အခန်း (၅၉၁-၅၉၂)
Vol. 30 Ch. 591-592
အပိုင်း (၅၉၁) ကျန်းဝမ်ကျင်းနှင့် ချိုးငှက်အဖွဲ့
"အခု လက်ရှိအခြေအနေက ဘယ်လိုရှိလဲ" လင်းယွမ်က မေးလိုက်သည်။
"အရမ်းခက်ခဲတယ်... ကျွန်မတို့ အထက်လူကြီးတွေနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားပြီ"
ကျန်းဝမ်ကျင်းက လေးနက်သောအမူအရာဖြင့် "ကျွန်မတို့တင် မဟုတ်ဘူး... ကျွန်မတို့ ခန့်မှန်းချက်အရဆိုရင် အခု ကမ္ဘာတစ်ဝန်းလုံး အခြေအနေကလည်း အတူတူလောက်ပဲ ဖြစ်နေလိမ့်မယ်"
"အစိုးရကင်းမဲ့တဲ့ အခြေအနေဆီ ရောက်သွားလောက်ပြီ... စစ်ဒေသကြီးတွေ... စစ်စခန်းတွေ အားလုံးကလည်း ကိုယ့်လူစုနဲ့ကိုယ် အသက်လုတိုက်ခိုက်နေရပြီး ကိုယ့်နယ်မြေကို ကာကွယ်ဖို့ပဲ ကြိုးစားနေကြရတာ"
"ချန်ချုံးတောင်ဘက်မှာ ပထမဆုံးပေါ်လာတဲ့ ကောင်းကင်ချောက်နက်က တိမ်မြူကျွန်း ရှိတဲ့နေရာပဲ"
"အခု ကျွန်မတို့ အားလုံး တိမ်မြူကျွန်းကို စောင့်ကြပ်နေရတယ်... စစ်အင်အား အများစုကလည်း အဲ့ဒီနေရာမှာပဲ ပိတ်မိနေတော့ အပြင်ဘက်က အခြေအနေတွေကို ဂရုစိုက်ဖို့ အချိန်မရတော့ဘူး"
"ဒီလိုအခြေအနေမျိုးမှာတောင် ခေါင်းဆောင်မှုအောက်မှာ မနေချင်တဲ့လူတွေ ရှိနေသေးတယ်... သူတို့က ရည်မှန်းချက်ကြီးကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ဘုရင်လုပ်ချင်နေကြတာ"
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ခင်ဗျားပြောတာ ယွမ်ရှီကျဲ ဦးဆောင်တဲ့ သိန်းငှက်အဖွဲ့ကို ပြောတာလား"
ကျန်းဝမ်ကျင်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
"ဒါဆို ဘာသာရေးဂိုဏ်းကြီး သုံးခုကကော ဘယ်လိုဖြစ်တာလဲ... ခင်ဗျားတို့က ဘာလို့ ရေနတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်နေရတာလဲ"
ကျန်းဝမ်ကျင်း သက်ပြင်းချလိုက်ပြီး "ကပ်ဘေးကြီးကျရောက်နေတဲ့အချိန်မှာ လူသားတွေကြားထဲ ရည်မှန်းချက်ကြီးတဲ့သူတွေက အမြဲတမ်း ရှိနေတတ်စမြဲလေ"
"သူတို့ ဒီလို မိစ္ဆာဂိုဏ်းတွေ တည်ထောင်နိုင်တာကို ကျွန်မတို့ မအံ့သြပါဘူး"
"ဒါပေမဲ့ ကျွန်မတို့မှာ တကယ်ကို ဝင်စွက်ဖက်ဖို့ အင်အားမရှိတော့တာပါ... ကံကောင်းတာတစ်ခုက ယွမ်ရှီကျဲနဲ့ ကျွန်မတို့ ခံယူချက်တွေ မတူကြပေမဲ့ ကိုယ့်မျက်စိအောက်မှာ မိစ္ဆာဂိုဏ်းတွေ ပေါ်လာတာကိုတော့ သူလည်း လုံးဝ သည်းခံမှာ မဟုတ်ဘူး"
"အခုချိန်ထိတော့ ကျွန်မတို့က ယွမ်ရှီကျဲနဲ့ ဘာသာရေးဂိုဏ်းကြီး သုံးခုကို အချင်းချင်း တိုက်ခိုက်ခိုင်းထားပြီး အပေါ်ယံ မျှခြေတစ်ခုကိုပဲ ထိန်းထားနိုင်ခဲ့တယ်"
"ဒီလုပ်ငန်းစဉ်အတွင်းမှာ ကျွန်မတို့က အစွမ်းပိုင်ရှင် ထိပ်သီးတွေကို ပိုများလာအောင် လေ့ကျင့်ပေးနေပြီး ကောင်းကင်ချောက်နက်နဲ့ ထာဝရချောက်နက် ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာနေခဲ့တာပါ"
"ရေနတ်ဘုရားဂိုဏ်းရဲ့ ခေါင်းဆောင်နာမည်က ဖိန်ယွမ်ဟူ လို့ခေါ်တယ်... သူက စိတ်စွမ်းအင်အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်ပဲ"
"သူ့အစွမ်းက အရမ်းကို ထူးခြားတယ်... စိတ်စွမ်းအင်ကို ခွဲထုတ်ပြီး တခြားသက်ရှိတွေဆီမှာ ကပ်ပါးအဖြစ် မှီခိုနေနိုင်တယ်"
"အဲ့ဒါက ကောင်းကင်ပေါ်က အခြေအနေတွေကို စူးစမ်းလေ့လာဖို့အတွက် ကျွန်မတို့အပေါ် အများကြီး အထောက်အကူ ဖြစ်စေတယ်လေ... ဒါကြောင့် အဲ့ဒီမတိုင်ခင်က ကျွန်မတို့ တပ်ရင်းမှူး ဖုန်းကျန့်ကုန်း ကိုယ်တိုင် သွားပြီး သူ့ကို ဖမ်းဆီးခဲ့တာပါ"
"ဖိန်ယွမ်ဟူက အသက်ရှင်ဖို့အတွက် ကျွန်မတို့နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တယ်... ဒါပေမဲ့ ကန့်သတ်ချက်အနေနဲ့ သူ့ရဲ့ ရေနတ်ဘုရားဂိုဏ်းကိုတော့ ဆက်ထားခွင့်ပေးရမယ်တဲ့"
"ဒါကြောင့် ကိုလင်းယွမ် ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဒီဦးနှောက်ကို ခဏ ချန်ထားပေးပါ... ကျွန်မတို့ စစ်တပ် မျက်နှာကို ထောက်ထားတဲ့အနေနဲ့ပေါ့"
လင်းယွမ်က ထိုစကားကို ကြားသောအခါ အေးစက်သော အမူအရာဖြင့် "ဒီလိုလူမျိုးကို အပြင်မှာ မိစ္ဆာဂိုဏ်း တည်ထောင်ခွင့် ပြုထားခဲ့တာလား... အခုတောင်မှ သူ့ကို ကာကွယ်ပေးချင်နေသေးတယ်ပေါ့"
ကျန်းဝမ်ကျင်းက သက်ပြင်းချရင်း "အခုက အရင်လိုမှ မဟုတ်တော့တာ... အစိုးရမရှိတော့တဲ့ အခြေအနေမှာ အစွမ်းပိုင်ရှင်တွေကပဲ ဘုရင်တွေ ဖြစ်နေပြီလေ"
"စွမ်းရည်ရှိတဲ့ အစွမ်းပိုင်ရှင်တိုင်းက ကိုယ့်အင်အားစုကို ကိုယ်တိုင် တည်ထောင်ချင်ကြတာချည်းပဲ... ဖိန်ယွမ်ဟူ မရှိရင်တောင် တခြားတစ်ယောက်ယောက်က ရေနတ်ဘုရားဂိုဏ်းကို လာတည်ထောင်ဦးမှာပဲ"
"မြေမိခင်ဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ အခြေအနေကိုလည်း ရှင် မြင်တဲ့အတိုင်းပဲ"
"သူတို့က ကျွန်မတို့ စစ်တပ်နဲ့ ဘာမှမပတ်သက်ပေမဲ့ ခေါင်းထောင်ထွက်လာကြတာပဲ မဟုတ်လား"
လင်းယွမ်က သဘောတူခြင်း၊ မတူခြင်းကို မပြဘဲ "သူတို့ ခေါင်းဆောင်တွေက ခင်ဗျားတို့အတွက် အသုံးမဝင်လို့ သိမ်းသွင်းမခံရဘူး... ဒါကြောင့် သူတို့ သေတာရှင်တာကို ခင်ဗျားတို့ ဂရုမစိုက်ဘူးပေါ့ ဟုတ်လား"
ကျန်းဝမ်ကျင်းက ခေါင်းခါယမ်းလိုက်သည်။ "ကျွန်မတို့လည်း လူသားတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး ဒီကပ်ဘေးဆိုးကြီးကို အားလုံး အတူတကွ ရင်ဆိုင်ကျော်ဖြတ်သွားစေချင်တာပါ"
"ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ စည်းလုံးဖို့ အခက်ခဲဆုံးက လူတွေရဲ့ စိတ်နှလုံးပဲလေ... လူတစ်ရာမှာ စိတ်ကူးပေါင်း တစ်ထောင်လောက် ရှိနေနိုင်တယ်"
"ကျွန်မတို့က လူအများစုကို သိမ်းသွင်းနိုင်ဖို့ နည်းလမ်းရှာရုံပဲ တတ်နိုင်တယ်"
"ဖိန်ယွမ်ဟူက ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေသရွေ့ အနည်းဆုံးတော့ ရေနတ်ဘုရားဂိုဏ်းက ကျွန်မတို့ မျက်စိအောက်မှာ ရှိနေပြီး အတိုင်းအတာ တစ်ခုအထိတော့ ထိန်းချုပ်ထားလို့ ရနိုင်တယ်"
