← Chapters

အခန်း (၅၉၇-၅၉၈)

Vol. 30 Ch. 597-598

အခန်း (၅၉၇-၅၉၈)

Vol. 30 Ch. 597-598

အပိုင်း (၅၉၇) ကျန်းယွီကျန်း

သူတို့နှစ်ယောက်လုံးထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ဖြစ်ပေါ်လာသော အားကောင်းသည့် စွမ်းအင်စက်ကွင်းများက မျက်မြင်မရသော လေဟာပြင်ထဲတွင် အချင်းချင်း ပြင်းထန်စွာ ရိုက်ခတ်သွားကြသည်။

ပတ်ဝန်းကျင်ရှိ လေထုကပင် တိုးညင်းစွာ မြည်ဟည်းတုန်ခါသွား၏။

အသက်ရှင်ကျန်ရစ်နေသေးသော စစ်သားများမှာ မြေပြင်ပေါ်တွင် လုံးဝ ပျော့ခွေကျနေကြပြီ ဖြစ်သည်။

သက်ရှိလောက၏ အထွတ်အထိပ်မှ လာသော ထိုကဲ့သို့သော ဖိနှိပ်မှုကြီးကြောင့် သူတို့မှာ ပြန်လည်ခုခံရန် သတ္တိ အလျဉ်းမရှိတော့ပေ။

သို့သော် လက်တွေ့တွင်မူ လင်းယွမ်နှင့် ဖုန်းကျန့်ကုန်း နှစ်ယောက်စလုံးမှာ အင်အားကုန်ခမ်းလုနီးပါး ဖြစ်နေကြလေပြီ။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ထိန်းသိမ်းထားရန် သန္ဓေပြောင်းစွမ်းအင် အမြောက်အမြားကို သုံးစွဲရသည်။

ယခုအချိန်အထိ တိုက်ခိုက်ပြီးနောက် သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ အလွန်အမင်း ကုန်ခမ်းနေပြီ ဖြစ်သည်။

အထူးသဖြင့် လင်းယွမ်ဆိုလျှင် မြေအောက်ဓာတ်ခွဲခန်းထဲတွင် ရှိနေစဉ်ကတည်းက သန္ဓေပြောင်းစွမ်းအင် တစ်စိတ်တစ်ပိုင်းကို သုံးစွဲထားခဲ့ပြီးဖြစ်သည်။

အကယ်၍သာ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမှတ်သည် တစ်ရာကျော်နေပြီး ခွန်အားနှင့် သန္ဓေပြောင်းစွမ်းအင်ကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်စွမ်း မရှိခဲ့ပါက သူ အရင်ဆုံး စွမ်းအင်ကုန်ခမ်းသွားလောက်ပြီ ဖြစ်သည်။

သို့သော် ယခုအခြေအနေအထိ ရောက်နေပြီဖြစ်ကာ ကြိမ်းဝါးစကားများလည်း ဆိုပြီးသွားပြီဖြစ်ရာ မည်သူကမျှ အရင်စတင်၍ နောက်ဆုတ်မည် မဟုတ်ပေ။

"နေပါဦး... ခင်ဗျားတို့နှစ်ယောက် နေကြပါဦး"

သူတို့နှစ်ယောက် အကြိတ်အနယ် အခြေအနေတင်းမာနေစဉ် ကောင်းကင်ယံမှ လူရိပ်တစ်ခုက အလွန်လျင်မြန်သော အလျင်ဖြင့် ရောက်ရှိလာသည်။

ထိုနောက် ကျန်းဝမ်ကျင်းကို ခေါ်ဆောင်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ကျန်းဝမ်ကျင်းက လင်းယွမ်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုများ ပြည့်နှက်နေသည်။

လင်းယွမ်က ဦးလေးဖုန်းကို မရှုံးဘဲ လက်ရေတူ တိုက်ခိုက်နိုင်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

ဦးလေးဖုန်းသည် ချိုးငှက်အုပ်စု စစ်တပ်၏ နံပါတ်တစ် အစွမ်းပိုင်ရှင်ဖြစ်ပြီး သူ၏ အဏုမြူရောင်ခြည် အစွမ်းသည် စစ်တပ်၏ အစွမ်းအထက်ဆုံး လျှို့ဝှက်လက်နက်ဟု ဆိုနိုင်သည်။

ထာဝရချောက်နက်ကြီးကို ယခုအချိန်အထိ ထိန်းချုပ်ထားနိုင်ခြင်းမှာ ဦးလေးဖုန်း စောင့်ကြပ်နေမှုကြောင့်ပင်။

ဒီလင်းယွမ်ဆိုတဲ့လူမှာလည်း ထာဝရချောက်နက်ကို စောင့်ကြပ်နိုင်စွမ်း ရှိနေတာများလား။

ထိုသို့တွေးမိလိုက်သောအခါ သူမ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ဖခင်ဖြစ်သူ မည်သို့ပြောမည်ကို ကြိုတင် ခန့်မှန်းမိလိုက်သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ အခြားသူမဟုတ်ဘဲ ကျန်းဝမ်ကျင်း၏ ဖခင်၊ ချိုးငှက်အုပ်စု၏ ခေါင်းဆောင်နှင့် ယခင်စစ်တပ်၏ တပ်မမှူးဖြစ်သူ ကျန်းယွီကျန်းပင် ဖြစ်လေသည်။

"ကျန့်ကုန်း... မင်း အရင်ရပ်လိုက်"

ကျန်းယွီကျန်းက အလျင်စလို ရောက်လာပြီး ဖုန်းကျန့်ကုန်း၏ ဘေးတွင် ရပ်ကာ အော်ပြောလိုက်သည်။

ဖုန်းကျန့်ကုန်းက ထိုစကားကို ကြားသောအခါ "ဟုတ်ကဲ့ပါ တပ်မမှူး" ဟု ပြန်ဖြေလိုက်သည်။

သူက ကျန်းယွီကျန်းကို အလွန် မျက်နှာသာပေးပြီး "ဝုန်း" ဟူသော အသံနှင့်အတူ ခန္ဓာကိုယ်က သွေးမြူများအဖြစ် ပြောင်းလဲသွားကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အခြေအနေကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး လူသားပုံစံသို့ ပြန်လည်ပြောင်းလဲသွားသည်။

အမှန်တကယ်တွင် သူလည်း လင်းယွမ်မှာ ကိုင်တွယ်ရခက်ခဲကြောင်း ခံစားမိနေပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များလည်း အတော်လေး ကုန်ခမ်းနေပြီဖြစ်ရာ ဆက်လက်တိုက်ခိုက်နေပါက အရှုံးအနိုင်ခွဲရန် ခက်ခဲမည် ဖြစ်သည်။

ကျန်းယွီကျန်းက ခေါင်းလှည့်ကာ လင်းယွမ်ကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ကိုလင်းယွမ်... ကျွန်တော်တို့ကြားမှာ အသေအကြေ ရန်ညှိုးမှ မရှိတာ... ကျွန်တော်တို့ ချိုးငှက်အုပ်စုကလည်း ထိုက်ယန်တောင်ရဲ့ အကျိုးစီးပွားကို ဘယ်တုန်းကမှ ဝင်မစွက်ဖက်ခဲ့ပါဘူး"

"ကျွန်တော်တို့ ဘာလို့ ဒီလောက်တောင် ရန်လိုပြီး တိုက်ခိုက်နေကြမှာလဲ... အားလုံး အတူတကွ သေချာ ထိုင်ဆွေးနွေးကြရင်ရော ဘယ်လိုလဲ"

လင်းယွမ်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားက တပ်မမှူးကျန်း ဖြစ်ရမယ်... ခင်ဗျားက သူ့ထက်တော့ စကား ပိုပြောတတ်သားပဲ"

လင်းယွမ်လည်း ဆက်လက် ဟန်မဆောင်နေတော့ဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး လူသားပုံစံသို့ လျင်မြန်စွာ ပြန်လည်ပြောင်းလဲသွားသည်။

ဖုန်းကျန့်ကုန်းက လင်းယွမ်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး သူ၏ ရင်ထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

စစ်တပ်၏ အစွမ်းထက်သူ တစ်ယောက်အနေဖြင့် ရေလွှမ်းမိုးမှုကြီး မတိုင်မီကလည်း သူသည် စစ်တပ်၏ အထက်တန်းအရာရှိတစ်ဦး ဖြစ်ခဲ့သည်။

ဘယ်တုန်းကများ သူတစ်ပါးရဲ့ ဒီလို ပြန်လည်ပက်ပက်စက်စက် ပြောဆိုတာကို ခံခဲ့ရဖူးလို့လဲ။

သို့သော် လင်းယွမ်က သူ၏ လက်အောက်ငယ်သား မဟုတ်သည့်အပြင် စွမ်းအားကလည်း သူ့အောက် လုံးဝ မနိမ့်ကျနေပေ။

