အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း (၂၃၃) - တောတွင်းတစ်နေရာမှ မြေပြိုမှော်အတတ်
သုံးရက်တာ အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
မွန်းလွဲပိုင်း၏ ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ခြင်းကို အဆုံးသတ်ပြီးနောက် လော့ချန်သည် ပုံမှန်လုပ်နေကျအတိုင်း ဟွေ့ယဲ့တောင်ခြေရှိ မြေရိုင်းများဆီသို့ သွားကာ မှော်အတတ် လေ့ကျင့်ခြင်းများ မပြုခဲ့ချေ။ ထိုအစား ဆေးဖော်ခန်းမဆောင်အတွင်း၌သာ နေထိုင်ကာ မီလီတစ်ယောက် မှော်အာဟာရဆေးလုံးများ ဖော်စပ်နေသည်ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
အရန်ကုန်ကြမ်းများစွာ ထောက်ပံ့ပေးထားသဖြင့် ယခုအခါ မီလီ၏ ဆေးဖော်စပ်မှုစွမ်းရည်မှာ အတော်လေး တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ဆယ်ကြိမ် ဖော်စပ်လျှင် နှစ်ကြိမ် သုံးကြိမ်ခန့် အောင်မြင်နေပြီ ဖြစ်ရာ အခြေအနေပြကြေးမုံပြင်၏ သတ်မှတ်ချက်အရ ဆိုပါက ကျွမ်းကျင်အဆင့်နှင့် ပြီးပြည့်စုံအဆင့်များကြားသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။
လော့ချန်သည် မီလီ၏ တိုးတက်မှုကို အလွန်ကျေနပ်မိသည်။ မှော်အာဟာရဆေးလုံးသည် အကျိုးအမြတ် မများသည့်အပြင် ဈေးကွက်ပြိုင်ဆိုင်မှုလည်း ပြင်းထန်လှသည်။ ထိုဆေးကို ဖော်စပ်ရသည့် ရည်ရွယ်ချက်မှာ ငွေရှာရန် မဟုတ်ဘဲ လော့ထျန်းအဖွဲ့ချုပ်မှ ကျင့်ကြံသူများ၏ ဝမ်းရေးအတွက်သာ ဖြစ်သည်။
ဆောင်းဦးပေါက်လာသည်နှင့်အမျှ ကျင့်ကြံသူများ၏ လှုပ်ရှားမှုများမှာ များစွာ အကန့်အသတ် ဖြစ်လာခဲ့သည်။ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်က ဆန်များကို အခြားနယ်များမှ တင်သွင်းနေသော်လည်း တာဟဲစျေးမြို့တော်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူ သောင်းနှင့်ချီသော အရေအတွက်အတွက်မူ လုံလောက်မှု မရှိသေးချေ။ လော့ထျန်းအဖွဲ့ဝင် အများအပြားမှာလည်း ထိုအခက်အခဲကို ခံစားနေရသည်။ ဤအခြေအနေတွင် ဆေးဖော်ဆောင်မှ မှော်အာဟာရဆေးလုံးများကို ဈေးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ပေးနိုင်ခြင်းမှာ လူထု၏ ထောက်ခံမှုကို များစွာ ရရှိစေသည်။
မီလီ၏ အလှည့်ပြီးသောအခါ ထန်ချွမ်က အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်ရန် ပြင်ဆင်သည်။ မီလီသည် လက်ကို စင်ကြယ်အောင် ဆေးကြောပြီးနောက် ကလေးငယ်တစ်ဦး၏ လက်ကို ဆွဲကာ အခန်းထောင့်တွင် တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ လော့ချန်ကမူ လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသည်။
"သူ ဒါလုပ်နေတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ...."
"မသိဘူး.... အနည်းဆုံးတော့ အကြိမ်တစ်ရာလောက် ရှိမှာပေါ့"
"ဒီလောက် အကြိမ်ကြိမ် လုပ်နေတာတောင် တစ်ခါမှ မအောင်မြင်သေးဘူးလား…. သူ တကယ်ရော တတ်ရဲ့လား"
"အဲဒါတော့ မပြောတတ်ဘူး.... ဒါပေမဲ့ ထန်ချွမ်ရဲ့ ဦးလေးက အကြီးအကဲ ကျန်းဝမ်လေ…. ရာထူးကလည်း မသေးဘူး"
"ဒါပေမဲ့ ဒီလောက် ပစ္စည်းတွေ ဖြုန်းနေတာကို.... အဖွဲ့ချုပ်ခေါင်းဆောင်က မနှမြောဘူလား မသိဘူးနော်…."
ဘေးနားရှိ ဆေးဖော်စပ်သူ သင်တန်းသားများနှင့် မီးထိန်းသူများကြားတွင် သို့လောသို့လော တိုးတိုးတိတ်တိတ် ဝေဖန်သံများ ပျံ့လွင့်နေသည်။
ထန်ချွမ်သည် ကျရှုံးမှုများအပေါ် ကျင့်သားရနေပြီ ဖြစ်သော်လည်း ယခုအချိန်တွင်မူ စိတ်ဓာတ်အနည်းငယ် ကျဆင်းနေမိသည်။ ယခုဖော်စပ်မည့် အသုတ်မှာ ဆေးဖော်ခန်းမဆောင်ရှိ အံ့ဖွယ်တစ်သောင်းဆေးလုံး အတွက် နောက်ဆုံးကျန်ရှိသော ကုန်ကြမ်းများ ဖြစ်သည်။ အကယ်၍ ယခုတစ်ကြိမ်ပါ ထပ်မံကျရှုံးခဲ့ပါက အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန်သည် နောက်နောင်တွင် ဤဆေးလုံးကို ဖော်စပ်ရန် ခွင့်ပြုတော့မည် မဟုတ်ပေ။
ထိုသို့ တွေးတောရင်း ထန်ချွမ်တစ်ယောက် ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။ လုပ်ငန်းစဉ် တစ်ဝက်ခန့် ရောက်သောအခါ မီးလောင်နံ့သင်းသင်းမှာ ခန်းမအတွင်း ပျံ့လွင့်လာသည်။ ထိုအနံ့မှာ ထန်ချွမ်အတွက် အလွန်ပင် ရင်းနှီးနေသော ကျရှုံးခြင်း၏ အနံ့ပင် ဖြစ်သည်။ ထန်ချွမ်၏ စိတ်မှာ လေးလံသွားသည်။ ထိုအချိန်တွင် လော့ချန်က ထန်ချွမ်အား အသာအယာ ဘေးသို့ တွန်းဖယ်လိုက်သည်။
"သေချာ ကြည့်ထားကွာ.... အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဒီလို ဖော်စပ်ရတာ…. ဒါ ငါ နောက်ဆုံးအကြိမ် ပြပေးတာပဲ…. ဒီတစ်ခါမှ မင်း နားမလည်သေးဘူးဆိုရင်တော့ မင်းမှာ ဆေးဖော်စပ်ဖို့ ပါရမီ လုံးဝမပါတာပဲ"
လော့ချန်သည် ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုအတွင်းသို့ ချီစွမ်းအားများကို ထည့်သွင်းလိုက်သည်။ ချီစွမ်းအားများ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဆေးဖက်ဝင် ပစ္စည်းများမှာ အာနိသင် ပျက်စီးသွားတော့မည့် အခြေအနေမှ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
