အခန်း (၅၉၉-၆၀၀)
Vol. 30 Ch. 599-600
အပိုင်း (၅၉၉) ထိုက်ယန်တောင် ဒုတိယအကြိမ် အစည်းအဝေးကြီး
ထိုက်ယန်တောင်ပေါ်တွင် လူရိပ်များက မီးဝါးတောဆီသို့ အပြေးအလွှား သွားနေကြသည်။
လမ်းတစ်ဝက်တွင် ရှီဟိုင်ကျူးက ယခုမှ ရောက်လာသော ကျိုက်ကော်ဖုန်း၊ ရှောင်မင်ထင်းနှင့် ရွှယ်ကောဟွာတို့ လူစုနှင့် ဆုံမိလေသည်။
ထိုလူများအားလုံးက တစ်ချိန်က မြူခိုးမြို့တော်တွင် လင်းယွမ်၏ လက်အောက်သို့ ဝင်ရောက်ခိုလှုံခဲ့ကြသော သင်္ဘောကပ္ပတိန်များ ဖြစ်ကြသည်။
၎င်းတို့အထဲမှ ကျိုက်ကော်ဖုန်းနှင့် ရွှယ်ကောဟွာတို့က မြေဓာတ် အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး ရှောင်မင်ထင်းကတော့ သတ္တုဓာတ် အစွမ်းပိုင်ရှင် ဖြစ်သည်။
ကျိုက်ကော်ဖုန်းနှင့် ရွှယ်ကောဟွာတို့ နှစ်ဦးစလုံးမှာ ဆောက်လုပ်ရေးဌာနတွင် အလယ်အလတ်နှင့် အထက်တန်း အဆင့်ရှိ ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သည်။
တူညီသော မြေဓာတ် အစွမ်းပိုင်ရှင် ဖြစ်သည့် ရှီဟိုင်ကျူးကလည်း ထိုနှစ်ဦးနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်မှု ရှိလေသည်။
သူတို့ အချင်းချင်း ဆုံမိကြသောအခါ ချက်ချင်းပင် နှုတ်ဆက်လိုက်ကြသည်။
"အစ်ကိုကျိုက်... အစ်ကိုရွှယ်... ခေါင်းဆောင်ရှောင်... ခင်ဗျားတို့လည်း လာကြတာလား" ရှီဟိုင်ကျူးက လှမ်းအော်လိုက်သည်။
ကျိုက်ကော်ဖုန်းက လှည့်ကြည့်လာပြီး ပြုံးကာ "ခေါင်းဆောင်ရှီ... ခင်ဗျားလည်း လာတာပဲ"
"ဆရာလင်းယွမ်က အရေးပေါ် အစည်းအဝေး ခေါ်ပြီး ကျွန်တော်တို့ကို လာခိုင်းတယ်... ဘာကိစ္စများလဲ မသိဘူးနော်"
"ဘာသာရေးဂိုဏ်းကြီး သုံးခုနဲ့ စစ်တပ်က ပူးပေါင်းသွားကြပြီလို့ ကျွန်တော် ကြားထားတယ်... အဲဒီကိစ္စနဲ့များ ပတ်သက်နေမလားပဲ"
"စစ်ပွဲများ စတော့မလို့လား" ရှောင်မင်ထင်းက ဝင်မေးလိုက်သည်။
လူတိုင်း၏ မျက်နှာအမူအရာများမှာ လေးနက်တည်ကြည်သွားကြပြီး ရှီဟိုင်ကျူးက လေသံမာမာဖြင့် "တကယ်လို့ စစ်ဖြစ်မယ်ဆိုရင်လည်း ကျွန်တော်တို့က နောက်ဆုတ်နေမှာ မဟုတ်ဘူး... ကျွန်တော်တို့လို လူတွေက မနည်း ကြိုးစားပမ်းစားနဲ့မှ အခြေချစရာ နေရာလေးတစ်ခု ရထားတာ... သူတို့ကို အလကားနေရင်း အသိမ်းခံရအောင် ဘာအကြောင်းမှ မရှိဘူး... အဆိုးဆုံးဆို အသက်သာ ပေးလိုက်မယ်ဗျာ"
"ပြောတာ မှန်တယ်... ဆရာလင်းယွမ်က ကျွန်တော် တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ခေါင်းဆောင်ပဲ... ကျွန်တော်တို့က ထိုက်ယန်တောင်ကို လမ်းတစ်ဝက်ကျမှ ရောက်လာခဲ့ကြတာ ဆိုပေမဲ့ ထိုက်ယန်တောင်ပေါ်မှာ အိမ်ထောင်ကျပြီး အလုပ်အကိုင်တွေနဲ့ ဘဝသစ်တစ်ခု ထူထောင်ထားနိုင်ခဲ့ကြပြီလေ"
"ထိုက်ယန်တောင်ကို ဘယ်ကောင် လာထိရဲလဲ... လာထိရင် ငါ့အိမ်ကို လာဖျက်ဆီးတာပဲ... အဲဒီကောင်ကို ငါ အရင်ဆုံး သတ်ပစ်မယ်" ကျိုက်ကော်ဖုန်းက အမုန်းတရားများ ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်သည်။
ရွှယ်ကောဟွာက "သွားကြစို့... ခေါင်းဆောင်စံအိမ်ကို သွားကြည့်ရအောင်... ဒီတစ်ခေါက် လူတွေ အတော်များများ ရောက်နေကြတယ် ထင်တယ်" ဟု ပြောလိုက်သည်။
"သွားမယ်"
သူတို့အုပ်စုသည် ခေါင်းဆောင်စံအိမ်ဆီသို့ အမြန် လျှောက်သွားကြရာ မကြာမီမှာပင် ခေါင်းဆောင်စံအိမ်သို့ ရောက်ရှိသွားကြသည်။
အတွင်းသို့ ကြည့်လိုက်သည့်အခါ ချက်ချင်းပင် အံ့အားသင့်သွားကြသည်။ ယခုအခါ ခေါင်းဆောင်စံအိမ်တွင် လူခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် စုရုံးနေကြပြီ ဖြစ်သည်။
ဌာနအသီးသီးမှ ဝန်ထမ်းများ အားလုံး ရောက်ရှိနေကြပြီး အလယ်အလတ်အဆင့် စီမံခန့်ခွဲသူများပင် အတော်များများ ပါဝင်နေသည်။
ကံကောင်းသည်မှာ ခေါင်းဆောင်စံအိမ်ကြီးက အလွန်ကျယ်ဝန်းနေ၍သာ ဖြစ်သည်။ သို့မဟုတ်ပါက ဤမျှများပြားသော လူအုပ်ကြီး ဆံ့နိုင်မည် မဟုတ်ပေ။
ရှီဟိုင်ကျူးက အလျင်အမြန် လျှောက်သွားလိုက်ပြီး ဆေးဘက်ဆိုင်ရာဌာနမှ ထန်ယင်းကို မြင်လိုက်ရသဖြင့် သူမထံသို့ ချက်ချင်း သွားရောက်လိုက်သည်။
"အမထန်ယင်း... ဒေါက်တာရန်ရော"
ထန်ယင်းက ပြုံး၍ "ကိုရန်ဆန်းမင်ဆီမှာ လူနာတချို့ ရှိနေလို့ လောလောဆယ် ထွက်လာလို့ မရဘူးလေ... ဒါနဲ့ ကျွန်မကိုပဲ လွှတ်လိုက်တာ"
ယခုအခါ သူမသည် ရန်ဆန်းမင်နှင့် လက်ထပ်ထားပြီ ဖြစ်သည်။ မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းလေးသာ ကျင်းပခဲ့ပြီး ထိုစဉ်က လင်းယွမ်၊ တင်းယန်၊ ဦးလေးမာနှင့် ရှီဟိုင်ကျူး အစရှိသည့် တစ်ချိန်က ရပ်ကွက်တစ်ခုတည်းတွင် နေထိုင်ခဲ့ကြသော မိတ်ဆောင်းဆွေဟောင်းများကိုသာ ဖိတ်ကြားခဲ့သည်။
ခမ်းခမ်းနားနား မကျင်းပခဲ့သော်လည်း လာရောက်ခဲ့သူများ အားလုံးမှာ လက်ရှိ ထိုက်ယန်တောင်၏ အထက်တန်းအဆင့် ခေါင်းဆောင်များ ဖြစ်ကြရာ မျက်နှာပန်း အတော်လှခဲ့သည်ဟု ဆိုရပေမည်။
ယခုအခါ ထန်ယင်းမှာ ကိုယ်ဝန်ရှိနေပြီဖြစ်၍ ရန်ဆန်းမင်၏ ဆေးဘက်ဆိုင်ရာဌာနမှ ကိစ္စအတော်များများကို ရန်ဆန်းမင်ထံသို့ ပြန်လည်လွှဲပြောင်းပေးထားပြီး သူမကတော့ သန္ဓေသား ကျန်းမာရေးအတွက် အနားယူနေခြင်း ဖြစ်သည်။
"အမထန်ယင်း... ဆရာလင်းယွမ်က အခုလို တကူးတကကြီး အစည်းအဝေး ခေါ်တာ ဘာအရေးကြီးကိစ္စ ရှိလို့လဲဆိုတာ အမ သိလား" ရှီဟိုင်ကျူးက မနေနိုင်ဘဲ မေးလိုက်သည်။
