အခန်း (၅၈၃-၅၈၄)
Vol. 30 Ch. 583-584
အပိုင်း (၅၈၃) စွန်းဝူဂေဟာအတွင်း အကျိုးအမြတ် ခွဲဝေခြင်း
ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ ဟော်ကော်တုန်းက ဤကဲ့သို့ အကြံပြုလာခြင်းကို မည်သူမျှ အံ့သြမနေကြပေ။
လက်ရှိ ဘာသာရေးဂိုဏ်းကြီး သုံးခုအနက် ဝိညာဉ်စွမ်းအင်ဂိုဏ်း တစ်ခုတည်းသာ ကိုယ်ပိုင် ရေပေါ်ကျွန်း မရှိသေးခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့က ဤကဲ့သို့ တောင်းဆိုလာခြင်းမှာ ယုတ္တိရှိပြီး အားလုံး၏ မျှော်လင့်ထားပြီးသား ကိစ္စလည်း ဖြစ်နေသည်။
ထိုစဉ် ယွမ်ရှီကျဲက ရုတ်တရက် အသံနှိမ့်ကာ ပြောလိုက်သည်။ "အဲ့ဒီ ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းကို ငါတို့ ရမှဖြစ်မယ်"
"ဟမ်"
ဝိညာဉ်စွမ်းအင်ဂိုဏ်းဘက်မှ ဟော်ကော်တုန်းက ခေါင်းကို ရုတ်တရက် မော့ကာ ယွမ်ရှီကျဲကို ကြည့်လိုက်သည်။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးများတွင် အေးစက်စူးရှသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ဟော်ကော်တုန်းက ရုတ်တရက် ရယ်မောလိုက်သည်။ "ဟဲဟဲ... တပ်မမှူးယွမ်ရဲ့ သိမ်းငှက်တပ်ဖွဲ့ကလည်း ငါတို့လိုပဲ အခုချိန်ထိ ခြေချစရာ နေရာမရှိသေးဘူး ဆိုတာကို မေ့နေတာ"
"ဒီလိုမှန်း သိရင်... အရင်တုန်းက မီယွမ်မိုးသစ်တောကျွန်းနဲ့ မြေဝါနတ်ဘုရားကျွန်း ပေါ်လာတုန်းက တပ်မမှူးယွမ် ဝင်လုလိုက်ရမှာ"
ဟော်ကော်တုန်း စကားပြောအပြီးတွင် ဘေးနားရှိ ယဲ့ကျိရွှမ်က ရယ်မောလျက် ဝင်ပြောသည်။ "ဂိုဏ်းချုပ်ကြီး... ခင်ဗျား မေ့နေပြီလား... အဲ့ဒီအချိန်တုန်းက တပ်မမှူးယွမ်က ဖုန်းကျန့်ကုန်း ဖိအားပေးထားလို့ ချန်ချုံးတောင်ပေါ်ကနေ အပြင်ထွက်ခွင့် မရသေးဘူးလေ"
ဟော်ကော်တုန်းက ထိုစကားကို ကြားသောအခါ ချက်ချင်း သဘောပေါက်သွားပြီး ရယ်မောလိုက်သည်။ "ဟားဟားဟား... မင်း သတိပေးလိုက်လို့ပေါ့... စစ်တပ်ရဲ့ နံပါတ်တစ် အစွမ်းပိုင်ရှင် ဖုန်းကျန့်ကုန်းကို ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ"
သူတို့နှစ်ဦး ရယ်မောပြောင်လှောင် ပြောဆိုနေမှုက သိမ်းငှက်တပ်ဖွဲ့ဝင်များကို မီးပုံပေါ်တင် ကင်နေသကဲ့သို့ ဒေါသထွက်စေသည်။
စစ်တပ်မှ သိမ်းငှက်တပ်ဖွဲ့နှင့် အခြားအဖွဲ့အစည်းများကြားမှ ပဋိပက္ခမှာ အပြင်လောကတွင် အမြဲတမ်း ရေပန်းစားသော ပြောစရာ ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။
သိမ်းငှက်တပ်ဖွဲ့၏ လုပ်ဟန်က ပြတ်သားပြင်းထန်ပုံပေါ်သော်လည်း ၎င်းတို့၏ အလုံးစုံ စွမ်းအားမှာ ချိုးငှက်တပ်ဖွဲ့လောက် မကြီးမားပေ။
နံပါတ်တစ် အစွမ်းပိုင်ရှင် ဖုန်းကျန့်ကုန်းမှာ ချိုးငှက်တပ်ဖွဲ့မှ ထွက်ပေါ်လာသူ ဖြစ်သည်။
ကပ်ဘေးရေကြီးမှုကြီး မတိုင်မီက စစ်ဒေသ၏ အမြင့်ဆုံး ခေါင်းဆောင် ကျန်းယွီကျန်းသည်လည်း ချိုးငှက်တပ်ဖွဲ့မှပင် ဖြစ်သည်။
တစ်ခုတည်းသော ရေပေါ်ကျွန်း ဖြစ်သည့် တိမ်မြူကျွန်းသည်လည်း ချိုးငှက်တပ်ဖွဲ့၏ လက်ထဲတွင်ပင် ရှိနေသည်။
သိမ်းငှက်တပ်ဖွဲ့ဘက်တွင်မူ ဟောင်းနွမ်းနေသော စစ်စခန်းနှင့် ပျက်စီးယိုယွင်းနေသော လက်နက်ထုတ်လုပ်ရေး စက်ရုံများကို သိမ်းပိုက်ထားနိုင်ခြင်းမှလွဲ၍ စစ်တပ်၏ မည်သည့် သယံဇာတ အရင်းအမြစ်များကိုမျှ အမွေဆက်ခံခွင့် မရခဲ့ပေ။
အကယ်၍ ယနေ့ ဤနေရာတွင် ထိုင်နေသူမှာ ချိုးငှက်တပ်ဖွဲ့၏ ခေါင်းဆောင် ကျန်းယွီကျန်းသာ ဖြစ်နေပါက ဘာသာရေးဂိုဏ်းကြီး သုံးခုမှ လူများသည် ဤမျှ ရဲတင်းစွာ သရော်လှောင်ပြောင်ရဲကြမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် စစ်တပ်နှင့် ဘာသာရေးဂိုဏ်းကြီး သုံးခုကြားမှ ပဋိပက္ခမှာ အဓိကအားဖြင့် ချိုးငှက်တပ်ဖွဲ့နှင့် ဘာသာရေးဂိုဏ်းကြီး သုံးခုကြားမှ ပဋိပက္ခသာ ဖြစ်နေသောကြောင့်တည်း။
ချိုးငှက်တပ်ဖွဲ့၏ ကမ္ဘာကြီးကို ကယ်တင်မည့် ခံယူချက်အရ ဘာသာရေးဂိုဏ်းကြီး သုံးခုဆိုသည်မှာ အကြွင်းမဲ့ အောက်လမ်းမိစ္ဆာဂိုဏ်းများသာ ဖြစ်ကြသည်။
မည်သည့် အကြောင်းအရင်းကြောင့်မှန်း မသိရသော်လည်း ချိုးငှက်တပ်ဖွဲ့သည် တိမ်မြူကျွန်းပေါ်တွင်သာ နေထိုင်ခဲ့ပြီး ဘာသာရေးဂိုဏ်းကြီး သုံးခုကို နှိမ်နင်းရန် အစွမ်းကုန် မတိုက်ခိုက်ခဲ့သလို သိမ်းငှက်တပ်ဖွဲ့ကိုပင် ရှင်းလင်းခြင်း မရှိခဲ့ပေ။
ယွမ်ရှီကျဲ၏ မျက်လုံးများက လူသေကောင်တစ်ကောင်လို မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ဟော်ကော်တုန်း... မင်း သေချင်နေတာလား"
ဟော်ကော်တုန်းက ချက်ချင်း အပြုံးကို ရပ်တန့်လိုက်ပြီး ယွမ်ရှီကျဲကို မော့ကြည့်လိုက်သည်။ "မင်းကိုယ်မင်း အထင်ကြီးနေတာလား... တပ်မမှူးယွမ်လို့ ခေါ်လိုက်တာနဲ့ တကယ်ပဲ တပ်မမှူးကြီး ဖြစ်သွားပြီလို့ ထင်နေတာလား"
"ဘုန်း"
ယွမ်ရှီကျဲက စားပွဲကို အားကုန် ရိုက်ချလိုက်ရာ သူ့ရှေ့ရှိ စားပွဲမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ပျက်စီးသွားလေသည်။
ဟော်ကော်တုန်းကလည်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သည်။ "ငါက မင်းကို ကြောက်မယ် ထင်နေလား... လာလေ... ချကြတာပေါ့"
သူ၏ နဖူးထက်တွင် ရွှေရောင် မျဉ်းကြောင်းများက တတိယမျက်လုံး တစ်လုံးအလား တလက်လက် တောက်ပလာသည်။
ခန္ဓာကိုယ်ပေါ်မှလည်း ထူးဆန်းသော အသံပေါင်းများစွာ ထွက်ပေါ်လာ၏။
ဆူညံစွာ အော်ဟစ်သံများ... တိုးညင်းစွာ ဟိန်းဟောက်သံများ... စူးရှစွာ အော်မြည်သံများ ဖြစ်ကြသည်။
