အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
အခန်း (၂၃၉) - အစိမ်းသေဝိညာဥ်စားတဲ့ အပင်
စိတ်ဝိညာဉ်ခြောက်ခြားခြင်း ဆိုသည်မှာ မှော်အတတ် တစ်ခုပင် ဖြစ်သည်။ ၎င်း၏ စွမ်းပကားမှာ အသုံးပြုသူ၏ စိတ်ဝိညာဥ် အင်အားပေါ်တွင်သာ လုံးလုံးလျားလျား တည်မှီနေသည်။ အကယ်၍ ကျင့်ကြံသူတစ်ဦးသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပါက သူ၏ ဝိညာဉ်အသိစိတ်ကို အပြင်ဘက်သို့ ဖြန့်ကျက်ပြီး ရန်သူ့ဝိညာဉ်ကို တစ်ချက်တည်းဖြင့် ဖမ်းယူချုပ်နှောင်နိုင်ပေလိမ့်မည်။
သို့သော် ထိုအဆင့်သို့ မရောက်သေးပါက ဤမှော်အတတ်ကို မျက်လုံးများမှတစ်ဆင့်သာ အသုံးပြုနိုင်မည် ဖြစ်ရာ ၎င်း၏ အာနိသင်မှာ ကန့်သတ်ချက် ရှိနေပေသေးသည်။ ဤအဆင့်တွင် စိတ်ဝိညာဉ်ကို အတင်းအဓမ္မ ထုတ်ယူ၍ မရနိုင်သေးဘဲ ခြောက်ခြားစေခြင်းနှင့် ဖိနှိပ်ခြင်း အတတ်အဖြစ်သာ အသုံးပြုနိုင်သည်။
အကယ်၍ အသုံးပြုသူနှင့် ပစ်မှတ်တို့အကြား စိတ်ဝိညာဥ်အင်အား ကွာခြားချက်မှာ အဆမတန် ကြီးမားနေပါက အားသာသူဘက်မှ ဝိညာဉ်ကို အတင်းအဓမ္မ ဆွဲထုတ်နိုင်သည်။ ထို့ကြောင့်ပင် ဝိညာဉ်ဇီဝိန်ချုပ်အရှင်ကူယွဲ့သည် ရန်သူများကို ဝိညာဉ်မချုပ်မီ ဒဏ်ရာအပြင်းအထန် ရအောင် သို့မဟုတ် သေအောင် အရင်လုပ်လေ့ရှိခြင်း ဖြစ်သည်။ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ အပြီးအပိုင် မထွက်သွားသေးမီ အချိန်ကို စောင့်ဆိုင်းကာ သူ၏ ကိုယ်ပိုင် စွမ်းအားအဖြစ် အတင်းအဓမ္မ ဝါးမြိုပစ်လေ့ရှိသည်။
လော့ချန်သည် ယခုမှ စတင်လေ့ကျင့်သူဖြစ်သော်လည်း သူ၏ မျက်လုံးမှ စိမ်းဖန့်ဖန့် အလင်းတန်းများ ထွက်ပေါ်လာချိန်တွင် ရှေ့ရှိ တောကြက်မှာ ချက်ချင်း ငြိမ်သက်သွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် လော့ချန်သည် သူ၏ ဦးခေါင်းပေါ်၌ ထူးဆန်းသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်စုံတစ်ခုက သူ၏ စိတ်ဝိညာဉ်ကို အပြင်သို့ ဆွဲထုတ်ရန် ကြိုးစားနေသကဲ့သို့ ရှိသည်။ ထိုခံစားချက်မှာ သူနှင့် တောကြက်အကြား လွန်ဆွဲပွဲတစ်ခု ဆင်နွှဲနေရသကဲ့သို့ပင်။ သို့သော် တောကြက်မှာ သာမန်သားရဲမျှသာ ဖြစ်ပြီး ဉာဏ်ပညာ ကင်းမဲ့ကာ စိတ်ဝိညာဥ်အင်အားမှာလည်း အလွန်ပင် အားနည်းလှသည်။ လော့ချန်သည် စိတ်လှုပ်ရှားမှု တစ်ချက်ဖြင့်ပင် ထိုတိုက်ပွဲကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်သည်။
"ထွက်လာစမ်း...."
သူ အမိန့်ပေးလိုက်သည့် ခဏမှာပင် တောကြက်၏ ကိုယ်ထဲမှ ဝိုးတဝါး အလင်းလုံးလေးတစ်ခုကို သူ ဆွဲထုတ်လိုက်နိုင်တော့သည်။ ထိုအရာ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်၏ အပူချိန်မှာ အနည်းငယ် ကျဆင်းသွားသည်။
သို့သော် ၎င်းမှာ ဆောင်းရာသီ၏ အအေးဒဏ်နှင့် ရောထွေးနေသဖြင့် ကျိုးယွမ်လီနှင့် လျိုချန်းတို့မှာ ထူးခြားမှုကို သတိမထားမိကြချေ။ အေးစိမ့်သော လေအေးတစ်ချက် ဖြတ်တိုက်သွားသည်ဟုသာ သူတို့ ထင်မြင်မိပေလိမ့်မည်။ သာမန်မျက်စိဖြင့် မမြင်နိုင်သော ထိုဝိညာဉ်ရိပ်ကို အထွတ်အထိပ်အဆင့်ရှိသော လော့ချန်၏ နတ်မျက်စိများကမူ အထင်အရှား မြင်တွေ့နေရသည်။
"ဒီလောက်တောင် အားနည်းတာလား...." ဟု လော့ချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ဒီကြက်ရဲ့ဝိညာဥ်ကလဲ.... ပုံသဏ္ဌာန်တောင် သေချာ မရှိပါလား"
သူ့အမြင်အာရုံထဲတွင် သေးငယ်ပြီး ကြည်လင်နေသော အလင်းလုံးလေးတစ်ခုမှာ သူ့ရှေ့တွင် လွင့်မျောနေသည်။ ၎င်းမှာ အလွန်ပင် အားနည်းလွန်းသဖြင့် မည်သည့် အန္တရာယ်မှ မပေးနိုင်သော်လည်း ခိုကိုးရာမဲ့စွာ တုန်ရီနေမှုက တောကြက်၏ ဝိညာဉ်ဖြစ်ကြောင်း သက်သေပြနေသည်။