ထန်ယင်းက ခေါင်းခါလိုက်သည်။ "ကျွန်မလည်း ရောက်တာ သိပ်မကြာသေးဘူး... အရှေ့ဘက်မှာ ဦးလေးမာတို့ ပြောနေကြတာ ကြားရသလောက်တော့ ဘာသာရေးဂိုဏ်းကြီး သုံးခုနဲ့ စစ်တပ်ကိစ္စနဲ့ ပတ်သက်နေမယ် ထင်တယ်"
ရှီဟိုင်ကျူး၏ မျက်လုံးများ ပြူးကျယ်သွားပြီး "တကယ်ပဲ ဒီကိစ္စကိုး... ကျွန်တော် သွားမေးကြည့်လိုက်ဦးမယ်"
သူသည် ချက်ချင်း ထရပ်လိုက်ပြီး မာကောချိုင်တို့ ရှိရာဘက်သို့ တိုးဝင်သွားကာ အခြေအနေကို စုံစမ်းမေးမြန်းလေတော့သည်။
"ဦးလေးမာ... အာ... အစ်ကိုချိုင်... ခင်ဗျားတို့ အကုန်ရှိနေတာပဲ... ဆရာလင်းယွမ်က ကျွန်တော်တို့ကို ခေါ်တာ ဘာသာရေးဂိုဏ်းကြီးတွေကို တိုက်ခိုက်ဖို့လား" ရှီဟိုင်ကျူးက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ဦးလေးမာက ခေါင်းခါလိုက်ပြီး "ငါတို့လည်း မှန်းနေကြတာပဲ... ဘာသာရေးဂိုဏ်းကြီးတွေနဲ့တော့ ပတ်သက်လောက်တယ်... ဒါပေမဲ့ သွားတိုက်ခိုက်မယ့် အခြေအနေအထိတော့ မရောက်လောက်သေးဘူး"
"ဘာပဲဖြစ်ဖြစ် ငါတို့ ထိုက်ယန်တောင်က အစွမ်းပိုင်ရှင်တွေ နည်းနေသေးတယ်လေ... စုံစမ်းစစ်ဆေးရေးဌာနဘက်က ရထားတဲ့ သတင်းအရဆိုရင် ဘာသာရေးဂိုဏ်းကြီးတွေရဲ့ အထက်ပိုင်းခေါင်းဆောင်တွေထဲမှာ မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်တွေ အများကြီး ရှိတယ်တဲ့... အဲဒီအထဲမှာ အရည်အသွေးမှတ် ၉၀ အထက်ရှိတဲ့သူတွေလည်း အများကြီးပဲ... ဂိုဏ်းချုပ်အဆင့်တွေဆိုရင် အဓိက အရည်အသွေးမှတ် ၁၀၀ အထိတောင် ရှိတယ်လို့ ကြားတယ်"
"ဘာ... အရည်အသွေးမှတ် ၁၀၀ ဟုတ်လား"
ရှီဟိုင်ကျူး ချက်ချင်း အသက်ရှုမှားသွားရသည်။ သူ ဤကာလတလျှောက်လုံး အစွမ်းကုန် လေ့ကျင့်နေခဲ့ပြီး အနည်းငယ်မျှပင် မပေါ့ဆရဲခဲ့ပေ။
မကြာမီ ရောက်ရှိလာနိုင်သော စစ်ပွဲကြီးအကြောင်း ကြိုသိထားသောကြောင့် ဖြစ်သည်။
သို့သော် ထိုသို့ ကြိုးစားနေသည့်တိုင်အောင် ယခုအချိန်တွင် သူ၏ အဓိက အရည်အသွေးမှတ်မှာ ၈၁ မှတ်သာ ရှိသေးလေသည်။
ဤကဲ့သို့သော အဓိက အရည်အသွေးမှတ်သည် ထိုက်ယန်တောင် အထက်ပိုင်းခေါင်းဆောင်များကြားတွင် အားနည်းသည်ဟု မဆိုနိုင်တော့ပေ။ တင်းယန်၊ ကျောက်ခိုင်၊ လီချင်းဟွာ စသည့် ပထမတန်းစား အစွမ်းပိုင်ရှင်များ၏ နောက်တွင်သာ ရှိနေသည်ဟုပင် ဆိုနိုင်သည်။
သို့သော်လည်း အရည်အသွေးမှတ် ၁၀၀ နှင့် ယှဉ်လျှင် ကွာဟချက် အတော်လေး ကြီးမားနေဆဲပင်။
ထို့ကြောင့် ဤစကားကို ကြားလိုက်ရသောအခါ သဘာဝကျစွာပင် အံ့အားသင့်သွားသည့်အပြင် အနည်းငယ်လည်း စိုးရိမ်ပူပန်သွားမိသည်။
"ဒီလိုဆိုတော့... ကျွန်တော်တို့က ခုခံစစ်အတွက် ပြင်ဆင်ရတော့မှာလား" ဟု သူ မနေနိုင်ဘဲ မေးလိုက်သည်။
"ငါတို့လည်း ဖြစ်နိုင်တယ်လို့ မှန်းထားတာပဲ... တကယ်လို့ ခုခံစစ်သာဆိုရင်တော့ ငါတို့ ဆောက်လုပ်ရေးဌာနက တော်တော်လေး အလုပ်ရှုပ်ရတော့မှာ"
"နောက်ပြီး ရေတပ်သင်္ဘောအဖွဲ့ဘက်ကလည်း အလုပ်ရှုပ်ကြတော့မယ်... သူတို့ဆီမှာ ရေဓာတ် အစွမ်းပိုင်ရှင်တွေ တော်တော်များတယ်လေ... အချိန်ကျရင် ရေခဲနံရံတွေ ဖန်တီးပြီး ငါတို့ရဲ့ အကာအကွယ် ခံတပ်တွေ တည်ဆောက်တဲ့နေရာမှာ ပူးပေါင်းလုပ်ဆောင်ရမယ့်အပိုင်းတွေ များလာလိမ့်မယ်"
သူတို့ စကားပြောနေကြစဉ်မှာပင် ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦး လျှောက်လာလေသည်။
ဦးလေးမာက ထိုသူကို မြင်သောအခါ ချက်ချင်း ပြုံးလိုက်ပြီး "ဌာနမှူးကျွမ်း... သမီးလည်း လာတာလား"
ကျွမ်းရှုယွမ်က ဦးလေးမာကို မြင်သောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး "ဌာနမှူးမာ... အားလုံး ရှိနေကြတာကိုး"
ကျွမ်းရှုယွမ်အပေါ် ဦးလေးမာက အတော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်သည်။
သူသည် အသက်ကြီးပြီး လူကဲခတ် ကျွမ်းကျင်သူဖြစ်ရာ ကျွမ်းရှုယွမ်နှင့် လင်းယွမ်တို့ကြားရှိ ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်း စောစောကတည်းက ရိပ်မိထားပြီး ဖြစ်သည်။
ထို့ကြောင့် သူက ကျွမ်းရှုယွမ်ကို မိသားစုဝင်တစ်ဦးကဲ့သို့ သဘောထားပြီး ဆက်ဆံလေ့ရှိသည်။
ကျွမ်းရှုယွမ်ကလည်း လင်းယွမ်၏ ရင်ထဲတွင် ဦးလေးမာတို့လို လူဟောင်းများ၏ နေရာမှာ မည်မျှ အရေးပါကြောင်းကို သိထားသဖြင့် သဘာဝကျစွာပင် တမင်တကာ မိတ်ဆွေဖွဲ့ရန် ကြိုးစားထားခဲ့သည်။
ဤသို့ဖြင့် သူတို့ နှစ်ဖက်ကြား ဆက်ဆံရေးမှာ အလွန် ပြေပြစ် ချောမွေ့လေသည်။
ထို့ပြင် အစောပိုင်းက ကျွမ်းရှုယွမ် တာဝန်ထမ်းဆောင်စဉ်က အဒေါ်ကြီးလီ၏ လက်အောက်တွင် အလုပ်လုပ်ခဲ့ရခြင်း ဖြစ်သည်။
အဒေါ်ကြီးလီက ထိုအချိန်က သူမကို အတော်လေး ဂရုစိုက် စောင့်ရှောက်ပေးခဲ့သဖြင့် သူမအနေဖြင့် အလွန် ကျေးဇူးတင်ရှိကာ ဦးလေးမာ၏ အိမ်သို့ အကြိမ်ကြိမ် အလည်အပတ် သွားရောက်ခဲ့ဖူးသည်။
အသက်အရွယ် ကွာဟမှု သိပ်မဆီလျော်သောကြောင့်သာ မဟုတ်လျှင် သူမသည် ထိုအဘိုးအဘွား နှစ်ဦးကို မွေးစားမိဘများအဖြစ်ပင် သတ်မှတ်ရန် စဉ်းစားထားခဲ့သည်။
ကျွမ်းရှုယွမ်က အသက် သုံးဆယ် ရှိနေပြီဖြစ်ပြီး သက်ကြီးရွယ်အို နှစ်ဦးမှာ အသက် ငါးဆယ်၊ ခြောက်ဆယ်ခန့် ရှိပြီဖြစ်သည်။ သို့သော် အစွမ်း နိုးထလာပြီးနောက်တွင် သူတို့မှာ ပိုမို နုပျိုလာပုံရသည်။
နောက်တစ်ချက်မှာ ကျွမ်းရှုယွမ်အနေဖြင့် သူတို့ကို အမှန်တကယ် မွေးစားမိဘများအဖြစ် သတ်မှတ်လိုက်ပါက လင်းယွမ် မနှစ်မြို့မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမက ဤကိစ္စကို ယခုတိုင် ထုတ်မပြောရဲခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း နှစ်ဖက်ဆက်ဆံရေးကတော့ အလွန် ကောင်းမွန်နေဆဲပင် ဖြစ်သည်။
