အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
အခန်း (၂၃၁) - ချီလမ်းကြောင်းဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခြင်း
လော့ထျန်းအဖွဲ့ချုပ်သို့ ပြန်ရောက်ပြီးနောက် လော့ချန်သည် သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သော ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့တွင် လျင်မြန်စွာပင် ပြန်လည် နစ်မြောသွားတော့သည်။
ထိုအတောအတွင်း ဝမ်ယွမ် သူ့ထံသို့ တစ်ခေါက် ရောက်လာခဲ့သေးသည်။ ဟင်္သာအသွင်ပြောင်းလဲခြင်းကျင့်စဥ်ကြောင့် မဟုတ်ဘဲ နာမ်လောကသားများကို နှိမ်နင်းရာတွင် သူကိုယ်တိုင် ရှာဖွေတွေ့ရှိထားသော နည်းစနစ်သစ်များအကြောင်း ဆွေးနွေးရန် ဖြစ်သည်။ သို့သော် လော့ချန်၏ လက်ဝယ်တွင် အဆင့်မြင့် မှော်လက်နက်ဖြစ်သော မြစိမ်းပိုးစုန်းကြူး မီးအိမ် ရှိနေပြီ ဖြစ်ရာ ထိုနည်းစနစ်များမှာ သူ့အတွက် များစွာ အသုံးမဝင်တော့ချေ။
ရုတ်တရက် ချင်လျန်ချန်းက စိတ်အားထက်သန်စွာဖြင့် မေးလာသည်။
"ငါတို့လည်း မြို့ထဲကို စူးစမ်းလေ့လာဖို့ လူလွှတ်သင့်သလား"
လက်ရှိတွင် ချင်လျန်ချန်းသည် ဆေးဖော်ခန်းမဆောင်၌ ဂုဏ်ထူးဆောင်အကြီးအကဲအဖြစ် အမည်ခံထားပြီး အထွေထွေကိစ္စရပ်များကို ကူညီပေးလေ့ရှိသော်လည်း သူ၏ ကျွမ်းကျင်အားသာချက်မှာမူ တိုက်ခိုက်ရေးပိုင်းတွင်သာ ရှိသည်။ ယခင် ဖူမျိုးနွယ်စုကို တိုက်ခိုက်စဉ်ကလည်း သူ တစ်ဦးတည်းနှင့်ပင် ဖူမျိုးနွယ်စု၏ တတိယအကြီးအကဲ ဖူကျွယ်ကို အသာအယာ သုတ်သင်နိုင်ခဲ့သည်။
လော့ထျန်းဟုန်၏ ရွှေပိုးချည်ဆက်ထုံး အတတ်မှာ အမှန်တကယ်ပင် အံ့မခန်းလှသည်။ ချင်လျန်ချန်းသည် လက်အသစ်နှင့် ယခင်ကထက်ပင် ပိုမိုမြန်ဆန်စွာ ကျင့်သားရလာခဲ့သည်။ အတိတ်က အတွေ့အကြုံများ ရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
လော့ချန်သည် တက်ကြွနေသော ချင်လျန်ချန်းကို ကြည့်လိုက်သော်လည်း ချက်ချင်း အဖြေမပေးဘဲ အခြားအင်အားစုများ၏ မြို့ဟောင်းအတွင်း စူးစမ်းမှု အခြေအနေကိုသာ ပြန်မေးလိုက်သည်။
"အင်အားစုတစ်ခုနဲ့တစ်ခု တိုးတက်မှုကတော့ မတူကြဘူးကွ.... အခုထိတော့ နန်ကုန်းမျိုးနွယ်စု က အမြန်ဆုံးပဲ.... သူတို့က ဆိုင်တွေထဲမှာ ကျန်ခဲ့တဲ့ ကျင့်ကြံသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်သယ်နိုင်ရုံတင်မကဘူး…. တော်တော်လေးလည်း အမြတ်ထွက်နေကြတယ်.... တာကျန်းဂိုဏ်းကတော့ အနှေးဆုံးပဲ၊ အဆင့် ၉ ကျင့်ကြံသူ လီတာက ဦးဆောင်နေတာ"
လီတာဟူသော အမည်ကို ကြားလိုက်ရသည့်ခဏ လော့ချန်၏ မျက်လုံးများ စူးရှသွားသည်။ ကောင်းထင်ယွမ် သူ့အား အချိန်ဆွဲရန် ကြိုးစားစဉ်က ဝိညာဉ်ဇီဝိန်ချုပ်အရှင်ကူယွဲ့၏ ဂူသို့ အတူသွားခဲ့သူ နှစ်ဦးအနက် တစ်ဦးမှာ လီတာဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ဤ လီတာဆိုသည့် လူမှာ သာမန်မဟုတ်ချေ။ သူသည် တစ်ကျော့ပြန် သေမင်းတိုက်ပွဲများတွင် တာကျန်းဂိုဏ်းအတွက် အနိုင်ယူပေးခဲ့သူဖြစ်ပြီး ဖိုရှန်းဂိုဏ်းမှ ခန်းမမှူး တောကျားကို သတ်ခဲ့သူလည်း ဖြစ်သည်။ သူတို့အားလုံးမှာ တစ်နည်းမဟုတ် တစ်နည်းဖြင့် သိကျွမ်းနေကြသော လူဟောင်းများသာ ဖြစ်သည်။