သူ့အနေဖြင့် မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ... လင်းယွမ်ကိုတော့ ဘာမှလုပ်၍ မရနိုင်ပေ။

ကျန်းယွီကျန်းက ပြုံးလျက် "ကိုလင်းယွမ်... ဒီနေရာက စကားပြောဖို့ အဆင်မပြေဘူး... ကျွန်တော်တို့ အောက်ဆင်းပြီး တစ်ခုခု စားရင်း သောက်ရင်း ဆွေးနွေးကြရင်ရော ဘယ်လိုလဲ"

စစ်တပ်၏ အထက်တန်းအရာရှိ တစ်ယောက်အနေဖြင့် ကျန်းယွီကျန်းသည် အာဏာကို ချုပ်ကိုင်ထားရုံသာမက နိုင်ငံရေး ပါးနပ်မှုလည်း အလွန် မြင့်မားသူ ဖြစ်သည်။

ထို့ကြောင့် သူသည် ဤကဲ့သို့သော လုပ်ထုံးလုပ်နည်းများကို အလွန် ရင်းနှီးကျွမ်းဝင်နေသည်။

ကိစ္စတစ်ခုခု ဆွေးနွေးမည်ဆိုလျှင် ထမင်းစားဝိုင်းတွင် ဆွေးနွေးရမည်မှာ သဘာဝပင်တည်း။

သို့သော် လင်းယွမ်က ခေါင်းခါယမ်းလိုက်သည်။ "စားသောက်ဖို့တော့ မလိုတော့ပါဘူး တပ်မမှူးကျန်း... ကျွန်တော်တို့ လိုရင်းကိုပဲ တိုက်ရိုက် သွားကြတာပေါ့... ပြောစမ်းပါဦး... ခင်ဗျားတို့ ချိုးငှက်အုပ်စု စစ်တပ်က ဘာသဘောလဲ"

"ဒီ သိမ်းငှက်အုပ်စု စစ်တပ်က ဘာသာရေးဂိုဏ်းကြီး သုံးခုနဲ့ ပူးပေါင်းပြီး ကျွန်တော့် ထိုက်ယန်တောင်ကို ကျူးကျော်ဖို့ လုပ်ခဲ့တယ်... ဆွန်းဝူစံအိမ်မှာ အစည်းအဝေးတောင် လုပ်ခဲ့ကြသေးတာ"

"အဲ့ဒီအချိန်တုန်းက ခင်ဗျားတို့ ထွက်ပြီး တားဆီးတာကို မတွေ့ရပါလား"

"အခု ဒီလူတွေကို ကျွန်တော် သတ်ဖြတ်ပြီးသွားမှ ခင်ဗျားတို့က ခုန်ထွက်လာကြတယ်ပေါ့... ဟက်ဟက်"

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။

ကျန်းယွီကျန်းက ခေါင်းခါလိုက်ပြီး "ကိုလင်းယွမ်... ခင်ဗျား ပြောတဲ့စကားက မမှန်ဘူး"

"ပထမဆုံး တစ်ချက် ပြောချင်တာက... ကျွန်တော်တို့ စစ်တပ်က ဘယ်တုန်းကမှ သိမ်းငှက်အုပ်စုရယ် ချိုးငှက်အုပ်စုရယ်ဆိုပြီး မခွဲခြားထားပါဘူး... အဲ့ဒါက အပြင်လူတွေက ကျွန်တော်တို့ကို ခွဲခြားထားကြတာပါ"

"တကယ်တော့ ယွမ်ရှီကျဲက အရင်ကတည်းက စစ်တပ်ရဲ့ သစ္စာဖောက်ပါ... သူက အစွန်းရောက်တစ်ယောက်ဖြစ်ပြီး စစ်တပ်ထဲက အစွန်းရောက်တချို့ကို ခေါ်ဆောင်သွားခဲ့တာ"

"ဒါပေမဲ့ သူက ကျွန်တော်တို့ စစ်တပ်ကို ကိုယ်စားမပြုနိုင်ပါဘူး... ကျွန်တော်တို့ကလည်း သူတို့ရဲ့ သီးခြား ဦးဆောင်ခွင့်ကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူး"

"ဒါကြောင့် စစ်တပ်က ဘာသာရေးဂိုဏ်းကြီး သုံးခုနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စကားမျိုးကိုတော့ ပြောလို့မရပါဘူး"

လင်းယွမ်က ကျန်းယွီကျန်းကို တစ်ချက် စောင်းကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာကာ အပိုစကားများ ဆက်မပြောချင်တော့ပေ။

ဒီလိုကိစ္စမျိုးအပေါ်မှာ ငြင်းခုံနေလို့ ဘာအဓိပ္ပာယ် ရှိမည်နည်း။

ခင်ဗျားတို့ စစ်တပ်က အုပ်စုနှစ်စု ကွဲနေတယ်ဆိုတာ အပြင်လူတွေတောင် အကုန်သိနေကြတာပဲ... ခင်ဗျားတို့ အတွင်းလူတွေက မသိဘူးလား။

ကျန်းယွီကျန်းက ဆက်ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "နောက်တစ်ခုက... ခင်ဗျား ခုနက ပြောတဲ့ ယွမ်ရှီကျဲနဲ့ ဘာသာရေးဂိုဏ်းကြီး သုံးခု ပူးပေါင်းပြီး ထိုက်ယန်တောင်ကို တိုက်ခိုက်တာကို ကျွန်တော်တို့က လက်ပိုက်ကြည့်နေတယ်ဆိုတဲ့ ကိစ္စ"

"ဒီအချက်ကိုလည်း ကျွန်တော် သဘောမတူဘူး... ယွမ်ရှီကျဲနဲ့ ဘာသာရေးဂိုဏ်းကြီး သုံးခု စ ပူးပေါင်းကတည်းက ခင်ဗျားတို့ ထိုက်ယန်တောင်ကို အကြောင်းကြားဖို့ ကျွန်တော် လူလွှတ်ခဲ့သေးတယ်"

"ဒါ့အပြင် ကျွန်တော်တို့က ထိုက်ယန်တောင်နဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောရိုးနဲ့ ဖိတ်ခေါ်ခဲ့ပြီး... ကျွန်တော်တို့သာ မဟာမိတ်ဖွဲ့ဖြစ်ရင် ယွမ်ရှီကျဲနဲ့ ဘာသာရေးဂိုဏ်းကြီး သုံးခုကို တိုက်ခိုက်ဖို့ ကျွန်တော်တို့ စစ်တပ်ဘက်က အပြည့်အဝ ထောက်ခံကူညီပေးမယ်လို့လည်း ကတိပေးခဲ့တာပဲ"

"ဒီလို လုပ်ခဲ့တာကိုများ ကျွန်တော်တို့က လက်ပိုက်ကြည့်နေတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ"

လင်းယွမ်က ဟက်ခနဲ ရယ်မောလိုက်ပြီး သူ့မျက်လုံးများထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များဖြင့် မေးလိုက်သည်။ "တပ်မမှူးကျန်း... ခင်ဗျား ဒီလိုပြောတာကတော့ သိပ်အဓိပ္ပာယ်မရှိဘူးနော်"

"ယွမ်ရှီကျဲက ခင်ဗျားတို့ စစ်တပ်က လူ ဟုတ်၊ မဟုတ် ဆိုတာ ခင်ဗျား ဝန်မခံပေမဲ့ ကျွန်တော်တို့ကတော့ အရှင်းကြီး သိတယ်"

"သူက စစ်အခြေစိုက်စခန်းမှာ နေတယ်... စစ်တပ်ရဲ့ လက်နက်မျိုးစုံကို သုံးတယ်... ပြီးတော့ စစ်တပ်ရဲ့ ယူနီဖောင်းကို ဝတ်ဆင်ထားတာလေ"

"အခု သူ သေသွားတော့မှ သူက စစ်တပ်က မဟုတ်ဘူး... စစ်တပ်ကို ကိုယ်စားမပြုနိုင်ဘူးလို့ လာပြောနေတာ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"

"နောက်ပြီး... ခင်ဗျား ထိုက်ယန်တောင်ကို လူလွှတ်တာက ပူးပေါင်းဆောင်ရွက်ဖို့ ဟုတ်လို့လား... ပွဲလန့်တုန်းဖျာခင်းပြီး အခွင့်အရေး ယူချင်နေတယ်လို့ပဲ ကျွန်တော်ကတော့ ခံစားရတယ်"

"ခင်ဗျားလူတွေက ကျွန်တော်တို့ ထိုက်ယန်တောင် အကျပ်အတည်း ကြုံနေရတာကို မြင်တော့... ဒီအခွင့်အရေးကို အသုံးချပြီး ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ဘဲ ထိုက်ယန်တောင်ကို သိမ်းပိုက်ချင်နေကြတာလေ"

"ပူးပေါင်းဆောင်ရွက်တယ်ဆိုတာက ကျားဆီက သားရေ သွားတောင်းသလိုမျိုး အလကားပါပဲ"

