အခန်း (၂၃၅-၂၃၆)
Vol. 24 Ch. 235-236
အခန်း (၂၃၅) - ချောက်ခြားဖွယ် မြို့ပျက်နှင့် တစ္ဆေစစ်သူကြီး
နောက်တစ်နေ့ နံနက်စောစောတွင် လော့ချန်သည် ပြီးခဲ့သည့်နှစ်က ဝယ်ယူခဲ့သော မြေခွေးဖြူသားမွေးဝတ်ရုံကို ဝတ်ဆင်ကာ လက်နှစ်ဖက်ကို ဝတ်ရုံအိတ်ကပ်ထဲ ထည့်ရင်း သူ၏ နယ်မြေအတွင်းသို့ လှည့်လည်ကြည့်ရှုရန် ထွက်လာခဲ့သည်။
ဆောင်းရာသီ အပြည့်အဝ ဝင်ရောက်လာပြီဖြစ်ရာ နှင်းပွင့်များမှာ တဖွဲဖွဲကျဆင်းနေလေသည်။ လခြမ်းတောင်ကြားတစ်ခုလုံး နှင်းများဖြင့် ဖုံးလွှမ်းနေသည်။ အဝေးတစ်နေရာတွင် ကလေးငယ်တစ်ဦး နှင်းလူရုပ်လုပ်နေသည်ကို လော့ချန် မြင်လိုက်ရသည်။ အနားသို့ သွားကြည့်သောအခါ လော့ချန် မရယ်ဘဲ မနေနိုင်တော့ပေ။
"ဟားဟား..ကြည့်စမ်း.... တော်တော် ရုပ်ဆိုးတာပဲ"
ပုံပျက်ပန်းပျက် နှင်းလူရုပ်လေးကို ဖန်တီးနေသော လက်သည်ဖြစ်သူ ချွီလင်ကျွင်းသည် ခေတ္တမျှ တောင့်ခဲသွားပြီးနောက် ခေါင်းကို စောင်းကာ ကြည့်လိုက်ပြီးမှ ရုတ်ချည်းပင် အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။
လော့ချန်မှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။
"နေပါဦး.... ဒီလောက်အထိ ဖြစ်ဖို့ လိုလို့လား.... မနေ့ကမှ ငါ ဆေးလုံးတွေ လက်ဆောင်ပေးထားတာကို.... ဒီကလေး ဘာဖြစ်သွားတာလဲ...." ဟု တွေးမိစဉ်မှာပင် ချွီလင်ကျွင်းသည် ပန်းအိုးငယ်လေးတစ်လုံးကို ပွေ့ပိုက်ကာ ပြန်ထွက်လာသည်။
"အဖွဲ့ချုပ်ခေါင်းဆောင်..... ဒါက အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ မွေးနေ့အတွက် ကျွန်တော်ရဲ့ လက်ဆောင်ပါခင်ဗျ"
အိုးထဲတွင် အခုမှ အညှောင့်ထွက်စရှိသေးသော အပင်ငယ်လေးကို ကြည့်ရင်း လော့ချန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"ငါ့မွေးနေ့ ဟုတ်လား.... ငါ တစ်ခုခု မေ့နေတာလား"
ချွီလင်ကျွင်းက ရင်ဘတ်ကို မာန်ပါပါ ပင့်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ကြွားလုံးထုတ်လေသည်။
"ဒါက ဝိညာဉ်ပျိုးပင်လေ.... အရင်က အဖွဲ့ချုပ်ခေါင်းဆောင် ကျွန်တော်ကို ပေးခဲ့တဲ့ အစေ့ကနေ ပေါက်လာတာ၊ ဆေးဖော်ဆောင်က ဦးဦးတွေ မလိုတော့တဲ့ သားရဲသွေးတွေကို သုံးပြီး ကျွန်တော် သေချာ ဂရုစိုက်ပျိုးထောင်လိုက်တာ....ဟီးဟီး အခုတော့ အပင်ပေါက်လာပြီ၊ ဘယ်လိုလဲ.... ကျွန်တော် တော်တယ် မဟုတ်လား"
လော့ချန်သည် ကလေးငယ်၏ ဖောင်းအိနေသော ပါးလေးကို ဆွဲညှစ်ရင်း ရယ်မောလိုက်သည်။
"ဟားဟား လိမ္မာလိုက်တာကွာ....ဩော်.... ဒါဆို မင်းက ငါ့ဆီကရတဲ့ လက်ဆောင်ကိုပဲ ငါ့ ပြန်ပေးနေတာပေါ့လေ ဟုတ်လား"
"ဟီးဟီး"
ချွီလင်ကျွင်းက ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီးမှ "ဝိညာဉ်ပျိုးပင်ကို အပင်ပေါက်အောင် လုပ်နိုင်ဖို့ဆိုတာ လူတိုင်း မလုပ်နိုင်တဲ့ အလုပ်ဗျ" ဟု ပြန်ပြောလိုက်သည်။
အမှန်ပင် ဝိညာဉ်ပျိုးပင်ကို ပြုစုပျိုးထောင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ ၎င်းမှာ နူးညံ့လွန်း၍ မဟုတ်ဘဲ ကြီးထွားမှု ဖြစ်စဥ် အလွန်ရှည်လျားလွန်းခြင်းကြောင့် ဖြစ်သည်။ ထိုသစ်ပင်တစ်ပင်မှာ အမြစ်ထွက်ပြီး အသုံးချနိုင်သော အဆင့်သို့ ရောက်ရန် အနည်းဆုံး နှစ်ပေါင်းတစ်ထောင်ခန့် ကြာမြင့်တတ်သည်။
ဤအပင်မျိုးစေ့မှာ ပြီးခဲ့သည့်နှစ်က ဖုန်းရှထံမှ မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့ခြင်း ဖြစ်သော်လည်း လော့ချန်သည် သိုလှောင်အိတ်ထဲတွင်သာ ပစ်ထားခဲ့သည်။ နောက်ပိုင်းတွင် ချွီလင်ကျွင်းအား စမ်းသပ်ရန် ပေးလိုက်ခြင်း ဖြစ်သော်လည်း ဤကလေးက အမှန်တကယ်ပင် အပင်ပေါက်အောင် လုပ်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
"ရပြီ.... မင်း အပင်ပေါက်အောင် လုပ်နိုင်တာ ငါ သိပြီ၊ အခုလောလောဆယ် ငါ့ကို မပေးနဲ့ဦး၊ မင်းပဲ ဆက်ပြီး ဂရုစိုက်ထားပေး၊ နောက်မှ အပင်ကြီးလာမှ ငါ့ကို ပေးတော့"
"ဟုတ်ကဲ့ခင်ဗျာ"
ချွီလင်ကျွင်းက တက်ကြွစွာ ခေါင်းညိတ်ပြပြီး ပန်းအိုးလေးကို ပိုက်ကာ အထဲသို့ ဂရုတစိုက် ပြန်ဝင်သွားတော့သည်။ လော့ချန်သည် ကလေးငယ် ထွက်သွားသည်ကို ကြည့်ပြီးနောက် နှင်းခဲများကို လက်ဖြင့် ဆုပ်ယူကာ ကလေးငယ် ချန်ထားခဲ့သော ပုံပျက်ပန်းပျက် နှင်းလူရုပ်လေးကို ပြုပြင်ပေးလိုက်သည်။ ခဏအကြာတွင် ချွီလင်ကျွင်း ပြန်ထွက်လာပြီး သူနှင့်အတူ ဝိုင်းကူလုပ်ဆောင်ပေးသည်။
"ဒါနဲ့ ဒီနှင်းလူရုပ်က ဘယ်သူ့ပုံလဲ.... ပြီးတော့ ဘာလို့ နှုတ်ခမ်းမွေးတွေနဲ့လဲ" ဟု လော့ချန်က မေးလိုက်သည်။
"ကျွန်တော့် အဖေလေဗျာ" ဟု ချွီလင်ကျွင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
"သူ့မုတ်ဆိတ်မွေးတွေက မာမာကြမ်းကြမ်းကြီးတွေဗျ.... အဲ့ဒါကြောင့် ဝက်မွေးတွေကို သွားယူပြီး နှုတ်ခမ်းမွေးလုပ် ကပ်ထားတာ"
"ဟ.... အဲ့ဒါဆို မင်းအဖေကို ဝက်လို့ ပြောနေတာ မဟုတ်ဘူးလား" ဟု လော့ချန်က စနောက်လိုက်သည်။
"ဟီး....”