ဦးလေးမာက လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "ရှောင်ကျွမ်း... မောင်လင်းယွမ်က ဒီတစ်ခေါက် ငါတို့ကို ဘာလုပ်ဖို့ ခေါ်တာလဲဆိုတာ သမီး သိလား"
လူများသောအချိန်တွင် ဌာနမှူးကျွမ်းဟု ခေါ်သော်လည်း နှစ်ဦးတည်း ရှိချိန်တွင်မူ ရှောင်ကျွမ်းဟုသာ ခေါ်လေ့ရှိသည်။
ကျွမ်းရှုယွမ်မှာ ထိုသို့ ရင်းနှီးစွာ ခေါ်ဝေါ်ခြင်းကို အလွန် သဘောကျလှရာ ကြားလိုက်ရချိန်တွင် ပြုံး၍ "ဦးလေးမာ... သမီး အခုလေးတင် အထဲကနေ ထွက်လာတာ... သတင်းတချို့ ကြားခဲ့ရသလောက်တော့ ဒီတစ်ခေါက် အစည်းအဝေးက ကောင်းတဲ့ကိစ္စ ဖြစ်မယ် ထင်တယ်"
"ကောင်းတဲ့ကိစ္စ"
"ဟုတ်တယ်... ဆရာလင်းယွမ်ရယ်... ခေါင်းဆောင်ကျောက်ခိုင်ရယ်... ခေါင်းဆောင်လီချင်းဟွာရယ်က အထဲမှာ စကားပြောနေကြတာ... လူတွေကို ဘယ်လို နေရာချထားပေးရမလဲ ဆိုတဲ့အကြောင်း ဆွေးနွေးနေကြတာနဲ့ တူတယ်"
"လူတွေကို နေရာချထားမယ်... ဘယ်က လူတွေလဲ" ဦးလေးမာနှင့် ရှီဟိုင်ကျူးတို့ အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ကျွမ်းရှုယွမ်က ခေါင်းခါလိုက်သည်။ "သမီးလည်း မသိဘူး"
သူမက ရေခွက်သွားပို့ရင်း လင်းယွမ်နှင့် အနည်းငယ် ရင်းနှီးမှုယူရန် ရည်ရွယ်ထားသော်လည်း အထဲတွင် လူများ ရှိနေသည်ကို မြင်လိုက်ရသဖြင့် လက်ဖက်ရည်ခွက်ကို ချထားခဲ့ပြီး ပြန်ထွက်လာခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် အရေးကြီးသော သတင်းမည်မည်ရရ မကြားခဲ့ရပေ။
ထိုအချိန်မှာပင် အထဲမှ တစ်ယောက်ယောက်၏ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ဆရာလင်းယွမ် ထွက်လာပြီ"
ချက်ချင်းပင် ရှီဟိုင်ကျူးတို့ လူစုမှာ လန်းဆန်းတက်ကြွသွားပြီး အသီးသီး နေရာယူကာ ထိုင်ချလိုက်ကြသည်။
လင်းယွမ်က ကျောက်ခိုင်၊ လီချင်းဟွာ၊ တင်းယန်၊ ဟန်ရှန်းမန် စသည့် လူတစ်စုကို ခေါ်ဆောင်လျက် ထွက်လာလေသည်။
သူ၏ ဘေးနားရှိ ထိုသူများ အားလုံးမှာ ထိုက်ယန်တောင်၏ ပထမတန်းစား တိုက်ခိုက်ရေးစွမ်းအားစုများ ဖြစ်ကြသည်။
အကြမ်းဖျင်းအားဖြင့် အားလုံးက အရည်အသွေးမှတ် ၈၀ ကို ကျော်လွန်ထားပြီးသူများ ဖြစ်ကြသည်။
ရှီဟိုင်ကျူးမှာ ဤတစ်ကြိမ်တွင် လာရောက်ရန် အနည်းငယ် နောက်ကျသွားခဲ့သည်။ သို့မဟုတ်ပါက သူလည်း အတွင်းသို့ အခေါ်ခံရပြီး ကြိုတင် အစည်းအဝေးငယ်လေး လုပ်ဖြစ်မည် ဖြစ်သည်။
လူများ နေရာယူထိုင်လိုက်ကြပြီးနောက် လင်းယွမ်က အားလုံးကို လှမ်းကြည့်လိုက်သည်။
သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး "အားလုံး ရောက်နေကြပြီပဲ"
"ကျွန်တော်တို့ ပြီးခဲ့တဲ့အကြိမ် ထိုက်ယန်တောင် အစည်းအဝေးကြီး ကျင်းပပြီးတာတောင် မျက်စိတစ်မှိတ်အတွင်းမှာပဲ လတော်တော် ကြာသွားခဲ့ပြီပဲ"
ပြီးခဲ့သည့်အကြိမ်က ထိုက်ယန်တောင် အစည်းအဝေးကြီးမှာ လင်းယွမ် ရေပေါ်ကျွန်း သွားရောက်မရှာဖွေမီက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ထိုက်ယန်တောင် အစည်းအဝေးကြီးတွင် ထိုက်ယန်တောင် ရေပေါ်တံတားဆိပ်ကမ်း၊ ထိုက်ယန်တောင်ကိုယ်စားပြု အလံ၊ ထိုက်ယန်တောင် စာသင်ကျောင်း စသည့် ကိစ္စရပ်များစွာကို အတည်ပြု ဆုံးဖြတ်နိုင်ခဲ့သည်။
ဤတစ်ကြိမ် ထိုက်ယန်တောင် အစည်းအဝေးကြီးကလည်း ထိုနည်းတူပင် အလွန် အရေးပါလှသည်ဟု ဆိုရပေမည်။
လင်းယွမ်က လူအုပ်ကြီးကို အကဲခတ်လိုက်ပြီး "အစည်းအဝေး မစခင် ဒီနေ့ အစည်းအဝေးရဲ့ အစီအစဉ်နဲ့ အဓိက အကြောင်းအရာကို အရင် ပြောပြမယ်"
"ဟယ်ဇီ... ယွီခူး... မင်းတို့ စာရွက်စာတမ်းတွေကို လိုက်ဝေပေးလိုက်ကြ"
ဟယ်ဇီနှင့် ယွီခူးတို့မှာ ရန်မေ၏ အတွင်းရေးမှူးများ ဖြစ်ကြပြီး အဆောက်အအုံဝင်း တစ်ခုလုံးကို ကူညီ စီမံခန့်ခွဲပေးနေသူများ ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူတို့နှစ်ဦးစလုံးကို လင်းယွမ်နှင့်အတူ အလုပ်ကူလုပ်ပေးရန် ရန်မေက စေလွှတ်လိုက်ခြင်း ဖြစ်သည်။
သူတို့နှစ်ဦး၏ ရင်ထဲတွင် ဝမ်းသာပီတိဖြစ်ကာ စိတ်လှုပ်ရှားနေကြသည်။ ဆရာလင်းယွမ်၏ အနီးတွင် အလုပ်လုပ်ခွင့် ရခြင်းက သဘာဝကျစွာပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
သူတို့နှစ်ဦးသည် အထပ်လိုက် ရှိနေသော စာရွက်စာတမ်းများကို အမြန် ပွေ့ပိုက်လိုက်ပြီး နေရာတွင် ရှိနေကြသော ထိုက်ယန်တောင် အထက်ပိုင်းခေါင်းဆောင်များထံသို့ အလျင်အမြန် လိုက်ဝေပေးလိုက်ကြသည်။
ရှီဟိုင်ကျူးက အစည်းအဝေး မှတ်တမ်းများကို ယူလိုက်ပြီး ခေါင်းစဉ်ကို တစ်ချက် ကြည့်လိုက်သည်။
"တွင်းနက်အရိပ်နဂါးကျွန်း၊ မြေဝါနတ်ဘုရားကျွန်းနှင့် မီယွမ်မိုးသစ်တောကျွန်း ဟူသော ရေပေါ်ကျွန်း သုံးကျွန်းကို ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် စစ်တပ် မဟာမိတ်ပြုခြင်း ဆိုင်ရာ အစည်းအဝေး"
ဤခေါင်းစဉ်က အလွန် ရှည်လျားသော်လည်း ပါဝင်သော အကြောင်းအရာများကတော့ လူကို ပို၍ တုန်လှုပ် အံ့သြသွားစေသည်။
ထိုက်ယန်တောင်မှ လူများ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး အသက်ရှုနှုန်းများ မြန်ဆန်လာကြသည်။
အပေါ်ရှိ စာသားများကို ကြည့်ရင်း ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်နေကြသည်။