မြေပြင်ပေါ်ရှိ သက်မဲ့ဖြစ်သွားသော တောကြက်၏ ခန္ဓာကိုယ်မှ ဆွဲငင်အားအနည်းငယ် ထွက်ပေါ်နေသည်။ လော့ချန် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ အကယ်၍ သူသာ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို လွှတ်လိုက်မည်ဆိုပါက ထိုဝိညာဉ်သည် တောကြက်၏ ခန္ဓာကိုယ်ထဲသို့ အချိန်တိုအတွင်း ပြန်ဝင်သွားမည် ဖြစ်သည်။ ထိုအခါ တောကြက်မှာ ထုံထိုင်းသွားနိုင်သော်လည်း အသက်ရှင်သန်နိုင်ပေသေးသည်။
‘အင်း....သနားစရာတော့ကောင်းတယ်.... ဒါပေမယ့် အခုက နှင်းတွေ ဖုံးနေတော့ စားစရာကလည်း ရှားတယ်.... မင်းကို ယဇ်ပူဇော်ရတော့မှာပဲ’ ဟု တွေးကာ လော့ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
စိတ်အာရုံကို လှည့်လိုက်သည်နှင့် သူ ယူဆောင်လာသော ပန်းအိုးငယ်လေးဘက်သို့ သူ၏ အကြည့်တို့ ရောက်ရှိသွားသည်။ သူ့ အကြည့်နှင့်အတူ တောကြက်၏ ဝိညာဉ်အလင်းတန်းလေးမှာလည်း ပန်းအိုးအတွင်းသို့ လွင့်မျောသွားတော့သည်။
ပန်းအိုးအတွင်းရှိ အရွက်နုလေး သုံးရွက်သာ ထွက်နေသေးသော ဝိညာဉ်ပျိုးပင်လေးမှာ တစ်စုံတစ်ခုကို အာရုံခံမိပုံရသည်။ ၎င်းသည် ပင်စည်လေးများကို အလိုအလျောက် ဆန့်ထုတ်လိုက်ရာ ထိုအလင်းလုံးလေးမှာ အရွက်နုလေးတစ်ခုအတွင်းသို့ ရောဝင်ပျောက်ကွယ်သွားတော့သည်။
ဝိညာဉ်ပျိုးပင် ဆိုသည်မှာ အအေးဓာတ် ယင်ချီရှိသော ဝိညာဉ်အပင်တစ်မျိုး ဖြစ်သည်။ ၎င်းသည် အေးစိမ့်ပြီး မှောင်ရိပ်ကျသော နေရာများတွင် ပေါက်ရောက်လေ့ရှိကာ ပတ်ဝန်းကျင်ရှိ လွင့်မျောနေသော ဝိညာဉ်များကို စုပ်ယူစားသုံးလေ့ရှိသည်။ ဤအပင်သည် ဝိညာဉ်ဆိုင်ရာ မှော်လက်နက်များ ပြုလုပ်ခြင်းမှ စိတ်ဝိညာဥ်ကို ပြုစုပျိုးထောင်ခြင်း၊ ပျောက်ဆုံးနေသော ဝိညာဉ်များကို ခိုလှုံရာပေးခြင်းအထိ အသုံးဝင်လှသည်။ သို့သော် ထိုအာနိသင်များကို ရရှိရန်အတွက် ထိုအပင်မှာ အနည်းဆုံး သက်တမ်း တစ်ထောင်ခန့် ရှိရမည် ဖြစ်သည်။
ဖုန်းရှ သူ့အား ဤအပင် မျိုးစေ့ပေးစဉ်က လော့ချန် အလေးမထားခဲ့ချေ။ အကြောင်းမှာ လူတစ်ယောက်သည် နှစ်ပေါင်းတစ်ထောင်အထိ မည်သို့ စောင့်နိုင်မည်နည်းဟု တွေးစရာရှိသည်။ ထို့ကြောင့်ပင် သူသည် ထိုမျိုးစေ့ကို ချွီလင်ကျွင်းအား ကစားစရာအဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ ထိုကလေးငယ်က အပင်ကို အမှန်တကယ် ပေါက်အောင် စိုက်ပျိုးနိုင်ခဲ့သည်။ ထိုကလေး မည်သို့ လုပ်ဆောင်ခဲ့သည်ကို လော့ချန်ကိုယ်တိုင်ပင် နားမလည်နိုင်ချေ။
ယခုမူ သူသည် အချည်းနှီး ဖြစ်သွားမည့်အရာကို အကျိုးရှိအောင် အသုံးချလိုက်ခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်ခြောက်ခြားခြင်းဖြင့် ထုတ်ယူထားသော ဝိညာဉ်များကို သူကိုယ်တိုင် ဝါးမြိုရန် စိတ်ဝိညာဥ်စင်ကြယ်ခြင်း အတတ်ကို မသင်ယူထားသဖြင့် ထိုဝိညာဉ်များကို ဝိညာဉ်ပျိုးပင်အား ကျွေးမွေးခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ တောကြက်ဝိညာဉ်ကို စုပ်ယူပြီးနောက် ဝိညာဉ်ပျိုးပင်၏ အရွက်နုလေးတစ်ခုမှာ ခဏမျှ တလက်လက် တောက်ပသွားသည်။ ဝိညာဉ်မှာ လုံးဝ ဥဿုံ စုပ်ယူခြင်း ခံလိုက်ရပြီဖြစ်ကြောင်း သေချာမှသာ လော့ချန် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
သူ မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ ဝိညာဉ်ဆွဲထုတ်ခံနေရသည့် ခံစားချက်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ အခြေအနေပြကြေးမုံပြင်ကို ကြည့်လိုက်ရာ ဤမှော်အတတ်မှာ အခြေခံအဆင့်မှာပင် ရှိနေသေးပြီး ကျွမ်းကျင်မှုမှတ်မှာ တိုးတက်လာခြင်း မရှိသေးချေ။
"တောကြက်တစ်ကောင်ရဲ့ ဝိညာဉ်က ကျွမ်းကျင်မှု တိုးတက်ဖို့အတွက် တော်တော် အားနည်းနေပုံရတယ်…."