‘လီတာက ဦးဆောင်နေတာလား…. ဝမ်ဟိုင်ချောင် ပေးထားတဲ့ ပစ္စည်းတွေအပြင် သူ့မှာ တခြား ဝှက်ဖဲတွေလည်း ရှိဦးမှာပဲ…. အရှင်ကူယွဲ့ရဲ့ဂူထဲကနေ သူ တော်တော်လေး အမြတ်ထွက်ခဲ့ပုံပဲ’ ဟု လော့ချန် တွေးလိုက်မိသည်။
ဝိညာဉ်ဇီဝိန်ချုပ်အရှင်ကူယွဲ့သည် မကွယ်လွန်မီက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့ရာ သူ ချန်ထားခဲ့သော အမွေအနှစ်များမှာ ချီသန့်စင်အဆင့် ကျင့်ကြံသူ နှစ်ဦးအတွက်မူ အဖိုးဖြတ်မရနိုင်သော ရတနာများ ဖြစ်ပေလိမ့်မည်။ ဒေသခံအင်အားစုများ၏ အခြေအနေကို နားထောင်ပြီးနောက် လော့ချန် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"ကျွန်တော်တို့တော့ ဒီရှုပ်ထွေးတဲ့ ကိစ္စထဲ ဝင်မပါတာ အကောင်းဆုံးပဲဖြစ်လိမ့်မယ်ဗျ"
"ဒါဆိုလည်း ပြီးတာပါပဲကွာ"
ချင်လျန်ချန်းက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ သူသည် မြို့တွင်းပိုင်းရှိ သူ၏ အိမ်ဟောင်းသို့ ပြန်သွားကာ အမှတ်တရ ပစ္စည်းအချို့ကို ပြန်ယူချင်နေသောကြောင့်သာ ဤအကြံကို ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ပုံစံကို ကြည့်ကာ လော့ချန် ရယ်မောလိုက်သည်။
"ဟားဟား.... ဘာလဲ.... တော်တော်လေး ပျင်းနေတာလား.... အခုတလော ကျင့်ကြံခြင်း အခြေအနေ ဘယ်လိုလဲဗျ ဦးလေးချင်ရဲ့"
ထိုစကားကို ကြားသောအခါ ချင်လျန်ချန်း မျက်နှာပျက်သွားသည်။ လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာဖြစ်လို့လဲ ဦးလေးချင်.... ဆေးလုံးတွေ ကုန်နေတာလား ဒါမှမဟုတ် အဆင့်တက်ဖို့ အခက်အခဲ ရှိနေလို့လား"
ချင်လျန်ချန်း ခေါင်းခါလိုက်သည်။
"အရင်ကဆိုရင်တော့ ချီသန့်စင်အဆင့် ၉ ပြီးပြည့်စုံအဆင့်ကို ရောက်ဖို့ နှစ်အနည်းငယ်ပဲ လိုတော့တာ.... ဘာအခက်အခဲမှ မရှိခဲ့ပါဘူး၊ ဆေးလုံးလည်း မပြတ်ပါဘူး.... မှောင်ခိုဈေးကွက်တွေမှာ တခြားနယ်ကလာတဲ့ ဆေးလုံးတွေလည်း အများကြီး ရှိတာပဲ"
"ဒါဆို ဘာက ပြဿနာ ဖြစ်နေတာလဲဗျ"
ချင်လျန်ချန်းက သက်ပြင်းချရင်း သူ၏ ညာဘက်လက်မောင်းကို ဘယ်လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်သည်။
"ဒီလက်အသစ်က ရွှေပိုးအိမ်မျှင်တွေနဲ့ ငါ့ရဲ့ အသား၊ အရိုးတွေကို ပေါင်းစပ်ထားတာဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ မူလလက် မဟုတ်ဘူးလေ.... အခု ငါ့ရဲ့ ကျင့်ကြံခြင်း အရှိန်က အတော်လေး နှေးသွားပြီ.... အရင်က နှစ်အနည်းငယ်ပဲ လိုတဲ့အရာက အခုဆိုရင် အနည်းဆုံး ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် ကြာသွားတော့မယ်"
လော့ချန်၏ မှတ်ဉာဏ်အရ ချင်လျန်ချန်းသည် အသက် (၅၀) ဝန်းကျင် ရှိနေပြီ ဖြစ်သည်။ နောက်ထပ် အနှစ်နှစ်ဆယ်ဆိုလျှင် အသက် (၇၀) နီးပါး ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် အခြေတည်ဆေးလုံး ရှိနေလျှင်ပင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းအောင်မြင်နိုင်ခြေမှာ အလွန်ပင် နည်းပါးသွားပေလိမ့်မည်။ သူ၏ မွေးရာပါ အရည်အချင်းမှာလည်း ဝိညာဉ်အမြစ် သုံးခု ရှိနေသည် မဟုတ်ပါလော။
လော့ချန်လည်း အခြေအနေကို နားလည်သွားသည်။ ချင်လျန်ချန်း အဘယ်ကြောင့် ဤမျှ စိတ်ပျက်နေသည်ကို သူ သဘောပေါက်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းလမ်းစဉ်သာ ဤသို့ ပိတ်ဆို့ခံရလျှင် သူကိုယ်တိုင်လည်း ထပ်တူ ခံစားရမည်သာ ဖြစ်သည်။ ရွှေပိုးအိမ်မျှင်များဖြင့် ပြုလုပ်ထားသော လက်အသစ်မှာ မူလသွေးကြောများနှင့် အပ်စိုက်မှတ်များကို တုပထားသော်လည်း အမှန်တကယ် ကျင့်ကြံသည့်အခါ ကြာရှည်စွာ အားစိုက်ထုတ်ပါက စူးရှသော နာကျင်မှုကို ခံစားရလေ့ရှိသည်။