စိတ်မြန်လက်မြန် ရှိတတ်သော ရှီဟိုင်ကျူးက မနေနိုင်ဘဲ အထက်ရှိ လင်းယွမ်ကို မော့ကြည့်ကာ အော်မေးလိုက်သည်။ "ဆရာလင်း... တွင်းနက်အရိပ်နဂါးကျွန်းကိုတော့ ကျွန်တော် သိတယ်... ဆရာ သန့်စင်ထားတဲ့ ရေပေါ်ကျွန်းလေ... ဒီ မြေဝါနတ်ဘုရားကျွန်းနဲ့ မီယွမ်မိုးသစ်တောကျွန်း ဆိုတာက ဘာသာရေးဂိုဏ်းကြီး သုံးခုထဲက မြေမိခင်ဂိုဏ်းနဲ့ ရေနတ်ဘုရားဂိုဏ်းတို့ရဲ့ အခြေစိုက်စခန်းတွေ မဟုတ်ဘူးလား"
လင်းယွမ်က ရှီဟိုင်ကျူးကို ကြည့်ကာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ပိုင်သွားပြီ"
"ဗျာ"
"ဘာ"
"ဆရာလင်း... ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ပိုင်သွားရတာလဲ"
"ဘာသာရေးဂိုဏ်းကြီးတွေက သဘောတူပါ့မလား"
"ဒါက တကယ်တော့ ဘယ်လိုဖြစ်ရတာလဲ"
အောက်ဘက်ရှိ လူအုပ်ကြီးထံမှ ပြင်းထန်သော ဆွေးနွေးသံများ ချက်ချင်း ထွက်ပေါ်လာသည်။
ကျွမ်းရှုယွမ်၏ မျက်ဝန်းများထဲတွင် အံ့သြချီးကျူးသည့် အရိပ်အယောင်များ ပေါ်လာပြီး လင်းယွမ်ကိုသာ အပြည့်အဝ စိုက်ကြည့်နေမိကာ သူမ၏ ခြေတံများကို မနေနိုင်ဘဲ စုကပ်လိုက်မိသည်။
"စကားတစ်ခွန်းတည်းနဲ့ လူတိုင်းကို တုန်လှုပ်သွားစေနိုင်တယ်... ဒီလိုမျိုး အာဏာက တကယ်ကိုပဲ... တစ်ဘဝစာ လိုချင်တောင့်တမိတဲ့ အရာပဲ"
ဦးလေးမာက မနေနိုင်ဘဲ မေးလိုက်သည်။ "မောင်လင်းယွမ်... ဒါဆို ဘာသာရေးဂိုဏ်းကြီး သုံးခုက ဘယ်လိုဖြစ်သွားတာလဲ"
ဆူညံသံများလွန်းလှသဖြင့် သူ၏စကားမှာ အသံလှိုင်းများကြားတွင် နစ်မြုပ်သွားလေသည်။
ကျောက်ခိုင်က စားပွဲကို ခေါက်လိုက်ပြီး "အားလုံးပဲ... ခဏလောက် တိတ်တိတ်နေပေးကြပါ" ဟု အော်ပြောလိုက်သည်။
လီချင်းဟွာကလည်း ချောင်းတစ်ချက်ဟန့်လိုက်ပြီး "အားလုံးပဲ... ဒီနေ့မှာတင် ဘာသာရေးဂိုဏ်းကြီး သုံးခုလုံးကို ဆရာလင်းယွမ်က တစ်ချက်တည်းနဲ့ ချေမှုန်းပစ်ခဲ့ပြီ... ရေနတ်ဘုရားဂိုဏ်းရဲ့ အထက်ပိုင်းခေါင်းဆောင်တွေ အကုန် သေကျေပျက်စီးကုန်ပြီး ကျန်တဲ့ ဂိုဏ်းနှစ်ခုရဲ့ ခေါင်းဆောင်တွေကတော့ ရေပေါ်ကျွန်းကို စွန့်လွှတ်ပြီး ထွက်ပြေးသွားကြပြီ"
"အခုဆို မြေမိခင်ဂိုဏ်းရဲ့ မြေဝါနတ်ဘုရားကျွန်းနဲ့ ရေနတ်ဘုရားဂိုဏ်းရဲ့ မီယွမ်မိုးသစ်တောကျွန်းတို့ အားလုံးကို ဆရာလင်းယွမ် သိမ်းပိုက်ပြီးပြီ"
"ကျွန်းပေါ်က လူတွေကိုလည်း ဆရာလင်းယွမ်က အပြည့်အဝ အုပ်ချုပ်တော့မှာ"
"ဒါ့အပြင် သိန်းငှက်အဖွဲ့ စစ်တပ်ခေါင်းဆောင် ယွမ်ရှီကျဲ လည်း အသတ်ခံလိုက်ရပြီ... ဆရာလင်းယွမ်က အခု ချိုးငှက်အဖွဲ့ စစ်တပ်နဲ့ မဟာမိတ် စာချုပ် ချုပ်ဆိုထားပြီးပြီ"
"ဒီနေ့ကစပြီး ချိုးငှက်အဖွဲ့ စစ်တပ်က ကျွန်တော်တို့ ထိုက်ယန်တောင်ကို စစ်ဘက်ဆိုင်ရာ အစွမ်း သုတေသန နည်းပညာတွေနဲ့ တိမ်မြူကျွန်းက သယံဇာတတွေကို ခွင့်ပြုပေးတော့မှာ ဖြစ်တယ်"
"ချန်ဖူတောင်... မီသွေ့တောင်... တိန့်ကုန်းတောင် အစရှိတဲ့ တောင်တန်းတချို့ကိုတော့ ကျွန်တော်တို့ ထိုက်ယန်တောင်ဘက်ကနေ ချိုးငှက်အဖွဲ့ စစ်တပ်ကို အသုံးပြုဖို့ ငှားရမ်းပေးထားမယ်... ပိုင်ဆိုင်ခွင့်ကတော့ ထိုက်ယန်တောင်မှာပဲ ဆက်ရှိနေမှာပါ"
"အခြားတစ်ဖက်မှာလည်း ချိုးငှက်အဖွဲ့ စစ်တပ်က ကောင်းကင်ချောက်နက်နဲ့ ထာဝရချောက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကို ကြေညာပေးသွားမှာ ဖြစ်တယ်... အသေးစိတ် အချက်အလက်တွေကိုတော့ အားလုံးပဲ အစည်းအဝေး မှတ်တမ်းထဲမှာ ဖတ်ရှုကြည့်နိုင်ပါတယ်"
"အားလုံးပဲ ကိုယ့်လက်ထဲက စာရွက်စာတမ်းတွေကို အရင် ဖတ်ကြည့်ကြပါဦး... နာရီဝက်နေရင် ကျွန်တော်တို့ အစည်းအဝေးကို တရားဝင် စတင်ပါမယ်"
လီချင်းဟွာနှင့် ကျောက်ခိုင်တို့၏ ရှင်းလင်းချက်များကြောင့် ချက်ချင်းပင် ခေါင်းဆောင်စံအိမ် တစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေတော့သည်။
"ဘာသာရေးဂိုဏ်းကြီး သုံးခုလုံး ပျက်စီးသွားပြီ"
"သေစမ်း... ဒါ ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲ"
"ဘုရားရေ... ဆရာလင်းယွမ် တစ်ယောက်တည်း သွားတိုက်ခဲ့တာလား"
"ဟားဟားဟား... ဆရာလင်းယွမ်က တကယ် မိုက်တာပဲ"
"သိန်းငှက်အဖွဲ့ စစ်တပ်လည်း မရှိတော့ဘူးပေါ့"
"ဟားဟားဟား... ကျေနပ်စရာကြီး... အရမ်းကို ကျေနပ်ဖို့ ကောင်းတာပဲ"
"ဆရာလင်းယွမ်က ဘာလို့ ငါ့ကို မခေါ်သွားတာလဲ... အနည်းဆုံးတော့ ငါလည်း အဲဒီ ဘာသာရေးဂိုဏ်းကြီးတွေနဲ့ စစ်တပ်ဆီက တိရစ္ဆာန်တချို့ကို သတ်ခွင့်ရမှာပေါ့"
...
လူအုပ်ကြီးမှာ အံ့သြဝမ်းသာ ဖြစ်သွားကြပြီး ခဏတာမျှ လက်ထဲရှိ စာရွက်စာတမ်းများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျယ်ဝန်းလှသော အစည်းအဝေးခန်းမကြီးထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ကခုန်မြူးထူးနေကြလေသည်။
အချို့သော ဘာသာရေးဂိုဏ်းကြီးများနှင့် သေခန်းပြတ် ရန်ငြိုးရှိသူများဆိုလျှင် ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာကြပြီး "သေတာတောင် နည်းသေးတယ်... သေသင့်တဲ့ကောင်တွေ" ဟု ကျိန်ဆဲနေကြသည်။
ချက်ချင်းဆိုသလိုပင် ခေါင်းဆောင်စံအိမ် တစ်ခုလုံးတွင် စိတ်လှုပ်ရှားဖွယ် အောင်ပွဲခံ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားလေသည်။
ထိုအောင်ပွဲခံသံများကြားတွင် လင်းယွမ်၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။
ဆက်ရန်...