"အဲ့ဒီတော့ တပ်မမှူးကျန်း... ကျွန်တော့်ရှေ့မှာ ဟန်ဆောင်ပန်ဆောင်နဲ့ ဒီလိုစကားလုံးတွေ သုံးပြီး လေကုန်ခံမနေပါနဲ့"

"ကျွန်တော်က အရူးမဟုတ်ဘူး"

ကျန်းယွီကျန်း၏ အပြုံးက အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူက ကမ္ဘာပျက်ကပ် မတိုင်မီက အပြုအမူမျိုးနှင့်သာ ရင်းနှီးနေခဲ့သူ ဖြစ်သည်။

စကားပြောဆိုရာတွင် အမြဲတမ်း မျက်နှာထောက်ထားပြီး သွယ်ဝိုက်ပြောဆိုတတ်လေ့ရှိရာ ထိုသို့ဆိုလျှင် ဆွေးနွေးမှု မအောင်မြင်လျှင်တောင်မှ အနည်းဆုံးတော့ အချင်းချင်း မေတ္တာပျက်မည် မဟုတ်ပေ။

သို့သော် လင်းယွမ်က ဤမျှ ဒဲ့ဒိုးပြောဆိုလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

ခုနက သူပြောခဲ့သည့် ဆင်ခြေများက အမှန်တကယ်တော့ သူ့ဘက်က မှားယွင်းနေကြောင်းကို သူကိုယ်တိုင် မသိဘဲ နေမည်လား။

သေချာပေါက် သူ သိပါသည်။ သို့သော် သူတို့ဘက်အတွက် အကြောင်းပြချက် တစ်ခုရရန် သေချာပေါက် ဆင်ခြေပေးရမည်ပင် ဖြစ်သည်။

ထိုသို့မဟုတ်လျှင် နောက်ပိုင်း ဆက်လက်ဆွေးနွေးရန် ဘယ်လိုဖြစ်နိုင်မည်နည်း။

သို့သော် လင်းယွမ်က မျက်နှာပူစရာများကို ဂရုမစိုက်ဘဲ သူတို့၏ ရည်ရွယ်ချက်များကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပစ်လိုက်သည်။

ဤအချက်က ကျန်းယွီကျန်းကို အလွန် အနေရခက်စေပြီး စော်ကားခံလိုက်ရသလို ခံစားသွားရစေသည်။

ဘေးနားရှိ ဖုန်းကျန့်ကုန်းနှင့် ကျန်းဝမ်ကျင်းတို့သည်လည်း ချက်ချင်း ဒေါသထွက်သွားကြသည်။

ဖုန်းကျန့်ကုန်းက ချက်ချင်း အော်ဟစ်လိုက်သည်။ "ဟေ့ကောင်... မင်း စကားပြောတာကို ဆင်ခြင်စမ်း"

ကျန်းဝမ်ကျင်းကလည်း အော်ပြောလိုက်သည်။ "ကိုလင်းယွမ်... ရှင် တကယ် သေချာဆွေးနွေးချင်တယ်ဆိုရင် စကားအသုံးအနှုန်းကို ဆင်ခြင်ပါ"

လင်းယွမ်က ဟားတိုက် ရယ်မောလိုက်သည်။ "ကျလည်းကျတဲ့ကောင်တွေ... ငါတော့ တကယ် အံ့သြပါရဲ့... တကယ်တမ်း ဆွေးနွေးချင်တာက မင်းတို့လား... ငါလားကွ"

"မင်းတို့ တကယ် ဆွေးနွေးချင်ရင်... သောက်ပေါလိုလေကုန်ခံပြီး... ငါ့ရှေ့ လာ ကွေ့ဝိုက်မနေနဲ့"

"အခု အခြေအနေက မျက်စိရှေ့မှာတင် အထင်အရှားပဲ... ယွမ်ရှီကျဲနဲ့ ဘာသာရေးဂိုဏ်းကြီး သုံးခု ပူးပေါင်းပြီး ထိုက်ယန်တောင်ကို ဒုက္ခပေးချင်နေကြတာ"

"ငါက တစ်ကိုယ်တော် ဝင်တိုက်ပြီး သူတို့ကို သတ်ပစ်ခဲ့တာ... အခု ငါက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေယူတော့မှာ"

"မင်းတို့ အခုမှ ထွက်လာတာ ဘာသဘောလဲ... လာစမ်းပါ... သေသေချာချာ ရှင်းပြစမ်း... မင်းတို့ ပြောရမှာ ရှက်နေရင်... ငါပဲ ပြောပေးမယ်"

"မင်းတို့က အချောင်ဝင်နှိုက်ချင်တာ မဟုတ်လား"

ထိုစကားကြောင့် နေရာတွင် ရှိနေသူ အားလုံး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြသည်။

ဒါက သူတို့ ရင်ထဲမှာ တွေးထားသည့်အတိုင်း အမှန်တကယ် ဖြစ်နေသော်လည်း... ဤမျှ ပွင့်ပွင့်လင်းလင်းကြီး ထုတ်ပြောလိုက်သည်ကတော့ အတော်လေး ရုပ်ပျက်ဆင်းပျက် နိုင်လှသည်။

ကျန်းယွီကျန်းက ပါးစပ်ဟလိုက်ပြီး "ကိုလင်းယွမ်... ခင်ဗျား အထင်လွဲနေပါပြီ... ကျွန်တော်တို့က အဲ့ဒီလို သဘောမျိုး မဟုတ်..."

"ဟားဟားဟား... ကောင်းပြီလေ... ဒါဆို ပြောစမ်းပါ... ခင်ဗျားတို့ တကယ်တမ်း ဘာလိုချင်တာလဲ" လင်းယွမ်က သူ့စကားကို ချက်ချင်း ဖြတ်ပြောကာ အေးစက်စက် ရယ်မောလျက် မေးလိုက်သည်။

ကျန်းယွီကျန်းမှာ သက်ပြင်းချလိုက်မိပြီး ဤလူနှင့် စကားဆက်ပြော၍ မရတော့သလို ခံစားလိုက်ရသည်။

သူက ကျန်းဝမ်ကျင်းကို တစ်ချက် ကြည့်လိုက်သည်။

ကျန်းဝမ်ကျင်းက သဘောပေါက်သွားပြီး ချက်ချင်း ဝင်ပြောလိုက်သည်။ "ကိုလင်းယွမ်... ဘာသာရေးဂိုဏ်းကြီး သုံးခုကို ခဏထားလိုက်ဦး... ဒီ ချန်ချုံးတောင်က အစကတည်းက ကျွန်မတို့ စစ်တပ်ရဲ့ စစ်အခြေစိုက်စခန်းပါ... ရှင် ဒါကို ထိလို့မရဘူး"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အော်... ပြောရရင်တော့ ခင်ဗျားတို့က ဒီ ချန်ချုံးတောင်ကို လိုချင်တာပေါ့ ဟုတ်လား"

"တခြားရော ရှိသေးလား... ရေပေါ်ကျွန်းတွေကိုရော မလိုချင်ဘူးလား... မီယွမ်မိုးသစ်တောနဲ့ မြေဝါနတ်ဘုရားကျွန်း ကိုရော လိုချင်သေးလား"

"မီသွေ့တောင်... တိန့်ကုန်းတောင်နဲ့ ချန်ဖူတောင်တို့ကိုရော ခင်ဗျားတို့ အချောင်နှိုက်ချင်သေးလား"

သူတို့သုံးယောက်မှာ လင်းယွမ်၏ စကားများကြောင့် ချက်ချင်းပင် ပြောစရာ စကားမဲ့သွားကြသည်။

ဘာသာရေးဂိုဏ်းကြီး သုံးခု၏ ပိုင်ဆိုင်မှုများကို သူတို့လည်း သေချာပေါက် လိုချင်ကြသည်ပင်။

သို့သော် လင်းယွမ်က ဤမျှ ပွင့်ပွင့်လင်းလင်းကြီး ပြောလာသဖြင့် သူတို့မှာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားကာ အကြောင်းပြချက်ပင် စဉ်းစားမထားမိချေ။

အမှန်တကယ်တော့ လင်းယွမ်မှာ အလွန် အစွမ်းထက်လွန်းလှပြီး တစ်ယောက်တည်းနှင့် ဘာသာရေးဂိုဏ်းကြီး သုံးခုနှင့် ယွမ်ရှီကျဲတို့ကို တိုက်ရိုက် ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့မှာ ကြိုတင်ပြင်ဆင်ချိန် အနည်းငယ်မျှပင် မရခဲ့ကြပေ။

ကျန်းဝမ်ကျင်းက မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "ရှင်က ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဇုန်သစ်မှာ နေနေတာကို... ဘာလို့ ကွမ်ဖူက နယ်မြေတွေကို လိုချင်နေရတာလဲ"