လော့ချန် မျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်ဓာတ်မကျခဲ့ပေ။
"ဒါပေမဲ့လည်း တစ်စတစ်စ စုဆောင်းသွားရမှာပဲလေ.... အရင်ဆုံး ဒီလုပ်ငန်းစဉ်ကို အဆင့်ဆင့် ကျင့်သားရအောင် လုပ်ရမယ်"
ထို့နောက် လျိုချန်းအား လော့ချန် ခေါင်းညိတ်ပြလိုက်သည်။
လျိုချန်းမှာ ခေတ္တမျှ ကြောင် အသွားပြီးမှ သူ ဘာလုပ်ရမည်ကို သတိရသွားသည်။ သူသည် အိတ်ထဲမှ နောက်ထပ် တောကြက်တစ်ကောင်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ နောက်တစ်ခါ လော့ချန်သည် သူတို့ ရှေ့တွင်ပင် ထပ်မံ ကြိုးစားလိုက်ရာ သူ့မျက်ဝန်းများမှာ တစ်ဖန် ပြန်လည် စိမ်းမြလာတော့သည်။
နှစ်နာရီခန့် ကြာပြီးနောက် လော့ချန်သည် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်လေ့ကျင့်မှုကို အဆုံးသတ်ကာ သူ့လူယုံနှစ်ဦးနှင့်အတူ အေးအေးဆေးဆေး ပြန်လာခဲ့သည်။ သူ ပျံသန်းခြင်း မပြုဘဲ လမ်းလျှောက်၍သာ ပြန်လာခဲ့သည်။
ကျိုးယွမ်လီနှင့် လျိုချန်းတို့မှာ လော့ချန်၏ နောက်မှ ခပ်ကွာကွာ လိုက်ပါလာကြပြီး သူတို့၏ အကြည့်တို့တွင် ယခင်ကထက် ရိုသေမှုများ လွှမ်းမိုးနေတော့သည်။ လော့ချန်ကမူ ထိုသို့ ဖြစ်လာမည်ကို သိရှိပြီးသား ဖြစ်သည်။ သို့သော် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို လေ့ကျင့်ခြင်းမှာ အတွင်းရော အပြင်ပါ အန္တရာယ်များလှသဖြင့် သူ ယုံကြည်ရသော အစောင့်အရှောက်များ လိုအပ်သည်။
ကျိုးယွမ်လီနှင့် လျိုချန်းတို့၏ သစ္စာရှိမှုကိုမူ သံသယဝင်စရာ မရှိချေ။ သူတို့၏ စရိုက်လက္ခဏာအပြင် လော့ထျန်းအဖွဲ့ချုပ်မှ ပေးအပ်ထားသော အကျိုးခံစားခွင့်များမှာ အခြားအဖွဲ့အစည်းများ ပေးနိုင်သည်ထက် သာလွန်နေသည် မဟုတ်ပါလော။ ထို့ကြောင့် မိမိလျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို လော့ချန် မစိုးရိမ်ချေ။
လော့ချန်သည် သူ၏ လက်ထဲရှိ ပန်းအိုးငယ်လေးကို ငုံ့ကြည့်လိုက်သည်။ တောကြက် အတော်များများနှင့် ခွေးအတစ်ကောင်၏ ဝိညာဉ်ကို စုပ်ယူပြီးနောက်တွင် ဝိညာဉ်ပျိုးပင်လေးမှာ ပိုမို စိမ်းလန်းဝင်းပလာကာ အရွက်နုလေးများမှာလည်း အနည်းငယ် ထူထဲလာသည်။ အကယ်၍ အထွတ်အထိပ်အဆင့် နတ်မျက်စိများသာ မရှိပါက ထိုတိုးတက်မှုကို သူကိုယ်တိုင်ပင် သတိထားမိမည် မဟုတ်ချေ။
လော့ချန် ခေါင်းညိတ်ကာ အချက်တစ်ချက်ကို လက်ခံလိုက်သည်။
"ဩော်.... ဝိညာဉ်ပျိုးပင်က ဝိညာဉ်တွေကို တကယ်ပဲ စုပ်ယူစားသုံးနိုင်တာပဲ"
ဤအပင်ကို သူ့သက်တမ်းတစ်လျှောက် များစွာ အသုံးချနိုင်မည် မဟုတ်သော်လည်း ဘေးတွင် ထားရှိခြင်းက အန္တရာယ်မရှိသလို အပင်စိုက်ခြင်းက စိတ်ကို တည်ငြိမ်စေသည် မဟုတ်ပါလော။ ယခုအချိန်တွင် သူ ပိုမို အာရုံစိုက်နေရသည်မှာ သူ့ကိုယ်ပိုင်ပြောင်းလဲမှုများ ဖြစ်သည်။ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်၏ ကျွမ်းကျင်မှုမှာ အနည်းငယ်မျှသာ တိုးတက်လာခဲ့သည်။ ခုနစ်ကြိမ်ခန့် ကြိုးစားပြီး ဝိညာဉ် ခုနစ်ခုကို ထုတ်ယူခဲ့သော်လည်း ကျွမ်းကျင်မှုမှာ တစ်မှတ်သာ တိုးလာခဲ့သည်။ အခြေခံမှ တတ်မြောက်အဆင့်သို့ ရောက်ရန် အချိန်မည်မျှ ကြာဦးမည်ကို သူ မခန့်မှန်းနိုင်ချေ။
သို့သော် အံ့ဩစရာ အကောင်းဆုံး ပြောင်းလဲမှုမှာ မှော်အတတ် မဟုတ်ဘဲ သူ၏ စိတ်ဝိညာဥ် ဖြစ်နေသည်။ မနေ့ညက ချီလမ်းကြောင်းဆေးလုံးကို သောက်သုံးပြီးနောက် သူ့ စိတ်ဝိညာဉ်မှာ သိသိသာသာ အင်အားကြီးမားလာခဲ့သည်။ ထိုရုတ်ချည်း တိုးတက်လာမှုကြောင့် သူ့စိတ်မှာ လေးလံထိုင်းမှိုင်းနေပြီး ဆေးဖော်စပ်ရာတွင်ပင် အာရုံစူးစိုက်ရန် ခက်ခဲနေခဲ့သည်။ ၎င်းမှာ အစားအစာများကို တစ်ထိုင်တည်းနှင့် အလွန်အကျွံ စားမိသကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်က အလိုက်သင့် မပြောင်းလဲနိုင်ခြင်းပင် ဖြစ်သည်။
ယခု စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို လေ့ကျင့်ပြီးနောက်တွင်မူ သူ့စိတ်ဝိညာဉ်တွင် ပြောင်းလဲမှုတစ်ခု ရှိနေသည်ကို သိသိသာသာ သတိထားမိလိုက်သည်။ ယခင်က ခံစားခဲ့ရသော မတည်ငြိမ်မှုများမှာ လျော့နည်းသွားပြီး သူ၏ စိတ်ဝိညာဥ်မှာ ပိုမို ခိုင်မာလာသကဲ့သို့ ခံစားရသည်။