အပိုင်း (၆၀၀) စီစဉ်မှုများနှင့် ကိုယ်ဝန်ရခြင်း
အစည်းအဝေးကြီးက တစ်နေ့တာလုံး အချိန်ယူခဲ့ရသည်။
၎င်းတွင် ရေပေါ်ကျွန်း သုံးကျွန်းအပါအဝင် လူအင်အား စီစဉ်မှုများနှင့် ချန်ဖူတောင် ကဲ့သို့သော တောင်ကြီးသုံးလုံး၏ လူမှုရေးရာ စီမံခန့်ခွဲမှုများ ပါဝင်သည်။
ထို့အပြင် ချိုးငှက်အဖွဲ့ စစ်တပ်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း ပါဝင်သေးသည်။
၎င်းအပြင် ရေပေါ်ကျွန်း သုံးကျွန်းနှင့် တောင်ကြီးသုံးလုံး၏ လူဦးရေ နေရာချထားရေး အစီအစဉ်များလည်း ပါဝင်လေသည်။
အချုပ်အားဖြင့်ဆိုရသော် ဤတစ်ကြိမ် လှုပ်ရှားမှုက အလွန်ကြီးမားပြီး လုပ်ဆောင်ရမည့် ကိစ္စရပ်များကလည်း များပြားလွန်းလှသည်။
တစ်နေကုန် အစည်းအဝေး ထိုင်ကာ ဆွေးနွေးခဲ့ကြသော်လည်း အသေးစိတ် အချက်အလက်များစွာကို ပြည့်စုံအောင် မလုပ်နိုင်ခဲ့သေးပေ။
သို့သော် ကံကောင်းသည်မှာ အဓိက စီမံကိန်းများနှင့် တာဝန်များကို ချမှတ်ပေးနိုင်ခဲ့ပြီ ဖြစ်ရာ ကျန်ရှိနေသော အသေးစိတ်ကိစ္စများကိုမူ တာဝန်ကျရာ ဌာနများက ဆက်လက် စီစဉ်သွားရန်သာ လိုတော့သည်။
ယခုအခါ လင်းယွမ်၏ နယ်မြေက တဖြည်းဖြည်း ကျယ်ပြန့်လာပြီး လူဦးရေကလည်း ပိုမို များပြားလာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကိစ္စရပ်များကလည်း သဘာဝကျကျပင် ပိုမို ရှုပ်ထွေး များပြားလာတော့သည်။
ဤအစည်းအဝေးတွင် ကျွမ်းရှုယွမ်က အလွန် အကျိုးရှိသော အကြံပြုချက်တစ်ခုကို တင်ပြခဲ့သည်။
ယင်းမှာ ခေါင်းဆောင်စံအိမ်အတွက် အုပ်ချုပ်ရေးကိစ္စများကို သီးသန့်တာဝန်ယူ ဖြေရှင်းပေးမည့် ပြည်ထဲရေးရုံး တစ်ခုကို ဖွဲ့စည်းရန်နှင့် လင်းယွမ်၏ အင်အားစုကို ဖွံ့ဖြိုးတိုးတက်စေမည့် ပညာရှင်အဖွဲ့ တစ်ခု ဖွဲ့စည်းရန်ပင် ဖြစ်သည်။
လင်းယွမ်က ဤအကြံပြုချက်ကို ကြားသောအခါ အလွန် စိတ်ဝင်စားသွားခဲ့သည်။
ချက်ချင်းပင် အသေးစိတ် ဆက်လက် မေးမြန်းချင်ခဲ့သော်လည်း ထိုမိန်းမလှလေး ကျွမ်းရှုယွမ်က သူမအနေဖြင့် အချက်အလက်များကို ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် အစည်းအဝေးပြီးလျှင် လင်းယွမ်ထံ ကိုယ်တိုင်လာရောက် ပြသမည်ဖြစ်ကြောင်း ပြောလေသည်။
သူမ၏ တည်ကြည်လေးနက်နေသော အမူအရာကြောင့် ဘေးလူများက လျှို့ဝှက်ချက်အချို့ ပါဝင်နေ၍ဟုသာ ထင်မှတ်ကာ အထွေအထူး မတွေးခဲ့ကြပေ။
သို့သော် လင်းယွမ်ကမူ ထိုမိန်းမ ဘာကြံနေသလဲ ဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
သူက ကျွမ်းရှုယွမ်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ရာ ကျွမ်းရှုယွမ်ကလည်း ရီဝေနေသော မျက်ဝန်းအစုံဖြင့် သူ့ကို ပြန်လည် စိုက်ကြည့်လာသည်။
အရာအားလုံးကို စကားဖြင့် ပြောပြနေစရာပင် မလိုတော့ချေ။
ထိုအကြောင်းအရာကို ကျော်လွန်ပြီးနောက် ဘာသာရေးဂိုဏ်းကြီး သုံးခုမှ လူများကို နေရာချထားရေး ကိစ္စကို ဆက်လက် ဆွေးနွေးကြသည်။
လင်းယွမ်က တိုက်ရိုက်ပင် ပြောလိုက်သည်။ "ပုံမှန် စည်းကမ်းအတိုင်းပဲ... တစ်လ တာဝန်ထမ်းဆောင်ရမယ်... အသေးစိတ် ကိစ္စတွေကိုတော့ ခင်ဗျားတို့ သက်ဆိုင်ရာ အဖွဲ့တွေကပဲ ကိုယ့်ဘာသာ စီစဉ်ကြ"
ဤအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် မျိုးရိုးဗီဇမျိုးစေ့များ လဲလှယ်ခွင့်ပြုမည့် မူဝါဒကိုလည်း တင်ပြလာကြသည်။
ဤမူဝါဒကို တင်ပြလိုက်သည်နှင့် တစ်ပြိုင်နက် အစည်းအဝေးခန်းအတွင်းရှိ လူအများအပြားမှာ ချက်ချင်းပင် စိတ်လှုပ်ရှား ရင်ခုန်သွားကြတော့သည်။
သိထားရမည်မှာ ယခုအချိန်အထိ လင်းယွမ်၏ အင်အားစုအတွင်းရှိ မျိုးရိုးဗီဇမျိုးစေ့ အများစုမှာ ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲရှိ သန္ဓေပြောင်း သားရဲများ၏ သွေးအဆီအနှစ်များမှ ထုတ်ယူထားခြင်း ဖြစ်သည်။
သို့သော် ထိုသန္ဓေပြောင်း သားရဲများထံမှ တစ်နေ့လျှင် သွေးအဆီအနှစ် မည်မျှ ထုတ်ယူနိုင်မည်နည်း။
တစ်ပတ်လုံး နေမှ မျိုးရိုးဗီဇမျိုးစေ့ တစ်လုံး၊ နှစ်လုံးခန့်သာ ထုတ်ယူနိုင်ခြင်း ဖြစ်သည်။
ထိုက်ယန်တောင်ရှိ မြောက်မြားစွာသော အစွမ်းပိုင်ရှင်များအတွက် ၎င်းမှာ ပင်လယ်ထဲ ရေတစ်စက် ချသကဲ့သို့သာ ဖြစ်ပြီး လက်တွေ့တွင် မည်သည့် တိုးတက်မှုကိုမျှ မဖြစ်ပေါ်စေနိုင်ပေ။
ထို့ကြောင့် ထိုက်ယန်တောင် တစ်ခုလုံးတွင် အမှန်တကယ်တော့ အမျိုးအစားစုံလင်သော မျိုးရိုးဗီဇမျိုးစေ့များ အလွန်အမင်း လိုအပ်နေခြင်း ဖြစ်သည်။
ယခုအခါ လင်းယွမ်က မီယွမ်မိုးသစ်တောကျွန်းနှင့် မြေဝါနတ်ဘုရားကျွန်း ဟူသော ရေပေါ်ကျွန်းကြီး နှစ်ကျွန်းကို ရရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့များနှင့် မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့များအတွက် အခြေခံအားဖြင့် ရှားပါးတော့မည် မဟုတ်ပေ။
အမှောင်ဓာတ် မျိုးရိုးဗီဇမျိုးစေ့များ ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ တွင်းနက်အရိပ်နဂါးကျွန်း ရှိနေသဖြင့် ၎င်းထဲတွင် အမှောင်ဓာတ် သွေးသလင်းကျောက်များ အမြောက်အမြား ရှိနေသေးသည်။
နောက်တစ်ချက်မှာ ဤရေပေါ်ကျွန်းများပေါ်တွင် မျိုးရိုးဗီဇအဆင့်ရှိ သန္ဓေပြောင်း သားရဲများ အများအပြား ရှိနေသေးသည်။ အချိန်ကျလျှင် ၎င်းတို့ကို လူကိုယ်တိုင် မွေးမြူကာ သွေးအဆီအနှစ်များ ထုတ်ယူပြီး မျိုးရိုးဗီဇမျိုးစေ့များ ထုတ်လုပ်ပါက အခြားသော ဓာတ်အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့များကိုလည်း ရရှိလာနိုင်ပေသည်။
ထို့အပြင် ချိုးငှက်အဖွဲ့ စစ်တပ်ဘက်မှ တိမ်မြူကျွန်း ဆိုသည်မှာလည်း အခြားသော ရေပေါ်ကျွန်း အမျိုးအစားတစ်ခု ဖြစ်ပုံရသည်။
မည်သည့် မျိုးရိုးဗီဇမျိုးစေ့များ အများဆုံး ထွက်ရှိမည်ကို အတိအကျ မသိရသော်လည်း အချိန်ကျလာပါက အချင်းချင်း လဲလှယ် အသုံးပြုခြင်းဖြင့် နောက်ထပ် မျိုးရိုးဗီဇမျိုးစေ့ အမျိုးအစားသစ် တစ်ခုကို ထပ်မံ ရရှိလာမည်သာ ဖြစ်သည်။