လင်းယွမ်က ချက်ချင်း ရယ်မောလိုက်သည်။ "ဒါဆို ရေနတ်ဘုရားဂိုဏ်းက အစတုန်းက ကျုပ်ရဲ့ ထိုက်ယန်တောင်ကို ကျူးကျော်ဝင်ရောက်လာတုန်းကလည်း ခင်ဗျားတို့ သိနေခဲ့တာပေါ့"
ကျန်းဝမ်ကျင်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။ "ကိုလင်းယွမ်... အထင်မလွဲပါနဲ့... အဲ့ဒီအချိန်တုန်းက ကျွန်မတို့လည်း ဖိန်ယွမ်ဟူကို တားဆီးခဲ့ပါသေးတယ်"
"ကျွန်မတို့ တားဆီးခဲ့လို့သာ ဖိန်ယွမ်ဟူက ထိုက်ယန်တောင်ကို တိုက်ရိုက် မတိုက်ခိုက်ဘဲ ဘာသာရေးဖြန့်ချိတာနဲ့ ကပ်ရောဂါ ဖြန့်တဲ့နည်းလမ်းတွေကို သုံးပြီး တဖြည်းဖြည်း ကျူးကျော်ခဲ့တာပါ... ထိုက်ယန်တောင်က လူတွေကို အများကြီး ထိခိုက်နစ်နာအောင် မလုပ်ခဲ့ပါဘူး"
လင်းယွမ်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။ "ဒီလိုဆိုတော့ ကျုပ်က ခင်ဗျားတို့ကို ကျေးဇူးတင်ရဦးမှာပေါ့"
ကျန်းဝမ်ကျင်းသည် ထိုစကားများပြောနေ၍လည်း အကျိုးမထူးကြောင်း ကိုယ်တိုင် သိနေသဖြင့် ခဏတွေးပြီးနောက် ပြောလိုက်သည်။ "ကိုလင်းယွမ်... ရှင့်ရဲ့ စွမ်းရည်ကို ကျွန်မတို့ အသိအမှတ်ပြုပါတယ်... အခု ရှင့်ကို ကျွန်မတို့အဖွဲ့ထဲ ဝင်ဖို့ စေတနာမှန်နဲ့ ဖိတ်ခေါ်ချင်ပါတယ်"
"ကျွန်မတို့ရဲ့ ရန်သူက လူသားအချင်းချင်း မဖြစ်သင့်ဘူး... ကောင်းကင်ပေါ်က အပြင်ဘက် မျိုးစိတ်တွေသာ ဖြစ်သင့်တယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားပြောတာ မှန်တယ်... ဒါပေမဲ့ အဲ့ဒါက ကျုပ် အံကြိတ်သည်းခံပြီး သူများအနိုင်ကျင့်တာကို ခံနေရမယ့် အကြောင်းပြချက်တော့ မဟုတ်ဘူး"
"ဒီ ဖိန်ယွမ်ဟူဆိုတဲ့ကောင်က ကျုပ်ရဲ့ ထိုက်ယန်တောင်ကိုတောင် လာတိုက်ရဲမှတော့ ကျုပ်လက်ချက်နဲ့ သေဖို့လည်း ပြင်ဆင်ထားရမှာပေါ့"
"သူ ကျူးကျော်တာ မအောင်မြင်လို့ ကျုပ်လူတွေကို သတ်သွားခဲ့တာတောင်မှ ကျုပ်က သူ့ကို ပြန်တိုက်တဲ့အခါ ခွင့်လွှတ်ပေးရမယ်ဆိုတဲ့ အကြောင်းပြချက် မရှိဘူး"
"ဆောရီးပဲ... ကျုပ် ဒီလိုမျိုး မလုပ်နိုင်ဘူး... ခင်ဗျားတို့ပြောတဲ့ အခြေအနေအရပ်ရပ်ကို ထောက်ထားရမယ်ဆိုရင်တောင် ဒီလိုလူမျိုးကို ကျုပ် လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး"
ထိုသို့ ပြောနေစဉ်မှာပင် လင်းယွမ်က လက်ကို မြှောက်ကာ အားကုန် ညှစ်ချေပစ်လိုက်သည်။
"ဗုန်း"
သွေးမြူများ ပေါက်ကွဲထွက်သွားပြီး ကြောက်မက်ဖွယ် လေလှိုင်းများ ရိုက်ခတ်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့လက်ထဲရှိ နောက်ဆုံး ဦးနှောက်တစ်ခုမှာ အသားစအသားနများအဖြစ် ကြေမွသွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းဝမ်ကျင်း၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားသည်။
"ရှင်..."
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ ရုတ်တရက် တောက်လောင်လာပြီး ချက်ချင်းပင် ပေအတော်အမြင့်အထိ ထိုးထွက်လာသည်။
လင်းယွမ်က သူမကို အေးစက်စက် တစ်ချက် စိုက်ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ လှုပ်ရှားလာပြီး အအေးဓာတ်များ ချက်ချင်း ထွက်ပေါ်လာသည်။
"ဘာလဲ... ခင်ဗျားက သူ့အတွက် လက်စားချေပေးမလို့လား"
လင်းယွမ်၏ ထိုကဲ့သို့ စိုက်ကြည့်မှုအောက်တွင် ကျန်းဝမ်ကျင်းမှာ မျက်မြင်မရသော ဖိအားတစ်ခု ဖုံးလွှမ်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
တစ်ခဏအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ပေါက်ကွဲထွက်နေသော မီးတောက်အစွမ်းများ ချက်ချင်း အားပျော့သွားလေသည်။
သူမ၏ အမူအရာမှာ ဆိုးရွားသွားပြီး လှပသော မျက်နှာလေးပေါ်တွင် မှန်းဆရခက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဟူး"
အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် သူမက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ "ကိုလင်းယွမ်... ညှိနှိုင်းပေးရမယ့် ကိစ္စကိုလည်း ကျွန်မ လုပ်ပေးပြီးပြီ... နောက်ပိုင်း ဖိန်ယွမ်ဟူက အရူးလုပ်ပြီး ထိုက်ယန်တောင်က ခေါင်းဆောင်ပိုင်းကို ရူးရူးမူးမူး လိုက်တိုက်ခိုက်လာရင် အဲ့ဒီအခါကျမှ ကျွန်မကို အပြစ်မတင်နဲ့နော်"
လင်းယွမ်က လှောင်ပြုံး ပြုံးလိုက်သည်။ "သူ သေသွားပြီလား"
အသားစအသားနများကြားမှ စိတ်စွမ်းအင် အလင်းစက်လေးတစ်ခု လွင့်မျောထွက်လာပြီးနောက် မီယွမ်မိုးသစ်တော အပြင်ဘက်သို့ အလွန်လျင်မြန်သော အလျင်ဖြင့် ပြေးထွက်သွားသည်ကို မြင်လိုက်ရသည်။
ယင်းသည် ကျန်းဝမ်ကျင်း ပြောပြခဲ့သော ဖိန်ယွမ်ဟူ၏ စိတ်စွမ်းအင် ခွဲထွက်မှုပင် ဖြစ်ကြောင်း သံသယဝင်စရာ မလိုပေ။
"ဝှစ်"
လင်းယွမ်က မျက်တောင်တစ်ခတ်အတွင်း လေထဲသို့ ပျံတက်သွားပြီး ထိုစိတ်စွမ်းအင် အလင်းစက်လေး နောက်သို့ တိုက်ရိုက် လိုက်သွားလေသည်။
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရှေ့ဘက် ဟင်းလင်းပြင်ထဲတွင် လိမ်ကောက်နေသော ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ပေါ်ထွက်လာသည်။
ကျန်းဝမ်ကျင်းက အလျင်အမြန် အော်ဟစ်လိုက်သည်။ "ကိုလင်းယွမ်... ရပ်လိုက်ပါ"
သူမက လင်းယွမ်ကို လှမ်းဖမ်းရန် လက်ဆန့်ထုတ်လိုက်သော်လည်း နောက်တစ်ခဏတွင် ဟင်းလင်းပြင် တံခါးပေါက်က ပွင့်ဟသွားပြီး ထိုစိတ်စွမ်းအင် အလင်းစက်လေးမှာ အထဲသို့ ချက်ချင်း စုပ်ယူခံလိုက်ရလေသည်။
လင်းယွမ်က လက်ဆန့်ထုတ်လိုက်ရာ သုမာရု ဟင်းလင်းပြင် ပိတ်သွားပြီး အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ လက်ထဲသို့ ကျဆင်းလာသည်။
ယင်းမှာ သုမာရု လက်စွပ်ပင် ဖြစ်လေသည်။
လက်စွပ်ကို သိမ်းဆည်းလိုက်ပြီး လင်းယွမ်က အနောက်မှ လိုက်လာသော ကျန်းဝမ်ကျင်းကို လှည့်ကြည့်ကာ နှုတ်ခမ်းတစ်ဖက် တွန့်ရယ်လိုက်သည်။ "သူ့ကို လူကိုယ်တိုင် လာတွေ့ခိုင်းလိုက်... မဟုတ်ရင် ဒီစိတ်စွမ်းအင်လေးကနေတစ်ဆင့် သူ့ဆီရောက်အောင် သွားနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိတယ်"
