အခန်း (၂၃၇-၂၃၈)
Vol. 24 Ch. 237-238
အခန်း (၂၃၇) - စိတ်မိစ္ဆာ နတ်ဆိုးများအား ချေမှုန်းခြင်းအစ
လော့ချန်သည် ဘာစကားမျှ မဆိုဘဲ ဘေးနားရှိ ကျင့်ကြံသူ လူငယ်ကို တစ်ချက်သာ ကြည့်လိုက်သည်။ ထိုသူ၏ တည်ငြိမ်အေးစက်သော မျက်နှာထားအရ ထိုကဲ့သို့သော အရာများကို အာရုံစိုက်ရန် စိတ်ဆန္ဒမရှိကြောင်း သိသာလှသည်။
"မင်းက ဘယ်ကလဲကွ.... ကျင့်ကြံအဆင့်ကရော"
"ကျွန်တော် တာဟဲမြို့ပြင်ကပါခင်ဗျာ....ချီသန့်စင်အဆင့် ၃ မှာ ရှိပါတယ်"
ကုသိုလ်ခန်းမဆောင်ရှိ ကျင့်ကြံသူသည် လော့ချန်၏ စကားကို ကြားသောအခါ အထင်သေးသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"အာ....ဒီလောက်တောင် နိမ့်တာလား...."
သူ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် မှတ်တမ်းစာအုပ်ကြီးကို လှန်ကာ လော့ချန်၏ အမည်ကို ဘာမှဆက်မပြောဘဲ ကောက်ရေးလိုက်တော့သည်။ သူ ခေါင်းမဖော်ဘဲ အခန်းဝဘက်သို့ လှမ်းခေါ်လိုက်ရာ ချက်ချင်းဆိုသလိုပင် မျက်နှာဖြူဖြူနှင့် ကျင့်ကြံသူလူငယ်တစ်ဦး ပြေးဝင်လာသည်။
"လူသစ်တစ်ယောက် ဝင်ချင်လို့တဲ့.... သူ့ကို သတ္တုတွင်းခန်းမဆောင်ဆီ ခေါ်သွားလိုက်" ဟု စီမံခန့်ခွဲသူက ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ တာဝန်ခံမီ" ဟု ထိုကျင့်ကြံသူလူငယ်က ရိုသေစွာ ပြန်ပြောလိုက်သည်။
ထို့နောက် လော့ချန်ဘက်သို့ လှည့်ကာ လိုက်ခဲ့ရန် အချက်ပြပြီး အခန်းထဲမှ ခေါ်ထုတ်သွားတော့သည်။ ဂိုဏ်း၏ စင်္ကြံလမ်းများအတိုင်း လျှောက်လာစဉ် ထိုလူငယ်က ပြုံးရွှင်စွာ မိတ်ဆက်သည်။
"မင်းနာမည် ဘယ်သူလဲကွ"
ထိုအခါ "လော့ချန်ပါခင်ဗျာ" ဟု သူ လေသံတိုးတိုးဖြင့် ဖြေလိုက်သည်။
ထိုသူသည် စိတ်မကြည်မလင် ဖြစ်နေသော လော့ချန်၏ အမူအရာကို ရိပ်မိသဖြင့် သူ့ပုခုံးကို ရင်းရင်းနှီးနှီး ဖက်လိုက်သည်။
"ဟာ မင်းကဘာတွေ စိတ်ညစ်နေတာလဲကွာ.... ပြောစမ်းပါဦး.... ငါလည်းပျင်းနေတာနဲ့ ရယ်စရာတစ်ခုခု ရတာပေါ့ကွ"
ထိုစကားကြောင့် လော့ချန်၏ မျက်နှာထား တင်းသွာသည်။ သူ ခေါင်းခါလိုက်ပြီး ဘာစကားမျှ ဆက်မပြောတော့ချေ။
မကြာမီမှာပင် နှစ်ဦးသား သတ္တုတွင်းခန်းမဌာနချုပ်သို့ ရောက်ရှိလာကြသည်။ ထိုနေရာရှိ ကျင့်ကြံသူတစ်ဦးက လော့ချန်အား သတ္တုသယ်ဆောင်သည့် ခြင်းတောင်းတစ်ခုနှင့် ဂေါ်ပြားတစ်လက် ထုတ်ပေးလိုက်သည်။
"တစ်လကို အကောင်းစား သံရိုင်း ပိဿာ ၆၀၀ ထွက်အောင် တူးရမယ်ကွ…." ဟု ထိုကျင့်ကြံသူက ညွှန်ကြားလိုက်သည်။
လော့ချန်သည် ထို ကိရိယာများကို လက်ခံလိုက်ပြီးနောက် အနည်းငယ် ဝေခွဲမရ ဖြစ်နေကာ လေသံတိုးတိုးဖြင့် "ဟိုလေ.... တကယ်လို့ သတ်မှတ်ချက် မပြည့်ရင် ဘာဖြစ်မလဲခင်ဗျာ" ဟု မေးလိုက်သည်။
ကျင့်ကြံသူက နုံအရန်ကော ဆိုသည့်အကြည့်ဖြင့် မျက်လုံးလှန်ကြည့်လိုက်သည်။
"ဟ....မပြည့်ရင် လစာ မရဘူးပေါ့ကွ.... ဒါက ရှင်းနေတာပဲ၊ သတ်မှတ်ချက် ပြည့်ရင် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ရမယ်၊ အဲ့ဒီထက် ပိုတူးနိုင်ရင်တော့ ပိုတူးသမျှ ပိဿာတစ်ရာတိုင်းအတွက် ဝိညာဉ်ကျောက်တုံး တစ်တုံးစီ ထပ်ရမယ်၊ ဒါထုံးစံပဲ.... လုပ်ချင်လုပ် မလုပ်ရင် ထွက်သွား...."