ထိုလက်မောင်းကို အတင်းအကျပ် အသုံးပြုပါက ကိုယ်လက်အင်္ဂါကိုပင် ထိခိုက်စေနိုင်သဖြင့် ချင်လျန်ချန်း၏ ကျင့်ကြံခြင်းနှုန်း သိသိသာသာ နှေးကွေးသွားရခြင်း ဖြစ်သည်။
လော့ချန်အနေဖြင့် နှစ်သိမ့်စကား ပြောရုံမှတစ်ပါး အခြား မတတ်နိုင်ချေ။ ကံကောင်းသည်မှာ ချင်လျန်ချန်းသည် နဂိုကတည်းက အကောင်းမြင်တတ်သူ ဖြစ်သဖြင့် ဤခံစားချက်များကို အကြာကြီး တနုံ့နုံ့ခံစားမနေပေ။
"ဘယ်တတ်နိုင်မှာလဲ.... ကြည့်ရသေးတာပေါ့ကွာ၊ လမ်းဆိုတာ လျှောက်ရင်းနဲ့ ပေါ်လာတာပဲ၊ တောင်ခြေရောက်ရင် လမ်းတွေ့မှာပါ" ဟု ဆိုကာ အားရပါးရ ရယ်မောရင်း ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။ လော့ချန်ကမူ စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း မျက်နှာတွင် အပြုံးမပျက်ဘဲ ချင်လျန်ချန်းကို တာဝန်တစ်ခု ပေးလိုက်သည်။
"အမ်.... ဆေးဖက်ဝင်ပစ္စည်းတွေ သွားလက်ခံရမှာလား" ဟု ချင်လျန်ချန်းက မေးသည်။
"ဟုတ်တယ်ဗျ.... နဂါးရတနာ မှောင်ခိုဈေးကွက်က ကျွန်တော်မှာထားတဲ့ ပစ္စည်းတွေကို လာပို့လိမ့်မယ်…. နောက်နှစ်ရက်အတွင်း ရောက်မယ် ထင်တယ်၊ အဲ့ဒါကို ဦးလေးချင်ပဲ သွားကိုင်တွယ်ပေးပါ" ဟု လော့ချန်က ပြန်ဖြေလိုက်သည်။
ပြောပြောဆိုဆိုနှင့်ပင် လော့ချန်သည် အဆင့်မြင့် မှော်လက်နက်တစ်ခုကို ထုတ်ပေးလိုက်သည်။ ထိုအရာမှာ လခြမ်းတောင်ကြားတိုက်ပွဲမှ ရရှိခဲ့သော စစ်သုံ့ပစ္စည်းတစ်ခုဖြစ်ကာ ကိုယ်ဖျောက်နိုင်သည့် စွမ်းရည်ရှိသည်။ ချီဖုံးကွယ်မှော်အတတ်နှင့် မယှဉ်နိုင်သော်လည်း အတော်လေးတော့ အသုံးဝင်လှသည်။ ချင်လျန်ချန်းက ထိုအရာကို ယူကာ တာဝန်ကို လက်ခံလိုက်တော့သည်။
ချင်လျန်ချန်း ထွက်သွားပြီးနောက် လော့ချန် ခေါင်းခါလိုက်မိသည်။ သူ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးခဲ့သော်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင်မူ သူလည်း ဘာမှ မတတ်နိုင်ပေ။ အချို့သောအရာများသည် မိမိကိုယ်တိုင်သာ အားကိုးရမည် ဖြစ်သည်။
လော့ချန်သည် သားရေစတစ်ခုကို ထုတ်ယူလိုက်ပြီး အာရုံစိုက်ကာ စတင်လေ့လာလိုက်သည်။
“အင်း.... နတ်ဒေဝါပျားရည်.... သူ့ရဲ့ အာနိသင်တွေကို ကြည့်ရသလောက် မိစ္ဆာသားရဲတွေအတွက် တော်တော်ကြီး ကောင်းတဲ့ ဝိညာဉ်ဆေးတစ်မျိုးပဲ၊ ဒါပေမဲ့ ပါဝင်ပစ္စည်း သုံးမျိုးက လူသားတွေပဲစုပ်ယူနိုင်တာ၊ ဒါဆိုရင် လူသားတွေလည်း ဒီဆေးကို သုံးလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား”
[ ရုပ်ဝတ္ထုသာရှိပြီး အသက်ဓာတ်မရှိလျှင် မြေပြင်သို့ ပြန်လည်ရောက်ရှိမည်။ ရုပ်ဝတ္ထုရော အသက်ဓာတ်ပါ ရှိလျှင်မူ ချုပ်နှောင်မှုမှ လွတ်မြောက်ကာ ကောင်းကင်သို့ ပျံတက်နိုင်မည် ]
"သစ်ပင်ပန်းမန်တွေက နတ်ဒေဝါပျားရည်ကို သုံးရင် မဟာတာအိုနဲ့ နီးစပ်သွားမယ်လို့ ပြောချင်တာလား…."
"သစ်ပင်ပန်းမန် မဟုတ်တဲ့သူတွေကရော ဒီဆေးကို သုံးပြီး ချုပ်နှောင်မှုကနေ လွတ်မြောက်ပြီး ကောင်းကင်ကို ပျံတက်နိုင်တာလား…."