ကျန်းဝမ်ကျင်းမှာ လေထဲတွင် ရပ်တန့်သွားပြီး လင်းယွမ်ကို စိုက်ကြည့်ရင်း သက်ပြင်းကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
"ကိုလင်းယွမ်... စကားကို သေချာ ပြောကြရအောင်... ဒီကိစ္စမှာ ဖိန်ယွမ်ဟူက အရင် မှားခဲ့တာဆိုတော့ သူက ရှင်နဲ့ ထိုက်ယန်တောင်ကို သေချာပေါက် တောင်းပန်သင့်တာပေါ့"
"ကျွန်မတို့ စစ်တပ်ဘက်က ညှိနှိုင်းပေးပါ့မယ်... ဒီစိတ်စွမ်းအင်လေးကိုတော့ အန္တရာယ် မပေးလို့ ရမလား"
လင်းယွမ်က အဖြေမပေးပေ။ တောင်းပန်ရမယ် ဟုတ်လား။
အစတုန်းက ထိုက်ယန်တောင် အတိုက်ခံရချိန်မှာ တစ်ဖက်လူ ထွက်လာပြီး ညှိနှိုင်းပေးတာမျိုးမှ မတွေ့ခဲ့ရတာ။
ထို့ကြောင့် ကျန်းဝမ်ကျင်းက စစ်တပ်၏ လုပ်ရပ်များကို မည်မျှပင် အထင်ကြီးစရာ ကောင်းအောင် ပြောနေပါစေ လင်းယွမ်ကတော့ တကယ်ကို စိတ်မဝင်စားပေ။
သူက နစ်နာသူဖြစ်သည်။ အခြေအနေအရပ်ရပ်ဆိုသည်မှာ အခြေအနေအရပ်ရပ်သာ ဖြစ်ပြီး သူ့ကိုရော၊ ထိုက်ယန်တောင်ကိုပါ စတေးခံခိုင်းပြီး နောက်ထပ် အစွမ်းပိုင်ရှင် တစ်ယောက်ကို သွားချော့ရမည့် အကြောင်းပြချက် မရှိပေ။
"သူ့ကို ကျုပ်ဆီ လာရှာခိုင်းလိုက်... မဟုတ်ရင်တော့ ဆွေးနွေးစရာ ဘာမှမရှိဘူး"
"ပြီးတော့ ဒီမီယွမ်မိုးသစ်တောကြီးကလည်း အခု ကျုပ်အပိုင် ဖြစ်သွားပြီ... မကျန်း... ဒါနဲ့ပတ်သက်ပြီး ခင်ဗျား သဘောမတူစရာ မရှိဘူးမလား"
ကျန်းဝမ်ကျင်းမှာ ပါးစပ်ဟသွားပြီး တစ်ခဏမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။
ရေပေါ်ကျွန်း တစ်ကျွန်း၏ တန်ဖိုးမှာ အလွန် မြင့်မားလွန်းလှပြီး ခန့်မှန်း၍ပင် မရနိုင်ပေ။
ကျန်းဝမ်ကျင်းသည် ကျန်းယွီကျန်း ၏ သမီး ဖြစ်နေလျှင်တောင် ဤမျှကြီးမားသော ကိစ္စကိုတော့ ဆုံးဖြတ်ချက် မချပေးနိုင်ပေ။
လင်းယွမ်ကမူ သူမ၏ သဘောထားကို ဂရုစိုက်နေရန် အစီအစဉ် မရှိပေ။ မီယွမ်မိုးသစ်တောမှာ သူ တိုက်ခိုက်သိမ်းပိုက်ထားခြင်း ဖြစ်ပြီး တစ်ကိုယ်တော် ဝင်ရောက်ကာ သူတစ်ယောက်တည်း၏ စွမ်းအင်ဖြင့် ရေနတ်ဘုရားဂိုဏ်းကို ချေမှုန်းခဲ့ခြင်း ဖြစ်သည်။
ဤ မီယွမ်မိုးသစ်တောက သူ့အပိုင် မဟုတ်လျှင် ဘယ်သူ့အပိုင် ဖြစ်နိုင်မည်နည်း။
တစ်ခြားသူများက မီယွမ်မိုးသစ်တောကို လာရောက်သိမ်းပိုက်မည်ကိုလည်း သူ မစိုးရိမ်ပေ။ မည်သူမဆို ထိုသို့ လုပ်ရဲလျှင် သတ်ပစ်လိုက်ရုံပင်။
"တစ်ခုလောက် မေးပါရစေ... ဒီမီယွမ်မိုးသစ်တောရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေတွေက ဟို ဖိန်ယွမ်ဟူ ဆိုတဲ့လူရဲ့ လက်ထဲမှာပဲ ရှိနေသေးတာလား" ဟု လင်းယွမ်က မေးလိုက်သည်။
ကျန်းဝမ်ကျင်းက အနည်းငယ် တုံဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
လင်းယွမ်က ရယ်မောလိုက်သည်။ "ဒါဆိုလည်း ကောင်းတာပေါ့... သူ့ကို ငါ့ဆီ လာရှာဖို့ မဖြစ်မနေ သတိပေးလိုက်ပါ"
ထိုသို့ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ အထက်သို့ မြင့်တက်သွားပြီး မီယွမ်မိုးသစ်တော၏ အပြင်ဘက်သို့ ပျံသန်းသွားလေသည်။ တစ်ချိန်တည်းမှာပင် "မကျန်း... အခု ကျုပ် မြေမိခင်ဂိုဏ်းကို သွားမလို့... ခင်ဗျား လိုက်ဦးမလား" ဟု မေးလိုက်သည်။
ကျန်းဝမ်ကျင်း၏ နှုတ်ခမ်းထောင့်များ တစ်ခဏမျှ အနည်းငယ် တွန့်လိမ်သွားပြီး နောက်ဆုံးတွင်မူ သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော မီးတောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ နောက်မှ လိုက်ပါလာခဲ့သည်။
သူတို့နှစ်ဦး လေထဲတွင် တစ်ပြိုင်နက်တည်း အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေစဉ် ကျန်းဝမ်ကျင်းက "ကိုလင်းယွမ်... ရှင်က မြေမိခင်ဂိုဏ်းရဲ့ မြေဝါနတ်ဘုရားကျွန်းကိုပါ သိမ်းပိုက်ဦးမလို့လား" ဟု မေးလိုက်သည်။
"ဘာလဲ... မြေမိခင်ဂိုဏ်းက လူတွေကိုလည်း ခင်ဗျားတို့ သိမ်းသွင်းထားပြန်ပြီလား"
ကျန်းဝမ်ကျင်းက ခေါင်းခါလိုက်သည်။ "အဲ့ဒီလိုတော့ မဟုတ်ပါဘူး... မြေမိခင်ဂိုဏ်းကို ဘာသာရေးဌာနကြီး သုံးခုက ပူးပေါင်းအုပ်ချုပ်နေတာပါ... ဒါပေမဲ့ လက်တွေ့မှာတော့ စစ်ရေးအင်အားကို မြေသြဇာဌာနက ရှီလျန်ဟိုင် က ထိန်းချုပ်ထားပြီး အရပ်ဘက် အုပ်ချုပ်ရေးပိုင်းကိုတော့ ကွမ်မောက်ချိုင် က တာဝန်ယူထားတာပါ"
"အဲ့ဒီနှစ်ယောက်က မြေမိခင်ဂိုဏ်းရဲ့ အစစ်အမှန် ခေါင်းဆောင်တွေလို့ သတ်မှတ်လို့ရတယ်... ရှီလျန်ဟိုင် ရဲ့ မြေဓာတ်အစွမ်းက မညံ့ပေမဲ့ ရှားပါးတဲ့ အမျိုးအစားထဲတော့ မပါဘူး"
ဆိုလိုရင်းမှာ သူတို့ ချိုးငှက် စစ်တပ်ဘက်မှ အများအကျိုးကို ဘေးဖယ်၍ သွားရောက် ခေါ်ယူစည်းရုံးရလောက်အောင် မလုံလောက်သေးခြင်းပင် ဖြစ်သည်။
ထိုသို့ ပြောလိုက်ခြင်းက ရေနတ်ဘုရားဂိုဏ်းမှ ဖိန်ယွမ်ဟူ၏ အစွမ်းမှာ ပို၍ပင် ရှားပါးသည်ဟု ထင်ရစေသည်။
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘာလဲ... ဖိန်ယွမ်ဟူက ခင်ဗျားတို့အတွက် အဲ့ဒီလောက်တောင် ရှားပါးအဖိုးတန်နေလို့လား"
"သူ့အစွမ်းက အရမ်းကို ထူးခြားတယ်... စိတ်စွမ်းအင် ခွဲထွက်ကပ်ပါးအစွမ်း... စိတ်စွမ်းအင် အမျိုးအစား ထူးခြားအစွမ်းလေ... အခြား ဘယ်သက်ရှိ မျိုးစိတ်တွေရဲ့ စိတ်ကူးထဲမှာမဆို ကပ်ပါးအဖြစ် နေနိုင်ပြီး သူတို့နဲ့ ပေါင်းစပ်သွားနိုင်တယ်... ပင်မ စိတ်စွမ်းအင်ကလည်း ခွဲထွက်သွားတဲ့ အစွမ်းတွေကရတဲ့ မြင်ကွင်း၊ အသံ သတင်းအချက်အလက် အားလုံးကို အချိန်မရွေး လက်ခံရယူနိုင်တယ်"
"ကျွန်မတို့က ကောင်းကင်ချောက်နက် နောက်ကွယ်က အခြေအနေတွေကို သိနိုင်တာက သူ ပေးတဲ့ သတင်းအချက်အလက် တွေကြောင့်ပဲ"
လင်းယွမ်က မေးလိုက်သည်။ "ဒါဆို ဦးနှောက် သုံးလုံးပါတဲ့ ဟို သန္ဓေပြောင်း ရေဘဝဲကြီးကကော ဘယ်လိုဖြစ်တာလဲ"