လင်းယွမ်က အေးစက်စက် ရယ်မောလိုက်သည်။ "ဘာတွေလာ ပြောနေတာလဲ... အခုက ရေလွှမ်းမိုးတဲ့ ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေပြီလေ... မြေယာ သယံဇာတက အဖိုးတန်ဆုံး သယံဇာတပဲ"

"လူသားတွေ ရှင်သန်ဖို့အတွက် မြေကြီးနဲ့ ကင်းကွာလို့ မရဘူး... ငါကတော့ သေချာပေါက် လိုချင်တာပေါ့"

"ငါက ထိုက်ယန်တောင်မှာ နေမလား... ကွမ်ဖူမှာ နေမလားဆိုတာကတော့ မကျန်း စိတ်ပူနေစရာ မလိုပါဘူး... ငါ နောက်ပိုင်း ဒီကို ပြောင်းလာရင် ရပြီ မဟုတ်ဘူးလား"

ကျန်းဝမ်ကျင်း စကားမပြောနိုင်တော့ပေ။

ဘေးနားရှိ ဖုန်းကျန့်ကုန်းက အေးစက်သော လေသံဖြင့် "လင်းယွမ်... ချန်ဖူတောင်၊ တိန့်ကုန်းတောင်၊ မီသွေ့တောင်ဆိုတဲ့ ဒီတောင်တွေက အစကတည်းက နိုင်ငံတော်ရဲ့ မြေတွေပဲ... အားလုံးက နိုင်ငံတော်ပိုင်ဆိုင်တာ... မင်းက ဘာအရည်အချင်းနဲ့ သိမ်းပိုက်မှာလဲ"

လင်းယွမ်မှာ စကားမပြောနိုင်ဖြစ်သွားပြီး တိုက်ရိုက် မေးလိုက်သည်။ "ဖုန်းကျန့်ကုန်း... မင်း ငါ့ကို တကယ်ပဲ ငတုံးလို့ ထင်နေတာလား... အခုက ဘယ်အချိန် ရောက်နေပြီလဲ"

"ကမ္ဘာပျက်နေပြီ... ရေလွှမ်းမိုးမှုကြီးလေ... တစ်ကမ္ဘာလုံး ရေလွှမ်းမိုးခံရတော့မယ့် အချိန်မှာ မင်းက ငါ့ကို မြေယာပိုင်ဆိုင်ခွင့်အကြောင်း လာပြောနေတာလား"

"နောက်ပြီးတော့... မင်းတို့က အခု နိုင်ငံတော်ကို ကိုယ်စားပြုနိုင်သေးလို့လား"

"မင်းတို့က တကယ့်ကောင်တွေပဲ... ဘာသာရေးဂိုဏ်းကြီး သုံးခုက ဒီတောင်တွေကို သိမ်းပိုက်ထားတုန်းကကျတော့... မင်းတို့ ဘယ်နားသွားသေနေလဲ... ဘာလို့သူတို့ကို ဒီလိုစကားတွေ သွားမပြောတာလဲ"

"သူတို့က မင်းတို့ကို ဂရုစိုက်မလားဆိုတာ ကြည့်လိုက်လေ"

"ဟမ် ခွေးသားလေး... မင်းက ငါ့ကို အနိုင်ကျင့်လို့ လွယ်မယ် ထင်နေတာလား"

လင်းယွမ်မှာ ပြောလေ ဒေါသထွက်လေ ဖြစ်လာပြီး ကြမ်းတမ်းသော စကားများကို တိုက်ရိုက် ထုတ်ပြောလိုက်တော့သည်။

ဖုန်းကျန့်ကုန်းမှာ အဆဲခံလိုက်ရသဖြင့် နဖူးမှ သွေးကြောများ ထောင်ထလာပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းကာ လင်းယွမ်နှင့် ချက်ချင်း ထပ်မံ တိုက်ခိုက်ချင်စိတ်များ ပေါက်လာသည်။

ကျန်းယွီကျန်းက လက်လှမ်းကာ ဖုန်းကျန့်ကုန်းကို တားဆီးလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "ကိုလင်းယွမ်... ခင်ဗျားက ဒီလောက်အထိ ပြောလာမှတော့... ကျွန်တော်တို့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့"

"အခု ကျွန်တော်တို့က ထာဝရချောက်နက်ကြီးကို စောင့်ကြပ်ရတဲ့အတွက် လူတွေ အများကြီး အသက်ပေးခဲ့ရတယ်... ဒါကြောင့် ကျွန်တော်တို့မှာ လူအင်အား၊ ရိက္ခာပစ္စည်းတွေနဲ့ အရန်အင်အားတွေ အများကြီး လိုအပ်နေတယ်"

"ချန်ချုံးတောင် တစ်နေရာတည်းကိုပဲ အားကိုးနေလို့တော့ လုံလောက်တော့မှာ မဟုတ်ဘူး"

"ဘာသာရေးဂိုဏ်းကြီး သုံးခု ပျက်စီးသွားပြီဆိုတော့ အဲ့ဒီက ပြည်သူတွေကိုလည်း နေရာချထားပေးဖို့ လိုသေးတယ်... ခင်ဗျားတို့ ထိုက်ယန်တောင်က ဒီလောက်များပြားတဲ့ လူဦးရေကို လက်ခံနိုင်မှာတဲ့လား"

လင်းယွမ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "နိုင်တာပေါ့... ကျွန်တော်တို့ဆီမှာ အပေါဆုံးက စားစရာနဲ့ နေရာပဲ"

ကျန်းယွီကျန်းမှာ ချက်ချင်း ဆွံ့အသွားပြီး ခါးသီးစွာ ရယ်မောလိုက်ကာ "လင်းယွမ်... ပွင့်ပွင့်လင်းလင်း ပြောရရင်... ဘာသာရေးဂိုဏ်းကြီး သုံးခုက လူတွေကို ခင်ဗျား အကုန်ခေါ်သွားလို့ မရဘူး... တခြား တောင်သုံးလုံးထဲကလည်း အနည်းဆုံး တစ်လုံးလောက်တော့ ကျွန်တော်တို့အတွက် ချန်ထားပေးရမယ်"

လင်းယွမ်ကတော့ ချိုးငှက်အုပ်စု စစ်တပ်မှာ ဤအရာများအတွက် ရောက်လာခြင်း ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။

ခုနက အပိုစကားတွေ အများကြီး ပြောနေခဲ့ပြီး အခုတော့ နောက်ဆုံးမှာ သူတို့ရဲ့ အစွယ်ကို ထုတ်ပြလာလေပြီ။

လင်းယွမ်၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေသည်။ အမှန်အတိုင်း ပြောရလျှင် လက်ရှိအနေအထားအရ သူက ဤမျှများပြားသော တောင်များနှင့် ရေပေါ်ကျွန်းများကို သိမ်းပိုက်ထားသော်လည်း အားလုံးကို ထိန်းသိမ်းစောင့်ရှောက်ထားရန် အမှန်တကယ် ခက်ခဲပေသည်။

အကယ်၍ တကယ်တမ်း တိုက်ပွဲဖြစ်လာပါက ကွမ်ဖူစစ်တပ်သည် ဤနေရာများနှင့် အလွန် နီးကပ်နေသဖြင့် ထိုက်ယန်တောင်မှ ခရီးရှည်ကြီး လာရောက် တိုက်ခိုက်ရသည်ထက် ပို၍ အဆင်ပြေပေမည်။

သို့သော် ဤအတိုင်း ချိုးငှက်အုပ်စု စစ်တပ်ကို ပေးလိုက်ရမည်ဆိုလျှင်လည်း သူ ကျေနပ်မည် မဟုတ်ပေ။

သေချာသည်မှာ... ဤနေရာတွင် ထည့်သွင်းစဉ်းစားရမည့် နောက်တစ်ချက် ရှိသေးသည်။ မြေမိခင်ဂိုဏ်း၏ အထက်တန်း ခေါင်းဆောင်များဖြစ်ကြသော ရှီလျန်ဟိုင်နှင့် ကွမ်မောက်ချိုင်တို့မှာ မသေသေးပေ။

ထိုသူများက အစွမ်းထက်သူများကို ခေါ်ဆောင်ကာ စောစောကတည်းက ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်ရာ ဘယ်အချိန် ပြန်လာပြီး ချောင်းမြောင်းတိုက်ခိုက်မည်ကို မည်သူမျှ မပြောနိုင်ပေ။

ထိုက်ယန်တောင်မှ လူများ၏ စွမ်းအားဖြင့်ဆိုလျှင် ဤနေရာများကို ကာကွယ်စောင့်ရှောက်ရန် အမှန်တကယ် ခက်ခဲလှသည်။

စဉ်းစားပြီးနောက် လင်းယွမ်က မေးလိုက်သည်။ "ဟက်... ခင်ဗျားတို့ အပြောကတော့ မသေးဘူးပဲ... တောင်သုံးလုံးစလုံးကို ကျွန်တော် တစ်ယောက်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာ... ဘာသာရေးဂိုဏ်းကြီး သုံးခုကို ခင်ဗျားတို့ ဒီလောက်ကြာတဲ့အထိ မချေမှုန်းနိုင်ခဲ့တာကိုလည်း ကျွန်တော် တစ်ယောက်တည်း ရှင်းလင်းပေးခဲ့တာလေ"

"အခု ခင်ဗျားတို့က ဘာမှလည်း ပေးဆပ်စရာမလိုဘဲ ကျွန်တော့်ဆီကနေ ဒီလောက်များတဲ့ နေရာတွေနဲ့ လူအင်အားတွေကို လာတောင်းရဲတယ်ပေါ့"

"ကျွန်တော် မေးချင်တာက... ခင်ဗျားတို့က ဘာကို အားကိုးပြီး ဒီလိုပြောရဲတာလဲ"

ကျန်းယွီကျန်း မျက်မှောင်ကြုတ်သွားပြီး ဖုန်းကျန့်ကုန်းမှာ အလွန် ဒေါသထွက်သွားသည်။

ကျန်းဝမ်ကျင်းသည်လည်း လင်းယွမ်ကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေလေတော့သည်။

ဆက်ရန်...