“အဖေက တော်တော်ရိုးတာဗျ.... ကျွန်တော့် မေမေလောက် မသွက်ဘူး၊ ပြီးတော့ ဒီလောက်မချောပါဘူး၊ ကျွန်တော်ကတော့ အမေနဲ့ပဲ တူမှာပါ"
နှင်းလူရုပ် ဆက်လုပ်နေစဉ်မှာပင် ချွီလင်ကျွင်း၏ နှာခေါင်းလေးမှာ အအေးဒဏ်ကြောင့် နီရဲလာတော့သည်။ သူ ရုတ်တရက် ရပ်တန့်သွားပြီး လော့ချန်ကို မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ကြည့်ကာ နှာတစ်ချက် ရှုံ့လိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော် အဖေနဲ့အမေကို လွမ်းတယ်ဗျာ"
လော့ချန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးမှ ကလေးငယ်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ နှင်းပွင့်များ ကြွေကျနေသော ကြားတွင် အရပ်ရှည်ရှည် လူတစ်ယောက်နှင့် ကလေးငယ်တစ်ဦးတို့သည် ဘေးချင်းယှဉ်ရပ်လျက် မညီမညာသော နှင်းလူရုပ်လေးကို အတူတူ အဆုံးသတ်ပေးလိုက်ကြတော့သည်။
....
"တစ္ဆေ စစ်သူကြီး ဟုတ်လား"
လင်းစန္ဒာခန်းမအတွင်း၌ ကျင့်ကြံသူများသည် မီးဖိုကို ဝိုင်းဖွဲ့လျက် အအေးဒဏ်ကို အံတုနေကြသည်။ ကျန်းဝမ်က တာဟဲမြို့ပျက်နှင့် ပတ်သက်သည့် နောက်ဆုံးသတင်းများကို ပြောပြနေစဉ် လော့ချန်က အံ့ဩတုန်လှုပ်သော မျက်နှာထားဖြင့် အာရုံစိုက် နားထောင်နေသည်။
ကျန်းဝမ်က အံ့ဩတသစွာဖြင့် လျှာတစ်ချက် သပ်လိုက်ပြီး "ဟုတ်တယ်.... မြို့ပျက်ထဲမှာ တစ္ဆေ စစ်သူကြီး တစ်ကောင် ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားဘူး…. အထဲကို ဝင်ပြီး အတွင်းပိုင်းထိ အခြေချဖို့ သွားခဲ့တဲ့ နန်ကုန်းမျိုးနွယ်စုတော့ ဒီတစ်ခါ တော်တော်လေး အထိနာသွားပြီ" ဟု ဆိုလိုက်သည်။
ယင်စွမ်းအားနယ်ပယ်တွင် အဆင့်အတန်း ခွဲခြားမှုများစွာ ရှိသည်။ အချို့မှာ ယင်စွမ်းအားများ စုစည်းရာမှ ဖြစ်ပေါ်လာသော ဝိညာဉ်များဖြစ်သလို၊ အချို့မှာမူ ကွယ်လွန်သွားသော ကျင့်ကြံသူများ၏ ဝိညာဉ်မှတစ်ဆင့် ပြောင်းလဲသွားခြင်း ဖြစ်သည်။ အခြားသော နာကြည်းစိတ်ဖြင့် ပေါက်ဖွားလာသော ဝိညာဉ်ဆိုးများနှင့် ဖုတ်ကောင်များလည်း ရှိပေသေးသည်။
သူတို့သည် အဆင့်အတန်းကို သာမန် ကျင့်ကြံသူများကဲ့သို့ ချီသန့်စင်အဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်ဟူ၍ မသတ်မှတ်ဘဲ တစ္ဆေစစ်သည်၊ တစ္ဆေ စစ်သူကြီးနှင့် တစ္ဆေဘုရင် ဟူ၍ ခွဲခြားထားခြင်း ဖြစ်သည်။
အဆင့်မြင့်သော ဝိညာဉ်များက အောက်ခြေဝိညာဉ်များကို သဘာဝအလျောက် ဖိနှိပ်ချုပ်ကိုင်နိုင်စွမ်း ရှိကြသည်။ တစ္ဆေဘုရင်တစ်ပါးသည် နယ်မြေတစ်ခုလုံးကို တစ္ဆေ ချောက်နက်ကြီးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပြီး ထိုနယ်မြေအတွင်းရှိ ဝိညာဉ်သရဲအားလုံးကို သူ၏ အကြွင်းမဲ့ အာဏာစက်အောက်တွင် ထားရှိနိုင်သည်။
တာဟဲစျေးမြို့တော် မြို့တွင်းပိုင်း တိုက်ပွဲအတွင်း ကျင့်ကြံသူ ငါးထောင်ခန့် ရှိနေခဲ့သည်။ ဘေးအန္တရာယ် ကျရောက်လာသောအခါ အချို့မှာ ချက်ချင်း သေဆုံးခဲ့ရပြီး အချို့မှာမူ ကျောက်စိမ်းအိုးဓားနန်းဆောင်မှ ရုတ်ချည်း ဖွင့်လိုက်သော မှော်အစီအရင်ကြောင့် အထဲတွင် ပိတ်မိခဲ့ကြသည်။ ကံကောင်းသူ အနည်းငယ်သာ သီသီလေး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအဆုံးသတ်ချိန်တွင် တစ္ဆေဘုရင် သုံးပါးကို ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူ ဖန်ရင်ရှုံက သုတ်သင်နိုင်ခဲ့သော်လည်း ရာစုနှစ်ပေါင်းများစွာ စုစည်းနေခဲ့သော ချီစွမ်းအားဆိုးများမှာ မြို့တွင်းပိုင်းတစ်ခုလုံးကို လွှမ်းမိုးသွားပြီး အပြီးအပိုင် တစ္ဆေ ချောက်နက်ကြီးအဖြစ် ပြောင်းလဲသွားစေခဲ့တော့သည်။