"ချုပ်နှောင်မှုဆိုတာ ဘာလဲ…. ကောင်းကင်ကို ပျံတက်တာကရော ဘာလဲ"
လော့ချန်သည် အတွေးများစွာဖြင့် မှန်းဆကြည့်သော်လည်း တိတိကျကျတော့ မသိနိုင်သေးချေ။ သူ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နတ်ဒေဝါပျားရည် ဖော်စပ်နည်းကို ဘေးဖယ်ထားကာ အခြား စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။
၎င်းမှာ ချီလမ်းကြောင်းဆေးလုံး ဖြစ်သည်။ အဓိက ပါဝင်ပစ္စည်းများမှာ ဝိညာဉ်ရိပ်ဆေးပင်နှင့် နှင်းမြေခွေးမိစ္ဆာသွေးတို့ ဖြစ်ကာ အခြား အထောက်အကူပြု ကုန်ကြမ်း (၂၇) မျိုး ပါဝင်သည်။
၎င်းကို သုံးစွဲပါက ကျင့်ကြံသူ၏ ဝိညာဉ်အုတ်မြစ်ကို မြှင့်တင်ပေးနိုင်သလို ဝိညာဉ်အာရုံစွမ်းအားကိုလည်း ခိုင်မာစေနိုင်သည်။ ဤဆေးဖော်နည်းမှာ မီရှုဟွာထံမှ ရရှိခဲ့သော တစ်ပိုင်းတစ်စ ဆေးကျမ်းဖြစ်သည်။ လော့ချန်သည် ၎င်းကို အချိန်အတော်ကြာ လေ့လာခဲ့ပြီးနောက် မိမိဘာသာ အထောက်အကူပြု ပစ္စည်းများကို ဖြည့်စွက်ကာ ပြည့်စုံအောင် ပြုပြင်ထားခြင်း ဖြစ်သည်။
ထို့နောက် သူသည် အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကာ ထိုဆေးဖော်စပ်နည်းကို အာရုံစိုက်လိုက်သည်။
[ ချီလမ်းကြောင်း ဆေးလုံး၊ ပထမအဆင့် ပြည့်စုံသော ဆေးဖော်စပ်နည်း။
အခြေခံအဆင့် သင်ယူရန် အဆင်သင့်ဖြစ်နေပါပြီ ]
[ သင်ယူမည်လော ]
လော့ချန် ကျေနပ်စွာဖြင့် စနစ်မျက်နှာပြင်ကို ပိတ်လိုက်သည်။ ဤသည်မှာ သူ၏ ဖြည့်စွက်ချက်များ မှန်ကန်ကြောင်း သက်သေပြလိုက်ခြင်းပင်။ သို့သော် သူ ချက်ချင်း သင်ယူရန် မရွေးချယ်သေးချေ။
အဓိကအကြောင်းရင်းမှာ ထျန်းရှင်းကျီဘက်မှ လိုအပ်သည့် ကုန်ကြမ်းများကို စုဆောင်းပေးနိုင်မလား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သောကြောင့်ပင်။ အထူးသဖြင့် အဓိကပါဝင်ပစ္စည်း တစ်မျိုးဖြစ်သော နှင်းမြေခွေးမိစ္ဆာသွေးမှာ နှင်းကြာပန်းဈေးမြို့တော်၏ အထူးထွက်ကုန်ဖြစ်ရာ ရရှိရန် မလွယ်ကူလှချေ။
နှင်းမြေခွေးသည် နှင်းတောင်တန်းမှ ပထမအဆင့် မိစ္ဆာသားရဲဖြစ်ကာ ကိုယ်ဖျောက်ခြင်းနှင့် လှည့်စားခြင်း အတတ်များတွင် ကျွမ်းကျင်ပြီး အလွန်ပင် ပါးနပ်လှပေသည်။ ထိုသားရဲကို ဖမ်းဆီးရန်မှာ အလွန်ပင် ခက်ခဲလှသည်။
နဂါးရတနာ မှောင်ခိုဈေးကွက်၏ စွမ်းအားနှင့်ပင် ရရန် ခက်ခဲလိမ့်မည်ဟု သူ ထင်နေမိသည်။
....
အမှန်စင်စစ် လော့ချန်သည် နဂါးရတနာ မှောင်ခိုဈေးကွက်ကို အလွန်အမင်း အထင်သေးခဲ့မိခြင်းပင်။
ထိုညမှာပင် ချင်လျန်ချန်းသည် သိုလှောင်အိတ်တစ်အိတ်နှင့်အတူ ပြန်ရောက်လာသည်။
"ကဲ လော့ချန်ရေ…. အားလုံး ဒီအိတ်ထဲမှာပဲ.... ယင်သားရဲချီ နဲ့ မြောက်ပင်လယ် ဂုံးခြောက်ကလွဲလို့ ကျန်တာ အကုန်ပါတယ်…. မင်းပေးတဲ့ ဝိညာဉ်ကျောက်တုံး ၃၀၀၀ ထဲက ၁၇၈၀ ကုန်တယ်၊ ကျန်တာ ၁၂၂၀ ဒီမှာ ပြန်ယူ"
လော့ချန်မှာ သူတို့၏ လက်တန်ရှည်ကာ ထိရောက်သည့်ကုန်သွယ်မှုကြောင့် အံ့အားသင့်သွားရသည်။ နှင်းမြေခွေးမိစ္ဆာသွေးကိုပင် ရအောင် ရှာပေးနိုင်ခဲ့သည် မဟုတ်ပါလော။ သူသည် ကျန်ရှိသော ဝိညာဉ်ကျောက်များကိုပင် စစ်ဆေးမနေတော့ဘဲ သိုလှောင်အိတ်ကို ဝမ်းသာအားရ ယူလိုက်သည်။
"ဟဲဟဲ.... ဦးလေးချင်ကို ကျွန်တော် မယုံဘဲ နေမလားဗျာ" ဟု လော့ချန်က ရယ်မောရင်း ပြောလိုက်သည်။
ချင်လျန်ချန်းက ပြုံးလျက် "ပစ္စည်းလာပို့တဲ့ ဝမ်မျိုးနွယ် ကျင့်ကြံသူက ပြောတယ်.... ယင်သားရဲချီက ဒုတိယအဆင့်ဖြစ်လို့ သူတို့ အခုချက်ချင်း ရှာမရသေးဘူးတဲ့…. ဒါပေမဲ့ မြောက်ပင်လယ် ဂုံးခြောက်ကိုတော့ လမ်းကြောင်းရပြီ၊ နောက်လကျရင် သေချာပေါက် ရလိမ့်မယ်တဲ့" ဟု ဆိုသည်။