"အဲ့ဒါက ဖိန်ယွမ်ဟူရဲ့ စမ်းသပ်ခံ သတ္တဝါပဲ... သူက ကောင်းကင်ချောက်နက်က သက်ရှိဖြစ်တဲ့ ကောင်းကင်တောင်ပံငှက် ရဲ့ ဥတွေနဲ့ ထာဝရချောက်နက်က သက်ရှိဖြစ်တဲ့ ဦးနှောက်သုံးလုံးပါတဲ့ ရေဘဝဲခြေရာချီ ကို ဖမ်းဆီးရမိခဲ့တယ်"
"အဲ့ဒီနောက် ဦးနှောက်သုံးလုံးပါတဲ့ ရေဘဝဲတွေရဲ့ ဦးနှောက်တစ်လုံးကို ကောင်းကင်တောင်ပံငှက်ရဲ့ ဥနဲ့ ဆက်စပ်ပေးလိုက်ပြီး သူ့ရဲ့ စိတ်စွမ်းအင် ခွဲထွက်မှုကို ကပ်ပါးအဖြစ် ထည့်သွင်းမွေးဖွားစေခဲ့တာပဲ"
"အဲ့ဒီကနေ ရှင် မြင်ခဲ့ရတဲ့ ဒီရေပင်မဦးနှောက်ကြီး ဖြစ်လာတာပဲ"
လင်းယွမ် ဆွံ့အသွားသည်။ "သူက ဘာလုပ်ချင်လို့လဲ"
"အားကောင်းတဲ့ သန္ဓေပြောင်း မိစ္ဆာကောင်ကြီး တစ်ကောင် ဖန်တီးချင်လို့လေ... ရှင်လည်း မြင်တဲ့အတိုင်းပဲ... ဒီ ဒီရေပင်မဦးနှောက်ကြီးက ကြောက်စရာကောင်းတဲ့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားပြီး သာမန်လူတွေရဲ့ စိတ်ကို အလွယ်တကူ ရိုက်သွင်းပြောင်းလဲနိုင်တယ်"
"သူက ဒီရေပင်မဦးနှောက်ကြီးရဲ့ အစွမ်းကို အသုံးချပြီး သန္ဓေပြောင်း သတ္တဝါ အုပ်စုတွေကို ထိန်းချုပ်ပြီး ကောင်းကင်ချောက်နက် အနောက်ဘက်က ရေပေါ်ကျွန်းတွေကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေတာလို့ ကျွန်မတို့ကို ရှင်းပြခဲ့တယ်" ကျန်းဝမ်ကျင်းက ရှင်းပြလိုက်သည်။
လင်းယွမ် ဆွံ့အသွားပြန်သည်။ "အဲ့ဒါကို ခင်ဗျားတို့က ယုံတာလား"
ကျန်းဝမ်ကျင်းက ပြုံးလိုက်သည်။ "ဘာလို့ မယုံရမှာလဲ... သူက ရေနတ်ဘုရားဂိုဏ်းကိုတောင် တည်ထောင်ထားနိုင်ပြီပဲ မဟုတ်လား"
"အဲ့ဒီ ရေနတ်ဘုရားဂိုဏ်းက ဘာသာဝင်တွေရဲ့ ပြုမူပုံတွေကိုလည်း ရှင် မြင်ပြီးပြီပဲ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ကျန်းဝမ်ကျင်းကို ချက်ချင်း အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
"ဒီလိုကိစ္စမျိုးကို ခင်ဗျားတို့က သိပ်ပြီး ကန့်ကွက်တဲ့ပုံ မပေါ်ပါလား"
"ဖိန်ယွမ်ဟူ လုပ်သမျှတွေကလည်း ခင်ဗျားတို့ရဲ့ စမ်းသပ်မှု တစ်ခုပဲ နေမှာပေါ့"
ကျန်းဝမ်ကျင်းက ချက်ချင်း ငြင်းဆိုလိုက်သည်။ "ကျွန်မတို့နဲ့ ဘာမှမဆိုင်ပါဘူး... ဒါတွေ အကုန်လုံး ဖိန်ယွမ်ဟူ လုပ်ခဲ့တာတွေချည်းပါပဲ"
"ခင်ဗျားတို့က နှုတ်ဆိတ်ပြီး ခွင့်ပြုပေးထားတာလေ"
"ကျွန်မတို့နဲ့ ဖိန်ယွမ်ဟူက ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးပဲ ရှိတာပါ... သူ့ကို ဘာလုပ်ဖို့မှ အမိန့်မပေးနိုင်ပါဘူး"
လင်းယွမ်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး ဆက်၍ စကားမများတော့ပေ။
စစ်တပ်က ချိုးငှက်အဖွဲ့ ဆိုသည်မှာလည်း ကြည့်ရသည်မှာ ထင်သလောက် ဖြူစင်မြင့်မြတ်နေပုံ မပေါ်ပေ။
သူက အခုဆိုလျှင် အခြေအနေများကို အခြေခံအားဖြင့် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီ ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်းသည် အစောပိုင်းကတည်းက ဖိန်ယွမ်ဟူ တစ်ဦးတည်းကသာ ထိန်းချုပ်ထားခြင်း ဖြစ်နိုင်သည်။
သူ၏ စိတ်စွမ်းအင် ခွဲထွက်ကပ်ပါးအစွမ်းက ခန့်မှန်းရခက်ပြီး လျှို့ဝှက်ဆန်းကြယ်လှကာ ရေနတ်ဘုရားဂိုဏ်းကို အုပ်စိုးပြီးနောက် သန့်စင်ရေစင်တပ်ဖွဲ့၏ တပ်မှူး လင်းလုံ ကိုပါ ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် အင်အားစုကို မွေးမြူပြီး ချိုးငှက် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဤမီယွမ်မိုးသစ်တောကို ရယူရာတွင် ချိုးငှက် စစ်တပ်ဘက်မှ ဝင်ရောက်ကူညီပေးခဲ့ခြင်းမျိုးလည်း ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
ထို့နောက် ထိုလူက မီယွမ်မိုးသစ်တောကို ပိုင်ဆိုင်ပြီးနောက် ဒီရေပင်မဦးနှောက် ကဲ့သို့သော မိစ္ဆာကောင်ကြီးကို စတင် မွေးမြူကာ ဘာသာဝင်များ၏ စိတ်ကို ရိုက်သွင်းပြောင်းလဲမည့် လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်း ထိုက်ယန်တောင်၏ အရင်းအမြစ်များကို မျက်စိကျလာပြီး သူ့ကို လာရောက် စိတ်အနှောင့်အယှက် ပေးခဲ့ရာမှ အခုလို အခြေအနေအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်သည် ရင်ထဲတွင် လှောင်ရယ် ရယ်လိုက်မိသည်။ ဖိန်ယွမ်ဟူလို လူမျိုးကိုတောင် စစ်တပ်က ချိုးငှက်က ပူးပေါင်းချင်နေကြသေးသည်။
ချိုးငှက် စစ်တပ်မှာ တကယ်ပဲ လမ်းဆုံးနေ၍ မတတ်သာဘဲ ရွေးချယ်ခဲ့ရသည်ပဲဖြစ်ဖြစ်...
သို့မဟုတ် သူတို့က အခြေအနေအရပ်ရပ် တစ်ခုအတွက် ဖိန်ယွမ်ဟူ လိုမျိုး အမည်ခံ ထူးခြား "လူစွမ်းကောင်း" ကို သိမ်းသွင်းရန် အလျှော့ပေးလိုက်ရသည်ပဲဖြစ်ဖြစ်...
လင်းယွမ်၏ အမြင်တွင်တော့ ထိုကဲ့သို့သော ခံယူချက်များ အားလုံးက သူနှင့် လုံးဝ သဘောထား မတိုက်ဆိုင်ပေ။
"ကိုလင်းယွမ်... ရှင် စိတ်ထဲမှာ ဘယ်လို တွေးနေလဲဆိုတာကို ကျွန်မ သိပါတယ်" ကျန်းဝမ်ကျင်းက ရုတ်တရက် အသံနိမ့်နိမ့်ဖြင့် စကားစလိုက်သည်။ "ဒါပေမဲ့ အောင်ပွဲတစ်ခုအတွက် တစ်ခါတလေကျရင် အကျိုးစီးပွား တစ်စိတ်တစ်ပိုင်းကို တကယ် စတေးခံဖို့ လိုအပ်ပါတယ်"
"စစ်ပွဲဆိုတာ ဒီလိုပါပဲ... အရာအားလုံး ပြီးပြည့်စုံတဲ့ အောင်ပွဲဆိုတာ မရှိပါဘူး"
လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး သူမကို တစ်ချက် ကြည့်လိုက်သည်။ "ခင်ဗျားက စတေးခံရတဲ့ အဲ့ဒီလူစုထဲမှာ မပါလို့ သေချာပေါက် ဒီလို ပြောထွက်တာပေါ့"
"ပြီးတော့ ဘယ်သူ့ကို စတေးခံခိုင်းမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ခင်ဗျားတို့မှာ ဘာအရည်အချင်းများ ရှိနေလို့လဲ"
"ခင်ဗျားတို့ရဲ့ ခံယူချက်ကို သဘောမတူနိုင်တဲ့အတွက် ခွင့်လွှတ်ပါ"
"အထူးသဖြင့် ခင်ဗျားတို့က ကျုပ်ကို စတေးခံလို့ရတဲ့ အဲ့ဒီလူတစ်စုထဲမှာ ထည့်တွက်ထားတယ် ဆိုရင်တော့... ဆောရီးပဲ... ကျုပ်ကို စတေးခံခိုင်းချင်တဲ့ လူတွေ အကုန်လုံးကို ကျုပ်လက်သီးနဲ့ သတ်ပစ်မယ်"
ကျန်းဝမ်ကျင်း၏ မျက်နှာမှာ ချက်ချင်း အနည်းငယ် ပျက်ယွင်းသွားတော့သည်။
ဆက်ရန်...
