် မင်းကို ငါ မသတ်ဘဲ ထားမယ်"
ဝူဝမ်ဖန်းက တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် သူ၏ ကိုယ်ဟန်က မြေပြင်ပေါ်သို့ အရှိန်ဖြင့် ထိုးဆင်းသွားသည်။
သို့သော် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော စိတ်စွမ်းအင်တစ်ခုက ရုတ်တရက် ရိုက်ခတ်လာသည်။
"ဘုန်း"
စိတ်စွမ်းအင်များက ဧရာမ သံတူကြီး တစ်လက်ကဲ့သို့ ဝူဝမ်ဖန်း၏ ဦးနှောက်ထဲသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ခဏချင်းမှာပင် ဝူဝမ်ဖန်း၏ ရေဒြပ်စင်အသွင် ခန္ဓာကိုယ်ကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး လိုင်းမမိသော ရုပ်မြင်သံကြားစက်တစ်ခုကဲ့သို့ သူ၏ ခန္ဓာကိုယ်မှာ ရေဒြပ်စင် အခြေအနေမှ လူသား သွေးသားခန္ဓာကိုယ်အဖြစ်သို့ အတင်းအဓမ္မ ရိုက်ချခံလိုက်ရသကဲ့သို့ ပြန်လည် ပြောင်းလဲသွားလေသည်။
စိတ်စွမ်းအင် ကြိုးမျှင်များစွာက သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားပြီး လင်းယွမ်က ရုပ်သေးကြိုးမျှင် ဖြင့် သူ့ကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။
ဝူဝမ်ဖန်း၏ မျက်နှာပေါ်တွင် ကြောက်လန့် ဒေါသထွက်မှုများ ပြည့်နှက်နေပြီး ပြန်လည် ခုခံချင်သော်လည်း ခန္ဓာကိုယ်က ထိန်းချုပ်၍ မရတော့ပေ။
လင်းယွမ်၏ ချယ်လှယ်မှုအောက်တွင် သူက မည်သည့် ခုခံနိုင်စွမ်းမျှ မရှိဘဲ လင်းယွမ်ထံသို့ လွင့်ပျံသွားရသည်။
လင်းယွမ်ရှေ့သို့ ရောက်လာသောအခါ လင်းယွမ်က သူ့ကို ကြည့်ပြီး မေးလိုက်သည်။ "မပြောသေးဘူးလား"
ဝူဝမ်ဖန်းက နှုတ်ခမ်း လှုပ်ရှားလိုက်ရာ လင်းယွမ်က သူ၏ မျက်နှာကြွက်သား ထိန်းချုပ်မှုကို ဖြေလျှော့ပေးလိုက်သည်။
"ခင်ဗျားကို ဘာပြောရမလဲ ကျွန်တော် မသိဘူး... ကျွန်တော်က ဒီရေပင်မဦးနှောက်ရဲ့ စေတနာအမှန်နဲ့ လာခဲ့တာကို ခင်ဗျားက မယုံတော့ ကျွန်တော်က ဘာတတ်နိုင်မှာလဲ"
"ဟားဟား... ဒီရေပင်မဦးနှောက်က အဲ့ဒီလောက် စေတနာအမှန် ရှိနေရင် ဘာလို့ ထွက်ပြီး ငါ့ကို မကြိုဆိုတာလဲ"
"ဒီလောက်တောင် ဟန်ကိုယ့်ဖို့ လုပ်နေတာ... သူကပဲ အနိုင်ရတဲ့သူလားလို့ ငါ ထင်နေမိတာ"