‘အင်း....ချီလမ်းကြောင်းဆေးလုံးက စိတ်ဝိညာဥ်ရဲ့ အခြေခံကို မြှင့်တင်ပေးတယ်၊ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကတော့ အဲ့ဒီစွမ်းအားကို သန့်စင်ပေးပြီး ပုံသွင်းပေးတာပေါ့၊ ဒီနည်းနဲ့ဆိုရင် ချီလမ်းကြောင်းဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မြန်မြန် ဖယ်ရှားနိုင်ရုံတင်မကဘဲ ငါ့ရဲ့ ဝိညာဉ်ကိုလည်း ပိုပြီး ကြံ့ခိုင်အောင် လုပ်နိုင်မှာပဲ’
ဤသို့ ကောက်ချက်ချမိသောအခါ လော့ချန်တစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။ ဆိုလိုသည်မှာ ယခင်က သူ ခန့်မှန်းထားသော တစ်လလျှင် နှစ်ကြိမ် သောက်သုံးနိုင်မှုမှာ ယခုအခါ ဆယ်ရက်လျှင် တစ်ကြိမ် အထိ တိုးနိုင်တော့မည် ဖြစ်သည်။ ဆေးလုံးသောက်သုံးမှု အကြိမ်ရေ တိုးလာခြင်းမှာ သေးငယ်သော အကျိုးကျေးဇူးဟု ထင်ရသော်လည်း အမှန်စင်စစ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိသည်။
ဥပမာအားဖြင့် ချီစွမ်းအင်ဖြည့်ဆေးလုံးနှင့် မြူသန့်စင်ဆေးလုံးတို့ ဖြစ်သည်။ အစပိုင်းတွင် လော့ချန်သည် တစ်နေ့လျှင် တစ်လုံးသာ သောက်သုံးနိုင်ခဲ့သည်။ ထိုအချိန်က သူ၏ ချမ်းသာကြွယ်ဝမှုမှာလည်း အကန့်အသတ် ရှိခဲ့သည်။ သို့သော် ချမ်းသာမှု တိုးတက်လာသောအခါ ခန္ဓာကိုယ်၏ စုပ်ယူနိုင်စွမ်းမှာ ကျင့်ကြံခြင်း တိုးတက်မှုအတွက် အဟန့်အတား ဖြစ်လာတော့သည်။ သူ၏ နွေဦးကျင့်စဉ်မှာ ပါရမီရှင် အဆင့်သို့ ရောက်ရှိပြီး သွေးကြောများ ပိုမို ကျယ်ပြန့်လာမှသာ တစ်နေ့လျှင် ဆေးလုံး နှစ်လုံးအထိ သောက်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လော့ချန်သည် ထိုအရှိန်ကိုပင် နှေးကွေးသည်ဟု ထင်မြင်နေဆဲ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း နည်းဗျူဟာမှာ တစ်ခုတည်းသာ ရှိပေသည်။ ရင်းမြစ်များဖြင့် အချိန်ကို လဲလှယ်ခြင်း ဖြစ်သည်။ ကျင့်ကြံမှု တစ်ကြိမ်တိုင်းတွင် မြူသန့်စင်ဆေးလုံး နှစ်လုံးအတွက် ဝိညာဉ်ကျောက်တုံး ၄၀၊ စိတ်ငြိမ်အမွှေးတိုင်အတွက် ၁၂ တုံး၊ ချီစွမ်းအင်ဖြည့်ဆေးလုံးအတွက် ၁၀ တုံးနှင့် ချီစုဆုံအစီအရင်အတွက် ၅ တုံး၊ စုစုပေါင်း ဝိညာဉ်ကျောက် ၆၇ တုံးခန့် ကုန်ကျသည်။
ဤသည်မှာ တစ်ခါတစ်ရံ သူ သောက်သုံးသော အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများ၏ ကုန်ကျစရိတ်ကိုပင် ထည့်မတွက်ရသေးချေ။ အကယ်၍ လရောင်မြက်၊ ဝိညာဉ်ကြောဂူနှင့် အခြား အပိုဆောင်း ကျင့်ကြံခြင်း ရင်းမြစ်များကိုပါ ထည့်တွက်မည်ဆိုပါက လော့ချန်၏ နေ့စဉ် ကျင့်ကြံခြင်း ကုန်ကျစရိတ်မှာ ဝိညာဉ်ကျောက်တုံး ၈၀ ခန့်အထိ ရှိပေလိမ့်မည်။ ဤသည်မှာ တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ကျော်နှင့် တစ်နှစ်လျှင် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ရှိနေပြီ ဖြစ်သည်။
ထိုမျှသာမက ဤကုန်ကျစရိတ်များတွင် စိတ်ဝိညာဥ်၊ ခန္ဓာကိုယ်နှင့် အမြင်အာရုံတို့ကို မြှင့်တင်ရန် သုံးစွဲသော ဆေးလုံးများ၊ သွေးကြောများကို ကုသရန် သုံးသော ဆေးရည်များ၏ တန်ဖိုးကို ထည့်မတွက်ရသေးချေ။ အကယ်၍ ထိုအရာအားလုံးကို ပေါင်းလိုက်မည်ဆိုပါက သူ၏ တစ်နှစ်တာ ကုန်ကျစရိတ်မှာ ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ ရှိနေပေလိမ့်မည်။
ဤဝိညာဉ်ကျောက်တုံး ပမာဏမှာ သာမန်ကျင့်ကြံသူတစ်ဦးကို သာမန်အဆင့်မှ ချီသန့်စင်အဆင့် အထွတ်အထိပ်သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သော ပမာဏ ဖြစ်သည်။ အပေါ်ယံကြည့်လျှင် လော့ချန်သည် ငွေကို ဖြုန်းတီးနေသော လူမိုက်တစ်ယောက်ကဲ့သို့ ရှိသော်လည်း လက်တွေ့တွင်မူ သာမန်ကျင့်ကြံသူတစ်ဦး ထိုအဆင့်သို့ ရောက်ရန် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်မည် ဖြစ်ပြီး လော့ချန်ကမူ ထိုအရာကို နှစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
လော့ချန်၏ ကျင့်ကြံခြင်း နည်းဗျူဟာမှာ ရိုးရှင်းသော်လည်း အလွန်ပင် အစွမ်းထက်လှပေသည်။ ရင်းမြစ်များဖြင့် အချိန်ကို လဲလှယ်ခြင်း ဟူသော အသုံးအစွဲမျိုးကို လော့ချန်တစ်ဦးတည်းသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။ ဂိုဏ်းကြီးများမှ တပည့်များပင် ဤမျှအထိ ဖြုန်းတီးနိုင်ရန် အိပ်မက် မမက်ဝံ့ကြချေ။