အပိုင်း (၅၉၈) စေ့စပ်ဆွေးနွေးခြင်း

လင်းယွမ်က ကျန်းဝမ်ကျင်းနှင့် ဖုန်းကျန့်ကုန်းတို့၏ ဒေါသကို ခံစားသိရှိနေသည်။

သို့သော် သူက မထီမဲ့မြင် ပြုံးလိုက်ရုံသာဖြစ်ပြီး အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိပေ။

နောက်ဆုံးတွင် ကျန်းယွီကျန်းက စကားစလိုက်သည်။ "လင်းယွမ်... ကျွန်တော်တို့အားလုံးက နိုင်ငံသားတွေချည်းပါပဲ... လက်ရှိ အချိန်မှာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ရန်သူက သန္ဓေပြောင်း သတ္တဝါတွေပဲလေ"

"ကျွန်တော်တို့တွေ သူသေကိုယ်သေ အထိ ဖြစ်ဖို့ မလိုဘူးလို့ ထင်ပါတယ်... ကျွန်တော်တို့အားလုံးမှာ တူညီတဲ့ ရန်သူရှိနေတော့ မဟာမိတ်ဖွဲ့နိုင်တဲ့ အခြေခံ အကြောင်းရင်း ရှိနေတာပဲ"

"ကျွန်တော်တို့ ပြန်ပြီး မဟာမိတ်ဖွဲ့လို့ ရနိုင်မယ်လို့ ထင်တယ်"

လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "ဟုတ်လား... ကျွန်တော့်ဘက်က ချန်ဖူတောင်၊ မီသွေ့တောင်နဲ့ တိန့်ကုန်းတောင်တို့ကို အလဲအလှယ်လုပ်ပြီး ခင်ဗျားတို့နဲ့ မဟာမိတ်ဖွဲ့ရမယ်ပေါ့"

ကျန်းယွီကျန်းက ခေါင်းခါလိုက်သည်။ "ဒီလိုတော့ဘယ်ဟုတ်မှာလဲ... တကယ်လို့ အဲ့ဒီလိုသာဆိုရင် ခင်ဗျားလည်း သဘောတူနိုင်မှာ မဟုတ်ဘူးလေ"

"ဒီလိုပါ... ချန်ဖူတောင်၊ မီသွေ့တောင်နဲ့ တိန့်ကုန်းတောင်တွေက ချန်ချုံးတောင်နဲ့ အရမ်း နီးကပ်လွန်းနေတယ်... ဒါကြောင့် ဒီတောင်သုံးလုံးကို ကျွန်တော်တို့ မဖြစ်မနေ ရယူဖို့ ကြိုးစားရမှာပဲ"

"ဒါပေမဲ့ ဒီတောင်သုံးလုံးကို အလကားသက်သက် လက်လွှတ်ပေးဖို့ ကျွန်တော်တို့ မတောင်းဆိုပါဘူး... အဲ့ဒီအတွက် ထိုက်ယန်တောင်ကို သင့်လျော်တဲ့ လျော်ကြေး ပြန်ပေးပါ့မယ်"

ထိုစကားကို ကြားသောအခါ လင်းယွမ် မျက်မှောင်ပင့်သွားပြီး မေးလိုက်သည်။ "ဘာလျော်ကြေးလဲ"

ကျန်းယွီကျန်းက ပြုံး၍ ဖြေသည်။ "ကျွန်တော်တို့ရဲ့ စစ်တပ် နည်းပညာ သိုလှောင်ရုံကို ဖွင့်ပေးနိုင်ပါတယ်... ဒီနှစ်တွေအတွင်း အစွမ်းတွေနဲ့ ပတ်သက်ပြီး သုတေသနပြုထားတဲ့ ရလဒ်တွေရယ်၊ ဆက်စပ်နေတဲ့ အစွမ်းသုံး လက်နက်တွေကိုပါ အလဲအလှယ်အနေနဲ့ ထုတ်ပေးပါ့မယ်"

"တပ်မမှူး... ဘယ်လိုလုပ် ဒီလိုပေးလို့ ဖြစ်မှာလဲ" ဘေးနားရှိ ဖုန်းကျန့်ကုန်း၏ မျက်နှာ ချက်ချင်း ပျက်သွားပြီး ဝင်ရောက် တားဆီးလိုက်သည်။

သို့သော် ကျန်းယွီကျန်းက လက်ကာပြလိုက်ပြီး ဆက်မပြောရန် အချက်ပြလိုက်သည်။

ဘေးရှိ ကျန်းဝမ်ကျင်းမှာလည်း အလွန်အမင်း စိုးရိမ်ပူပန်နေပြီး တစ်စုံတစ်ရာ ပြောလိုသော်လည်း နောက်ဆုံးတွင် ပါးစပ်ပိတ်သွားခဲ့သည်။ သို့တိုင် သူမ၏ မျက်လုံးများကမူ လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်နေဆဲပင်။

အချိန်မရွေး လူကို ဝါးစားတော့မည့်ဟန် ပေါက်နေသည်။

သို့သော် လင်းယွမ်ကမူ များစွာ စိတ်လှုပ်ရှားခြင်း သို့မဟုတ် ပျော်ရွှင်သွားခြင်း မရှိပေ။

သူက အေးစက်စက် အသံဖြင့် မေးလိုက်သည်။ "အော်... တောင်ကြီးသုံးလုံးရဲ့ အရင်းအမြစ်တွေနဲ့ တန်တဲ့ ဘယ်လို အစွမ်း နည်းပညာမျိုး ခင်ဗျားတို့ဆီမှာ ရှိနေလဲဆိုတာ မသိရသေးဘူးနော်"

ကျန်းယွီကျန်းက အင်္ကျီရင်ဘတ်ထဲမှ စာရွက်စာတမ်း အချို့ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး "ဒီထဲမှာ ကပ်ဘေး စဖြစ်ကတည်းက ကျွန်တော်တို့ တီထွင်ထားတဲ့ အစွမ်း နည်းပညာတွေ အားလုံး မှတ်တမ်းတင်ထားတယ်... တန်၊ မတန် ခင်ဗျား ကြည့်နိုင်ပါတယ်"

လင်းယွမ်လည်း အားနာမနေဘဲ လက်လှမ်း၍ ဆွဲယူလိုက်ရာ ထိုစာရွက်များက သူ့ထံသို့ အလိုအလျောက် လွင့်ပျံလာတော့သည်။

"ရွှပ်"

လေက စာရွက်များကို ဖြတ်တိုက်သွားပြီး တရွှပ်ရွှပ် အသံများ ထွက်ပေါ်လာသည်။

စာရွက်များပေါ်တွင် စာသားများနှင့် ပုံကြမ်းများစွာ ပါဝင်နေသည်။

လင်းယွမ်က အလျင်အမြန် လှန်လှောကြည့်ရှုလိုက်ရာ သူ၏ မျက်လုံးများ အရောင်လက်သွားသည်။

ထိုမှတ်တမ်းများထဲတွင် အစွမ်းနည်းပညာ အသုံးချမှုများနှင့် သင်္ကေတပညာ အသုံးချမှု အမြောက်အမြားကို မှတ်တမ်းတင်ထားသည်။

သင်္ကေတ ပေါင်းစပ်အစီအရင်များပင် ပါဝင်ပြီး အမျိုးအစား အလွန်စုံလင်လှရာ ထိုက်ယန်တောင် သုတေသနဌာနမှ ရှာဖွေတွေ့ရှိထားသော ပရောဂျက်များထက် များစွာ ပိုမိုများပြားလှသည်။

နည်းပညာ အချို့ဆိုလျှင် ဧရာမ စစ်ပွဲသုံး စက်ယန္တရားများနှင့်ပင် သက်ဆိုင်နေသည်။

လင်းယွမ်က ခဏတာ စဉ်းစားလိုက်ပြီးနောက် "ကျွန်တော် လက်တွေ့ပစ္စည်းတွေကို မြင်ချင်တယ်" ဟု ပြောလိုက်သည်။

ကျန်းယွီကျန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ဒါကတော့ ဖြစ်သင့်ပါတယ်"

လင်းယွမ်က လက်ထဲရှိ မှတ်တမ်းများကို သိမ်းဆည်းလိုက်ပြီး သူတို့သုံးဦးကို တစ်ချက် ဝေ့ကြည့်ကာ ပြောလိုက်သည်။ "လူဦးရေ အရင်းအမြစ်ရဲ့ သုံးပုံတစ်ပုံကို ခင်ဗျားတို့ကို ခွဲပေးနိုင်တယ်... တောင်သုံးလုံးရဲ့ ပိုင်ဆိုင်ခွင့်ကိုတော့ ပေးလို့မရဘူး... ဒါပေမဲ့ အငှားချတဲ့ ပုံစံမျိုးနဲ့ ခင်ဗျားတို့ကို ငှားလို့တော့ ရတယ်"

ကျန်းယွီကျန်း ချက်ချင်း ကြောင်အမ်းသွားပြီး အံ့သြတကြီးဖြင့် "အငှားချမယ်..."