"အရင်ဆုံး ခွဲထုတ်မယ်.... ပြီးမှ ပြန်ပေါင်းစပ်မယ်"
လော့ချန်၏ လက်ချောင်းများမှာ လေထဲတွင် ကချေသည်တစ်ဦးအလား သပ်ရပ်လှပစွာ လှုပ်ရှားနေပြီး လက်ကွက်များမှာလည်း တစ်ခုပြီးတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။ ဤသည်မှာ မြင့်မားလှသော ဆေးဖော်စပ်ခြင်း အတတ်ပညာပင် ဖြစ်သည်။ ထန်ချွမ်၏ ကယောင်ကတမ်း လုပ်ရပ်များနှင့် ယှဉ်လျှင် မိုးနှင့် မြေအလား ကွာခြားလှသည်။
လော့ချန်သည် ဘေးနားမှ ဝေဖန်သံများကို အလေးမထားဘဲ ဆေးမီးဖိုဆီသို့သာ စိတ်အာရုံ အပြည့်အဝ နှစ်မြှုပ်ထားသည်။ ခဏအကြာတွင် ဆေးမီးဖိုအတွင်းမှ အလွန်ပင် သင်းပျံ့လှသော ဆေးရနံ့များ ထွက်ပေါ်လာတော့သည်။
"တက်စေ"
သူ လက်ကောက်ဝတ်ကို အသာအယာ ခါယမ်းလိုက်ရာ မီးဖိုဖုံးမှာ အလိုအလျောက် ပွင့်သွားတော့သည်။ လော့ချန် လက်ကို ဆန့်ထုတ်လိုက်ရာ အသစ်စက်စက် ဖော်စပ်ပြီးသော ဆေးလုံးများမှာ သူ၏ လက်ထဲသို့ အစီအရီ ရောက်ရှိလာသည်။ နီရဲသော ဆေးလုံး (၁၀) လုံးမှာ သူ၏ လက်ဖဝါးပေါ်တွင် တည်ရှိနေပြီး ဆေးလုံးတစ်ခုချင်းစီပေါ်၌ တိမ်တိုက်ပုံစံ အစင်းကြောင်း သုံးခုစီ ထင်ဟပ်နေသည်။ အသစ်စက်စက် ဖြစ်သော်လည်း ဆေးလုံးများမှာ ပူလောင်ခြင်း မရှိဘဲ မီးဖိုအတွင်း၌ပင် အေးခဲသွားသည့်အလား တည်ငြိမ်နေသည်။
လော့ချန် ထိုဆေးလုံးများကို ထန်ချွမ်ထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။
"အို....အဆင့်မြင့် ဆေးလုံးတွေပဲ" ဟု မီလီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ဆေးဖော်ပညာက ပိုပြီးတော့ တိုးတက်လာပြန်ပြီပဲ"
ထန်ချွမ်သည် သူ၏ လက်ထဲရှိ ဆေးလုံးများကို ကြည့်ကာ အံ့ဩတုန်လှုပ်နေမိသည်။ အဖွဲ့ချုပ်ခေါင်းဆောင်အနေဖြင့် အဆင့်မြင့်ဆေးလုံးများ ဖော်စပ်နိုင်သည်မှာ လျှို့ဝှက်ချက် မဟုတ်သော်လည်း ယခုအသုတ်မှာ ပျက်စီးတော့မည့် အခြေအနေမှ ပြန်လည် ဆယ်ယူခဲ့ခြင်း ဖြစ်ရာ ဤသည်မှာ အံ့မခန်းလှသော စွမ်းရည်ပင် ဖြစ်သည်။ မည်မျှ မြင့်မားသော အဆင့်နည်း။ တုန်လှုပ်မှုပြီးနောက် သူခံစားလိုက်ရသည်မှာ ခါးသီးမှုနှင့် စိတ်ပျက်မှုတို့ပင်။ သူသည် တကယ်ပင် ဆေးဖော်စပ်သည့် ပါရမီ မရှိသူလော။ ထန်ချွမ်သည် မိမိကိုယ်ကိုယ် ပါရမီ မရှိဟု တွေးတောရင်း ငေးငိုင်နေစဉ်မှာပင် လော့ချန်မှာမူ သူ့ဘေးမှ ဖြတ်ကာ အပြင်သို့ ထွက်သွားခဲ့ပြီ ဖြစ်သည်။
ဆေးဖော်ခန်းမဆောင် အဝင်ဝတွင် လော့ချန် ခေတ္တရပ်လိုက်သည်။ သူသည် ကလေးငယ် ချွီလင်ကျွင်း၏ ခေါင်းလေးကို ပွတ်သပ်ကာ ပြုံးလျက် မေးလိုက်သည်။
"ဟေ့ကောင်လေး…. ဆေးဖက်ဝင်အပင်များ သရုပ်ဖော်ကျမ်းကို အာဂုံဆောင်ပြီးပြီလား"
ချွီလင်ကျွင်းသည် လော့ချန်အား ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် ကြည့်ကာ "ဟုတ်…. ကျွန်တော် အကုန်လုံး အလွတ်ရပါပြီဗျ.... အကုန်နားလည်ပါတယ်၊ မမမီလီက သက်သေပါ" ဟု တက်ကြွစွာ ဖြေလိုက်သည်။
မီလီကလည်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
"ကျွန်မ သူ့ကို စမ်းသပ်ကြည့်ပြီးပါပြီရှင့်.... အစပိုင်းမှာတော့ အမှားအယွင်းလေးတွေ ရှိပေမဲ့ အခုတော့ အကုန်လုံး မှန်နေပါပြီ၊ သူက သင်တန်းသားတွေထဲမှာ အတော်ဆုံးပဲ"
ဤကလေးမှာ အမှန်တကယ်ပင် ထက်မြက်လှသည်။ သို့သော်လည်း မွေးရာပါ ဝိညာဉ်အမြစ်မှာမူ အနည်းငယ် အားနည်းလှသည်။ လော့ချန်သည် ကလေးငယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ချီစွမ်းအား လှိုင်းများကို အာရုံခံကြည့်ရာ ချီသန့်စင်အဆင့် ၁ သို့ ရောက်ရှိစပြုနေပြီ ဖြစ်သော်လည်း အလွန်ပင် အားနည်းနေသည်ကို တွေ့ရသည်။
ချွီလင်ကျွင်း ကျင့်ကြံလာသည်မှာ တစ်လခန့် ရှိပြီ ဖြစ်သည်။ ချွီမျိုးနွယ်စု၏ တစ်ဦးတည်းသော မျှော်လင့်ချက်ဖြစ်ရာ အဘိုးဖြစ်သူ ချွီဟန်ချန်းက အကောင်းဆုံးသော အရင်းအမြစ်များကို ထောက်ပံ့ပေးထားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ သို့သော် တစ်လကြာပြီးနောက်တွင်ပင် ဤမျှသာ တိုးတက်မှုရှိခြင်းမှာ အနည်းငယ် နှေးကွေးလွန်းလှသည်။
လော့ချန် ရုတ်တရက် ယွမ်ရှောင်ယွဲ့ကို သတိရသွားမိသည်။ သူမမှာမူ တစ်လအတွင်းမှာပင် အဆင့် ၂ မှ အဆင့် ၃ သို့ တက်လှမ်းနိုင်ခဲ့သည် မဟုတ်ပါလော။ လော့ချန် ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။
"တော်တယ်.... မင်း ငါခိုင်းတဲ့ အလုပ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်၊ ရော့....ဒါက မင်းအတွက် ဆုပဲ"
ချွီလင်ကျွင်းသည် ဝမ်းသာအားရဖြင့် ပုလင်းကို လက်နှစ်ဖက်နှင့် လှမ်းယူလိုက်သည်။ သူ ချက်ချင်း ဖွင့်ကြည့်ရန် ပြင်ဆင်လိုက်သော်လည်း လော့ချန်က လက်မြှောက်ကာ တားလိုက်ပြီး "အိမ်ရောက်မှ ကြည့်…." ဟု ပြောလိုက်သည်။
ပါးနပ်သော ကလေးငယ်မှာ လော့ချန်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး ကျေးဇူးတင်စကား ဆိုကာ ဦးညွှတ်လိုက်တော့သည်။ ထို့နောက် လော့ချန် ဆေးဖော်ခန်းမဆောင်မှ ထွက်ခွာလာခဲ့သည်။
….