အကြောင်းမူ လော့ချန်သည် ထူးချွန်သော ဆေးဖော်စပ်သူတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။ သူ၏ အရည်အချင်းနှင့် ချမ်းသာကြွယ်ဝမှုတို့က အားနည်းသော ပါရမီဓာတ်ခံကို ကျော်လွှားနိုင်စေခဲ့ပြီး ကောင်းကင်ဝိညာဉ်မြစ် ပိုင်ရှင်များနှင့်ပင် ရင်ဘောင်တန်းနိုင်သော အရှိန်ဖြင့် ကျင့်ကြံနိုင်စေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လော့ချန်သည် သူ၏ ကျင့်ကြံခြင်း အရှိန်ကို အားမရသေးချေ။ အကယ်၍ သူသာ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်း အကြိမ်ရေကို ပိုမို တိုးမြှင့်နိုင်မည်ဆိုပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၄၀) - ကမ္ဘာမီးလောင် သားကောင်ချနင်း
လော့ချန်သည် လော့ထျန်းအဖွဲ့ချုပ်သို့ ပြန်ရောက်သောအခါ မထင်မှတ်ထားသော ဧည့်သည်တစ်ဦးနှင့် တွေ့လိုက်ရသည်။ သူကား နန်ကုန်းမျိုးနွယ်စု သခင်လေး နန်ကုန်းချင်ပင် ဖြစ်သည်။
ခန်းမအတွင်း၌ ကူချိုင်ယီက ထိုလူအား ဧည့်ခံနေသည်။
"ကျွန်မတို့ဘက်က ပစ္စည်းအရောက် ပို့ပေးမယ်လို့ သဘောတူထားတာပဲကို.... သခင်လေးအနေနဲ့ ဘာလို့ အပင်ပန်းခံပြီး ကိုယ်တိုင် ရောက်လာရတာလဲရှင်"
"အဟွတ်.... အဟွတ်...."
နန်ကုန်းချင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး အနည်းငယ် ချောင်းဆိုးလိုက်ကာ ခေါင်းခါပြလိုက်သည်။
"ဒီရက်ပိုင်း နန်ကုန်းမျိုးနွယ်စုက အပြင်ထွက်ခွင့် ပိတ်ထားရတယ်.... ခဏ လောက် လူသူနဲ့ ဝေးရာမှာ နေရတော့မှာမို့လို့ ကျောက်စိမ်းအမြုတေဆေးလုံးတွေ အမြောက်အမြား လိုအပ်နေပါတယ်…. ဒါကြောင့် ကျွန်တော် ကိုယ်တိုင် လာခဲ့ရတာပါ"
ခန်းမအပြင်ဘက်တွင် ရပ်နေသော လော့ချန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားမိသည်။
"နန်ကုန်းမျိုးနွယ်စုက အပြင်ထွက်ခွင့် ပိတ်ထားတယ် ဟုတ်လား...."
အတွင်းဘက်တွင် ကူချိုင်ယီက ဝေခွဲမရဖြစ်နေကာ "ပြောရမှာတော့ခက်ပါတယ် သခင်လေးရယ်.... ကျွန်မတို့မှာကလဲ မျိုးနွယ်စုတစ်ခုချင်းစီအတွက် ကျောက်စိမ်းအမြုတေဆေးလုံး ရောင်းချဖို့သတ်မှတ်ချက်က ရှိပြီးသားပါ…. အခုလို ရုတ်တရက် သုံးဆလောက် တိုးဝယ်မယ်ဆိုရင်တော့ ကျွန်မတို့အတွက် အခက်အခဲ ရှိနိုင်ပါတယ်" ဟု ဆိုသည်။
"ထင်သလောက် ခက်ခဲမယ်မထင်ပါဘူးဗျာ...."
ထိုသို့ပြောလိုက်ကာ နန်ကုန်းချင်က အိတ်တစ်အိတ်ကို ထုတ်လိုက်ရင်း ဆိုသည်။
"ဒီတစ်ခေါက်တော့ ကျွန်တော်တို့ လျှော့စျေး မယူပါဘူး…. ဈေးနှုန်းအပြည့်အတိုင်း ပေးပါ့မယ်"
အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော မျိုးနွယ်စုအချို့အတွက် လော့ထျန်းအဖွဲ့ချုပ်က ရွှေရောင် အဖွဲ့ဝင်အဆင့် သတ်မှတ်ပေးထားသည်။ ၎င်းတို့မှာ ပစ္စည်းအရောက်ပို့ ဝန်ဆောင်မှု ရရှိရုံတင်မကဘဲ ၂၀ ရာခိုင်နှုန်း လျှော့စျေးကိုလည်း ခံစားခွင့် ရှိကြသည်။ ဆိုလိုသည်မှာ ဈေးကွက်ထဲတွင် ကျောက်စိမ်းအမြုတေဆေးလုံးဆေးလုံး တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၅၀ တန်သော်လည်း ထိုမျိုးနွယ်စုများမှာ ၄၀ သာ ပေးရခြင်း ဖြစ်သည်။ ဤနည်းဗျူဟာမှာ ဆေးဖော်စပ်ခြင်း ဈေးကွက်ကို လွှမ်းမိုးရန်နှင့် အင်အားကြီး မျိုးနွယ်စုများနှင့် ရင်းနှီးမှု တည်ဆောက်ရန်အတွက် ဖြစ်သည်။
ယခု နန်ကုန်းမျိုးနွယ်စု က လျှော့စျေးကို စွန့်လွှတ်လိုက်သည်မှာ ဝိညာဉ်ကျောက်တုံး ၁၀ တုံးမျှသာ ဆုံးရှုံးသည် မဟုတ်ချေ။ တစ်လလျှင် ပုလင်း ၅၀ ရယူရာမှ ယခု ပုလင်း ၂၀၀ အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဆေးလုံးများ ရရှိရန်အတွက် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ခန့်ကို အပိုဆောင်း ပေးအပ်ရန် ဝန်မလေးခြင်းပင် ဖြစ်သည်။
ကူချိုင်ယီမှာ သူ့စကားကြောင့် စိတ်လှုပ်ရှားသွားရသည်။ သို့သော်လည်း လက်ရှိ ဈေးကွက်တွင် ဆေးလုံးလိုအပ်ချက်မှာ အမြင့်ဆုံးသို့ ရောက်နေပြီး မှောင်ခိုဈေးကွက်တွင်ပင် ဆေးလုံးများမှာ ဈေးကောင်းရနေသည်။ ၎င်းမှာ ဈေးကွက်ကို ထိန်းချုပ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ သူမ အလွယ်တကူ ရရှိမည့် အမြတ်အစွန်းနှင့် ဈေးကွက်အခွင့်အရေးကြားတွင် ဝေခွဲမရ ဖြစ်နေစဉ် ရင်းနှီးနေသော အသံတစ်သံက တိတ်ဆိတ်မှုကို ဖြတ်ကျော် ထွက်ပေါ်လာသည်။
လော့ချန်သည် ခန်းမထဲသို့ဝင်လာကာ အားရပါးရ ရယ်မောလိုက်သည်။
"ဟားဟား.... မိတ်ဆွေနန်ကုန်းတို့ ဘက်က ဒီလောက်တောင် လိုအပ်နေမှတော့ ကျွန်တော်တို့က ဘာလို့ ဖန်တီးမပေးနိုင်ရမှာလဲဗျာ...."