"လင်း ဆိုတဲ့လူ... ရှင် ဘာသဘောလဲ" ကျန်းဝမ်ကျင်းလည်း မနေနိုင်တော့ဘဲ ဒေါသတကြီး ဝင်ရောက် မေးခွန်းထုတ်လိုက်သည်။

လင်းယွမ်က အေးအေးဆေးဆေးပင် "ချန်ဖူတောင်၊ မီသွေ့တောင်နဲ့ တိန့်ကုန်းတောင်ကို ခင်ဗျားတို့ သုံးခွင့်ပေးမယ်... ဒါပေမဲ့ ပိုင်ဆိုင်ခွင့်တော့ မပေးနိုင်ဘူး"

"ကျွန်းပေါ်မှာရှိတဲ့ တွင်းထွက် သယံဇာတတွေ၊ မြေယာ အရင်းအမြစ်တွေ၊ အပင်နဲ့ တိရစ္ဆာန် အရင်းအမြစ်တွေ အားလုံးက ကျွန်တော့်ပိုင်ဆိုင်မှု အောက်မှာပဲ ဆက်ရှိနေရမယ်"

"ဒါဆိုရင် ကျွန်မတို့က ဒီကျွန်းသုံးလုံးကို ဘာလုပ်ရမှာလဲ" ကျန်းဝမ်ကျင်းက ဒေါသတကြီး ပြောလိုက်သည်။

"ခင်ဗျားတို့ မွေးမြူရေး လုပ်လို့ရတယ်... စိုက်ပျိုးရေး လုပ်လို့ရတယ်... လူတွေကို နေရာချထားပေးလို့ ရတာပေါ့"

"ခင်ဗျားတို့က ထောက်ပံ့ရေး အရင်းအမြစ်တွေ လိုအပ်နေတာ မဟုတ်ဘူးလား... လူလည်း သုံးပုံတစ်ပုံ ခွဲပေးပြီ... မြေယာ အရင်းအမြစ်လည်း ပေးထားပြီလေ... ဒါတွေက မလုံလောက်သေးဘူးလား"

"ရှင်..." ကျန်းဝမ်ကျင်း အကြီးအကျယ် ဒေါသထွက်သွားသည်။

သို့သော် ကျန်းယွီကျန်းက သူမ၏ ပခုံးကို ပုတ်လိုက်ပြီး ဆက်မပြောရန် တားဆီးလိုက်သည်။

ထို့နောက် သူက လင်းယွမ်ဘက်သို့ လှည့်ကာ "ရပါတယ်... ဒါပေမဲ့ ထိုက်ယန်တောင်ရဲ့ နယ်မြေထဲမှာရှိတဲ့ ရေပေါ်ကျွန်းတွေ အားလုံးက မျိုးရိုးဗီဇမျိုးစေ့ အရင်းအမြစ်တွေကို ဖွင့်ပေးဖို့ လိုတယ်"

"စိတ်ချပါ... သွေးသလင်းကျောက်တွေကို ကျွန်တော်တို့ အလကား မယူပါဘူး... ထိုက်ယန်တောင်က လူတွေ သွေးသလင်းကျောက် လဲလှယ်ဖို့ ဘာတွေ ပေးဆပ်ရလဲ... ကျွန်တော်တို့လည်း အဲ့ဒီအတိုင်း ပေးဆပ်ပါ့မယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ အနည်းငယ် တွေးတောလိုက်ပြီးနောက် ခေါင်းညိတ် သဘောတူလိုက်သည်။

"ရတယ်"

လင်းယွမ်အတွက်တော့ မျိုးရိုးဗီဇမျိုးစေ့ အရင်းအမြစ်များကို လူတိုင်းက အမှတ်များဖြင့် လဲလှယ်ယူရမည် ဖြစ်သည်။

အမှတ်များ လဲလှယ်ရမည့် စည်းကမ်းမှာ သန္ဓေပြောင်း သတ္တဝါများဖြင့် လာရောက် လဲလှယ်ရခြင်း ဖြစ်ရာ သူ့ကိုယ်ပိုင် အမှတ်များလည်း လျင်မြန်စွာ မြင့်တက်လာစေမည် ဖြစ်သည်။

မည်သူက လာရောက် လဲလှယ်သည်ဖြစ်စေ သူ့အတွက် ကိစ္စမရှိပေ။

ဒါပေါ့... တူညီသော အခြေအနေမျိုးတွင် လင်းယွမ်က ထိုက်ယန်တောင်မှ လူများကို သေချာပေါက် ဦးစားပေး စဉ်းစားပေးမည်သာ ဖြစ်သည်။

ထို့နောက် နှစ်ဖက်စလုံးက အသေးစိတ် အချက်အလက်များစွာကို ဆက်လက် ဆွေးနွေးကြသည်။

လင်းယွမ်နှင့် ကျန်းယွီကျန်းတို့ သုံးဦးသည် ကိုယ်စီ အကျိုးအကြောင်းများ ပြသ၍ ငြင်းခုံကြပြီး မိမိတို့ သိမ်းပိုက်ရရှိထားသော အကျိုးအမြတ်များကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ရန် ကြိုးစားကြသည်။

အမှန်တကယ်တွင် ဤတစ်ကြိမ်၌ လင်းယွမ်သာ ရုတ်တရက် ဝင်မပါခဲ့လျှင် ကျန်းယွီကျန်းတို့ ချိုးငှက်အဖွဲ့ကလည်း လက်ဦးမှု ရယူကြမည်သာ ဖြစ်သည်။

သို့သော် တကယ်လို့ သူတို့သာ ဝင်ပါခဲ့လျှင် လင်းယွမ်ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းဖြင့် ယွမ်ရှီကျဲ တို့ကို တိုက်ရိုက် သတ်ဖြတ်ပစ်မည် မဟုတ်ပေ။

ကျန်းယွီကျန်းတို့၏ လုပ်ဟန်မှာ အနည်းငယ် သိမ်မွေ့ပြီး အရှုံးပေးရန် ဖျောင်းဖျခြင်းကို အဓိကထား လုပ်ဆောင်လေ့ ရှိသည်။

ထိုသို့ဆိုလျှင် ထိုအချိန်က ရရှိမည့် အကျိုးအမြတ်များမှာ ယခု လင်းယွမ် ရရှိထားသည်လောက် သေချာပေါက် များပြားမည် မဟုတ်ပေ။

ယခုအခါ လင်းယွမ်က အကျိုးအမြတ်များစွာကို ရယူသွားပြီဖြစ်ရာ သူတို့လည်း အမှန်တကယ် ငြိမ်မနေနိုင်တော့ဘဲ မျက်နှာပြောင်တိုက်ကာ လင်းယွမ်နှင့် လာရောက် စေ့စပ်ရခြင်း ဖြစ်သည်။

နှစ်ဖက်စလုံး ဆွေးနွေးတိုင်ပင်ပြီးနောက် အချင်းချင်းကြားရှိ တင်းမာမှုများ ချက်ချင်း ပြေလျော့သွားကြသည်။

မဟာမိတ်ဖွဲ့မည့် အစီအစဉ် ထွက်ပေါ်လာပြီးနောက် အချင်းချင်း ပစ်မှတ်ထားခြင်း မရှိကြတော့ပေ။