ဤရလဒ်မှာ မျှော်လင့်ထားသည်ထက်ပင် ပိုကောင်းနေသည်။ မြောက်ပင်လယ်ဂုံးခြောက်ကို ရရှိမည်ဆိုပါက အံ့ဖွယ်တစ်သောင်းဆေးလုံးများကို ပြန်လည် ဖော်စပ်နိုင်တော့မည် ဖြစ်သည်။ လော့ချန်သည် သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်ပြီး ပြုံးလျက် မေးလိုက်သည်။
"ဒါနဲ့ ဦးလေးချင်.... ဖူကျန်းဆီက ရတဲ့ ရွှေဖရုံသီးပုံစံ စစ်တူကြီးကိုကော ကိုင်ရတာ ကျင့်သားရပြီလား"
"အင်း.... အတော်လေး ကောင်းတယ်ကွ၊ နည်းနည်းတော့ လေးပေမဲ့ စွမ်းအားကတော့ ထိပ်တန်းပဲ၊ ပြီးတော့ ရွှေဓာတ် ဖြစ်နေတော့ ငါနဲ့လည်း ကွက်တိပဲ" ဟု ချင်လျန်ချန်းက ပြန်ဖြေသည်။
ခဏမျှ စကားပြောပြီးနောက် ချင်လျန်ချန်းသည် သမ်းဝေရင်း ဆေးဖော်ခန်းမဆောင်မှ ထွက်ခွာသွားတော့သည်။
ယခုအခါ သူနှင့် မုရုံချင်းလျန် တို့သည် လော့ထျန်းအဖွဲ့မှ ဆောက်ပေးထားသော အိမ်ရာတစ်ခုတွင် နေထိုင်ကြသည်။ လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူ အများစုမှာလည်း မြို့တွင်းပိုင်း ပျက်စီးသွားသဖြင့် အဖွဲ့ချုပ်အနီးတစ်ဝိုက်တွင် အိမ်များဆောက်ကာ နေထိုင်နေကြသည်။ မြို့တွင်းပိုင်း ပျက်ဆီးသွားသော်လည်း ဝိညာဉ်ကြောမှ စွမ်းအင်များမှာ ပျံ့နှံ့နေဆဲ ဖြစ်သည်။ ဤနေရာတွင် နေထိုင်ခြင်းမှာ မြို့တွင်းပိုင်းတွင် နေထိုင်ရသည်နှင့် မခြားနားပေ။ ထို့အပြင် အရင်လို အိမ်ငှားခလည်း ပေးစရာမလိုတော့ချေ။
အိမ်ငှားခအကြောင်း တွေးမိသောအခါ လော့ချန်သည် ကျောက်စိမ်းအိုးဓားနန်းဆောင်မှ စွန်းရှို့ကို သတိရသွားမိသည်။ နှမြောစရာပင်။ အဘိုးစွန်းသည် ဤဝေးလံခေါင်ဖျားသော နေရာလေးတွင် မိမိ၏ ဂိုဏ်းအတွက် တစ်သက်လုံး ပေးဆပ်ရန် ပြင်ဆင်ထားခဲ့သူ ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် အေးချမ်းစွာ သေဆုံးခွင့်ပင် မရခဲ့ရှာပေ။ ပြန်တွေးမိလျှင်လည်း ဝမ်းနည်းရုံသာ ရှိတော့သဖြင့် လော့ချန် စိတ်ကို ပြန်လည်စုစည်းကာ ဆေးဖော်ဆောင်ထဲသို့ ဝင်လိုက်သည်။
ပထမဆုံး ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီးနောက် ဆေးဖက်ဝင်အပင်များကို သက်ဆိုင်ရာ ဆေးဗီဒိုများထဲသို့ ထည့်လိုက်သည်။ ဤဆေးဖက်ဝင်ပစ္စည်း အများစုမှာ ဆေးမဖော်မီ ကြိုတင် ပြုပြင်ရန် လိုအပ်သည်။ အရာအားလုံး အဆင်သင့်ဖြစ်သောအခါ သူသည် ချီလမ်းကြောင်း ဆေးလုံးဆီသို့ အာရုံပြောင်းလိုက်သည်။
အဓိကပါဝင်ပစ္စည်း နှစ်မျိုးနှင့် အရန်ကုန်ကြမ်း ၂၇ မျိုးလုံးကို ထုတ်ယူလိုက်သည်။
"ဝိညာဉ်ရိပ်ဆေးပင်ကို အရင်ဆုံး အခြောက်ခံရမယ်…. ဒါကတော့ လွယ်ပါတယ်၊ ဆေးမီးဖိုရဲ့ အပူရှိန်နဲ့တင် လုပ်လို့ရတယ်"
သူသည် စိမ်းစိုနေသော ဝိညာဉ်ရိပ်ဆေးပင်များကို ဆေးအခြောက်ခံသည့် စင်ပေါ်တွင် ညီညာစွာ ဖြန့်ခင်းလိုက်သည်။ အောက်ရှိ မီးဖိုမှ အပူရှိန်များမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။ အဓိက ပါဝင်ပစ္စည်း နှစ်မျိုးအနက် ဝိညာဉ်ရိပ်ဆေးပင်ကို ပြုပြင်ရသည်မှာ အလွယ်ကူဆုံး ဖြစ်သည်။ သို့သော် နှင်းမြေခွေးမိစ္ဆာသွေးမှာမူ လုံးဝ တခြားစီပင်။
"အင်း.... နှင်းမြေခွေးမိစ္ဆာသွေးကို ကိုင်တွယ်ရတာကတော့ အရမ်းခက်တာပဲ.... အဆင့် ငါးဆင့်တောင် လုပ်ရမှာ.... ငါသာ ရေတံခွန်စိမ့်စမ်း အတတ်ကို တတ်ရင် သုံးဆင့်လောက်ကို ကျော်သွားလို့ ရမှာ….”