"မိန်းကလေးချိုင်ယီ.... ဒီကမိတ်ဆွေ အတွက်.... ကျောက်စိမ်းအမြုတေဆေးလုံး ပုလင်း ၂၀၀ ကို အမြန်ဆုံး ပြင်ဆင်ပေးလိုက်ပါ"
ထိုသို့ ဆုံးဖြတ်ချက် ပေးမည့်သူ ရှိလာသောအခါ ချိုင်ယီအတွက် ကိစ္စများမှာ ပိုမို လွယ်ကူသွားတော့သည်။ ကူချိုင်ယီသည် လော့ချန်ကို ခေါင်းညိတ်ပြကာ အခန်းထဲမှ အမြန် ထွက်ခွာသွားသည်။ ယခုအခါ ခန်းမအတွင်း၌ လော့ချန်နှင့် နန်ကုန်းချင် နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။ လော့ချန်သည် သူ့ဧည့်သည်ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ခင်မင်ဖွယ်ရာ ပြုံးပြလိုက်သည်။
"မိတ်ဆွေ နန်ကုန်း.... ကျန်းခန့်သာလို့မာပါရဲ့လား ခင်ဗျာ"
ထိုအခါ နန်ကုန်းချင်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြန်ပြောရန် ပြင်သော်လည်း ပြင်းထန်သော ချောင်းဆိုးသံက ကြားဖြတ် ဝင်ရောက်လာသည်။
"အဟွတ်.... အဟွတ်.... အဟွတ်...."
အတန်ကြာ ချောင်းဆိုးပြီးနောက်တွင်မှ နန်ကုန်းချင်က ဖျော့တော့စွာ ပြုံးနိုင်တော့သည်။
"ခေါင်းဆောင်လော့ ရှေ့မှာ အရှက်ကွဲရပြန်ပြီ"
လော့ချန်က ခေါင်းခါလိုက်ပြီး "မိတ်ဆွေနန်ကုန်းက လူတွေကို ဦးဆောင်ပြီး မြို့ပျက်ထဲအထိ ဝင်ခဲ့တာပဲ.... တစ္ဆေ စစ်သူကြီး လက်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာကိုပဲ ကျွန်တော်က လေးစားရမှာပါ.... လှောင်ပြောင်စရာ ဘာမှ မရှိပါဘူး" ဟု နားလည်ဟန်ဆိုလိုက်သည်။
ထို့နောက် လော့ချန်က စပ်စုလိုသော လေသံဖြင့် မေးလိုက်သည်။
"တကယ်မျက်မြင်တွေ့ခဲ့တဲ့ မိတ်ဆွေနန်ကုန်းနဲ့ တွေ့နေပြီဆိုတော့ မေးပါရစေ.... အဲ့ဒီ မြို့ပျက်ထဲက အခြေအနေက ဘယ်လိုလဲဗျ"
ထိုအခါ နန်ကုန်းချင်မှာ အကူအညီ လိုအပ်နေသူ ဖြစ်သလို တစ်ဖက်လူကလည်း အလိုက်သင့် ဆက်ဆံနေသဖြင့် ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ချေ။ ထို့အပြင် တာဟဲစျေးမြို့တော် တစ်ခုလုံးတွင်လည်း သူတို့ အရှက်ရခဲ့သည့် သတင်းက ပျံ့နှံ့နေပြီ ဖြစ်ရာ သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး မြို့ပျက်၏ အသေးစိတ် အချက်အလက်များကို ပြန်ပြောင်း ပြောပြတော့သည်။
သူတို့နှစ်ဦး အတန်ကြာ စကားပြောပြီးနောက်တွင်မှ ကူချိုင်ယီမှာ ဆေးလုံးပုလင်းများနှင့်အတူ ပြန်ရောက်လာသည်။ ထိုအခါမှသာ နန်ကုန်းချင် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။ လော့ချန်သည် သူ့အား ဝင်ပေါက်အထိ ကိုယ်တိုင် လိုက်ပို့ပေးလိုက်သည်။ နန်ကုန်းမျိုးနွယ်စု ကျင့်ကြံသူများ အလျင်အမြန် ထွက်ခွာသွားသည်ကို ကြည့်ရင်း လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။
"အင်း ဒီပုံစံအတိုင်းသာဆိုရင်..... နန်ကုန်းမျိုးနွယ်စုက အင်အား ပြန်ဖြည့်ဖို့ ပြင်နေတာပဲ"
"ရှင်.... အင်အား ပြန်ဖြည့်တယ် ဟုတ်လား"
ကူချိုင်ယီက နားမလည်နိုင်စွာဖြင့် မေးသည်။
"ဒါပေမဲ့ သူတို့က ဖိုရှန်းဂိုဏ်းဆီကနေ နယ်မြေအတော်များများကို သိမ်းပိုက်ထားနိုင်တာ မဟုတ်ဘူးလား"
"အမှန်က နယ်မြေတွေ ဘယ်လောက်ရှိရှိ.... စီမံခန့်ခွဲမယ့် လူမရှိရင် ဘာမှ အဓိပ္ပာယ်မရှိဘူးလေ"