ကောင်းကင်ချောက်နက် လမ်းကြောင်းဆိုသည်လည်း ရှိနေသေးသည်။ ၎င်းထဲတွင် ကောင်းကင်မှ ဆင်းသက်လာသော ချောက်နက် ကပ်ပါးသားရဲများ အမြောက်အမြား ရှိနေသည်။
ဤသန္ဓေပြောင်း သားရဲများကို သတ်ဖြတ်ခြင်းဖြင့်လည်း သွေးအဆီအနှစ်များကို ရယူနိုင်ပြီး မျိုးရိုးဗီဇမျိုးစေ့များ ထုတ်လုပ်ရန် အသုံးပြုနိုင်သေးသည်။
အချုပ်အားဖြင့် ပြောရလျှင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်သည် နောင်တစ်ချိန်တွင် ထိုက်ယန်တောင်မှ အစွမ်းပိုင်ရှင်များကို တားဆီးထားနိုင်မည့် အတားအဆီးတစ်ခု ဖြစ်လာတော့မည် မဟုတ်ပေ။
ဤသတင်းမှာ အရည်အသွေး (၅၀) မှတ်တွင် တစ်နေပြီး အဆင့်တက်ရန် မျိုးရိုးဗီဇမျိုးစေ့ မရှိဖြစ်နေသော အစွမ်းပိုင်ရှင် အများအပြားအတွက် ဧရာမ သတင်းကောင်းကြီးပင် ဖြစ်ပေသည်။
အစည်းအဝေးခန်းအတွင်း လူအများက စိတ်လှုပ်ရှားစွာ ဆွေးနွေးပြောဆိုနေကြပြီး အထူးသဖြင့် အစောပိုင်းက လင်းယွမ်နှင့်အတူ မြူခိုးမြို့တော်မှ ပြန်လည်လိုက်ပါလာခဲ့ကြသော သင်္ဘောကပ္ပတိန်များမှာ ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။
ဤသင်္ဘောကပ္ပတိန်များ၏ အဓိက အရည်အသွေးမှတ်များမှာ ထိုအချိန်ကတည်းက ၅၀ မှတ်သို့ နီးကပ်နေခဲ့ပြီ ဖြစ်သည်။
ထိုက်ယန်တောင်သို့ ရောက်ရှိပြီးနောက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ ကျင့်ကြံခဲ့ကြပြီး ထိုက်ယန် မျိုးရိုးဗီဇ နိုးထခြင်း ကျင့်စဉ်ကိုပါ သင်ယူလိုက်ရသဖြင့် သူတို့၏ ကျင့်ကြံမှု အမြန်နှုန်းမှာ နှစ်ဆ တိုးတက်လာခဲ့သည်။
ထို့ကြောင့် အစောကြီးကတည်းကပင် ၅၀ မှတ် ပြည့်ဝသည့် အဆင့်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။
မိမိကိုယ်ကို အလွန် ယုံကြည်မှုရှိကာ ပြင်ပမှ မျိုးရိုးဗီဇမျိုးစေ့များကို အခြေခံအဖြစ် မသုံးဘဲ မိမိ၏ ကိုယ်ပိုင် မျိုးရိုးဗီဇဖြင့်သာ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းကာ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သော လူနည်းစုမှလွဲ၍ ကျန်လူအများစုမှာမူ မူလနေရာတွင်သာ ရပ်တန့်နေခဲ့ကြပြီး အဆင့်တက်ရန် ကူညီပေးနိုင်မည့် မျိုးရိုးဗီဇမျိုးစေ့ တစ်လုံးကို လဲလှယ်ခွင့်ရရန် စောင့်ဆိုင်းနေခဲ့ကြရသည်။
အကြောင်းမှာ မိမိဘာသာ အဆင့်တက်ရန် ကြိုးစားခြင်းက အန္တရာယ် ရှိ၊ မရှိ ဆိုသည်ကို မည်သူကမျှ အာမမခံရဲသောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် သန္ဓေပြောင်း သားရဲများ၏ အသားများကို အများအပြား စားသုံးခဲ့ကြသဖြင့် သူတို့၏ ခန္ဓာကိုယ်အတွင်းတွင် ရောနှောနေသော မျိုးရိုးဗီဇများ အမြောက်အမြား ရှိနေသောကြောင့် ဖြစ်သည်။
အဆင့်တက်ချိန်တွင် ဤရောနှောနေသော မျိုးရိုးဗီဇများက ပေါက်ကွဲထွက်လာနိုင်ပြီး အဆင့်တက်ခြင်းကို ကျရှုံးစေနိုင်ချေ အလွန် များပြားလှသည်။
တူညီသော ဓာတ်အမျိုးအစားရှိသည့် ပြင်ပ မျိုးရိုးဗီဇမျိုးစေ့များကို စုပ်ယူပြီး မိမိ၏ တူညီသော မျိုးရိုးဗီဇ နိုးထမှု အဆင့်ကို အားဖြည့်ပေးခြင်းဖြင့်သာ ရာခိုင်နှုန်းပြည့် လုံခြုံစိတ်ချစွာဖြင့် မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ တက်လှမ်းနိုင်ပြီး မိမိပိုင်ဆိုင်သော မျိုးရိုးဗီဇမြေပုံကို ရေးဆွဲနိုင်မည် ဖြစ်သည်။
ဤအရေးကြီးသော ကိစ္စရပ်အပြင် ချိုးငှက်အဖွဲ့ စစ်တပ်ဘက်မှ စစ်ဘက်ဆိုင်ရာ အစွမ်း နည်းပညာများကို မျှဝေပေးမည့် ကိစ္စကလည်း အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။
အထူးသဖြင့် သုတေသနဌာန၊ ဆေးဘက်ဆိုင်ရာဌာန စသည့် သိပ္ပံနည်းကျ သုတေသန ပြုလုပ်ရသော ဌာနများမှ လူများမှာ ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။
အစွမ်းများနှင့် ပတ်သက်၍ သုတေသန ပြုလုပ်ရာတွင် စစ်တပ်က အခြားသော အင်အားစုများထက် များစွာ သာလွန်နေခဲ့သည်။
သူတို့ကိုယ်တိုင်က သုတေသန ပြုလုပ်နိုင်သည့် အခြေအနေများ ရှိနေသည့်အပြင် သန္ဓေပြောင်း သတ္တဝါများနှင့် အစောဆုံး ထိတွေ့ခဲ့ရသော အင်အားစုလည်း ဖြစ်ပေသည်။
သန္ဓေပြောင်း သားရဲများကို ရင်ဆိုင်ရာတွင် သူတို့အသုံးပြုသော နည်းလမ်းများနှင့် လက်နက်မျိုးစုံကို အခြား မည်သည့် အင်အားစုကမျှ ယှဉ်နိုင်စွမ်း မရှိပေ။
စစ်တပ်က ထိုက်ယန်တောင်အား ဤသုတေသန နည်းပညာများကို မျှဝေပေးမည် ဆိုပါက အချိန်တိုအတွင်း ထိုက်ယန်တောင်၏ အင်အားမှာ သေချာပေါက် အရှိန်အဟုန်ဖြင့် တိုးတက်လာမည် ဖြစ်သည်။
သို့သော် လီဟန်ကျုံးက မနေနိုင်ဘဲ မေးလိုက်သည်။ "ဆရာလင်း... စစ်တပ်က ဒီနည်းပညာတွေကို ကျွန်တော်တို့ဆီ တကယ်ပဲ ဒီတိုင်း လွှဲပြောင်းပေးမှာလား"
လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး "အဓိကအကျဆုံးနဲ့ အဆင့်အမြင့်ဆုံး နည်းပညာတွေကိုတော့ ပေးမှာ မဟုတ်လောက်ဘူး"
"ဒါပေမဲ့ လက်ရှိ သူတို့ ကျွန်တော့်ကို ပေးထားတဲ့ အချက်အလက်တွေထဲမှာတင် ကျွန်တော်တို့ ထိုက်ယန်တောင်မှာ မရှိသေးတဲ့ နည်းပညာတွေ အများကြီး ပါတယ်"
"ကျွန်တော်တို့အတွက်ကတော့ ဒီနည်းပညာတွေလောက်နဲ့တင် လေ့လာသုတေသန လုပ်ဖို့ လုံလောက်နေပါပြီ"
"တခြား အဓိက နည်းပညာတွေအတွက်ကတော့ သူတို့ အကုန်ပေးလိမ့်မယ်လို့ မမျှော်လင့်နဲ့... သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနက ကိုယ့်ဘာသာ ကြိုးစားကြဖို့ပဲ လိုတော့တယ်"
"နောက်တစ်ခုက... ဒီတစ်ခေါက် ကျွန်တော် သိမ်းငှက်အုပ်စု စစ်တပ်ကို နှိမ်နင်းခဲ့တုန်းက သူတို့ရဲ့ သုတေသနခန်းနဲ့ သုတေသနပညာရှင် အများအပြားကိုပါ ခေါ်လာခဲ့တယ်"
"တကယ်လား"
လီဟန်ကျုံးမှာ ချက်ချင်းပင် အလွန် ဝမ်းသာသွားတော့သည်။
လင်းယွမ်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။ "နောက်မှ ကျွန်တော် စနစ်တကျ စီစဉ်ပေးမယ်... ဒီလူတွေထဲမှာ သူလျှိုတွေ ဘာတွေ ပါမလာအောင် စုံစမ်းစစ်ဆေးရေး ဌာနက အရင် စစ်ဆေးပြီးမှ တရားဝင် အလုပ်ခန့်လို့ ရလိမ့်မယ်"