“ပြီးတော့ ဒီအထောက်အကူပြု ပစ္စည်းတွေထဲက ကြယ်တာရာမြက်ကလည်း အဆိပ်ပြင်းပြီး အာရုံချောက်ခြားစေတတ်တယ်၊ ဒါကို အဆိပ်ဖြေကျောက်နဲ့ အဆိပ်ထုတ်ရမယ်…. ဒါပေမဲ့ သူ့ရဲ့ အာရုံချောက်ခြားစေတဲ့ အာနိသင်ကိုတော့ ကျန်နေအောင် လုပ်ရမယ်”
“ကျန်တဲ့ ပစ္စည်းတွေကတော့ အဆင်သင့် ရှိနေတာမို့ သိပ်ပြဿနာ မရှိပါဘူး"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၃၂) - စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာ နှစ်ပါးဟန်ချက်ညီညီ ကျင့်ကြံသူ
သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာသောအခါ လော့ချန်သည် ချီလမ်းကြောင်းဆေးလုံး ဖော်စပ်နည်းတွင် ပါဝင်သည့် ကုန်ကြမ်းများအားလုံးအတွက် ပြုပြင်မည့် နည်းလမ်းများကို ချမှတ်နိုင်ခဲ့သည်။ အချို့သော ကုန်ကြမ်းများကိုမူ ယခုပင် စတင်ပြုပြင်နေပြီဖြစ်သော်လည်း အချို့မှာမူ အချိန်အတန်ကြာ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။
သို့သော် ယခုအခါ အခြေအနေများမှာ အတိတ်နှင့် မတူတော့ဘဲ ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလော။ အရာအားလုံးကို သူကိုယ်တိုင် ကိုင်တွယ်နေရန် မလိုတော့ချေ။ အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်အောက်ရှိ ဆေးဖော်စပ်သူ သင်တန်းသားများကို တာဝန်ခွဲဝေပေးလိုက်ရုံဖြင့် အရာရာ ပြီးမြောက်နိုင်သည်။ သို့သော်လည်း ကျင့်ကြံခြင်းကိစ္စကိုမူ သူ မည်သည့်အခါမျှ အပေါ့အလျော့ မလုပ်ဝံ့သလို လျစ်လျူရှုထားရန်လည်း လုံးဝ စိတ်မကူးခဲ့ချေ။
ကျင့်ကြံခြင်းကို နောက်တစ်ကြိမ် အဆုံးသတ်လိုက်ပြီးနောက် လော့ချန် အခြေအနေပြကြေးမုံပြင်ကို တစ်ချက်ကြည့်လိုက်သည်။
အဆင့် - ချီသန့်စင်အဆင့် (၉) (၈/၁၀၀)
အဆင့် (၉) သို့ စတင်ခြေချနိုင်ခဲ့သည်မှာ ယခုဆိုလျှင် လေးလနီးပါး ရှိခဲ့ပြီဖြစ်ရာ ဤတိုးတက်မှု အရှိန်အဟုန်အပေါ် သူ အလွန်ပင် ကျေနပ်အားရမိသည်။ ပထမဆုံးလတွင် တိုးတက်မှုနှုန်းမှာ အလွန်ပင် နှေးကွေးလှသဖြင့် တိုးတက်မှု (၁) မှတ်မှ (၂) မှတ်သို့ ရောက်ရှိရန်ပင် လိပ်သွားနှုန်းအလား အချိန်ယူခဲ့ရသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်လအတွင်း၌မူ သူ၏ ကျင့်ကြံခြင်း အရှိန်မှာ သိသိသာသာ နှစ်ဆတိုးလာခဲ့ပြီး ယခုအခါ တိုးတက်မှု (၈) မှတ်အထိ ရောက်လာပြီ ဖြစ်သည်။ ဤအောင်မြင်မှု၏ အဓိကသော့ချက်မှာ ချီသန့်စင်ဆေးလုံး များပင်။
"အခု သွားနေတဲ့နှုန်းအတိုင်းဆိုရင် တစ်လကို တိုးတက်မှု ၁ မှတ်ခွဲ လောက် ရှိနေတာပဲ…. ချီသန့်စင်ဆေးလုံးတွေက တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ နတ်ဆေးတွေပဲ ဟေ့.... အစ်ကိုကြီး ထျန်းရှင်းကျီသာ ငါ့အတွက် ဒီဆေးလုံးတွေ များများ ထပ်ရှာပေးနိုင်ရင် သိပ်ကောင်းမှာပဲ"
လော့ချန်သည် သူ၏ လက်ကျန်ဆေးလုံးများကို အမြန်စစ်ဆေးလိုက်သည်။ ပြီးခဲ့သည့် နှစ်လအတွင်း ဆယ်ရက်လျှင် တစ်လုံးနှုန်း ပုံမှန်သုံးစွဲခဲ့ရာ ယခုအခါ (၃၃) လုံးသာ ကျန်ရှိတော့သည်။ ဤနှုန်းအတိုင်းသာ ဆက်လက်သုံးစွဲသွားမည်ဆိုလျှင် နောက်ထပ် တစ်နှစ်ခန့်သာ အသုံးခံတော့မည် ဖြစ်သည်။
"မလောနဲ့.... မလောနဲ့"
ထိုသို့စိတ်ထိန်းရင်း လော့ချန် ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။ သူ၏ လက်ရှိကျင့်ကြံခြင်း အရှိန်အဟုန်မှာပင် အလွန် ထူခြားနေပြီဖြစ်သည်။ ဝိညာဉ်အမြစ် နှစ်ခုရှိသော ကျင့်ကြံသူများပင် သူ့အား လိုက်ရန် ခဲယဉ်းပေလိမ့်မည်။
ချီသန့်စင်ဆေးလုံးများ၏ ပံ့ပိုးမှုဖြင့်ဆိုပါက ကောင်းကင်ဝိညာဉ်အမြစ်ပိုင်ရှင်များနှင့်ပင် မကွာခြားတော့ပေ။ သို့သော် ကျင့်ကြံခြင်းအရှိန်ကို မမြှင့်တင်နိုင်လျှင်ပင် အခြားသော နည်းလမ်းများမှ မိမိ၏ စွမ်းအားကို မြှင့်တင်နိုင်သေးသည်။