အကယ်၍ ထိုမျှနှင့်သာ ပြီးဆုံးခဲ့ပါက ဂိုဏ်းကြီးများမှ ကျင့်ကြံသူများ လာရောက်၍ သန့်စင်ပေးပြီးနောက် ဟန်ချက်ညီအောင် ပြုလုပ်နိုင်မည် ဖြစ်သော်လည်း သုံးလကြာသွားသည့်တိုင် ကျောက်စိမ်းအိုးဓားဂိုဏ်းဆီမှ မည်သည့်သတင်းမျှ ထွက်မလာခဲ့ချေ။ ထိုအစား မြို့ပျက်အတွင်း၌ တစ္ဆေစစ်သူကြီး တစ်ကောင် ပေါ်လာပြီဟူသော သတင်းကသာ ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။
တစ္ဆေ စစ်သူကြီးတစ်ကောင်သည် နယ်မြေတစ်ခုလုံးကို အစိုးရသော တစ္ဆေဘုရင်ကဲ့သို့ ကြောက်စရာ မကောင်းသော်လည်း သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ၎င်းသည် အသိဉာဏ်ရှိသလို အတိတ်ဘဝက အမူအကျင့်များကိုလည်း အနည်းငယ် မှတ်မိနေသေးသည်။ တစ္ဆေ ချောက်နက်ကြီးအတွင်း၌ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ အဆမတန် မြင့်မားလှသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရပါက မည်သူနိုင်မည်ကို မခန့်မှန်းနိုင်သော်လည်း ချီသန့်စင်အဆင့် ကျင့်ကြံသူများအဖို့မူကား ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိနိုင်တော့ချေ။
"ဒါနဲ့ ဘယ်နားမှာ တွေ့တာလဲ" ဟု လော့ချန် စိတ်ဝင်တစား မေးလိုက်သည်။
ကျန်းဝမ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
"ကျောက်ဖြူရင်ပြင် နားမှာလို့ ပြောကြတာပဲ.... နန်ကုန်းမျိုးနွယ်စုက တခြားသူတွေထက် အရင်ဦးအောင် ဓားနန်းဆောင်ဆီ ရောက်ဖို့ ကြိုးစားရင်း အတွင်းပိုင်းအထိ ဝင်သွားခဲ့တာ၊ ဒါပေမဲ့ ကျောက်ဖြူရင်ပြင်ကို ရောက်တော့ တစ္ဆေ စစ်သူကြီးနဲ့ တိုးတာပဲလို့ကြားတယ်"
သူ တောက်တစ်ချက် ခေါက်လိုက်သည်။
"တကယ့်ကို သတ်ဖြတ်ပွဲကြီးပဲဗျာ.... နန်ကုန်းမျိုးနွယ်စုက ချီသန့်စင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်မှာ တစ်ယောက်ပဲ အသက်ရှင်လွတ်မြောက်လာခဲ့တယ်တဲ့.... ကြားလို့မှကောင်းသေးရဲ့လား"
ထိုစကားကြောင့် လော့ချန် မျက်ခုံးပင့်လိုက်သည်။
"ဟမ်.... ကိုးယောက်တောင် သေသွားတာလား"
"ဟုတ်တယ်ကွ.... နန်ကုန်းချင် တစ်ယောက်ပဲ လွတ်လာတာတဲ့" ဟု ကျန်းဝမ်က အတည်ပြုလိုက်ရင်း တိတ်ဆိတ်စွာ ဝိုင်သောက်နေသော ချင်လျန်ချန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"အဲ့ဒီကောင်ကိုက ကံကောင်းတာပါကွာ.... သူ့မှာ ဝိညာဉ်သရဲတွေကို နှိမ်နင်းနိုင်တဲ့ ရတနာတွေ အများကြီး ပါသလို၊ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိတဲ့ သူ့အဖေဆီကရတဲ့ မှော်ဝင်ပစ္စည်းလည်း ပါတာကိုး…. သေသွားတဲ့ ကိုးယောက်က အချိန်ဆွဲပေးထားလို့သာ သူက မှော်လက်နက်ကို သုံးပြီး ကျောက်ဖြူရင်ပြင်ကနေ သီသီလေး လွတ်လာခဲ့တာလို့ပြောကြတာပဲ"
ဤစကားကို ကြားသောအခါ မုရုံချင်းလျန်၏ စိတ်ပျက်သွားသည့် အမူအရာ ထွက်ပေါ်လာသည်။ နန်ကုန်းမျိုးနွယ်စုသည် တစ်ချိန်က ချင်လျန်ချန်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ဖူးသဖြင့် ချင်မျိုးနွယ်စုအနေဖြင့် ဤရန်ငြိုးကို မည်သည့်အခါမျှ မေ့ပျောက်မည် မဟုတ်ချေ။ သို့သော်လည်း ချင်လျန်ချန်းကမူ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။
ကူချိုင်ယီသည် လော့ချန်ဆီသို့ တစ်စုံတစ်ခုကို ကမ်းပေးလိုက်သည်။
"ရော့.... ဒါ စားလိုက်"
လော့ချန်သည် ကုချိုင်ယီထံမှ အခွံနွှာထားသော သစ်အယ်သီးစေ့များကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ပါးစပ်ထဲတွင် အစာများဖြင့် သူ ဗလုံးဗထွေး ပြောလိုက်သည်။
"ကျွန်တော်နားလည်တာတစ်ခုက နန်ကုန်းမျိုးနွယ်စုက ဒီလိုကိစ္စမျိုးကို အပြင်ကို ပေါက်ကြားအောင် တကယ်ပဲ လုပ်ပါ့မလား.... ခင်ဗျား ပြောပြနေတာက တကယ့်ကို ကိုယ်တိုင် မြင်ခဲ့ရတဲ့အတိုင်းပဲ…."