ချွီလင်ကျွင်းသည် ငယ်ရွယ်သော်လည်း လူကြီးတစ်ယောက်ကဲ့သို့ပင် တည်ငြိမ်လှသည်။ သူသည် အခြားသူများနှင့်အတူ မီးဖိုများကို သန့်ရှင်းရေးလုပ်ခြင်း၊ မီးတွင်းများကို ပြုပြင်ခြင်းနှင့် မီးခံအုတ်များ လဲလှယ်ခြင်းတို့ကို ဝိုင်းဝန်းလုပ်ဆောင်ပေးသည်။ ဆေးအနှစ် အကြွင်းအကျန်များကို တွေ့သောအခါတွင်လည်း လွှင့်မပစ်ဘဲ သေချာစွာ စုဆောင်းထားလေ့ရှိသည်။
မီလီက ပြုံးလျက် "မမ မေးဦးမယ်.... မောင်လေး သန့်ရှင်းရေးလုပ်တိုင်း ဒီဆေးအကျန် တွေလေးတွေကို ဘာလို့လိုက်စုနေတာတုန်း.... ဘာမှ သုံးလို့မရတော့ဘူးလေ၊ ပုံမှန်ဆိုရင် မြေမြှုပ်ပစ်တာပဲကို.... ဘာလို့ သိမ်းနေတာလဲ" ဟု မေးလိုက်သည်။
ချွီလင်ကျွင်းက မျက်လုံးလေးများ ပြူးကာ လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
"မမကလဲဗျာ.... ဒါတွေက အောင်မြင်ခဲ့တဲ့ အသုတ်က ထွက်လာတာလေ၊ အောင်မြင်တဲ့ ဆေးအကြွင်းအကျန်တွေနဲ့ ကျရှုံးတဲ့ ဆေးအကြွင်းအကျန်တွေကို နှိုင်းယှဉ်ကြည့်ရင် အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းရဲ့ ခြားနားချက်ကို ကျွန်တော် သိနိုင်လိမ့်မယ်လို့ ထင်လို့ပါဗျ"
ဆေးဖော်ခန်းမဆောင်အပြင်ဘက်သို့ ရောက်နေပြီဖြစ်သော လော့ချန် ထိုစကားကို ကြားလိုက်ရသောအခါ ခြေလှမ်းများ ခေတ္တမျှ ရပ်တန့်သွားရသည်။ သူကိုယ်တိုင်လည်း ကျရှုံးမှုများမှ သင်ခန်းစာယူခဲ့သူ ဖြစ်သော်လည်း အောင်မြင်ခဲ့သော အသုတ်များမှ ဆေးအကြွင်းအကျန်များကိုမူ မည်သည့်အခါမျှ အလေးမထားခဲ့မိချေ။
၎င်းမှာ သင်္ချာပုဒ်စာတစ်ပုဒ်ကို တွက်ချက်ခြင်းနှင့် တူသည်။ လူအများစုမှာ အဖြေမှားလျှင် မည်သည့်နေရာတွင် မှားသနည်းဟု ပြန်လည် စစ်ဆေးတတ်ကြသော်လည်း အဖြေမှန်ရရှိသောအခါတွင်မူ အဘယ်ကြောင့် ဤအဆင့်များ မှန်ကန်သွားရသည်ကို အသေးစိတ် ပြန်လှည့်ကြည့်မနေတော့ပေ။
လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်ရင်း "အမြင်သစ်တစ်ခုပါပဲလား...." ဟု ရေရွတ်ကာ သူ၏ ကျောက်တုံးအိမ်သို့ ပြန်လာခဲ့တော့သည်။ အိမ်သို့ ရောက်သောအခါ အကာအကွယ် အစီအရင်ကို အသက်သွင်းလိုက်ပြီး ချန်ယင်းတောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
သူ၏ မြေစိုင်တောင်နှင့် လှိုင်းလုံး မှော်အတတ်များမှာ ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ယခုအခါ သူသည် ထိုမှော်အတတ်များကို လွယ်ကူစွာ အသုံးပြုနိုင်ပြီ ဖြစ်သည်။ ယနေ့တွင်မူ မီးလုံးမှော်အတတ်၊ မြေစိုင်တောင်နှင့် လှိုင်းလုံးမှော်အတတ် သုံးခုကို ပေါင်းစပ်ကာ ဒုတိယအဆင့် မှော်အတတ်ဖြစ်သော မြေပြိုမှော်အတတ်ကို စတင်စမ်းသပ်ရန် သူ ရည်ရွယ်ထားပေသည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၃၄) - သမုဒယပင်လယ် ခရီးကြမ်းနှင့် အဘိုးအို
"လင်ကျွင်းရေ.... ရွှံ့တွေနဲ့ ကစားမနေနဲ့တော့…. ကျင့်ကြံရမယ့် အချိန်ရောက်ပြီလေ"
"အဘိုးကလည်း.... ကျွန်တော် ရွှံ့ကစားနေတာ မဟုတ်ပါဘူးဗျ"
ချွီဟန်ချန်းသည် သက်ပြင်းချလိုက်ရင်း ရွှံ့များပေပွနေသော ချွီလင်ကျွင်းကို ရေဇလုံဘေးမှ ဆွဲထုတ်လိုက်သည်။ သူ ငုံ့ကြည့်လိုက်စဉ်တွင် မီးလောင်နံ့သင်းသင်းလေး ရောယှက်နေသော ထူးခြားသည့် ဆေးရနံ့တစ်ခုမှာ သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
"ဒါတွေက ဆေးအကြွင်းအကျန်တွေလား" ဟု သူ မေးလိုက်သည်။
"မဟုတ်ဘူး.... ဒါတွေက သာမန်ဆေးအကြွင်းအကျန်တွေ မဟုတ်ဘူးဗျ"
ချွီလင်ကျွင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြလိုက်သည်။
"ဒါတွေက ကျရှုံးခြင်းနဲ့ အောင်မြင်ခြင်းကြားက မျဉ်းပါးပါးလေးပေါ်မှာ တည်ရှိနေတဲ့ အဖိုးတန်အရာတွေပဲ အဘိုးရဲ့...."