မှန်ပေသည်။ နန်ကုန်းမျိုးနွယ်စု၏ အကြီးမားဆုံး ပြဿနာမှာ လူအင်အား မလုံလောက်ခြင်းပင် ဖြစ်သည်။ လော့ချန် ပြုံးလိုက်ရုံသာ ပြုံးပြီး ဘာမှ ထပ်မပြောတော့ချေ။ နန်ကုန်းမျိုးနွယ်စုမှာ အမှန်စင်စစ် ပြင်ပမှ ရောက်လာသူများ ဖြစ်ကြသည်။ သူတို့သည် နှင်းကြာပန်းဈေးမြို့တော်တွင် အဆင်မပြေခဲ့သဖြင့် တာဟဲစျေးမြို့တော် စတင်ဖွင့်လှစ်ချိန်တွင် ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဤနေရာတွင် အခြေကျရန် အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ရွှမ်ယီအဖွဲ့သို့ ဝင်ရောက်ကာ အဖွဲ့မှ အရည်အချင်းအရှိဆုံး လူငယ်များကို အဆုံးအဖြတ်စင်မြင့်သို့ စေလွှတ်၍ နာမည်ကျော်အောင် လုပ်ဆောင်ခဲ့ကြသည်။
နောက်ပိုင်းတွင် သူတို့သည် ဖိုရှန်းဂိုဏ်း၏ ပိုင်ဆိုင်မှုများကို ခွဲဝေယူရာတွင် ပါဝင်ခဲ့ကြသည်။ အကယ်၍ အရာအားလုံး အဆင်ပြေခဲ့မည်ဆိုပါက သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် အလားအလာရှိသော ချီသန့်စင်အဆင့် လူငယ်များဖြင့် တာဟဲစျေးမြို့တော်တွင် အခိုင်အမာ ခြေကုပ်ယူနိုင်မည် ဖြစ်သည်။
သို့သော်လည်း အခြေအနေများမှာ သူတို့ ထင်သလို ဖြစ်မလာခဲ့ချေ။
ပထမဦးစွာ ချင်လျန်ချန်အား တားဆီးသည့် တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။ ထို့နောက် သက်တမ်းရင့် လီ မျိုးနွယ်စုနှင့် ထိပ်တိုက်တွေ့ရာတွင်လည်း လူအင်အား ထပ်မံ ဆုံးရှုံးခဲ့ရပြန်သည်။ ယခု မြို့ပျက်သို့ သွားရောက်ရာတွင်လည်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်မှာ သေချာ မရှင်းလင်းသော်လည်း ချီသန့်စင်အဆင့် နှောင်းပိုင်း ကျင့်ကြံသူ ကိုးဦးအထိ ဆုံးရှုံးခဲ့ရသည်။ ဤသည်မှာ သူတို့ဂိုဏ်း အင်အားအတွက် ပြင်းထန်သော ထိုးနှက်ချက်ပင် ဖြစ်သည်။
ဤအခြေအနေတွင် သူတို့ တိုက်ယူထားသော နယ်မြေအမြောက်အမြားမှာ စီမံခန့်ခွဲရန် အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာတော့သည်။ အကယ်၍ ဇွတ်မှိတ်ပြီး ဆက်လက် စီမံနေမည်ဆိုပါက အခြားအဖွဲ့အစည်းများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် ရုန်းမထွက်နိုင်သော ရွှံ့နွံအတွင်း ပိတ်မိသွားပေလိမ့်မည်။
နန်ကုန်းမျိုးနွယ်စုတွင် အမြော်အမြင်ရှိသူများ ပါဝင်သဖြင့် သူတို့သည် ဆုတ်ခွာပြီး အင်အား ပြန်လည် စုဆောင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဆေးလုံးများ အမြောက်အမြား ဝယ်ယူခြင်းမှာ ထိုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်လိမ့်မည်ထင်သည်။
ဤအကြောင်းရင်းအားလုံးကို လော့ချန် ချက်ချင်း နားလည်လိုက်သည်။ အကြောင်းမူ သူ၏အားကောင်းလာသော စိတ်ဝိညာဥ်ကြောင့် အရာရာကို ပိုမို မြန်ဆန်စွာ ဆင်ခြင်နိုင်စွမ်း ရှိလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် သူ့အာရုံမှာ နန်ကုန်းချင် ပြောသွားခဲ့သော သတင်းစကားဆီသို့သာ ရောက်နေသည်။
"သူပြောတာကို သုံးသပ်ကြည့်ရင် မြို့ပျက်ထဲမှာ.... တစ္ဆေ စစ်သူကြီးက တစ်ယောက်ထက်မက ရှိနေနိုင်တာလား"
လော့ချန် မျက်မှောင်ကြုတ်လိုက်မိပြီး စိုးရိမ်စိတ်များ မြင့်တက်လာသည်။ အကယ်၍ တစ္ဆေ စစ်သူကြီးတစ်ဦးသာ မြို့ပြင်သို့ ထွက်လာခဲ့မည်ဆိုပါက သွေးချောင်းစီးသည့် ဖရိုဖရဲ ဖြစ်ရပ်များ သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။
"အင်း အခြေအနေကတော့ မကောင်းတော့ဘူး.... ငါ့ကိုယ်ငါ ဒီထက် ပိုပြီး အစွမ်းထက်အောင် လုပ်ထားမှရတော့မယ်"
....