ထိုအခါ ကျန်းဝမ်က ရယ်မောလိုက်သည်။
"ဟားဟား.... မင်းကလဲ မယုံဘူးလားကွာ.... အေး ငါကိုယ်တိုင် မြင်ခဲ့တာ မဟုတ်ဘူး…. ဒါပေမဲ့ လီမျိုးနွယ်စုက လူတစ်ယောက်ကတော့ ကိုယ်တိုင် မြင်ခဲ့တာ"
"လီမျိုးနွယ်စု ဟုတ်လား"
"ဟုတ်တယ်.... လီအောက်က ကျောက်ဖြူရင်ပြင် အပြင်ဘက်အထိ သူ့လူတွေကို ခေါ်သွားခဲ့တာ၊ သူတို့ရဲ့ မြစိမ်းပိုးစုန်းကြူးမီးအိမ်ကို သုံးပြီး အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပဲ"
‘ဒါဆို လီမျိုးနွယ်စုကလည်း မြို့ပျက်ထဲကို လူတွေ လွှတ်ထားတာပေါ့’ ဟု လော့ချန် တွေးတောမိလိုက်သည်။
မကြာသေးမီက အင်းအားကြီးမျိုးနွယ်စုအားလုံးမှာ မြို့ပျက်ဆီသို့သာ အာရုံစိုက်နေကြသည်မှာ သိသာလှသည်။ မြို့ထဲတွင် ကျန်ရှိနေသော အရင်းအမြစ်များမှာ အလွန်ပင် များပြားလှသဖြင့် အပြင်ဘက်တွင် စီးပွားရေး လုပ်နေသည်ထက် ပိုမိုမြတ်စွန်းနိုင်သည်။
လော့ချန်၏ စိတ်ထဲတွင်မူ မြို့ပျက်ထဲမှ သူလိုချင်သော သီးခြားပစ်မှတ်တစ်ခု ရှိသည်။ ထိုအရာမှာ နတ်သက်ကြွေအိမ်ရာပင် ဖြစ်သည်။ အိုက်လောင်တောင်၏ ပိုင်ဆိုင်မှုတစ်ခုဖြစ်သည့် ထိုနေရာတွင် တန်ဖိုးကြီး ချီစွမ်းအားပစ္စည်းများစွာ ရှိသလို အထူးသဖြင့် မီးသားရဲချီ များလည်း ရှိသည်။
ကျန်းဝမ်သည် မြို့ပျက်နှင့် ပတ်သက်၍ သူကြားသိထားသမျှကို တတွတ်တွတ် ပြောပြနေတော့သည်။ လီမျိုးနွယ်စုမှ ကျင့်ကြံသူများသည် နန်ကုန်းမျိုးနွယ်စု၏ ကျရှုံးမှုကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသဖြင့် ထိုသတင်းကို တမင်တကာ ဖြန့်ဝေနေခြင်း ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ နန်ကုန်းမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ရန်ပင် ဖြစ်သည်။ အမှန်စင်စစ် ဤမျိုးနွယ်စုနှစ်ခုမှာ ဖိုရှန်းဂိုဏ်း၏ သားရဲခန်းမကို ထိန်းချုပ်ရန် ကြိုးစားခဲ့ကြရာမှ ပဋိပက္ခများ ရှိခဲ့ဖူးသည်။
ကျန်းဝမ်၏ ပြောကြားချက်အရ မြို့ပျက်အတွင်း လက်ရှိ အခြေအနေမှာ ပိုဆိုးရွားလာနေသည်။ အန္တရာယ်အရှိဆုံးနေရာမှာ တစ္ဆေ စစ်သူကြီး ကင်းလှည့်နေသော ကျောက်ဖြူရင်ပြင်ဖြစ်ပြီး မည်သူမျှ ဘေးကင်းစွာ မဝင်နိုင်ချေ။ သို့သော်လည်း ရင်ပြင် နယ်နိမိတ်ကို ကျော်လွန်သွားပါက တစ္ဆေ စစ်သူကြီးမှာ လိုက်လံတိုက်ခိုက်ခြင်း မရှိတော့ချေ။ ထို့ကြောင့်လည်း နန်ကုန်းချင်နှင့် လီမျိုးနွယ်စုဝင်များ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုမြို့ပျက်ကြီးထဲမှ ဂိုဏ်းကြီးငါးခု၏ နာမည်ကြီးဆိုင်များမှာမူ ကြာမြင့်စွာကတည်းက စွန့်ပစ်ခြင်း ခံထားရပြီ ဖြစ်သည်။ တန်ဖိုးရှိသော အရာများမှာ ယူဆောင်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။ သို့သော်လည်း ဒေသတွင်း ဂိုဏ်းငယ်လေးများ၏ ဆိုင်များမှာမူ မှော်အစီအရင်များကြောင့် မပျက်မစီး ကျန်ရှိနေသေးရာ များစွာသော အင်အားစုများက ထိုအကာအကွယ်များကို ဖျက်ဆီးရန် ကြိုးစားနေကြသည်။
မှော်အစီအရင်များ အကြောင်းကို ကြားလိုက်ရသောအခါ လော့ချန်သည် မင်လုံယွီကို သတိရသွားမိသည်။
ထိုလူမှာ တာကျန်းဂိုဏ်းနှင့် ဆက်စပ်နေသော်လည်း အမှန်စင်စစ် လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်မှ ကျင့်ကြံသူ ဖြစ်နိုင်သည်။ သူသည် မှော်အစီအရင်နှင့် ပတ်သက်၍ အလွန်ပင် ကျွမ်းကျင်လှပြီး တိုက်ပွဲများတွင်ပင် အသုံးချနိုင်သူ ဖြစ်သည်။ အကယ်၍ ကုန်သွယ်ရေးမဟာမိတ်ကသာ မြို့တွင်းပိုင်းကို တကယ်တမ်း စူးစမ်းလိုပါက မင်လုံယွီ တစ်ယောက်တည်းကို လွှတ်လိုက်ရုံဖြင့် အခြားသော အင်အားစုများထက် ပိုမိုရရှိနိုင်ပေလိမ့်မည်။
‘ဩော်.... ငါတို့ လော့ထျန်းအဖွဲ့ချုပ်မှာလည်း မှော်အစီအရင် ကျွမ်းကျင်တဲ့လူ ရှိရင် သိပ်ကောင်းမှာပဲ’ ဟု လော့ချန် နှမြောတသစွာ တွေးတောမိလိုက်သည်။
လော့ထျန်းအဖွဲ့ချုပ်တွင် ကျွမ်းကျင်သူ ပါရမီရှင်များ လိုအပ်နေသေးသည်။ အဖွဲ့ဝင်အများစုမှာ ဆေးဖော်စပ်ခြင်းကဲ့သို့သော ထုတ်လုပ်ရေးအပိုင်း ကျင့်ကြံသူများ သို့မဟုတ် တိုက်ခိုက်ရေး ကျင့်ကြံသူများသာ ဖြစ်ကြသည်။
ယွမ်တုန်းရှန်း၏ ဦးဆောင်မှုအောက်တွင် ဝိညာဉ်ဆန်စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းနေပြီး နောက်နှစ်တွင် အထွက်နှုန်းကောင်းရန် မျှော်လင့်နိုင်သည်။ ထို့အပြင် မြို့တွင်းပိုင်းမှ ထွက်ပေါ်လာသော ချီစွမ်းအားများကြောင့် ဆေးဘက်ဝင်အပင်များမှာလည်း ကောင်းမွန်စွာ ရှင်သန်နေကြသည်။ သို့သော် ဆောင်းရာသီ ရောက်လာသည်နှင့်အမျှ ဥတုလေးပါး နွေဦးမှော်အစီအရင်ကို ထိန်းသိမ်းရန်မှာ များစွာသော စွမ်းအားကို သုံးစွဲနေရသည်။ စိုက်ပျိုးရေးကဏ္ဍမှ ကျင့်ကြံသူများသည် တန်ဖိုးရှိသော ကုန်စည်များကို စိုက်ပျိုးထုတ်လုပ်နေကြသော်လည်း သူတို့အား ကာကွယ်ပေးမည့် သူများလည်း လိုအပ်သည်။