သူတစ်ယောက်တည်း၏ ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော သန္ဓေပြောင်း သားရဲများ ပုန်းအောင်းနေသကဲ့သို့ပင်။
မလှမ်းမကမ်းရှိ မြေမိခင်ဂိုဏ်းဘက်မှ ရှီလျန်ဟိုင်က ဤမြင်ကွင်းကို အေးစက်စက် ပြုံးကာ ကြည့်နေပြီး တားဆီးခြင်း မပြုဘဲ လှောင်ပြောင်လိုက်သည်။ "ချကြလေ... သူသေကိုယ်သေ ချကြတာ အကောင်းဆုံးပဲ... ဒါဆို ထိုက်ယန်တောင်ရဲ့ အရင်းအမြစ်တွေကို ခွဲဝေရမယ့်သူ တစ်ဖွဲ့ လျော့သွားတာပေါ့"
ထိုစကားကြောင့် ဒေါသထွက်နေကြသော ယွမ်ရှီကျဲနှင့် ဟော်ကော်တုန်းတို့မှာ ချက်ချင်းပင် အနည်းငယ် တည်ငြိမ်သွားကြသည်။
ထိုအချိန်တွင် ရေနတ်ဘုရားဂိုဏ်းမှ အသိပညာ ယဇ်ပုရောဟိတ် ဖြစ်သူ ချောက်နက် မှတ်တမ်းတိုက်၏ တာဝန်ခံ ဟူကျုံးက ထွက်ရပ်လိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်... အခုချိန်မှာ ထိုက်ယန်တောင်ကိုလည်း မချေမှုန်းရသေးဘူး... အဲ့ဒီ လင်း ဆိုတဲ့ကောင်ကိုလည်း မသတ်ရသေးဘဲနဲ့... ကျုပ်တို့အချင်းချင်း ဘာလို့ ပြဿနာ ရှာနေကြတာလဲ"
"ဒီ ထိုက်ယန်တောင်ရဲ့ အရင်းအမြစ်တွေ ခွဲဝေမယ့် ကိစ္စက စဉ်းစားတာ စောလွန်းမနေဘူးလား"
"အနည်းဆုံးတော့ စစ်ပွဲ အခြေအနေကို ကြည့်ပြီး... ဘယ်သူက ဘယ်လောက် အကျိုးဆောင်နိုင်လဲ ဆိုတဲ့အပေါ် မူတည်ပြီးမှ စစ်ပွဲအပြီး အရင်းအမြစ်တွေကို ခွဲဝေသင့်တာ မဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ ဟော်ကော်တုန်းက အေးစက်စက် ရယ်မောလိုက်သည်။ "ဟူကျုံး... လင်းလုံ... မင်းတို့ ဒီမှာလာပြီး လူကောင်း ဟန်ဆောင်မနေနဲ့... အခု မင်းတို့က ယွမ်ရှီကျဲနဲ့ ဘောင်းဘီတစ်ထည်တည်း အတူဝတ်နေကြတယ် ဆိုတာ ဘယ်သူက မသိလို့လဲ"
"မင်းတို့ရဲ့ ယုံကြည်ရမှုဆိုတာ ငါ့အတွက်တော့ အလကားပဲ... အရင်တုန်းက ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းက မြေဝါနတ်ဘုရားကျွန်းကို လုဖို့ မင်းတို့ကို မဟာမိတ် ဖွဲ့ခဲ့တယ်... ဒါပေမဲ့ မင်းတို့က လမ်းတစ်ဝက်မှာ ငါတို့ကို သစ္စာဖောက်ခဲ့လို့ ငါတို့ အားထုတ်သမျှ သဲထဲရေသွန် ဖြစ်ခဲ့ရတယ်... ဒီအကြွေးကို ငါ တစ်သက်လုံး မကျေဘူး"
ဟူကျုံးက ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး ပြောသည်။ "ဂိုဏ်းချုပ်ကြီးဟော်... စီးပွားရေးက စီးပွားရေးပဲလေ... အဲ့ဒီတုန်းက မြေမိခင်ဂိုဏ်းက ပေးတဲ့ ဈေးက ပိုများနေတော့လည်း ဘယ်တတ်နိုင်မလဲ"
မြေမိခင်ဂိုဏ်းဘက်မှ မြေသြဇာဌာန၏ ရှီလျန်ဟိုင်က မျက်နှာ ချက်ချင်း ပျက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ကိစ္စတွေက ပြီးသွားပြီကို... မင်းတို့က အကြွေးဟောင်းတွေကို ပြန်ဖော်ချင်နေတာလား"
"ဒါဆိုရင်... မြေဝါနတ်ဘုရားကျွန်းပေါ်မှာ... ဟော်ကော်တုန်း မင်း ငါ့ညီအရင်းကို သတ်ခဲ့တဲ့ ကိစ္စကရော... ဘယ်လို ရှင်းမလဲ"
"မင်းညီ ဟုတ်လား... အဲ့ဒီ အမှိုက်ကောင်က ငါ့လမ်းကို လာပိတ်ရဲသေးတယ်... သေသွားတာတောင် သူ့အတွက် သက်သာသွားသေးတယ်"
"သူသာ မရှိခဲ့ရင် ငါက မြေဝါနတ်ဘုရားကျွန်းရဲ့ ဦးနှောက်အမြူတေကို စုပ်ယူနိုင်ခဲ့တာ ကြာပြီ... မင်းတို့ မြေမိခင်ဂိုဏ်းအထိ အလှည့်ရောက်ပါဦးမလား"
"ဟားဟားဟား... ကောင်းတယ်... ကောင်းတယ်... ဟော်ကော်တုန်း... မင်းက တကယ် သေချင်နေတာပဲ"
မြေမိခင်ဂိုဏ်းမှ ရှီလျန်ဟိုင်က ရက်စက်စွာ ပြုံးကာ မတ်တတ်ရပ်လိုက်ပြီး အော်ပြောလိုက်သည်။ "အားလုံးပဲ... ငါ့အထင်တော့ ဒီမဟာမိတ်ဖွဲ့တဲ့ ကိစ္စကို ခဏရပ်ထားပြီး... ဒီ ခွေးကောင် ဟော်ကော်တုန်းကို အရင်ဆုံး ဝိုင်းသတ်လိုက်ရင် ပိုကောင်းမယ်"
"ဒီ အဖိုးကြီးကို သတ်ပြီး... ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ သွေးနဲ့ ဒီမဟာမိတ်ဖွဲ့တဲ့ အခမ်းအနားကို အဆုံးသတ်ကြတာပေါ့"
ရှီလျန်ဟိုင်၏ စကားကြောင့် ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူများအားလုံး ချက်ချင်း မျက်နှာပျက်သွားကြသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူများသည် အခြားအဖွဲ့အစည်းများကို ချက်ချင်း လှမ်းကြည့်လိုက်ကြပြီး သတိထားနေသော အမူအရာများ ပြသလိုက်ကြသည်။
အချို့ဆိုလျှင် ဓားရိုးကိုပင် တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်ကြပြီ ဖြစ်သည်။
တစ်ခဏချင်းအတွင်းမှာပင် ထိုနေရာမှ လေထုမှာ အနည်းငယ် တင်းမာလာလေသည်။
ကံကောင်းသည်မှာ ဤအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များသည်လည်း လူမိုက်များ မဟုတ်ကြဘဲ... ယခုအချိန်တွင် အချင်းချင်း ပြန်လည်တိုက်ခိုက်ခြင်းမှာ လုံးဝ မိုက်မဲရာကျကြောင်း သိထားကြသည်။
အကျိုးအမြတ် တစ်ခုမှ လက်ထဲမရောက်သေးခင် အချင်းချင်း ပြန်တိုက်နေခြင်းက အရမ်းကို တုံးအလွန်းလှသည်။
"အားလုံးပဲ... ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်"
ရေနတ်ဘုရားဂိုဏ်းဘက်မှ လင်းလုံက ရုတ်တရက် စကားစလိုက်သည်။
လူအားလုံးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ကြသော်လည်း... မည်သူကမျှ ဝင်ရောက်မတိုက်ခိုက်ကြဘဲ လင်းလုံကို ဆက်ပြောခွင့်ပြုလိုက်ကြသည်။
လင်းလုံက ပြုံးလျက် ပြောသည်။ "ဒီလိုလုပ်ကြရင်ရော... ကျွန်တော်တို့နဲ့ မြေမိခင်ဂိုဏ်းက ရေပေါ်ကျွန်းကို မယူတော့ဘူး... အဲ့ဒီ ရေပေါ်ကျွန်း နှစ်ကျွန်းကိုတော့ ခင်ဗျားတို့ နှစ်ဖွဲ့ပဲ ဘယ်လိုခွဲမလဲ ဆိုတာ တိုင်ပင်လိုက်ကြ"