"ဟမ်.... ဘာပြောတာလဲကွ"
"ထားလိုက်ပါတော့ အဘိုးရာ.... အဘိုးက အသက်ကြီးပြီဆိုတော့ ဒါတွေကို နားလည်မှာ မဟုတ်ပါဘူး"
"ဒီ ကလေးစုတ်လေးဟာလေ.... သွား၊ သွား.... ရေသွားချိုးတော့"
ချွီလင်ကျွင်းသည် ကိုယ်လက်သန့်စင်ရန် သုတ်သုတ်ပျပျ ပြေးထွက်သွားတော့သည်။
တစ်ဦးတည်း ကျန်ရစ်ခဲ့သော ချွီဟန်ချန်းသည် မှောင်ရီပျိုးစ ပြုနေသော ကောင်းကင်ယံကို ကြည့်ရင်း တာဟဲစျေးမြို့တော် မြို့တွင်းပိုင်းမှ အပျက်အစီးများဆီသို့ အကြည့်တို့ ရောက်ရှိသွားမိသည်။
ထိုနေရာသည် တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော်လည်း ယခုမူ တိတ်ဆိတ်ခြောက်ခြားဖွယ် ကောင်းသော မြို့ပျက်ကြီး ဖြစ်နေချေပြီ။ ထိုအပျက်အစီးများကြားတွင် မိသားစုဝင်များအားလုံးကို သူ ဆုံးရှုံးခဲ့ရသည်။ သူ၏ သား၊ ချွေးမနှင့် ဝိညာဉ်အမြစ်မပါသော မြေးငယ်နှစ်ဦးစလုံး ထိုနေရာတွင်ပင် အသက်ပျောက်ခဲ့ရသည်။
"သားကြီး.... ကောင်းရာမွန်ရာကနေ စိတ်ချလက်ချ နားနေပါတော့…. လင်ကျွင်းလေးကို အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်အောင် ငါ သေချာ ပြုစုပျိုးထောင်ပေးပါ့မယ်"
ချွီဟန်ချန်းသည် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်း နှစ်ပုလင်းကို ထုတ်ယူလိုက်သည်။ တစ်ပုလင်းမှာ သူ ဖိုရှန်းဂိုဏ်းတွင် အမှုထမ်းစဉ်က ဂိုဏ်းတွင်း အထူးဈေးဖြင့် ဝယ်ယူထားသော အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံးများ ဖြစ်သည်။ ဤဆေးလုံးများမှာ လင်ကျွင်း၏ လက်ရှိအဆင့်အတွက် အလွန်ပင် သင့်တော်လှသည်။ ကျန်တစ်ပုလင်းမှာမူ မကြာသေးမီက တောင်ဘက်အရပ်မှ မှောင်ခိုဈေးကွက်တွင် အဆမတန် မြင့်မားသော ဈေးနှုန်းဖြင့် ဝယ်ယူထားသည့် ချီစွမ်းအင်ဖြည့်ဆေးလုံးများ ဖြစ်သည်။ ၎င်းတို့မှာ ဆေးဘုရင်ဂိုဏ်းမှ ထွက်ရှိခြင်းဖြစ်ကာ အာနိသင် ထက်မြက်သော်လည်း နူးညံ့သိမ်မွေ့သဖြင့် ဘေးထွက်ဆိုးကျိုး လုံးဝမရှိချေ။
“အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အများကြီး သုံးရင် ဒန်တျန်က ကျောက်လို မာသွားတတ်တယ်.... တကယ်ဆိုရင်တော့ လင်ကျွင်းကို ချီစွမ်းအင်ဖြည့်ဆေးလုံးတွေပဲ တိုက်သင့်တာ.... ဒါပေမဲ့ ငါက....”
ချွီဟန်ချန်းသည် သူ၏ ကုန်ဆုံးတော့မည့် သက်တမ်း၊ ခန္ဓာကိုယ်ထဲမှ ကုမရနိုင်သော ဒဏ်ရာဟောင်းများနှင့် သူ့တွင် ကျန်ရှိနေသည့် နှစ်အနည်းငယ်မျှသော အချိန်ကို တွေးတောမိလိုက်သည်။ သူသည် ဆေးဖော်ခန်းမဆောင်တွင် မီးထိန်းသူအဖြစ် လုပ်ကိုင်နေပြီး အဖွဲ့ချုပ်ခေါင်းဆောင်က သူ၏ လုပ်ခလစာကို အကြိမ်ကြိမ် တိုးပေးထားသော်လည်း သူ၏ လစဉ်ဝင်ငွေမှာ ချီသန့်စင်အဆင့် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး၏ ဝင်ငွေကို မမီနိုင်သေးချေ။
“ချီစွမ်းအင်ဖြည့်ဆေးလုံးတွေက ဈေးတက်လာပြန်ပြီ၊ ငါ အများကြီး မဝယ်နိုင်ဘူး၊ အခုလောလောဆယ်တော့ ဒါတွေကို သိမ်းထားဦးမယ်…. လင်ကျွင်းလေး ချီသန့်စင် အလယ်အလတ်အဆင့် ရောက်တော့မှ ကျောက်စိမ်းအမြုတေဆေးလုံးတွေကို ဖြတ်ပြီး ချီစွမ်းအင်ဖြည့်ဆေးလုံးတွေပဲ ပြောင်းတိုက်တော့မယ်”
ထိုသို့ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ချီစွမ်းအင်ဖြည့်ဆေးလုံးများကို သူ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ရေချိုးပြီးနောက် မြေးဖြစ်သူ ကိုယ်လုံးတီးဖြင့် ပြေးထွက်လာသောအခါ ချွီဟန်ချန်းက ရယ်မောလျက် ဆူပူကာ အဝတ်အစားများ အမြန်ဝတ်၍ ကျင့်ကြံခြင်း စတင်ရန် တိုက်တွန်းသည်။
သို့သော် အံ့ဩစရာကောင်းသည်မှာ ကုတင်ပေါ်တွင် ရဲရဲဝံ့ဝံ့ မတ်တတ်ရပ်လျက်ကာ ခုန်ပေါက်ပြောဆိုနေသော ချွီလင်ကျွင်း၏ စကားများပင်။
"မဝတ်ပါဘူးဗျာ.... အဖွဲ့ချုပ်ခေါင်းဆောင် ပြောတာ ကျွန်တော် ကြားဖူးတယ်.... ကျင့်ကြံတယ်ဆိုတာ သဘာဝတရားကို ရင်ခွင်ပိုက်ပြီး မဟာတာအိုလမ်းစဉ်ကို တိုက်ရိုက် ထိတွေ့ရတာတဲ့…. အဝတ်အစားတွေ ဝတ်ပြီး ကျင့်ကြံရင် ချီစွမ်းအားတွေ စုပ်ယူတဲ့နေရာမှာ အနှောင့်အယှက် ဖြစ်စေတယ်တဲ့ အဘိုးရဲ့...."