အပိုင်း (၅၉၂) မြေအောက်မြို့တော်
လင်းယွမ်က သူမ၏ ပြောင်းလဲသွားသော မျက်နှာအမူအရာကို ဂရုမစိုက်ပေ။
ဆက်လက်၍ "ကျုပ်ကို လာပြီး အမြင်ကျယ်ဖို့တွေ... တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတဲ့ စကားတွေ လာမပြောနဲ့"
"ဒီဆင့်ကဲပြောင်းလဲမှုကြီးထဲမှာ လူတိုင်းက အသက်ရှင်သန်ခွင့် ရှိတယ်"
"အခုဆို လူတိုင်းမှာ အစွမ်းတွေ ရှိနေကြပြီ... အားလုံးက ဒီဆင့်ကဲပြောင်းလဲမှု လှိုင်းတံပိုးကြီးထဲမှာ ရေစုန်ဆန်နေကြတဲ့သူတွေချည်းပဲ"
"ဘယ်သူက ထင်ပေါ်ကျော်ကြားလာမလဲ ဆိုတာကတော့ ကိုယ့်အစွမ်းအစပေါ်မှာပဲ မူတည်တယ်"
"တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ စကားလုံးတွေသုံးပြီး ကျုပ်ကို ကိုယ်ကျင့်တရားအရ လာချည်နှောင်ဖို့ မကြိုးစားနဲ့"
"ကျုပ်ရဲ့ အိမ်က ပျက်စီးသွားခဲ့တာ ကြာပြီ"
"ကျုပ်တို့ရဲ့ နိုင်ငံတော်မြေပုံကလည်း ရေလွှမ်းမိုးမှုအောက်မှာ လုံးဝ နစ်မြုပ်သွားခဲ့ပြီ"
"အခု ကျုပ်တို့ ရပ်နေတဲ့ နေရာက ရေပေါ်ကျွန်းပဲ... ဘယ်ကလာမှန်းမသိတဲ့ သတ္တဝါကြီးတွေရဲ့ အလောင်းကနေ ဖြစ်တည်လာတာ"
"ဘယ်သူက ကျွန်းပိုင်ရှင်ဖြစ်မလဲ... သူက ဒီမြေရဲ့ သခင်ပဲ"
"ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လှည့်စားမနေနဲ့... ခင်ဗျားတို့ ချောက်နက်ကို ထိန်းချုပ်ထားတာက သာမန်လူတွေအတွက် မဟုတ်ဘူး... ခင်ဗျားတို့ကိုယ်တိုင်အတွက်ပဲ"
"ဘာလို့လဲဆိုတော့ ချောက်နက်ရဲ့ အောက်မှာက တိမ်မြူကျွန်း ရှိနေလို့လေ... ခင်ဗျားတို့က ပထမဆုံး ဘေးဒုက္ခရောက်မယ့်သူတွေ ဖြစ်မှာမို့လို့ မဟုတ်လား"
ကျန်းဝမ်ကျင်းမှာ ချက်ချင်းပင် အံ့သြဒေါသထွက်သွားပြီး "ရှင်က ကျွန်မတို့ကို ဒီလိုပြောထွက်တယ်ပေါ့" ဟု ဒေါသတကြီး ပြောလိုက်သည်။
"ချောက်နက်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကျွန်မတို့ စစ်တပ်က လူဘယ်လောက်တောင် အသက်ပေးခဲ့ရလဲဆိုတာ ရှင် သိရဲ့လား"
"သူတို့အားလုံးက ရှင့်ထက်တောင် အသက်ငယ်သေးတဲ့ သူရဲကောင်းတွေချည်းပဲ"
လင်းယွမ်က ဂရုမစိုက်ဘဲ ပြန်ပြောသည်။ "သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ကျုပ် လေးစားပါတယ်... ဒါပေမဲ့ ဒါက ခင်ဗျားတို့ ခေါင်းဆောင်ပိုင်းတွေရဲ့ ပြဿနာ မဟုတ်ဘူးလား"
"ချောက်နက်ကြီး ပွင့်သွားရင်တောင် ကောင်းကင်ယံက သန္ဓေပြောင်း သားရဲတွေ ဆင်းလာရင်ရော ဘာဖြစ်မှာမို့လို့လဲ"
"ကမ္ဘာကြီးက ဒီလောက်ကျယ်တာ... လူတွေထက် ကြီးမားတဲ့ သတ္တဝါတွေက ရေလွှမ်းမိုးနေတဲ့ နေရာတိုင်းမှာ ပြည့်နှက်နေတာပဲ"
"သူတို့က အဲ့ဒီ သတ္တဝါကြီးတွေကို မစားဘဲနဲ့ လူလို သေးငယ်တဲ့အကောင်တွေကို လာဖမ်းစားပါ့မလား"
"ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားတို့က တိမ်မြူကျွန်းနဲ့ ချန်ချုံးတောင်ကို မဆုံးရှုံးချင်လို့ ထွက်မသွားကြတာ မဟုတ်လား"
လင်းယွမ်က ချိုးငှက် စစ်တပ်အဖွဲ့၏ မျက်နှာဖုံးကို အားနာခြင်းမရှိဘဲ ခနဲ့တဲ့တဲ့ ပြုံးရင်း ခွာချလိုက်သည်။
"ဖိန်ယွမ်ဟူရဲ့ အစွမ်းက ဘယ်လောက်ပဲ ထူးခြားနေပါစေ... သူ သေရမှာကို ကြောက်နေသရွေ့တော့ သူ့ကို အညံ့ခံလာအောင် လုပ်စရာ နည်းလမ်းတွေ အများကြီး ရှိတယ်"
"ဒါပေမဲ့ ခင်ဗျားတို့က သူနဲ့ ပူးပေါင်းပြီး ဒီလိုအခြေအနေမျိုးအထိ အလျှော့ပေးနေတာ... ဟက်ဟက်... ခင်ဗျားတို့က သူ့ကို မျိုးစုံစမ်းသပ်ဖို့ တမင်သက်သက် အခွင့်အရေးပေးထားတာလားလို့ ကျုပ် သံသယမဝင်ဘဲ မနေနိုင်ဘူး"
"ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သုတေသန ရလဒ်တွေကို ခင်ဗျားတို့လည်း ခွဲဝေရယူနိုင်တယ် မဟုတ်လား"
ကျန်းဝမ်ကျင်းမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ "ပါးစပ်ပိတ်ထား" ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျွန်မတို့က ရှင်တွေးနေသလိုမျိုး ညစ်ပတ်တဲ့သူတွေ မဟုတ်ဘူး"
"ကျွန်မတို့က စစ်သားတွေ... နိုင်ငံရေးသမားတွေ မဟုတ်ဘူး... ဒီလို ညစ်ပတ်တဲ့ အလုပ်တွေကို မလုပ်ဘူး"
"ရှင်က အဲ့ဒီ ချောက်နက်ထဲက သတ္တဝါတွေရဲ့ ကြောက်စရာကောင်းပုံကို လုံးဝ နားမလည်တာပါ"
လင်းယွမ်က လှောင်ပြုံးပြုံးလိုက်ပြီး ငြင်းဆန်ခြင်း မပြုပေ။
"ပြောတာကတော့ ဘယ်သူမဆို ပြောတတ်တာပဲ... ကျုပ်က ခင်ဗျားတို့ ဘာလုပ်နေလဲ ဆိုတာကိုပဲ ကြည့်တာ"
"ခင်ဗျားတို့သာ တကယ် စွမ်းအားကြီးတယ်ဆိုရင် ဖိန်ယွမ်ဟူ လိုကောင်လောက်ကိုတောင် မကိုင်တွယ်နိုင်ဘဲ နေပါ့မလား"
ကျန်းဝမ်ကျင်း၏ မျက်နှာမှာ အလွန် အကျည်းတန်သွားပြီး ပြောလိုက်သည်။ "အင်အားသုံးပြီး အတင်းအကျပ် ဖိအားပေးတာက ဆန့်ကျင်ဘက် ရလဒ်ကိုပဲ ထွက်ပေါ်စေလိမ့်မယ်... သူက ကျွန်မတို့ရဲ့ အင်အားကို ကြောက်လို့ ခဏတဖြုတ် အညံ့ခံရင်တောင် ကျွန်မတို့နဲ့ တကယ် စိတ်ရင်းမှန်နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်သည်။ "ခင်ဗျား တကယ်ပဲ အဲ့ဒီလို ထင်နေတာလား... ဒါမှမဟုတ် ခင်ဗျားရဲ့ အထက်လူကြီးတွေက အဲ့ဒီလို ပြောခိုင်းထားတာလား"
"ဘာကွာလို့လဲ"
"ခင်ဗျား တကယ်ပဲ အဲ့ဒီလို တွေးနေတာဆိုရင်တော့... ခင်ဗျားတို့ ချိုးငှက်အဖွဲ့က တကယ်ကို စကားပြောရ လွယ်လွန်းတယ်လို့ပဲ ကျုပ် ပြောရတော့မယ်... တစ်ယောက်ချင်းစီရဲ့ စရိုက်ကလည်း ကိုင်တွယ်ရ လွယ်လိုက်တာ"
"ဒါပေမဲ့ အထက်လူကြီးတွေက ခင်ဗျားကို အဲ့ဒီလို ပြောလိုက်ရုံနဲ့ ခင်ဗျားက အမှန်လို့ ယုံကြည်နေတယ်ဆိုရင်တော့... ခင်ဗျား တကယ်ကို တုံးတယ် ဆိုတာကို ပြနေတာပဲ"
လင်းယွမ်၏ စကားကြောင့် ကျန်းဝမ်ကျင်းမှာ ချက်ချင်းပင် အလွန်တရာ မျက်နှာပူသွားရသည်။
လင်းယွမ်က သူမကို စကားပြောခွင့် လုံးဝမပေးဘဲ ခနဲ့တဲ့တဲ့ ပြုံးကာ ပြောလိုက်သည်။ "ဘာကို စိတ်ရင်းမှန်နဲ့ ပူးပေါင်းတာလဲ... ခင်ဗျားတို့မှာ ဖိန်ယွမ်ဟူကို လုံးလုံးလျားလျား ကိုင်တွယ်နိုင်မယ့် နည်းလမ်း မရှိဘူးဆိုတာကို ကျုပ် လုံးဝ မယုံဘူး"
လင်းယွမ် ကိုယ်တိုင်တွင်ပင် ရုပ်သေးကြိုးမျှင်၊ ကပ်ပါးမျိုးစေ့ အစရှိသည့် ရန်သူ၏ အသက်ကို ထိန်းချုပ်နိုင်သော နည်းလမ်းများစွာ ရှိနေပေသည်။