လော့ချန်သည် တစ်ခုခု ပြောချင်သလိုဖြင့် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ဘဲ မျိုသိပ်လိုက်ရသည်။ ချီသန့်စင်အဆင့် ၃ ကျင့်ကြံသူတစ်ဦးအဖို့ ငွေရှာရန်မှာ ဤကဲ့သို့သော ပင်ပန်းဆင်းရဲလှသည့် ကိုယ်လက်လုပ်အားကို သုံးရသည့် သတ္တုတူးခြင်းမှတစ်ပါး အခြားလမ်း မရှိပေ။
သူ အပြင်သို့ ထွက်လာသောအခါ သူ့အား လိုက်ပို့ပေးသော လူငယ်မှာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ပုရွက်ဆိတ်များကို စနောက်ကစားနေသည်ကို တွေ့လိုက်ရသည်။ လော့ချန်ကို မြင်သည်နှင့် ထိုလူငယ်မှာ ချက်ချင်း ထရပ်လိုက်သည်။
"ဟော....မြန်လှချည်လား လိုအပ်တဲ့ကိရိယာတွေ ရပြီလား.... လာ.... ငါ မင်းကို တောင်ပေါ် ခေါ်သွားပေးမယ်"
လမ်းလျှောက်နေစဉ် ထိုလူငယ်မှာ တတွတ်တွတ်နှင့် မနားတမ်း ပြောနေသည်။
"ဒီမယ် နားထောင်.... ခုမင်းလုပ်ရမယ့် သံသတ္တုတွင်းက အရှေ့ပိုင်းလွင်ပြင်တောင်တန်းထဲက ဟွားလျော့တောင်မှာ ရှိတာ..... အဲ့ဒီမှာ မိစ္ဆာသားရဲတွေ သိပ်မရှိတော့ အတော်လေးတော့ ဘေးကင်းပါတယ်.... မင်းကို ငါ ခေါ်လာတာဆိုတော့ တစ်ခုခု အခက်အခဲရှိရင် ငါ့ကို လာရှာလို့ ရတယ်.... ငါ့နာမည်ကို မှတ်ထားဦး.... ငါ့ကို ထန်ချွမ်လို့ ခေါ်တယ်"
"ထန်ချွမ်...."
ခဏမျှ လော့ချန်သည် ထိုနာမည်ကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သို့သော်လည်း အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေရသော ဖိအားများအောက်တွင် သူသည် မျှော်လင့်ချက်အနည်းငယ်ဖြင့် အရှေ့ပိုင်းလွင်ပြင်တောင်တန်းရှိ ဟွားလျော့တောင်သို့ လိုက်ပါသွားခဲ့တော့သည်။
အရုဏ်တက်ချိန်တွင် မျက်နှာပေါ်၌ ဖုန်မှုန့်များ ပေပွနေသော ပင်ပန်းနွမ်းနယ်နေသည့် အလုပ်သမား ရာပေါင်းများစွာသည် ကျောပိုးခြင်းတောင်းနှင့် ဂေါ်ပြားများကိုယ်စီဖြင့် ကျယ်ပြောလှသော မြေအောက် သတ္တုတွင်းလိုဏ်ဂူများ အတွင်းသို့ တိုးဝင်သွားကြသည်။ လော့ချန်သည်လည်း ထိုသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ပထမဆုံးနေ့မှာပင် သူသည် သတ္တုတူးခြင်း၏ ပြင်းထန်သော ဆင်းရဲဒုက္ခကို ကိုယ်တွေ့ကြုံလိုက်ရသည်။ တစ်ခါက နူးညံ့ချောမွေ့ခဲ့ဖူးသော သူ၏ လက်ဖဝါးများမှာ မကြာမီမှာပင် ပွန်းပဲ့ပြီး သွေးစို့လာတော့သည်။ ပင်ပန်းလွန်းသဖြင့် အနားယူချိန်တွင် သူ တူးနိုင်ခဲ့သည်မှာ သံရိုင်းခဲ အနည်းငယ်သာ ရှိသည်။ ညနေစောင်း၌ အလေးချိန် ချိန်ကြည့်သောအခါ ပိဿာဆယ်ရာခိုင်နှုန်းပင် မပြည့်ချေ။ သူ ဘာမှမပြောဘဲ အနားယူရန် ပြန်လာခဲ့သည်။
ဒုတိယနေ့မှာ ပိုဆိုးသွားသည်။ သူ သံရိုင်းတစ်တုံးမျှ မတူးနိုင်ခဲ့သဖြင့် သတ္တုရိုင်း သိမ်းဆည်းသူ ကျင့်ကြံသူ၏ အထင်သေးသော အကြည့်မှာ သူ့အား အရှက်ရစေခဲ့သည်။
ပဉ္စမမြောက်နေ့သို့ ရောက်သောအခါမှ အခြေအနေမှာ အနည်းငယ် တိုးတက်လာခဲ့သည်။
"နှစ်ဆယ့်နှစ်ပိဿာ.... မင်းနာမည် လော့ချန်.... ဟုတ်တယ်မလား"
"ဟုတ်ပါတယ်ဗျ"
"ရပြီ သွားတော့.... စာရင်းမှတ်ပြီးပြီ...."
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီး အသာအယာ ပြုံးလိုက်မိသည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် နေ့စဉ်သတ်မှတ်ချက် ပြည့်မီသူများသာ ရရှိသော ဝိညာဉ်ထမင်းဆုပ် တစ်လုံးကို အပိုဆုအဖြစ် ရရှိခဲ့သည်။ သူသည် ဝိညာဉ်ထမင်းဆုပ်ကို တင်းတင်းဆုပ်ကိုင်လျက် တိတ်ဆိတ်သော ထောင့်တစ်နေရာသို့ သွားကာ ဆာလောင်စွာဖြင့် စားရန်ပြင်လိုက်တော့သည်။
စားနေစဉ်အတွင်း သူ၏ အကြည့်တို့သည် အခြားသော သတ္တုတွင်း အလုပ်သမားများဆီသို့ ရောက်ရှိသွားသည်။ ထိုသူတို့၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင် ကင်းမဲ့နေပြီး အသိစိတ်မဲ့သော ရုပ်သေးရုပ်များကဲ့သို့ ဖြစ်နေကြသည်။ ထိုမြင်ကွင်းက သူ့အား ရှေ့ရေးကို စိုးရိမ်ပူပန်စေခဲ့သည်။
လော့ချန်သည် ထိုသူများ၏ဘဝကဲ့သို့ အဆုံးမသတ်စေရဟု မိမိကိုယ်ကိုယ် သန္နိဋ္ဌာန်ချလိုက်သည်။ သူသည် ဖိုရှန်းဂိုဏ်းသို့ သတ္တုတူးရန် ရောက်လာခြင်း မဟုတ်ပေ။ ဆေးဖော်စပ်ခြင်းကို ဆက်လက် လုပ်ဆောင်နိုင်ရန် ဝိညာဉ်ကျောက်တုံးများ စုဆောင်းရန်သာ လာခဲ့ခြင်း ဖြစ်သည်။
ပထမဆုံးလ အကုန်တွင် လော့ချန်သည် သတ်မှတ်ချက်ကို သီသီလေး ပြည့်မီခဲ့ပြီး သံရိုင်း ပိဿာ ၆၀၀ တိတိ တူးနိုင်ခဲ့သည်။ သူ့အား ခေါ်လာခဲ့သော ထန်ချွမ်မှာ အလွန်အံ့ဩသွားသည်။ လော့ချန်အနေဖြင့် ပထမဆုံးလအနည်းငယ်တွင် ဘာမှအောင်မြင်မည် မဟုတ်ဟု သူ ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ လော့ချန်က ပထမလမှာပင် သတ်မှတ်ချက် ပြည့်အောင် လုပ်နိုင်ခဲ့သည်။
"မထင်ရဘူးပဲ....မင်းက တော်တော်လေး ကျွမ်းကျင်တဲ့ သတ္တုတွင်း အလုပ်သမားဖြစ်လာပြီ.... ဟားဟား"
"မဟုတ်ဘူးဗျ.... ကျွန်တော်က သတ္တုတွင်း အလုပ်သမား မဟုတ်ဘူး"
"ဟင်...."