ချွီဟန်ချန်းမှာ အံ့အားသင့်သွားရသည်။
"ဟေ.... အဘိုးဖြင့် မကြားဖူးပါဘူးကွယ်.... တကယ်ပဲ ဒီလို သဘောတရားမျိုး ရှိလို့လား...."
ခါတိုင်း အင်္ကျီပါးလေး တစ်ထည် မရမကဝတ်ပေးနေကျ ဖြစ်သော်လည်း လော့ချန်ကိုယ်တိုင် ပြောခဲ့ခြင်း ဖြစ်သည်ဆိုသဖြင့် သူလည်း တစ်ဝက်တစ်ပျက် ယုံကြည်သွားကာ လွှတ်ထားပေးလိုက်တော့သည်။
"ကဲပါ.... မြေးလေးသဘောပဲ၊ ရော့.... ဒါက ဒီနေ့အတွက် ဆေးလုံး၊ ကျင့်ကြံတာ မစခင် တစ်လုံး အရင်သောက်လိုက်နော်" ဟု ချွီဟန်ချန်းက မှာကြားလိုက်သည်။
ထိုသို့ ပြောနေစဉ်မှာပင် အဘိုးအိုသည် အခန်းထောင့်ရှိ မီးလင်းဖိုကို မီးမွှေးလိုက်ရာ မီးသွေးခဲများ၏ တဖျတ်ဖျတ် မြည်သံနှင့်အတူ အခန်းတွင်းသို့ နွေးထွေးမှုများ ပျံ့နှံ့လာတော့သည်။ အပြင်ဘက်မှ အေးစက်သော လေနုအေးအချို့ ဝင်လာစေရန် ပြတင်းပေါက်ကို အနည်းငယ် ဟထားပေးသည်။ မြေးငယ်ကို အအေးမိမှာ စိုးရသလို အခန်းထဲတွင် အလွန်အမင်း မွန်းကျပ်မနေစေရန်လည်း သူ အထူးဂရုစိုက်နေရသည်။
သူ လှည့်ကြည့်လိုက်သောအခါ ချွီလင်ကျွင်းသည် ချက်ချင်း ကျင့်ကြံခြင်း မပြုသေးဘဲ ကုတင်ပေါ်တွင် ထိုင်လျက် လက်ထဲရှိ ဆေးလုံးလေးကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
"မြေးလေး....ဒါက အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံးပဲကို.... ဘာတွေ ငေးနေတာလဲ...."
ချွီဟန်ချန်း၏ စကားမှာ ရုတ်ချည်း ရပ်တန့်သွားပြီး သူ၏ မျက်နှာမှာ အံ့ဩခြင်းများဖြင့် တောင့်တင်းသွားရသည်။ ကလေးငယ်၏ လက်ထဲရှိ ဆေးလုံးပေါ်တွင် ထင်ရှားလှသော တိမ်တိုက်ပုံစံ အစင်းကြောင်း သုံးခု ပါရှိနေသည် မဟုတ်ပါလော။ ၎င်းမှာ အဆင့်နိမ့် ဆေးလုံး မဟုတ်ဘဲ အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံး ဖြစ်နေသည်။
သူသည် ကလေးငယ်သည် လက်ထဲမှ ဆေးလုံးကို ချက်ချင်း ဆွဲယူလိုက်ပြီး တင်းမာသော မျက်နှာထားဖြင့် "ဒါ ဘယ်ကရတာလဲ" ဟု ဒေါသတကြီး မေးလိုက်သည်။
ချွီလင်ကျွင်းက နှုတ်ခမ်းဆူလျက် ငိုမဲ့မဲ့ဖြစ်သွားသည်။
"သားကို အဖွဲ့ချုပ်ခေါင်းဆောင်က ဆု ပေးလိုက်တာလေ.... ဆေးဖက်ဝင်အပင်များ သရုပ်ဖော်ကျမ်းကို အလွတ်ရလို့တဲ့"
"ဩော်.... အဖွဲ့ချုပ်ခေါင်းဆောင် ပေးတာပဲကိုး...."
အစပိုင်းတွင် ချွီဟန်ချန်းသည် လင်ကျွင်း ခိုးလာလေသလားဟု စိုးရိမ်ခဲ့သော်လည်း လော့ချန် ကိုယ်တိုင်ပေးခဲ့ခြင်း ဖြစ်သည်ဆိုသောအခါမှသာ ရင်ထဲက အလုံးကြီး ကျသွားတော့သည်။ ချွီမျိုးနွယ်စုသည် ဖိုရှန်းဂိုဏ်းတွင်ဖြစ်စေ၊ လော့ထျန်းအဖွဲ့ချုပ်တွင်ဖြစ်စေ ရိုးသားကြိုးစားမှုကြောင့် နာမည်ကောင်း ရရှိခဲ့သူများ ဖြစ်သည်။ ခိုးယူခြင်းမှာ သူတို့အတွက် အကြီးမားဆုံးသော တားမြစ်ချက်ပင် ဖြစ်သည်။ စိတ်သက်သာရာ ရသွားပြီးမှသာ ချွီဟန်ချန်းသည် အခြေအနေကို အပြည့်အဝ နားလည်လိုက်တော့သည်။
"အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးပါလား.... ဘုရားရေ.... အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ဆေးဖော်စွမ်းရည်က ဒီလောက်အထိ တိုးတက်သွားပြီလား၊ အချိန်တိုလေးအတွင်းမှာပဲ အဆင့်မြင့် ဆေးလုံးတွေကို ဖော်စပ်နိုင်နေပြီပဲကိုး....”