သို့ဆိုလျှင် ချိုးငှက် စစ်တပ်က တကယ်သာ ချောက်နက် လမ်းကြောင်းကို ကာကွယ်နိုင်စွမ်း ရှိသည်ဆိုပါက ထိုကဲ့သို့သော နည်းလမ်းမျိုး မရှိဘဲ နေပါမည်လော။
ထို့ကြောင့် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းရန်ဟူသော စကားကို လင်းယွမ်က တစ်လုံးမျှပင် မယုံကြည်ပေ။
"ဝှစ်"
သူတို့နှစ်ဦး၏ အလျင်မှာ အလွန်မြန်ဆန်လှသည်။ ဤကျန်းဝမ်ကျင်းက မီးဓာတ် အစွမ်းပိုင်ရှင် ဖြစ်သော်လည်း သူမ၏ အလျင်မှာ သာမန် အလျင်အမျိုးအစား အစွမ်းပိုင်ရှင်များထက် လုံးဝ နောက်မကျကြောင်း လင်းယွမ် သတိပြုမိလိုက်သည်။
သူက တစ်ဖက်လူ၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်လှိုင်းများကို အနည်းငယ် အကဲခတ်ကြည့်လိုက်ရာ တစ်ဖက်လူ၏ အဓိက အရည်အသွေးစွမ်းအင်မှာ အမှတ် (၁၀၀) သို့ သေချာပေါက် ရောက်ရှိနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
သို့သော် သိသာထင်ရှားသည်မှာ တစ်ဖက်လူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို မစတင်ရသေးပေ။ ဇီဝဗေဒအဆင့်အရ ကြည့်မည်ဆိုလျှင် ထိုအဆင့်ကို မချိုးဖောက်နိုင်သေးပေ။
ကျန်းဝမ်ကျင်းက မီးနတ်သမီးအသွင် ပြောင်းလဲကာ တစ်လျှောက်လုံး အသည်းအသန် လိုက်ပါလာပြီး အနောက်မှ လှမ်းအော်လိုက်သည်။ "ကိုလင်းယွမ်... ကျွန်မမှာ မေးစရာတစ်ခု ရှိတယ်"
"ရှင့်ရဲ့ အဓိက အရည်အသွေးက တစ်ကယ်တမ်း ဘာလဲဆိုတာ ကျွန်မ အရမ်း သိချင်နေတာ... ပြီးတော့ ရှင့်ရဲ့ အစွမ်းကရော ဘယ်လို အမျိုးအစားလဲ"
သူမက တစ်လျှောက်လုံး လိုက်ပါလာစဉ် လင်းယွမ်က ရေခဲမြေရိုင်းဝက်ဝံ အသွင်ပြောင်းသွားသည်ကို မြင်တွေ့ခဲ့ရသဖြင့် လင်းယွမ်သည် သေချာပေါက် ရေခဲဓာတ် အစွမ်းပိုင်ရှင် ဖြစ်ရမည်ဟု တွေးထားခဲ့သည်။
သို့သော် လင်းယွမ်က ဟင်းလင်းပြင် အမျိုးအစား အစွမ်းကိုလည်း အသုံးပြုကာ ဖိန်ယွမ်ဟူ၏ စိတ်ဝိညာဉ် အာရုံကို ဖမ်းဆီးခဲ့ပြန်သည်။
ယခုလည်း လင်းယွမ်က လေထဲတွင် ပျံသန်းနေပြီး စိတ်စွမ်းအင်ဖြင့် ပျံသန်းနိုင်သည့် အစွမ်း ရှိနေသည်မှာ သိသာထင်ရှားနေသည်။
ထို့ကြောင့် လင်းယွမ်က အတိအကျ မည်သည့် အမျိုးအစား အစွမ်းပိုင်ရှင်ဖြစ်ကြောင်း သူမ အမှန်တကယ်ပင် ခွဲခြား၍ မရတော့ချေ။
လင်းယွမ်က အေးတိအေးစက်ဖြင့်သာ ပြန်ဖြေလိုက်သည်။ "ဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးကို ခင်ဗျား နှုတ်ကနေ မမေးသင့်ဘူးလေ"
အစွမ်းပိုင်ရှင်တစ်ဦး၏ အဓိက အရည်အသွေးက မည်သည့်အမျိုးအစား ဖြစ်သည်ဆိုသောအချက်မှာ သူ၏ တိုက်ခိုက်ရေးပုံစံနှင့် သက်ဆိုင်နေသည်။
ပုံမှန်အားဖြင့် အမှန်တကယ် တိုက်ခိုက်ခြင်း မပြုသရွေ့ မိမိဖာသာ ဖွင့်ဟပြသလေ့ မရှိကြပေ။
အကယ်၍ တခြားသူများက မိမိ၏ အဓိက အရည်အသွေးကို သိသွားပါက ရန်သူ၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်ခြေ ရှိသည်။
ဥပမာအားဖြင့် တခြားသူက မိမိအား မီးဓာတ်အစွမ်းပိုင်ရှင်မှန်း သိသွားပါက ရေဓာတ်အစွမ်းပိုင်ရှင် အမြောက်အမြားကို အသုံးပြု၍ ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်လာနိုင်သည်။
ရေနှင့် မီးသည် ဆန့်ကျင်ဘက် ဖြစ်နေခြင်းက သဘာဝတရားပင် ဖြစ်သည်။
ကျန်းဝမ်ကျင်းက ချက်ချင်းပင် ပြောလိုက်သည်။ "တောင်းပန်ပါတယ်... ကျွန်မ ရိုင်းသလိုဖြစ်သွားတယ်"
လင်းယွမ်က ဂရုမစိုက်ပေ။ လက်ရှိတွင် သူက ဤအမျိုးသမီးအပေါ် အမြင်ကြည်လင်မှု မရှိတော့ပေ။
ချိုးငှက် စစ်တပ်အဖွဲ့ဝင် အားလုံးအပေါ်တွင်ပင် အမြင်ကြည်လင်မှု မရှိတော့ချေ။
မိုင်ဆယ်ချီသော အကွာအဝေးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြတ်သန်းသွားခဲ့သည်။
အရှေ့ဘက်တွင် ဆက်တိုက် တည်ရှိနေသော ကျွန်းတစ်ကျွန်း ပေါ်လာသည်။ ဤနေရာက မြေမိခင်ဂိုဏ်း၏ အခြေစိုက်စခန်းဖြစ်သော ချန်ဖူတောင်ပင် ဖြစ်သည်။
သေချာသည်မှာ ယခုအခါ မြေမိခင်ဂိုဏ်း၏ အခြေစိုက်စခန်းသည် မြေဝါနတ်ဘုရားကုန်းပြင်မြင့်သို့ ပြောင်းရွှေ့သွားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
မျက်မှောက်ရှိ ချန်ဖူတောင်ကိုမူ ယခုအခါ မြေမိခင်ဂိုဏ်းက သာမန် ဂိုဏ်းဝင်များကို နေရာချထားရန်အတွက် အသုံးပြုနေပြီ ဖြစ်သည်။
မြေမိခင်ဂိုဏ်း၏ အထက်ပိုင်းခေါင်းဆောင်များ အားလုံးမှာ မြေဝါနတ်ဘုရားကုန်းပြင်မြင့်သို့ ပြောင်းရွှေ့သွားခဲ့ကြပြီ ဖြစ်သည်။
လင်းယွမ်နှင့် ကျန်းဝမ်ကျင်းတို့ ချန်ဖူတောင်ပေါ်သို့ ခြေချလိုက်သည်နှင့်...
သူတို့နှစ်ဦး အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ချန်ဖူတောင်ပေါ်ရှိ မြေမိခင်ဂိုဏ်းဝင်များက အန္တရာယ် နီးကပ်လာသည်ကို မသိကြသည့်အလား အစီအစဉ်တကျ ကင်းလှည့်နေကြဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
အမျိုးသမီးများက ထမင်းဟင်းချက်ပြုတ်နေကြပြီး ကလေးငယ်များကလည်း လေ့ကျင့်ရေးများ ပြုလုပ်နေကြသည်။
"ကိုလင်းယွမ်... သူတို့အားလုံးက သာမန်လူတွေပါ... ကျေးဇူးပြုပြီး သက်ညှာပေးပါ"
ကျန်းဝမ်ကျင်းက မနေနိုင်ဘဲ နှုတ်မှ ထုတ်ပြောလိုက်သည်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလူတွေကို အသေသတ်မယ်လို့ ကျုပ် ပြောဖူးလို့လား"
"ဒါ့အပြင် သာမန်လူတွေရဲ့ အသက်အန္တရာယ်ကို သိပ်ဂရုစိုက်တဲ့ ပုံစံမျိုး ကျုပ်ရှေ့မှာ လာမဟန်ဆောင်ပါနဲ့"
"ခင်ဗျားတို့ တကယ်သာ ဂရုစိုက်တယ်ဆိုရင် ဖိန်ယွမ်ဟူကို ရေနတ်ဘုရားဂိုဏ်း တည်ထောင်ပြီး သာမန် အစွမ်းပိုင်ရှင်တွေကို ဦးနှောက်ရိုက်သွင်းတာမျိုး ခွင့်ပြုထားမှာ မဟုတ်ဘူး"
"ဒီ မြေမိခင်ဂိုဏ်းတို့... ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့ရဲ့ အုပ်ချုပ်မှုပုံစံကလည်း ရေနတ်ဘုရားဂိုဏ်းနဲ့ ဘာမှမကွာပါဘူး"
"ခင်ဗျားသာ တကယ် ဂရုစိုက်တယ်ဆိုရင် ပါးစပ်ကနေချည်း ပြောမနေဘဲ လက်တွေ့ လုပ်ရပ်နဲ့ ပြပါ"
ကျန်းဝမ်ကျင်းမှာ ချက်ချင်းပင် ဒေါသထွက်လွန်းသဖြင့် လက်သီးကို မနေနိုင်ဘဲ ဆုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။ "ကျွန်မ ပြောပြီးပြီလေ... ကျွန်မတို့ရဲ့ တိမ်မြူကျွန်းက အခု ချောက်နက်ရဲ့ နှောင့်ယှက်မှုကို ခံနေရတော့ ဒါတွေကို လိုက်ဂရုစိုက်ဖို့ အချိန်မရှိဘူး..."