သို့သော် လင်းယွမ်ကမူ ချိုးငှက် အဖွဲ့အပေါ် အမှန်တကယ် သဘောကျခြင်း မရှိပေ။

ထိုသုံးဦး၏ စွမ်းဆောင်ရည်က ညံ့ဖျင်းမနေဘဲ အထူးသဖြင့် ဖုန်းကျန့်ကုန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်မဟုတ်သောကြောင့်သာ လင်းယွမ်သည် တိမ်မြူကျွန်းပေါ်အထိ တစ်ဟုန်ထိုး သွားရောက်ကာ ထာဝရချောက်နက် ဆိုသည်ကို သွားမကြည့်ဖြစ်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်းယွီကျန်းက စကားစလိုက်သည်။ "ကိုလင်းယွမ်... ခင်ဗျားအနေနဲ့ ထာဝရချောက်နက်ကို စိတ်ဝင်စားတယ်ဆိုရင် သွားကြည့်လို့ ရပါတယ်"

"ထိုက်ယန်တောင်က လူတွေ ထာဝရချောက်နက်ကို သွားပြီး အမဲလိုက်တာကိုလည်း ကျွန်တော် အရမ်း ကြိုဆိုပါတယ်"

"ထာဝရချောက်နက်ကနေတစ်ဆင့် အစွမ်းထက်တဲ့ သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ရောက်လာတတ်တယ်... ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ပြန်တိုက်ထုတ်နိုင်ခဲ့ပြီး ချောက်နက် လမ်းကြောင်းကိုလည်း အကြိမ်ကြိမ် ပြန်လည် ပြုပြင်နိုင်ခဲ့တယ်"

"ဒါပေမဲ့ လတိုင်းလတိုင်း အဲ့ဒီ သန္ဓေပြောင်း သတ္တဝါတွေက လမ်းကြောင်းကို ပြန်ပြန် ဆွဲဖြဲနေကြတာပဲ"

"လောလောဆယ် ဆင်းလာနိုင်တာတွေကတော့ အစွမ်း နိမ့်ကျပြီး စောစောစီးစီး နိုးထလာတဲ့ ကပ်ပါး သန္ဓေပြောင်း သတ္တဝါတွေချည်းပါပဲ"

"မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေဆိုရင် ရင်ဆိုင်နိုင်ပါတယ်"

"ဒါပေမဲ့ အရေအတွက်ကတော့ နည်းနည်းနောနော မဟုတ်ဘူး"

လင်းယွမ် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

အရေအတွက် မနည်းလှတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ဟုတ်လား...

ဒီအခွင့်အရေးကိုသာ ဆုပ်ကိုင်ပြီး တစ်သုတ်လောက် ရှင်းလင်းပစ်နိုင်ရင် ဒီရေလှိုင်းကြီးလိုမျိုး အမှတ်တွေ အများကြီး တက်လာမှာ မဟုတ်ဘူးလား။

ယခုအခါ ထိုက်ယန်တောင်၊ မိန်တောင်နှင့် လင်းယွင်တောင်စောင်း ကဲ့သို့သော တောင်ကုန်းများတွင် လူအရေအတွက် ပိုမိုများပြားလာပြီး အင်အားများလည်း ပိုမိုတောင့်တင်းလာသဖြင့် ဒီရေလှိုင်းများပင် ရောက်မလာတော့ပေ။

ယခင်က ဒီရေလှိုင်းများ ရောက်လာချိန်တိုင်း သန္ဓေပြောင်း သတ္တဝါ အမြောက်အမြားသည် ကမ်းစပ်ဆီသို့ ပြေးတက်လာတတ်ကြသည်။

ယခုမူ ဒီရေလှိုင်း ရောက်လာမည့် နံနက်ခင်းများတွင် ကင်းလှည့်အဖွဲ့ဝင် အများအပြားသည် ကမ်းစပ်တွင် တစ်ညလုံး စောင့်ဆိုင်းကာ ငါးဖမ်းနေကြပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူတို့အတွက်တော့ ဒါတွေအားလုံးက အမှတ်တွေချည်းသာ ဖြစ်သည်။

ဖမ်းမိပြီး သားသတ်ရုံသို့ ပို့လိုက်သည်နှင့် အမှတ်များ ချက်ချင်း ဝင်လာမည် ဖြစ်သည်။

ဒါပေါ့... ယခုအခါ အပူချိန် ကျဆင်းလာပြီး ရေကြီးမှုများ အေးခဲသွားသဖြင့် ပင်လယ်ထဲရှိ သန္ဓေပြောင်း သတ္တဝါများသည်လည်း ကမ်းပေါ်သို့ တက်လာနိုင်ရန် အလွန် ခဲယဉ်းသွားပြီ ဖြစ်သည်။

ထို့ကြောင့် ဒီရေလှိုင်း ဆိုသည်မှာ ကျွန်းများအတွက် မရှိတော့သလောက် ဖြစ်နေပြီ။

ယခု ဤ ထာဝရချောက်နက် ဆိုသည်ကြီး ပေါ်လာခြင်းက အစွမ်းထက်ပြီး တိုက်ခိုက်ရေး ကျွမ်းကျင်သော အစွမ်းပိုင်ရှင် အချို့အတွက် အမှတ်များ ရှာဖွေနိုင်မည့် လမ်းကြောင်းတစ်ခု ဖြစ်လာသည်မှာ သေချာလှသည်။

လင်းယွမ်က စဉ်းစားလိုက်ပြီး "ဟုတ်ပြီ... ဒီသတင်းကို ကျွန်တော် ပြန်ရောက်ရင် အသိပေးလိုက်ပါ့မယ်"

"မဟာမိတ်ဖွဲ့ပြီးမှတော့ မြို့သစ်နဲ့ ကွမ်ဖူကြားက ကုန်သွယ်ရေး လမ်းကြောင်းကို ဖွင့်ပေးလို့ ရပါပြီ... အားလုံး အဝင်အထွက် ပိုလုပ်လို့ ရသွားတာပေါ့"

"ကျွန်တော်တို့တွေက လင်ကျောင်းမြို့ကချည်းပဲလေ... အချင်းချင်း စည်းစည်းလုံးလုံး ရှိသင့်တာပေါ့" ကျန်းယွီကျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

လင်းယွမ်က ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ခြင်း မပြုပေ။ ဤလူများ ပြောသော စကားကို သူ မယုံရဲပါ။

"ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ မီသွေ့တောင်ဘက်ကို ကျွန်တော် မသွားရသေးဘူး... ဝိညာဉ်စွမ်းအင်ဂိုဏ်းက ကျန်နေတဲ့သူတွေကို ခင်ဗျားတို့ဘာသာ သွားရှင်းလိုက်ကြတော့"

"ကျွန်တော် ဒီကနေ အရင်သွားနှင့်မယ်... နောက်ပိုင်းကျရင် မြေဝါနတ်ဘုရားကျွန်းနဲ့ မီယွမ်မိုးသစ်တောကျွန်းကို လွှဲယူဖို့ လူလွှတ်လိုက်မယ်"

"ခွင့်ပြုပါဦး"

"ဖြည်းဖြည်း သွားပါ"

နှစ်ဖက် နှုတ်ဆက်ပြီးနောက် လင်းယွမ်သည် ဆက်လက် ရပ်တန့်မနေတော့ဘဲ လေထဲသို့ ပျံတက်ကာ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

လျင်မြန်စွာ ပျောက်ကွယ်သွားသော သူ၏ ကျောပြင်ကို ကြည့်ရင်း ကျန်းဝမ်ကျင်းမှာ မနေနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်သည်။ "အဖေက ဘာလို့ သူ့ကို အကျိုးအမြတ်တွေ ဒီလောက် အများကြီး ပေးလိုက်ရတာလဲ... ဘာသာရေးဂိုဏ်းကြီး သုံးခုကို အစကတည်းက ကျွန်မတို့ ကိုယ်တိုင် ရှင်းလင်းဖို့ စီစဉ်ထားပြီးသားလေ"

"သူက အခု လက်ဦးသွားရုံလေးတင်ကို ရေပေါ်ကျွန်းတွေရော၊ တောင်သုံးလုံးရဲ့ အရင်းအမြစ်တွေပါ သူ့ဆီ ရောက်သွားပြီ... ကျွန်မတို့မှာက အငှားချတဲ့ အခွင့်အရေးလောက်ပဲ ရတယ်... ဒါ အရမ်း နစ်နာလွန်းတယ်"

ဖုန်းကျန့်ကုန်းသည်လည်း နားမလည်နိုင်ဖြစ်ကာ ကျန်းယွီကျန်းကို ကြည့်၍ မေးလိုက်သည်။ "ဆရာ... ဆရာက ဘယ်လို စဉ်းစားထားလို့လဲ"

ကျန်းယွီကျန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ "မင်းတို့တွေက အမြင်ကျဉ်းပြီး နယ်မြေ လုယက်တဲ့ အပေါ်မှာပဲ အာရုံရောက်နေကြတာ... လူသားတွေက အခုဆိုရင် အဲ့ဒီ သန္ဓေပြောင်း သတ္တဝါတွေထက် အများကြီး နောက်ကျကျန်နေခဲ့ပြီကွ"