အကယ်၍ အခြားသူများ လာရောက် လုယက်လျှင် မည်သို့လုပ်မည်အား ကြိုတင်စဥ်းစားရပေတော့မည်။ လော့ထျန်းအဖွဲ့ချုပ်မှ တိုက်ခိုက်ရေးအဖွဲ့ဝင်များသည် တစ်ဦးချင်း တိုက်ခိုက်ရာတွင် အစွမ်းထက်နိုင်သော်လည်း အကြီးအကျယ် တိုက်ပွဲဖြစ်ပွားပါက စိုက်ခင်းများမှာ မျက်တောင်တစ်ခတ်အတွင်း ပျက်စီးသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့၏ ကြိုးစားမှုများမှာ ဝါးခြင်းတောင်းဖြင့် ရေခပ်သလို အဖတ်မတင်ပဲ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ထိုကဲ့သော အကြောင်းရင်းများကြောင့် မင်လုံယွီကဲ့သို့သော မှော်အစီအရင် ကျွမ်းကျင်သူမှာ အလွန်ပင် တန်ဖိုးရှိလှသည်။ အကယ်၍ သူတို့တွင် ဓာတ်ကြီးငါးပါး မှော်အစီအရင် ထိန်းသိမ်းနိုင်သူ ရှိပါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ မပါဝင်သရွေ့ လခြမ်းတောင်ကြားရှိ စိုက်ခင်းများမှာ လုံးဝ ဘေးကင်းလုံခြုံနေမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် လော့ထျန်းအဖွဲ့ချုပ်တွင် ထိုကဲ့သို့သော လူမျိုး မရှိသေးချေ။ မှော်အစီအရင်အကြောင်း အနည်းငယ်သိသူ ဟူ၍ တွမ်ဖုန်း တစ်ဦးတည်းသာ ရှိသော်လည်း သူ၏ ဗဟုသုတမှာ လက်နက်ဖော်စပ်ခြင်းနှင့် ဆက်စပ်သော အဆင့်ငယ်လေးများသာ ဖြစ်သည်။ လော့ချန်၏ စီစဉ်မှုအရ တွမ်ဖုန်းသည် လက်နက်ဖော်စပ်သူ သင်တန်းသားများကို လေ့ကျင့်ပေးနေပြီး နောင်တွင် လက်နက်တိုက်တစ်ခု ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။
‘လော့ထျန်းအဖွဲ့ချုပ် အမှန်တကယ် တိုးတက်ဖို့ဆိုရင် သွားရမယ့်လမ်းက အဝေးကြီး ကျန်နေပါလား....’
ထိုသို့ ရှေ့အနာဂတ်အား ကြိုတင်မှန်းဆ တွေးတောရင်း လော့ချန် စိတ်မွန်းကျပ်လာသည်။ ထို့ကြောင့် သူ သက်ပြင်းချရင်း ခေါင်းခါလိုက်ပြီး အခြားသူများနှင့်အတူ စကားဝိုင်းထဲသို့ ပြန်လည် ဝင်ရောက်လိုက်လေတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၃၆) - လော့ချန်နှင့် အတိတ်တစ္ဆေ၏ ခြောက်လှန့်မှု
လော့ချန်တို့ အဖွဲ့သားများသည် ထိုသို့ ဝိုင်းဖွဲ့စကားပြောနေကြရင်း တာဟဲစျေးမြို့တော်အကြောင်းမှ ကျင့်ကြံခြင်းဆိုင်ရာ အကြောင်းအရာများသို့ ဆက်လက် ကူးပြောင်းသွားရာ ခန်းမအတွင်းရှိ စကားဝိုင်းကြီးသည် ပိုမို အသက်ဝင် လှုပ်ရှားလာခဲ့သည်။
ဤနေရာတွင် ရှိနေသူအများစုမှာ ချီသန့်စင်အဆင့် ၉ သို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။ ကျန်းဝမ်နှင့် အဘွားယွမ်တို့မှာမူ သူတို့၏ ကန့်သတ်ချက်ကို လက်ခံထားကြပြီ ဖြစ်သော်လည်း အခြားသူများမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြဆဲ ဖြစ်သည်။
လော့ချန်၏ ဦးဆောင်မှုဖြင့် သူတို့သည် ကျင့်ကြံခြင်းတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် ကိုယ်ပိုင်အမြင်များကို အပြန်အလှန် ဖလှယ်ကြသည်။ လော့ချန်ကိုယ်တိုင်လည်း သူတို့၏ အတွေ့အကြုံများမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ တစ်ခါတစ်ရံတွင် ရုတ်ချည်း သိမြင်သွားသော အသိတစ်ခုမှာ နှစ်ပေါင်းများစွာ ရုန်းကန်ရမှုကို သက်သာစေနိုင်သည် မဟုတ်ပါလော။
အဖွဲ့သားများသည် ညနေစောင်းအထိ ဝိုင်းဖွဲ့စကားပြောဆိုပြီးနောက် လူစုခွဲခဲ့ကြသည်။
အားလုံး ပြန်သွားကြသောအခါ လော့ချန် ဆေးဖော်ခန်းမဆောင်ဆီသို့ ပြန်လာခဲ့သည်။
ယနေ့တွင် ဆေးဖော်ခန်းမဆောင်ကို ရှားရှားပါးပါး အနားပေးထားသဖြင့် ဆေးလုံးဖော်စပ်ခြင်း မရှိဘဲ လူတိုင်း အနားယူနေကြခြင်း ဖြစ်သည်။ လော့ချန်ကိုယ်တိုင်လည်း ခေတ္တမျှ အနားယူခဲ့သလို စွမ်းအားကြောပြုပြင်ဆေးရည်ကြောင့် သူ၏ သွေးကြောထဲမှ ဒဏ်ရာအနည်းငယ်မှာလည်း အပြည့်အဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။ တစ်နေ့လုံး ပေါ့ပေါ့ပါးပါး စကားပြောရင်း အနားယူခဲ့ရသဖြင့် သူ စိတ်ရောကိုယ်ပါ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေလေပြီ။
"ကဲ....သွေးအဆီအနှစ်ဆေးလုံး တစ်သုတ်လောက်နဲ့ အရင် လက်သွေးကြည့်ရအောင်"
မနေ့က ဆက်တိုက် ကျရှုံးခဲ့မှုများမှာ သူ့အပေါ် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ဖြစ်ခဲ့သည်။ လော့ချန်သည် မိမိကိုယ်ကိုယ် ယုံကြည်မှု ပြန်လည် တည်ဆောက်ရန်နှင့် ထျန်းရှင်းကျီ နှင့် တွေ့ဆုံချိန်တွင် အဆင့်သင့်ဖြစ်စေရန် သွေးအဆီအနှစ် ဆေးလုံးများကို အရင်ဖော်စပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အလုပ်မစတင်မီ လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်ကို တစ်ချက် ကြည့်လိုက်သည်။
သွေးအဆီအနှစ် ဆေးလုံး - အခြေခံအဆင့် (၉၇/၁၀၀)