လင်းယွမ်က နားပင် မထောင်ချင်တော့ဘဲ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ ဤကျွန်းကို ဖြတ်ကျော်ပျံသန်းသွားပြီး ချန်ဖူတောင်၏ နောက်ဘက်ရှိ အဝါနှင့် အဖြူရောင် ရောယှက်နေသော အရိပ်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားလေသည်။
အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ ထိုအဝါနှင့် အဖြူရောင် ရောယှက်နေသော နေရာမှာ တဖြည်းဖြည်း ထင်ရှားလာသည်။
၎င်းမှာ မြေကြီးအရောင်ကဲ့သို့ ဝါကြန့်ကြန့် ဧရာမ ကုန်းမြေကြီးတစ်ခု ဖြစ်သည်။
သို့သော် နှင်းပွင့်ကြီးများ ကျဆင်းနေသဖြင့် နေရာအတော်များများတွင် နှင်းဖြူလွှာများ ဖုံးလွှမ်းနေသည်။
အဝါရောင်နှင့် အဖြူရောင် ရောယှက်နေပြီး ကျွန်းကြီးမှာ နှင်းပြင်ထဲတွင် ဝပ်တွားနေသည့် အဝါနှင့် အဖြူရောင် အစင်းကျား ကြောင်ကြီးတစ်ကောင်နှင့် တူနေသည်။
ဤမြေဝါနတ်ဘုရားကုန်းပြင်မြင့်တွင် မီယွမ်မိုးသစ်တော၌ကဲ့သို့ အကာအကွယ် အလွှာမျိုး မရှိပေ။
နှင်းပွင့်များ ကျဆင်းလာသည်နှင့်အမျှ ကျွန်းတစ်ခုလုံး၏ အပူချိန်မှာလည်း ကျဆင်းသွားကာ ပြင်ပကမ္ဘာနှင့် ဘာမျှမကွာခြားတော့ပေ။
လင်းယွမ်က ထိုနေရာသို့ ခြေချလိုက်ပြီး ဤကုန်းမြေပြင်ကို အကဲခတ် ကြည့်ရှုလိုက်သည်။
မျက်စိရှေ့တွင် မြင်တွေ့ရသမျှ ကုန်းမြေတစ်ခုလုံးမှာ မြေဝါများနှင့် ဧရာမ ကျောက်တုံးကြီးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
မြေမျက်နှာသွင်ပြင်မှာ ဘေးနားရှိ သဲကန္တာရကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။
ချောက်ကမ်းပါးများ ပြည့်နှက်နေပြီး မြေမျက်နှာသွင်ပြင်မှာ ကျယ်ဝန်းလှသည်။
သူက မြေဝါနတ်ဘုရားကုန်းပြင်မြင့်ပေါ်တွင် လျင်မြန်စွာ ပျံသန်း သွားလာနေသည်။
အနောက်မှ ကျန်းဝမ်ကျင်းက ကပ်ပါလာပြီး ပြောလိုက်သည်။ "မြေဝါနတ်ဘုရားကုန်းပြင်မြင့်ကလည်း နဂိုတုန်းကတော့ ချောက်နက် အထက်က လွင့်မျောနေတဲ့ ကျွန်းတစ်ကျွန်းပါပဲ"
"ဒါပေမဲ့ သိသာတာက အဲ့ဒါက အာဟာရဓာတ်တွေ စုပ်ယူခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲမှာ ကပ်ပါးနေထိုင်တဲ့ သန္ဓေပြောင်း သတ္တဝါတွေကလည်း ထွက်သွားကြပြီလေ"
"အခုတော့ ကောင်းကင်ယံကနေ ပြုတ်ကျလာပြီး ရေပေါ်မှာ ပေါလောပေါ်နေကာ ရေပေါ်ကျွန်း ဖြစ်သွားတာပေါ့"
လင်းယွမ်က သူမကို ဂရုမစိုက်ပေ။ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရာ မြေဝါနတ်ဘုရားကုန်းပြင်မြင့် တစ်ခုလုံး၏ ကောင်းကင်ယံတွင် လှည့်ပတ်ကြည့်ရှုပြီး ဖြစ်သွားသည်။
သို့သော် မည်သည့် အဆောက်အအုံကိုမျှ မတွေ့ရသလို လူသားများ လှုပ်ရှားသွားလာနေသည့် အရိပ်အယောင်ကိုလည်း မတွေ့ရပေ။
သူက မျက်မှောင်အနည်းငယ် ပင့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ သူ၏ ခန္ဓာကိုယ်က ခုနက ဖြတ်သန်းလာခဲ့သော ချောက်ကမ်းပါးဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
သူက ချောက်ကမ်းပါးအတွင်းသို့ လှမ်းကြည့်လိုက်သည်။
သို့သော် ချောက်ကမ်းပါး နှစ်ဖက်စလုံးတွင် လူသားများ တူးဆွဖန်တီးထားသော အမှတ်အသား အများအပြားကို တကယ်ပင် တွေ့လိုက်ရသည်။
"မြေမိခင်ဂိုဏ်းက သူတို့ရဲ့ အခြေစိုက်စခန်းကို မြေဝါနတ်ဘုရားကုန်းပြင်မြင့်ရဲ့ အတွင်းပိုင်းမှာ တည်ဆောက်ထားတာလား"
"ဒါလည်း ဟုတ်တာပဲ... မြေမိခင်ဂိုဏ်းမှာ အပေါဆုံးက မြေဓာတ် အစွမ်းပိုင်ရှင်တွေလေ... မြေကြီးထဲမှာ နေရာလွတ်တွေ တူးဖော်တာကတော့ မဆန်းပါဘူး"
ဘေးနားရှိ ကျန်းဝမ်ကျင်းက ခွဲခြမ်းစိတ်ဖြာလာသည်။ သူမကိုယ်တိုင်လည်း မြေမိခင်ဂိုဏ်း၏ မြေဝါနတ်ဘုရားကုန်းပြင်မြင့်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။
လင်းယွမ်က အောက်သို့ ဆင်းသက်လာပြီး ချောက်ကမ်းပါး၏ ဘေးဘက်သို့ ရောက်ရှိလာသည်။
အချိန်အနည်းငယ် ကြာသောအခါ ဧရာမ ဥမင်လှိုဏ်ခေါင်း လမ်းကြောင်းကြီး တစ်ခုကို မြင်တွေ့လိုက်ရသည်။
လင်းယွမ်က အထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်ရာ လှိုဏ်ခေါင်းအတွင်းရှိ နံရံများပေါ်တွင် မီးလုံးများ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
ဤမီးလုံးများမှာ တစ်ပြေးညီတည်း တူညီသော မီးသီးများ မဟုတ်ဘဲ အချို့က သာမန် မီးသီးများ ဖြစ်ကာ အချို့က အယ်လ်အီးဒီ မီးများ ဖြစ်ပြီး အချို့မှာမူ တောက်ပနေသော စွမ်းအင်ကျောက်တုံးများကို တိုက်ရိုက် မြှုပ်နှံထားခြင်း ဖြစ်သည်။
လမ်းကြောင်းတစ်ခုလုံးမှာ ကျယ်ဝန်းပြီး လင်းထိန်နေသည်။
"ကြည့်ရတာ အပြင်ကနေ မီးသီးတွေကို စုဆောင်းပြီး ဒီစင်္ကြံလမ်းကို ဖန်တီးထားတာ ဖြစ်မယ်"
လင်းယွမ်က တွေးတောနေရင်း စင်္ကြံလမ်းအတိုင်း အတွင်းဘက်သို့ ဆက်လက် လျှောက်သွားလိုက်သည်။
အချိန်အနည်းငယ် ကြာသောအခါ အတွင်းဘက်ရှိ လှိုဏ်ခေါင်းမှာ ရုတ်တရက် ပွင့်လင်းကျယ်ဝန်းသွားသည်ကို တွေ့လိုက်ရသည်။
ထို့နောက် အောက်ဘက်ရှိ ဧရာမ မြေအောက် လှိုဏ်ခေါင်းကြီးထဲတွင် ကြီးမားလှသော မြေအောက်မြို့တော်ကြီး တစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဧရာမ မြေအောက် နေရာလပ်ကြီးထဲတွင် အဆောက်အအုံ အမြောက်အမြား စီတန်းတည်ရှိနေပြီး ကျောက်ပြားများ ခင်းထားသော ကျယ်ဝန်းသည့် လမ်းမကြီးများလည်း ရှိနေသည်။
အပြင်ဘက်ရှိ ငန်းမွေးကဲ့သို့ နှင်းပွင့်ကြီးများ ဖုံးလွှမ်းနေသော မြေပြင်နှင့် နှိုင်းယှဉ်လိုက်လျှင် ဤနေရာမှာ လောကီပြင်ပက နတ်ဘုံနတ်နန်းတစ်ခုနှင့် တူနေလေသည်။
လင်းယွမ်က မော့ကြည့်လိုက်ရာ ဤဧရာမ မြေအောက်မြို့တော်ကြီး၏ အထက်ကောင်းကင်ယံတွင် ကြီးမားသော တောက်ပနေသည့် ဘောလုံးကြီးတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
၎င်းက နေမင်းကြီး တစ်စင်းအလား မြေအောက်မြို့တော် တစ်ခုလုံးကို လင်းထိန်နေစေသည်။
သို့သော် ယခုအချိန်တွင် မြေအောက်မြို့တော်ထဲ၌ ဆူညံပွက်လောရိုက်နေပြီး နေထိုင်သူ အများအပြားမှာ လမ်းမများပေါ်တွင် ငိုယိုအော်ဟစ်နေကြသည်။