“အိမ်း.... ဂိုဏ်းချုပ်မီသာ သက်ရှိထင်ရှား ရှိနေသေးရင် ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲနော်"
သူ တစ်ကိုယ်တည်း ရေရွတ်နေစဉ်မှာပင် ချွီလင်ကျွင်းက အဘိုးဖြစ်သူ၏ အင်္ကျီလက်စကို ဆွဲကာ "အဘိုး.... ဒါကို ဘယ်သူ့ကိုမှ မပြောရဘူးနော်" ဟု တိုးတိုးလေး မှာလိုက်သည်။
"ဟမ်.... ဘာလို့လဲ မြေးရဲ့"
အဖွဲ့ချုပ်ခေါင်းဆောင်၏ ဆေးဖော်စွမ်းရည် မြင့်မားလာခြင်းကို ဂုဏ်ယူစွာဖြင့် အဘယ်ကြောင့် မပြောပြရသနည်းဟု ချွီဟန်ချန်းက နားမလည်နိုင် ဖြစ်နေသည်။
ချွီလင်ကျွင်းသည် သူ၏ မျက်နှာကို တည်ကြည်အောင် ပြုလုပ်လိုက်ပြီး လော့ချန်၏ ပုံစံကို အတုယူလျက် အဘိုးဖြစ်သူကို စေ့စေ့ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
"ဘယ်သူ့ကိုမှ မပြောရဘူး.... ဒါ အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ အမိန့်ပဲ"
ချွီဟန်ချန်းသည် ကလေးငယ်၏ လေသံနှင့် အမူအရာကြောင့် ခေတ္တမျှ မှင်တက်သွားရသည်။ တစ်ခဏမျှအတွင်း သူသည် လော့ချန်ကို ရှေ့တွင် မြင်လိုက်ရသလိုပင် ခံစားလိုက်ရသည်။ ထိုသို့ဆိုလျှင်မူ အဖွဲ့ချုပ်ခေါင်းဆောင်၏ ဂုဏ်သတင်းကို လိုက်လံ ဖြန့်ဝေရန် မသင့်တော့ချေ။ သို့သော်လည်း ဤကိစ္စက သူ့ကို ဝေခွဲမရ ဖြစ်စေသည်။ မြေးဖြစ်သူကို အဆင့်နိမ့် ဆေးလုံး တိုက်ရမည်လော၊ သို့မဟုတ် အဆင့်မြင့် ဆေးလုံးကို တိုက်ရမည်လော။
‘အဆင့်မြင့် ဆေးလုံးကိုပဲ တိုက်လိုက်တော့မယ်.... အဖွဲ့ချုပ်ခေါင်းဆောင်က ပုလင်းလိုက် ပေးလိုက်တယ်ဆိုကတည်းက လင်ကျွင်းရဲ့ ကျင့်ကြံခြင်းကို ထည့်တွက်ပြီးသား ဖြစ်မှာပါ၊ ပြီးတော့ သူက ဒီကလေးကိုလည်း မေတ္တာရှိပုံရတယ်၊ လင်ကျွင်းသာ ကျင့်ကြံခြင်းမှာ အောင်မြင်မှု မြန်မြန်ရရင် အဖွဲ့ချုပ်ခေါင်းဆောင်ကို ကူညီနိုင်ပြီး မျက်နှာရနိုင်တာပေါ့၊ ငါကတော့ အဆင့်နိမ့် ဆေးလုံးတွေကိုပဲ သုံးပါ့မယ်၊ ငါ့ဘဝမှာလည်း ကောင်းကောင်းကန်းကန်းဆေးလုံး သေချာ သောက်ခွင့်ရခဲ့တာမှ မဟုတ်တာ’
ချွီဟန်ချန်းသည် မိမိဘာသာ ဆင်ခြင်ပြီးနောက် မြေးငယ်ကို ကျင့်ကြံခြင်း စတင်ရန် တိုက်တွန်းလိုက်သည်။ သူသည် အခန်းဝတွင် ရပ်ကာ အခန်းတွင်းရှိ ချီစွမ်းအားများကို လင်ကျွင်း တစ်ဦးတည်းသာ စုပ်ယူနိုင်ရန် ဖယ်ပေးလိုက်သည်။ အေးစက်သော လေပြင်းကို အံတုလျက် ချွီဟန်ချန်းသည် ခါးကြားမှ ဆေးတံကို ထုတ်ယူလိုက်သည်။
သူသည် မီးလုံးမှော်အတတ်ဖြင့် ဆေးတံကို မီးညှိကာ အားရပါးရ ရှိုက်ဖွာလိုက်သည်။ ပြင်းရှလှသော ဆေးလိပ်ငွေ့များမှာ အေးစက်သော ညချမ်းတွင် လွင့်ပျံ့နေသော်လည်း ယနေ့ညတွင်မူ ထိုအငွေ့များထဲ၌ ချိုမြိန်သော အရသာတစ်ခု ကိန်းအောင်းနေသကဲ့သို့ သူ ခံစားနေရတော့သည်။
....
လော့ချန်၏ မျက်နှာတွင် တင်းမာသော အမူအရာတစ်ခု ထွက်ပေါ်နေသည်။ သူသည် ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ပြီး စွမ်းအားကြောပြုပြင်ဆေးရည်ကို တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ မြေစာပုံငယ်လေးကို ငုံ့ကြည့်လိုက်သည်။
"ဒါလား ဒုတိယအဆင့် မှော်အတတ်ရဲ့ စွမ်းအား.... တောက်.... နဂါးရတနာ မှောင်ခိုဈေးကွက်က ကောင်တွေ ငါ့ကို ကျမ်းစာအတုနဲ့ လိမ်လိုက်တာလား မသိဘူး"
လော့ချန်သည် မကျေမနပ် ရေရွတ်ရင်း ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ဆင်ခြင်ကြည့်လိုက်သည်။ ကျမ်းစာ၏ ဖော်ပြချက်အရ အခြေခံမှော်အတတ် သုံးခုစလုံးတွင် အခြေခံအဆင့်ရှိလျှင်ပင် မြေပြိုအတတ်ကို စတင်လေ့ကျင့်နိုင်သည်။ သူ၏ မီးလုံးအတတ်မှာ အထွတ်အထိပ်အဆင့်ဖြစ်ပြီး ကျန်နှစ်မျိုးမှာလည်း ပြီးပြည့်စုံအဆင့်တွင် ရှိနေသည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပေါင်းစပ်၍ မရသနည်း။
"အာ....ဘယ်နေရာမှာ မှားနေတာလဲကွာ...."
လိုအပ်ချက်အားလုံးနှင့် ကိုက်ညီနေသော်လည်း ကျရှုံးခဲ့ရခြင်းမှာ အဓိပ္ပာယ်မရှိလှချေ။ လော့ချန်သည် သူ၏ မှော်အတတ် ပါရမီကို မည်သည့်အခါမျှ သံသယ မရှိခဲ့ဖူးပေ။ ဆေးဖော်စပ်ခြင်းနှင့် ယှဉ်လျှင် မှော်အတတ်များမှာ စနစ်၏ အကူအညီမပါဘဲ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ရရှိထားခြင်း ဖြစ်ရာ အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် သူ့အား မနာလို ဖြစ်ရပေလိမ့်မည်။
သူသည် ရှေ့မှ မြေပုံငယ်လေးကို ပြန်ကြည့်လိုက်သည်။ ၎င်းမှာ မြေစိုင်တောင်၏ ရလဒ်ပင် ဖြစ်သည်။ အမှန်ဆိုလျှင် ဤမှော်အတတ်မှာ မီတာပေါင်းများစွာ မြင့်သော မြေသားထု တောင်ကြီးများကို ထွက်ပေါ်လာစေရမည် ဖြစ်သော်လည်း ယခုမူ သနားစဖွယ် မြေပုံငယ်လေးသာ ဖြစ်နေချေပြီ။
မှော်အတတ်ကို အသုံးပြုစဉ်အတွင်း ချီစွမ်းအားများမှာ ရုတ်ချည်း ရုန်းကန်လာကာ ထိန်းချုပ်မရ ဖြစ်သွားခဲ့ပြီး သူ၏ သွေးကြောများကိုပင် အနည်းငယ် ထိခိုက်စေခဲ့သည်။ ကံကောင်းသည်မှာ သူ့တွင် ကောင်းထင်ယွမ်ထံမှ ရရှိထားသော စွမ်းအားကြောပြုပြင်ဆေးရည် ရှိနေခြင်းပင်။ မဟုတ်ပါက ယနေ့ စမ်းသပ်မှုမှာ ပြင်းထန်သော ဒဏ်ရာဖြင့် အဆုံးသတ်သွားနိုင်သည်။
သို့သော်လည်း တစ်ခုခုတော့ လွဲနေသေးသည်။
“ဟ....နေပါဦး ရေကော ဘယ်ရောက်သွားတာလဲ”
သူသည် လှိုင်းလုံးမှော်အတတ်ကို အသုံးပြုခဲ့သော်လည်း ရေတစ်စက်မျှ ထွက်မလာခဲ့သလို ရေဓာတ်ချီစွမ်းအား၏ အရိပ်အယောင်ပင် မတွေ့ရချေ။
“မြေစိုင်တောင်နဲ့ လှိုင်းလုံး မှော်အတတ်က ကျွမ်းကျင်မှု မလုံလောက်သေးတာလား”
အတွေးများ ရှုပ်ထွေးနေစဉ်မှာပင် သူ အဖြေတစ်ခုကို ရုတ်ချည်း သဘောပေါက်သွားတော့သည်။ ပြဿနာမှာ မြေစိုင်တောင်နှင့် လှိုင်းလုံးမှော်အတတ်ကြောင့် မဟုတ်ဘဲ သူ၏ အဆင့်မြင့်လွန်းနေသော မီးလုံးမှော်အတတ်ကြောင့် ဖြစ်ပေလိမ့်မည်။
အထွတ်အထိပ်အဆင့်သို့ ရောက်နေသော မီးလုံးမှော်အတတ်သည် ဒုတိယအဆင့်ရှိ နေမီးလျှံမှော်အတတ်နှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်ရာ၊ အတတ်သုံးမျိုး ပေါင်းစပ်ရာတွင် လိုအပ်သည့် မျှခြေမှာ ပျက်ယွင်းနေခြင်း ဖြစ်သည်။ မျှခြေမရှိဘဲ ပေါက်ကွဲအားကိုသာ အာရုံစိုက်မိသောအခါ အတတ်မှာ အောင်မြင်ခြင်း မရှိဘဲ ကျင့်ကြံသူ၏ ဝိညာဉ်ကြောများကိုပါ ပြန်လည် ထိခိုက်စေခြင်း ဖြစ်သည်။
"ဒါဆို ငါလုပ်ရမှာက ကျန်တဲ့ မှော်အတတ်နှစ်ခုကို မြှင့်တင်ရမှာလား၊ ဒါမှမဟုတ်.... မီးလုံးအတွက် သုံးတဲ့ ချီစွမ်းအားကို လျှော့ချရမှာလား"
ပထမနည်းလမ်းမှာ လပေါင်းများစွာ အချိန်ယူရမည် ဖြစ်သော်လည်း ဒုတိယနည်းလမ်းကိုမူ ယခုပင် စမ်းသပ်ကြည့်နိုင်သည်။ လော့ချန် ဆက်လက် လေ့ကျင့်ရန် ပြင်ဆင်နေစဉ် သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားရသည်။
ညကောင်းကင်ယံအောက်၊ မိုင်တစ်ရာခန့် ဝေးကွာသော တောင်ထိပ်တစ်ခုပေါ်သို့ အစွမ်းထက်သော ဝံပုလွေအိုကြီးတစ်ကောင် တက်လှမ်းလာနေသည်။ လွမ်းမောဖွယ်ကောင်းသော ဝံပုလွေအူသံမှာ တောတောင်အနှံ့ ပဲ့တင်ထပ်သွားတော့သည်။
"ဒီနေ့ညတော့ ဆက်ပြီး လေ့ကျင့်ဖို့ မသင့်တော်တော့ဘူး ထင်တယ်…. ထားလိုက်ပါတော့.... ပြဿနာကို သိသွားပြီဆိုမှတော့ တစ်နေ့နေ့မှာ ဒီမှော်အတတ်ကို ငါ အောင်မြင်အောင် လေ့ကျင့်နိုင်မှာပါ"
လော့ချန် မဆိုင်းမတွ ချက်ချင်းပင် လှည့်ထွက်လာခဲ့သည်။ လေဟုန်စီးအတတ်ကို အသုံးပြုလျက် သူသည် တိမ်တိုက်များကြားတွင် ကိုယ်ယောင်ဖျောက်ကာ ချန်ယင်းတောင်မှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
....
လခြမ်းတောင်ကြားသို့ ပြန်ရောက်သောအခါ လော့ချန်သည် ချက်ချင်း ကျင့်ကြံခြင်း မပြုသေးချေ။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ချီလမ်းကြောင်းဆေးလုံးအတွက် လိုအပ်သော ပစ္စည်းများအားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
"ကောင်းပြီ.... မှော်အတတ်တွေဆိုတာ လမ်းစဉ်ကို စောင့်ရှောက်ဖို့ပဲ…. ကျင့်ကြံခြင်းကမှ အဓိက အုတ်မြစ်ပဲ.... ချီလမ်းကြောင်း ဆေးလုံးကို အရင်ဖော်စပ်ပြီး ငါ့ရဲ့ ကျင့်ကြံခြင်းကို အရင်မြှင့်တင်ရမယ်"
"စနစ်၊ အခြေခံအဆင့် သင်ယူမည်"
အောင်မြင်မှုမှတ် ၁၀ မှတ်မှာ လျော့နည်းသွားပြီး အခြေအနေပြကြေးမုံပြင်ပေါ်တွင် အချက်အလက်သစ်တစ်ခု ပေါ်လာသည်။
ချီလမ်းကြောင်း ဆေးလုံး - (၁/၁၀၀)