"အင်း.... နောက်ထပ် တစ်သုတ် အောင်မြင်ရင် တတ်မြောက်အဆင့် ရောက်ပြီကွ” ဟု သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုအဆင့်သို့ ရောက်ပါက သူ၏ အောင်မြင်မှုနှုန်းမှာ (၁၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းသို့ တိုးတက်လာမည် ဖြစ်ရာ ဤသည်မှာ သေးငယ်သော်လည်း အလွန် တန်ဖိုးရှိသော တိုးတက်မှု ဖြစ်သည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။
"အခုထိ အကြိမ်ကြိမ် ကျရှုံးပြီးပြီပဲကွာ.... အဲ့တော့ သင်ခန်းစာယူပြီး ငါ ကုန်ကြမ်း လေးသုတ်ကို ပြိုင်တူ ဖော်စပ်ရင် အနည်းဆုံး တစ်သုတ်တော့ အောင်မြင်မှာပဲ"
ယခုအခါ လော့ချန်သည် စနစ်၏ သဘောတရားကို ကောင်းစွာ နားလည်ထားပြီ ဖြစ်သည်။ အောင်မြင်မှုနှုန်း ဆိုသည်မှာ မြင်ရသလောက် ရိုးရှင်းသည်တော့ မဟုတ်ချေ။ အခြေခံအဆင့်တွင် ဆယ်ကြိမ်လျှင် တစ်ကြိမ် အောင်မြင်ရန် အာမခံထားသကဲ့သို့ ရှိသော်လည်း၊ လက်တွေ့တွင်မူ ပေါ့ပေါ့တန်တန် လုပ်ဆောင်ပါက ဆယ်ကြိမ်စလုံး ကျရှုံးနိုင်သည်။
အခြားတစ်ဖက်တွင်မူ အကယ်၍ သူသာ သေချာစွာ ပြင်ဆင်ပြီး ဖော်စပ်နည်းကို နက်နက်နဲနဲ နားလည်ကာ နည်းစနစ်များကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားမည်ဆိုပါက ပထမဆုံးအကြိမ်မှာပင် အောင်မြင်နိုင်သည်။ သွေးအဆီအနှစ်ဆေးလုံး ဖော်စပ်မှုမှာ အကောင်းဆုံး သာဓကပင် ဖြစ်သည်။
“အားတင်းထားဟေ့.... ဆေးဖော်စပ်တိုင်း အစွမ်းကုန် ကြိုးစားရမယ်၊ အဲ့ဒါမှ အောင်မြင်မှုအတွက် အာမခံချက် ရှိမှာ”
လော့ချန် ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် တိုက်တွန်းပြီးနောက် ချင်းဟယ် မိစ္ဆာသစ်ခက်ကို မီးတွင်းထဲသို့ ထည့်လိုက်သည်။ ဤသားရဲပစ္စည်းမှာ ဆေးဖော်စပ်သည့် မီးလျှံကို ပိုမိုအားကောင်းစေသဖြင့် အောင်မြင်မှုနှုန်းကို မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလော။ ဆေးဖော်ခြင်း မစတင်မီ သူသည် တည်ကြည်သော မျက်နှာထားဖြင့် စိတ်စွမ်းအားကို နှိုးဆွကာ ခန္ဓာကိုယ်ရှိ အရေးကြီးသော အပ်စိုက်မှတ် (၁၈) ခုကို စတင် လှုပ်ရှားစေလိုက်သည်။
"အား...."
လော့ချန်သည် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို အံကြိတ်ခံရင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ ဤနာကျင်မှုကို မဖြစ်မနေ လိုအပ်သည်။ သွေးအဆီအနှစ်ဆေးလုံးအတွက်တင်သာ မဟုတ်ဘဲ ဤခံစားချက်နှင့် ကျင့်သားရရန် ဖြစ်သည်။ နောက်ပိုင်းတွင် ချီလမ်းကြောင်းဆေးလုံးကို ဖော်စပ်သည့်အခါ ဤကျင့်စဉ်မှ ထွက်ပေါ်လာသော စွမ်းအားက နှင်းမြေခွေးမိစ္ဆာသွေးကြောင့် ဖြစ်ပေါ်လာမည့် အာရုံချောက်ခြားမှုများကို ပြန်လည် တိုက်ဖျက်ပေးနိုင်ပေလိမ့်မည်။
ပြင်ဆင်မှုများ ပြီးဆုံးသောအခါ လော့ချန် ပါဝင်ပစ္စည်းများကို တစ်ခုချင်းစီ စတင်ထည့်သွင်းလိုက်ရာ သွေးအဆီအနှစ်ဆေးလုံး ဖော်စပ်ခြင်း လုပ်ငန်းစဉ်မှာ စတင်ပြီ ဖြစ်သည်။ သူသည် အဆင့်တိုင်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ နှစ်နာရီခန့် ကြာပြီးနောက် သွေးအဆီအနှစ်ဆေးလုံး (၁၄) လုံးကို စိတ်ကျေနပ်စွာဖြင့် သိမ်းဆည်းလိုက်သည်။
ဤဆေးများမှာ အဆင့်နိမ့်ဆေးလုံးများသာ ဖြစ်သော်လည်း သူ၏ အောင်မြင်မှုနှုန်းမှာ တိုးတက်လာခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် သွေးအဆီအနှစ်ဆေးလုံး၏ အဆင့်မှာလည်း ကျွမ်းကျင်အဆင့်သို့ တက်လှမ်းသွားကာ အောင်မြင်မှုရမှတ်မှာလည်း ၂၈ မှတ်သို့ တိုးလာခဲ့သည်။
သူ ခေတ္တနားနေစဉ် အခြေအနေပြကြေးမုံပြင်ကို ကြည့်ရင်း စိတ်ကူးတစ်ခု ပေါ်လာသည်။ အကယ်၍ သူသာ ဤအမှတ်များအားလုံးကို သုံးစွဲလိုက်မည်ဆိုပါက ဒုတိယအဆင့် ဆေးဖော်နည်းများဖြစ်သော ကျောက်စိမ်းနှင်းစက်ဆေးလုံး ၊ သွေးမိစ္ဆာဆေးလုံးနှင့် နတ်ဒေဝါပျားရည်တို့ကို အခြေခံအဆင့်အထိ တက်လှမ်းနိုင်မည်လောဟု လောဘဆက်တက်မိသည်။ သို့သော် လော့ချန် သူ့အတွေးများကို ဖယ်ကာ ခေါင်းခါလိုက်သည်။
"အင်း မဖြစ်သေးဘူး.... ငါ အဲ့ဒီအဆင့်ကို မရောက်သေးဘူး"
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိမှသာ ဒုတိယအဆင့် ဆေးဖော်နည်းများကို သင်ယူရာတွင် ကုန်ကျမည့် အောင်မြင်မှုမှတ်များ သိသိသာသာ လျော့နည်းသွားမည် ဖြစ်သည်။ ခေတ္တမျှ အနားယူပြီးနောက် လော့ချန် မတ်တတ်ရပ်ကာ အခြား ဆေးဖော်ခန်းတစ်ခုသို့ ဝင်လိုက်သည်။ သူ နတ်သစ်သားဆေးအိုးကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။
"ဒီဆေးဖော်အိုးက အဆင့်မြင့်မှော်လက်နက် မဟုတ်ပေမဲ့ သစ်ပင်ဆေးဖက်ဝင်ပစ္စည်းတွေကို ဖော်စပ်တဲ့နေရာမှာတော့ အပိုဆောင်း အကျိုးကျေးဇူးတွေ ပေးနိုင်တယ်…. ချီလမ်းကြောင်းဆေးလုံးရဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ ဝိညာဉ်ရိပ်ဆေးပင် အတွက်တော့ ဒါက အကောင်းဆုံးပဲဖြစ်မယ်"
ယခုတစ်ကြိမ်တွင်မူ သူသည် လေးရောင်ခြယ်ဆေးအိုးကို မသုံးတော့ဘဲ နတ်သစ်သားဆေးအိုးကိုသာ သုံးစွဲရန် ဆုံးဖြတ်လိုက်သည်။
"ဘုရား.... ဘုရား.... ဒီတစ်ခါတော့ အောင်မြင်ပါစေ...."