"နားလည်ပါပြီ... ဒါက မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါပဲ" လီဟန်ကျုံးက နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို ဆက်တိုက် ညိတ်လိုက်သည်။
လင်းယွမ်က အားလုံးကို ထပ်မံ ပြောလိုက်ပြန်သည်။ "အားလုံးပဲ... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... ချိုးငှက်အဖွဲ့ စစ်တပ်က ပြောတာတော့ ကောင်းကင်ချောက်နက်တွေဟာ ရေပေါ်ကျွန်းတွေ စတင် ကျဆင်းလာတဲ့ နေရာတွေမှာ အများဆုံး ပေါ်လာတတ်တယ်တဲ့"
"ကောင်းကင်ချောက်နက် လမ်းကြောင်းတော်တော်များများက ရေပေါ်ကျွန်းတွေ ပင်လယ်ထဲ ကျဆင်းလာတဲ့ အတွင်းမှာ ဖြစ်ပေါ်လာတာပဲ"
"ကောင်းကင်ယံမှာ မိုးကြိုးတိမ်တိုက်တွေ လှုပ်ရှားနေပြီး... ဒီလို ဧရာမ ရေပေါ်ကျွန်းကြီးတွေ ကျဆင်းလာတဲ့ အချိန်မှသာ ဒီမိုးကြိုးတိမ်တိုက်တွေကို ဖောက်ထွင်း ဆုတ်ဖြဲနိုင်ပြီး လမ်းကြောင်းတွေ ဖြစ်ပေါ်လာတာ"
"ဒီလို ကောင်းကင်ချောက်နက် လမ်းကြောင်းတွေ တစ်ခါ ပွင့်သွားတာနဲ့ ရေပေါ်ကျွန်း ကပ်ပါးသားရဲတွေ အမြောက်အမြား ဆင်းသက်လာကြလိမ့်မယ်"
"ရေပေါ်ကျွန်းတွေမှာ ကပ်ပါးနေထိုင်တဲ့ ဒီသန္ဓေပြောင်း သားရဲတွေက များသောအားဖြင့် တစ်ကောင်ချင်း စွမ်းရည် အလွန်မြင့်မားကြပြီး တော်တော်များများက မျိုးရိုးဗီဇမျိုးစေ့ အဆင့်တွေပဲ"
"ခင်ဗျားတို့ထဲက တစ်ယောက်ယောက်များ မျိုးရိုးဗီဇအဆင့် သန္ဓေပြောင်း သားရဲတွေကို အမဲလိုက် သတ်ဖြတ်ပြီး ထိုက်ယန်တောင်ရဲ့ သက်ဆိုင်ရာ ဌာနတွေကို လာအပ်မယ်ဆိုရင်လည်း အမှတ်တွေ လဲလှယ်လို့ ရတယ်"
"ဒါပေမဲ့ ပုံမှန် စည်းကမ်းအတိုင်း အရှင်ဖမ်းလာနိုင်ရင်တော့ အကောင်းဆုံးပေါ့"
"အသေဆိုရင်တောင် သွေးအဆီအနှစ်တွေကို စုဆောင်းလာခဲ့ဖို့တော့ လိုမယ်... ဒါပေမဲ့ သွေးအဆီအနှစ် ဆိုရင်တော့ လဲလှယ်လို့ရမယ့် အမှတ်က နည်းနည်း လျော့သွားလိမ့်မယ်"
လင်းယွမ်အတွက်မူ အရေးအကြီးဆုံးက သက်ရှိ သန္ဓေပြောင်း သားရဲများသာ ဖြစ်သည်။ ပြန်သယ်လာပြီးနောက် သားသတ်ရုံရှိ စက်များဖြင့် သတ်ဖြတ်လိုက်မှသာ အမှတ်များက သူ၏ လက်ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။
သေချာသည်မှာ လင်းယွမ်က လက်နက်စက်ရုံမှ ကိရိယာများ ထုတ်လုပ်သည့်အခါ မိမိအနေဖြင့် အကြောင်းအကျိုး ထိခိုက်မှု လွှဲပြောင်းခြင်း အစွမ်းကို ထည့်သွင်းပေးရန်လည်း စဉ်းစားထားပြီး ဖြစ်သည်။
ထိုသို့ လုပ်ဆောင်လိုက်ပါက လက်နက်စက်ရုံမှ လက်နက်များကို ဝယ်ယူ၍ သန္ဓေပြောင်း သားရဲများကို သွားရောက် အမဲလိုက်သူတိုင်း ရရှိမည့် အမှတ်များမှာ မိမိထံသို့ ရောက်ရှိလာမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူ၏ အမှတ်များ တိုးပွားလာမှု နှုန်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်လာမည်သာ ဖြစ်ပေသည်။
သို့သော် ဤသတင်းမှာ လူအများ၏ အာရုံစိုက်မှုကို သိပ်ပြီး မရရှိခဲ့ပေ။
အေးအေးချမ်းချမ်း နေထိုင်နိုင်ပါလျက်နှင့် အန္တရာယ်ကြားထဲ မည်သူက အသက်သွားစွန့်ချင်ပါမည်နည်း။
တိုက်ခိုက်လိုစိတ် ပြင်းပြသူ အနည်းငယ်၏ မျက်လုံးထဲတွင်သာ စဉ်းစားနေဟန် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
အစည်းအဝေး တစ်ခုလုံးမှာ ညသန်းခေါင်ယံ အချိန်ရောက်မှသာ ပြီးဆုံးသွားလေသည်။
လင်းယွမ်က အားလုံးကို ပြန်လွှတ်လိုက်ရာ လူအများလည်း ကိုယ့်နေရာကိုယ် အသီးသီး ပြန်သွားကြသည်။
လင်းယွမ်လည်း အိမ်သို့ ပြန်လာခဲ့ပြီး အိမ်ထဲရောက်သည်နှင့် မီးဖိုချောင်မှ ပျံ့လွင့်လာသော မွှေးပျံ့သည့် ရနံ့ကို ရလိုက်သည်။
ရန်မေက ဆိုဖာပေါ်တွင် မှီရင်း အိပ်ပျော်နေခဲ့ပြီ ဖြစ်သည်။
သို့သော် မီးဖိုချောင်ထဲတွင် ဟင်းရည်တည်ထားပုံရပြီး အသားဟင်း ရနံ့များက သင်းပျံ့စွာ ထွက်ပေါ်နေသည်။
လင်းယွမ်က ဆိုဖာပေါ်ရှိ အလှပိုင်ရှင် အိမ်နီးချင်းမလေးကို ကြည့်ရင်း ရင်ထဲတွင် အဆုံးမဲ့ ယုယကြင်နာမှုများ ဖြစ်ပေါ်လာခဲ့သည်။
သူမက ဆိုဖာပေါ်တွင် မှီထားပြီး အနည်းငယ် ချမ်းနေဟန်ဖြင့် ခြေထောက်များကို ကွေးထားကာ ကိုယ်ပေါ်တွင် စောင်တစ်ထည်ကို ခြုံထားလေသည်။
အိမ်ထဲတွင် သန္ဓေပြောင်း နေကြာပန်းများ အများအပြား စိုက်ပျိုးထားသော်လည်း တစ်အိမ်လုံး၏ အပူချိန်မှာ မြင့်မားမနေသေးပေ။
ကံကောင်းသည်မှာ အားလုံးက အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် အအေးဒဏ် ခံနိုင်ရည် စွမ်းအားမှာ အလွန် မြင့်မားနေခြင်းပင်။
သူမက ထူထဲသော ငှက်မွေးအင်္ကျီကို ဝတ်ဆင်ထားသော်လည်း သူမ၏ ပြည့်ဖြိုးသော ရင်သားအချိုးအစားကို သိသာစွာ မြင်တွေ့နေရဆဲ ဖြစ်သည်။
လင်းယွမ်က ဆိုဖာရှေ့သို့ လျှောက်သွားပြီး ခေါင်းငုံ့ကာ သူမ၏ နဖူးလေးကို တစ်ချက် နမ်းရှိုက်လိုက်သည်။
ရန်မေ ချက်ချင်း နိုးလာပြီး လင်းယွမ်ကို မြင်လိုက်ရသောအခါ အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။ "မောင်လေး... အစည်းအဝေး ပြီးပြီလား"
လင်းယွမ်က ပြုံး၍ ဖြေလိုက်သည်။ "အင်း... ခုလေးတင် ပြီးတာ... ဘာလို့ အခန်းထဲ သွားမအိပ်တာလဲ"
ရန်မေက "အမ ဟင်းရည်တည်ထားလို့ပါ... မောင်လေးတို့ အစည်းအဝေးပြီးရင် ဗိုက်ဆာနေမှာစိုးလို့လေ... တင်းယန်တို့ရော"
"သူတို့က ဒီနေ့ အစည်းအဝေး မှတ်တမ်းတွေကို ပြန်သွားစီစဉ်နေရတယ်... မနက်ဖြန်ကျရင် ကိုယ့်ဌာနနဲ့ကိုယ် အစည်းအဝေး အသေးစားလေးတွေ ထပ်လုပ်ရဦးမှာ"
ရန်မေက သက်ပြင်းချလိုက်မိပြီး "အလုပ်တွေ အများကြီး ရှိတာပဲကိုး... ဒါဆို မောင်လေးကို ဟင်းရည်တစ်ခွက် အရင် ခပ်ပေးမယ်လေ... အပြင်မှာ အေးတယ်... သောက်လိုက်ရင် ဗိုက်ထဲ နွေးသွားမှာပေါ့"
လင်းယွမ်က သူမကို လှမ်းဖက်လိုက်ပြီး နားနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သူတို့ ပြန်မလာခင် အခန်းထဲ အရင်သွားရအောင်"
"ဟင်"
ရန်မေ၏ မျက်နှာလေးမှာ ချက်ချင်း နီမြန်းသွားပြီး လင်းယွမ်၏ စကားထဲမှ အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်လိုက်သည်။