အေးမြသော နံနက်ခင်း လေပြည်ထဲတွင် လော့ချန်သည် သိုလှောင်အိတ်ထဲမှ ဆေးပုလင်းငယ်လေး တစ်ပုလင်းကို ထုတ်ယူလိုက်သည်။
ချီစွမ်းအားကို အသာအယာ စီးဆင်းစေလိုက်ရာ ကြည်လင်တောက်ပသော အရည်နှစ်စက်မှာ လေထဲသို့ ဝဲပျံတက်သွားပြီး သူ၏ မျက်လုံးများထဲသို့ အသာအယာ ကျဆင်းသွားတော့သည်။ ထိုအရည်များ သူ၏ မျက်စိသူငယ်အိမ်နှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်စူးရှလှသော ပူလောင်နာကျင်မှုကြီးက ဦးနှောက်ထဲအထိ ပေါက်ကွဲထွက်လာတော့သည်။
လော့ချန် မျက်လုံးများကို ချက်ချင်း ပိတ်လိုက်ရသည်။ ခံစားချက်မှာ ငရုတ်သီး မျက်လုံးထဲ ဝင်သွားသည်နှင့် ဆင်တူကာ အပ်နှင့် ထိုးဆွခံရသလိုလည်း စူးရှနာကျင်လှသည်။
လော့ချန်တစ်ယောက် မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။ အတန်ကြာမှသာ သူ မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်နိုင်တော့သည်။ မျက်ရည်များကို သုတ်လိုက်ပြီးနောက် သူ သက်ပြင်းတစ်ချက်ကို ပြင်းထန်စွာ ရှူထုတ်လိုက်သည်။
"အမလေး တော်သေးတာပေါ့.... နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဥ်ကို ကျင့်ထားလို့သာ ဒီလောက်နာကျင်မှုကို ခံနိုင်ရည်ရှိတာ"
သူ မျက်တောင်ကို အကြိမ်အနည်းငယ် ခတ်လိုက်ရာ တစ်ညလုံး ကျင့်ကြံထားသဖြင့် ပင်ပန်းနေသော မျက်လုံးများမှာ ချက်ချင်း ကြည်လင်တောက်ပသွားသည်။ သူ၏ အမြင်အာရုံမှာ ယခင်ကထက် ပိုမိုစူးရှကြည်လင်လာပြီး မြင်ကွင်းများမှာလည်း အံ့မခန်း ထင်ရှားလာသည်။ သူ၏ နက်မှောင်သော သူငယ်အိမ်များမှာ ညကောင်းကင်ယံမှ ကြယ်ပွင့်များအလား ထူးခြားစွာ လင်းလက်တောက်ပနေသည်။
"ရောင်စဉ်အနှစ်သာရဆေးက ပုလဲအနှစ်သာရဆေးထက် ဆယ်ဆလောက် ပိုထိရောက်တာပဲ…. နှစ်လလောက် သုံးလိုက်ရုံနဲ့ ငါ့ရဲ့ အမြင်အာရုံက မိုင်တစ်ရာကျော်အထိ ရောက်သွားပြီ"
သူသည် အောက်ခြေဖင်ကပ်နေပြီဖြစ်သော ပုလင်းလေးကို ကြည့်ကာ နှမြောတသစွာ ရေရွတ်လိုက်မိသည်။
"မဖြစ်ဘူး....ဒီပစ္စည်းကိုလည်း အများကြီး ထပ်ရှာရမယ်"
အမြင်အာရုံ မြှင့်တင်ခြင်းကြောင့် ရရှိလာမည့် အတိုင်းအဆမရှိသော အကျိုးကျေးဇူးများကို လော့ချန် အသိဆုံးဖြစ်သည်။ ဤမျက်လုံးများကြောင့်ပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည် မဟုတ်ပါလော။ လခြမ်းတောင်ကြား တိုက်ပွဲတွင် သစ္စာဖောက်၏ ရုပ်ဖျက်မှုကို ဤမျက်လုံးများဖြင့်ပင် ခွဲခြားနိုင်ခဲ့သလို လန်ချန်းမြစ်နှင့် တာဟဲမြို့တွင်းပိုင်း တိုက်ပွဲများကိုလည်း ဘေးကင်းရာမှနေ၍ သာမန်ကျင့်ကြံသူများ မမြင်နိုင်သော အသေးစိတ်အချက်အလက်များအထိ သူ မြင်တွေ့နိုင်ခဲ့သည်။
ထို့အပြင် နဂါးရတနာ မှောင်ခိုဈေးကွက်၌ ဟင်္သာအသွင်ပြောင်းလဲခြင်း သားရေစအတွင်း ဝှက်ထားသော လျှို့ဝှက်ချက်ကို မြင်နိုင်ခဲ့သဖြင့် ဒုတိယအဆင့် ဆေးဖော်စပ်နည်းဖြစ်သော နတ်ဒေဝါပျားရည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ခံစားလိုက်ရသော စစ်မှန်သည့် ကံထူးမှုပင် ဖြစ်သည်။ ထိုအချိန်မှစ၍ မျက်စိအစွမ်း မြှင့်တင်ခြင်းမှာ သူ၏ လုပ်ငန်းစဉ်များတွင် မဆိုင်းမတွ လုပ်ဆောင်ရမည့် ဦးစားပေး ဖြစ်လာခဲ့တော့သည်။
ရောင်စဉ်အနှစ်သာရဆေး မရှိလျှင်ပင် ပုလဲအနှစ်သာရဆေးကို ဆက်လက် အသုံးပြုသွားရမည်သာ ဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ တစ်စစနှင့် သူ၏ အထွတ်အထိပ်အဆင့် နတ်မျက်စိများမှာ ပိုမိုမြင့်မားသော အဆင့်သို့ မလွဲမသွေ ရောက်ရှိလာပေလိမ့်မည်။
လော့ချန်၏ နံနက်ခင်း ကျင့်ကြံခြင်း အစီအစဉ်မှာ ဤမျှနှင့် ပြီးဆုံးသွားခြင်း မရှိသေးချေ။ သူ နောက်ထပ် ဆေးပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်ပြန်သည်။ ၎င်းမှာ ရွှေကျောက်စိမ်းရည်ပင် ဖြစ်သည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက် အလွန်သင့်တော်သော ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေး တစ်မျိုး ဖြစ်သည်။