လော့ချန်သည် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်ကို နှိုးဆွလိုက်ရာ ပြင်းထန်သော နာကျင်မှုက တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည်။ သို့သော် သူ၏ မျက်နှာမှာ ဘာမှမဖြစ်သလို တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ ဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို တစ်ခုချင်းစီ ထည့်သွင်းလိုက်သည်။
အချိန်အတန်ကြာပြီးနောက် လော့ချန်တစ်ယောက် ဆေးဖော်ခန်းအတွင်းမှ မျက်နှာသေကြီးဖြင့် ထွက်လာခဲ့သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ထပ်မံ ကျရှုံးခဲ့ပြန်သည်။ သို့သော် သူ စိတ်မတိုတော့ချေ။ ချီလမ်းကြောင်းဆေးလုံး ဖော်စပ်နည်းမှာ မပြည့်စုံဘဲ သူကိုယ်တိုင် ကောင်းနိုးရာရာ စမ်းသပ်ဖော်စပ်နေခြင်း ဖြစ်ရာ ဤသို့ ကျရှုံးခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စသာ ဖြစ်သည်။ သို့သော် ယခုစမ်းသပ်မှုကြောင့် သူ သိလိုက်ရသည်မှာ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်သည် နှင်းမြေခွေးမိစ္ဆာသွေး၏ အာရုံချောက်ခြားမှုကို ကောင်းစွာ ခုခံနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းမှာ အကြီးမားဆုံးသော ရလဒ်ပင် မဟုတ်ပါလော။
"ဟူး.... နောက်တစ်ခါကျရင်တော့ သေချာပေါက် အောင်မြင်ရမယ်ကွာ" ဟု လော့ချန် တီးတိုး ရေရွတ်လိုက်သည်။
သို့သော် မှန်းချက်နှင့် နှမ်းထွက် မကိုက်ပေ။ နောက်ထပ် ကြိုးစားမှုများမှာလည်း ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ ငါးရက်ခန့် ကြာပြီးနောက်တွင်မှ လော့ချန်သည် ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ခြင်းကို ရပ်နားကာ တစ်နေ့လုံးကို ချီလမ်းကြောင်းဆေးလုံးအတွက်သာ အချိန်ပေးလိုက်တော့သည်။ ထိုအခါမှသာ တစ်ကြိမ်တည်းသော အောင်မြင်မှုကို ခဲခဲယဉ်းယဉ်း ရရှိခဲ့တော့သည်။
"ရေး.... ကိုးကြိမ် ကျရှုံးပြီး နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီကွ"
လော့ချန်သည် သူ၏ လက်ဖဝါးပေါ်ရှိ ဖြူစင်ဝင်းပသော ဆေးလုံးသုံးလုံးကို ကြည့်ကာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေတော့သည်။ သို့ရာတွင် ရရှိလာသည်မှာ ဆေးလုံး သုံးလုံးတည်းသာဖြစ်ပေသည်။
ထိုရလဒ်မျိုး ရနိုင်သည်ကို သူ ကြိုတင်ပြင်ဆင်ထားသော်လည်း လက်ခံရန်မူ ခက်ခဲနေဆဲ ဖြစ်သည်။ သူ၏ ဖော်စပ်နည်းမှာ အပြည့်အစုံ မဟုတ်သလို အထောက်အကူပြု ပစ္စည်းများမှာလည်း အစားထိုးပစ္စည်းများ ဖြစ်နေခြင်းကြောင့် ဤမျှ နည်းပါးရခြင်း ဖြစ်နိုင်သည်။
"ဆေးကုန်ကြမ်းတစ်စုံကို ဝိညာဉ်ကျောက်တုံး ၁၅ တုံးတောင် ပေးရတာ၊ ဆယ်ကြိမ်ဆိုရင် ၁၅၀ တောင် ကုန်တာပေါ့၊ ဒါပေမဲ့ ဆေးလုံး ၃ လုံးပဲ ရတယ်ဆိုတော့....”
“အားပါးပါး.... တစ်လုံးကို ဝိညာဉ်ကျောက်တုံး ၅၀ တောင် တန်ဖိုးရှိနေတာပဲဟ"
ဤကုန်ကျစရိတ်မှာ လော့ချန်ကို တုန်လှုပ်စေသည်။ သူ ဤမျှအထိ မဖြုန်းတီးခဲ့ဖူးချေ။
"ဒီလောက်တောင်ဖြစ်လှတာ.... ကြည့်ကြသေးတာပေါ့.... မင်းမှာ တကယ်ပဲ ကောင်းကင်ကို အံတုနိုင်တဲ့ အစွမ်းရှိမရှိ"
ထိုသို့ မြည်တွန်ပြီးနောက် လော့ချန်သည် ဆေးလုံးသုံးလုံးကို လက်ထဲတွင် ဆုပ်ကိုင်လျက် ဝိညာဉ်ကြောဂူအတွင်း ဝင်ရောက်သွားတော့သည်။
လော့ချန်သည် ခန္ဓာကိုယ်အနေအထားကို သင့်တင့်လျောက်ပတ်အောင် နေပြီးနောက် အသက် ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် ဆီးနှင်းခဲတမျှ ဆွတ်ဆွတ်ဖြူနေသော ဆေးလုံးတစ်လုံးကို ယုံကြည်ချက်ရှိရှိ မျိုချလိုက်သည်။ သူသည် အာနိသင် ပြင်းထန်လွန်းသော သွေးအဆီအနှစ်ဆေးလုံးမျိုးကို ဖော်စပ်ပြီးချင်း မသောက်ဝံ့ခဲ့သော်လည်း ယခု ချီလမ်းကြောင်းဆေးလုံးမှာမူ သူ၏ စိတ်ဝိညာဉ်ကို ခိုင်မာစေမည့် ဆေးလုံးဖြစ်ရာ ကိုယ်တိုင် စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဆေးလုံးသည် ခန္ဓာကိုယ်ထဲ ရောက်သည်နှင့် တစ်ပြိုင်နက် အရည်ပျော်သွားပြီး အေးစက်သော ခံစားချက်တစ်ခုက ဦးခေါင်းထိပ်အထိ တိုးဝင်လာတော့သည်။ လော့ချန်သည် ထို ရေခဲတမျှ အအေးဒဏ်ကြောင့် အလိုအလျောက် တုန်ရီသွားသည်။ ထိုခဏတာ တုန်ရီသွားမှုအတွင်း သူ၏ အသိစိတ်များမှာ စတင်ဝေဝါးလာတော့သည်။
....