လော့ချန် ဘာမှ ထပ်မရှင်းပြတော့ချေ။ သူသည် ခွဲတမ်းရထားသော ထမင်းဆုပ်ကိုသာ တိတ်ဆိတ်စွာ ဝါးစားနေပြီး စကားဆက်မပြောချင်တော့ပေ။
ထိုသို့ဖြင့် ပင်ပန်းဆင်းရဲလှသော အလုပ်ကြမ်းများကို လုပ်ကိုင်ရင်း ငါးလခန့် ကုန်ဆုံးသွားခဲ့သည်။ သူ၏ ကြိုးစားမှုကြောင့် ဝိညာဉ်ကျောက်တုံး ၅၀ ကျော်ကို တစ်ဖန် ပြန်လည် စုဆောင်းနိုင်ခဲ့သည်။ ရည်မှန်းချက် ပြည့်မီသည်နှင့် သူသည် ရင်းနှီးနေပြီဖြစ်သော ထန်ချွမ်ထံတွင် ခွင့်တိုင်ကြားလိုက်သည်။ ထို့နောက် အခန်းထဲတွင် အောင်းကာ ဆေးဖော်စပ်ခြင်းကို စတင်တော့သည်။
ထိုစဥ် ထန်ချွမ်သည် ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လျက် လော့ချန်၏ ဆက်တိုက် ကျရှုံးမှုများကို ကြည့်နေရင်း မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
"ဟေ့ကောင် မင်း ရူးနေတာလား.... တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်က ဆေးဖော်စပ်မယ် ဟုတ်လား.... မင်းမှာ အဲ့ဒီလောက် ပါရမီ ရှိလို့လား.... ငါ့စကားကို နားထောင်စမ်းပါ.... ဒီဝိညာဉ်ကျောက်တုံးတွေကို ဆေးလုံးတွေဝယ်ပြီး မင်းရဲ့ ကျင့်ကြံခြင်းအတွက်ပဲ သုံးလိုက်စမ်းပါ.... မင်းသာ ချီသန့်စင်အဆင့် ၄ ကို ရောက်ရင် ငါ မင်းကို တိုက်ပွဲခန်းမဆောင်ဆီ ပြောင်းပေးမယ်.... တိုက်ခိုက်ရေးအဖွဲ့ထဲမှာဆို အန္တရာယ်ရှိပေမဲ့ ရမယ့် ဝင်ငွေက ဒီထက် အများကြီး ပိုများတယ်ကွ"
လော့ချန် ဖျော့တော့စွာ ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။ သူသည် စုဆောင်းထားသမျှကို အကုန် သုံးစွဲလိုက်ပြီ ဖြစ်သည်။ ကျန်ရှိနေသော ဝိညာဉ်ကျောက်တုံး အနည်းငယ်မှာ အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဆက်လက် ဖော်စပ်ရန် မလုံလောက်တော့ချေ။ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သတ္တုတွင်းခန်းမသို့ ပြန်သွားကာ သတ္တုတူးခြင်းကို ပြန်စလိုက်ရပြန်သည်။
နောက်ရက် လော့ချန် ဆေးဖက်ဝင်ပစ္စည်းများကို ထပ်မံ ဝယ်ယူနေသည်ကို တွေ့သောအခါ ထန်ချွမ်မှာ စိတ်မရှည်နိုင်တော့ချေ။ သူ ဒေါသတကြီးဖြင့် လှမ်းခေါ်လိုက်သည်။
"ဟေ့.... လော့ချန်"
"မင်း တကယ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ.... လမ်းပြပေးမယ့် ဆရာလည်း မရှိ၊ ကျောထောက်နောက်ခံ ဂိုဏ်းကြီးလည်း မရှိဘဲနဲ့ မင်းက ဘယ်လိုလုပ် ပထမအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်မှာလဲကွ"
လော့ချန် သူ့အား ဘေးသို့ တွန်းဖယ်လိုက်ပြီး ဆေးပေါင်းတစ်ထောင်ခန်းမ အတွင်းသို့ တစ်ဦးတည်း ဝင်သွားတော့သည်။
"ဆိုင်ရှင်လျို.... ကျွန်တော့်ကို မီးခွေးမြီး ဆယ်ခုနဲ့ မြောက်ပင်လယ်ဂုံးခြောက်...."
ထန်ချွမ်တစ်ယောက် နောက်တွင် ရပ်ကျန်ခဲ့ပြီး သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
"ဒီကောင်ကတော့ တကယ့်ကို ခေါင်းမာတာပဲကွာ.... သာမန် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်က ဂုဏ်သိက္ခာရှိတဲ့ ဆေးဖော်စပ်သူ ဖြစ်လာနိုင်ပါ့မလား.... ထားလိုက်ပါတော့.... နောက်ထပ် ခဏခဏ ကျရှုံးသွားရင် သူ လက်လျှော့သွားမှာပါ...."
သို့သော် ထိုထင်မြင်ချက်မှာ တစ်ဝက်မှန်ပြီး တစ်ဝက်မှားနေခဲ့သည်။ လော့ချန်မှာ ဆက်တိုက် ကျရှုံးနေဆဲ ဖြစ်သည်။ သူ၏ ကျရှုံးမှုများမှာ နှစ်နှင့်ချီ၍ စုပုံလာရာ နောက်ဆုံးတွင် သူကိုယ်တိုင်ပင် ရေတွက်၍ မရတော့ချေ။ သို့သော် သူ မည်သည့်အခါမျှ လက်မလျှော့ခဲ့ပေ။
ဘာလိုလိုနှင့် ဆယ်နှစ် ကုန်ဆုံးသွားခဲ့သည်။
ထန်ချွမ်မှာ ချီသန့်စင်အဆင့် ၆ သို့ ရောက်ရှိသွားခဲ့ပြီး သာမန် အလုပ်သမားတစ်ဦး မဟုတ်တော့ဘဲ တိုက်ခိုက်ရေးခန်းမဆောင်၏ ဂုဏ်သရေရှိ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် လော့ချန်မှာမူ ချီသန့်စင်အဆင့် ၃ တွင်သာ ရှိနေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ သတ္တုတူးခဲ့ခြင်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ ကိုင်းညွတ်သွားပြီး တိတ်ဆိတ်အေးစက်ကာ လူသူနှင့် ဝေးကွာသူတစ်ဦး ဖြစ်လာခဲ့သည်။
သို့သော်လည်း သူ၏ အကြည့်တို့မှာ အခြားသော သတ္တုတွင်း အလုပ်သမားများနှင့် မတူဘဲ မည်သည့်အခါမျှ အရောင်မှိန်သွားခြင်း သို့မဟုတ် အသက်မဲ့သွားခြင်း မရှိခဲ့ချေ။ သူသည် ဝိညာဉ်ကျောက်တုံး ၅၀ ကို တစ်ဖန် ပြန်လည် စုဆောင်းနိုင်ခဲ့ပြီး ဆေးဖော်စပ်ခြင်းအတွက် ခွင့်ရက်တောင်းရန် ပြင်ဆင်နေစဉ် သတ္တုတွင်းခန်းမ စီမံခန့်ခွဲသူက သူ့ပြောမည့်စကားကို ကြိုပိတ်လိုက်သည်။
"ဟေ့ကောင်....မင်း ခွင့်ရက်တောင်းတာတွေ ရပ်လိုက်တော့....ငါတို့ ဖိုရှန်းဂိုဏ်းကို စည်းကမ်းမရှိတဲ့ အဖွဲ့အစည်းငယ်လေးလို့ ထင်နေတာလား"
လော့ချန်က နားမလည်နိုင်စွာဖြင့် မော့ကြည့်လိုက်သည်။
"စည်းကမ်းမရှိတာက ခင်ဗျားတို့ မဟုတ်ဘူးလား...."
"ဟမ့်.... မင်းကများပြန်ခံပြောရဲနေတယ်ပေါ့.... အေး မင်း ဒီတံခါးကနေ ထွက်သွားရင် နောက်တစ်ခါ ဘယ်တော့မှ ပြန်မလာနဲ့တော့၊ တခြား ဘယ်အဖွဲ့ခွဲကမှလည်း မင်းကို လက်ခံမှာ မဟုတ်ဘူး"
လော့ချန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ တုံ့ဆိုင်းမနေတော့ဘဲ သတ္တုတွင်းခန်းမမှ အပြီးအပိုင် ထွက်ခွာလာခဲ့တော့သည်။ အိမ်သို့ ပြန်ရောက်သောအခါ လော့ချန် ကိုယ်လက်သန့်စင်လိုက်ပြီး ကြမ်းတမ်းပြီး အသားမာတက်နေသော သူ၏ လက်ချောင်းများကို ကြည့်လိုက်မိသည်။ သူ ဖျော့တော့စွာ ပြုံးလိုက်သည်။
"ငါက တကယ်ပဲ ဆေးဖော်စပ်ဖို့ မသင့်တော်တာများလား.... ဒီလောက် ကြမ်းတမ်းတဲ့ လက်တွေရှိတဲ့ ဆေးဖော်စပ်သူဆိုတာ ဘယ်မှာ ရှိမှာလဲ.... ဒါပေမဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံး ကိုတော့.... ငါ သေချာပေါက် ဖော်စပ်နိုင်ရမယ်၊ ငါ့မှာ တခြား ရွေးချယ်စရာလဲ မရှိဘူး"
ထိုသို့ စိတ်ပိုင်းဖြတ်ပြီးနောက် သူ အံကို တင်းတင်းကြိတ်လျက် ထင်းမီးကို ထပ်မံ မွှေးလိုက်ပြန်သည်။ နောက်ထပ် ကျရှုံးမှုတစ်ခုအပြီးတွင် သူ စိတ်ဓာတ်ကျစွာဖြင့် တံခါးဝ၌ မှီထိုင်နေမိသည်။
"ဒီတခါလဲ အဆင်မပြေသေးဘူးလားကွ"
ထိုသို့မေးသံနှင့်အတူ ထန်ချွမ်သည် ယုန်တစ်ကောင်ကို ကိုင်လျက် သူ့ရှေ့တွင် ရပ်နေသည်။ သို့သော် လော့ချန်ဆီမှ စကားပြန်မရသဖြင့် ထန်ချွမ် အားနာသွားရသည်။ သူ ဆက်ပြောလိုက်သည်။
"ထားလိုက်ပါတော့.... ငါ မင်းကို စိတ်မညစ်စေချင်တော့ဘူး…. ဒီနေ့ ငါ ယုန်သား ချက်ကျွေးမယ်…. ငါ့ရဲ့ လက်ရာကို မြည်းကြည့်လိုက်စမ်း"
အမှန်စင်စစ်တွင်မူ ထန်ချွမ်၏ ဟင်းချက်လက်ရာမှာ အလွန်ပင် ဆိုးရွားလှသည်။ ဟင်းများသည် တူးခြစ်နေပြီး ထိုမည်းတူးနေသော အသားမှာ စား၍ပင် မရနိုင်လောက်အောင် ဖြစ်သည်။ သို့သော် လော့ချန်သည် အသိစိတ် ပြန်ဝင်လာသကဲ့သို့ ထိုအသားများကို အားရပါးရ မြိန်ရေရှက်ရေ ပွဲတော်တည်လိုက်တော့သည်။
ထိုအခါ ထန်ချွမ်က မျက်မှောင်ကြုတ်လိုက်ပြီး စကားစသည်။
"မင်းကိုမေးမယ် မေးမယ်နဲ့ မမေးဖြစ်ဘူး.... ငါသိချင်တာက မင်း ဆေးဖော်တဲ့ပညာရပ်မှာ အောင်မြင်ဖို့အတွက်က မဖြစ်မနေ လိုလို့လားကွာ.... မင်း တကယ်ပဲ ဒီလောက်အထိ အပင်ပန်းခံဖို့ လိုလို့လား"
"မဟုတ်ဘူးကွာ.... မင်း ဒါတွေ နားမလည်ပါဘူး"
လော့ချန်သည် အသားတစ်ငုံကို ရေနှင့် ကျိတ်မှိတ်မျိုချလိုက်သည်။ သူ့ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ တောက်ပနေသည်။
"အေးပါ မှန်တယ်.... ငါ နားမလည်ပါဘူး…. ဒါပေမဲ့ မင်းကတော့ နားလည်တယ်ပေါ့.... မင်းသာ တကယ် နားလည်ရင် ချီသန့်စင်အဆင့် ၃ မှာ တင်ပိတ်မိနေတဲ့ အသုံးမကျတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်အဖြစ် တစ်ဘဝလုံး ကုန်ဆုံးနေမှာ မဟုတ်ဘူး.... ပြီးခဲ့တဲ့ ဆယ်နှစ်ပတ်လုံး မင်းက နတ်ပူးနေသလို ဖြစ်နေတာ.... ဘယ်သူမှ မင်းကို တားလို့မရဘူး.... ငါလည်း မင်းကို ဆက်ပြီး ဂရုမစိုက်နိုင်တော့ဘူး"
ထိုသို့ ထန်ချွမ်သည် ဒေါသတကြီး ပြန်ပြောလိုက်ရင်း စားလက်စ ယုန်ခြေထောက်တစ်ဖက်ကို ပစ်ချကာ ထွက်သွားတော့သည်။ လော့ချန်သည် ထွက်ခွာသွားသော ထန်ချွမ်၏ နောက်ကျောကို ကြည့်နေသော်လည်း တားရန် စကားတစ်လုံးမျှ မဆိုခဲ့ပေ။ သူ အခန်းထဲသို့ ပြန်ဝင်ကာ ကုတင်ပေါ်တွင် လဲလျောင်းလိုက်တော့သည်။
နောက်တစ်နေ့ နံနက်တွင် သူ ကုတင်ပေါ်မှ ထကာ ဆေးဖော်စပ်ရန် ချက်ချင်း ပြင်ဆင်တော့သည်။ မီးဖိုထဲတွင် တောက်လောင်နေသော မီးလျှံများကို ကြည့်ရင်း သူ့ ဆုံးဖြတ်ချက်မှာ သံမဏိကဲ့သို့ ခိုင်မာလာသည်။
"ငါက တကယ်ပဲ နတ်ပူးနေသလို ဖြစ်နေတာလား.... မဟုတ်ဘူး.... ငါ မရူးဘူး.... ဘယ်နှကြိမ်ပဲ ကျရှုံးပါစေ၊ ငါ ဘယ်တော့မှ လက်မလျှော့ဘူး၊ အံ့ဖွယ်တစ်သောင်းဆေးလုံးက ငါ့ဘဝကို ပြောင်းလဲဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ.... ငါ ဒါကို သေချာပေါက် ဖော်စပ်နိုင်ရမယ်"
သူသည် ဤသို့ဖြင့် စွဲလမ်းမှုကို ဆုပ်ကိုင်လျက် ဆေးဖော်စပ်ခြင်းကို တစ်ဖန် ပြန်စလိုက်ပြန်သည်။ သံအိုးထဲမှ ယခင်နှင့် လုံးဝ မတူညီသော မွှေးပျံ့လှသည့် ဆေးရနံ့တစ်ခု ထွက်ပေါ်လာသောအခါ သူ့ မျက်နှာပေါ်တွင် မျက်ရည်များ ထိန်းမရအောင် စီးကျလာတော့သည်။ သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ့မှာ ဆေးဖော်စပ်ဖို့ ပါရမီ ပါတာပဲ…. နောက်ဆုံးတော့လဲ ဇွဲလုံ့လက အချည်းနှီး မဖြစ်ခဲ့ပါဘူး"
ထို့နောက် သူ တံခါးကို တွန်းဖွင့်လိုက်ရာ ရွှေရောင်လွှမ်းသော ညနေခင်း အလှတရားက သူ့ကို ဆီးကြိုနေသည်။ အဝေးမှနေ၍ ရင်းနှီးနေသော လူတစ်ယောက်သည် ယုန်တစ်ကောင်ကို ကိုင်လျက် လျှောက်လာနေသည်။ ထိုခဏမှာပင် ဖြူစင်ဝင်းပသော ဝိညာဉ်အရိပ်တစ်ခုမှာ ရှေ့မှ ဖြတ်ပြေးသွားတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၃၈) - ဆောင်းဦးနှင်းပွင့်များကြား စမ်းသပ်ပွဲ
ပစ္စုပ္ပန် လက်ရှိအချိန်တွင် ဖြစ်သည်။
လော့ချန်သည် သူ၏ မျက်ဝန်းထောင့်မှ မျက်ရည်စများကို သုတ်လိုက်ရင်း စိတ်ထဲ၌ အဖြစ်အပျက်များသည် အိပ်မက်လား တကယ်လား ဆိုသည်ကို ဝေခွဲမရ ဖြစ်နေမိသည်။
"ဟမ် ငါ ဘာလို့ ငိုနေတာလဲ...."
သူ ကြောင်တောင်တောင်ဖြင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်။ ချီစုဆုံအစီအရင်ကြောင့် ဂူအတွင်းရှိ ချီစွမ်းအားများမှာ ယခင်ကထက် ပိုမိုသိပ်သည်းနေသည်။ ဤသည်မှာ သူ ယခင်က အိပ်မက်ပင် မမက်ဖူးခဲ့သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်မျိုးပင်။
သူ့အကြည့်ကို အောက်သို့ နှိမ့်လိုက်သောအခါ သူဝတ်ဆင်ထားသော အဖိုးတန် သန့်ရှင်းစင်ကြယ်သည့် ဝတ်ရုံကို သတိပြုမိသွားသည်။
ဤအရာအားလုံးမှာ သူ၏ ဆေးဖော်စပ်ခြင်း အတတ်ပညာဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားအားထုတ်ကာ ရရှိထားခြင်း ဖြစ်သည်။ သူ၏ နှုတ်ခမ်းထက်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။
"ဆေးဖော်စပ်တဲ့အပေါ် ငါ့ရဲ့ ဇွဲလုံ့လက ဘယ်မှာ မှားနေလို့လဲ...."
သူသည် ပေါ့ပါးသော စိတ်နှလုံးဖြင့် ဂူအတွင်းမှ ထွက်လာခဲ့ပြီး ချန်ယင်းတောင်ဘက်သို့ ဦးတည်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခွင် ဆောင်းဦး အငွေ့အသက်များ လွှမ်းခြုံနေပြီ ဖြစ်သည်။ နှင်းခဲများနှင့် နှင်းပွင့်များက ကမ္ဘာမြေကို ဖြူစင်စွာ ခြုံလွှမ်းထားပြီး သစ်ပင်ထိပ်ဖျားများတွင်လည်း ရေခဲစိုင်လေးများက မှိန်ပျပျ အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေကြသည်။ အေးမြစိမ့်ဝင်လှသော ဆောင်းရာသီ လေထုက သူ၏ ကြည်လင်လာသော စိတ်အခြေအနေကို ထင်ဟပ်နေသကဲ့သို့ ရှိသည်။
သူ၏ စိတ်သည် အနှောင်အဖွဲ့ကင်းပြီး နှလုံးသားမှာလည်း ပေါ့ပါးလွတ်လပ်နေသည်။ သူ၏ စိတ်ဝိညာဥ်အတွင်း၌ ယစ်မူးဖွယ်ရာ ကောင်းလောက်အောင် ပြည့်စုံအားကောင်းသော စွမ်းအားများ ပြန့်ကားလာသည်ကို ခံစားနေရသည်။ ထို့အပြင် သူ့ အတွေးများမှာလည်း ယခင်ကထက် ပို၍ အကောင်းဘက်သို့ ရောက်လာသည်။
"ဩော်.... ခုနက အိပ်မက်ထဲမှာ ဆယ်နှစ်တာ ကြာမြင့်ခဲ့ပေမဲ့ လက်တွေ့မှာတော့ အချိန်က ခဏလေးပဲ ရှိသေးတာပဲ...."
သူ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ရင်း အေးမြသော လေထုဖြင့် စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ယခုအခါ ချီလမ်းကြောင်းဆေးလုံး၏ အာနိသင်ကို ဆန်းစစ်ရန် အချိန်တန်ပြီ ဖြစ်သည်။ ထိုဆေးလုံးသည် ဝိညာဉ်ရိပ်ဆေးပင်နှင့် နှင်းမြေခွေးမိစ္ဆာသွေးတို့၏ အာနိသင်ကြောင့် အိပ်မက်ကမ္ဘာတစ်ခုကို ဖန်တီးပေးခြင်း ဖြစ်သည်။
၎င်းတွင် အားသာချက်နှင့် အားနည်းချက် နှစ်မျိုးလုံး ရှိသည်။ ဖြစ်နိုင်ခြေရှိသည်မှာ သူ ဖြည့်စွက်၍ ပြန်ထွင်ထားသော ဖော်စပ်နည်းတွင် မိစ္ဆာသွေး၏ လွှမ်းမိုးမှုကို နှိမ်နင်းပေးမည့် ပါဝင်ပစ္စည်းတစ်ခု လိုအပ်နေခြင်းပင် ဖြစ်လိမ့်မည်။ ဤဖော်စပ်နည်းမှာ မပြည့်စုံသေးဘဲ ထပ်မံ ပြုပြင်ရန် လိုအပ်နေသေးသည်ဟု လော့ချန် တွေးလိုက်မိသည်။
ချီလမ်းကြောင်း အိပ်မက်အတွင်း၌ ရိုးရှင်းသော စိတ်စမ်းသပ်မှုများ ပေါ်လာတတ်ပြီး ထိုအရာများကို ကြံ့ကြံ့ခံနိုင်သူတိုင်းသည် နိုးထလာသောအခါ သိမြင်မှုအသစ်များကို ရရှိမည် ဖြစ်သည်။ သို့သော် ထိုဆေးလုံးသည် အန္တရာယ်လည်း ရှိသည်။ စိတ်ဓာတ်ပျော့ညံ့သူများအတွက်မူ ထိုဆေးသည် ကျင့်ကြံခြင်း လမ်းစဉ်ကို ဖျက်ဆီးပစ်နိုင်သည်။ အကောင်းဆုံးအခြေအနေတွင် ကျင့်ကြံသူ၏ စိတ်ဓာတ်ကို ထိခိုက်စေနိုင်ပြီး အဆိုးဆုံးတွင်မူ စွဲလမ်းမှုများအတွင်း ပိတ်မိကာ စိတ်မိစ္ဆာနတ်ဆိုးများ၏ ဝါးမြိုခြင်းကို ခံရနိုင်သည်။
ဤသို့ ကောက်ချက်ချမိသောအခါ လော့ချန် စိတ်သက်သာရာရသွားသည်။ သူသည် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ်ကို ကြာရှည်စွာ ကျင့်ကြံခဲ့ခြင်းကြောင့် သူ၏ စိတ်ဓာတ်မှာ သံမဏိကဲ့သို့ မာကျောနေခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ချီလမ်းကြောင်း အိပ်မက်မှာ ဤထက်မက ကြာရှည်နေပြီး သူသည်လည်း ဝေခွဲမရသော ဝဲဂယက်အတွင်း ပိတ်မိနေပေလိမ့်မည်။ ဆေးလုံး၏ အာနိသင် ကြာမြင့်ချိန်မှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ချေ။ အိပ်မက်ကြာရှည်လေ ရရှိမည့် အကျိုးကျေးဇူး များလေဖြစ်ပြီး အိပ်မက်တိုတောင်းပါက ရလဒ်မှာလည်း အားနည်းပေလိမ့်မည်။
လော့ချန် နားထင်ကို ပွတ်သပ်ရင်း တွေးတောနေမိသည်။ အိပ်မက်ထဲတွင် ဆယ်နှစ်ခန့် ကြာမြင့်ခဲ့သော်လည်း အပြင်လောက၌မူ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးရုံမျှသာ ရှိသေးသည်။ ထိုခဏတာအတွင်းမှာပင် သူသည် ဆယ်စုနှစ်တစ်ခုစာ ရုန်းကန်လှုပ်ရှားမှုနှင့် ကြီးထွားမှုကို ခံစားခဲ့ရခြင်း ဖြစ်သည်။ ဆယ်နှစ်ဆိုသည်မှာ ကလေးငယ်တစ်ဦး လောကအကြောင်းကို နားလည်သော လူပျိုပေါက်တစ်ဦးအဖြစ် ကြီးပြင်းလာရန် လုံလောက်သော အချိန် မဟုတ်ပါလော။
သူ၏ စိတ်ဝိညာဥ်အသိစိတ် တိုးတက်လာမှုမှာလည်း ထင်ရှားလှသည်။ လော့ချန်သည် ယခင်က မခံစားဖူးသော ကြည်လင်ပြတ်သားမှုမျိုးဖြင့် အတွေးများကို စီမံနိုင်လာပြီ ဖြစ်သည်။ ကျင့်ကြံခြင်းနှင့် ပတ်သက်သော သံသယများစွာမှာ ပျောက်ကွယ်သွားပြီး တစ်ခါက ခက်ခဲလှသည်ဟု ထင်ရသော မေးခွန်းများမှာလည်း ယခုအခါ အနည်းငယ် တွေးတောလိုက်ရုံဖြင့် အဖြေထွက်လာတော့သည်။
ဤသည်မှာ အားကောင်းလာသော စိတ်ဝိညာဥ်၏ ပြယုဂ်ပင် ဖြစ်သည်။ ဒဏ္ဍာရီများအရ အစွမ်းထက်သော စိတ်ဝိညာဥ်ဖြင့် လူဝင်စားလာကြသည့် ကျင့်ကြံသူကြီးများသည် တရားဓမ္မများကို မယုံကြည်နိုင်လောက်အောင် မြန်ဆန်စွာ နားလည်နိုင်ကြသည်ဟု ဆိုသည်။ ယခုအခါ လော့ချန်သည် ထိုကဲ့သို့သော စွမ်းရည်မျိုးကို ရရှိလိုက်သကဲ့သို့ ခံစားနေရသည်။ သို့သော်လည်း သိသာထင်ရှားသော ကန့်သတ်ချက်တစ်ခု ရှိနေသေးသည်။
"အင်း.... ချီလမ်းကြောင်းဆေးလုံးကို ခဏခဏ သောက်လို့တော့ မဖြစ်ဘူးပဲ"
အကြောင်းမူ ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးများမှာ စတင်လာပြီ ဖြစ်သည်။ သူ၏ စိတ်ဝိညာဥ်သည် အခြေခံအဆင့်မှ ရုတ်ချည်း မြင့်တက်လာခြင်းကြောင့် နားထင်မှ သွေးကြောများမှာ တဒိတ်ဒိတ်နှင့် နာကျင်လာတော့သည်။ ဤအရာမှာ စိတ်ငြိမ်အမွှေးတိုင် သို့မဟုတ် လရောင်မြက်တို့ဖြင့်ပင် ကုသ၍ မရနိုင်ဘဲ အချိန်အတန်ကြာမှသာ သူ့အလိုလို သက်သာသွားမည့်အရာ ဖြစ်သည်။
သူသည် ချန်ယင်းတောင်၏ ဆိတ်ငြိမ်ပြီး နှင်းဖုံးနေသော မြေပြင်ထက်တွင် ရပ်နေရင်း အတွေးတစ်ခု ဝင်လာသည်။
"ဖြစ်နိုင်သေးရင်.... ငါ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကိုပါ ဆက်ပြီး လေ့ကျင့်လို့ ရနိုင်ဦးမလား...."
ဤအရာမှာ ကောင်းထင်ယွမ် ထံမှ ရရှိခဲ့သော အရှင်ကူယွဲ့၏ စိတ်ချီသန့်စင် အမှန်တရားကျမ်းဖြစ်ပြီး သူ အခြေခံအဆင့်ကို ရရှိထားပြီး ဖြစ်သည်။ သို့သော် အခြေခံကို နားလည်ခြင်းနှင့် ဆက်လက် လေ့ကျင့်ခြင်းမှာ မတူညီပေ။ လေ့ကျင့်မှု တစ်ကြိမ်တိုင်းတွင် စိတ်ဝိညာဉ်ခြောက်ခြားခြင်းကို နှိုးဆွရန် လိုအပ်သော်လည်း ၎င်းမှာ မီးလုံးစွမ်းအား သို့မဟုတ် မြေစိုင်တောင် မှော်အတတ်များကဲ့သို့ လေထဲသို့ ပစ်ထုတ်၍ မရနိုင်ချေ။ ၎င်းအတွက် အသက်နှင့် ဝိညာဉ်ရှိသော သက်ရှိပစ်မှတ်တစ်ခု လိုအပ်သည်။
ယခုအခါ သူ၏ စိတ်ဝိညာဥ်မှာ သိသိသာသာ အားကောင်းလာပြီ ဖြစ်ရာ စွမ်းအား မည်မျှ တိုးတက်လာသည်ကို သူကိုယ်တိုင်ပင် အတိအကျ မသိရသေးချေ။ သို့သော် ဤသို့ မတိုးတက်မီကပင် သူ၏ စိတ်ဝိညာဥ်မှာ အဆင့်တူ ကျင့်ကြံသူများထက် သာလွန်နေခဲ့သည် မဟုတ်ပါလော။ ယခု ချီလမ်းကြောင်းဆေးလုံး သောက်ပြီးနောက်တွင်မူ စွမ်းအားမှာ မည်မျှအထိ ရှိနေမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
"ငါ စိတ်ဝိညာဉ်ခြောက်ခြားခြင်းကို ဆက်ပြီး လေ့ကျင့်မှ ရမယ်...."
ထိုသို့ ဆုံးဖြတ်ချက် ချပြီးနောက် လော့ချန် ဆက်လက် တွန့်ဆုတ်မနေတော့ချေ။
….
နောက်တစ်နေ့ နံနက်စောစောတွင် ကျောက်စိမ်းအမြုတေဆေးလုံးများကို ဖော်စပ်ပြီးနောက် လော့ချန်သည် ကျိုးယွမ်လီနှင့် လျိုချန်း တို့ကို ခေါ်လိုက်သည်။
ထိုနောက် လခြမ်းတောင်ကြားမှ ထွက်လာစဉ် လမ်းသွားနေသော ချွီလင်ကျွင်းကို တွေ့လိုက်ရသဖြင့် လှမ်းခေါ်လိုက်ပြန်သည်။
"အာ.... မင်း မဆိုးဘူးပဲ…. ချီသန့်စင်အဆင့် ၂ ကို ရောက်နေပြီကိုး"
ချွီလင်ကျွင်းက ကလေးပီပီ ရှက်ကန်းကန်းအပြုံးလေးဖြင့် သူ၏ ခေါင်းကို ကုတ်လိုက်သည်။
လော့ချန်က လက်လှမ်း၍ ကလေးငယ်၏ ပါးကို ဆွဲလိုက်ပြီး "သွား.... ဟို ဝိညာဉ်ပျိုးပင်ကို သွားယူခဲ့ဦး" ဟု ခိုင်းလိုက်သည်။
ချွီလင်ကျွင်းက မော့ကြည့်ကာ "အပင်ကြီးလာတဲ့အထိ ကျွန်တော်ကို ဂရုစိုက်ခိုင်းထားတာ မဟုတ်ဘူးလား" ဟု မေးသည်။
"ဒီကလေးကတော့.... လူကြီး ခိုင်းတာကို လုပ်စမ်းပါ…. ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ" ဟု လော့ချန်က မျက်နှာကို တင်းထားကာ ငေါက်လိုက်သည်။
ထိုအခါ ကလေးငယ်မှာ နှုတ်ခမ်းဆူသွားသော်လည်း ဘာမှမပြောဘဲ ပြေးထွက်သွားတော့သည်။ ခဏအကြာတွင် သူသည် ပန်းအိုးငယ်လေးကို တင်းတင်းပိုက်လျက် ပြန်ရောက်လာသည်။ လော့ချန် ထိုအပင်ကို ဂရုတစိုက် ယူလိုက်သည်။
"ဒီမယ်.... မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အရင်အာရုံစိုက်.... အားရင်လည်း ဆေးဖော်ခန်းမဆောင်ဘက် သွားကူပေးဦး.... မင်း မမ မီလီက ဒီရက်ပိုင်း အလုပ်တွေ သိပ်များနေတာ"
"ဟုတ်...."
ချွီလင်ကျွင်းက စိတ်မပါ့တပါ ဖြေလိုက်ရင်း သူ ဂရုတစိုက် ပြုစုထားသော အပင်လေးကို ကြည့်ကာ ‘သူပဲ အရင်ကတော့ ဒီအပင်ကို ဂရုစိုက်ခိုင်းထားပြီးတော့....’ ဟု တိတ်တဆိတ် တွေးနေမိတော့သည်။
လော့ချန် ခေါင်းခါလိုက်ပြီး ကလေးငယ်၏ ခေါင်းကို အသာအယာ ပုတ်ပေးကာ ကျိုးယွမ်လီ၊ လျိုချန်းတို့နှင့်အတူ ထွက်လာခဲ့သည်။ မကြာမီမှာပင် သုံးဦးသား လခြမ်းတောင်ကြား နောက်ဘက်ရှိ လူသူကင်းမဲ့သော မြေရိုင်းပြင်သို့ ရောက်ရှိလာကြသည်။
"အဖွဲ့ချုပ်ခေါင်းဆောင်.... ဒီနေ့လည်း မှော်အတတ်တွေ ထပ်လေ့ကျင့်မလို့လား" ဟု ကျိုးယွမ်လီက မေးသည်။
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ လျိုချန်းက တက်ကြွစွာဖြင့် "ဒါဆို ကျွန့်တော့်ကို လေ့ကျင့်ဖော်အဖြစ် သုံးမလား" ဟု ကမ်းလှမ်းလိုက်သည်။
လော့ချန် သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် "အဲ့ဒါလည်း ကောင်းတာပဲ" ဟု ဆိုကာ ခေါင်းညိတ်လိုက်သည်။ လျိုချန်းမှာ စိတ်လှုပ်ရှားသွားရသည်။ အဖွဲ့ချုပ်ခေါင်းဆောင်နှင့် အတူတူ လေ့ကျင့်ရခြင်းမှာ သူ၏ တိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်သည် မဟုတ်ပါလော။ သို့သော် လော့ချန်၏ နောက်ထပ် ညွှန်ကြားချက်ကို ကြားလိုက်သောအခါ သူ့စိတ်ဓာတ်မှာ ချက်ချင်း ထိုးကျသွားတော့သည်။
"ဟွေ့ယဲ့တောင်ကို သွားပြီးတော့ တောရိုင်းသားရဲကောင် နဲနဲပါးပါး သွားဖမ်းခဲ့စမ်းပါ…. တကယ်လို့ အားနည်းတဲ့ မိစ္ဆာသားရဲတွေနဲ့ တွေ့ရင်လည်း ဖမ်းခဲ့ဦး…. ဒါပေမယ့် တစ်ခုရှိတာက အကောင်တွေကို အရှင်အတိုင်း ဖမ်းလာခဲ့ရမယ်"
လျိုချန်းမှာ နားမလည်နိုင်ဖြစ်ကာ စောဒက တက်ချင်သေးသော်လည်း လော့ချန်၏ အမိန့်မှာ သူ လွန်ဆန်၍ မရနိုင်ပေ။ ထို့ကြောင့် သူ ဘာမှမပြောဘဲ ထွက်သွားတော့သည်။ လျိုချန်း ထွက်သွားပြီးနောက် လော့ချန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ စိတ်ဝိညာဉ်ခြောက်ခြားခြင်းကို စတင် ကျင့်ကြံတော့သည်။ သူသည် ဂါထာများကို စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုကာ အာရုံ စုစည်းနေသည်။
ထိုအတောအတွင်း ကျိုးယွမ်လီက ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်ပေးနေသည်။ ယခုအခါ ကျိုးယွမ်လီသည် ယခင်ကထက် များစွာ ပိုမို အစွမ်းထက်လာပြီ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်လခန့်က သူသည် ချီသန့်စင်အဆင့် ၉ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး လော့ထျန်းအဖွဲ့ချုပ်၏ ၁၂ ယောက်မြောက် အဆင့် ၉ ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
သူသည် အသက် ၅၀ ကျော်နေပြီ ဖြစ်သဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် အခွင့်အရေးမှာ အလွန်ပင် နည်းပါးလှသည်။ ထို့ကြောင့် လော့ချန်က သူ့အား ကိုယ်ရံတော်တပ်မှုး ဟူသော ဂုဏ်ထူးဆောင် ရာထူးကို ပေးအပ်ထားခြင်း ဖြစ်သည်။ လက်အောက်ငယ်သား မရှိသေးသော်လည်း ဤရာထူးကြောင့် ရရှိမည့် လစာမှာ ပိုမိုများပြားသဖြင့် သူ့အတွက် တန်ဖိုးရှိလှသည်။
တောင်တန်းများပေါ်တွင် နှင်းများ ဖုံးလွှမ်းနေသဖြင့် တောရိုင်းသားရဲများကို ရှာဖွေရန် ခက်ခဲလှသည်။ တစ်နာရီခန့် ကြာပြီးနောက်တွင်မှ လျိုချန်းမှာ ပုခုံးပေါ်တွင် အိတ်တစ်အိတ်ကို ထမ်းလျက် ရှက်ကိုးရှက်ကန်း ပြန်ရောက်လာသည်။
"ခေါင်းဆောင် ခင်ဗျ....ကျွန်တော် တောကြက် အနည်းငယ်နဲ့.... ခွေးအ တစ်ကောင်ပဲ ဖမ်းလာနိုင်ခဲ့တယ်"
"ဩော်.... ကိစ္စမရှိဘူး.... အဲ့ဒါဆိုလည်းရပါပြီ" ဟု လော့ချန်က ကျင့်ကြံနေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် မျက်လုံးများကို မဖွင့်ဘဲ လျိုချန်းအား ညွှန်ကြားလိုက်သည်။
"တောကြက်တစ်ကောင်ကို ထုတ်ပြီး ဒီရှေ့မှာ ချထားလိုက်"
လျိုချန်းမှာ ဝေခွဲမရ ဖြစ်နေသော်လည်း အမိန့်အတိုင်း နာခံကာ ရုန်းကန်နေသော တောကြက်တစ်ကောင်ကို လော့ချန် ရှေ့တွင် ချပေးလိုက်သည်။ ထိုခဏမှာပင် လော့ချန်၏ မျက်လုံးများ ပွင့်လာတော့သည်။ သူ၏ မျက်ဝန်းအိမ်များမှ စိမ်းဖန့်ဖန့် ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာပြီး တောကြက်ဆီသို့ စိုက်ကြည့်လိုက်သည်။
ထိုအခါ ရုတ်တရက် အသည်းအသန် အော်ဟစ် ရုန်းကန်နေသော တောကြက်ကြီးမှာ ရုတ်ချည်းပင် သစ်သားရုပ်ကြီးကဲ့သို့ တောင့်ခဲသွားတော့သည်။ မျက်စိရှေ့မှ ဆန်းကြယ်လှသော မှော်အတတ်၏ တန်ခိုးအစွမ်းကို ကြည့်မိလျက်သား ဖြစ်နေသော လျိုချန်းမှာ တုန်လှုပ်ချောက်ချားသွားသည်။ သူကိုယ်တိုင်ပင် မသိလိုက်ပဲ အလိုအလျောက် နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားမိလေတော့သည်။