ဝမ်ယွမ်တစ်ယောက် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားခြင်းမှာ သူ၏ လူသားဘဝက သိုင်းပညာအခြေခံကြောင့် ပါသော်လည်း ပို၍အဓိကကျသည်မှာ ဤဆေး၏ အစွမ်းကြောင့်ပင် ဖြစ်သည်။ ဝမ်ယွမ်သည် သူ၏ ဝိညာဉ်ကျောက်တုံးအားလုံးကို ထိုက်ရှန်းစျေးမြို့တော်မှ ဤရွှေကျောက်စိမ်းရည်ကို ဝယ်ယူရန် အသုံးပြုခဲ့သည်။
သူ ခန္ဓာကိုယ်ကျင့်ကြံခြင်း ပထမအဆင့် ပြည့်စုံသွားသောအခါ ပိုလျှံနေသော ရွှေကျောက်စိမ်းရည်တစ်ပုလင်းကိုပင် လော့ချန်အား လက်ဆောင်ပေးခဲ့သည်။
ထိုစဉ်က လော့ချန် ဤပစ္စည်းကို ပထမဆုံးအကြိမ် စမ်းသပ်သုံးစွဲခွင့် ရခဲ့ခြင်း ဖြစ်သည်။ ဆေး၏ အာနိသင်မှာ အမှန်တကယ်ပင် ထူးခြားလှပေသည်။ ၎င်း၏ အစွမ်းမှာ အမည်တွင်ပင် ဖော်ပြထားပြီး ဖြစ်သည်။
ရွှေ ဆိုသည်မှာ ပြင်ပရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ဆိုလိုခြင်းဖြစ်ကာ ရေရှည်သုံးစွဲပါက စိန်သားကဲ့သို့ မာကျောသော ဝရဇိန်ခန္ဓာ အဆင့်သို့ ရောက်ရှိနိုင်သည်။ ကျောက်စိမ်းရည်မှာမူ ခန္ဓာကိုယ် အတွင်းပိုင်း အရိုးများနှင့် သွေးကြောများကို သန်မာစိုပြေစေသည်။ ရေရှည်သုံးစွဲပါက ဝမ်ယွမ်၏ လက်ရှိ ကျောက်စိမ်းသားခန္ဓာမျိုး ရရှိစေနိုင်သည်။
ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်အား မည်သို့ လေ့ကျင့်ရမည်ကိုမူ ဝမ်ယွမ် အကြမ်းဖျင်းသာ ပြောပြခဲ့ပြီး အသေးစိတ် မပြောခဲ့ပေ။ အသေးစိတ်် ရှင်းပြခဲ့လျှင်ပင် ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်ကို အမှန်တကယ် မလိုက်စားဖူးသော လော့ချန်အဖို့ နားလည်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ သူ သိသည်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို လျစ်လျူရှုထား၍ မရခြင်းပင်။
ရွှေကျောက်စိမ်းရည်မှာ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန်ဖြစ်ပြီး ချီလမ်းကြောင်းဆေးလုံးမှာမူ ဝိညာဉ်ကို အားကောင်းစေရန် ဖြစ်သည်။ ထူးချွန်ထက်မြက်သည့် အဆင့်သို့ မရောက်နိုင်လျှင်ပင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းသည့်အခါတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ပြင်ဆင်ထားရပေမည်။
လော့ချန်သည် မဆိုင်းမတွပင် ရွှေကျောက်စိမ်းရည်ကို တစ်ငုံ မော့သောက်လိုက်သည်။ ခံစားချက်မှာ ချော်ရည်ပူများကို သောက်လိုက်ရသလိုပင်။ သို့သော် ကျင့်သားရနေပြီဖြစ်သော လော့ချန်မှာမူ အလွန်ပူသော ပဲနို့ပူပူကို သောက်လိုက်ရသကဲ့သို့သာ သဘောထားကာ နှုတ်ခမ်းကို တစ်ချက် သပ်လိုက်သည်။
"နှမြောစရာပဲ.... တစ်နေ့ကို အများကြီး သောက်လို့မရတာ၊ မဟုတ်လည်း ငါ့ရဲ့ ကလီစာတွေ လောင်သွားနိုင်တယ်"
ရွှေကျောက်စိမ်းရည် ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက် တစ်ကိုယ်လုံး ယားယံနာကျင်သလို ခံစားချက်မျိုး ဖြစ်ပေါ်လာသည်ကို လော့ချန် ခံစားရသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ် ပိုမိုသန်မာလာနေသည့် သေချာသော လက္ခဏာပင် ဖြစ်သည်။
"ကဲ.... အခုတော့ ချီလမ်းကြောင်း ဆေးလုံးဘက်သွားဖို့ ပဲ ကျန်တော့တယ်"
ချီစွမ်းအားကို ပျိုးထောင်မည်။ ခန္ဓာကိုယ်ကိုလည်း သန်မာစေမည်။ စိတ်ဝိညာဉ်ကို ခိုင်မာကြံခိုင်စေမည်။
အထက်ပါအတိုင်း လော့ချန် ဤလမ်းစဉ် သုံးခုစလုံးကို တစ်ပြိုင်နက် ဟန်ချက်ညီညီ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ အရာအားလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်အတွက်သာ ဖြစ်သည်။