ခါးတူးတူး မီးလောင်နံ့များ ပြည့်နှက်နေသော မီးဖိုချောင်တစ်ခုအတွင်း လူငယ်တစ်ဦးသည် မီးဖိုဘေး၌ ခွေယိုင်ကျနေပြီး မီးလောင်ထားသော ဆေးအကြွင်းအကျန်များကို ဆုပ်ကိုင်လျက် ရူးသွပ်လုနီးပါး ဖြစ်နေသည်။
"ကျရှုံးပြန်ပြီလား.... ကျရှုံးပြန်ပြီ....”
“ဘာလို့လဲ.... ဘာလို့လဲ.... ငါ့မှာရှိတာ အကုန်ပုံအောပြီး ဒီကုန်ကြမ်း ဆယ်သုတ်ကို ရှာခဲ့တာလေ၊ ဒါတောင် မအောင်မြင်ဘူးလား၊ ငါ့မှာ ဆေးဖော်စပ်ဖို့ ပါရမီ လုံးဝမပါတာလား၊ မဟုတ်ဘူး.... ငါ မယုံဘူး ငါ့မှာ နောက်ထပ် သုံးသုတ်စာ ကျန်သေးတယ်.... ငါ.... ငါ အောင်မြင်ရမယ်"
လူငယ်သည် ဆေးအကြွင်းအကျန်များကို ဖယ်ရှားပြီး စမ်းချောင်းထဲတွင် သံအိုးစုတ်လေးကို ဆေးကြောလိုက်သည်။ သူ စိတ်ကို တည်ငြိမ်အောင် ပြန်လည် ပြင်ဆင်လိုက်သည်။ နောက်တစ်နေ့တွင် အံ့ဖွယ်တစ်သောင်းဆေးလုံးကို ထပ်မံ ဖော်စပ်သော်လည်း ကျရှုံးခဲ့ပြန်သည်။
တတိယမြောက်နေ့တွင်လည်း ကျရှုံးခြင်းကသာ ဆီးကြိုနေဆဲ ဖြစ်သည်။ စတုတ္ထမြောက်နေ့တွင်မူ သူ၏ လက်ထဲ၌ နောက်ဆုံးသော ကုန်ကြမ်းတစ်သုတ်သာ ကျန်ရှိတော့သည်။ သူသည် နောက်ဆုံး မျှော်လင့်ချက်ကို ဆုပ်ကိုင်ကာ အရာအားလုံးကို ပုံအောလိုက်သော်လည်း....။
"ကျရှုံးသွားပြန်ပြီ...."
လူငယ်သည် ဟင်းလင်းပြင်ကို ငေးကြည့်ရင်း တုန်ရီသော အသံဖြင့် ရေရွတ်လိုက်မိသည်။ ရှိုက်သံတစ်သံမှာ သူ၏ လည်ချောင်းဝတွင် တစ်ဆို့နေသည်။
ဝိညာဉ်ကျောက်တုံး ၅၀ ဆိုသည်မှာ သူ၏ ပိုင်ဆိုင်မှုအားလုံး ဖြစ်သည်။ ထိုအရာအားလုံးမှာ ဆေးလုံး တစ်လုံးမျှ မရရှိဘဲ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှမှာ အချည်းနှီး ဖြစ်သွားခဲ့ချေပြီ။ ယခု ရှေ့အနာဂတ်အတွက် ဘာဆက်လုပ်ရမည်ကို သူမသိတော့ပေ။
လော့ချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အိမ်စုတ်လေးထဲတွင် ဘာမှမရှိပဲ ဟာလာဟင်းလင်း ဖြစ်နေသလို ဆန်အိုးထဲတွင်လည်း ဆန်တစ်စိမျှ မရှိတော့ချေ။
“ဟူး....ငါက ဆေးဖော်စပ်သူတစ်ယောက် ဖြစ်လာဖို့ ကံမပါတာများလား၊ ဝိညာဉ်ကျောက်တုံးတွေအတွက် မပူရတဲ့ ဘဝမျိုးကို မက်မောခဲ့မိတာ ငါမှားသွားတာလား....”
သူသည် မိမိ၏ အလုပ်ကို သံသယဝင်လာကာ မျှော်လင့်ချက်မဲ့သော ချောက်နက်ကြီးထဲသို့ ကျဆင်းသွားတော့သည်။
မီးဖိုချောင်အတွင်း လဲကျနေသော လော့ချန်သည် မီးလောင်ထားသော ဆေးနံ့များကို ရှူရှိုက်ရင်း မိမိကိုယ်ကိုယ်လည်း ကျရှုံးသူတစ်ယောက်အဖြစ်သာ ခံစားနေရသည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိတော့ချေ။ အရုဏ်တက်လာသော အခါမှသာ သူ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ထို့နောက် သူသည် အိမ်ကို ဟိုဟိုသည်သည် ကြည့်လိုက်ပြီးနောက် ဆေးအကြွင်းအကျန်များကို လွှင့်ပစ်ကာ မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်လိုက်သည်။ ကိုယ်လက်သန့်စင်ပြီးနောက် သူ အိမ်ပြင်သို့ ထွက်လာကာ မြို့ပြင်ဘက်သို့ ဦးတည်လိုက်သည်။
မကြာမီ တောတောင်စိမ်းစိုပြီး ရေတံခွန်များရှိသော ဝင်းခြံတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဝါးအဆောက်အအုံလေးများဖြင့် လှပနေသော နေရာတစ်ခု ဖြစ်သည်။
"ဟေး....ဘယ်သူလဲကွ"
"ဟုတ်ကဲ့ခင်ဗျ.... ကျွန်တော်နာမည် လော့ချန်ပါ.... တစ်ကိုယ်တော်ကျင့်ကြံသူပါ.... ဖိုရှန်းဂိုဏ်းထဲကို ဝင်ခွင့်ရဖို့ လာခဲ့တာပါခင်ဗျာ...."