ဝူဝမ်ဖန်းက ပြောသည်။ "ဒီရေပင်မဦးနှောက်က လွယ်လွယ်နဲ့ ရွှေ့ပြောင်းလို့ မရဘူး... ခင်ဗျား အထဲဝင်ပြီး သူ့ကို တွေ့တာနဲ့ အလိုလို နားလည်သွားပါလိမ့်မယ်"
လင်းယွမ်က ဟားတိုက် ရယ်လိုက်သည်။ "ဒီကြက်ဥခွံ အဆောက်အအုံက ကြည့်ရတာ လူတွေ ဆောက်ထားတဲ့ အဆောက်အအုံနဲ့မတူတာကို... ငါက မင်းပြောတိုင်း ယုံရမှာလား... စိတ်စွမ်းအင်နဲ့တောင် စမ်းသပ်လို့ မရတဲ့ ဒီလို အဆောက်အအုံမျိုးထဲကို ငါကဒီတိုင်းဝင်သွားရမှာလား"
ဝူဝမ်ဖန်းက ဘာမှ ပြန်မပြောပေ။
လင်းယွမ်လည်း ဆက်ပြီး အတင်းအကျပ် မမေးတော့ဘဲ တိုက်ရိုက် လှည့်လိုက်ကာ ပြောသည်။ "ဒါဆိုလည်း ဒီအထဲမှာ တကယ် ဘာတွေ ဝှက်ထားလဲဆိုတာ ငါ ကြည့်လိုက်ရအောင်"
ဝူဝမ်ဖန်း ရုတ်တရက် ခေါင်းမော့လာသည်။ "ခင်ဗျား ဘာလုပ်မလို့လဲ"
လင်းယွမ်က သူ့ကို ဂရုမစိုက်ဘဲ သူ၏ ကိုယ်ဟန်က ရုတ်တရက် သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားကာ မျိုးရိုးဗီဇများ ပြန်လည် ဖွဲ့စည်းမှုအောက်တွင် စက္ကန့်ပိုင်းအတွင်း ပေလေးဆယ်ကျော် မြင့်သော ဧရာမ ဝက်ဝံဖြူကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။
ဝက်ဝံဖြူကြီး၏ တစ်ကိုယ်လုံးတွင် ရေခဲချပ်ဝတ်များ ဖုံးလွှမ်းနေပြီး အရှိန်အဝါက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
၎င်းက ရေခဲမြေရိုင်းဝက်ဝံ ပင်ဖြစ်သည်။
ဝူဝမ်ဖန်း၏ ကြောက်လန့် ဒေါသထွက်နေသော အကြည့်များအောက်တွင် လင်းယွမ်က တုတ်ခိုင်သော ဝက်ဝံခန္ဓာကိုယ်ကြီးကို တစ်ချက် ပုတ်လိုက်သည်။
"ချွင်"
ခန္ဓာကိုယ်ပေါ်ရှိ ထူထဲသော ရေခဲချပ်ဝတ်များက လျင်မြန်စွာ လွင့်မျော စုစည်းသွားပြီး သူ၏ ပတ်ပတ်လည်တွင် အပိုင်းအစများအဖြစ် ပြောင်းလဲကာ ဧရာမ ရေခဲဘောလုံးကြီး တစ်ခုအဖြစ် လျင်မြန်စွာ စုစည်းသွားလေသည်။
ရေခဲဘောလုံးကြီး အတွင်းမှ လင်းယွမ်၏ အေးစက်စက် ရယ်မောသံကိုသာ ကြားလိုက်ရသည်။
"သူ အပြင်ထွက်မလာနိုင်ရင်လည်း... အဲ့ဒီအထဲမှာပဲ တစ်သက်လုံး နေလိုက်တော့"
"ဝုန်း"
နောက်တစ်ခဏတွင် ရေခဲဘောလုံးကြီးက ကြယ်ကြွေကျောက်တုံး တစ်ခုကဲ့သို့ "ဝုန်း" ခနဲ အသံနှင့်အတူ လေဟာပြင်ကို ဖြတ်သန်းသွားကာ ကြက်ဥခွံ အဆောက်အအုံကြီးဆီသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်လေတော့သည်။
ကြယ်ရေခဲဘောလုံး။
ဆက်ရန်...