"ရေနတ်ဘုရားဂိုဏ်းအနေနဲ့ ရေပေါ်ကျွန်းနဲ့ ထိုက်ယန်တောင်ပေါ်က သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးတွေ... နည်းပညာတွေ... လူဦးရေစတဲ့ အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကိုပဲ လိုချင်တာပါ"
မြေမိခင်ဂိုဏ်းဘက်မှ ရှီလျန်ဟိုင်က ရုတ်တရက် အော်ပြောလိုက်သည်။ "လင်းလုံ... မင်းက ငါတို့ မြေမိခင်ဂိုဏ်းကိုပါ ကိုယ်စားပြုနေတာလား"
"အော်... အစ်ကိုရှီက ဒီအစီအစဉ်ကို သဘောမတူဘူးလား"
ယွမ်ရှီကျဲနှင့် ဟော်ကော်တုန်းတို့က ရှီလျန်ဟိုင်ကို ကြည့်လိုက်ကြသည်။
ရှီလျန်ဟိုင်က ချက်ချင်း ပြောလိုက်သည်။ "ရေပေါ်ကျွန်းကို ငါလည်း မယူဘဲ နေလို့ရတယ်... ဒါပေမဲ့ ကျွန်းပေါ်က အရင်းအမြစ်တွေကိုတော့ ငါ သေချာပေါက် ရမှဖြစ်မယ်... အထူးသဖြင့် လူအရင်းအမြစ်ပဲ... ဘာလို့ မင်းတို့ ရေနတ်ဘုရားဂိုဏ်း တစ်ခုတည်းကို ပေးရမှာလဲ"
မြေမိခင်ဂိုဏ်းသည် ပြီးခဲ့သည့် အကြိမ် မြေဝါနတ်ဘုရားကျွန်းကို လုယက်စဉ်ကတည်းက လူအင်အား အများအပြား ဆုံးရှုံးခဲ့ရသည်။
နောက်ပိုင်းတွင် ထိုက်ယန်တောင်ကို နှစ်ကြိမ်တိုင်တိုင် သွားရောက်တိုက်ခိုက်ခဲ့ရာ လက်ရွေးစင် အစွမ်းပိုင်ရှင် အများအပြား ထပ်မံ ဆုံးရှုံးခဲ့ရပြန်သည်။
ထို့ကြောင့် ယခုအခါ လူအင်အား လိုအပ်ချက်မှာ အလွန် ကြီးမားနေသည်။
အမှန်တကယ်တွင်မူ ဘာသာရေးဂိုဏ်းကြီး သုံးခုစလုံး လူအင်အား ပြတ်လပ်နေပြီး ပြတ်လပ်မှုမှာ အလွန် ပြင်းထန်လှသည်။
စစ်တပ်ဘက်တွင်မူ အခြေအနေ အနည်းငယ် ပိုကောင်းသည်။ မည်သို့ပင်ဆိုစေကာမူ သိမ်းငှက်တပ်ဖွဲ့၏ လုပ်ဟန်မှာ ရက်စက်ကြမ်းကြုတ်သော်လည်း အနည်းဆုံးတော့ သူတို့က ယခင်က စစ်တပ်မှ ဆင်းသက်လာသူများ အမှန်တကယ် ဖြစ်နေကြသည်။
သူတို့တွင် ကပ်ဘေးမတိုင်မီက စစ်သား ဟူသော အဆင့်အတန်း မွေးရာပါ ပါရှိနေသဖြင့် အသက်ရှင်ကျန်ရစ်သူများ၏ ယုံကြည်မှုကို ရရှိရန် ပိုမို လွယ်ကူသည်။
ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူ အများအပြားက ယွမ်ရှီကျဲ၏ စစ်တပ်အဖွဲ့ထံသို့ လာရောက် ပူးပေါင်းကာ အကူအညီ တောင်းခံလေ့ ရှိကြသည်။
ယွမ်ရှီကျဲသည်လည်း ထိုအချက်ကို အားကိုး၍ လူအင်အားကို လျင်မြန်စွာ စုဆောင်းနိုင်ခဲ့ပြီး သိမ်းငှက်တပ်ဖွဲ့၏ အင်အားကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လူအင်အား အရင်းအမြစ်နှင့် ပတ်သက်လာလျှင် ဘာသာရေးဂိုဏ်းကြီး သုံးခုက ပထမဆုံး အလုအယက် တောင်းဆိုမည့် အရာဖြစ်သည်။
ဤကပ်ဘေးရေကြီးမှုကြီးတွင် လူမည်မျှ သေဆုံးသွားခဲ့ပြီ ဆိုသည်ကို မည်သူမဆို ရှင်းလင်းစွာ သိထားကြသည်။
အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ ကပ်ဘေးမတိုင်မီက လူဦးရေ၏ ဆယ်ရာခိုင်နှုန်းပင် ရှိမည် မဟုတ်တော့ပေ။
အနာဂတ်တွင် လူအင်အား အရင်းအမြစ်ကို ပိုင်ဆိုင်ထားသူကသာ အကြီးစား ခိုလှုံရေးစခန်းများကို အလွယ်ကူဆုံး အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်သည်။
ဤအချက်မှာ လူတိုင်းလိုလို၏ တူညီသော သဘောထားပင် ဖြစ်သည်။
ထို့ကြောင့် အားလုံးက လူအင်အားကို အလုအယက် ရှာဖွေနေကြခြင်းတည်း။
သေချာသည်မှာ... လူအင်အား လိုအပ်ခြင်း၏ အခြေခံအချက်မှာ ကိုယ်ပိုင် နယ်မြေ ရှိရန်ဖြစ်ပြီး ရေပေါ်ကျွန်းမှာ ပထမဆုံး အရေးကြီးဆုံး အရာ ဖြစ်နေဆဲပင်။
ယခုအခါ စစ်တပ်မှ သိမ်းငှက်တပ်ဖွဲ့နှင့် ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့က ရေပေါ်ကျွန်းကို ရွေးချယ်လိုက်ပြီ ဖြစ်ရာ ကျွန်းပေါ်ရှိ အရင်းအမြစ်များကို သဘာဝကျကျပင် အခြားသူများအား ထုတ်ပေးရမည် ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်းနှင့် မြေမိခင်ဂိုဏ်းတို့တွင် ကိုယ်ပိုင် ရေပေါ်ကျွန်း အသီးသီး ရှိပြီးဖြစ်ရာ သူတို့ အလိုချင်ဆုံး အရာမှာ သေချာပေါက် လူအင်အား အရင်းအမြစ်ပင် ဖြစ်လေသည်။
ယခု ရေနတ်ဘုရားဂိုဏ်းက ပါးစပ်ဟလိုက်သည်နှင့် ဤအရင်းအမြစ်များကို တိုက်ရိုက် သိမ်းယူလိုနေသဖြင့် ရှီလျန်ဟိုင်က မည်သို့လုပ်၍ သဘောတူနိုင်မည်နည်း။
ရေနတ်ဘုရားဂိုဏ်းဘက်မှ ဟူကျုံးက ပြုံးလျက် ပြောလိုက်သည်။ "အာ... ဒီကိစ္စက တိုင်ပင်လို့ ရပါတယ်ဗျာ"
"အစ်ကိုရှီ... ထိုက်ယန်တောင်ကို သိမ်းပိုက်ပြီးရင် ရလာမယ့် အရင်းအမြစ်တွေကို ဘယ်လို ခွဲဝေမလဲ ဆိုတာက ဒီတိုက်ပွဲမှာ ဘယ်သူက ပိုပြီး အားထုတ်နိုင်သလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်သေးတယ် မဟုတ်လား"
"လက်ရှိမှာ ထိုက်ယန်တောင်က နေရာသုံးခု ရှိတယ်... ထိုက်ယန်တောင်ကို အဓိကထားတဲ့ ကျွန်းသုံးကျွန်းမှာဆိုရင် သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးတွေ အများကြီး ရှိတယ်... တိုက်ရည်ခိုက်ရည် ရှိတဲ့ လူအင်အား အရင်းအမြစ်တွေ... သန္ဓေပြောင်း အပင်မျိုးစုံနဲ့ စိုက်ပျိုးသီးနှံတွေ ရှိတယ်"
"နောက်ပြီး ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်း ဖြစ်တဲ့ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်လည်း ရှိသေးတယ်"
"လင်း ဆိုတဲ့ကောင် အခုလေးတင် စုပ်ယူလိုက်တဲ့ အမှောင်ဓာတ် ရေပေါ်ကျွန်းလည်း ပါတယ်"
"ဒီ သုံးခုထဲမှာ အန္တရာယ် အများဆုံးကတော့ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှောင်ဓာတ် ရေပေါ်ကျွန်းပဲ... အရင်က ကျွန်တော်တို့ အားလုံး လူလွှတ်ပြီး သွားကြည့်ခဲ့ကြလို့ အဲ့ဒီကျွန်းပေါ်မှာ ဘာတွေရှိလဲ ဆိုတာ သိကြမှာပဲ"
"လင်း ဆိုတဲ့ကောင်ကလည်း အဲ့ဒီကျွန်းရဲ့ သခင် ဖြစ်နေတော့ အဲ့ဒီနေရာမှာဆို သူ့ရဲ့ အစွမ်းက သေချာပေါက် ပိုပိုပြီး သန်မာနေမှာပဲ... ဒီအချက်ကတော့ သံသယဖြစ်စရာတောင် မလိုဘူး"
"နောက်ပြီး ထိုက်ယန်တောင်ရဲ့ ကျွန်းသုံးကျွန်းကလည်း တော်တော်လေး ပြဿနာ များတဲ့ နေရာပဲ... ဒီကျွန်းသုံးကျွန်းက ရေပေါ်ကျွန်းတွေ မဟုတ်ပေမဲ့ ကျွန်းပေါ်က လူတိုင်းက စစ်သည်တွေလိုပဲ... အားလုံးက ထိုက်ယန်တောင်က အစွမ်းပိုင်ရှင်တွေချည်းပဲ... ကျွန်းပေါ်မှာ အရင်းအမြစ်တွေ မနည်းပေမဲ့ တိုက်ခိုက်ရတာတော့ တော်တော် ခက်ခဲလိမ့်မယ်"
"အဲ့ဒီ ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းကတော့ အလွယ်ကူဆုံးပဲ... ဟင်းလင်းပြင် အကာအရံကို ချိုးဖျက်နိုင်တာနဲ့ အလွယ်တကူ ဝင်ရောက်သွားလို့ ရပြီ... ဟင်းလင်းပြင်သခင် လီချင်းဟွာကို ရှင်းလင်းလိုက်နိုင်တာနဲ့ ကျန်တာတွေက မခက်တော့ဘူး"
"ငါတို့ လေးဖွဲ့ရဲ့ လူအင်အားနဲ့ ဘယ်နေရာကို ဘယ်လို ရွေးချယ်မလဲ ဆိုတာကို အရင်ဆုံး သတ်မှတ်ပြီးမှ အကျိုးအမြတ် ဘယ်လို ခွဲမလဲ ဆိုတာကို ဆက်တိုင်ပင်ကြရင် မကောင်းဘူးလား"
ထိုစကားများ ထွက်ပေါ်လာပြီးနောက် လူအားလုံးက ကန့်ကွက်ခြင်း မရှိကြပေ။
သို့သော် ထိုစဉ် တင်းဟွေယိက ရုတ်တရက် ဝင်ပြောလိုက်သည်။ "ဒီကိစ္စမှာ ပြဿနာ တစ်ခုတော့ ရှိတယ်... တကယ်လို့ နယ်မြေအလိုက် တာဝန်ခွဲဝေမယ် ဆိုရင်... အဲ့ဒီ လင်း ဆိုတဲ့ကောင် ရှိနေတဲ့ နေရာက တိုက်ခိုက်ရ အခက်ဆုံး ဖြစ်နေမှာ မဟုတ်ဘူးလား"
ထိုစကားကြောင့် အခြားသူများလည်း ချက်ချင်း သတိဝင်သွားကြပြီး ရှီလျန်ဟိုင်၊ ဟော်ကော်တုန်းနှင့် အခြားသူများလည်း အခြေအနေကို သဘောပေါက်သွားကြသည်။
ရေနတ်ဘုရားဂိုဏ်းဘက်မှ ဟူကျုံးက ပြုံးလျက် ပြောသည်။ "ဒါက လွယ်ပါတယ်... ကျွန်တော်တို့ လူအင်အားတွေကို စုစည်းပြီး လင်းယွမ်ကို အရင်ဝိုင်းသတ်ကြမယ်... ကျန်တဲ့ဟာတွေကိုမှ နယ်မြေအလိုက် တာဝန်ခွဲဝေကြတာပေါ့"
ထိုစကားကို ကြားသောအခါ လူအားလုံးက မနေနိုင်ဘဲ ခေါင်းညိတ်လိုက်ကြပြီး ဤအကြံမှာ မဆိုးဘူးဟု တွေးလိုက်ကြသည်။
ဤ စွန်းဝူဂေဟာ အတွင်း၌ ဆွေးနွေးတိုင်ပင်နေမှု လေထုမှာ ပိုမို ပြင်းထန်လာလေသည်။
မည်သူကမျှ သတိမထားမိလိုက်ကြသည်မှာ ကောင်းကင်ယံ တစ်ခုလုံးတွင် အမှောင်ရိပ် တစ်ခု ဖုံးလွှမ်းလာနေခြင်းပင်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ကြီး မည်းမှောင်သွားပြီး စွန်းဝူဂေဟာ အတွင်းသို့ ရယ်မောသံ တစ်သံ ထွက်ပေါ်လာသည်။
"ဟဲဟဲ... မိုက်တယ်... တကယ်ကို မိုက်တာပဲ"
"အကျိုးအမြတ်တွေကို ဘယ်လို ခွဲဝေကြမလဲ ဆိုတဲ့အထိတောင် ရောက်နေကြပြီလား"
ထိုအသံမှာ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အမှောင်ထုနှင့်အတူ လွှမ်းမိုးလာလေသည်။
ထိုနေရာရှိ လူအားလုံး၏ မျက်နှာတွင် အံ့သြထိတ်လန့်သော အမူအရာများ ပေါ်လာကြပြီး အလျင်အမြန် မတ်တတ်ထရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကြသည်။
တင်းဟွေယိက အပြင်ဘက်မှ လွှမ်းမိုးလာသော အမှောင်ရိပ်များကို ကြည့်လိုက်ပြီး ချက်ချင်း မျက်နှာပျက်သွားသည်။
"လင်းယွမ်"
သူက တွင်းနက်အရိပ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကိုယ်တိုင် တွေ့ကြုံဖူးသူ ဖြစ်ရာ ဤအမှောင်ရိပ်များ၏ အဓိပ္ပာယ်ကို ချက်ချင်း သိရှိသွားလေသည်။
ထို့ကြောင့် ဘာမှ ထပ်မတွေးတော့ဘဲ ချက်ချင်း အော်ဟစ်လိုက်သည်။ "ဒုက္ခပဲ... လင်း ဆိုတဲ့ကောင် ရောက်လာပြီ"
ထိုအော်သံကြောင့် လူအားလုံး လန့်ဖျပ်သွားကြပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ တံခါးအပြင်ဘက်သို့ ပြေးထွက်သွားကြသည်။
ယွမ်ရှီကျဲ၏ မျက်လုံးများက အေးစက်သွားပြီး အခြေအနေကို ကြည့်ရှုရန် အပြင်သို့ လိုက်ထွက်မည် ပြုလိုက်သည်။
သို့သော် တင်းဟွေယိက ယွမ်ရှီကျဲကို ဆွဲထားလိုက်ပြီး အော်ပြောသည်။ "မသွားနဲ့... ခေါင်းဆောင်ကြီး... အမှောင်ရိပ် လွှမ်းနေတဲ့ နေရာကနေ မြန်မြန် ထွက်ပြေး... ဒါက တွင်းနက်အရိပ်ပဲ... အမှောင်ရိပ် ဖုံးလွှမ်းခံလိုက်ရတာနဲ့ တစ်ခဏလေးအတွင်းမှာတင် အရိပ်ကမ္ဘာထဲကို ဆွဲသွင်းခံရလိမ့်မယ်"
ယွမ်ရှီကျဲသည် တွင်းနက်အရိပ် အကြောင်းကို သဘာဝကျကျပင် သိထားသည်။ သူက တင်းဟွေယိထံမှ လင်းယွမ်၏ အချက်အလက်များကို ကြိုတင် သိရှိထားခဲ့ပြီး ဖြစ်သည်။
ထိုစကားကို ကြားသောအခါ သူက ချက်ချင်း ရပ်တန့်လိုက်ပြီး တင်းဟွေယိကို ဖမ်းဆွဲကာ အော်ပြောလိုက်သည်။ "အမှောင်ရိပ် ကျနေတဲ့ နေရာကနေ ဆုတ်ကြ"
တင်းဟွေယိကလည်း တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်သည်။ "ချိတ်ပိတ် သင်္ကေတကို သုံး... အမှောင်ရိပ်တွေကို ဖယ်ရှားပစ်ကြ"
သူတို့နှစ်ဦး၏ အော်သံမှာ မတိုးလှပေ။ ထို့ကြောင့် ပြေးထွက်သွားသော ဘာသာရေးဂိုဏ်းကြီး သုံးခုမှ ခေါင်းဆောင်များသည်လည်း အလျင်အမြန် ရပ်တန့်လိုက်ကြသည်။
သို့သော် ထိုသို့ ရပ်တန့်လိုက်သော်လည်း အမြန်ဆုံး ပြေးထွက်သွားသော လူအချို့မှာမူ အမှောင်ရိပ်၏ ရစ်ပတ်ဆွဲယူခြင်းကို တိုက်ရိုက် ခံလိုက်ရလေသည်။
ထိုလူများသည် တစ်ခဏချင်းအတွင်းမှာပင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အမှောင်ထု၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ ပျောက်ကွယ်သွားသည်ကို လူအားလုံး တွေ့လိုက်ရသည်။
ဤကဲ့သို့ ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် လူအားလုံး မျက်နှာပျက်သွားကြပြီး နောက်သို့ အလုအယက် ဆုတ်ခွာသွားကြတော့သည်။
ဆက်ရန်...
အပိုင်း (၅၈၄) ယွမ်ရှီကျဲ၏ သေဆုံးခြင်း
ချက်ချင်းပင် ထိုလူများက အရိပ်ကျရောက်နေသည့် နယ်မြေထဲမှ အမြန်ဆုတ်ခွာသွားကြသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်းဘက်တွင် ဟန်ထင်ကျုံးက အလွန်မြန်ဆန်စွာ ပြေးဝင်သွားမိပြီး အရိပ်နှင့် အလွန်နီးကပ်သွားခဲ့ရာ သူ၏ခန္ဓာကိုယ်မှာ အရိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ့ကို အရိပ်ကမ္ဘာထဲသို့ ဆွဲသွင်းခံရတော့မည့်ပုံပင်။
သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေပြီး ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်မဲ့ခြင်းကို ခံစားလိုက်ရလေသည်။
ဤအရိပ်ကမ္ဘာထဲတွင် သူသည် မည်သည့်စွမ်းအင်ကိုမျှ အသုံးမပြုနိုင်တော့ချေ။ စဉ်းစားတွေးတောနိုင်စွမ်းမှလွဲ၍ အခြားမည်သည့် အစွမ်းကိုမျှ ထုတ်သုံး၍ မရတော့ပေ။
"မလုပ်နဲ့"
သူက ထိတ်လန့်ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။
အပြင်ဘက်ရှိ ဟော်ကော်တုန်းက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ရာ စွမ်းအင်ချိတ်ပိတ်မြှားတစ်စင်း ပြင်းထန်စွာ ထွက်ပေါ်လာသည်။
"ဝှစ်"
စွမ်းအင်ချိတ်ပိတ်မြှားက အရိပ်ကမ္ဘာထဲသို့ တရှိန်ထိုး ဝင်ရောက်သွားပြီး ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲထွက်သွားသည်။
ချက်ချင်းပင် ထိုအရိပ်ကမ္ဘာ အစိတ်အပိုင်းတွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာလေသည်။
အထဲရှိ ဟန်ထင်ကျုံးက ထိုအခြေအနေကို မြင်လိုက်ရသဖြင့် အလွန် ဝမ်းသာသွားပြီး အက်ကွဲကြောင်းဆီသို့ ချက်ချင်း ပြေးဝင်သွားသည်။ ထို့နောက် မျက်တောင်တစ်ခတ်အတွင်း ထိုအက်ကွဲကြောင်းထဲမှ တိုးထွက်လာကာ သာမန် သုံးဘက်မြင် သက်ရှိပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။
သူ၏ မျက်နှာပေါ်တွင် သေဘေးမှ လွတ်မြောက်လာသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး ခြေလှမ်းများကို ရပ်တန့်မနေရဲဘဲ အပေါ်သို့ အားကုန် ခုန်တက်လိုက်သည်။
"ဝှစ်"
သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမ ဂဠုန်ငှက်ကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး တောင်ပံများကို ခတ်ကာ ပျံတက်သွားလေသည်။
သူက အသွင်ပြောင်းအမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေခဲ့သည်။
ထို့အပြင် အလွန် ရှားပါးလှသော ပျံသန်းနိုင်သည့် အသွင်ပြောင်းအစွမ်း ဖြစ်နေသည်။
အသွင်ပြောင်းအစွမ်းသည်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းများထဲမှ တစ်ခုပင် ဖြစ်သည်။
ထူလုံ... ကျန်းဖန်... နှင့် ဂျိရှောင်ယွီတို့သည်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အသွင်ပြောင်းအစွမ်းများပင် ဖြစ်ကြသည်။
သို့သော် ပျံသန်းနိုင်သော အသွင်ပြောင်းခြင်းမျိုးကို ထူလုံမှလွဲ၍ ဒုတိယမြောက်လူကို မတွေ့ဖူးသေးပေ။
ဤဟန်ထင်ကျုံးသည် ဆင့်ကဲပြောင်းလဲခြင်း ကောင်စီ၏ အမတ်ကြီး ခုနစ်ယောက်ထဲမှ တစ်ယောက် ဖြစ်လာနိုင်သည်မှာ တကယ်ကို သူတစ်ပါးထက် ထူးချွန်သော အရည်အချင်းများ ရှိနေ၍ပင်။
"ဝှီး"
သူ၏ အလျင်မှာ အလွန် မြန်ဆန်လှပြီး တစ်စက္ကန့်ပင် မကြာလိုက်ဘဲ အရိပ်ထဲမှ တရှိန်ထိုး ထွက်ပေါ်လာကာ ဟော်ကော်တုန်းတို့ အဖွဲ့နှင့် သွားရောက် ပူးပေါင်းလိုက်သည်။
"ဂိုဏ်းချုပ်... လင်း ဆိုတဲ့ကောင် ရောက်လာပြီ" ဟန်ထင်ကျုံးက အော်ပြောလိုက်သည်။
သို့သော် ဟော်ကော်တုန်းတို့က သူ့ကို ဂရုမစိုက်ကြဘဲ အားလုံးက သူ့နောက်ကျောဘက်သို့ ထိတ်လန့်ဒေါသထွက်နေသော မျက်နှာများဖြင့် ကြည့်နေကြသည်ကို သူ သတိထားမိလိုက်သည်။
ဟန်ထင်ကျုံးလည်း နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ့သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး မျက်နှာအမူအရာပါ ချက်ချင်း ပြောင်းလဲသွားလေသည်။
ဆွန်းဝူစံအိမ် တစ်ခုလုံး၏ ကောင်းကင်ယံထက်တွင် ဧရာမ ရေခဲတုံးကြီးများ ပေါလောပေါ်နေပြီး နေရောင်ခြည်ကိုပင် ကွယ်ကာထားသည်ကို တွေ့လိုက်ရသည်။
ဧရာမ အရိပ်ကြီးက အောက်သို့ ကျရောက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အမှောင်ဓာတ် စွမ်းအင်များ လွှမ်းခြုံလာကာ တွင်းနက်အရိပ်ကြီးတစ်ခု၏ အဝက ကျယ်ပြန့်လာလေသည်။
အရိပ်အောက်တွင် ရှိနေသော သက်ရှိအားလုံးမှာ ထိုဧရာမ တွင်းနက်အရိပ်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။
မူလက ဆွန်းဝူစံအိမ် အပြင်ဘက်တွင် စောင့်ကြပ်နေကြသော ဘာသာရေးဂိုဏ်းကြီးများမှ တပည့်များနှင့် စစ်တပ်မှ သိန်းငှက် အဖွဲ့ဝင်များ...
ယခုအခါ အများစုမှာ ဝါးမျိုခံလိုက်ရပြီး အားလုံးသည် တွင်းနက်အရိပ်ကြီး၏ အထဲတွင် ပိတ်မိသွားကြပြီ ဖြစ်သည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် ကြောက်မက်ဖွယ် စူးစူးဝါးဝါး အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။
ဟန်ထင်ကျုံးက ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်ရာ ရေခဲလွှာများပေါ်တွင် မတ်တတ်ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ရောက်လာသူ၏ ခန္ဓာကိုယ်မှာ အရပ်ရှည်ကာ တောင့်တင်းခိုင်မာပြီး ဓားဖြင့်ထွင်းထုထားသကဲ့သို့ စူးရှပြတ်သားသော မျက်နှာသွင်ပြင် ရှိသည်။
သူ၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ရှိနေပြီး အောက်ဘက်ရှိ လူအားလုံးကို လှမ်းကြည့်နေ၏။
ဟန်ထင်ကျုံးနှင့် သူ၏ အကြည့်တို့ ဆုံသွားချိန်တွင် နှလုံးခုန်သံများ မြန်ဆန်လာပြီး ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ရင်ထဲမှ ခံစားလိုက်ရသည်။
၎င်းက အသွေးအသားထဲမှ လာသော ဖိနှိပ်မှု ခံစားချက်မျိုး ဖြစ်သည်။
လူတစ်ယောက်ကို ရင်ဆိုင်နေရသည်နှင့် မတူဘဲ ပို၍ အဆင့်မြင့်သော သက်ရှိတစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ပင်။
မျိုးရိုးဗီဇမြေပုံ အလယ်အလတ်အဆင့်သို့ ရောက်ပြီးနောက် လူ၏ မျိုးရိုးဗီဇများ ပြန်လည်ဖွဲ့စည်းသွားရာ သေချာစဉ်းစားကြည့်လျှင် မူလ လူသား ဆိုသည့် သတ်မှတ်ချက်မှ အမှန်တကယ် သွေဖည်သွားခဲ့ပြီ ဖြစ်သည်။
"ဒီတိုင်းကြီး ရပ်မနေကြနဲ့... မြန်မြန် တိုက်ခိုက်ကြ... အလင်းဓာတ်ရယ်... ချိတ်ပိတ် သင်္ကေတရယ်က ဒီတွင်းနက်အရိပ်ကြီးကို ဖျက်ဆီးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ"
ရေနတ်ဘုရားဂိုဏ်းဘက်မှ လင်းလုံက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဟူကျုံးနှင့် အခြားသူများကလည်း လိုက်လံ အော်ဟစ်လိုက်ကြသည်။
သူတို့က တွင်းနက်အရိပ်ကြီးကို ဖျက်ဆီးမည့် နည်းလမ်းကို ဒီရေပင်မဦးနှောက်ထံမှ ကြိုတင် သိရှိထားပြီးသား ဖြစ်သည်။
ထို့ကြောင့် ယခုလို လင်းယွမ်၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ချက်ချင်း အော်ဟစ် သတိပေးလိုက်ကြခြင်း ဖြစ်သည်။
ယွမ်ရှီကျဲ... ရှီလျန်ဟိုင်... ဟော်ကော်တုန်း အစရှိသော အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များလည်း ရုတ်တရက် သတိဝင်လာကြသည်။
"မြန်မြန် တိုက်ကြ"
"ထိုက်ယန်တောင်က လင်းယွမ်... မင်းက သေချင်လို့ ကိုယ့်သေတွင်း ကိုယ်လာတူးတာပဲ"
"ငါတို့က မင်းကို လိုက်ရှာမလို့ လုပ်နေတာ... မင်းဘာသာ အသေလာခံမယ်လို့ မထင်ထားဘူး"
"သတ်"
လူအုပ်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး ကိုယ်စီ အစွမ်းများကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။
ရှီလျန်ဟိုင်က စိတ်ကို စုစည်းကာ လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ လေထဲတွင် မြေဝါရောင် အရာများ လျင်မြန်စွာ စုဝေးလာသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်စင်နေသော သဲမုန်တိုင်းကြီးအဖြစ် ပြောင်းလဲသွားပြီး ဧရာမ အမွေးရှည်ဆင်ကြီး တစ်ကောင်အဖြစ် စုစည်းသွားလေသည်။
ထိုအမွေးရှည်ဆင်ကြီးမှာ အမြင့် ပေ ၄၀ ခန့်ရှိပြီး တစ်ကိုယ်လုံးတွင် မြေဝါရောင် သံချပ်ကာများက ကျောက်တုံးများအလား ဖုံးလွှမ်းနေသည်။
ကောင်းကင်သို့ ထိုးထွက်နေသော ချွန်ထက်သည့် ဧရာမ ဆင်စွယ်ကြီးနှစ်ချောင်းမှာ ကျောက်တိုင်ကြီးအလား ကြီးမားသော နှာမောင်းကြီး ယမ်းခါမှုနှင့်အတူ လေထုကို ထိုးဖောက်သွားလေသည်။
"ဒုန်း... ဒုန်း... ဒုန်း"
ရှီလျန်ဟိုင်က ဆင်ခြေထောက်ကြီးဖြင့် ဆောင့်နင်းလိုက်ရာ လေထုတစ်ခုလုံး တုန်ခါသွားပြီး သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးက လင်းယွမ်ဆီသို့ အပြင်းအထန် ဝင်တိုက်လိုက်သည်။
လင်းယွမ်က လှမ်းကြည့်လိုက်ပြီး မျက်မှောင်ပင့်ကာ "မျိုးရိုးဗီဇမျိုးစေ့ အလယ်အလတ်အဆင့်လား"
ဤကဲ့သို့ ပုံပန်းသဏ္ဍာန် ပြောင်းလဲသွားခြင်းက မျိုးရိုးဗီဇများ ပြန်လည်ဖွဲ့စည်းပြီးနောက် မျိုးရိုးဗီဇမြေပုံပါ သတ္တဝါများအဖြစ် ပြောင်းလဲသွားသည့် ပုံစံနှင့် အလွန် တူညီနေသည်။
သို့သော် ချက်ချင်းပင် လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး ထိုခန့်မှန်းချက်ကို ငြင်းပယ်လိုက်သည်။
"မဟုတ်သေးဘူး... ဒါက သဘာဝဓာတ်ကို အသုံးချပြီး မျိုးရိုးဗီဇမြေပုံပါ သတ္တဝါပုံစံကို အတုအယောင် ဖန်တီးထားတာပဲ... အစစ်အမှန် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီး ခန္ဓာကိုယ် ပြောင်းလဲသွားတာ မဟုတ်ဘူး"
"ဟက်... အဓိက အရည်အသွေးက အမှတ်တစ်ရာပဲ ရှိလို့ မျိုးရိုးဗီဇ ပြန်မဖွဲ့စည်းရဲဘဲ ဒီလို လှည့်ကွက်ကို သုံးနေတာပဲ... ဘယ်လိုအမှိုက်ကောင်လဲဟ"
လင်းယွမ်၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ ပေါ်လွင်နေပြီး မျိုးရိုးဗီဇမြေပုံ အလယ်အလတ်အဆင့် အသွင်ပြောင်းခြင်းကိုပင် အသုံးပြုရန် မလိုအပ်တော့ချေ။
ရှေ့တည့်တည့်မှ ပြေးဝင်လာသော ဧရာမ အမွေးရှည်ဆင်ကြီးကို အသာအယာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ဝှစ်"
ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းငယ် တစ်ခု ချက်ချင်း ပေါ်လာလေသည်။
ဤအက်ကွဲကြောင်းက မကြီးမားသော်လည်း အလွန် လျင်မြန်သော အလျင်ဖြင့် ရှေ့သို့ ပျံ့နှံ့သွားသည်။
ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ လျင်မြန်စွာ ပိုင်းဖြတ်ခံလိုက်ရလေသည်။
အချိန်မီ မရှောင်ရှားနိုင်ခဲ့သော ဘာသာရေးဂိုဏ်းကြီး သုံးခုမှ လူအချို့သည် အက်ကွဲကြောင်းနှင့် ထိမိသည်နှင့် တစ်ပြိုင်နက် "ရွှပ်" ခနဲ အသံနှင့်အတူ ထက်ပိုင်း ပိုင်းဖြတ်ခံလိုက်ရတော့သည်။
ရှီလျန်ဟိုင် ပြောင်းလဲထားသော အမွေးရှည်ဆင်ကြီးမှာလည်း အက်ကွဲကြောင်း၏ ဖြတ်တောက်မှုကို ချက်ချင်း ခံလိုက်ရသည်။
"ရွှပ်... ကျီ"
ဟင်းလင်းပြင်နှင့် သဲများ ပွတ်တိုက်မိသော ပြင်းထန်သည့် အသံကြီး ထွက်ပေါ်လာသည်။
အမွေးရှည်ဆင်ကြီးက ကောင်းကင်ယံအထိ ဟိန်းထွက်သွားသော နာကျင်စွာ အော်ဟစ်သံကြီးကို ပြုလုပ်လိုက်သည်။
"ဝုန်း"
နောက်တစ်ခဏတွင် ရှီလျန်ဟိုင်သည် အမွေးရှည်ဆင်ကြီး၏ ပုံစံကို ဆက်လက် မထိန်းထားနိုင်တော့ဘဲ "အုန်း" ခနဲ ပေါက်ကွဲထွက်သွားကာ ကောင်းကင်တစ်ခွင် သဲမုန်တိုင်းများအဖြစ် ပြောင်းလဲသွားပြီး လျင်မြန်စွာ လွင့်စဉ် ထွက်ပြေးသွားတော့သည်။
သဲမှုန်အချို့မှာ အက်ကွဲကြောင်းထဲသို့ တိုက်ရိုက် စုပ်ယူခံလိုက်ရပြီး အစအနပင် မကျန်တော့ပေ။
ရှီလျန်ဟိုင် ပြောင်းလဲသွားသော သဲမှုန်များသည် အလွန်လျင်မြန်စွာ လွင့်စင်သွားပြီး လေထဲတွင် လူအသွင်သို့ ပြန်လည်ပြောင်းလဲသွားသည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာလည်း အတော်လေး ပိန်ချုံးသွားပုံရသည်။
ခုနက စုပ်ယူခံလိုက်ရသော သဲမှုန်များမှာ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။
ရှီလျန်ဟိုင်၏ မျက်နှာတွင် ထိတ်လန့်ဒေါသထွက်မှုများ ပြည့်နှက်နေပြီး "ဟင်းလင်းပြင် အစွမ်းလား... နေဘူး... မင်းက အမှောင်ဓာတ် အစွမ်းပိုင်ရှင် မဟုတ်ဘူးလား"
ဤအခိုက်အတန့်တွင် ကျန်လူများကလည်း ထိတ်လန့်ဒေါသထွက်သည့် အရိပ်အယောင်များ အသီးသီး ပေါ်ထွက်လာကြသည်။
"သတင်းအချက်အလက်တွေက မှားနေတာပဲ... သူက ဘယ်လိုလုပ်ပြီး ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်နေရတာလဲ"
"မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး... သူ ခုနလေးတင် တွင်းနက်အရိပ်ကြီးကို အသုံးပြုခဲ့တာလေ... သူက အမှောင်ဓာတ် အစွမ်းပိုင်ရှင်လည်း ဖြစ်နေတာပဲ"
"လူတစ်ယောက်တည်းက အစွမ်းနှစ်မျိုးကို ပိုင်ဆိုင်ထားတာလား"
ထိတ်လန့်တုန်လှုပ်မှုများကြားတွင် လူအားလုံး၏ ရင်ထဲ၌ ဧရာမ မုန်တိုင်းကြီး တစ်ခု တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လင်းယွမ်ကမူ သူတို့နှင့် အချိန်ဖြုန်းမနေတော့ပေ။ အရိပ်များ ပျံ့နှံ့သွားပြီး လေထဲရှိ ဧရာမ ရေခဲတုံးကြီးများက နေရောင်ခြည်ကို ကွယ်ကာလိုက်ရာ အရိပ်များ ဖုံးလွှမ်းသွားပြီး တွင်းနက်အရိပ်ကြီးက သုံးဘက်မြင် သက်ရှိ အားလုံးကို လျင်မြန်စွာ ဝါးမျိုပစ်လိုက်လေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွမ်ရှီကျဲက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး "အမှောင်ထုထဲ ဖုံးလွှမ်း မခံကြနဲ့... အဲ့ဒီ ရေခဲတုံးတွေကို ခွဲပစ်လိုက်" ဟု အော်ပြောလိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
သူ၏ သတိပေးသံနှင့်အတူ ပတ်ဝန်းကျင်ရှိ ထိပ်တန်း အစွမ်းပိုင်ရှင် ဆယ်ဂဏန်းခန့်က လေထဲရှိ ရေခဲတုံးများကို တစ်ယောက်တစ်ပေါက် ဝင်ရောက်တိုက်ခိုက်ကြလေသည်။
ရေခဲတုံးများ ပေါက်ကွဲထွက်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်တွင် အလင်းရောင်များ ပြန်လည်လင်းထိန်လာပြီး အရိပ်များလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
တွင်းနက်အရိပ်ကြီးမှာလည်း ဆက်လက် ကျယ်ပြန့်လာနိုင်ခြင်း မရှိတော့ပေ။
လင်းယွမ်က အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှည့်ပတ်သွားကာ နောက်တစ်ခေါက် ပြန်ပေါ်လာချိန်တွင် စစ်တပ်မှ သိန်းငှက် ခေါင်းဆောင် ယွမ်ရှီကျဲ၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"သိန်းငှက် ခေါင်းဆောင် ဟုတ်လား... မင်းက ဒီစစ်ဝတ်စုံကို ဝတ်ဖို့ ထိုက်တန်လို့လား"
"ဝုန်း"
လင်းယွမ်က လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး ယွမ်ရှီကျဲဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။
ယွမ်ရှီကျဲက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန် ဝမ်းသာသွားပြီး ရှောင်တိမ်းခြင်း မရှိသည့်အပြင် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။
"မင်းကများ ငါ့ကို လာဆရာလုပ်နေသေးတယ်"
"ဝုန်း"
သူ၏ အရှိန်အဝါများ အစွမ်းကုန် ထွက်ပေါ်လာပြီး ဝတ်ဆင်ထားသော စစ်ဝတ်စုံမှာ ပေါက်ကွဲထွက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ကြွက်သားကြီးများ ပေါ်လာလေသည်။
နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်ပေါ်၌ အကြေးခွံများ လျင်မြန်စွာ ထွက်ပေါ်လာသည်။
သူ၏ ခေါင်းမှာလည်း ပုံပျက်သွားပြီး သုံးချိုင့်နဂါးခေါင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လက်နှစ်ဖက်မှာလည်း ကြောက်မက်ဖွယ် သားရဲလက်သည်းကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။
"ဒိုင်း"
လင်းယွမ်၏ လက်သီးကို သူ၏ နဂါးလက်သည်းကြီးဖြင့် အလွယ်တကူ ဖမ်းဆုပ်ထားလိုက်သည်။
အားပြင်းသော လေလှိုင်းများ ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်လေထုထဲတွင် ကြောက်မက်ဖွယ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ပေါက်ကွဲမှုအလား ပြင်းထန်သော တိုက်ခိုက်မှု လှိုင်းတံပိုးများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားလေသည်။
လင်းယွမ် မျက်မှောင်ပင့်လိုက်ပြီး "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာလား... မင်းက မျိုးရိုးဗီဇမြေပုံ အလယ်အလတ်အဆင့်ကို ရောက်သွားပြီပေါ့"
သုံးချိုင့်နဂါးခေါင်းကြီးနှင့် ယွမ်ရှီကျဲက အက်ကွဲကွဲ လူသံဖြင့် "ဟားဟားဟား... အစွမ်းတွေ အများကြီး ပိုင်ဆိုင်ထားရုံနဲ့ လောကကြီးမှာ ပြိုင်ဘက်ကင်းပြီလို့ မင်းက တကယ် ထင်နေတာလား"
"အစွမ်းပိုင်ရှင်ဆိုတာ အမြဲတမ်း အဓိက အရည်အသွေးကိုပဲ အားကိုးရတာကွ"
"အဓိက အရည်အသွေး အမှတ် ၁၀၀ ဆိုတာ အမြင့်ဆုံးပဲလို့ မင်းက ထင်နေတာလား"
"ကြည့်စမ်း... ဒါကမှ သက်ရှိတွေရဲ့ ပိုအဆင့်မြင့်တဲ့ ဆင့်ကဲပြောင်းလဲမှုပဲ... ဒါကမှ ရှင်သန်ခြင်းရဲ့ အစစ်အမှန် အဓိပ္ပာယ်ပဲ"
"မင်းက ငါ့ရဲ့ ပျံသန်းနိုင်တဲ့ မိစ္ဆာနဂါးအဖြစ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းထားတဲ့ ပုံစံကို ပထမဆုံး မြင်ရတဲ့သူပဲ... ဝမ်းသာလိုက်စမ်းပါ... မင်းသေရတာ တန်ပါတယ်ကွာ... ဟားဟားဟား"
"ဝုန်း"
သုံးချိုင့်နဂါးခေါင်းနှင့် ယွမ်ရှီကျဲက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ နဂါးလက်သည်းကြီးကို မြှောက်ကာ ကြောက်မက်ဖွယ်ကောင်းသော လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။
"ဒိန်း"
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံး ချက်ချင်း တုန်ခါသွားပြီး လေလှိုင်းများက အနုမြူဗုံး ပေါက်ကွဲသကဲ့သို့ ပွင့်ထွက်သွားလေသည်။
ရှေ့ရှိ လေထုမှာ တိုက်ရိုက် နောက်ကျိသွားပြီး မော်လီကျူးများပင် တုန်ခါကာ ဖရိုဖရဲ ဖြစ်လာတော့သည်။
လင်းယွမ်၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအားလုံး၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကြသည်။
လေထဲရှိ ရှီလျန်ဟိုင်က ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "ယွမ်ရှီကျဲ... မင်း အမှတ် ၁၀၀ ကို ကျော်လွန်သွားပြီပဲ"
"မျိုးရိုးဗီဇ ပြန်ဖွဲ့စည်းတာ... မင်းက တကယ်ကြီး မျိုးရိုးဗီဇကို ပြန်ဖွဲ့စည်းနိုင်သွားတာလား" ရေနတ်ဘုရားဂိုဏ်းဘက်မှ အသိပညာ ယဇ်ပုရောဟိတ် ဟူကျုံးကလည်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
ရေနတ်ဘုရားဂိုဏ်း၏ သန့်စင်ရေစင်တပ်ဖွဲ့ ခေါင်းဆောင် လင်းလုံကလည်း မျက်လုံးများကို မှေးကျဉ်းကာ ယွမ်ရှီကျဲကို ကြည့်ရင်း "မင်းက တော်တော်ဖုံးထားနိုင်တာပဲ"
"လင်း ဆိုတဲ့ကောင်က သူ့လက်အောက်မှာ လက်သီးတစ်ချက်တောင် မခံနိုင်ဘူးလား"
"တစ်ခါထဲ အခိုးအငွေ့ဖြစ်ပြီး ပျောက်ကွယ်သွားတာလား"
မြေမိခင်ဂိုဏ်းဘက်မှ ရာသီလေးပါး ယဇ်ပုရောဟိတ်ကြီး လေးပါးကလည်း တိုးတိတ်စွာ အော်ဟစ်လိုက်ကြသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်းဘက်တွင် ဟော်ကော်တုန်းကလည်း သံသယများဖြင့် ယွမ်ရှီကျဲကို ကြည့်နေသည်။
"သူလည်း အဆင့်တက်သွားပြီပဲ"
ဟန်ထင်ကျုံးက မနေနိုင်ဘဲ ပြောလိုက်သည်။ "ဂိုဏ်းချုပ်... လင်းယွမ် သေသွားပြီဆိုတော့ ကျွန်တော်တို့ ရေပေါ်ကျွန်းကို သွားပြီး ချက်ချင်း နေရာယူသင့်ပြီ မဟုတ်ဘူးလား"
လေထဲတွင် ပေါလောပေါ်နေသော ယဲ့ကျိရွှမ်ကလည်း အလျင်အမြန် ပြောလိုက်သည်။ "ဂိုဏ်းချုပ်... လင်း ဆိုတဲ့ကောင် သေသွားပြီဆိုတော့ အရိပ်ကမ္ဘာထဲမှာ ပိတ်မိနေတဲ့လူတွေက ဘယ်လိုလုပ်မလဲ"
လင်းယွမ် သေဆုံးသွားလျှင် တွင်းနက်အရိပ်ကြီး၏ ဝါးမျိုခြင်းခံထားရသူများ လွတ်မြောက်လာမည်လား ဆိုသည်ကို မည်သူမျှ မသိကြပေ။
ထိုအချိန်တွင် ယွမ်ရှီကျဲက ဟားတိုက် ရယ်မောလိုက်သည်။ "ထိုက်ယန်တောင်က နံပါတ်တစ် ဆိုတဲ့ကောင်ကလည်း ဒီလောက်ပါပဲလား"
"အားလုံးပဲ... လင်းယွမ် သေသွားပြီဆိုတော့ ထိုက်ယန်တောင်က အခု ငါတို့ လက်ထဲ ရောက်သွားပြီ"
"တပ်တွေ ချက်ချင်း စေလွှတ်ပြီး ထိုက်ယန်တောင်ကို သိမ်းကြရအောင်"
"သဘောတူထားတဲ့အတိုင်း စစ်တပ်က ဟင်းလင်းပြင် ရေပေါ်ကျွန်းကို ယူ..."
"ဝုန်း"
ယွမ်ရှီကျဲ၏ အောင်ပွဲခံစကား မဆုံးခင်မှာပင် သူ၏ ဘေးရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် လှည့်ပတ်သွားသည်။
ထို့နောက် ထိုအထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
ထိုခန္ဓာကိုယ်မှာ အလွန် ကြီးမားလှပြီး အမြင့် ပေ ၄၀ ခန့်ရှိကာ တစ်ကိုယ်လုံးတွင် ထူထဲသော ရေခဲသံချပ်ကာများ ဖုံးလွှမ်းထားသည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အမွေးထူထူ လက်ဝါးကြီးက ယွမ်ရှီကျဲ၏ ပခုံးကို အားကုန် ဆွဲကိုင်လိုက်သည်။
ယွမ်ရှီကျဲ အခြေအနေကို နားမလည်နိုင်ခင်မှာပင် အခြား ဝက်ဝံလက်ဝါးကြီး တစ်ဖက်က ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ကျယ်လောင်သော ဟိန်းသံကြီးနှင့်အတူ လေလှိုင်းများ ပေါက်ကွဲထွက်သွားသည်။
လေထုမှာ ဤအသားဆိုင် လက်ဝါးကြီး၏ ရိုက်ချမှုကြောင့် ပုံပျက်သွားပြီး အက်ကွဲလာတော့သည်။
ယွမ်ရှီကျဲ၏ သုံးချိုင့်နဂါးခေါင်း အရှေ့သို့ ရောက်သောအခါ ယွမ်ရှီကျဲ၏ ခေါင်းမှာ ဤကြမ်းတမ်းသော ဖိအားကြောင့် ပုံပျက်စ ပြုလာသည်။
နဂါးဂျိုများ ပေါက်ကွဲထွက်သွားပြီး နဂါးအကြေးခွံများ အက်ကွဲသွားကာ အသားစများ လွင့်စဉ်ပြီး သွေးများ ပန်းထွက်လာလေသည်။
"ဒိုင်း"
လက်ဝါးတစ်ချက်တည်းဖြင့် ဤစစ်တပ်မှ သိန်းငှက် ခေါင်းဆောင်၏ ခေါင်းမှာ ရင်ဘတ်ထဲသို့ တိုက်ရိုက် ရိုက်သွင်းခံလိုက်ရတော့သည်။
ဝက်ဝံကြီး၏ လက်ထဲတွင် ခေါင်းမရှိတော့သော နဂါးအလောင်းကြီး တစ်ခုသာ ကျန်ရစ်ခဲ့သည်။
လူအုပ်ကြီး၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များအောက်တွင် နဂါးအလောင်း၏ မျိုးရိုးဗီဇများ ပြိုကွဲသွားပြီး ပြန်လည်ဖွဲ့စည်းမှု နောက်ပြန်လှည့်သွားကာ အကြေးခွံများ ပျောက်ကွယ်သွားပြီး နဂါးလက်သည်းများ ပြုတ်ကျသွားလေသည်။
တဖြည်းဖြည်းနှင့် လူသေလောင်း တစ်ခု၏ ပုံစံသို့ ပြောင်းလဲသွားတော့သည်။
ထိုအလောင်းတွင် ခြေလက်များ အကောင်းအတိုင်း ရှိနေသော်လည်း ခေါင်းမှာမူ ဧရာမ ခွန်အားကြီးဖြင့် ရင်ဘတ်ထဲသို့ ရိုက်သွင်းခံထားရသည်။
ရင်ဘတ်တစ်ခုလုံးမှာလည်း ပေါက်ကွဲထွက်နေပြီ ဖြစ်သည်။
ကြီးကျယ်ခမ်းနားလှသော စစ်တပ်မှ သိန်းငှက် ခေါင်းဆောင် တစ်ယောက်သည် မမျှော်လင့်ထားသော နည်းလမ်းဖြင့် ဘာသာရေးဂိုဏ်းကြီး သုံးခုမှ အထက်လူကြီးများ၏ မျက်စိရှေ့တွင်ပင် အသက်ခံလိုက်ရလေပြီ။
ဆက်ရန်...