ထို့အပြင် အစွမ်းပိုင်ရှင် အများအပြားကလည်း နေရာအနှံ့တွင် ပစ္စည်းများကို လုယက်နေကြသည်။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားပြီး သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပျံသန်းဆင်းသက်သွားလေသည်။
သူက မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်တစ်ဦးကို အလွယ်တကူ ဖမ်းဆွဲလိုက်သည်။ ထိုသူမှာ အသက် သုံးဆယ်အရွယ်ခန့်ရှိသော အမျိုးသမီးငယ်တစ်ဦးကို အတင်းအဓမ္မ ပြုကျင့်နေခြင်း ဖြစ်သည်။
လင်းယွမ်၏ ဆွဲဖမ်းခြင်းကို ခံလိုက်ရသဖြင့် သူက အလိုအလျောက် ခေါင်းလှည့်လာကာ ဒေါသတကြီး ဆဲဆိုလိုက်သည်။ "သေချင်နေတာလား"
လင်းယွမ်က အေးစက်စွာဖြင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ "ရွှပ်" ခနဲ အသံနှင့်အတူ ထိုမြေမိခင်ဂိုဏ်း အစွမ်းပိုင်ရှင်၏ ခေါင်းမှာ ချက်ချင်းပင် လွင့်စင်ထွက်သွားလေသည်။
ဤမြင်ကွင်းကြောင့် ဘေးပတ်ဝန်းကျင်မှ ပြေးဝင်လာရန် ကြိုးစားနေသော မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်များမှာ ချက်ချင်းပင် မျက်နှာပျက်ကာ ထိတ်လန့်သွားကြသည်။
လင်းယွမ်က မြေပြင်ပေါ်ရှိ အဝတ်အစား တစ်ဝက်တစ်ပျက်နှင့် အမျိုးသမီးကို ကြည့်ကာ မေးလိုက်သည်။ "ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ကျန်းဝမ်ကျင်းမှာလည်း မျက်နှာတွင် အံ့သြသံသယများ ပြည့်နှက်နေသည်။ ဤမြေမိခင်ဂိုဏ်းမှ လူများက အဘယ်ကြောင့် သူတို့ဘာသာ ပရမ်းပတာ ဖြစ်နေကြသနည်း။
ထိုအမျိုးသမီးမှာ ဝိညာဉ်လွင့်သွားသူတစ်ဦးအလား ငိုယိုကာ ပြောလိုက်သည်။ "ပြီးသွားပြီ... အားလုံး ပြီးဆုံးသွားပြီ"
"မြေသြဇာဌာနက လူတွေက ကြွယ်ဝမှုအသင်းက ပစ္စည်းတွေ အကုန်လုံးကို ယူပြီး ထွက်ပြေးသွားကြပြီ"
လင်းယွမ် ကြောင်သွားသည်။ "ဘာအဓိပ္ပာယ်လဲ... မြေသြဇာဌာနက လူတွေ ထွက်ပြေးသွားကြပြီ ဟုတ်လား"
သူက မြေမိခင်ဂိုဏ်း၏ အခြေအနေများကို အတိုင်းအတာ တစ်ခုအထိ နားလည်ထားပြီး ဖြစ်သည်။
မြေမိခင်ဂိုဏ်း၏ ဖွဲ့စည်းပုံ အဆင့်ဆင့်ကိုလည်း စောစောကတည်းက ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
မြေသြဇာဌာန၊ ကြွယ်ဝမှုအသင်း၊ အမြစ်အာရုံကျောင်းတော် တို့မှာ မြေမိခင်ဂိုဏ်း၏ အမြင့်ဆုံး အဖွဲ့အစည်း သုံးခုဟု ဆိုနိုင်သည်။
ထို့နောက် နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ရာသီလေးပါး ယဇ်ပုရောဟိတ်များ ဖြစ်သည်။
ထို့နောက်မှ အလယ်အလတ်တန်းစား အဖွဲ့အစည်းများဖြစ်သည့် သစ်တောဂိုဏ်းအုပ်၊ မြေရိုင်းစောင့်ကြည့်သူ၊ မြစ်ဝှမ်းသဘာပတိ၊ တရားဟောအဖွဲ့ အစရှိသော အဖွဲ့အစည်းများ ဖြစ်လာသည်။
ထို့ကြောင့် မြေသြဇာဌာနမှ လူများက ကြွယ်ဝမှုအသင်း၏ ပစ္စည်းများကို ယူဆောင်၍ ထွက်ပြေးသွားသည်ဟု ကြားလိုက်ရသောအခါ လင်းယွမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ အံ့သြသွားခြင်းပင် ဖြစ်သည်။
သူက ချက်ချင်းပင် နောက်ထပ် လူအချို့ကို ထပ်မံ ဖမ်းဆီးလာပြီး မြေသြဇာဌာနနှင့် ကြွယ်ဝမှုအသင်းတို့၏ တည်နေရာကို မေးမြန်းလိုက်သည်။
ထို့နောက် မြေသြဇာဌာနနှင့် ကြွယ်ဝမှုအသင်း အစရှိသော အဖွဲ့အစည်းများ ရှိရာ နေရာသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။
ထို့အပြင် နောက်ပိုင်းတွင် အမြစ်အာရုံကျောင်းတော် အစရှိသည့် နေရာများသို့ပါ အပြေးအလွှား သွားရောက်ခဲ့သေးသည်။
တကယ်ပင် ဤနေရာများတွင် လူသူကင်းမဲ့နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
အမြစ်အာရုံကျောင်းတော်တွင် ကပ်ဘေးမတိုင်မီက စာအုပ်စာပေ အများအပြား ကျန်ရစ်ခဲ့သည်မှလွဲ၍ အခြား မည်သည့် ပစ္စည်းများကိုမျှ ချန်ထားခဲ့ခြင်း မရှိပေ။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သဘောပေါက်သွားလေပြီ။
"ရှီလျန်ဟိုင်က သူ့လူတွေကို ခေါ်ပြီး ထွက်ပြေးသွားတာလား"
ကျန်းဝမ်ကျင်းက ဘေးနားမှ ပြောလိုက်သည်။ "ရှင်က ချန်ချုံးတောင်မှာ သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့တော့ သူတို့အရမ်းလန့်သွားတာဖြစ်မယ်"
"ဝိညာဉ်စွမ်းအင်ဂိုဏ်း ရှိတဲ့ မီသွေ့တောင်မှာလည်း လူသူကင်းမဲ့နေလောက်ပြီ"
သူမက ဘေးနားမှ ခနဲ့တဲ့တဲ့ ပြုံးကာ ပြောလိုက်သည်။ "ရှင် ဘယ်လောက်ပဲ တော်နေပါစေ... ဒီလို လူစုမျိုးကိုသာ တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ် မရှင်းလင်းနိုင်ဘူး ဆိုရင်တော့... နောက်ကျရင် ရှင့်ရဲ့ ထိုက်ယန်တောင် လုံခြုံရေးအတွက် သတိထားရတော့မယ်"
"ခြေထောက်တစ်ရာရှိတဲ့ အကောင်က သေသွားပေမဲ့ အလွယ်တကူ မတောင့်တင်းသွားဘူး ဆိုသလိုပေါ့... သူတို့က အခု သူတို့ရဲ့ အသိုက်အမြုံကို စွန့်လွှတ်လိုက်ရတဲ့အတွက် ရှင်နဲ့ ထိုက်ယန်တောင် အပေါ်မှာ အရိုးထဲစွဲနေအောင် မုန်းတီးနေကြမှာ သေချာတယ်"
"ရှင်တို့အနေနဲ့ လက်စားချေခံရဖို့ ပြင်ဆင်ထားသင့်ပြီ"
လင်းယွမ်က သူမကို ဂရုမစိုက်ဘဲ မေးလိုက်သည်။ "မီယွမ်မိုးသစ်တောရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေက ဖိန်ယွမ်ဟူ လက်ထဲမှာ ရှိနေတာလား"
ကျန်းဝမ်ကျင်းက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှမပြောသော်လည်း လင်းယွမ် နားလည်လိုက်ပြီ ဖြစ်သည်။
သူက ထပ်မေးလိုက်သည်။ "မြေဝါနတ်ဘုရားကုန်းပြင်မြင့်ရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေက ဘယ်သူ့လက်ထဲမှာ ရှိနေလဲဆိုတာ ခင်ဗျား သိလား"
"မြေဝါနတ်ဘုရားကုန်းပြင်မြင့်ရဲ့ ဦးနှောက်အမြူတေက ကွမ်မောက်ချိုင် လက်ထဲမှာ ရှိပြီး နှလုံးအမြူတေက ရှီလျန်ဟိုင် လက်ထဲမှာ ရှိတယ်... သူတို့နှစ်ယောက်က မြေဝါနတ်ဘုရားကုန်းပြင်မြင့်ရဲ့ အစစ်အမှန် ခေါင်းဆောင်တွေပဲ"
"ရှင်က ဒီမြေဝါနတ်ဘုရားကုန်းပြင်မြင့် ရေပေါ်ကျွန်းကို သိမ်းပိုက်ချင်တယ်ဆိုရင် ဒီလူနှစ်ယောက်ကို မဖမ်းနိုင်သရွေ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ဆက်ရန်...