"ချင်လေး.... မင်း ပြောပုံအရဆိုရင် ဒီလော့ချန်က တော်တော်လေးကို ထူးခြားတာပဲ"
ယခင် မီမျိုးနွယ်စု၏ စံအိမ်တော်ကြီးမှာ ယခုအခါ နန်ကုန်းမျိုးနွယ်စု၏ အဓိက အခြေစိုက်စခန်း ဖြစ်နေပြီ ဖြစ်သည်။ ကျင့်ကြံခန်းမအတွင်း နန်ကုန်းကျင်းက မျက်လုံးများကို ဖွင့်ကာ သားဖြစ်သူကို ကြည့်လိုက်သည်။ နန်ကုန်းချင်၏ မျက်နှာမှာ ယခုအခါ အနည်းငယ် သွေးရောင် ပြန်လည် လွှမ်းမိုးနေပြီ ဖြစ်သည်။
ယခုအချိန်တွင် နန်ကုန်းချင်မှာ ယခင်ကကဲ့သို့ သေလူတစ်ယောက်ကဲ့သို့ ဖြစ်မနေတော့ချေ။ သူ့ ခန္ဓာကိုယ်မှာ အကောင်းဆုံး အခြေအနေသို့ မရောက်သေးသော်လည်း အနည်းဆုံးတော့ အချိန်မရွေး ပြိုလဲတော့မည့်ပုံမျိုး မဟုတ်တော့ပေ။
နန်ကုန်းချင်က ခေါင်းညိတ်ပြကာ "လော့ချန်က ကျွန်တော်ဆီကနေ မြို့ပျက်အကြောင်း သတင်းအချက်အလက် အတော်များများကို မေးမြန်းသွားခဲ့ပါတယ်.... ဒါပေမဲ့ နောက်ဆုံးအထိ သူ မြို့ထဲကို ဝင်ချင်တဲ့ အရိပ်အယောင် တစ်ချက်လေးတောင် မပြခဲ့ဘူး"
"အဲ့ဒါဆိုရင် ငါတို့တုန်းက တကယ့်ကို သတိလက်လွတ် မြို့ပျက်ထဲ ဝင်ခဲ့မိတာပဲ"
နန်ကုန်းကျင်းက သက်ပြင်းချလိုက်သည်။ အဆင့်မြင့် ကျင့်ကြံသူ ကိုးဦး ဆုံးရှုံးလိုက်ရခြင်းမှာ နန်ကုန်းမျိုးနွယ်စုအတွက် အလွန် နာကျင်ရသော ဆုံးရှုံးမှု ဖြစ်သည်။ မြို့ပျက်အတွင်းရှိ ရတနာများ၏ ဆွဲဆောင်မှုမှာ မက်လောက်စရာဖြစ်ခဲ့သလို နဂါးရတနာ မှောင်ခိုဈေးကွက်မှ ဝယ်ယူထားသော ဝိညာဉ်နှိမ်နင်းသည့် မှော်လက်နက်များ ရှိနေခြင်းကြောင့်လည်း သူတို့ စိတ်လောခဲ့မိခြင်း ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် မမျှော်လင့်ထားသော ရလဒ်နှင့် ကြုံတွေ့ခဲ့ရသည်။ ချီသန့်စင်အဆင့်သာ ရှိသေးသော လော့ချန်သည် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေသော်လည်း သူ့လောဘကို ထိန်းချုပ်နိုင်ခြင်းမှာ လေးစားစရာကောင်းနေခဲ့သည်။ ထို့ပြင် နန်ကုန်းမျိုးနွယ်စုကို ဆေးလုံးများ အမြောက်အမြား ပံ့ပိုးပေးခြင်းဖြင့် သူ့စိတ်ထား မြင့်မြတ်မှုကိုလည်း ပြသခဲ့သည်။
"တစ်ခုရှိတာက အဖေ..... သူ့ရဲ့ အမြော်အမြင်နဲ့ တည်ငြိမ်မှုတင် မဟုတ်ဘူး.... သူက အရင်ကနဲ့ လုံးဝကို ကွဲပြားနေသလိုပဲ"
"ဟင်...."
နန်ကုန်းချင်က မျက်မှောင်ကြုတ်ကာ ဝေခွဲမရသော လေသံဖြင့် ဆိုသည်။
"သူ့ရှေ့မှာ ရပ်နေရတာက အဖေနဲ့ ရင်ဆိုင်နေရသလိုပဲ.... ဖိအားတွေက အတော်လေး ပြင်းထန်တယ်"
နန်ကုန်းကျင်းက မျက်ခုံးပင့်လိုက်ရင်း "ဟေ.... တကယ်လား" ဟု မယုံနိုင်စွာ မေးလိုက်သည်။
"ဟုတ်ပါတယ် အဖေ"
နန်ကုန်းချင်သည် သူတို့ တွေ့ဆုံမှုကို ပြန်ပြောင်း သတိရနေပုံရပြီး မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။
"သူ့ရှေ့မှာ ကျွန်တော်က အကုန်လုံး အစစ်ဆေးခံနေရသလို ခံစားရတယ်…. ဒါတင်မကဘူး.... စကားပြောနေတဲ့ တစ်လျှောက်လုံး သူကပဲ အသာစီးယူပြီး လမ်းကြောင်းပေးသွားတာ…. ကျွန်တော် ခံစားလိုက်ရတာက.... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ စကားပြောနေရသလိုပါပဲ"
ထိုစကားကို ကြားသောအခါ နန်ကုန်းကျင်းမှာ နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားတော့သည်။ အတန်ကြာမှ သူ သက်ပြင်းကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။
"ထားလိုက်ပါတော့.... လော့ချန် ပိုပြီး ထူးချွန်လေ ငါတို့အတွက် ပိုကောင်းလေပဲ.... တခြား မျိုးနွယ်စုတွေက သူ့ရဲ့ ဆေးဖော်စပ်တဲ့ အတတ်ပညာကို မနာလို ဖြစ်နေကြတာ ကြာပြီ…. တကယ်လို့ သူသာ လူအများရဲ့ အာရုံစိုက်မှုကို ဆက်ပြီး ရနေမယ်ဆိုရင် ငါတို့အပေါ် သိပ်အာရုံမစိုက်လောက်တော့ဘူး.... ဒီလိုမှလဲ ငါတို့က ဒီအခက်အခဲတွေကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်မှာပေါ့"
သူသည် သားဖြစ်သူကို သနားကရုဏာဖြင့် ကြည့်ကာ ဆက်ပြောသည်။
"သား သေချာအနားယူလိုက်ပါဦး.... မြို့ပျက်ကိစ္စမှာ မင်းရဲ့ အခြေခံစွမ်းအားတွေ မထိခိုက်ခဲ့ပေမဲ့ ဒဏ်ရာကတော့ ပြင်းထန်တုန်းပဲ.... ဒီအချိန်မှာ သေချာ ကျင့်ကြံပြီးတော့ ချီသန့်စင်အဆင့် အထွတ်အထိပ်ကို မြန်မြန် ရောက်အောင် လုပ်ပါ…. အခြေခံတည်ဆောက်ခြင်းဆေးလုံးနဲ့ ပက်သက်လို့ကတော့ အဖေ မင်းအတွက် ရှာပြီး သိမ်းထားပေးပါ့မယ်"
နန်ကုန်းချင်မှာ အလွန် ဝမ်းသာသွားပြီး ရိုသေစွာ ဦးညွှတ်လိုက်တော့သည်။ သူ ထွက်သွားပြီးနောက် နန်ကုန်းကျင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေမိပြီး သူ၏ စိုးရိမ်စိတ်ကို ဖိနှိပ်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်.... ငါ့လက်ထက်မှာ ငါ့မျိုးနွယ်စုကို အကျဆုံး မခံနိုင်ဘူး.... တခြားတစ်ယောက်ကို ချောက်တွန်း အကောက်ကြံရမယ်ဆိုတောင်မှ ရွေးချယ်စရာမရှိရင် လုပ်ရတော့မှာပဲ.... လော့ချန်ဆိုတဲ့ မနူးမနပ် လူငယ်မျိုး ဆိုရင်တော့လား.... ဟင်း...ဟင်း...."