"အပြင်က လူတွေက ငါတို့ကို ငြိမ်းချမ်းရေးလိုလားတဲ့ အဖွဲ့လို့ ပြောကြတယ်... ဘာလို့လဲ"

"ငါတို့ အလုပ်လုပ်တာက အရာအားလုံး အကျိုးအမြတ်အတွက် မဟုတ်လို့ပဲ... ငါတို့ရဲ့ ရှုထောင့်က လူသားတွေအတွက်၊ ကျန်ရစ်ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် ဖြစ်သင့်တယ်"

"ဟို လင်းယွမ်ရဲ့ လုပ်ဟန်က ကြမ်းတမ်းပြီး လက်စားချေတတ်ပေမဲ့ သူ ဘာသာရေးဂိုဏ်းကြီး သုံးခုကို ရှင်းလင်းခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်မှာ သာမန် အစွမ်းပိုင်ရှင်တွေကို ဒုက္ခမပေးဘူး... ဒါကို ကြည့်ရင် သူက လူသတ်ရတာကို ဝါသနာပါတဲ့သူ မဟုတ်ဘူးဆိုတာ သိသာတယ်"

"သူ့ရဲ့ ဒီလုပ်ရပ်က ငါတို့ စုံစမ်းထားတဲ့ သတင်းတွေနဲ့ သိပ်မကွာဘူး... သူက ယုံကြည်ရတဲ့ မဟာမိတ် တစ်ယောက်ပဲ"

"ငါတို့က စစ်တပ်နယ်မြေထဲမှာ ရှိနေပြီး အရင်းအမြစ် အမျိုးမျိုးနဲ့ လူအင်အား၊ ပစ္စည်းအင်အား အများကြီးကို သုတေသနထဲမှာ ထည့်သွင်းထားလို့ အခုလို အဆင့်ထိ လျင်မြန်စွာ တိုးတက်လာနိုင်ခဲ့တာ"

"ဒါပေမဲ့ သူ့ကို ကြည့်စမ်းပါဦး"

"သူက ရေကြီးတဲ့ ကပ်ဘေး မတိုင်ခင်က သာမန် ပြည်သူတစ်ယောက်ပဲ... ရေကြီးတဲ့ ကပ်ဘေး အစပိုင်း တစ်လျှောက်လုံးမှာလည်း တိုက်ခန်းထဲမှာ ပိတ်မိနေခဲ့တာ"

"အဲ့ဒီလို အစပြုခဲ့တာတောင်မှ ဒီလူက အခုချိန်ထိ တောက်လျှောက် တိုးတက်လာခဲ့ပြီး သူ့ရဲ့ လက်ရှိ စွမ်းဆောင်ရည်က ကျန့်ကုန်း... မင်းနဲ့တောင် သရေကျတဲ့အထိ ဖြစ်နေပြီ"

"မင်းတို့ထဲက တစ်ယောက်ယောက်သာ သူ့နေရာမှာ ရှိနေခဲ့မယ်ဆိုရင် ဒီလောက် လုပ်နိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြ"

ကျန်းယွီကျန်း၏ ထိုအမေးကြောင့် ကျန်းဝမ်ကျင်းနှင့် ဖုန်းကျန့်ကုန်းတို့ ချက်ချင်း တိတ်ဆိတ်သွားကြသည်။

သူတို့က ဤရှုထောင့်မှနေ၍ တစ်ခါမျှ စဉ်းစားခဲ့ဖူးခြင်း မရှိသည်မှာ သိသာထင်ရှားလှသည်။

ဖုန်းကျန့်ကုန်းက အသံကို နှိမ့်ကာ မေးလိုက်သည်။ "ဒါဆို ဆရာက သူ့ရဲ့ အလားအလာကို အထင်ကြီးသွားတာပေါ့"

ကျန်းယွီကျန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဒီလို လူမျိုးက အနာဂတ်မှာ အတိုင်းအဆမရှိ အောင်မြင်လာနိုင်တယ်... အခု သူ့ကို ပြဿနာသွားရှာရင် နောက်ပိုင်းကျ သူသေကိုယ်သေအခြေအနေမျိုး ဖြစ်ကုန်လိမ့်မယ်"

"ဒါ့အပြင် ကောင်းကင်ပေါ်က အခြေအနေကိုလည်း မင်းတို့ သိကြတဲ့အတိုင်းပဲ... အဲ့ဒီ ရေပေါ်ကျွန်းတွေပေါ်မှာ ငါတို့မသိနိုင်တဲ့ အရာတွေ အများကြီး ရှိနေတယ်"

"ဖေယွမ်ဟူက စိတ်ဝိညာဉ်ခွဲပြီး ကပ်ပါးပြုတဲ့ နည်းလမ်းနဲ့ မိုးကြိုးငှက်ထဲမှာ ဝင်ကပ်ပြီး ကောင်းကင်ယံကို ပျံတက် အခြေအနေကို စုံစမ်းခဲ့တာတောင်မှ ရေပေါ်ကျွန်းတွေရဲ့ အသေးစိတ်ကို အကုန်လုံး စုံစမ်းဖို့ဆိုတာ ခက်ခဲနေတုန်းပဲ"

"ဒါ့အပြင် ဖေယွမ်ဟူ ဆိုတဲ့လူက လူလည်ကြီးပဲ... သူ ပြောပြတဲ့ သတင်းအချက်အလက်တွေကို အကုန်လုံး ယုံကြည်လို့ မရနိုင်ဘူး"

ကျန်းဝမ်ကျင်းက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "အဖေ... ဖေယွမ်ဟူရဲ့ ရေနတ်ဘုရားဂိုဏ်းကြီး ဖျက်ဆီးခံလိုက်ရပြီး သူ့ရဲ့ စိတ်ဝိညာဉ်ခွဲကိုတောင် လင်းယွမ်က ဖမ်းသွားသေးတယ်... ဒီကိစ္စက အလွယ်တကူ ပြီးသွားမှာ မဟုတ်ဘူး... ဖေယွမ်ဟူက ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး"

ကျန်းယွီကျန်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ဒီကိစ္စကတော့ တကယ့်ကို ပြဿနာပဲ"

"ဒါပေမဲ့ ဒါက ငါတို့နဲ့ မသက်ဆိုင်ဘူး... ဖေယွမ်ဟူနဲ့ လင်းယွမ် ကြားက ရန်ငြိုးပဲလေ... ငါတို့က ဂရုစိုက်နေစရာ မလိုပါဘူး"

"ဒီအခွင့်အရေးကို အသုံးချပြီး လင်းယွမ်လက်နဲ့ ဖေယွမ်ဟူကို ပညာပေးခိုင်းလို့တောင် ရနိုင်သေးတယ်"

ဖုန်းကျန့်ကုန်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အလွန် သဘောတူသည့်ဟန်ဖြင့် "ကျွန်တော်တို့ စစ်တပ်နဲ့ ကင်းကွာသွားရင် သူ ဖေယွမ်ဟူဆိုတာ ဘာမှ မဟုတ်တော့ဘူးဆိုတာကို သူ့ကို သိအောင် လုပ်ရမယ်"

"ကဲပါ... ဒီကိစ္စတွေကို နောက်ပိုင်းကျရင် ငါပဲ စီစဉ်လိုက်မယ်... ကျန့်ကုန်း... မင်းက ထာဝရချောက်နက် လမ်းကြောင်းကို ဆက်ပြီး သွားစောင့်နေ... ဝမ်ကျင်း... ချန်ဖူတောင်၊ မီသွေ့တောင်နဲ့ တိန့်ကုန်းတောင် သုံးလုံးရဲ့ စီမံခန့်ခွဲမှုနဲ့ လူတွေ နေရာချထားရေး ကိစ္စတွေကို နင့်ကိုပဲ လွှဲပေးလိုက်ပြီ"

"နောက်ပိုင်းကျရင် ထိုက်ယန်တောင်က တောင်သုံးလုံးရဲ့ အခြေအနေကို စစ်ဆေးဖို့နဲ့ မီယွမ်မိုးသစ်တောကျွန်း၊ မြေဝါနတ်ဘုရားကျွန်း ရေပေါ်ကျွန်း နှစ်ကျွန်းကို လွှဲယူဖို့ သေချာပေါက် လူလွှတ်လိမ့်မယ်"

"သက်ဆိုင်ရာ အရည်အသွေး သွေးသလင်းကျောက်တွေကို အမြန်ဆုံး လဲလှယ်ပြီး မျိုးရိုးဗီဇမျိုးစေ့ တိုးတက်ရေး လမ်းကြောင်းကို ဖွင့်ပေးလိုက်... သာမန် အစွမ်းပိုင်ရှင်တွေ ပိုပြီး အလျင်အမြန် တိုးတက်လာစေဖို့ လုပ်ရမယ်"

"သိပါပြီ... " ကျန်းဝမ်ကျင်းက ချက်ချင်း ခေါင်းညိတ်၍ ပြောလိုက်သည်။

ဆက်ရန်...

All Chapters