ယခင် အတွေ့အကြုံများအရ ‘၁’ ဟူသော ကိန်းဂဏန်းမှာ အနည်းဆုံး တစ်ကြိမ် အောင်မြင်စွာ ဖော်စပ်နိုင်ပြီဟု အဓိပ္ပာယ်ရသည်။ ထို ပထမဆုံး အောင်မြင်မှုကို အထင်သေး၍ မရချေ။ ၎င်းသာ မရှိပါက မည်မျှအထိ ကျရှုံးဦးမည်ကို မည်သူမျှ မသိနိုင်ပေ။ ထန်ချွမ်တစ်ယောက် အံ့ဖွယ်တစ်သောင်းဆေးလုံးကို အကြိမ်တစ်ရာကျော် ဖော်စပ်ခဲ့သော်လည်း တစ်ခါမျှ မအောင်မြင်သေးသဖြင့် ဝိညာဉ်ကျောက်တုံး ငါးရာကျော်ကို အချည်းနှီး ဖြုန်းတီးပစ်ခဲ့ရသည် မဟုတ်ပါလော။
ထိုပထမဆုံးသော အောင်မြင်မှုသည်ပင် ဦးနှောက်အတွင်း အောင်မြင်ခြင်း၏ မှတ်ဉာဏ်ကို နက်ရှိုင်းစွာ ထင်ကျန်စေကာ နောက်ထပ် အောင်မြင်မှုများသို့ ဦးတည်နိုင်မည့် လမ်းစကို ဖော်ဆောင်ပေးသည့်အရာ ဖြစ်သည်။ လော့ချန်သည် ယခုအခါ မိမိအတွက် အကျွမ်းကျင်ဆုံး ဖြစ်လာပြီးသားဖြစ်သော လေးရောင်ခြယ် ဆေးအိုးကို ထုတ်ယူလိုက်သည်။ ၎င်းသည် ယခင်က အသုံးပြုခဲ့ဖူးသည့် ဆေးမီးဖိုများထက်ပင် သူ့အတွက် ပိုမို ကျင့်သားရနေပြီ ဖြစ်သည်။
“ဂိုဏ်းချုပ်မီရာ.... ခင်ဗျားကို သတိရသား”
လော့ချန် အနည်းငယ် လွမ်းဆွတ်မိသော်လည်း စိတ်ကို ပြန်စုစည်းကာ မီးကို ကိုယ်တိုင် မွှေးလိုက်ပြီး ပါဝင်ပစ္စည်းများကို တစ်ခုချင်းစီ ထည့်သွင်းလိုက်တော့သည်။
"ကြယ်တာရာမြက်၊ ဝါးနုဝါ.... ဝိညာဉ်ရိပ်ဆေးပင်၊ ပြီးတော့ ရှောက်ချိုမြက်.... နောက်ဆုံး နှင်းမြေခွေးမိစ္ဆာသွေးကို ထည့်လိုက်ရင်.... နေဦး.... တစ်ခုခု မှားနေပြီဟ"
ရုတ်ချည်းပင် လော့ချန်သည် သူ၏ အသိစိတ်များ ဝေဝါးသွားသည်ကို ခံစားလိုက်ရသည်။ ထိုခဏတာ အာရုံလွတ်သွားခြင်းနှင့်အတူ အခန်းတစ်ခန်းလုံးကို ပုပ်စပ်စပ် အနံ့ဆိုးတစ်မျိုး ဖုံးလွှမ်းသွားခဲ့သည်။ သူ ဆေးဖော်အိုးအတွင်းသို့ ငုံ့ကြည့်လိုက်ရာ အတွင်း၌ ပျစ်ချွဲနေသော အဖြူရောင်အရည်များသည် ဆူပွက်လှုပ်ရှားနေပြီး ကျရှုံးမှု၏ အနံ့ဆိုးများကို ထုတ်လွှတ်နေသည်ကို တွေ့ရသည်။ လော့ချန်၏ မျက်နှာလည်း ခဏချင်းပင် ပျက်ယွင်းသွားရသည်။
"သွားပြီကွာ.... ကုန်ပါပြီ...."
ဆေးလုံးဖြစ်ရန် ဝေးစွ၊ ဆေးများ ပေါင်းစပ်သည့် အဆင့်သို့ပင် မရောက်သေးချေ။
"နှင်းမြေခွေးမိစ္ဆာသွေးကို အသုံးပြုတဲ့အချိန် ထွက်လာတဲ့ အာရုံချောက်ခြားစေတဲ့ အစွမ်းက ငါ့ကို ခဏလေး အာရုံလွတ်သွားစေခဲ့တာပဲ.... အဲ့ဒီ ခဏလေးအတွင်းမှာပဲ တစ်ခုလုံး ပျက်စီးသွားတာလား.... ဆေးဖော်စပ်လာတဲ့ နှစ်တွေအတွင်းမှာ ဆေးလုံးရဲ့ တန်ပြန်သက်ရောက်မှုကို ခံရတာ ဒါပထမဆုံးပဲ"
ဤသို့ ဖြစ်ရပ်မျိုးမှာ အလွန်ပင် ရှားပါးလှသော်လည်း တကယ်ရှိနေသည်။ ပုံမှန်အားဖြင့် အဆင့်မြင့်ဆေးလုံးများ ဖော်စပ်ရာတွင်သာ ပါဝင်ပစ္စည်းများ၏ တန်ပြန်မှုကို ကြုံတွေ့ရလေ့ရှိသော်လည်း ယခုမူ သာမန် ချီလမ်းကြောင်းဆေးလုံးကပင် ဤသို့ တုံ့ပြန်လာခဲ့ခြင်း ဖြစ်သည်။
သူ၏ ဆေးဖော်နည်းတွင် နှင်းမြေခွေးမိစ္ဆာသွေး၏ အာရုံချောက်ခြားစေသော အစွမ်းကို နှိမ်နင်းမည့် ပစ္စည်း မပါဝင်ခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော် သူသည် အခြေခံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဖော်စပ်နည်းကို ပြင်ဆင်ရန်မှာ အလှမ်းဝေးသွားပြီ ဖြစ်သည်။ သူ လုပ်ရမည်မှာ ဆေးဖော်စပ်စဉ်အတွင်း အာရုံချောက်ခြားခြင်း မခံရစေရန် နည်းလမ်းရှာဖွေရန်သာ ဖြစ်သည်။
ပြဿနာရှိလျှင် အဖြေရှိရမည် မဟုတ်ပါလော။ လော့ချန် စိတ်ဓာတ်မကျပေ။ ကျရှုံးမှုမရှိဘဲ အောင်မြင်မှုကို မည်သို့ တည်ဆောက်နိုင်မည်နည်း။ သို့သော်လည်း ယနေ့ ဖြစ်ရပ်များက သူ့အား စိတ်ပိုင်းဆိုင်ရာအရ များစွာ ပင်ပန်းနွမ်းနယ်စေခဲ့သည်။ တစ်နေ့တည်းမှာပင် မှော်အတတ်ရော ဆေးဖော်စပ်ခြင်းပါ ကျရှုံးခဲ့ရခြင်းမှာ မည်သူမဆို စိတ်ဓာတ်ကျစရာပင်။
‘အရင် ရက်တွေကလည်း အလုပ်တွေ များနေခဲ့လို့ ဖြစ်မှာပါ၊ ဒီနေ့ ငါ့ရဲ့ သွေးကြောတွေလည်း အနည်းငယ် ထိခိုက်ထားတာဆိုတော့ အနားယူသင့်ပြီ၊ ဒီနေ့ညတော့ မကျင့်ကြံတော့ဘူး.... ရွှေကျောက်စိမ်းရည်နဲ့ ရောင်စဉ်အနှစ်သာရဆေးကိုပဲ သုံးပြီး အိပ်တာပဲကောင်းတယ်’
လော့ချန်သည် အချိန်အခါကို နားလည်ကာ မိမိကိုယ်ကိုဂရုစိုက်သူ ဖြစ်သည်။ ထိုညတွင် သူသည် မည်သည့် စိတ်အနှောက်အယှက် ဖြစ်စရာ အရာကိုမျှ မတွေးတောတော့ဘဲ နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည်။