သူမက မျက်နှာနီရဲစွာဖြင့် "သူတို့ ရုတ်တရက် ပြန်ရောက်လာရင် ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။
"ဟဲဟဲ... ပြန်ရောက်လာလည်း ဘာဖြစ်လဲ... အမ မခံနိုင်ရင် သူတို့ ဆက်လုပ်ပေးလို့ ရတာပဲ မဟုတ်လား"
"လူဆိုးလေး"
ရန်မေက သူ့ကို တစ်ချက် ထုလိုက်ပြီး ရှက်ရမ်းရမ်းကာ ပြောလိုက်သည်။ "ဒီတစ်ခါတော့ မရလောက်တော့ဘူး"
"ဘာဖြစ်လို့လဲ" လင်းယွမ်က အံ့သြစွာ မေးလိုက်သည်။
ရန်မေက အနည်းငယ် ပျော်ရွှင်နေဟန်ဖြင့် ဗိုက်လေးကို ပွတ်သပ်ကာ ပြောလိုက်သည်။ "အမမှာ ကိုယ်ဝန်ရှိနေပြီ"
ဤစကားလုံး တိုတိုလေးက လင်းယွမ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားသွားရစေသည်။
သူက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး ရန်မေ၏ ဗိုက်လေးကို လှမ်းကိုင်ရန် လက်များ တုန်ယင်နေခဲ့သည်။ သို့သော် သူ၏ ခွန်အားက များလွန်းသဖြင့် နူးညံ့ပြားချပ်နေသော ဝမ်းဗိုက်လေးကို ထိခိုက်မိမည်ကို စိုးရိမ်နေမိသည်။
"တ... တကယ်လား... အမမေ... ဒါ... ဒါ တကယ်ပဲလား"
ရန်မေက သူ ဤမျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ မနေနိုင်ဘဲ မျက်ရည်များ ဝဲလာကာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ "ဟွန့်... တကယ်ပေါ့... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အမ ဒေါက်တာရန်ဆီမှာ ရှောင်ထန်ကို သွားကြည့်တုန်းက ဒေါက်တာရန်က အမရဲ့ မျက်နှာကို ကြည့်ပြီး သွေးခုန်နှုန်း စမ်းခိုင်းလို့လေ"
"ဘယ်သူထင်မှာလဲ... သူ စမ်းကြည့်လိုက်တော့ ချက်ချင်း ကိုယ်ဝန်ရှိနေတာကို သိသွားတာပဲ"
"အမ အဲ့ဒါကို စသိသိချင်းတုန်းကဆို အဲ့ဒီနေရာမှာတင် ငိုတောင် ငိုချလိုက်မိတယ်"
ထိုအချိန်က ရန်မေ မည်မျှ စိတ်လှုပ်ရှားခဲ့မည် ဆိုသည်ကို လင်းယွမ် ကောင်းကောင်း မှန်းဆကြည့်နိုင်သည်။
ရန်မေက သူ့ကို ကလေးလိုချင်ကြောင်း အစောကြီးကတည်းက ပြောဖူးသည်။
ထိုက်ယန်တောင်သို့ ရောက်ရှိပြီးနောက် တရားဝင် အခြေချ နေထိုင်ပြီးကတည်းက မိန်းမများထဲတွင် ရန်မေနှင့် အတူနေချိန်၌သာ သူ အကာအကွယ် မသုံးခဲ့ခြင်း ဖြစ်သည်။
နှစ်ဝက်ပင် မပြည့်သေးချိန်တွင် ရန်မေ၌ ကိုယ်ဝန် ရလာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
တစ်ခဏချင်းမှာပင် လင်းယွမ်၏ ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ရောပြွမ်းသွားပြီး အံ့သြဝမ်းသာမှုများ ရှိသလို၊ ထိတ်လန့် စိုးရိမ်မှုများလည်း ရှိနေသည်။
ဝမ်းသာရခြင်းမှာ မိမိသည် မကြာမီ ဖခင်တစ်ယောက် ဖြစ်လာတော့မည် ဆိုသည့် အချက်ကြောင့်ပင်။ ရေဘေးကြီး မဖြစ်ပွားမီက သူသည် အကြွေးများ၏ ဖိစီးမှုအောက်တွင် ဘဝပျက်လုနီးပါး ဖြစ်ခဲ့ရသည်။
ရည်းစားဖြစ်သူကလည်း တောင်းရမ်းငွေ ကြောင့် သူနှင့် ပြတ်စဲခဲ့ရပြီး၊ သူကိုယ်တိုင်ကလည်း အိမ်ဝယ်ထားသော အကြွေးများကြောင့် အခြား မိန်းကလေး တစ်ယောက်နှင့် ထပ်မံ ချစ်ကြိုက်ရန် ခွန်အားပင် မရှိတော့ချေ။
ဤတစ်သက်တွင် လူပျိုသိုးအဖြစ်သာ ဆက်လက် ရှင်သန်သွားရတော့မည်ဟု ထင်မှတ်ခဲ့ပြီး အိမ်ထောင်ပြုရန်လည်း မစဉ်းစားခဲ့တော့ပေ။
သို့သော် မမျှော်လင့်ဘဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြီး တစ်ခုက တစ်ကမ္ဘာလုံးကို ပြောင်းလဲသွားစေခဲ့သည်။
ရေဘေးကပ်ဆိုးကြီး ဆိုက်ရောက်လာပြီးနောက် သူသည် အိမ်နီးချင်း အလှပိုင်ရှင်၊ အောက်ထပ်မှ တိုက်ရိုက်ထုတ်လွှင့်သူ ကောင်မလေးနှင့် မျက်နှာချင်းဆိုင် တိုက်ခန်းမှ အထက်တန်းကျောင်းသူလေး တို့ကိုပါ ရရှိခဲ့သည်။
ယခုအခါတွင်မူ အိမ်နီးချင်း အလှပိုင်ရှင်လေး၌ သူ၏ ရင်သွေးလေးကိုပင် လွယ်ထားရပြီ ဖြစ်သည်။
ဤအရာက သူ့ကို မည်သို့လျှင် အံ့သြဝမ်းသာ မဖြစ်စေဘဲ နေနိုင်ပါမည်နည်း။
သို့သော် ထိုအံ့သြဝမ်းသာမှုနှင့်အတူ ထိတ်လန့် စိုးရိမ်မှု တစ်ချို့လည်း ရှိနေသေးသည်။
ယခုကဲ့သို့ ရေဘေးကပ်ဆိုးကြီး ကျရောက်နေချိန်တွင် ကလေး မွေးဖွားလာပါက ဤကပ်ဆိုးကြီး၏ အန္တရာယ်များကို ရင်ဆိုင်ရရန် သေချာနေပြီ ဖြစ်သည်။
ဤနေရာသည် ကပ်ဆိုးကာလ ဖြစ်နေပြီး ရေဘေးကြီး မကျရောက်မီက ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း မဟုတ်တော့ပေ။
လင်းယွမ် ကိုယ်တိုင်လည်း ဤအရာက ကလေးအတွက် ကောင်းကျိုးလား၊ ဆိုးကျိုးလား ဆိုသည်ကို မသိနိုင်ပေ။
ထို့ကြောင့် သူ အနည်းငယ် ထိတ်လန့်နေမိခြင်း ဖြစ်ပြီး မိဘတစ်ဦး ဖြစ်လာပြီးနောက် ကလေးအတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို မပေးစွမ်းနိုင်မည်ကို စိုးရိမ်ပူပန်နေမိသည်။
ရေဘေးကြီး မတိုင်မီက လူ့အဖွဲ့အစည်းအတွင်း ဖိအားများ မည်မျှပင် ကြီးမားနေပါစေ အနည်းဆုံးတော့ လူများသည် ပူပင်သောကကင်းစွာ နေထိုင်နိုင်ပြီး စားဝတ်နေရေးအတွက် ပူပန်စရာ မလိုခဲ့ပေ။
အိမ်မဝယ်ဘဲ၊ အိမ်ထောင်မပြုဘဲ နေမည်ဆိုပါက လူငယ်များသည် အလွန် လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်ကြသည်။
သို့သော် ယခုအခါတွင်မူ ရင်ဆိုင်ရမည်မှာ ကုန်ပစ္စည်း ရှားပါးမှုနှင့် ရေထဲမှ သန္ဓေပြောင်း ဘီလူးများသာမက အချိန်မရွေး ကြုံတွေ့လာနိုင်သည့် အပေါင်းအသင်းများအကြား အကောက်ကြံမှုများနှင့် လူသားအချင်းချင်း သတ်ဖြတ်မှုများပင် ဖြစ်တော့သည်။
ဆက်ရန်...
နောက်တစ်အုပ်မှာတော့... ကျွန်းသုံးကျွန်းအတွက် အစီအစဉ်နဲ့လိပ်ကြီးနဲ့အတူ ပျောက်သွားတဲ့ ဝမ်လင်းအာ၊ ဝမ်ယွိအာတို့ညီအမနှစ်ယောက်ရဲ့အဖြစ်၊ သူတို့ကိုလင်းယွမ် သွားရှာရင်း ဘယ်လို အံ့ဖွယ်တွေကြုံရမလဲ၊ ကိုယ်တွေခွဲပြီး အင်မော်တယ်လိုလို ဖြစ်နေတဲ့ လူကရော ပြန်ပေါ်လာမလား၊ ကောင်းကင်ချောက်နက်နဲ့ ထာဝရချောက်နက်တို့က ဘယ်လောက် အန္တရာယ်များလဲ၊ တိမ်တွေအထက်မှာ တကယ်ပဲ ကျွန်းတွေရှိနေလား၊ ရန်မေရဲ့ကိုယ်မှာ ပေါ်လာတတ်တဲ့ ရေခဲနတ်ဘုရားမ ဆိုတာကရော ဘယ်သူလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုအားပေးကြပါဦးနော်။